The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
327
Підписники
-124 години
+17 днів
+1630 днів
Архів дописів
◾️အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ နှစ်ရက်တာအတွင်း တတိယအကြိမ်အဖမ်းခံရ
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရေး ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီနှင့် အတိုက်အခံလွှတ်တော်အမတ်များ အောက်တိုဘာ ၇ ရက်တွင်နှစ်ရက်တာကာလအတွင်း တတိယအကြိမ်အဖြစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရာဟူးလ်ဂန္ဒီနှင့် အတိုက်အခံကွန်ဂရက်ပါတီလွှတ်တော်အမတ်များသည် ကြိုတင်ကြေညာထားခြင်းမရှိသော ဆန္ဒပြပွဲကျင်းပ၍ မဲဆန္ဒရှင်စာရင်းများပြင်ဆင်မှုဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်ပြီးခဲ့သည့်နှစ်အတွင်း မဲဆန္ဒရှင်စာရင်းများကို ၎င်းတို့စိတ်ကြိုက် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း အင်ဒီးယန်းအိတ်စပရက်စ်သတင်းစာက ဖော်ထုတ်ရေးသားခဲ့ပြီးနောက် အတိုက်အခံပါတီများ၊ကျောင်းသားများနှင့် ပိုးဟပ်လူငယ်လှုပ်ရှားမှုထောက်ခံသူများက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဂျိုင်နက်ရှ်ကူးမား ရာထူးမှ နုတ်ထွက်ပေးရန်နေ့စဉ်လိုလို ဆန္ဒပြတောင်းဆိုလျက်ရှိသည်။
ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းများ စိတ်ကြိုက်ပြုပြင်ရေးဆွဲခဲ့မှုကြောင့် မဲဆန္ဒရှင်
သန်းပေါင်းများစွာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းမှ ဖယ်ထုတ်ခံခဲ့ရကြောင်း အတိုက်အခံပါတီများက ပြောကြားထားသည်။
ရွေးကောက်ပွဲကော်မရှင်၏ အငြင်းပွားဖွယ်မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုကြောင့် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ လက်ရှိအာဏာရ ဘရာတိယာဂျနေတာ ပါတီ (ဘီဂျေပီ)သည်သာ နိုင်ငံရေးအရအကျိုးအမြတ်ရသွားနိုင်ကြောင်း အတိုက်အခံပါတီများက ဝေဖန်ထားသည်။
ကိုးကား-ရိုက်တာ
◾️ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနှင့် ထိုက်တန်သော်လည်းရမည်ဟုမထင်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား
ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုမှာ မိမိအတွက်ထိုက်တန်သော်လည်းရရှိလိမ့်မည်ဟုမထင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
၎င်းအနေဖြင့် စစ်ရေးပဋိပက္ခရှစ်ခုကို အဆုံးသတ်ပေးနိုင်ခဲ့သည်ဖြစ်ရာငြိမ်းချမ်းရေးနိုဘယ်လ်ဆုနှင့် ထိုက်တန်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း သမ္မတရာထူးကို ဒုတိယအကြိမ်ရယူခဲ့ပြီးနောက်ပိုင်း အကြိမ်ကြိမ်ပြောကြားခဲ့ဖူးသည်။
၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနှင့် မိမိထိုက်တန်သော်လည်းနော်ဝေငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီအနေဖြင့် မည်သို့ဆုံးဖြတ်မည်ကို မိမိမသိကြောင်း သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။
သို့ရာတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပြီးခဲ့သည့်နှစ်အတွင်း ရရှိခဲ့သူကမိမိကိုလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအားသွယ်ဝိုက်ရရှိမှုအဖြစ် မိမိဂုဏ်ယူမိကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
၂၀၂၅ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့သော ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်မာရီယာကော်ရီနာမာချာဒို သည် ၎င်းရရှိသည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို သမ္မတဒေါ်နယ်ထရန့်အား ပေးအပ်ခဲ့သည်။
ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အဖြစ် သမ္မတဒေါ်နယ်ထရန့်ကိုအမည်စာရင်းပေးသွင်းထားကြောင်း အစ္စရေး၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်ခေါင်းဆောင်များက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
◾️ရန်ကုန်၌ စက်သုံးဆီစျေး သုံးပတ်ဆက်တိုက်ထပ်တက်
ရန်ကုန်မြို့ရှိ ဓာတ်ဆီစျေးနှုန်းများ နှစ်ပတ်ဆက်တိုက် ထပ်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကော်မတီ၏ ယနေ့(အောက်တိုဘာ ၉ရက်) ဈေးနှုန်းများအရ ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၉၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၅၀၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၇၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့( အောက်တိုဘာ ၈ ရက်)အထိ စျေးနှုန်းများအနေဖြင့် 92 တစ်လီတာလျှင် ၄၅၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၇၉၅ ကျပ် ဖြစ်သည်။
ထို့ကြောင့် 92 တစ်လီတာလျှင် ၅၅ ကျပ် စျေးတက်ခဲ့ပြီး 95 တစ်လီတာလျှင် ၄၀ ကျပ် စျေးတက်ခဲ့သည်။
ဒီဇယ်စျေးများအနေဖြင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၈၅ ကျပ် တက်လာခဲ့ပြီး ပရီမီယံဒီဇယ်သည် ၂၂၀ ကျပ်စျေးကျခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် 92 တစ်လီတာလျှင် ၉၀ ကျပ် စျေးတက်ခဲ့ပြီး 95 တစ်လီတာလျှင် ၁၃၀ ကျပ် စျေးတက်ခဲ့သည်။
ထို့ပြင် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၅ ကျပ် စျေးတက်ခဲ့သေးသည်။
ထိုသို့ စက်သုံးဆီအချို့ စျေးအပြောင်းအလဲဖြစ်သည့်ရက်မတိုင်မီတွင် ရန်ကုန်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် 92 သာ ရောင်းချပေးပြီး အချို့ဆိုင်များမူ 95 အမျိုးအစားသာ ရောင်းချပေးမှုကြောင့် ဝယ်ယူရာတွင်အခက်အခဲများရှိကြောင်း ယာဥ်ပိုင်ရှင်များထံမှသိရသည်။
စက်သုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာမှုကြောင့် ကုန်စျေးနှုန်းများနှင့် ကုန်ပစ္စည်းပို့ဆောင်ရေးစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ကို ပြည်သူများ စိုးရိမ်ပူပန်နေကြရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-MDN
◾️ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အဦး ၂၇၀၀ ကျော်အရေးယူထားဟုဆို
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နှင့်ပြင်ဆင်ခဲ့သည့် အဆောက်အဦ စုစုပေါင်း ၂၇၈၂ လုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်က ယမန်နေ့(အောက်တိုဘာ ၈ ရက်) တွင်ပြုလုပ်သည့် တိုင်းလွှတ်တော်တွင်ဖြေကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ် ဦးစိုးမြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ ၌ ခွင့်ပြုချက်မဲ့ အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်နေခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်းသိရသည်။
"ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီးခွင့်ပြုချက်မဲ့ ဆောက်လုပ်လျက်ရှိသည့် လိုင်စင်မဲ့ကန်ထရိုက်တာများနှင့် မြေပိုင်ရှင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥပဒေ ၂၀၁၈ အရ အလေးထားအရေးယူလျက်ရှိတယ်။ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများ ဆောက်လုပ်လျက်ရှိသည့် လိုင်စင်မဲ့ ကန်ထရိုက်တာနဲ့ မြေပိုင်ရှင်တွေကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥပဒေ ၂၀၁၈ ပုဒ်မ ၃၂၄၊ ပုဒ်မ ၃၂၂ (က) တို့အရ တရားစွဲဆိုပြီး ဒဏ်ငွေတပ်ရိုက်ပါတယ်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြို့နယ်ဥပဒေအရာရှိထံမှ ဥပဒေအကြံပြုချက်ရယူကာ ဆက်လက် အရေးယူဆောင်ရွက်ခဲ့ပါတယ်" ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင်တရားမဝင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသော အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ခြင်းမရှိစေရန် သတိပေးတားမြစ်ဆိုင်းဘုတ်အနီများကိုလည်း သက်ဆိုင်ရာနေရာများတွင် တပ်ဆင်ထားသည့်အတွက်ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ပါက တည်ဆဲဥပဒေများအရ ထောင်ဒဏ်ပြစ်ဒဏ်များအထိကျခံရမည့်အထိ တင်းကြပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ရန်ကုန်တိုင်းလွှတ်တော်
◾️အိုကီနာဝါမှ အမေရိကန်တပ်ဖွဲ့ဝင်များ ညပိုင်းအပြင်ထွက်ခွင့်ပိတ်ခံရ
ဒေသခံဂျပန်အမျိုးသမီးတစ်ဦးကို မရိန်းတပ်ဖွဲ့ဝင်တစ်ဦးက လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်ပေါ်ထွက်လာခဲ့ပြီးနောက် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များမှာ တစ်လကြာ ညပိုင်းအပြင်ထွက်ခွင့်နှင့် အရက်သောက်သုံးခွင့်များပိတ်ပင်ခံထားရကြောင်း သိရသည်။
အမေရိကန် မရိန်းတပ်ဖွဲ့မှ ဒါဗင်ဂျာကော့ဘ်ဘဲလာ့ဒ်အမည်ရှိ တပ်ကြပ်တစ်ဦးက နာဟာမြို့ ဟိုတယ်တစ်ခု၌ အသက် (၃၉)နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးကိုအောက်တိုဘာ ၃ ရက်တွင် လုယက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ဖွယ်ရှိကြောင်း ဂျပန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် အထက်ပါလူသတ်လုယက်မှုစွဲချက်ကိုမရိန်းတပ်ဖွဲ့ တပ်ကြပ်ဘဲလာ့ဒ်က ငြင်းဆိုထားကြောင်းဂျပန်ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဂျပန်အမျိုးသမီး လုယက်သတ်ဖြတ်ခံရမှုကို အလွန်တရာရက်စက်ကြမ်းကြုတ်သော ပြစ်မှုအဖြစ် ဂျပန်ဝန်ကြီးချုပ် တာကာအိချီက ဝေဖန်ထားပြီး ယင်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သည့်အစီအမံများဆောင်ရွက်ရန် အမေရိကန်အစိုးရကို တောင်းဆိုထားသည်။
အိမ်နီးချင်းဒေသခံများနှင့် ထိတွေ့ဆက်ဆံမှုသည်ယုံကြည်မှုကို တည်ဆောက်နိုင်သလို ယုံကြည်မှုကိုလည်းပျက်ပြားစေနိုင်ကြောင်း၊ ယုံကြည်မှုပျက်ပြားခဲ့ပါက ဂျပန်နှင့် အမေရိကန် မဟာမိတ်ဆက်ဆံရေးနှင့် ဒေသတွင်းလုံခြုံရေးအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း အမေရိကန်စစ်ဘက်က ပြောကြားသည်။
ကိုးကား-ရိုက်တာ
◾️ဝင်ငွေနည်းပြည်သူများအတွက် လောင်စာဆီများကို လျှော့ဈေးဖြင့် ပါကစ္စတန်ရောင်းချပေးနေ
တစ်ဦးချင်းဝင်ငွေ နိမ့်ပါးသည့်ပြည်သူ ကိုးသန်းကျော်တို့အတွက်ပါကစ္စတန်အစိုးရက လောင်စာဆီများကို လျှော့ဈေးဖြင့် ရောင်းချပေးနေကြောင်း အောက်တိုဘာ ၇ ရက်သတင်းများတွင် ရေးသား တင်ပြ ထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အီရန်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ လောင်စာဆီဈေးနှုန်းများမြင့်တက်နေချိန်တွင် ဝင်ငွေနည်းပြည်သူများအတွက် လောင်စာဆီများကို ပါကစ္စတန်အစိုးရက လျှော့ဈေးဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
ပါကစ္စတန်အစိုးရ၏ အစီအစဉ်အရ မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် သုံးဘီးယာဉ်မောင်းများကို
လောင်စာဆီဝယ်ယူရာတွင် သီတင်းတစ်ပတ်လျှင် ရူပီး ၅၀၀ လျှော့ဈေးပေးထားပြီး ယင်းလျှော့ဈေး ခံစားခွင့်ကို တစ်လလျှင် လေးကြိမ်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်မောင်းများအတွက်မူ ဓာတ်ဆီ ၁၀ လီတာအတွက် တစ်လီတာလျှင် ရူပီး ၁၀၀ဈေးလျှော့ ပေးထားပြီး ယင်းလျှော့ဈေးခံစားခွင့်ကို ၁၀ ရက်လျှင် တစ်ကြိမ်ပေးထားကြောင်း ပါကစ္စတန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ပါကစ္စတန်အစိုးရ၏ ဝင်ငွေနည်းပြည်သူများအတွက် လောင်စာဆီလျှော့ဈေးခံစားခွင့်ကို ပြည်သူ
ကိုးသန်းကျော်က ရယူခံစားနေကြကြောင်း ပါကစ္စတန်အစိုးရ ရေနံလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး အလီပါဗတ်ခ်မာလစ်ခ်က ထုတ်ဖော်ပြောကြားထားသည်။
အထက်ပါ လောင်စာဆီလျှော့ဈေးခံစားခွင့် ရရှိသူများထဲတွင်အလုပ်အကိုင်နှင့် နေ့စဉ်ခရီးသွားလာ
ရေးအတွက် မော်တော်ဆိုင်ကယ်များ၊သုံးဘီးယာဉ်များနှင့် မော်တော်ယာဉ်ငယ်များကို အားပြုနေရသူများပါဝင်ကြောင်း သိရသည်။
ဓာတ်ဆီနှင့် ဒီဇယ် ရောင်းဝယ်ရေးလုပ်ငန်းအပေါ် အခွန်လျှော့ချရန်အစိုးရကို ဖိအားပေးသည့်အနေဖြင့်အစ္စလာမ္မာဘတ်မြို့တော်သို့ ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်း ဘာသာရေးအခြေခံဝါဒီ ပါတီတစ်ခုဖြစ်သည့်ဂျမက်အီးအစ္စလာမ္မီပါတီက ခြိမ်းခြောက်ခဲ့ပြီးနောက် ဝင်ငွေနည်းပြည်သူများအတွက် လောင်စာဆီလျှော့ဈေးအစီအစဉ်ကို ပါကစ္စတန်အစိုးရက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
◾️ဒဗလျူအိတ်ခ်ျအို အကြီးအကဲရာထူးအတွက်ကိုယ်စားလှယ်လောင်းတစ်ဦး တရုတ်တင်သွင်းမည်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) ညွှန်ကြားရေးမှူးချုပ်သစ်ရွေးချယ်တင်မြှောက်ပွဲအတွက် တရုတ်နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်စာရင်းပေးသွင်းရန် တရုတ်အစိုးရက စီစဉ်ထားကြောင်းအောက်တိုဘာ ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
သတင်းအရင်းအမြစ်များ၏ အဆိုအရ ဒဗလျူအိတ်ခ်ျအို အကြီးအကဲရာထူးအတွက် မိခင်နှင့်ကလေး ကျန်းမာရေးမူဝါဒနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တို့၌ လုပ်သက်အတွေ့အကြုံ နှစ်(၂၀) ရှိသည့် ထိပ်တန်းပြည်သူ့ကျန်းမာရေး တာဝန်ရှိသူ ဆောင်းလီကို အမည်စာရင်းပေးသွင်းရန်
တရုတ်အစိုးရက စီစဉ်ထားကြောင်း သိရသည်။
ဒဗလျူအိတ်ခ်ျအိုအကြီးအကဲ ရွေးချယ်ပွဲ၌ တရုတ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရန် စီစဉ်ထားမှုသည် အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခဲ့ပြီးနောက် ဒဗလျူအိတ်ခ်ျအို၌ တရုတ်နိုင်ငံ၏ ဩဇာ ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
ကုလသမဂ္ဂနှင့်သော်လည်းကောင်း၊ကုလပဋိညာဉ်အရဖွဲ့စည်းထားသောအဖွဲ့အစည်းများနှင့်သော်လည်း ကောင်း ထိတွေ့ဆက်ဆံမှုများအား အမေရိကန်အစိုးရက လျှော့ချနေချိန်တွင် တရုတ်နိုင်ငံက ကုလအ ဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၌ တာဝန်ယူနိုင်စွမ်း ပိုမိုရရှိရန် ကြိုးပမ်းနေ ကြောင်းသိရသည်။
ကိုးကား-ရိုက်တာ
◾️အီရန်နိုင်ငံအား မည်သူဦးဆောင်အုပ်ချုပ်နေသည်ကို မိမိမသိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထုတ်ဖော်ပြောကြား
ရှစ်လတာအတွင်း ဝင်ရောက်လာပြီဖြစ်သောအီရန်စစ်ပွဲကာလအတွင်း အီရန်နိုင်ငံအား မည်သူက ဦးဆောင်အုပ်ချုပ်နေသည်ကို မိမိအနေဖြင့် မသိရသေးကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီရန်ခေါင်းဆောင်များနှင့် ဒုတိယအသုတ်ခေါင်းဆောင်များကို ရှင်းလင်းဖယ်ရှားထားပြီဖြစ်ရာမိမိလက်ရှိ ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာမှာ အီရန်နိုင်ငံအား မည်သူအုပ်ချုပ်နေသည်ကို မသိရခြင်းဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။
သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထက်ပါပြောကြားချက်ကို လက်ရှိအခြေအနေနှင့် လွဲချော်နေသော ပြောကြားချက်အဖြစ်အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအား မည်သူက ဦးဆောင်နေသည်၊ အီရန်၏
ဆုံးဖြတ်ချက်ချမှတ်မှုစနစ် မည်သို့လည်ပတ်နေသည်တို့ကို ကောင်းစွာသိထားပြီးဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် ယင်းနေ့မှာပင် အီရန်ခေါင်း
ဆောင် အယာတိုလာအလီခါမေနီ သေဆုံးခဲ့ရသည်။
ကိုးကား-ရိုက်တာ
◾️ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအချို့အား အောက်တိုဘာ ၁၀ ရက်မှစတင်၍ စီအိုင်စာအုပ် ထုတ်ပေးမည်
ထိုင်းနိုင်ငံရောက် ပန်းရောင်ကတ် (ခေါ်) ဘတ်ရိုက်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကိုလာမည့် အောက်တိုဘာ ၁၀ ရက်မှစတင်၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်များ ထပ်မံထုတ်ပေးတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမား ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် မြန်မာအလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ၃၁ ဦးကို အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။
CI စခန်း (CI Centers) များကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ချင်းမိုင်နှင့် ချွန်ဘူရီ စသည့် ခရိုင်။ပြည်နယ်ငါးခု၌ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ဩဂုတ် ၁၇ ရက်အထိ CI စာအုပ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရသည် နိုင်ငံအတွင်းရှိနေသည့် အထောက်အထားမဲ့ မြန်မာ၊လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို နေထိုင်၊လုပ်ကိုင်ခွင့်ပြုသည့် ရွှေ့ပြောင်းလုပ်သားသက်သေခံကတ် (ခေါ်) ဘတ်ကတ်များကို နှစ်စဉ်နီးပါး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-ထိုင်းလဝက
