CJ Platform
前往频道在 Telegram
4 888
订阅者
+124 小时
-187 天
-8730 天
帖子存档
4 886
ချန်ပီယံ ကာကွယ်ရေးအတွက် မှားစရာမရှိတဲ့ အာဂျင်တီးနား
CJ Platform
ကမ္ဘာ့ဖလား ရှုံးထွက် (၃၂) သင်းအဆင့် ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေနဲ့ နောက်တစ်ဆင့် တက်ရောက်လာတဲ့ ကိတ်ဗာဒီအသင်းကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လူအင်အား စာရင်းအရ ကြည့်မယ်ဆိုရင် အာဂျင်တီးနားအသင်းက အပြတ်အသတ် အသာစီးရရှိနေပေမဲ့လည်း၊ ရှုံးထွက်အဆင့်မှာ အမှားတစ်ချက်ကပဲ အိမ်ပြန်ရနိုင်တာကြောင့် လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် နည်းပြ စကာလိုနီ ရဲ့ အသင်းဟာ အာရုံစူးစိုက်မှု အပြည့်အဝနဲ့ ကစားရဖို့ ရှိနေတာပါ။
အာဂျင်တီးနားအသင်းရဲ့ အားသာချက်ကတော့ ဘောလုံးပိုင်ဆိုင်မှု၊ ကွင်းလယ်ပိုင်း ထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်စစ်အရည်အသွေးတို့ပဲ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ ကို ဗဟိုပြုကစားမှာ ဖြစ်ပေမဲ့လည်း အန်ဇို ဖာနန်ဒက်စ်၊ အလက်ဆစ် မက်အလစ်စတာ၊ ရိုဒရီဂို ဒီပေါလ် တို့ရဲ့ စွမ်းဆောင်ရည်ကလည်း အချိန်မရွေး ကိတ်ဗာဒီအသင်းကို ဒုက္ခပေးနိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။ အုပ်စုအဆင့် (၃) ပွဲစလုံး အနိုင်ရရှိထားပြီး ပေးဂိုးကလည်း (၁) ဂိုးသာ ရှိတာကြောင့် အာဂျင်တီးနားအသင်းဟာ ကိတ်ဗာဒီအသင်းအတွက်တော့ ခက်ခဲတာထက် ပိုမယ့် ပြိုင်ဘက်ဖြစ်လာဖို့ ရှိနေပါတယ်။
ကိတ်ဗာဒီအသင်းဘက်ကို ကြည့်မယ်ဆိုရင် ဒီပြိုင်ပွဲရဲ့ အံ့အားသင့်ဖွယ် အသင်းတစ်သင်းအဖြစ် မှတ်ချက်ပြုရမှာဖြစ်ပြီး၊ အုပ်စုအဆင့်မှာ စပိန်အသင်း၊ ဥရုဂွေးအသင်းတို့လို အသင်းကြီးတွေကိုတောင် အခက်တွေ့အောင် ခံစစ်ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက လက်နက်ကတော့ ခံစစ်စုဖွဲ့မှုနဲ့ တန်ပြန်တိုက်စစ် ဖြစ်ပြီး၊ အာဂျင်တီးနားအသင်းကို အချိန်ကြာကြာ ဂိုးမပေးဘဲ ထိန်းထားနိုင်ရင် အခွင့်အရေးတစ်ခုခုတော့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်းအရ ကြည့်မယ်ဆိုရင် အာဂျင်တီးနားအသင်းက ဘောလုံးကို ကိုင်ထားပြီး ကွင်းလယ်ကနေ မက်ဆီ ထံသို့ ဘောလုံးများများ ပေးပို့ကာ နေရာလွတ်တွေ ဖန်တီးမှာ ဖြစ်ပြီး၊ ကိတ်ဗာဒီအသင်းကတော့ (၅) ယောက်တန်း ခံစစ်ပုံစံမျိုးနဲ့ နေရာကျဉ်းကျဉ်းထားပြီး မက်ဆီ ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ ကြိုးစားလာဖွယ် ရှိနေတာပါ။ ပွဲအစပိုင်းမှာ ဂိုးမရရှိသေးရင် အာဂျင်တီးနားအသင်းအတွက် စိတ်ရှည်ရှည်နဲ့ ကစားဖို့ အရေးကြီးပြီး၊ ဒီပွဲရဲ့ အဆုံးအဖြတ်က တစ်ဦးချင်း အရည်အသွေးနဲ့ အသင်းလိုက် ကစားပုံတို့ရဲ့ အားပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။
မက်ဆီ လို ကစားသမားတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်း၊ ပြစ်ဒဏ်ကန်ချက် (Free Kick) နဲ့ အဆုံးသတ်နိုင်စွမ်းက ပွဲကို ပြောင်းလဲသွားစေနိုင်ပြီး၊ ကိတ်ဗာဒီအသင်းဘက်ကတော့ ဂိုးသမားနဲ့ ခံစစ်အဖွဲ့ရဲ့ စွမ်းဆောင်ရည်က အဓိကကျမယ့် အချက်ဖြစ်လာဖွယ် ရှိနေတာပါ။ ကိတ်ဗာဒီအသင်းက လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ပေမဲ့လည်း အာဂျင်တီးနားအသင်းရဲ့ အမြင့်ပျံ စွမ်းဆောင်ရည်ကို တားဆီးနိုင်လောက်တဲ့အထိ မာကြောရဲ့လား ဆိုတာကတော့ ပရိသတ်တွေအနေနဲ့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #အာဂျင်တီးနား #ကိတ်ဗာဒီ #နိုင်ငံတကာအားကစား
4 886
ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၇ ဦး ပျောက်ဆုံးနေ
CJ Platform
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာနဲ့ ကောင်စံကျေးရွာအကြားက ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေတဲ့ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နမ့်မှော်ကျေးရွာနဲ့ ကောင်စံကျေးရွာအကြား စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ ယနေ့နံနက် ၇ နာရီအချိန်က မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး၊ ပြိုကျလာတဲ့ မြေစာပုံအောက်ထဲမှာ ရေမဆေးကျောက်ရှာဖွေသူ အလုပ်သမား ၇ ဦး ပိတ်မိနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မိုးတွင်းကာလမှာ မြေစာပုံက ခဏခဏပြိုကျတတ်တယ်။ ဒီနေ့နံနက် ပြိုကျတာကတော့ ရေမဆေးကျောက်ရှာတဲ့ အလုပ်သမား ၇ ယောက် ပါသွားတယ်လို့ ပြောကြတယ်။ တချို့ကလည်း ၄ ယောက်လို့ ပြောနေကြတာရှိတယ်။ လက်ရှိမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေတုန်းပဲ။ ပြီးခဲ့တဲ့အပတ်က မြေစာပုံပြိုကျတုန်းကလည်း လူ ၅ ယောက် သေဆုံးခဲ့ရသေးတယ်" လို့ သူက ပြောပြပါတယ်။
မြေစာပုံအောက် ပိတ်မိနေသူတွေဟာ ဒေသခံ ရေမဆေးကျောက်ရှာဖွေသူတွေဖြစ်ကြပြီး၊ လက်ရှိအချိန်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံ ပရဟိတအဖွဲ့တွေက အပူတပြင်း ရှာဖွေစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ကလည်း ဆိပ်မူကျေးရွာမှာ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာ အလုပ်သမား ၅ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမဲ့လည်း၊ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အယောက် ၂၀ ကျော် ရှိနေသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အလားတူပင် ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း အေးမြသာယာကျေးရွာအုပ်စု၊ သောင်းချိုကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေစာပုံပြိုကျခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
ဇွန်လဆန်းပိုင်းကစပြီး ကချင်ပြည်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဖားကန့်မြို့ပေါ် လူနေရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို၊ မြေစာပုံတွေကလည်း မကြာခဏ ပြိုကျနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ နှိုးဆော်အသိပေးထားကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ကချင်ပြည် #ဖားကန့်မြို့ #မြေစာပုံပြိုကျမှု #ရေမဆေးကျောက်ရှာဖွေသူများ
4 886
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခါတော်ပေးဆရာ စန္ဒကူးမြိုင်ဆရာတော် အသတ်ခံရ
CJ Platform
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်ယတြာနဲ့ အခါတော်ပေးခဲ့ဖူးတဲ့ ဒေါက်တာဖေဉာဏ် (ခေါ်) ဆရာတော်ဦးပညာဝံသဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဓားနဲ့ထိုးသတ်ခြင်းခံရပြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့ နံနက် ၁၁ နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းရှိ စန္ဒကူးမြိုင်သာသနာ့ရိပ်သာကျောင်းအတွင်းမှာ ဆရာတော်ဦးပညာဝံသ အလုပ်ကြံခံခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မနေ့က ဘုန်းကြီးကျောင်းမှာ ပန်းရံလုပ်ကိုင်နေတဲ့သူနှစ်ဦးက ဆွမ်းချိုင့်ပို့မလို့ ဆရာတော်ကို ခေါ်ကြတာ။ တံခါးတွေအကုန်လုံး ပိတ်ထားလို့ မသင်္ကာတာနဲ့ ခေါင်းရင်းတံခါးကနေ ဝင်ရောက်ကြည့်ရှုမှ ဆရာတော် အသတ်ခံရတယ်ဆိုတာ သိရှိရတာပါ။ ဘာကြောင့် ရက်ရက်စက်စက် သတ်ဖြတ်သွားလဲဆိုတာတော့ လက်ရှိအချိန်ထိ မသိရသေးဘူး" လို့ သူက ပြောပြပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ ဒေါက်တာဖေဉာဏ် (ခေါ်) ဆရာတော်ဦးပညာဝံသ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက သာသနာ့ဘောင်သို့ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
"ဦးသန်းရွှေ အနားယူသွားကတည်းက ဝတ်နေတာ။ ဘယ်အငြိုးနဲ့ လုပ်ကြံသွားလဲတော့ မသိရသေးဘူး။ ဓားနဲ့ ၇ ချက်တောင် ထိုးသတ်သွားတာပါ။ ရဲတပ်ဖွဲ့ဘက်ကတော့ လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်" လို့ သူက ဆိုပါတယ်။
ဆရာတော်ရဲ့ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့တဲ့ ပန်းရံအလုပ်သမား ကိုမင်းနိုင်ဇော်၊ ဦးဝင်းရွှေနဲ့ ကျောင်းဒကာ ဦးနေမျိုးတို့ကို သက်ဆိုင်ရာ ရဲစခန်းက ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စန္ဒကူးမြိုင်သာသနာ့ရိပ်သာ ဆရာတော်ဟာ မှော်ဘီမြို့နယ်အတွင်းမှာ ဗေဒင်ဟောပြောခြင်း၊ ယတြာပေးခြင်းနဲ့ ဝိပဿနာတရားပြသရာမှာ နာမည်ကြီးတာကြောင့် စစ်ဘက်နဲ့ အုပ်ချုပ်ရေးဘက်က အရာရှိအချို့ ကိုးကွယ်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ်ဟာ အရင်က တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး ဖြစ်ခဲ့ပြီး၊ ဗေဒင်နဲ့ ယတြာပြုလုပ်ပေးရာမှာ နာမည်ကြီးတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ လက်စွဲတော် ဆရာတစ်ဦး ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #မှော်ဘီမြို့နယ် #စန္ဒကူးမြိုင်ဆရာတော် #ဓားထိုးလုပ်ကြံခံရမှု
4 886
မှာထားတဲ့ ပစ္စည်းရောက်ပြီလို့ ရဲစခန်းကို ဖုန်းမှားဆက်မိလို့ မူးယစ်ဆေးရောင်းသူ အဖမ်းခံရ
CJ Platform
ရဲစခန်းသို့ ဖုန်းမှားဆက်မိရာကနေ ရှမ်းပြည်၊ တောင်ကြီးမြို့နယ်က မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့ မွန်းလွဲပိုင်းက တောင်ကြီး - ဟိုပုံးကားလမ်း၊ နောင်လေကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို ကာလတန်ဖိုး ကျပ် ၇၅ သိန်း တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မှာထားတဲ့ ပစ္စည်းတွေရောက်ပြီ၊ ငါတို့လာပို့မယ်၊ မင်းတို့ နောင်လေရွာနား လာခဲ့ဆိုပြီး၊ ရဲစခန်းဖုန်းနံပါတ်နဲ့ ပစ္စည်းလာယူမယ့်သူရဲ့ ဖုန်းနံပါတ်ကို မှားယွင်းဆက်မိရာကနေ အဖမ်းခံရတာပါ" လို့ သူက ပြောပြပါတယ်။
ဖုန်းထဲက ပြောကြားတဲ့အတိုင်း တောင်ကြီးမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ နောင်လေကျေးရွာအနီးမှာ စောင့်ဆိုင်းနေစဉ်၊ ဟိုပုံးမြို့ဘက်ကနေ အမျိုးသားနှစ်ဦး မောင်းနှင်လာတဲ့ Honda ဆိုင်ကယ်ကို တားဆီးရှာဖွေစစ်ဆေးခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တောင်ကြီးမြို့နယ်ရဲစခန်းရဲ့ ကြေးနန်းထုတ်ပြန်ချက်အရ ဇူလိုင်လ ၂ ရက်နေ့က ရဲစခန်းသို့ ဖုန်းမှားဆက်မိရာကနေ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ခွန်ဗိုလ်ကျော်နဲ့ ကိုစိုင်းတို့ ၂ ဦးကို WY စိတ်ကြွမူးယစ်ဆေးပြား ၂၅,၀၀၀ ပြား (ကာလတန်ဖိုး ကျပ် ၇၅ သိန်း) နှင့်အတူ ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ခွန်ဗိုလ်ကျော်နဲ့ ကိုစိုင်းတို့ ၂ ဦးကို တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၅၅/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရှမ်းပြည်နယ် #တောင်ကြီးမြို့ #ဖုန်းမှားဆက်မိရာမှဖမ်းမိမှု #မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု
4 886
စစ်ခေါင်းဆောင်ဟာ သူရဲ့ "ရက် ၁၀၀ စီမံကိန်း" အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁,၀၀၀ ကျော်ကျူးလွန်၊ မကွေးတိုင်း အဆိုးရွားဆုံးခံနေရ
CJ Platform
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ သမ္မတအဖြစ် ကိုယ်တိုင်တင်မြှောက်ပြီးနောက် နိုင်ငံတကာကို လှည့်စားရန် အကောင်အထည်ဖော်နေတဲ့ "ရက် ၁၀၀ စီမံကိန်း" အတွင်း စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၀၀ ကျော်အထိ ကျူးလွန်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ စောင့်ကြည့်မှတ်တမ်းတွေအရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/372026-2/
4 886
ရေဦးမှာ အရပ်သားလင်မယားနှစ်ဦး ခေါင်းဖြတ်သတ်ခံရမှုဖြစ်စဉ်အတွင်း ပါဝင်တဲ့ ရဲဘော်တွေကို အရေးမယူဘဲ လက်နက်ဆက်လက်တပ်ဆင်ပေးထားမှုအပေါ် တရားမျှတမှု ပေးဖို့ မိသားစုဝင် တောင်းဆို
CJ Platform
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုန်းသာကျေးရွာမှာ ကျေးရွာရန်ပုံငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး အချင်းများကာ အရပ်သားလင်မယားနှစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့တဲ့ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တွေနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၇) မှ ရဲဘော်အပါအဝင် ရဲဘော် ၅ ဦးကို အခုအချိန်ထိ တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားကြောင်း ဒေသခံတွေနဲ့ နစ်နာသူ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/372026/
4 886
နိုင်ငံတဝန်းမိုးများပြီး ရေကြီးရေလျှံမှုကို သတိပြုရမယ့်ကာလ
CJ Platform
ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး အိန္ဒိယမိုးလေဝသဌာန (IMD) ၏ နှစ်ပတ်စာ ရာသီဥတု ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလား တောင်ပိုင်း ကမ်းလွန်တို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီး၊ နောက်နှစ်ရက်အတွင်း ပိုမို အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံဘက်ကို စီးဝင်နေတဲ့ အနောက်တောင် မုတ်သုံလေဟာလည်း ပိုမို ဆွဲငင်အားကောင်းနေမှာ ဖြစ်တာကြောင့် နိုင်ငံတစ်ဝန်း မိုးများလာဖို့ ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာလည်း ဇူလိုင် ၈ ရက်နေ့အထိ မိုးရွာသွန်းမှုတွေ ကျယ်ပြန့်လာနိုင်ပြီး မိုးသက်လေပြင်းကျတာ၊ မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါ့အပြင် ဇူလိုင် ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ဆိုမာလီဂျက်လေစီးကြောင်းလည်း ဆက်လက် အားကောင်းနေမှာ ဖြစ်တာကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်နေဦးမှာ ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #လေဖိအားနည်းရပ်ဝန်း
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/KkwW_WIJvvg
4 886
ရော်နယ်ဒိုရဲ့ ပင်နယ်တီ၊ ဂွန်ဆာလိုရာမို့စ်ရဲ့ နောက်ကျဂိုးနဲ့ နောက်တစ်ဆင့် တက်ခဲ့တဲ့ ပေါ်တူဂီ
CJ Platform
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား ရှုံးထွက် (၃၂) သင်းအဆင့်မှာ ခရိုအေးရှားအသင်းကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအစပိုင်းကတည်းက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းဟာ တောင်ပံနှစ်ဖက်ကနေ တိုက်စစ်ဖွင့်ခဲ့ပြီး၊ ခရိုအေးရှားအသင်းရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို အဆက်မပြတ် ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း အခွင့်အရေး များများစားစား မရရှိခဲ့ဘဲ၊ ဘရူနို ဖာနန်ဒက်စ် ရဲ့ အပိုင်အခွင့်အရေး တစ်ကြိမ်သာ ပထမပိုင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားအသင်းကတော့ ဒုတိယပိုင်းမှာ ကွင်းလယ်ပိုင်းကနေ ဘောလုံးကို ပိုမိုထိန်းချုပ်လာပြီး တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ကာ၊ လူကာ မိုဒရစ် ဦးဆောင်တဲ့ ကွင်းလယ်ဟာ ပေါ်တူဂီအသင်းရဲ့ Pressing ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းအစ ပွဲကစားချိန် ၅၃ မိနစ်မှာပဲ တောင်ပံက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ပါရီဆစ် က အပိုင်ပိတ်သွင်းပြီး ခရိုအေးရှားတို့အတွက် ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းတို့ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ နောက်ပိုင်းမှာ ပွဲဟာ နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးတဲ့ အကြိတ်အနယ်ပုံစံသို့ ပြောင်းလဲသွားခဲ့ပြီး၊ နည်းစနစ်ပိုင်းအရ ပေါ်တူဂီနည်းပြဟာ ဘရူနို ဖာနန်ဒက်စ် နဲ့ ဂျိုအို နီဗက်စ် တို့ကို ပိုမိုဘောလုံးကိုင်စေကာ ဗီတင်ညာ က ကြားထဲက နေရာလွတ်တွေမှာ ဝင်ရောက်ကစားပေးတာကြောင့် ခရိုအေးရှား ခံစစ်အတွက် လိုက်ထိန်းဖို့ အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ထိုအချိန်အတွင်း ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ လှပတဲ့ ထိန်းသိမ်းချက်နဲ့အတူ ခြေပဂိုး သွင်းယူနိုင်ခဲ့ပေမဲ့လည်း လူကျွံဘော ဖြစ်နေခဲ့တာပါ။
ပေါ်တူဂီအသင်းက ပွဲကို ဆက်လက်ဖိအားပေး ကစားနေစဉ်မှာပဲ၊ ထောင့်ကန်ဘောကနေ ရရှိခဲ့တဲ့ ဖြစ်စဉ်ကို ဒိုင်လူကြီးအနေနဲ့ ဗီဒီယိုအကူဒိုင် (VAR) ပြန်လည်ကြည့်ရှုကာ ပင်နယ်တီပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် ရော်နယ်ဒို က အမှားအယွင်းမရှိ ကန်သွင်းပြီး ပေါ်တူဂီတို့ ခြေပဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ အလှည့်အပြောင်းကတော့ လူစားဝင်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ် ဆီကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ပေါ်တူဂီအသင်းက တိုက်စစ်အင်အားကို ထပ်မံတိုးမြှင့်ခဲ့ပြီး၊ ရော်နယ်ဒိုကို လူစားလဲထုတ်ကာ ရူဗင် နီဗက်စ် ဝင်ရောက်လာခဲ့တာကြောင့် ကွင်းလယ်အင်အား ပိုမိုတောင့်တင်းသွားခဲ့ပြီး ခရိုအေးရှား ခံစစ်ပင်ပန်းလာချိန်ကို အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် နာကျင်အချိန်ပို ၉၀+၆ မိနစ်မှာ ရာမို့စ်ရဲ့ ခေါင်းတိုက်အဆုံးသတ်စွမ်းရည်နဲ့ အရေးပါတဲ့ အချိန်မှာ အသင်းကို ကယ်တင်ပေးခဲ့ပြီး၊ နောက်တစ်ဆင့်တက်ခွင့်ကို သေချာစေမယ့် ဦးဆောင်ဂိုးကို ရရှိခဲ့တာပါ။
ရော်နယ်ဒိုအတွက်လည်း ဒီပွဲဟာ ဂိုးသွင်းယူနိုင်ခဲ့သလို ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းကို ဦးဆောင်နိုင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး၊ ဂိုးသွင်းရုံတင်မကဘဲ ရှေ့တန်းမှာ ဘောလုံးထိန်းပေးတာ၊ အသင်းဖော်တွေကို နေရာဖန်တီးပေးတာတွေကလည်း အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ အရည်အသွေးကို ထပ်မံပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူစားဝင်ကစားသမားတွေကို အချိန်ကိုက် အသုံးချနိုင်ခဲ့တဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကလည်း အနိုင်ရလဒ်အတွက် များစွာအရေးပါခဲ့ပါတယ်။
ယခုတော့ ပေါ်တူဂီအသင်းဟာ နောက်တစ်ဆင့်မှာ စပိန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး၊ အိုင်ဘေးရီးယားဒါဘီ ပွဲစဉ်ကြီးကို ပရိသတ်တွေ စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းအနေနဲ့ စပိန်အသင်းကို ကျော်ဖြတ်နိုင်မလား၊ ဒါမှမဟုတ် လက်ရှိ ယူရိုချန်ပီယံဖြစ်ပြီး လူအင်အား ပိုမိုတောင့်တင်းတဲ့ စပိန်အသင်းကပဲ အသာစီးရမလား ဆိုတာကတော့ ပရိသတ်တွေအနေနဲ့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #ပေါ်တူဂီနှင့်ခရိုအေးရှား #ပွဲပြီးသုံးသပ်ချက် #နိုင်ငံတကာအားကစား
4 886
မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်မှာ မိုးအလွန်များမယ်
CJ Platform
မနက်ဖြန် ဇူလိုင်လ ၃ ရက်၊ သောကြာနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အခုဇူလိုင်လနဲ့ သြဂုတ်လတွေဟာ မြန်မာနိုင်ငံရဲ့ မုတ်သုံရာသီအရ မိုးလယ်ကာလ ဖြစ်ပြီး အနောက်တောင် မုတ်သုံလေက မိုးလယ်ကာလအတွင်း အားအကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ မုတ်သုံလေ အားကောင်းနေတာနဲ့အတူ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်က အစိုဓာတ်တွေဟာ မြန်မာနိုင်ငံအတွင်း အဆက်မပြတ် သယ်ဆောင်လာတာကြောင့် နိုင်ငံတစ်ဝန်းမှာ မိုးအများဆုံး ရွာသွန်းတဲ့ ကာလတွေလည်း ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #လေဖိအားနည်းရပ်ဝန်း
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/c9OVpvdhaus
4 886
လိုင်စင်သက်တမ်းတိုးသည့် ဆိုင်ကယ်တွေ ဘေးတွဲတပ်ဆင်အသုံးမပြုဖို့ ခံဝန်ကတိထိုးရ
CJ Platform
ရန်ကုန်တိုင်းအတွင်း လိုင်စင်သက်တမ်းတိုးတဲ့ ဆိုင်ကယ်အားလုံးကို ဘေးတွဲတပ်ဆင်အသုံးမပြုဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းနေတယ်လို့ လိုင်စင်သက်တမ်းတိုးသူတွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/272026-5/
4 886
ရခိုင်နယ်စပ်မြို့နှစ်မြို့ကို တစ်ရက်အတွင်း စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရ
CJ Platform
ရခိုင်ပြည်နယ်စပ် မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ကို တစ်ရက်အတွင်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ ည ၁၀ နာရီကျော်အချိန်ခန့်က မောင်တောမြို့ပေါ်နဲ့ မြို့အဝင်ဝ ဝန်းကျင်က ကျေးရွာတွေကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ် (Jet Fighter) အပါအဝင် Y-12 လေယာဉ်တွေနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မောင်တောမြို့ ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ မောင်တောမြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။
"မောင်တော ဗုံးကြဲခံရတာနဲ့ ပတ်သက်လို့ ထိခိုက်အသေအပျောက် ရှိနိုင်တယ်။ တိတိကျကျတော့ မသိရသေးဘူး။ စစ်အုပ်စုက ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ Y-12 တစ်စီးလာကြဲတာ ဗုံး ၁၀ လုံးထက်မနည်း ကြဲသွားတယ်။ ဗုံးတွေကတော့ နခခ ၅ နဲ့ မွတ်ဆလင်တွေ နေထိုင်တဲ့ နေရာတွေကို ကျရောက်ပေါက်ကွဲတယ်" လို့ သူက ဆိုပါတယ်။
အလားတူ နေ့လယ် ၁၁ နာရီကျော်အချိန်ခန့်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကြက်မောက်တောင် (မွတ်ဆလင်) ကျေးရွာ၊ ဝါချီးလားကျေးရွာ၊ သပြုချောင်းကျေးရွာ၊ ရွာတော်ကျေးရွာ စတဲ့ နေရာတွေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကြက်မောက်တောင်ကျေးရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာအနီးက လယ်ကွင်းနဲ့ မွတ်ဆလင်တွေ နေထိုင်တဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆွေဒုလ်အာမိန် (၁၂ နှစ်)၊ မာမတ်အာရောစ် (၁၂ နှစ်) နဲ့ ဦးအာမိန်ဟူဆောင်း (၅၀ နှစ်) တို့ ဗုံးစထိမှန် ဒဏ်ရာရရှိသွားပြီး၊ ဝါချီးလားကျေးရွာက အသက် ၁၃ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်တွေကို နီးစပ်ရာ ဆေးကုသဆောင်တွေမှာ အရေးပေါ် ကုသမှုခံယူနေစေတယ်လို့ သိရပါတယ်။ ဗုံးကြဲခံရမှုအတွင်း ကြက်မောက်တောင်ကျေးရွာက မွတ်ဆလင် နေအိမ် ၁၀ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း မောင်တောမြို့ကို စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မွတ်ဆလင်အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိသွားခဲ့သလို၊ လူနေအိမ် ၁၀ လုံးကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ - CJ
#CJPlatform #ရခိုင်ပြည် #မောင်တောမြို့ #ဘူးသီးတောင်မြို့ #စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု
4 886
ခရိုအေးရှားကို ပေါ်တူဂီ နိုင်ပါ့မလား
CJ Platform
ကမ္ဘာ့ဖလား ရှုံးထွက် (၃၂) သင်းအဆင့်ရဲ့ အာရုံစိုက်မှု အခံရဆုံး ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီအဆင့်ရဲ့ လူကြည့်အများဆုံးပွဲတွေထဲက တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်လာမယ့် နာမည်ကြီး ကစားသမား အများအပြား ရှိနေတဲ့ ပေါ်တူဂီအသင်းဟာ လူစာရင်းအရ အသာစီးရနေတယ်လို့ ထင်ရပေမဲ့လည်း၊ ပြိုင်ပွဲကြီးတွေမှာ အတွေ့အကြုံအပြည့်နဲ့ ကစားတတ်တဲ့ ခရိုအေးရှားအသင်းကိုတော့ အထင်သေးလို့မရဘဲ၊ နည်းစနစ်ပိုင်း၊ စိတ်ဓာတ်ပိုင်းနဲ့ အတွေ့အကြုံပိုင်းတွေက ဒီပွဲရဲ့ အဓိက အဆုံးအဖြတ် ဖြစ်လာဖို့ ရှိနေတာပါ။
ပေါ်တူဂီအသင်းအတွက် အဓိကမေးခွန်းကတော့ နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ဟာ ရော်နယ်ဒို ခြေစွမ်းမပြနိုင်ရင် အရဲစွန့်ပြီး လူစားလဲမလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အုပ်စုအဆင့်တုန်းကလည်း ရော်နယ်ဒိုကို ပွဲချိန်အတော်များများ ဆက်လက်အသုံးပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပြီး၊ ဂွန်ဆာလို ရာမို့စ် လိုမျိုး တိုက်စစ်မှူးတွေကို ကစားခွင့်အချိန် နည်းနည်းပဲ ပေးခဲ့တာကြောင့်လည်း မေးခွန်းထုတ်ခံနေရတာ ဖြစ်ပါတယ်။ ရှုံးထွက်ပွဲတွေမှာတော့ စိတ်ခံစားချက်ထက် အနိုင်ရရှိဖို့ကိုသာ ဦးစားပေးရမယ့် အချိန်ဖြစ်ပြီး၊ နည်းပြရဲ့ ဆုံးဖြတ်ချက်က အလွန်အရေးကြီးလာမှာ သေချာပါတယ်။
နည်းစနစ်ပိုင်းမှာတော့ ပေါ်တူဂီအသင်းရဲ့ အားသာချက်အဖြစ် ဗီတင်ညာ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ ဂျိုအို နီဗက်စ် တို့ရဲ့ ကွင်းလယ်အရည်အသွေးက အဓိကကျလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဆိုပါ ကွင်းလယ်ကနေ တိုက်စစ်ကို မြန်မြန်ဆန်ဆန် ချိတ်ဆက်မပေးနိုင်ရင် ရော်နယ်ဒိုလည်း တိုက်စစ်ပိုင်းမှာ သီးခြားဖြစ်နေနိုင်ပြီး၊ ပေါ်တူဂီအသင်းအနေနဲ့ မာကျောလှတဲ့ ခရိုအေးရှားအသင်းရဲ့ ခံစစ်ကို ဆွဲထုတ်နိုင်မှသာ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်မှာပါ။
ခရိုအေးရှားဘက်ကို ကြည့်ရင်တော့ လူကာ မိုဒရစ် ဦးဆောင်တဲ့ အသင်းဟာ ပြိုင်ပွဲကြီးတွေ ရောက်လေလေ ပိုပြီးမာကျောလာတဲ့ အသင်းမျိုး ဖြစ်လာတတ်ပြီး၊ အုပ်စုအဆင့်မှာလည်း အမှားတွေကို အမြန်ပြင်ဆင်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့တာက သူတို့ရဲ့ စိတ်ဓာတ်နဲ့ အတွေ့အကြုံကို ပြသနေတာ ဖြစ်ပါတယ်။ ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားနိုင်သလို ကွင်းလယ်မှာလည်း ဘောလုံးထိန်းချုပ်နိုင်စွမ်း ရှိတာကြောင့် ပေါ်တူဂီအသင်းအတွက် လုံးဝလွယ်ကူမှာမဟုတ်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။
ဒီပွဲဟာ ရော်နယ်ဒိုနဲ့ လူကာ မိုဒရစ် တို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်နိုင်တာကြောင့် စိတ်လှုပ်ရှားစရာ ကောင်းနေပြီး၊ တကယ်တမ်း အဆုံးအဖြတ်ပေးမယ့်အရာက နာမည်ကျော်ကြားမှု မဟုတ်ဘဲ ဘယ်အသင်းက အမှားနည်းပြီး နည်းစနစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်နိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ခရိုအေးရှားနည်းပြ ဒါလစ်ချ် ကိုယ်တိုင်လည်း ဒီပွဲဟာ ကွင်းလယ်တိုက်ပွဲက အဓိက ဖြစ်မယ်လို့ သုံးသပ်ထားတာကြောင့် ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #ပေါ်တူဂီနှင့်ခရိုအေးရှား #ရှုံးထွက်အဆင့်ပွဲကြို #နိုင်ငံတကာအားကစား
现已上线!2025 年 Telegram 研究 — 年度关键洞察 
