The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
331
Підписники
+124 години
+27 днів
+630 днів
Архів дописів
ထရန့်က ရက်စက်ကြမ်းတမ်းစွာ အဓမ္မကျင့်ခဲ့ကြောင်း ဆွစ်ဇာလန်အလှမယ်ဟောင်းစွပ်စွဲ
လိင်ကုန်ကူးသူ ဂျက်ဖရီ အက်ပ်စတိန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ဆက်နွှယ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဒီမိုကရက်တစ်ပါတီဝင်များ၏ အစီရင်ခံစာတစ်စောင်အရ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာတွင် ထရန့်က ၎င်းအား ရက်စက်ကြမ်းတမ်းစွာ အဓမ္မကျင့်ခဲ့သည်ဟု ဆွစ်ဇာလန်အလှမယ်ဟောင်းတစ်ဦးက စွပ်စွဲထားကြောင်း သိရသည်။
၎င်းအသက် ၂၄ နှစ်အရွယ်တွင် မန်ဟက်တန်ရှိ ပလာဇာဟိုတယ်၏ အခန်းတစ်ခုအတွင်း ထရန့်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရကြောင်း ဆွစ်ဇာလန်မော်ဒယ် ဘီထရစ်စ်ကွိုင်းလ်က အမေရိကန်အောက်လွှတ်တော် တရားစီရင်ရေးကော်မတီမှ ဒီမိုကရက်တစ်ပါတီဝင်များထံ ပြောကြားခဲ့သည်။
ထိုစဉ်က ၎င်းသည် ထရန့်နှင့် ပူးပေါင်းဆောင်ရွက်သော American Dream Pageant အလှမယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေချိန်ဖြစ်သည်။
အိမ်ဖြူတော်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ကွိုင်းလ်၏ ပြောဆိုချက်များနှင့်ပတ်သက်၍ ထရန့်သည် တရားစွဲဆိုခံခဲ့ရခြင်း မရှိခဲ့ပေ။
ကွိုင်းလ်သည် ယခင်ကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့်ပတ်သက်၍ လူသိရှင်ကြား ပြောဆိုခဲ့ဖူးသော်လည်း ယခုအစီရင်ခံစာတွင် ၎င်း၏ ပြောဆိုချက်များကို ပထမဆုံးအကြိမ် ပြည့်ပြည့်စုံစုံ ဖော်ပြထားခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်များက ဆိုသည်။
အဆိုပါအစီရင်ခံစာကို ပြီးခဲ့သည့်တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
“ဒီစွပ်စွဲချက်တွေထဲမှာ ဘယ်တစ်ခုမှ အမှန်မဟုတ်ပါဘူး။ ဒီအစီရင်ခံစာဆိုတာ သမ္မတထရန့်ရဲ့ သမိုင်းဝင်အောင်မြင်မှုတွေကြောင့် ရီပတ်ဘလစ်ကန်ပါတီအပေါ် ထောက်ခံမှု မြင့်တက်လာနေခြင်းကနေ အမေရိကန်ပြည်သူတွေရဲ့ အာရုံကို လွှဲပြောင်းဖို့ စိတ်ပျက်လက်ပျက် ကြိုးစားနေတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ ဂျက်ဖရီ အက်ပ်စတိန်းဟာ လူယုတ်မာတစ်ဦးဖြစ်တဲ့အတွက် သမ္မတက သူ့ကို မာရာလာဂိုကလပ်ကနေ နှင်ထုတ်ခဲ့တာပါ။ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာလည်း သမ္မတဟာ အပြစ်မရှိကြောင်း အပြည့်အဝ သက်သေပြပြီး ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TMZ သတင်းဌာနသို့ ပြောကြားသည်။
အစီရင်ခံစာအရ ၎င်းသည် အလှမယ်ပြိုင်ပွဲ စီစဉ်သူ ဂျေးလ်ဟတ်သ်၏ ဖိတ်ခေါ်မှုဖြင့် အဆိုပါပြိုင်ပွဲသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်များထံ ကွိုင်းလ်က ပြောကြားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အကာအကွယ်မဲ့နေသော အမျိုးသမီးငယ်များနှင့် မိန်းကလေးများကို ပစ်မှတ်ထားရန် သားကောင်ရှာဖွေရာ နေရာအဖြစ် ထိုအလှမယ်ပြိုင်ပွဲကို အက်ပ်စတိန်း၊ ထရန့်နှင့် အခြားသူများက အသုံးပြုခဲ့ကြသည်ဟု ကွိုင်းလ်က စွပ်စွဲခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုနေ့နှောင်းပိုင်းတွင် ဒေါ်နယ်ထရန့်၏ ကိုယ်စားလှယ်တစ်ဦးက ကွိုင်းလ်အား ပလာဇာဟိုတယ်၏ အပေါ်ထပ်သို့ တက်ကာ ထရမ့်နှင့် တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့ပြီး ထိုတွေ့ဆုံမှုသည် ၎င်း၏ အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးတိုးတက်ရေးအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်မည်ဟု ယုံကြည်သဖြင့် ကွိုင်းလ်သည် ထရမ့်၏ ကိုယ်စားလှယ်နှင့်အတူ အပေါ်ထပ်သို့ လိုက်ပါသွားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိ့်နောက်ကိုယ်စားလှယ်က ၎င်းအားအခန်းတွဲအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ထရန့်က ကွိုင်းလ်ကို နောက်မှ ဆွဲကိုင်ကာ အတင်းအဓမ္မ မတရားကျင့်ခဲ့ကြောင်း စွပ်စွဲထားသည်။
ထိုဖြစ်စဉ်အတွင်း ၎င်း၏ ဝတ်စုံမှာ စုတ်ပြဲသွားခဲ့ပြီး ခန္ဓာကိုယ်၏ နေရာအများအပြားတွင် သွေးထွက်ခြင်းနှင့် ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါဖြစ်ရပ်ကို ရက်စက်ကြမ်းကြုတ်သည်ဟု ကွိုင်းလ်က ဖွင့်ဟခဲ့သည်။
ကွိုင်းလ်၏ ပြောဆိုချက်အရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ထရန့်သည် ၎င်းကို အိပ်ရာအစွန်းတွင် ထိုင်ခိုင်းခဲ့ပြီး ဗီဇာနှင့် နယူးယောက်တက္ကသိုလ်ဝင်ခွင့် ရရှိရေးအတွက် စီစဉ်ပေးမည်ဟူသော ကတိများကို ထပ်မံပြောကြားခဲ့သည်။
ထို့နောက် ယင်းအကြောင်းကို လျှို့ဝှက်ထားရန် ၎င်းအား ထရန့်ကကတိပေးခိုင်းခဲ့ပြီး ‘ပြိုင်ပွဲကတော့ ဆက်လုပ်ရမှာပဲ’ ဟု ပြောခဲ့သည်ဟု ဆိုသည်။
ကွိုင်းလ်၏ ပြောဆိုချက်အရ ၎င်းရောက်ရှိလာချိန်ကတည်းက နိုင်ငံကူးလက်မှတ်ကို သိမ်းယူထားခဲ့သောကြောင့် အလွန်ကြောက်ရွံ့တုန်လှုပ်နေသည့် အခြေအနေဖြင့် အလှမယ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရကြောင်းဆိုသည်။
သို့ရာတွင် ပြိုင်ပွဲမပြီးမချင်း နိုင်ငံကူးလက်မှတ် ပြန်ပေးရန် မတောင်းဆိုခဲ့ဘဲ ထရန့်အနေဖြင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ၎င်းက ဖွင့်ချသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်။
၎င်းသည် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်သွားခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဟာဝိုင်အီ၌ ကျင်းပမည့် ထရန့်က စပွန်ဆာပေးသော နောက်ထပ်အလှမယ်ပြိုင်ပွဲသို့ ပါဝင်ရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
ထို့နောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွားပြီး လအနည်းငယ်အကြာတွင် ဆွစ်ဇာလန်ရှိ ၎င်းထံ ထရန့်ကဖုန်းဆက်ခဲ့ပြီး ဗီဇာနှင့် နယူးယောက်တက္ကသိုလ်ဝင်ခွင့်ရရှိရေးအတွက် ကူညီပေးမည်ဆိုသော ကမ်းလှမ်းချက်ကို ထပ်မံပြောကြားခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ကွိုင်းလ်ကဆိုသည်။
သတင်း-လင်းခေတ်
နယူးမန္တလာထွန်းယာဉ်လိုင်းအား ရန်ကုန်-ပြင်ဦးလွင်ခရီးစဉ်ပြေးဆွဲခွင့် ယာယီပိတ်သိမ်း
နယူးမန္တလာထွန်းခရီးသည်တင်ယာဉ်လိုင်းအား ရန်ကုန်-ပြင်ဦးလွင်ခရီးစဉ်ပြေးဆွဲခြင်းကို သက်ဆိုင်ရာကယာယီပိတ်သိမ်းထားကြောင်း နယူးမန္တလာထွန်း၏ ခရီးသွားပြည်သူများအားတောင်းပန်းသည့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
နယူးမန္တလာထွန်းခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်သည် အောက်တိုဘာ ၂၄ ရက်က ပြင်ဦးလွင်မှရန်ကုန်သို့အဆင်းတွင် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ ခရီးသည်များအနက် ငါးဦးအပါအဝင် စုစုပေါင်းရှစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အတွက် အစားထိုး၍မရနိုင်သော အသက်ဆုံးရှုံးမှုများအတွက် ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း နယူးမန္တလာထွန်းခရီးသည်တင်ယာဉ်လိုင်းက ယမန်နေ့ (အောက်တို ဘာ ၂၈ ရက်) က ထုတ်ပြန်ထားသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ခရီးသည်များကို ပြင်ဦးလွင်ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးကလေးဆေးရုံတို့တွင် ဆက်လက်ဆေးကုသပေးလျက်ရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ခရီးသည်များ၊ မိဘပြည်သူများနှင့် မိသားစုဝင်များအားလုံးကိုလည်း အလေးအနက်တောင်းပန်ကြောင်း ဖော်ပြထားသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားချိန်မှစ၍ နယူးမန္တလာထွန်းယာဉ်လိုင်း၏ တာဝန်ရှိသူများ၊ မန္တလေးဂိတ်၊ တောင်ကြီးဂိတ်၊ မုံရွာဂိတ်၊ စစ်ကိုင်းဂိတ်၊ ပြင်ဦးလွင်ဂိတ်နှင့် ရန်ကုန်ဂိတ်တို့မှ ဝန်ထမ်းများ၊ ယာဉ်ဝန်ထမ်းများက နီးကပ်စွာတာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အသက်ဆုံးရှုံးခဲ့ရသည့်ခရီးသည်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် အာမခံကိစ္စရပ်များနှင့် လိုအပ်သည့်ဆေးကုသမှုဆိုင်ရာကူညီထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယူးမန္တလာထွန်းခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းကထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ-MFSD(နယူးမန္တလာထွန်းယာဉ်လိုင်းမှခရီးသည်တင်ယာဉ် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၌တိမ်းမှောက်မှုဖြစ်ပွားစဉ်)
#ပြည်တွင်းသတင်း
အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့သည် အများအားဖြင့် အခမ်းအနားဆိုင်ရာ တာဝန်များကိုသာ ထမ်းဆောင်ရသူဖြစ်သည်။
သို့သော် အမျိုးသားရွေးကောက်ပွဲများ ကျင်းပပြီးနောက်တွင်မူ အစိုးရသစ်ဖွဲ့စည်းရန် ပထမဆုံး ကြိုးပမ်းခွင့်ကို မည်သူ့အား ပေးမည်ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ရသည့် အရေးပါသော တာဝန်ကို ထမ်းဆောင်ရသည်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အင်္ဂါနေ့ညတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ပြတ်ပြတ်သားသား အနိုင်မရခဲ့သော်လည်း အာဏာဆက်လက်ထိန်းသိမ်းထားနိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ရရှိထားသည်။
အသက် ၇၇ နှစ် နေတန်ယာဟုသည် ရွေးကောက်ပွဲရလဒ်မှ အားသာချက်များစွာ ရရှိထားသည်။ ၎င်း၏ လီကွတ် ပါတီသည် ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သော စစ်တမ်းများ၏ ခန့်မှန်းချက်များကို ကျော်လွန်ကာ အစ္စရေးလွှတ်တော်တွင် အကြီးဆုံးပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ဖွယ်ရှိသည်။
အခြားတစ်ဖက်တွင်မူ ဗိုလ်ချုပ်ဟောင်း ဂါဒီ အိုင်ဆင်ကော့ဦးဆောင်သော ပြိုင်ဘက်အင်အားစုများမှာ မျှော်မှန်းထားသည်ထက် ထောက်ခံမှုနည်းပါးခဲ့ပြီး အုပ်စုကွဲပြားမှုများလည်း ပိုမိုကြုံတွေ့ခဲ့ရသည်။
လေ့လာသုံးသပ်သူများ၏ အဆိုအရ မည်သည့်အင်အားစုကမျှ အစိုးရဖွဲ့စည်းနိုင်ရန် လိုအပ်သော အများစုအမတ်နေရာများကို မရရှိခဲ့သည့် ယခုရလဒ်ကြောင့် နိုင်ငံရေးအကြပ်အတည်းနှင့် အစိုးရဖွဲ့စည်းရေး အကြပ်အတည်းများသည် ရက်သတ္တပတ်များ သို့မဟုတ် လပေါင်းများစွာအထိ ကြာမြင့်သွားနိုင်သည်။ ထိုအခြေအနေသည် နေတန်ယာဟုအတွက်မူ အဆင်ပြေနိုင်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။
အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ သို့မဟုတ် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရန် လိုအပ်လာသည်အထိ နေတန်ယာဟုသည် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်သည်။
ရေးသူ-လင်းခေတ်
ကိုးကား-The New York Times
#နိုင်ငံတကာသတင်း
ပြိုင်ဆိုင်မှုပြင်းထန်နေဆဲ အစ္စရေးရွေးကောက်ပွဲ
အစိုးရသစ်ဖွဲ့စည်းရေးအတွက် ရက်သတ္တပတ်များစွာကြာ ဆွေးနွေးညှိနှိုင်းရဖွယ်ရှိကြောင်း အစ္စရေးနိုင်ငံရေးခေါင်းဆောင်များက ပြင်ဆင်နေကြသည်။ ဗုဒ္ဓဟူးနေ့တွင် ထွက်ပေါ်လာသော ရွေးကောက်ပွဲကနဦးရလဒ်များအရ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့သည့် ယခုရွေးကောက်ပွဲတွင် အနိုင်ရသူ အတိအကျ မပေါ်သေးပေ။
ယခုရွေးကောက်ပွဲသည် နိုင်ငံအတွက် အလွန်အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်ဟု အများစုက သတ်မှတ်ထားကြသည်။
လက်ရှိတွင် ရွေးကောက်ပွဲတာဝန်ရှိသူများသည် မဲလက်မှတ်များ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးဖြစ်သည်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဦးဆောင်သော သဘောထားတင်းမာသည့် နိုင်ငံရေးပါတီများ၏ မဟာမိတ်အစုအဖွဲ့သည် ဂါဒီ အိုင်ဆင်ကော့ ဦးဆောင်သော အတိုက်အခံအစုအဖွဲ့ထက် လွှတ်တော်အမတ်နေရာ အနည်းငယ် ပိုမိုရရှိထားသည်။
သို့သော် အစ္စရေးလွှတ်တော် (Knesset) တွင် အစိုးရဖွဲ့စည်းရန် လိုအပ်သည့် အမတ်နေရာ ၆၁ နေရာကို မည်သည့်အစုအဖွဲ့ကမျှ ရရှိနိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။ အစ္စရေးလွှတ်တော်တွင် အမတ်နေရာစုစုပေါင်း ၁၂၀ ရှိသည်။
ထို့ကြောင့် ခေါင်းဆောင်နှစ်ဦးစလုံးသည် အစိုးရဖွဲ့စည်းနိုင်ရန် မိမိတို့၏ မဟာမိတ်အစုအဖွဲ့များ ပြင်ပရှိ ပါတီများထံမှ ထောက်ခံမှုကို ရယူရန် လိုအပ်လာမည်ဖြစ်သည်။
အာရပ်ပါတီနှစ်ခုသည် လွှတ်တော်အမတ်နေရာ ၁၉ နေရာအထိ ရရှိနိုင်သည့် အခြေအနေရှိနေပြီး ယင်းသည် အဆိုပါပါတီများအတွက် အစိုးရဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည့် အခွင့်အရေးကို ဖြစ်ပေါ်စေသည်။
သို့သော် ဂျူးလူမျိုးအများစုကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများသည် အာရပ်ပါတီများနှင့် မဟာမိတ်ဖွဲ့ရန် စိတ်အားထက်သန်မှု မရှိကြပေ။
နေတန်ယာဟု၏ မဟာမိတ်အချို့က ၎င်းသည် အာဏာဆက်လက်ထိန်းသိမ်းထားနိုင်ရန် အိုင်ဆင်ကော့နှင့် အလယ်အလတ်သဘောထားရှိသော အခြားနိုင်ငံရေးခေါင်းဆောင်များ ပူးပေါင်းပြီး ကျယ်ပြန့်သော အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ကြောင်း အကြံပြုထားကြသည်။
ယင်းမှာအစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူနေမည့် နေတန်ယာဟုအတွက်မူ ယင်းအခြေအနေသည် အဆင်ပြေသည့် ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်သည်။
အိုင်ဆင်ကော့အနေဖြင့်မူ အကျပ်အတည်းတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ ၎င်းသည် နေတန်ယာဟုကို အစ္စရေးနိုင်ငံကို ဦးဆောင်ရန် မသင့်လျော်သူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ထားသော်လည်း အစိုးရမဟာမိတ်အဖွဲ့တစ်ခုတွင် အာရပ်ပါတီများနှင့် ပူးပေါင်းရေးကိုလည်း ကန့်ကွက်ထားသည်။
ဗုဒ္ဓဟူးနေ့တွင် အိုင်ဆင်ကော့သည် အာရပ်ပါတီများအကြောင်းကို တိုက်ရိုက်ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။
သို့သော် ၎င်းသည် ဇီယွန်ဝါဒကို လက်ခံကျင့်သုံးပြီး နိုင်ငံသားအားလုံး မဖြစ်မနေ စစ်မှုထမ်းရမည့်စနစ်ကို ထောက်ခံသည့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအပေါ် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားချက်သည် အာရပ်ပါတီများနှင့် အလွန်အယူဝါဒတင်းမာသော ဂျူးဘာသာရေးပါတီများ နှစ်မျိုးစလုံးနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်သည့် သဘောသက်ရောက်နေသည်။
ကနဦးရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့စည်းရေးတွင် အဆုံးအဖြတ်ပေးနိုင်သည့် အရေးပါသော အင်အားစုတစ်ခုအဖြစ် ပေါ်ထွက်လာသော အာရပ်ပါတီများ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် Joint List က နေတန်ယာဟုကို ရာထူးမှ ဖယ်ရှားနိုင်ရန် မိမိတို့တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ယင်းကြေညာချက်သည် Joint List အဖွဲ့ဝင်များကို အစိုးရအဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားထားခြင်း မရှိသေးသော်လည်း နေတန်ယာဟုကို ဆန့်ကျင်သည့် မဟာမိတ်အစိုးရတစ်ရပ် ဖွဲ့စည်းရန် အိုင်ဆင်ကော့၏ ကြိုးပမ်းမှုကို ထောက်ခံပေးလိုသည့် ဆန္ဒရှိနိုင်ကြောင်း ညွှန်ပြနေသည်။
မဲအားလုံး၏ နောက်ဆုံးရလဒ်ကို ယနေ့ညနေပိုင်း မတိုင်မီ အပြီးသတ်ရေတွက်နိုင်မည် မဟုတ်ဟု မျှော်လင့်ထားကြသည်။ နိုင်ငံရေးပါတီများသည် အစိုးရဖွဲ့စည်းနိုင်ရန် လိုအပ်သော လွှတ်တော်အမတ်အများစု၏ ထောက်ခံမှုကို ရရှိရေး ကြိုးပမ်းကြမည်ဖြစ်သဖြင့် ရှည်လျားသော ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။
အကယ်၍ ထိုဆွေးနွေးမှုများ မအောင်မြင်ပါက အစ္စရေးနိုင်ငံသည် ဒုတိယအကြိမ် ရွေးကောက်ပွဲကို ထပ်မံကျင်းပရနိုင်ပြီး ယခင်ကလည်း ထိုသို့သော အခြေအနေမျိုး ဖြစ်ပွားခဲ့ဖူးသည်။
မဲများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးနောက် ထွက်ပေါ်လာသော ကနဦးရလဒ်များအရ နေတန်ယာဟု၏ မဟာမိတ်အဖွဲ့သည် လွှတ်တော်အမတ်နေရာ ၅၄ နေရာခန့်၊ အိုင်ဆင်ကော့၏ အစုအဖွဲ့သည် ၄၉ နေရာခန့်နှင့် အာရပ်ပါတီများသည် ၁၉ နေရာအထိ ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
သို့သော် မဲရလဒ်ကိန်းဂဏန်းများသည် ဆက်လက်ပြောင်းလဲနိုင်သေးသည်။
အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်တိုင် အစ္စရေးလွှတ်တော်ကို နိုဝင်ဘာလ ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် နေတန်ယာဟုကို ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများသည် လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ထိန်းချုပ်နိုင်ရန် အခွင့်အလမ်းကောင်း ရှိနေနိုင်သည်။
အီရန်စစ်ပွဲအတွက် အမေရိကန်စစ်ဘက်ဒေါ်လာ ၄၇ ဘီလီယံအထိ သုံးစွဲထားရ
အမေရိကန်စစ်ဘက်အနေဖြင့် အီရန်ကို စစ်ပွဲ ဆင်နွှဲရေးအတွက် လက်ရှိအချိန်အထိ စစ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ သုံးစွဲထားရကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ပေါ်ထွက်လာသော ကာကွယ် ရေးဝန်ကြီးဌာန ကိန်းဂဏန်းအချက်အလက်များအရသိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အီရန်စစ်ပွဲ စစ်ရေး အသုံးစရိတ်ကိန်းဂဏန်းများသည် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ ပြည်တွင်းနိုင်ငံရေး ပြဿနာများကို သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန်ပါတီ ရင်ဆိုင် နေရချိန်တွင်ပေါ်ထွက်လာခြင်းဖြစ်သည်။
အီရန်စစ်ပွဲအတွက် အမေရိကန်စစ်ဘက် လက်ရှိအချိန်အထိ သုံးစွဲထားရသော စစ်ရေးအသုံးစရိတ် အမေရိကန် ဒေါ်လာ ၄၇ ဘီလီယံကျော်ထဲတွင် စစ်ကာလအတွင်း အသုံးပြုခဲ့ရသော လက်နက်ခဲယမ်းမီးကျောက်များကိုပြန်လည်ဖြည့်ဆည်းရေးအတွက် သုံးစွဲရမည့် ဒေါ်လာ ၂၉ ဘီလီယံလည်း ပါဝင်သည်။
အမေရိကန်စစ်ဘက်၏ အထက်ပါ အီရန်စစ်ပွဲ စစ်ရေးအသုံးစရိတ်သည်ယခုနှစ် ဇူလိုင်လအတွင်း ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောခန့်မှန်း စစ်ရေးအသုံးစရိတ်ထက် ၂၅ ရာခိုင်နှုန်းကျော် ပိုမြင့်မားကြောင်း သိရသည်။
အီရန်စစ်ပွဲအတွက် စစ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ၃၇ ဒသမ ၅ ဘီလီယံအထိ သုံးစွဲထားရ ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဟက်ဒ်ဆက်က ယခုနှစ် ဇူလိုင်လအတွင်း ခန့်မှန်းပြောကြားခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ရန်ကုန်မြို့တွင်း ယာဥ်ရပ်နားခကောက်ခံမည်
ရန်ကုန်မြို့တွင်း လာမည့် နိုဝင်ဘာ ၁ ရက်မှစ၍ ယာဥ်ရပ်နားကောက်ခံမည့် အစီအစဥ်အားစတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါအစီအစဥ်အား ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ရာဇဓိရာဇ်လမ်းမှ အောင်ရတနာလမ်းကြား ကို ဇုန် (၈) ဇုန်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယာဉ်ရပ်နားခများအနေဖြင့် (၁) နာရီလျှင် ၅၀၀ ကျပ်၊ ကျော်လွန်ရပ်နားသည့် မိနစ် (၃၀) အတွင်း ၃၀၀ ကျပ်နှင့် ကျော်လွန်ရပ်နားသည့် မိနစ် (၆၀) အထိ ၅၀၀ ကျပ် တို့ဖြစ်ကြောင်း သိရသည်။
ယာဥ်ရပ်နားခကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ကောက်ခံသွားမည်ဖြစ်ကာ ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းအား တင်ဒါစနစ်ဖြင့် သတင်းစာများမှ တင်ဒါခေါ်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယာဥ်ရပ်နားခ ကောက်ခံမည့် နေရာသတ်မှတ်ချက်သည် ဗိုလ်တထောင် သန်လျက်စွန်းအနီးမှ ဖြစ်ပြီး သခင်မြပန်းခြံ အနီးထိ ဖြစ်သည်။
သတင်း - တိုင်တန်
ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
တိုယိုတာ၏ မျိုးဆက်သစ် အင်ဂျင်များအခြားကားကုမ္ပဏီများသို့ ရောင်းချမည်
ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည့် တိုယိုတာက ၎င်းတို့၏ မျိုးဆက်သစ် အင်ဂျင်များနှင့်Hybrid စနစ်တို့ကို အခြားကားကုမ္ပဏီများထံသို့ ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် Automotive News ၏ ရေးသားဖော်ပြချက်အရသိရသည်။
တိုယိုတာအနေဖြင့် လက်ရှိ ဘဏ္ဍာနှစ်တွင် အင်ဂျင်ရောင်းချမှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၅၆၀ အထိ ရရှိရန် မျှော်မှန်းထားကြောင်းနှင့် ၂၀၃၂ခုနှစ်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
တိုယိုတာကုမ္ပဏီသည် ၎င်းတို့၏ မျိုးဆက်သစ်အင်ဂျင်များနေရာတွင် 1.5L Turbo အင်ဂျင်နှင့် 1.5L Naturally Aspirated အင်ဂျင်တို့ အဓိက ပါဝင်လာမည် ဖြစ်သည်။ အဆိုပါ အင်ဂျင်များသည် လက်ရှိ အသုံးပြုနေသည့် အင်ဂျင်များထက် ပိုမိုအစွမ်းထက်မည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အင်ဂျင်သစ်များဖြစ်သည့် 1.5L Turbo အင်ဂျင်နှင့် 1.5L Naturally Aspirated အင်ဂျင်တို့သည်အရွယ်အစား ပိုကျစ်လျစ်ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး ဆီစားနှုန်းသက်သာအောင် ဖန်တီးထားသည်ဟု ဆိုသည်။
ထို့ပြင်ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်သည့် လောင်စာဆီများဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် တိုယိုတာ၏ အဆိုပါ မျိုးဆက်သစ်အင်ဂျင်များကို Euro 7 ဓာတ်ငွေ့ထုတ်လွှတ်မှုစံနှုန်းများနှင့်ကိုက်ညီ မည့် ကားမော်ဒယ်များတွင်လည်းအသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
သတင်း-စိန်သံ
Source; Automotive News
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
အေအိုင်နည်းပညာဖြင့် ဖန်တီးထားသည့် ဗိုင်းရပ်စ်ကို လူသားများတွင်ပထမဆုံး စမ်းသပ်ထိုးနှံ
လူ့ဉာဏ်ရည်တု (AI) နည်းပညာဖြင့် ဖန်တီးထားသည့် ဗိုင်းရပ်စ်ကို လူသားများတွင် ပထမဆုံးအကြိမ်စမ်းသပ်ထိုးနှံခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် Independent သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Radical Numerics ကုမ္ပဏီသည် AI နည်းပညာဖြင့် ဖန်တီးထားသည့် ဗိုင်းရပ်စ်ကို လူနာတစ်ဦးကို ပထမဆုံးအကြိမ် စမ်းသပ်ကာ ထိုးနှံကုသ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိုင်းရပ်စ်ကို Omnii-1 ဟု အမည်ပေးထားခြင်းဖြစ်သည်။ Omnii-1 ဖြင့် ကုသခြင်းသည်ပဋိဇီ၀ ဆေးယဉ်ပါးနေသည့် ရောဂါပိုးဝင်ခြင်းကို ကုသရာတွင် အရေးပေါ်အခြေအနေ တစ်ရပ်အနေဖြင့်အသုံးပြုခြင်းဖြစ်သည်။
၂၀၅၀ ပြည့်နှစ်တွင် ပဋိဇီ၀ဆေးယဉ်ပါး ဗက်တီးရီးယားများကြောင့် ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၄၀ နီးပါး သေဆုံးနိုင်ကြောင်းခန့်မှန်းထားကြသည်။လူသားများတွင် ရောဂါတစ်ခုဖြစ်လာပါက ယင်းရောဂါပိုးနှင့်ကိုက်ညီသည့် ဗိုင်းရပ်စ်ကို ရှာဖွေရန်မှာ အချိန်များစွာယူခဲ့ရသည်။
သို့သော် ယခုအချိန်တွင် Radical Numerics ကုမ္ပဏီ၏ AIနည်းပညာက လူနာ၏ လိုအပ်ချက်နှင့် ကိုက်ညီ သည့် ဗိုင်းရပ်စ်များကိုအချိန်တိုအတွင်းမှာပင် အလွယ်တကူဖန်တီးပေးနိုင်မည်ဖြစ်သည်။
Radical Numerics ကုမ္ပဏီ ၏ AI နည်းပညာဖြင့် ဖန်တီးထားသည့်ဗိုင်းရပ်စ်များသည် အူလမ်းကြောင်းတစ်လျှောက်ရှိ လူ့အကျိုးပြု ဗက်တီးရီးယားများကို တစ်စုံတစ်ရာ ထိခိုက်မှုရှိစေမည်မဟုတ်ဘဲ လူကိုဒုက္ခ ပေးနေသည့် ရောဂါပိုးများကိုသာ တိတိကျကျ ရွေးချယ် တိုက်ခိုက်ချေမှုန်းပစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း-စိန်သံ
Source; Independent
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
အာနက်ဘ်မုန်တိုင်း အိန္ဒိယအရှေ့ပိုင်း ဝင်ရောက်၊ လူ ၁ ၀၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း
ဘင်္ဂလားပင်လယ်အော်ဒေသ၌ ဖြစ်ပေါ်ခဲ့သည့် အာနက်ဘ်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက်တွင်အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူနေအိမ်များနှင့် လယ်ယာစိုက်ခင်းများ ပျက်စီး၍အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း အာနက်ဘ်ကို အင်အားအလွန့်အလွန် ပြင်းထန်သောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အိန္ဒိယ မိုးလေ၀သဌာနက သတ်မှတ်ထားသည်။အာနက်ဘ်ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် အင်ဒရာပရာဒေ့ရှ် ပြည်နယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းဗဟိုချက်မှာကုန်းတွင်းပိုင်းဆီသို့ ရွေ့လျားနေကြောင်း အိန္ဒိယမိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားသည်။
အာနက်ဘ်ဆိုင်ကလုန်းကြောင့် လေပြင်းများတိုက်ခတ်ခဲ့ပြီး မိုးအကြီးအကျယ်ရွာသွန်းလျက်ရှိရာ အင်ဒရာ ပရာဒေ့ရှ်ပြည်နယ်၌ အနည်းဆုံးလူနေအိမ်၁၈၀ ပျက်စီး၍ သစ်ပင် ၂၂၀ ပြိုလဲခဲ့ရပြီး ဒေသအများအပြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများရှိနေကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားထားသည်။
အင်ဒရာပရာဒေ့ရှ်ပြည်နယ်၏ အိမ်နီးချင်းပြည်နယ်တစ်ခုဖြစ်သောဩဒိဿပြည်နယ်သည်လည်း ဆိုင်ကလုန်း အာနက်ဘ်၏ဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။
အိန္ဒိယအာဏာပိုင်များသည် အာနက်ဘ်ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းမဝင်မီ အင်ဒရာပရာဒေ့ရှ်ပြည် နယ်နှင့် ဩဒိဿပြည်နယ်များရှိ ဒေသခံပြည်သူ၁၈၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး အရှေ့ဘက် ကမ်းရိုးတန်းဒေသ ရထားခရီးစဉ်နှင့် လေကြောင်းခရီးစဉ်များကိုလည်း ဖျက်သိမ်းထားရသည်။
တစ်နာရီ လေတိုက်နှုန်း ၇၇ ဒသမ ၇ မိုင်မှ ၈၃ ဒသမ ၉ မိုင်အထိ ရှိနိုင်သော ဆိုင်ကလုန်းမုန်တိုင်း အာနက်ဘ် ကြောင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသ၌အမြင့်တစ်မီတာမှ ၁ ဒသမ ၅ မီတာရှိ လှိုင်းများပေါ်ထွက်လာနိုင်ပြီး အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြေနိမ့်ပိုင်းဒေသများ၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယမိုးလေ၀သဌာနက သတိပေးထားသည်။
ဆိုင်ကလုန်းမုန်တိုင်း အာနက်ဘ်သည် ကုန်းတွင်းပိုင်းသို့ ရွေ့လျားနေစဉ်အင်အားလျော့ပါးသွားနိုင်ကြောင်း မိုးလေ၀သပညာရှင်များက ခန့်မှန်းထားသည်။
၁၉၉၉ ခုနှစ် အောက်တိုဘာလက စူပါဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဝင်ရောက်တိုက်ခတ်မှုကြောင့် ဩဒိဿ ပြည်နယ်၌ လူပေါင်း ၁၀၀၀၀ နီးပါးသေဆုံးခဲ့ရာ အိန္ဒိယ နိုင်ငံ၏ လူအသေအပျောက်အများ ဆုံး သဘာ၀ ကပ်ဘေးများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ရသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
