The Standard Time Digital
رفتن به کانال در Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
273
مشترکین
-124 ساعت
+47 روز
+2530 روز
آرشیو پست ها
◾️ပို့ကုန်ရငွေ ပြန်လည်သွင်းပြီးသဖြင့် ဦးတေဇ၏ ထူး ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၇ ခုကို Black lists စာရင်းပယ်ဖျက်ဟုဆို
ပို့ကုန်ရငွေများ မသွင်းသဖြင့် Black lists စာရင်းသွင်းခံထားရသည့် ဦးတေဇ၏ ထူး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၇ ခု တို့ ပို့ကုန်ရငွေ ပေးသွင်းပြီးသောကြောင့် Black lists စာရင်းများမှ ပယ်ဖျက်လိုက်ကြောင်း ဗဟိုဘဏ် က ယမန်နေ့(ဧပြီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။
၂ဝ၂ဝ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ ၈၃ ခု၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ (၁၉၇) ခုအားလည်းကောင်း၊၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ (၂၈၇) အား လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၉ ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးသောကြောင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများအပြင် ဦးတေဇ၏ ထူး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၇ ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးသောကြောင့် ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။
အဆိုပါကုမ္ပဏီ ၁၇ ခုတွင် ဦးတေဇ က ဒါရိုက်တာအဖွဲ့ဝင် အဖြစ်ပါဝင်သည့် Htoo Trading Co.,Ltd အပြင် Yang Brothers National Co.,Ltd ၊ Multi World Trade Co.,Ltd ၊ Myanmar Yulin Co.,Ltd ၊ N.Y.K Global Diamond Crown Co.,Ltd ၊ BAAB’s Myanmar Co.,Ltd ၊ Mogok Hair Co.,Ltd ၊ Biopro(Myanmar) Co.,Ltd ၊ Lucky Marine Products Co.,Ltd ၊ Min Gamani Co.,Ltd ၊ San Dara Aung Co.,Ltd ၊ RRR Non Woven Manufacture Co.,Ltd ၊ MMSM(Myawaddy) Co.,Ltd ၊ Zwe Tharaphu Co.,Ltd ၊ Hao Yuan Co.,Ltd ၊ Rax Myanmar Co.,Ltd တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့သွားရောက်သည့် ကားနှစ်စီးကိုစစ်ဆေးရာမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆ ဦးကိုဖမ်းမိခဲ့ကြောင်း အဝေးပြေး ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အယုဒ္ဓယခရိုင် အာရှလမ်းမကြီး အဝင်လမ်းပေါ်ရှိကားနှစ်စီးအား သံသယရှိသောကြောင့် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီးပထမ ကားအတွင်းမှ အသက် (၃၄)နှစ် အရွယ် အမျိုးသားယာဉ်မောင်းတစ်ဦးနှင့်အတူ ခရီးသွား လာခွင့်အထောက်အထား စာရွက်စာတမ်းများ မရှိသည့် မြန်မာနိုင်ငံသား ခြောက်ဦး၊ အခြားအမျိုး သမီးငယ်တစ်ဦးကိုတွေ့ရှိခဲ့ ကြောင်း သိရသည်။
ဒုတိယ ကားအတွင်းမှ အသက်( ၃၂ ) နှစ်အရွယ် အမျိုးသားယာဉ်မောင်းတစ်ဦးနှင့်အတူ အထောက်
အထားမဲ့ မြန်မာလုပ်သား ၁၀ ဦး၊အခြားအမျိုးသားတစ်ဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် ကားနှစ်စီးမှယာဉ်မောင်း နှစ်ဦးအား တရားမဝင်ဝင်ရောက်လာသူများအား ကူညီမှု၊
မြန်မာလုပ်သားအားလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူနိုင်ရန် သက်ဆိုင်ရာ ရဲစခန်းသို့လွှဲပြောင်းထားကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ သေနတ်သမားသမ္မတဒေါ်နယ်ထရန့်နှင့် အစိုးရခေါင်းဆောင်များကို လုပ်ကြံရန်ရည်ရွယ်
အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲ၌ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူ အမျိုးသားမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များကိုလုပ်ကြံရန် ကြံစည်ထားကြောင်စုံစမ်းစစ်ဆေးရေးမှူးများက ဧပြီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ဧပြီ ၂၅ ရက်က ဝါရှင်တန်မြို့တော် ဝါရှင်တန်ဟီလ်တန်ဟိုတယ်၌အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲကိုကျင်းပခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်သမ္မတကတော်အပါအဝင် အမေရိကန်အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြသည်။
သို့ရာတွင် ညစာစားပွဲကျင်းပနေချိန်၌ ဝါရှင်တန်ဟီလ်တန်ဟိုတယ်လုံခြုံရေးဂိတ်၌ ကိုးလ်အယ်လ်လန် အမည်ရှိ အမျိုးသားတစ်ဦးက သမ္မတလုံခြုံရေးအဖွဲ့ဝင်များကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သမ္မတ ဒေါ်နယ်ထရန့်နှင့် ထိပ်တန်းခေါင်းဆောင်များအား သမ္မတလုံခြုံရေးအဖွဲ့ဝင်များက ဘေးလွှတ်ရာသို့
အရေးပေါ်ရွှေ့ပြောင်းခေါ်ထုတ်ခဲ့ရသည်။
ယင်းဖြစ်စဉ်အတွင်း သေနတ် ပစ်ခတ်မှုကျူးလွန်ခဲ့သူ အသက် (၃၁) နှစ်အရွယ် ကိုးလ်သောမတ်စ် အယ်လ်လန်ကိုလည်း သမ္မတလုံခြုံရေးအဖွဲ့ဝင်များကလက်ရဖမ်းဆီးနိုင်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများမှ ရရှိသောအချက်အလက်များအရ အဆိုပါ အမျိုးသားသည် အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ သမ္မတဒေါ်နယ်ထရန့်နှင့် အစိုးရအဖွဲ့ထိပ်တန်း ခေါင်း ဆောင်များကို လုပ်ကြံရန် စီစဉ်ထားကြောင်း အမေရိကန်ယာယီရှေ့နေချုပ် တော့ဒ်ဘလန်ချီက မီဒီယာများသို့ထုတ်ဖော်ပြောကြားထားသည်။
အိမ်ဖြူတော်သတင်းထောက် များအသင်း ညစာစားပွဲသေနတ်ပစ် ခတ်မှုကြောင့် သမ္မတ ဒေါ်နယ် ထရန့်အတွက်ထားရှိသည့် လုံခြုံရေးအစီအမံများကိုအများက စောင့်ကြည့်လာကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလ ၂၀၂၄ ခုနှစ်တွင်လည်း လုပ်ကြံရန်ကြိုးပမ်းမှုနှစ်ကြိမ်နှင့် ရင်ဆိုင်ခဲ့ရပြီးတစ်ကြိမ်တွင်နားရွက်ဖျားကို သေနတ်ကျည်ဆန် ထိမှန်ခဲ့ဖူးသည်။
အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲကျင်းပခဲ့သောဝါရှင်တန်ဟီလ်တန်ဟိုတယ်ပြင်ပ၌ ၁၉၈၁ ခုနှစ်ကလည်း သေနတ်သမားတစ်ဦးက ထိုစဉ်ကာလအမေရိကန်သမ္မတ ရော်နယ် ရေဂင်ကို ပစ်ခတ်လုပ်ကြံခဲ့ရာ ရော်နယ်ရေဂင် ဒဏ်ရာရရှိခဲ့ဖူးသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းရှိ သတ္တုသန့်စင်စက်ရုံလုပ်ငန်းခွင်၌ထိခိုက်ခဲ့ သော မြန်မာအမျိုးသမီးတစ်ဦးနစ်နာကြေးရရှိရန် ကူညီဆောင်ရွက်နေ
ထိုင်းနိုင်ငံ ပါချင်ဘူလီခရိုင် စီမဟာဖို့မြို့နယ်ရှိ သတ္တုသန့်စင်စက်ရုံလုပ်ငန်းခွင်၌ ထိခိုက်ခဲ့သော မြန်မာ အမျိုးသမီးတစ်ဦးအတွက် နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်နေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။
စီမဟာဖို့မြို့နယ်တွင်ရှိသော သတ္တုသန့်စင်စက်ရုံတွင် အလုပ်လုပ်နေသောမြန်မာအလုပ်သမား (CI) စာအုပ်ကိုင်ဆောင်ထားသူမခင်ဇော်သင်းသည်ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာခြောက်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရ သည်။
၎င်းမှာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်က စက်ရုံအတွင်းအလုပ်လုပ်နေရင်း စက်ချိန်းကြိုးညပ်မိရာမှ ဘယ်ဘက်လက်ညှိုးနှစ်ဆစ် ထိခိုက်မိပြီး ဖြတ်ပစ်ခဲ့ရကြောင်း သိရသည်။
အဆိုပါအမျိုးသမီးမှာ ကျောက်ဖုရားဆေးရုံနှင့်ချာချင် ဆောင်မြို့နယ် ဘူတန်ဆေးရုံတို့တွင် ဆေးကုသမှုခံယူခဲ့ရပြီး ဆေးရုံဆင်းချိန်တွင် ဆေးကုသကုန်ကျစရိတ်များကို စက်ရုံကပေးခဲ့သော်လည်း အလုပ်နားနေချိန်တွင်မည်သည့်ထောက်ပံ့မှုမှ မပေးခဲ့ကြောင်း သိရသည်။
လုပ်ငန်းခွင်ထိခိုက်မှုအတွက် ပကန်စန်ခွန်ကိစ္စလုပ်ပေးရန် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် ၎င်း၏ထိခိုက်ဆုံးရှုံးမှုအတွက် ရသင့်ရထိုက်သည့် နစ်နာကြေးပြန်လည်ရရှိရန် ကူညီဆောင်ရွက်ပေးပါရန် အတွက်WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် ဧပြီ ၂ ရက်တွင် အမှုကို လက်ခံခဲ့ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြို့နယ်အချို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်၊ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်း၊သစ်ပင်များလဲကျခြင်းတို့ ဖြစ်ပေါ်
မြို့နယ်အချို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်း၊သစ်ပင်များ လဲကျခြင်းဖြစ်ပေါ်ခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဧပြီ ၂၆ ရက်က နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင် အမှတ်(၂၅၉/၃)အနီးတွင် ကုန်စုံဆိုင်ပေါ်သို့ သစ်ပင်လဲကျ မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လွန့်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ် မှုကြောင့် မြင်းဘက်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြ စ် ပွားနေကြောင်း သတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီး သတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁)ရပ် ကွက် သိမ်တော်ဦးဘုရားလမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ငူမြို့ နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်၍ လေပြင်းတိုက်ခတ်မှုကြောင့် နောင်ကိုင် တော် ရပ်ကွက်ရှိ နေအိမ်များအမိုးလန်ပျက်စီးခြင်း၊နတ်ကြီးကုန်းရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ဝင်းအတွင်း အဆောက်အအုံ၊အရှေ့ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးအရှေ့နှင့် မိုးကောင်း တံတားအဆင်းရှိ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်လဲကျမှုများ ဖြစ်ပွားကြောင်း ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် သတင်းရရှိသဖြင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းး-အာကာနွေ
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရေလက်ကြားကို ပြန်ဖွင့်ပေးပြီး နျူကလီးယားဆွေးနွေးမှုကို ဆိုင်းငံ့ထားရန် အီရန် အဆိုပြုထားဟုဆို
ဟောမုဇ်ရေလက်ကြားကိုပြန်ဖွင့်ပြီး စစ်ပွဲကိုအဆုံးသတ်ရန် သို့သော် နျူကလီးယားဆွေးနွေးပွဲများကို နောက်တစ်ဆင့်သို့ ရွှေ့ဆိုင်းထားရန် အဆိုပြုချက် အသစ်တစ်ရပ်ကို အီရန်က အမေရိကန်ကို တင်ပြခဲ့သည်ဟု ၎င်းကိစ္စသိရှိထားသူ အမေရိကန်အရာရှိတစ်ဦးနှင့် သတင်းရင်းမြစ်နှစ်ဦးက ပြောကြားသည်။
နှစ်နိုင်ငံကြား သံတမန်ရေး လိပ်ခဲတည်းလည်းဖြစ်နေပြီး ၎င်းတို့ဘက်က နျူကလီးယားအရေး လိုက်လျောမှု မည်မျှလုပ်ဆောင်မည်ကို အီရန်ခေါင်းဆောင်များ သဘောထားကွဲလွဲနေရာ အီရန်၏အဆိုပြုချက်သည် နှစ်ဖက်ကြား လျင်မြန်သော သဘောတူညီချက်ရရှိရန် ဖြတ်လမ်းတစ်ခုဖြစ်နိုင်သည်။
သို့ရာတွင် ရေလက်ကြားပိတ်ဆို့မှုကိုဖယ်ရှားပြီး စစ်ပွဲကိုအဆုံးသတ်လိုက်ခြင်းမှာ အီရန်၏ သန့်စင်ပြီးသား ယူရေနီယံများကို ဖယ်ရှားရန် နှင့် ယူရေနီယံသန့်စင်မှုကို အနည်းဆုံး ၁၀ နှစ်ဆိုင်းငံ့ထားရန် ထရန့်အလိုရှိနေသည့် အဓိကစစ်ပွဲရည်မှန်းချက်နှစ်ခုအတွက် အနာဂတ်ဆွေးနွေးမှုများတွင် ၎င်းရရှိထားသော အသာစီးရမှုကို ထရန့်က ဆုံးရှုံးသွားနိုင်ကြောင်း သတင်းက ဖော်ပြသည်။
သမ္မတ ထရန့်သည် ၎င်း၏ ထိပ်တန်းအမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒ အဖွဲ့နှင့် ယနေ့ အိမ်ဖြူတော်တွင် ခေါင်းချင်းဆိုင်ဆွေးနွေးကြမည်ဟု မျှော်လင့်ရကြောင်း အမေရိကန်အရာရှိကြီး သုံးဦးက ပြောသည်။
ထရန့်တို့အဖွဲ့သည် ဆွေးနွေးညှိနှိုင်းမှုများ ရှေ့မဆက်နို င်ဖြစ်နေခြင်းကိစ္စအပြင် ရှေ့ဆက်သွားမည့် ခြေလှမ်းများကို ဆွေးနွေးကြမည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ဒေါ်နယ်ထရန့်ကိုယ်တိုင်ကမူ အီရန်၏ရေနံတင်ပို့မှုများကို ရပ်တန့်သွားစေသည့် ရေတပ်ဖြင့် ပိတ်ဆို့မှုကို ဆက်လက်ထားရှိပြီး သီတင်းပတ်အနည်းငယ်တွင် အီရန်ဘက်က အလျှော့ပေးလာခြင်းကို စောင့်ဆိုင်းသွားမည့် သဘော ယမန်နေ့က ဖောက်စ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ထရန့်က ပြောကြားခဲ့သည်။
နျူကလီးယားကိစ္စအား လောလောဆယ် ချန်လှပ်ထားရေး အစီအစဉ်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက ယမန်နေ့က ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်သို့ ရောက်ရှိချိန်တွင် တင်ပြခဲ့ကြောင်း သိရှိထားသည့် သတင်းရင်းမြစ် နှစ်ဦးက ပြောသည်။
ထို့ပြင် အမေရိကန်၏တောင်းဆိုမှုများကို တုံ့ပြန်ရေးနှင့်ပတ်သက်၍ အီရန်ခေါင်းဆောင်ပိုင်းတွင် သဘောထားညီညွတ်မှု မရှိကြောင်းကို အာရက်ချီက ပါကစ္စတန်၊ အီဂျစ်၊ တူရကီ နှင့် ကာတာမှ ရင်ကြားစေ့ပေးနေသူများကို ရှင်းအောင် ပြောထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
သတင်း- ရဲမင်း
ကိုးကား-Axios
#နိုင်ငံတကာသတင်း
◾️စာရေးဆရာဦးတင်ညွန့်အပါအဝင် ထုတ်ဝေသူနှင့် စာအုပ်ရောင်းသူပါ ဖမ်းဆီးခံထားရ
စာရေးဆရာဦးတင်ညွန့်အပါအဝင် ၎င်း၏သားဖြစ်သူထုတ်ဝေသူနှင့် အွန်လိုင်းမှစာအုပ်ရောင်းချသူ အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း စာပေအသိုင်းအဝိုင်းမှသိရသည်။
ဆရာဦးတင်ညွန့်နှင့် သားဖြစ်သူတို့ကို သန်လျင်မြို့နယ်ရှိနေအိမ်၌ပင် ယခုလဧပြီ ၂၃ ရက်က လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။
ဖမ်းဆီးခံရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ၂၀၂၀ မတိုင်မီကာလများ အတွင်း ဆရာဦးတင်ညွန့်ရေးသားကာ ၎င်း၏သားဖြစ်သူဦးစီးသည့် မောက္ခစာပေတိုက်မှထုတ်ဝေခဲ့ သည့် စာအုပ်များကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ယင်းစာအုပ်များမှာ ၂၀၁၉ ခုနှစ်ကပထမအကြိမ်ထုတ်ဝေသည့် “ခွေးထိန်းငတာ” ၊ ၂၀၁၄ ခုနှစ်က ပထမအကြိမ်ထုတ်ဝေသည့် “ဗိုလ်ချုပ်တွေကိုကျွန်တော်ညာခဲ့သည်” ၊ ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသည့် “ဦးသန်းရွှေ၏ယတြာများ” စသည့် စာအုပ်သုံးအုပ်ကို အွန်လိုင်းစာအုပ်အရောင်းဆိုင် တစ်ခုက ကြော်ငြာရောင်းချခဲ့ပြီးနောက် ရက်ပိုင်းအတွင်းဖမ်းဆီးခံရမှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
Yie’s bookshop အမည်ရှိ Tik Tok စာမျက်နှာတွင် အထက်ပါစာအုပ်သုံးအုပ်ကို မှာယူသူများသဖြင့် မူရင်း စာအုပ်တိုက်ရှိလက်ကျန်စာအုပ်များကို သွားရောက်ဝယ်ယူကာ ပြန်လည်ရောင်းချပေးမည် ဖြစ်ကြောင်း ယခုလဧပြီ ၂၃ ရက်တွင် ရုပ်သံဗီဒီယိုဖြင့်ကြော်ငြာရောင်းချခဲ့သည်။
လက်ရှိတွင် အထက်ပါဖမ်းဆီးခံထားရသူများအနက် ဆရာဦးတင်ညွန့်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားကြောင်း စာပေအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများကမူ အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
ဆရာဦးတင်ညွန့်သည် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး သတင်းမီဒီယာနယ်ပယ်တွင် အယ်ဒီတာ တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကာ ဘာသာပြန်၊ လုံးချင်းဝတ္ထုနှင့် ဝတ္ထုတိုများစွာရေးသားခဲ့ပြီး အမျိုးသား စာပေဆုအပါအဝင် စာပေဆုများကိုလည်း ရရှိထားသူဖြစ်သည်။
ထို့ပြင် လူမှုကွန်ရက်တွင်လည်း နေ့စဉ်စာပေများရေးသားဖော်ပြလေ့ရှိပြီး Tin Nyunt အမည်ဖြင့်ဖွင့် လှစ်ထားသည့် လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၂ ရက်နောက်ပိုင်းမည်သည့်အကြောင်းအရာမျှ ဖော်ပြထားခြင်း မရှိတော့ပေ။
ဆရာဦးတင်ညွန့်သည် ဒေသအသီးသီးရှိ အကူအညီလိုအပ်နေသည့် အငြိမ်းစားကျောင်းဆရာ၊ ဆရာမ ကြီးများကိုထောက်ပံ့ကူညီရန် save our forgotten teachers (S.O.F.T) ပရဟိတဖောင်ဒေးရှင်းအား ဦးဆောင်နေသူလည်းဖြစ်သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ- Tin Nyunt/FB
#ပြည်တွင်းသတင်း
◾️ဆည်ပေါက်ချောင်းရေလျှံ၊ ကားတစ်စီးမျောပါ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာရှိ ဆည်ပေါက်ချောင်းရေလျှံကာ ကားတစ်စီးရေစီးနှင့်အတူမျောပါပြီး ယာဉ်ပေါ်ပါခရီးသည် ၁၉ ဦးလည်း မျောပါခဲ့သော်လည်း အားလုံးအားကယ်ဆယ်နိုင်ခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ထံမှသိရသည်။
ယမန်နေ့(ဧပြီ ၂၆ ရက်) ညနေ ၅ နာရီ ၂၅ မိနစ်က ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူကျေးရွာအုပ်စု ထန်းပေါက်ကုန်းကျေးရွာနေ ဦးမြင့်နိုင်မောင်းနှင်လာသော Dayun အမျိုးအစားမော်တော်ယာဉ်သည် ကျောက်ပန်းတောင်းမြို့မှဈေးဝယ်ပြီး အဆိုပါချောင်းအားဖြတ်ကူးစဉ် ကားမှာရေစီးအတိုင်း ချောင်းအောက်ဘက်သို့ ဦးခေါင်းထိုးကျကာ ယာဉ်ပေါ်ပါခရီးသည်များ ပိတ်မိနေခဲ့ကြောင်းသိရသည်။
"ဖုန်းသတင်းပေးအကူအညီတောင်းခံလာတာကြောင့် ပူပေါင်းအဖွဲတွေနဲ့သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။ မော်တော်ယာဉ်ပေါ်ပါ အမျိုးသားငါးဦး၊ အမျိုးသမီး ၁၁ ဦး၊ ကလေးသုံးဦး၊ စုစုပေါင်း ၁၉ ဦးတို့ကို ညနေ ၆ နာရီ ၃၄ မိနစ်မှာ ဘေးလွတ်ရာကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်" ဟု ကျောက်ပန်းတောင်းမြို့နယ်မီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကယ်ဆယ်ရေးလုပ်ငန်းများကို ကျောက်ပန်းတောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီးရေးအသင်းများဒေသခံများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ကျောက်ပန်းတောင်းမြို့နယ်မီးသတ်
#ပြည်တွင်းသတင်း
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
