CJ Platform
الذهاب إلى القناة على Telegram
We are freedom and voices. Website Link: https://cjplatform.com/
إظهار المزيد4 883
المشتركون
-324 ساعات
-147 أيام
-8730 أيام
أرشيف المشاركات
4 883
ကော့သောင်းမှာ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး
CJ Platform
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က ပြည့်တန်ဆာအိမ်တစ်အိမ်မှာ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့ည ၁၁ နာရီခွဲအချိန်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ ၃ လမ်းရှိ ပြည့်တန်ဆာအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးနဲ့ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် ဝါရင့်အမျိုးသားတစ်ယောက် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ကနဦးစစ်ဆေးချက်အရ ရောဂါအခံကြောင့် အမောဖောက်ပြီး ဆုံးသွားတာလို့ မှတ်ချက်ပေးထားတယ်" လို့ သူက ပြောပြပါတယ်။
အဆိုပါ လူသေဆုံးမှုကိစ္စနဲ့ ပတ်သက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတွေလည်း လိုက်လံဖြေရှင်းနေရကာ၊ လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ခံအမျိုးသားကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
"သေဆုံးသွားတဲ့သူနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ရရှိထားပါတယ်။ လက်ရှိမှာတော့ ပြည့်တန်ဆာခန်းပိုင်ရှင်တွေက လိုက်လံဖြေရှင်းနေရတာပေါ့။ အဲဒီရပ်ကွက်အတွင်းက ပြည့်တန်ဆာခန်းတွေကိုလည်း လောလောဆယ် ခေတ္တယာယီပိတ်ထားဖို့ ညွှန်ကြားထားပါတယ်" လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ၂ မိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ရှင်းပြပါတယ်။
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ပြည့်တန်ဆာလုပ်ငန်း လျှို့ဝှက်လုပ်ကိုင်နေတဲ့ နေအိမ် ၁၃ လုံးခန့်အထိ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #တနင်္သာရီတိုင်း #ကော့သောင်းမြို့ #အမောဖောက်သေဆုံးမှု #ဒေသတွင်းသတင်း
4 883
မင်းတပ်မြို့ပေါ်နဲ့ ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၁၀ လုံးကျော် ပျက်စီးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ
CJ Platform
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နဲ့ မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို မနေ့က ဇူလိုင်လ ၆ ရက် ညပိုင်းမှာ စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၁၀ လုံးကျော် ပျက်စီးပြီး အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေရဲ့ ရေးသားထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မနေ့ည ၁၀ နာရီ ၈ မိနစ်ခန့်မှာ မန္တလေးတိုင်း၊ တံတားဦးလေတပ်မှ ပျံတက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ မင်းတပ်မြို့ပေါ်တစ်နေရာကို ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် မိနစ်ပိုင်းအကြာ ည ၁၀ နာရီ ၁၄ မိနစ်အချိန်ခန့်မှာလည်း အဆိုပါ ဂျက်ဖိုက်တာနဲ့ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ ဗုံး ၂ လုံး ထပ်မံကြဲချပြီး ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအရပ်သားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။
လက်ရှိအချိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အခြေအနေတွေနဲ့ ဒေသခံ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အခြေအနေတွေနဲ့ ပတ်သက်ပြီး ထပ်မံအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းလျက် ရှိပါတယ်။
ဓာတ်ပုံ - Ĥkl Mindat
#CJPlatform #ချင်းပြည် #မင်းတပ်မြို့ #လေကြောင်းဗုံးကြဲမှု #ဒေသတွင်းသတင်း
4 883
ဆဲဗင်းဂျူလိုင်ရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို မဏ္ဍိုင်ပြုပြီး အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ဖျက်ရန် NUG တိုက်တွန်း
CJ Platform
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ ဆဲဗင်းဂျူလိုင်ရဲ့ ရဲရင့်သော တော်လှန်ရေးစိတ်ဓာတ်ကို မဏ္ဍိုင်ပြုကာ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းသည်အထိ မဆုတ်မနစ် ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
သမိုင်းဝင် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်တို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျောင်းသားလူငယ် သူရဲကောင်းတွေ သွေးမြေခခဲ့ရတဲ့ ဝမ်းနည်းအောက်မေ့ဖွယ်နေ့ ဖြစ်ပြီး၊ ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းတွေကို အလေးအမြတ်ပြု ဦးညွှတ်ဂါရဝပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့သော ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူခဲ့ပြီးနောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခြင်း၊ ဖိနှိပ်ချုပ်ချယ်သည့် စည်းကမ်းချက်တွေဖြင့် ကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် မတရားမှုတွေကို ရဲဝံ့စွာ ဆန့်ကျင်ခဲ့ကြတဲ့ အပြစ်မဲ့ကျောင်းသားလူငယ်တွေကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင် ဇူလိုင်လ ၈ ရက်နေ့ အရုဏ်တက်ချိန်တွင်လည်း မြန်မာ့ကျောင်းသားနိုင်ငံရေးရဲ့ သမိုင်းဝင်အထိမ်းအမှတ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်တွေနဲ့ ဗုံးခွဲဖျက်ဆီးခဲ့ကြတာပါ။
စစ်အာဏာရှင်တွေဟာ အုတ်၊ သဲတို့ဖြင့် တည်ဆောက်ထားသော အဆောက်အအုံကိုသာ ဖြိုဖျက်နိုင်ခဲ့ပြီး ကျောင်းသားထုရဲ့ ရင်ထဲက အမှန်တရားနှင့် တော်လှန်ရေးစိတ်ဓာတ်ကိုမူ ဖြိုချနိုင်ခဲ့ခြင်းမရှိကြောင်း၊ ယနေ့ နွေဦးတော်လှန်ရေးတွင် ကျောင်းသားလူငယ်တွေဟာ စာသင်ခန်းတွေ၊ တက္ကသိုလ်နယ်မြေတွေကို စွန့်ခွာပြီး ကျရာတာဝန်တွေကို ပြည်သူလူထုနှင့်အတူ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ကာ ဆဲဗင်းဂျူလိုင်က ပေးအပ်ခဲ့သော မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့မြင်နေရကြောင်း NUG က ဆိုထားပါတယ်။
ဒါ့အပြင် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေရဲ့ စုစည်းညီညွတ်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ယန္တရားဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ပြီး ကျူးလွန်သူတွေကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားကာ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက်ချီတက်ကြရန် တိုက်တွန်းထားပါတယ်။
#CJPlatform #နွေဦးတော်လှန်ရေး #NUG #ဆဲဗင်းဂျူလိုင် #ကျောင်းသားအရေးတော်ပုံ
4 883
ဒီပဲယင်းမြို့နယ် ပအဖနဲ့ ပြည်သူတွေ ပူးပေါင်းကာ အုန်းတပင်တံတားကြီးကို အောင်မြင်စွာ ပြန်လည်ပြုပြင်တည်ဆောက်
CJ Platform
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဝန်အဆမတန် တင်ဆောင်မောင်းနှင်တဲ့ ကုန်တင်ယာဉ်ကြီးတွေကြောင့် ပျက်စီးသွားခဲ့ရတဲ့ အုန်းတပင်ကျေးရွာအနီးရှိ တံတားကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ လမ်းတံတားကော်မတီနဲ့ ဒေသခံပြည်သူတွေဟာ အခက်အခဲတွေကြားထဲကနေ ညီညွတ်စွာ ပူးပေါင်းပြုပြင် တည်ဆောက်နိုင်ခဲ့ကြတာကြောင့် လက်ရှိမှာ အဆင်ပြေချောမွေ့စွာ ပြန်လည်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
အုန်းတပင်ကျေးရွာအနီးရှိ လမ်းတံတားဟာ ကုန်တင်ကားကြီးတွေ ဝန်အဆမတန် တင်ဆောင်မောင်းနှင်ခဲ့မှုတွေကြောင့် တံတားကြီးရဲ့ သံဖရိန်တွေ ကွေးညွတ်ပျက်စီးသွားခဲ့ရပြီး၊ ဒေသတွင်း ကူးသန်းသွားလာရေးနဲ့ ဆက်သွယ်ရေးပိုင်းတွေမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပဲယင်းမြို့နယ် ပအဖနဲ့ ဒီပဲယင်းမြို့နယ် လမ်းတံတားကော်မတီတို့က အချိန်နဲ့တစ်ပြေးညီ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ကာ အုန်းတပင်ကျေးရွာရှိ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး တိုင်ပင်ပြီး တံတားအမြန်ဆုံး ပြန်လည်တည်ဆောက် ပြုပြင်နိုင်ဖို့အတွက် စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြို့နယ်ပအဖ၊ လမ်းတံတားကော်မတီနဲ့ ဒေသခံပြည်သူလူထုတို့ရဲ့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် အုန်းတပင်တံတားကြီးကို အောင်မြင်စွာ ပြန်လည်တည်ဆောက် မွမ်းမံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုမျိုး အခက်အခဲများစွာကြားကနေ ကြိုးစားပြုပြင်ခဲ့ရတဲ့ တံတားကြီး ရေရှည်ခိုင်ခံ့စေရန်အတွက် တံတားပေါ်မှာ ၆ ဘီးအထက် မော်တော်ယာဉ်ကြီးတွေ လုံးဝဖြတ်သန်းသွားလာခွင့် ပြုမှာမဟုတ်ကြောင်းကိုလည်း ဒီပဲယင်းမြို့နယ် ပအဖက မနေ့က ဇူလိုင်လ ၆ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် တံတားကြီးရဲ့ ခံနိုင်ဝန်ထက် ပိုမိုလေးလံတဲ့ ယာဉ်တွေကို ဖြတ်သန်းမောင်းနှင်တာ တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေး အသိပေးထားပါတယ်။
ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ အုန်းတပင်တံတားပေါ်မှာ အဆင်ပြေလွယ်ကူချောမွေ့စွာ စတင်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်းနဲ့ တံတားကြီး အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ခဲ့ကြတဲ့ ဒီပဲယင်းမြို့နယ် လမ်းတံတားကော်မတီ၊ အုန်းတပင်ကျေးရွာမှ တာဝန်သိပြည်သူတွေနဲ့ ဒေသတွင်းရှိ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အသီးသီးကို အထူးကျေးဇူးတင်ရှိကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုမှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - ဒီပဲယင်းမြိုကနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#CJPlatform #စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #အုန်းတပင်တံတား #ဒေသတွင်းသတင်း
4 883
ရခိုင်မြောက်ပိုင်း မြစ်ရေလျှံမည့် အန္တရယ်ရှိနေ
CJ Platform
ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြပေးသွားပါတော့မယ်။အရင်ဦးဆုံး ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ လေထုအခြေပြု မြေပုံအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက လေဖိအားနည်းဆဲလ်ဟာ အားကောင်းနေဆဲဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာလည်း လေဖိအားနည်းဆဲလ်တစ်ခု ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အရှေ့ဘက်နဲ့ အနောက်ဘက် ဝန်းကျင်နိုင်ငံတွေမှာလည်း ကုန်းတွင်း လေဖိအားလိုင်းတွေ သိပ်သည်းလာတာကို တွေ့ရပါတယ်။ဒီလို လေဖိအားနည်းစနစ်တွေ ပြိုင်တူ တွန်းအားပေးနေမှုကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင် မုတ်သုံလေစီးကြောင်းဟာ မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေဆီကို အရှိန်အဟုန်မပျက် ဆက်လက်တွန်းပို့ တိုက်ခတ်နေဆဲ ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #GloFAS
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/rgP8MyXN_Ug
4 883
ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်ခဲ့ပြီ
CJ Platform
ပေါ်တူဂီအသင်းဟာ စပိန်အသင်းကို (၁-၀) ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ယခုရှုံးပွဲဟာ ပေါ်တူဂီအသင်းအတွက်တင်မကဘဲ ဝါရင့်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား အိပ်မက်ကိုလည်း လုံးဝအဆုံးသတ်သွားစေခဲ့တာပါ။ ကမ္ဘာ့ဖလားဆုဖလားကို အလွန်အမင်း ရယူလိုနေတဲ့ ရော်နယ်ဒို အတွက်တော့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့ရသလို၊ ပရိသတ်တွေအတွက်လည်း မေ့ဖျောက်ရခက်မယ့် ရလဒ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုပွဲစဉ်မှာ ရော်နယ်ဒို ရဲ့ စွမ်းဆောင်ရည်က မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ၊ စပိန်အသင်း နောက်တန်းရဲ့ အနီးကပ်လူကပ်ကစားပုံနဲ့ ကွင်းလယ်ပိုင်းရဲ့ ထိရောက်စွာ ဖိအားပေးမှုတွေကြောင့် ဘောလုံးထိတွေ့ခွင့် အတော်လေး နည်းပါးခဲ့ကာ ဂိုးရှေ့အန္တရာယ် ဖန်တီးနိုင်မှုအပိုင်းမှာလည်း အလွန်အကန့်သတ် ခံခဲ့ရပါတယ်။ အသက်အရွယ်ကြောင့် ပြေးအားကျဆင်းလာတာကို ကွင်းအတွင်း ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသလို၊ အသင်းဖော်တွေရဲ့ ဖန်တီးပေးမှုတွေကိုလည်း အပြည့်အဝ အသုံးမချနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
အမှန်တကယ်တော့ ယခုပေါ်တူဂီအသင်းဟာ မျိုးဆက်အလိုက် အရည်အသွေးအကောင်းဆုံး လူစာရင်းတွေထဲက တစ်သင်းလို့ ပြောနိုင်ပါတယ်။ ကွင်းလယ်၊ တောင်ပံနဲ့ နောက်တန်းအထိ အရည်အသွေးမြင့် ကစားသမားတွေ ပြည့်နှက်နေပေမဲ့လည်း အရေးကြီးဆုံး ရှုံးထွက်ပွဲစဉ်မှာ အကောင်းဆုံးပုံစံကို ထုတ်မပြနိုင်ခဲ့တာက အလွန်နှမြောဖို့ကောင်းပါတယ်။ ယခုလိုမျိုး လူစာရင်းအင်အားနဲ့ ဆုဖလားကို စိန်ခေါ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရတာက ပေါ်တူဂီပရိသတ်တွေအတွက် ပိုမိုနာကျင်စရာ ဖြစ်စေပါတယ်။
အခြားတစ်ဖက်မှာတော့ စပိန်အသင်းက သူတို့ရဲ့ နည်းစနစ်ပိုင်း စည်းကမ်းကျနမှုကို ထပ်မံပြသသွားခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို၊ တိုက်စစ်လမ်းကြောင်းကိုလည်း စိတ်ရှည်လက်ရှည်နဲ့ တည်ဆောက်သွားခဲ့တာပါ။ ပေါ်တူဂီအသင်းရဲ့ တန်ပြန်တိုက်စစ် အခွင့်အရေးတွေကို အဆီးအတားမဲ့ ကန့်သတ်နိုင်ခဲ့ပြီး၊ ပွဲချိန်တစ်လျှောက်လုံး စိတ်အေးလက်အေး စောင့်ဆိုင်းကစားနိုင်ခဲ့တာက နိုင်ပွဲရလဒ်ကို ဦးတည်လာစေခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်ရဲ့ အဆုံးအဖြတ်ကိုတော့ ပွဲကစားချိန်နောက်ကျတဲ့ မိနစ်မှာ အာဆင်နယ်ကွင်းလယ်လူ မီခေးလ် မိုရီနို က သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးက ဆုံးဖြတ်ပေးသွားခဲ့တာပါ။ ပွဲပြီးခါနီးအချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ကစားခဲ့တဲ့ စပိန်အသင်းဟာ အခွင့်အရေးရရှိတဲ့အချိန်မှာ အမှားအယွင်းမရှိဘဲ အနိုင်ဂိုးကို ဖန်တီးရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အခုရှုံးပွဲနဲ့အတူ ရော်နယ်ဒို ရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ဟာ အပြီးတိုင်အဆုံးသတ်သွားခဲ့ပေမဲ့လည်း သူ့ရဲ့ အောင်မြင်မှုတွေ၊ စံချိန်မှတ်တမ်းတွေနဲ့ ပေါ်တူဂီဘောလုံးလောကအတွက် ပေးဆပ်ခဲ့မှုတွေကတော့ သမိုင်းစာမျက်နှာထဲမှာ အမြဲတမ်းကျန်ရှိနေမှာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းအတွက်တော့ ယခုမျိုးဆက်ရဲ့ ရွှေရောင်အရည်အသွေးကို အောင်မြင်မှုဖလားအဖြစ် ပြောင်းလဲမပေးနိုင်ခဲ့တာဟာ အကြီးမားဆုံး နှမြောစရာမှတ်တမ်းတစ်ခု ဖြစ်သွားခဲ့ရပြီး၊ စပိန်အသင်းကတော့ ချန်ပီယံအိပ်မက်ကို ဆက်လက်အသက်သွင်းခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #ပေါ်တူဂီ #စပိန် #နိုင်ငံတကာအားကစား
4 883
ဝက်လက်မှာ ကျောင်းသားပြည်သူပူးပေါင်းကာ ၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် စစ်ဆန့်ကျင်ရေးချီတက်ပွဲ ပြုလုပ်
CJ Platform
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းသားသမဂ္ဂရဲဘော်တွေ ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ယနေ့ (ဇူလိုင်လ ၇ ရက်) တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) က ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှတ် (၂) အခြေခံစိုက်နယ်မြေများအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ကျောင်းသားရဲဘော်တွေနဲ့ ပြည်သူတွေပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်ကြော်ပြီး တက်ကြွစွာ ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ယခု ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် ချီတက်ပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီမှ ရဲဘော်တွေနဲ့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ရဲဘော်တွေက စစ်ဆန့်ကျင်ရေး သပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။ အဆိုပါ အထိမ်းအမှတ်ချီတက်ပွဲကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့အတူ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကလည်း အားတက်သရော တက်ရောက်ဝန်းရံပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ABFSU
#CJPlatform #စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် #ဒေသတွင်းသတင်း
4 883
မြောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးဆက်များမယ်
CJ Platform
မနက်ဖြန် ဇူလိုင်လ ၇ ရက်၊ အင်္ဂါနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။အရင်ဦးဆုံး လက်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဆက်လက် ဝင်ရောက်သွားပြီးနောက်... အိန္ဒိယနိုင်ငံ ဓန်ဘတ် (Dhanbad) မြို့အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ် တည်ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်ပြင်က အပူပိုင်းမုန်တိုင်း “မေဆတ်” (MAYSAK) ကတော့ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဒီနေ့မှာပဲ အားလျော့ကာ ပျက်ပြယ်နေပြီ ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #မိုးသည်းထန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/H3YTxVPDR3Q
4 883
ပေါ်တူဂီဟာ စပိန်အတွက် တကယ်ပဲ တစ်ဆင့်နိမ့်နေသလား
CJ Platform
စပိန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်ဟာ တစ်ဦးချင်း အရည်အသွေး၊ နည်းစနစ်နဲ့ အတွေ့အကြုံတွေ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိခြေစွမ်းအရ စပိန်အသင်းက ပိုပြီး တည်ငြိမ်တဲ့အသင်းအဖြစ် မြင်တွေ့ရပေမဲ့လည်း ပေါ်တူဂီအသင်းကို တစ်ဆင့်နိမ့်တဲ့အသင်းလို့ အလွယ်တကူ သတ်မှတ်လိုက်ဖို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ ပွဲစဉ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကြယ်ပွင့်ကစားသမားတွေ ရှိနေပြီး အသေးစိတ် အမှားတစ်ချက်ကပဲ ပွဲရလဒ်ကို ပြောင်းလဲသွားစေနိုင်မှာပါ။
ပေါ်တူဂီအသင်းအတွက် လူပြောအများဆုံးကတော့ ရှေ့တန်းတိုက်စစ်နေရာ ဖြစ်ပြီး အသက်အရွယ်ရလာတဲ့ ခရစ်စတီယာနို ရော်နယ်ဒို ဟာ ဂိုးသွင်းနိုင်စွမ်း ရှိသေးပေမဲ့လည်း အသင်းရဲ့ အုပ်စုလိုက် ဖိအားပေးကစားမှု (Pressing) နဲ့ လှုပ်ရှားမှုအပိုင်းမှာ အရင်လိုမျိုး မပြင်းထန်တော့ပါဘူး။ ဒါကြောင့် နံပါတ် (၉) တိုက်စစ်မှူးနေရာအတွက် ဂွန်ကာလို ရာမို့စ် လိုမျိုး ပြိုင်ဘက်နောက်ခံလူတွေကို အဆက်မပြတ် ဖိအားပေးနိုင်ပြီး နေရာလွတ်ရှာဖွေမှုကောင်းတဲ့ တိုက်စစ်မှူးကို ပွဲထွက်အသုံးပြုရင် ပေါ်တူဂီအသင်းရဲ့ တိုက်စစ်က ပိုပြီး အသက်ဝင်လာမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ရော်နယ်ဒို ကိုတော့ ဒုတိယပိုင်းမှာ အတွေ့အကြုံနဲ့ ဂိုးသတ်နိုင်စွမ်းအတွက် အစားထိုးအသုံးချတာက ပိုမိုသင့်တော်နိုင်ပေမဲ့ နည်းပြ ရောဘတ်တို မာတီနက်ဇ် အနေနဲ့ အဲဒီလိုမျိုး သတ္တိရှိရှိ ဆုံးဖြတ်ချက်ချဖို့တော့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ယခုပွဲစဉ်ရဲ့ အဓိက ထိပ်တိုက်အားပြိုင်မှု (Duel) တစ်ခုကတော့ စပိန်လူငယ်ကြယ်ပွင့် လမင်း ယာမဲလ် နဲ့ ပေါ်တူဂီ ဘယ်နောက်ခံလူ နူနို မန်းဒက်စ် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ယာမဲလ် ဟာ တစ်ယောက်ချင်း ကျော်ဖြတ်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်း အလွန်ကောင်းမွန်သူ ဖြစ်ပေမဲ့လည်း၊ နူနို မန်းဒက်စ် ကတော့ အမြန်နှုန်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ တစ်ဦးချင်း ခံစစ်ကစားပုံ အလွန်ကောင်းမွန်တဲ့ နောက်ခံလူ (Full-back) တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ယာမဲလ် ကို ထိရောက်စွာ ထိန်းချုပ်နိုင်မလား ဆိုတဲ့အချက်က ပေါ်တူဂီအသင်းရဲ့ အနိုင်အရှုံးရလဒ်ပေါ် တိုက်ရိုက်သက်ရောက်လာနိုင်တာပါ။
နည်းစနစ်ပိုင်းမှာ စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှုကို အခြေခံပြီး ကွင်းလယ်ပိုင်းကနေ ပွဲကို ထိန်းချုပ်ကစားမယ့် အသင်းဖြစ်ပြီး၊ ပေါ်တူဂီအသင်းကတော့ အလယ်တန်းမှာ ဘောလုံးပြန်လည်ရရှိတာနဲ့ တောင်ပံတွေကနေ မြန်မြန်ဆန်ဆန် ထိုးဖောက်တဲ့ တန်ပြန်တိုက်စ်စကစားဟန် (Transition Football) ကို အသုံးပြုကစားလာဖို့ ရှိပါတယ်။ စပိန်အသင်းရဲ့ ရှေ့တန်းဖိအားပေးမှုတွေကို စနစ်တကျ ကျော်ဖြတ်နိုင်ရင် ပေါ်တူဂီအသင်းကလည်း အခွင့်အရေးများစွာ ဖန်တီးနိုင်မယ့်အသင်း ဖြစ်တာကိုတော့ မေ့ထားလို့ မရပါဘူး။
စပိန်အသင်းဟာ လက်ရှိ Form အရ အနည်းငယ် အသာစီးရနေတယ်ဆိုတာ ငြင်းပယ်လို့မရပေမဲ့ ပေါ်တူဂီအသင်းရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင်လည်း အရည်အသွေးလျော့နည်းနေတာကို မြင်တွေ့ရမှာမဟုတ်ဘဲ၊ အဓိကကတော့ နည်းပြရဲ့ လူရွေးချယ်မှုနဲ့ အစားထိုးလူအသုံးချနိုင်မှုအပေါ်မှာသာ မူတည်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့တန်းမှာ ရာမို့စ် ကို ယုံကြည်မှုအပြည့်နဲ့ အသုံးပြုနိုင်ရင် စပိန်ခံစစ်ကို အခက်တွေ့စေမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စပိန်အသင်းက ပိုပြီး တည်ငြိမ်တဲ့ ပုံစံရှိနေပေမဲ့လည်း အခုလိုမျိုး ရှုံးထွက် (Knockout) ပွဲစဉ်တွေမှာ အနိုင်အရှုံးကို အဓိက ဆုံးဖြတ်ပေးသွားတာက အသေးစိတ်အမှားလေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် နူနို မန်းဒက်စ် က ယာမဲလ် ကို ထိန်းချုပ်နိုင်မလား၊ ရာမို့စ် ကို ပွဲထွက်တိုက်စစ်မှူးအဖြစ် အသုံးပြုမလားဆိုတဲ့ အချက်နှစ်ချက်က ယခု Iberian Derby (အိုင်ဘေးရီးယန်း ဒါဘီ) ပွဲစဉ်ရဲ့ အဖြေကို ဆုံးဖြတ်ပေးသွားနိုင်မယ့် သော့ချက်တွေ ဖြစ်လာဖို့ရှိတယ်လို့ သုံးသပ်ရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #စပိန် #ပေါ်တူဂီ #နိုင်ငံတကာအားကစား
4 883
မော်လမြိုင်နဲ့ ပေါင်တွင် လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေတစ်ရာကျော် ပျက်စီးကာ သံဃာတော်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူများပြား
CJ Platform
မွန်ပြည်၊ မော်လမြိုင်မြို့နယ်နဲ့ ပေါင်မြို့နယ်မှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တို့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်ခြေ တစ်ရာကျော် အမိုးလန်ပျက်စီးခဲ့ရသလို သံဃာတော်တွေ အပါအဝင် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/672026-6/
4 883
ငါးနှစ်အရွယ် KG ကျောင်းသူလေးကို အဓမ္မကျင့် သတ်ဖြတ်ပြီး နားကပ်ယူသွားသူကို ဖမ်းမိ
CJ Platform
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ —ကျေးရွာက အသက် ၅ နှစ်အရွယ် KG ကျောင်းသူလေးကို အဓမ္မကျင့် သတ်ဖြတ်ပြီး ရွှေနားကပ် လုယက်ခဲ့တဲ့ အမျိုးသားကို ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း၊ နတ်တလင်းမြို့ပေါ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/672026-5/
4 883
ဆောမှာ ပျောက်ဆုံးနေတဲ့ ယာဉ်မောင်းတစ်ဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ်ထားလျက် ပြန်လည်တွေ့ရှိ
CJ Platform
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အသက် (၃၇) နှစ်အရွယ် ယာဉ်မောင်း ကိုမျိုးသူအောင် ရဲ့ ရုပ်အလောင်းကို ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ တောတွင်းတစ်နေရာမှာ မြေမြှုပ်ဖျောက်ဖျက်ထားတာကို မနေ့က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်တွေ့ရှိရကြောင်း ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/672026-4/
4 883
လေပြင်းတိုက်ခိုက်မှုနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် နှစ်ရက်တာအတွင်း အိမ်ခြေ ၂၀၀ ကျော် ပျက်စီး
CJ Platform
မြန်မာနိုင်ငံတစ်ဝန်း မိုးသက်လေပြင်းကျရောက်မှုတွေနဲ့အတူ မွန်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ ရခိုင်ပြည်အတွင်းက မြို့နယ်အချို့မှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ လေပြင်းတိုက်ခိုက်တာ၊ လေဆင်နှာမောင်း ဆက်တိုက်တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်ခြေ ၂၀၀ ထက်မနည်း အမိုးလန်ပျက်စီးတာ၊ ပြိုကျတာတွေ ဖြစ်ပွားခဲ့ပြီး သံဃာတော်တွေနဲ့ အရပ်သားအချို့ပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/672026-3/
