The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
274
Suscriptores
-124 horas
+47 días
+2530 días
Archivo de publicaciones
◾️အီရန်နှင့် အပစ်ရပ်မှု ထရန့် သက်တမ်းတိုးပြန်
အီရန်နှင့်အပစ်အခတ်ရပ်စဲထားမှု နောက်ဆုံးအချိန်သတ် မှတ်ချက်ကို သက် တမ်းတိုးလိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောသည်။
ဗုဒ္ဓဟူးနေ့ နောက်ဆုံး အချိန်သတ်မှတ်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထရန့်က မီဒီယာများကို ပြောကြားခဲ့ပြီးနောက် ယမန်နေ့ နေ့လယ်ပိုင်းတွင် အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ထရန့်က ရုတ်တရက် ကြေညာခဲ့သည်။
ထို့နောက် အမေရိကန်ဒုတိယသမ္မတဂျေဒီဗန့်စ်သည် ငြိမ်းချမ်းရေးဆွေးနွေးရန် ပါကစ္စတန်သို့ သွားရောက်ခြင်းကို ဆိုင်းငံ့ထားဦးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။
အီရန်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့များက တညီတညွတ်တည်းဖြစ်သော အဆိုပြုချက်ကို တင်ပြနိုင်သည့် အချိန်အထိ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုးထားမည်ဖြစ်ကြောင်း ထရန့်က ဆိုသည်။
အီရန်က အဆိုပြုချက်တင်သွင်းပြီး၊ တစ်နည်းမဟုတ် တစ်နည်း ဆွေးနွေးပွဲများ အဆုံးသတ်သည့် အချိန်အထိ အပစ်အခတ်ရပ်စဲထားခြင်းကို သက်တမ်းတိုးသွားမည်ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင်လည်း အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် စစ်တပ်ကို ညွှန်ကြားထား သည်ဟုလည်း ထရန့်က ပြောသည်။
အီရန်အား တိုက်ခိုက်ခြင်းကို ဆိုင်းငံ့ထားရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် နှင့် ပါကစ္စတန်စစ်ဦးစီးချုပ် အဆင်းမူနေးတို့က တောင်းဆိုခဲ့သည်ဟု ထရန့်ကပြော သည်။
အီရန် Tasnim သတင်းဌာနကမူ အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးရန် တီဟီရန် က မတောင်းဆိုခဲ့ဟု ဆိုသည်။
တောင်းဆိုမှုကို လက်ခံခဲ့ခြင်းအတွက် ထရန့်ကို ကျေးဇူး တင်ကြောင်း ပါကစ္စတန် ခေါင်းဆောင်က လူမှုမီဒီယာပေါ်မှ ပြောကြားသည်။
နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲထားမှုကို ဆက်လက်လိုက်နာကြပြီး အစ္စလာမ္မာဘတ်တွင် ဒုတိယအကြိမ်ဆွေး နွေးချိန်၌ ကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ကြောင်း ပါကစ္စတန်ဝန်ကြီး ချုပ် ရှီဘက်ဇ်ရှာရစ်ဖ်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-NHK
#နိုင်ငံတကာသတင်း
◾️မက္ကဆီကို ရှေးဟောင်းပိရမစ်နယ်မြေ၌ သေနတ်ပစ်ခတ်မှုဖြစ်၊ ကနေဒါအမျိုးသမီးတစ်ဦး သေဆုံး
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး မြို့ပြင်ရှိ တီအိုတီဟွာကန်ရှေးဟောင်းပိရမစ်နယ်မြေ၌ ဧပြီ ၂၀ ရက်တွင် သေနတ်သမားတစ်ဦးက ခရီးသွားဧည့်သည်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနေဒါနိုင်ငံသား အမျိုးသမီး တစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
ယင်းအပြင် အထက်ပါသေနတ်ပစ်ခတ်မှုအတွင်း ကိုလံဘီယာနိုင်ငံသားနှစ်ဦး၊ ရုရှားနိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့လည်း ဒဏ်ရာများရရှိခဲ့ကြောင်း မက္ကဆီကိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ရုပ်သံမှတ်တမ်းများအရ အဆိုပါသေနတ်သမားသည် တီအိုတီဟွာကန်ရှေးဟောင်းပိရမစ်နယ်မြေအတွင်းရှိ ပိရမစ်တစ်ခု၏ ထိပ်ဖျားပေါ်တွင်နေရာယူ၍ ခရီးသွားဧည့်သည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
ပစ်ခတ်မှုများကျူးလွန်ပြီးနောက် သေနတ်သမားကိုယ်တိုင်သည်လည်းကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ ကြောင်း မက္ကဆီကိုရဲတပ်ဖွဲ့တာဝန်ရှိသူများ၏အဆိုအရသိရသည်။
လက်ရှိအချိန်တွင် မက္ကဆီကိုရဲတပ်ဖွဲ့က တီအိုတီဟွာကန်ရှေးဟောင်းပိရမစ်နယ်မြေ သေနတ်ပစ်ခတ်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
တီအိုတီဟွာကန်ရှေးဟောင်းပိရမစ်နယ်မြေသည် မက္ကဆီကိုနိုင်ငံ၌ ခရီးသွားဧည့်သည်များ အရောက် အပေါက်အများဆုံးရှေးဟောင်းနယ်မြေများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အမေရိကန်သမ္မတဒေါ်နယ်ထရန့် အီရန်ကို စစ်ရေးအရ ထပ်မံခြိမ်းခြောက်
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သက်တမ်းမကုန်မီ မည်သည့်သဘောတူညီချက်မျှမရရှိခဲ့ပါက အီရန်ကို ဗုံးကြဲတ်ိုက်ခ်ိုက်မှုများ ပြန်လည်စတင်ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၂၀ ရက်တွင် သတိပေးလိုက်သည်။
ပီဘီအက်စ်သတင်းဌာနနှင့် ဧပြီ ၂၀ ရက်တွင်ပြုလုပ်ခဲ့သော ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က အီရန်ကို စစ်ရေးအရ ထပ်မံသတိပေးလိုက်ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သက်တမ်းမကုန်မီ အီရန်အနေဖြင့် သဘောတူညီချက်တစ်ရပ် မယူနိုင်ခဲ့ပါက မိမိတို့အနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်စတင်ရလိမ့်မည်ဖြစ်ကြောင်း ပီဘီအက်စ် သတင်းဌာနသို့ သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့်အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြားရယူထားသော သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဧပြီ ၂၂ ရက်တွင်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
အထက်ပါသဘောတူညီချက် သက်တမ်းမကုန်မီ ဧပြီ ၂၁ ရက်တွင် အမေရိကန်နှင့် အီရန်အစိုးရ တာဝန်ရှိသူများအကြား စေ့စပ်ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့၌ကျင်းပရန် စီစဉ်ထားသည်။
အစ္စလာမ္မာဘတ်မြို့ ဆွေးနွေးပွဲသို့ အီရန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း
အီရန်အစိုးရက အတည်ပြုထားသည်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတဂျေဒီဗင့်စ်နှင့် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်တို့ ဦးဆောင်မည်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဟုမ္မလင်းမြို့ ကျောင်းဆိပ်ကမ်းတွင် စက်လှေများ မီးလောင်မှု သုံးဦးသေ၊ ရှစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းတွင် ကုန်တင်စက်လှေများ မီးလောင်မှုဖြစ်ပွားခဲ့ပြီသုံးဦးသေဆုံး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၀ ရက် ညနေ ၆ နာရီ မိနစ်၂၀ တွင် ဟုမ္မလင်းမြို့ မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းတွင်မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်း ဦးစီးသောသန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ဟုမ္မလင်းလေတပ်မှ ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သည်။
မီးလောင်မှု ဖြစ်ပွားသည့်နေရာမှာ ရေလယ်ကျွန်းတွင်ဖြစ်ပြီး မီးသတ်ယာဉ်များသွားရောက်ရန်
အခက်အခဲရှိခဲ့ကြောင်း၊ အဆိုပါ စက်သုံးဆီနှင့် ကုန်တင်စက်လှေကိုးစင်းသည် မီးလောင်နေရာမှ
တွဲကြိုးများပြတ်၍ နေရာလေးနေရာသို့ ခွဲထွက်လောင်ကျွမ်းကာ မီးအရှိန်လျော့ကျသွားကြောင်း၊
အပေါ့စားရေစုပ်စက်များကို စက်လှေများပေါ်တင်ဆောင်၍ လိုက်လံငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သေဆုံးသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး (အချက်အလက်စိစစ်ဆဲ)
နှင့် ဒဏ်ရာရ ရှစ်ဦး (မစိုးရိမ်ရ) တို့အား ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး မီးအား
ဆက်လက် ငြှိမ်းသတ်လျက်ရှိကြောင်းသိရသည်။
မီးလောင်မှုအကြောင်းရင်းမှာ နိုင်ရတနာဝင်း မော်တော်ရေယာဉ် ဆီသိုလှောင်ကန်မှ ဆီများ
အား ဆီပန့်ဖြင့်စုပ်ယူစဉ် မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိရေယာဉ်များဖြစ်
သော အောင်လင်းထက်၊ စိန်ရွှေခေတ်၊ မိဘဂုဏ်၊ ထူးဟန်သစ်၊ ဧရာကျော်၊ စိန်နဒီအောင်၊ ဟိန်းရာဇာ၊
ရဲဝင်းအောင်တို့ထံ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စုံစမ်းသိရသည်။
မီးလောင်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများအား ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့
ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း-နိုင်ဝင်းစိုး
ဓာတ်ပုံ -MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ လေအေးပေးစက် စက်ရုံမှ အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမား ၆၀၀ ခန့် နစ်နာကြေး မရသေး
ထိုင်းနိုင်ငံ ပါချင်ဘူရီ (Prachinburi)ခရိုင် ပါချင်ဘူရီမြို့ရှိ လေအေးပေးစက်ထုတ်လုပ်သည့် စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမား၆၀၀ ခန့်မှာ ဧပြီ ၁၆ ရက်တွင် ကြိုတင်မသိဘဲအလုပ်ထုတ်ခံခဲ့ရကြောင်း သိရသည်။
မြန်မာအလုပ်သမားများမှာ လုပ်ခလစာပြန်ရလိုခြင်းကြောင့် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ ဧပြီ ၁၇ ရက်တွင် အကူအညီတောင်းခံခဲ့ပြီး WAG အဖွဲ့က မြို့နယ်အလုပ်သမားရုံးများဖြစ်သည့် ကျဟာငန်းနှင့် ဆဝါဒီကန်ရုံးတို့ကို အလုပ်သမားများနှင့်အတူ သွားရောက်ပြီး စက်ရုံဘက်နှင့် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းချက်အရ စက်ရုံဘက်မှ ထိုင်းဘဏ်အကောင့်မရှိသူများကို အလုပ်ပြန်ခန့်ခြင်း၊ ဘဏ်အကောင့်ရှိသူ များအား ချွန်ဘူရီမြို့စက်ရုံခွဲကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကနဦးသဘောတူထားကြောင်း သိရသည်။
ဘဏ်အကောင့် မရှိသည့် အလုပ်သမားများအနေဖြင့် လုပ်အားခ ပုံမှန်မရသောကြောင့်ဘတ်ငါးသောင်းမှ တစ်သိန်းခန့်အထိ ရစရာကျန်နေသေးကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ပစ်ခတ်စီးနင်းမှုများကြောင့် ဟောမုဇ်ရေလက်ကြား ပြန်လည်ခြောက်ကပ်
အီရန်က သင်္ဘောများအား သတိပေးပစ်ခတ်မှုများဖြစ်ပုံရသော ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး အမေရိကန်က အီရန်ကုန်တင်သင်္ဘောတစ်စီးကို စီးနင်းသိမ်းပိုက်ခဲ့သော သီတင်းပတ်ကုန်ရက်များ အပြီး တနင်္လာနေ့တွင် သင်္ဘောအများစုသည် ဟောမုဇ်ရေလက်ကြားကို လက်ရှောင်နေကြသည်။
အချိန် ၁၂ နာရီအတွင်း သင်္ဘောတစ်စီးတည်းသာ ပင် လယ်ကွေ့မှ ထွက်ပေါ်လာပြီး နှစ်စီးဝင်ရောက်သွားခဲ့ကြောင်း သင်္ဘောများကိုခြေရာခံသည့် အချက်အလက်များတွင် ယမန်နေ့က မြင်တွေ့ရပြီး ယင်းမှာ စစ်ပွဲမတိုင်မီက တစ်နေ့ အစီး ၁၃၀ ခန့် ဖြတ်သန်းသွားခြင်းနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည်။
ရုရှားနှင့်ဆက်စပ်သော လှုပ်ရှားမှုများကြောင့် ဗြိတိန်၏ တားဆီးပိတ်ဆို့မှု ခံထားရသော ရေနံထုတ်ကုန်များ တင် ဆောင်သည့် Nero လောင်စာတင်သင်္ဘောက ရေ လက် ကြားကို ဖြတ်သန်းနေကြောင်း ဂြိုဟ်တုအချက်အလက် ခွဲခြမ်းစိတ်ဖြာသော SynMax ပလက်ဖောင်းနှင့် သင်္ဘောများကို ခြေရာခံသည့် Kpler ကုမ္ပဏီအချက်အလက်များအရ သိရသည်။
အခြားသင်္ဘောနှစ်စီးဖြစ်သော ဓာတုပစ္စည်းတင်သင်္ဘော Starway နှင့် အီရန်နှင့်ကုန်သွယ်ရေးလုပ်ဆောင်သဖြင့် အမေရိကန်က တားဆီးပိတ်ဆို့ထားသော ရေနံဓာတ်ငွေ့အရည် တင်သည့် Axon I သင်္ဘောတို့သည် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်သွားခဲ့ကြကြောင်း သိရသည်။
ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်လိုက်ကြောင်း အီရန်က သောကြာနေ့က ကြေညာခဲ့ပြီး ပြန်လည် မပိတ်ဆို့မီကြားတွင် ဟောမုဇ်အား သင်္ဘော ၁၂ စီး ကျော် ဖြတ်သန်းနိုင်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် အမေရိကန်က အီရန်ကုန်တင်သင်္ဘော Touska အား စီးနင်းသိမ်းပိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သွားမည်ဟု အီရန်က ကြုံးဝါးခဲ့ကာ ပါကစ္စတန်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တက်ရောက်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် အမေရိကန်နှင့် အီရန်ကြား သီတင်းနှစ်ပတ်ကြာ အပစ် အခတ်ရပ် စဲမှု လည်း မရေမရာ ဖြစ်လာခဲ့သည်။
စနေနေ့တွင် အီရန်ရေတပ် စပိဘုတ်များက ဟောမုဇ်ရေလက်ကြားတွင် သင်္ဘောများကို ပစ်ခတ်ခဲ့ပြီးနောက် အိန္ဒိ ယက အီရန်သံအမတ်ကြီးအား ခေါ်ယူသတိပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
ပြင်သစ်ကုမ္ပဏီ CMA CGM ကလည်း ၎င်းတို့ ကွန်တိန်နာသင်္ဘောတစ်စီး ပစ်ခတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး သတိပေးပစ်ခတ်မှုများကြောင့် ဝန်ထမ်းများ ဘေးကင်းခဲ့ကြောင်း ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◾️ဆိုးလ်မြို့ရှိမြန်မာသံရုံးလုပ်ငန်းများကို ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟုဆို
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိမြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှကြားခံဆောင်ရွက်ရန်တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိမြန်မာသံရုံးက ယမန်နေ့(ဧပြီ ၂၀ ရက်) ကထုတ်ပြန် သည်။
ဆိုးလ်မြို့ရှိမြန်မာသံရုံး၏ ကောင်စစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ သံရုံး၏လုပ်ငန်းကိစ္စများလုပ်ဆောင်ရာတွင်လည်းကောင်း မည်သည့်လူပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမျှ ကြားခံပြီးဆောင်ရွက်ရန်တာဝန်ပေးအပ်ထားခြင်းမပြုဘဲ သံရုံးမှသာဆောင်ရွက်ပေးလျက်ရှိကြောင်းထုတ်ပြန်ထားသည်။
"သံရုံးကိစ္စတော်တော်များများကို ကိုရီယားမှာရှိနေတဲ့မြန်မာတွေကပွဲစားနဲ့လုပ်ကြတာ။ ဘာလို့လဲဆို သူတို့ကိုယ်တိုင်သွားရင်အလုပ်ပျက်တယ်။ ပြီးတော့တစ်ခေါက်ထဲနဲ့လည်းမပြီး ဟိုဟာလိုတယ် ဒီဟာလိုတယ်နဲ့မပြီးဘူး။ ပွဲစားနဲ့ဆိုသူ့ဘာသာသူလုပ်သွားတာအဆင်ပြေတယ်။ လိုအပ်ရင်လူကိုယ်တိုင် တစ်ခေါက်သွားရတယ်။ ဒါကလည်းခဏပါပဲ။ နောက်တစ်ခုကတော့ပွဲစားလိမ်တွေလည်းအများကြီးရှိတယ်။ ဒါတွေကိုသတိထားဖို့လိုပါတယ်" ဟု သင်္ကြန်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လာသူတစ်ဦးကပြောသည်။
သံရုံး၏ကောင်စစ်ဆိုင်ရာလုပ်ငန်းများ၊ သံရုံး၏လုပ်ငန်းကိစ္စများဆောင်ရွက်ပေးရာတွင် လျှောက်ထားသူများက ပူးတွဲတင်ပြလာသောအထောက်အထား၊ အချက်အလက်များစုံလင်ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို စိစစ်ပြီးအချိန်ကြန့်ကြာမှုမရှိစေရေး လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ- CJ
#ပြည်တွင်းသတင်း
◾️ဟုမ္မလင်းဆိပ်ကမ်းမီး ၁၇ နာရီကြာသည်အထိ ဆက်လက်လောင်ကျွမ်းနေ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်း၌မီးလောင်မှုမှာ ယနေ့(ဧပြီ ၂၁ ရက်) နံနက် ၁၁ နာရီ၊ နာရီပေါင်း ၁၇ နာရီကြာသည်အထိလောင်ကျွမ်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယမန်နေ့(ဧပြီ ၂၀ ရက်) ညနေ ၆ နာရီ ၂၀ မိနစ်တွင်ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းတွင်ရပ်ထားသည့် ဆီတင်မော်တော်မှပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး အနီးရှိမော်တော်ရေယာဉ်ကိုးစီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ အမျိုးသမီးတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
"လက်ရှိငြှိမ်းသတ်နေဆဲပါ။ မီးလောင်မှုအကြောင်းရင်းကိုမစစ်ဆေးရသေးဘူး။ လက်ရှိဒဏ်ရာရသူနဲ့ လူသေဆုံမှု၊ မီးလောင်ခံရတဲ့မော်တော်ရေယာဉ်အစီးရေတွေကတော့ လောလောဆယ်စာရင်းအရပဲသိ သေးတယ်။ နောက်ဆက်တွဲတော့မသိရသေးဘူး" ဟု စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ဟုမ္မလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းငြှိမ်းသတ်လျက်ရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဟုမ္မလင်းမြို့နယ်ရှိ ခုတင် ၁၀၀ ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
#ပြည်တွင်းသတင်း
◾️လက်ဘနွန်တောင်ပိုင်း၌ အဝါရောင်နယ်စည်းမျဉ်းသတ်မှတ်ချက် အစ္စရေး ကြေညာ
လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ဂါဇာကမ်းမြောင် ဒေသမှာကဲ့သို့ပင်အဝါရောင်နယ်စည်း သတ်မှတ်ထားလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဧပြီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်းအစ္စရေးတပ်များအနေဖြင့် လက်ဘနွန်တောင်ပိုင်း အဝါရောင်နယ်စည်း၏ တောင်ဘက်ခြမ်းတွင် စတင်လှုပ်ရှားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်သူအကြမ်းဖက်သမားများကို ဖော်ထုတ်ရှင်းလင်းနေကြောင်း အစ္စရေးစစ်ဘက်၏ကြေညာချက်၌ ဖော်ပြထားသည်။
လက်ဘနွန်တောင်ပိုင်း၌ အဝါရောင်နယ်စည်းမျဉ်းခေါ် ကြားခံလုံခြုံရေးနယ်မြေ သတ်မှတ်ထားရှိမှုကိုအစ္စရေးစစ်ဘက်က ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၏ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေးနှင့်လက်ဘနွန်အကြား ၁၀ ရက်ကြာ
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်း၌ အဝါရောင်နယ်စည်းမျဉ်း သတ်မှတ်ချက်ကို အစ္စရေးစစ်ဘက်က ကြေညာခဲ့ခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီးချိန်တွင်လည်းဂါဇာကမ်းမြောင်ဒေသ၌ အဝါရောင်နယ်စည်းမျဉ်း သတ်မှတ်ချက်ဖြင့်ကြားခံလုံခြုံရေးနယ်မြေ ထားရှိခဲ့သည်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုသည် မတ် ၂ ရက်တွင်အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်
တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား စစ်ရေးပဋိပက္ခများပြန်လည်စတင်ခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မလေးရှား၌ ရေပေါ်ကျေးရွာ မီးလောင်၊ လူနေအိမ် အလုံး ၁၀၀၀ ခန့် ပျက်စီးခဲ့ရ
မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ဘော်နီယိုကျွန်းရှိ ကမ်းရိုးတန်း ရေပေါ်ကျေးရွာတစ်ခု၌ ဧပြီ ၁၉ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာလူနေအိမ် ၁၀၀၀ ခန့် မီးလောင် ပျက်စီးခဲ့ရပြီး ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ကမ်းရိုးတန်းရေပေါ်ကျေးရွာသည် စန်ဒါကာခရိုင်၌ တည်ရှိပြီးပင်လယ်ရေပြင်ထဲ၌ ခြေတံရှည်နေအိမ်များဖြင့် ဖွဲ့စည်းထားသောကျေးရွာဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားနေချိန်တွင်လေတိုက်ခတ်မှုပြင်းထန်လျက်ရှိရာတစ်အိမ်နှင့်တစ်အိမ် အနီးကပ်တည်ရှိနေသော ကျေးရွာတစ်ခွင်လုံးကိုလျင်မြန်စွာ မီးကူးစက်ခဲ့ကြောင်းဆာဘားပြည်နယ်တာဝန်ရှိသူများ၏အဆိုအရ သိရသည်။
အလားတူ မီးသတ်ယာဉ်များဝင်ထွက်နိုင်သည့် လမ်းကြောင်းများကျဉ်းမြောင်းခြင်း၊ ဒီရေကျနေချိန်ဖြစ်ခြင်းတို့ကြောင့်လည်း မီးသတ်သမားများအနေဖြင့် မီးကိုထိန်းချုပ်ရန်ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။
ရေပေါ်ကျေးရွာ မီးလောင်မှုကြောင့် အသက်သေဆုံးသူ မရှိခဲ့သော်လည်း လူနေအိမ် ၁၀၀၀ ခန့်
မီးလောင်ပျက်စီး၍ ပြည်သူ ၉၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမလေးရှား တာဝန်ရှိသူများက
ပြောကြားသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ရေပေါ်ကျေးရွာသည် ဌာနေတိုင်းရင်းသားများနှင့် နိုင်ငံမဲ့များ
အများဆုံးနေထိုင်သော ဆင်းရဲသားကျေးရွာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေပေါ်ကျေးရွာမီးလောင်ကျွမ်းမှု နောက်ခံအကြောင်းတရားကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
