803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
" ဧကြည်ဖြူ "
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၂၄)
*****
"ဘယ်လိုများ ဖြစ်ရတာလဲ ....အရင်ဆို ခရီးသွားချင်လွန်းလို့ ဖျပ်ဖျပ်လူးနေတဲ့သူကများ...မူဆယ်ဘက်တက်မှာ ဆယ်ရက်ကျော်လေးပါကွ "
မိုးသူဇာက ခပ်ထေ့ထေ့ပြောရင်း ဟန်သော်လင်းကို လှမ်းကြည့်လိုက်တယ်။
ဟန်သော်လင်း ခေါင်းကို ငိုက်စိုက်ချပြီးထိုင်နေမိတယ်။ဘာကိုစိတ်ညစ်လို့ ညစ်မှန်းလဲ ကိုယ်တိုင်မသိဘူး။ ခရီးမသွားချင်တာကတော့အမှန်ပင်။အရင်ကဆိုရင် မမမိုးပြောသလိုပဲ ခရီးသွားရမယ်ဆိုရင်တက်တက်ကြွကြွကို ဖြစ်နေတာ။
" ကျွန်တော် အပြင်သွားလိုက်အုံးမယ်ဗျာ "
ဟန်သော်လင်းထိုင်ရာမှ ထလိုက်ပြီး မမမိုးကို နှုတ်ဆက်ကာ အပြင်ကို ထွက်ခဲ့လိုက်တယ်။
"သွားလေ သွား ...ညနေအိမ်မှာ ထမင်းလာစားလေ "
မိုးသူဇာက ခပ်ပြုံးပြုံးခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်တယ်။ပြီးတော့ ဟန်သော် လင်း တိုက်ခန်းပြင်ကိုရောက်သွားတာနဲ့ ဖုန်းကိုထုတ်ပြီး ဆက်လိုက်တယ်။
"ဟယ်လို မမဆွေ.....မိုးပြောလိုက်ပြီး ...သူငြင်းတော့မငြင်းဘူး သွားမှာပါ ...ဒါနဲ့ သူသွားသွားနေတဲ့ ကောင်မလေးရဲ့ လိပ်စာကို ပို့ပေးအုံး "
"ဟဲ့ ...နင်က ဘာပြဿနာသွားရှာမလို့လဲ ... နင့်ကောင်လေးက တဇွတ်ထိုးလေးနော် ...တော်ကြာ သိသွားပြီး ပြဿနာရှာနေမယ် "
"ဪ မမဆွေရယ် ...မိုးက ဒီလောက်မအပါဘူးကောင်မလေးကိုမြင်ဖူးချင်ရုံပါ...ဟန်သော်လင်းလို မိန်းမတွေကို အထင်မကြီးတဲ့ကောင်က သဘောကျနေတဲ့ မိန်းမကဘယ်လိုအနေအထားလဲသိချင်ရုံပါ "
" အေးပါ ....ဘာပြဿနာမှမဖြစ်စေနဲ့ ... တို့လူတွေထဲမှာ ဟန်သော်လင်းလို ပါးနပ်တဲ့သူက ရဖို့ခဲယဉ်းတယ်...ဒါပဲနော် "
မိုးသူဇာဖုန်းကိုချလိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးကာပြုံးလိုက်မိတယ်။မိုးသူဇာဆိုတဲ့မိန်းမက ကိုယ့်လက်ထဲက ပန်းကို အခြားမိန်းမတစ်ယောက်က လုယူတာကိုခံမတဲ့လား။ကိုယ့်ကိုယ် စိတ်အနှောက်အယှက်ပေးလာရင်တော့ခပ်ပါးပါးလေးပုတ်လိုက်ရုံပေါ့။
~~~~~~~
ဒေါ်အေးမြနွယ်က သက်ပြင်းကိုချပြီး စကားကိုဆက်ပြောတယ်။
"ပြောနေကြတာက ကြာပြီ....အဘွားကတင်းခံထားလို့ ဒီလောက်ထိကြာနေတာ ..ခုတော့ စရံယူပြီးသွားပြီတဲ့ ... အလင်းချိုလေးတော့ဒုက္ခပါဘဲ ...အိမ်မှာခေါ်ထားလိုက်ရင် ကောင်းမလားမသိဘူး.... "
ဒေါ်အေးမြနွယ်က သားဖြစ်သူကို မော့ကြည့်လိုက်ပြီး ပြောလိုက်တယ်။
နေမခက ပေါင်ပေါ်မှာ လက်နှစ်ဘက်ကိုစုံချထားရင်း ငြိမ်သက်နေမိတယ်။ ဘာပြောလို့ပြောရမှန်းလဲမသိတော့။
" သူက ဘယ်ကိုပြောင်းမှာတဲ့လဲ အမေ "
"မသိဘူးလေ သားရယ် ...အမေတို့လဲ ဒီဘက် ပြောင်းလာတော့ မတွေ့ရဘူးလေ ...ခုတောင် မစန်းလာပြောလို့ သိတာ .... အလင်းချိုက ပြောတယ်တဲ့... သူ့အပင်တွေအကုန်ရောင်းထုတ်ပြီး အိမ်ငှါးနေမယ်တဲ့လေ ... အလုပ်မရှိသေးဘဲ အဆင်ပြေပါ့မလား အိမ်ငှားခတွေကလဲ လွယ်တာမဟုတ်ဘူး ... သားက အိမ်မှာရှိနေပြီး မတွေ့ဘူးလား "
မိခင်ရဲ့စကားတွေကို နားထောင်ပြီး နေမခရင်ထဲပူလောင်လာမိတယ်။ ဒီမထုံတက်သေး အူတူတူ့အတတမလေးက လောကကြီးကို ဘယ်လို ရင်ဆိုင်မှာတဲ့လဲ။ တစ်သက်လုံးအကျင့်မကောင်းတဲ့အမျိုးတွေရဲ့ လောင်းရိပ်အောက်မှာပဲနေလာခဲ့ပြီး အခုမှ ဘယ်လိုလုပ်လေမလဲမသိ။အခြားသူတွေရဲ့ အနိုင်ကျင့်တာတွေကို ခံနေရမှဖြင့်။တွေးရင်း နေမခ ခေါင်းတွေပင် ချာချာလည်လာသလို ဖြစ်လာမိတယ်။
~~~~~
"နင်တို့တွေ ဒီအဘွားကြီးသေတဲ့အထိတောင် မစောင့်နိုင်ကြဘူးလားဟင် မွေးရကျိုးနပ်လိုက်တဲ့ သားသမီးတွေ "
ဒေါ်မြမြဦးက သားသမီးသုံးယောက်ကို ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
"အမေပြောနေပုံက မသိရင် အမေ့ကို ကျွန်မတို့တွေက ပစ်ထားတဲ့အတိုင်းပဲ ....အမေကြိုက်တဲ့အိမ်မှာ လိုက်နေလို့ရတယ် ... အမေသုံးဖို့ငွေကိုလဲ ဘဏ်မှာထားပေးထားမှာ ...အမေ ဘာတွေ ပူနေတာလဲ ...ဒီနေရာကို ဘာတွေ မက်မောနေတာလဲ ပြောပါအုံး "
သမီးကြီးဖြစ်သူက မိခင် ဒေါ်မြမြ ဦးကို ပြန်ပြီးပြောလိုက်တယ်။
"ဘာမက်ရမှာလဲဟဲ့ ... ငါ့အိမ်မို့ပေါ့ ...ငါ့အိမ်ငါ့ရာဆိုတော့ ငါနေချင်သလို နေလို့ရတယ်... သားသမီးတွေအိမ်မှာလိုက်နေပြီးမျက်နှာငယ်နေရမှာလား ..."
"အမေက ပေါက်ကရတွေ တွေးပြီး ကန့်လန့်ပြောနေတာ ....သားသမီးတွေကို အမေက ငရဲပေးနေတာ "
သမီးအလတ်မရဲ့စကားကြောင့် ဒေါ်မြမြ ဦး ဒေါသူပုန်ထပြီး ထအော်လိုက်တယ်။
"ဟုတ်ပါတယ် ...ဟုတ်ပါတယ် ဒီအဘွားကြီးက ငရဲပေးမိတာပါ ... ဟင်းကောင်းချက်ရင်တောင် ဦးဦးဖျားဖျားကျွေးရမှန်းမသိတဲ့ သားသမီးတွေနဲ့ အတူလိုက် မနေချင်တာ ငါ့အပြစ်ပါ ...ငါလဲ ရှင်း ရှင်းပဲပြောမယ် ....နင်တို့ ဝေစုခွဲတဲ့အခါ ငါ့မြေးလေးအလင်းချိုအတွက်ပါ ပါရမယ် ...အဲ့ဒါမှ ငါက လက်မှတ်ထိုးပေးမှာ "
"ဘယ်..ဘယ်လို အမေ ... သူက ဘာဆိုင်လို့လဲ ....ဘာကိစ္စ သူ့ကိုပေးရမှာလဲ ... မပြောချင်လို့ ကြည့်နေတာနော် အမေ ... အဲ့ဒီဟာမလေးက အမေ့သွေးသားအရင်းဆိုတာ သေချာလို့လား ... သူ့အမေ ဘယ်လောက်ရှုပ်ပွေလဲဆိုတာ အမေလဲသိတာပဲလေ...သက်ဦး နင်လဲသိတယ်မဟုတ်လား ...နင့်သမီးအရင်းဆိုတာကို နင်အာမခံရဲလား ပြော "
နေမခ အိမ်ထဲက ပစ္စည်းတွေကို သယ်ထုတ်နေရင်း မျက်စိက ခြံဝကို မကြာခဏ လှမ်းကြည့်နေမိတယ်။ပြုံးလိုက်ရယ်လိုက်နဲ့ စကားပြောလို့မပြီးနိုင်တဲ့ ငတိမကိုလဲ သွားပြီး ဆောင့်ဆွဲခေါ်ချင်စိတ်တွေ ပေါက်လာတယ်။ဟိုသကောင့်သားကလည်း ဒီမှာ အလုပ်များနေမှန်း သိသိနဲ့ မပြန်ဘဲ လေလာရှည်နေတယ်။
"နေမခ ..စံပြောတာ မကြားဘူးလားဟင် ...ဘာတွေဒေါသထွက်နေတာလဲ"
"ဟာ ...မစံ ဘာပြောတာလဲဟင် မကြားလိုက်လို့ "
နေမခကိုယ့်အတွေးနဲ့ ကိုယ်ဒေါသထွက်နေမိရာ စံမဒီက သူ့လက်မောင်းကို ဆွဲကိုင်လှုပ်ယမ်းပြီး မေးလိုက်တဲ့အခါမှ သတိပြန်ဝင်လာမိတော့တယ်။
"အိမ်ပြင်တာရယ်ဆိုင်အတွက်ပြင်ဆင်ရတာနဲ့ နေမခ အဆင်ရောပြေရဲ့လားလို့ ဟိုပြေးဒီပြေးနဲ့ ကျန်းမာရေးလဲ ဂရုစိုက်အုံး ... ပြန်ရောက်ကတည်းကမနားရသေးဘူး မဟုတ်လား"
"ရပါတယ် မစံ....ဒီအတောအတွင်းတော့ ဒုက္ခခံရမှာပေါ့ .... အိမ်ပြီးသွားရင်တော့ နားရမှာပါ "
နေမခနဲ့စံမဒီစကားပြောနေတုန်းမှာပဲ အိမ်ထဲကို အလင်းချိုဝင်လာတာမို့ နေမခ မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်လိုက်တယ်။
အလင်းချိုကတော့ နေမခနဲ့ စံမဒီကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီး ဟိုဘက်အိမ်ကိုသွားဖို့ပြင်လိုက်တယ်။
~~~~
"ဒေါ်လေးစန်း ဘာဖြစ်တာလဲ ...ဘာလို့ငိုနေတာလဲ "
အလင်းချို ပျိုးပင်တွေလိုက်ပို့ပြီးပြန်လာတော့ ဧည့်ခန်းထဲမှာထိုင်ငိုနေတဲ့ ဒေါ်လေးစန်းကို တွေ့လိုက်ရတာမို့ ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားပြီး အဘွားရဲ့အခန်းကို ပြေးသွားလိုက်မိတယ် ။အဘွား အခန်းရှေ့ကိုရောက်တော့ အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်ပြီးငိုင်နေတဲ့ အဘွားကို တွေ့လိုက်ရမှ အလင်းချိုလဲ သက်ပြင်းကို ဟူးခနဲချလိုက်နိုင်တော့တယ်။ ပြီးတာ့မှ အဘွားဘေးနားမှာ ဝင်ထိုင်လိုက်ပြီး
"ဘာဖြစ်လို့လဲ အဘွား ... နေလို့ မကောင်းလို့လား ...ဒေါ်လေစန်းလဲငိုနေတယ် ... မေးလို့မရဘူး "
အလင်းချို မေးလိုက်တော့အဘွားက မျက်ရည်တွေဝဲနေတဲ့ မျက်လုံးတွေနဲ့ အလင်းချိုကိုမော့ကြည့်လာတယ်။
" သူတို့ အိမ်ကိုရောင်းခိုင်းနေပြီ မြေးလေး ... တန်ဆောင်တိုင် မရောက်ခင် ဖယ်ပေးရမယ်တဲ့ ... မြေးလေးကို မြေးလေးရဲ့အဖေက သူခေါ်ထားမယ်တဲ့လေ ..မိစန်းကိုတော့ ဘယ်သူမှ လက်မခံချင်ကြဘူးလေ .... ဖြစ်နိုင်ရင်အဘွားလဲ သူတို့နဲ့ မနေချင်ဘူး ... တို့မြေးအဘွားနှစ်ယောက်ရယ်မိစန်းနဲ့ပဲ နေချင်တယ် .... ဒါကို လောဘသမားတွေက လက်မခံဘူးလေ .."
အဘွားရဲ့စကားကို ကြားတော့ အလင်းချို ငိုင်တွေ သွားမိတယ်။ကိုယ့်အတွက်ကိုမပူပင်မဲ့ ဒေါ်လေးစန်းခမျာ ကြီးတောင့်ကြီးမားမှ ဘယ်မှာ သွားနေမလဲ ။ ဘာအလုပ်လုပ်စားမလဲ။အဘွားမကျန်းမာကတည်းက လုပ်အားခရယ်လို့လဲ မယ်မယ်ရရမပေးတာမို့ ငွေပိုငွေလျှံလဲ ရှိမယ့်ပုံမရဘူး။ပြောရရင် ဒေါ်လေးစန်းမှာတင်မဟုတ် အလင်းချိုမှာလဲ ငွေပိုငွေလျှံမရှိပါဘူး။ပြောင်းဟေ့ဆိုရင် အပင်တွေကို အမြန်ရောင်းထွက်အောင် ဖောက်သည်တွေဆီကို လျှော့စျေးနဲ့ ပေးလိုက်လို့တော့ ရတယ်။အဲ့ဒီငွေနဲ့ အိမ်ငှားပြီး ဒေါ်လေးစန်း အတူနေရင်တော့ ဒေါ်လေးစန်း အတွက်လဲပူစရာလိုမယ်မထင်။ခက်တာက သစ်ပင်တွေရောင်းပစ်ပြီး အလင်းချိုက ဘာအလုပ်လုပ်ရပါ့မလဲ ။အဘွားဆီက နေ ငွေရဖို့ကိုတော့ အလင်းချိုမမျှော်လင့်ထားတူး ။ ကြီးတော်တွေစိတ်တိုင်းကျ စီမံတဲ့ပွဲမှာ အလင်းချိုနဲ့ ဒေါ်လေးစန်းအတွက် နေရာမရှိမှာတော့ မေးစရာပင် လိုမယ်မထင်။ အဖေနဲ့သွားအနဖို့ကိုတော့ အလင်းချို စိတ်မကူးရဲပါ။ ဒုက္ခတောတစ်ခုက ရုန်းထွက်ပြီး နောက်ထပ် ဒုက္ခတစ်ခုထဲကို မဝင်လိုတော့ပါ။အဖေ့ရဲ့ နောက်မိန်းမက အိမ်ကို လာလည်ရင်တောင် အလင်းချိုကို စကားပြောဖော်ရတာမဟုတ်ဘူး။ သူ့ကလေးတွေနဲ့ အလင်းချို ရင်းရင်းနှီးနှီးနေတာကိုတောင် သဘောကျပုံမရတာမို့ ရေရှည်အတူတူနေဖို့ဆိုတာ စိတ်တောင်မကူးရဲပါ။တစ်ထိုင်တည်းမှာပဲ အလင်းချိုအတွေးပေါင်းများစွာကိုတွေးနေမိတယ်။
"မရှာနိုင်မဖွေနိုင်တော့ဘူးဆိုတော့ ...ဒီအဘွားကြီးစကားကို ဘယ်သူမှအရေးမလုပ်ကြတော့ဘူး...အိုကြီးအိုမ ဘ၀ရောက်မှ ဘယ်သားသမီးအိမ်ကပ်နေရမှန်းမသိတဲ့ ဘ၀ကို ရောက်ရတော့မယ် ...အမယ်လေး အဘိုးကြီးရေ ရှင့်သားသမီးအလိမ္မာတုံးတွေကို လာကြည့်ပါအုံးတော်.... ဒီမအေစကားကို အဖက်တောင် မလုပ်ကြဘူးတော်ရေ "
အဘွားကပြောရင်းကနေငိုနေတာမို့ အလင်းချိုအဘွားဘေးကနေ အသာထလာခဲ့မိတယ်။အလင်းချို ရင်ထဲမှာတော့ ဘာမှထွေထွေထူးထူးခံစားမနေရပါဘူး။ နေစရာ ပျောက်လို့ သောကရောက်ရသလို ။ ကိုယ့်ကို မလိုလားမနှစ်သက်သူတွေနဲ့ ခွဲခွါရတော့မှာကို တွေးမိတော့လည်း အရာရာအဆင်ပြေသွားသလိုပါပင်။ မဖြစ်သေးတဲ့ကိစ္စတွေကို တွေးပူနေမဲ့အစား ရင်ဆိုင်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ထားပါတယ်။
~~~~~~
"ဗျာ ခရီးထွက်ရမယ် ဟုတ်လား မမမိုး ...ဘယ်ကိုလဲဗျာ ...ဘယ်လောက်ကြာမှာလဲ ... ဘာအလုပ်တွေခိုင်းအုံးမှာလဲ..."
@@@@@@@@@@@@@@@@@
အပိုင်း (၂၄ ) ဆက်ရန်
ဧကြည်ဖြူ
စာမူတိုသွားတာကို သည်းခံပေးကြပါရှင်
မတင်တာကြာလို့ စာဖတ်သူ တွေမေ့ကုန်ကြပြီထင်ပါရဲ့
ဂရုတွေမှာဆို အားပေးမယ့် သူတောင် သိပ်မရှိတော့သလိုပဲ😭
အားပေးတဲ့သူ တစ်ယောက်မှမရှိတော့ရင်တော့ အခြားသူတွေ မျက်စိမနောက်ရအောင် ဂရုတွေမှာမတတင်တော့ပါဘူး
စာမူဖတ်ချင်သူတွေ acc ထဲမှာဝင်ဖတ်လို့ရပါတယ်
စာဖတ်သူများကို လေးစားချစ်ခင်လျက်🙏🙏🙏
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး"
အပိုင်း ( ၂၃ )
********
ဒေါ်အေးမြနွယ်ကသားဖြစ်သူနဲ့ စံမဒီကို တစ်လှည့် အလင်းချိုကိုတစ်လှည့့်ကြည့်မိရင်း ရင်ထဲမကောင်းဖြစ်သွားမိတယ်။ခက်တာက သူတို့လေးတွေရဲ့စိတ်ကို သူ မက ဘယ်လိုတားမြစ်နိုင်မှာတဲ့လဲ ။ အထူးသဖြင့်သားဖြစ်သူနေမခရဲ့စိတ်ရင်းမှန်ကို နားမလည်နိုင်တာအမှန်ပါပင်။
အလင်းချိုနေရာမှာငူငူ ချည်းရပ်နေမိရာကနေ အထုတ်ကို့ဆွဲယူလိုက်ပြီး အိမ်ရှေ့ကိုထွက်ခဲ့လိုက်ရတယ်။
"ဒီမှာတော်တော်များများသိမ်းပြီးပြီဆိုတော့... အမေနဲ့ အဘွားပြောင်းမယ်အိမ်ကို သွားလိုက်မယ်နော်သားကြီး "
ဒေါ်အေးမြနွယ်က သားဖြစ်သူကို လှမ်းပြောလိုက်တယ်။
"အလင်းလဲ လိုက်ခဲ့မယ်လေ အန်တီနွယ် ....ဟိုမှာ ပစ္စည်းတွေနေရာချပေးမယ် ...ဒီမှာ သိမ်းစရာမှ မရှိတော့တာ "
ဒေါ်အေးမြနွယ်ရဲ့ စကားကြောင့်အလင်းချိုက ကမန်းကတန်းဝင်ပြောလိုက်တယ်။ဒီနေရာမှာဖြင့် တစ်စက္ကန့်လေးတောင် ထပ်မနေချင်တော့တာမို့ ပြောပြီးတာနဲ့ အိမ်ရှေ့ကို ထွက်လာခဲ့လိုက်တယ်။
~~~~
"အိမ်ပြောင်းတာသွားကူပေးတယ် ဟုတ်လား ဒေါ်လေးစန်း ...ဘယ်သူတွေ အိမ်ပြောင်းလို့လဲ "
ဟန်သော်လင်းက ခြံတံခါးရှေ့မှာရပ်ပြီး ဒေါ်လေး စန်းကို မေးလိုက်မိတယ် ။
" တစ်ခြံကျော်က မနွယ်တို့အိမ်လေ ... အိမ်ပြင်ဆောက်မှာမို့ ဟိုဘက်လမ်းထိပ်ကို ခဏပြောင်းတာပါ "
"တစ်ခြံကျော်ကလား "
ဒေါ်လေးစန်းရဲ့ တစ်ခြံကျော်ဆိုတဲ့ စကားကြောင့် ဟန်သော်လင်းစိတ်ထဲမှာ ကြည်ပြာပြောတဲ့စကားတွေကို အမှတ်ရလိုက်မိတယ်။
"တစ်ခြံကျော်ဆိုတော့ နေမခ ဆိုတဲ့လူရဲ့အိမ်လား"
"ဟုတ်တယ်လေ ... မောင်လင်းက နေမခနဲ့သိတာလား "
" ဟို ...မသိပါဘူး ဒေါ်လေး စန်းရယ် ... ကျွန်တော်သွားတော့မယ်နော် "
ဒေါ်လေးစန်းရဲ့ အမေးကို ခေါင်းခါပြလိုက်ပြီး ဟန်သော်လင်း ကားထဲကိုဝင်ထိုင်လိုက်တယ်။
"အရေးကြီးရင်လဲ သွားခေါ်လိုက်လေကွယ် ..."
ဒေါ်လေးစန်း လှမ်းပြောတဲ့အသံကိုကြားလိုက်တော့ သွားဖို့အတွက် ချီတုံချတုံဖြစ်နေမိတဲ့စိတ်က ချက်ချင်းလိုလို ကားတံခါးကို ဆွဲဖွင့်လိုက်မိတယ်။
~~~~~~~
"သမီးရေအလင်းချို ...ခြံဝမှာ သမီးသူငယ်ချင်းရောက်နေတယ်"
အိမ်ရှေ့ကနေ လှမ်းအော်ပြောလိုက်တဲ့ ဘွားချိုရဲ့အသံကြောင့် အလင်းချိုအပါအဝင် ဒေါ်အေးမြနွယ်ရော နေမခပါ ခြံ၀ကိုလှမ်းမျှော်ကြည့်လိုက်ကြတယ်။
"သွားလေသမီး ... အထုတ်ကိုထားခဲ့လိုက်ပါကွယ် ...သားကြီးသယ်ပါလိမ်မယ် "
ဒေါ်အေးမြနွယ်က အလင်းချိုကို လှမ်းပြောလိုက်ပေမဲ့အလင်းချို အထုတ်ကို မထားခဲ့ဘဲ အိမ်ရှေ့ထိဆွဲလာခဲ့လိုက်တယ်။
~~~~~~
ဟန်သော်လင်းခြံရှေ့မှာ ရပ်စောင့်နေတုန်းမှာပဲ အိမ်ထဲကနေ အထုတ်တစ်ထုတ်ဆွဲပြီး ထွက်လာတဲ့ အလင်းချိုကို တွေ့လိုက်ရတာမို့ စိတ်ထဲမှာ မကျေနပ်သလိုလို၊ ဘဝင်မကျသလိုလို ဖြစ်သွားမိတယ်။
" ထင်တော့ထင်သားပဲ ကိုလင်းပဲဖြစ်မယ်ဆိုတာ ... အပင်တွေ လာကြည့်တာလား ...လမ်းကြုံလို့၀င်လားတာလားဟင် "
အလင်းချိုက လက်ထဲကအထုတ်ကို ကားသမားဆီကို ကမ်းပေးလိုက်ပြီး ဟန်သော်လင်းရှိရာဆီကို လျှောက်သွားရင်းကနေပြောလိုက်တယ်။
"အင်း .. ဒီနေ့ အလုပ်ပါးလို့ လေ....လမ်းလဲကြုံနေတာနဲ့ ဝင်လာတာ "
ဟန်သော်လင်း ပြန်ဖြေလိုက်ရင်း အလင်းချိုမျက်နှာလေးကို ကြည့်နေမိတယ်။ဟန်သော်လင်း စိတ်ထင်၍ပဲလားမသိ။အလင်းချိုရဲ့ မျက်နှာက အရင်နေ့တွေကလောက် မလန်းဘူးလို့ထင်လိုက်မိတယ်။ပင်ပန်း၍ပဲလားမသိ။ မျက်နှာလေး နွမ်းနေတာကတော့ အမှန်ပါပင်။
~~~
နေမခအထုတ်ကို ကားဆီသို့သယ်ထုတ်လာခဲ့ရင်းကနေ စကားရပ်ပြောင်နေတဲ့ အလင်းချိုတို့ကို လှမ်းကြည့်လိုက်မိတယ်။အလင်းချိုက သူ့ကို ကျောပေးရပ်နေတာမို့ အလင်းချိုရဲ့ မျက်နှာကို သေချာမမြင်ရပေမဲ့ တစ်ဖက်လူရဲ့ မျက်နှာကိုတော့ မြင်နေရတယ်။အဲ့ဒီလူ အလင်းချိုကို ကြည့်နေပုံက မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို ကြည့်တဲ့အကြည့်ထက်ပိုနေတာကို နေမခသိလိုက်တယ်။ မြင်ကွင်းကို ကြည့်နေမိရင်း နေမခစိတ်ထဲ စိတ်တိုလာမိတာမို့ မျက်နှာကို ချာခနဲ လွှဲလိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။
~~~~~~~
ဟန်သော်လင်းက အလင်းချိုနဲ့ စကားပြောနေရင်းကနေ သူ့နဲ့ အလင်းချိုကို လှမ်းကြည့်ပြီး မျက်နှာထားတင်းတင်းနဲ့ အိမ်ထဲပြန်ဝင်သွားတဲ့သူက နေမခ ဆိုတဲ့လူမှန်း စိတ်ကချက်ချင်းသိလိုက်တယ်။ နေမခကိုကြည့်ပြီး ဟန်သော်လင်းစိတ်ထဲ စိတ်တိုလာသလိုလို ဒေါသထွက်လာသလိုလို ဖြစ်လာမိပြန်တယ်။ဘာမဆိုင်ညာမဆိုင် အလင်းချိုကို ဒီနေရာကနေ ဆွဲခေါ်ထုတ်ချင်စိတ်တွေပါ ဖြစ်လာမိတယ်။
"ပြီးသွားပြီလား...အအေးသွားသောက်မလား ... အလင်းကို ကြည့်ရတာ မော နေသလိုပဲ "
" မောတော့မောတာပေါ့...ဒီနေ့တော့ အအေးသွားသောက်လို့မရတော့ဘူး .... အိမ်က ဒီနေ့အပြီး ရွေ့ ရမှာလေ ..ခုပဲ ပြောင်းမယ့်အိမ်ဘက်ကိုသွားမလို့ ...အန်တီနွယ်က နှလုံးရောဂါ ဖြစ်ခဲ့ဖူးတော့ အလင်းက လာဝိုင်းကူပေးနေတာလေ "
"ကောင်းပါ့ဗျာ ... အိမ်နီးချင်းကောင်းလေးပေါ့ "
ဟန်သော်လင်းက အလင်းချိုကို မချိုပြုံးလေးပြုံးပြပြီး ပြောလိုက်မိတယ်။
~~~~~~
ပြောပြောဆိုဆိုနဲ့ ထွက်သွားတဲ့ ကြည့်ပြာကိုကြည့်ပြီး အလင်းချို ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ကြည်ပြာကသူ့ဟာနဲ့သူ ဇာတ်လမ်းဆင်ပြီး သူ့ဘာသာပြောသွားတာဇာတ်ကွက်ကို စေ့နေတာပဲ။အလင်းချိုမှာ ဖြေရှင်းချိန်တောင်မရလိုက်ပါဘူး။
~~~~
ရှပ်အင်္ကျီဖားဖားနဲ့ ဘောင်းဘီ ခပ်ပွပွကိုဝတ်ပြီး ဆံပင်ရှည်ကြီးကို ကျစ်ဆံမြီးတစ်ချောင်းတည်းကျစ်ထားတဲ့ အလင်းချိုကို နေမခ အမှတ်တမဲ့ ငေးကြည့်လိုက်မိတယ်။အမေတို့ သယ်သွားမယ့် အထုတ်တွေမှန်သမျှကို သူတစ်ယောက်တည်းလိုလို အိမ်ထဲကနေ သယ်ထုတ်ပြီး လာသယ်တဲ့ကားဆီကိုထုတ်ပေးနေတာ။ အထုတ်တွေသယ်နေရင်းကနေအသံစာစာလေးက ထွက်လာတတ်သေးတယ်။
" အန်တီနွယ် မသယ်နဲ့လေ...အန်တီ့ကို အလေးအပင်တွေ မ.မနဲ့လို့ ဆရာဝန်က မှာထားတယ်လေ..ဘွားချိုလဲ
နေပါ ...သမီးသယ်ပေးပါ့မယ် "
" သမီးတစ်ယောက်တည်း သယ်လို့ ဘယ်ဖြစ်ပါ့မလဲ အထုတ်တွေက များတာကို "
ဒေါ်အေးမြနွယ်က ပြောရင်း အထုတ်ကြီးတစ်ထုတ်ကို ဆွဲလိုက်တယ်။အလင်းချိုကလဲ ပြန်လုတယ်။
ကြားထဲက နေမခမှာ မနေနိုင်တော့ဘဲ ဝင်ပါရတော့တယ်။
"ကဲ ...အမေလဲဖယ်....မင်းလဲဖယ် ... ဒီလောက်အထုတ်ကြီးကို ဘယ်သူကသယ်ခိုင်းလို့လဲ ... ဟိုမှာ အလုပ်သမားတွေ လာသယ်မှာပေါ့ ...အလင်းချို မင်းနော် ... နုံသလို အသလိုနဲ့ အဲ့ဒါကြောင့် မင်းအမျိုးတွေက မင်းကိုနိုင် စားနေတာ သိရဲ့လား "
နေမခကအထုတ်ကိုဆွဲယူလိုက်ပြီး အလင်းချိုနားကိုကပ်ခါ အံကြိတ်ပြီးခပ်တိုးတိုးပြောလိုက်တယ်။
ဒေါ်အေးမြနွယ်ကတော့ နေမခရဲ့ နောက်ဆက်တွဲ စကားတွေကို မကြားဘဲ အလင်းချိုကိုကြည့်နေတဲ့သားဖြစ်သူကို ခပ်ပြုံးပြုံးကြည့်နေမိတယ်။
အလင်းချိုကတော့ ဘုမသိဘမသိနဲ ဟောက်ခံလိုက်ရတာမို့ နေမခကို ပြူးတူးကြောင်တောင်နဲ့ ကြည့်လိုက်ပြီး ရယ်ပြလိုက်မိတယ်။
"အလကားနေ ရယ်ပြပြုံးပြမနေနဲ့ ...ဆိုက်ကားသမား မရှောင်... ကားသမားမရှောင်ပြုံးပြရယ်ပြနေတဲ့အကျင့်ကိုဖျောက်အုံး"
သူပြောချင်ရာပြောပြီးအထုတ်ကိုဆွဲယူနေတဲ့ နေမခ ။အလင်းချိုက အလကားနေရင်း ရယ်ပြပြုံးပြနေတာလား ၊ သူက အလကားနေရင်း စိတ်တိုနေတာမဟုတ်ဘူးလား။အလင်းချို နားမလည်နိုင်သလို နေမခကို ကြည့်လိုက်မိတယ်။
နေမခကလဲ အလင်းချိုရဲ့ အူကြောင်ကြောင် မျက်နှာလေးကိုကြည့်ပြီး ဘာကိုစိတ်တိုလို့ တို့နေမိမှန်း ကိုယ်တိုင်လဲမသိဘူးဖြစ်နေမိတယ်။
ဒီအချိန်မှာပဲ အသံနဲ့အတူ စံမဒီအခန်းထဲဝင်လာတာကို တွေ့လိုက်ကြရတယ်။
" ရွေ့တောင်ရွေ့နေကြပြီလား ....စံက ကူဖို့လာတာ နောက်ကျသွားပြီးလား "
" မမစံ လာပြီလား ..."
စံမဒီကို မြင်လိုက်တာနဲ့ နေမခက အပြေးတစ်ပိုင်းနဲ့ ကြိုလိုက်တယ်။
အလင်းချိုက နေမခပစ်ချခဲ့တဲ့ အထုတ်နားမှာရပ်ပြီး ချောမောလှပလွန်းတဲ့စံမဒီဆိုတဲ့ အမျိုးသမီးကိုငေးကြည့်နေမိတယ်။ကိုယ့်ကိုယ်မြင်တိုင်း အလိုမကျမှုတွေနဲ့ ငေါက်ငမ်းနေတတ်တဲ့သူက အခြားတစ်ယောက်နဲ့ ပြုံးရွှင်ရယ်မောနေတာကို မြင်ရတော့ အလင်းချိုသတိလက်လွတ် ငေးကြည့်နေမိတယ်။အလင်းချိုရဲ့ဘဝမှာ အမေကထားခဲ့တယ်။အဖေက ထားခဲ့တယ်။အဘွားက မကြင်နာခဲ့ဘူး။ ကြီးတော်တွေက ရက်စက်ခဲ့တယ်။မောင်နှမတစ်ဝမ်းကွဲတွေကနှိမ်ခဲ့တယ်။အနိုင်ကျင့်တယ်။အလင်းချိုရဲ့ နှလုံးသားက နာကျင်တာကို မခံစားတတ်တော့အောင်ထုံနေပြီလို့ ထင်နေခဲ့မိတာ။ တကယ်တော့မဟုတ်ဘူးပဲ။ နေမခနဲစံမဒီတို့ရဲ့ မြင်ကွင်းကိုငေးကြည့်နေမိပြီး အလင်းချိုရဲ့ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင်လာတယ်။
@@@@@@@@@@@@@@@@@@@
အပိုင်း ( ၂၃ ) ဆက်ရန်
ဧကြည်ဖြူ
"ဘာမှမလုပ်ရပါဘူးဗျာ ...မမမိုးသူဋ္ဌေးမက လူကိုပါအပိုင်သိမ်းချင်နေတာခက်တယ်ဗျ...ကျွန်တော်ဆိုတဲ့ကောင်ကလဲ ဆိုးချင် ဆိုးမယ်မိုက်ချင်မိုက်မယ်...အဲ့ဒီလိုကိစ္စတွေကိုမှစိတ်မ၀င်စားတာ ... ကျွန်တော်ကို အထာတွေပေး အချိုတွေကျွေးနဲ့ ကျွန်တော်က ငြင်းတော့ တစ်ဖက်သတ်ကြီး စိတ်တိုနေမှာပေါ့"
"မင်းနှယ် ဒုက္ခပါပဲ ... လက်ကလေးကိုင်... ပါလေးနမ်းပြီး ပုခုံးလေးဖက်ရတာ ဘာခက်လို့လဲ... မသကာ အဆင့်ကျော်သွားအုံး မင်းက ယောကျာ်းပဲ... ဘာနာစရာရှိလဲ .... သူ့ဆီမှာ နှိုက်လို့မကုန်တဲ့ငွေတွင်းတွေရှိတယ် သိရဲ့လား..."
"ဟာဗျာ မမမိုးပြောပုံက ကျွန်တော်တို့ယောကျာ်းလေး တွေကဘာတန်ဖိုးမှ မရှိသလိုပဲနော်... ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတယ်...အဲ့ဒါမျိုးတွေကိုလဲ ရွံတယ် ... တဏှာရာဂစိတ်နဲ့တော့ ဘယ်မိန်းမနဲ့မှ အတူမအိပ်နိုင်ဘူး ...တော်ကြာ ကျွန်တော်လို့မိမရှိဖမရှိ ကလေးတစ်ယောက်တိုးလာအုံးမယ် "
"အမယ်လေး စကားတွေက ကြီးကျယ်လိုက်တာ ...မင်းကသာဖြစ်နေတာ ... သူ့ဘေးနားမှာ ဝိုင်းနေတဲ့ မင်းသားတွေ မော်ဒယ် ပေါက်စတွေမှ အများကြီးသိရဲ့လား "
"များများပါဗျာ ... အားကို မကျတာ ... အဲ့ဒီအလုပ်ကလွဲရင် ကျွန်တော် ဘာလုပ်ရမလဲဆိုတာပဲပြော "
"မင်းလုပ်ရမှာက ..... အလှူအတန်းတွေ ခဏခဏ လုပ်နေတဲ့ ( ....) သူဌေးလင်မယားကို သိတယ်မဟုတ်လား...သူတို့နှစ်ယောက်အတွက် ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ရှာပေးလိုက် ... အသက်နှစ်ဆယ်ဝန်းကျင်ပဲနော် ... စိတ်ပါရင်မင်းကိုယ်တိုင်သွားလဲရတယ်...သူတို့အချင်းချင်း မသိအောင်လဲလဲလုပ်အုံးနော် "
" ဟူး စိတ်ညစ်တယ်ဗျာ ...အဲဒါမျိုးတွေ မလုပ်ချင်ပါဆို ..လောကကြီးက စိတ်ပျက်စရာချည်းပဲဗျာ ....ကိုယ့်ဂုဏ်သိက္ခာနဲ့ အသက်အရွယ်တွေကိုမှ မထောက် "
ဟန်သော်လင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ညည်းညူလိုက်မိတယ်။
"စိတ်ညစ်မနေနဲ့ ကိုယ်တော်ချော...မင်းလိုနေတဲ့ငွေရအောင် ဒီလိုပဲရှာမှရမှာ ... ဒါမှမဟုတ်လဲ ဓါးပြသာ ထွက်တိုက် ... ရိုးရိုးသားသားလုပ်စားရင်တော့ တစ်လစာလုပ်အားခငွေက သူဋ္ဌေးမကြီးရဲ့ ဖိနပ်တစ်ရံဖိုးတောင်ရမှာမဟုတ်ဘူး သိတယ်မဟုတ်လား....ဒါတောင် အလုပ်ကရပါစေအုံး...ဘွဲ့ရပညာတတ်တွေတောင် အလုပ်ရှာရခက်နေတာ...မင်းတို့ငါတို့လို အတန်းပညာမရှိသူတွေအတွက် အလုပ်ရဖို့ကမသေချာဘူး ..... "
ဟန်သော်လင်း ခေါင်းကို ငိုက်စိုက်ချပြီး ထိုင်နေမိတယ်။မမမိုးပြောတာလဲ မှန်သင့်သလောက် မှန်တယ် မဟုတ်လား။ဘွဲ့ရပညာတတ်တစ်ယောက်တောင် အလုပ်ရဖို့ ခက်တဲ့ဟာ ဟန်သော်လင်း လို ဆယ်တန်းမအောင်တဲ့ကောင်က ဘာအလုပ်လုပ်ရမလဲ ။တစ်လတစ်သိန်းကျော် နှစ်သိန်းရဖို့တောင် သေချာပါ့မလား မသိ။ဒီလို တွေးလိုက်မိတော့ ဟန်သော်လင်းစိတ်ထဲမှာ အလင်းချိုကို မြင်ယောင်လိုက်မိတယ်။မိန်းမသားတန်မဲ့ အမြင်လှသလောက်ပင်ပန်းလှတဲ့ သစ်ပင်စိုက်တဲ့အလုပ်ကို လုပ်ပြီး ဘ၀ကိုရုန်းကန်နေရှာတာ။ သူမကို ကြည့်လိုက်ရင် မျက်နှာလေး တစ်ပြုံးပြုံးနဲ့ သောက မရှိသလိုပါပင်။ဒေါ်လေးစန်းဆီက ကြားရသလောက်ဆိုရင်ဖြင့် အလင်းချိုရဲ့ ဘဝလေးကလဲ ဟန်သော်လင်းရဲ့ ဘ၀နဲ့ ထူးမခြားနားပါပဲ။
~~~~
"အိမ်ပြောင်းမယ်ဟုတ်လား အန်တီ...ဘယ်ကိုပြောင်းမှာလဲဟင် ... ဒီမှာ မနေတော့ဘူးလား "
အလင်းချိုအန်တီနွယ့်ကို အလန့်တကြားနဲ့ မေးလိုက်မိတယ်။
"အဝေးကြီးကို ပြောင်းမှာမဟုတ်ပါဘူးသမီးရယ် ... ဟိုဘက်လမ်းထိပ်ကအိမ်ကိုပါ ...အကြာချည်းလဲ မဟုတ်ပါဘူး မ်ား ဒီမှာအိမ်ပြင်ဆောက်နေတုန်းပါပဲ ....သမီးသူငယ်ချင်းက အန်တီတို့ကို ဈေးမရောင်းခိုင်းတော့ဘူးလေ "
ဒေါ်အေးမြနွယ်က ငိုမဲ့မဲ့မျက်နှာလေးဖြစ်သွားတဲ့အလင်းချိုကိုကြည့်ပြီး ပြောလိုက်တယ်။
"တော်ပါသေးရဲ့ ....သမီးက စိတ်ပူသွားတာပဲ ..သဲသဲလေးနဲ့လဲ မခွဲနိုင်ဘူးလေ "
" ဪ...သဲသဲနဲ့မခွဲနိုင်ဘူးဆိုတော့ အန်တီတို့နဲ့တော့ ခွဲနိုင်တယ်ပေါ့လေ ..."
"မဟုတ်ပါဘူး အန်တီရဲ့ ...ပြောင်းမယ့်နေ့ကို ကြိုပြောနော်...သမီး လာဝိုင်းရွေ့ပေးမယ် "
~~~~
"အလင်းချို နင့်ကို မေးစရာရှိတယ်...နင် မှန်မှန်ဖြေ "
အိမ်သန့်ရှင်းရေးလုပ်နေတုန်း ရှေ့က ပိတ်ရပ်ပြီး မေးလိုက်တဲ့ အသံကြောင့် အလင်းချို မော့ကြည့်လိုက်မိတော့ ကြည်ပြာ့ကို တွေ့လိုက်ရတယ်။
"ဘာမေးမလို့လဲ မေးလေ "
"နင်နဲ့ဟန်သော်လင်းကြိုက်နေကြတာလား "
ကြည်ပြာ့အမေးကြောင့် အလင်းချို အံ့ဩသွားမိပြီး ပြန်မေးလိုက်တယ် ။
"ငါတို့က ရိုးရိုးသားသားခင်နေကြတာပါ ..ဘာမှမပတ်သက်ဘူး...ဘာဖြစ်လို့ မေးတာလဲ "
"မပတ်သက်လဲ ပြီးတာပဲလေ ... တော်ကြာနင့်အမေနဲ့တူပြီး လှေနံနှစ်ဖက်နင်းနေမှာစိုးလို့လေ ... နေမခလား ..ဟန်သော်လင်းလား တစ်ယောက်ပဲရွေး ... ယောကျာ်းတိုင်းကို မြူဆွယ်မနေနဲ့အုံး ...ငါလဲ ဟန်သော် လင်းကို ပြောပြလိုက်ပါတယ် ... နင်က တစ်ခြံကျော်မှာနေတဲ့ နေမခဆိုတဲ့လူကို ကြိုက်နေတာလို့ "
ပြောပြီးတာနဲ့ စက်ဘီးပေါ်ကို တက်ပြီး ခပ်မြန်မြန်နင်းထွက်သွားတဲ့ နေမခကို ငေးကြည့့်ပြီး အလင်းချို နားမလည် နိုင်အောင် ဖြစ်နေမိတယ်။သူက အလင်းချို ကိုင်မင်နေတုန်းပဲလား။ မခင်တော့ဘူးလား ဆိုတာကိုလဲ အလင်းချိုမှာ မဝေခွဲနိုင်ဘူး။
~~~~~~~
နေမခရဲ့ တည်တင်းနေတဲ့ မျက်နှာကိုကြည့်ပြီး ဘွား ချိုလဲ စကားမစရဲသလို ဒေါ်အေးမြနွယ်လဲနှုတ်ဆိတ်နေတယ်။
"ညီမလေးကိစ္စမှန်သမျှ နောက်ဆို ကျွန်တော်ဆီမှာပဲ ခွင့်ပြုချက်တောင်းပါ ...အဖေဖောက်ပြန်နေတဲ့ တစ်ချိန်လုံးနဲ့အမေစီးပွားရှာနေချိန် ...အမေ
မကျန်းမမာဖြစ်နေတဲ့တောက်လျှောက်မှာ ...ညီမလေးကို ကျွန်တော်ပဲပြုစုစောင့်ရှောက်ခဲ့ရတာပါ ... တွေ့ချင်ရင် ကျွန်တော်လာတွေ့မယ် ...ညီမလေးနဲ့တွေ့ခွင့်မပေးနိုင်ဘူး ... အဓိက လိုချင်တာကလဲ ငွေပဲမဟုတ်လား "
"မင်းကငရဲကို ဇောက်ထိုးကျမယ့်ကောင် ...ငါတို့ကလဲ ချစ်လွန်းလို့ လာခေါ်နေတယ် မထင်နဲ့ .... သူ့အဘိုးက တွေ့ချင်တယ်ဆိုလို့ လာခေါ်ပေးတာ ...ပြီးတော့ မင်းတို့အဖေကိုလဲ ငါတို့ပဲဆေးကုပေးနေရတာ.. သူ့မယားက ထွက်သွားပြီ သိရဲ့လား ... မင်းမှာ အသိစိတ်ရှိရင်မိဘကို ထောက်ပံ့ပေးသင့်တယ်..."
ဒေါ်ခင်လှက အသက်ကြီးလာသော်လည်း မာန်မာနကဖြင့်တော့ မလျှော့ပါလေ။ သူမ၏ အသံက ဟိုအရင်ကလို မာဆဲ၊ထန်ဆဲပါပင်။
"အဓိကပြောချင်တာက ငွေလိုချင်တာမဟုတ်လား ...ဆေးဖိုးလိုရင် ထုတ်ပေးလိုက်မယ် ... လစဉ်ငွေလဲပို့ပေးလိုက်မယ် ... နောက်နောင်ထပ်မလာကြပါနဲ့ ဘယ်သူနဲ့ မှ မပတ်သက်ချင်ဘူး ...ပြန်ဆက်သွယ်မိရင် ကျွန်တော့်အမေကိုဒုက္ခတွေ ထပ်ပေးကြမှာမဟုတ်လား ...လူဆိုတာ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရမှာပဲ...ငွေထောက်ပံ့ပေးမယ် ဒီထက်တော့ ဘာမှမျှော်လင့်မနေပါနဲ့ .ပြီးတော့ တစ်ခါတည်း မှာလိုက်မယ်... ညီမလေးကို ခိုးတွေ့ဖို့မကြိုးစားကြပါနဲ့ ...ကျွန်တော့်မိသားစုကို စိတ်ဆင်းရဲအောင်လုပ်ရင် ဘယ်သူ့ကိုမှ သည်းခံမှာမဟုတ်ဘူး ...လာရင်း ကိစ္စပြီးရင် ပြန်ကြတော့ "
နေမခက ပြောပြီးတာနဲ့ နေရာကထထွက်သွားတယ်။
"ပြန်မှာပါ ... မင်းနှင်ထုတ်စရာမလိုဘူး ... မင်းလိုအရိုင်းအစိုင်းနဲ့ငါတို့လဲမပတ်သက်ချင်ပါဘူး "
"လာပါ အမေရယ် ပြောမနေနဲ့ ... ကျက်သရေမရှိဘူး "
ဒေါ်ခင်လှ တို့သားအမိက မကျေမနပ်နဲ့ ပြောဆိုနေတယ်။ ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့မှာ ပြဿနာဖြစ်မှာကြောက်လို့ စိုးရိမ်တကြီးနဲ့ ကြည့်နေမိကြတယ်။
"ကဲ ...ပြန်ပါတော့ ယောင်းမရယ်.. ကျွန်မကြည့်ပြောပေးပါ့မယ်... မြေးကြီးက ဒီလောက်ဆိုးတဲ့ သူမဟုတ်ပါဘူး"
ဘွားချိုက ယောင်းမနဲ့တူမဖြစ်သူကို တောင်းတောင်းပန်ပန်နဲ့ ပြန်လွှတ်လိုက်ရတယ်။
~~~~~~~
"ဒေါက်...ဒေါက် ''
"သားကြီး ...အမေဝင်ခဲ့မယ်နော် "
ဒေါ်အေးမြနွယ်က အခန်းတံခါးကိုခေါက်ပြီး သားဖြစ်သူကို အသံပေးလိုက်တယ်။
"ဝင်ခဲ့လေ အမေ ..တံခါးမပိတ်ထားဘူး"
နေမခက မိခင်ကိုပြန်ထူးလိုက်ပြီး လက်တော့ကိုပိတ်လိုက်တယ်။
"ပြန်သွားကြပြီမဟုတ်လား အမေ...ဘာဖြစ်လို့လဲ "
" ဒီလိုပါသားရယ် ...သူတို့က အမေနဲ့ ဘာမှမဆိုင်ပေမဲ့ သားတို့ရဲ့သွေးသားအရင်းတွေလေ...သူတို့ရိုင်းတိုင်းလိုက်ရိုင်းရင် ...သားရောသူတို့နဲ့ ဘာထူးမှာလဲကွယ် ...ပြီးတော့ သားအဘွားရဲ့စိတ်ကို့သိတယ်မဟုတ်လား ... ဘေသူစိမ်းကိုတောင် သနားတတ်တဲ့ သားတို့ရဲ့အဘွားက သူ့အစ်ကိုနဲ့ သူ့တူဖြစ်နေတာဆိုတော့ စိတ်ဘယ်ကောင်းမှာလဲကွယ်.."
ဒေါ်အေးမြနွယ်က သားဖြစ်သူရဲ့ရှေ့က ခုတင်ပေါ်မှာထိုင်လိုက်ပြီးသားကို လေပြေ အေးနဲ့ ပြောလိုက်တယ်။ နားကြည်းစိတ်တွေနဲ့ ပြည့်နှက်နေတဲ့ သားဖြစ်သူရဲ့ရင်ထဲက ဒဏ်ရာတွေကို ဒေါ်အေးမြနွယ်အသိဆုံးမို့ ဒီထက်ပိုပြီးလဲ မပြောရက်ပါလေ။
"ဟုတ်ကဲ့ပါ အမေ ... ကျွန်တော်က သွားမတွေ့ချင်....မပေးချင်မကမ်းချင်လို့ပြောနေတာမဟုတ်ပါဘူး ... တော်ကြာပုံပြင်ထဲကလို ခေါင်းလေးပဲသွင်းပါရစေ ဆိုလို့ ခွင့်ပြုလိုက်တာ ...တစ်ကိုယ်လုံး ဝင်လာသလိုဖြစ်မှာစိုးလို့ပါ....ရှင်းရှင်းပြောရရင် သူတို့တွေနဲ့ မပတ်သက်ချင်တော့ဘူး အမေရာ ...အမေ့ကို တခြားယောကျာ်းတွေနဲ့ ပတ်သက်တာကို လက်ခံနိုင်ချင်နိုင်မယ် အဖေနဲ့တော့လုံးဝမပတ်သက်စေချင်တော့ဘူး ...."
နေမခရဲ့စကားသံက အေးဆေးပေမဲ့ ပြတ်သားလေ၏။ဒေါ်အေးမြနွယ်မှာ ထပ်ပြီး အထွန့်တက်၍ ပြောစရာစကားလဲ မရှိတော့ပါ။ သားကြီး၏ရင်ထဲတွင် စူးဝင်နေတဲ့ဆူးကို ဒေါ်အေးမြ နွယ်မနှုတ်ပေးနိုင်မှန်း သိရှိပြီးသား မဟုတ်လား။ထိုဆူးကိုနှုတ်ပေးနိုင်မယ့် တစ်ယောက်ယောက်တော့ တစ်နေ့မှာ ပေါ်လာပါစေလို့ပဲ ဒေါ်အေးမြနွယ်စိတ်ထဲက ဆုတောင်းနေမိပါတယ်။
~~~~
"ဖိုးသော် လမ်းကြောင်းတွေမကောင်းဘူးနော်... ခုလထဲ မင်းခဏငြိမ်နေလိုက်အုံး ... ပြီးတော့ သူဋ္ဌေးမစိတ်မကြည်အောင် မင်းဘာလုပ်ထားလဲ ပြော ..ခုတလော သူဌေးမက မမမိုးကို ရန်လုပ်နေသလိုပဲ "
မိုးသူဇာက ဟန်သော် လင်းဘေးက ခုံမှာဝင်ထိုင်ရင်းပြောလိုက်တယ်။
ဧကြည်ဖြူ
" သံယောဇဉ် ကမ်းပါး "
အပိုင်း ( ၂၂ )
********
ဒေါ်အေးမြနွယ်က အိမ်ရှေ့မှာရပ်နေကြတဲ့ သားဖြစ်သူနဲ့စံမဒီကိုကြည့်နေမိတယ်။နေမခကအလင်းချိုတို့အိမ်ဘက်ကို ကြည့်ပြီး မျက်နှာထားကတင်းသွားပြီး အိမ်ထဲကို၀င်လာတာမို့ ဒေါ်အေးမြနွယ်လည်း ဆိုင်ရှေ့ကိုထွက်ပြီး အလင်းချိုတို့ခြံဘက်ကို မသိမသာလှမ်းကြည့်လိုက်မိတယ်။အဲ့ဒီအခါကားဖြူလေးပေါ်ကို တက်သွားတဲ့အလင်းချိုကို ဒေါ်အေးမြနွယ်တွေ့လိုက်ရတယ်။ မြင်ကွင်းကိုကြည့်ပြီး ဒေါ်အေးမြနွယ် သက်ပြင်းကို ချလိုက်မိတယ်။ ဒီကားလေးက အလင်းချိုဆီမှာ ပန်းပင်တွေ မကြာခဏလာဝယ်တတ်တာ ။ ကားပိုင်ရှင်ကောင်လေးက ရုပ်ရည်သားသားနားနားလေးဆိုတာကိုလဲဒေါ်အေးမြနွယ်သိနေတယ်။လူငယ်တွေရဲ့ကိစ္စက ဒေါ်အေးမြနွယ်နဲ့ မဆိုင်ဘူးဆိုပေမဲ့ အလင်းချိုလေးကိုတော့ဖြင့် သံယောဇဉ်တွယ်နေမိတာမို့ ဒေါ်အေးမြနွယ်စိုးရိမ်နေမိတယ်။အလင်းချိုလေးကိုသားဖြစ်သူက ချစ်မြတ်နိုးတယ်ဆိုရင်ဖြင့်လည်း ဒေါ်အေးမြနွယ်ကလဲချွေးမ အဖြစ်လက်ခံဖို့အသင့်ပါပင် ။ပြီးရင်တော့မိမိလို မခံစားရအောင်ချွေးမကို သားသမီးတစ်ယောက်လိုသဘောထားဖို့အဆင်သင့်ပါပင်။
~~~~~~~
"ကလင် ...ကလင် ...ကလင်"
လမ်းဘေးကို ကပ်လျှောက်နေပါရဲ့နဲ့ နောက်ဘက်ကနေ စက်ဘီးဘဲလ်ကို အဆက်မပြတ် တီးနေတာမို့ အလင်းချိုလမ်းဘေးမှာဆင်းရပ်နေလိုက်တယ်။တကယ်ဆိုမနက်စောစောပဲ ရှိသေးတာမို့ လမ်းပေါ်မှာ လူရောကားရောရှင်းနေတာပဲကို။အလင်းချို လမ်းဘေးတစ်နေရာမှာ ကပ်ပြီးရပ်လိုက်တဲ့အချိန်မှာပဲ စက်ဘီးက အလင်းချိုရဲ့ဘေးမှာ ရပ်တန့်သွားတယ်။စက်ဘီးပေါ်ကလူကို တွေ့လိုက်ရတော့ အလင်းချိုရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲတုန်သွားမိပြီး လက်ထဲက စျေးခြင်းတောင်းက ပြုတ်ကျတော့မလိုပင် ဖြစ်သွားတယ်။အလင်းချိုတုန်တုန်ရီရီနဲ့ဖြစ်နေမိတုန်းမှာပဲ နေမခက စက်ဘီးပေါ်ကဆင်းလာတယ်။
"နေကောင်းလား "
" အင်း ...နင်ရော "
နှုတ်ဆက်စကားတွေက သိပ်တော့ အဆီအငေါ်မတည့်ကြဘူးပေါ့။အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ ကွဲကွာခဲ့ကြရပြီး အသက်နှစ်ဆယ့်ငါးနှစ်မှ ပြန်တွေ့လိုက်ရတော့ နှစ်ယောက်လုံးဆီမှာ ပြောစရာစကားတွေရှားပါးနေခဲ့တာလား။ ဒါမှမဟုတ် ပြောစရာ မလိုကြတော့တာလား မသိတော့။သူရောဈေးသွားမလို့လား။ တမင်အလင်းချို နောက်ကလိုက်လာတာများလားလို့တွေးလိုက်မိတော့ အလင်းချိုရင်ထဲ တဖျပ်ဖျပ်နဲ့ လှုပ်ရှားလာတယ်။
" ခြံထဲမှာ သစ်ပင်တွေ အတော်ဖြစ်တယ်ဆို ...အရောင်းအဝယ်လဲ သွက်တယ်ဆို"
"အင်း ... လာကြည့်ပါလား " ပြောပြီးမှအလင်းချို ပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ်။အလင်းချိုတို့အိမ်ကို နေမခကသိပ်မုန်းတာလေ။ဟိုအရင်တုန်းကဆို အလင်းချိုကိုခေါ်ချင်ရင်တောင် အိမ်ရှေ့ထိ ဘယ်တော့မှကိုယ်တိုင်လာခေါ်ခဲ့တာမဟုတ်ဘူး.။ သဲသဲလေးကိုပဲခေါ်ခိုင်းတာလေ။ သူ့အကြောင်းပြချက်ကလဲရှင်းတော့ရှင်းသား ။ "မင်းတို့ အမျိုးတွေကိုကြည့်လို့မရဘူး...ဖြစ်နိုင်ရင် အဲ့လိုလူတွေနဲ့ပတ်ကို မပတ်သက်ချင်တာ ...မင်းလဲအဲ့ဒီမှာ မနေသင့်ဘူး ..လူဆိုတာ အတိုင်းအတာတစ်ခုထက်ပိုပြီး သည်းမခံရဘူး ... သည်းခံပါများရင် ပိုပြီးအနိုင်ကျင့်ကြလိမ့်မယ်" ဒီစကားတွေက အလင်းချိုကိုတွေ့တိုင်း နေမခပြောနေကြစကားတွေပေါ့။
"မင်းက ဘ၀တိုးတက်ဖို့အတွက် ...ကိုယ်တိုင် မကြိုးစားဘဲ ဖြတ်လမ်းက လိုက်ဖို့လုပ်နေတာလား"
"ရှင် ...ဟင် ...ဘာ ... ဘာကိုပြောတာလဲ "
အလင်းချို ကိုယ့်ဘာသာ အတွေးများနေမိချိန်မှာ မျက်နှာထားတင်းတင်းနဲ့ ပြောလာတဲ့ နေမခစကားကြောင့် အံ့ဩပြီး ပြန်မေးလိုက်မိတယ်။
သူ့ကိုအူတူတူ မျက်နာပေးနဲ့ကြည့်ပြီး ပြန်မေးလာတဲ့ အလင်းချိုကို ကြည့်ပြီး နေမခ စိတ်မရှည်ချင်တော့။
"မင်းကို ကိုယ့်ဘဝတိုးတက်ဖို့ ကိုယ်တိုင် ကြိုးစားဖို့ပြောနေတာကွ ...ကိုယ်ပိုင်ကားလေးစီနိုင်ပြီး ရုပ်လေးကြည့်ကောင်းတာနဲ့ အထင်ကြီးမနေနဲ့...ယောကျာ်းတွေက လူလည်တွေချည်းပဲ ...မင်းလို နုံနုံအအပုံစံနဲ့ဆို ဒုက္ခရောက်သွားမယ် .... ကိုယ်ပိုင် ကားလေးနဲ့ လာခေါ်တိုင်း ပျော်မနေနဲ့"
ပြောချင်တာကို တိုက်ရိုက် မပြောဘဲ သွယ်ဝိုက်ပြောနေတော့ အလင်းချို ဖြုန်းခနဲ သဘောမပေါက်နိုင်ဘူးပေါ့။နောက်ဆုံးစကားကို ကြားတော့မှအလင်းချိုရဲ့ မျက်လုံးထဲမှာဟန်သော်လင်းရဲ့ပုံရိပ်ကို ဖျတ်ခနဲမြင်ယောင်လိုက်ပြီး ခေါင်းကိုဆတ်ခနဲခါယမ်းလိုက်မိတယ်။
" ကိုယ်ပိုင်ကားနဲ့ ရုပ်ချောချောဆိုတော့ ..ကိုလင်းကို ပြောတာလား ... သူက သူငယ်ချင်းပါ..ပြီးတော့ ကားလဲအလကား လိုက်စီးတာမဟုတ်ပါဘူးနော်..ပိုက်ဆံပေးပြီးစီးတာပါ "
ကိုယ့်ဘာသာ အလောတကြီး ရှင်းပြလိုက်ပြီးမှ အလင်းချိုရှက်အမ်းအမ်းဖြစ်သွားမိတယ်။သူကတော့ စက်ဘီးကိုလက်တစ်ဖက်နဲ့ကိုင်ပြီး အလင်းချိုကို ရုပ်တည်ကြီးနဲ့ ကြည်နေတယ်။
"မင်းအသက် နှစ်ဆယ်ငါးနှစ်မပြည့်သေးဘူးမဟုတ်လား ....အချိန်တွေအများကြီးကျန်သေးတယ် ... အချစ်ရေးတွေ အိမ်ထောင်ရေးတွေကိုမစဉ်းစားနဲ့အုံး ...မင်းအခုစဉ်းစားရမှာက ..အကျင့်မကောင်းတဲ့ မင်းအမျိုးတွေရဲ့ အရိပ်အောက်က ထွက်ပြီး ကိုယ့်ဘဝတိုးတက်ဖို့ပဲကြိုးစား ...သွားတော့မယ် "
" အိမ်ဆောက်ပြီးသွားရင် တော့ ဝယ်မယ် မမစံ...."
နေမခနဲ့ စံမဒီစကားပြောလာရင်းကနေ ကားကနေမခ တို့အိမ်ရှေ့ကို ရောက်မှန်းမသိရောက်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ နေမခကားပေါ်ကဆင်းလိုက်ပြီး စံမဒီကိုခေါ်နေတဲ့အချိန်မှာပဲ အလင်းချိုတို့ ခြံရှေ့မှာ ယောကျာ်းတစ်ယောက်နဲ့အတူ ခြံထဲကထွက်လာတဲ့ အလင်းချိုကို တွေ့လိုက်ရတာမို့ နေမခသတိလက်လွတ်နဲ့ကြောင်ငေးကြည့်နေမိတယ်။နေမခ ကြည့်နေတုန်းမှာပဲ အလင်းချိုကလဲ နေမခရှိရာဆီကို လှမ်းကြည့်ပြီးတော့ ငေးနေတယ် ။
"နေမခ ဘာတွေငေးနေတာလဲ အိမ်ထဲဝင်ကြရအောင်လေ "
စံမဒီက ငြိမ်သက်စွာ ရပ်နေတဲ့ နေမခလက်မောင်းကို ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်တယ်။
"ဟုတ် ... ဟုတ်ကဲ့ ..၀င်ကြစို့လေ မမစံ"
~~~~~~
အလင်းချိုက ဟန်သော် လင်းရဲ့ကားပေါ်ကိုတက်ခါနီးမှာ အန်တီနွယ်တို့ဆိုင်ရှေ့မှာရပ်နေတဲ့လိုက်ဖက်လွန်းလှတဲ့ နှစ်ယောက်သားကို ငေးကြည့်နေမိတယ်။
"တက်လေ အလင်း "
ဟန်သော်လင်းက ကားဘေးမှာ ငူငူငေါင်ငေါင်နဲ့ ရပ်နေတဲ့ အလင်းချို ကိုလှမ်းခေါ်လိုက်တယ်။
@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၂၂ ) ဆက်ရန်
ဧကြည်ဖြူ
ကလေးအများစုကဟန်သော်လင်းခေါ်လာခဲ့တာပဲမဟုတ်လား။
"မိုးတွင်းဆိုတော့ အလှူခံတွေ ထွက်ရတာလဲ အဆင်မပြေဘူး ဒကာလေးရဲ့ ...ဒီကြားထဲ ဒကာဒကာမတွေကလဲ ဘုန်းကြီးတစ်ပါးနှစ်ပါး လောက်နဲ့ မိဘမဲ့ ကလေးတွေအတွက် အလှူခံတယ်ဆိုရင် အယုံအကြည်နည်းပြီး သိပ်မလှူချင်ကြဘူး ....အနည်းဆုံးတော့ လေးငါးဆယ်ပါးကြွမှ အလှူငွေလေး မဆိုစလောက်ရတာ ...."
ဆရာတော်ကြီး မိန့်ကြားတဲ့စကားကိုကြားတော့ ဟန်သော်လင်း သက်ပြင်းချမိတယ်။ကျောင်းရှိသံဃာကုန်ပေါင်းမှ ဆယ်ပါးမပြည့်။ပြီးတော့ သက်တော်ကြီးနေပြီဖြစ်တဲ့ ဆရာတော်ကြီးနဲ့ ဘုန်းဘုန်းတွေက ဒီလမ်းခရီးကို ဘယ်လို လျှောက်နိုင်လေမလဲ။
"တပည့်တော် တတ်နိုင်သလောက် အလှူငွေရှာကြည့်ပါအုံးမယ် ဘုရား ...ဒီကြားထဲလဲ ကလေးတွေထပ် မခေါ်လာတော့ပါဘူးဘုရား "
ကျောင်းထဲက ပြန်ထွက်လာတဲ့အချိန်မှာ ဟန်သော် လင်းရင်ထဲမောနေမိတယ်။ဝါဆိုဝါခေါင်မိုးကလဲ လမ်းတွေကိုပယ်ပယ်နယ်နယ်ကို ဖျက်ဆီးထားတာ။တကယ်လို့ လမ်းသာကောင်းသွားခဲ့ရင်ဖြင့် ဒီလောက်ထိ ဒုက္ခများလိမ့်မယ်မထင်ပါ။
~~~~
" သမီးသူငယ်ချင်းက အလုပ်များနေလိုတဲ့လေ .. အဲဒါသူအားတဲ့နေ့ကို စောင့်နေရင် လက်ဆောင်ထုတ်က ကြာနေမှာစိုးလို့ .... အန်တီနွယ်က ယူလာပေးတာ "
ပြောပြောဆိုဆိုနဲ့ အန်တီ နွယ်က အထုတ်တစ်ထုတ်ကို အလင်းချိုကို ကမ်းပေးလာတယ်။အလင်းချိုယောင်နနနဲ့ အန်တီနွယ်ပေးတဲ့ အထုတ်ကိုလှမ်းယူလိုက်တယ်။ဘာပဲဖြစ်ဖြစ် အလင်းချိုအတွက် သတိတရနဲ့လက်ဆောင်ပါလာတာကိုပဲ ရင်ထဲလှိုက်ခနဲ
ကြည်နူးသွားမိပြန်တယ်။
~~~~~~~
"တီ ...တီ..တီ "
ခြံရှေ့က ကားဟွန်းသံကြောင့် အလင်းချိုမြေဆွေးတွေထုတ်နေရင်းကနေ ခြံရှေ့ကို ကြည့်လိုက်မိတော့ ဟန်သော်လင်းရဲ့ ကားကိုတွေ့လိုက်ရတာမို့ ခြံရှေ့ကိုထွက်လာခဲ့လိုက်တယ်။အိမ်မှာ ကြီးကြီးအေးတို့မိသားစုတွေမရှိတာမို့ အလင်းချို စိတ်အေးလက်အေးနဲ့ ခြံဝကို ထွက်လာခဲ့တယ်။
ဟန်သော်လင်းက ကားထဲက ထွက်ဖို့လုပ်လိုက်ရင်းကနေ ခြံ၀ကို လျှောက်လာတဲ့ အလင်းချိုကို ငေးကြည့်နေမိတယ်။အလုပ်လုပ်နေရာက ထလာပုံရတဲ့ အလင်းချိုရဲ့ ပုံစံက ဟန်သော်လင်းရဲ့နားမှာ ရစ်ဝဲနေတဲ့ အလှအပတွေနဲ့တော့ ကွာလွန်းလှတယ်။ဒီလိုကွာခြားလွန်းနေတဲ့ ဒီပေတိပေစုတ်ရုပ်ဆိုးမလေးဆီကို သူဘာလို့ အကြောင်းမရှိအကြောင်းရှာပြီး လာနေမိလဲဆိုတာကို ဟန်သော်လင်း ကိုယ်တိုင်လဲမသိဘူး။ အခုလဲ စိတ်လေလေနဲ့ ကားလျှောက်မောင်းနေရာက ဒီကို မောင်းလာခဲ့မိပြန်တာ။
"ကားဆရာကြီး ..အလုပ်တွေ ကောင်းနေတာလား .. မတွေ့တာကြာပြီ ...ဒါနဲ့ အတော်ပဲ ခဏနေရင် ပျိုးပင်လေးတွေ သွားပို့မလို့ ကားအားတယ်မဟုတ်လား ... အားရင် ခုတစ်ခါတည်းတင်ထားလိုက်မယ် "
အလင်းချိုက ခြံတံခါးကို ဖွင့်ပေးရင်းနဲ့ မေးလိုက်တယ်။
" အားပါတယ် ဒေါ်အလင်းရယ်...မင်းရော ဘယ်လိုလဲ အရောင်းသွက်ရဲ့လား "
" အရောင်းသွက်တာ မသွက်တာထက် မိုးတွင်းဆိုတော့ ပျိုးပင်တွေသေပြီး အရင်းမပြုတ်အောင်ပဲ ဂရုစိုက်နေရတာ ...အားလပ်ချိန်တောင် သိပ်မရှိဘူး "
အလင်းချိုဆီက ညည်းညူတဲ့ စကားသံကို ကြားလိုက်ရတော့ ဟန်သော် လင်းစိတ်မကောင်းဖြစ်သွားမိတယ်။
"အလင်း မင်းကဘွဲ့ရပြီးသား မဟုတ်လား...အပြင်အလုပ်ထွက်လုပ်ပါလားကွာ...အပင်စိုက်တဲ့ အလုပ်ကပင်ပန်းပါတယ် "
ဟန်သော်လင်းလွှတ်ခနဲ ပြောလိုက်မိတယ်။
"အပြင်မှာ လှတပတလေး အလုပ်ထွက်လုပ်ချင်တာပေါ့ ...ဒါပေမဲ့ လခစား၀င်ငွေနဲ့ သုံးယောက်စာအိမ်စရိတ်က လောက်မှာမဟုတ်ဘူးလေ...."
အလင်းချိုက ဟန်သော်လင်းကို စိတ်ထဲကရင်းနှီးခင်မင်နေပြီမို့ ဟန်သော်လင်းနဲ့စကားပြောတဲ့အခါ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပင်ပြောပစ်လိုက်မြဲ။အလင်းချိုအတွက် ဟန်သော်လင်းကဒုတိယမြောက် ယောကျာ်းလေးသူငယ်ချင်းဖြစ်ပေမဲ့ နေမခထက်စာရင်ပိုပြီး စိတ်အေးလက်အေးနဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ပါပင်။
~~~~~~
"အလင်းရေချိုးလိုက်အုံးမယ် .... ရှင် ခဏလောက်ထိုင်စောင့်နေနော် ... ပျင်းရင် ဒေါ်လေးစန်းနဲ့ စကားပြောပေါ့ "
အလင်းချိုက ဟန်သော်လင်းကို အိမ်ရှေ့ခန်းမှာထားခဲ့ပြီး မိမီအခန်းရှိရာကို လျှောက်ခဲ့လိုက်တယ်။
~~~~
"ပျင်းနေပြီလား"
အသံနဲ့အတူ အနားကို ရောက်လာတဲ့ အလင်းချိုကို့ဟန်သော်လင်း ငေးခနဲ ကြည့်လိုက်မိတယ်။ အလင်းချိုကနီညိုရောင်တီရှပ်အင်္ကျီရယ်ထုံးစံအတိုင်းဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတယ်။ဆံပင်ကိုလဲ ခပ်မြင့်မြင့်လေးစည်းနှောင်ထားတယ်။ နဖူးပြောင်ပြောင်လေးပေါ်မှာ ဆံပင်တစ်ချို့ကဝေ့ဝဲကျနေပြီး မျက်ခုံးနက်နက်လေးတွေက ဆိုတာထင်းနေတာပဲ။ ခါတိုင်းဆို ရှပ်အင်္ကျီလက်ရှည်ပွပွကြီးတွေနဲ့ တွေ့မြင်နေကျမို့ အခုလို ကိုယ်လုံးနဲ့ ကွက်တိဖြစ်နေတဲ့ တီရှပ်အင်္ကျီလေးဝတ်ထားတော့ အမြင်ဆန်းပြီး ကြည့်ကောင်းနေတယ်။
"လာလေ ...သွားကြစို့ .... ဒီနေ့ ပလာဇာဘက်လဲ သွားချင်လို့ ... ကားအားတယ် မဟုတ်လား "
"အင်း ... အင်း ...အား ..အား ပါတယ်ကွ "
~~~~~~
"မင်းလဲ ကားတစ်စီးလောက် ဝယ်သင့်ပြီထင်တယ်နော် နေမခ "
"မဟုတ်သေးပါဘူး အမေ ... အခုလောလောဆယ်တော့ မမစံရော ကျွန်တော်ရော စီးပွားရေးပဲ စိတ်ဝင်စားကြတယ် .. ကျန်တာတွေကို အချိန်မပေးနိုင်သေးဘူး ....အလုပ်တွေ အဆင်ပြေသွားရင်တော့ ကျွန်တော့်တို့ တွဲဖြစ်ကြမယ်ထင်တယ် ... ကျွန်တော်တို့က ခံယူချက်ချင်းလဲတူကြတယ်လေ"
နေမခက မိခင်ဖြစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်။
ဒေါ်အေးမြနွယ်က သားဖြစ်သူကို ဘာမှပြန်မပြောဘဲ ငေးကြည့်နေမိတယ်။
"အမေနဲ့ အဘွားကို တိုင်ပင်စရာရှိတယ် "
နေမခဆီက ထပ်မံထွက်ပေါ်လာတဲ့စကားကြောင့် ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့ နေမခကို ပြိုင်တူ ကြည့်လိုက်မိကြတယ်။
"ကျွန်တော်တို့အိမ်ကို ပြင်ဆောက်မယ် ...ပြီးတော့ အမေနဲ့ အဘွားလည်း ဈေးမရောင်းကြနဲ့တော့...."
ဘွားချိုနဲ့ ဒေါ်အေးမြနွယ်က နေမခရဲ့စကားကြောင့် အံ့ဩတကြီးဖြစ်သွားကြပြီး ပြိုင်တူလိုလို ပြောလိုက်ကြတယ် ။
" ဘာလို့စျေးဆိုင်ကို ပိတ်ရမှာလဲ သားရယ် ... ဆိုင်က ဒီလောက် အရောင်းသွက်နေတာကို...ပြီးတော့ အိမ်ဆောက်ဖို့ဆိုတာက ငွေက မနည်းကုန်မှာမဟုတ်လား "
"အိမ်ကနေလို့ရနေတာပဲ မြေးကြီးရယ်... ဘာလို့အပိုအကုန်ခံနေမှာလဲ "
"အိမ်ဆောက်ဖို့က မပူပါနဲ့...ဟိုမှာနေကတည်းက အိမ်ဆောက်ဖို့အတွက်ဆိုပြီး လတိုင်း ငွေစုထားတာ..အဘွားတို့ကို အိမ် ကောင်းကောင်းနဲ့ ထားနိုင်ဖို့က ကျွန်တော့်ရည်မှန်းချက်ပဲ ... ပြီးတော့ ဈေးမရောင်းနဲ့တော့ ဈေးဆိုင်ကအရမ်းပင်ပန်းတယ် ... အိပ်ချိန်မမှန် စားချိန်းမမှန်နဲ့ .. အမေနဲ့ အဘွားကို နားစေချင်နေပြီ "
"အမယ်လေး ငါ့သားရယ် ...မင်းအမေက အသက်လေးဆယ်ကျော်ပဲ ရှိပါသေးတယ ...အလုပ်လုပ်နိုင်ပါသေးတယ်သားရယ် "
ဒေါ်အေးမြနွယ်က သားဖြစ်သူကို ပြောလိုက်တယ်။
"သိတာပေါ့ အမေရ ....ကျွန်တော့်အမေက အခုမှအသက်လေးဆယ်ကျော်ပဲ ရှိသေးတာ ...ဘ၀ကို ဆင်းရဲဒုက္ခတွေပဲခံမနေနဲ့တော့ ...ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရအောင် ကျွန်တော်ကလုပ်ပေးမှာ ...အမေအလုပ်လုပ်ချင်တယ်ဆိုရင်လဲ တခြားသက်သာမဲ့ အလုပ်ကို စဉ်းစားကြတာပေါ့ ... အဘွားလဲ ဘာမှမပြောနဲ့တော့နော် ကျွန်တော်ပြောတဲ့အတိုင်းပဲ လက်ခံကြပါ "
နေမခက ပြတ်ပြတ်သားသားပြောလာတော့ ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့ ရှေ့ဆက်ပြီး ဘာပြောရမှန်းမသိကြတော့ဘူး..။
"ကျွန်တော်နဲ့မမစံ ပူပေါင်းပြီး စတိုးဆိုင်ကြီးတစ်ခုဖွင့်ဖို့ စီစဉ်ထားတယ် ... မမစံတို့ မိသားစုကတော့ ရှယ်ယာပိုများတာပေါ့ ...ကျွန်တော်ကတော့ နိုင်သလောက်စိုက်ရမယ် ..."
အားမာန်အပြည့်နဲ့ ပြောနေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဒေါ်အေးမြနွယ်က ခပ်တိုးတိုးမေးလိုက်မိတယ်။
"သားပြန်ရောက်ကတည်းက အလင်းချိုနဲ့ မတွေ့ရသေးဘူးလား ...သား သူ့ကိုနှုတ်မဆက်ဘူးလားကွယ် .. သူ့အတွက် လက်ဆောင်ရောမပါဘူးလား..သားမရှိတဲ့အချိန်မှာ အလင်းချိုလေးက အမေတို့ကို သားကိုယ်စား ကူညီလုပ်ကိုင်ပေးထားတာကွဲ့ ....ပြီးတော့ သူ့ခမျာသားပြန်လာမယ့်သတင်းကို ကြားပြီး ပျော်နေရှာတာ "
မိခင်ရဲ့ စကားကြောင့် နေမခ ငိုင်တွေသွားမိတယ်။ ပြီးတော့ အမှတ်သည်းခြေရှိပုံမရတဲ့ မျက်လုံးနက်နက် လေးတွေကို ဖျတ်ခနဲ မြင်ယောင်လိုက်မိတယ်။နေမစခေါင်းကို မသိမသာ ခါယမ်းလိုက်မိတယ်။
"အင်း...သူ့အတွက် လက်ဆောင်ပါပါတယ် အမေ ...ကျွန်တော် မအားလို့ မပေးဖြစ်တာပါ ... အမေပဲ ပေးလိုက်ပါ အမေရယ် "
နေမခက မိခင်ကိုပြောလိုက်ပြီး စကားစကို ဖြတ်ကာ နေရာမှထထွက်လာခဲ့တယ်။
~~~~
ဟန်သော်လင်းက ကျောင်းထိုင်ဆရာတော်ကြီးရဲ့ရှေ့မှာတိတ်ဆတ်စွာ ထိုင်နေမိတယ်။လူက တိတ်ဆိတ်စွာ ထိုင်နေရပေမဲ့ ဟန်သော်လင်းရဲ့ရင်ထဲမှာတော့ ဗလောင်ဆူနေသလို ခံစားနေရတယ်။
"ဒကာလေးကိုလဲ ...ဘုန်းဘုန်းတို့က အားနာလှပါပြီ...ဒီလူအုပ်နဲ့ ဒီကျောင်းကအဆင်မပြေလှဘူး ...စားဝတ်နေရေးထက်ပညာသင်ရေးကလဲ ခက်တယ် ... သူတို့ အကုန်လုံးကို အလယ်တန်းကျောင်းပို့နိုင်ဖို့ ဆိုတာလဲ မလွယ်လှဘူး ...အရင်က ဆယ်ယောက် ဆယ့်ငါးယောက်ပဲရှိတဲ့ ကျောင်းက အခုရာကျော်နေပြီ ဒကာလေး ... "
ကျောင်းထိုင်ဆရာတော်ကြီးက ဆက်မပြောဘဲ ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတယ်။ရန်ကုန်မြို့ကြီးနဲ့ နီးရဲ့နဲ့ဝေးနေတဲ့ ဒီနေရာလေးကအလှူရှင်တွေအတွက် မျက်စိကျစရာ နေရာမဖြစ်ခဲ့တာကလည်း ဝမ်းနည်းစရာပါပင်။အဓိကကတော့ လမ်းခရီးဆိုးခြင်းကြောင့်ပါပင်။လမ်းတွေက မိုးတွင်းဆိုရင်ရွံ့ဗွက်အတိနဲ့ စက်ဘီးဆိုင်ကယ်လဲသွားမရ ပြုမရ။နွေဘက်ဆိုရင်တော့ ဖုန်တထောင်းထောင်းထနေပေမဲ့ စက်ဘီး၊ ဆိုင်ကကယ်ဖြင့် သွားလာ၍ ရတာကြောင့် အဆင်ပြေနေသေး၏။ဘုန်းကြီးကျောင်းနဲ့ နီးတဲ့ရွာနီးချုပ်စပ်ဆိုတာကလည်း သူဋ္ဌေးသူကြွယ်တွေ နေကြတာမဟုတ်။ခြံစိုက်စားကြတဲ့ လက်လုပ်လက်စားသမားများပဲရှိတာ။ဒီတော့ဒီကလေးတွေအတွက် လောက်လောက်ငှငှ ဖြစ်ဖို့ဆိုတာက ဆရာတော်ကြီး ပြောသလို သိပ်တော့မလွယ်လှဘူး။လစဉ်လတိုင်း ဟန်သော်လင်း လှူဒါန်းပေးတဲ့ငွေကလဲ သိသိသာသာတိုးပွားလာတဲ့ ကလေးဦးရေ ကြောင့်လောက်ငှမှု သိပ်မရှိဘူးလေ။ ဒီကလေးတွေအတွက် စားဝတ်နေရေးသုံးပါးလုံးအဆင်မပြေနိုင်တော့တာကို ဆရာတော်ကြီးက ဟန်သော်လင်းကို ပြောပြပြီး အကူအညီတောင်းနေတာကလဲ ဟန်သော်လင်းကိုပါဒုက္ခဝိုင်းခံခိုင်းတာတော့ မဟုတ်ရှာဘူး။ အကြောင်းအရင်းက ဒီက
ဧကြည်ဖြူ
" သံယောဇဉ်ကမ်းပါး "
အပိုင်း (၂၁ )
*****
အဖြစ်ပျက်များက ရုပ်ရှင်အနှေးပြကွက်များကို ပြနေသလိုပါပင်။ကြောင်အမ်းအမ်းဖြင့် ရပ်နေတဲ့ အလင်းချိုကိုနေမခက တစ်ချက်စောင်းငဲ့ပြီး ကြည့်လိုက်တယ်။ပြီးတော့ ဧည်သည့်အမျိုးသမီးကိုခေါ်ပြီးအိမ်ထဲကိုပြန်ဝင်သွားတယ်။အလင်းချိုကို အပြုံးလေးနဲ့ပင် နှုတ်ဆက်၍မသွားပါ။ အချိန်အနည်းငယ် ကြာပြီးနောက် ဆိုင်ရှေ့မှာ အလင်းချိုတစ်ယောက်တည်း ငူငူချည်းရပ်ပြီးကျန်ခဲ့တယ် ။ဆိုင်ထဲမှာလည်း အန်တီနွယ်နဲ့ဘွားချိုတို့ရဲ့ အရိပ်အယောင်ကိုပင်မတွေ့ရပါ။အလင်းချို ခေါင်းကို ငိုက်စိုက်ချ၍ အိမ်ဘက်ကို ခြေဦးပြန်လှည့်လိုက်တယ်။
~~~~~~~
"မမစံ ကျွန်တော့်အဘွားနဲ့အမေပါ ...ညီမလေးကတော့ ကျူရှင်သွားနေတယ် "
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင် "
" အဘွားနဲ့ အမေလဲ မှတ်ထားအုံးနော် ... သူကစံမဒီတဲ့... ဘွားဘွားသူငယ်ချင်းရဲ့ မြေးလေ ... "
နေမခက အဘွားဖြစ်သူနဲ့ မိခင်ကို စံမဒီနဲ့ မိတ်ဆက်ပေးလိုက်တယ်။
နေမခရဲ့မိတ်ဆက်စကားကိုကြားတော့ ဘွားချိုတစ်ယောက်မျက်ခုံးကိုပင့်ပြီး တအံ့တသြနဲ့မေးလိုက်တယ်။
"နိုင်ငံခြားမှာသွားနေတယ်ဆို့တဲ့ မမြင့်မော်ရဲ့ မြေးမလေးလား ...ဒီလောက်တောင် အရွယ်ရောက်လာပြီးလား .. မမြင့်မော်မြေးက လှလိုက်တာကွယ် "
သွားချိုရဲ့ အပြောကြောင့် စံမဒီက ကြည်ကြည်နူးနူးလေးပြုံးတယ်။
" သားနဲ့အတူ ပြန်လာကြတာလား "
ဒေါ်အေးမြနွယ်က သားဖြစ်သူရဲ့ မျက်နှာကို မသိမသာအကဲခတ်ပြီးမေးလိုက်တယ်။
"ဟုတ်တယ်အမေ .. ကျွန်တော်နဲ့မမစံ ရန်ကုန်မှာအလုပ်အတူတွဲလုပ်မလို့ ပြန်လာခဲ့တာ ... မမစံရဲ့ အဖေနဲ့အမေကလဲ ရန်ကုန်မှာ ပြန်ပြီး အခြေချချင်နေပြီးတဲ့ ... "
" အင်း ...ကောင်းပါတယ်ကွယ် "
" ကျွန်တော်တို့ အပြင် ခဏသွားလိုက်အုံးမယ်နော် အမေ "
~~~~
နေမခနဲ့ စံမဒီအပြင်ကို ထွက်သွားတဲ့အခါ အန်တီချို တစ်ဖြစ်လဲ ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့ ပြိုင်တူလိုလို ကြည့်လိုက်မိကြပြီး ပြိုင်တူမေးခွန်းထုတ်လိုက်မိကြတယ် ။
" မြေးကြီးနဲ့ ဒီကောင်မလေးကို ကြည့်ရတာ မရိုးသလိုပဲ..သမီးရောဘယ်လိုထင်လဲ အေးမြနွယ် "
"အန်တီမြေးနဲ့ ကောင်မလေးက မေတ္တာမျှနေကြတာများလား...အန်တီရောဘယ်လိုထင်လဲဟင် "
မေးခွန်းကို ပြိုင်တူမေးမိကြပြီးမှ ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြတယ်။
"မမြင့်မော်မြေးလေးက မြေးကြီးထက်တော့အသက်နည်းနည်းပိုကြီးတယ်ထင်တယ်နော် ... ချမ်းသာပုံလဲရတယ် "
ဘွားချိုရဲ့ စကားကို နားထောင်နေရင်း ဒေါ်အေးမြ နွယ်တွေတွေချည်းထိုင်နေမိတယ်။တကယ်ဆိုသားသမီးက ငွေကြေးချမ်းသာတဲ့မိန်းမချောလေးနဲ့ မေတ္တာမျှနေတယ်ဆိုရင်ဖြင့် ဘယ်မိဘက ၀မ်းမသာဘဲနေလေမလဲ။ဒေါ်အေးမြနွယ်ရဲ့ရင်ထဲမှာတော့ ဘာမှန်းမသိတဲ့ ခံစားမှုက၀င်ရောက်နေတယ်။စိတ်ထဲမှာလဲ အလင်းချိုရဲ့ မျက်နှာလေးကို ဖျတ်ခနဲဖျတ်ခနဲ မြင်ယောင်နေမိတယ်။
~~~~~~
ခြောက်ပေ, ဆယ်ပေလောက်သာကျယ်ဝန်းတဲ့ အခန်းထဲမှာ ခုတင်ပိစိလေးတစ်လုံးရယ်နံရံကပ်အဝတ်ဗီရိုတစ်ခုရယ်၊ ပြီးတော့ စာအုပ်ကလေးတွေ အစီအရီတင်ထားတဲ့ စားပွဲခုံပုသေးသေးတစ်လုံး။ ထိုစားပွဲခုံပုလေးရဲ့ဘေးမှာ သနပ်ခါးတုံး၊ပရိုမီနမ်မိတ်ကပ်ဘူးနဲ့ ပါးခြစ်တံ၊ မျက်ခုံးမွှေးခြစ်တံနဲ့ခေါင်းဘီးတွေကို သပ်သပ်ရပ်ရပ်ထည့်ထားတံ့ ကော်ခြင်းလေးတစ်ခြင်းရှိတယ်။ကော်ခြင်းနောက်က နံရံမှာတော့ ကိုယ်တစ်ပိုင်းပေါ်မှန်တစ်ချပ်ကို ထောင်ထားတယ်။ ဒါက ဒီတိုက်ကြီးထဲမှာ အလင်းချိုနဲ့သက်ဆိုင်တဲ့နေရာတစ်ခုပေါ့။ ပိုင်ဆိုင်တာလို့တောင် ပြော၍ မရနိုင်ပါ။
အလင်းချို မှန်ရှေ့မှာထိုင်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုသေချာငေးကြည့်နေမိတယ်။ နက်မှောင်နေတဲ့ ဆံပင်ရှည်တွေကြားက မျက်နှာဝိုင်းဝိုင်းနဲ့ ခဲမဆွဲထားပါဘဲ ထူထူထဲထဲလေး ဖြစ်နေတဲ့ မျက်ခုံးတွေရယ်၊ စူးစူးတောက်တောက်မျက်လုံးတွေရယ်ကိုတွေ့လိုက်ရတယ်။နှုတ်ခမ်းနီမဆိုးပါဘဲ အနည်းငယ်မျှ နီနီထွေးထွေးဖြစ်နေတဲ့ မထူမပါး နှုတ်ခမ်းအစုံနဲ့ အလင်းချိုရဲ့မျက်နှာက မည်းမနေပေမဲ့ ဖြူလဲဖြူမနေခဲ့ပါ။မျက်နှာက မဖြူသလို ခန္ဓာကိုယ်အသားအရောင်ကလဲ အညို ဘက်သို့သန်း၍နေပါလေ၏။အလင်းချိုမှန်ထဲကိုစိုက်ကြည့်နေရင်းမှ နေမခရဲ့ပုံစံကို မျက်စိထဲ မြင်ယောင်၍လာမိတယ်။ ပြီးတော့ ကားပေါ်မှ ဆင်းလာတဲ့ မိန်းမချောလေးကိုလဲ မြင်ယောင်လိုက်မိပြန်တယ်။သူမရဲ့သွင်ပြင်နဲ့ အလင်းချိုရဲ့သွင်ပြင်မှာ သိသိသာသာပင်ကွာခြားလှပါလေတယ်။အလင်းချို မှန်ရှေ့မှာ ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်တယ်။အလင်းချိုဆိုတဲ့ သူမအတွက် ဆုံးရှုံးမှုတွေက ဘာများဆန်းကြယ်လို့လဲလို့တွေးလိုက်မိတော့ လေးပင်မွန်းကြပ်နေတဲ့စိတ်တွေက ပြန်လည် တည်ငြိမ်သွားတယ်။ နာနာကျင်ကျင်နဲ့ ခုန်နေတဲ့ ရင်အစုံကလဲအေးစက်သွားတယ်။အလင်းချို အခန်းထဲက ပြန်ထွက်လာခဲ့တယ်။အလင်းချိုမှာ ခံစားနေဖို့ အချိန်မရှိဘူးလေ။
~~~~~~~
"သားတို့ချင်း မေတ္တာမျှနေကြပြီလား "
မိခင်ရဲ့ အမေးကြောင့် နေမခက မိခင်ကို ကြည့်လိုက်ပြီး
မဲလုံးလေးလိုမဖြစ်စေချင်မိတာ ဟန်သော် လင်းရဲ့စိတ်ရင်းပါပဲ။ဟန်သော်လင်း အံကိုတင်းတင်းကြိတ်လိုက်ပြီး
"ကျွန်တော် လုပ်ပါ့မယ်မမမိုး"
~~~~~~~~
"မမရေ ...မမအလင်း ..."
မနက်စောစောစီးစီးမှာ အသံစာစာလေးနဲ့ ခြံဝကို ရောက်လာတဲ့ သဲသဲလေးကိုကြည့်ပြီး အလင်းချိုစိတ်ထဲ ဒိန်းခနဲဖြစ်သွားမိတယ်။ခုတလော အန်တီနွယ်နဲ့ ဘွားချိုရဲ့ မျက်နှာကသိပ်မကောင်းတာမို့ အလင်းချိုမှာ မေးလဲမမေးရဲဘဲ စိုးရိမ်နေခံရတာလေ။
"သဲသဲ ... ညီမလေး ဘာဖြစ်လို့လဲ "
အလင်းချို ခြံဝကိုပြေးလာခဲ့ပြီး ထိတ်ထိတ်လန့်လန့်နဲ့ သဲသဲကို မေးလိုက်မိတယ်။
"ကိုကို ပြန်လာပြီ မမရဲ့ သိလား ...အဲ့ဒါကျောင်းမသွားခင် မမကို လာပြောပြတာ...သွားပြီနော်မမ ..အိမ်ကို သွားလိုက်အုံး"
ပြောပြောဆိုဆိုနဲ့ သဲသဲက လွယ်အိတ်လေး ယမ်းခါပြီးပြေးထွက်သွားတယ်။အလင်းချိုရဲ့ရင့်ထဲမှာတော့ ထိတ်လန့်မှုကနေ အမည်ဖော်ရခက်စွာ လှုပ်ရှားကျန်ခဲ့တယ်။
~~~~~~~
တစ်မနက်လုံး ချီတုံချတုံဖြစ်နေခဲ့မိတဲ့ အလင်းချို ။နေ့လယ်ရောက်ခါနီးတော့ မနေနိုင်တော့တာနဲ့ အန်တီနွယ်တို့ ဆိုင်ဘက်ကိုသွားဖို့ ခြေလှမ်းပြင်မိတယ်။ နေနိုင်တဲ့သူများနေနိုင်ချက်က ကြားထဲမှာ ခြံလေးတစ်ခြံပဲခြားတဲ့ အလင်းချိုတို့အိမ်ဘက်ကို အရိပ်အယောင်လေးတောင်လာမပြပါဘူး။ မမျှော်နိုင်တော့တဲ့အဆုံးမှာတော့ မနေနိုင်သူအလင်းချိုကပဲ မရဲတရဲနဲ့ အန်တီနွယ်တို့ဆိုင်ဘက်ကို ထွက်လာခဲ့မိတယ်။
~~~~~~
အမြဲလာနေကျဆိုပေမဲ့ ဒီနေ့မှာတော့ အလင်းချိုမဝံ့မရဲဖြစ်နေမိတယ်။ဆိုင်ရှေ့ကိုရောက်တော့လဲ အရင်လို ဆိုခနဲဆတ်ခနဲ ၀င်မသွားရဲပြန်ဘူး။ဆိုင်ထဲကို မသိမသာ လှမ်းကြည့်နေမိတယ်။
"တီ ...တီ ..တီ ...."
" ကျွီ "
" အမေ့ "
အလင်းချို ဆိုင်ထဲကို ချောင်းကြည့်နေမိတုန်းမှာပဲ အလင်းချိုရဲ့ နောက်ကနေ ကျယ်လောင်တဲ့ကားဟွန်းသံနဲ့အတူ ကားကအလင်းချိုနားမှာကပ်ပြီး ရပ်လိုက်တာမို့ လန့်ပြီးအော်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲ အန်တီနွယ်တို့အိမ်ထဲကနေ စကားသံတွေကြားလိုက်ရပြီး အပြင်ကို လျှောက်လာတဲ့ခြေသံတွေကိုပါ ကြားလိုက်ရတယ်။ခြေသံတွေကို နားစွင့်ရင်း အလင်းချိုရင်တွေတဒိန်းဒိန်းမြည်အောင်ခုန်လှုပ်လာတယ်။" ဟင့်အင်း မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ တွေ့ရမှာက ဒီလောက် စိတ်လှုပ်ရှားစရာလိုလို့လား "လို့ အလင်းချို ကိုယ့်ကိုယ်ကိုယ်စိတ်ထဲက ပြန်ပြောလိုက်မိတယ်။ခြေသံတွေကဆိုင်ဝထိရောက်လာတယ်။လှုပ်ရှားနေတဲ့ စိတ်ကို အလင်းချို ထိန်းချုပ်လိုက်ပြီး နှုတ်ဆက်ဖို့ ပြင်စဉ်မှာပဲ အလင်းချိုရဲ့ဘေးမှာ ရပ်လိုက်တဲ့ကားက ရှေ့ခန်းတံခါးပွင့်လာပြီ သိပ်ကိုလှတဲ့ မိန်ခလေးတယောက် ကားပေါ်ကဆင်းလာတယ်။မိန်းခလေးက သိပ်လှလွန်းလို့ အလင်းချိုကြောင်ပြီး ငေးကြည့်နေမိတယ်။
"မမစံလာပြီးလား ... အိမ်ထဲဝင်အုံးနော်မမ "
မိန်းခလေး ကားပေါ်က ဆင်းလိုက်တဲ့အချိန်မှာပဲ တည်ကြည်လေးနက်တဲ့အသံချိုချိုက အလင်းချိုရဲ့ နောက်ပါးဆီကထွက်ပေါ်လာခဲ့တယ်။အလင်းချို အယောင်ယောင်အမှားမှားနဲ့နောက်ကို လှည့်ကြည့်လိုက်မိတယ်။မြင့်မားတဲ့အရပ်အမောင်း၊ ဖြူဝင်းတဲ့အသားအရည် ၊ချောမော ကြည့်ကောင်းနေတဲ့ရုပ်သွင်နဲ့ တည်တည်ကြည်ကြည် မျက်နှာထားမျိုး။အလင်းချို သတိလက်လွတ် ငေးကြည့်နေခဲ့မိတယ်။သူကလဲ အလင်းချိုကိုဖျတ်ခနဲငေးမောကြည့်တယ်။ ဖျတ်ခနဲဆိုမှ တကယ့်ကို ဖျတ်ခနဲပါပဲ ။ပြီးတော့ သူက အမျိုးသမီးလှလှလေးဆီကို အပြုံးတွေနဲ့ လှမ်းလျှောက်သွားတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး အလင်းချိုရဲ့ရင်ထဲမှာ ဟာခနဲ .....။
@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၂၁ ) ဆက်ရန် .....
ဧကြည်ဖြူ
ဟန်သော်လင်းက စိတ်ထဲရှိရာကို သတိလက်လွတ် ပြောလိုက်မိပြီးမှ အလင်းချိုကို အားနာသွားပြီး တောင်းပန်စကားဆိုလိုက်တယ်။
" ရပါတယ်ရှင် ... လူကြီးတွေလဲ လူကြီးတွေ အလျှောက့်အခက်အခဲတွေရှိကြတယ်ဆိုပေမဲ့ ... ကိုယ့်တာဝန်ကိုယ်မယူချင်တဲ့ မိဘတွေကြောင့် ကလေးတွေရဲ့ဘ၀တွေက အရမ်းခက်ခဲတယ်ဆိုတာကို ကျွန်မ သိပါတယ် ..." ဒီစကားကို အလင်းချို ခံစားချက်အပြည့်နဲ့ ပြောလိုက်မိတာပဲဖြစ်တယ်။
"နောက်တစ်ခါ ရှင်သွားရင်ခေါ်လေ ... ကျွန်မအားတဲ့နေ့နဲ့ ကြုံရင်လိုက်ခဲ့ပါ့မယ် ..."
" အင်း ...ခေါ်မယ်လေ"
အလင်းချိုရဲ့ စကားကို ဟန်သော်လင်းက ခေါင်းငြိမ့်အဖြေပေးလိုက်ပြီး ကားကို ခပ်မှန်မှန်မောင်းလာခဲ့တယ်။
~~~~.~~
"သားကြီးကတော့ အရွယ်ရောက်နေပြီမို့ ပြောပြပေးမှာပါ အန်တီ ... လက်ခံတာ လက်မခံတာကသားကြီး ဆန္ဒအတိုင်းပါပဲ ..နွယ်ကမတားပါဘူး...ဒါပေမဲ့ သမီးကိုတော့ မလွှတ်ပေးနိုင်ဘူး အန်တီ....ဒုက္ခတွေပေးလို့၀မှ ပြန်ပြေလည်ကြစို့လို့ပြောတိုင်း ပြောလည်လိုက်ရအောင် နွယ်ကအရူးမဟုတ်ဘူး....သူတော်စင်လဲမဟုတ်ဘူး အန်တီ ...ပြီးတော့ ယုံကြည်မှုလဲမရှိပါဘူး ..စလာကတည်းက သားကြီးခမျာသူများနိုင်ငံမှာ အဆင်ပြေရဲ့လားလို့သိချင်တာမဟုတ်ဘဲ ... တစ်လ ဘယ်လောက်ရလဲ ..အိမ်ကို ဘယ်လောက်ပေးလဲဆိုတာကိုပဲ သိချင်ကြတဲ့သူတွေပါ ...အန်တီကတော့ သွေးသားရင်းတွေမို့ ခေါ်ပါပြောပါ နွယ်နားလည်ပေးပါတယ်...အန်တီ့အပေါ်မှာလဲ အပြစ်မမြင်ပါဘူး ...အန်တီက နွယ်တို့ သားအမိတွေအတွက်တော့ ဘယ်သူနဲ့မှအစားမထိုးနိုင်တဲ့ မိခင်တစ်ယောက်လိုပါပဲ "
အေးမြနွယ်ရဲ့ စကားဆုံးတော့ အန်တီချိုက ငူငူချည်းထိုင်နေတယ်။သွေးသားဆိုတဲ့ သယောဇဉ်ကလဲ ခက်သားလား။ ကိုယ့်အပေါ် မကောင်းမှန်းသိသိနဲ့ စိတ်ကမနာနိုင်ဘူး။လောင်းကစားကြွေးတွေပိနေတဲ့ တူမက အန်တီချိုရဲ့ အိမ်နဲ့ ခြံကို မျက်စောင်းထိုးနေတာကို ရိပ်မိသလိုရှိပေမဲ့ တစ်မိသားစုလုံးဒုက္ခရောက်နေတာကို သိရတော့စိတ်ထဲမကောင်းဖြစ်ရပြန်တယ်။
" အန်တီ့အိမ်နဲ့ ခြံက ဘယ်လောက်တန်နေပြီလဲ ..."ဆိုတဲ့ ဖုန်းထဲကနေ စကားဦးသန်းလာတဲ့တူမကို "ဈေးများများရလဲ ...ရောင်းမရဘူး...ဒီအိမ်နဲ့ ခြံကမြေးကြီးနေမခနာမည်နဲ့ လေ အန်တီမှမပိုင်တာ" လို့ ခပ်ပြတ်ပြတ်ပြောနိုင်ခဲ့တာကပဲ အန်တီချိုစိတ်ခိုင်လှပြီလို့ပြောရမှာပဲ။ သွေးသားမတော်စပ်တဲ့ အေးမြနွယ်ကို ငွေကုန်ကြေးကျခံပြီး ဆေးကုပေးခဲ့လို့ဆိုပြီး "နင့်ကို ထောင်ကျအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အစ်ကို အရင်းခေါက်ခေါက်က ဒုက္ခရောက်နေတယ်ဆိုတဲ့ သတင်းကိုကြားရတော့ အန်တီချို့ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာရပြန်တယ်။သတင်းမကြားရရင် အကောင်းသား။သတင်းတွေကြားရပြန်တော့ အန်တီချို့ရင်ထဲ နာကျင်မှုနဲ့ နာကျည်းမှုကလွန်ဆွဲနေခဲ့တယ်။အသက် ခုနစ်ဆယ်နားနီးနေပြီဖြစ်တဲ့ အစ်ကို အတွက် အန်တီချို့ရင်ထဲမှာ ဝေခွဲမရနိုင်တဲ့ သောကတွေပြည့်နှက်လို့။ ခုချိန်မှာ တွေးမိတာကတော့ မြေးကြီး နေမခ မြန်မြန်ပြန်လာပါစေလို့သာပဲပေါ့။
~~~~~~
"ကလေးတွေအတွက် မင်းမှာ ငွေလိုနေတာပဲမဟုတ်လား ...ပြီးတော့ မမဆွေကပြောတယ် မင်းဒီလောကထဲက ထွက်ချင်ရင် တစ်နှစ်တိတိပဲ ဒီအလုပ်ကို ထပ်လုပ်ပေးပါတဲ့ ... တစ်နှစ်ပြည့်သွားရင် မင်းကိုလုံးဝမနှောက်ယှက်ပါဘူးတဲ့ ...မင်း သိထားဖို့က ဒီစကားတွေကို မမမိုးပြောတာမဟုတ်ဘူးနော် ...မမမိုးအတွက်ကတော့ မင်းစိတ်ချမ်းသာတာကိုပဲ မျှော်လင့်နေတာ "
မိုးသူဇာက ဟန်သော်လင်းကို ကြည့်ပြီး လေသံပျော့လေးနဲ့ပြောတယ်။နောက်တော့ ခေါင်းကို ငုံ့ပြီး သက်ပြင်းကိုအခါခါချမိတယ်။မိုးသူဇာလည်းပဲ ဟန်သော်လင်း ဒုက္ခရောက်မှာကို မလိုချင်မလိုလားမိတာအမှန်ပါ။
မမမိုးစကားဆုံးသွားတော့ ဟန်သော်လင်းသက်ပြင်းကို ချလိုက်မိတယ်။ဘယ်သူတွေဘာဖြစ်ဖြစ် ငတေမာရင်ပြီးရောဆိုတဲ့ လူမျိုးတွေရဲ့ကြားမှာ ဟန်သော်လင်းတို့လိုလူတွေက သူတို့ ကြိုးဆွဲရာကတဲ့ အရုပ်တွေပေါ့။ ကိုယ်တစ်ယောက်တည်း အတွက်ဆိုရင် ကားဝယ်ရောင်းအလုပ်နဲ့ အဆင်ပြေနိုင်ပေမဲ့ တစ်နေ့တစ်ခြားတိုးပွားလာတဲ့ ကလေးတွေအတွက် ငွေက ပိုပိုပြီး လိုအပ်လာတယ်။မိဘမေတ္တာဆိုတာ ဘာမှန်းမသိ။အနာဂတ်ဆိုတာ အသာထားအုံး ဒီနေ့စားပြီးရင် နောက်နေ့ထမင်းစားရဖို့ တောင် အလှူရှင်လိုအပ်နေတဲ့ ကလေးလေးတွေအတွက် တွေးမိတော့ ဟန်သော်လင်းရဲ့စိတ်တွေ ဆောက်တည်ရာမဲ့ချင်လာတယ်။ ဘာလုပ်ရမလဲ ။ ဘာလုပ်ပေးပရမလဲ ။လမ်းပေါ်မှာပဲနေနေ၊ သေသေပစ်ထားရမလား။ မိဆိုးဖဆိုတွေကို အပစ်မတင်ဘဲ သူတို့ကံတရားပဲလေဆိုပြီး ကံတရားကိုပဲအပြစ်ပုံချပြီး လျစ်လျူအရှုခံနေရတဲ့ ဘ၀တွေ။ကလေးဆိုတဲ့ဘ၀ကို ကလေးတစ်ယောက်အဖြစ် မဖြတ်သန်းနိုင်ရှာတဲ့ကလေးတွေ။ ဒါတွေကိုလျစ်လျူရှုလိုက်ရလေမလား ။ တွေးမိလိုက်တာနဲ့ ရင်ထဲမှာ မွန်းကြပ်လာမိတယ်။မျက်လုံးတွေကို မှိတ်ပြီး အံကိုတင်းတင်းကြိတ်ထားမိတော့ မျက်လုံးထဲမှာ အမေ့မျက်နှာက ဝိုးတဝါး ပေါ်လာတယ်။ပြီးတော့ မဲလုံးလေးရဲ့မျက်နှာ။လူသားတစ်ယောက်အဖြစ်တောင် ပီပီပြင်ပြင်မနေလိုက်ရရှာတဲ့ကလေးလေး။ထမင်းကို မသေရုံတမယ်ပဲ စားခဲ့ရပြီး သေဆုံးသွားခဲ့ရတဲ့ကလေးလေး။ခြင်တစ်ကောင်ကြောင့် သေဆုံးရသလိုလို ။ အစာအဟာရမပြည်စုံလို့ သေဆုံးခဲ့ရသလိုလို။တကယ်တော့ မေတ္တာတွေငတ်မွတ်ခဲ့လို့ သေးဆုံးခဲ့ရရှာတာပါ။နောက်ထပ် နောက်ထပ် ဘယ်ကလေးကိုမှ
"ပြောတော့ရော ရမှာမို့လား ဒေါ် လေးစန်းရယ်..သူတို့က အမှန်တရားကို သိချင်တာမှမဟုတ်တာ...သူများကို အပြစ်ပြောဖို့ပဲ သိတာလေ .. သွားပြောရင်မောတယ် .. ဥပေက္ခာပြုပြီး ကိုယ်လုပ်စရာရှိတာကို လုပ်တာပဲကောင်းတယ်"
အလင်းချိုက ပြေရာပြေကြောင်း ရှင်းပြလိုက်ပေမဲ့ ဒေါ်လေးစန်းကတော့ မကျေမနပ်ဖြင့် ပွစီပွစိပြောဆိုနေဆဲပါပင် ။
~~~~~~
"မင်းကလဲ ပန်းအိုးတွေပို့ရမယ်ဆိုရင် ကိုယ့်ကိုခေါ်ပါဆိုမှ ..ဘာလဲ ကိုယ်ကားက သူများကားထက် ဈေးများနေလို့လား ပြောလေကွာ "
ဟန်သော်လင်းက အလင်းချိုကိုကြည့်ပြီးမကျေမနပ်နဲ့ ပြောလိုက်တယ်။
"ဪ ရှင့်ကားက တက္ကစီကားမှမဟုတ်တာရှင် ...ကိုယ်ပိုင်ကားကို ကျွန်မက ဘယ်လို ငှားစီးမလဲ "
" တက္ကစီမဟုတ်လို့ သိတဲ့သူတွေကိုပဲ အပူတိုက်ပြီးကားငှါးစီးပါလို့ပြောနေရတာပေါ့ကွ ... ကားအရောင်းအ၀ယ်မဖြစ်တဲ့အခါ စရိတ်လေးကာမိအောင် ဒိုင်လျှိုလေးနဲ့ အငှါးကားမောင်းရတာလေ.... တက္ကစီကားတွေလိုပဲ ပုံမှန်ဈေးပဲတောင်းဆိုရင် တောင်းပါ့မယ်... နောက်ဆိုကားငှါးမယ်ဆိုရင် ကျွန်တော်မျိုးကြီးကို သတိရလိုက်စမ်းပါ ...အိမ်တိုင်ရာရောက် အကြိုအပို့ လုပ်ပေးပါ့မယ် "
ဟန်သော်လင်းက ပြောရင်း ကားကို မောင်းထွက်လိုက်တယ်။
အလင်းချိုက ဟန်သော်လင်းကို မော့ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးပြလိုက်မိတယ်။သက်တူရွယ်တူကလဲ ဖြစ်ပြန် ရိုးသားပွင့်လင်းပုံလည်းရတဲ့ ဟန်သော်လင်းကို အလင်းချိုကိုယ်တိုင်က ခင်မင်မိတာတော့အမှန်ပါ။သို့ပေမဲ့ လိုတာထက်ပိုပြီးခင်မင်ရင်းနှီးဖို့ကျ အလင်းချိုလန့်နေမိတဲ့အကြောင်းအရင်းကကြည်ပြာ့ကြောင့်ပါပင်။ကြည်ပြာ့ကိုကြည့်ရတာ ဟန်သော်လင်းကို စိတ်ဝင်စားနေပုံရ၏။အရင်ကဆို သူ့ခိုင်းစရာရှိတဲ့ အချိန်မှလွဲ၍ ကျန်အချိန်များမှာ အလင်းချိုကိုမောက်မောက်မာမာပြောလေ့ရှိတဲ့ ကြည်ပြာက ဟန်သော်လင်းနဲ့ ဆုံပြီးနောက်တွင် အလင်းချို အပေါ် မသိမသာချိုသာလာတယ်။ ခေါ်ခေါ် ပြောပြော လုပ်လာတယ်။ဟန်သော်လင်း အကြောင်းတွေကို မသိမသာရော၊ သိသိသာသာပါ မေးမြန်းတတ်တယ်။ ဒီလိုဟန်သော်လင်းအကြောင်းတွေကို မေးတာမြန်းတာက ပြဿနာ မဟုတ်ပေမဲ့ မတော်ကြီးကြီးအေးတို့သိသွားမှဖြင့် မိုးမီးလောင်ပေမယ်။ သူတို့ ဘာသာ အပျိုလူပျိုကြိုက်ကြတာက အရေးမကြီးဘူး။ ကြားထဲက အလင်းချိုက အောင်သွယ်လုပ်ပေးတယ် ထင်သွားခဲ့ရင် အဘွားလဲ မနေရ၊ ဒေါ်လေးစန်းလဲ မနေရအောင် အပြောခံရမှာ။ဒါတင်ပြီးမှာလားဆိုတော့ မဟုတ်သေးဘူး။ မရိုးသော ဓါတ်ပြားဟောင်းကြီးကို ဖွင့်ပြီး ဘယ်ဆီရောက်နေမှန်း မသိတဲ့ အမေ့မကောင်းကြောင်းတွေကို ပြောအုံးမှာ။အဲ့ဒီတော့ အလင်းချိုမှာ တတ်နိုင်သလောက် ရှောင်နိုင်တိမ်းနိုင်အောင် ခပ်ကင်းကင်းနေရတာပေါ့။
"မင်းကို တစ်ခါလောက် ကလေးတွေ နေတဲ့ဘုန်းကြီးကျောင်းကို ခေါ်သွားချင်တယ် ...အဲ့ဒီမှာလဲ သီးပင်စားပင်တွေနဲ့ ပန်းပင်တွေကိုစုံနေအောင် စိုက်ထားတာ သိပ်ကို သာယာတာ "
"ကလေးတွေ ဟုတ်လား ...ရှင့်ကလေးတွေလား "
အလင်းချိုက ဟန်သော် လင်းကိုကြည့်ပြီး တအံ့တသြမေးလိုက်မိတယ်။ဟုတ်တယ်လေ အလင်းချိုကသူ့ကို လူပျိုလို့ ထင်ထားတာ ။
"ဟာကွာ ...ပြောပြီး ပေါက်ကရ ... ဘုန်းဘုန်းကျောင်းက ကလေးတွေပါကွ ...ကိုယ်နိုင်သလောက် စောင့်ရှောက်ထားတာ ... ကိုယ်ဆယ့်ခုနှစ်နှစ်လောက်ကတည်းက စောင့်ရှောက်လာခဲ့တဲ့ ကလေးတွေကတော့ အလုပ်လုပ်သူလုပ် ...ကျောင်းတတ်သူတက်နဲ့ အရွယ်ရောက်ကုန်ကြပါပြီကွာ ...ဒါပေမဲ့ ခက်တာက လမ်းပေါ်မှာ မိဘမဲ့ကလေးတွေ ပိုများလာတယ်ကွ ... ကိုယ်လဲ ကိုယ်နဲ့ရေစက်ပါတဲ့ ကလေးမှန်သမျှတော့ စောင့်ရှောက်နိုင်အောင် ကြိုးစားပေးနေတာပေါ့ ...
ဟန်သော်လင်းရဲ့စကားတွေကြောင့် အလင်းချိုက အံ့ဩလေးစားစိတ်နဲ့ ကားမောင်းနေတဲ့ဟန်သော်လင်းကို မော့ကြည့်လိုက်မိပြီး ချီးကျူးစကားပြောလိုက်မိတယ်။
"အို ..ရှင်က တကယ်ပဲ လေးစားစရာကောင်းတဲ့သူပဲ "
"သိပ်လည်းမချီးကျူးပါနဲ့ ဆရာမရယ် ...ကိုယ်က မင်းထင်သလောက်တော်တဲ့သူမဟုတ်ဘူး....ရှင်းရှင်းပြောရရင် သိပ်ပြီးရိုးသားတဲ့ ကောင်မဟုတ်ဘူးပေါ့ကွာ "
"ဟင်....ဘာဖြစ်လို့ "
အလင်းချိုက ဟန်သော် လင်းရဲ့ စကားကိုနားမလည်နိုင်တာမို့ အာမေဍိတ်သံလေးနဲ့ ပြန်မေးလိုက်မိတယ် ။
"ဘာမှတော့ မဟုတ်ပါဘူးကွာ ...ဒီလိုပါပဲ..."
သိပ်ပြီးပြောချင်ပုံမရတဲ့ ဟန်သော်လင်းရဲ့အမူအရာကြောင့် အလင်းချိုလဲ တခြားမေးခွန်းကို ပြောင်းမေးလိုက်တယ်။
"အဲ့ဒါဆို ...ရှင်က ကလေးတွေကို စောင့်ရှောက်တဲ့ဂေဟာလေးဖွင့်ထားတာပေါ့ ဟုတ်လား "
"အဲ့ဒီလိုချည်းပဲတော့ မဟုတ်ဘူး ... ဘုန်းဘုန်းတွေဖွင့်ထားတဲ့ဂေဟာပါ ...အဲဒီမှာ ကလေးတွေများတော့ လစဉ်အသုံးစရိတ်က လိုတယ်လေ....အဲ့ဒီလိုတဲ့ငွေကို ကိုယ်က လှူပေးတယ်....ဒါပေမဲ့ကွာ ကိုယ်လှူနိုင်တာကနည်းနည်း ... ကိုယ်ခေါ်ခေါ်သွားတဲ့ ကလေးတွေက ပိုများနေတာလေကွာ ...တစ်နေ့တစ်နေ့လမ်းပေါ် မှာ ကားလျှောက်မောင်းနေရင်း မိဘမဲ့ကလေးတွေကို မတွေ့ရတဲ့နေ့ကို မရှိသလောက်ပဲ ... ဒီကလေးတွေ ဘယ်ကလာလဲ စဉ်းစားကြည့် ... သူ့အလိုလို မြေကြီးထဲက ပေါ်လာတဲ့ကလေးတွေမဟုတ်ဘူးလေကွာ ... သွေးသားဆန္ဒကို မထိန်းချုပ်နိုင်ကြတဲ့ လူ့အမှိုက်တွေကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ သနားစရာကလေးတွေလေ ... ဆောရီး ကိုယ်စကားပြောတာ ရိုင်းသွားတယ် "
ဒေါ်မာမာဦးတစ်ယောက် ခုတင်ပေါ်မှာ လက်နှစ်ဘက်ကို အားပြုထောက်ပြီးထိုင်နေရင်းကနေ ပါးပြင်ပေါ်ကို မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာမိတယ်။ ကြောင်အိုတော့ကြွက်မလေးတဲ့ ။ဒေါ်မာမာဦးရဲ့ အဖြစ်ကလဲ ဒီစကားပုံလိုပါပဲ။ မိမိပေးနိုင်ကျွေးနိုင်ချိန်တုန်းကတော့ သားသမီးမြေးမြစ်တွေဆိုတာ ဘေးမှာဝိုင်းဝိုင်းကိုလည်နေခဲ့တာလေ။မီးဖိုချောင်မှာ ဟင်းကောင်းမပြတ်သလို ရေခဲသေတ္တာထဲမှာလည်း အစားအသောက်တွေဆိုတာ အလျှံအပယ်ပဲ။မစားနိုင်လို လွှတ်ပစ်ရိုးထုံးစံပဲရှိမယ်။ စားစရာမရှိဘူးဆိုတာမျိုးမရှိစေရဘူး။ မြေးတွေပူဆာသမျှ မရတာမရှိစေခဲ့ရဘူး။ယောကျာ်းဖြစ်သူနဲ့ အတူ ရှာဖွေစုဆောင်းခဲ့တဲ့ ရတနာပစ္စည်းတွေကို မြေးတွေအတွက် နှစ်မြောတွန့်တိုခြင်းမရှိဘဲ သုံးစွဲခဲ့တယ်။မြို့ထဲက တိုက်ကြီးကို ရောင်းပြီး မြို့ပြင်ဘက်ကို ပြောင်းလာတော့လဲ အိမ်ကို သားသမီးတွေ စိတ်တိုင်းကျ ဆောက်လုပ်ပေးခဲ့တာ။ဒါတင်မကသေးဘူး။ အဲ့ဒီအချိန်တုန်းကလဲ သားသမီးတွေကို ထိုက်သင့်သလောက် ခွဲဝေပေးခဲ့သေးတာ။ အခုတော့ ဒေါ်မာမာဦးရဲ့အဖြစ်က နေ့တိုင်း စိတ်ဆင်းရဲ သောကမဖြစ်ရတဲ့နေ့ကို မရှိဘူးဖြစ်နေတဲ့ဘ၀။
~~~~~
"ပုစွန်ထုပ်တွေကဈေးကြီးလိုက်တာအေ .. မေမေကြီး စားချင်တယ်ဆိုလို့သာ ၀ယ်ချက်ရထာ....လွယ်ဘူးအေ "
ဒေါ်လေးစန်းရဲ့ ညည်းညည်းညူညူ ပြောသံကြောင့် အလင်းချို စိတ်ရှုပ်နေတဲ့ကြားက ပြုံးလိုက်မိတယ်။တစ်ခါတလေအလင်းချိုမအားလို့ ဒေါ်လေးစန်းကို ဈေးလွှတ်လိုက်မိရင် ဒီလို ညည်းညူသံကိုကြားရတော့တာပဲလေ ။
"ဒေါ်လေးစန်းရယ် ...ညည်းမနေပါနဲ့တော့ တော်ကြာအဘွားကြားသွားမှဖြင့် ... သမီးက ပုစွန်မစားဘူးနော် ဒေါ်လေးစန်းနဲ့ အဘွားအတွက်ပဲ...သမီးအတွက် အသီးအရွက်ကြော်ပဲလုပ်ပေး "
"မဟုတ်တာအေ...သုံးယောက်လုံးစားလို့ရပါတယ်အေ စာစမ်းပါ ... အမြဲလဲ ချက်စားနိုင်တာမဟုတ်ဘူး... တစ်ခါတစ်လေမှ စားရတဲ့ဟာ ... ပုစွန်ထုပ်တွေက ကြီးတော့ အကြီးသားဟဲ့ "
" အမယ်လေး မယ်မင်းကြီးမတွေက ပုစွန်ထုပ်တွေဘာတွေချက်စားနေကြတာပေါ့ ဟုတ်လား ... ငါ့အမေမှာ ရှိသမျှကို နင်တို့က ကုန်အောင် ခွါစားနေကြတာပေါ့လေ "
မီးဖိုချောင်မှာ အလင်းချိုနဲ့ ဒေါ် လေးစန်းတို့ စကားပြောနေတုန်းမှာပဲ ကြီးကြီးအေးကမီးဖိုခန်းထဲကို၀င်လာခဲ့ပြီး နားစွန်းနားဖျား ကြားကာ ပြစ်တင်စကားကို ဦးစွာပြောတယ်။ ဘုမဘမသိနဲ့ ပြောလာတဲ့ ကြီးကြီးအေးကို အာသွက်လျှာသွက်ရှိတဲ့ ဒေါ်လေးစန်းက ပြန်လည်ခွန်းတုံ့ပြန်လေတော့တယ်။
"မေမေကြီး ပိုက်ဆံနဲ့ ဝယ်တားမဟုတ်ပါဘူး မမအေး .. အလင်းချိုရဲ့စျေးရောင်းရတဲ့ငွေနဲ့ အိမ်စရိတ်သုံးတာပါ ... မေမေကြီး ပိုက်ဆံက တစ်ပတ်တစ်ပတ် ဆရာဝန်ခေါ်ခ တောင်မလောက်ပါဘူး "
ဒေါ်လေးစန်းရဲ့ တုံ့ပြန် စကားကြောင့် ပထမတော့ ကြီးကြီးအေးကြောင်သွားပုံရတယ်။ချက်ချင်းစကား ပြန်မပြောနိုင်ဘဲကြောင်အမ်းအမ်းဖြစ်နေသေးတယ်။ ဒေါ်လေးစန်းက သူ့ကိုဒီလိုပြန်ပြောလိမ့်မယ်လို့ မထင်ထားတာကြောင့်လဲ ဖြစ်ပုံရတယ်။ပြီးတော့မှ မျက်နှာက ဒေါသ ရောင်နဲ့နီရဲလာပြီး
"ဘာ ..ဘာပြောတယ် မိစန်း...နင်လို အိမ်ဖော်မကများ ငါ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေတယ်ပေါ့ ဟုတ်လား ..လူပါးဝနေကြတာပေါ့လေ... အကုန်လုံး နေစရာနေရာပျောက်သွားချင်လို့လား ... အေးအေးတို့က ကိုယ်ချင်းစာစိတ်ရှိလို့ နှင်မထုတ်တာကို ကမ်းတက်နေကြတာပေါ့လေ "
ဆိုင်တာတွေရော မဆိုင်တာတွေရော ပြောနေတကြီးကြီးအေးကို ကြည့်ပြီး အလင်းချို သက်ပြင်းချလိုက်မိတယ်။ကြီးကြီးအေးကို ပြန်ပြောတာက ဒေါ်လေးစန်းဆိုပေမဲ့ ကြီးကြီးအေးရဲ့ ဒေါသနဲ့ ကြည့်နေတဲ့ အကြည့်စူးစူးတွေက အလင်းချိုရှိရာဆီကိုပဲရောက်နေခဲ့တာလေ။ မှန်တာပြောရရင် အလင်းချို အနေနဲ့တော့ကြီးကြီးအေးဘာပဲပြောပြော စိတ်တိုစိတ်ဆိုးတာမျိုးလဲ မရှိပါဘူး။ လူကခံစားရပါများတော့ ထုံသွားတယ်လို့ပဲပြောရမလား။၀မ်းသာစရာဆိုလဲ အထူးတလည် မပျော်ရွှင်တတ်တော့ဘူး.။စိတ်တိုစိတ်ဆိုးဒေါသထွက်စရာဆိုလည်း အထူးတလည်ခံစားမနေချင်တော့ဘူး။ စိုးရိမ်မိတာတစ်ခုက အိမ်မှာ တစ်ခုခုဖြစ်ရင် အဘွားဝေဒနာတိုးမှာကိုပဲ စိုးရိမ်မိတာ။ အသက်ကလည်းကြီး ၊ သွေးတိုး၊ဆီးချိုလည်းရှိတဲ့ အဘွားအတွက် အသက်ကြီးလာလေလေ လောဘ၊ ဒေါသ၊ မောဟတွေကြီးလာလေလေ ဖြစ်ကြတဲ့ သားသမီးတွေနဲ့နေရတာလဲ လောကငရဲတစ်ခုပါပဲ။ သူတို့ ဟင်းကောင်းချက်တော့ အဘွားအတွက်တစ်ခွက်မလာ။တစ်ဇွန်းမလာခဲ့ကြ ။ အကြောင်းပြချက်ကလဲ ရိုးရှင်းပါပေတယ်။ အလင်းချိုနဲ့ ဒေါ်လေးစန်းစားမှာစိုးလို့တဲ့လေ။ ဒီအဘွားအိုကြီးစားဖို့ တစ်ဆုပ်တစ်လုတ်ကိုတော င် မသဒ္ဓါတဲ့သူတွေရဲ့ နှုတ်ကပြောတဲ့ ပြုစုစောင့်ရှောက်ပေးပါမယ်ဆိုတဲ့ စကားတွေကို အဘွားက ဘယ်လိုယုံနိုင်ရှာမလဲ။အဘွားဆီက ယုံကြည်မှုကို အရမယူနိုင်ကြဘဲ တစ်ဆိတ်ရှိ အလင်းချိုနဲ့ ဒေါ်လေးစန်းကိုပဲလာလာ မဲနေကြတော့ မသိရင် ဒီခြံကြီးရဲ့လုပ်ပိုင်ခွင့်တွေကို အလင်းချိုတို့ကပဲ မောင်ပိုင်စီးထားသလိုလိုဘာလိုလို။ အရင်းက အဖျားဖြစ်၊ အဖျားက အရင်းဖြစ်ရတဲ့အကြောင်းအရင်းအခြေခံက ဘာကြောင့်လဲဆိုတာလဲ မစဉ်းစားကြဘူးလေ။
" မဟုတ်တာပြောမှန်းသိသိနဲ့ ဘာလို့ ပြန်မပြောတာလဲ အလင်းချို ... တစ်သက်လုံး ဒီလိုပဲ ရေငုံနှုတ်ပိတ်ခံသွားမှာလား "
ကြီးကြီးအေးထွက်သွားတာနဲ့ ဒေါ်လေးစန်းက အလင်းချိုကို စိတ်တိုနေတဲ့ လေသံနဲ့ ပြောလာတယ်။
ဧကြည်ဖြူ
"သံယောဇဉ်ကမ်းပါး "
အပိုင်း (၂၀ )
********
"သမီးအလင်းချိုလာပြီးလား "
အလင်းချို အသံပေးလိုက်တော့ အန်တီနွယ်က အိမ်ထဲက ထွက်လာပြီး အလင်းချိုရှိရာဆီကိုလျှောက်လာတယ်။
အလင်းချို ...သမီးအားရဲ့လားဟင် "
"ဟုတ်ကဲ့ အားပါတယ် အန်တီနွယ် "
"အဲ့ဒါဆို သမီးညီမကို ကျောင်းသွားကြိုပေးပါလားကွယ် ...ကြိုပြီးရင် အိမ်ကိုပြန်မလာနဲ့အုံး ... ကုန်တိုက်ဖြစ်ဖြစ်..စျေးဖြစ်ဖြစ်၀င်ပြီး ဈေးဝယ်ကြနော်.. တစ်နာရီလောက်ကြာမှ ပြန်လာခဲ့နော် သမီး "
အန်တီနွယ်က ပြောပြောဆိုဆိုနဲ့ အလင်းချိုရဲ့လက်ထဲကိုပိုက်ဆံထည့်ပေးတယ်။ အလင်းချိုလည်း အန်တီနွယ် ပေးတဲ့ပိုက်ဆံကိုယူပြီး ယောင်နနနဲ့ ထွက်လာခဲ့တယ်။အရင်ရက်တွေက သဲသဲကို ဒီလိုမျိုးကျောင်းပို့ကျောင်ကြိုလုပ်ခဲ့ကြတာမဟုတ်ဘူးလေ။
~~~~~~
အလင်းချိုထွက်သွားတာနဲ့ အေးမြနွယ်က ထဘီကို ခပ်တင်းတင်းပြင်ဝတ်လိုက်ပြီး အိမ်ထဲကို ပြန်ဝင်ခဲ့လိုက်တယ်။
" အခုဖြစ်နေတာ သူ့အဖေနဲ့ သူ့အဘိုးနော် ... ကလေးတွေကို ဒီလိုပိတ်ပင်ထားလို့မရဘူး "
ဒေါ်ခင်လှရဲ့ အသံကခပ်စူးစူး ထွက်ပေါ်လာတယ်။
"ပေးမတွေ့ဘူးလို့ ပြောနေတာမဟုတ်ဘူးလေယောင်းမ ... အခု ကလေးကကျောင်းစာတွေအရေးကြီးနေလို့ပါ....တော်ကြာ ကလေးစိတ်ထိခိုက်သွားမှာစိုးလို့... စာမေးပွဲကြီး ဖြေပြီးရင် ပေးတွေ့မှာပါ "
အန်တီချိုက လေသံခပ်မှန်မှန်နဲ့ ပြန်ပြောတယ်။
အေးမြနွယ်က အန်တီချို ဘေးမှာ ထိုင်နေရင်းကနေ ယောက္မဟောင်းကြီးနဲ့ ယောင်းမဖြစ်သူကို မျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်တယ်။နှစ်ကာလကြာရှည်စွာ မျိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေက အေးမြနွယ်ရဲ့ရင်ထဲမှာ ပြည့်သိပ်နေပြီး ပွင့်အံ ထွက်ကျလာတယ် ။
"တကယ်ဆို ... လာကို မလာသင့်တာ ....ကျွန်မကိုသတ်ပစ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြံစည်ခဲ့တဲ့သူတွေဆီကို ကျွန်မရဲ့သားသမီးတွေကို လွှတ်ပေးဖို့ အစီအစဉ်မရှိဘူး ...ပြီးတော့ ကျွန်မသားရဲ့ လုပ်အားခငွေကို မျှော်ကိုးနေတဲ့ အောင်သီဟကိုလဲ ပြောလိုက်ပါ ...လူ့အသိစိတ်ရှိသေးရင် ကျွန်မရဲ့သားကို ဆက်သွယ်ဖို့မကြိုးစားနဲ့လို့ "
" ဘာ ..ဟဲ့ကောင်မ အေးမြနွယ် ...နင့်လို မိမရှိဖမရှိကို ငါ့အစ်ကိုက ရှာဖွေကျွေးခဲ့တာကို ကျေးဇူးကန်းတာလား "
ယောင်းမဖြစ်သူရဲ့ စကားကြောင့် အေးမြနွယ် ဟက်ဟက်ပက်ပက်အော်ရယ်ပစ်လိုက်ချင်စိတ်တွေကို မနည်းထိန်းလိုက်ရတယ်။
"ရယ်စရာကောင်းလိုက်တာ... ရှာဖွေကျွေးတယ်ဟုတ်လား..အချိန်ပြည့် မိန်းမတကာနဲ့ ဖောက်ပြန်နေတဲ့ နင့်အစ်ကိုကရှာကျွေးတာလား...တစ်လရှာကျွေးပြီး တစ်နှစ်နှိပ်စက်တာကို ထည့်ပြောပါအုံး ..ဘာလဲ နင်က ငါ့သားသမီးတွေကို ဗန်းပြပြီး အမွေတောင်းချင်တာလား ...ဒါမှမဟုတ် ငါ့သားဆီက ပိုက်ဆံကို မျှော်ကိုးနေတတာလား ...ဒီတစ်သက် နင်တို့မိသားစုနဲ ပြန်မဆုံချင်ဘူးလို့ ငါပြောခဲ့တယ်မဟုတ်လား ..အရှက်မရှိကြဘူးလား ..."
အေးမြနွယ် စိတ်တိုလွန်း၍ မပြောစဖူး ပြောပစ်လိုက်တယ်။
"အေးမြနွယ် နင်မိုက်ရိုင်း
လှချည်းလား ...ငါက လူကြီးတစ်ယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်ပြောနေတာနော် ... လူ့အသိစိတ်ရှိမယ်ထင်လို့ လာပြောကြည့်တာ ...အေးအေးဆေးဆေး ပြောလို့မရရင်တော့ တရားရုံးကနေပြောကြတာပေါ့ "
ဒေါ်ခင်လှက ခပ်စွာစွာ ထပြောတယ်။
"တရားရုံးဟုတ်လား ... တိုင်ချင်ရာတိုင်ပါ ... ကိုယ့်အရှက် ကိုယ်ခွဲချင်ရင် လုပ်ပေါ့ ...အဒေါ်တို့ယုတ်မာခဲ့ကြတာကို လူတွေသိအောင် ပြောပြလို့ရတာပေါ့ "
"နင် ..နင် အရိုင်းအစိုင်းမ ...."
ဒေါသတကြီးဖြစ်နေတဲ့ ယောက္ခမကြီးရဲ့မျက်နှာကို အေးမြနွယ်က နာနာကြည်းကြည်းကြည့်နေ ပစ်လိုက်တယ်။
~~~~~
"အမေဒီအတိုင်း ခေါင်းမာနေမယ်ဆိုရင် သမီးတို့က တရားရုံးအထိတက်မှာနော် ...အဲ့ဒီကျရင် အမေ့မြေးကိုပါ ကျူးကျော်မှုနဲ့ တိုင်မှာ "
"ဘာ ...ဘာအေ့ ..မိအေး ခွေးထက်မိုက်တဲ့ သမီး ...အမေနေကောင်းလား ...မကောင်းလားတော့ မေးဖော်မရဘူး...မအေကို နေစရာမရှိအောင် လုပ်ဖို့ပဲ တွေးနေကြတယ် ... မအေမသေခင် အမွေခွဲနေကြတယ် .."
"အမေက ဘာတွေမက်မောနေတာလဲ ...ဒီခြံကိုရောင်းပြီး မြို့ထဲမှာ ပြောင်းနေရမှာလေ ... ဆေးရုံဆေးခန်းနဲ့နီးနီးနားနားမှာနေရမှာကို အမေကဘာဖြစ်နေတာလဲ "
ဒေါ်မာမာဦးနဲ့ သမီးဖြစ်သူဒေါ်အေးအေးတို့ အိမ်ကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်ခွန်းအော်ကြလေတယ်။ဒေါ်မာမာဦးမှာ အိပ်ရာထက်မှာတုံးလုံးလဲနေရာက အားယူထလိုက်ပြီး
"မိအေး နင်သွားတော့ ...နင့်မျက်နှာကို ငါမကြည့်ချင်ဘူး ... ခုချက်ချင်းထွက်သွားတော့ "
" ဪ အမေက ...အမေ့မြေးမကိုသိပ်အားကိုးနေတယ်ပေါ့ ဟုတ်လား ... ဟိုကအမွတွေလိုချင်လို့ အမေ့နားကပ်ပြီး ပလီပလာ လုပ်နေတာကိုသိရဲ့လား ... နေ ... နေ ...အဲ့ဒီဟာမနဲ့ တစ်သက်လုံးနေ "
ဒေါ်အေးအေးက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပြီး အခန်းထဲကထွက်သွားတယ်။
