fa
Feedback
CJ Platform

CJ Platform

رفتن به کانال در Telegram

We are freedom and voices. Website Link: https://cjplatform.com/

نمایش بیشتر
4 791
مشترکین
+324 ساعت
+117 روز
-3530 روز
آرشیو پست ها
ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့ အတွက် မိုးလေဝသခန့်မှန်းချက် ကပ္ပလီပင်လယ်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်၊ စက်တင်ဘာ ၁၉
ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့ အတွက် မိုးလေဝသခန့်မှန်းချက် ကပ္ပလီပင်လယ်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်၊ စက်တင်ဘာ ၁၉ ရက်နောက်ပိုင်း မိုးကြီးနိုင် CJ Platform ဒီနေ့ စက်တင်ဘာလ ၁၆ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို ပြောပြပေးပါမယ်။လက်ရှိမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကနေ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်ပေမဲ့ မိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာတော့ လာမယ့်ရက်တွေအတွင်း ကပ္ပလီပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကို တွေ့နေရပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းက အားကောင်းလာနိုင်ပြီး မိုးလေဝသမော်ဒယ်တွေအကြား မုန်တိုင်းအဆင့်အထိ ရောက်လာနိုင်မလားဆိုတာ ကွဲလွဲမှုတွေ ရှိနေသေးပါတယ်။ ဒါပေမဲ့ ဒီစနစ်ကြောင့် စက်တင်ဘာ ၁၉ ရက်နောက်ပိုင်း မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးအားကောင်းလာနိုင်ပြီး ပင်လယ်ပြင်မှာလည်း လှိုင်းလေပြင်းထန်လာနိုင်တဲ့အခြေအနေကို ကြိုတင်သတိပြုဖို့ လိုပါတယ်။ #CJPlatform #မိုးလေဝသ #မိုးကြီးနိုင် #မိုးအလွန်ကြီးနိုင် #ရေကြီးရေလျှံ #တောင်ကျရေ #မြေပြိုအန္တရာယ် #ပင်လယ်ပြင် #WeatherForecast Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/EQf2hV_BE80

မနက်ဖြန် စက်တင်ဘာ (၁၆) ရက် ဗုဒ္ဓဟူးနေ့ အတွက် မိုးလေဝသခန့်မှန်းချက် စက်တင်ဘာ ၁၉ ရက်နောက်ပိုင်း ဒေသ (၈)ခုမှ သုံးရက်ခန့် မိုးကြီးနိုင် CJ Platform မနက်ဖြန် စက်တင်ဘာလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။မနက်ဖြန်မှာ ဘယ်ဒေသတွေမှာ မိုးပိုရွာနိုင်မလဲ၊ ဘယ်ဒေသတွေမှာ အပူချိန်မြင့်တက်ပြီး ပူပြင်းအိုက်စပ်တဲ့ ရာသီဥတု ဖြစ်လာနိုင်မလဲ။ ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်နောက်ပိုင်းမှာ မုတ်သုံလေ အားကောင်းလာပြီး မိုးကြီးနိုင်တဲ့ဒေသတွေက ဘယ်နေရာတွေလဲဆိုတာကိုပါ CJ Platform Weather Team က တွေ့ရှိခန့်မှန်းမှုတွေကို ပြောပြသွားပါမယ်။ အရင်ဆုံး လာမယ့်ရက်တွေအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေကို ပြောပြပါမယ်။အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့ဝန်းကျင်မှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံတို့အပေါ်မှာ လေထုအထက်ပိုင်း အထက်လေရစ်ဝဲတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။ #CJPlatform #မိုးလေဝသ #မိုးကြီးနိုင် #မိုးအလွန်ကြီးနိုင် #ရေကြီးရေလျှံ #တောင်ကျရေ #မြေပြိုအန္တရာယ် #ပင်လယ်ပြင် #WeatherForecast Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/WRycZH7OlK0

photo content

စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးထားတဲ့ လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရိုက်နှက်ရာက သေဆုံးသွားတာကို အလောင်းဖျောက်တဲ့အမှု စစ်ဆေးမှုစတင် CJ Platform လူငယ်တစ်ဦးကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ရာက သေဆုံးသွားပြီးနောက် အလောင်းဖျောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တစ်ဦးကို ဖမ်းဆီးပြီးနောက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက ဝိုင်းဝန်းရိုက်နှက်ရာမှာ သေဆုံးသွားတာကြောင့် စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာ အလောင်းကို ကားနဲ့တင်ဆောင်ပြီး စွန့်ပစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ကောင်လေးကို ဖမ်းပြီး ရုံးထဲမှာ ချုပ်ထားပြီး ဝိုင်းရိုက်တာ။ သေသွားတော့ ကားပေါ်တင်ပြီး ရှမ်းချောင်း ကမ်းပတ်တာလမ်းမှာ အလောင်းကို သွားပစ်တာ။ အုပ်ချုပ်ရေးမှူးရော ရာအိမ်မှူးတွေရော အဖမ်းခံရတယ်”လို့ အဆိုပါရပ်ကွက်နေသူက ပြောပါတယ်။ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ ဖမ်းဆီးခံရတာ မှန်ကန်ပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို အတည်ပြုပြောပါတယ်။ “သတင်းက မှန်ပါတယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ဘယ်နှစ်ဦး ပါလဲဆိုတာသာ မသိတာ။ ရဲစခန်းက ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်”လို့ ၎င်းက ဆိုပါတယ်။ လက်တလောမှာ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေအပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၄ ဦးကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းက (ပ)၁၀၇၉/၂၀၂၆၊ ပုဒ်မ ၃၆၅၊ ၃၀၄၊ ၂၀၂၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နဲ့ ဩဂုတ် ၂၅ ရက်ကလည်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် ၈ ရပ်ကွက်နဲ့ တညင်းကုန်းရပ်ကွက်တို့မှာ လူငယ် ၅ ဦးကို ဖမ်းဆီးပြီး ချုပ်နှောင်ထားခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ခွဲမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #လှိုင်သာယာ #စစ်မှုထမ်း #လူငယ် #ရန်ကုန်

ဒီနေ့ စက်တင်ဘာ (၁၅) ရက် အင်္ဂါနေ့ မိုးလေဝသခန့်မှန်းချက် နိုင်ငံအထက်ပိုင်းမှာ မိုးကြီးနိုင်ပြီး ရာသီအကူးအပြောင်း မိုးတိမ်တောင်
ဒီနေ့ စက်တင်ဘာ (၁၅) ရက် အင်္ဂါနေ့ မိုးလေဝသခန့်မှန်းချက် နိုင်ငံအထက်ပိုင်းမှာ မိုးကြီးနိုင်ပြီး ရာသီအကူးအပြောင်း မိုးတိမ်တောင်အန္တရာယ် သတိပြုရန်လို CJ Platform CJ Platform ရဲ့ မိုးလေဝသအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြန်မာနိုင်ငံတဝန်း ကြုံတွေ့ရမယ့် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါမယ်။ လက်ရှိမှာ ရာသီအကူးအပြောင်းကာလ ရောက်ရှိလာတာနဲ့အမျှ လေထုမငြိမ်သက်မှုတွေကြောင့် မိုးတိမ်တောင်အန္တရာယ်တွေကို အထူးသတိထားရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အသေးစိတ်ကိုကြည့်ရှုရအောင်ပါ။ လက်ရှိမှာ မုတ်သုံမိုးတွေ လျော့ကျလာပေမဲ့ နေ့အပူချိန်တွေ ပြန်တက်လာတာကြောင့် လေထုမငြိမ်မသက်ဖြစ်ပြီး မိုးတိမ်တောင်တွေ ပြင်းထန်စွာ ဖြစ်ပေါ်နေပါတယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်တောင်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ နေပြည်တော်၊ မန္တလေးတိုင်းတို့အပြင် မွန်၊ ကရင်၊ ရှမ်းနဲ့ ကရင်နီပြည်တို့မှာ မိုးထစ်ချုန်းမယ့်အန္တရာယ် ရှိနေပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #ရာသီအကူးအပြောင်း #နေ့အပူချိန် #မိုးတိမ်တောင် #မိုးထစ်ချုန်း Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/_4fxLmZ-5zU

မနက်ဖြန် စက်တင်ဘာ (၁၅) ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက် အောက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာနိုင်ပြီး မြောက်ပိုင်းမှာ မ
မနက်ဖြန် စက်တင်ဘာ (၁၅) ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက် အောက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာနိုင်ပြီး မြောက်ပိုင်းမှာ မိုးတိမ်တောင်ကြောင့် မိုးသည်းထန်နိုင် CJ Platform မနက်ဖြန် စက်တင်ဘာလ ၁၅ ရက်နေ့ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။မနက်ဖြန်မှာ ဘယ်ဒေသတွေမှာ မိုးပိုရွာနိုင်မလဲ၊ ဘယ်ဒေသတွေမှာ မိုးသည်းထန်နိုင်မလဲ။ ဒါ့အပြင် မြစ်ရေအခြေအနေတွေ ဘယ်လိုရှိနေပြီး ရေကြီးရေလျှံမှုအန္တရာယ်တွေ လျော့ကျလာပြီလားဆိုတာကို CJ Platform Weather Team ရဲ့ ခန့်မှန်းချက်တွေအတိုင်း ပြောပြပေးသွားပါမယ်။ အရင်ဆုံး လက်ရှိ မိုးလေဝသအခြေအနေကို ပြောပြပါမယ်။အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ ဩရိဿနဲ့ အနောက်ဘင်္ဂလားကမ်းလွန်မှာ အထက်လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ #CJPlatform #မိုးလေဝသ #မိုးကြီးနိုင် #မိုးတိမ်တောင် #မြစ်ရေ #ရေကြီးရေလျှံ #WeatherForecast Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/sAGTmzAwkFg

photo content

ပျဉ်းမနားမှာ လမ်းဘေးစက်သုံးဆီဆိုင်တွေကို စစ်အုပ်စု ဆက်တိုက်ဖမ်းဆီးပြီး ပစ္စည်းတွေသိမ်း CJ Platform နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှာ စစ်အုပ်စုနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လမ်းဘေးစက်သုံးဆီဆိုင်တွေကို ဆက်တိုက်ဖမ်းဆီးပြီး ဆိုင်တွေမှာရှိတဲ့ စက်သုံးဆီနဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ ပျဉ်းမနားမြို့ ရှောင်လမ်းပေါ်က လမ်းဘေးစက်သုံးဆီဆိုင်တစ်ဆိုင်ကို စစ်အုပ်စုနဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ “၁၀ ရက်နေ့ကတည်းက လမ်းဘေးဆီဆိုင်တွေကို လိုက်ဖမ်းတာ။ ရပ်ကွက်ထဲက ဆိုင်တွေရောပဲ။ မိသွားရင် လူကိုဖမ်းပြီး ပစ္စည်းတွေ အကုန်သိမ်းတာ”လို့ အဆိုပါမြို့ခံက ပြောပါတယ်။ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်မှာလည်း စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့ ပူးပေါင်းအဖွဲ့က စက်သုံးဆီဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးပြီး ဆိုင်ရှင်ကို ဖမ်းဆီးကာ ဆိုင်မှာရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ရွှေချီရပ်ကွက်က တော်သေးတယ်။ ရွာကောက်မှာဆို ရပ်ကွက်ထဲအထိ ဝင်ဖမ်းတာ။ ဆိုင်လေးဆိုင် အဖမ်းခံရတယ်။ ရွာဘက်တွေမှာလည်း ဖမ်းနေတယ်”လို့ သူက ပြောပါတယ်။ ရွာကောက်ရပ်ကွက်မှာလည်း စက်သုံးဆီဆိုင် ၄ ဆိုင်ကို စစ်အုပ်စုက ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းကာ ဆိုင်ပိုင်ရှင်တွေကို ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ပျဉ်းမနားမြို့နယ်ရဲစခန်းက ဖမ်းဆီးရမိထားတဲ့ အမျိုးသား ၆ ဦးကို (ပ)၁၀၉/၂၀၂၆၊ ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အရေးယူထားတယ်လို့ အဆိုပါယာဉ်မောင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာအတွင်းမှာလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ လယ်ဝေးနဲ့ ပျဉ်းမနားမြို့နယ်တွေမှာ စစ်အုပ်စုက လမ်းဘေးစက်သုံးဆီဆိုင်တွေကို ဖမ်းဆီးခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Pro-SAC #CJPlatform #နေပြည်တော် #ပျဉ်းမနား #စက်သုံးဆီ

photo content

မွန်တရားလွှတ်တော်ရုံးဝန်ထမ်းကို စစ်မှုထမ်းအဖြစ် ရောင်းစားခဲ့တဲ့ ရဲ ၂ ဦး ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခံရ CJ Platform မွန်ပြည်နယ် တရားလွှတ်တော်ရုံးက ခြေထောက်မသန်တဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကို စစ်မှုထမ်းအဖြစ် ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို စက်တင်ဘာ ၁၄ ရက်မှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရားလွှတ်တော်ရုံးက မသန်စွမ်းသန့်ရှင်းရေးဝန်ထမ်းကို မုဒုံမြို့နယ်အတွင်း ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်မြို့နယ်ရဲစခန်းက ပုဒ်မ ၃၅၆၊ ၁၁၄ နဲ့ ၃၆ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ခြေထောက်မသန်တဲ့ သန့်ရှင်းရေးဝန်ထမ်းက ရဲတွေကို ယုံပြီး အရက်အတူသွားသောက်တာ။ မူးတဲ့အချိန် အဲ့ဒီဝန်ထမ်းကို သွားရောင်းစားတာ။ ဝန်ထမ်းအချင်းချင်းတောင် အလွတ်မပေးဘူး။ ခြေထောက်မသန်လို့ ပြန်လွှတ်လိုက်မှ အဲ့ဝန်ထမ်းက တိုင်တာ”လို့ အဆိုပါဒေသခံက ပြောပါတယ်။ စက်တင်ဘာ ၈ ရက် ည ၇ နာရီခန့်မှာ မွန်ပြည်နယ် တရားလွှတ်တော်ရုံးက သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဟာ သံလွင်တံတား စစ်ဆေးရေးဂိတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရက်အတူသောက်ပြီးနောက် ရောင်းစားခံခဲ့ရတာလို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။ အဆိုပါဝန်ထမ်းဟာ စက်တင်ဘာ ၉ ရက်မှာ ပြန်လွတ်လာပြီး စက်တင်ဘာ ၁၀ ရက်မှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားခဲ့တာလို့ သိရပါတယ်။ “ခြေထောက်မသန်တဲ့ ဝန်ထမ်းကိုပဲ သွားရောင်းစားတာလား၊ ဒါမှမဟုတ် အခြားသူတွေ ရှိသေးလားဆိုတာကို စစ်ဆေးနေတယ်။ ကနဦး ပုဒ်မ ၃၆ အပါအဝင် ပုဒ်မ ၃ ခုနဲ့ စစ်ဆေးနေတယ်”လို့ Non-CDM ဝန်ထမ်းက ရှင်းပြပါတယ်။ လက်တလောမှာ အဆိုပါရဲတပ်ဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်မြို့နယ်ရဲစခန်းက (ပ)အမှတ် ၉၈/၂၀၂၆၊ ပုဒ်မ ၃၅၆/၁၁၄၊ ၃၆ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အလားတူ ဇွန် ၁၉ ရက်ကလည်း မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဒုတပ်ကြပ် တင်သန်းအပါအဝင် စစ်သား ၃ ဦးလည်း ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #မွန်ပြည် #မော်လမြိုင် #လူကုန်ကူးမှု

photo content

လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက် အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတယ်လို့ဆို CJ Platform ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်ကို ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ ဌာနစုံအစည်းအဝေးပွဲအတွင်း နေပြည်တော်နဲ့ တိုင်းရဲတပ်ဖွဲ့က ဝန်ထမ်းတွေရှေ့မှာ လက်ထိပ်ခတ် ဖမ်းဆီးသွားတယ်လို့ သတင်းအထူးတပ်ဖွဲ့ ပုသိမ်က ဖော်ပြထားပါတယ်။ ရဲမှူးတင်မောင်သက်ဟာ ပုသိမ်မြို့သားဖြစ်ပြီး ရာထူးနဲ့ အာဏာကို အလွဲသုံးစားပြုပြီး ဝန်ထမ်းတွေနဲ့ ဒေသခံအမျိုးသမီးတွေအပေါ် မဖွယ်မရာ ပြုမူတာ၊ ကျင့်ဝတ်သိက္ခာ ပျက်ပြားစွာ ပြုမူနေထိုင်တာတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ ရဲမှူးတင်မောင်သက်ဟာ တရားဝင်ဇနီးရှိပါလျက် အခြားသော အမျိုးသမီးဖြစ်သူကို နေအိမ်မှာ ခေါ်ယူနေထိုင်တာ၊ မြို့အတွင်း ပေါ်ပေါ်တင်တင် တွဲသွားတွဲလာ ပြုလုပ်တာတွေအပြင် မြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ၂ ဦးနဲ့လည်း ဖောက်ပြန်မှုတွေ ရှိတယ်လို့ စွပ်စွဲခံထား ရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှင်း ပြုလုပ်ပြီး တရားမဝင် ငွေကြေးရှာဖွေခိုင်းကာ လစဉ် ငွေကြေးပေးနေရတယ်လို့လည်း စွပ်စွဲထားပါတယ်။ ထို့အပြင် ရဲစခန်းအတွင်းက အမျိုးသမီးရဲဝန်ထမ်း (ရဲမေ) တွေကို ရာထူးနဲ့ အာဏာအသုံးပြုပြီး အချိန်အခါမဟုတ် နေအိမ်ကို ခေါ်ယူတာ၊ မဖွယ်မရာ ပြုမူတာတွေအပြင် အိမ်ထောင်သည် ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကိုပါ အကြောင်းအမျိုးမျိုးပြပြီး ခေါ်ယူကာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်တယ်လို့ စွပ်စွဲထားပါတယ်။ ရဲမေတွေဟာလည်း အာဏာကို ကြောက်ရွံ့တာကြောင့် မလွန်ဆန်နိုင်ဘဲ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံနေရတယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။ “ပြည်သူကို စောင့်ရှောက်ရမယ့် ရဲအရာရှိတစ်ယောက်က ခုလို စားဖားကြီးလို ကျင့်ကြံနေတာဟာ မြို့ရဲ့ ဂုဏ်သိက္ခာရော၊ မိဘပြည်သူတွေနဲ့ သက်ဆိုင်ရာဌာနရဲ့ သိက္ခာကိုပါ ဆိုးရွားစွာ ကျဆင်းစေပါတယ်။ မိန်းမကောင်းတွေအတွက်လည်း အလွန်အန္တရာယ်များတဲ့ အခြေအနေဖြစ်နေပါတယ်။ ယခုလို အဖမ်းခံရတာ ဝမ်းသာမိပါတယ်”လို့ ဒေသခံတစ်ဦးက သတင်းအထူးတပ်ဖွဲ့ ပုသိမ်ကို ပြောကြားထားပါတယ်။ ရဲမှူးတင်မောင်သက်ကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ တရားဝင်အကြောင်းပြချက်နဲ့ လက်ရှိမှာ ဘယ်လိုအရေးယူထားတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒေသခံတွေကတော့ ပြည်သူ့ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်မှုနဲ့ အာဏာအလွဲသုံးစားပြုမှုတွေရှိတယ်လို့ စွပ်စွဲခံထားရတဲ့ ရဲမှူးတင်မောင်သက်ကို သက်ဆိုင်ရာ အထက်ဌာနက ထိရောက်စွာ စစ်ဆေးပြီး စံနမူနာပြ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ #CJPlatform #လပွတ္တာ #ဧရာဝတီတိုင်း #ရဲတပ်ဖွဲ့ #အာဏာအလွဲသုံးစားမှု

photo content

မြောက်ဒဂုံနဲ့ ရွှေပေါက်ကံမှာ စစ်မှုထမ်း အပတ်စဉ် ၂၉ အတွက် လူငယ် ၅ ဦး ပေါ်တာဆွဲဖမ်းဆီးခံရ CJ Platform စစ်မှုထမ်းအပတ်စဉ် ၂၉ အတွက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်နဲ့ ရွှေပေါက်ကံမြို့သစ်မှာ စက်တင်ဘာ ၁၃ ရက် ညပိုင်းက လူငယ် ၅ ဦးကို စစ်အုပ်စုတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြောက်ဒဂုံမြို့နယ်၊ ၃၅ ရပ်ကွက်မှာ အလုပ်ကပြန်လာတဲ့ လူငယ် ၂ ဦး စက်တင်ဘာ ၁၃ ရက် ည ၈ နာရီခန့်က ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ “အရှေ့ဒဂုံမှာနေတဲ့ သူငယ်ချင်းအိမ်က ပြန်လာတဲ့အချိန် လမ်းမှာ အဖမ်းခံရတာ။ နယ်က အလုပ်လာလုပ်တဲ့သူတွေဆိုတော့ မိသားစုကို အကြောင်းကြားပေးမယ့်သူ မရှိဘူး။ ဘယ်ကို လိုက်လို့ လိုက်ရမှန်းလည်း မသိဘူး” လို့ ပြောပါတယ်။ ရွှေပေါက်ကံမြို့သစ်၊ ၁၅ ရပ်ကွက်နဲ့ ၂၂ ရပ်ကွက်မှာ စက်တင်ဘာ ၁၃ ရက် ည ၇ နာရီခန့်က လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ “၁၅ ရပ်ကွက်မှာ ကောင်လေး ၂ ဦးကို အရက်ဝယ်နေတဲ့အချိန် ရဲက ဖမ်းတာ။ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး။ ၂၂ ရပ်ကွက်မှာလည်း အဲ့လိုပဲ ၁ ဦး ဖမ်းသွားတယ်” လို့ ဆိုပါတယ်။ ဒီလို စစ်အုပ်စုတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ည ၈ နာရီကျော်ရင် ရပ်ကွက်အတွင်း သွားလာသူ မရှိတော့ဘူးလို့ အဆိုပါဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၂၈ ကတည်းက ရန်ကုန်တိုင်းမှာ စစ်မှုထမ်း တိုးမြှင့်ခေါ်ယူဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင်က ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၂၉ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - Pro/SAC #CJPlatform #ရန်ကုန် #မြောက်ဒဂုံ #ရွှေပေါက်ကံ #စစ်မှုထမ်း

photo content

မိုးလေဝသခန့်မှန်းချက် တင်ဆက်ချိန် ပြောင်းလဲမည့်အကြောင်း အသိပေးကြေညာခြင်း CJ Platform ပရိသတ်များအတွက် သတင်းကောင်း! 🌦️ CJ Platform က နေ့စဉ်တင်ဆက်ပေးနေတဲ့ မိုးလေဝသခန့်မှန်းချက်သတင်း တွေကို ပရိသတ်များ ပိုမိုအဆင်ပြေစွာ ကြည့်ရှုနိုင်စေဖို့အတွက် ၁၆ရက်နေ့ ဗုဒ္ဓဟူးနေ့က စတင်ပြီး တင်ဆက်ချိန်တွေကို ပြောင်းလဲလိုက်ပါတယ်။ ယခင် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီနဲ့ ည ၁၁ နာရီမှာ တင်ဆက်ပေးနေရာကနေ အခုအချိန်ကစပြီး— 🌤️ မနက် ၈ နာရီခွဲ — ဒီကနေ့အတွက် မိုးလေဝသခန့်မှန်းချက် 🌙 ည ၉ နာရီ — မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက် ဆိုပြီး နေ့စဉ် ၂ ကြိမ် ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့နေထိုင်ရာဒေသရဲ့ မိုးလေဝသအခြေအနေ၊ မိုးရွာနိုင်ခြေ၊ လေပြင်းအန္တရာယ်နဲ့ အခြားသိလိုတဲ့ မိုးလေဝသအချက်အလက်တွေကို CJ Platform ရဲ့ သတင်းပို့စ်တွေမှာ Comment ကနေ မေးမြန်းနိုင်ပါတယ်။ CJ Platform Weather Team ကလည်း ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကို Comment ကနေတစ်ဆင့် ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ မိုးလေဝသအခြေအနေတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ CJ Platform နဲ့အတူ ဆက်လက်စောင့်ကြည့်ပေးကြပါ။ ❤️ CJ Platform Weather Team နေ့စဉ် မနက် ၈:၃၀ နာရီ | ည ၉:၀၀ နာရီ #CJPlatform #CJPlatformWeather #မိုးလေဝသ

photo content

စစ်အုပ်စု လက်နက်ကြီးကြောင့် ဝက်လက်က စစ်ရှောင် ၂ ဦး ဒဏ်ရာရ၊ ခင်ဦးမှာ စာသင်ကျောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ CJ Platform မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်အုပ်စုတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းက ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ခင်ဦးမြို့နယ်မှာလည်း စာသင်ကျောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီ ၅၆ မိနစ်ခန့်မှာ စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ စစ်အုပ်စုတပ်က ၈၁ မမ လက်နက်ကြီးတွေနဲ့ ၂ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာ တောင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးရဲ့ အဆိုအရ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကမ်းဖြူကျေးရွာ တောင်ဘက်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း ရွှေဘိုမြို့နယ်အခြေစိုက် လေ့ကျင့်ရေးကျောင်း (လကရ-၈) မှ စစ်အုပ်စုက ဆူဆိုက်ဒရုန်းတစ်စီးနဲ့ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.ထ.က-ခွဲ) ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း ဒရုန်းသံကြားတာနဲ့ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့တာကြောင့် အများအပြား ထိခိုက်မှုကနေ လွတ်မြောက်ခဲ့ပေမဲ့ အသက် ၈၈ နှစ်အရွယ် အဘွားအိုတစ်ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စာသင်ကျောင်းဆောင်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ #CJPlatform #ဝက်လက် #ခင်ဦး #လက်နက်ကြီး #ဒရုန်းတိုက်ခိုက်မှု

photo content

စစ်ကိုင်းက စစ်အုပ်စု ဌာနဆိုင်ရာဝန်ထမ်းတွေ အမြန်ဆုံး CDM ပြုလုပ်ဖို့ PDF သတိပေး၊ ယာဉ်တန်းမိုင်းဆွဲခံရပြီး တပ်သား ၂၀ ကျော်သေဆုံး CJ Platform စစ်ကိုင်းမြို့အတွင်းရှိ စစ်အုပ်စုရဲ့ ထောက်တိုင်ဖြစ်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံး ရုံးမတက်ဘဲ ရုန်းထွက်ကာ ပြည်သူနဲ့အတူ CDM ပြုလုပ်ကြဖို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထပ်မံ အသိပေးတိုက်တွန်းထားပါတယ်။ အဆိုပါတပ်ဖွဲ့ဟာ စစ်အုပ်စု ဌာနဆိုင်ရာဝန်ထမ်းတွေကို CDM ပြုလုပ်ကြဖို့ ဩဂုတ် ၂၅ ရက်မှာ ပထမအကြိမ် သတိပေးခဲ့ပြီး ဖြစ်သလို စက်တင်ဘာ ၁၁ ရက်ကလည်း စစ်ကိုင်းမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံးကြားမှာ ပါဆယ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီး ဒုတိယအကြိမ် သတိပေးခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောင်မှာ စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးတွေကို အမှန်တကယ် ဝင်ရောက်တိုက်ခိုက်တဲ့အချိန် ရုံးတက်နေတဲ့ ဝန်ထမ်းတွေ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက မိမိတို့အနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ပူးတွဲထုတ်ပြန်ချက်အနေနဲ့ စက်တင်ဘာ ၁၃ ရက်က မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းမြို့ တပ်မ (၃၃) ကို ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဉ်တန်းကို စစ်ကိုင်းမြို့ ရဲတပ်ရင်း (၁၆) အနီးမှာ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး လုံးဝပျက်စီးသွားခဲ့ပြီး စစ်အုပ်စုတပ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာကိုလည်း ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် စစ်အုပ်စုတပ်သားတွေဟာ ကားပေါ်ကဆင်းပြီး ရမ်းသမ်းပစ်ခတ်ခဲ့စဉ် အသင့်ပြင်ဆင်ထားတဲ့ မိုင်းကွင်းအတွင်း ဝင်ရောက်လာတာကြောင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲခင်းအတွင်း မြေပဲနှုတ်နေတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ခြေထောက် သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ သိရပါတယ်။ ဓာတ်ပုံ - လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) #CJPlatform #စစ်ကိုင်း #CDM #လင်းယုန်ညီနောင် #မိုင်းဆွဲတိုက်ခိုက်မှု