မြတ်ဗုဒ္ဓ၏ တရားတော်များ သစ္စာရွှေစည် Thitsarshwesi
رفتن به کانال در Telegram
نمایش بیشتر
7 894
مشترکین
+324 ساعت
+277 روز
+7330 روز
آرشیو پست ها
ငဲ့ကွက်မူနဲ့ သေရတာသာ ဆင်းရဲတယ်
__________________
ပတ်ဝန်းကျင်ရဲ့အပေါ်မှာ
ပိုင်ဆိုင်မှုတွေရဲ့အပေါ်မှာ
ပတ်သက်မှုတွေရဲ့အပေါ်မှာ
နောက်ဆုံး ကိုယ့်ခန္ဓာရဲ့အပေါ်မှာ၊
ဘယ်အပေါ်မှာဘဲဖြစ်ဖြစ်
ငဲ့ကွက်မှုမကင်းပဲနဲ့
သေရမယ်ဆိုရင်
အဲဒီသေခြင်းဟာ ဆင်းရဲတယ်။
ငဲ့ကွက်မှုရှိရင် သူသေရမှာ
လက်မခံနိုင်ဘူးလေ။
သွားရတော့မယ့်
အနေအထားမှာ
လွတ်လွတ်မထားခဲ့နိုင်ဘူး။
သူ မလွတ်လည်း
ဒါက ထားခဲ့ရမှာပဲ။
သူ မလွတ်နိုင်ဘူးဆိုရင်
သူ့စိတ်နဲ့
သဘာဝတရားတွေက
ဆန့်ကျင်ဘက်တွေ
ဖြစ်နေတယ်။
သူ့စိတ်ကမခွဲနိုင်ဘူး
သဘာဝတရားက ခွဲမယ်။
အဲသလို သူ့စိတ်က
သဘာဝတရားနဲ့
ရန်ဖြစ်နေတယ်။
သဘာဝတရားကို
ငြင်းဆန်နေတယ်။
မကျေမနပ်ဖြစ်နေတယ်။
သူ့စိတ်က ဘယ်လိုတွေ
ဖြစ်လို့နေနေ
သဘာဝတရားကတော့
သူ့လမ်းကြောင်း သူသွားမှာပဲ။
သူ့လမ်းကြောင်းက
ပျက်စီးရေးလမ်းကြောင်း။
ခွဲခွာရေးလမ်းကြောင်း။
ဒါကြောင့် ဘယ်လောက်ပဲ
ဒီအရာတွေကိုငဲ့ကွက်နေနေ၊
တွယ်တာမက်မောနေနေ၊
မစွန့်နိုင်မခွဲရက်ဖြစ်နေနေ မရဘူး။
ပြီးရင်သွားမှာပဲ။
ဒါကြောင့် ငဲ့ကွက်မှုနဲ့
သေရတာဟာ
ဆင်းရဲတယ်၊ အကျိုးမဲ့တယ်။
သစ္စာရွှေစည်ဆရာတော်
ဘယ်အတွေ့အကြုံပဲဖြစ်ဖြစ် ပြီးသွားမှာချည်းပဲ
_________________________________
ဘယ်အတွေ့အကြုံပဲဖြစ်ဖြစ်
ပြီးသွားမှာချည်းပဲ၊ ဟုတ်လား။
အဲလိုပြောလို့ ခပ်ပေါ့ပေါ့
သုံးသပ်လိုက်တာ မဟုတ်ဘူး၊
ဒါ အမှန်တရားပဲ။
ဟုတ်လား၊ အကုန်လုံးက
ဘာဖြစ်သွားမှာတုန်း၊ ပြီးသွားမှာချည်းပဲ။
ဟုတ်လား၊ အဲဒီ ပြီးဆုံးခြင်းဆိုတဲ့
အနိစ္စကို မသိလို့ ဘုန်းဘုန်းတို့ရဲ့
စိတ်တွေက အရေးပါတယ်၊
အရာရောက်တယ် ထင်ပြီးတော့
ပြယာတွေ ခက်နေတာနော်။
ဒုက္ခတွေ ရောက်နေတာ
တကယ်တမ်းက ဟုတ်လား။
အကုန်လုံးက ဘာဖြစ်သွားမှာတုန်း၊
ပြီးသွားမှာပဲ။ အဆင်ပြေလည်း
ပြီးသွားတာပဲ၊ အဆင်မပြေလည်းပဲ
ပြီးသွားတာချည်းပဲ၊ ဟုတ်လား။
အရင်တုန်းက ဖြစ်ခဲ့တာတွေ
အကုန်လုံးဟာ ပြီးခဲ့တာချည်းပဲ။
ခုဖြစ်နေတာတွေလည်း ပြီးနေဆဲ။
နောင်ဖြစ်သွားမယ့် အရာတွေလည်း
ပြီးသွားမယ့် အရာတွေချည်းပဲပေါ့နော်။
ဒီစကားလုံးလေးကို ဘုန်းဘုန်းစိတ်ထဲမှာ
ဘယ်လိုခံစားရတုန်းဆိုတော့
ဘယ်လိုလောကဓံနဲ့ပဲ တွေ့တွေ့
စိတ်ကို လောဘ၊ ဒေါသ အစွန်းနှစ်ဖက်ကို
မရောက်အောင် အလွန်တည်ငြိမ်အောင်
ထိန်းသိမ်းနိုင်တဲ့ စကားလုံးပေါ့နော်။
ကောင်းတာနဲ့တွေ့လို့လည်း လောဘ
အစွန်းကို မရောက်အောင် သူထိန်းနိုင်တယ်။
ကောင်းတာလည်း ပြီးသွားမှာပဲ၊
ဒီလောက်ကြီး တန်ဖိုးရှိလှတယ်
မဟုတ်ဘူးပေါ့နော်။
မကောင်းတာလည်း ပြီးသွားမှာပဲလို့
စဉ်းစားလိုက်တဲ့အခါ ဒီလောက်ကြီး
စိတ်ပျက်စရာ မဟုတ်ဘူးလို့။
အဲ့လိုမျိုး အစွန်းနှစ်ဖက်ကို မရောက်အောင်
ထိန်းညှိပေးနိုင်တဲ့ အစွမ်းရှိတယ်နော်။
ကောင်းတာကိုလည်း
သိပ်အထင်ကြီးစရာကြီး မဟုတ်ဘူးလို့
ပြောရာရောက်တယ်။
မကောင်းတာကလည်း သိပ်ကြောက်စရာ
မဟုတ်ဘူးလို့ ပြောရာရောက်တယ်။
သဘောပေါက်လား မသိဘူး။
အဲ နောက်ဆုံးပြောချင်တာကတော့
တွေ့ကြုံလာတဲ့ လောကဓံတရားတွေနဲ့
ပတ်သက်လာရင် အဲဒီ "ပြီးသွားမှာပါ"ဆိုတဲ့
စကားလုံးလေး၊ တစ်နည်းအားဖြင့်
"အနိစ္စ" ပေါ့နော်။ အဲ့ဒီ အနိစ္စဆိုတဲ့
စကားလုံးတစ်လုံးကို ဘုန်းဘုန်းတို့
အလွန် ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင်
လေ့ကျင့်ထားပေါ့၊ ဟုတ်လား။
အဲ့ဒီ အနိစ္စဆိုတဲ့ စကားလုံးတစ်လုံးထဲကပဲ
ဘယ်လိုလောကဓံနဲ့ပဲ တွေ့တွေ့ ကိုယ့်ရဲ့
စိတ်ကို လောဘ၊ ဒေါသဖြင့် မတုန်လှုပ်အောင်
ထိန်းသိမ်းပေးနိုင်လိမ့်မယ်လို့
ဒါကို ဘုန်းဘုန်းတို့ နားလည်စေချင်တာ။ ဟုတ်လား။
သစ္စာရွှေစည်ဆရာတော်
အစွဲဥပါဒါန် အားကြီးရင်
ခွဲခွါမူနှင့် ကြုံတဲ့အခါမှာ ထိခိုက်ကြလိမ့်မယ်။
ခွဲခွါမူကလည်း မကြုံဘဲ နေမှာ မဟုတ်ဘူး။
ခွဲခွါရမူ၊ ပျက်စီးရမူဆိုတာ
လောကကြီးရဲ့ ပင်ကိုယ်သဘောပဲ။
သစ္စာရွှေစည်ဆရာတော်
ဘဝရဲ့အကြောင်းကို မှန်မှန်ကန်ကန်
သိမြင်နားလည်မူ မြင့်မားလာလေလေ
အဲဒါ ပညာကြီးမားလာလေလေလို့ ဆိုရတယ်။
အဲဒီပညာ ကြီးမားလာလေလေ
ပျက်စီးခြင်းနဲ့ တွေ့ကြုံလာရတဲ့
အခါကာလမျိုးမှာတောင်မှ
ဒီလူရဲ့စိတ်ဟာ သောကပရိဒေဝ
မဖြစ်ပေါ်လေလေပဲ။
သစ္စာရွှေစည်ဆရာတော်
ဓမ္မလမ်းတရားတော် မှတ်စု
တရားတော်အပြည့်အစုံ
https://youtu.be/bNJHgP-ieHw?si=hE9yKGoadIoMD1u6
ဧည့်သည်များသည့် ရွာကြီး
_________________
စဉ်းစားကြည့်ရင် လောကကြီးဟာ
ဧည့်သည် အဝင်အထွက် များပြား
ရှုပ်ထွေးလှတဲ့ ရွာကြီး တစ်ရွာနှင့်
အလွန်တူတယ်။
ဧည့်သည်အသစ်တွေကလည်း
ဝင်လာမစဲ တသဲသဲပဲ။
ကြိုဆိုသူတွေ ဧည့်ခံသူတွေနဲ့
ပျော်ကြ ရွှင်ကြ ကြည်နူးကြပေါ့။
ကလေးလေး တစ်ယောက်
လူ့လောကထဲ ရောက်လာတဲ့
မြင်ကွင်းကို
မြင်ယောင်ကြည့်ပေါ့။
ဝင်လာတဲ့သူတွေရှိသလို
တစ်ဖက်မှာလည်း
ထွက်ခွာသွားကြသူတွေနဲ့
ရုတ်ရုတ်သဲသဲ
ဖြစ်နေကြတယ်။
လိုက်ပို့သူတွေ
နှုတ်ဆက်သူတွေနဲ့
ငိုကြ ယိုကြ ဝမ်းနည်းကြပေါ့။
အဲဒီဘက်မှာလည်း တကယ့်ကို
စည်စည်ကားကားပါပဲ။
ဒါကြောင့် လူ့လောကကြီးဟာ
ဝင်သူ ထွက်သူ၊
လာသူ ပြန်သူတွေနဲ့
အမြဲတမ်း ရှုပ်ယှက်ခတ်နေတဲ့
နေရာကြီး ဖြစ်ပါတယ်။
သစ္စာရွှေစည်ဆရာတော်
အပိုအလိုမပါ သဘာဝအတိုင်း ရှုမှတ်နည်း
______________________________
ချမ်းသာရင် လောဘနဲ့ တုံ့ပြန်မယ်၊
ဆင်းရဲရင် ဒေါသနဲ့ တုံ့ပြန်မယ်၊
အဲဒါတွေလည်း ဖြစ်ခြင်းတရားတွေပဲ။
အဲသလို အကြောင်းအားလျော်စွာ
မျိုးစုံဖြစ်နေတာကိုပဲ ဘဝလို့ခေါ်တာ၊
ဘဝဆိုတာ ဖြစ်နေတဲ့သဘောပဲ။
အဲဒီ ဖြစ်နေတဲ့သဘောတွေကို
ဖြစ်နေတဲ့အတိုင်း သိနေအောင်
ကြိုးစားတာကို သတိပဋ္ဌာန်းတရား
အားထုတ်တယ်လို့ခေါ်တယ်။
ဘာပဲဖြစ်ဖြစ် ဖြစ်နေတာကို ဖြစ်နေတဲ့
အတိုင်း သိနေအောင်လုပ်ရမယ်။
ဥပမာ ဝင်လေလေး ဝင်သွားတယ်၊
ဝင်သွားတယ်လို့ပဲ သိလိုက်တယ်။
ထွက်လေလေး ထွက်သွားတယ်၊
ထွက်သွားတယ်လို့ပဲ သိလိုက်တယ်။
ဘာအပိုအလိုမှ မပါဘူး။
ဘာဘက်လိုက်မှုမှ မပါဘူး။
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း
သိနေလိုက်တာပဲ။
အဲဒါ သတိပဋ္ဌာန်းတရား
အားထုတ်နေတာပဲ။
သတိပဋ္ဌာန်းတရား အားထုတ်တယ်ဆိုတာ
နယ်ပယ်အကျယ်ကြီး။
စောစောက ပြောခဲ့တဲ့ မြင်ခြင်း၊
ကြားခြင်း၊ နံခြင်း၊ စားခြင်း၊ ထိခြင်း၊
တွေးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း
အဲဒါတွေကိုလည်း ဖြစ်နေတဲ့အတိုင်း
အမှန်သိပြီးနေရမှာ။
အနှစ်ချုပ်ပြောရရင် သတိပဋ္ဌာန်းတရား
ပွားတယ်ဆိုတာ ရုပ်ပဲဖြစ်ဖြစ်
နာမ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်
ဖြစ်နေတာကို ဘာအပိုအလိုမှ
မလုပ်ဘဲနဲ့ ဘာဘက်လိုက်မှုမှ
မရှိဘဲနဲ့ ဖြစ်နေတဲ့အတိုင်းလေး
သိသိနေအောင် ကြိုးစားတာကိုပြောတာ။
သစ္စာရွှေစည်ဆရာတော်
သစ်သီး (သို့မဟုတ်) မြေအိုး
__________________
လူငယ်တွေလည်း
စဉ်းစားစရာကောင်းတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့
မသေနိုင်ဘူးလို့ မထင်နဲ့။
ဘဝက အဲလို အာမခံချက်မျိုးမရှိဘူး။
သစ်သီးများလိုပဲ။
သီးပြီဆိုတာနဲ့ အချိန်မရွေး
ကြွေနိုင်တဲ့အနေအထား ရှိတယ်။
သစ်သီးဟာ ဘယ်အချိန်မှာ
မကြွေနိုင်ဘူးလို့ သူ့မှာ
အဲဒီအာမခံချက် မရှိဘူး။
ယေဘုယျသဘောကတော့
မှည့်မှ ကြွေတာပေါ့။
သို့သော် မမှည့်ခင်မှာလည်း
အမျိုးမျိုးသောအကြောင်းကြောင့်
ကြွေကျနိုင်သည်။
မြေအိုးတွေ အိုးဖြစ်တဲ့ အချိန်က
စပြီးတော့ ကွဲနိုင်ချေဟာ
အချိန်တိုင်းမှာရှိတယ်။
အဲလိုပဲ ဘဝဆိုတာ
ဘာအာမခံချက်မှ မရှိဘူး။
ဒါကြောင့် ဘဝရဲ့ အချိန်မရွေး
ပျက်စီးနိုင်တဲ့သဘောကို
ရိုးရိုးရှင်းရှင်းနဲ့ မှန်မှန်ကန်ကန်
သိထား နားလည်ထားဖို့လိုတယ်။
သစ္စာရွှေစည်ဆရာတော်
သေခြင်းတရားနှင့် အကြီးမားဆုံး အရူံး
__________________________
သေခြင်းတရား အရေးကြီးတယ်ဆိုတာ
ဒီတစ်ချက်ကို ပိုင်ပိုင်နိုင်နိုင်
သဘောပေါက်ရင်ကိုပဲ လက်ခံနိုင်လိမ့်မယ်။
သေခြင်းကို ရင်မဆိုင်နိုင်ရင် အသေဆိုးမယ်။
အသေဆိုးရင် ဘဝဆိုးပဲရမယ်။
အပါယ်လေးပါး ရောက်သွားရင်
ပြန်လည်လွတ်မြောက်ဖို့ အလွန်
ခဲယဉ်းတယ်ဆိုတာလည်း လူတိုင်း
နားလည်ကြတယ်။
အပါယ်လေးဘုံဆိုတာ နိုင်ရာစား
လောကကြီး အကုသိုလ်စိတ်တွေနဲ့
အချိန်ကုန်နေတဲ့ ဘဝမျိုးနော်။
ပြန်လည်လွတ်မြောက်ဖို့ဆိုတာ
အလွန်ကြာမြင့်တဲ့ကာလကို
ဖြတ်သန်းရလိမ့်မယ်။
ဒါကြောင့် အသေဆိုးလို့ အပါယ်ဘုံ
ရောက်သွားမယ်ဆိုရင် အဲဒီဘဝမှာ
အကြီးမားဆုံးနဲ့ အဆိုးဝါးဆုံး ကျရှုံးမှုပဲ။
လူတော်တော်များများက
မသေခင် နေတုန်းလေးမှာပဲ
အောင်မြင်မှုရအောင် ကြိုးစားကြတာ။
သေပြီဆိုတာနဲ့ ရှုံးတဲ့လူတွေပဲ များတယ်။
တချို့ နေတုန်းတော့ အောင်မြင်ကြပါတယ်။
ပညာရေးရော စီးပွားရေးရော
လူမှုဆက်ဆံရေးရော အစစအရာရာ
သူတို့ အထင်အရ ပြောရရင်
အထက်တန်းရောက်တယ်ပေါ့။
ဒါပေမယ့် ဘဝခန္ဓာအကြောင်း
မှန်မှန်ကန်ကန်သိတဲ့ ပညာကို
ရအောင် လုပ်မထားဘူးဆိုရင်တော့
သေပြီဆိုတာနဲ့ ဒုက္ခရောက်တော့တာပဲ။
သစ္စာရွှေစည်ဆရာတော်
အကောင်းဆုံးနေနည်း အပိုင်း(၁၁)
ဒီကိစ္စမှာ ဘာနဲ့မှ ကာကွယ်လို့လည်း
မရဘူး၊ အခွင့်ထူးခံလည်း မရှိဘူး။
ဘယ်သူ့ခန္ဓာကိုယ်ပဲ ဖြစ်ဖြစ်၊
ဘဝပဲ ဖြစ်ဖြစ် အစာအဟာရ
လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှ
ဆက်ရှင့်ခွင့်ရမယ့်ခန္ဓာမျိုး။
ဒါကိုက သူက ထင်ထင်ရှားရှားကြီး
ဒုက္ခလို့ သူပြောနေတယ်။
ဒီကစ္စကို မြင်အောင်ကြည့်နော်၊
ကျုပ်တို့ဉာဏ်က ထင်သလောက်ကြီး
ထက်တာ မဟုတ်ဘူး၊ ဟုတ်လား။
ပြီးရင် ကျင်ကြီးစွန့်ရတဲ့ကိစ္စ၊ ကျင်ငယ်
စွန့်ရတဲ့ ကိစ္စ၊ ဒီဟာကို သေသေချာချာ
ကြည့်၊ သေသေချာချာစဉ်းစား။
ဘယ်လို ဆက်စပ်အလုပ်လုပ်ပြီးတော့
ဒါကြီးက အကောင်းလား အဆိုးလား
ဆိုတာကို ကျုပ်တို့က မသဲကွဲလို့
ဘုန်းကြီးတို့က သဲကွဲအောင် ပြောနေတယ်။
ဟုတ်လား။ ရှင်သာရိပုတ္တရာရဲ့
ဉာဏ်ကိုလည်းပဲ ကြည်ညိုရင်းနဲ့
နားထောင်ကြည့်နော်။ အအေးကို၊
အပူကို၊ ဆာလောင်မွတ်သိပ်တာကို
ကျင်ကြီးကျင်ငယ် စွန့်တာကို
ရင်ဆိုင်ရလိမ့်မယ်။
ပြီးရင် ဒါတင်လား၊ ဘယ်ဟုတ်မတုန်း။
အဂ္ဂိသမ္ဖဿ၊ မီးနဲ့ကလည်း မကင်းနိုင်ဘူး၊
အချက်ပြုတ်ရတယ်၊ အခုဆို ပိုဆိုးတာပေါ့နော်။
ဓာတ်လိုက်ပြီးတော့ သေရတဲ့လူတွေ၊ ဟုတ်လား။
ပြီးတော့ ဘာတုန်း၊ ဒဏ္ဍသမ္ဖဿတဲ့ သူကတော့
အမျိုးမျိုးပေါ့ ထောင်ဒဏ်၊ ငွေဒဏ်၊
ဒဏ်ပေးခံရတာ ဒုက္ခဖြစ်တာ။
နောက်ဆုံး ဘာပြောတုန်း။
သတ္ထသမ္ဖဿတဲ့ လက်နက် အမျိုးမျိုးနဲ့
တွေ့ရတာ။ လူတွေက လောဘ၊ ဒေါသ၊
မောဟ အိုးတွေလေ။ ဒါကြောင့်
ကမ္ဘာအသီးသီး၊ နေရာအသီးသီးမှာ
လက်နက် အမျိုးစုံနဲ့ ဘာလုပ်နေကြတာတုန်း။
ဒုက္ခပေးနေတယ်။ လက်နက် အမျိုးစုံကြောင့်
ဒုက္ခဖြစ်နေတာ။ ဟုတ်တယ်မဟုတ်လား။
ပြီးတော့ ဘာလဲတုန်း၊ နောက်ဆုံး
ဒုက္ခကလေး ဘုန်းကြီးက
အဲ့ဒီဒုက္ခလေးကိုလည်း ပြုံးမိတယ်။
ဆွေမျိုးတွေ၊ မိတ်ဆွေတွေ စုရုံးရောက်
ရှိလာပြီးတော့ ကိုယ့်ကို လာပြီးတော့
ချုပ်ချယ်ကြလိမ့်မယ်တဲ့။ ဟုတ်လား။
လွတ်ကင်းနိုင်မလား။
အဲ့ဒါတော့ ကိုယ်ကလည်း သွားပြီးတော့
ချုပ်ချယ်တဲ့ အပိုင်းတွေ ရှိတယ်မဟုတ်လား။
အဲ့လိုဆိုရင် အဲ့ဒါလေး အမှတ်ရပြီးတော့
သူ့ကိုတော့ ဖြေတတ်ရမယ်နော်။
ဆယ်မျိုး ပြောထားတယ်။
ဒီသုတ္တန်လေးကို ဘုန်းကြီးက အလွန်
သဘောကျတယ်။ တကယ်လို့ တစ်ဖန်
မဖြစ်ဘူးဆိုရင် ဒီဒုက္ခဆယ်မျိုး
ဖြစ်စရာ အကြောင်း မရှိဘူး။
အဲ့တော့ ပြောချင်တာက ဘာတုန်း။
မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရင် ဒီဒုက္ခတွေ
အကုန်လုံး ငြိမ်းသွားလိမ့်မယ်။
ဒီလိုလေး ဆက်စပ်ပြီးတော့ တွေးဖို့
ဒီသုတ္တန်လေးကို ပြောပြတာ။
အဲ့တော့ ဘုန်းကြီးတို့ ကျန်တဲ့
အပိုင်းတွေလည်း ဉာဏ်ရှိတဲ့လူတွေ
စဉ်းစားကြည့်။
ဘဝမချုပ်ရင် ဒုက္ခမချုပ်ဘူး ဆိုတာလေး။
အဲ့တော့ ကျုပ်တို့ရဲ့ စိတ်ကို
ရေတိုးကုစားတဲ့ နည်းရှိတယ်။
အပြီးသတ် ကုစားတဲ့ နည်းရှိတယ်
ဆိုတာ နှစ်မျိုးမြင်ရတယ်။
ကျုပ်တို့ အဆင်မပြေမှုတွေ ဒုက္ခတွေကို
ကင်းရှင်းအောင် လုပ်တဲ့နေရာမှာ
အပေါ်ယံလုပ်တဲ့ နည်းရှိတယ်၊
တကယ့် အပြီးသတ်လုပ်တဲ့ နည်းရှိတယ်။
ဥပမာ ဆိုရပါစို့ ကျုပ်တို့ စိတ်ထားလေး
တွေကို ပြင်မယ်၊ ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်
အခြေအနေလေးတွေကို အကောင်းဘက်
ရောက်အောင် အမျိုးမျိုး ကြိုးစားမယ်။
ဒီနည်းနဲ့ ကျုပ်တို့ဟာ ဆေးမြီးတို
သဘောမျိုး ဟုတ်လား။
အခိုက်အတန့် ဒုက္ခသက်သာရအောင်
ကျုပ်တို့ ကြိုးစားကြတာ မရှိဘူးလား။
ရှိတယ်နော်။
များအားဖြင့် ဒီနည်းကိုပဲ ကျုပ်တို့
ဒုက္ခငြိမ့်နည်းအောင် လုပ်တဲ့နေရာမှာ
သုံးကြတာ များပါတယ်။ ဒုက္ခကို
အပြီးသတ် ဖယ်ရှားပစ်မယ်ဆိုတဲ့ စိတ်မျိုး
ကျုပ်တို့မှာ အလွန်နည်းတယ်၊ဟုတ်လား။
ဒါကို ဟို ရွှေကျင်ဆရာတော်ကြီး ပေးတဲ့
ဥပမာလေး တစ်ခု ဘုန်းကြီး ပြောပြမယ်။
ခွေးတဲ့ကောင်ကို တုတ်နဲ့ပစ်လိုက်တယ်ဆိုရင်
အဲ့ဒီခွေးက အဲ့ဒီပစ်လိုက်တဲ့
တုတ်ကို လိုက်ကိုက်တယ်။
ငါ့ကို ဆင်းရဲစေတာ ဒီတုတ်တ်ပဲ။
သူက ဒီလောက်ပဲ သိတယ်။
အဲ့တော့ သူ ဒုက္ခကို ဖြေရှင်းတဲ့ နည်းက
သူ့ကို တိုက်ရိုက်လာထိတဲ့ အရာကိုပဲ
သူ ဖယ်ရှားဖို့၊ ရန်ပြုဖို့ ကြိုးစားတယ်နော်။
ခြင်္သေ့တစ်ကောင်ကို တုတ်နဲ့
ပစ်လိုက်မယ်ဆိုရင်တော့ ခြင်္သေ့က
ဒီတုတ် ဘယ်ကလာသလဲဆိုတာကို
ကြည့်တယ်။ သူ့ကို တကယ်ဒုက္ခပေးတာ
ဒီတုတ်ထက် ပိုပြီးတော့ နက်ရှိုင်းတဲ့
အကြောင်းတရား ရှိတယ်ဆိုတာကို
သူမြင်တယ်။ တူသလား ဖြေရှင်းပုံချင်း။
တုတ်ကို ဂရုမစိုက်ဘူး၊ ဒီတုတ်
ဘယ်ကလာလဲ ကြည့်တယ်။
ဒီတုတ် ပစ်လိုက်တဲ့ အရာကိုပဲ
သွားပြီးတော့ ဖျက်ဆီးဖို့ သူကြိုးစားတယ်။
ရွှေကျင်ဆရာတော်ကြီး ပေးတဲ့ ဥပမာ။
အဲ့တော့ ဘုန်းကြီးတို့ ဒုက္ခကို မတွေ့ရအောင်
နည်းအောင်၊ နောက်ဆုံး ချုပ်ငြိမ်းအောင်
ဘုန်းကြီးတို့ ဖြေရှင်းတဲ့ နေရာမှာ၊
ကြိုးစားတဲ့ နေရာမှာ အဲ့ဒီဥပမာတွေက
အလွန်စဉ်းစားစရာ ကောင်းတယ်။
ဆက်လက်ပူဇော်ပါမည်
ဘဝဆိုတာ
ပျက်စီးရင်းနှင့်
ပျက်စီးခြင်းဆီသို့
ရွေ့လျားနေပြီး
ပျက်စီးခြင်းနှင့်သာ
အဆုံးသတ်၍
မပြီးသေးတာရော
ပြီးပြီးသားတွေရော
ထားခဲ့ရပြီး
မသေချာတဲ့
အနာဂတ်ဆီသို့
ကူးပြောင်းရအုံးမှာပါ။
သစ္စာရွှေစည်
06.08.2016
