The Standard Time Digital
رفتن به کانال در Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
273
مشترکین
-124 ساعت
+47 روز
+2530 روز
آرشیو پست ها
◾️ဟော်မုဇ်ရေလက်ကြား၌ ရေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း စတင်နေဟုဆို
ဟော်မုဇ်ရေလက်ကြားဒေသ၌ အီရန်စစ်ဘက်က ချထားသော ရေမြုပ်မိုင်းများကို အမေရိကန်ရေတပ်ကရှင်းလင်းနေပြီဖြစ်ကြောင်း ဧပြီ ၂၅ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ဟော်မုဇ်ရေလက်ကြားအတွင်းအမေရိကန်ရေတပ်က ရေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း စတင်နေမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားအတည်ပြုထားသည်။
ဟော်မုဇ်ရေလက်ကြားသည်ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဖြတ်သန်းနေသော ရေလမ်းကြောင်းဖြစ်ရာ ယင်းရေလမ်းကြောင်း ပိတ်ဆို့ခံထားရမှုကြောင့် နိုင်ငံတကာစွမ်းအင်ဖြည့်ဆည်းမှုလမ်းကြောင်းများ ပြတ်တောက်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က ယခုနှစ် ဖေဖော်ဝါရီ၂၈ ရက်တွင် စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ရေမြုပ်မိုင်းများချခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် စတင်ပိတ်ဆို့ခဲ့သည်။
ကျွမ်းကျင်သူများ၏ အဆိုအရစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းအီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားအတွင်း ရေမြုပ်မိုင်း အလုံး ၂၀ နှင့်အထက် ဖြန့်ကြက်ပိတ်ဆို့ထားနိုင်ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားအတွင်းအီရန်ကချထားသည့် ရေမြုပ်မိုင်းများကို အပြည့်အဝရှင်းလင်းရေး
အတွက် အချိန်ကာလအားဖြင့်ခြောက်လအထိ ယူရနိုင်ကြောင်းအမေရိကန် ကာကွယ်ရေးဝန်ကြီး
ဌာနက ခန့်မှန်းထားသည်။
ဟော်မုဇ်ရေလက်ကြား၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်ရေးအတွက်
မိုင်းရှင်းသင်္ဘောများ စေလွှတ်ရန်ဥရောပနိုင်ငံအချို့ကလည်း စဉ်းစားလျက်ရှိသည်။
ဟော်မုဇ်ရေလက်ကြားအတွင်းရေမြုပ်မိုင်းချရန် ကြိုးပမ်းလာသည့်အီရန်သင်္ဘောမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးရန် သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရေတပ်ကို ညွှန်ကြားထားပြီးဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဆီးကျိတ်ကင်ဆာအတွက် ဓာတုကုထုံးခံယူထား
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် စတင်ဖြစ်ပွားခါစ ဆီးကျိတ်ကင်ဆာရောဂါအတွက် ဆေးကုသမှုတစ်ရပ်အောင်မြင်စွာခံယူထားကြောင်း ဧပြီ ၂၅ ရက် သတင်းများတွင် ရေးသားတင် ပြထားသည်။
ဆီးကျိတ်ကင်ဆာရောဂါအတွက် ဆေးဝါးကုသမှုခံယူထားကြောင်းကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လူမှုမီဒီယာစာမျက်နှာပေါ်၌ ဧပြီ ၂၄ ရက်တွင် အတည်ပြုကြေညာထားပြီးကုသမှုခံယူခဲ့သည့် အချိန်ကာလအပါအဝင် အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတစ်ရပ်ပြုလုပ်စဉ် ဖော်ထုတ်တွေ့ရှိခဲ့သော စတင်ဖြစ်ပွားခါစ ဆီးကျိတ် ကင်ဆာရောဂါအတွက် ကုထုံးတစ်ရပ်အောင်မြင်စွာခံယူထားပြီး လက်ရှိအချိန်တွင် ကင်ဆာဆဲလ်များ ကင်းစင်နေကြောင်း နေတန်ယာဟုက လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
အစ္စရေးမီဒီယာများ၏ အဆိုအရ နေတန်ယာဟုအနေဖြင့်ဆီးကျိတ်ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံးခံယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်နေ
ကြောင်း သိရသည်။
အီရန်နိုင်ငံနှင့် စစ်မက်ဖြစ်ပွားနေစဉ်ကာလ ယခုနှစ်မတ်လအတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ကောလာဟလသတင်းအမျိုးမျိုး ပေါ်ထွက်ခဲ့ပြီး အီရန်အစိုးရ မီဒီယာများက ဆိုလျှင် အစ္စရေးခေါင်းဆောင်နေတန်ယာဟုသေဆုံးခဲ့ပြီဖြစ်ကြောင်း သတင်းများပင် ထုတ်ပြန်ခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပထမဆုံးအကြိမ် ကျင်းပမည့် အရှေ့တောင်အာရှ ESports ပြိုင်ပွဲတွင် မြန်မာပါဝင် ယှဉ်ပြိုင်မည်
ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် SEA ESports Nations Cup (SNC)2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရွန်နစ်အားကစားအဖွဲ့ချုပ်မှ သိရသည်။
အရှေ့တောင်အာရှ နျစသမအျ ပြိုင်ပွဲသည် Vietnam Gameverse 2026ပြိုင်ပွဲကြီး၏ ပြိုင်ပွဲတစ်ခုအဖြစ် မေ ၈ ရက်မှ ၉ ရက်အထိဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် PUBG Mobile, Team Fight Tactics(Women) နှင့် Total Football ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှ ESports ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်နိုင်ရန်အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရွန်နစ်အားကစားအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- MESF
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ပါကစ္စတန်သို့ အထူးသံတမန်များ စေလွှတ်မည့် အစီအစဉ် သမ္မတဒေါ်နယ်ထရန့် ဖျက်သိမ်း
အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရေးအတွက် ပါကစ္စတန်နိုင်ငံသို့ ၎င်း၏အထူးသံတမန်များ စေလွှတ်မည့်အစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၂၅ ရက်တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အမေရိကန်အထူးသံတမန်များအား ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ် မြို့တော်သို့ စေလွှတ်မည့် အစီအစဉ်ကိုဖျက်သိမ်းခဲ့သော်လည်း အီရန်စစ်ပွဲအား ချက်ချင်းလက်ငင်း ပြန်လည်စတင်မည်မဟုတ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပတ်သက်သည့် အီရန်အစိုးရ၏ ရပ်တည်ချက်များကို မနှစ်မြို့မှုကြောင့် ပါကစ္စတန်သို့ အထူးသံတမန်များစေလွှတ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်ရေးအတွက် သမ္မတဒေါ်နယ်ထရန့်၏ အထူးသံတမန်များဖြစ်သည့် စတိဗ်ဝစ်ကော့ဖ်နှင့် ဂျရက်ကတ်ရှ်နာတို့အနေဖြင့် ဧပြီ ၂၅ ရက်တွင် ပါကစ္စတန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။
ဆွေးနွေးပွဲအစီအစဉ် ပျက်ပြားခဲ့ပြီးနောက်ပါကစ္စတန်နိုင်ငံသို့ ဧပြီ ၂၄ ရက်ကပင် ရောက်ရှိနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီမှာလည်း ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အိုမန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
ကိုးကး-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဓနုဖြူမြို့မဈေး ဆိုင်ခန်း ၂၀၀ ကျော် မီးလောင်
ရာ၀တီတိုင်း ဒေသကြီးဓနုဖြူမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိဓနုဖြူမြို့မဈေးတွင် ဆိုင်ခန်းပေါင်း၂၀၀ကျော် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ ရက် နံနက် ၆ နာရီ ၂၅မိနစ်ခန့်က ဓနုဖြူမြို့နယ် အမှတ် (၅)ရပ်ကွက်ရှိ မြို့မဈေးကြီး မီးလောင်မှုဖြစ်စဉ်၌ ဈေးရုံ (၁၃)ရုံ၊ ဆိုင်ခန်းပေါင်း ၂၇၁ ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ ဓနုဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနောင်နောင် ဦးစီးသော သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၇၈ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ တို့သည် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ
မီးငြှိမ်းသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ်နှစ်စီး၊ ဇလွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ကျုံရှနယ်မြေမီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်တစ်စီး၊အကျော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကျုံတနီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ပန်းတနော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၁၃ စီးဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅မိနစ်တွင် မီးထိန်းနိုင်ပြီး နံနက် ၇ နာရီ မိနစ် ၅၀တွင် မီးငြိမ်းသွားကြောင်း သိရသည်။
လူမှုရေးအသင်း အဖွဲ့များအနေဖြင့်လည်း ဓနုဖြူနယ်ခံ အဖွဲ့များအပြင် ဇလွန်၊ ကျိုက်လတ်၊
ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းတို့လည်းလာရောက် ကူညီခဲ့ကြောင်း သိရသည်။
မီးလောင်မှုအကြောင်းအရင်းမှာ စိစစ်ဆဲဖြစ်ပြီးမီးလောင်မှုကြောင့် ဈေးခေါင်းရုံး တစ်ရုံးအပါအဝင် ဈေးရုံပေါင်း၁၉ရုံ၊ ဈေးဆိုင်ခန်း ၄၁၀ ရှိသည့်အနက် ဈေးရုံ ၁၃ရုံရှိ ဆ dkင်ခန်းပေါင်း ၂၇၁ ခန်း မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓနုဖြူမြို့မဈေးမှာ သက်တမ်းရင့်ဈေးဖြစ်ပြီးဈေးပိတ်သည့်နေ့ နံနက်အစောပိုင်းတွင် မီးလောင် ခဲ့ခြင်းဖြစ်ပြီး ပင်မဈေးရုံကြီးကို မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းမြို့ခံများထံမှ သိရသည်။
သတင်း-နိူင်ဝင်းစိုး
ဓာတ်ပုံ- MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးမည်ဟုဆိုသော်လည်း ယခင်ထက် ပိုမိုပြတ်တောက်နေဟုဆို
ရန်ကုန်တိုင်း၊မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးမည်ဟုဆိုထားသော်လည်း ယခင်ထက် လျှပ်စစ်မီးပိုမိုပြတ်တောက်လျက်ရှိကြောင်း ပြည်သူများကပြောဆိုကြ သည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်၊ညနေ ၃ နာရီမှစတင်ကာ ရန်ကုန်တိုင်းအတွင်း ၁၆ နာရီ မှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီ မှ နာရီ ၂၀ အထိ၊မန္တလေးတိုင်းအတွင်း ၁၄ နာရီ မှ ၁၆ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၆ နာရီ မှ ၁၈ နာရီအထိ တိုးမြှင့်ပေးမည်ဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်မူ ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၄ နာရီအထိ လျှပ်စစ် ဓာတ်အားတိုးမြှင့်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း ယခင်ပုံမှန်ရရှိနေသည့်အချိန်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်နေပြီး ဓာတ်အားရရှိချိန်တွင်လည်း မီးအားများကျဆင်းနေကြောင်း၊ ထို့ပြင် လျှပ်စစ်မီးရရှိမည့်အချိန်အား အတိအကျခန့်မှန်းမရသဖြင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း ဒေသခံများကဆိုသည်။
“အရင်ကမှ မီးကဘယ်ချိန်လာမယ်၊ ဘယ်ချိန်မီးပျက်မယ်ခန့်မှန်းလို့ရတော့ အလုပ်လုပ်ရ အဆင်ပြေသေး။ အခုတိုးပေးမယ်ကြေညာပြီးတည်းက မီးကပျက်ချင်သလို ပျက်နေတော့တာ။ မီးအားကလည်း ခဏခဏကျတော့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးမှာတောင်စိုးတယ်။ အခုကသူတို့ တိုးပေးတာက ရတဲ့ မြို့နယ်ကရတယ်။ လမ်းတစ်လမ်းတည်းတောင် မီးလာတဲ့ဘက်ခြမ်းချင်းမတူဘူး။ အချိန်အတိအကျနဲ့ ဘယ်မြို့နယ်တွေ ဘယ်ချိန်ပေးမယ်ဆိုတာသိရရင်တော့ ပိုကောင်းမှာပေါ့”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ နေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသည့် သဘာဝဓာတ်ငွေ့ဖြင့် အဆိုပါ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️နိုင်ငံတကာကွန်ဗင်းရှင်းများကို ပစ်ပယ်၍ အမေရိကန်က ကိုယ်ကျိုးစီးပွားနောက်လိုက်နေဟု ရုရှားပြော
နိုင်ငံတကာက အသိအမှတ်ပြုထားသော သံတမန်ရေးကွန်ဗင်းရှင်းများကို ပစ်ပယ်၍ အမေရိကန်နိုင်ငံက ကိုယ်ကျိုးစီးပွားများနောက်လိုက်နေကြောင်း နှင့် အထူးသဖြင့် စွမ်းအင်ဈေးကွက်ကိုစိုးမိုးရန် ထိုသို့ လုပ်ဆောင်နေသည်ဟု ယမန်နေ့က ထုတ်လွှင့်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ပြောကြားသည်။
လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းအရေး ကိုင် တွယ်မှုများတွင် ဝါရှင်တန်သည် နိုင်ငံတကာဥပဒေ၌ ဘာမှမရှိသေးချိန်ကာလတစ်ခုသို့ ၎င်းတို့အား နောက်ပြန်ဆွဲခေါ်သွားကြောင်း ရုရှားအစိုးရရုပ်သံ နှင့် အင်တာဗျူးတွင် လက်ဗ်ရော့က ပြောသည်။
“သူတို့ကို ဘယ်သူကမှ အမိန့်ပေးလို့မရဘူးဆိုတာကို အမေရိကန်နိုင်ငံက တရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ စိတ်ဝင်စားပြီး အဲဒီအတွက်လည်း သူတို့လိုချင်တဲ့ သယံဇာတတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို လက်နက်နဲ့အာဏာသိမ်းတာ၊ ပြန်ပေးဆွဲတာ၊ လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ပြီး ကာကွယ်ဖို့လည်း အသင့်ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် တင်ထားသော အင်တာဗျူးတွင် လက်ဗ်ရော့က ပြောကြားသည်။
“ဗင်နီဇွဲလား၊ အီရန် နဲ့ ကျွန်တော်တို့ရဲ့ အမေရိကန်လုပ် ဖော်ကိုင်ဖက်တွေက ဒါဟာ ရေနံနဲ့ ပတ်သက်တယ်ဆိုတာကို ဖုံးကွယ်မထားကြပါဘူး။ သူတို့မှာ ကမ္ဘာ့စွမ်းအင် ဈေးကွက်ကိုလွှမ်းမိုးရေး ခိုင်မာတဲ့မူဝါဒ ရှိနေပါတယ်” ဟု ဇန်နဝါရီလတွင် ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရခြင်း အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမီနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း တို့ကို ရည်ညွှန်း၍ လက်ဗ်ရော့က ပြောသည်။
ရုရှားဓာတ်ငွေ့များကို ဂျာမနီသို့ ပို့ဆောင်ပေးနေသည့် ယခုအခါ ပျက်စီးနေသော Nord Stream ပိုက်လိုင်းကို စွန့်ပစ်ရန် ဥရောပကို တိုက်တွန်း၍လည်း အမေရိကန်က ဥရောပကို ဖြတ်တောက်ပစ်လိုက်သည်ဟုလည်း လက်ဗ်ရော့က ပြောသည်။
“ဒါဟာနိုင်ငံတကာ ဆက်ဆံရေးနည်းလမ်းတစ်ခု မဟုတ်ပါဘူး။ ကိုလိုနီခေတ်ကို ပြန်သွားဖို့ ကြိုးစားမှုတစ်ခုပါ” ဟု လက်ဗ်ရော့က ပြောကြားပြီး ဥရောပ၏မူဝါဒသည် မောက်မာမှုနှင့်အခြားလူများအပေါ် မကျေနပ်မှုများအပေါ် အခြေခံထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◾️အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ပြည်သူ သန်း ၃၀ ကျော် ဆင်းရဲတွင်း ပြန်နစ်နိုင်
အီရန်စစ်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာ့ပြည်သူ သန်း ၃၀ ကျော်တို့မှာ ဆင်းရဲတွင်း ပြန်နစ်ကြရလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(ယူအင်န်ဒီပီ)အကြီးအကဲ အလက်ဇန်းဒါး ဒီကရိုးက ဧပြီ ၂၃ ရက်တွင် သတိပေးလိုက်သည်။
အီရန်စစ်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် လောင်စာဆီဖြည့်ဆည်း မှု ကွင်းဆက်များ ပြတ်တောက်မှုနှင့် စိုက်ပျိုးရာသီအတွက် လယ်သမားများပြင်ဆင် နေချိန်တွင် ဓာတ်မြေဩဇာဖြည့်ဆည်းမှုကွင်းဆက်များ ပြတ်တောက်မှုတို့ကြောင့် ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာ ဆင်းရဲတွင်း ပြန်နစ်သွားနိုင်ကြောင်း ယူအင်န် ဒီပီအကြီးအကဲက မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ ဓာတ်မြေဩဇာ သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများ ပြတ်တောက်မှုကြောင့် ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်း သီးနှံ အထွက်နှုန်းများ ထိခိုက်သွားနိုင်ကြောင်း ယူအင်န်ဒီပီအကြီးအကဲ ဘယ်ဂျီယံ ဝန်ကြီးချုပ်ဟောင်း ဒီကရိုးက သတိပေးထားသည်။
အီရန်စစ်ပွဲ နေ့ချင်းညချင်း ပြီးဆုံးခဲ့လျှင်ပင် စစ်ပွဲ၏ အကျိုးဆက်များ ကြောင့် ကမ္ဘာ့ပြည်သူ သန်း ၃၀ ကျော်တို့မှာ ဆင်းရဲတွင်း ပြန်နစ်ကြလိမ့်မည်ဖြစ် ကြောင်း ယူအင်န်ဒီပီအကြီးအကဲက သုံးသပ်ထားသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေဩဇာလိုအပ်ချက်၏ အတော်များများကို အရှေ့အလယ်ပိုင်းနိုင်ငံများက ထုတ်လုပ်နေခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဓာတ်မြေဩဇာထုတ်လုပ်မှု သုံးပုံတစ်ပုံခန့်မှာ အီရန်စစ်ပွဲကြောင့် လက်ရှိတွင် ရေလမ်းကြောင်းများ ပိတ်နေသော ဟော်မုဇ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းနေ ရခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️စစ်ဘေးရှောင်အိမ်ထောင်စု ၂၅၀၀ ကျော်အား စတုတ္ထအကြိမ်လှူဒါန်းမည်
မန္တလေးနှင့်ပြင်ဦးလွင်တို့တွင် ရောက်ရှိနေသည့် ဗန်းမော်မှစစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀၀ ကျော်အား စတုတ္ထအကြိမ် လှူဒါန်းမည်ဖြစ်ကြောင်း ဇောတိကလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောသည်။
ထိုသို့ လှူဒါန်းမှုကို ဇောတိကလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ အလှူရှင်များနှင့် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း (UNFPA)တို့နှင့်အတူ မေ ၅ ရက်မှ ၉ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးနှင့်ပြင်ဦးလွင်တို့တွင် ရောက်ရှိနေသော ဗန်းမော်မှ စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀၀ ကျော်ကို စုရပ်ငါးနေရာခွဲ၍ လှူဒါန်းမည်ဖြစ်ပြီး စစ်ဘေးရှောင်များ နီးစပ်သောစုရပ်များတွင် သတ်မှတ်ရက်အတွင်းသွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
"ကျွန်တော်တို့ရှေ့မှာ သုံးကြိမ်လှူခဲ့ပြီးပါပြီ။ အိမ်ထောင်စု ၇၅၀၀ ခန့်ရှိပါတယ်။ အဲဒီတုန်းကလည်း စားသောက်ကုန်၊ လူသုံးကုန်ပစွည်းတွေအပါ ပစွည်း ၁၁ မျိုးလှူဒါန်းခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့စစ်ရှောင်တွေက သူတို့တွေချက်ပြုက်ဖို့အိုးတွေ၊ ပန်ကန်တွေပါလိုအပ်နေပါတယ်လို့ပြောလို့ အဲဒီပစွည်းတွေအပါ ပစွည်း ၁၁ မျိုးကိုလှူဒါန်းပေးသွားမှာပါ"ဟုဇောတိကလူမှုကူညီရေးအသင်းမှဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောသည်။
လက်ရှိတွင် မန္တလေးနှင့် ပြင်ဦးလွင်သို့ရောက်ရှိနေသော ဗန်းမော်မှ စစ်ဘေးရှောင်များကိုသာ လှူဒါန်းပေးနေသော်လည်း ရန်ကုန်နှင့် ရွှေကူသို့ ရောက်ရှိနေသူများ၏ စာရင်းကိုလည်းရရှိထားသောကြောင့် ၎င်းတို့အတွက်လည်း လှူဒါန်းမှုများပြုလုပ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဇောတိကလူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
