The Standard Time Digital
رفتن به کانال در Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
+124 ساعت
+67 روز
+2430 روز
آرشیو پست ها
◾️အမေရိကန် - အီရန် အပြန်အလှန်တိုက်ခိုက်မှုများ ပိုပြင်းထန်လာ၊ ဟောမုဇ်ရေလက်ကြားကို လုံးဝပိတ်ဆို့လိုက်ကြောင်း အီရန်ကြေညာ
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုလှိုင်းသစ်များကို တုံ့ပြန်သည့်အနေဖြင့် မဟာဗျူဟာမြောက် ဟောမုဇ်ရေလက်ကြားကို လုံးဝပိတ်ဆို့လိုက်ကြောင်း အီရန်စစ်ဌာနချုပ်က ကြေညာလိုက်သည်။
အဆိုပါ ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် သင်္ဘောနှစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြောသည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံတစ်ဝန်းရှိ ပစ်မှတ်များကို ခုခံကာကွယ်ပိုင်ခွင့်အဖြစ် ဒုတိယနေ့ ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ထားသည်။
၎င်းတို့၏ ညပိုင်း တိုက်ခိုက်မှုတွင် အီရန်နိုင်ငံအတွင်းသို့ တိုမာဟော့ခ် ခရုစ်ဒုံးကျည်ပေါင်း ၄၉ စင်း ပစ်ခတ်ခဲ့ပြီး ထိုအထဲတွင် မြို့တော်တီဟီရန်နှင့် မိုင် ၄၀ (၆၄ ကီလိုမီတာခန့်) မျှသာ ကွာဝေးသော နေရာရှိ ပစ်မှတ်တစ်ခုလည်း ပါဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Fox News သတင်းဌာနသို့ ပြောကြားသည်။
အီရန်တောင်ပိုင်းဒေသများနှင့် မြို့တော်တီဟီရန် အနောက်ပိုင်းတို့တွင် ပေါက်ကွဲသံများနှင့်အတူ လေကြောင်းရန်ကာကွယ်ရေးစနစ်များ အသက်ဝင်လာသော အသံများကို ကြားရကြောင်း အီရန်ပြည်တွင်း မီဒီယာများက ဖော်ပြသည်။
၎င်းတို့နိုင်ငံအနေဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်သွားမည်ဟု အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်ကအစောပိုင်းတွင် ပြောကြားခဲ့ပြီး၊ အီရန်၏ အရေးပါသော အခြေခံအဆောက် အအုံများကို ပစ်မှတ်ထားမည်ဆိုသည့် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်ကမူ အမေရိကန်အနေဖြင့် အီရန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကနဦးသတိပေးထားသည်။
ထို့ပြင် အိုမန်ပင်လယ်ကွေ့အတွင်း၌ အီရန်နိုင်ငံမှ ရေနံများ သယ်ဆောင်ရန် ကြိုးပမ်းနေသည့် သင်္ဘောတစ်စင်းကို ဟန့်တား ဖျက်ဆီးလိုက်ကြောင်း အမေရိကန်စစ်ဘက်က ထပ်လောင်းထုတ်ပြန်ထားသည်။
အမေရိကန်၏ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် မဟာဗျူဟာမြောက် ဟောမုဇ်ရေလက်ကြားကို အလုံးစုံ ပိတ်ဆို့လိုက်ကြောင်း အီရန်ဘက်က ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများသည် တစ်စည်လျှင် ၂ ဒေါ်လာကျော်အထိ မြင့်တက်သွားခဲ့သည်။
ထိုအတောအတွင်းမှာပင် အရှေ့အလယ်ပိုင်းဒေသ၌ တိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်လာခြင်းကြောင့် ညှိနှိုင်းဖျန်ဖြေမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခသည် အပစ်အခတ်ရပ်စဲရေး အဆင့်မှသည် တိုက်ပွဲအရှိန်အနည်းငယ် လျှော့ချရုံမျှသာရှိသော အဆင့် သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အလုံးစုံစစ်ပွဲ အဆင့်သို့လည်းကောင်း ကူးပြောင်းသွားနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၎င်း၏ အပြင်းထန်ဆုံး သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။
သတင်း - လင်းခေတ်
ကိုးကား- Al Jazeera
◾️ကမ္ဘာကြီးအတွက် ဒုတိယမြောက်အပူဆုံးလ ၂၀၂၆ ခုနှစ် မေလဖြစ်ဟုဆို
ယခုနှစ် မေလသည် ကမ္ဘာ့အပူချိန်မှတ်တမ်းများ စတင်ရယူခဲ့သည့် ၁၉၄၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီး အတွက် ဒုတိယမြောက်အပူဆုံးမေလ ဖြစ်ခဲ့ရကြောင်း ဥရောပသမဂ္ဂ ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဗဟိုဌာန သိပ္ပံပညာရှင်များက ဇွန် ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ကုန်းမြေနှင့် ပင်လယ်ရေပြင် ပျမ်းမျှအပူချိန်များ မြင့်တက်လာနိုင်မှု နှင့် ရင်ဆိုင်နေရချိန်တွင် အထက်ပါသတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ယခုနှစ် မေလအတွင်း ကမ္ဘာကြီး၏ နေ့စဉ်ပျမ်းမျှအပူချိန်သည် ၁၉ ရာစုခေတ် စက်မှုတော်လှန်ရေး မတိုင်မီ ကာလ ပျမ်းမျှအပူချိန်၏ အထက် ၁ဒသမ ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ကျော်လွန် မြင့်တက်ခဲ့ကြောင်း ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဗဟိုဌာန သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။
၁၉၄၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီးအတွက်အပူပြင်းဆုံးမေလမှာ ၂၀၂၄ ခုနှစ် မေလဖြစ်ကြောင်း
ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဗဟိုဌာန၏ အဆိုအရ သိရသည်။
ပစိဖိတ်သမုဒ္ဒရာ ရေပြင်ဒေသများ၌ အပူချိန်များ မြင့်တက်လာမှုနှင့်အတူ လာမည့်လများအတွင်း
အယ်လ်နီညိုရာသီဥတုဖြစ်စဉ် စတင်ဝင်ရောက်နိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
အဆိုပါရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းလုံး၌ လွန်ကဲပြင်းထန်သော မိုးလေ၀သဖြစ်စဉ်
များ ပေါ်ထွက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များကသတိပေးထားသည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် နှစ်နှစ်လျှင်တစ်ကြိမ် သို့မဟုတ် ခုနစ်နှစ်လျှင် တစ်ကြိမ်သဘာ၀ အလျောက်ပေါ်ထွက်တတ်သည်။
ကိုးကား-ရိုက်တာ
◾️မိုးဦးကာလ ရေယာဉ်များ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် ရေလမ်း သတိပေးနှိုးဆော်ချက် အသိပေးထုတ်ပြန်
မိုးဦးကာလ ရေယာဉ်များ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
မြစ်ရေတက်လာမှုအပေါ်မူ တည်၍ ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်သော်လည်း ရာသီဥတုဒဏ်ကြောင့် ၎င်းရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးဂရုပြု ခုတ်မောင်းကြရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလ၌ ပေါ်ထွန်းခဲ့သောသောင်နှင့် ကျွန်းများရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
ထို့ကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ်လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်းမပြု ကြရန်နှင့် မိမိရေယာဉ်၏ စက်စွမ်းအားနှင့် ရေစီးနှုန်းကိုချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် အသိပေးထားသည်။
မြစ်ကူးတံတားရေလမ်းများတွင် ရေယာဉ်များ ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသထားပြီး ညအခါ မီးစိမ်းထွန်း၍ ပြသထားကာ ရေယာဉ်များ ဝင်ရောက်ဖြတ် သန်းခြင်း မပြုရမည့်ရေ လမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခမီးနီထွန်း၍ ပြသထားကြောင်းသိရသည်။
ရေများကာလတွင် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့်တက်မစနစ်တို့ကိုကြိုတင်စစ်ဆေးပြီး လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်း ခုတ်မောင်း ကြရမည်ဖြစ်ပြီး တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြု ကြရန်၊ လိုအပ်ကာ သယ်ဆောင်သည့်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းရမည်ဖြစ်ပြီး မနိုင်ဝန်ကိုသယ်ဆောင်ခြင်း မပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင်တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းရမည်ဖြစ်ကြောင်းသိရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်လာပါက ရေယာဉ် များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေ ယာဉ်များလိုက်နာရမည့်ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-MOI
◾️ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့်မြန်မာလုပ်သားအတွက်လျော်ကြေး ဘတ်ရှစ်သိန်းခန့်ရရှိ
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဖနတ်နိခွန်တွင်ရှိသောဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့်မြန်မာအလုပ်သမားတစ်ဦး၏ လျော်ကြေးဘတ် ရှစ်သိန်းခန့်ရရှိခဲ့ကြောင်း WAGအလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။
သေဆုံးခဲ့သည့် မြန်မာလုပ်သားသည် အသက် (၂၉) နှစ်အရွယ်ရှိ ကိုလှိုင်မြင့်ဆိုသူဖြစ်ပြီး ယင်းလုပ်ငန်းခွင်၌ ဇွန် ၆ ရက်တွင် အမိုးလိုင်းအပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်းအား ဆေးရုံသို့ပို့ဆောင်ပေးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့ သယ်ဆောင်ပြီး သင်္ဂြိုဟ်ကာ အလောင်း
ဖျောက်ခဲ့ကြောင်း အလုပ်သမား မဟာမိတ်အဖွဲ့ WAG က ထုတ်ပြန်ထားသည်။
ထို့နောက် သေဆုံးခဲ့သူအတွက် လျော်ကြေးရရှိရန် ဇွန် ၇ ရက်တွင် သေဆုံးသူ၏ အစ်ကိုဖြစ်သူက WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ရာ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအား ပကန်စခွန်(လူမှုဖူလုံရေး) မှ ဘတ် ၇၅၀၀၀၀ နှင့် အလုပ်ရှင်မှအလုပ်သမား၏ လုပ်အားခဘတ် ၂၂၀၀၀ စုစုပေါင်းဘတ် ၇၇၂၀၀၀ ကို ဇွန် ၈ရက်၌ ရရှိခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
သေဆုံးသူသည် ၎င်းလုပ် ငန်းတွင်အလုပ်လုပ်နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တောင်သာမြို့နယ် အရာတော်ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-WAG
◾️ကင်ဂျုံအန်းနှင့် အရေးကြီးသည့် သဘောတူညီချက် ရယူခဲ့ကြောင်း တရုတ်သမ္မတ ပြောကြား
နှစ်ရက်ကြာ ပြုံယမ်းမြို့တော်ခရီးစဉ်အတွင်း မိမိနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အကြား အရေးကြီးသည့် သဘောတူညီချက်တစ်ရပ် ရယူခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်လည်းသဘောတူခဲ့ကြကြောင်း တရုတ်သမ္မတရှီကျင်ပင်းက ထုတ်ဖော်ပြောကြားထားသည်။
ပြုံယမ်းမြို့တော်ခရီးစဉ်အပြီးသမ္မတရှီကျင်ပင်းက ထုတ်ပြန်ခဲ့သောကျေးဇူးတင်ရှိကြောင်း သဝဏ်လွှာတွင် အထက်ပါအတိုင်းဖော်ပြထားခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ၏ ကေစီအင်န်အေသတင်းဌာနက ဇွန် ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယား ခရီးစဉ်အတွင်း နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် ဘုံပြဿနာများနှင့် ပတ်သက်၍နက် နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း တရုတ်သမ္မတရှီကျင်ပင်းက ၎င်း၏ ကျေးဇူးတင်ရှိကြောင်း သဝဏ်လွှာတွင် ပြောကြားထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်းသည် နှစ်ရက်ကြာ မြောက်ကိုရီးယားခရီးစဉ်အဖြစ် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ပြုံယမ်းမြို့တော်သို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ အနေဖြင့် မြောက် ကိုရီးယား နျူကလီးယားလက်နက်များပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ မသိရပေ။
တရုတ်သမ္မတ ရှီကျင်ပင်းသည် ပြီးခဲ့သည့်လအတွင်း ပေကျင်းမြို့တော်၌ အမေရိကန်သမ္မတ၊ ရုရှား
သမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
◾️အပါချီရဟတ်ယာဉ် ဟော်မုဇ်ရေလက်ကြား၌ ပစ်ချခံရပြီးနောက်အီရန်ပစ်မှတ်များကို ငါးနာရီကြာ အမေရိကန် တိုက်ခိုက်
ဟော်မုဇ်ရေလက်ကြားဒေသ၌ အမေရိကန်ကြည်းတပ် အပါချီရဟတ်ယာဉ်တစ်စင်းကိုအီရန်က ပစ်ချခဲ့ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက်အမေရိကန်စစ်ဘက်က အီရန်စစ်ရေးပစ်မှတ်များကို ဇွန် ၉ ရက်တွင် တိုက်ခိုက်ခဲ့သည်။
အပါချီရဟတ်ယာဉ် ပစ်ချခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် ရေဒါစခန်းများကို ငါးနာရီအကြာ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဘက်အလယ်ပိုင်းစစ်ဒေသ စစ်ဌာနချုပ်ကသတင်းထုတ်ပြန်ထားသည်။
ဟော်မုဇ်ရေလက်ကြားဒေသရှိ ကီရှမ်ကျွန်းနှင့် ဆီရစ်ခ်ဆိပ်ကမ်းမြို့တို့ကို အမေရိကန်စစ်ဘက်က တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စု၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့်ဘာရိန်းနိုင်ငံနှင့် ကူဝိတ်နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများမှ အမေရိကန်စစ်စခန်းများကိုဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က သတင်းထုတ်ပြန်ထားသည်။
ဇွန် ၈ ရက်က ဟော်မုဇ်ရေလက်ကြားဒေသ၌ ကင်းလှည့်ပျံသန်းနေသော အမေရိကန်ကြည်းတပ် အပါချီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ရဟတ်ယာဉ်မှူး နှစ်ဦးကိုအမေရိကန်ရေတပ်က မောင်းသူမဲ့ရေယာဉ်များဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်သည်အီရန်နိုင်ငံ၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် ပျက်ကျခဲ့ရခြင်း
ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။
အမေရိကန်နှင့် အီရန်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများထပ်မံဖြစ်ပွားခဲ့မှုကြောင့် ဧပြီ ၈ ရက်
တွင် ရယူခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားမည့်အရေးကို ဒေသတွင်းနိုင်ငံများကစိုးရိမ်လျက်ရှိသည်။
ထိုနည်းတူ ဇွန် ၉ ရက်တွင်ဖြစ်ပွားခဲ့သော အမေရိကန်နှင့် အီရန်အကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးကွက်၌ ဇွန် ၁၀ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ ၁ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့်အီရန်တို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော သုံးလကျော်ကြာ
အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူနိုင်ရန် သံတမန်ရေးအရကြိုးပမ်းနေကြရဆဲဖြစ်သည်။
သို့ရာတွင် ဟော်မုဇ်ရေလက်ကြားဒေသ၌ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားနေမှုကြောင့် စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများ ပိုမိုခက်ခဲလာနိုင်သည်။
ကိုးကား-ရိုက်တာ
သတင်း-ဗျည်းနွဲ့
မြောက်ဒဂုံ၌ ပျောက်ဆုံးကျောင်းသား ရေနစ်သေဆုံးခြင်းသာဖြစ်ဟုယူဆ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ပျောက်ဆုံးနေသည့်ကျောင်းသားတစ်ဦးမှာ ရေကန်အတွင်းရေနစ်သေဆုံးနေခြင်းသာဖြစ်သည်ဟုယူဆကြောင်း မိသားစုဝင်များထံမှသိရသည်။
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံမှစစ်ဆေးချက်များအရ ရေနစ်သေဆုံးခြင်းသာဖြစ်သည်ဟုယူဆကြောင်း သေဆုံးသူမောင်မင်းခန့်ဇော်၏ဦးလေးဖြစ်သူကပြောသည်။
“သူတို့ရဲ့ အဓိကစစ်ဆေးတဲ့အချက်အလက်တွေမှာတော့ ပြင်ပဒဏ်ရာ၊ အတွင်းဒဏ်ရာဘာမှမရှိဘူး။ ရေနစ်တယ်လို့ပဲယူဆတယ်” ဟု ၎င်းကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
အဆိုပါပျောက်ဆုံးနေသည့်ကျောင်းသားမှာ အသက်(၁၃) နှစ်အရွယ်ရှိ Grade-6 တက်ရောက်နေပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၉/A) ရပ်ကွက်တွင်နေထိုင်သည့် မောင်မင်းခန့်ဇော်ဖြစ်ကြောင်း၊ ၎င်းသည် ယခုဇွန်လ ၈ ရက်ကကျောင်းမှပြန်ရောက်ပြီး ညနေ ၄ နာရီတွင် နေအိမ်မှထွက်သွားပြီးနောက် ယနေ့ (ဇွန် ၁၀ ရက်) နံနက်ပိုင်းတွင် ၃၈ ရပ်ကွက်ရှိရေကန်ထဲ၌ ရုပ်အလောင်းပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူ မောင်မင်းခန့်ဇော်၏ရုပ်အလောင်းကို ယနေ့မွန်းလွဲ ၂ နာရီကျော်တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - Moemakha Makha/FB
#ပြည်တွင်းသတင်း
အမေရိကန်ရဟတ်ယာဉ်မှူးများ ဘေးကင်းလုံခြုံမှုရှိကြောင်း ဒေါ်န.ယ်ထရန့်ပြောကြား
ဟော်မုဇ်ရေလက်ကြားအနီး ပျက်ကျခဲ့သော အမေရိကန်ကြည်းတပ်အပါချီ ရဟတ်ယာဉ်မှ ရဟတ်ယာဉ်မှူး များ၏ အခြေအနေမှာ ဘေးကင်းလုံခြုံမှုရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၉ ရက်တွင် မီဒီယာများသို့ထုတ်ဖော်ပြောကြားထားသည်။
နယူးယောက်တိုင်းမ်သတင်းစာ၏ အဆိုအရ ဇွန် ၈ ရက်တွင် ဟော်မုဇ်ရေလက်ကြားအနီး၌ အမေရိကန် ကြည်းတပ်မှ အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မှူး နှစ်ဦးကို ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် အထက်ပါ အပါချီ တိုက်ပွဲဝင်ရဟတ်ယာဉ်အနေဖြင့် မည်သည့်အကြောင်းကြောင့် ပျက်ကျ ခဲ့ရသည်ကို နယူးယောက်တိုင်းမ်သတင်းစာ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။
ဟော်မုဇ်ရေလက်ကြားအနီး အမေရိကန်ကြည်းတပ် အပါချီရဟတ်ယာဉ်ပျက်ကျခဲ့မှုကို အီရန်အစိုးရ မီဒီယာများက အတည်ပြုထားသော်လည်း မည်သည့်အကြောင်းကြောင့် ပျက်ကျခဲ့ရသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
သို့ရာတွင် အဆိုပါရဟတ်ယာဉ်မှ ရဟတ်ယာဉ်မှူးနှစ်ဦးတို့မှာအထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံနေပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဝါရှင်တန်မြို့တော်သို့ မထွက်ခွာမီ ဂျွန်အက်ဖ်ကနေဒီနိုင်ငံတကာလေဆိပ်၌ သတင်းထောက်များကို ထုတ်ဖော်ပြောကြားထားသည်။
အစ္စရေးနှင့် အီရန်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးတစ်ရက်အကြာတွင် ဟော်မုဇ် ရေလက်ကြားဒေသ၌ အမေရိကန်ကြည်းတပ်ရဟတ်ယာဉ် ပျက်ကျခဲ့ရခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ဖိလစ်ပိုင် မြေငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦးနှင့် ဒဏ်ရာရသူ ၁၄၃ ဦးအထိရှိလာ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း ကမ်းလွန်ရေပြင်၌ ဇွန် ၈ရက်က လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၃၂ ဦးအထိရှိလာပြီး ဒဏ်ရာရသူများလည်း အမြောက်အမြားရှိကြောင်းဖိလစ်ပိုင်တာဝန်ရှိသူများက ဇွန် ၉ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ဇွန် ၈ ရက် မြေငလျင်သည် မင်ဒါနာအိုကျွန်း ဆာရန်ဂါနီပြည်နယ် ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၂၀ ခန့်အကွာ ပင်လယ်ရေပြင်အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးအင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၁ အဆင့်အထိ ရှိခဲ့သည်။
အဆိုပါမြေငလျင်ကြောင့် မင်ဒါနာအိုကျွန်းတစ်ခုလုံး၌ သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၁၃၄ ဦးတို့အထိ ရှိခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောကြားသည်။
တစ်ချိန်တည်းမှာပင် အဆောက်အအုံ အပျက်အစီးများအကြား ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ် ရေးအတွက် ဖိလစ်ပိုင် ကယ်ဆယ်ရေးသမားများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။
ဇွန် ၈ ရက် မြေငလျင်ကြောင့် ဖိလစ်ပိုင်နိုင်ငံနှင့် အခြားဒေသတွင်း နိုင်ငံအချို့တို့၌ ဆူနာမီအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင်ပြန်လည်ရုပ်သိမ်းခဲ့သည်။
အဆိုပါမြေငလျင်သည် လူပေါင်း ၇၉ ဦး သေဆုံးခဲ့ရသော စီဘူးကျွန်း မြေငလျင်လှုပ်ခတ်ခဲ့ပြီး ရှစ်လအကြာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစိဖိတ်မီးစက်ကွင်းအမည်ရှိ ဘူမိလှုပ်ရှားမှုပြင်းထန်သော နယ်မြေတွင်တည်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် မြေငလျင်လှုပ်ခတ်မှုများကို နှစ်စဉ်ရာနှင့်ချီရင်ဆိုင်ရလေ့ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
