4 836
Subscribers
-924 hours
-387 days
-14730 days
Posts Archive
4 836
Repost from Dr Khaing Khaing Soe
စာတတ်သူတိုင်း စာဖတ်ကြရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၈
၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတ အဓိကထား တိုက်တွန်းပြောကြားခဲ့သည်များမှာ-
စာတတ်မြောက်ခြင်းသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်- စာတတ်မြောက်ခြင်းဆိုသည်မှာ လူသားတိုင်း၏ မွေးရာပါအခြေခံ ရပိုင်ခွင့်ဖြစ်သကဲ့သို့ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကာ စာတတ်မြောက်မှသာလျှင် လေ့လာတတ်မြောက်ထားသည့် အတတ်ပညာများနှင့် ဘဝကို ရှင်သန်ဖြတ်သန်းနိုင်မှာ ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်လျက်ရှိ- နိုင်ငံတော်အနေဖြင့် "နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခြား သော အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ လူတိုင်းစာတတ်မြောက်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ကြရန် လိုကြောင်း။
စာမတတ်သူဦးရေ လျှော့ချနိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းသွားကြရမှာဖြစ်- ကျေးလက်ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူအားလုံး စာတတ်မြောက်ရေး အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စာတတ် မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် တွက်ချက်မှု တတ်မြောက်နှုန်း ၉၂ ဒသမ ၃ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကာ ကျန်ရှိနေသေးသည့် စာမတတ်သူဦးရေကိုလည်း နှစ်အလိုက် ထိရောက်စွာ လျှော့ချနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်း။
ကမ္ဘာမြေနှင့်လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့- ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ကမ္ဘာမြေနှင့် လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့” “Literacy for people, the planet, and prosperity” ဖြစ်ကာ လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေး နိုင်သည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း။
ကျောင်းပြင်ပ ပညာရေး(Non-Formal Education) အစီအစဉ်များ ဆောင်ရွက်လျက်ရှိ- အကြောင်း အမျိုးမျိုးကြောင့် မူလတန်းပညာ မပြီးမြောက်ခဲ့သူများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်(Non-Formal Primary Education-NFPE)နှင့် အလယ်တန်းပညာ မပြီးမြောက်ခဲ့သူ များအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်(Non-Formal Middle Education- NFME) များကို သင်ကြားပေးလျက်ရှိပြီး ကျောင်းပြင်ပရောက် ကလေးများအတွက် အဖိုးတန် "ဒုတိယ အခွင့်အရေး" ပင် ဖြစ်ကြောင်း။
ရပ်ရွာအခြေပြု စာကြည့်တိုက်များ ဆောင်ရွက်လျက်ရှိ- စာတတ်မြောက်ခြင်းမှတစ်ဆင့် အသိပညာ နှင့် လူနေမှုဘဝမြင့်မားရေးအတွက် ရပ်ရွာအခြေပြု စာကြည့်တိုက်များမှာ ပညာဗဟုသုတများ ဖတ်ရှု လေ့လာနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း။ ၂၀၂၄ ခုနှစ် ဧပြီလမှစပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် Mobile Application များ အသုံးပြုကာ အခြေခံစာတတ်မြောက်ရေးကို သင်ကြားပေးနိုင်ခဲ့သည့်အပြင် မြန်မာ့ပညာရေးရုပ်မြင်သံကြားအစီအစဉ် (Myanmar Education Channel)ဖြင့်လည်း ပညာရေးဆိုင်ရာများကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း။
ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေး အလေး အနက်ထား ဆောင်ရွက်ကြရန်လို - တိုင်းဒေသကြီးနှင့် ပြည်နယ်အစွန်အဖျားများရှိ တိုင်းရင်းသား ပြည်သူများ၏ အရေး၊ အဖတ်၊ အတွက်အချက်များ တတ်မြောက်လာစေရန်အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့်အသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနတို့အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း။
စာတတ်သူတိုင်း စာဖတ်ကြဖို့ လို- ဘဝအတွက် ပိုမိုပြည့်စုံရန်၊ ဗဟုသုတကြွယ်ဝရန်၊ အသိပညာ ပြည့်ဝရန်အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်နှင့် ပညာဆိုသည်မှာ ရှာဖွေလေ့လာ၍ ကုန်သည် မရှိဘဲ စာတတ်သူတိုင်း စာဖတ်ကြရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း။
လူတိုင်းအတွက် ပညာရေး - စာတတ်မြောက်ခြင်းသည် အသိပညာဗဟုသုတများ တိုးပွားစေရုံတင် မကဘဲ လူနေမှုဘဝကိုပါ မြင့်မားစေသောကြောင့် ပြည်သူအားလုံး စာတတ်မြောက်ရန် လိုကြောင်း။
စာတတ်မြောက်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ အတူတကွ ချီတက်ရန် — အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းထားသည့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ အတူတကွ ချီတက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ပါသည်။
