en
Feedback
Infinity Group

Infinity Group

Open in Telegram

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ် သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် – ကိုအနန္တ @iggp21 ကို​ရွှေကြာ @shwekyarinfinitygroup ရင်ငြိမ်းမိုး @iggp23 ကိုဉာဏ်ဇင် @nzigp

Show more
2 878
Subscribers
No data24 hours
-167 days
-4630 days
Posts Archive
သဖန်းဆိပ်ဆည်အနီးကစစ်ကြောင်း အခြေအနေနှင့်စစ်ရေးသုံးသပ်ချက် ဇွန် ၁၈ ၊ ၂၀၂၄ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းကို စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေ မထိုးနိုင်တော့တာ၊မထိုးခဲ့တာဆိုရင် ၁ နှစ်ခွဲတိတိကြာခဲ့ပါပြီ။ဒါဟာ စစ်ကောင်စီတပ်ရဲ့ လူအင်အားပြုန်းတီးနေတာအပါအဝင် တနိုင်ငံလုံး စစ်မျက်နှာဖွင့်ထားရတဲ့အခြေခံအချက်တွေကြောင့်ဖြစ်ပါတယ်။ အခုနှစ် ဇွန်လ ၁၆ ရက်နေ့ မနက်အစောပိုင်း ၄း၀၀ ကျော်အချိန်မှာတော့ စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းကနေ အင်အား ၃၀၀ နီးပါး တပ်သားအင်အားတွေ တင်ဆောင်ထားတဲ့ စစ်ကား ၆ စီးနဲ့ သဖန်းဆိပ်ဆည်အနီးက ၄င်းတို့ရဲ့ကာကင်းစခန်းတွေရှိရာ ဆင်စွယ်ရွာဘက်ကို စစ်ချီခဲ့ပါတယ်။ တညအိပ်စောင့်ဆိုင်းပြီး ၁၇ ရက်နေ့မနက်ပိုင်းမှာတော့ သဖန်းဆိပ်ဆည်အနောက်က မိုင်ဝက်ခန့်သာဝေးတဲ့ အင်တိုင်းရွာကို စစ်ကြောင်းထိုးလာရာမှာ နယ်မြေလုံခြုံရေးယူထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်သေဆုံးတယ်လို့ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။ အင်တိုင်းရွာဟာ ယခုတကြိမ်စစ်ကြောင်းထိုးမလာခင် စစ်ကောင်စီတပ်က သဖန်းဆိပ်ဆည်အနီးမှာ ကာကင်းစခန်းတချို့လုပ်ကာ အထိုင်ချတပ်စွဲလာတာကြောင့် ဧပြီလနောက်ဆုံးအပတ်ကစပြီးရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ရတာပါ။သဖန်းဆိပ်ဆည်အနောက်ခြမ်းက ပထမဆုံး အမြဲတမ်းစစ်ရှောင်ရတော့မယ့် ရွာဖြစ်ပါတယ်။ အခုတခါမှာတော့ အင်တိုင်ရွာအနီးက ညောင်ကိုင်း၊ကနီ၊ပေါယော၊စစ်တော၊မြင်သာ၊သရက်တထောင်၊ကျွဲတဲ့ စတဲ့ရွာတွေဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ဒါ့အပြင် စစ်ကြောင်းဖြတ်နေကျဖြစ်တဲ့ ရွာဘင်းချောင်းအနီး တန့်ဆည်မြို့နယ်ထဲက ပုတီး၊စည်းသာ၊ပေချောင်၊ကမ်းဖြူ၊ဝက်တိုး၊သာခေါင်ကြီး စတဲ့ရွာခံတွေဟာလည်း အထုပ်ပြင်ကာ စစ်ရှောင်ဖို့ သတင်းနားစွင့်နေရပါတယ်။ ဇွန်လ ၁၈ ရက် ဒီညမှာတော့ ကျွန်းလှမြို့နယ်ထဲ မိုးအသည်းအထန်ရွာနေလို့ စစ်ဘေးရှောင်ပြည်သူတွေပါ မိုးထဲလေထဲ ဒုက္ခရောက်နေပြီး လုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း မိုးစိုစိုနဲ့ သိပ်တော့အဆင်မပြေကြပါ။ ပုံမှန်ဆိုရင် ယခင်က သဖန်းဆိပ်ဆည်ဘက်ကနေ အင်တိုင်းရွာဘက်ထိုးလာတဲ့ စစ်ကြောင်းတွေဟာ ညောင်ကိုင်းရွာဘက်ကနေ ရွာဘင်းချောင်းဖြတ်ပြီး တန့်ဆည်နယ်မြောက်ခြမ်းဘက်ကို ဦးတည်သွားလေ့ရှိကာ မူးတိမ်၊မူးခွပျူစောထီးရွာတွေဆီကို ပြန်ဝင်လေ့ရှိပါတယ်။ ယခုတခေါက်စစ်ကြောင်းကို လေ့လာကြည့်ပါက ယခင်ရက်သတ္တပတ်များမှာ ကန့်ဘလူနဲ့တန့်ဆည်မြို့နယ်တွေဘက်က အချက်အခြာကျတဲ့နေရာတွေကို အထိုင်ချတပ်စွဲသလို တန့်ဆည်နဲ့ကျွန်းလှရဲ့ ကုန်စည်လမ်းကြောင်းခွဆုံဖြစ်တဲ့ အင်တိုင်းရွာကို အထိုင်ချတပ်စွဲလာနိုင်ခြေရှိနိုင်ပါတယ်။ နောက်တခါ သတင်းတွေပြန့်နေသလို အင်တိုင်းရွာကတဆင့် ကျွန်းလှနယ်ရေနံမှော်ထိ ခြေလျင်စစ်ကြောင်းထိုးမယ်ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းပါးပါတယ်။ကျွန်းလှနယ်ရဲ့ ပထဝီအနေအထားအရ တောတောင်ထူထပ်နေတာ၊ကျေးရွာနယ်နိမိတ်ထိစပ်မှုနည်းတာ၊မိုးရာသီဖြစ်နေတာ၊နောက် ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေအသာစီးရနေတာ စတာတွေကြောင့် ပျူစောထီးအင်အား အများဆုံးပါဝင်တဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရေနံမှော်ထိသွားဖို့ဆိုတာ အလှမ်းဝေးလွန်းပါတယ်။ ဇွန်လ ၁၈ ရက် ဒီနေ့ နေ့လည်ခင်း ၁၂း၀၀ ဝန်းကျင်မှာတောင် အင်တိုင်းရွာဘက်ကနေ ကျွဲတဲရွာဘက် ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို နယ်မြေလုံခြုံရေးယူထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်အထိနာပြီး အင်တိုင်းရွာဘက်ပြန်ခေါက်သွားကာ ရွာထဲကနေအိမ်အချို့ကို မီးရှို့ခဲ့ပါသေးတယ်။ ဘယ်လိုပဲဆိုဆို ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းကို ၁ နှစ်ခွဲကြာပြီးမှ အခုလို အင်အားသုံးပြီး တဖန်ပြန်လည်စစ်ကြောင်းထိုးလာတာဟာ ၄င်းတို့မှာ လူအင်အားရှိတယ်၊တပ်ဖွဲ့ဝင်များလာပြီဖြစ်တယ်၊နယ်မြေချဲ့ထွင်လာနိုင်တယ်ဆိုတာကို စစ်ကောင်စီရဲ့ကျွန်သဗောက် ဝါသဝက သူစုဆောင်းထားတဲ့ ပျူစောထီးတွေကို လက်တွေ့ပြသရာလည်းကျပါတယ်။ အချုပ်အားဖြင့်ဆိုရသော် အင်တိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းအနီးက ကျေးရွာတွေနဲ့ ကျွန်းလှနယ်နဲ့ထိစပ်ရာ တန့်ဆည်မြောက်ခြမ်းကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို မျက်ခြေမပျက်နားစွင့်နေသင့်ကာ လုံခြုံရေးသတိအထူးရှိရမယ့်အချိန်ဖြစ်ပါတယ်ခင်ဗျာ။ ဓာတ်ပုံ(ပုံဟောင်း)-၂၀၂၂ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက ကျွန်းလှမြို့နယ် အင်တိုင်းရွာအနီး စစ်ကောင်စီစစ်ကြောင်းထိုးနေစဥ် တိမ်းရှောင်နေသော စစ်ရှောင်များ #infinitygroup

photo content
+7

ကျွန်းလှနယ် စစ်ကြောင်းလှုပ်ရှားမှုအခြေအနေ ဇွန် ၁၈ ၊ ၂၀၂၄ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်း အင်တိုင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီနှင်ပျူစောထီးစစ်ကြောင်းမှာ ယနေ့မနက် ၁၁း၃၀ အချိန်ခန့်၌ အင်တိုင်းရွာမှတဆင့် ကျွဲတဲရွာဘက် ဦးတည်ကာ လှုပ်ရှားနေကြောင်း သိရသည်။ စစ်ကောင်စီတပ် ခန့်မှန်းအင်အား ၂၀၀ ကျော်ရှိပါသည်။ #infinitygroup

ရေနံမှော်လမ်းပိုင်းအသုံးပြုမှု အသိပေးချက် ဇွန် ၇ ၊ ၂၀၂၄ သဖန်းဆိပ်ဆည်အနီး လက်တလောစစ်ရေး အခြေအနေများကြောင့် တန့်ဆည်မြို့နယ်မှ ကျွန်းလှရေနံမှော်သို့သွားသည့် ပုတီး-စည်းသာ-ညောင်ကိုင်း-အင်တိုင်း-ရေနံမှော်လမ်းပိုင်း လုံးဝအသုံးပြု၍ မရသေးကြောင်း သိရပါသည်။ #infinitygroup

ကျွန်းလှနယ် စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေ ဇွန် ၁၇ ၊ ၂၀၂၄ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး ဆင်စွယ်ရွာသို့ မနေ့ကရောက်ရှိနေသော ခန့်မှန်းအင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းမှာ ညောင်ကိုင်းရွာဟောင်းအနီး မူးအနောက်ဘက်ကမ်းတွင် တပ်ဖြန့်နေရာယူထားကြောင်း သိရသည်။ စစ်ကြောင်းအနီးရှိ ညောင်ကိုင်းအုပ်စုတွင်းကျေးရွာများ စစ်ရှောင်နေရကြောင်း သိရသည်။ #infinitygroup

တပ်ဖွဲ့တွင်းမနေနိုင်လို့ ထွက်ပြေးတဲ့ ရဲဘော်တွေကို တပ်ပြေးလို့ သက်မှတ်ပီး ဖမ်းဝရမ်းထုတ်တယ်ဆိုရင် တပ်ဖွဲ့တွင်းမှာနေပြီး အကျင့်ပျက်ချစားတဲ့ အရာရှိတွေကိုလည်း တော်လှန်ရေးအသရေပျက်အောင်လုပ်တဲ့အတွက် ဖော်ထုတ်အရေးယူကြပါ။ #infinitygroup

အထူးမေတ္တာရပ်ခံချက် ဇွန် ၁၅ ၊ ၂၀၂၄ ကန့်ဘလူနယ်တွင်း စစ်ရေးလှုပ်ရှားမှုသတင်းများနဲ့ပတ်သက်၍ -အွန်လိုင်းပေါ် သတင်းဖြန့်ဝေသူများ -အွန်လိုင်းကင်းထောက်ချန်နယ်လ်များ -ရရှိသောသတင်းများကို မက်ဆေ့မှတဆင့် ပြန်လည်မျှဝေကြသူများ -ကာကွယ်ရေးတပ်ဖွဲ့များရှိ IO များ အစရှိသည့် သတင်းရယူသူ၊ထပ်ဆင့်မျှဝေသူများခင်ဗျာ ယခုအခါ ကန့်ဘလူမြို့နယ်တွင်းရှိ ပျူစောထီးကျေးရွာ ၃ ရွာမှာ ရွာလုံးကျွတ် ဖုန်းအသိမ်းခံထားရပါတယ်။ အထူးသဖြင့် စစ်ရေးလှုပ်ရှားသတင်းများ အွန်လိုင်းပေါ်တွင်ပျံ့နှံ့သောကြောင့် သတင်းပေးရှာဖွေဖမ်းဆီးနိုင်ရန်နှင့် ထပ်မံသတင်းမပေးနိုင်ရန် ရွာခံပျူစောထီးများက လုပ်ဆောင်နေပါတယ်။ ဒါကြောင့်မို့ မိမိတို့ဖြန့်ဝေမည့် စစ်ရေးလှုပ်ရှားသတင်းသည် စစ်ကောင်စီနှင့်ပျူစောထီးအားကောင်းသောနယ်မြေတွင်းမှဖြစ်ပါက သတင်းပေးလုံခြုံရေးနှင့်သတင်းလုံခြုံမှုအတွက် သတိပြုကာ အွန်လိုင်းပေါ် လုံးဝမတင်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ #infinitygroup

ကန့်ဘလူမြို့နယ်​နေပြည်သူများသို့ အသိ​ပေးချက် ဇွန် ၁၃ ၊ ၂၀၂၄ ကန့်ဘလူမြို့နယ်​နေပြည်သူများခင်ဗျာ ၂၀၂၄ ခုနှစ် မေလမှစတင်ပြီး ဝါသဝနှင့်စစ်​ကောင်စီတပ်တို့ ပူး​ပေါင်းကာ စစ်မှုထမ်းလူသစ်စု​ဆောင်းခြင်းကို ​နေ့စဥ် တစိုက်မက်မက်လုပ်​ဆောင်လာပါတယ်။ ဝါသဝတို့အဖွဲ့ဟာ ဒီရက်​တွေအတွင်းမှာ ကုလား၊ဗမာ၊​ယောကျ်ား၊မိန်းမ၊အရွယ်မ​ရွေးကို စစ်မှုထမ်းခိုင်းဖို့ အကြမ်းဖက်လုပ်ရပ်​တွေကို ပိုမိုကျူးလွန်လာပါတယ်။ ဘယ်​လောက်ထိဆိုးလဲဆိုရင် အသက်အရွယ်မပြည့်​သေးတဲ့ ​ကျောင်း​နေအရွယ်က​လေးငယ်​တွေ၊ကျန်းမာ​ရေးမ​ကောင်းတဲ့ လူကြီးပိုင်း​တွေ၊အားနွဲ့တဲ့ မိန်းမသား​တွေကိုပါ စစ်မှုထမ်းဖို့​ခေါ်​နေတာပါ။ ဒါ​ကြောင့်မို့ မိမိတို့​နေအိမ်​တွေမှာ စစ်မှုထမ်းနိုင်မယ့် သန်သန်မာမာအရွယ်​ကောင်း​တွေရှိပါက ​ဘေးလွတ်ရာအရပ်​ဒေသ​တွေဆီကို အချိန်ရတုန်း လွတ်​မြောက်​အောင် ​ပြောင်း​ရွှေ့​နေထိုင်ကြပါခင်ဗျာ။ ဝါသဝတို့အဖွဲ့ဟာ စစ်မှုမထမ်းနိုင်ဘဲငြင်းဆိုပြီး ထွက်​ပြေး​နေတဲ့ အိမ်​​တွေကို ရိုက်ဖျက်တာ၊ပစ္စည်း​တွေသယ်ယူတာ၊လယ်​တွေ၊နွား​တွေကို သိမ်းယူတာ ဒါမျိုး​တွေကိုလည်း ပိုလုပ်လာပါတယ်။ ဘာလို့ဒီလိုလုပ်ရသလဲဆိုရင် အ​ကြောက်တရားဝင်ပီး သူတို့ခိုင်းသမျှလုပ်လာ​အောင်လို့ပါ။ပြည်သူများအ​နေနဲ့ စစ်မှုထမ်းဖို့ ဖိအား​ပေးလာပါက စစ်အုပ်စုနဲ့မပူး​ပေါင်းပဲ တက်စွမ်းသမျှ ငြင်းဆန်ကြပါ။ အခုဆိုရင် ဝါသဝနဲ့စစ်အုပ်စုဟာ ဖ​အေကိုဖမ်း သားကိုပြန်​ခေါ် လယ်၊ယာ၊နွားကိုသိမ်း ရွာပြန်​ခေါ် အဲ့သလိုနည်းလမ်းတွေသုံးပြီး အ​ဝေး​ရောက်​နေတဲ့အရွယ်​ကောင်း​တွေကို စစ်မှုထမ်းခိုင်းဖို့ အကြပ်ကိုင်​နေပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအနှံ့ စစ်ရှုံး​နေတဲ့ မင်း​အောင်လှိုင်ဟာ အင်အားပြုန်းတီး​နေလို့ စစ်မှုထမ်းဥပ​ဒေပြဌာန်းပြီး မြို့ကြီး​တွေမှာ​တောင် အကြပ်ကိုင်လူသစ်စု​ဆောင်း​နေပါတယ်။ ဝါသဝတို့အုပ်စုဟာ မင်း​အောင်လှိုင်အလိုကျ ကန့်ဘလူနယ်ထဲကိုလည်း စစ်မှုထမ်းလူသစ်စု​ဆောင်းတာကို နည်း​ပေါင်းစုံနဲ့လုပ်​နေမှာဖြစ်တာ​ကြောင့် လွတ်​မြောက်​အောင် ကြိုးစားကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ #infinitygroup

ကန့်ဘလူမြို့နယ်​​တွင် စစ်​ကောင်စီနှင့်ပျူ​စောထီးများက စစ်မှုထမ်းရန်ဟုဆိုကာ လူ ၄၀ နီးပါးကို အတင်းအဓမ္မဖမ်းဆီးသွား ဇွန် ၁၂ ၊ ၂၀၂၄ ကန့်ဘလူမြို့နယ်​​တောင်ခြမ်း ထန်းကုန်းစံပြရွာအနီးရှိ ​ခေါ်သန္တီ၊မိုးကြိုး၊အုတ်ဖို၊အုန်း​တော အစရှိသည့်​ကျေးရွာများကို ဇွန်လ ၁၂ ရက် ယ​နေ့ည​နေ့ပိုင်း၌ စစ်​ကောင်စီနှင့်ပျူ​စောထီးများက အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး စစ်မှုထမ်းရမည်ဟုဆိုကာ လူ ၄၀ နီးပါးအား အတင်းအဓမ္မဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သိရသည်။ ယခုအ​ခြေအ​နေနှင့်ပတ်သက်၍ " လူလက်ပိုင်းအရွယ် ၃၀ ​ကျော် ၄၀ ​လောက်ကို စစ်မှုထမ်းဖို့ဆိုပီး ထန်းကုန်းဘက် အဓမ္မဖမ်း​ခေါ်သွားတယ်ဗျ။စစ်တပ်နဲ့ပျူ​တွေက​တော့ အဲ့ရွာ​တွေမှာ ဒီညထိ တပ်စွဲထားတုန်း။ရွာသူရွာသား​တွေကိုလည်း ရွာပြင်အထွက်မခံပဲ ပိတ်ထားပါတယ်။ " လို့ ​ဒေသခံတဦးက Infinity Group သို့ ​ပြောသည်။ ယခုကဲ့သို့ စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများ ဝင်​ရောက်ပိတ်ဆို့ကာ လူဖမ်းပွဲပြုလုပ်​ခံနေရသည့်ရွာများသည် စစ်မှုထမ်းဥပ​ဒေမပြဌာန်းမီ ၂၀၂၄ ခုနှစ်မတိုင်ခင် ယခင်နှစ်များကလည်း ပျူ​စောထီးဖွဲ့ရန် အကြိမ်ကြိမ်ဖိအား​ပေးခံ​နေရ​သော်လည်း လက်မခံပဲ ငြင်းဆန်​နေသည့် ရွာများဖြစ်သည်။ ကန့်ဘလူမြို့နယ်တွင် စစ်​ကောင်စီ၏အလိုကျ ပျူ​စောထီးများဖွဲ့စည်းခြင်း၊စစ်မှုထမ်း​ခေါ်ယူခြင်းများအား ​သင်္ကန်းဝတ်အ​ရေခြုံ ဝါသဝက ဦး​ဆောင်လျက်ရှိပြီး " ပြည်သူ့စစ်မှုထမ်းဥပ​ဒေက ​ရှောင်​ပြေးလို့မရဘူး၊သ​ဘော​ပေါက်တယ်​နော်။ " ဟုဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်​လော်ဘီချန်နယ်လ်များမှထုတ်လွှင့်​သော ဝါဒဖြန့်ဗွီဒီယိုမှတဆင့် ချိန်း​ခြောက်ခဲ့​သေးသည်။ ၂၀၂၄ ခုနှစ် ဇွန်လပထမအပတ်အတွင်း အဓမ္မစစ်မှုထမ်း​ခေါ်​ဆောင်ခံရခြင်း​ကြောင့် ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်အတွင်းမှ ​ချောက်​စောက်၊သင်ပန်း​တော၊စန္ဒယား၊တ​ပေါင်၊​ရွှေ​ပေါ်ကုန်း၊ငှက်​ပျော​တောနှင့်ကျောင်အိုင်ရွာများမှ ​ဒေသခံ ၃၀၀၀ ​ကျော် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရပြီး ထွက်​ပြေးသွားသူများ၏ ​နေအိမ် အလုံး ၂၀ နီးပါးအား စစ်​ကောင်စီနှင့်ပျူ​စောထီးများက ဖျက်ဆီး၍ သယ်ယူ​​ရောင်းချနေကြသည်။ ဓါတ်ပုံ – ဇွန်လ ၁၂ ရက်​နေ့ စစ်​မှုထမ်းရန် အဓမ္မ​ခေါ်​ဆောင်ခံ​ရ​သော ​ကျေးရွာများအ​ခြေပြ​မြေပုံ #infinitygroup

photo content

ခရီး​ထွက်ချင်တယ် ဇွန် ၁၀ ၊ ၂၀၂၄ ခရီးထွက်ချင်တယ်ဆိုလို့ ပုဂံဘုရား​တွေသွားဖူးရတာမျိုး၊​ချောင်းသာကမ်း​ခြေမှာ အပန်း​ဖြေထွက်တာမျိုးကို ဆိုလိုတာမဟုတ်ပါ။အားလပ်ရက်မှာ နယ်မြို့​လေး​တွေဘက်၊​ရှေး​ဟောင်းဘုရားငယ်​လေး​တွေရှိရာအရပ်ဆီ ဆိုင်ကယ်​လေးနဲ့ဖြစ်ဖြစ်၊ခရီးသည်တင်ကား​လေးနဲ့ဖြစ်ဖြစ် ​အေး​အေး​ဆေး​ဆေး မပူမပင် ခရီးထွက်ချင်တယ်။ ခရီးထွက်တယ်ဆိုရာမှာလည်း ​သွားရင်းလာရင်း စိတ်မ​ကောင်းစရာကိစ္စမျိုး၊စိတ်ညစ်ညူးစရာကိစ္စမျိုး​တွေမရှိပဲ ကောင်းတဲ့အမှတ်တရ​လေး​တွေပဲကျန်​နေမယ့် ခရီးမျိုးပဲထွက်ချင်တယ်။ဒီကာလ​တော့ အမှတ်တရ​ကောင်း​တွေကျန်မယ့်ခရီးမျိုး​တွေလည်း မထွက်ဖြစ်သလို စိတ်မ​ကောင်းစရာ၊စိတ်အ​နှောက်ယှက်ဖြစ်စရာခရီး​တွေပဲကြုံ​နေရတုန်း။ တ​လောက သွားရင်းလာရင်း ​ရေဦး-မြင်း​ဒေါင်း-ခင်ဦးကားလမ်းမ​ပေါ် ​ရောက်မိ​တယ်။မိုး​လေးကခပ်အုံ့အုံ့မို့ ဘယ်အရပ်​ဒေသမှန်းဆပီး ဘယ်သူ့ကိုလွမ်းရမှန်းမသိ။ဒါ​ပေမယ့် ဟိုအရင်ကာလ အာဏာမသိမ်းခင်က ဒီလမ်းမ​လေး​ပေါ်က စည်ကားသိုက်မြိုက်မှု​တွေက​တော့ လွမ်းစရာအတိနဲ့​ပေါ့။ မနက်ခင်းက​နေ ညပိုင်းထိ ​ရေဦး-ခင်ဦးကားလမ်းမ​ပေါ်​ ဥတုသုံးပါးအဆက်မပြတ်ပြေးဆွဲ​နေတဲ့ ခရီးသည်ယာဥ်​၊​ကုန်တင်ယာဥ်၊သုံးဘီး၊​ထော်လာဂျီ၊ကုန်စိမ်းဆိုင်ကယ်​တွေ အခု​တော့မမြင်ရ​တော့။မကြာခင်ကာလကမှ စစ်တပ်အထိုင်စခန်း​တွေဆုတ်သွားလို့ ပြန်အ​ခြေချလာတဲ့ မရွှင်မပြမျက်နှားထားနဲ့ ​​ဒေသခံအနည်းငယ်သာ​ ဟို​နေရာကြဲကြဲ ဒီ​နေရာကွက်ကြားပဲ ​တွေ့ရ​တော့တယ်။ အရင်ကဆို ခင်ဦးမြို့ကထွက်ပီး ​ရေဦးမြို့​ရောက်သည်အထိ စည်လိုက်တဲ့ကား၊ဆိုင်ကယ်၊​ဈေးသည်၊​ယာ​တောသွားသူ​တွေနဲ့ စုံလို့။အမှတ်ရစရာအ​ကောင်းဆုံး​တွေကို ​ပြောပါဆိုရင် လမ်း​ဘေးဝဲယာ သီချင်းတ​ကြော်​ကြော်​အော်ဆို​နေတဲ့ ​ကောက်စိုက်သမ​တွေ၊​နောက် မြင်း​ဒေါင်း​ဈေး၊အင်းပတ်​ကွေ့​ဈေး​တွေက ​ဒေသထွက် စိမ်းစိမ်းစိုစို အသီးနှံမျိုးစုံနဲ့ ​ကုန်စိမ်းဈေးတန်းရှည်ကြီး၊ကား​တွေရပ်နား​နေတဲ့ ဆိုင်​ခန်း​တွေ မျက်လုံးထဲကမထွက်။ အခုများ​တော့ နိုင်ငံ​ရေးအ​ပြောင်းအလဲ​ကြောင့် စစ်​ဘေး၊မီး​ဘေး၊အငတ်​ဘေး​ကြောင့် တရွာပြောင်းသူက​ပြောင်းကြ တချို့ဘဝတပါး​ပြောင်းသူက​ပြောင်းသွားကြနဲ့ ဒီ​ဒေသကလူ​တွေများ အ​နေကြဲသွားလိုက်တာ လမ်းမကြီးကို ​ခြောက်လို့ကပ်လို့။လွမ်းစရာအ​ကောင်းဆုံး​ပြောပါဆိုရင် ခင်ဦးက​နေ ​ရေဦး မုံရွာဘက် ​အောင်ရတနာမှန်လုံကားစီးပီး ခရီးသွားခဲ့ရတဲ့အချိန်​တွေ။ ခင်ဦး-​ရေဦးကားလမ်း​ပေါ်ဖြတ်​ဆောက်ထားတဲ့ တင်းတိန်ယံ-​ရေဦး-ခင်ဦး-​ရွှေဘို မီးရထားလမ်းလဲ ချုံနွယ်​တွေတက်တဲ့​နေရာကတက်နဲ့ သံတိုသံစဖြစ်တဲ့​နေရာဖြစ်နဲ့ ပျက်ဆီး​နေတဲ့ရထားလမ်းမအိုကြီးက​တော့ မီးရထား​တွေဘယ်​တော့ပြန်လာမလဲ ကြို​နေ​လောက်​ရော​ပေါ့။ အခု​တော့ ခင်ဦး-​ရေဦးလမ်းမ​ပေါ်က မြင်း​ဒေါင်း​ဈေးလည်း မီး​လောင်ပြင်အိမ်​တွေနံ​ဘေးမှာ သစ်ရွက်​ခြောက်​တွေဖုံးလို့ ​ဈေးတန်းကခုံ​တွေလဲ အယိုယိုအယွင်းယွင်း။အင်းပတ်​ကွေ့​ဈေးတန်းက ကုန်စိမ်းတန်း​တွေ၊​နောက် ကားနားတဲ့ဆိုင်ခန်း​တွေလည်း ​ခြောက်လို့ကပ်လို့ စစ်ဒဏ်သင့်တဲ့​နေရာမှာ​တော့ ထိပ်ဆုံးက။ သွားရင်းလာရင်း လမ်း​ဘေးဝဲယာ​ငေးကြည့်​တော့ စိမ်းစိမ်းစိုစိုလယ်ကွက်​လေး​တွေမြင်မှ အနည်းငယ်စိတ်သက်သာရာရသွားတယ်။ကားလမ်းမ​ဘေးတ​လျှောက် စစ်ဒဏ်ကိုအံတုရင်း အထီးကျန်​နေတဲ့ ထ​နောင်းပင်ပျိုနဲ့ကုက္ကားပင်အို​တွေလည်း ခရီးသွား​​တွေပြန်လာမယ့်​နေ့ကို ​မျှော်​နေ​လောက်​​ရော့​ပေါ့။ ဓါတ်ပုံ;ကိုအနန္တ(ခင်ဦး-​ရေဦးကားလမ်း​ဘေးက ​ထ​နောင်းပင်ပျိုနဲ့အညာရေချမ်းအိုးစင်၊၂၀၂၃ ခုနှစ် မတ်လအတွင်းက ​တွေ့ရသည့် မြင်း​ဒေါင်းရွာအဝင်လမ်းညွှန်ဆိုင်းဘုတ်) ကိုအနန္တ​ရေးသည် #infinitygroup

photo content
+1

စစ်​ကောင်စီလက်​အောက်ရှိ မြို့နယ်အ​နောက်ခြမ်းနှင့်အ​နောက်​တောင်ခြမ်းမှ ​တောင်သူလယ်သမားများသည် ဆည်​ရေဝင်​တောများဖြစ်သဖြင့် ၂ သီးစားစိုက်ပျိုးနိုင်ခြင်း၊ဆန်​ရေစပါးအလုံအ​လောက်ထွက်ရှိခြင်း​တို့ကြောင့် စားဝတ်​နေ​​ရေး​ချောင်လည်ကြသည့်အပြင် ဆန်၊စပါး​ဈေးမှာလည်း ​​ပေါက်​ဈေးအတိုင်း​ရောင်းချရသဖြင့် ​ပြေလည်ကြသည်ဟုဆိုရမည်။ သို့​သော် ​တော်လှန်​ရေးအင်အားစုများ ထိန်းချုပ်သည့်​ဒေသများရှိ လယ်ယာများမှာ မိုး​​​ကောင်းတောများဖြစ်ခြင်း၊စစ်​ဘေးအန္တရာယ်​ကြောင့် ကာလအလိုက်စိုက်ပျိုးနိုင်သည့်အ​​ခြေအ​နေမရှိခြင်းအပြင် ဆန်စပါး​ဈေးမှာလည်း ကုန်စည်လမ်း​ကြောင်းများဖြတ်​တောက်ခံထားရသဖြင့် ​​ကာလပေါက်​ဈေး၏ထက်ဝက်ခန့်​လျှော့​ဈေးဖြင့်နှိမ်၍​ဝယ်ယူခံရခြင်း၊​ဈေးကြီး​ပေးဝယ်ရခြင်း စသည့်အ​ကြောင်းတရားတို့​ကြောင့် ထို​ဒေသမှ​တောင်သူလယ်သမားများ စားဝတ်​နေ​ရေးကြပ်တည်းလာသည့်အပြင် ​ကြွေးမြှီးပါတင်​နေကြသည်။ စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများ စိုးမိုးထားသည့်​၆၀ %​ သောဒေသ​နေပြည်သူများသည် အတင်းအဓမ္မဆက်​ကြေး​တောင်းခံရခြင်း၊စစ်မှုထမ်း​ရန် လူသစ်စုဆောင်းခံရခြင်းအပြင် လူ့အခွင့်အ​ရေးချိုး​ဖောက်မှုများကို စစ်​ကောင်စီအလိုကျ ခံစား​နေရသည်။​ တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သည့် ၄၀ % ​သော​​ဒေသ​နေပြည်သူများသည် စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှု​ဘေးမှလွတ်​မြောက်ရန် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရခြင်း၊​စစ်​ကောင်စီတပ်မှ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊အ​ခြေခံ​ဆေးဝါးနှင့်စား​သောက်ကုန်​များ ရရှိနိုင်ရန်ခက်ခဲခြင်း၊ကုန်​ဈေးနှုန်းမြင့်မားမှုဒဏ်ခံရခြင်း အစရှိသည့်ဒုက္ခမျိုးစုံအား ကြုံ​တွေ့​နေရသည်။ ၂၀၁၄ ခုနှစ်က ​ကောက်ယူထား​သော သန်း​ခေါင်စာရင်းအချက်အလက်များအရ ကန့်ဘလူတမြို့နယ်လုံးအတိုင်းအတာဖြင့် လူဦး​ရေ ၂၉၅,၀၀၀ ​ကျော်ရှိရာ လူဦး​ရေ ၁၃၀,၀၀၀ ​ကျော်မှာ ​တော်လှန်​ရေးအင်အားစုများ၏စိုးမိုးနယ်​မြေတွင်​နေထိုင်လျက်ရှိပြီး ကျန်လူဦး​ရေ ၁၆၅,၀၀၀ ​ကျော်မှာ စစ်​ကောင်စီလက်​အောက်တွင် ​နေထိုင်လျက်ရှိသည်။ ​၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်​ မေလအထိ ဒေသတွင်းစစ်​ရေးအ​ခြေအ​နေအရ အင်အားစုဖွဲ့မှုအား​လေ့လာကြည့်​သောအခါ စစ်​ကောင်စီသည် စစ်ထွက်အင်အားအပါအဝင် အရန်ပျူ​စောထီးအင်အား ၅၀၀၀ နီးပါးအား ပိုင်ဆိုင်ထားသည်။​တော်လှန်​ရေးအင်အားစုများဘက်ကမူ စစ်သည်အင်အားဖြည့်တင်းမှု၊တပ်ရင်းတပ်ဖွဲ့ ထပ်မံတိုးချဲ့ထားမှုအားမ​တွေ့ရ​ပေ။ ထို့အပြင် ​တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သောနယ်​မြေအတွင်းမှ ​​ပကဖလက်​အောက်ရှိ ​ကျေးရွာကာကွယ်​ရေးအဖွဲ့အချို့ အ​ကြောင်းအမျိုးမျိုး​ကြောင့် ဖွဲ့စည်းပုံပျက်သွားခြင်း၊အဖွဲ့လုံးဝပြိုကွဲသွားခြင်း စသဖြင့် စုဖွဲ့မှုယိုယွင်း​နေ​သော်လည်း စစ်​ကောင်စီကမူ စစ်မှုထမ်းလူသစ်စု​ဆောင်းခြင်းအား တစိုက်မက်မက်လုပ်​ဆောင်လာသည့်အပြင် ကျစ်လစ်​သောစစ်တပ်ဖြစ်လာ​စေရန် ​လေ့ကျင့်​ပေး​နေသည်။ ကန့်ဘလူမြို့နယ်တွင်းအ​ခြေအ​နေအရပ်ရပ်အား သုံးသပ်ကြည့်ပါက အမျိုးသားညီညွတ်​ရေးအစိုးရ NUG အ​နေဖြင့် မိမိ၏အုပ်ချုပ်​ရေးယန္တရား​အောက်ရှိ အုပ်ချုပ်​ရေး၊ကာကွယ်​ရေးဘက်မှ အ​ရေးကြီးဆုံး​သောခရိုင်နှင့်မြို့နယ်တာဝန်ခံများအား လူထု​နှင့်ရဲ​ဘော်များထောက်ခံသည့် အသင့်​တော်ဆုံးဖြစ်မည့်သူများအား အစားထိုးအ​ပြောင်းအလဲလုပ်သင့်ကာ ဆုံးရှုံးနယ်​မြေများပြန်မရ​သေးသည့်တိုင် စိုးမိုးနယ်​မြေများအား ​ကောင်းမွန်စွာထိန်းချုပ်သင့်​​ကြောင်း တင်ပြအပ်ပါသည်။ (မှတ်ချက်။နယ်​မြေစိုးမိုးမှုအ​ခြေအ​နေအား ​မြေ​နေရာအကျယ်အဝန်းဖြင့် တိုင်းတာထားခြင်းမဟုတ်ပဲ လူ​နေထူထပ်မှု၊ကုန်သွယ်လမ်း​ကြောင်း ထိန်းချုပ်မှုတို့ဖြင့် ​ဖော်ပြထားခြင်းဖြစ်သည်။) ဓါတ်ပုံ-စစ်​ကောင်စီတပ်စိုးမိုးထား​သော ကန့်ဘလူမြို့နယ်​အ​ခြေပြ​မြေပုံအစိတ်အပိုင်းတစ်ခု ကိုအနန္တ​ရေးသည် #infinitygroup

ကန့်ဘလူမှာ NUG နဲ့ စစ်​ကောင်စီ နယ်​မြေစိုးမိုးမှု ဘယ်သူအ​ရေးသာ​နေသလဲ၊နယ်​မြေတွင်းအ​ခြေအ​နေဘယ်လိုရှိ​နေသလဲ ဇွန် ၉ ၊ ၂၀၂၄ ​​စစ်တပ်အာဏာသိမ်းပြီးနောက် ကန့်ဘလူမြို့နယ်သည်လည်း အာဏာသိမ်းစစ်​ကောင်စီကို ဆန့်ကျင်​တော်လှန်သည့်မြို့နယ်​တွေထဲ၌ တခုအပါအဝင်ဖြစ်သည်။သို့​သော် အိမ်နီးချင်းမြို့နယ်များနှင့်ယှဥ်ကြည့်ပါက ကန့်ဘလူမြို့နယ်တွင် စစ်​ကောင်စီသည် တော်လှန်​ရေးအင်အားစုများထက် နယ်​မြေစိုးမိုးမှုအသာစီးရ​ယူထားသည်ကို ​တွေ့ရသည်။ အာဏာသိမ်းစစ်တပ်ကို မြို့နယ်၏​မြောက်ခြမ်း၊အ​ရှေ့ခြမ်းနှင့်​တောင်ခြမ်းမှ ​ကျေးလတ်​ဒေသများက ပြတ်ပြတ်သားသား ဆန့်ကျင်​တော်လှန်​နေကြ​သော်လည်း မြို့နယ်အ​နောက်ခြမ်းနှင့်အ​နောက်​တောင်ခြမ်းရှိ လူဦး​ရေအထူထပ်ဆုံးကျေးရွာများကမူ စစ်​ကောင်စီနှင့်​ရေလိုက်ငါးလိုက်​နေရင်း ​နောက်ဆုံး စစ်​ကောင်စီ၏လက်​ဝေခံပျူ​စောထီးရွာများဖြစ်သွားကြသည်။ ၂၀၂၄ ခုနှစ်မတိုင်ခင်က မြို့နယ်၏ ​ကျေးလတ်​ဒေသ ၄၀ % အား ​တော်လှန်​ရေးအင်အားစုများက စိုးမိုးထားပြီး စစ်​ကောင်စီတပ်က မြို့၊မြို့ငယ်များအပါအဝင် ​​ကျေးလတ်​ဒေသ ၅၀ % အား စိုးမိုးထားသည်။ကျေးလတ်​ဒေသရှိ ကျန် ၁၀ % မှာ နှစ်ဖက်စလုံး၏ထိန်းချုပ်မှု​အောက်က လွတ်​မြောက်​နေခဲ့သည်။ စစ်မှုမထမ်းမ​နေရစနစ်အသက်သွင်းခဲ့​သော ၂၀၂၄ ခုနှစ် ဧပြီလ​နောက်ပိုင်းတွင် နှစ်ဖက်ထိန်းချုပ်မှု​အောက်မှလွတ်​မြောက်​နေ​သေးသည့် ​ကျေးလတ်​ဒေသ၏ ကျန် ၁၀ % အား စစ်​​ကောင်စီက ထပ်မံထိန်းချုပ်လာခဲ့သည်။ဤအချက်ကိုကြည့်ခြင်းအားဖြင့် တော်လှန်​ရေးအင်အားစုများဘက်မှ စည်းရုံးနိုင်သည့်စွမ်းရည်သည် စစ်​ကောင်စီ၏အကြပ်ကိုင်စည်းရုံးမှုစွမ်းရည်အား မယှဥ်နိုင်သည်ကို​တွေ့ရသည်။ ကန့်ဘလူမြို့နယ်တွင် မြို့နှင့်ရွာကြီးများအလွတ် ​ကျေးရွာ​ပေါင်း ၂၆၀ ခန့်ရှိရာ ​တော်လှန်​ရေးအင်အားစုများက ​ရွာကြီးအချို့အပါအဝင် ရွာ​ပေါင်း ၁၄၀ ခန့်အားစိုးမိုးထားနိုင်ပြီး ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့အပြင် မလယ်၊ထန်းကုန်း၊ကာဘိုး၊ဇင်း၊ကိုး​တောင်ဘို့၊ချပ်သင်းကဲ့သို့ ရွာကြီးများအပါအဝင် ​ကျေးရွာ​ပေါင်း ၁၂၀ ခန့်အား စစ်​ကောင်စီက စိုးမိုးထားသည်။ စစ်​​ကောင်စီသည် လမ်းပန်းဆက်သွယ်​ရေးနှင့်စီးပွားကူးသန်း​ရောင်းဝယ်​ရေးအရ အချက်အခြာကျသည့် ​နယ်​မြေ၏ ၆၀ % ​သောနေရာအများစုကို စိုးမိုးထားနိုင်​သော်လည်း ထိုအထဲမှ လူဦး​ရေ ၅၀၀၀ ခန့်ရှိ​သော ချပ်သင်းစံပြရွာသည် တိုက်ပွဲများ​ကြောင့် ရွာလုံးကျွတ် စစ်​ဘေး​ရှောင်​နေရသည်။ ထို့အပြင် စစ်တပ်အထိုင်စခန်းချထား​သော ကန့်ဘလူ​မြောက်ခြမ်းရှိ ကိုး​တောင်ဘို့နှင့်ချပ်ကြီးရွာများရှိ လူဦး​ရေ ၅၀၀၀ ခန့်မှာ ကန့်ဘလူ-​ကောလင်းခရိုင်ချင်းဆက်လမ်းအား ​တော်လှန်​ရေးအင်အားစုများကဖြတ်​တောက်ပိတ်ပင်ထား​သော​ကြောင့် ကုန်သွယ်စီးဆင်းမှုလုံးဝမရှိ​တော့သဖြင့် အ​ခြေခံ​ဆေးဝါးနှင့်စားနပ်ရိက္ခာပြတ်​တောက်မှုဒဏ်ကိုခံ​နေရ​သည်။သို့​သော် စစ်​ကောင်စီလက်​အောက်ရှိကျန်​နေရာအများစုမှာ​ အစစအရာရာ​ပြေလည်ကြသည်။ တဖန် ပြည်သူ့ကာကွယ်​ရေးတပ်များစိုးမိုးထားသည့် ကန့်ဘလူ​မြောက်ခြမ်းရှိ ​ကျေးရွာ​ပေါင်း ၅၀ ​ကျော်ရှိ လူဦး​ရေ ၄၅,၀၀၀ ခန့်မှ ထက်ဝက်ခန့်သည် စစ်တပ်အထိုင်စခန်းများက မကြာခဏဝင်​ရောက်​မွှေ​နှောက်ခြင်း၊ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရခြင်း​တို့ကြောင့် ​အမြဲတမ်းစစ်​ဘေး​ရှောင်​နေရကာ ​တော​တောင်များတွင် ယာယီတဲများဖြင့် အဆင်​ပြေသလို​နေထိုင်​ကြရသည့်အပြင် အ​ခြေခံ​ဆေးဝါး၊စား​သောက်ကုန်​နှင့်​လောင်စာဆီရှားပါးမှု၊ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကိုခံ​နေရသည်။ ထို့အပြင် ကန့်ဘလူမြို့နယ်​တောင်ခြမ်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်များစိုးမိုးထား​သော ​ကျေးရွာ​ပေါင်း ၄၀ ​ကျော်မှ လူဦး​ရေ ၄၀,၀၀၀ ခန့်မှာ စစ်တပ်နှင့်ပျူ​စောထီးအထိုင်စခန်းများက ပတ်လည်ပိတ်ဆို့ကာအထိုင်ချတပ်စွဲထားသဖြင့် အ​ခြေခံ​ဆေးဝါး၊စား​သောက်ကုန်များသယ်ယူရာတွင် အခက်အခဲများစွာရင်ဆိုင်​နေရသည့်အပြင် ကုန်​ဈေးနှုန်းမြင့်မားမှုဒဏ်ကိုခံ​နေရသည်။ ကန့်ဘလူမြို့နယ်အတွင်းမှ ​တော်လှန်​ရေးတပ်များစိုးမိုးထားသည့် ​ကျေးရွာ​ပေါင်း ၁၄၀ ​ကျော်၌ NUG ၏ အုပ်ချုပ်​ရေး(ပအဖ)၊ကာကွယ်​ရေး(ပကဖ)၊လုံခြုံ​ရေး(ပလဖ)အဖွဲ့များဖွဲ့စည်းထား​သော်လည်း ​အုပ်ချုပ်​ရေးယန္တယားလည်ပတ်နိုင်သည်မှာ ၅၀ % သာရှိ​သေးသည်။ကျန်ထက်ဝက်ခန့်​သော ​ကျေးရွာများမှာ စစ်ဒဏ်​ကြောင့် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရပြီး အုပ်ချုပ်​ရေးယန္တရားမှာ ပျက်ယွင်း​နေသည်။ ထို့အပြင် ပြည်သူလူထု၏အ​ခြေခံကျန်းမာ​ရေး​စောင့်​ရှောက်မှုအတွက် ​ဆေးရုံ​ဆေးခန်းရှားပါးခြင်း၊က​လေးသူငယ်နှင့်လူငယ်လူရွယ်များ လွတ်လပ်စွာပညာသင်ကြားနိုင်ရန် စာသင်​ကျောင်းဖွင့်လှစ်နိုင်သည့်အ​ရေအတွက်နည်းပါးခြင်း၊ပညာ​ရေးအတွက်လိုအပ်သည့် သင်​ထောက်ကူပစ္စည်းနှင့်စာ​ရေးကိရိယာရှားပါးခြင်း အစရှိသည့်အခက်အခဲများလည်းကြုံ​တွေ့​နေရသည်။

photo content

တန့်ဆည်မြို့နယ်မှ နာမည်ကြီးပျူ​ခေါင်း​ဆောင် ညွန့်ခိုင်​အပါအဝင် ပျူ​စောထီး ၆ ဦး ဒရုန်းဗုံးထိမှန်ကာ သေဆုံးဟုဆို ဇွန် ၈ ၊ ၂၀၂၄ တန့်ဆည်မြို့နယ်မှ နာမည်ကြီးပျူ​စောထီး​​ခေါင်း​ဆောင် ညွန့်ခိုင်မှာ ​မေလ ၃၁ ရက်ည​နေပိုင်းတွင် ရွာသစ်​ကျေးရွာ၌ စစ်​​ကောင်စီစစ်​ကြောင်းနှင့်အတူပါလာစဥ် ဒရုန်းဗုံးသီးထိမှန်ကာ ​သေဆုံးသွားပြီဖြစ်​ကြောင်း စစ်​ရေးနှင့်ပျူ​စောထီးသတင်းရင်းမြစ်များထံမှ သိရသည်။ ​မေလ ၃၁ ရက်ည​နေပိုင်းတွင် တန့်ဆည်မြို့အ​နောက်ဘက် ၁ မိုင်ခန့်အကွာရှိ ရွာသစ်​(ဝါးရငယ်)ကျေးရွာဘုန်းကြီး​ကျောင်းတွင် တပ်စွဲထား​သော စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းအား PEER TO PEER-P2P ဒရုန်းအဖွဲ့၊PRS LDFနှင့် ​​တန့်ဆည်မြို့နယ်အ​ခြေစိုက် ​ရွှေဘိုခရိုင်တပ်ရင်း(၁၀)တို့မှ ပူး​ပေါင်းကာ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့​​ကြောင်း၊အဆိုပါတိုက်ခိုက်မှု​ကြောင့် ညွန့်ခိုင်အပါအဝင် ပျူ​စောထီး ၆ ဦး​သေဆုံးခဲ့​ကြောင်း သိရသည်။ သေဆုံးသွားသည် ပျူ​စောထီး​ခေါင်း​ဆောင် ညွန့်ခိုင်မှာ တန့်ဆည်မြို့နယ် ကာ​ပေါင်းကျရွာသားဖြစ်​ကြောင်း၊၂၀၂၁ ခုနှစ်အ​စောပိုင်းကာလက စစ်​ကောင်စီအား သတင်း​ပေးဒလန်လုပ်ကာ ​​ကျေးရွာမှထွက်​ပြေးတိမ်း​ရှောင်ပြီး ကန့်ဘလူပျူ​​ခေါင်း​ဆောင် ဝါသဝနှင့်ပူး​ပေါင်း၍ တန့်ဆည်မြို့နယ်အ​ရှေ့ခြမ်း မူးမြစ်ကမ်း​ဘေး​ကျေးရွာများကို ပျူ​စောထီးအား​ကောင်း​စေရန် အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ပျူ​စောထီး​ခေါင်း​ဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ်အစပ် ကဘဲ​ကျေးရွာ၌အ​ခြေချကာ စစ်​ကောင်စီ၏ နယ်​မြေရှင်းလင်း​ရေးစစ်​ကြောင်းနှင့်အတူလိုက်ပါ​လေ့ရှိပြီး ​နေအိမ်များမီးရှို့ခြင်း၊စစ်​ရှောင်ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ပစ္စည်းလုယက်ခြင်းများအား စိတ်ပါလက်ပါကျူးလွန်လျက်ရှိသူတစ်ဦးဖြစ်သည်။ ဓါတ်ပုံ(Infinity Group)–P2P ဒရုန်းအဖွဲ့မှ ရဲ​ဘော်များ ဒရုန်းဗုံးသီးတပ်​ဆင်​မောင်းနှင်နေစဥ် Video–တန့်ဆည်မြို့နယ် ရွာသစ်(ဝါးရငယ်)ရွာဘုန်းကြီး​ကျောင်းအတွင်း တပ်စွဲထား​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်တိုက်ခိုက်သည့်ရုပ်သံ #Infinitygroup #တန့်ဆည်

photo content
+2

တန့်ဆည်မြို့နယ်တွင် ပျံ့နှံ့​နေ​သောသတင်းမှား ဇွန် ၅ ၊ ၂၀၂၄ တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်း ၆ ​ကြောင်းခွဲကာ စစ်​ကြောင်းထိုးမည်ဆိုသည့်သတင်းမှားတခု ယခုရက်ပိုင်း တန့်ဆည်မြို့နယ်ပြည်သူများထံပျံ့နှံ့​နေ​ကြောင်း သိရပါသည်။ ဇွန်လ ၁ ရက်​နေ့မှစတင်ကာ စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းအင်အား ၁၃၀ ခန့်ပါစစ်​ကြောင်းသည် လက်ရှိအချိန်ထိ တန့်ဆည်မြို့အ​နောက်ဘက် ၁ မိုင်အကွာရှိ ဝါးရငယ်၊ရွာသစ်၊ခနုသည်ရွာများ၌သာ စစ်​ရေးလှုပ်ရှားလျက်ရှိပြီး ဘက်ဟိုးဖြင့် ဆက်သွယ်​ရေး​မြောင်းတူးကာ ခံစစ်အခိုင်အမာ​တည်ဆောက်၍ အထိုင်ချ​တပ်စွဲရန်ပြင်ဆင်​နေလျက်ရှိ​ကြောင်း သိရပါသည်။ စစ်​ကြောင်း ၆ ​ကြောင်းဖြင့် တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်းထိုးမည်ဆို​သော အထက်​ဖော်ပြပါ ပျံ့နှံ့သတင်းမှာ မည်သည့်သတင်းရင်းမြစ်ထံမှလာသည်ကို မသိရပါ။တ​ယောက်စကားတ​ယောက်ကြား​သောစကားများဖြင့် စိုးရိမ်ကြီးစွာ အများပြည်သူများကြား ပျံ့နှံ့​နေ​သော သတင်းမှားသာဖြစ်ပါသည်။ ထို့အပြင် တန့်ဆည်မြို့အနီးမှ မကြာခဏထွက်​ပေါ်လာ​သော လက်နက်ကြီးသံများမှာ နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသာဖြစ်​ကြောင်း သိရပါသည်။ တန့်ဆည်မြို့အနီးဖြစ်​ပေါ်​နေ​သော လက်တ​လောစစ်​ရေးအ​ခြေအ​နေ​ကြောင့် ဝါးရငယ်မူး​ဘောင်လမ်းအသုံးပြု၍ မရ​သေး​ကြောင်း သိရပါသည်။ #infinitygroup

တော်လှန်​ရေးကာလ ၄ နှစ်ထဲ​ရောက်လာပြီ။NUG ရဲ့မြို့နယ်အဆင့်အုပ်ချုပ်​ရေးယန္တယား​တွေလည်ပတ်တာလည်း အပြည့်စုံကြီးမဟုတ်​​ပေမယ့် ထိုက်သင့်သ​လောက်လည်ပတ်​နေတယ်ဆိုတာလည်း သိပါတယ်။ဒါ​ပေမယ့် ​ကျေးရွာလူထုကပဲ ကိုယ်ထူကိုယ်ထစနစ်၊ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ရုန်းကန်​​နေကြရတုန်းပဲဆို​တော့ NUG မြို့နယ်အဖွဲ့​တွေရဲ့ လိုအပ်ချက်​အများကြီးရှိ​နေတုန်းပဲ။ ကျ​နော်တို့နယ်ဘက် အထူးသဖြင့် ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်ဘက်မှာ စစ်တပ်အထိုင်စခန်းထပ်တိုးလာတာ​တွေ​ကြောင့် အထိုင်စခန်းနဲ့နီးတဲ့ရွာ​တွေ ​နေရပ်စွန့်ခွာ​ပြေးကြရပြန်ပီ။​တော်လှန်​ရေးကာလ ၄ နှစ်ထဲအ​ရောက်မှာ နယ်​မြေစိုးမိုးထိန်းချုပ်မှုအ​နေအထားဟာ ဆုတ်ယုတ်လာတာ​ကြောင့် စစ်​ဘေး​ရှောင်ဦး​ရေများလာတာဆိုတဲ့သ​ဘောပဲ။ ​လော​လောဆယ်မှာဆိုရင် ကျွန်းလှမြို့နယ်က အင်တိုင်း၊ငှက်​ပျော​တော၊​ကျောက်အိုင်၊တ​ပေါင်၊​ရွှေ​ပေါ်ကုန်း၊ကန့်ဘလူနယ်ဆိုရင် စန္ဒယား၊ရွာသစ်၊တန့်ဆည်နယ်မှာဆိုရင် ​ရွှေလှန်၊ငတန်း၊အက်​တော၊သဲကုန်း၊ကျွန်း​တောကုန်း၊ခနုသည်၊ဝါးရငယ်၊ရွာသစ် အစရှိတဲ့ရွာ​တွေက ပြည်သူ​တွေဟာ စစ်တပ်အထိုင်စခန်းနဲ့နီးကပ်လွန်းတာ၊ပျူ​စောထီးအတင်းအကြပ်စု​ဆောင်းခံ​နေရတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရပါတယ်။ အရင် ၃ နှစ်ကဆိုရင် အထက်ကရွာ​တွေထဲကအများစုဟာ စစ်​ကြောင်းထိုးလာတဲ့အချိန် ရွာက​နေ​ခဏထွက်​ရှောင်၊စစ်​ကြောင်းပြန်​ခေါက်သွားချိန် ကိုယ့်ရွာကိုယ်ပြန်​နေ၊ကိုယ့်လယ်ယာပြန်စိုက်နဲ့ စားဝတ်​နေ​ရေးအတွက် ​ပြေလည်​အောင်​ဖြေရှင်း​လို့ရနေပေမယ့် အခု​တော့ ဒီလိုမဟုတ်​တော့ဘူး။ရွာပြန်ချင်ရင် ​ခေတ်​ကောင်းမှ၊​တောင်ယာလုပ်ဖို့ဆိုတာ ​ဝေးစွ၊စားဝတ်​နေ​ရေးအတွက်ရပ်တည်ဖို့ဆို အ​တော်ရုန်းကန်ကြရ​တော့မယ့် အ​​ခြေအ​နေ။ ဒါ​တောင် အခုနှစ် ၂၀၂၄ ခုနှစ်ထဲမှ ​အမြဲစစ်ရှောင်ရမယ့်ရွာ​တွေပဲရှိ​သေးတာ။စစ်​တပ်အထိုင်စခန်းနဲ့နီးလို့၊ပျူ​စောထီးမလုပ်ချင်လို့ စတဲ့အန္တရာယ်​တွေ​ကြောင့် ၂၀၂၁ ခုနှစ်ထဲက ဒီ​နေ့ထိ ​​ရေရှည်စစ်​ဘေးရှောင်​နေရတဲ့ရွာ​အ​ရေအတွက်ကလည်း အများကြီးပဲ။ဒါ​ပေမယ့် စစ်​ရှောင်လူဦး​ရေသာများလာတာ လိုအပ်တဲ့အကူညီအ​ထောက်အပံ့က မရသ​​လောက်ကိုရှားတာ။ ဒါဟာ NUG အစိုးရရဲ့မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့​တွေရဲ့ စီမံခန့်ခွဲမှုလိုအပ်ချက်​တွေအများကြီးရှိ​သေးတယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲ။အဲ့​တော့ ဒီစစ်​​ရှောင်လူထုကို လိုအပ်တဲ့အကူအညီ​တွေ​ပေးနိုင်ဖို့ရာ အစိုးရမဟုတ်တဲ့ အရပ်ဖက်ကူညီ​ရေးအဖွဲ့​တွေ၊NGO အဖွဲ့​တွေ၊ကုလသမဂ္ဂ​အောက်ကလူသားစာနာအဖွဲ့​တွေကို လမ်းဖွင့်​ပေးသင့်ပါတယ်။ ဒီ​နေ့ထိ မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့​တွေက ဦး​ဆောင်ပီးဖွင့်​ပေးထားတဲ့ စစ်​ရှောင်ကမ့်၊အ​ရေး​ပေါ်ကယ်ဆယ်​ရေးစခန်းဆိုတာ မရှိသ​လောက်ပဲ။စစ်​ကြောင်းပဲထိုးထိုး တိုက်ပွဲပဲဖြစ်ဖြစ် ပြည်သူလူထုဟာ နီးစပ်ရာရွာ​တွေ၊ဘုန်းကြီး​ကျောင်း​တွေ၊သင်္ချိုင်းဇရပ်​တွေမှာ အဆင်​ပြေသလိုခိုကပ်​နေကြရတာ။​နောက်ဆုံး​တော့ ပြည်သူအချင်းချင်းပြန်ကူနဲ့ ဝန်​တွေပိလာကြတာ။ ဒါ​ကြောင့် NUG ရဲ့တာဝန်ရှိလူကြီးမင်းများ နယ်​မြေစိုးမိုးမှု ၆၀ % ဆိုပီး ဝါးလုံး​ခေါင်းထဲလသာမ​နေပဲ ​မြေပြင်က ပကတိအရှိတရား​တွေကို မြင်နိုင်သိနိုင်ပြီး ​ရှေ့ဆက်ဘယ်လိုနှစ်ပါးသွားကြမလည်းဆိုတာကို အ​လေးအနက်ထားတင်ပြအပ်ပါသည်။ ကိုအနန္တ​ရေးသည် #infinitygroup

ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည် စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေလဲ ဇွန် ၄ ၊ ၂၀၂၄ အကြမ်းဖက်စစ်တပ်နဲ့သူတို့လက်​အောက်ခံပျူ​စောထီး​တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလက​နေစပြီး​တော့ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်​ရေးအရအ​ရေးပါပြီး အချက်အခြာကျ​တဲ့ နေရာတချို့ကို အထိုင်ချတပ်စွဲလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ရေပိုလွှဲ ၁၂ ​ပေါက်အနီးဘုရားကုန်း၊တန့်ဆည်မြို့နယ်နဲ့ကန့်ဘလူမြိူ့နယ်အစပ်က သဲကုန်းရွာ အဲ့ဒီ​နေရာ ၂ ခုကို စစ်​ကောင်စီနဲ့ပျူ​စောထီးပူး​ပေါင်းအဖွဲ့​တွေက အထိုင်ချတပ်စွဲခဲ့ပါတယ်။ ​စစ်​ကောင်စီတပ်ဟာ အထက်က ၂ ​နေရာတပ်စွဲပြီးတစ်လအကြာ မေလ​နောက်ဆုံးအပတ်ထဲမှာ​တော့ ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးက ကင်း​တောင်၊တန့်ဆည်မြို့​ပေါ်က ယခင်လက်လွှတ်ခဲ့ရ​သော မြို့အဝင်အထွက်​နေရာအများစု၊တန့်ဆည်မြို့နယ် ဝါးရငယ်၊ရွာသစ်နဲ့ခနုသည်ရွာ​တွေအနီးကို စစ်​ရေးအရနယ်​မြေတိုးချဲ့အထိုင်ချတပ်စွဲလာတာကို ​တွေ့ရပါတယ်။ ယခုစစ်​ကောင်စီတပ်နဲ့ပျူ​စောထီး​တွေအထိုင်ချတပ်စွဲလာတဲ့​နေရာအများစုဟာ ယခင်က ၄င်းတို့တပ်ဖွဲ့​တွေအထိုင်ချတပ်စွဲထားတဲ့ မြို့၊ပျူ​စောထီးရွာ​တွေနဲ့ စစ်တပ်အထိုင်​စခန်းတွေအနီးမှာဖြစ်တာ​ကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်​တွေအ​နေနဲ့ ထိုးစစ်ပြုလုပ်တဲ့အချိန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာမယ့်အ​ခြေအ​နေလို့ဆိုနိုင်ပါတယ်။ စစ်​ကောင်စီဟာ ၄င်းတို့အထိုင်ချတပ်စွဲနိုင်ရန် ပြင်ဆင်​နေစဥ်ကာလမှာလည်း ​စစ်​​ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး ​​ကျေးရွာတွင်း​နေအိမ်များသာမက စစ်​ရှောင်တဲများအထိပါ လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။ဒါ့အပြင် စစ်​ဘေး​ရှောင်ပြည်သူများကို ပစ်မှတ်ထားကာ ဒရုန်း၊လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်လာတာကိုလည်း ​တွေ့ရပါတယ်။ အခုလိုစစ်​ကောင်စီတပ်က အထိုင်စခန်း​တွေ ထပ်မံတိုးချဲ့လာတာ​ကြောင့် ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့ ​ကျေးရွာ ၁၀ ရွာ​ကျော်က စစ်ရှောင် ၅၀၀၀ နီးပါးဟာလက်ရှိအချိန်ထိထွက်​ပြေးတိမ်း​ရှောင်​နေရပြီး အမြဲတမ်းစစ်​ဘေး​ရှောင်ရ​တော့မယ့်အ​ခြေအ​နေဖြစ်ကာ လယ်ယာစိုက်ပျိုး​ရေးလုပ်ငန်း​တွေပါ စွန့်ပစ်ရမယ့်အ​နေအထား​ကြောင့် စားဝတ်​နေ​ရေးကြပ်တည်းလာနိုင်ပါတယ်။ တခါ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်​​တွေထဲကရွာ​တွေကို အမျိုးသား​တွေသာမက အမျိုးသမီး​တွေကိုပါ စစ်မှုထမ်းဖို့ဆိုပြီး မလိုက်မ​နေရပုံစံနဲ့ အတင်းအကြပ်လိုက်လံစည်းရုံး​နေတာ​ကြောင့် ​နေရပ်စွန့်ခွာ​ထွက်​ပြေးတိမ်း​ရှောင်သူ​တွေ ပိုမိုများပြားလာ​နေပါတယ်။ လက်ရှိအချိန်ထိ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲမှာ စစ်​ကောင်စီနဲ့ပျူ​စောထီး​​တွေ ပူး​ပေါင်းအထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းနဲ့ပျူ​စောထီးစခန်းကြီးငယ် ၆၀ ​ကျော်အထိရှိ​နေပါတယ်။ ဓါတ်ပုံ–ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့​နယ်​တွေထဲက စစ်စခန်းများအ​ခြေပြ​မြေပုံ #infinitygroup