es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
283
Suscriptores
Sin datos24 horas
+77 días
+2230 días
Archivo de publicaciones
◾️ကလေးဆေးရုံကြီး(ရန်ကုန်)၌ ခွဲစိတ်ခဲ့ ပြီးသော ရင်ချင်းဆက်အမြွှာကလေးများ ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကလေးဆေးရုံကြီး(ရန်ကုန်)၌ ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ခဲ့သော ရင်ချင်းဆက် အမြွှာမိန်းကလေးများသည် ဇွန် ၃၀ ရက်တွင် ခွဲစိတ်ပြီး ရက်ပေါင်း (၁၉)ရက်ရှိပြီဖြစ်ပြီးကလေးများ ကျန်းမာရေး အခြေအနေကောင်းမွန်ကာ သီးသန့်ပျော်ရွှင်စွာသွားလာလျက်ရှိကြောင်း သိရသည်။ အဆိုပါကလေးငယ်များသည် ပခုက္ကူမြို့နေ အသက်(၃၁)နှစ်အရွယ် မိခင်မှဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၈ ရက်ကလာရောက်ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီးကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မွေးဖွားပြီးချိန်မှစ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)ခုတင်(၅၅၀) ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)၊ ခုတင်(၅၅၀) ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် (ရန်ကင်း)တို့၌ထားရှိပြီး ပြုစုစောင့်ရှောက်ပေးခဲ့ကာ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ခွဲစိတ်ကုသမှုဆောင်ရွက်မည့် ကလေးဆေးရုံကြီး (ရန်ကုန်)၌ ပြောင်းရွှေ့၍လိုအပ်သည်များ ပြင်ဆင်ခဲ့ပြီး ဇွန် ၁၁ရက်တွင် အသက်နှစ်နှစ် ငါးလရှိချိန်၌ ကလေးဆေးရုံကြီး (ရန်ကုန်)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင်(၅၅၀) ဆံ့ကလေးဆေးရုံကြီး(မန္တလေး)၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့မှပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများဖြင့် ခွဲစိတ် ကုသမှုကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကလေးဆေးရုံကြီး (ရန်ကုန်)၌ ယခုခွဲစိတ်ကုသမှုအပါအဝင် ရင်ချင်းဆက် အမြွှာ ခွဲစိတ်ကုသမှုကိုးကြိမ်၊ ကလေးဆေးရုံကြီး (မန္တလေး)တွင် သုံးကြိမ်ကိုပြည်တွင်းမှ ဆေးပညာ ရှင်များဖြင့်ခွဲ စိတ်ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း ဓာတ်ပုံ-MOI

◾️ထိုင်းတွင် ၁၁ နှစ်အရွယ်ကလေးမောင်းလာသည့်ကားက သံဃာတော်များကိုဝင်တိုက် ရှစ်ပါးပျံလွန် ထိုင်းနိုင်ငံတွင် ၁၁ နှစ်အရွယ်ကလေးတစ်ဦးက မိဘများမသိဘဲ ကားမောင်းလာရာမှ လမ်းလျှောက် ကြွချီနေသည့် သံဃာတော်များကို ဝင်တိုက်မိကာ စုစုပေါင်း သံဃာရှစ်ပါးပျံလွန်ခဲ့ကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရသိရသည်။ မုဒါဟန်ခရိုင်၊ ဒွန်တန်မြို့တွင် ယနေ့(ဇူလိုင် ၂ ရက်)နံနက် ၁၁ နာရီဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာနေရာတွင် သံဃာငါးပါးပျံလွန်ခဲ့ပြီး ဒဏ်ရာရသူများအားဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ်သုံးပါးပျံလွန်ခဲ့ကြောင်း Thainews သတင်းဌာနကဖော်ပြသည်။ ထို့ပြင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရထားသူများအနက် နောက်ထပ်သံဃာလေးပါးလည်း စိုးရိမ်ရ ကြောင်းသိရသည်။ စုစုပေါင်းဒဏ်ရာရသူ ၂၃ဦးရှိသည်။ သံဃာတော် ၃၅ ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးတို့သည် လမ်းမကြီးတစ်ခု ဘေးမှစီတန်းလမ်းလျှောက်နေကြစဉ် မျက်နှာချင်းဆိုင်မှ အရှိန်ဖြင့်မောင်းနှင်လာသည့် အိမ်စီးကားက ဝင်တိုက်မိခဲ့ကြောင်း အခင်းဖြစ်စဉ်ကို မှတ်တမ်းတင်ထားမိသည့် CCTV ဖိုင်၌တွေ့ရသည်။ အဆိုပါ သံဃာတော်များသည် Walk for Peace အဖွဲ့နှင့်ဆက်နွယ်မှုမရှိသော်လည်း ယင်းအဖွဲ့ကဲ့သို့ပင် ခြေကျင်ကြွချီမှုကို ကျင့်သုံးနေသည့်အဖွဲ့ဖြစ်ပြီး မုဒါဟန်ခရိုင်မှ အူဘွန်ရတ်ချာခရိုင်သို့ကြွချီနေစဉ် ယာဉ်တိုက်မှုနှင့်ကြုံခဲ့ရခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကျူးလွန်ခဲ့မိသည့် ကလေးငယ်သည် မိဘများမသိဘဲ ကားခိုးမောင်းလာခြင်းဖြစ်ပြီး ကလေးသူငယ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသက်မပြည့် သေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖြင့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ ကပြောသည်။ လက်ရှိတွင် အဆိုပါကလေးငယ်ကိုယ်တိုင်လည်း ထိတ်လန့်ကြောက်ရွံနေသဖြင့် အချိန်ယူစောင့်ဆိုင်း ပြီးမှသာ မိဘအုပ်ထိန်းသူများကိုပါခေါ်ယူ၍ စစ်ဆေးမေးမြန်းမှုများဆောင်ရွက်မည်ဟု ရဲတပ်ဖွဲ့ကဆို သည်။ယင်းကလေးငယ်သည် အထူးပြုစုစောင့်ရှောက်မှုလိုအပ်သည့် ကလေး တစ်ဦးဖြစ်ကြောင်းထိုင်း သတင်းများတွင်ဖော်ပြထားသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #နိုင်ငံတကာသတင်း

◾️သက်တမ်းတိုးဆိုင်ကယ်များ ဘေးတွဲတပ်ဆင်အသုံးမပြုရန်ခံဝန်ထိုးရ၊ မလိုက်နာပါက အရေးယူမည်ဟုဆို ရန်ကုန်တိုင်းအတွင်းရှိဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် ယမန်နေ့(ဇူလိုင် ၁ ရက်)မှစ၍ ဘေးတွဲတပ်ဆင်အသုံးမပြုရန် ခံဝန်ထိုးရကြောင်း ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးသူများထံမှသိရ သည်။ ရန်ကုန်တိုင်း၌ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့်မြို့နယ်များတွင် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုး ဆောင်ရွက်သူများကို ဘေးတွဲပြောင်းလဲအသုံးမပြုကြောင်း ခံဝန်ကတိပြုလွှာတွင် လက်မှတ်ရေးထိုးခိုင်း ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိပါ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲ မှုဥပဒေပုဒ်မ ၉၅ အရတားမြစ်ချက် ဖောက်ဖျက်မှုသုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၉၆ အရငွေကျပ် ၃၀၀၀၀ ထက်မပိုသော ဒဏ်ငွေချမှတ်မည်ဟုသိရသည်။ "မရှိလို့လုပ်စားတာလက်ခံပါတယ်။ ဒါပေမဲ့ စည်းကမ်းလေးနဲ့သွားလာမောင်းနှင်မယ်ဆိုပိုပြီးကောင်းတာ ပေါ့။ တချို့ကစည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်းချင်သလိုမောင်း ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်နေတာတော့မကောင်းဘူး။ သူတို့သာစည်းကမ်းတကျမောင်းရင် တကယ်အသုံးပြုနေတဲ့ပြည်သူ တွေ စျေးသွားတာ၊ ကျောင်းပို့တာ၊ ဆေးခန်းသွားတာတွေအတွက် အများကြီးအသုံးတည့်ပါတယ်" ဟု မြောက်ဥက္ကလာပမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဇွန် ၂၂ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးမင်းသိန်းထွန်းက ရန်ကုန်မြို့တွင်ပြေးဆွဲသွားလာနေသောဘေးတွဲယာဉ်များကို တရားဝင်လိုင်စင် ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်က တရားဝင်တင်သွင်းခဲ့ခြင်းမရှိ၍ တရားဝင်မှတ်ပုံတင်ပေး၍မရကြောင်းနှင့် ၎င်းအစားတရားဝင် တင်သွင်း ခွင့်ပြုထားသည့် သုံးဘီးဆိုင်ကယ်များအစားထိုးတင်သွင်းလာပါက ကညနဥပဒေနှင့်အညီ ခွင့်ပြုချက် ထုတ်ပေးသွားမည်ဟုပြောဆိုခဲ့သည်။ "ဒီဝင်ငွေပေါ်မှာမူတည်ပြီးမိသာစုစားဝတ်နေရေးအတွက်ဖြေရှင်းနေရတာပါ။ ကျွန်တော်တို့ဘဝက ဘေးတွဲမောင်းရင်ဖမ်းမယ့်သူရှိ၊ မရှိကြည့်ရတယ်။ ရှိရင်အိမ်ပြန်နားရတယ်။ အဖမ်းခံရရင် ကံကောင်းရင် ငါးသောင်းတစ်သိန်းနဲ့ပြန်ရတယ်။ ကံမကောင်းရင်ဘေးတွဲတောင်ဘယ်ရောက်သွားမှန်မသိဘူးဖြစ်သွား နိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့လည်းအဆင်ပြေအောင်၊ အစိုးရအတွက်လည်းဘဏ္ဏာငွေရအောင် အခွန်ဆောင်ခိုင်ပြီး လိုင်စင်လုပ်ပေးရင်အဆင်မပြေဘူးလာလို့ပဲမေးခြင်ပါတယ်" ဟု အင်းစိန်မြို့နယ်မှ ဘေးတွဲမောင်းနှင်သူတစ်ဦးကပြောသည်။ လက်ရှိတွင်ရန်ကုန်၌ ဆိုင်ကယ်စီးနင်းခွင့်မပြုသည့်မြို့နယ် ၃၁ မြို့နယ်ရှိပြီး စီးနင်းခွင့်ပြုထားသည့် မြို့နယ် ၁၄ မြို့နယ်ရှိကြောင်း၊ လိုင်စင်ရှိဆိုင်ကယ်အစီးရေသုံးသိန်းခွဲခန့်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။ သတင်း - ပိုင်လေး #ပြည်တွင်းသတင်း

◾️‎ဦးကိုကိုကြီးဦးဆောင်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖယ်ရှားခံရ ‎ ‎ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာပန်းခြံ၌ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှစ်ရုပ်တွင် ဦးကိုကိုကြီးဦးဆောင်စိုက်ထူခဲ့သည့် ရုပ်တုကိုဖယ်ရှားရှင်းလင်းလိုက်ကြောင်း ဒေသခံများထံမှသိရသည်။ ‎ ‎ယမန်နေ့(ဇူလိုင် ၁ ရက်) ညပိုင်းတွင် ဖယ်ရှားရှင်းလင်းလိုက်ခြင်းဖြစ်ပြီး ယင်းနေရာ၌အမိုးအကာများဖြင့်ကာထားသည်ကို ယနေ့(ဇူလိုင် ၂ ရက်) နံနက်ပိုင်းတွင် တွေ့ရသည်ဟုဒေသခံတစ်ဦးကပြောသည်။ ‎ ‎အဆိုပါသုမင်္ဂလာပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှစ်ရုပ်မှာ တစ်ရုပ်နှင့်တစ်ရုပ်ခြေလှမ်း ၅၀ ကျော်သာ ကွာဝေးသည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့် တောင်ဥက္ကပမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များတည်ဆောက်ခဲ့သည့်ကြေးရုပ်မှာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဘက်အခြမ်းတွင်တည်ရှိ သည့်ကြေးရုပ်ဖြစ်ပြီး ဦးကိုကိုကြီးဦးဆောင်တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ (၁၀) ရပ်ကွက် ပဒေသာဈေးဘက်အခြမ်းတွင် တည်ရှိသည်။ ‎ ‎ယခုဖယ်ရှားခံရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ (၁၀) ရပ်ကွက် ပဒေသာဈေးဘက်အခြမ်းတွင်တည်ရှိ သည့် ဦးကိုကိုကြီးဦးဆောင်တည်ဆောက်ခဲ့သောဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်သည်။ ‎ ‎ယင်းကြေးရုပ်မှာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်စဉ်ကအတိုင်း အင်္ကျီအတွင်းလက်နှိုက်နေသည့် ကိုယ်အနေ အထားဟန်ဖြစ်ကာ အမြင့် ၉ ပေရှိကာ ကြေးပိဿာချိန် ၃၀၀ ခန့်တန်ဖိုးကျပ်သိန်း ၁၃၀ ကုန်ကျခဲ့ကြောင်း သတင်းမှတ်တမ်းများအရသိရသည်။ ‎ ‎၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မတိုင်မီကာလတွင် တောင်ဥက္ကလာပမြို့နယ်ရှိ၊ သုမင်္ဂလာပန်းခြံတစ်ခုတည်း၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှစ်ခုအား စင်ပြိုင်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်းမညီညွတ်သည့်သဘောနှင့် တာဝန်ရှိသူများစေ့စပ်ညှိနှိုင်းနိုင်ခြင်းမရှိဘဲ နှစ်ရုပ်လုံးခွင့်ပြုခဲ့ခြင်းအပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ ‎ ‎ယမန်နေ့(ဇူလိုင် ၁ ရက်) ညတွင်လည်း သာကေတမြို့နယ် မြကန်သာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ ‎ ‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ- တောင်ဥက္ကလာပမြို့နယ်ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ/FB

◾️အိန္ဒိယထံမှ ဓာတ်ဆီများ ရုရှား ပြန်ဝယ်နေသည်ဟုဆို ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် ယူကရိန်းတို့၏ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာခဲ့သော လောင်စာ မလုံလောက်မှုများ သက်သာ‌လျော့ပါးစေရန် ကြိုးပမ်းမှုတွင် ရုရှားသည် အိန္ဒိယမှ ဓာတ်ဆီများကို ရေကြောင်းမှတစ်ဆင့် တင်သွင်းနေသည်ဟု လောင်စာလုပ်ငန်းသတင်းရင်းမြစ်များက ပြောကြားကြသည်။ ရုရှားနိုင်ငံ၏ မတူညီသည့် အချိန်များရှိသော ဒေသ ၁၁ ခုတွင် လောင်စာ မလုံလောက်မှုများကို ခံစားနေရပြီး ဓာတ်ဆီဆိုင်များတွင် ဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်နေခြင်းနှင့်အတူ ခွဲတမ်းဖြင့်ရောင်းချခြင်း နှင့် ကားတန်းရှည်ကြီးများကို မြင်တွေ့ရသည်။ ရုရှားက အခြားနိုင်ငံများနှင့်အဆက်အသွယ်ရှိနေပြီး လောင်စာများကို သင့်တင့်သော ဈေးနှုန်းဖြင့် တင်သွင်းရေးတို့ကို ဆွေးနွေးနေကြောင်း ကရင်မလင်က အင်္ဂါနေ့က ပြောကြားခဲ့သည်။ မှတ်ချက်‌ပေးရန်တောင်းဆိုမှုကို ရုရှားစွမ်းအင်ဝန်ကြီးဌာနနှင့် အိန္ဒိယ၏ရေနံဝန်ကြီးဌာနတို့က ချက်ချင်းမတုံ့ပြန်ခဲ့ကြကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ အိန္ဒိယမှ ရုရှားသို့ ဓာတ်ဆီ အနည်းဆုံး တန်ပေါင်း ၆ သောင်း ပို့ဆောင်ခဲ့ကြောင်း ရေနံလုပ်ငန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တန်ပေါင်း ၃ သောင်းနှင့် ၄ သောင်းကြားဆန့်သော ရေနံတင်သင်္ဘော နှစ်စီးကို စေလွှတ်ခဲ့ကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။ ရုရှားသို့ လောင်စာများတင်ပို့နေပြီဖြစ်သော အိမ်နီးချင်း ဘီလာရုစ်အပါအဝင် နိုင်ငံအများအပြားမှနေ၍ တစ်လလျှင် ဓာတ်ဆီတန်ပေါင်း ၄ သိန်းခန့် တင်သွင်းရန် ရုရှားက စီစဉ်သည်ဟု တတိယသတင်းရင်းမြစ်က ပြောကြားသည်။ လောင်စာသုံးစွဲမှု အမြင့်ဆုံးကာလဖြစ်သော နွေရာသီတွင် ရုရှားနိုင်ငံသည် တစ်နေ့လျှင် ဓာတ်ဆီတန်ပေါင်း တစ်သိန်းတစ်သောင်းခန့် အသုံးပြုကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ မည်သည့် ရေနံချက်လုပ်ငန်းက ရုရှားကို ဓာတ်ဆီများ ပံ့ပိုးပေးနေသည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိ‌ပေ။ ရုရှားတို့၏ ရေနံချက်စက်ရုံများအပေါ် ယူကရိန်းဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားဒေသအချို့တွင် ‌လောင်စာမလုံလောက်မှုများ ဖြစ်ပေါ်နေကြောင်း သို့သော် ထိုကိစ္စကိုအစိုးရက ကိုင်တွယ်နေကြောင်း အစိုးရအဖွဲ့ဝန်ကြီးများ၊ အခြားအရာရှိကြီးများနှင့် တနင်္ဂနွေနေ့က ပြုလုပ်သည့် အစည်းအဝေးတွင် သမ္မတ ဗလာဒီမာပူတင်က ဝန်ခံခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-Reuters

◾️မြောက်ကိုရီးယားစစ်သုံ့ပန်းနှစ်ဦး၏ ရှေ့ရေး တောင်ကိုရီးယားနှင့် ယူကရိန်းတို့ဆွေးနွေး ယူကရိန်းစစ်မြေပြင်၌ ယူကရိန်းတပ်များ၏ဖမ်းဆီးမှုခံထားရသော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်နှစ်ဦး၏ရှေ့ရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့် ယူကရိန်းတာဝန်ရှိသူများအကြား ဆွေးနွေးခဲ့ကြကြောင်း ဇွန် ၃၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ မြောက်ကိုရီးယား စစ်သုံ့ပန်းနှစ်ဦးတို့၏အနာဂတ်အရေးကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအင်ဒရီအိုင်ဘီဂါတို့က ဆိုးလ်မြို့တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်နှစ်ဦးကိုယူကရိန်းတပ်များက ရုရှားအနောက်ပိုင်း ခါ့ခ်ျဒေသ စစ်မြေပြင်၌ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမြောက်ကိုရီးယားတပ်ဖွဲ့ဝင်နှစ်ဦးကိုပြန်လည်လွှဲပြောင်းအပ်နှံရန် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့က တောင်းဆိုထားသည်။သို့ရာတွင် ၎င်းတို့နှစ်ဦးကို မြောက်ကိုရီးယားသို့ ပြန်ပို့ခဲ့ပါက ကြီးလေးသည့် ပြစ်ဒဏ်များနှင့်ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်အရေးအုပ်စုများကသတိပေးထားသည်။ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါစစ်သုံ့ပန်းမြောက်ကိုရီးယားတပ်ဖွဲ့ဝင် နှစ်ဦးမှာ ကိုရီးယားသမ္မတနိုင်ငံတစ်ခုတည်း၏နိုင်ငံသားများဖြစ်ကြရာ ၎င်းတို့ကို တောင်ကိုရီးယားသို့ ခေါ်ယူရန် တောင်ကိုရီးယားအစိုးရက ကြိုးပမ်းလျက်ရှိသည်။ တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံတို့သည်၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ်စစ်ပွဲကို အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားရာ လက်တွေ့အားဖြင့် နှစ်နိုင်ငံစစ်ဖြစ်ဆဲအခြေအနေတွင်သာ ရှိသေးသည်။ ကိုးကား-ရိုက်တာ

◾️ကမ္ဘာ့သမုဒ္ဒရာ ရေပြင်များအတွက် စံချိန်တင်အပူဆုံးလ ယခုနှစ် ဇွန်လဖြစ်လာ ယခုနှစ် ဇွန်လသည် ကမ္ဘာ့သမုဒ္ဒရာများအတွက် စံချိန်တင် အပူဆုံးဇွန်လဖြစ်ခဲ့ရကြောင်း ဥရောပသမဂ္ဂ ကိုပါးနီးကပ်စ်ရာသီဥတုပြောင်းလဲမှုလေ့လာရေးဗဟိုဌာနက ဇူလိုင် ၁ရက်တွင် သတင်းထုတ်ပြန် ထားသည်။ ဥရောပသမဂ္ဂသိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ ယခုနှစ် ဇွန်လအတွင်း ကမ္ဘာ့သမုဒ္ဒရာရေပြင်များ၏ ပျမ်းမျှအပူချိန်မှာ ၂၀ ဒသမ ၉၈ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ရာ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်စံချိန်တင်အပူချိန်များကို ကျော်ဖြတ်ခဲ့ကြောင်းသိရသည်။ ယင်းအပြင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲမှုနောက်ဆက်တွဲ ကမ္ဘာ့ပျမ်းမျှ အပူချိန်များ မြင့်တက်လာမှုတို့ကြောင့်ကမ္ဘာ့သမုဒ္ဒရာများ၏ လစဉ်အပူချိန် မှာဆက်လက်၍ မြင့်တက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ လက်ရှိကမ္ဘာ့သမုဒ္ဒရာရေပြင်အပူချိန်နှင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ်လာမည့်လ များအတွင်း သမုဒ္ဒရာရေထုအပူချိန်များ စံချိန်တင်ထပ်မံမြင့်တက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့အကြား နောက်ဆုံးဖြစ်ပေါ်ခဲ့သောအယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကာလကလည်း ကမ္ဘာ့သမုဒ္ဒရာရေပြင် လစဉ်အပူချိန်များစံချိန်တင်မြင့်တက်ခဲ့ဖူးသည်။ သမုဒ္ဒရာရေပြင်များ ပိုမိုပူနွေးလာမှုကြောင့် ကမ္ဘာ့လေထုလွှာပူနွေးမှုကာလပို၍ ရှည်ကြာလာနိုင်ပြီး မုန်တိုင်းများ ပိုမိုအားကောင်းလာနိုင်သည်။ ကိုးကား-ရိုက်တာ

◾️ကွယ်လွန်သူ အီရန်ခေါင်းဆောင်အယာတိုလာခါမေနီ၏ဈာပနအခမ်းအနားအတွက် အီရန်ပြင်ဆင် ကွယ်လွန်သူ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနားအတွက် အီရန်နိုင်ငံက ပြင်ဆင်မှုပြုလုပ်နေပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ ဇွန် ၁၇ ရက်တွင် ရယူထားသည့်အချက် ၁၄ ချက်ပါ အီရန်စစ်ပွဲပြီးဆုံးရေးသဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေးကာလကို ရက် ၆၀ သက်တမ်းတိုးထားစဉ် အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနားကို ကျင်းပရန် အီရန်နိုင်ငံက ပြင်ဆင်နေခြင်းဖြစ်သည်။ အသက်(၈၆)နှစ်အရွယ် အယာတိုလာခါမေနီသည် သုံးလကျော်ကြာအီရန်စစ်ပွဲ၏ ပထမဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တီဟီရန်မြို့တော်၌သေဆုံးခဲ့ရသည်။ အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဇူလိုင် ၄ ရက်တွင် စတင်မည့် အထက်ပါဈာပနအခမ်းအနားသို့ အီရန်ပြည်သူ ၁၅ သန်းမှ သန်း ၂၀အထိ တက်ရောက်နိုင်ဖွယ်ရှိရာအီရန်သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဈာပနအခမ်းအနားဖြစ်လာနိုင်ဖွယ်ရှိ သည်။ ယင်းအပြင် အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံ၃၀ ခန့်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်နိုင်ကြောင်းသိရသည်။ အယာတိုလာခါမေနီ၏ ရုပ်ကလာပ်ကို ဇူလိုင် ၉ ရက်တွင် အီရန်နိုင်ငံအရှေ့မြောက်ပိုင်း မက်ရှ်ဟက်ဒ်မြို့၌ သင်္ဂြိုဟ်မည်ဖြစ်သည်။ ကိုးကား-ရိုက်တာ

◾️ဗင်နီဇွဲလားငလျင်တွင် သေဆုံးသူ ၂၃၀၀ နီးပါးရှိလာ၊ လူသောင်းချီ သေဆုံးနိုင်ခြေရှိကြောင်း အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ ခန့်မှန်း ဗင်နီဇွဲလားငလျင်တွင် တရားဝင် ထုတ်ပြန်ထားသည့် သေဆုံးသူအရေအတွက်မှာ နှေးကွေးစွာဖြင့် ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး အနည်းဆုံး လူ ၂၂၉၅ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ယာယီသမ္မတ၏ အကိုဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌ ရိုဒရီဂွက်ဇ်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ရာ ယင်းမှာ ယခင်နေ့ကထက် ၃၅၀ ခန့် တိုးလာခြင်း ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ ယခုထက် များစွာ ပိုမိုများပြားနိုင်သည်ဟု ယူဆရပြီး အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ (USGS) ၏ ခန့်မှန်းချက်အရ လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးနိုင်ခြေ မြင့်မားနေကြောင်း သိရသည်။ သေဆုံးသူ အရေအတွက် ထပ်မံတိုးလာနိုင်သည်ကို ကြိုတင်မျှော်မှန်းကာ ဗင်နီဇွဲလားအစိုးရနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းပြီး အလောင်းထည့် အိတ်တစ်သောင်းကို စီစဉ်ရှာဖွေနေကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျန်လူကာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ CNN သတင်းဌာနအနေဖြင့် လာဂွိုင်ရာဆိပ်ကမ်းရှိ ယာယီရင်ခွဲရုံတစ်ခုသို့ ဖြတ်သန်းသွားစဉ်အတွင်း ဆိပ်ခံတံတားများပေါ်၌ ခေါင်းတလားများကို အထပ်လိုက် ဆင့်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ဗင်နီဇွဲလားနိုင်ငံရှိ ၎င်းတို့၏ မိသားစုဝင်များ နေထိုင်ခဲ့ရာ အိမ်အပြင်ဘက်တွင် စခန်းချ စောင့်ဆိုင်းနေကြသည့် လူအများစုကဲ့သို့ပင် မန်ဒိုဇာကလည်း နောက်ဆုံးအချိန်အထိ ၎င်းတို့ ကွယ်လွန်သွားပြီဆိုသည်ကို မယုံကြည်နိုင်ဘဲ ငြင်းဆန်ထားဆဲ ဖြစ်သည်။ “ကျွန်မတို့ မိသားစုတွေ အသက်ရှင်နေဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေး နည်းနည်းတော့ ရှိပါသေးတယ်၊ အလောင်းတွေကို မတွေ့မချင်းတော့ ဘာမှ အသေသတ်မှတ်လို့ မရသေးဘူးလေ” ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်း၏ယုံကြည်မျှော်လင့်ချက်မှာ အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်လာခြင်းတော့ မဟုတ်ပေ။ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် သတ်မှတ်ထားသည့် ၇၂ နာရီ ရွှေရောင်အချိန်ကာလ ကျော်လွန်သွားသည့်တိုင် အံ့ဩဖွယ် ကယ်ဆယ်နိုင်ခဲ့မှုများကို ဗင်နီဇွဲလားနိုင်ငံတစ်ဝန်းတွင် ကင်မရာမှတ်တမ်းများ၌ မြင်တွေ့ခဲ့ရသည်။ ပိတ်မိနေသူများသည် တစ်နည်းနည်းဖြင့် ရှင်သန်ရေးစိတ်ဆန္ဒသို့ ကူးပြောင်းသွားပြီး ကယ်ဆယ်ရေးအဖွဲ့ကို စောင့်ဆိုင်းရင်း အသက်ရှင်သန်နေနိုင်ကြသည်ကို မိမိကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း Resource Rescue International မှ အမေရိကန် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဂျက်သော့ပ်က CNN သို့ ပြောကြားသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တစ်ပတ်ကျော် ကြာသွားခဲ့သော်လည်း လာဂွိုင်ရာရှိ ဈေးဝယ်ကုန်တိုက်တစ်ခု၏ ကားပါကင်အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်ရန် နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးသမားများက ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်အရ အသက် ၄၄ နှစ်အရွယ်ရှိ အသက်ရှင်ကျန်ရစ်သူ ဟာနန်ဂေးလ်ကို ဘေးကင်းလုံခြုံစွာ ထုတ်ယူနိုင်ရေး လုပ်ဆောင်နေစဉ်အတွင်း ၎င်းနှင့် ဆက်သွယ်မှုရရှိထားပြီး ရေ၊ အစားအစာနှင့် ဆေးဝါးများ ပံ့ပိုးပေးထားကြောင်း သိရသည်။ အမေရိကန်စစ်သည်အင်အား ၂၀၀၀ ခန့်သည်လည်း ဗင်နီဇွဲလားနိုင်ငံအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် အခြား ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးနေကြောင်း အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် ဖရန်စစ် ဒိုနိုဗန်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားသည်။ “လက်ရှိအဆင့်မှာတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်အပေါ်မှာပဲ ရာနှုန်းပြည့် အာရုံစိုက်ထားဆဲဖြစ်ပြီး၊ တခြား အဆင့်တစ်ခုကို ကူးပြောင်းဖို့ ဗင်နီဇွဲလားအစိုးရဘက်က ဆုံးဖြတ်ချက် မချမချင်းတော့ ဒီအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အမေရိကန် ယာယီသံမှူး ဂျွန်ဘာရက်က ဆိုသည်။ သတင်း-လင်းခေတ် ကိုးကား-CNN

◾️အိန္ဒုမြစ်ရေကို လက်နက်အဖြစ် အသုံးမချရန် အိန္ဒိယအစိုးရကို ပါကစ္စတန် သတိပေး အိန္ဒုမြစ်ရေ ခွဲဝေသုံးစွဲမှုဆိုင်ရာ သဘောတူညီချက်အရ ပါကစ္စတန်နိုင်ငံရရှိမည့် ရေခွဲတမ်းကိုဖြတ်တောက်ရေးအတွက် မကြိုးပမ်းရန် ပါကစ္စတန်အစိုးရက အိန္ဒိယနိုင်ငံကို ဇွန် ၃၀ ရက်တွင် သတိပေးလိုက်သည်။ အိန္ဒုမြစ်ရေ ခွဲဝေသုံးစွဲမှုစာချုပ်အရပါကစ္စတန်ရယူနိုင်သည့် ရေခွဲတမ်းကို ဖြတ်တောက်မှုသည် အိန္ဒုမြစ်ရေကို လက်နက်သဖွယ်အသုံးချရာရောက်လိ်မ့်မည်ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် နောက်ဆက်တွဲဆိုးကျိုးများရှိလာလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက်ဒါးက ပြောကြားထားသည်။ အိန္ဒုမြစ်ရေခွဲဝေသုံးစွဲမှုဆိုင်ရာ သဘောတူညီချက်ကို ကမ္ဘာ့ဘဏ်၏ကြားဝင်ညှိနှိုင်းမှုဖြင့် ၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနှင့်ပါကစ္စတန်တို့ကရယူထားခြင်းဖြစ်သည်။ သို့ရာတွင် ယခုနှစ်ဧပြီလအတွင်း အိန္ဒိယထိန်းချုပ်မှုအောက်၌ ကက်ရှ်မီးယားဒေသ၌ ခရီး သွားဧည့်သည် ၂၆ ဦးသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ဟိန္ဒုမြစ်ရေ ခွဲဝေသုံးစွဲမှုစာချုပ်၌ ပါဝင်မှုကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့သည်။ အထက်ပါတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်ကို အိန္ဒုမြစ်ရေခွဲဝေသုံးစွဲခွင့်ပေး တော့မည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံက ခြိမ်းခြောက်ထားသည်။ ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုကိုပါကစ္စတန်အခြေစိုက် စစ်သွေးကြွများက ပြုလုပ်ခဲ့ ကြောင်း အိန္ဒိယအစိုးရက စွပ်စွဲထားပြီး ယင်းစွပ်စွဲချက်ကို ပါကစ္စတန်က ငြင်းပယ်ထားသည်။ ကိုးကား-ရိုက်တာ

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း