The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
268
Підписники
+124 години
+27 днів
+2330 день
Архів дописів
◾️မစ်ဆူရီပြည်နယ်၌ လေယာဉ်ပျက်ကျ၊ လေထီးခုန်သမားများ သေဆုံးခဲ့ရ
အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ် ဘတ္တလာမြို့၌ ဇွန် ၁၄ ရက်က လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦးနှင့်လေထီးခုန်သမား ၁၁ ဦး သေဆုံးခဲ့ရကြောင်းသိရသည်။
အဆိုပါလေယာဉ်သည် ဘတ္တလာမြို့ဒေသန္တရ လေဆိပ်တစ်ခုမှ ပျံတက်ခဲ့ပြီး မကြာမီမှာပင် မစ်ဆူရီပြည်နယ် အဝေးပြေးလမ်းအနီးပျက်ကျခဲ့ရခြင်းဖြစ်သည်။
အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးနှင့် လေထီးခုန်သမား ၁၁ ဦး လိုက်ပါသွားရာ လေယာဉ် ပျက်ကျမှုကြောင့် ၎င်းတို့အားလုံးသေဆုံးခဲ့ကြောင်း မစ်ဆူရီပြည်နယ်တာဝန်ရှိသူများက ပြောကြားသည်။
ပီစီအေ - ၇၅၀ အိတ်ခ်ျအယ်လ် အမျိုးအစား အထက်ပါလေယာဉ်သည် စက်ပိုင်းဆိုင်ရာပြဿနာ တစ်ရပ် ကြောင့် အဝေးပြေးလမ်းပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း အမေရိကန်တာဝန်ရှိသူများကပြောကြားထားသည်။
၎င်းလေယာဉ်ကို စကိုင်းဒိုက်ကင်းဆက်စီးတီးအမည်ရှိ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ပြီး အပျော်တမ်းလေထီးခုန် လုပ်ငန်းများအတွက် အသုံးပြုနေသော လေယာဉ်ဖြစ်သည်။
ပျက်ကျခဲ့သော ပီစီအေ- ၇၅၀ အိတ်ခ်ျအယ်လ် လေယာဉ်သည် ၂၀၁၀ ပြည့်နှစ်တွင်တည်ဆောက်ထားသော လေယာဉ်ဖြစ်ကြောင်းအမေရိကန်အစိုးရ ဖက်ဒရယ်လေကြောင်း ပျံသန်းရေး အေဂျင်စီ၏ အဆိုအရ သိရသည်။
ကိုးကား-ရိုက်တာ
◾️ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက် ၇ ၂ ဦးအထိရှိလာ
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်မှာ ၇၈၂ ဦးအထိ မြင့်တက်လာခဲ့ပြီး အထက်ပါဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၁၈၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်းကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် ကွန်ဂိုနိုင်ငံသည် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို ပြီးခဲ့သည့်မေ ၁၅ ရက်တွင်မှ အတည်ပြုခဲ့ ခြင်းဖြစ်ရာ ကူးစက်ခံထားရသူအရေအတွက်မှာမျှော်လင့်ထားသည်ထက် ပို၍ မြင့်မားနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ကွန်ဂို၌ လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ်မှာ Bundibugyoမျိုးကွဲဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို သီးခြားကုထုံးများလည်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က ပြောကြားထားသည်။
ကွန်ဂို၌ လက်ရှိပေါ်ပေါက်နေသော အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုမှာအရှေ့ပိုင်းပြည်နယ် အိုင်တူရီ ပြည် နယ်ကို ဗဟိုချက်ပြုထားရာ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ၉၀ ရာခိုင်နှုန်းမှာ အိုင်တူရီပြည်နယ်၌ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အသက်သေဆုံးမှုနှုန်းမှာ၂၃ ရာခိုင်နှုန်းအထိရှိနေသော်လည်း ရောဂါပျောက်ကင်းသွားသူ အရေအတွက်မှာလည်း ၅၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။
လက်ရှိကြုံတွေ့နေရသည့် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးသည်၁၉၇၆ ခုနှစ်နောက်ပိုင်း ကွန်ဂိုနိုင်ငံ ရင်ဆိုင်ခဲ့ရသော ၁၇ ခုမြောက် အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု ကပ်ဘေးဖြစ်သည်။
ကိုးကား-ရိုက်တာ
◾️ဖိလစ်ပိုင်မြေငလျင်ကြောင့် ပင်လယ်ရေအောက်ကြမ်းပြင်များ နှစ်မီတာအထိမြင့်တက်လာ
ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၆၁ ဦး သေဆုံးခဲ့ရသည့် မြေငလျင်ကြောင့် မင်ဒါနာအိုကျွန်းကမ်းရိုးတန်း၌ ပင်လယ်ရေအောက်ကြမ်းပြင်များနှစ်မီတာအထိ မို့တက်လာကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ဇွန် ၁၄ ရက်တွင် ပြောကြားထားသည်။
ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းကမ်းလွန်ရေပြင်၌ ဇွန် ၈ ရက်တွင် လှုပ်ခတ်ခဲ့သောမြေငလျင်မှာ အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၈အဆင့်ရှိခဲ့ပြီး ယင်းငလျင်ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဆူနာမီအန္တရာယ်သတိပေးချက်များထုတ်ပြန်ခဲ့ရသည်။
အဆိုပါမြေငလျင် လှုပ်ခတ်ခဲ့ပြီး နှစ်ရက်အကြာတွင် မင်ဒါနာအိုကျွန်း ဒေသခံပြည်သူများအနေဖြင့် ပင်လယ်ကြမ်းပြင်မြင့်တက်လာမှုနှင့်တွေ့ကြုံခဲ့ရပြီး အချို့သောနေရာများ၌ ကမ်းရိုးတန်းမျဉ်းများမှာ မီတာ ၂၀၀ အထိ ပိုမိုကျယ်ပြန့်လာခဲ့ရကြောင်း သိရသည်။
ဇွန် ၈ ရက် မြေငလျင်ကြောင့် ဆာရန်ဂါနီနှင့်ဒီဗာအိုပြည်နယ် ကမ်းရိုးတန်းအချို့နေရာများ၌ ယခင်ရေအောက်မြုပ်နေသော ပင်လယ်ကြမ်းပြင်များ အမြင့် နှစ်မီတာအထိ မြင့်တက်လာခဲ့ကြောင်း
ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဗေဒ အင်စတီကျုမှ ပညာရှင်များက ပြောကြားထားသည်။
အထက်ပါ ကမ်းရိုးတန်းဒေသများ၌ပေါ်ထွက်လာသော ယခင်ရေအောက်မြုပ်နေသည့်
သန္တာကျောက်တန်းများ၊ ပင်လယ်ကြမ်းပြင်များကိုတိုင်းတာရေးလုပ်ငန်းများ လုပ်ဆောင်ရေးအတွက်ဖိလစ်ပိုင်အစိုးရက ကျွမ်းကျင်သူများ စေလွှတ်ထားသည်။
ကိုးကား-ရိုက်တာ
◾️မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲလာမည့်နှစ်တွင် ကျင်းပမည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်ဇူလိုင်လတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်ရေးအတွက် အမှုဆောင်ရွေးကောက်ပွဲကို ၂၀၂၇ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်သွားမှာဖြစ်တယ်” ဟုလက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ပြီးခဲ့သည့် ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ သည့်မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် Official Partnership Signing Ceremony ၌ တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်မှာမှု ရွေးကောက်ပွဲ သက်တမ်း သုံးကြိမ်အထိသာ တာဝန်ထမ်းဆောင်ခွင့်ရှိခြင်းကြောင့် လာမည့်နှစ်တွင် လက်ရှိရာထူးမှ အနားယူရမည် ဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ၏ စည်းမျဉ်းများအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသည် ရွေးကောက်ပွဲသက်တမ်း သုံးကြိမ်အထိသာ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- MFF
◾️မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်၌ သဘာ၀ဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိဟု ထုတ်ပြန်
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၌ဧရာ၀တီကမ်းလွန်ဒေသ လုပ်ကွက်နှင့် တနင်္သာရီကမ်းလွန်ဒေသလုပ်ကွက်တို့တွင် အလားအလာရှိသည့်သဘာ၀ဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိထားကြောင်း နိုင်ငံတော်သမ္မတရုံးကဇွန် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် သဘာ၀ဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ထုတ်ယူလျက်ရှိပြီး လက်ရှိထုတ်လုပ်နေသည့် စီမံကိန်းများတည်ရှိနေသော ရေတိမ်ပိုင်းကမ်းလွန်ဒေသများအပြင် ရေနက်ပိုင်းကမ်းလွန်ဒေသများတွင်လည်း ကြီးမားသောသဘာ၀ဓာတ်ငွေ့ ခိုအောင်းမှုများရှိနေသည်ဟု ဘူမိဗေဒပညာရှင်များက ပင်လယ်ရေအောက်တွင်တည်ရှိနေသည့် သဲကြောများအား 3D Seismic ပြုလုပ်၍ ရရှိလာသည့်အချက်အလက်များနှင့် စမ်းသပ်တူးဖော်ခဲ့သော ရှာဖွေရေးတွင်းများ၏ရလဒ်များကိုအခြေပြု၍ အတည်ပြုကြသည်။
လက်ရှိဆောင်ရွက်နေသည့်ကမ်းလွန်စီမံကိန်းလေးခုကို ဖော်ဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ဓာတ်မြေဩဇာ ထုတ်လုပ်မှုအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ
တွင်သဘာ၀ဓာတ်ငွေ့များကို အသုံးပြုလျက်ရှိရာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုလျက်ရှိသည်။
ယခုအခါစီမံကိန်းအသစ်လေးခုကို ထပ်မံဖော်ဆောင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပြီး ယင်းစီမံ
ကိန်းလေးခုအနက် ဧရာ၀တီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့်စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်
ဒေသတွင် ဖော်ဆောင်နေသည့်စီမံကိန်းတို့သည် ဓာတ်ငွေ့သိုက်ပမာဏကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများဖြစ်သည်။
ဧရာ၀တီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင်
တည်ရှိပြီး အစမ်းတွင်းနှင့် အတည်ပြုတွင်းများ တူးဖော်၍ ရာနှုန်းပြည့်သေချာမှုရှိသည့် သဘာ၀ဓာတ်ငွေ့၁၄ ထရီလီယံ ကုဗပေအထိထွက်ရှိရန်အလားအလာရှိသော ဓာတ်ငွေ့သိုက်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ် နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီ ကမ်းလွန်ဒေသလုပ်ကွက်သည် တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင်
တည်ရှိပြီး သဘာ၀ဓာတ်ငွေ့သိုက်ဟုအတည်ပြုထားပြီး သေချာမှု ၉၀ရာခိုင်နှုန်း (P90) ပမာဏ ၉၅ ထရီလီယံကုဗပေခန့်ရှိသည်။
အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ရာ ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျ
သေချာစွာသိရှိပါက စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- MDN
◾️ခရီးသွားဧည့် လမ်းညွှန်များ လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက အရေးယူမည်
ခရီးသွားဧည့်လမ်းညွှန်များအနေဖြင့်နိုင်ငံတော်အစိုးရကတရားဝင်ထုတ်ပေးထားသောဧည့်လမ်းညွှန်လုပ် ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ထောင်ဒဏ်သုံးနှစ်နှင့်ဒဏ်ငွေကျပ်ငါးသောင်းအထိ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ဒေသဆိုင်ရာဧည့်လမ်းညွှန်များ လိုင်စင်မရှိဘဲလုပ်ကိုင်နေသည်ကိုတွေ့ရှိပါက ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနသို့ အထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားနိုင်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်သက်တမ်းကို အခြေခံအားဖြင့် နှစ်နှစ်သတ်မှတ်ထားသော်လည်း လုပ်ငန်းခေတ္တ အနားယူသွားသောဧည့်လမ်းညွှန်များအတွက်မူ လေးနှစ်သက်တမ်း အထိ ထပ်မံသက်တမ်းတိုးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများကို မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့၌ ဖွင့်လှစ်ပေးလျက်ရှိသည်။ သက်ဆိုင်ရာ၏ ယမန်နှစ်စာရင်းများအရ ဒေသဆိုင်ရာ
သင်တန်းဆင်း ၁၆၀၀ ကျော်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းခွဲများမှ သင်တန်းဆင်း ၃၇၀၀ ကျော် စုစုပေါင်း ၅၀၀၀ကျော်ကို လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်များက ခရီးသွား ဧည့်လမ်းညွှန် ၈၇၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧည့်လမ်းညွှန်လုပ်ကိုင် ခွင့်လိုင်စင်သက်တမ်းတိုးရန်ပျက် ကွက်ခဲ့သဖြင့် လိုင်စင်ဖျက်သိမ်းခံခဲ့ရသော
ဧည့်လမ်းညွှန်များအတွက် ]လိုင်စင်ပျက်ပြယ် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၃)} ကို ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီးလိုအပ်သောစာ ရွက်စာတမ်းများနှင့်အတူ စည်းကမ်းထိန်း သိမ်းရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (CTD) သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သကဲ့သို့ tts.yangon@gmail.com သို့ အီးမေးလ်ပေးပို့၍လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- MOI
◾️စစ်ပွဲအဆုံးသတ်ရန် အမေရိကန်နှင့် အီရန်ကြား သဘောတူညီချက်ရရှိ
နှစ်ဖက်ကြား စစ်ပွဲကို အဆုံးသတ်၍ အီရန်အပေါ်အမေရိကန်၏ ပိတ်ဆို့မှုများ ဖယ်ရှားကာ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် မူဘောင်တစ်ခုကို သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် အီရန်အရာရှိများက ပြောကြားကြသည်။
“အီရန်နိုင်ငံနဲ့သဘောတူညီချက် ပြီးစီးသွားပါပြီ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းပိုင် လူမှုမီဒီယာပေါ်တွင်ရေးသားသည်။
ယင်းမတိုင်မီတွင် နှစ်နိုင်ငံကြား သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်း ကြားဝင်ညှိနှိုင်းပေးနေသူ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ်က ကြေညာခဲ့သည်။
နားလည်မှုစာချွှန်လွှာကို သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။
သို့ရာတွင် စာချွှန်လွှာတွင် ပါဝင်သော အချက်အလက်များကို ချက်ချင်းမသိရသေးပေ။
ရှီဘက်ဇ်ရှာရစ်ဖ်ကမူ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးတွင် စစ်ဆင်ရေးမျာအားလုံး ရပ်တန့်ရေးကို သဘောတူညီချက်က တောင်းဆိုထားသည်ဟု ပြောသည်။
တနင်္လာနေ့ညမှစ၍ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးတွင် စစ်ပွဲနှင့် စစ်ဆင်ရေးလုပ်ငန်းအားလုံးကို ထာဝရ အဆုံးသတ်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်သီး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းဝန်ရုံးက ထုတ်ပြန်ပြောကြားသည်။
အီရန်အတွက် ပိတ်ဆို့မှုများ လျှော့ပေါ့ပေးရေးနှင့် ပို၍ကျယ်ပြန့်သော သဘောတူညီချက်ကို ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲကာလတွင် ဆွေးနွေးညှိနှိုင်းသွားကြမည် ဖြစ်ကြောင်း အီရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီဘက်ဘာဒီက ပြောကြားသည်။
ခက်ခဲသော အကြောင်းအရာတစ်ခုဖြစ်သည့် အီရန်နျူကလီးယားအစီအစဉ် အကြောင်းကိုလည်း နောက်ပိုင်းတွင် ဆွေးနွေးသွားကြမည်ဟု သတင်းရင်းမြစ်များက ယခင်က ပြောကြားခဲ့ကြသည်။
အမေရိကန် - အီရန် ဆွေးနွေးပွဲများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောကြားခဲ့သည့် အစ္စရေးထံမှ သဘောတူညီချက်နှင့်ပတ်သက်၍ တုံံ့ပြန်မှု ချက်ချင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကရေလမ်းကြောင်း ဖြစ်သော်လည်း အီရန်က လပေါင်းများစွာ ထိထိရောက်ရောက်ပိတ်ဆို့ထားခဲ့သည့် ဟောမုဇ်ရေလက်ကြားကို သောကြာနေ့တွင် ပြန်ဖွင့်သွားမည်ဖြစ်ကာ အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့မှုများကို အဆုံးသတ်သွားရန်လည်း အမိန့်ပေးထားပြီဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
◾️အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနား ဇူလိုင် ၄ ရက်တွင် စတင်ကျင်းပမည်
ကွယ်လွန်သူ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်တွင် တီဟီရန်မြို့တော်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန် ထားသည်။
ဈာပနအခမ်းအနားများ ကျင်းပပြီးနောက် အယာတိုလာအလီခါမေနီ၏ရုပ်ကလာပ်ကို အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ၎င်း၏ ဇာတိမြို့ဖြစ်သောမက်ရှ်ဟက်ဒ်မြို့၌ ဇူလိုင် ၁၉ ရက်တွင် မြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ်ကြောင်း အီရန်မီဒီယာများ၏ အဆိုအရသိရသည်။
အသက် (၈၆)နှစ်အရွယ် အယာတိုလာအလီခါမေနီသည် အစ္စရေးနှင့်အမေရိကန်ပြည်ထောင်စုတို့က အီရန်နိုင်ငံအား စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့သော ဖေဖော်ဝါရီ ၂၈ ရက်မှာပင် သေဆုံးခဲ့ရသည်။
အယာတိုလာအလီခါမေနီသည် အီရန်နိုင်ငံကို ၃၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
အစ္စလာမ္မစ်ဥပဒေစည်းမျဉ်းများအရ ကွယ်လွန်သူများကို ကွယ်လွန်ပြီး၂၄ နာရီအတွင်း မြှုပ်နှံသင်္ဂြိုဟ်ရန် လိုအပ်သော်လည်း စစ်ရေးစစ်ရာ ပေါ်နေချိန်များတွင် ယင်းစည်းမျဉ်းကို ကင်းလွတ်ခွင့်ပေးထားသည်။
အီရန်နိုင်ငံကို ဦးဆောင်နေစဉ်အတွင်း အယာတိုလာအလီခါမေနီသည်အီရန်နိုင်ငံကို အင်အား တောင့်တင်းသော အမေရိကန်ဆန့်ကျင်ရေးအင်အားစုအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ပြီး အီရန်၏ စစ်ရေးဩဇာကိုလည်း အရှေ့အလယ်ပိုင်းဒေသရှိ ဩဇာခံအုပ်စုများမှတစ်ဆင့် ချဲ့ထွင်ဖြန့်ကြက်ခဲ့သည်။
ကိုးကား-ရိုက်တာ
◾️ကနေဒီစင်တာ အဆောက်အအုံမှဒေါ်နယ်ထရန့် အမည်ကို ဖယ်ရှား
ဝါရှင်တန်မြို့တော် ကနေဒီစင်တာအဆောက်အအုံရှိ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ နာမည်ကို အလုပ်သမားများက ဇွန် ၁၃ ရက်တွင် ပြန်လည်ဖယ်ရှားခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ကွန်ဂရက်လွှတ်တော်၏ သဘောတူညီချက်မပါဘဲ ကနေဒီစင်တာအဆောက်အအုံကို အမည်ပြောင်းလဲ၍ မရနိုင်ကြောင်း တရားသူကြီးတစ်ဦးကဆုံးဖြတ်ခဲ့ပြီးနောက် အလုပ်သမားများက သမ္မတဒေါ်နယ်ထရန့်၏ နာမည်ကိုကနေဒီစင်တာမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လွန်ခဲ့သည့်ခြောက်လခန့်ကကနေဒီစင်တာကို ဒေါ်နယ်ဂျေထရန့်နှင့် ဂျွန်အက်ဖ်ကနေဒီ အနုပညာဗဟိုဌာနအဖြစ် အမည်ပြောင်းလဲခဲ့သည်။
ကနေဒီ အနုပညာစင်တာသည် လုပ်ကြံခံခဲ့ရသည့် သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီကို ရည်စူး၍ လွန်ခဲ့ သည့် နှစ်ပေါင်း ၅၀ ခန့်က တည်ဆောက်ခဲ့သော အဆောက်အအုံဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရေးအတွက် ကနေဒီစင်တာကို နှစ်နှစ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ကြေညာထားသည်။
ကနေဒီစင်တာမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နာမည် ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်တာဝန်ရှိသူများနှင့် ကနေဒီစင်တာ တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြား ခြင်းမရှိသေးပေ။
ကိုးကား-ရိုက်တာ
◾️အီရန်စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်မူဘောင်ကို အမေရိကန်နှင့် အီရန် လက်မှတ်ရေးထိုးဖွယ်ရှိ
သုံးလကျော်ကြာ အီရန်စစ်ပွဲကို အဆုံးသတ်ပေးမည့် သဘောတူညီချက်မူဘောင်တစ်ရပ်ကို ဇွန် ၁၄ ရက်တွင် လက်မှတ်ရေးထိုးနိုင်ရန် အမေရိကန်နှင့်ပါကစ္စတန်ခေါင်းဆောင်များက မျှော်လင့်ထားကြောင်း သိရသည်။
သို့ရာတွင် အထက်ပါသဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုးမည့်အချိန်ကာလနှင့် ပတ်သက်၍ အီရန်အစိုးရဘက်တွင် မရေမရာဖြစ်နေဆဲဖြစ်ပြီးတစ်ယူသန်ဆန္ဒပြသမားများက ၎င်းသဘောတူညီချက် မူဘောင်ကို ကန့်ကွက်နေကြကြောင်း သိရသည်။
အီရန်စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်မူဘောင်ကို ၎င်း၏အသက်(၈၀)ပြည့် မွေးနေ့ဖြစ်သည့် မေ ၁၄ ရက်တွင် လက်မှတ်ရေးထိုးနိုင်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာပေါ်တွင် ရေးသားထားသည်။
အလားတူ အီရန်စစ်ပွဲအဆုံးသတ်ရေးနှင့် ပတ်သက်၍ သဘောတူညီချက်မူဘောင်တစ်ရပ်ကို အမေရိကန်နှင့် အီရန် နှစ်ဖက်စလုံးက လက်ခံထားပြီဖြစ်ပြီးယင်းသဘောတူညီချက်မူဘောင်ကို ဇွန် ၁၄ ရက်တွင် လက်မှတ်ရေးထိုးရေးအတွက် ပါကစ္စတန်အစိုးရက ပြင်ဆင်နေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက်ဇ်ရှရစ်ဖ်ကလည်း အတည်ပြုပြောကြားထားသည်။
အီရန်စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်မူဘောင်ကို လက်မှတ်ရေးထိုးပြီးပါကနောက်ဆက်တွဲ ဆွေးနွေး ပွဲများကို လာမည့်သီတင်းပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြား ထားသည်။
သို့ရာတွင် အီရန်စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်မူဘောင်ကို ဇွန် ၁၄ရက်တွင် လက်မှတ် ရေးထိုးနိုင် ဖွယ်မရှိဘဲ လာမည့်ရက်များအတွင်းမှသာလက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
