en
Feedback
The Standard Time Digital

The Standard Time Digital

Open in Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Show more
The country is not specifiedThe category is not specified
274
Subscribers
No data24 hours
+27 days
+2630 days
Posts Archive
◾️ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နှင့် အီရန် နှစ်နိုင်ငံပူးတွဲထိန်းချုပ်မှုဖြင့် ပြန်ဖွင့်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို မကြာမီကာလအတွင်း အမေရိကန် ပြည်ထောင်စုနှင့် အီရန်တို့၏ ပူးတွဲထိန်းချုပ်မှုဖြင့်ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစီအင်န်အင်န်သတင်းဌာနသို့ မတ် ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် အီရန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး ဟော်မုဇ်ရေလက်ကြားကို မကြာမီကာလအတွင်းအမေရိကန်နှင့် အီရန်နှစ်နိုင်ငံ ထိန်းချုပ်မှုဖြင့် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က စီအင်န်အင်န်သတင်းဌာန၏ မေးခွန်းကို တုံ့ပြန်ဖြေကြားထားသည်။ ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်းအပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများကိုတိုက်ခိုက်ဖျက်ဆီးမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့် က မတ် ၂၁ ရက်တွင် ရာဇသံပေးထားသည်။ သို့ရာတွင် အီရန်နှင့် အမေရိကန်ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်များ အရဟော်မုဇ်ရေလက်ကြားဖွင့်လှစ်ရေးအတွက် အီရန်အားတိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်နောက်ဆုတ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မတ် ၂၃ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ဟော်မုဇ်ရေလက်ကြားအား အီရန်နှင့် မည်သို့မည်ပုံပူးတွဲထိန်းချုပ်မည်ကို အမေရိကန် သမ္မတဒေါ်နယ်ထရန့်က တိတိကျကျ ထုတ်ပြောခဲ့ခြင်းမရှိပေ။ သို့ရာတွင် ဟော်မုဇ်ရေလက်ကြားအပေါ်အီရန်၏ ဩဇာလည်း သက်ရောက်မှုရှိကြောင်း အသိအမှတ်ပြုရာရောက်သည့် လုပ်ဆောင်ချက်မှန်သမျှကို အီရန်အား အဓိက လိုက်လျောပေးမှုတစ်ရပ်အဖြစ် မှတ်ယူနိုင်လိမ့်မည်ဖြစ်ကြောင်းလေ့လာသူ များက သုံးသပ်ထားသည်။ လက်ရှိဖြစ်ပွားဆဲ စစ်ရေးပဋိပက္ခကို အဆုံးသတ်ရေးအတွက် အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများရှိခဲ့ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြား ထားသော်လည်း အီရန်ကမူ မှန်ကန်မှုမရှိသည့်သတင်းအဖြစ်ငြင်းပယ်ထားသည်။ အီရန်နိုင်ငံ၌ အလွန်အဓိပ္ပာယ်ရှိသောအစိုးရအပြောင်းအလဲပုံစံ တစ်ခုလည်း ပေါ်ထွက် လာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်က မတ် ၂၃ရက်တွင် ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စု နှင့် အစ္စရေးတို့ကအီရန်ကိုစစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ ပြီးနောက်အီရန် နိုင်ငံကလည်း ကမ္ဘာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဖြတ်သန်းနေသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ရာ ကမ္ဘာ ကြီးအနေဖြင့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းရှိ လုပ်ငန်းခွင်အတွင်း ထိခိုက်ခဲ့ သည့် မြန်မာလုပ်သားနှစ်ဦး နစ်နာကြေး ဘတ် ၁၇ သိန်း ကျော်ရရှိ ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးနှင့် သေဆုံးခဲ့ သည့် မြန်မာအလုပ်သမားတစ်ဦးတို့အတွက် နစ်နာကြေး ဘတ် ၁၇ သိန်းကျော်ရရှိရန် ကူညီပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။ ၂၀၂၄ ခုနစ် မေ ၁၁ ရက်က ကန်ချနဘူလီမြို့ရှိ ကြံစိုက်ခင်းတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ကိုမျိုးဇော်သည် ရေသွင်းနေစဉ်စက်နှင့်ညပ်မိကာ ညာဘက် လက်မောင်းရင်းထိပြတ်သွားခဲ့ပြီး ၎င်း၏ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးခဲ့ရာ မတ် ၂၄ ရက်တွင် ဘတ် ၇ သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ အလားတူ စမူဆာခွန်ခရိုင်ကထွန်းဘင်မြို့နယ် ကီလို ၁၂ တွင်ကားနှင့်ဆိုင်ကယ်တိုက်မိပြီး သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ကိုသန့်ဇင်ဖြိုးအတွက် မတ် ၂၃ ရက်တွင်ကားပကန်မှ နစ်နာကြေး ဘတ်ငါးသိန်းနှင့် ကားထော်လော်ဘော်မှဘတ် ငါးသိန်း စုစုပေါင်း ဘတ်တစ် သန်းကို ဇနီးဖြစ်သူက ရရှိခဲ့ကြောင်းသိရသည်။ ကိုမျိုးဇော်အတွက် နစ်နာကြေးရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် NGO အဖွဲ့များဖြစ်သည့် FED, HRDF, MMNBအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကိုသန့်ဇင်ဖြိုးအတွက် နစ်နာကြေးရရှိရန် ၂၀၂၅ ခုနစ် ဇန်နဝါရီ၂၉ ရက်တွင် ကထွန်းဘင်မြို့ ရဲစခန်းတွင် သွားရောက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့ပါက ပကန်စခွန် (လူမှုဖူလုံရေးအာမခံ)ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ နှစ်လ အတွင်း မြို့နယ်ရုံးများတွင်တိုင်ကြားရန် အကြံပြုထားသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

အရှေ့အလယ်ပိုင်းစစ်ပွဲရဲ့နောက်ဆုံးဆုံချက်

◾️ငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်ရန်ရက်ပိုင်းအလို ဒေသသုံးခုတွင် ငလျင်လှုပ်ခတ် ငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်ရန်ရက်ပိုင်းအလို ဒေသသုံးခုတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ ယင်းငလျင်လှုပ်ခတ်ခဲ့သည့်မြို့များမှာ ယမန်နေ့(မတ် ၂၃ ရက်) တွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့၌ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ် ၄၇ စက္ကန့်တွင် အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိငလျင်၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၌ ညနေ ၆ နာရီ ၁၄ မိနစ် ၁၁ စက္ကန့်တွင် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိငလျင်၊ စစ်ကိုင်းတိုင်း၊ လေရှီးမြို့၌ ည ၁၁ နာရီ ၅၇ မိနစ် ၅၀ စက္ကန့်တွင် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိငလျင်တို့ဖြစ်ကြောင်းသိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှုများအနက် ပျဉ်းမနားမြို့၏ အနောက် တောင်ဘက်ငါးမိုင်ခန့်၊ အနက် ၁၁ ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့သည့်ငလျင်မှာ နေပြည်တော်တွင်နေထိုင်သူများ သိသာစွာခံစားခဲ့ရ ကြောင်း ဒေသခံများကပြောသည်။ “ငလျင်ကအတော်သိသာတယ်။ အထက်အောက်ဆွဲခါသွားတာ။ အောက်ဆုံးထပ်နေတာတောင်အတော် သိသာတယ်။ အထပ်မြင့်ကလူတွေလည်းအကုန်ဆင်းပြေးကြတာ။ တစ်နှစ်ပြည့်ခါနီးထိလှုပ်နေတုန်းမို့ နေတောင်မနေရဲတော့ဘူး” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံအတွင်းသိသာထင်ရှားသည့်ငလျင်ကြီးများ၏လေ့လာတွက်ချက်မှုမှတ်တမ်းများအရ နှစ်ပေါင်း ၁၆၀ အတွင်းပြန်လည်လှုပ်ခတ်လေ့ရှိကြောင်း၊ ၁၉၃၀ ခုနှစ်တွင်လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိပဲခူးငလျင်နှင့် ၁၇၆၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လှုပ်ခတ်ခဲ့သည့်ငလျင်တို့သည် တကျော့ပြန်လှုပ်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ပြောရေးဆိုခွင့်ရှိသူက စံတော်ချိန်ဒစ်ဂျစ်တယ်နှင့်အင်တာဗျူးတွင်ဖြေကြားထားသည်။ မြန်မာနိုင်ငံ၌ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်နှင့် ၁၉၅၆ ခုနှစ်၊ ဇူလိုင်လတွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တို့မှာ သမိုင်းတွင်ထင်ရှားသည့် စစ်ကိုင်းငလျင်လှုပ်ခတ်မှုများဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များ က သုံးသပ်ပြောဆိုထားသည်။ သတင်း - အင်ကြင်း #ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️နိုင်ငံ့ရေးရာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ကင်ဂျုံအန်းကိုပြန်လည်ရွေးချယ်ခန့်အပ် မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်က မတ် ၂၂ ရက်တွင်ကျင်းပခဲ့သော ပထမဆုံးအစည်း အဝေးတွင် လက်ရှိခေါင်းဆောင်ကင်ဂျုံအန်းကို နိုင်ငံ့ရေးရာကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန် ထားသည်။ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်သည် လက်ရှိအာဏာရအလုပ်သမားပါတီက အတည်ပြုဆုံးဖြတ်ထားသည့် နိုင်ငံတော်မူဝါဒများကိုအတည်ပြုပေးရသည့် အဖွဲ့အစည်း ဖြစ်သည်။ ကေစီအင်န်အေသတင်းဌာန၏ အဆိုအရ မတ် ၂၂ ရက်တွင် စတင်သော ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ပြည်သူ့ကိုယ်စားလှယ်များက ကင်ဂျုံအန်းကို နိုင်ငံ့ရေးရာများ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင်ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေး၊ဖြည့်စွက်ချက်များ ထပ်မံထည့်သွင်း ရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် မြောက်ကိုရီးယားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် န၀မအကြိမ်အလုပ်သမားပါတီ ပါတီညီလာခံ၌ ချမှတ်ခဲ့သော စီးပွားရေး ငါးနှစ်စီမံကိန်းကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ့ရေးရာကော်မရှင်သည် အမြင့်ဆုံး နိုင်ငံရေး ဦးဆောင် မှုအဖွဲ့အစည်း ဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️လက်ဘနွန်၌ မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင်ပြုလုပ်ရန် အစ္စရေးစစ်ဘက်ပြင်ဆင် ဟစ်ဇ်ဘိုလာ အုပ်စုကိုချေမှုန်းရေးအတွက် လက်ဘနွန်နိုင်ငံအတွင်း မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင် ပြုလုပ်မည်ဖြစ်ကြောင်းအစ္စရေးစစ်ဘက်က မတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ လက်ဘနွန်နိုင်ငံ တောင်ပိုင်းလီတာနီမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားများ ကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးနောက် လက်ဘနွန်၌ မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင်ပြုလုပ်မည် ဖြစ်ကြောင်း အစ္စရေး စစ်ဘက်ကကြေညာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် လက်ဘနွန်မြေပြင်စစ်ဆင်ရေးများကို စီစဉ်ထားသည့် အတိုင်းနယ်မြေတိုးချဲ့ပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်ပြောရေး ဆိုခွင့်ရှိသူကလည်းထုတ်ဖော်ပြောကြားထားသည်။ လက်ဘနွန်နိုင်ငံ၌ မြေပြင်စစ်ဆင်ရေးများ တိုးချဲ့ပြုလုပ်မည့်အစ္စရေးစစ်ဘက်၏ အစီအစဉ် ကိုလက်ဘနွန်နိုင်ငံ၏ အမျိုးသားအချုပ်အခြာအာဏာအား ချိုးဖောက်မှုအဖြစ် လက်ဘနွန်အစိုးရက ဝေဖန်ထားသည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုသည် အမေရိကန်နှင့်အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက်လေကြောင်းတိုက်ခိုက်မှုတွင် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးခဲ့ရမှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ အစ္စရေးနိုင်ငံကလည်း ဟစ်ဇ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုများကိုတုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်ဘနွန်နိုင်ငံမှာ လက်ရှိဖြစ်ပွားဆဲအရှေ့အလယ်ပိုင်း စစ်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ ရသည်။ အစ္စရေးနိုင်ငံ၏ စစ်ရေးအရတိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံ၌ သေဆုံးသူ ၁၀၂၉ဦးအထိ ရှိခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️၂၀၁၅-၂၀၂၅ အကြားကာလ ကမ္ဘာ့အပူဆုံး ဆယ်စုနှစ်အဖြစ် စံချိန်တင် ၂၀၁၅ခုနှစ်နှင့် ၂၀၂၅ခုနှစ်အကြားဆယ်စုနှစ်သည် ကမ္ဘာ့အပူချိန်မှတ်တမ်းသမိုင်း တစ်လျှောက် အပူဆုံး ဆယ်စုနှစ်ဖြစ်ခဲ့ရကြောင်းကုလသမဂ္ဂ ကမ္ဘာ့မိုးလေ၀သအဖွဲ့က မတ် ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် ၂၀၂၅ခုနှစ်သည် ၁၈၅၀ပြည့်နှစ်တွင် စတင်ရယူခဲ့သော ကမ္ဘာ့အပူချိန်မှတ်တမ်း သမိုင်းတစ်လျှောက် ဒုတိယမြောက် သို့မဟုတ်တတိယမြောက် အပူဆုံးနှစ်ဖြစ်နိုင်ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ် သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ၂၀၂၅ခုနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုတော်လှန်ရေးခေတ်မတိုင်မီကာလ ပျမ်းမျှအပူချိန်ထက် ၁ဒသမ၄၃ဒီဂရီဆဲလ်စီးယပ်ပိုများခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀ သအဖွဲ့ ချုပ်၏အဆိုအရ သိရသည်။ တစ်ချိန်တည်းမှာပင်ကမ္ဘာ့ရေခဲပြင်ဒေသများ၌ ၂၀၂၅ခုနှစ်အတွင်း ရေခဲပြင်ဆုံးရှုံးရမှု နှုန်းမှာ လည်း အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ် ကျွမ်းကျင်သူများက ပြောကြားသည်။ မျက်မှောက်ကာလ တစ်ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုအခြေအနေမှာ အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းအထက်ပါထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးထားသည်။ ကမ္ဘာ့အပူချိန်မှတ်တမ်းသမိုင်းတစ်လျှောက်အပူဆုံးနှစ်မှာ ၂၀၂၄ခုနှစ်ဖြစ်ပြီး ယင်းနှစ် အတွင်းကမ္ဘာ့ပျမ်းမျှအပူချိန်မှာ စက်မှုတော်လှန်ရေးခေတ်မတိုင်မီ ကမ္ဘာ့ပျမ်း မျှအပူချိန် ထက် ၁ဒသမ၅၅ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများထံမှစမတ်ခ ယူပြေးသည့် ပွဲစားကို အမှုဖွင့်ထား ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင်မြန်မာအလုပ်သမား ခုနစ်ဦးအားအလုပ်သွင်းပေးမည်ဟုဆိုကာ စမတ်ခ(အလုပ်သွင်းခ)များယူဆောင်ထွက်ပြေးနေသည့် ရှမ်းအမျိုးသမီး ပွဲစားတစ်ဦးအား အမှုဖွင့်တိုင်ကြားခဲ့ကြောင်း UFF - Labourအဖွဲ့မှ သိရသည်။ ၎င်းပွဲစားသည် ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် အလုပ်သမားများ၏ စာရွက်စာတမ်းများနှင့် စမတ်ခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ၈၀၀၀ ကို တောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလုပ်သမားများသည် မတ်၁ ရက်တွင် UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး ဖုန်းဖြင့် ဆက်သွယ်ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ခြောက်ဦး၏ စာရွက်စာတမ်းများသာပြန်လည်ရရှိခဲ့ကြောင်း UFF အဖွဲ့မှသိရသည်။ ကျန်ရှိသည့် အလုပ်သမားတစ်ဦး၏ စာရွက်စာတမ်းများနှင့် အလုပ်သမားခုနစ်ဦးတို့၏ စမတ်ခများအားလာရောက်ဖြေရှင်းပေးခြင်း မရှိသောကြောင့် မတ် ၂၂ ရက်တွင် သက်ဆိုင် ရာရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-UFF - Labour(နစ်နာသူအလုပ်သမားများနှင့်ကူညီပေးနေသူများကိုတွေ့ရစဉ်) #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ဓာတ်အားပေးစက်ရုံများ အတိုက်ခံရပါက ဟော်မုဇ်ရေလက်ကြားကို အလုံးစုံပိတ်မည်ဟု အီရန်ပြော အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပါက မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကိုအလုံးစုံ ပိတ်ထား ရလိမ့်မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို၄၈နာရီအတွင်း အပြည့်အဝဖွင့်လှစ်ပေးခြင်းမရှိပါက အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများကို တိုက်ခိုက်ဖျက်ဆီးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၂၁ ရက်တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ်က အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ၎င်းခြိမ်းခြောက်ထားသည့်အတိုင်း အီရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ခဲ့ပါက ဟော်မုဇ်ရေလက်ကြားအား အလုံးစုံ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း၊ ယင်းအပြင် အမေရိကန်များ အစုရှယ်ယာ ထည့်သွင်းထား သည့် စွမ်းအင်ကုမ္ပဏီများကိုလည်းဖျက်ဆီးမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့် တပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲ သီတင်းလေးပတ်တာကာလအတွင်း စတင်ဝင်ရောက်လာချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေရသောဟော်မုဇ်ရေလက်ကြားကို အပြည့်အဝပြန်လည်ဖွင့်လှစ် ပေးရန် အီရန်ကို အချိန်၄၈နာရီ ပေးထားခြင်းဖြစ်သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေမှုကြောင့်အီရန်စစ်ပွဲစတင်ချိန်မှစ၍ နိုင်ငံတကာစွမ်းအင် ဈေးကွက်၌ စွမ်းအင်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းစက်ရုံတွင် လုပ်ကိုင်နေသည့်မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်ထုတ်ခံရ ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ အထပ်သားပြားစက်ရုံတစ်ရုံတွင် မြန်မာအလုပ်သမား ၂၀၀ ခန့် သည် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရကြောင်းMHAC မဟာမိတ်အဖွဲ့မှ သိရသည်။ ၎င်းစက်ရုံတွင် မြန်မာအလုပ်သမားများသည် အထောက်အထားရှိသော်လည်း ရဲကြေး အဖြစ် လစဉ် ဘတ် ၁၀၀၀ ဖြတ်တောက်ခံရခြင်း၊ အလုပ်ပုံမှန်မဆင်းရခြင်းတို့အပြင် ကြိုတင်အကြောင်းမကြားဘဲစက်ရုံ HR ၏ ညွှန်ကြားချက်ဖြင့် ကြားခံအေဂျင်စီများမှ လုပ်အားခများ မပေးဘဲအလုပ်မှထုတ်ပယ်ခံလိုက်ရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်မှထုတ်ပယ်ခံလိုက်ရသော်လည်း ၆၈ ဦးသာ ဆက်သွယ်အ ကူအညီတောင်းခံခဲ့ကြောင်း၊ ထို့ကြောင့် မတ် ၁၈ ရက်တွင် MHAC အဖွဲ့၏ တာဝန်ရှိသူ များက မြန်မာလုပ်သား ၆၈ ဦးတို့နှင့်အတူ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက် ရေးရုံးသို့ သွားရောက်၍ ကူညီမှုစတင်ခဲ့ကြောင်း MHAC အဖွဲ့မှ သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MHAC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း