The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
279
Підписники
+224 години
+37 днів
+2830 день
Архів дописів
◾️တာကာအိချီကို ဝန်ကြီးချုပ်အဖြစ်ဂျပန်လွှတ်တော် ပြန်လည်ခန့်အပ်
ဂျပန်ဝန်ကြီးချုပ် တာကာအိချီကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဂျပန်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်တာကာအိချီ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အပြတ်အသတ် အနိုင်ရရှိ ခဲ့ပြီးနောက် ဂျပန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က တာကာအိချီကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အောက်လွှတ်တော် ရွေးကောက်ပွဲရလဒ်များအရအစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးအတွက် ဝန်ကြီးချုပ်တာကာအိချီ ဦးဆောင်သော ဂျပန်အစိုးရအဖွဲ့တစ်ဖွဲ့လုံးဖေဖော်ဝါ ရီ ၁၈ ရက် နံနက်ပိုင်းတွင် နုတ်ထွက်ပေးခဲ့ပြီးနောက် တာကာအိချီအား ဂျပန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်ခံခဲ့ရပြီးနောက်တာကာအိချီ အနေဖြင့် ၎င်း၏ ဒုတိယမြောက် အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးရမည်ဖြစ်သည်။ ဝန်ကြီးချုပ် တာကာအိချီ၏ အစိုးရအဖွဲ့သစ်တွင် ယခင်အစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်အားလုံးနီးပါး ပြန်လည်ပါဝင်လာနိုင် ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲများတွင် တာကာအိချီ၏ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာ၏ သုံးပုံ နှစ်ပုံကို ထိန်းချုပ်နိုင်ခဲ့သည်။
ဝန်ကြီးချုပ် တာကာအိချီအနေဖြင့် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာ၊ လူဦးရေ ကျဆင်းမှုပြဿနာနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးစိုးရိမ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။
ယင်းအပြင် တာကာအိချီသည် ဂျပန်နိုင်ငံ၏ စစ်ရေး အသုံးစရိတ်ကို မြှင့်တင်သုံးစွဲရန်၊ အစိုးရအသုံးစရိတ်ကို မြှင့်တင်ရန်နှင့် ကွန်ဆာဗေးတစ် လူမှုရေးမူဝါဒများ အားကောင်း ခိုင်မာလာစေရန်အတွက်လည်း ဦးစားပေး ကြိုးစားဖွယ်ရှိသည်။
တစ်ချိန်တည်းမှာပင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့ အကြား ပေါ်ပေါက်နေသော သံတမန်ရေးတင်းမာမှုများကိုလည်းဝန်ကြီးချုပ်တာကာအိချီအနေဖြင့်ရင်ဆိုင်ကျော်လွှားရမည်ဖြစ်သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းတွင် ကြောင်အား နှလုံးစက် ထည့်သွင်းကုသမှု ပထမဆုံး အောင်မြင်
ထိုင်းနိုင်ငံတွင် ကြောင်တစ်ကောင်အတွင်း နှလုံးကြိမ်နှုန်းထိန်းစက် ထည့်သွင်းကုသနိုင်ခဲ့မှုကို ချူလာလောင်ကွန်းတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုသရေး ဆရာဝန်များက ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ပက်စီဟု ခေါ်သော ရှစ်နှစ်သား အမွှေးတို အိမ်မွေးကြောင်သည် ခွဲစိတ်ကုသမှု မလုပ်ခင်က နှလုံးခုန်နှုန်း မမှန်သောကြောင့် မူးဝေပြီး တစ်နေ့လျှင် သုံး၊ လေးကြိမ်ခန့် လဲကျနေခဲ့သည်။
ခွဲစိတ်မှု ခံယူပြီးနောက်တွင် ကြောင်လေးက အပြည့်အဝ ပြန်လည် ကျန်းမာနေပြီဖြစ်ကာ ဆော့ကစားတတ်သော ၎င်း၏ပုံစံအတိုင်း ပုံမှန် ကျန်းမာသောဘဝကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ကြောင်လေး၏ သွေးကြောများ သေးငယ်မှုနှင့် ပါးလွှာ သော နှလုံးနံရံများကြောင့် ခွဲစိတ်မှုလုပ်ရခြင်းမှာ အလွန်ရှုပ်ထွေးပြီး ရင်ဘတ်ကို ဖွင့်၍ တိုက် ရိုက်ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုခဲ့ရသည်။
ကြောင်လေးပက်စီ၏ မူမမှန်သော နှလုံးခုန်နှုန်း မှန်ကန်သွားစေရန် ချူလာလောင်ကွန်းတက္ကသိုလ် တိရစ္ဆာန်ဆေး ကုသရေးဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအနုဆစ်ကစ်တာဝန်ရတ်နှင့် အဖွဲ့က လူသားများတွင် အသုံးပြုသော နှ လုံးကြိမ်နှုန်းထိန်းစက်ကို ပြုပြင်၍ ထည့်သွင်းကုသပေးခဲ့ကြသည်။
ပက်စီအား ခွဲစိတ်ကုသမှုသည် နည်းစနစ်ပိုင်းအရ စိန်ခေါ်မှုတစ်ခုဖြစ်သလို ထိုင်းနိုင်ငံ၏ တိရစ္ဆာန်နှလုံးကုသမှုတွင် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ဒေါက်တာအနုဆစ်က ဆိုသည်။
သတင်း-ရဲမင်း
ကိုးကား-The Nation
#နိုင်ငံတကာသတင်း
◾️ထိုင်းတွင် CI စာအုပ်အသစ်ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI စာအုပ်)အသစ် ထုတ်ပေးရေးစခန်းများကို ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ ဖွင့်လှစ်ပေးနေပြီဖြစ်သည်။
CI စာအုပ်အသစ် ထုတ်ပေး ရေးစခန်းများကိုစမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီစသော ခရိုင်ငါးခုတွင် ဖွင့်လှစ်နေခြင်းဖြစ်ပြီး CI စာအုပ်အသစ်ပြုလုပ်လို သူများ အနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂၆၇၀ ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်းရယူရမည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော ဃှု စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ် ထားပြီး နိုင်ငံကူးလက်မှတ်စာအုပ်မရှိသည့် မြန်မာအလုပ်သမားများ CI စာအုပ်အသစ် စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်အလုပ် လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ထားသူများမှာမူ CI စာအုပ်အသစ်လုပ်၍ မရသေးကြောင်း မြန်မာ အလုပ်သ မားအကျိုးဆောင်များထံမှ သိရသည်။
ယခုနှစ် CI စာအုပ်အသစ် ပြုလုပ်သူများသည်အလုပ်လုပ်ခွင့်လက်မှတ်ကို သက်တမ်းတိုး ပြီးပါကအလုပ်လုပ်ခွင့်ဗီဇာ (Non LA) ကို ၂၀၂၇ ခုနှစ် မတ်၃၁ ရက်အထိ ရရှိ မည်ဖြစ်ပြီး ဗီဇာကို တစ်နှစ်အတွင်းနှစ်ကြိမ်အထိ တုံးထုရမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- CJ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️သာကေတနှင့် သန်လျင်ရှိ LNG သုံး ဓာတ်အားပေးစက်ရုံများမှ နွေရာသီတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်
သာကေတနှင့် သန်လျင်ရှိ LNG သုံးဓာတ်အားပေးစက်ရုံများမှ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ကုန်ထုတ်စွမ်းအား တိုးတက်စေရန်အတွက် LNGသုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် သည့် ဓာတ်အားများကို တိုက်ရိုက်လိုင်းဖြင့်ဓာတ်အားပေးထားသည့် စက်မှုဇုန်၊ အထူး စီးပွားရေးဇုန်နှင့် စက်မှုစီးပွားရေးလုပ်ငန်းများအား၂၄ နာရီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာများတွင် ယခင်အသုံးပြုခဲ့သည့် ဓာတ်အားများအား အများပြည်သူထံ ဖြန့်ဖြူး သွားမည်ဖြစ်ပြီး နွေရာသီကာလတွင် သုံးစွဲသူများ ဓာတ်အားတိုးတက်ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစတင်ပြီး သာကေတနှင့် သန်လျင်LNG သုံး ဓာတ်အားပေး စက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေပြီးဖေဖော်ဝါရီလအတွင်းတွင်လည်း LNG တင်သွင်းလာသည့် သင်္ဘောများ ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- MDN
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းနိုင်ငံ အလယ်ပိုင်းတွင်တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံအလယ်ပိုင်း ဖိချိတ် (Phichit)ခရိုင်တွင်ဖေဖော်ဝါရီ ၁၇ ရက်က တရားမဝင် ဝင်ရောက်လာသည့်မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်း၏ဖော်ပြချက်အရ သိရသည်။
ရဲတပ်ဖွဲ့သည် ဖိချိတ်ခရိုင် ၀ချီရာဘာရာမီမြို့နယ် နောင်လုံ ကျေးရွာအနီး ဖိစနု လောက်-နခွန်စဝမ် လမ်းမကြီး (အဝေးပြေးလမ်း ၁၁၇) ပေါ်၌အရှိန်ပြင်းစွာ မောင်းနှင်နေသည့် သံသယဖြစ်ဖွယ် ကားသုံးစီးကိုစစ်ဆေးရာက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကားများသည် ချင်းမိုင်လိုင်စင်များဖြစ်ကြပြီး ကားများပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးနှင့် သိမ်းဆည်းရမိသည့်ယာဉ်များကို ၀ချီရာဘာရာမီရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အီရန် တော်လှန်ရေးအစောင့်တပ်ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှုစတင်
အီရန်တော်လှန်ရေး အစောင့်တပ် လက်နက်ကိုင်တပ်များက ကမ္ဘာ့အရေးကြီးဆုံး မဟာဗျူဟာ မြောက် ရေလမ်းကြောင်းတစ်ခုဖြစ်သော ဟော်မုဇ်ရေလက်ကြား၌ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်းအီရန်အစိုးရ မီဒီယာများက သတင်း ထုတ်ပြန် ထားသည်။
ဟော်မုဇ်ရေလက်ကြားဒေသ၌ပေါ်ထွက်လာနိုင်သောလုံခြုံရေးနှင့်စစ်ရေးခြိမ်းခြောက်မှုများအတွက် အသင့်အနေထား ပြင်ဆင်ထားရန် အီရန်တော်လှန်ရေး အစောင့်တပ်က စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းအီရန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်များ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ မစတင်မီ တစ်ရက်အလိုတွင်အီရန်တော်လှန်ရေး အစောင့်တပ်က ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်းဖြစ်သည်။
အီရန်နှင့်အမေရိကန် ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများကိုဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲများ၌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့်အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီတို့ တက်ရောက်ကြမည်ဖြစ်သည်။
အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက် မရယူနိုင်ပါက ဆိုးရွားသည့် အကျိုးဆက် များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေး ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဗန်ကောက်တွင် အမေရိကန်တစ်ဦး အသတ်ခံရမှုမြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ဖမ်းဆီး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Chom Thongခရိုင် Soi suksawat 26 တွင် ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာအမျိုးသားလေးဦး၏ ရိုက်နှက်မှုကြောင့် အသက် (၅၅) နှစ်အရွယ်အမေရိကန် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ထိုင်းသတင်းများ၌ ဖော်ပြချက်အရ သိရသည်။
အဆိုပါ မြန်မာများနှင့် အမေရိကန်တို့သည် အဆောင်တစ်ခုတည်း၌နေထိုင်ကြသူများဖြစ်ပြီး ထိုလေးဦးထဲမှ တစ်ဦး၏ညီမဖြစ်သူနှင့် သေဆုံးသူ အမေရိကန်နိုင်ငံသားမှာ ရည်းစား ဟောင်း များဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင်အမေရိကန်နိုင်ငံသားမှာ၎င်း၏ ရည်းစားဟောင်း မြန်မာအမျိုးသမီး၏ အခန်းသို့ ဓားကိုင်ဆောင်ကာရောက်ရှိလာခဲ့သဖြင့် အစ်ကိုဖြစ်သူအပါ သူငယ်ချင်းများနှင့်ပါ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၌ အမေရိကန်နိုင်ငံသား ထပ်မံ ရောက်ရှိ လာခဲ့ပြီးဓားဖြင့်ထိုးရန် ကြိုးစားခဲ့ရာ မြန်မာအမျိုးသားလေးဦးက ကိုယ့်ကိုယ်ကိုယ်ကာကွယ် သည့်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းအား သတ်ရန်ရည်ရွယ်ချက်မရှိခဲ့ဟု ရဲတပ်ဖွဲ့ ထံ ထွက်ဆိုထားကြောင်း သိရသည်။
သေဆုံးသွားသည့် အမေရိကန်အမျိုးသားတွင် ဓားဒဏ်ရာ ငါးချက်တွေ့ရှိရသလို ရိုက်နှက်ခံရ မှုကြောင့် ခြေထောက်နှစ်ဖက်စလုံးကျိုးနေသည်ကို တွေ့ရပြီးရုပ်အလောင်းအား Siriraj ဆေး ရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် အမှုကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်ပြီး ဖမ်းဆီးခံရသူ လေးဦးအား မည်သည့်ပုဒ်မများဖြင့်အရေးယူမည်ကို အတည်မပြုရ သေးကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-Amarin TV
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မန္တလေးတွင် ဆိုလာအင်ဗာတာ အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်း ဒေသကြီးမဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ၆၆ လမ်း၊ ၄၂ x ၄၃ လမ်းကြားတွင် နေကာလိပ်၊ မိုးကာနှင့်ကြက်ခြံသုံးပစ္စည်းများ ရောင်းဝယ်ရေးဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ၆၆လမ်း၊ ၄၂ x ၄၃လမ်းကြားတွင် ရွှေရည် Fruit Bran နေကာလိပ်၊မိုးကာ၊ စိုက်ပျိုးရေးပိုက်မည်းနှင့် ကြက်ခြံသုံးပစ္စည်းများရောင်းဝယ်ရေးဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ သည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ နေအိမ်အောက်ထပ်တွင် ထားရှိသည့် ဆိုလာ အင်ဗာတာအား လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှအပူလွန်ကဲပြီး အောက်ခြေရှိ ပလတ် စတစ်နေကာလိပ်များမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးသည့် သန္ဓေ/အရန်တပ်ဖွဲ့များ၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီးနှင့် အုပ်ချုပ်မှုယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း-နိုင်ဝင်းစိုး
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စမတ်ကြေး အလိမ်ခံရသည့် မြန်မာ ၆၃ ဦး ဘတ်လေးသိန်း ပြန်ရ
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် နောင်ခမ်း ကျလင်စီပင်ထောင်းအဆောင်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား၆၃ ဦးအား မြန်မာပွဲစားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟုဆိုကာ စမတ်ကြေး စုစုပေါင်ဘတ် ငါးသိန်းကျော် လိမ်လည်သွားခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားများကအကူအညီတောင်းခဲ့သည့်အတွက်မြို့နယ်ကျဟာငန် အလုပ်သမားရုံး တွင် သွားရောက်တိုင်ကြားခဲ့ပြီးမြန်မာနိုင်ငံဘက်မှ လူများနှင့်ချိတ်ဆက် လုပ်ဆောင်ပေးခဲ့ရာမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပွဲစားက ၄၂ဦးစာ ဘတ်လေးသိန်း ပြန်လွှဲပေးခဲ့ကြောင်း ကူညီပေး ခဲ့သည့် WAG အဖွဲ့မှ သိရသည်။
မြို့နယ်ကျဟာငန် အလုပ်သမားရုံးသို့ အလုပ်သမား ၄၂ ဦးသာသွားရောက်ခဲ့ကြပြီး ကျန်ရှိသည့် ၂၁ဦးအတွက် လာမည့်ဖေဖော်ဝါရီ ၂၀ရက်၌ ၎င်းရုံးတွင် ထပ်မံပေးဆောင်မည်ဟု ပွဲစားက ကတိပြုခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်တွင်အလုပ်သမားများက စမတ်ကြေးများပြန်လည်ရရှိရန်နှင့် ပွဲစားအား အရေးယူနိုင်ရန်အတွက် WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံအကူအညီ တောင်းခံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားအား အသုံးပြုမည့် ခရီးသွားပြည်သူများ ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ တံတားပေါ် ၌ ယာဉ်ရပ်နားခြင်း မပြုကြရန် မေတ္တာရပ်ခံ
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားအသုံးပြုမည့် ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း၊အမှိုက်စွန့်ပစ်ခြင်း၊ တံတားပေါ်၌ ယာဉ်ရပ်နားခြင်း မပြုကြပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားပေါ်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှမြို့တော်ဧရိယာအတွင်း သွားလာခွင့်ပြုထားသော ကားအမျိုးအစားများကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်ကာ ရန်ကုန်မြို့နှင့် ဒလမြို့တို့ကိုမော်တော်ယာဉ်များဖြင့် တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ပြီဖြစ်သဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် YBS ယာဉ်လိုင်းများကိုလည်း စတင်ပြေးဆွဲနေပြီဖြစ် ကြောင်းသိရသည်။
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားအား ဖြတ်သန်း၍ရန်ကုန်မြို့မှ ဒလမြို့သို့ YBS ယာဉ်လိုင်းအမှတ် ၂၉၊ ၃၆၊ ၇၂၊ ၁၀၈၊ ၁၄၅တို့ဖြင့် စုစုပေါင်းယာဉ်အစီး ၃၀ ကိုတံတားပေါ်မှ ဖြတ်သန်းပြေးဆွဲခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖြတ်သန်းခွင့်ကိုတံတားစတင်ဖွင့်လှစ်ပြီးချိန်က နံနက်၆ နာရီမှ ည ၈ နာရီအထိသာ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ဖေဖော်ဝါရီ၁၂ ရက်မှ စတင်ကာ နံနက် ၄ နာရီမှည ၁၀ နာရီအထိ အချိန်တိုးမြှင့်လိုက်သည်။
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားအဝင်တိုးဂိတ်ဧရိယာ၊ တံတားချဉ်းကပ် လမ်းများနှင့် ပင်မတံတားပေါ်တွင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊တံတားဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)တို့မှ ဝန်ထမ်းများက လူအား၊ စက်စွမ်းအားများ အသုံးပြုကာ နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
