en
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Open in Telegram
803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
"ဟိတ်လူ ကျုပ်အသားကို မထိနဲ့နော် ... ဖယ် ...ဖယ်စမ်းဗျာ " " ဘုတ် ... ဘုတ် '' "တောက် ...မင်းလိုကောင်လေးကများ ငါ့ကို အာခံရဲတယ်ပေါလေ ဟုတ်လား ...ဒီညတော့ မင်းသေပြီးသာမှတ်ပေတော့ .." ဘီနာသည် အထိတ်တလန့် ငြင်းဆန်ရင်းမှ လက်ထဲမှ သစ်လုံးဖြင့် ထိုသူကို အားကုန်လွှဲ၍ရိုက်ပစ်လိုက်လေသည်။ထိချက်သည် ချက်ကောင်းကို မထိသော်လည်း ထိုသူသည် အနည်းငယ်မျှနာကျင်သွားပုံရလေသည်။ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်ပြီးနောက် ဘီနာ့ကို လက်ကုပ်မှ ဆွဲ၍ ကွပ်ပျစ်ပေါ်သို့ ကိုင်ပေါက်ချလိုက်လေသည်။ပြီးလျှင် သူ၏ ခြေထောက်ကြမ်းကြမ်းကြီးများဖြင့် ဘီနာ၏ ခန္ဓာကိုယ် သေးသေးလေးကို ဆင့်၍ကန်လေသည်။ ဘီနာသည် နာကျင်လွန်း၍ အသက်ရှုပင်ရပ်သွားသလိုခံစားနေရလေသည်။ဘီနာတို့နှစ်ယောက် ဤမျှလောက် ငရဲခန်းတစ်မျှ ဆူညံပွက်လောရိုက်နေသော်လည်း ဘီနာနေသောထင်းထဲသည်။စက်ရုံဝင်း၏ အစွန်အဖျား အကျဆုံးနေရာတွင်ရှိသလို့ နှင်းမှုန်များ တဖွဲဖွဲကျန်နေသော ရာသီဥတုကြောင့် ပတ်ဝန်းကျင်သည် ဘီနာ၏ ဘေးဒုက္ခကို မသိဘဲနေချေသည်လား။သို့မဟုတ်လျှင် ဤအရပ်သည် ကိုယ်နှင့်မဆိုင်သလိုနေကြသည့်အရာ၌ နေသားကျနေပေသည် ပဲလား မသိနိုင်ပါချေ။ " ဪ ...ဟားဟားဟား ... ဘာလို့ ဒီလောက် ရုန်းကန်နေလဲမှတ်တာ ... မင်းက မိန်းခလေးကို...စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲပြီပေါ့ကွာ " ရုန်းရင်းဆန်ခတ် ဖြစ်နေရင်းမှ ဘီနာ၏ ဘ၀မှန်ကို သိရှိသွားသော ထိုသူသည် ခပ်စောစောကထက် ပိုပြီး ကြမ်းတမ်းလာလေ၏ ။ဘီးလူးသရဲစီးနေသကဲ့သို့ပင် ကြမ်းတမ်းစွာပင် ပြုမူလေသည်။ ရေတိမ်နစ်ရတော့မည့်အခြေအနေကြောင့် ဘီနာသည် အားကုန်ရုန်း၍ထွက်သည်။ချုပ်နှောင်ခံထားရသောလက်များကို အားပျော့သွားသယောင်ပြု၍ဘေးအိတ်ထဲမှ အိတ်ဆောင်ဓါးကို မရရအောင် ဆွဲ၍ထုတ်ယူသည်။သန်မာသော လက်ကြီးများသည် ဘီနာ၏ လက်များကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ထားသည်။ဘီလူးသဘက်စီးနေသကဲ့သို့ ဖြစ်နေသောသူသည် တဏှာရာဂစိတ်များဖိစီးနေသောကြောင့် သူ၏ သန်မာသောလက်များသည် အားအနည်းငယ် ယုတ်လျော့၍သွားသည်။ဘီနာသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အိတ်ထဲမှ ဆောင်ဓါးကို ထုတ်ယူပြီးလျှင် ထိုလူအား ဆင့်ကာဆင့်ကာထိုးချလိုက်လေသည်။ " အား " အလစ်အငိုက်တွင် ဖြစ်သွားသောကြောင့် ထိုသူသည် နာကျင် စွာအော်ဟစ်လိုက်ပြီးလျှင် ဘီနာ့ကိုယ်ပေါ်မှ ခွါလိုက်ပြီး ကမူးရှူးထိုးဖြင့် ဘီနာ့ကို ကန်ကျောက်၏။ဘီနာသည် အသားနာခံ တန်ပြန်တိုက်ခိုက်သည်။သစ်လုံးဖြင့် သိမ်းကြုံး၍ရိုက်ပစ်သည်။ဓါးဒဏ်ရာကြောင့် ဒယိမ်းဒယိုင်ဖြစ်နေသောသူသည် နောက်ဆုံးတွင် ဝုန်းခနဲ ပြိုလဲကျသွားလေသည်။ @@@@@@@@@@@@@@@@@ အပိုင်း (၆) ဆက်ရန် ဧကြည်ဖြူ

တိုက်ကြီးထဲသို့ရောက်သောအခါ အေးစက်နေသော ဘီနာ့၏ ခန္ဓာကိုယ်သည် အတန်ငယ်နွေးထွေးလာလေသည်။တိုက်ကြီးထဲသို့ အဝင်အထွက်လုပ်ရင်းမှ ကြိုတင်လေ့လာထားသောကြောင့် အမှောင်ထုအောက်၌ ဘီနာသည် လှုပ်ရှားသံမျှမထွက်ရအောင် တရွေ့ရွေ့ လျှောက်လာခဲ့လေသည်။ခြံထဲသို့ရောက်သည့် ရက်များအတွင်း၌ တစ်ခြံလုံးရှိ အလုပ်ရုံ၊ဂိုထောင်၊ သစ်လုံးတဲများကို သိုသိုသိပ်သိပ်ရှာဖွေခဲ့သော်လည်း အကျဉ်းထောင်လိုမျိုး အခန်းဟူ၍ မတွေ့ခဲ့ရပေ။နောက်ဆုံး၌ ရှာဖွေရန်အတွက် ဤတိုက်ကြီးသာကျန်ပါလေတောသည်။ ဘီနာသည် တိုက်ကြီးထဲသို့ ရောက်သောအခါ၌ သူမ၏စိတ်ထဲတွင် ဘ၀င်မကျဖြစ်နေသော အခန်းရှိရာသို့ မှန်း၍သွားလိုက်လေသည်။ထိုအခန်းသည် အပေါ်ထပ်သို့တက်သော လှေကား၏ အောက်တွင် ရှိပြီး ပစ္စည်းဟောင်းများ ထားသော အခန်းဖြစ်လေသည်။ထိုအခန်း သည့် တစ်ခါတစ်ရံ၌ ဖွင့်ထားလေ့ရှိပြီး တစ်ခါတလေ သော့ပိတ်ထားလေ့ရှိသည်။ဘီနာ၏မျက်မြင်အရမူ သော့ပိတ်ထားရလောက်အောင် အခန်းထဲတွင် မည်သည့် တန်ဖိုးရှိပစ္စည်းမှမရှိချေ။ဖြစ်နိုင်သည်မှာ ထိုအခန်းသည် မြေ အောက်ခန်းသို့ သွားသောအခန်းဖြစ်နိုင်ပေသည်။ တံခါးပေါက်ရှိရာဆီသို့ရောက်သောအခါ ဘီနာသည်တံခါးကို အသာတွန်းကြည့်သည်။တံခါးသည် လေးလံလှစွာခပ်ဟဟ ပွင့်၍ သွားသည်။ခပ်ဟဟ ပွင့်သွားသော တံခါးပေါက်ထဲသို့ သူ၏ သေးသေးကွေးကွေး ခန္ဓာကိုယ်လေးကို အသာကျုံ့ကာ ဘီနာ၀င်လိုက်လေသည်။ အခန်းသည် ပိန်းပိတ်အောင် မှောင်နေသည်။မှောင်မည်းနေသော အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည်။ဘီနာသည် မှန်းခြေနှင့် ၀င်ရောက်လာခဲ့ခြင်းဖြစ်သောကြောင့် အခန်းထဲသို့ရောက်သောအခန်း အခန်းနံရံများကို လက်ဖြင့် လိုက်လံကိုင်တွယ်စမ်းကြည့်သည်။ထိုသို့ပြုလုပ်ရခြင်းမှာ မြေအောက်ခန်းသို့သွားသော တံခါးပေါက်ကို ရှာဖွေခြင်းဖြစ်လေသည်။ သို့သော်လည်း အချိန်အတန်ကြာသည်အထိ အခြေအနေမှာ မထူးခြားဘဲ ရှိလေသည်။နောက်ဆုံးတွင် ဘီနာသည် လက်လျော့လိုက်ပြီးနောက် အခန်းထဲမှ ခြေသံလုံလုံနှင့်ပြန်ထွက်ခဲ့ရလေသည်။ ~~~~~~ " ဟေ့ ထင်းသယ်တဲ့ကောင် မင်းကို ကြည့်ရတာ ပျော့နွဲ့နွဲ့နဲ့ ... မင်းက ယောကျာ်းလား မိန်းမလားပြောစမ်းကွာ ...ဟား..ဟား..ဟား .... မင်းရဲ့ပါးတွေ့က တယ်နုညံ့ပါလားကွ " မက်ဂန်း၏ တပည့်တစ်ယောက်သည် ဘီနာ၏ မျက်နှာကို စားတော့ ဝါးတော့မည့်အလားစူးစိုက်ကြည့်ရုံမျှမကဘဲ နှုတ်မှလည်းပြောသည့်အပြင် သူ၏လက်ဝါးကြမ်းကြီးများဖြင့် ဘီနာ၏ မျက်နှာကို လှမ်း၍ ကိုင်တွယ်လေသည်။ ဘီနာသည် ထိုလူ၏ လက်ကိုရှောင်ဖယ်လိုက်ပြီး ခေါင်းငုံ့ရှောင်လိုက်ကာ ထင်းလှည်းကို တွန်း၍ အံကိုတင်းတင်းကြိတ်လျက်နေရာမှ အမြန်ဆုံးထွက်ခဲ့သည်။ဘီနာ၏ စိတ်ထဲ၌မူ ထိုသူ့ကို အမှုန့်ကြိတ်ပစ်ချင်လောက်အောင်ပင် စိတ်တိုလျက်ရှိပေသည်။ ~~~~~~~ ညဉ့်သည် တစ်စစ ပို၍နက်လာသည်။ဘီနာမှာ သစ်လုံးကွပ်ပျစ်ပေါ်တွင် လှဲလျက် အတွေးနယ်ချဲ့နေမိသည်။ဘီနာ၏အဖြစ်သည် ကျောက်တောင်ကို ကြက်ဥနှင့် ပေါက်သကဲ့သို့အခြေအနေမျိုးသို့ ဖြစ်နေသည်ကိုစဉ်းစားမိသောအခါ ဘီနာစိတ်ဓါတ်အကြီးအကျယ်က မိလေသည်။သစ်လုံး တဲအိမ်၏ အပြင်လောကကြီးတစ်ခုလုံး နှင်းမှုန်များတဖွဲဖွဲကျလျက် ရှိပေသည်။တိတ်ဆိတ် မှောင်မိုက်နေသော ညဉ့်ကာလတွင် ထင်းရုံကြီးဘေးနား၌ ဘီနာ၏ တဲတစ်လုံးသာ ရှိသောကြောင့် ချောက်ချားစရာတော့ ကောင်းလှပေသည်။ '' ချွတ် " အေးစက် တိတ်ဆိတ်နေသော ညတွင် ခြေသံလိုလို ကြားလိုက်ရသောကြောင့် အိပ်ရာထဲမှ ဘီနာ ဆတ်ခနဲ ထထိုင်လိုက်သည်။ထိုစဉ်မှာပင် အရိပ်မည်းကြီးသည် ဘီနာအိပ်စက်ရာ သစ်လုံးအိမ်ထဲသို့ ဝင်ရောက်လာလေသည်။ပြီးလျှင် ထိုအရိပ်မည်းကြီးသည် သစ်လုံး ကွပ်ပျစ်နားသို့ ရောက်လာပြီးလျှင် "ကောင်လေး ...အိပ်နေပြီလားကွ...ထစမ်းပါအုံး ... ငါတို့အတူ ပျော်ပါးကြရအောင်ကွာ " အသံနှင့်အတူ ထိုသူသသည် ကွပ်ပျစ်ထက်ထွင် ထိုင်ချလိုက်လေ၏။ ပြီးနောက် သစ်လုံးကွပ်ပျစ်ထက်သို့ လက်နှင့် စမ်းကြည့်လေသည်။သူ၏လက်သည် ဗလာဖြစ်နေသော နေရာသို့စမ်းလိုက်မိသောကြောင့် နားမလည်နိုင်စွာဖြင့် ဘေးဘီဝဲယာ အမှောင်ထဲသို့ လှည့်ပတ်ကြည့် ရှူလိုက်ပြီး အသံထွက်၍ မေးလိုက်လေသည်။ " ဟေ့ကောင်လေး ... မင်းဘယ်မှာလဲကွ ...ဘယ်ရောက်သွားတာလဲ " ဘီနာသည် အခန်းထောင့် အမှောင်ထဲတွင် တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်သက်စွာရပ်နေမိသည်။လက်ထဲတွင် သစ်လုံးတစ်လုံးကို တင်းကြပ်စ္စာဆုပ်ကိုင်လျက် အသင့်အနေအထားဖြင့်ရပ်နေလိုက်သည်။အမှောင်ထဲမှလူသည် ဘီနာကို မတွေ့သော်လည်း လက်လျှော့ဟန်မရှိဘဲ လက်ထဲမှာ ကျောက်မီးခြစ်ကိုထုတ်ခြစ်လိုက်ပြီးလျှင် နံရံတွင် ချိတ်ဆွဲထားသော မီးအိမ်တွင် ထန်းဆိုလိုက်လေ၏။ထို့နောက်ထိုင်ရာမှထ၍ အခန်းထဲသို့လှည့်ပတ်ကြည့်လေသည်။ ထိုအခါ ထောင့်တစ်နေရာတွင် ရပ်နေသော ဘီနာ့ကို မြင်သွားပြီးလျှင် အော်ဂလီဆန်ချင်စရာကောင်းလှသော အသံကြီးဖြင့် သဘောတကျရယ်လိုက်လေသည်။ "ဟား ဟား ဟား ....တော်သေးတာပေါ့ကွာ ...မင်းဘယ်ကို များသွားတာလဲလို့ ...လာပါ ...လာစမ်းပါကွာ ...ငါတို့ အတူ ပျော်ရအောင် ...." ထိုလူသည် ပြောပြောဆိုဆိုနှင့် ဘီနာ၏ နားသို့ တိုးကပ်လိုက်ပြီးလျှင် သူ၏လက်ကြမ်းကြီးများဖြင့် ဘီနာ့ကို ခပ်ကြမ်းကြမ်းဆွဲခေါ်လိုက်လေသည်။

"လွှတ်ပေးလိုက်လို့တော့ မဖြစ်ဘူး ...စစ်ဆေးရေးတွေ မလာခင် တစ်ခုခုလုပ်တာပေါ့ လောလောဆယ် ဆေးကျွေးထားလိုက်... ဟိုသုံးယောက်ကိုတော့ ဒီရက်ထဲမှာပဲ ရှင်းပစ်ရမှာပဲ ... သဲလွန်စပါမကျန်အောင် ရှင်းနိုင်မှ ဖြစ်မှာနော် ... မြို့ဝန်မင်းအသစ်ပြောင်းသွားတာမို့ နယ်မြို့တွေ အထိဆင်းချလာမှာ ...အထာမသိတော့ သတိထားမှ ဖြစ်မယ် ...ဒါနဲ့ မြို့ထဲမှာရော သူတို့တွေနဲ့ပတ်သက်ပြီး ဘာသတင်းတွေကြားရလဲ " " သုံးယောက်မှာ နှစ်ယောက်က ဧည့်သည်ဖြစ်ပုံရတယ် ... ကျန်တဲ့ တစ်ယောက်ကတော့ မြို့ပေါ်က လူတစ်ယောက်ဆိုပေမဲ့ လူဆင်းရဲ အသိုင်းအဝိုင်းကပါ သူဌေး... သူနဲ့ပတ်သက်ပြီး သူဌေးစိတ်ပူနေဖို့ မလိုပါဘူး ...တကယ်လို့ အရေးကြုံလာခဲ့ရင်လဲ မိသားစုကို ငွေပေးပြီး ဖြေရှင်းလိုက်လို့ရပါတယ်.... ဒီမြို့မှာ သူဌေးကို ပုန်ကန်ရဲတဲ့သူ မရှိပါဘူး " [ ] စကားသံများသည် တိုက်ကြီးထဲတွင် ပြန်လည် တိတ်ဆိတ်သွားသည်။ထို့နောက် သူဌေးမင်းသည် အလုပ်သမားများထဲမှမိန်းမချောလေးတစ်ယောက်၏ ပခုံးကို ဖက်လျက် တိုက်ကြီး၏ အတွင်းခန်းထဲသို့ ဝင်သွားလေသည်။ [ ] [ ] ~~~~~ [ ] ဘီနာသည် တွန်းလှည်းထဲမှ ထင်တုံးများကို အောက်သို့ စီချနေရင်းမှ ပြတင်းမှတဆင့်တိုက်ကြီးထဲသို့ မသိမသာ လှမ်းကြည့်နေလိုက်သည်။ထိုစဉ်မှာပင် ဘီနာရှိရာသို့ မက်ဂန်းတစ်ယောက်လျှောက်လာပြီးလျှင် [ ] [ ] "တယ် ဒီကောင် ...မင်းအခုချိန်ထိမပြီးသေးဘူးလား ...မင်းဒီလိုလုပ်နေပုံနဲ့ သူဋ္ဌေးမြင်ရင် ငါပါ အလုပ်ပြုတ်မှာပဲ ... မပြီးသေးလဲသွားတော့ ဟေ့ကောင်...မင်းလိုကောင်တွေကြောင့် ငါပဲ အပြောခံနေရတာ ... သွားကွာ ...သွားတော့ .. ရွှေဒင်္ဂါးတစ်ပြားဆုံးတာပဲ အဖက်တင်တယ် ...ဘာမှ သုံးစားမရတဲ့ကောင် " , "ဖြောင်း " မက်ဂန်းသည် ဘီနာ့ကို နှုတ်မှ ဆူပူကြိမ်းမောင်းရုံနှင့် အားမရဘဲ သူ၏ လက်ဝါးကြမ်းကြီးနှင့် ဘီနာ၏ ဇက်ပိုးကို ဖြောင်းခနဲ မြည်အောင် ရိုက်ချလိုက်လေသေး၏။ ဘီနာသည် နာကျင်သွားသော ဇက်ပိုးကို တစ်ချက်သာ ထိကိုင်စမ်းလိုက်ပြီးနောက် ထင်းလှည်းကိုတွန်းကာ တိုက်ကြီး၏ နံဘေးမှအမြန်ဆုံးထွက်ခဲ့လေသည်။ ~~~~~ ခန္ဓာကိုယ်တစ်ခုလုံးအစဉ်အမြဲပေရေညစ်ပတ်နေပြီး မျက်နာသေလေးနှင့် အူကြောင်ကြောင်ပုံစံပေါက်နေသော ဘီနာ့ကို စက်ရုံအတွင်းရှိ အလုပ်သမားများက အဖက်မလုပ်ကြသည့်အပြင် ရွံရှာသည့်ဟန်ဖြင့် ရှောင်ဖယ်ကြလေသည်။မတော်တဆများ သူတို့အနားမှ ဘီနာဖြတ်လျှောက်မိလျှင် နှားခေါင်းရှုံ့ကြလေ၏။စက်ရုံတွင် ဘီနာ့အား ချေချေငံငံစကားပြောသူဟူ၍ ထမင်းချက် အမျိုးသမီးကြီးတစ်ယောက်သာရှိလေသည်။ထိုထမင်းချက် အမျိုးသမီးကြီးသည် လူအများက ဘီနာ့ကို မတူမတန်သလို ဆက်ဆံနေကြသည်ကို ကြည့်ပြီး တစ်ခါတစ်ရံ၌အားပေးစကားပြောတတ်လေသည်။ "မင်းဘာမှ ၀မ်းနည်းမနေနဲ့ ... သူတို့က ငရဲပန်းကို တော်ဝင်ပန်းထင်နေကြတာ ...မိန်းခလေးတွေလဲ ဘာထူးလဲ ဒီအတိုင်းပဲ ... သူတို့ မင်းကို လူရာမသွင်းတာပဲ ခပ်ကောင်းကောင်း ...မဟုတ်ရင် သူတို့ အလုပ်မှန်သမျှ မင်းကို ခိုင်းနေကြမှာ သိရဲ့လား " ထမင်းချက် အမျိုးသမီးကြီးထံမှ ထိုစကားကိုကြားရသည့်အခါ၌ ဘီနာသည် ပို၍ ညစ်ပေစုတ်ပြတ်အောင်နေခဲ့သည်။အိပ်ရာဝင်ကာနီးအချိန်တွင်သာ ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်းများကို ပြုလုပ်ပြီး ကျန်အချိန်များ၌မူ ပြာအလူးလူးဖြင့် နေလေသည်။ထိုသို့ နေထိုင်ခြင်းကြောင့်ပင်လျှင် ဘီနာ့ကို မည်သူကမျှ အဖက်မလုပ်ဘဲ ရှိကြလေ၏။ဒါသည်ပင် ဘီနာ့အတွက် အခွင့်အရေးဖြစ်လေသည်။ ~~~~ ညအမှောင်သည် ဘီနာ၏ ပြာ အလူးလူးနှင့် ညစ်ပေနေသော ကိုယ်လုံးသေးသေးလေးအား အပြည့်အ၀ ကာကွယ်ပေးထား လေသည်။ဘီနာ၏ခြေလှမ်းများသည် တိုက်ကြီးအနားသို့ တစ်စစချဉ်းကပ်လာခဲ့ပြီးလျှင် တိုက်ကြီး၏ အနောက်ဘက်ဆီသို့ တိုးကပ်၍ သွားလိုက်လေသည်။ နှင်းမှုန်များတဖွဲဖွဲကျဆင်းနေသော မှောင်မိုက်နေသည့် အမှောင်ထုအောက်တွင် သက်ရှိဟူ၍ ဘီနာတစ်ယောက်တည်းသာရှိသည်။ယနေ့ နေ့ခင်းက တိုက်ကြီးထဲရှိမီးလင်းဖိုတွင် ထင်းများဝင်ထားရင်းမှ နောက်ဖေးပြတင်းတံခါးတစ်ချပ်ကို မသိမသာ ဖွင့်ဟထားခဲ့ခြင်းဖြစ်သည်။ ပြတင်းတံခါးချပ်ကို အသာဟဖွင့်လိုက်ပြီးနောက် အသံမထွက်အောင် ဘီနာဝင်လိုက်သည်။တိုက်ကြီးသည် သူဌေးနှင့်သူ၏ သားဆိုသူ လာသောအခါမှသာ အသုံးပြုကြခြင်းဖြစ်လေသည်။ဘီနာရောက်ပြီးနောက်တွင် သူဋ္ဌေးကြီးမှလွဲ၍ သူ၏ သားဆိုသူမှာ ရောက်လာခဲ့ခြင်းမရှိပေ။သူဌေးကြီးသည်လည်း နေ့လယ်နေ့ခင်းများ၌သာ သူ၏အလုပ်သမား အခြွေအရံများနှင့် ရောက်လာလေ့ရှိပြီး နေဝင်သည်နှင့်ပြန်လေ့ရှိလေသည်။တိုက်ကြီးထဲတွင် လူမရှိသော်လည်း မက်ဂန်းတို့မိသားစုနှင့်အတူ ခွေးဘီးလူးများကဲ့သို့ ကြမ်းတမ်းခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော မက်ဂန်း၏ လက်ရင်းတပည့်များသည် တိုက်ကြီး၏ ရှေ့ဘက်တွင် အလှည့်ကျ စောင့်လျက်ရှိကြလေသည်။သူတို၏ လက်ထဲသို့ ကျရောက်သွားလျှင်တော့ အဖမ်းခံရသူ၏ ဘဝသည် တွေးဝံ့စရာမရှိပေ။ဘီနာ့လို ခပ်သေးသေး ခန္ဓာကိုယ်လေးဆိုလျှင်မူ တစ်ချက်ကိုင်ပေါက်စရာသာရှိပေလိမ့်မည်။

ဧကြည်ဖြူ "ဘီနာ " အပိုင်း(၅) ******* "ဒီလောက်စုတ်ပျက်နေတာကို မင်း ဘယ်ကများတွေ့လာတာလဲ ... လူကသေးသေးညှပ်ညှပ်နဲ့ ဘာခိုင်းလို့ရမှာလဲ ... သူဌေးလဲ သဘောကျမယ် မထင်ဘူး " အလုပ်သမားခေါင်းဆောင်ဖြစ်သူသည် ပြာမှုန့်များဖြင့် ပေပွနေသော အနွေထည်အစုတ်ကြီးဝတ်ထားသည့် လူငယ်လေးကို စောင်းငဲ့ကြည့်လိုက်ရင်းမှ ဖက်တီး ဆိုသူအား ခပ်ကြိတ်ကြိတ်ပြောလိုက်လေသည်။ "ဘာလဲ ... ဒါဆိုမလိုချင်ဘူးပေါ့ .... မလိုချင်လဲ ရတယ် ..... သူဋ္ဌေးအိမ်တစ်အိမ်မှာ သွားရောင်းလိုက်မယ် ...ရွှေဒင်္ဂါး တစ်ပြားနဲ့ တစ်သက်လုံးခိုင်းလို့ရမဲ့ကျွန်တစ်ယောက်ရမှာကို နာတယ်ထင်နေတာလား " ဖက်တီးသည် အသံမာမာဖြင့်ပြန်လည်ပြောဆိုလိုက်လေသသည်။ "အောင်မယ် မင်းက ခုတော့ ဒီလိုပြောပြီးပေါ့ ...မင်းငွေ၀င်လမ်းဖြောင့်အောင် တို့သူဌေးက လုပ်ပေးထားတာကို မေ့နေတာလား ...ကဲပါ ထားခဲ့လိုက် ... ဘာမှ ခိုင်းမရလဲ သူနဲ့လိုက်ဖက်တဲ့ ထင်းရုံထဲမှာ ထားရမှာပေါ့ ..." အလုပ်သမားခေါင်းဆောင်နှင့် ဖက်တီးတို့ အရောင်းအဝယ် အဆင်ပြေသွားပြီးသည့်နောက်တွင် ဖက်တီးသည် ရွှေဒင်္ဂါး တစ်ပြားကို ယူဆောင်ပြီးလျှင် ပြန်သွားခဲ့လေသည်။ ~~~~~~~ "မင်း နာမည် ဘယ်လိုခေါ်လဲ " "ဘီနာ " ဘီနာသည် သူမ၏ နာမည်အရင်းကို မပြောဘဲ မြိုတွင် လူအများခေါ်သည့် နာမည်ကိုသာပြောလိုက်လေသည်။ ~~~~ ဘီနာ၏ အလုပ်တာဝန်သည် ထင်းတုံးများကို လက်တွန်းလှည်းထဲသို့ထည့်သယ်လာခဲ့ပြီးလျှင် နေရာအသီးသီးသို့ ပို့ဆောင်းပေးရသည်။လိုအပ်လျှင် မီးဖိုများလည်း မီးမွှေးပေးရသည်။ထင်းရုံမှ ကိစ္စအဝဝမှန်သမျှနှင့် လူတကာ နားခေါင်းရှုံ့သော အောက်ခြေသိမ်းအလုပ်မှန်သမျှကို ဘီနာလုပ်ရသည်။တစ်နေ့ ထမင်းနှစ်နှပ်နှင့်ပေါင်မုန့်ကြမ်းတစ်လုံး ကျွေးသည်။ထင်းရုံအနီးနားရှိ သစ်လုံးတဲငယ်လေးထဲမှာပင် ဘီနာနေခွင့်ရသည်။ရောက်သည်မှာ နှစ်ရက်ပင်မပြည့်သေးသော်လည်း ဘီနာသည် ရှိရင်းစွဲ ကိုယ်လုံးထက်ပင် ပို၍သေးကွေးသွားသယောင်ရှိလေသည်။ပင်ပန်းလွန်းသော ဒဏ်ကြောင့် အဝေးဆုံးသို့ ဘီနာထွက်ပြေးချင်နေပြီဖြစ်သော်လည်း မြို့တွင်လည်း ဆွေမျိုးရင်းချားမရှိသလို ငှါးရမ်းထားသော အိမ်မှာလည်း နှစ်ပြည့်သွားပြီဖြစ်သောကြောင့် ဖခင်ကြီး၏ ဇာတိမြေတွင် အခြေချရန် လာရောက်ခဲ့ခြင်းဖြစ်ပေသည်။မြို့လေးသို့ ရောက်ချိန်၌ အရှုံးကိုပိုက်ပြီး ပြန်ရန်ဖြစ်သော်လည်း ကံကြမ္မာသည် ဘီနာ့အား ခွင့်မပြုခဲ့ခြင်းပေပဲလား။ထိုစဉ်က အသက်လုကာ ပြေလွှားခဲ့ပြီးလျှင် မီးလင်းဖိုထဲ၌ ပုန်းအောင်းနေခဲ့ရချိန်တွင် ဘီနာသည် ကိုယ့်ဘဝကိုယ်တွေး၍ စိတ်နာခြင်းဖြစ်ရလေသည်။မြို့သို့ပြန်လျှင်လည်း နေစရာမရှိသော ဘဝနှင့် သေမထူးနေမထူး ဘ၀မျိုးသို့ပြန် ရောက်ရမည်ကို တွေးမိသောအခါ၌ ဘိုးဘွားပိုင်ခြံကို ပြန်လည်ရယူချင်စိတ်များ ဖြစ် ပေါ်လာမိသည်။မည်သို့ပင်ဖြစ်စေ နောက်ဆုံးအနေဖြင့် ဘီနာစွမ်းသမျှ ကြိုးစားကြည့်ချင်သေး၏။ဒါသည်ပင်လျှင် ဘီနာ၏အခွင့်အရေး ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ ~~~~~ "ဟဲ့ ကောင်လေး ဘာတွေ သွားချောင်းနေတာလဲ ...ဘာလဲ နင်က အဲ့ဒီမှာ အလုပ်သွားလုပ်ချင်တာလား " ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့်ဘီနာလန့်သွားမိသည်။အသံရှင်မှာ ထမင်းချက်ဆောင်မှ မိန်းမကြီးဖြစ်လေသည်။အမျိုးသမီးကြီးသည် ဘီနာနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။ " အဲ့ဒီထဲမှာ အလုပ်သွားလုပ်ဖို့ မစဉ်းစားနဲ့ ဟိုကောင်တွေက လူစိတ်ရှိတာမဟုတ်ဘူး သိရဲ့လား ..ဒီကိုလာပြီး ငါ့ကို လာဝိုင်းကူပေး " အမျိုးသမီးကြီးက ထိုမျှသာပြောပြီး အသားဗန်းကြီးကို ရေစည် နားတွင်ချလိုက်လေသည်။ဘီနာလည်း အလိုက်တသိနှင့်ပင် သားလှီးဓါးနှင့် ဓါးသွေး ကျောက်ထုံးကို အမျိုးသမီးကြီး၏အနားတွင် ချပေးလိုက်လေသည်။ "ကောင်လေး ... ဒီညနေ သူဌေးလာလိမ့်မယ် ... နင်လုပ်စရာရှိတာတွေကို သေချာလုပ်ထားနော် ... မဟုတ်ရင် မက်ဂန်းဆိုတဲ့ကောင်က သူမျက်နှာရဖို့ နင့်ကို နှိပ်စက်ပြလိမ့်မယ် " အမျိုးသမီးကြီးပြောသော မက်ဂန်းဆိုသည်မှာအလုပ်သမားများ၏ခေါင်းဆောင် သူဋ္ဌေး၏ လူယုံ ဖြစ်လေသည်။မက်ဂန်းသည် တစ်ခါကခေါင်မိုးပေါ်မှပြုတ်ကျသော လူရွယ်အား ထိပ်ဆုံးမှ နှိပ်စက်ခဲ့သူဖြစ်လေသည်။သူတို့သည် ဘီနာ့၏ မျက်နာကို သေသေချာချာ မမြင်ဖူးကြသော်လည်း သူတို့၏ မျက်နှာများကို ဘီနာက မှတ်မိနေသည်။သို့စေကာမူ ဘီနာတည်းခိုးရာအထိ လိုက်လာပြီး သတ်ရန် လုပ်ခဲ့သူကိုမူ မတွေ့ရပေ။သေချာသည်မှာ ထိုသူသည် ဘီနာ့ကို အသည်းအသန်လိုက်လံရှာဖွေနေပေလိမ့်မည်။ ~~~~~~~ " အခြေအနေဘယ်လိုလဲ မက်ဂန်း ... လကုန်ရင်စစ်ဆေးရေးမှူးတွေ လာလိမ့်မယ် ... ထုံးစံအတိုင်း ပေးစရာရှိတာတွေကို သူတို့အိမ်တွေကို ပို့ထားလိုက်...ကောင်မလေး အခြေအနေရော ဘယ်လို ရှိသလဲ ... " သူဌေးမင်းသည် မက်ဂန်းအား အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ "အခြေအနေကောင်းပါတယ်ဆရာ ... ဒီတိုင်းပဲ ဆက်ချုပ်ထားရမလား...ရှင်းပစ်လိုက်ရမလား ...သူ့ယောကျာ်းသေသွားတာကိုသိရင် ငြိမ်ခံနေမှာမဟုတ်ဘူးထင်တယ် "

"အသုံးမကျတဲ့ကောင်... မိန်ခလေးတစ်ယောက်ကိုတောင် အမိမဖမ်းနိုင်ဘူးလား ...တကယ်လို့သာ ဒီသတင်းက မြို့ကြီးထိ ရောက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ... ဒီနေ့သူ့ကို ရအောင်ဖမ်းကြ ....မနေ့က ဟိုကောင့်ရဲ့ အလောင်းကို သက်သေမရှာနိုင်အောင် ဖျောက်ပစ်လိုက်ကြ ...ဖမ်းမိထားတဲ့ လူတွေကိုလဲ သေချာစောင့်ကြည်ထားအုံး ...တကယ်လို့များ ဟိုနှစ်ယောက် အကြောင်းလာစုံစမ်းတဲ့သူရှိရင် ... သူတို့ အလုပ်ထွက်ပြီးပြန်သွားပြီလို့ ပြောလိုက်ကြ...ဒီကိစ္စမှာ ငါ့သားပါနေတာကို ဘယ်သူမှသိလို့မဖြစ်ဘူးနော် ...သိခဲ့ရင် မင်းတို့မိသားစုတွေ ဘာဖြစ်သွားမလဲဆိုတာသိတယ် မဟုတ်လား...ရော့...ဒီမှာ မင်းတို့ သုံးဖို့ " သူဌေးမင်းသည် ရွှေဒင်္ဂါး တစ်ပြားကို သူ၏ သစ္စာတော်ခံအလုပ်သမားများ၏ရှေ့ ကြမ်းပြင်ပေါ်သို့ပစ်ချပေးလိုက်ပြီးလျှင် အခန်းအပြင်သို့ထွက်ခဲ့လေသည်။ ~~~~ " ဟေ့ ... မင်းက ဘယ်သူလဲ ... ဒီနေရာမှာ ပိုက်ဆံ တောင်းခွင့်မရှိတာ မသိဘူးလား " ဖက်တီးသည် ဘူတာ၏ ထောင့်တစ်နေရာတွင် အဝတ်အစားဟောင်းဟောင်းနွမ်းနွမ်းနှင့် ထိုင်နေသော စုတ်တိစုတ်ပဲ့ပုံနှင့် လူငယ်လေးကို မေးလိုက်သည်။ထိုအခါ အပေါက်အပြဲများ ပြည့်နှက်နေသော ကုတ်အင်္ကျီစုတ်ကို ဝတ်ဆင်ထားသော လူရွယ်သည် တစ်ချက်မော့ကြည့်လာပြီလျှင် အာလုပ်သံကြီးနှင့် ပြန်ပြောလိုက်လေသည်။ " ငါက သူကောင်းစားမဟုတ်ဘူး... အလုပ်လိုချင်လို့ ဒီမြို့ကို ရောက်လာခဲ့တာ " "အောင်မယ် .. မင်းက ဘာများလုပ်နိုင်လို့လဲ ..." " ငါဘာမဆိုလုပ်နိုင်တယ် ... မင်းမှာ အလုပ်ရှိလို့လား " "ငါ့မှာတော့ အလုပ်ဘယ်ရှိမလဲ ...ငါတို့ သူဋ္ဌေးဆီမှာ အလုပ် ပြောပေးမယ် ..... မင်း အလုပ် လိုချင်ရင် ငါနဲ့လိုက်ခဲ့လေ " ဖက်တီးသည် ကုတ်အင်္ကျီစုတ်ဖားဖားကြီးအောက်မှ သေးသေးကွေးကွေးပုံစံ လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူငယ်လေးမမြင်အောင် တစ်ဖက်သို့လှည့်၍ ပြုံးလိုက်လေသည်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၅ ) ဆက်ရန် ဧကြည်ဖြူ

"မိတ်ဆွေ လမ်းလျှောက်နိုင်ရဲ့လား ....ကျွန်မတို့ ဒီနေရာက အမြန်ဆုံးထွက်သွားမှ ဖြစ်မယ် ... သူဋ္ဌေးမင်းရဲ့ သြဇာက ဘယ်နေရာအထိ သက်ရောက်လဲ ဆိုတာ ပြောပြပါ အန်တီ " ဘီနာသည် ဧည့်သည်ကို ပြောလိုက်ပြီးလျှင် တည်းခိုရိပ်သာ အမျိုးသမီးကြီးကိုပါမေးလိုက်လေသည်။ " သူဌေးမင်းက သြဇာအာဏာ သိပ်ရှိတယ် ...သူ့မှာ ငွေတွေလဲ အများကြီးရှိတယ် ...အဲ့ဒီငွေနဲ့ ဘယ်သူ့ကိုမဆို ခိုင်းလို့ရတယ် သိရဲ့လား ...မင်းတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး ... မင်းတို့ သူ့အလုပ်သမားကို ရန်ရှာတဲ့အတွက် ...ဖမ်းမိတာနဲ့ မင်းတို့ အသတ်ခံရမှာပဲ " ဘီနာသည် အမျိုးသမီးကြီးကို ဘာမျှပြန်မပြောဘဲ ဆေးဝါးများကို ယူ၍ ကျောပိုးအိတ်ထဲသို့ထည့်နေသည်။ပြီးနောက် ဓါးတိုတစ်ချောင်းနှင့် ကပ်ကြေးကိုယူ၍ ကျောပိုးအိတ်ထဲသို့ထည့်လိုက်သည်။ပြီးနောက် အမျိုးသမီးကြီးကို ခပ်စူးစူးတစ်ချက် စိုက်ကြည်လိုက်သည်။ "အသတ်ခံရမယ်တဲ့လား .... ကျွန်မတို့က သေမှာကိုကြောက်လို့ ကြိုးစားနေတာလေ ... သေချာတာက လူဆိုတာ သေမျိုးချည်းပဲမို့ ...ကျွန်မတို့မသေဘဲ သူတို့လည်း သေနိုင်တာပဲ မဟုတ်လား ...ကျွန်မတို့ အသက်ရှင်ဖို့အတွက် ကျွန်မတို့ကြိုးစားနေတာလေ " ဘီနာက စကားရှည်ကြီးကို ပြောလိုက်ပြီးနောက် အမျိုးသမီးကြီး ကမ်းပေးသော လမ်းညွှန်မြေပုံကို အာရုံစိုက်၍ ကြည့်လိုက်လေသည်။ " အလုပ်သမားက မသေပါဘူးရှင် ...သတိလစ်နေတာပါ ... သူ့ကို အခန်းထဲမှာ ချုပ်ထားခဲ့သလို ... အန်တီ့ကိုလဲ ချုပ်ထားခဲ့ပါရစေ ...ဒါမှသာ အန်တီ့အတွက်လဲ အန္တရာယ် ကင်းမယ် ထင်ပါတယ် " ဘီနာဟာ ပြောပြောဆိုဆို နှင့်ပင် အမျိုးသမီးကြီးကို ချုပ်နှောင်လိုက်ပြီး အခန်းတစ်ခန်းထဲသို့ထည့်လိုက်သည်။ဒဏ်ရာရထားသော လူသည် ဘီနာလုပ်ကိုင်နေသမျှကို မျက်လုံးအပြူးသားနှင့် ငေးမော၍နေလေသည်။ ~~~~ " ဒီပုံနဲ့ သူတို့လက်ကနေ ကျုပ်တို့လွတ်နိုင်ပါ့မလား မိန်းခလေး ... မင်း မကြောက်ဘူးလား " ဧည့်သည်၏ စကားကြောင့် ဘီနာသည် သူ့လက်ထဲမှ သော့တွဲကို ကောင်တာ အံဆွဲထဲသို့ထည့်လိုက်ပြီး အသံ ခပ်မှန်မှန်နှင့် ပြန်ဖြေလိုက်လေသည်။ " ကြောက်တာပေါ့ ...ဒါပေမဲ့ ကြောက်လွန်းလို့ ရဲရင့်လာတယ်ထင်ပါရဲ့ ...ခုချိန်မှာသေရမယ်ဆိုရင်တောင် ရဲရဲရင်ဆိုင်ပြီးပဲ သေပစ်လိုက်ချင်တယ် ...မိတ်ဆွေရော ကျွန်မနဲ့လိုက်မှာလား ...ကိုယ့် ဘာသာပြေးမှာလား ...အကြံပေးချင်တာက ... မိတ်ဆွေမှာ ငွေကြေးလုံလောက်တယ်ဆိုရင် ကားငှါးပြီး ဒီမြို့က အမြန်ဆုံးထွက်သွားပါ ... အခုချိန် မိတ်ဆွေကြီးရဲ့ အကြောင်းကို ဘယ်သူမှ မသိသေးလို့ အန္တရာယ် ကင်းလောက်မှာပါ ...ခုပဲ လက်မှတ်ရုံကို အမြန်ဆုံးသွားပေတော့ " " မင်းရော ...ငါနဲ့လိုက်ခဲ့လေ မိန်းခလေး ....ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် မိန်းခလေးကို ကျေးဇူးဆပ်ပါရစေ " "မလိုပါဘူး မိတ်ဆွေကြီး ...တကယ်လို့ ဖြစ်နိုင်မယ်ဆိုင်တော့ မိတ်ဆွေကြီးရဲ့ အဝတ်ဟောင်း တစ်စုံလောက်ပဲဖြစ်ဖြစ် ပေးခဲ့ဖို့ တောင်းဆိုပါရစေ ... ပြီရင်တော့ ကျွန်မ တို့ဒီမှာပဲ လမ်းခွဲကြပါစို့ " ~~~~~ နှင်းမှုန်များသည် တဖွဲဖွဲကျဆင်းလျက် ။အမှောင်ထုသည် အားကောင်းနေဆဲပင်။ဘီနာသည် တည်းခိုရိပ်သာထဲမှ ထွက်ခဲ့ဟန်ပြုပြီးနောက် တည်းခိုရိပ်သာ၏ နောက်ဘက်မှ ပြန်၍ လျှောက်ဝင်ခဲ့သည်။ပြီးလျှင် ခပ်စောစောက ဖွင့်ဟထားခဲ့သော ပြတင်းတံခါးတချပ်ဆီသို့ချဉ်းကပ်လိုက်ပြီးလျှင် ခြေသံလုံလုံ နှင့်အခန်းထဲသို့ဝင်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ် မှောင်မည်းလျက်ပင်။ တည်းခိုရိပ်သာတစ်ခုလုံး၌ တစ်ချက်တစ်ချက်တွင် အမျိုးသမီးကြီး၏ ညည်းညူသံမှအပ တိတ်ဆိတ်လျက်ရှိသည်။ဘီနာသည် မှောင်မှောင်မည်းမည်းထဲ၌ သူမ၏ခေါင်းထက်မှ ဆံပင်များကို စုကိုင်လိုက်ပြီးလျှင် ကပ်ကြေးနှင့် ညှပ်ချပစ်လိုက်သည်။ပြီးလျှင် လက်နှင့် ခေါင်းကိုစမ်းကိုင်လိုက်သည့်အခါ ထိုးထိုးထောင်ထောင် ဆံပင်များကို စမ်းမိလေသည်။ဆံပင်ညှပ်ဆရာဆိုလျှင် မည်သို့ရှိမည်မသိသော်လည်း ဘီနာ့အတွက်ကိုယ့်ခေါင်းမှ ဆံပင်ကို ပြန်၍ ညှပ်ရသည်မှာ ခက်ခဲလှပေသည်။သည်ကြားထဲ အမှောင်ထုကြီးထဲ၌ လက်နှင့် ကိုင်စမ်းပြီး ညပ်နေရသောကြောင့် သာ၍ဒုက္ခများလှပေသည်။ခေါင်းထက်မှ ဆံပင်များကို လက်နှင့်ကိုင်စမ်း၍ ညှပ်နေရာမှ ငုံတိတိအနေအထားသို့ရောက်သောအခါ ဆံပင်ညှပ်ခြင်း ဘီနာရပ်တန့်လိုက်လေသည်။ပြီးလျှင် သူမ၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး အင်္ကျီစကို အသံမထွက်အောင် ကပ်ကြေးနှင့်စမ်း၍ညှပ်ပစ်လိုက်သည်။ ပြီးနောက် ညှပ်ပြီးသော အဝတ်စနှင့်သူမ၏ ခပ်ရွယ်ရွယ်ရင်အစုံကို ခပ်တင်းတင်း စည်းနှောင် ပစ်လိုက်သည်။အားလုံးပြီးသွားသောအခါ၌ ဧည့်သည့်ထံမှ တောင်းထားသော ဝတ်စုံကိုလက်နှင့် စမ်း၍ဝတ်လိုက်သည်။ ~~~~~~~ " ဖြန်း " သူဌေးမင်း၏ လက်ဝါးစောင်းသည် အလုပ်သမား၏ မျက်နှာပေါ်လို့ အရှိန်အဟုန်ဖြင့် ကျရောက်လာလေသည်။

" မပေးဘူး ... မပေးတော့ ဘာဖြစ်လဲ .... အသက်မသေချင်ရင် ပါးစပ်ပိတ်ပြီးငြိမ်နေစမ်း " အလုပ်သမားနှင့် ဧည်သည်တို့မှာ တစ်ယောက်တစ်ခွန်းစကားများကြရင်းမှ တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်ကြတော့လေသည်။ထိုအချိန်၌ တည်းခိုခန်းပိုင်ရှင် မိန်းမကြီးသည် နီးစပ်ရာအခန်းထဲသို့ ၀င်၍ ပုန်းရှောင်နေလေသည်။ ~~~~ " ဝုန်း ...ဒုန်း " ဘီနာသည် ထိုးကြိတ်ရိုက်ပုတ်နေသော အသံများကို နားစွင့်နေရင်းမှ ဒေါသကြောင့်ခြေလက်များမှာ တဆတ်ဆတ်တုန်ယင်လာသည်။ကြောက်စိတ်သည် ဒေါသစိတ်သို့ တစ်မုဟုတ်ချင်းပြောင်းလဲလာသည်။သစ်သားထင်းတုံးကို ဆုပ်ကိုင်၍ ဘီနာအပြင်သို့ ထွက်လာခဲ့သည်။ဧည့်ခန်းကောင်တာသည် ဝါကျင့်ကျင့်မီးရောင် အောက်၌ စိတ်ပျက်လက်ပျက်ရှိနေသယောင်။ဘီနာက ခြေလှမ်းကို ခပ်ဖွဖွနင်းလျက် အိပ်ခန်းများရှိရာဆီသို့ ရောက်လာခဲ့သည်။ ဘီနာ့ရှေ့မှ မြင်ကွင်းသည် ရင်ထိတ်စရာကောင်းလှပေသည်။ညအိတ်ဝတ်စုံနှင့် လူမှာ ကြမ်းပြင်ပေါ်တွင် ပက်လက်အနအထားနှင့် ရှိနေလေသည်။ထိုသူ၏ ကိုယ်ပေါ်၌ အလုပ်သမားသည် အပေါ် စီးမှမိုးထားပြီးလျှင် လက်သီးနှင့် တစ်ချက်ပြီးတစ်ချက်ထိုး၍ နေလေသည်။အောက်မှ ခံနေရသော ဧည့်သည်မှာ အသက်ခပ်မျဉ်းမျဉ်းသာ ရှူနိုင်တော့သည့် အနအထားဖြစ်သော်လည်း အလုပ်သမားမှာ ကျေနပ်ဟန်မတူဘဲ ရှိလေသည်။မြင်ကွင်းကို ဘီနာ ဆက်ကြည့်၍ မနေနိုင်တော့ပါချေ။လက်မှ သစ်သားတုံးကို ကိုင်မြှောက်လိုက်ပြီးနောက် အားကုန်ရိုက်ချလိုက်လေသည်။ " အား ...." အလုပ်သမားထံမှ အသံနက်ကြီးနှင့် အော်သံ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်ကြီးမှာ ဘေးသို့ ခွေလဲကျသွားလေသည်။အလုပ်သမားလဲကျသွားသည်နှင့် အောက်မှ လူကို ဘီနာက ဆွဲထူလိုက်သည်။ "မိတ်ဆွေ ... မိတ်ဆွေ သတိထားပါအုံး ..... ကျွန်မတို့ ဒီနေရာကထွက်သွားမှဖြစ်မယ်ထင်တယ် " ဘီနာသည် ဧည့်သည်၏ ခန္ဓာကိုယ်ကို ပွေ့ထူပြီးပြောနေစဉ်မှာပင် တည်းခိုရိပ်သာ ပိုင်ရှင်အမျိုးသမီးကြီး ဘီနားတို့နားသို့ ရောက်လာပြီးလျှင် အထိတ်တလန့်ပြောလိုက်လေသည်။ "အမယ်လေး .... ဘယ်လိုတွေဖြစ်ကုန်တာလဲ ... သူဋ္ဌေးမင်းသိရင် မင်းတို့ ရောငါပါဒုက္ခရောက်ကုန်တော့မှာပဲ " အမျိုးသမီးကြီး၏ အသံကြောင့် ဘီနာမှာစိတ်တိုသွားရပြီးလျှင် အမျိုးသမီးကြီးအား လှမ်းပြောလိုက်သည်။ " အသံကိုတိုးတိုးပြောပါရှင် ...ကျွန်မတို့ကအန်တီ့ တည်းခိုခန်းမှာ လာတည်းတဲ့ ဧည့်သည်တွေပါ ... ကျွန်မတို့ရဲ့ လုံခြုံမှုအတွက်အန်တီ့မှာ အပြည့် အ၀တာဝန်ရှိပါတယ် ...ဒါပေမဲ့ အခုတော့ အန်တီကိုယ်တိုင်က လမ်းပြခဲ့တာဆိုတော့ ဒါဟာ အန်တီ့ရဲ့အပြစ်ပဲ " " ငါ့အပြစ်ဟုတ်လား မိန်းခလေး ...တကယ်လို့ ငါသာလမ်းမပြခဲ့ရင် ငါဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းသိရဲ့လား ... ဒီဘက်နယ်မှာ သူဋ္ဌေးမင်းကို ဆန့်ကျင်တဲ့သူမှန်သမျှက အသက်သေရင်သေ မသေရင် စီးပွားပျက် ဘ၀ပျက်ကုန်ကြတာပဲ ဒါကိုမင်းသိရဲ့လား မိန်းခလေး...မင်းကို သူတို့ ဘာလို့ လိုက်ဖမ်းနေလဲ ဆိုတာကို ငါမသိဘူး ...သိလဲ မသိချင်ဘူး ...တကယ်လို့ ငါ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်လဲ ငါ့လိုပဲ မသိဟန်ဆောင်နေကြမှာပဲ သိရဲ့လား " အမျိုးသမီးကြီးသည် စကားရှည်ကြီးကို ပြောပြီးသည့်နောက်တွင် ဧည့်ကောင်တာရှိရာသို့ ခြေတုန်လက်တုန်နှင်ထွက်သွားလေသည်။ ~~~~ "လက်ထဲက တယ်လီဖုန်းကို ချလိုက်ပါရှင် ...မချရင် ကျွန်မအနေနဲ့ ညှာနေမှာမဟုတ်ပါဘူး " တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးသည် ဘီနာ၏ မာကျောခက်ထန်သောအသံနှင့် ဘီနာ့လက်ထဲတွင် ချိန်ရွယ်ထားသော သစ်သားတုတ်ကို ကြည့်၍ လက်ထဲမှ တယ်လီဖုန်းကို တုန်တုန်ယင်ယင်နှင့် ပြန်ချလိုက်လေသည်။ " ဒီမှာ မိန်းခလေး .ဒီကိစ္စကို သူဋ္ဌေးမင်းကို အကြောင်းကြားရမယ် ...မဟုတ်ရင် သူဌေးမင်းရဲ့ဒေါသက ငါ့အပေါ်ပုံကျလာနိုင်တယ် သိရဲ့လား ..." အမျိုးသမီးကြီး၏ စကားကြောင့် ဘီနာ့မှာ စိတ်ပျက်သွားရပြီးလျှင် " ကျွန်မကို ထားပါအုံး ...ဒီကဧည့်သည် မတရားလုပ်ခံနေရမှန်းသိသိနဲ့ အန်တီက ဒီစကားပြောရလားဟင် ...အခု သူ့မှာ ဒဏ်ရာတွေရထားတယ် ... တကယ်ဆို ဒီဒဏ်ရာတွေအတွက် ဆေးအရင် ပေးသင့်တယ်...ဒါပေမဲ့ အန်တီရဲ့ လုပ်ပုံက မှားယွင်းနေတယ် ... " "ငါလုပ်တာမမှားဘူး မိန်းခလေး...မင်းက သူဌေးမင်းရဲ့လူကို သတ်လိုက်တာ မဟုတ်လား ...အဲ့ဒီအတွက် ... ဒီကိစ္စဟာ ငါနဲ့မဆိုင်တာကို သူဋ္ဌေးမင်းကို ပြောပြမှ ဖြစ်မယ် " အမျိုးသမီးကြီးက အသံတုန်တုန်နှင့် ပြန်၍ ပြောလေသည်။ ဘီနာသည် အမျိုးသမီးကြီးကို စိတ်ပျက်လက်ပျက်နှင့် ကြည့်လိုက်မိပြီး " ကျွန်မတို့တွေခံနေရတော့ တစ်ယောက်ယောက်ဆီမှာ အကူအညီတောင်းဖို့ မကြိုးစားခဲ့ဘဲ ...သူဌေးမင်းရဲ့ လူကို ထိသွားတော့မှ အကူအညီ လိုအပ်သတဲ့လား ...ဒါဆိုရင်ဖြင့် သူဋ္ဌေးမင်းနဲ့ မတွေ့ခင် ကျွန်မနဲ့အရင် တွေ့တာပေါ့ ...ကျွန်မတို့ကို ဆေးသေတ္တာနဲ့ ဒီမြို့ရဲ့ လမ်းညွှန်မြေပုံကို ထုတ်ပေးပါ .... " ဘီနာသည် အမျိုးသမီးကြီးကို သစ်သားချောင်းနှင့် ချိန်ရွယ်ထားလျက်မှ လိုအပ်သည်များကို တောင်းလိုက်သည်။ ဒဏ်ရာရထားသော ဧည့်သည်မှာမူ ခြေတရွတ်ဆွဲလျက် နံရံကိုမှီကာ ရပ်နေလေသည်။

ဧကြည်ဖြူ " ဘီနာ " အပိုင်း ( ၄ ) ******* ခပ်ပြင်းပြင်းနင်းလာသော ခြေသံဟာ မီးလင်းဖို အနားသို့အရောက်မှာ ရပ်တန့်သွားလေသည်။ " တောက် " ခက်ထန်လှသော တောက်ခေါက်သံကြောင့် ဘီနာ၏ ခန္ဓာကိုယ်ဟာ ဆတ်ခနဲ တုန်လှုပ်သွားရသည်။ " ဒုန်း ` ဝင်လာသော သူသည် ဧည့်ကြိုကောင်တာ ခုံအား ခြေထောက်နှင့် ခပ်ပြပြေင်းတစ်ချက်ကန်လိုက်လေသည်။ပြီးလျှင် တည်ခိုးရိပ်သာ ပိုင်ရှင်အမျိုးသမီးကြီးကို ဒေါသတကြီးနှင့် လှမ်းခေါ်လိုက်လေသည်။ ဘီနာသည် တဆတ်ဆတ် တုန်နေသော လက်အစုံဖြင့် မီးလင်းဖိုထဲမှ အနေတော်အရွယ်သစ်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ထိုသို့ရှိစဉ်မှာပင် တည်းခိုခန်ပိုင်ရှင်အမျိုးသမီးကြီး၏ ခြေသံဖြစ်ဟန်တူသော လေးလေးပင်ပင် ခြေသံကို ကြားလိုက်ရလေသည်။ " ခင်ဗျားပြောတော့ ...ကောင်မလေးရှိတယ်ဆို ...အခန်းထဲမှာလဲ မရှိဘူး .. ခြံထဲမှာလဲ နေရာအနှံ့ရှာပြီးပြီ ...ကောင်မလေး ဘယ်မှာလဲ ...ခင်ဗျားရဲ့ တည်းခိုခန်းကို တစ်ခန်းချင်းစစ်ဆေးရမယ် ... အခန်းသော့တွေ ပေးပါ .. မပေးရင် တံခါးတွေကို အကုန်ဖျက်ဆီးပစ်ရလိမ့်မယ် " " အို ...ဒီလိုတော့ မလုပ်ပါနဲ့ရှင် ... ကျွန်မသူ့ကို မဝှက်ထားပါဘူး ...ပြီးတော့ သူ့မှာအခန်းသော့ တွေမရှိဘဲ အခြားအခန်းတွေကိုလဲ မဝင်နိုင်ပါဘူး ... ဒီမှာ အခြားတည်းခိုနေသူတစ်ယောက်လဲ ရှိလို့ ဒီလိုတော့ မလုပ်ပါနဲ့ရှင် " တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးသည် ခက်ထန်မာကျောလှသော အသံပိုင်ရှင်ကို ဘောင်းတောင်းပန်ပန်နှင့် ပြောလိုက်သည်။ " ဘာလဲ ခင်ဗျားက ကျုပ်တို့သူဌေးမင်းရဲ့ စကားကို ဆန့်ကျင်တာလား ...ခင်ဗျားရဲ့ တည်းခိုရိပ်သာကိုပါ ပိတ်သွားစေချင်တာလား * '" မ ...မလုပ်ပါနဲ့ရှင် ....အခန်းတွေကို စိတ်ကြိုက် ရှာဖွေပါ...မိန်းခလေးကို ဝှက်မထားပါဘူး " လေသံခပ်မာမာနှင့်ဟိန်းဟောက်လိုက်သော အသံကြောင့် အမျိုးသမီးကြီးသည် ပျာပျာသလဲနှင့် တောင်းပန်စကားဆိုလိုက်ပြီးနောက် သော့တွဲကို ယူကာ အိပ်ခန်းများရှိရာသို ခန္ဓာကိုယ်ဝ၀ကြီးနှင့် တုန်တုန်ယင်ယင် လျှောက်၍သွားလေသည်။ ~~~~~~~ ဘီနာသည် အသက်ပင်ရဲရဲမရှူဝံ့ဘဲ တစ်ချက်တစ်ချက်၌ . အသက်အောင့်၍ထားမိပြီးလျှင် မီးလင်းဖိုထဲ၌ မလှုပ်မယှက် ရှိလေသည်။ အတန်ကြာသောအခါ၌ အမျိုးသမီးကြီးနှင့် သူဌေးမင်းခိုင်းစေလိုက်သောသူသည် ဧည့်ခန်းဆောင်သို့ ပြန်၍ ရောက်ရှိလာလေသည်။ "ဒီတစ်ညနေလုံး ဒီထဲကနေ သူထွက်လာတာကို မတွေ့ရဘူး...သူက ဒီထဲမှာပဲ ရှိနေလိမ့်မယ် ...ခင်ဗျားကို သူဘာတွေ မေးသေးလဲ အကုန်ပြော " သူဌေးမင်း၏ အလုပ်သမားဆိုသူက မေးလိုက်သောအခါ အမျိုးသမီးကြီးက ခေတ္တမျှ ငြိမ်၍စဉ်းစားနေပြီးနောက် မှတ်မိသွားလေဟန်ဖြင့် အသံခပ်ကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်လေသည်။ " ဟုတ်ပြီ ...ကျွန်မမှတ်မိပါပြီ ...ကျွန်မ သူ့ကို့ ...( .....) မြို့ကို သွားတဲ့ တောအုပ်လေးအကြောင်းကိုတော့ ပြောပြလိုက်တယ် " အမျိုးသမီးကြီး၏ စကားကြောင့် အလုပ်သမားမှာ ဒေါသထွက်သွားပြီးလျှင် ကောင်တာခုံကို လက်ဝါးနှင့် ခပ်ကြမ်းကြမ်း ရိုက်လိုက်ပြီးလျှင် ဒေါသတကြီးနှင့် အော်လိုက်လေသည်။ "ထွက်ပြေးလာခဲ့တဲ့နေရာကို ပြန်သွားရအောင် သူကရူးနေလို့လား....သေချာတယ် သူဒီထဲမှာပဲ ရှိလိမ့်မယ် ... ကျုပ်တို့ သူဋ္ဌေးမင်း စိတ်ဆိုးနေပြီနော် ...ခင်ဗျားပါ ဝိုင်းရှာပါ " ခြေသံများသည် တည်းခိုရိပ်သာတစ်ခုလုံး ပြည့်နှက်လျက်။ တည်းခိုးရိပ်သာတွင် တည်းခိုနေသော မျက်နှာစိမ်းဧည့်သည်လည်း သူ၏အခန်းတံခါးကို တဒုန်းဒုန်းထုနေသော အသံကြောင့် အခန်းတံခါးကို ဖွင့်လိုက်ပြီးလျှင် ဒေါသသံနှင့် မေးလိုက်လေသည်။ " ဒီမှာ ဘာတွေများ ဖြစ်နေကြတာလဲဗျာ ... ပြောတော့ တည်းခိုးသူမရှိလို့ အေးအေးဆေးဆေး အနားယူလို့ရတယ်ဆို " အလုပ်သမားသည် ဧည့်သည်ဖြစ်သူအား စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဘေးသို့တွန်းထုတ်လိုက်ပြီးလျှင် အခန်းထဲသို့ဝင်သွားလေသည်။ပြီးနောက် တစ်ခန်းလုံးလှန်လှောရှာဖွေပြီးလျှင် ဧည့်သည်၏ပစ္စည်းများကို မွှေနှောက်ပစ်လိုက်လေသည်။သည်မျှ မကသေးဘဲ ဧည့်သည်၏ပစ္စည်းကောင်းတချို့ကို သူ၏အိတ်တွင်းသို့ ထိုးထည့်လိုက်လေသည်။ထိုမြင်ကွင်းကို ကြည့်၍ ဧည့်သည်မှာ လွန်စွာစိတ်ဆိုးသွားပြီးလျှင် အလုပ်သမား ယူထားသော သူ၏ ပစွည်းများကို ပြန်၍လုယူ၍ စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။ " ဒါ ဘာလုပ်တာလဲ မိတ်ဆွေ ...အဲ့ဒီပစ္စည်းတွေက ကျုပ်ရဲ့ပစ္စည်းတွေပါ ..မိတ်ဆွေရှာနေတဲ့သူကို မ တွေ့ရင်လဲ ကျုပ် ပစ္စည်းတွေကို ထားခဲ့ပြီး အေးအေးဆေးဆေး ထွက်သွားပါ " "အောင်မယ် ...မင်းကဘာကောင်လဲ.... မင်းပစ္စည်းတွေကိုငါကြိုက်လို့ ယူတာဘာဖြစ်လဲ ... အသက်မသေချင်ရင် ပါးစပ် တိတ်တိတ်နေ ..ငါတို့သူဌေးမင်းကိုများ မင်းကဘာထင်နေလဲ " အလုပ်သမားသည် ဧည့်သည်ကို ပြန်၍တွန်းထိုးလိုက်ပြီးလျှင် သူ၏သူဌေးမင်းနှင့် ခြိမ်းခြော်က်လိုက်လေသည်။ထိုအခါ၌ ဧည့်သည်ဖြစ်သူသည် အလုပ်သမားကို ပြန်၍တွန်းထိုးရုန်းကန်လိုက်ပြီးနောက် "မိတ်ဆွေတို့ရဲ့ သူဌေးမင်းကိုလဲ ကျုပ်မသိဘူး ...စိတ်လဲမ၀င်စားဘူး...ကျုပ်ရဲ့ပစ္စည်းတွေကိုသာပြန်ပေးပါ "

ပြီးသောအခါ၌ တစ်ချပ်တည်းသော ပြတင်းပေါက်ကို တွန်း၍ ဖွင့်ကြည့်လိုက်လေသည်။ထိုအခါ၌ ပြတင်းတံခါးသည် လွယ်ကူစွာပွင့်၍ သွားလေသည်။အရိပ်မည်းကြီးသည်လည်း ပွင့်သွားသော တံခါးပေါက်မှ လျှင်မြန်ဖျတ်လတ်စွာ ခုန်ချလိုက်ပြီးနောက် ထင်းရှူးပင်တန်းများရှိရာ ဘက်ဆီသို့ ပြေးဝင်၍ သွားလေသည်။ ~~~~~ ဘီနာသည် တထိတ်ထိတ်ခုန်လှုပ်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိ၍ အသက်ကို ခပ်ဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။အေးမြသော ဆောင်းကာလ၌ ဘီနာ့တစ်ကိုယ်လုံး ချွေးစေးများပြန်လျက်ရှိပေသည်။ပြင်ပတွင် အခြေအနေများ ငြိမ်သွားသော်လည်း ဘီနာမလှုပ်ရဲသေးပါ။ပြာစများနှင့် ထင်တုံးကြီးများဘေးတွင် ငြိမ်၍ ကုပ်နေမိသည်။တည်းခိုရိပ်သာ၏မီးလင်းဖို ဟောင်းကြီးသည် ဘီနာ၏အသက်ကို ကယ်တင်ခဲ့လေပြီ။သို့သော်လည်း ရှေ့ဆက်၍ မည်သို့ဖြစ်မည်ကိုမူ ဘီနာ မသိ။ ဤအရပ်ဒေသမှ မလွတ်မြောက်မချင်း ဘီနာသည် ကိုယ့်အသက်ကိုယ်မပိုင်။ယခုအချိန်၌ လွတ်မြောက်ခဲ့သော်လည်း အချိန်မရွေး ဖမ်းမိသွားနိုင်သည်ကို ဘီနာတွေးတောမိလေသည်။ဘီနာသည် မိလင်းဖိုကြီး၏ အေးစက် ပေပွနေသော ကျောက်နံရံကို မှီထားလိုက်ပြီး မှိန်းနေ၍နေလိုက်သည်။ထိုစဉ်မှာပင် တည်းခိုရိပ်သာ၏ ရှေ့တံခါးမကြီးမှာ တကျွီကျွီမြည်သံပေး၍ ပွင့်ဟသွားလေသည်။ထို့နောက်တွင် ခြေသံခပ်ပြင်းပြင်းနင်း၍ တည်းခိုရိပ်သာထဲသို့ လူတစ်ယောက် ၀င်ရောက်လာလေသည်။ @@@@@@@@@@@@@@@ အပိုင်း (၄ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ဧကြည်ဖြူ #ဘီနာ " အပိုင်း (၃) ******* အေးစက်စက် အခန်းကျဉ်းလေးထဲ၌ မြို့ကြီးတွေလို အပူပေးစက်လည်းမရှိ။မီးလင်းဖို လည်းမရှိ ။ ခပ်ထူထူစောင်တစ်ထည်၊ ဖက်ခေါင်းအုံးရှည်နှင့်ခေါင်းအုံးနှစ်လုံးသာရှိသည်။ထိုအခန်းကျဉ်းလေးထဲတွင် အောက်သိုးသိုးအနံ့များကိုပင် တစ်ချက်တစ်ချက်ရနေလေ၏။တစ်ချပ်တည်းသော ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ လေအေးများ အခန်းထဲသို့ ဝင်ရောက်လာသည်။ ဘီနာသည် အခန်းပြတင်းတွင် ရပ်လျက် ပြင်ပသို့ငေးမောကြည့်နေမိသည်။သည်နေ့အဖို့ တည်းခိုရိပ်သာသည် ဘီနာ့အတွက် လုံခြုံမှုရှိဖို့ရန် မသေချာသော်လည်း ဘီနာ့မှာ ရွေးချယ်စရာများများစားစား မရှိပါလေ။ သူဌေးမင်းသည် ဘီနာ့ကို တွေ့မြင်သွားပြီမို့ ဘီနာ့အတွက် အသက်အန္တရာယ်မှာ စိုးရိမ်စရာကောင်းလှပေသည်။အန္တရာယ်သည် ဘီနာ့ထံသို့ အချိန်မရွေး ကျရောက်လာနိုင်ပေသည် မဟုတ်ပါလား။ ~~~~ "ဒီမြို့မှာ အိမ်ခြေ ဘယ်လောက်ရှိလဲရှင် .... မြို့ကရော အတော်လေးကျယ်သလား " ဘီနာက နေ့လယ်စားနေရင်းမှ တည်းခိုရိပ်သာပိုင်ရှင် အမျိုးသမီးကြီးကို လှမ်းမေးလိုက်သည်။အမျိုးသမီးကြီးသည် ဘီနာ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးလျှင် လေသံခပ်အေးအေးနှင့် ပြန်၍ဖြေလေသည်။ "ဘယ်ကသာ ကျယ်မှာလဲ ...ဒီမြို့က ခပ်ကျဉ်းကျဉ်းရယ်...အိမ်ခြေ လည်း သိပ်မများဘူး..." " ( ....) မြို့နဲ့ရော သိပ်ဝေးသလား..." ဘီနာက ဖခင်ကြီး၏ ဇာတိမြို့လေးနှင့် အကွာအဝေးကို လှမ်း၍ မေးလိုက်ပြန်သည်။ "ရထားလမ်း...ကားလမ်းအတိုင်းသွားရင်တော့ အဝေးသားပေါ့ .... အနောက်ဘက်တောအုပ်လေးထဲက ဖြတ်သွားရင်.. မဝေးလှပါဘူး ...ဒါပေမဲ့တောအုပ်လေးထဲမှာ လမ်းတွေက ချော်ပြီး ဆိုးလို့ ....တော်ရုံ ဘယ်သူမှမသွားကြဘူး " " ဒါနဲ့ ဒီလောက်အေးနေတာကို မီးလင်းဖိုကို ဘာကြောင့်အသုံး မပြုတာလဲရှင် " ဧည့်ကောင်တာနှင့် မလှမ်းမကမ်းတွင် ရှိနေသော ထင်တုံးများသာ ထည့်ထားပြီး မီးမဖိုထားသော မီးလင်းဖိုကြီးကို ကြည့်ကာ ဘီနာက အမှတ်တမဲ့မေးလိုက်သည်။ထိုအခါ၌ တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးက ခပ်လေးလေးပြန်ဖြေလေသည်။ " အိုကွယ် .. ဧည့်သည်မှ မရှိဘဲ ... တော်ကြာနေ မင်းရာငါရော ...ကိုယ့်အခန်းထဲကိုယ် ၀င်နေကြမှာလေ ...ဒီဧည့်ခန်းမှာ ထိုင်နေမယ့်သူလဲရှိမှ မရှိတာပဲ " အမျိုးသမီးကြီး၏ အဖြေစကားကြောင့် ဘီနာဟာ အသုံးမပြုတာ ကြာပြီဖြစ်ဟန်တူသော မီးလင်းဖိုကြီးကို ခပ်တွေတွေငေး၍ကြည့်နေမိလေသည်။ စားသောက်ပြီးတဲ့အခါမှာ ဘီနာက တည်းခိုရိပ်သာ အပြင်ဘက်သို့ လမ်းလျှောက်ချင်စိတ်ဖြစ်ပေါ်နေသော်လည်း ထိုစိတ်ဆန္ဒကို မျိုသိပ်ပြီး အခန်းရှိရာဆီသို့ ပြန်ခဲ့လေသည်။ ~~~~~ အခန်းထဲသို့ရောက်သောအခါ၌ ဘီနာသည် အတန်ကြာ ငိုင်တွေလျက် စဉ်းစားနေမိပြန်လေသည်။ယနေ့အဖို့၌ ဘီနာသည် လွတ်မြောက်အောင် ရုန်းထွက်ပြေးနိုင်ခဲ့သော်ငြား အဖမ်းခံလိုက်ရသူ လူသုံးယောက် အကြောင်းကို တွေးလိုက်မိသောအခါ၌ ဘီနာ စိတ်မသန့်သလို ခံစားရလေသည်။သူတို့အကြောင်းများကို သိသိနှင့် ကိုယ်လွတ်ရုန်းပြေးရမည်ဆိုသောအခါ ဘီနာလိပ်ပြာမလုံချင်။ ထိုသူတို့အား ကယ်တင်နိုင်ရန်အလိုငှာ ဘီနာ မစွမ်းဆောင်နိုင်ပါချေ။စစ်မှန်ဖြောင့်မတ်မှုများသည် ဘီနာ့ဘက်တွင် မရှိပါချေ။ ~~~~~ တည်းခိုရိပ်သာ၏ ခေါင်မိုးထက်ဆီမှ ဆီးနှင်းများ တဖွဲ့ဖွဲ့ကျနေသံကို ကြားနေရသော်လည်း အအေးဓါတ်သည် ထင်သလောက် အကဲမပိုလှပြန်ပါလေ။သို့တည်းမဟုတ် ဘီနာသည်ပင် ပူပင်သောကများနေ၍ လေလား မပြောတတ်ပါချေ။အပြင်လောက၌ အမောင်ထုကြီး စိုးမိုးလာသကဲ့သို့ တည်းခိုရိပ်သာရှိ ဝါကျင့်ကျင့် မီးအချို့သည်လည်း ပိတ်၍ သွားကြလေပြီ။ ~~~~ "ဖျပ် ...ဖျပ် ..ဖျပ် " ဝါကျင့်ကျင့်ခပ်ကျဲကျဲ မီးရောင်အောက်၌ မည်းမည်းအရိပ် သဏ္ဍာန်တစ်ခုသည် အခန်းငယ်လေးများရှေ့တွင် တရွေ့ရွေ့လှုပ်ရှားသွားလာနေသည်။တစ်ခုသော အခန်းရှေ့သို့ ရောက်သောအခါ မည်းမည်း အရိပ်ကြီးသည် အချိန်အနည်းငယ်မျှ ရပ်တန့်လိုက်ပြီးသည့်နောက်တွင် အခန်းတံခါးကို သော့တံနှင့်စမ်း၍ ဖွင့်လိုက်သည်။ ပြီးနောက် တံခါးကို ခပ်ဟဟဖွင့်၍ကြည့်လေသည်။ ပွင့်ဟသွားသော တံခါးမှတဆင့် မှောင်မိုက်နေသော အခန်းထဲသို့ အရိပ်မည်းကြီးက ခပ်စူးစူးစိုက်၍ကြည့်နေသေးသည်။အတန် ကြာသောအခါ မျက်လုံးများသည် ကျင့်သားရသွားလေသည်အလား ခုတင်ပေါ်ရှိ ခပ်စောင်းစောင်း လှဲနေသူထံသို့ အသံမကြားရအောင် ချဉ်းကပ်သွားလေသည်။ အရိပ်မည်းကြီးသည် ခုတင်နားသို့ရောက်သည်နှင့် တစ်ပြိုင်နက် ခပ်စောင်းစောင်း လှဲနေသော သူ၏ ဦးခေါင်းရှိရာသို့မှန်းဆ၍ လက်အစုံကို ဆန့်တန်းထုတ်လိုက်ပြီးလျှင် အသင့်ပါလာသော ထူထူထဲထဲ အနွေးထည်နှင့်မျက်နှာရှိရာဆီသို့မှန်းဆ၍ ခပ်ကြမ်းကြမ်းအုပ်ချလိုက်သည်။သို့သော်လည်း လှုပ်ရှားမှုမရှိ၊ လူးလွန့် မှုမရှိသော ထိုအရာကြောင့် အရိပ်မည်းကြီး၏ လက်အစုံသည် ရပ်တန့်သွားရပြီးလျှင် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်လေသည်။ပြီးနောက် ခုတင်အောက်ပါမကျန် တစ်ခန်းလုံးကို လှည့်ပတ်ရှာဖွေလိုက်သည်။

သူဌေးမင်းအား မျက်နှာလို မျက်နာရလုပ်၍ ဘီနာအား အသံမာမာနှင့် ပြောလာသော မြို့လူကြီးမင်းကို ဘီနာသည် စိတ်ဆိုးမာန်ဆိုးတစ်ချက်ကြည့်ပြီးလျှင် ကျောပိုးအိတ်ကို ခပ်တင်းတင်းလွယ်လိုက်လေသည်။သည်မှာ ဆက်နေလျှင်ဖြင့် ဘီနာ့အတွက် အန္တရာယ် အငွေ့အသက်ကို မြင်နေရချေပြီ မဟုတ်ပါလော။ "မိန်းခလေးက မလိမ်မိုးမလိမ်မာ အရွယ်လေးမို့ သည်းခံပေးပါ လူကြီးမင်း ခင်ဗျာ ...လူကြီးမင်းရဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေအတွက် ကျွန်တော်ကပဲ ပြန်ပေးဆပ် ပါရစေ " သူဌေးမင်းနှင့် လူကြီးမင်းဆိုသူတို့ စကားပြောဆိုနေကြစဉ်မှာပင် ဘီနာသည် ကျောပိုးအိတ်ကို လွယ်လျက် လျှင်မြန်လှသော ခြေလှမ်းများဖြင့် အပြေးတစ်ပိုင်း ထွက်လာခဲ့လေသည်။ "ဟေ့ ...မိန်းခလေး ... မင်းအမှားတွေအတွက် သူဌေးမင်းကို တောင်းပန် သွားအုံးလေကွယ် .. တယ် ... ဒီမိန်းခလေးတွေကတော့ " ဘီနာထွက်သွားပြီးသည့်နောက်တွင် လူကြီးမင်းသည် ကျယ်လောင်သောအသံဖြင့် ဘီနာ့အားလှမ်း၍ အော်လိုက်လေသည်။သူဋ္ဌေးမင်းသည်မှာကား အဓိပ္ပါယ်ဖော်ရခက်သော အပြုံးမျိုးဖြင့် ပြုံး၍ နေလေသည်။ ~~~~~ "မနက် ဆယ်နှစ်နာရီကျော်ရင် အခြားမြို့ကို သွားမယ့် ယာဉ်ရထားတွေ မရှိတော့ဘူး မိန်းခလေး ... ဒါမှမဟုတ် မိန်းခလေးအနေနဲ့ ကားစင်းလုံးငှါးနိုင်ရင်တော့ အငှါးလိုက်မယ့်ကားတွေ ရှိပါတယ် " လက်မှတ်ဂိတ်မှ အမျိုးသမီးကြီး၏ စကားအဆုံးတွင် ဘီနာမှာ လွန်စွာပင် စိတ်ဓါတ်ကျဆင်း သွားရလေတော့သည်။ကားစင်းလုံးငှါးဖို့ရန်အတွက် ဘီနာ့တွင် လုံလောက်သော ငွေကြေးမရှိပါ။သည့်ထက်ဆိုးသည်မှာ သူဌေးမင်းသည် ဘီနာ၏ မျက်နှာကို မှတ်မိသွားခြင်းပင်ဖြစ်ပါလေသည်။ " ကားစင်းလုံးငှါးဖို့ကတော့ မဖြစ်နိုင်လို့ပါရှင် ... ဒီမြို့မှာ တည်းခိုရိပ်သာ ဖြစ်ဖြစ်ရှိရင် လမ်းညွှန်ပေးစေချင်ပါတယ် " ~~~~~~~ " အခန်းတွေက မှောင်လိုက်တာ "ဘီနာသည် ကိုယ်တိုင်ကြားရရုံမျှ အသံခပ်တိုးတိုးနှင့် ညည်းညူမိခြင်းသာ ဖြစ်လေသည်။တည်းခိုရိပ်သာပိုင်ရှင် ကြားလောက်အောင်တော့ မညည်းညူရဲပါလေ။ "ဒီမြို့လေးက သေးသေးလေးကွဲ့ ...တည်းခိုခန်းဆိုလို့ ဒိတစ်ခုပဲ ရှိတာ ... တည်းခိုသူလဲ မရှိပါဘူး..ရှားရှားပါးပါး မိန်းခလေးနဲ့မှ နှစ်ယောက်လားရှိတာ ... ဒီမှာ အခန်း (၉)ခန်းလွတ်နေတယ်...မိန်းခလေးကြိုက်တဲ့အခန်းမှာ နေပေတော့ " @@@@@@@@@@@@@@@@@@@ အပိုင်း (၃ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" မြို့ဝန်းရဲ့ တူဆိုတာတော့ အမှန်ပါပဲ ... ဒါပေမဲ့ စပ်လွန်းမှ တော်မယ့် အမျိုးတွေပါ...တကယ်တမ်းက သူကလဲ ကျုပ်ကို အသိအမှတ်မပြုသလို ...ကျုပ်ကလဲ သူ အိမ်နားတောင် မသွားရဲပါဘူး " လူရွယ်၏ အဖြေစကားကြောင့် ဘီနာလွန်စွာစိတ်ပျက်သွားမိလေသည်။ " ဒါဆိုရင်လဲ နှုတ်ဆက်ပါတယ် မိတ်ဆွေ ...ကျွန်မကတော့ ဒီဘူတာမှာ ဆင်းပြီး နီးစပ်ရာ စခန်းတစ်ခုကို သွားရပါမယ် ... ဒါမှ စက်ရုံကလူတွေ ဖမ်းသွားတဲ့ လူသုံးယောက်ကိုကယ်နိုင်မှာပါ....မိတ်ဆွေရဲ့ ကုတ်အင်္ကျီကိုတော့ ယူသွားခွင့်ပြုပါနော် " ပြောပြီးသည်နှင့် ဘီနာသည် လုံးလုံး ရပ်တန့်နေပြီဖြစ်သော ရထားပေါ်မှ လျှင်မြန်စွာပင် ဆင်းလိုက်လေသည်။ ရထားပေါ်ရှိ လူရွယ်သည် ဘီနာ၏ကျောပြင်ကို အတန်ကြာငေးမော၍ ကြည့်နေလေသည်။ ~~~~~ " မိန်းခလေး အထင်လွဲနေတာလဲ ဖြစ်နိုင်လို့ .. စက်ရုံပိုင်ရှင်သူဋ္ဌေးမင်းကို ခေါ်ထားပါတယ် ... မကြာခင် ရောက်လာမှာမို့ ... ခဏလောက်တော့ သည်းခံစောင့်ပေးပါ မိန်းခလေး " လူကြီးမင်း၏ စကားကြောင့် ဘီနာစိတ်တိုဒေါသထွက်မိသွားလေသည်။ထို့ကြောင့် အသံမာဆတ်ဆတ်နှင့် ပြန်၍ ပြောလိုက်သည်။ "လူကြီးမင်းတို့ အနေနဲ့.. သူဋ္ဌေးကြီးကို ဒီကို ခေါ်နေမဲ့အစား ဖမ်းခေါ်ခံသွားရတဲ့ လူသုံးယောက်ကို အမြန်သွားကယ်သင့်တယ်ထင်ပါတယ်... သူတို့တွေက မနက်တုန်းကပဲ လူတစ်ယောက်ကို သတ်ထားကြတဲ့သူတွေပါ ...ဖမ်းခံသွားရတဲ့လူတွေအတွက် စိုးရိမ်ရပါတယ် " " မိန်းခလေး ပြောသလောက် မလွယ်လို့ပါ...ဂုဏ်သရေရှိသူဌေးမင်းရဲ့ အလုပ်နေရာကို သတင်းကြားရုံနဲ့ ဝင်ရောက်ရှာဖွေလို့မရပါဘူး ...ဒါဟာ ထုံးစံပါပဲ " လူကြီးမင်း၏ စကားအဆုံးတွင် ဘီနာသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်ယင်လာမိလေသည်။ထို့အတူ ဖမ်းဆီးခံလိုက်ရသူများအတွက်လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်နေမိသည်။သည်အထဲ၌ သူဌေးမင်းကို အခေါ်လွတ်ထားသည် ဆိုသော လူကြီးမင်း၏ စကားကြောင့် ဘီနာသည် ဤနေရာမှအမြန်ဆုံးထွက်သွားရန် ဆုံးဖြတ်လိုက်ရလေသည်။ ~~~~~~ ''ဟေ့ ...မိန်းခလေး ဘယ်သွားမှာလဲ ... ဟိုမှာ သူဋ္ဌေးမင်း လာနေပြီကွဲ့ ... မျက်နှာစုံညီ ရှင်းလိုက်ကြတာပေါ့ " ဘီနာသည် နောက်ကျသွားခဲ့ချေလေပြီ။လူကြီးမင်း၏ အလစ်ကို ချောင်း၍ ထွက်သွားရန် ကြိုးစားနေသော ဘီနာရှေ့သို့ အနက်ရောင် အကောင်းစား ကားကြီးတစ်စီးထိုးဆိုက်လာခဲ့သလို လူကြီးမင်း၏ အသံကို ကြားလိုက်ရသောအခါ ဘီနာ့မှာ လှမ်းလက်စ ခြေလှမ်းများရပ်တန့်၍ သွားရလေသည်။လူကြီးမင်း၏ တပည့်လက်သားများသည် ဆိုက်ရောက်လာသော သူဌေးမင်း ကြီး၏ ကားနားသို့ အပြေးအလွှား စုပြုံရောက်ရှိသွားကြသည်ကို မြင်သောအခါ၌ ဘီနာ့မှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားရလေသည်။ ~~~~~~~ အဆောက်အအုံထဲသို့ ဝင်လာသော သူဋ္ဌေးမင်းဆိုသူကို မြင်လိုက်ရသည့်အခါတွင် ဘီနာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားရလေသည်။အကြောင်းမှာ စက်ရုံပိုင်ရှင်သူဌေးမင်းဆိုသူမှာ ဘီနာ၏ ဘိုးဘွားပိုင်ခြံမြေကို မတရားကျူးကျော် ယူထားသူပင် ဖြစ်ပါလေသည်။ "ဘယ်သူများလဲလို့ကွယ် မိန်းခလေးကို .... မြေကိစ္စနဲ့ မကျေနပ်ဖူးဆိုရင်လဲ အစကတည်းက ရှင်းရှင်းပြောပေါ့ကွယ် ...ခုလို လုပ်လိုက်တော့ လူကြီးမင်းတို့မှာလဲ အလုပ်တွေ ရှုပ်ကုန်မှာပေါ့ ...လူကြီးတွေရှေ့မှာ မိန်းခလေးကို ကျုပ်တို့ရှင်းပြခဲ့ပြီးပြီလေကွယ် ... မိန်းခလေးရဲ့ အဘိုးအဘွားများက ခြံကို ကျုပ်ဆီမှာ ပေါင်နှံထားခဲ့တာ အချိန်တွေကြာခဲ့ပါပြီလို့ ...ကျုပ်ဘက်က ပြန်ရွေးယူဖို့ အကြိမ်ကြိမ် ပြောခဲ့တာပါပဲ....နောက်ဆုံး ငွေအရင်း လဲ မပေးလို့သာ မဖြစ်မနေ မြေကို သိမ်းလိုက်ရတာပါ မိန်းခလေး " ဘီနာသည် သူဌေးမင်း၏ မျက်နှာကို စေ့စေ့ကြည့်လျက် လက်သီးကို တင်းတင်းဆုပ်ထားမိလေသည်။ဘီနာ၏နားထဲ၌မူ ဖခင်ကြီး ပြောခဲ့ဖူးသော စကားများကိုသာ ပြန်လည်ကြားယောင်၍နေမိလေသည်။"မြို့ပေါ်က သူဌေးမင်းက အဖေတို့ရဲ့ ဘွားဘွားပိုင်ခြံလေးကို သိပ်ကိုသဘောကျနေတာကွဲ့ ...ရောင်းဖို့ကို မကြာခဏပြောနေတာလေ...သမီးရဲ့ အဘိုးအဘွားတွေနဲ့အဖေတို့ကလဲ စားစရာမရှိရင် မစားဘူး ... မိဘအမွေအနှစ်ကိုတော့ အထိမခံဘူးလို့ အပြတ်ပြောခဲ့ကြတာပေါ့....သမီးလေးကို မွေးပြီး သမီး အမေရဲ့ ကျန်းမာရေးကြောင့်သာ မြို့ကြီးကို ပြောင်းလာခဲ့ရတာ... တစ်နေ့နေ့တော့ မွေးရပ်မြေမှာပဲ အခြေ ပြန်ချဖို့ အဖေ စိတ်ကူးထားတယ် " ဘီနာ ဖခင်ကြီး၏ စကားအရဆိုရင်ဖြင့် ဘီနာ၏အဘိုးနှင့် အဖေသည် ဤမြေအား ရောင်းချ ပေါင်နှံခြင်းပြုခဲ့သည်ဆိုသော သူဌေးမင်း၏စကားမှာ အလိမ်အညာ စကားသာဖြစ်ပေသည်။သို့သော် ဘီနာ့ဘက်မှ ထောက်ခံပေးမည့်သူမှာ မရှိပါချေ။တစ်မြို့လုံးလိုလိုသည် သူဌေးကြီး၏ မစားရဝခမန်း စည်းစိမ်ဥစ္စာများ၏ အရှိန်ကြောင့် အလိုလိုမှပင် သူဋ္ဌေးကြီးအလိုကျ မျက်နှာလို မျက်နှာရ လုပ်ချင်နေကြသည် မဟုတ်ပါလား။ " မိန်းခလေး ...နောက်ဆို ဒီလိုမလုပ်ပါနဲ့ ... မင်း အမှုအတွက် မကျေနပ်ဘူးဆိုရင်လည်း ရှေ့နေ ငှါး ပါလေ ....ကျုပ်တို့လူကြီးတွေကိုတော့ အလုပ်ရှုပ်အောင် မလုပ်ပါနဲ့ ကွက်"

ဧကြည်ဖြူ "#ဘီနာ " ( အပိုင်း ၂ ) ******* ဘီနာက သူမ၏ပခုံးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သော လက်ပိုင်ရှင်ကို အထိတ်တလန့် မော့ကြည့်လိုက်မိသည့်အခါမှာ အသက်နှစ်ဆယ်ကျော် အရွယ်ပိန်ပိန်သွယ် သွယ်လူရွယ်တစ်ယောက်ကိုတွေ့လိုက်ရလေသည်။ " အချစ် စိတ်ဆိုးပြေပါတော့ .... " လူရွယ်သည် မတိုးမကျယ် အသံနှင့်ပြောလိုက်ပြီးလျှင်သူ၏ခန္ဓာကိုယ်ပေါ်တွင် ထပ်ဝတ်ထားသော ကုတ်အင်္ကျီကိုချွတ်၍ ဘီနာကို ဝတ်ဆင်ပေးရန် ဟန်ပြင်လိုက်လေသည်။ လူရွယ်၏အပြုအမူကြောင့် ဘီနာသည် ကြောင်အမ်းအမ်းနှင့် နားမလည်နိုင်သလိုဖြစ်၍နေစဉ်မှာပင် လူရွယ်သည် ဘီနာကို ကုတ်အင်္ကျီဝတ်ပေးဟန်နှင့် အနားသို့ကပ်၍ တစ်စုံတစ်ရာကို ပြောလိုက်လေသည်။ "မင်း ဟန်မပျက် အလိုက်သင့်နေပါ မိန်းခလေး ... ငါလဲမင်းကို ဒီထက်ပိုပြီး ကူညီနိုင်မှာမဟုတ်ဘူး ...ဟိုလူတွေ မကြာခင် ဒီဘက်တွဲကိုရောက်လာတော့မယ် ...တွဲထဲက လူတွေက မင်းကို သတိထားမိနေကြသလိုပဲ ...လူတစ်ချို့ဟာ သူတို့ရဲ့ လောဘတရားအတွက် မင်းကို ထိုးကျွေးဖို့အကွက်ချောင်းနေကြတယ်ဆိုတာ သိထားပါ " လူရွယ်၏စကားသံ ခပ်တိုးတိုးကိုကြားလိုက်ရသော အခါ ဘီနာဟာ အံကို မသိမသာ ကြိတ်လိုက်ပြီး အများအမြင်မှာ ချစ်သူနှစ်ဦး စိတ်ကောက်ပြေစ ဟန်ပန်မျိုးနှင့် တူအောင် ပုံဖမ်း၍ လေသံမျှနှင့် ပြန်လည်ပြောဆိုလိုက်လေသည်။ " ဒီကလူတွေဟာ ကျွန်မတို့ကို လိုက်ဖမ်းနေတဲ့ လူတွေထက်တောင်ကြောက်စရာကောင်းနေပါလား ... ရွှေဒင်္ဂါးတစ်ပြားကို မက်ပြီး အမှန်တရားကိုတောင် လျစ်လျူရှုလိုက်ကြပြီးပဲ " လူရွယ်နှင့်ဘီနာတို့ ထိုသို့ ပြောနေစဉ်မှာပင် စက်ရုံအလုပ်သမားများသည် ဘီနာရှိရာတွဲဆီသို့ ရောက်ရှိလာပြီးလျှင် ဟိုသည် ဝေ့ဝဲ၍ ကြည့်နေသည်။သူတို့၏ ပုံစံများသည် မည်သူ့ကိုမျှ၊ မည်သည့်အရာကိုမျှလည်း ဂရုစိုက်ဟန်မတူချေ။ရွှေဒင်္ဂါး တစ်ပြားဟု ဆိုလိုက်ရုံမျှနှင့် ကိုယ့်နံဘေးမှ လူကိုပင် ထိုးထည့်ပေးချင်သော လူတို့၏ အကျင့် စရိုက်နှင့် သဘောသဘာဝများကို ထိုသူတို့မှာ တွက်ဆထားမိပုံရလေသည်။အမှန်စစ်စစ် စက်ရုံအလုပ်သမားများသည်လည်း ရထားပေါ်ရှိလူများနှင့် မခြားနားလှစွာ သူဌေးဆိုသူ၏ စေစားရာ လက်ကိုင်တုတ်များပင်မဟုတ်ပါလား။ " မိန်းခလေးတစ်ယောက်ပဲ ကျန်တော့တယ်နော် ...တွေ့ရင်ပြောကြပါ ....သိရဲ့နဲ့ ရေငုံနှုတ်ပိတ်နေရင် ဘုရားသခင်က ကြိုက်မှာမဟုတ်ဘူး ... ခရီးသွားရင်း ရွှေဒင်္ဂါးပြားတစ်ပြားလဲရမယ် ... ဘုရားသခင် ကြိုက်နှစ်သက်တဲ့ အလုပ်ကိုလဲ လုပ်ရတာဆိုတော့ ဘယ်လောက် မွန်မြတ်ပြီး ဟန်ကျလိုက်သလဲ " စက်ရုံအလုပ်သမား၏ စကားကြောင့် ရထားတွဲပေါ်ရှိ လူများမှာ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။သူတို့သည် ရွှေဒင်္ဂါး ဆိုသော စကားနှင့် ဘုရားသခင်ဆိုသော စကားကို လွန်စွာမက်မောကြသူများများပင် မဟုတ်ချေလော။ ဘီနာမှာမူ အံကိုတင်းတင်းကြိတ်၍ ထားမိရုံမျှမက လက်တစ်ဖက်သည်လည်း ဘောင်းဘီ အိတ်အတွင်းရှိ ခေါက်ဓါးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။ဘီနာ၏ အတွေးစိတ်ကူး၌ သူမကို ဖမ်းမိသွားလျှင်ဖြင့် သူသေကိုယ်သေ ပြန်ခုခံရန် စဉ်းစားထားမိပြီဖြစ်လေသည်။ "မင်းက ဘယ်ဘူတာက တက်တာလဲ ... လက်မှတ်ပြစမ်း " ခက်ထန်သောအသံနှင့် ဘီနာကို မျက်နှားထားတင်းတင်းနှင့် စိုက်ကြည့်လာသော လူအား ဘီနာသည် သုန်သုန်မှုန်မှုန်မျက်နှာထားနှင့် မော့ကြည့်ပစ်လိုက်သည်။ " ဪ...သူက ကျုပ်ရဲ့ချစ်သူမိန်းခလေးပါ ...မိတ်ဆွေတို့ရှာနေတဲ့သူ မဟုတ်ပါဘူး ...ကျုပ်ကိုတော့ သိမယ်ထင်ပါရဲ့ဗျာ ... (.....)မြို့ဝန်းရဲ့ တူပါ " လူရွယ်၏စကားအဆုံးတွင် စက်ရုံအလုပ်သမားသည် လျင်မြန်စွာခါးကို ကိုင်း၍ ဦးညွတ်လိုက်ပြီးလျှင် ပျာပျာသလဲပင် တောင်းပန်စကားဆိုလေသည်။ " အို ... ဟုတ်လား ... စိတ်မရှိပါနဲ့ ခင်ဗျာ .... ကျွန်တော်တို့လဲ သူခိုးတစ်ယောက် လွတ်သွားလို့ပါ ...ဒီလို မေးမြန်းမိတာကို ဗွေမယူပါနဲ့ ...တောင်းပန်ပါတယ်ခင်ဗျာ " ရထားသည် တဂျုန်းဂျုန်းမြည်သံပေးလျက် ခုတ်မောင်းနေဆဲ။မိန စ်အနည်းငယ်ကြာအောင် ခုတ်မောင်းပြီးသောအခါ၌ ခပ်မြန်မြန်ပင်ခရီးနှင်နေသော ရထားကြီးသည် သံရှည်ဩဥဆွဲ၍ ခပ်ဖြည်းဖြည်း သွားရင်း ဘူတာတွင် ရပ်တန့် ရန် အရှိန်သပ်နေလေသည်။ထိုသို့ ရထားအရှိန်လျော့သွားသည်နှင့် စက်ရုံအလုပ်သမားများသည် ဖမ်းမိသွားသော လူသုံးယောက်ကိုပါ ဆွဲခေါ်သွားကြပြီး လျှင် ရထားပေါ်မှ အသီးသီးခုန်ဆင်းသွားကြလေသည်။ ~~~~~ "သူတို့တော့ လက်လျော့သွားကြပြီ ထင်ပါတယ် ...မင်းက ဘယ်ကို သွားမှာလဲ မိန်းခလေး " လူရွယ်သည် ဘီနာ၏ အနားသို့ကပ်၍ လေးသံသဲ့သဲ့မျှနှင့် မေးလိုက်လေသည်။ထိုအခါ၌ ဘီနာသည် လူရွယ်အား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးလျှင် " ကျွန်မ ဒီဘူတာမှာပဲ ဆင်းတော့မယ် ...ဒါနဲ့ရှင်က မြို့ဝန်ရဲ့တူဆိုတာ အမှန်ပဲလား ....ဒါဆိုရင်ဖြင့် ကျွန်မကို အကူအညီ နည်းနည်းလောက်ပေးစေချင်ပါတယ် " ဘီနာက ပြောလိုက်သည့်အခါတွင် လူရွယ် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီးလျှင် ပြန်၍ ပြောလိုက်လေသည်။

လူအများကြားတွင် ထိုသို့ ရိုက်နှက် မေးမြန်းနေသည်ကို ကျန်လူများမှာ ၀င်ရောက် တားမြစ်ပြောဆိုကြခြင်း မပြုသည့်အပြင် အားပေးအားမြောက်ပြုလျက် ကြည့်နေသူများရှိသလို မသိဟန်ပြု၍ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူများလည်းရှိကြလေသည်။ ~~~~ ဘီနာမှာ မီးရထား အတက်အဆင်းပေါက်နှင့် မလှမ်းမကမ်းရှိ ထိုင်ခုံတစ်လုံးတွင် မင်သေသေ နှင့် ထိုင်နေဆဲ။ အေးစက်စက်ရာသီဥတုတွင် တီရှပ်လက်တို နှင့် ဖြစ်နေသော ဘီနာ့ကို မျက်စောင်းထိုး ခုံတွင်ထိုင်လျက်ရှိရေသော အသက်ကြီးကြီးစုံတွဲမှ စူးစူးစိုက်စိုက်ကြည့်လျက် ရှိလေသည် ။ သူတို့၏ အမူအရာများသည် ဘီနာ့ကို ရွှေဒင်္ဂါးပြားအဖြစ်သာ မြင်နေကြဟန် တူလေသည်။ ဘီနာသည် အေးအေးလူလူ ပုံစံဖြစ်အောင် ကြိုးစား၍ ဟန်ဆောင်ထားရလေသည်။အေးမြသော ရာသီဥတုအောက်၌ တီရှပ်အင်္ကျီလက်တိုလေးနှင့် ဖြစ်နေသောကြောင့် သွားစေ့၍မရနိုင်အောင် ခိုက်ခိုက်တုန်ချင်နေသော်လည်း မသိလျှင် အအေး လွန်ကဲသော ဒေသမှ လာခဲ့သောလူကဲ့သို့ သည်မျှလောက် အအေးကို မမူသည့် ဟန်ပန်ပုံဖမ်းထားရလေသည် ။ ထိုသို့ရှိစဉ်မှာပင် အသက်ကြီးကြီး စုံတွဲသည် ဘီနာ့ကို တစ်ချက်မျှ စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးနောက် အဘွားကြီး သည် ထိုင်ခုံမှထလိုက်လေသည်။ အဘွားကြီး ထလိုက်သည်နှင့် တစ်ပြိုင်နက် ဘီနာသည်လည်း ဖြစ်ချင်ရာဖြစ် သဘောနှင့် ရထားအတက်အဆင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ပြီးလျှင် ထိုင်ခုံမှ ထရန် အသင့်ပြင် လိုက်လေသည်။ထိုသို့ရှိစဉ်မှာပင် သန်မာသော လက်တစ်ဖက်သည် ဘီနာ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။ @@@@@@@@@@@@@@@@ အပိုင်း( ၂) ဆက်ရန် ဧကြည်ဖြူ မင်္ဂလာပါရှင် #ဘီနာ အခန်းဆက်ဝတ္ထုကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။ *အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ် ၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ်ရေးသားပြီး အကောင့် /p age မှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံအလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ (၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် ) KPay 09773745413 lai lai win Wave 09773745413 lae lae win #ဧကြည်ဖြူ #AKyiPhyu အဓိက ပြောချင်တာက နောက်နောင် ဝတ္ထုများကို A Kyi Phyu Page မှာပဲ တင်ပေးမှာ ဖြစ်ပါကြောင်း ... ဖတ်သူများအနေဖြင့်လဲ Page ကို Like /comment /share များဖြင့် ကူညီပေးကြဖို့ မေတ္တရပ်ခံပါတယ် စာဖတ်သူရှိမှ ရေးဖို့ အားရှိတဲ့ စာရေးသူတွေရဲ့ဘ၀လေးတွေကို အားပေးဖတ်ရှုပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်

ထိုအသံသည် ဘီနာတို့ အုပ်စုထဲမှ တစ်ယောက်၏ အသံဖြစ်ပေသည်။ထိုအသံနှင့်မရှေ့ မနောက်မှာပင် လူငယ်ကို လိုက်လံဖမ်းဆီးနေကြသော သူများသည်လည်း မြေပြင်ပေါ်သို့ လျင်လျင်မြန်မြန်ပင် ဆင်သွားကြပြီးနောက် မြေပြင်ပေါ်တွင် ဖမ်းမိထားသော လူငယ်အား ညာသံပေးလျက် ဝိုင်းဝန်းကန်ကျောက်ရိုက်နှက်ကြလေသည်။ထိုထဲမှ အသားနီးစပ်စပ်နှင့် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသူမှာ ကိုယ်တိုင် ၀င်ရောက်ရိုက်နှက်ကန်ကျောက်ခြင်းမပြုသော်လည်း သူ၏အသံမှာ ခြံဝန်း ပြင်ပရှိ ဘီနာတို့လူစုပါ ပီပီသသကြားရလောက်သည်အထိ အားတက်သရော ရှိလှပေသည်။ " ဒီလောက် ပြောရဆိုရခက်တဲ့ကောင် ... အပြတ်ရှင်းပစ်လိုက်ကြတော့ ..." " ရှင်းသွားပါပြီ သူဌေးမင်း....သူ အသက်မရှိတော့ပါဘူး " ထိုသို့ စကားသံကြောင့် ဘီနာတို့လူစုမှာ မယုံကြရာနိုင်စွာရင်ထဲ၌ ကိုယ်စီဆို့နင့်လျက်ဝမ်းနည်းကြေကွဲလျက် ရှိနေကြစဉ်မှာပင် ခြံဝန်းထဲမှ အသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ " ဟေ့ ...ခြံပြင်က ဘယ်သူတွေလဲ ... သူတို့ အကုန် မြင်သွားပြီ ....သူတို့ကို လိုက်ဖမ်းစမ်း ...တစ်ယောက်မှ မလွတ်စေနဲ့နော် " ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသော ထိုအသံကြောင့် ဘီနာတို့ လေးဦးသား ထိတ်လန့်တုန်လှုပ်သွားမိကြပြီးလျှင် တစ်ယောက်မျက်နှာတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်မိကြလေသည်။ "ဟိတ်လူတွေ ပြေးကြတော့ ... ဒီလမ်းအတိုင်းတည့်တည့် သာပြေးကြ ...ဘူတာကို ရောက်လိမ့်မယ် .." မြို့ခံလူ၏စကားမဆုံးမီမှာပင် ဘီနာတို့အားလုံး ရထားဘူတာရှိရာဆီသို့ မှန်းဆ၍ အားကုန်ပြေးခဲ့ကြလေသည်။ကံကြမ္မာသည် တစ်ပတ်လည်ပုံမှာ မြန်ဆန်လှပေသည်။ခပ်စောစောက ပြေးလွှားနေသော လူငယ်ကို ကြည့်ပြီး စုပ်တသပ်သပ်နှင့် သနားနေခဲ့မိကြသော ဘီနာတို့လူစုမှာ ယခုအချိန်၌မူ ကိုယ်တိုင်ပင် သားကောင်ဘဝသို့ ရောက်ရှိသွားကြပြီးလျှင် အသက်လု၍ ပြေးကြရပါလေတော့သည်။ ~~~~~ ဘူတာရုံ၌ ရထားမှာ ဆိုက်ရောက်လျက်ရှိပြီး မကြာသောအချိန်တွင် ပြန်လည်ထွက်ခွါတော့မည်ဖြစ်ပေသည်။ နယ်မြို့လေးဖြစ်သောကြောင့်ဘူတာရုံထဲ၌ လူများရှုပ်ရှုပ်ထွေးထွေးသိပ်မရှိလှ။ ရထားပေါ် တွင်မူ မြို့အသီးသီးမှ ခရီးသွားများဖြင့်လူ များပြည့်၍ နေလေသည်။ ဘီနာမှာ ရှေ့နောက် ဘေးဘီသို့ မကြည့်အားသလို့ အတူ အသက်လုပြေးလွှားလာကြသူများကိုလည်း ဂရုမစိုက်နိုင်ဘဲ အားကုန်ပြေးနေရလေသည်။ဘူတာရုံသို့ ရောက်သောအခါ ရပ်ထားသော မီးရထားကို တွေ့လိုက်ရသောကြောင့် အားတက်သွားပြီးလျှင် ရထားလမ်းတစ်ဖက်ခြမ်းသို့ အပြေးအလွှားကူးလျက် ရထားတွဲတစ်တွဲပေါ်သို့ အပြေးအလွှား တက်ရောက်ခဲ့ လေသည်။ "တစ်ယောက်မှ မလွတ်စေနဲ့နော် ...သူဌေးမင်း အရမ်းစိတ်ဆိုးနေပြီ " ဘီနာတို့နောက်မှလိုက်ပါလာသူများသည် လူစုခွဲလျက် ရထားတွဲများပေါ်သို့ တက်ရောက်ရှာဖွေကြလေသည်။ " ဒီမှာ တစ်ယောက်မိပြီ .... မဆိုင်တဲ့သူတွေ ဝင်မရှုပ်ကြနဲ့နော် .... ဒီကောင်တွေက တို့သခင်ဆီက ပစ္စည်းခိုးသွားလို့ လိုက်ဖမ်းနေတာ ...နောက်ထပ် သုံးယောက် ကျန်သေးတယ် ... ဒီဘူတာမှာ ပြေးတက်လာတဲ့သူတွေကို သိရင်ပြောကြပါ ... ပြောတဲ့သူကို ရွှေဒင်္ဂါးပြားတစ်ပြားစီပေးမယ် " ထိုသူသည် ရထားတွဲစဉ်တစ်လျှောက် လိုက်လံ အော်ဟစ် ကြေညာလေ၏ ။ ထိုသူ၏စကားအဆုံး၌ ရထားတွဲအသီးသီးရှိလူများသည် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။ရွှေဒင်္ဂါး တစ်ပြားဆိုသော စကားကြောင့် ခပ်စောစောက အမှုမဲ့အမှတ်မဲ့နေနေကြသူများပင် တစ်ယောက်မျက်နှာ တစ်ယောက် မယုံသင်္ကာ မျက်လုံး အကြည်များဖြင့်ကြည့်ကြလေသည်။ " ဒီမှာ တစ်ယောက် .... သူခုနက ပြေးတက်လာတာ " လူတစ်ယောက်သည် ခပ်နွမ်းနွမ်းလောင်းကုတ်ရှည်ကြီးကို ဝတ်ဆင်ထားသော ပိန်ညှပ်ညှပ် လူတစ်ယောက်၏ လက်ကို ခပ်တင်းတင်းဆုပ်ညှစ်လျက် အော်လေသည်။ထိုအခါ၌ စက်ရုံအလုပ်သမားခေါင်းဆောင်ဖြစ်ဟန်တူသောလူသည် ဆွဲခေါ်လာသူနောက်သို့ ယောင်နနနှင့် ပါလာသူကို ကြည့်လိုက်ပြီးလျှင် "ဒီလူ မဟုတ်ဘူး .... ကျန်တဲ့ သုံးယောက်က လောင်းကုတ်ရှည်တွေ မဝတ်ထားကြဘူး ... နှစ်ယောက်က မီးခိုးရောင်ကုတ်အင်္ကျီတွေဝတ်ထားတယ်...အရပ်ပုကွကွ တွေပဲ...တစ်ယောက်က အဖြူရောင်ကုတ်နဲ့ သူ့မှာ လက်ဆွဲအိတ် တစ်လုံရယ် ... ကျောပိုးအိတ်တစ်လုံးရယ်ပါတယ်... ပြီးတော့ သူက အမျိုးသမီးတစ်ယောက်ပဲ " အသံသည် ဘီနာ၏ နားထဲသို့ ကျယ်လောင်စွာ ဝင်ရောက်လာလေသည်။ဘီနာသည် တဆတ်ဆတ်တုန်နေသော ခြေလက်အစုံကို တည်ငြိမ်အောင်ထိန်းလျက် မင်သေသေနှင့် ထိုင်နေသည်။ကံသီ၍ ဘီနာသည် ရထားတွဲကို ပတ်၍ ပြေးနေစဉ်၌ လက်ဆွဲအိတ်နှင့် အဖြူရောင် အနွေးထည်ကို စွန့်ပစ်ခဲ့ပြီးလျှင် ကျောပိုးအိတ်နှင့် တီရှပ်နှင့် ဖြစ်နေခဲ့ သည်လေ။ ရထားသည် ခပ်ဖြည်းဖြည်း ခုတ်မောင်းစပြုနေပြီဖြစ်သည်။ စက်ရုံအလုပ်သမားများသည် ဖမ်းမိထားသော လူနှစ်ယောက်အား ရိုက်နှက်၍ ကျန်ရစ်သော ဘီနာနှင့် အခြားသူတစ်ယောက်အား ရှာဖွေလျက် ရှိလေသည်။ " သူခိုးတွေ ပြောစမ်း ... မင်းတို့နဲ့အတူပါလာတဲ့နှစ်ယောက်က ဘယ်လို ပုံစံမျိုးလဲ ...သူတို့ မျက်နှာပုံစံတွေကို ပြောစမ်း ..."