uz
Feedback
မြတ်ဗုဒ္ဓ၏ တရားတော်များ သစ္စာရွှေစည် Thitsarshwesi

မြတ်ဗုဒ္ဓ၏ တရားတော်များ သစ္စာရွှေစည် Thitsarshwesi

Kanalga Telegram’da o‘tish
7 823
Obunachilar
Ma'lumot yo'q24 soatlar
+117 kunlar
+14430 kunlar
Postlar arxiv
အကောင်းဆုံးနေနည်း အပိုင်း(၆) ______________________ သစ္စာရွှေစည်ဆရာတော် ၂၀၂၆.၆.၂၇( စနေနေ့) ဒါ ကျုပ်တို့ သွားနေကြ လမ်းစဉ်ပေါ့နော်။ မကောင်းတာနဲ့ တွေ့ရင် မက်မောမှုနဲ့ လေးလံတယ်။ မကောင်းတာနဲ့ တွေ့ရင် မုန်းတီးမှုနဲ့ လေးလံပြန်တယ်။ သက်သာရာကို မရဘူး။ အဲဒါကို မြတ်စွာဘုရား သတိထားပြီးတော့ နေခြင်းအားဖြင့် ရှောင်လွှဲလို့ ရတယ်။ ဒါကြောင့် "ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ" လို့ နည်းလမ်းကို ပေးတဲ့အခါမှာ "ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ"၊ နော်... သတိနဲ့ မနေရင် ဖြစ်နိုင်တဲ့ မက်မောခြင်းနဲ့ မုန်းတီးခြင်းကို သတိနဲ့ နေခြင်းအားဖြင့် ဖယ်ရှားပြီးတော့ ဒီလိုဟာ ချမ်းချမ်းသာသာ နေလို့ရတယ်လို့ ပြောတာ။ အဲတော့ မြတ်စွာဘုရားက သတိနဲ့ နေခြင်းဟာ စိတ်ကို ဖြူစင်စေတယ်၊ သန့်ရှင်းစေတယ်လို့ ပြောတဲ့နေရာမှာ၊ သန့်ရှင်းတယ်ဆိုတာ ညစ်နွမ်းမှု နည်းနည်း နည်းနည်း သွားတာကို သန့်ရှင်းတယ်လို့ ပြောတာ မဟုတ်လား။ ဟုတ်တယ်မဟုတ်လား။ ကျုပ်တို့ ဝတ်ထားတဲ့ အဝတ်ကလေး ညစ်နွမ်းလို့ ဆပ်ပြာ ကောင်းကောင်းလေးနဲ့ လျှော်ဖွက်လိုက်တယ်၊ ဘာဖြစ်သွားတာတုန်း။ ဖြူစင်သွားတယ်၊ သန့်ရှင်းသွားတယ်။ ဖြူစင်မူ၊ သန့်ရှင်းမှုကြီးက တစ်နေရာရာ ကနေ ရောက်လာတာလား၊ ဒါမှမဟုတ် ညစ်နွမ်းမှုတွေ၊ အညစ်အကြေးတွေ ပျောက်သွားတာလား။ မြင်အောင် ကြည့်နော်။ ညစ်နွမ်းမှု ပျောက်သွားတာကိုပဲ စင်ကြယ်တယ်လို့ ပြောတာ။ အဲတော့ ဘုန်းကြီးတို့က သတိနဲ့ မနေလို့ရှိရင် မက်မောခြင်းနဲ့ ညစ်နွမ်းမလား၊ သို့မဟုတ် မုန်းတီးခြင်းဖြင့် ညစ်နွမ်းမလား၊ ညစ်နွမ်းလေတာချည်းပဲ ဒီစိတ်က။ အဲဒီ အခြေအနေဆိုးကို ဘုန်းကြီးတို့ မဖြစ်ချင်ဘူး နော်... ဆိုလို့ရှိရင် ဘာလုပ်ရမတုန်း၊ သတိနဲ့ နေတဲ့ အလေ့အကျင့်နဲ့ ဘုန်းကြီးတို့ဟာ အစားထိုးရမယ်။ အဲဒါ စိတ်က တဖြည်း ဖြည်းနဲ့ အဲဒီ မက်မောမှု၊ မုန်းတီးမှု အခြေခံ ဒီ မကောင်းတဲ့ သဘာဝကြီးတွေ နည်းသွားလို့ရှိရင် သူတို့ကြောင့် ဆက်စပ်ဖြစ်မယ့် မနာလိုတာတွေ၊ ဝန်တိုတာတွေ၊ ယှဥ်ပြိုင်လိုတာတွေ၊ နောက်ထပ် အသေးစိတ် မကောင်းမွန်တဲ့ ဓာတ်သဘာဝလေးတွေကိုပါ ဘုန်းကြီးတို့က တစ်ခါတည်း လျှော့ချနိုင်တယ်။ ပြောရရင် စိတ်ဓာတ် အလွန်ကောင်းမွန် ဖြူစင် သန့်ရှင်းတဲ့၊ ရိုးသား ဖြောင့်မတ်တဲ့၊ ကိုယ့်ကိုကိုယ် စစ်မှန်တဲ့ ကျေနပ်မှုကို ရစေတဲ့ စိတ်ဖြူစင်သူ တစ်ယောက်အဖြစ်ကို အဲဒီ သတိနဲ့ နေခြင်းကပဲ ဖြစ်ပေါ်စေမယ်။ အဲဒီ ကိစ္စကိုလည်း ဘုန်းကြီးတို့က ရလိုတဲ့ ဆန္ဒ ထက်သန်ရမယ်နော်။ ဆိုကြပါစို့၊ လူတစ်ယောက်ကို အထင်ကြီးတယ်၊ အထင်သေးတယ်ဆိုတဲ့ ကိစ္စမှာ ကျုပ်တို့ ဘာကို ကြည့်ပြီးတော့ အထင်ကြီးတယ်၊ အထင်သေးတယ် အဓိက ဖြစ်ကြတာလဲလို့ မေးရင် အဲဒီ စိတ်ဓာတ်ကလေးကို ကြည့်ပြီးတော့ ဖြစ်နေတာ မဟုတ်လား။ အပေါ်ယံ ကြည့်ရင်တော့ ကျုပ်တို့ ပိုင်ဆိုင်မှုတွေ ကြည့်မယ်၊ တတ်ကျွမ်းမှုတွေ ကြည့်မယ်၊ ရုပ်ရည် ကြည့်မယ် ဟုတ်လား။ ဒါပေမဲ့ တကယ်တကယ် ပေါင်းလိုက်ပြီ၊ ကြာကြာ ပေါင်းလာပြီဆိုရင် သူရဲ့အပေါ်မှာ လေးစားတာ၊ မလေးစားတာ၊ တန်ဖိုးထားတာ၊ မထားတာဟာ တကယ်တကယ် ဘာကို ကြည့်ပြီးတော့ အဲဒီကျတော့ ပြောင်းလဲသွားလဲ၊ စိတ်ကို ကြည့်ပြီးတော့ ပြောင်းလဲသွားတာ။ စိတ်ဓာတ် မကောင်းဘူးဆိုရင် မလေးစားနိုင်တော့ဘူး၊ တန်ဖိုး မထားနိုင်တော့ဘူး။ စိတ်ဓာတ်က အလွန် ဖြူစင် သန့်ရှင်း တယ်ဆိုရင် နဂိုတုန်းက အကြောင်း အမျိုးမျိုးကြောင့် အထင်သေးနေတယ် ဆိုဦးတောင်မှ ဟာ... တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲ၊ မြတ်နိုးလာတယ်။ အဲတော့ ဘုန်းကြီးတို့ရဲ့ ဘဝမှာ မသိစိတ်ထဲမှာပဲဖြစ်ဖြစ်၊ သိစိတ်ထဲမှာပဲဖြစ်ဖြစ် တကယ်တကယ် ဘယ်အရာကို တန်ဖိုး အထားဆုံးလဲလို့ မေးရင် စိတ်ကောင်းနှလုံးကောင်း ရှိခြင်းကို တန်ဖိုး အထားဆုံး ဖြစ်နေတယ်။ ကျုပ်တို့ ဂုဏ်တကာ ဂုဏ်ထဲမှာ "သူတော်ကောင်း" ဆိုတဲ့ ဂုဏ်ဟာ အကြီးမားဆုံးပဲ။ အဲဒါကို ဒီလူတွေ လက်ခံလား မသိဘူး။ တခြား ဘယ်ဂုဏ်မျိုးထက်မဆို သူတော်ကောင်းဆိုတဲ့ ဂုဏ်ဟာ အကြီးမားဆုံးပဲ။ ဘာကိုကြည့်ပြီးတော့ သူတော်ကောင်းလို့ ပြောတာလဲ၊ စိတ်ဓာတ်လေး ကောင်းတဲ့သူကို သူတော်ကောင်း ပြောတာ၊ စိတ်ဓာတ် ယုတ်တော့ သူယုတ်မာ ဖြစ်သွားတာပဲလေ။ ဟုတ်လား။ ခု သတိထားနေခြင်းအားဖြင့် အဲဒီ စိတ်ကလေးက တဖြည်းဖြည်းနဲ့ မကောင်းတာတွေ နည်းပြီးတော့ ကောင်းသွားမယ်လို့ ပြောတာ။ ညစ်နွမ်းတာတွေ နည်းပြီးတော့ ဖြူစင်သွားမယ်လို့ ပြောတာ၊ ယုတ်ညံ့တာတွေ နည်းပြီးတော့ မြင့်မြတ်သွားမယ်လို့ ပြောတာ ဘယ်သူလဲ၊ ဒီစိတ်ကလေးကို ပြောတာ။ စိတ်ကလေးနဲ့ လူလုပ်နေရတာနော်။ စိတ်ဆင်းရဲရင် လူဆင်းရဲမယ်။ စိတ်ချမ်းသာရင် လူချမ်းသာမယ်။ စိတ်အောက်တန်းကျရင် လူအောက်တန်းကျမယ်၊ စိတ်မြင့်မြတ်ရင် မြင့်မြတ်သူပဲ။ အဲဒါ လက်ခံတယ် မဟုတ်လား။ အဲလိုဆိုရင် ဒီစိတ်ကို ကောင်းတဲ့ဘက်ကို အကြီးမားဆုံး ပြောင်းလဲပေးနိုင်တဲ့ ဒီနည်းလမ်းကို ကျုပ်တို့ ဘာကြောင့် မေ့လျော့ထားသင့်သလဲ။ ဒါကို ဘာဖြစ်လို့ ဒါ အရေးကြီးဆုံး အလုပ်လို့ ဘာဖြစ်လို့ ထိပ်ဆုံးမှာ မထားဘဲ နေနိုင်ရမလဲ။ သဘောပေါက်တယ်နော်။ ဒါကြောင့် သတိနဲ့ နေခြင်းကို "အကောင်းဆုံး နေနည်း" လို့ ပြောတာ။ ဆက်လက်ပူဇော်ပါမည်

ကောင်းပြီဆိုလို့ရှိရင် ဘုန်းကြီးတို့က မက်မောမှုနဲ့ စိတ်ဟာ ပူလောင်၊ ညစ်နွမ်းတယ်။ မကောင်းဘူးဆိုရင်လည်း ဘုန်းကြီးတို့ရဲ့ စိတ်က မုန်းတီးမှုနဲ့ ညစ်နွမ်းရတယ်၊ ပူလောင်ရတယ်။ ဆက်လက်ပူဇော်ပါမည်

အကောင်းဆုံးနေနည်း အပိုင်း(၅) သစ္စာရွှေစည်ဆရာတော် ၂၀၂၆.၆.၂၇ (စနေနေ့) ပြည့်ပြည့်ဝဝ အကျိုးကျေးဇူးကို ရရှိချင်တယ်ဆိုရင် ဘုန်းကြီးတို့ အကောင်းဆုံး အလေ့အကျင့်ကို လေ့ကျင့်ရလိမ့်မယ်။ ဒါကို ပြောတာ။ အကောင်းဆုံး အလေ့အကျင့်က ဘာလဲဆိုတော့ သတိနဲ့နေတဲ့ အလေ့အကျင့်၊ အဲဒါ ဘုန်းကြီး စောစောက အရိပ်အမြွက်လေး ပြောပြီးပြီ။ ဝင်လေထွက်လေရဲ့ပေါ်မှာ သတိထားပြီးတော့ နေမလား၊ ဣရိယာပုထ် ၄ မျိုးရဲ့ ပေါ်မှာ သတိထားနေမလား၊ အသေးစိတ် အမူအရာလေးတွေပေါ်မှာ သတိထားနေမလား၊ ဆံပင်၊ မွေးညှင်း အစရှိတဲ့ ၃၂ မျိုးသော ကောဋ္ဌာသ ဖြစ်ပေါ်နေတာကို သတိထားပြီးတော့ နေမလား၊ ဓာတ်ကြီး ၄ ပါးကို သတိထားနေမလား၊ ဒါမှမဟုတ် ကိုယ့် ရုပ်အစုအဝေးရဲ့ အနာဂတ်ကြီးကို ကြည့်ပြီးတော့ ဖြစ်ပေါ်နေတာ ကိုယ်သိတယ်နော်... ဒါကြီးက ဒီလိုဖြစ်မယ့်ဟာကြီးလို့ ဆင်ခြင်ပြီးတော့ နေမလား။ ဒါ အမှန်တရားတွေနော်။ ဒါမှမဟုတ် ခံစားချက် ဝေဒနာတွေ၊ ဒါမှမဟုတ် စိတ်တွေ၊ ဒါမှမဟုတ် ဓမ္မသဘာဝတွေ...သတိပဋ္ဌာန်းတရား ၄ ပါး အနှစ်ချုပ်ပြီးတော့ ဘုန်းကြီး ပြောလိုက်တာ။ သတိထားရာ အရာဌာန ၄ မျိုး ကွဲပြားသွားလို့ သတိပဋ္ဌာန်းတရား ၄ ပါး ဖြစ်သွားတာ။ လိုရင်း အနှစ်ချုပ် ပြောရရင် ပစ္စုပ္ပန် ဖြစ်ရပ်တိုငိးရဲ့ အပေါ်မှာ အသိကပ်ပြီးတော့ သတိထားပြီးတော့ နေတဲ့ အလေ့အကျင့်၊ သူဟာ အကောင်းမွန်ဆုံး အလေ့အကျင့်၊ တန်ဖိုးအကြီးမားဆုံးသော အကျိုးရလဒ်ကို ထွက်ပေါ်စေတဲ့အတွက်ကြောင့် တန်ဖိုးအကြီးဆုံး နေနည်းပဲ။ ဘယ်လောက်ထိ သူဟာ တန်ဖိုးကြီးမားတဲ့ အကျိုးရလဒ်ကို ထွက်စေသလဲဆိုရင် မြတ်စွာဘုရားက — “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောက ပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခ ဒေါမနဿနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ” လို့ ဘုန်းကြီးတို့ မဖြစ်မနေ ရအောင် လုပ်ကိုလုပ်ရမယ့် ကောင်းကျိုး ၇ မျိုးကို ဒီ အလေ့အကျင့်ကောင်းက မုချ ဖြစ်ပေါ်စေလိမ့်မယ်လို့ ဟောတာ။ အဲလို ပေးလိမ့်မယ်လို့ ဟောတဲ့အခါမှာ မြတ်စွာဘုရား အလွန်အားပါတဲ့ စကားလုံးလေး သုံးတယ်။ အဲဒါက ဘာတုန်းဆိုတော့ 'ဧကာယန'။ 'ဧကာယန' ဆိုတာ "တစ်ကြောင်းတည်း သောလမ်း" လို့ အဓိပ္ပာယ်ရတယ်။ ဆိုလိုတာက ဒီ သတိနဲ့နေတဲ့ အလေ့အကျင့် ကိုသာ လေ့ကျင့်မယ်ဆိုလို့ရှိရင် ဒီ မွန်မြတ်တဲ့၊ တန်ဖိုးကြီးမားတဲ့ အကျိုးရလဒ် ၇ မျိုးဆီကို စိုက်စိုက်မြိုက်မြိုက် ရောက်သွားလိမ့်မယ်။ အဲဒီကို ဆောင်ပို့ဖို့အတွက် ဒီ သတိနဲ့ နေခြင်းဟာ တစ်ကြောင်းတည်းသော လမ်းလို့ ပြောတာ။ ဆိုလိုတာက လမ်းခွဲမရှိလို့ ဒီ အကျိုး ရလဒ်တွေ ရမှရပါ့မလားလို့ သံသယဖြစ်စရာ မရှိဘူး။ တခြားသော နည်းလမ်းများဖြင့်လည်းပဲ ဒီ အကျိုးရလဒ်တွေကို မရနိုင်ဘူးလို့ ဒီလိုလည်းပဲ ကန့်ကွက်ပြီးသားဖြစ်တယ်။ "တစ်ကြောင်းတည်းသောလမ်း" ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ် လေးနက်ပုံကို ပြောတာနော်။ အကျိုးကျေးဇူး ၇ မျိုးတည်းဟူသော ပန်းတိုင်ကို ရောက်ဖို့အတွက် သူသည် တစ်ကြောင်းတည်းသောလမ်း၊ လမ်းခွဲမရှိဘူး။ ဒီပြင်နည်းဖြင့်လည်းပဲ ဒီ အကျိုးကျေးဇူး ၇ ပါးကို မရနိုင်ဘူး။ ဒီနည်းလမ်းကို ကြိုးစားမယ်ဆိုရင်လည်း မုချဧကန် ရကိုရလိမ့်မယ်၊ ရပါ့မလားလို့ သံသယမဝင်နဲ့။ အဲဒီ အကျိုးကျေးဇူး ၇ မျိုး... ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေ နှုတ်တက်အာဂုံ ရသင့်တဲ့ အကြောင်းအရာလေးတွေ၊ ဒါမျိုးလေးတွေက ကျွမ်းကျင်သင့်၊ ဆောင်ထားသင့်တာ။ ဘာဖြစ်လို့တုန်းဆိုတော့ ဆင်ခြင်လိုက်တိုင်း သတိနဲ့နေလိုစိတ်ကို သူက ထက်သန် စေလိမ့်မယ်။ ကျုပ်တို့က ဘာဖြစ်လို့ ဒီကောင်းမွန်တဲ့ နေနည်းတွေနဲ့ ပြည့်ပြည့်ဝဝ မနေနိုင်ကြတာလဲဆိုတော့ ဒီ အကျိုး ရလဒ်ကို မစဉ်းစားမိတဲ့အခါကျတော့ စိတ်အားထက်သန်မှု၊ ယုံကြည်မှုက အားပျော့တယ်။ အားပျော့တော့ ဘာတုန်း... မလုပ်ဖြစ်ဘူးပေါ့။ အကယ်၍သာ အကျိုးရလဒ်တွေကို စဉ်းစားဆင်ခြင်မိမယ်ဆိုရင် ဘုန်းကြီးတို့က အကြောင်းတရားဖြစ်တဲ့ ဒီအလုပ်ကို လုပ်လိုစိတ် ပိုပြီးတော့ ထက်သန်လာလိမ့်မယ်။ အဲဒါက ဘုန်းကြီးတို့အတွက် အရေးပါတဲ့ လိုအပ်ချက်ပဲ။ တရား ဘာလို့ မရကြတာတုန်း၊ မလုပ်လို့ မရတာ။ ဘာလို့ မလုပ်တာတုန်း၊ လုပ်ချင်စိတ် မထက်သန်လို့ မလုပ်တာ။ ဟုတ်တယ်မလား။ အဲဒီ လုပ်ချင်စိတ်ကို ထက်သန်ဖို့ ဘယ်သူ နှိုးဆွပေးမလဲဆိုရင် ဒီ အကျိုးရလဒ်တွေကို မြင်နေတဲ့ စိတ်က နှိုးဆွပေးလိမ့်မယ်။ ဒါကြောင့် ဒီ ၇ မျိုးကို ဘုန်းကြီးတို့က ပိုင်ပိုင်နိုင်နိုင် သဘော ပေါက်မှုနဲ့ အပီ ကိုယ့်ရဲ့ စိတ်ထဲ၊ ခေါင်းထဲကို ထည့်ထားစေချင်တာ။ ဘယ်အချိန် မေးလိုက် မေးလိုက် အရန်သင့်သိတယ်။ ဘယ်အချိန် ငါစဉ်းစားချင် စဉ်းစားချင် စဉ်းစားစရာ ဒီမှာ ရှိတယ်၊ မေ့ပျောက်မထားနဲ့၊ ဒီသဘောကို ပြောတာ။ နံပါတ် (၁) သတ္တာနံ ဝိသုဒ္ဓိယာ - သတိနဲ့နေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ တဖြည်းဖြည်းနဲ့ ဖြူစင်သန့်ရှင်း အပြစ်ကင်းလာလိမ့်မယ်။ စိတ်အရည်အသွေး တက်လာတယ်လို့ ပြောတာ၊ ဟုတ်လား။ ဘုန်းကြီးတို့ရဲ့ စိတ်က အာရုံတွေနဲ့ တွေ့တိုင်း သတိသာ မရှိဘူးဆိုလို့ရှိရင် သူက ပူလောင်မှု၊ ညစ်နွမ်းမှုနဲ့ပဲ သွားတာများတယ်။ အကြမ်းဖျင်း ပြောရရင် အာရုံကလည်းပဲ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ တမျိုးမျိုးတော့ တွေ့နေတာကိုး၊ ကောင်းမလား၊ ဆိုးမလား။

အကောင်းဆုံး နေနည်း အပိုင်း(၄) သစ္စာရွှေစည်ဆရာတော် ၂၀၂၆.၆.၂၇(စနေနေ့) စတုန္နံ အရိယသစ္စာနံ၊ ယထာဘူတံ အဒဿနာ။ သံသိတံ ဒီဃမဒ္ဓါနံ၊ တာသု တာသွေဝ ဇာတိသု။ အမှန်တရားကြီး (၄) ချက်ကို သင်တို့ရော ငါရော ကောင်းကောင်း မမြင်ခဲ့တဲ့ အတွက်ကြောင့် ဒုက္ခတွေဟာ ဆက်စပ် ဆက်စပ်ပြီးတော့ ဖြစ်ခဲ့တာတဲ့။ တာနိ ဧတာနိ ဒိဋ္ဌာနိ၊ ဘဝနေတ္ထိ သမူဟတာ။ ဥစ္ဆိန္နံ မူလံ ဒုက္ခဿ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါ။ အခု ငါဟာ သစ္စာလေးပါး အမှန်တရားကို သိပြီ။ ဒါကြောင့်မို့လို့ ဘဝတွေကို ရောက်အောင် ဆွဲဆောင်နေတဲ့ ကြိုးတစ်ချောင်းလို ဖြစ်နေတဲ့ ဒီလောဘကို ငါ ဖြတ်တောက်ပြီးပြီ။ ဒုက္ခရဲ့ အရင်းအမြစ်ကို ပယ်နှုတ်ပြီးပြီ။ ဒါကြောင့် နတ္ထိဒါနိ ပုနဗ္ဘဝေါ ငါ နောက်ထပ်ဖြစ်စရာ အကြောင်း မရှိတော့ဘူး။ ဒုက္ခငြိမ်းတယ်ဆိုရင် ဘုန်းကြီးတို့က ပြောရရင် ဘဝမဖြစ်မှ ဒုက္ခငြိမ်းတာ။ ဒါ အဆုံးစွန်ပြောတာ၊ ဒီစကားကို ရာခိုင်နှုန်းပြည့် နားလည်ဖို့ ဆိုတာ မလွယ်သေးဘူး၊ ဟုတ်လား။ ဒုက္ခငြိမ်းတယ်ဆိုတာ ဘာငြိမ်းမှ၊ ဘာမဖြစ်မှ... ဘဝမဖြစ်မှ ဒုက္ခငြိမ်းတာ။ ဘဝဖြစ်နေသမျှ ဘဝဖြစ်နေဦးသမျှတော့ ဒုက္ခတွေဟာ ဆက်ဖြစ်နေမှာပဲ။ ဆိုတော့ ကျုပ်တို့ကြောက်တဲ့ မကြိုက်တဲ့ ဒုက္ခတွေအကုန်လုံးဟာ ဘဝမှာ ရှိနေတာ။ အပေါ်ယံကြည့်မယ်ဆိုရင် ဘဝနဲ့ ဒုက္ခဟာ ခွဲလို့မရဘူး။ ပိုပြီးတော့ လေးနက်တဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဘဝကိုယ်က ဒုက္ခကြီးဖြစ်နေတာ တကယ်တမ်းက။ ကျုပ်တို့ ဒါပေမဲ့ နားမလည်သေးဘူး။ အဲဒါကို နားလည်အောင်လုပ်တာ အခု သတိပဋ္ဌာန်တရားဆိုတာ။ ဘဝကို ဒုက္ခလို့ နားလည်ရင် နားလည်သလောက် ဘဝရဲ့အပေါ်မှာ မက်မောမှုကို လျှော့ချနိုင်မယ်။ အဲဒီ မက်မောမှုသည်ပင်လျှင် ဘဝဖြစ်စေတဲ့ အကြောင်းတရား ဖြစ်တဲ့အတွက်ကြောင့် မက်မောမှု လျော့နည်းလေလေ ဘဝဖြစ်စရာ အကြောင်းတရား နည်းသွားလေလေ။ နောက်ဆုံး မက်မောမှုကို လုံးဝ ချုပ်ဆုံးသည်အထိ ဒုက္ခကို ပီပီပြင်ပြင် ပြည့်ပြည့်စုံစုံ မြင်မယ်ဆိုရင်... ဘာဘဝမှ ဆက်မဖြစ်တော့ဘူး။ အဲဒါကို မြတ်စွာဘုရား အခု ကြုံးဝါးသွားတာ။ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ၊ ငါ နောက်ထပ် ဘဝဖြစ်စရာအကြောင်း မရှိတော့ဘူး။ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါ တဲ့။ ဘယ်ထဲမှာ ပါတုန်း၊ ဒီစကားလုံး သုံးလုံး။ အင်း... ဓမ္မစကြာထဲမှာနော်။ အကုပ္ပါ မေ ဝိမုတ္တိ - ငါ့ရဲ့ လွတ်မြောက်မှုဟာ ပျက်စီးမသွားတော့ဘူး။ အယမန္တိမာ ဇာတိ - ငါဟာ ဒီဘဝ မွေးဖွားခြင်းဟာ နောက်ဆုံး မွေးဖွားခြင်း။ နတ္ထိဒါနိ ပုနဗ္ဘဝေါ - နောက်ထပ် ဘဝ ဖြစ်စရာ အကြောင်းမရှိတော့ဘူး။ ဘာလို့တုန်း၊ သစ္စာလေးပါးကို အခြင်းအရာ (၁၂) မျိုးနဲ့ စတုန္နံ အရိယသစ္စာနံ သစ္စာလေးပါးကို (၁၂) မျိုးသော အခြင်းအရာအားဖြင့်။ ဒွါဒသကာရံ။ ရပါတယ် ဒီလူတွေ ဟုတ်လား။ အဲဒါကို ပြီးပြီးပြင်ပြင် သိသွားတဲ့ အတွက်ကြောင့် ငါဟာ သဗ္ဗညုတ ဘုရားအဖြစ်ကို ဝန်ခံတယ်။ အဲဒါကို မသိခင်က ငါ ဘုရားအဖြစ်ကို ဝန်မခံဘူး။ ဒါ ဘုန်းကြီးက ဘာတွေ ပြောနေတာတုန်း ဆိုတော့ မြတ်စွာဘုရားရဲ့ အဆုံးအမ တွေဆိုတာ ဒုက္ခငြိမ်းကြောင်း ဒုက္ခငြိမ်းဖို့အတွက် ပေးခဲ့တာ။ ဒုက္ခငြိမ်းချင်ရင် ဒုက္ခကို ဒုက္ခမှန်း သိအောင် ဘုန်းကြီးတို့ တည့်တည့် ကြည့်ဖို့ လိုမယ်ပေါ့နော်။ ဒါကြောင့် တရားဆိုတာက နားထောင်ရုံမျှနဲ့ မပြီးဘူး။ ဒါပေမဲ့ သူက စရမယ်၊ သူ မပါလို့ မရဘူးနော်။ စဉ်းစားဆင်ခြင်မှု မပါဘဲနဲ့လည်း မပြီးဘူး၊ သူ့ချည်းနဲ့လည်း မပြီးသေးဘူး။ ဘာလာရအုံးမတုန်း၊ တကယ့် လက်တွေ့ ဒီဥစ္စာကို ကြည့်တဲ့ အလုပ်ကို လုပ်ရမယ်။ ဘုန်းကြီးက ကြည့်တဲ့ အလုပ်လို့ ရိုးရိုးလေး သုံးလိုက်တယ်နော်။ ဒါပေမဲ့ မြတ်စွာဘုရားလည်း အဲဒီအတိုင်း သုံးတာ။ ဧထ ပဿထိမံ လောကံ စိတ္တံ ရာဇရထူပမံ၊ ယတ္ထ ဗာလာ ဝိသီဒန္တိ နတ္ထိ သင်္ဂေါ ဝိဇာနတံ။ လာကြ၊ မင်းစီးတဲ့ ရထားတစ်စီးလို ဆန်းကြယ်တဲ့ ဒီခန္ဓာလောကကြီးရဲ့ အကြောင်းကို အမှန်အတိုင်းသိအောင် ကြည့်ကြလို့ ဟောတယ်။ ပဿထ ဆိုတဲ့ စကားလုံးနဲ့ တိုက်ရိုက် ဟောတာ၊ ကြည့်ခိုင်းတာ။ ပကတိ မျက်စိနဲ့တော့ မဟုတ်ဘူး၊ စိတ်နဲ့ ကြည့်ခိုင်းတာ။ ခုနက သတိနဲ့ နေတယ်ဆိုတာ အဲဒါ ကြည့်နေတာကို ပြောတာ။ ဖြစ်စဉ်ကို ကြည့်နေတာ၊ ဒါမှ သူ့အကြောင်းကို သိမှာ။ ယတ္ထ ဗာလာ ဝိသီဒန္တိ၊ မကြည့်လို့ မသိတဲ့လူတွေဟာ ဒုက္ခထဲ နစ်မွမ်းသွားလိမ့်မယ်။ ကြည့်လို့ သိတဲ့ , နားလည်တဲ့ ပုဂ္ဂိုလ် တွေဟာ ဒုက္ခရဲ့ အပေါ်မှာ ဘာကပ်ငြိမူမှ မရှိဘူး။ ကပ်ငြိမှုမရှိရင် သူက လွတ်မြောက်တော့တာ။ အမြင့်မားဆုံး ဘုန်းကြီးတို့ အဲဒီထိ သွားရမှာနော်။ ဒါကြောင့် ဘုန်းကြီးက ဘယ်စကားလေးကို အခု ထပ်ရှင်းလို့ စကားတွေက အဲဒီလို ထွက်သွားတာလဲ ဆိုတော့ - တရားဆိုတာ နားထောင်ရုံနဲ့ မပြီးဘူး၊ စဉ်းစားဆင်ခြင်ရုံနဲ့လည်း မပြီးဘူး။ ဆက်လက်ပူဇော်ပါမည်

ဒုက္ခကို ဆက်မဖြစ်အောင် လုပ်တာ တကယ်တမ်းက။ မြတ်စွာဘုရား ဘယ်လိုလေး ဟောလဲ။ ဒေသနာလေးကို ဘုန်းကြီးတို့ ရွတ်မှ ယုံကြည်မှုက ပိုပြီးတော့ တိုးတာနော်။ ဆက်လက်ပူဇော်ပါမည်

အကောင်းဆုံးနေနည်း အပိုင်း (၃) သစ္စာရွှေစည်ဆရာတော် ၂၀၂၆.၆.၂၇ ဘုန်းကြီးက ဘာပြောနေတာတုန်းဆိုတော့ နေခြင်းတကာ့ နေခြင်းထဲမှာ ဘာနဲ့ နေခြင်းဟာ အမြတ်ဆုံးလဲ၊ အကျိုးရှိဆုံးလဲ၊ အကောင်းမွန်ဆုံးလဲလို့ မေးရင် 'သတိနဲ့နေခြင်း' ဟာ အကောင်းမွန်ဆုံး၊ အကျိုးရှိဆုံးဖြစ်လို့ အကောင်းမွန်ဆုံးလို့ ပြောတာ။ ပြီးရင် ဘယ်လိုအကျိုး ရှိတယ်ဆိုတာ ဘုန်းကြီးပြောမယ်နော်။ အခု သတိနဲ့နေပုံနေနည်းလေးကို အရိပ်အမြွက်လေး ဘုန်းကြီးပြောပြတာ။ ဒါ ရုပ်ပိုင်းဆိုင်ရာရဲ့အပေါ်မှာ သတိထားပြီးတော့ နေတာ။ နောက် ဘုန်းကြီးတို့ မြင်ရတာ၊ ကြားရတာ၊ အနံ့ရတာ၊ စားသောက်ရတာ၊ တွေ့ထိရတာ၊ တွေးကြံမိတာတွေကို အကြောင်းပြုပြီးတော့ ခံစားမှုအမျိုးမျိုး ဖြစ်နေတာရှိတယ်။ ဟော... တစ်ဆင့်တက်လာပြီနော်။ စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတီတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ။ အဲ့လို မြတ်စွာဘုရား ကတော့ အသေးစိတ်လေး ဟောတယ်။ မြင်တတ်တဲ့ မျက်လုံးရယ်၊ အရောင်ရယ် တွေ့မိတဲ့ အခါမှာ ဘုန်းကြီးတို့ မြင်သိစိတ်ဆိုတာ ဖြစ်တယ်။ အဲ့ဒီသုံးခု ပေါင်းဆုံမိတာကို 'ဖဿ' လို့ ခေါ်တာ။ လူငယ်တွေ၊ လူလတ်ပိုင်းတွေ နားလည်လွယ်အောင် ပြောရရင် မြင်တဲ့ သဘောလေး ဖြစ်သွားတာပါပဲ။ အဲ့ဒီ မြင်တဲ့သဘောလေး ဖြစ်ပြီးတာနဲ့ ဘုန်းကြီးတို့ ခံစားရတာ အဆင်ပြေသလား၊ အဆင်မပြေဘူးလား တစ်ခုခု ဖြစ်လာတယ်။ အဲ့ဒါကို ဘာလို့ခေါ်တုန်း? 'ဝေဒနာ'။ အဲ့ဒီ ဝေဒနာရဲ့ အပေါ်မှာလည်းပဲ 'ဒီလို ခံစားမှုလေး ဖြစ်သွားတယ်' လို့ သိလိုက်တာ။ အဲ့ဒါဟာ ဘုန်းကြီးတို့ရဲ့ မှားယွင်းမှုကို အများကြီး ဖျက်ဆီးပစ်နိုင်တယ်။ ကြီးမားတဲ့ အပြောင်းအလဲကို မျှော်လင့်တောင်းတတယ်ဆိုရင် အဲ့ဒီဥစ္စာ ဘုန်းကြီးတို့ လုပ်ကို လုပ်ရလိမ့်မယ်။ ဟုတ်လား... ဒီခံစားမှုတွေကို တည့်တည့် ကြည့်တဲ့ အလေ့အကျင့်ကို ဘုန်းကြီးတို့ လုပ်ကို လုပ်ရလိမ့်မယ်။ နောက်မို့ရှိရင် ခံစားမှုတွေရဲ့အပေါ်မှာ ဘုန်းကြီးတို့က 'ငါ' လို့ထင်တယ်၊ 'သူ' လို့ထင်တယ်။ ဆင်းရဲရင်လည်း 'ငါ ဆင်းရဲတယ်'၊ ချမ်းသာရင်လည်း 'ငါ ချမ်းသာတယ်'။ တကယ့် မရှိတဲ့၊ မဖြစ်တဲ့ အရာတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြောရရင် မှားယွင်းဖောက်ပြန်မှုနဲ့ ဘုန်းကြီးတို့က သွားတာ။ အဲ့ဒါကို တည့်တည့်မြင်ဖို့၊ ရှေ့ဆက် ပြီးတော့ အကျိုးရလဒ်ပေါင်းများစွာကို ရရှိဖို့အတွက် ဘုန်းကြီးတို့က အဲ့ဒီ မှန်ကန်တဲ့ အလေ့အကျင့်၊ မှန်ကန်တဲ့ နေနည်းကို လေ့ကျင့်ရမယ်။ သတိ အမြဲတမ်း ရှိအောင် ကြိုးစား။ ဝေဒနာရဲ့အပေါ်မှာ၊ ပြီးရင် စိတ်တွေရဲ့ အပေါ်မှာ၊ ပြီးရင် ဓမ္မသဘာဝတွေရဲ့ အပေါ်မှာ။ လိုရင်းအနှစ်ချုပ်ပြောရရင်တော့ ဘာပဲဖြစ်နေနေ၊ ပစ္စုပ္ပန်ဖြစ်ရပ်တိုင်းရဲ့ အပေါ်မှာ 'ဒါ ဖြစ်သွားတယ်၊ ဒါ ဖြစ်သွား တယ်' လို့ တည့်တည့် လိုက်ပြီးတော့ သိ။ အဲ့ဒါကို 'သတိနဲ့ နေတယ်' လို့ ခေါ်တယ်။ ဟုတ်ပြီနော်... အဲ့ဒီ သတိနဲ့နေခြင်းကို ဘုန်းကြီးက 'အကောင်းဆုံးနေနည်း'ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အခု တရားတစ်ပုဒ် ပြောနေတာ။ ဘာဖြစ်လို့ သူ့ကို 'အကောင်းဆုံးနေနည်း' လို့ ပြောရ တာလဲလို့ မေးရင် တန်ဖိုးကြီးမားတဲ့ အကျိုးရလဒ်တွေ အများဆုံး ရနိုင်တဲ့ နေနည်း ဖြစ်လို့။ တန်ဖိုးကြီးမားတဲ့ အကျိုးရလဒ်တွေ အများဆုံးရနိုင်တဲ့နေနည်း။ ဘုန်းကြီးတို့ တရားဆိုတာက နာခြင်းဖြင့် သိရမယ့် အပိုင်းတွေရှိတယ်။ နားထောင်ခြင်းဖြင့် ဘုန်းကြီးတို့ သိအောင် လုပ်ရမှာတွေ ရှိတယ်။ စဉ်းစားဆင်ခြင်ခြင်းအားဖြင့် သိအောင် လုပ်ရမယ့် အပိုင်းတွေရှိတယ်။ ဒါနဲ့ မပြည့်စုံဘူး။ ကောင်းကောင်း လေ့ကျင့်ခြင်းအားဖြင့် သိအောင် လုပ်ရမယ့် အပိုင်းတွေရှိတယ်။ ဘယ်နှစ်ဆင့်တုန်း? သုံးဆင့်နော်။ အခြေခံကတော့ နားထောင်တာကနေ စရတယ်။ နားမထောင်ရင် ကျုပ်တို့ ဘာမှ စပြီး မသိနိုင်ဘူး။ ပြီးရင် အဲ့ဒီ မှန်မှန်ကန်ကန် အကြောင်းအရာတွေ၊ အထူးသဖြင့် ဒေသနာတွေပေါ့နော်။ အဲ့ဒါတွေကို နားထောင်ပြီးတဲ့နောက်မှာ ဘုန်းကြီးတို့ အဲ့ဒါတွေကို အခြေခံ ပြီးတော့ 'ဟုတ်မဟုတ်၊ သဘာဝကျမကျ၊ ဖြစ်သင့် မဖြစ်သင့်၊ ဖြစ်နိုင်မဖြစ်နိုင် ဆင်ခြင်တယ်၊ သုံးသပ်တယ်။ အဲ့ဒီ ဆင်ခြင်သုံးသပ်တဲ့နည်းနဲ့လည်း ဘုန်းကြီးတို့ အသိဉာဏ်ကိုရအောင် လုပ်ရမယ်။ မလုံလောက်သေးဘူး။ လက်တွေ့ ဒီသဘောတွေဟာ ဘယ်လိုလဲဆိုတာကို နားလည်အောင် တည့်တည့် အဲ့ဒါတွေကို လိုက်ကြည့်ရမယ်။ ဥပမာ - သိပ္ပံပညာရှင်တွေဟာ သူတို့ သိလိုတဲ့ သဘာဝတရားတစ်ခုခု... ပြောရရင် ဓာတ်သဘာဝတရား တစ်မျိုးမျိုးကြောင့် သိချင်တယ်ဆိုရင် အဲ့ဒါကို ဓာတ်ခွဲခန်းထဲမှာ သူတို့ အမျိုးမျိုး ဘာလုပ်ရမတုန်း? စမ်းသပ်ရလိမ့်မယ်။ ဟိုကပြတဲ့ အဖြေကို မှတ်တမ်းတင်ရလိမ့်မယ်။ သူ့ဟာသူ ထင်ရာမြင်ရာတွေနဲ့ မှန်းရမ်းလို့ အဖြေမှန် မထွက်နိုင်ဘူး။ တည့်တည့် ဒီဟာကို ဘာလုပ်ရမတုန်း? နားလည်အောင် လုပ်ရမယ်။ အဲ့တော့ ဘုန်းကြီးတို့ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အဓိကက 'ဒုက္ခငြိမ်းရေး' ပေါ့နော်။ ဒုက္ခငြိမ်းချင်တယ်ဆိုလို့ရှိရင် ဒီ 'ဒုက္ခဖြစ်နေတာတွေကို ဒုက္ခ ဖြစ်နေတယ်' လို့ အမှန်အတိုင်း သိမှ အဲ့ဒါတွေရဲ့အပေါ်မှာ မက်မောမှု အဆင့်ဆင့် ငြိမ်းတာ။ မက်မောမှု အဆင့်ဆင့် ငြိမ်းမှ မက်မောမှုကြောင့် ဖြစ်မယ့် ဒုက္ခတွေဟာ ဆက်မဖြစ်တော့တာ။

အကောင်းဆုံးနေနည်း အပိုင်း(၂) သစ္စာရွှေစည်ဆရာတော် 2026.6.27 (SAT) ဒီခန္ဓာကိုယ်ကြီးရဲ့ အတွင်းပိုင်းမှာ အရိုးကြီးဟာ အမာခံသဘောအနေနဲ့ ဖြစ်နေတယ်၊ ရှိနေတယ်လို့ အသိရှိတယ်။ တမင်သိမှ ရတာနော် ဒီဥစ္စာ၊ ဟုတ်လား။ အကြောမျိုးစုံ ဖွဲ့ယှက်ထားတယ်လို့ သိတယ်။ သွေးတွေဟာ လှည့်ပတ်နေတယ်လို့လည်း သိတယ်။ ကြွက်သားတွေနဲ့ မွမ်းမံထားတယ်၊ အရေထူ အရေပါးနဲ့ အုပ်ထားတယ်လို့လည်း သိတယ်။ ဦးခေါင်းရိုးကြီးနဲ့ လုံးလုံးခြုံခြုံ၊ အထဲထဲမှာ ဦးနှောက်တွေ အပြည့်ရှိနေတယ်၊ ဒါလည်း သိတယ်။ ရင်ခေါင်းပိုင်းမှာ အဆုတ်နဲ့ နှလုံးဟာ တလစပ် အလုပ်လုပ်ရင်း ရှိနေကြတယ်၊ ဖြစ်နေကြတယ်လို့လည်း သိတယ်။ ပြီးရင် ဘုန်းကြီးတို့ အသည်း၊ ပန်ကရိယ၊ သဲခြေ၊ ဘေ ဆိုတဲ့ သရက်ရွက်၊ ဟုတ်လား။ အစာခြေစနစ်၊ ဓာတ်မျိုးစုံထွက်တဲ့ ကောဋ္ဌာသ။ ကိုယ် မက်မက်မောမော စားသောက်ထားတဲ့ အစာအဟာရတွေ ထည့်ထားတဲ့ အစာအိမ်။ ရွေ့လျားပြီးတော့ ပြောင်းလဲစပြုနေတဲ့ အစာတွေ။ အဲ့ဒါကို ထည့်ထားတဲ့ အူသိမ်။ ပြီးရင် အစာဟောင်းအဖြစ် ပြောင်းလဲ သွားတဲ့ အရာတွေကို ဘုန်းကြီးတို့ ထည့်ထားတဲ့ အူမကြီးရှိတယ်။ ကျောက်ကပ်နှစ်လုံးကနေပြီးတော့ ဆီးတွေ တစပ်စပ်ကျနေတာကို ဆီးအိမ်ကြီးနဲ့ စုပြီးတော့ ထည့်ထားတာလည်း ရှိမယ်။ အဲ့ဒါတွေဟာ တကယ်ဖြစ်နေတဲ့အရာ၊ တကယ်ရှိနေတဲ့အရာတွေ၊ ဟုတ်လား။ အဲ့ဒါကို ဘုန်းကြီးတို့ သိနေတယ်၊ ဒါကြီးက ဒီတိုင်းရှိနေတယ်။ ခြုံငုံပြီးတော့ ဘုန်းကြီးတို့ ဖီးလိမ်း၊ ပြင်ဆင်၊ ဝတ်စားထားတာကို မြင်တဲ့ အမြင်ကို အများကြီး ကျော်လွန်သွားတယ်နော်။ ကျုပ်တို့က ပုံမှန်ဆိုရင် ကိုယ့်ကိုကိုယ် ကြည့်တာပဲဖြစ်ဖြစ်၊ သူများကို ကြည့်တာပဲ ဖြစ်ဖြစ်၊ တစ်လုံးထဲ၊ တစ်ခဲထဲ ခြုံငုံသုံးသပ်တဲ့ အမြင်နဲ့ပဲ ဘုန်းကြီးတို့ဟာ မြင်ကြတယ်။ အဲ့ဒီအမြင်နဲ့ ထိုက်တန်တဲ့ ခံစားချက်ကို ခံစားရတယ်။ အဲ့ဒီခံစားချက်နဲ့ ထိုက်တန်တဲ့ တုံ့ပြန်မှုတွေ ကျုပ်တို့ တုံ့ပြန်ကြတယ်၊ စိတ်ထဲမှာ။ အဲ့ဒါကို လုံးဝ ဘုန်းကြီးတို့ ပြောင်းလဲ ပစ်ဖို့ဆိုလို့ရှိရင် တစ်စစီ၊ တစ်ခုစီ ခွဲခြားဝေဖန်ပြီးတော့ မြင်တဲ့၊ ကြည့်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ရမယ်။ အဲ့ဒါကို မြတ်စွာဘုရားက ပဋိကူလမနသိကာရ၊ မတင့်တယ်တဲ့၊ ရွံရှာစက်ဆုပ်ဖွယ် သဘာဝတို့ရဲ့ အစုအဝေးပဲဆိုတဲ့ အမှန်တရားကို သူဟာ သိနေတယ်။ အဲ့ဒါလည်း သတိနဲ့နေခြင်း တစ်မျိုးပဲ။ လေးမျိုးရှိပြီနော်၊ ဘုန်းကြီးပြောတာ။ အာနာပါန၊ အသေးစိတ် အမူအရာလေး တွေကို သိတဲ့ သမ္ပဇာန၊ ဟုတ်လား။ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ်ကြီး လေးပါးကိုသိတဲ့ ဣရိယာပထ၊ အခု ပဋိကူလမနသိကာရ (၃၂) ကောဋ္ဌာသကို သိတာ။ နောက် ဓာတ်ကြီးလေးပါးကို သိတယ်။ ကျုပ်တို့ ပြင်ပက အရာဝတ္ထုတွေကို စမ်းကြည့်ရင် ပူရင်ပူမယ်၊ အေးရင် အေးမယ်၊ နွေးရင် နွေးမယ်။ ဒီမှာစမ်းကြည့်လိုက်ရင်လည်း အဲ့ဒါမျိုး မရှိဘူးလား? တေဇောဓာတ်၊ အတူတူပဲလို့ မြတ်စွာဘုရား ဟောတယ်။ ပြင်ဘက်က အရာဝတ္ထုတစ်ခုခုကို စမ်းလိုက်ရင် ဒါ ကာယပသာဒနဲ့ သိနိုင်တဲ့ ဖောဋ္ဌဗ္ဗရုပ်အကြောင်းကို ပြောနေတာ။ မာရင်မာမယ်၊ ပျော့ရင်ပျော့မယ်၊ နုရင် နုမယ်၊ ကြမ်းရင်ကြမ်းမယ်။ အဲ့လိုပဲ ကိုယ့်ကိုယ်ကိုယ် စမ်းကြည့် လိုက်ရင်လည်း အဲ့ဒီသဘာဝ မတွေ့ရဘူးလား? ဘာကို တွေ့ရတာ လဲဆိုတော့ ပထဝီကို တွေ့ရတာ၊ အတူတူပဲလို့ မြတ်စွာဘုရား ဟောတယ်။ ဆိုလိုတာက... ဓာတ်ကြီးလေးပါးကို အမာခံနေရာမှာ ထားပြီးတော့ တည်ဆောက်ထားတာ။ ပြင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ ဓာတ်ကြီး လေးပါးလိုပဲ၊ ဒီအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်ကြီးလေးပါးဟာ ဓာတ်ကြီး လေးပါးချင်း အတူတူပဲလို့ ဟောတယ်။ အဲ့ဒါကို ဘုန်းကြီးတို့က ရှုမြင်သုံးသပ်မှုနဲ့ ဒီသဘောတွေ ဖြစ်နေတာလို့ အမှတ်ရတာ။ အဲ့ဒါလည်း ဘာတုန်း? သတိနဲ့ နေတာပဲ။ ဘယ်နှစ်မျိုးရှိပြီတုန်း? ငါးမျိုး။ နောက် ဒီခန္ဓာကိုယ်ကြီး ပျက်စီးပြီးတဲ့ နောက်မှာ၊ အသက်ဝိညာဉ် ကင်းပြီးတဲ့ နောက်မှာ ဒီရုပ်ပိုင်းဆိုင်ရာ အစုအဝေး ကြီးဟာ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ဖောက်ပြန်ပြောင်းလဲမှုကြီး ဖြစ်တယ်။ အချိန်ပိုင်းအတွင်းမှာ သူ ဘာလုပ်လာမလဲ? ရောင်လာမယ်၊ တောင့်တင်းပြီးတော့ ရောင်လာမယ်။ ပြီးရင် အရည်မျိုးစုံပျော်ပြီးတော့ အကုန်လုံး အနံ့မကောင်းတာတွေနဲ့ ရောပြီးတော့ တကယ့်ကို စိတ်ကူးကြည့် ချင်စရာ မကောင်းလောက်အောင် ဖောက်ပြန်ပြောင်းလဲတယ်။ အဲ့ဒါကို ဘုန်းကြီးတို့ နားလည်ထားပြီးသား။ အဲ့ဒီနားလည်မှုကို ကျုပ်တို့က ဘယ်လို သတိထားရမှာတုန်းဆိုတော့... "ဩော်... ငါရဲ့ဒီ ငါလို့ စွဲယူထားတဲ့ ဒီအရာဟာ... အဲ့ဒီအခြေအနေမျိုးကို ဘယ်လိုမှ လွန်ဆန်လို့မရဘူး။ အဲ့ဒီအခြေအနေမျိုးကြီးပဲ၊ အဲ့ဒီလိုမျိုး ဖြစ်ကိုဖြစ်လိမ့်မယ်၊ အဲ့ဒါကို မလွန် မြောက်နိုင်ဘူး" လို့ စဉ်းစားရတာ။ ဆိုလိုတာက ကိုယ့်ရုပ်အစုအဝေးရဲ့ အနာဂတ်ကို ကြိုတင်ပြီးတော့ မြင်တာ။ ဧဝံဓမ္မော၊ ဧဝံဘာဝီ၊ ဧဝံ အနတိတောတိ။ ဒါ အဲ့ဒီသဘောရှိတယ်၊ အဲ့ဒီလို ဖြစ်ကို ဖြစ်လိမ့်မယ်၊ အဲ့ဒါကို ဘယ်လိုမှ မလွန်ဆန်နိုင်ဘူးလို့ စဉ်းစားတာ။ အဲ့ဒါကိုတော့ မြတ်စွာဘုရားက စိတ်ရှည်လက်ရှည် ကိုးပိုင်းလောက် သေပြီးတဲ့နောက်မှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုတွေကို ကိုးပိုင်းခွဲပြီး ဟောတာ။ ခုနတုန်းက ငါးပိုင်းနဲ့ပေါင်းရင် အဲ့ဒါ ကာယာနုပဿနာ သတိပဋ္ဌာန် (၁၄) ပိုင်း ခေါ်တယ်။

အကောင်းဆုံးနေနည်း အပိုင်း(၁) ဒကာကြီးရဲ့ မွေးနေ့မှာ ဘုန်းကြီးက ဘယ်လိုအကြောင်းအရာကို ပြောဖို့ အစီအစဉ်ချထားလဲဆိုတော့ ‘အကောင်းဆုံးနေနည်း’ လို့ ဒီလိုခေါင်းစဉ်လေး ပေးပြီးတော့ ပြောမယ်လို့ စိတ်ကူးထားတာ။ အကောင်းဆုံးနေနည်း... ဘာလို့ အကောင်းဆုံးနေနည်းလို့ ပြောရတာလဲဆိုတော့ အကျိုးအရှိဆုံး နေနည်းဖြစ်လို့ အဲ့ဒီနေနည်းလေးက။ အဲ့ဒီနေနည်းက ဘယ်လိုနေတဲ့ နည်းလဲဆိုတော့ သတိနဲ့နေတဲ့နည်း။ ဘုန်းကြီးတို့ ဘဝမှာ မိတ်ဆွေအပေါင်း အသင်းနဲ့ နေတယ်၊ မိသားစုနဲ့ နေတယ်၊ စီးပွားရေးလုပ်ရင်း နေတယ်၊ ဘာနဲ့ နေတယ်၊ ညာနဲ့နေတယ်လို့ နေတယ်လို့ ပြောတဲ့အခါမှာ ကိုယ့်တစ်ယောက်ထဲ နေတဲ့အနေအထားမျိုး မဟုတ်ပဲနဲ့ ကိုယ့်ဘေးမှာ ဘယ်သူရှိသေးတယ်၊ ဘယ်သူနဲ့ နေတယ်၊ ဘာနဲ့ နေတယ်လို့ ဘာနဲ့ နေတယ်ဆိုတဲ့ သဘောလေး ပြောကြတာရှိတယ်နော်။ တချို့ဆိုရင် ပြောကြတာတောင် ရှိတယ်၊ တို့က ဂုဏ်နဲ့ ဒြပ်နဲ့ နေတာ၊ ရွှေနဲ့ ငွေနဲ့ နေတာ၊ ဟုတ်လား။ ခု ဘုန်းကြီးပြောချင်တာက ဘာနဲ့ နေတဲ့ နည်းလဲဆိုတော့ သတိနဲ့နေတဲ့နည်း။ အဲ့ဒီ သတိနဲ့နေတဲ့နည်းဟာ မြတ်စွာဘုရား ဖော်ထုတ်ခဲ့တဲ့ တစ်ခုတည်းသော အကျိုးအရှိဆုံး နေနည်းပဲ။ မြတ်စွာဘုရားသာ မဖော်ထုတ်ခဲ့ဘူးဆိုရင် အဲ့ဒီလောက် အကျိုးရလဒ်ကြီးမားတဲ့ နေနည်းမျိုးကို ဘုန်းကြီးတို့ သိခွင့်ရမှာ မဟုတ်ဘူး။ အဲ့တော့ သတိဆိုတာ ဘာလဲ။ သတိဆိုတာ အောက်မေ့တဲ့သဘော၊ အမှတ်ရတဲ့သဘော။ ဒီနေရာမှာ ဘာကို အောက်မေ့တာတုန်း၊ ဘာကို အမှတ်ရတာတုန်းဆိုတော့ ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ သဘာဝကို အောက်မေ့၊ အမှတ်ရတာ။ လုပ်ငန်းစဉ်လေးနဲ့ တွဲပြီးတော့ ပြောမှ ပိုပြီးတော့ နားရှင်းမယ်နော်။ ဆိုပါစို့— ဝင်လေ ထွက်လေဟာ မပြတ် ဝင်ထွက်နေတာ။ အဲ့ဒါကို ကိုယ်က ဝင်မှန်းသိနေတယ်၊ ထွက်မှန်း သိနေတယ်။ ဝင်လေ၊ ထွက်လေရဲ့ အပေါ်မှာ သတိရှိနေတယ်။ အဲ့ဒါကို သတိနဲ့ နေတယ်လို့ ပြောတာ။ အဲ့ဒါ မြတ်စွာဘုရားက သတိနဲ့ နေတဲ့ နည်းကို သင်ကြားပေးတဲ့အခါမှာ အဲ့ဒီ ဝင်လေ၊ ထွက်လေရဲ့ အပေါ်မှာ ဝင်တိုင်း၊ ထွက်တိုင်း သိနေဖို့ သင်ကြားပေးတာကနေ စတာ။ ‘သတော ဝ အဿသတိ၊ သတော ဝ ပဿသတိ’— သတိရှိလျက် ဝင်သက်ကို ဝင်စေအံ့၊ သတိရှိလျက် ထွက်သက်ကို ထွက်စေအံ့။ ဆိုလိုတာက မသိလိုက်ပဲနဲ့ လေဝင် သွားတာ၊ လေထွက်သွားတာမျိုး မရှိစေရဘူးဆိုတဲ့ ခံယူချက်နဲ့ လေဝင်သွားတာကို သိနေတယ်၊ လေထွက်သွားတာကိုလည်း သိနေတယ်။ ကိုယ့်ရဲ့ အသိစိတ်ဟာ တခြားနေရာ၊ တခြားကိစ္စ၊ တခြား အတွေးတွေနဲ့ ရှိနေတာ မဟုတ်ဘူး။ ဒီ ဝင်လေ၊ ထွက်လေ ပေါ်မှာပဲ ရှိနေတယ်။ အဲ့ဒါ ဘာလဲ၊ ဝင်လေ၊ ထွက်လေ ပေါ်မှာ သတိထားတာ၊ ဒါ သတိနဲ့နေတာ။ ဘာ သတိလဲလို့ မေးရင် ကာယဂတာ သတိ၊ တစ်နည်းအားဖြင့် ကာယာနုပဿနာသတိပဋ္ဌာန်။ အဲ့ဒါ ဘုန်းကြီးတို့ သွားမယ်၊ ရပ်မယ်၊ ထိုင်မယ်၊ လျောင်းမယ်။ ပုံစံတစ်မျိုးမျိုးနဲ့ ဘဝမှာ ရှင်သန်ရတယ်။ အဲ့ဒီ ကိုယ်နေနေတဲ့၊ ဖြစ်နေတဲ့ ပုံစံရဲ့ အပေါ်မှာလည်း သတိထားရမယ်။ အဲ့ဒါကို ဣရိယာပထပဗ္ဗ— ကိုယ့်ရဲ့ ဣရိယာပုထ်တွေရဲ့ အပေါ်မှာ သတိထားပြီးတော့ နေတဲ့နည်း။ ဒါလည်း မြတ်စွာဘုရား သင်ပေးတယ်။ ထိုင်နေတဲ့အပေါ်မှာ သတိရှိရမယ်၊ သွားနေတယ်ဆိုရင်လည်း သွားနေတဲ့ ဖြစ်ရပ်အပေါ်မှာ သိနေတယ်၊ ရပ်နေရင်လည်း သိနေတယ်၊ လျောင်းစက်နေရင်လည်း သိနေတယ်။ ဒါ တစ်နည်းပေါ့နော်။ နောက် သမ္ပဇာနပဗ္ဗ ဆိုပြီးတော့ အသေးစိတ် အမူအရာလေးတွေ— ရှေ့တက်တယ်၊ နောက်ဆုတ်တယ်၊ ငုံ့တယ်၊ မော့တယ်၊ ကွေးတယ်၊ ဆန့်တယ်၊ စားတယ်၊ သောက်တယ်၊ ကျင်ကြီးကျင်ငယ် စွန့်တယ်၊ အဝတ်အစားတွေကို ဝတ်ဆင်တယ်၊ အိပ်တယ်၊ နိုးတယ်၊ ပြောတယ်၊ တိတ်တိတ်နေတယ် အစရှိတဲ့ အသေးစိတ် အမူအရာလေးတွေကိုလည်း မြတ်စွာဘုရားက အဲ့ဒီဖြစ်စဉ်ရဲ့ အပေါ်မှာ သတိလေး ရှိရမယ်။ ပိုပြီးတော့ ရိုးရှင်းတဲ့ စကားလုံးနဲ့ ပြောရရင် 'ဒါလေး ဖြစ်နေတယ်' လို့ သိနေတယ်။ ဒီဖြစ်ရပ်ရဲ့ အပေါ်မှာ အသိရှိနေတယ်။ အဲ့ဒါကို ဘုန်းကြီးတို့ ကာယာနုပဿနာ သတိပဋ္ဌာန်၊ တစ်နည်းအားဖြင့် ရုပ်ကာယရဲ့ အပေါ်မှာ သတိလေး ထားနေတယ်။ ဒါကို 'သတိနဲ့ နေတယ်' ဆိုတာ အဲ့ဒါကို ပြောတာ။ နောက်ပြီးတော့ ဒီရုပ်အစုအဝေးကြီးဟာ ဘယ်လိုဖြစ်ပေါ်နေသလဲ ဘယ်လို တည်ဆောက်ထားသလဲ။ အမှန်အကန် သိတာ။ အရိုးကို အမာခံနေရာမှာ စိုက်ဆောက်ထားတယ်။ ဆက်လက်ပူဇော်ပါမည်

မပျက်စီးတဲ့ကုသိုလ် ______________ မပျက်စီးတဲ့ ကုသိုလ်ဆိုတာ ဘယ်လိုကုသိုလ်တုန်း။ ဝိဝဋ္ဋကုသိုလ်။ သူကတော့ ကုသိုလ်ကတော့ ဖြစ်တုန်းမှာ ပျက်တယ်။ သို့သော် သူက ဘာကို ရစေမှာတုန်း။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြုသောအားဖြင့် ရစေမှာ။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြုရပြီဆိုရင်ကျတော့ နိဗ္ဗာန်ချမ်းသာက မပျက်စီးတတ်တဲ့အရာ ဖြစ်တယ်တဲ့။ ဒါကြောင့်မို့လို့ မပျက်စီးတတ်တဲ့ အရာကို ရစေတတ်တဲ့ကုသိုလ်ကို မပျက်စီးတဲ့တရားလို့ တင်စားပြောတာ။ ကျန်တဲ့အရာတွေကတော့ ဘာတွေ ဘာကြီး ဖြစ်လို့နေနေ ပြန်ကြည့်လိုက်။ ဖြစ်ခဲ့တာတွေအကုန်လုံး ဘာမှ မရှိဘူး။ အခု ဖြစ်နေတာတွေ အကုန်လုံးကလည်းပဲ ပြီးရင် ဘာမှ ရှိတော့မှာ မဟုတ်ဘူးဆိုတဲ့ အဖြေက ရှင်းနေတယ်။ နောင်ဖြစ်ဦးမယ့်အရာတွေလည်း အဲဒါလည်းပြီးသွားရင် ဘာမှ ရှိတော့မှာမဟုတ်ဘူး။ အကုန်လုံးက အနိစ္စမျိုးတွေချည်းပဲ ဟုတ်လား။ အနိစ္စမျိုးတွေချည်းပဲ။ အဲဒီအနိစ္စနယ်ပယ်ထဲမှာ အနိစ္စမျိုးတွေ အနေနဲ့ ကျင်လည်ရင်းနဲ့ ဘုန်းဘုန်းတို့ တစ်တွေက နိစ္စမျိုးကို ရှာတတ်ဖို့ လိုတယ်ပေါ့။ အဲဒါ မြတ်စွာဘုရားရဲ့ကျေးဇူး တရားကြောင့် ဘုန်းဘုန်းတို့ အဲဒါကို နားလည်ခွင့်ရတယ်နော်။ ဒါနပဲပြုပြု၊ သီလပဲဆောက်တည် ဆောက်တည်၊ သမာဓိ၊ ပညာ၊ ဘာဝနာပဲပွားများပွားများ နော် ဒီကောင်းမှုကလေးက မပျက်စီးတတ်တဲ့ နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို မျက်မှောက် ပြုခြင်းရဲ့ အားကြီးတဲ့ အကြောင်းတရား ဖြစ်ပါစေလို့ ဘုန်းဘုန်းတို့က စိတ်ဆန္ဒလေး ညွှတ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီကုသိုလ်က ဘာဖြစ်သွားတုန်း။ မပျက်စီးတဲ့ကုသိုလ် ဖြစ်သွားတယ်တဲ့။ ဒါကြောင့် အရာအားလုံး ပျက်စီးနေပါတယ်၊ မပျက်စီးတာ လောကမှာ တစ်ခုပဲရှိတယ်၊ အဲဒါဘာတုန်း။ နိဗ္ဗာန်ကို ရည်ရွယ်၍ ပြုလုပ်အပ်သော ကုသိုလ်ကောင်းမှု။ အဲဒါကို ဘာကုသိုလ်လို့ခေါ်တုန်း။ ဝိဝဋ္ဋကုသိုလ်။ အဲဒါ ဒါနရှင်တွေ အဲဒါကို သတိထားရမယ်နော်။ အေး အဲဒါ ဘုန်းဘုန်းက ကိုယ်လုပ်လိုက်တဲ့ အလုပ်ကလေးက နော် ဘယ်လောက်ထိ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေတဲ့ အလုပ်ကလေး ဖြစ်မလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ပြီးတော့ ဒီအလုပ် လုပ်လိုက်ရတာနဲ့ ပတ်သက်ပြီးတော့ ဝမ်းသာမှု ဖြစ်စေချင်လို့ ဒါကို ပြောနေတာ။ သစ္စာရွှေစည်ဆရာတော်

တရားဟောကြားမည့် နေရာ - ကန်ဦး​ဇေတဝန်စာသင်တိုက်၊ ​ရွှေနှင်းဆီလမ်း၊ ၈မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ် အချိန် - နေ့လည် ၁:၃၀ နာရီ ၂၀၂၆ ခုနှစ် ဇူလှိုင်လ ၂၉ ရက်​နေ့၊ (၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်​နေ့ ဓမ္မစကြာနေ့) ဖုန်း - ၀၉ ၇၉၅၅၃၃၇၃၀ ၀၉ ၇၆၀၃၇၇၀၇၁၊

ယနေ့ နေ့လည် တရားဟောကြားမည့် နေရာ - ကန်ဦး​ဇေတဝန်စာသင်တိုက်၊ ​ရွှေနှင်းဆီလမ်း၊ ၈မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ် အချိန် - နေ့လည် ၁:၃၀ နာရီ ၂၀၂၆ ခုနှစ် ဇူလှိုင်လ ၂၉ ရက်​နေ့၊ (၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်​နေ့ ဓမ္မစကြာနေ့) ဖုန်း - ၀၉၇၉၅၅၃၃၇၃၀ ၀၉ ၇၆၀၃၇၇၀၇၁၊

ကိုယ့်ရဲ့ အခြေအနေမှန်ကို ကိုယ့်ဟာကိုယ် နားလည်ရမယ် _________________________ တစ်နေရာရာကို သွားမယ်ဆိုကြပါစို့။ ကိုယ်က ဘယ်နား ရောက်နေတာလဲ ဆိုတာကို အရင် သိရမယ်။ ဟုတ်တယ်မဟုတ်လား... မင်းတို့ အခု ကားမောင်းတယ်၊ နောက် Google Mapလေး ကြည့်ပြီးတော့ မောင်းကြတယ်နော်။ ကိုယ်ရောက်နေတဲ့ နေရာလေးက ပြမနေဘူးဆိုရင် တို့ ရှေ့ဆက် သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟုတ်တယ်မဟုတ်လား။ ဒီမှာ မြေပုံကြီးတော့ ရှိတယ်၊ ဒါပေမဲ့ ကိုယ်က ဘယ်နား ရောက်နေမှန်း မသိဘူး။ ကိုယ့်ကိုယ်ကိုယ် မသိဘူး၊ ဟုတ်လား။ ကိုယ့်အခြေအနေမှန်ကို ကိုယ့်ဟာကိုယ် ဘာလုပ်ရမတုန်း၊ သိရမယ်။ ငါ ဘယ်လောက် စိတ်ဓာတ်ခိုင်မာတဲ့လူလဲ၊ ဘယ်လောက် နားလည်မှု ရှိတဲ့လူလဲ၊ တရားနဲ့ ပတ်သက်ပြီးတော့ဆိုရင်လည်း ဘယ်လောက် သိသလဲ၊ ဘယ်လောက် မသိဘူးလဲ။ ငါ့ရဲ့ အခြေအနေမှန်က ဘာလဲ။ မသိနိုင်တာတွေနဲ့တင် ဘုန်းကြီးတို့က ဘဝမှာ နေကြတာပါ၊ တကယ်ကတော့။ ဆိုကြပါစို့ ဘယ်အချိန်မှာ ဘာရောဂါ ဖြစ်မလဲ မသိဘူး၊ အနာဂတ်ကို ဘုန်းကြီးတို့ ဘာမှ မသိနိုင်ဘဲနဲ့ တကယ်ကတော့ နေကြရတာပါ။ သို့သော် လောလောဆယ် အခြေအနေ၊ အဲဒီ မသိနိုင်တာကို မသိနိုင်ဘူးလို့ သိခြင်းကလည်းပဲ ဒါ ကိုယ့်ကိုယ်ကိုယ် စုံစမ်းနေတာထဲက ရထားတဲ့ အဖြေမှန်တစ်ခုလို့ ဘုန်းကြီးက မြင်စေချင်တယ်။ ငါက ဘယ်အချိန် သေရမှန်း မသိဘူးဆိုတာ၊ မသိနိုင်တာကြီးကို ဘုန်းကြီးတို့က စဉ်းစားတာ။ အဲဒီ မသိနိုင်တာကြီးကို သိတာလို့ ပြောလို့ မရဘူးလား။ ဘာလို့ဆို ကိုယ့်ဘဝဟာ မသေချာတဲ့ ဘဝဆိုတာ အမှန်တရားကြီးလေ။ အဲဒါကိုက ကိုယ်က ကိုယ့်ရဲ့ အခြေအနေမှန်ကြီးကို ကိုယ် ဘာလုပ်တာလဲ... သိသွားတာ။ အဲဒီ အပိုင်းပါ။ ဆိုကြပါစို့ မင်းတို့ ဖုန်းတစ်လုံး ဝယ်လာတယ်။ ဒီဖုန်းက Warranty ပါတဲ့ ဖုန်းလား၊ မပါတဲ့ ဖုန်းလား... သိရမယ်။ ဘယ်တော့မှကို ဒီဥစ္စာက မင်း တစ်သက်လုံး သုံး၊ ပျက်တဲ့အချိန် လာပြီးတော့ လဲလှယ်ဆိုရင်... ဟာ ဒါက ဘာဖြစ်သွားပြီတုန်း၊ တန်ဖိုးကြီးသွားပြီနော်။ အခု ဘုန်းကြီးတို့ရဲ့ ဘဝက ဘာအာမခံချက်မှ မရှိဘူး။ အချိန်မရွေး သူက ပျက်နိုင်တယ်။ ပျက်ပြီးရင် လာလဲလှယ်ဆိုတာ လုပ်လို့လည်း မရဘူး။ အဲတော့ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် စုံစမ်းတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ကျယ်ပြန့်ပုံကို ဘုန်းကြီးက ဒါ ရိပ်မိအောင် ပြောတာ။ ကိုယ့်ရဲ့ အခြေအနေကို ကိုယ့်ဟာကိုယ် သိရမယ်။ ကိုယ့်ဘဝက ဘယ်လိုဘဝမျိုးတုန်း။ အိုရမယ့်ဘဝ၊ နာရမယ့်ဘဝ၊ သေရမယ့်ဘဝ၊ ချစ်သူတွေနဲ့ ကွဲရမယ့်ဘဝ။ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ဘယ်လိုမှ ငြင်းပယ်လို့မရတဲ့ ဘဝ။ ဘယ်နှစ်မျိုးတုန်း... ငါးမျိုး၊ ဘုန်းကြီး ပြောလိုက်တယ်နော်။ အဲဒါ အဘိဏှသုတ္တန်ကို အခြေခံပြီးတော့ ပြောတာ။ ဘယ်သူ့ဘဝဖြစ်ဖြစ် တကယ်တမ်းက ဒီအတိုင်းပဲ။ အဲဒီ အခြေအနေမှန်တွေကို ဘုန်းကြီးတို့ သိအောင် ကြိုးစားတာ။ အဲဒါ ကိုယ့်ကိုယ်ကိုယ် စုံစမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘုန်းကြီးတို့ ထားလို့ မရဘူးလား... ရတယ်။ ကိုယ့်စိတ်ကိုယ်လည်း စုံစမ်းရမယ်။ ငါ လောဘကြီးသလား၊ ဒေါသကြီးသလား၊ ဒါမှမဟုတ် တစ်ဖက်က ကောင်းတာတွေ ဘယ်လောက်ရှိတုန်း၊ မရှိဘူးတုန်း။ ငါ ဘယ်လို အခြေအနေမျိုးဆိုရင် ငါ ဘယ်လိုတွေ တုံ့ပြန်တတ်တုန်း။ ငါက ဘာတွေကြိုက်တုန်း၊ ဘာတွေမကြိုက်တုန်း။ ဘာလုပ်ရမတုန်း၊ စုံစမ်းရမယ်။ ကိုယ်နဲ့ အတူတူသာ နေနေတာ၊ ကိုယ့်အကြောင်းကိုယ် ဘာမှ မသိဘူးဆိုရင် အဲဒီလူလောက် တုံးတဲ့လူ မရှိဘူး။ ဒီသဘောကို ပြောတာနော်။ သစ္စာရွှေစည်

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး နိဗ္ဗာန်အကြောင်း မသိရင် ဘာဖြစ်မလဲ? ___________________________ နိဗ္ဗာန်ကို စိတ်မဝင်စားဘူး၊ နိဗ္ဗာန်ကို ဘာမှလည်း မသိဘူးဆိုရင် အဲဒါ ဗုဒ္ဓဘာသာဝင်လို့ ပြောဖို့ ခက်တယ်။ နိဗ္ဗာန်ဆိုတဲ့ စကားလေးက နိဗ္ဗာနဆိုတဲ့ ပါဠိစကားလေးကို မြန်မာမှုပြုထားတာ၊ ဟုတ်လား။ နိဗ္ဗာနဆိုတာ ဘာတုန်း၊ ငြိမ်းအေးတာကို ပြောတာ။ လောဘမီး၊ ဒေါသမီး၊ မောဟမီး လိုချင်မှုကြောင့် ပူနေတာတွေ မရှိဘူး။ မကျေနပ်မှုကြောင့် ပူနေတာတွေ မရှိဘူး။ မသိမှုကြောင့် ပူလောင်နေတာတွေ မရှိဘူး။ နောက်ဆုံး တစ်ဖန် ဖြစ်ရခြင်း ဇာတိမီးတောက် မတောက်တော့ဘူး။ အိုမင်းခြင်း၊ ရော်ရခြင်း ဇရာမီးတောက် မတောက်တော့ဘူး။ သေဆုံးပျက်စီးရခြင်း မရဏမီးတောက် မတောက်ရတော့ဘူး။ ဘဝမီးတောက်ပါ သူက ငြိမ်းတာ။ ကိလေသာမီးတောက် ငြိမ်းတဲ့အတွက်ကြောင့် ဘဝမီး ဆက်မတောက်တော့တဲ့ အနေအထားတစ်ခုလို့ အကြမ်းဖျင်း နားလည်ရမယ်။ နိဗ္ဗာန်ကို စိတ်ဝင်စားသင့်တယ်နော်။ နိဗ္ဗာန်ကို စိတ်မဝင်စားဘူး၊ နိဗ္ဗာန်ကို ဘာမှလည်း မသိဘူးဆိုရင် အဲဒါ ဗုဒ္ဓဘာသာဝင်လို့ ပြောဖို့ ခက်တယ်။ နော်... ဗုဒ္ဓဘာသာရဲ့ အဓိက ပန်းတိုင်က ပရိနိဗ္ဗာန ထာဝရငြိမ်းအေးသွားဖို့ပဲ သူက၊ ဟုတ်လား။ အဲဒီ ငြိမ်းအေးမှုက အဆင့်ဆင့်တော့ ရှိမှာပေါ့။ အဲဒါ အထွဋ်အထိပ် ငြိမ်းအေးမှုကို ဘုန်းကြီးက အရင်ပြောလိုက်တာ၊ ဟုတ်လား။ အခြေခံကစပြီးတော့ ပြောမယ်ဆိုရင် မြတ်စွာဘုရား ဟောထားတဲ့ ဒေသနာလေးတစ်ခု နတ္ထိ ရာဂ သမော အဂ္ဂိ။ စွဲမက်မှု၊ တပ်မက်မှုနဲ့တူတဲ့ စိတ်ကို လောင်အောင် ရှို့မြှိုက်နိုင်တဲ့ မီးဆိုတာ မရှိဘူး။ အခု ဒီမှာ ဘုန်းကြီးက ဘာပြောလဲ ငြိမ်းအေးတယ်လို့ ပြောတယ်နော်။ ငြိမ်းတယ်၊ မငြိမ်းဘူးဆိုတာ ဘယ်နေရာမှာ သုံးတာတုန်း။ မီးနဲ့ တွဲပြီးတော့ သုံးကြတာ၊ မဟုတ်လား။ မီးငြိမ်းတယ်၊ မီးမငြိမ်းဘူး၊ မီးငြိမ်းသွားရင် မီးကြောင့် ပူနေတာ၊ လောင်နေတာတွေလည်း မရှိတော့ဘူးနော်။ ငြိမ်းရင် အေးတာပဲလေ။ ငြိမ်းတာနဲ့ အေးတာကို အကြောင်းအကျိုး သဘောလေး ဆက်စပ်ပြီးတော့ မြင်တတ်ရမယ်။ ငြိမ်းရင် အေးတယ်၊ မငြိမ်းရင် မအေးဘူး။ ပူတာ ကြိုက်လား၊ အေးတာ ကြိုက်လားလို့ မေးရင် စိတ်ထဲမှာ ပူနေတာကြီး ဘယ်ကြိုက်မတုန်း။ ဒါပေမယ့် စိတ်ကို ရှို့မြှိုက်မယ့်အရာက စိတ်ကို ဝင်ပူနေတယ်၊ စိတ်ကို လောင်ကျွမ်းနေတယ်ဆိုရင် မကြိုက်လည်းပဲ ပူနေမှာပဲ။ သစ္စာရွှေစည်

အတ္တအခြေခံတဲ့ ချစ်ခြင်းမေတ္တာ ______________________ ကိုယ်ဖြစ်ချင်တာကို ဖြစ်ပေးတဲ့လူကို ချစ်တာပဲ။ ဒါရှင်းရှင်းလေး ရှင်းရှင်းလေး။ ကိုယ့်အလိုကျရင် ချစ်တာပဲ။ ကိုယ့်အလိုမကျတော့ဘူးဆိုရင် မုန်းတာပဲ။ နဂိုတုန်းက သိပ်ချစ်ပါတယ်ဆိုတဲ့ လူတွေကိုတောင်မှ ကိုယ့်အလိုမကျတော့ဘူးဆိုရင် မုန်းသွားတာပဲ။ ဟုတ်ရဲ့လား။ ဒါ လူတွေကို အသာထားပါဦး။ သက်မဲ့ကိုပဲ ဦးဇင်း နားလည်အောင် ပြောပါဦးမယ်။ အိမ်မှာ တီဗွီတစ်လုံးရှိတယ်၊ ကြည့်ကောင်းတုန်းကတော့ ကိုယ့်ရဲ့ အလိုဆန္ဒလေး ဖြစ်နေတာဆိုတော့ တဘက်ကလေးနဲ့ သုတ်ပြီးတော့ ဟာ တော်တော်ကောင်းတာပဲ။ တီဗီလေးအပေါ်မှာ မုန်းသလား၊ ချစ်တယ်။ ကြာလာတော့ ပျက်လာပြီ ဆိုတော့ ဘာဖြစ်လာလဲ။ တစ်ခါတလေ ကိုင်တောင့် ဆောင့်ပစ်လိုက်ချင်တယ်။ ကိုယ်ဖြစ်ချင်တာလေး သူက ဖြစ်မပေးတော့ဘူးလေ။ ဟုတ်ရဲ့လား။ ဒါ တီဗွီတစ်လုံးရဲ့အပေါ်မှာ ဆက်ဆံပုံလေးပေါ့နော်။ လူသားအချင်းချင်းဆိုတော့ ပိုဆိုးတာပေါ့။ ကိုယ့်အလိုဆန္ဒ ပြည့်အောင် လုပ်ပေးသရွေ့ ကာလပတ်လုံး၊ ကိုယ့်အလိုဆန္ဒနဲ့ ညီနေသရွေ့ ကာလပတ်လုံး ချစ်တယ်။ တဖွဖွတောင် ပြောတယ်နော်။ သစ္စာရွှေစည်