ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
310
المشتركون
+324 ساعات
+107 أيام
+2430 أيام
أرشيف المشاركات
◾️ဗင်နီဇွဲလားမှရရှိမည့် ရေနံများကို အရန်ရေနံပိုင်ဆိုင်မှုအား ဖြည့်တင်းရာတွင်သုံးစွဲမည် ဗင်နီဇွဲလားနိုင်ငံနှင့် ပြီးခဲ့သည့် ရက်များအတွင်း ရယူခဲ့သော သဘောတူညီချက်အရ ရရှိမည့် ရေနံများကို အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အရန် ရေနံများကို ပြန်လည် ဖြည့်တင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာ့ဈေးကွက်များအတွင်းသို့ ရေနံများ ဝင်ရောက်မှု၊ ပြတ်တောက်မှုများနှင့် လောင်စာ ဆီဈေးနှုန်းမြင့်တက်လာမှု ပြဿနာများကို တုံ့ပြန်ရေးအတွက်ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် အရန်ရေနံများကို ထုတ်ယူ သုံးစွဲ ခဲ့ရသည်။ သို့ရာတွင် ဩဂုတ် ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ ပိုင်ဆိုင်ထားသောရေနံသိုက်ငါးပုံတစ်ပုံကိုထိန်းချုပ်ခွင့်ရယူနိုင်သည့်သဘောတူညီချက်တစ်ရပ်ကို ဗင်နီဇွဲလားအစိုးရနှင့် ရယူနိုင်ခဲ့သည်။ အထက်ပါသဘောတူညီချက်အရ ဗင်နီဇွဲလားနိုင်ငံမှ ထုတ်ယူရရှိမည့်ရေနံများကို ပမာဏ လျော့ပါးလာသော မဟာဗျူဟာမြောက် အရန် ရေနံ ပိုင်ဆိုင်မှုကို ပြန်လည်ဖြည့်တင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်ပေါ်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ထုတ်ယူသုံးစွဲခဲ့ရသော ရေနံပမာဏကြောင့် အမေရိကန် ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အရန်ရေနံပိုင်ဆိုင်မှု ပမာဏမှ ဩဂုတ် ၂၁ ရက်တွင် စည်ပေါင်း သန်း၂၉၀ ခန့်သာကျန်ရှိတော့သည်။ ကိုးကား-ရိုက်တာ

◾️အီးယူ၌ပါဝင်နိုင်ရေး ဆွေးနွေးပွဲများပြန်စရန် အိုက်စလန်ပြည်သူများ ငြင်းပယ် ဥရောပသမဂ္ဂ(အီးယူ)၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေး ဆွေးနွေးပွဲများပြန်လည်စတင်ရန် သင့်၊ မသင့်နှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲကိုအိုက်စလန်နိုင်ငံ၌ ဩဂုတ် ၂၉ ရက်တွင် ကျင်းပရာ ထွက်ပေါ်လာမည့်ရလဒ်များအရ ဆွေးနွေးပွဲများပြန်လည်စတင်ရေးအဆို အရေးနိမ့်ခဲ့ရကြောင်း သိရသည်။ ဩဂုတ် ၃၀ ရက်တွင် ပေါ်ထွက်လာသော လူထုဆန္ဒခံယူပွဲမဲရလဒ်များအရ အိုက်စလန် ပြည်သူမဲဆန္ဒရှင် ၅၂ ဒသမ ၈ ရာခိုင်နှုန်းတို့ကအီးယူ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအဆိုပြုချက်ကို ကန့်ကွက်မဲပေးခဲ့ကြပြီး ၄၇ ဒသမ ၂ ရာခိုင်နှုန်းတို့က ထောက်ခံမဲ ပေးခဲ့ကြကြောင်း သိရသည်။ အိုက်စလန်နိုင်ငံသည် စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရသော ဘဏ္ဍာရေး ကပ်ဘေးတစ်ခုကို ၂၀၀၉ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရပြီးနောက် အီးယူ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရန် စတင် အဆိုပြုလျှောက်ထားခဲ့သည်။ သို့ရာတွင် အိုက်စလန်နိုင်ငံ၌အီးယူကို မလိုလားသော အစိုးရအဖွဲ့အာဏာရရှိခဲ့သည့် ၂၀၁၃ ခုနှစ်တွင်အီးယူ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ရသည်။ သို့ရာတွင် ဒိန်းမတ်နိုင်ငံဂရင်းလန်ကျွန်းကို သိမ်းယူလိုကြောင်းအမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ယခုနှစ်အတွင်း ပြောကြားခဲ့ပြီးနောက် အိုက်စလန်အစိုးရက အီးယူ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အဆိုပြုခဲ့သည်။ ဩဂုတ် ၂၉ ရက် လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်အိုက်စလန် မဲဆန္ဒရှင်ပြည်သူများ အနက် ၈၂ ဒသမ ၅ ရာခိုင်နှုန်းပါဝင်မဲပေးခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ

◾️ဆန္ဒအလျောက် ပြန်လည်ထွက်ခွာရေး အစီအစဉ်အရမလေးရှားက မြန်မာ ၁၄၇၆ ဦးကို ပြန်ပို့မည် မလေးရှားအစိုးရသည် ပထမအဆင့်အနေဖြင့်ဆန္ဒအလျောက် ပြန်လည်ထွက်ခွာရေး အစီအစဉ် အရလာမည့်လအတွင်း မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်ပို့ဆောင်မှုသည် နှစ်နိုင်ငံအစိုးရများအကြား သဘောတူညီထားသည့် လုပ်ထုံး လုပ်နည်းများအတိုင်း အဆင့်လိုက်ပြန်လည်ပို့ဆောင်မည့်သတ်မှတ်ချက်နှင့် ကိုက်ညီသော မြန်မာနိုင်ငံသား ၅၀၀၀ ပါဝင်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်မည့်သူများကို မြန်မာ အစိုးရက စိစစ်ဖော်ထုတ်ခဲ့ပြီး စက်တင်ဘာ ၂၉ရက်တွင် မြန်မာ့ရေ တပ်မှ စစ်ရေယာဉ် နှစ်စင်းနှင့် ဆေးရုံ ရေယာဉ်တစ်စင်းတို့ဖြင့်ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆင့်လိုက် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား စက်တင်ဘာ ၂၉ ရက်တွင် စတင်ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ဒုက္ခသည် မှတ်ပုံတင်ရေးစနစ်သစ်ကိုလည်း စတင်ကျင့်သုံးတော့မည် ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MOI(မလေးရှားတွင်ထိန်းသိမ်းခံရပြီးပြန်လည်ပို့ဆောင်ခံရသည့်မြန်မာနိုင်ငံသားအချို့ကိုတွေ့ရစဉ်/ပုံဟောင်း)

◾️ဆိုလာဖြင့် အသုံးပြုသည့် ဘက်ထရီအပူလွန်ကဲပြီး မီးလောင်၊တစ်ဦးသေဆုံး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် မနောသုခလမ်းတွင် ဆိုလာဖြင့် အသုံးပြုသည့် ဘက်ထရီအပူလွန်ကဲပြီး နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သက်ကြီးအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဩဂုတ် ၃၀ ရက် ည ၁၁ နာရီ၅ မိနစ်ခန့်တွင် မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် မနောသုခလမ်းတွင်မီးလောင်မှု ဖြစ်ပွားနေကြောင်းသတင်းအရ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရေသယ်ယာဉ်တစ်စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ရေသယ်ယာဉ်နှစ်စီး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်ခြောက်စီး၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့၊ လူငယ် အားမာန်လူမှုကူညီရေးအသင်း၊ ပေးဆပ်သူလူမှုကူညီရေးအသင်း၊ သုခဟိတလူမှုကူညီရေးအသင်းတို့က ထွက်ခွာငြှိမ်းသတ်ခဲ့သည်။ မီးလောင်သည့် အကြောင်းရင်းမှာ ဆိုလာဖြင့် အသုံးပြုသည့်ဘက်ထရီ အပူလွန်ကဲရှော့ဖြစ်ရာမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းပြီး(၂၀x၁၅)ပေ သွပ်မိုး၊ ကပ်ကာ၊ နှစ်ထပ်နေအိမ်တစ်လုံး၊ (၂၅ x၂၀)ပေ သွပ်မိုး၊ကပ်ကာ နေအိမ်နှစ်လုံး၊ ဆိုင်ကယ်နှစ်စီး၊ ဆိုလာသုံးချပ်နှင့် ဘက်ထရီ အိုးတစ်လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး (၈၄)နှစ်အရွယ်အဘိုးအိုတစ်ဦးသေဆုံးသွားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုအား မုံရွာမြို အမှတ် (၂) နယ်မြေရဲစခန်းမှပြစ်မှုဥပဒေဆိုင်ရာပုဒ်မ- ၂၈၅ ဖြင့်အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်း-ကျော်ကျော် ဓာတ်ပုံ-MFSD

◾️မြောက်ပိုင်းဆိုက်ပရပ်စ်ကမ်းလွန်၌ ရေယာဉ်တိမ်းမှောက်၊ ရှစ်ဦးသေဆုံး မြောက်ပိုင်း ဆိုက်ပရပ်စ်ကမ်းလွန်ရေပြင်၌ ဩဂုတ် ၃၀ ရက်နံနက်ပိုင်းက ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ရာအနည်းဆုံးရှစ်ဦး သေဆုံး၍ ၁၈ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကပိုင်ဆိုင်သော အဆိုပါခရီးသည်တင်ကူးတို့သင်္ဘောသည် မြောက်ပိုင်းဆိုက်ပရပ်စ်ကီရီနီယာ ဆိပ်ကမ်းမှစတင် ထွက်ခွာလာခဲ့ပြီးနောက်ရုတ်တရက် ရေများ စတင်ဝင်ရောက်လာခဲ့ပြီး တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း မြောက်ပိုင်းဆိုက်ပရပ်စ်တာဝန်ရှိသူများက ပြောကြားထားသည်။ အဆိုပါ ခရီးသည်တင် ကူးတို့သင်္ဘောသည် မြေထဲပင်လယ် အရှေ့ပိုင်း တူရကီ ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် တာဆူကူ ဆိပ်ကမ်းမြို့သို့ ခုတ်မောင်းနေစဉ် ရုတ်တရက်ရေများဝင်ရောက်၍ တိမ်းမှောက်ခဲ့ရခြင်းဖြစ်သည်။ ယင်းခရီးသည်တင် ကူးတို့သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်းရှစ်ဦးအပါအဝင် လူပေါင်း ၂၆၇ ဦး လိုက်ပါလာရာ အနည်းဆုံးရှစ်ဦးသေဆုံး၍ ၁၈ ဦး ပျောက်ဆုံးနေပြီး၂၄၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းမြောက်ပိုင်းဆိုက်ပရပ်စ် တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ ရေယာဉ် တိမ်းမှောက်ပြီးနောက် အသက်ရှင်ကျန်ရစ်သည့်ခရီးသည်နှင့် ရေယာဉ်ဝန်ထမ်းများ မှာ ကူးတို့သင်္ဘောကိုယ်ထည်ကိုတွယ်ကပ်နေခဲ့ကြရကြောင်း သိရသည်။ အဆိုပါ ကူးတို့ရေယာဉ်သည်တိမ်းမှောက်ခဲ့ပြီးနောက် ရေအောက်အနက် ၅၁၄ မီတာသို့ နစ်မြုပ် ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ရေယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ရေယာဉ်မှူးနှင့်ရေယာဉ်ဝန်ထမ်းများကို တာဝန်ရှိသူများက စစ်ဆေး မေးမြန်းလျက်ရှိသည်။ ကိုးကား-ရိုက်တာ

◾️မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ အထောက်အထားပြည့်စုံသည့်မြန်မာနိုင်ငံသား ၆၁ ဦးအား စီအိုင်လက်မှတ်ထုတ်ပေး Langkap Camp လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ ဦးကို မြန်မာသံရုံးကသွားရောက်စိစစ်ခဲ့ရာ အထောက်အထားပြည့်စုံသည့် ၆၁ဦးအား မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးနိုင်ခဲ့ကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သိရသည်။ ထို့ပြင် အထောက်အထားမပြည့်စုံသေးသည့်လေးဦးကို မိသားစုဝင်များထံမှ အချက်အလက် တောင်းခံ၍ သက်ဆိုင်ရာဌာနများတွင် ဆက်လက်စိစစ်အတည်ပြုလျက် ရှိကြောင်း သိရသည်။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ကာယကံရှင်များ၏ သဘောဆန္ဒဖြင့် နေရပ်ပြန်လိုသူများကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သံရုံးက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ နိုင်ငံသားစိစစ်ပေးလျက်ရှိကြောင်းသိရသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံသားစိစစ်ပြီးသူများနှင့် နေရပ်ပြန်လည်ပို့ဆောင်မည့် ရက်စွဲ၊ အချိန်နှင့်လေကြောင်းလိုင်း ခရီးစဉ်အမှတ်များကို မိသားစုဝင်များသိရှိ ကြိုဆိုနိုင်ရန်အတွက် မြန်မာသံရုံး၏ Facebookစာမျက်နှာတွင် အသိပေးထုတ်ပြန်သွားမည်ဖြစ်သည်။ သတင်း-ဗျည်းနွဲ ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့(မလေးရှားနိုင်ငံတွင်ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားအချို့ကိုတွေ့ရစဉ်/ပုံဟောင်း)

◾️ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်ပင်လယ်ပြင်အတွင်း အားကောင်းသော လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေ ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်ပင်လယ်ပြင်အတွင်း အားကောင်းသော လေဖိ အားနည်းရပ်ဝန်းဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေအား မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၃၀ရက် ညနေ ၃ နာရီခွဲ တိုင်းထွာချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော် (အနောက်မြောက်ပိုင်း)နှင့်င်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်(မြောက်ပိုင်း) ကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် (မြောက်ပိုင်း)- အနောက်ဘင်္ဂလားပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-မိုး/ဇလ

တရုတ်ထိပ်တန်း ဗိုလ်ချုပ်ကြီးနှစ်ဦး ဗဟိုစစ်ကော်မရှင်အဖွဲ့မှ ထုတ်ပယ်ခံရ တရုတ်နိုင်ငံသည် ဩဂုတ် ၂၈ ရက်တွင် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ထိပ်တန်းဗိုလ်ချုပ်ကြီး နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် လျူကျန်းလီတို့ကို ဗဟိုစစ်ကော်မရှင်မှ ဖယ်ရှားလိုက်ကြောင်းသိရသည်။ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် လျူကျန်းလီတို့ဖယ်ရှားခံရမှုကြောင့် တရုတ်အစိုးရ၏ အမြင့်ဆုံးစစ်ရေးအာဏာပိုင်အဖွဲ့ဖြစ်သော ဗဟိုစစ်ကော်မရှင်တွင် သမ္မတရှီကျင်ပင်း အပါအဝင် အဖွဲ့ဝင်နှစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။ ရှေးယခင်က ဗဟိုစစ်ကော်မရှင်အဖွဲ့တွင်အဖွဲ့ဝင် ခုနစ်ဦးအဖြစ် ပါဝင်ခဲ့ကြောင်း မီဒီယာများ၏ အဆိုအရသိရသည်။ဗိုလ်ချုပ်ကြီးကျန်းယိုရှားသည်ဗဟိုစစ်ကော်မရှင်၏ဒုတိယဥက္ကဋ္ဌဖြစ်သလိုတရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး လျူကျန်းလီသည်လည်း ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဗဟို စစ်ကော်မရှင်၏ ပူးတွဲစစ်ဦးစီးချုပ်များဌာန ဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန်ယူထား သူဖြစ်သည်။ တရုတ်သမ္မတရှီကျင်ပင်းသည် ၂၀၁၂ ခုနှစ်မှစ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ခဲ့ရာယင်းလုပ်ငန်း၏ အဓိကပစ်မှတ်များထဲတွင် တရုတ်စစ်ဘက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လက်နက်ကိုင်တပ်များအတွင်း အဂတိလိုက်စားမှု ပြဿနာကို ဖိဖိစီးစီးတိုက်ဖျက်ကြရန် တရုတ်သမ္မတ ရှီကျင်ပင်းက ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များကို ပြီးခဲ့သည့်လအ တွင်းကပင်တိုက်တွန်းထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ဗင်နီဇွဲလားရေနံသိုက် ငါးပုံတစ်ပုံကို ထိန်းချုပ်ခွင့်ရထားကြောင်း အမေရိကန်သမ္မတ ပြောကြား ဗင်နီဇွဲလား ရေနံသိုက်များအနက် ငါးပုံတစ်ပုံကို အမေရိကန်ပြည်ထောင်စု ထိန်းချုပ်ခွင့်ရရှိရေးအတွက် သဘောတူညီချက်တစ်ရပ်ရရှိထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဩဂုတ် ၂၈ရက်တွင် ကြေညာထားသည်။ အဆိုပါ သဘောတူညီချက်အရ အမေရိကန်ကုမ္ပဏီများ အနေဖြင့် ယိုယွင်းပျက်စီးနေသော ဗင်နီဇွဲလားနိုင်ငံ၏ ရေနံစက်မှုလုပ်ငန်းကိုပြန်လည်ပြုပြင်ပြောင်းလဲပေးနိုင်မည်ဖြစ်ပြီး အမေရိကန်ပြည်တွင်း၌လောင်စာဆီဈေးနှုန်းများ မြင့်တက်နေမှုကို လျှော့ချရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။ ဗင်နီဇွဲလားအစိုးရနှင့် ရယူထားသော အထက်ပါသဘောတူညီချက်အရ အမေရိကန် အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများနှင့် တွဲဖက်၍ ရေနံစည်ပေါင်း ၆၅ ဘီလီယံအထိ ရှိနိုင် သော ရှာဖွေတွေ့ရှိပြီးဖြစ်သည့်ဗင်နီဇွဲလား ရေနံသိုက်များကို ထိန်းချုပ်ခွင့် ရနိုင်မည်ဖြစ် ကြောင်း သမ္မတဒေါ်နယ်ထရန့်၏ အဆိုအရ သိရသည်။ သို့ရာတွင် ယင်းသဘောတူညီချက်နှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်များကို သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ဗင်နီဇွဲလားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များကို ပိုင်ဆိုင်ထားသော်လည်း တစ်ရက် လျှင် ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၂၅ သန်းခန့်အထိသာ ထုတ်လုပ်နိုင်စွမ်းရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့်ရယူထားသော ရေနံလုပ်ငန်းသဘောတူညီချက်ကြောင့် ဗင်နီဇွဲလားနိုင်ငံ၏စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂတ်ဇ်က ထုတ်ဖော်ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ထိုင်းရှိ စက္ကူစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၅၃ ဦး နစ်နာကြေးများရ ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့နယ်တွင် ရှိသော စက္ကူစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာ အလုပ် သမား ၅၃ဦးအတွက် စက်ရုံဘက်မှ နစ်နာကြေးစုစုပေါင်း ဘတ် ၁၇သိန်းကျော် ပေး အပ်ခဲ့ ကြောင်း အလုပ််သမားများကို ကူညီခဲ့သည့် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမားများအနက် နှစ်ကြီးသမားတစ်ဦးလျှင် (၄၆၈၀၀) ဘတ်နှုန်းဖြင့် (၂၄)ဦး စာ (၁၁၂၃၂၀၀)ဘတ်၊နှစ်ငယ်သမားတစ်ဦးလျှင်( ၂၂၈၀၀)ဘတ်နှုန်းဖြင့် (၂၈)ဦးစာ (၆၃၈၄၀၀) ဘတ် စုစုပေါင်း ဘတ် ၁၇၈၁၆၀၀ ကို နစ်နာကြေးအဖြစ် ဩဂုတ် ၂၈ရက်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ စက်ရုံတွင် အလုပ်ဝင်ရန်အတွက် ပွဲစားအား စမတ်ကြေးတစ်ဦးလျှင် ဘတ် ၇၅၀၀ ၊ ၊ကျန့်ခေါက်ခဘတ် ၃၅၀၀ ပေးခဲ့ရသည့် အလုပ်သမားများကို စက်ရုံဘက်က ကြိုတင်အသိ ပေးခြင်းမရှိဘဲဩဂုတ်၂၁ရက်တွင်အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းWAGအလုပ်သမားမဟာမိတ်အ ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများက ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ ထိုက်သင့်သည့် နစ်နာကြေးရရှိရန်အတွက်ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံ လာ သဖြင့် WAGအဖွဲ့နှင့် FED Foundation အဖွဲ့သားများက မြို့နယ်စဝဒ်ဒီကန်ရုံးတွင်သွား ရောက်တိုင်ကြားပေးခဲ့ရာ နစ်နာကြေးပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမားများသည်CI/PJ/ဘတ်စာအုပ်ကိုင်ဆောင်ထားသူများဖြစ်ပြီး အဆိုပါစက်ရုံ၌လုပ်သက်( ၆ လမှ တစ်နှစ် )ကျော် သက်တမ်းရှိသူများဖြစ်ကြောင်း သိရသည်။ သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း