936
Subscribers
+2024 hours
+857 days
+30530 days
Posts Archive
936
မိန်းမတစ်ယောက်ထဲနေတဲ့ အလုံပိတ်အခန်းကလေးဟာ ညဆိုရင် စီးကရက်မီးခိုးတွေနဲ့ ပြည့်နှက်နေတတ်တယ်။
နီနီဟာ နားကြပ်ကို အရင်လိုနှစ်ဖက်တပ်မထားတော့ဘူး.. နားကျပ်တစ်ဖက်ထဲနဲ့ တခြားအသံတွေကိုပါ နားထောင်ကြည့်လာတယ်။ မမြင်ရတဲ့ တစ်ဖက်လောကက တချို့အရာတွေက လူတွေကို အဆင့်သုံးဆင့်နဲ့ လွှမ်းမိုးနိုင်ဖို့ ကြိုးစားတတ်ကြတယ်လို့ Conjuring ဇာတ်ကားထဲမှာ နီနီကြည့်ဖူးတယ်။ အခု နီနီ့ကို အဲ့ဒီအရာက လွှမ်းမိုးဖို့ ကြိုးစားနေတာများလား။
အခုဆိုရင် နီနီဟာ သူ့ဆီကို မမြင်ရတဲ့ တစ်စုံတစ်ရာဆီက အသံများ ထပ်ပြီးရောက်လာဦးမလားလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေတတ်လာပြီ။ အသံဟာ လေထုထဲကနေ ပိုးကြိုးကလေးတစ်စလို ပါးပါးလျားလျားလေး လွင့်လာပြီး နီနီ့နှလုံးသားကို ရစ်ချည်လိုက်သလို နူးညံ့တဲ့၊ ဆို့နင့်တင်းကျပ်တဲ့ ခံစားချက်ကို ပေးတယ်။
"ခင်ဗျားဟာ ကျနော့်ကို စောင့်နေတာများ ဖြစ်နေမလားလို့ ပြန်စဉ်းစားကြည့်ပေးပါလား... "
နီနီဟာ ဖြုတ်ထားတဲ့ နားကျပ်တစ်ဖက်ကို သူ့နားထဲကို ပြန်ထိုးထည့်ပြီး လက်ဖဝါးတွေနဲ့ပါ နားနှစ်ဖက်ကို အုပ်ထားလိုက်ရတယ်။
(၆)
"ပုံပြင်လေးတစ်ပုဒ် ဆင်စွယ်လက်အစုံ ... ငါဟာ လွှတ်ချတတ်ဖို့ တဖွဖွပြောခဲ့ဖူး..."
Messenger call ကနေ ဆိုပြနေတဲ့ သီချင်းသံနဲ့ ဂစ်တာသံက ခပ်တိုးတိုးလေး... နီနီကလည်း သူ့ဒူးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ပွေ့ထားပြီး နားကျပ်ကလေးနဲ့ ငြိမ်ငြိမ်လေး။ ဒါဒါဒါးဒါ့ဒါ ဆိုတဲ့ ဟာမိုနီသံတွေနေရာလောက်မှာပဲ နှုတ်ခမ်းလေးတွေကနေ ဖွဖွကလေးလိုက်ညည်းလို့ သူ့လက်ချောင်းလေးတွေကို ဖွဖွကလေး တီးလုံးနဲ့အတူ စည်းချက်လိုက်တာလောက်ပဲ ရှိတယ်။
သီချင်းဆုံးသွားတော့ တစ်ဖက်ကကောင်လေးဆီက ထွက်လာတဲ့ မီးခြစ်သံ ဆေးလိပ်ရှိုက်ဖွာသံသဲ့သဲ့တွေကို နီနီက ပြုံးပြီး နားထောင်နေတယ်။ ကောင်လေးက ဆေးလိပ်ကို ရှိုက်ဖွာရင်း နီနီ့ကို လှမ်းပြောတယ်။
"အစ်မ.. ကျနော်တို့ ကိစ္စတွေကို မေ့ပစ်လိုက်ရအောင်၊ ကျနော် အမကို ခင်တယ် ဒါပေမယ့် ချစ်ကြည့်ဖို့ကြိုးစားတာ ဘယ်လိုမှမရဘူး" ... တဲ့
မီးခြစ်နဲ့ ဆေးလိပ်ဘူးကို လှမ်းယူလက်စ နီနီ့လက်ကလေးတွေ လေထဲမှာ ရပ်တန့်သွားတယ်။ ဒါပေမယ့် နီနီက "အင်းပါ" လို့ပဲ တိုးတိုးကလေး ပြန်ပြောတယ်။ ပြီးတော့ စီးကရက်ဘူးကိုယူ ၊ ဆေးလိပ်ထုတ်၊ မီးညှိပြီး အောက်ဆီဂျင်တွေ ရှူသွင်းသလို ရှိုက်သွင်းလိုက်တယ်။ ဆေးလိပ်ကိုင်ထားတဲ့ နီနီ့လက်ကလေးတွေကတော့ တဆတ်ဆတ်တုန်ခါလို့။
"ကျနော် နားတော့မယ်နော်၊ မနက်ကျ စောပြီး အိပ်ရာထချင်လို့.."
ကောင်လေးက နီနီ့ကို နှုတ်ဆက်ပြီး အိပ်ဖို့ပြင်တယ်။ နီနီက "အင်း.." လို့ ပြန်ပြောပြီးမှ "ခဏလေးပါ.." တဲ့။ "လွှမ်းမိုးရဲ့ မနှင်းဆီကို ထပ်ပြီး တီးပြပေးနိုင်မလား" လို့ ကောင်လေးကို နီနီက မေးတော့ ကောင်လေးဘက်က ခဏတိတ်သွားပေမယ့် သက်ပြင်းချပြီး ဂစ်တာကို ကောက်ကိုင်လိုက်သံ ကြားရတယ်။ သီချင်းသံက တမြေ့မြေ့၊ နီနီ ဆက်မသောက်ဖြစ်တော့တဲ့ စီးကရက်ကလေးကလည်း ပြာခွက်ထဲမှာ တမြေ့မြေ့... မျက်ရည်မကျတတ်တဲ့ နီနီ့လက်ဖျံမှာတော့ သွေးစီးကြောင်း ပါးပါးလေးတွေ။ မျက်ရည်နဲ့ မငိုတတ်တဲ့ နီနီဟာ သွေးတွေနဲ့ပဲ အသံတိတ် ငိုချပစ်လိုက်တတ်တာ ကြာပြီပဲဟာ။
(၇)
နီနီဟာ သူ့အိမ်နားက သူအစာကျွေးနေကျခွေးကလေးကို နိုင်ငံခြားဖြစ် အမဲသားဘူး ဝယ်ကျွေးတယ်။ သူ့မွေ့ယာကိုတော့ သူအဝတ်လျှော်ဖို့ အပ်နေကျ ဒိုဘီသည်အမကြီးကို ပေးတယ်။ သူ့စာအုပ်ကလေးတွေကိုတော့ သူ့ကိုမချစ်တဲ့ ဂစ်တာတီးတဲ့ ကောင်လေးဆီကို ဒလီဗာရီနဲ့ပို့တယ်။ စာအုပ်တိုင်းရဲ့ရှေ့ဆုံးမှာ ဒီစာအုပ်ကိုတော့ ဘာကြောင့်ဖတ်ကြည့်သင့်တယ် ဆိုတဲ့ recommend လေးတွေနဲ့...
အဲ့ဒီညကစပြီး နီနီဟာ မအိပ်တော့ဘူး။ ပြတင်းတံခါးကိုဖွင့်ပြီး သူ့ဆီကို ရောက်လာမယ့် အဲ့ဒီအရာကို စောင့်တယ်။
ကိုယ့်ဆီကို ရောက်မလာစေချင်တဲ့ အရာတွေကသာ မြန်မြန်ဆန်ဆန်ကြီး ရောက်လာတတ်ကြပေမယ့် ရောက်လာစေချင်တဲ့ အရာတွေကျတော့ အရမ်းကို ကြာတတ်ပြန်တယ်။ ညဟာ တဖြည်းဖြည်းနက်လာတယ်။ ပြတင်းတံခါးပေါင်ပေါ်မှာ စီးကရက်တိုကလေးတွေ ပိုပိုပြီး များလာတယ်။ လက်ဖျံမှာ ဓားရာကလေးတွေလည်း ပိုစိပ်လာလို့ သွေးတွေဟာ တစက်စက်။
"Hey.."
နီနီ့အသံက တိုးတိုးလေးပေမယ့် လုံလောက်တယ်ထင်ပါရဲ့...အဲ့ဒီအရာက နီနီ့ကို မော့ကြည့်တယ်။ နီနီက အဲ့ဒီအရာရဲ့ မျက်လုံးတွေဆီကို စိုက်ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲ့ဒီအရာကလည်း နီနီ့ကို စိုက်ကြည့်ပြီး ခေါင်းငြိမ့်ပြတယ်... နီနီဟာ တစ်စုံတစ်ခုကိုသင်ယူဖို့ ဆရာ့ဆီက ခွင့်ပြုချက်ရသွားတဲ့ ကျောင်းသူကလေးလို အားရပါးရ ပြုံးလိုက်တယ်။
(၈)
မြေကြီးနဲ့ မထိခင်လေးမှာပဲ နီနီ့ဆီကို အဲ့ဒီအရာက စကားလှမ်းပြောတယ်။
"ခင်ဗျား ကျနော့်ကို စောင့်နေတယ်ဆိုတာကို ကျနော်သိပါတယ်" တဲ့။
(၉)
နီနီဟာ အိမ်အပေါ်ထပ်ကို တစ်ယောက်တည်း ပြောင်းလာတဲ့ လူဆီကို မော့ကြည့်ပြီး တိုးတိုးကလေး လှမ်းမေးလိုက်တယ်။
"Hey... ရှင်ဟာ ကျမကို စောင့်နေတာများလား"
#မယ်လွင့်
#ရပ်စောင့်နေတဲ့လိပ်ပြာ
936
(၁)
ခြောက်ထပ်တိုက်တွေဟာ ဘယ်လောက်မြင့်လဲ။ ပေါင် တစ်ရာ့နှစ်ဆယ်လောက်လေးတဲ့ မိန်းမတစ်ယောက် မြေကြီးထိအောင် ပြုတ်ကျသွားဖို့ရော... အချိန်ဘယ်လောက် လိုသလဲ။
(၂)
နီနီ ဒီအခန်းလေးကို ပြောင်းလာတော့ လက်ထဲမှာ ပိုက်ဆံခုနှစ်သောင်းပဲ ပါတယ်။ နီနီ့လို တစ်ကိုယ်ရည်တစ်ကာယနေတဲ့သူအဖို့ ကြီးကြီးမားမားသယ်စရာ ဘာပစ္စည်းမှမရှိပါဘူးလို့ ထင်ထားခဲ့ပေမယ့် မိန်းမတွေဟာ ထင်တာထက် တိုလီမုတ်စများလွန်းတယ် မဟုတ်လား။ တက်စီခကတင် တစ်သောင်းကျော် ပေးလိုက်ရတယ်။
အခန်းကိုရှင်း၊ ပစ္စည်းတွေ နေရာချနဲ့ အရာရာကို နေသားကျအောင် ပြင်ဆင်လိုက်ပြီးတဲ့နောက်မှာ အခန်းဟာ နေချင်စရာသီးသန့်ကမ္ဘာလေး။ ပြတင်းပေါက်ကျယ်ကျယ်တွေကနေ မြင်ရတဲ့ ကောင်းကင်စွန်းစွန်း၊ ပြီးတော့ မိုးသံလေသံကို ကောင်းကောင်းကြားရတဲ့ အပေါ်ဆုံးထပ်။ နီနီဟာ ဒီအိမ်ရောက်မှ ညအိပ်ချိန်တွေ အချိန်မှန်လာသလိုမနက်ဆိုရင်လည်း ခုနှစ်နာရီဆို တကယ်ကြီး ကောင်းကောင်းနိုးနေတတ်ပြီ။
နီနီဟာ မနက်ဆို ကော်ဖီတစ်ခွက်ဖျော်ပြီး စီးကရက်တစ်လိပ်နဲ့ သူ့အိပ်ခန်းရဲ့ပြတင်းပေါက်ကလေးကနေ တစ်စွန်းတစ်စလောက်ပဲ မြင်ရတဲ့ ကောင်းကင်ဆီကိုငေးပြီး တိမ်တွေလို ဆုပ်ကိုင်မရတဲ့ အတွေးတွေကို တွေးနေတတ်တယ်။ ကော်ဖီခွက်ကုန်သွားလို့ အဲ့ဒီနေရာက ခွာလိုက်ရင် ခုနကတွေးခဲ့တာတွေ အကုန်လုံးဟာ စမ်းရေတွေထဲမျောပါသွားတဲ့ ပန်းပွင့်ချပ်တွေလို... သူ့အနားကနေ တမဟုတ်ချင်း ပျောက်ရွေ့သွားတော့တာပဲ။ နီနီဟာ အနာဂတ်မရှိတာ ကြာပြီ။ သူ့မှာ အသက်ရှင်ရုံ ရှင်နေတယ်ဆိုတဲ့ အနေအထားမှာ ရပ်တန့်နေခဲ့တာ... အသီးအပွင့်တွေ အ,သွားတဲ့ သစ်ပင်အ တစ်ပင်လိုမျိုး။
နီနီဟာ ပြတင်းပေါက်ကနေ မီးမသတ်ထားတဲ့ အစီခံထိလုနီးပါး စီးကရက်ကို တောက်ထုတ်လိုက်ပြီးမှ အောက်မှာလူရှိနေရင် ပြဿနာပဲလို့တွေးပြီး ငုံ့ကြည့်လိုက်တယ်။ အရိပ်ကျနေတဲ့ အမှောင်ရိပ်ရယ်၊ ခပ်နွဲ့နွဲ့ ခြုံပင်တွေရယ်ကလွဲရင် ဘာမှ မရှိဘူး။ မိုးရာသီမို့ ဆေးလိပ်မီးဟာ စိုစွတ်လက်စ မြေကြီးပေါ်မှာ ငြိမ်းသွားမှာတော့ အသေအချာပဲလို့ ထင်တယ်။
(၃)
နီနီဟာ ညဘက်တွေဆိုရင် ပြတင်းပေါက်တွေကိုအကုန် ကျယ်လွင့်နေအောင် ဖွင့်ထားပြီးမှ အိပ်တတ်တယ်။ တစ်ကိုယ်ရည်တစ်ကာယ နီနီ့တိုက်ခန်းဟာ တခါတလေလာလည်တတ်တဲ့ သူနဲ့အိပ်ဖော်အိပ်ဖက် အမျိုးသားတစ်ယောက်တစ်လေ လာတဲ့အချိန်ကလွဲရင် လာလည်သူမရှိသလောက် ရှားလို့ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတတ်တာပဲ။ လာလည်တဲ့သူရှိမှ နီနီ့အခန်းကနေ ဂစ်တာသံ၊ သီချင်းသံတွေ ကြားရတတ်တယ်။
ညညဆိုရင် နီနီဟာ မီးအမှောင်ချလို့ သူ့ဖုန်းကနေ ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ကြည့်ရင်းဖြစ်ဖြစ်၊ စာအုပ်တစ်အုပ်ကိုဖတ်ရင်းဖြစ်ဖြစ်၊ သူ့သူငယ်ချင်းလေးတွေဆီ video call ခေါ်ရင်းဖြစ်ဖြစ် အချိန်ဖြုန်းတတ်တယ်။ အဲ့အချိန်တွေကလွဲရင် နီနီဟာ တစ်ယောက်တည်းရှိနေတာတောင်မှ နားမှာ earphone ထိုးပြီးမှပဲ သီချင်းတို့၊ ရုပ်ရှင်တို့ကို ကြည့်တာ။ သူ့ကိုယ်သူ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားခဲ့တာ။
(၄)
နီနီဟာ အိပ်မပျော်လို့ ညတစ်နာရီကြီးကို အခန်းထရှင်းတယ်။ ပန်းကန်ဆေးတဲ့ စတီးဘေဇင်ကို ဆေးကြောရင်း နေရာမလောက်လို့ ပြတင်းပေါက်ပေါင်ပေါ် တင်ထားတဲ့ ပန်းကန်ဆေးဆပ်ပြာဆီဟာ လက်ချော်ပြီးအောက်ကို ပြုတ်ကျသွားတယ်။ နီနီဟာ တမြန်နေ့ကမှ ဝယ်လာတဲ့ တစ်ထောင့်နှစ်ရာတန် ပန်းကန်ဆေးဆပ်ပြာဘူးလေးကို ပြန်ကောက်လို့ ရလေမလားဆိုတဲ့ နှမျောစိတ်နဲ့ ပြတင်းပေါက်ကနေ ငုံ့ကြည့်ပြီး လိုက်ရှာတယ်။
ပထမတော့ အဲ့ဒီအရာဟာ သစ်ပင်တွေနဲ့ စွန့်ပစ်ပစ္စည်းတချို့ရဲ့ အရိပ်လို့ ထင်သွားခဲ့သေးတယ်။ အမှတ်မဲ့ ကျော်သွားတဲ့ နီနီ့မျက်လုံးတွေကို ဘာကဆွဲဆောင်တယ်မသိပါဘူး.. ဒုတိယအကြိမ် ပြန်ကြည့်မိတဲ့အခါ အဲ့ဒီအရာက နီနီ့ကို သူ့မျက်လုံးတွေနဲ့ ပြန်ပြီး မော့ကြည့်လာခဲ့တယ်။
အဲ့ဒီလူလား၊ အဲ့ဒီအရာလား... နီနီမသေချာဘူး။ ဒီတော့ အဲ့ဒီအရာလို့ပဲ သုံးနှုံးလိုက်တော့မယ်။ အဲ့ဒီအရာဟာ ရှပ်အင်္ကျီအနီကွက် ဝတ်ထားတဲ့ အသက်ခပ်ရွယ်ရွယ် အမျိုးသားတစ်ယောက်။ အဲ့ဒီအရာရဲ့ မျက်လုံးတွေကို ခြောက်လွှာမြင့်တဲ့ တိုက်ခန်းကနေ သဲသဲကွဲကွဲ မြင်ရတာတော့ တကယ်ဆန်းတဲ့ ကိစ္စပဲ။ အဲ့ဒီမျက်လုံးတွေကို ငေးမိတဲ့ခဏ နီနီ့နားထဲမှာ ပြတ်ပြတ်သားသားနဲ့ အနားကိုကပ်ပြီး တိုးဖွဖွလာပြောလိုက်သလို စကားသံတစ်ခု။
"ခင်ဗျားဟာ ကျွန်တော့ကို လာစောင့်နေတာများလား..." တဲ့။
နီနီဟာ ပြတင်းပေါက်ကို အသံမြည်အောင် ဆွဲပိတ်ပြီး တံခါးဂျက်တွေကို အလျင်အမြန်လိုက်ပိတ်ပစ်လိုက်တယ်။ အဲ့ဒီညက အမြဲအမှောင်ချထားတဲ့ နီနီ့အခန်းကလေးဟာလည်း မီးတွေထိန်အောင် လင်းနေခဲ့ပြီး နီနီဟာလည်း ကြက်သွန်လှီးဓားကို ကျစ်ကျစ်ဆုပ်လို့ ငုတ်တုတ်ထိုင်ရင်း မိုးလင်းသွားခဲ့တယ်။
(၅)
လူတွေဟာ ကြောက်ပေမယ့် အဲ့ဒီအရာကို မကြည့်ဘဲ မနေနိုင်ကြသလို နီနီဟာလည်း အဲ့ဒီပြတင်းကနေ အောက်ကို ငုံ့မကြည့်ဘဲ မနေနိုင်ပြန်ဘူး။ နီနီကြည့်မိတိုင်းလည်း အဲ့ဒီအရာက သူ့ကို ပြန်ပြီး မော့ကြည့်နေတာချည့်ပဲ။ မနက်တိုင်း သူကော်ဖီသောက်နေကျ ပြတင်းဟာ ညညဆို သူ့ကို ခြောက်လှန့်နေတဲ့ နေရာအဖြစ် ပြောင်းသွားတယ်။ နီနီ့အနေနဲ့ ညတွေရောက်လာတဲ့အခါ ပြတင်းတံခါးတွေကို မဖွင့်ဘဲထားရင် စိတ်လုံခြုံလို့သာ ပိတ်ထားတာ။ တကယ်တော့ မှန်ပြတင်းပေါက်တွေဟာ နီနီ့ကို မကာကွယ်နိုင်မှန်းကိုလည်း နီနီသိပြန်တယ်။ အိပ်မပျော်တတ်တော့တဲ့
936
Repost from ကဗျာလမ်း
အထီးကျန် (၃)
သိပ်ကို ဇာတ်နာလွန်းနေတော့လည်း
ဒဏ်ရာတစ်ခု နဲ့ ဒဏ်ရာတစ်ခု
မစာနာပေးနိုင်တော့ဘူး။
တစ်ဦးတစ်ယောက်မှ ရောက်မလာပဲ
ပုံပြင်ဟာ ဟိုရှေးရှေးတုန်းကနဲ့ပဲ
ပြီးသွားခဲ့တယ်။
လက်ဆယ်ချောင်းလုံးကို
လက်ခလယ်ပဲဖြစ်နေအောင်
စိတ်ကူးနဲ့ ခွဲစိတ်ပစ်ခဲ့တယ်။
မျက်ရည်ဟာ
လမ်းတစ်ဝက်ရောက်မှ
မျက်လုံး ဆီ နောက်လှည့်ပြန်သွားတယ်။
ခုတော့ ငါ အေးဆေး ပြုံးရယ်နေတယ်။
တစ်ဝက်က အရယ်အပြုံး
တစ်ဝက်က နာကျင်မှုနဲ့ပေါ့ ။ ။
ဇာတိ
30.7.2016
936
ဆင်းသက်လာတဲ့ သူကောင်းတစ်ယောက်ဖြစ်ကြောင်း ၊ ဘာလင်တက္ကသိုလ်မှာ ပညာသင်ကြားဆဲ ကျောင်းသားတစ်ယောက် ဘဝကနေ စစ်ကြီးဖြစ်လာတော့ မျိုးချစ်စိတ်ကြောင့် စစ်ထဲလိုက်လာတာဖြစ်တဲ့ကြောင်း ၊ သူ့မိဘတွေဆီကို စာတစောင်ရေးပြီး သူလက်ထပ်တော့မယ်ဆိုတာ အကြောင်းကြားမယ် ၊ ကြွယ်ဝတဲ့ မိဘတွေဆီက စက်မှုလယ်ယာသုံး ယန္တရားတွေဖြစ်တဲ့ ထွန်စက်တွေ ဘာတွေ လှမ်းမှာပြီး တပ်ကထွက်စာတင် ၊ ဟော့ဒီယာတောလေးမှာ အေးအတူ ပူအမျှ လယ်ယာတွေထွန်ယက် စိုက်ပျိုးရင်း နေထိုင်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အစရှိသဖြင့်ပေါ့။
တစ်ရက်မှာတော့ 𝙰𝚗𝚗𝚎𝚝𝚝𝚎 တစ်ယောက် 𝙷𝚊𝚗𝚜 ကိုပိုပြီး စိတ်နာစရာအဖြစ်အပျက်တစ်ခုဖြစ်လာသေးတယ်။ ကျူးကျော်သူတွေကို ခုခံစစ်ဆင်နွှဲနေတဲ့ သူ့ချစ်သူ ပြင်သစ်ကျောင်းဆရာ တော်လှန်ရေးသမားလေးဟာ တိုက်ပွဲမှာ ကျဆုံးသွားပြီဖြစ်တဲ့အကြောင်း ကြေးနန်းရောက်လာတာကိုး။ အဲဒီခံစားချက်ကို 𝙷𝚊𝚗𝚜 ကစာနာ နားလည်ပါတယ်။ ဂျာမန်တွေ ဘယ်သူနဲ့ စစ်ပြုနေတယ်ဆိုတာလည်း သူမှ စိတ်မဝင်စားတော့တာ။ သူသိတာ သူချစ်တဲ့ ပြင်သစ်မလေး ၊ သူ့ရင်သွေးလေးကိုး။ 𝙰𝚗𝚗𝚎𝚝𝚝𝚎 တစ်ယောက်သူ့ကို ဘယ်လိုနာကျည်းနေပါစေ ၊ တစ်နေ့နေ့တော့ သူ့ကို ခွင့်လွှတ်လာနိုင်မယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူ့မူလ အစီအစဉ် တပ်ကို ထွက်စာတင်ဖို့ စီစဉ် ၊ မိဘတွေဆီ အကြောင်းကြား အစရှိသဖြင့် လုပ်နေလိုက်တယ်။ ကောင်မလေးရဲ့ကိုယ်ဝန်ကလည်း တဖြည်းဖြည်းရင့်မာလာနေသလို 𝙷𝚊𝚗𝚜 နဲ့ ယာတောက မိသားစုရဲ့ ဆက်ဆံရေးကလည်း သံယောဇဉ်တွယ်တာစ ပြုလာနေပြီ။ သူချစ်တဲ့ ပြင်သစ်မလေးကလည်း ခုဆို သူ့ကိုအရင်လောက် မုန်းတီးတာမျိုး မရှိတော့ဘူး။ တစ်ခါတလေ စကားလေးဘာလေး ပြန်ပြောစပြုလာပြီပေါ့လေ။
တပ်ကထွက်စာတင်တဲ့ ကိစ္စနဲ့ရှုပ်နေတော့ သုံးလေးရက်လောက်ကြာသွားတဲ့ 𝙷𝚊𝚗𝚜 တစ်ယောက် အားနာနဲ့ ယာတောအိမ်လေးဆီ မနက် မိုးကောင်းကောင်းမလင်းသေးခင် အပြေးလေးရောက်လာပြန်တယ်။ ဝမ်းသာအားရဖြစ်နေတဲ့ အမယ်ကြီးက ခြံပေါက်ဝကနေ ဆီးကြိုပြီး သူ့ကို အော်ပြောလိုက်တယ်။ ❝ မောင်ရင်ရေ ၊ မနေ့ကပဲ 𝙰𝚗𝚗𝚎𝚝𝚝𝚎 တစ်ယောက်မီးဖွားတယ် ၊ ယောက်ျားလေးဟဲ့ ❞ တဲ့။ လှိုက်ခနဲ ပျော်သွားတဲ့ စိတ်နဲ့ 𝙷𝚊𝚗𝚜 တစ်ယောက် အမယ်အိုကြီးကို ပွေ့ဖက်လှုပ်ရမ်းလိုက်ရင်း အိမ်ထဲကို အပြေးကလေး ဝင်လာမိတယ်။ ဘယ်မှာလဲ ငါ့ချစ်ဇနီးလေး ဘယ်မှာလဲ ငါ့သားကလေး ။ အခန်းထဲမှာ မတွေ့ပါလား ။ အမေ ဘယ်မှာတုံးဗျ အမေ့သမီးနဲ့ မြေးလေးက။ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတဲ့ အမယ်ကြီးက တစ်အိမ်လုံးကို လိုက်ကြည့်တယ်။ တကြော်ကြော်အော်တယ်။ 𝙰𝚗𝚗𝚎𝚝𝚝𝚎 သမီး ... ဟဲ့ကောင်မလေး ဘယ်ရောက်သွားတာတုံး ၊ ခုလေးတင် အခန်းထဲမှာပါ။ သူတို့နှစ်ယောက် အိမ်ထဲမှာ ပျာယာခတ်နေတုန်း အိမ်ပေါက်ဝမှာ လူရိပ်တစ်ခု တွေ့လိုက်ရတယ်။ ညဝတ်အိပ်ဝတ်စုံ ဖို့ယို့ဖားယားကြီးနဲ့ 𝙰𝚗𝚗𝚎𝚝𝚝𝚎 ၊ ရေတွေလည်း တစ်ကိုယ်လုံး စိုရွှဲလို့ ။ 𝙷𝚊𝚗𝚜 မျက်နှာကို ပြုံးရင်း စိုက်ကြည့်နေတယ်။ ခပ်တိုးတိုးလေးပြောတယ်။
❝ ဆံပင်ရွှေရောင် မျက်လုံးအပြာလေးနဲ့ ၊ ရှင့်လိုပဲ အင်မတန်ချောတဲ့ ဂျာမန်လေး သိလား ၊ အသက်လည်း ပြင်းလိုက်တာရှင် ၊ နောက်ဖေးချောင်လေးထဲမယ် မနည်းကို ရေနှစ်သတ်လိုက်ရတယ် ❞
အမယ်ကြီးက ဘုရားဘုရားလို့ ရေရွတ်ရင်း လဲကျသွားသလို။ ဂျာမန်စစ်သားလေး 𝙷𝚊𝚗𝚜 တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့တိရစ္ဆာန်တစ်ကောင်လို စူးစူးဝါးဝါးအော်ဟစ်ရင်း ဒယီးဒယိုင် နဲ့ ယာတောအိမ်လေးထဲကနေ ထွက်ခွာသွားခဲ့တယ်။
ဇာတ်လမ်းက ဒါပါပဲကွာ။ ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ။ ဆွမ္မားဆက်မောန် မကောင်းဘူးဗျ။ သွားမဖတ်လေနဲ့။ ခင်ဗျားတို့ကို အနာတရ ဖြစ်စေလိမ့်မယ်။ ခင်ဗျားမနှစ်မြို့စရာတချို့ပြလိမ့်မယ်။ ပြီးရင် အာရုံကို တခြားလွှဲထားမယ် ၊ မျှော်လင့်ချက်ကလေးတွေနဲ့ပျော်အောင် ဖန်တီးလိမ့်မယ်။ ယာတောအိမ်ကလေးထဲ လယ်သမားလေးနဲ့ သူ့ဇနီး ၊ အဖိုးကြီး အဖွားကြီး ၊ သူတို့မြေးကလေး အစရှိသဖြင့် ခင်ဗျားတွေးချင်သလို တွေးလို့ရအောင် မျှော်လင့်ချက်တွေ ပေးထားလိမ့်မယ်။ ဒါပေမယ့် အဆုံးသတ်မှာ ခင်ဗျားတို့နှလုံးသားကို ထုခွဲသွားလိမ့်မယ်။ နောက်ဆုံး ဇာတ်သိမ်းခန်းကို ဖတ်ခဲ့စဉ်က ကျွန်တော် ကယောင်ကတမ်းနဲ့ ခါးကြားကိုစမ်းလိုက်မိသေးတယ်။ ခါးကြားမှာ ပစ္စတို တစ်လက် အသင့်ရှိနေခဲ့ရင် ကိုယ့်နားထင်ကိုယ်တေ့ပြီး ပစ်ချလိုက်မိမယ်ထင်တယ်။အဲ့ဒါ ဆွမ္မားဆက်ေမာန် ပဲ။ ကျွန်တော်သူ့ကို မုန်းတီးတယ်ဗျာ။
- ပါပီယွန် ( ထရော်မာများ - မှ )
#ပါပီယွန်
#geniusbookhouse
#ဆွမ္မားဆက်မောန်ကိုမုန်းတယ်
936
❝ ဆွမ္မားဆက်မောန်ကို မုန်းတယ် ❞ - ပါပီယွန်
ဆွမ္မားဆက်မောန် ( 𝖲𝗈𝗆𝖾𝗋𝗌𝖾𝗍 𝖬𝖺𝗎𝗀𝗁𝖺𝗆 ) ဆိုကာ အလကားကြီးဗျ။ ခင်ဗျားတို့သူ့စာတွေသွားမဖတ်ပါနဲ့ ၊ အလကားဟာတွေ။ ကျွန်တော်တော့ အရက်မူးမူးနဲ့သူ့စာတွေဖတ်ပြီး မျက်ရည်ကျရတယ်။ ကျွန်တော့်နှလုံးသားကို လာလာဆုပ်ချေပစ်လိုက်သလိုပဲ။ ဘယ်တော့မှ မဖတ်လေနဲ့။ ဖတ်ခဲ့ဖူးတယ်ဆိုရင်တောင် သတိပြန်မရမိအောင်ကြိုးစားပါ။ ခင်ဗျား ခြေတစ်ဖက်ဆာနေတဲ့ ❝ ဖိလစ် ❞ ဆိုတဲ့ ကောင်လေးဖြစ်သွားလိမ့်မယ်။ လေလွင့်နေတဲ့ မိန်းမတစ်ယောက်ကို ကိုးကွယ်မိတဲ့ ကောင်လေးတစ်ယောက်ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တော့ မဖတ်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ခုပြောချင်နေတာက အဲ့ဒီ ❝ လူ့နှောင်ကြိုး ❞ ဆိုတဲ့ ဂန္ထဝင်ဘုတ်အုပ်ကြီးမဟုတ်ဘူး။ ခပ်တိုတိုလေးနဲ့ ထိရှသွားစေတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ဗျ။
𝚃𝚑𝚎 𝚄𝚗𝚌𝚘𝚗𝚚𝚞𝚎𝚛𝚎𝚍 ဆိုတဲ့ဝတ္ထု။ သေချာတော့ မမှတ်မိတော့ဘူး။ ကျွန်တော့် မှတ်ဉာဏ်ထဲ ပေါ်လာသလောက် ပြန်ပြောကြည့်မယ်ဗျာ။
ဇာတ်အိမ်တည်ထားတဲ့ နေရာက ဒုတိယကမ္ဘာစစ်နာက်ခံကာလ ပြင်သစ်ပြည်မှာပေါ့။ ပြင်သစ်တစ်တိုင်းပြည်လုံး အဲဒီ့့အချိန်က ဂျာမန်တွေရဲ့ကျူးကျော်မှု ခံထားရတဲ့အချိန်ကိုး။ အဖွင့် ဇာတ်ဝင်ခန်းက ဘယ်လိုလဲဆိုတော့ မူးမူးရူးရူးနဲ့ လျှောက်သွားကြရင်း ဂျာမန်စစ်သားတစ်စုဟာ ပြင်သစ်ကျေးလက်က ယာတောအိမ်လေးတစ်ခုဆီရောက်သွားကြတယ်။ သူတို့ အဲ့ဒီအိမ်လေးထဲ ဝင်သွားကြတော့ ( ရေတောင်းသောက်ဖို့လားမသိဘူး )
အိမ်ရှက်အဖိုးကြီးအဖွားကြီး လင်မယားနဲ့တွေ့တယ်။ သူတို့ကို လိုလားဟန်မပြတဲ့အပြင် မနှစ်မြို့တဲ့ မျက်နှာအမူအရာတွေနဲ့ဆက်ဆံလာတယ်။ အဲ့ဒီအချိန်မှာ အောင်နိုင်သူ ဂျာမန်ဆိုတဲ့ စိတ်ကြီးကလည်း ဝင် ၊ အရက်ကလည်း အတော်မူးနေကြတဲ့
𝙷𝚊𝚗𝚜 နဲ့ သူ့အဖော်စစ်သားတို့ဟာ ယာတောပိုင်ရှင် အဖိုးကြီးနဲ့ အချင်းများကြရောဆိုပါတော့။
အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ သူတို့ကို အင်မတန် ရွံရှာစက်ဆုတ်တဲ့ဟန်နဲ့ အခန်းပေါက်ဝကနေ ကြည့်နေတဲ့ ပြင်သစ်တောသူမလေး တစ်ယောက်ဗျ။ မူးကမူး ၊ သွေးကလည်း ကြွနေတဲ့ 𝙷𝚊𝚗𝚜 တစ်ယောက် အဖိုးကြီးကို လက်သီးနဲ့ ပိတ်ထိုးပစ်လိုက်ပြီး သူ့အဖော် စစ်သားကို ❝ မင်းဒီအဖိုးကြီးကို ငြိမ်အောင် ကိုင်ထားလိုက်စမ်း ❞ လို့ လှမ်းပြောရင်း သူတို့ရဲ့သမီးပြင်သစ်မလေးကို အခန်းတံခါးပိတ်ပြီး အဓမ္မပြုကျင့်နေတာလေ။ အဖွင့်ဇာတ်ဝင်ခန်းကဒါပဲ။ ခင်ဗျားတို့ စိတ်ထဲမှာ 𝙷𝚊𝚗𝚜 ဆိုတဲ့ဂျာမန်စစ်သားကို မုန်းပြီပေါ့။ မျက်စိထဲလည်း မြင်ယောင်လာမယ်။ သံခမောက်အောက်က နှာခေါင်းကောက်ကောက် ၊ ကောက်ကျစ်တဲ့ မျက်လုံးတွေ ၊ ရင်ဘတ်မှာ ဆုရ သံစကြာတံဆိပ်တပ် ယူနီဖောင်းနဲ့ လူယုတ်မာ ဂျာမန်စစ်သား။ တကယ်တမ်းတော့ မဟုတ်ဘူးရယ်။
အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်အပြီး နောက်ရက်တစ်ခုမှာ 𝙷𝚊𝚗𝚜 ဆိုတဲ့ကောင် အဲ့ဒီယာတောလေးကို ပြန်ရောက်လာပြန်တယ်။ တုန်လှုပ်ကြောက်ရွံပါတီ မျက်လုံးပြာပြာ ၊ ရွှေရောင်ဆံပင်တိုတိုနဲ့ ယဉ်ကျေးတဲ့ဂျာမန်လေးတယောက်က လာတောင်းပန်နေတယ်။ ကျွန်တော်မှားပါတယ်ဗျာ။ အရက်တွေ အလွန်အကျွံ မူးေနခဲ့တော့ ဘာလုပ်ခဲ့ မိမှန်း မသိပါဘူး။ ကျွန်တော် မိကောင်းဖခင် သားသမီးပါဗျာတဲ့။ အဖွားကြီးက ကြောက်စိတ်မပြေသေးတဲ့ မျက်နှာနဲ့ သူ့ကို ငေးကြောင်ကြည့်နေသလို အဖိုးကြီးကတော့ အံတင်းတင်းကြိတ်လို့ အဝေးကို ငေးနေတယ်ပေါ့။ သူတို့သမီးပြင်သစ်ကျေးတောသူလေးခမျာ ညစ်နွမ်းခဲ့ရပြီ မဟုတ်လား။ လွယ်လွယ်နဲ့ခွင့်လွှတ်ရတဲ့ကိစ္စလားဗျာ။ အဲ့ဒီနေ့က ဘာစကားမှ မဆိုဖြစ်ခဲ့ကြဘူး။
နောက်နေ့တွေမှာလည်း ဂျာမန်စစ်သားလေး 𝙷𝚊𝚗𝚜 အဲ့ဒီယာတောလေးဆီထပ်ရောက်လာပြန်တယ်။ နောက်ထပ် တစ်ရက် ၊ နောက်ထပ် တစ်နေ့ ၊ စစ်ကြီးအတွင်း ရှားပါးငတ်မွတ်ကြတဲ့ ကာလကြီးဆိုတော့ တပ်ကရလာတဲ့ ရာရှင်ထဲက ဝက်ပေါင်ခြောက်ကလေး ၊ ဝိုင်ပုလင်းလေးတွေ
❝ ဦးနဲ့ဒေါ်ဒေါ်တို့အတွက်ပါ ခင်ဗျာ ❞ ဆိုပြီး ယူယူလာပေး ၊ စကားစမြည်တွေပြော ၊ ယာတောအိမ်လေးက လုပ်ငန်းဆောင်တာလေးတွေ ကူပေးနဲ့ ၊ အချိန်တွေ ကြာစပြုလာတဲ့ တစ်နေ့မှာ အမယ်အိုကြီးက သူ့ကို စကားခေါ်ပြောတယ်။
❝ ဒီမယ် မောင်ရင်လေး .... ခုအဒေါ် ့ သမီး 𝙰𝚗𝚗𝚎𝚝𝚝𝚎 တစ်ယောက် မင့်ကိုယ်ဝန်ကို လွယ်ထားရပြီကွယ် ❞ တဲ့။
ခပ်လှမ်းလှမ်းမှာ အိမ်မှုကိစ္စတွေလုပ်နေတဲ့ ပြင်သစ်မလေးကို လှမ်းကြည့်လိုက်တော့ သူ့ကို မျက်နှာလွှဲထားရင်း အံတင်းတင်းကြိတ်လို့ နာကျည်းနေဟန်လေး။ အဖိုးကြီးကတော့ သက်ပြင်းချရင်း ခေါင်းကို တွင်တွင်ခါလို့ပေါ့။ အဲ့ဒီအချိန်မှာပဲ 𝙷𝚊𝚗𝚜 တစ်ယောက် ခံစားချက်တစ်ခု ဖြစ်လာတယ်။ ပါးရိုးကြီးကြီး ၊ အရပ်မြင့်မြင့် ၊ ရွက်ကြမ်းရေကျိုလောက်ပဲ ရှိတဲ့ ပြင်သစ်တောသူလေးကို သူအင်မတန် မေတ္တာသက်ဝင်စိတ်တွေဖြစ်သွားတယ်။ အဲ့ဒီကောင်မလေး သူ့ရင်သွေးလေးကို မွေးပေးတော့မယ်။ သူ့ဘဝဟာ ဒါပါပဲ ဆိုတဲ့ စိတ်ချမ်းသာမှုတစ်ခု ရလိုက်တယ်။
𝙷𝚊𝚗𝚜 ပြောလိုက်တယ်။ ❝ ကျွန်တော် ဦးနဲ့ ဒေါ်ဒေါ်တို့သမီးကို လက်ထပ်ချင်ပါတယ်။ လက်ထပ်ပြီးရင်လည်း ဒီယာတောလေးမှာပဲ သေတပန်သက်တစ်ဆုံး နေသွားချင်ပါတယ်။ ခွင့်ပြုပါခင်ဗျာ ❞ တဲ့။ နားမလည်တဲ့ အကြည့်နဲ့ကြည့်နေတဲ့ အဖိုးကြီးနဲ့ အဖွားကြီးကို သူဘယ်သူဆိုတာပြောပြလိုက်တယ်။ သူဟာ ဂျာမန်ဆွေကြီး မျိုးကြီး ၊ သူကောင်းတစ်ယောက်ကနေ
936
ကြယ်
ချစ် ခြင်း မေ တ္တာ
ငြိမ်း ချမ်း ရေး
ကိုယ့် အ ရပ် နဲ့ မ မီ တဲ့ အ ရာ တွေ
ချစ် မိ ပြီ
သု ခ မိန် လှိုင်
936
တကယ်တော့လည်း တောင်တန်းကြီးကို စိတ်လိုလက်ရ ကျွန်တော် တစ်ခါမှ မကြည့်ဖူးသဖြင့် တောင်တန်းကြီး အရောင်ပြောင်း သွားသည်ဟု ကျွန်တော် မပြောနိုင်ပါ။ မနက်တိုင်း အဖြူရောင် လွှမ်းနေသည့် တောင်တန်းကြီးကို အခုမှ ကျွန်တော် သတိထားမိ သွားတာလည်း ဖြစ်နိုင်ပါသည်။
-----
ဂျူး
(ကြည်းတော၌ မိုးခေါ်ခြင်း (၂၀၀၃)
Credit လင်းမြတ်ရောင်စဉ် (White Dreams) ဘလော့ဂ်
Credit to စလေ ငနော့ (ကျော်ဇင်လတ်)
936
ကျွန်တော် ထားခင်ကို မချစ်ခဲ့။ အရင်ကလည်း မချစ်ခဲ့၊ နောင်လည်း ချစ်လို့ရမှာ မဟုတ်ပါ။ အဖေ့ကို ဆန့်ကျင် အာခံချင်သည့် စိတ်တစ်ခုတည်းဖြင့် ကျွန်တော် ထိုမိန်းမကို မိုက်မိုက်မဲမဲ ယူခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်အနီးမှာ မိန်းမ သုံးလေးယောက် ရှိနေပါလျက် အဖေက ကင်းကင်းနေဖို့ တားမြစ်ခဲ့သူမှာ ထားခင် တစ်ယောက်သာ ဖြစ်ခဲ့ခြင်းကြောင့် ထားခင်ကို ကျွန်တော် ယူခဲ့မိပါသည်။
အဖေ သိလျက်နှင့် မေးခွန်းထုတ်ခဲ့သည်။ ပျော်သလား တဲ့။
“ဆရာကြီး”
ကျွန်တော့် နောက်ဘက်မှ တစ်စုံတစ်ယောက်၏ တွန့်ဆုတ်သော ခေါ်သံ။ ကျွန်တော် ကမန်းကတန်း မျက်ရည်သုတ်ကာ ဟန်မပျက် ထရပ်နိုင်အောင် ကြိုးစားသည့်အခါ အဖေက ကျွန်တော့်ကို ညင်သာစွာ ဆွဲထူပါသည်။
“အေး၊ မောင်ဌေး ... လာ”
အဖေ့ ညစောင့် အလုပ်သမားလေးက ကျွန်တော်တို့နား ရောက်လာကာ လက်ထဲက ၄ ဆင့်စတီးချိုင့်ကို ကမ်းပေးသည်။ အဖေက ကျွန်တော့် ပခုံးကို ဖက်ထားသော လက်ကို မခွာဘဲ အခြားလက်ဖြင့် ချိုင့်ကို လှမ်းယူ၏။
“သုံးပွဲ ဆရာကြီး၊ အောက်ဆုံးချိုင့်က ဟင်းရည်”
“အေး အေး ... မင်းရော စားခဲ့ရဲ့လား”
“စားခဲ့ပြီ ဆရာကြီး၊ ဒီနေ့ ကျွန်တော် ပဲပလာတာနဲ့ လက်ဖက်ရည်နဲ့ သောက်ခဲ့တယ်”
“အေး အေး၊ သွား ... တံခါးတွေ ဘာတွေ ဖွင့်စရာရှိတာ ဖွင့်ထား။ ခဏကြာရင် မနက်ဆိုင်းက အလုပ်သမားတွေ ရောက်လာတော့မှာ”
မောင်ဌေး ရိုကျိုးစွာ လှည့်ထွက်သွားသည်။
“လာ ... ဖိုးကံ၊ မင်းအတွက်ပါ မုန့် ပါတယ်”
ကျွန်တော့်အတွက် ...။ ကျွန်တော် အဖေ့ဆီ ရောက်လာလိမ့်မည်ဟု အဖေ သိနေခဲ့ပါသလား။ အဖေ့ အခန်းတွင်းသို့ နောက်တစ်ကြိမ် ဝင်ရပြန်သည်။ သည်တစ်ခါတော့ အခန်းသည် စောစောကလောက် အေးစက်စက်မှု မရှိ။ နွေးထွေးစွာ လင်းချင်းနေသည်။ စားပွဲပေါ်သို့ အဖေက ချိုင့်ကို ချသည်။
“ထိုင်”
ကျွန်တော် ဘာမှမပြောဘဲ စားပွဲရှေ့က ကုလားထိုင်မှာ ထိုင်လိုက်ပါသည်။ အဖေက နောက်ဘက် ဗီရို အသေးလေးထဲမှ ပန်းကန်ပြား နှစ်ချပ်နှင့် စတီးဇွန်းတွေ ထုတ်ယူလိုက်ပြီး စားပွဲပေါ်ချ၏။ ကျွန်တော်က အဖေ့စားပွဲပေါ်မှ ငွေရောင် ဆုတံဆိပ်ဒိုင်း အဝိုင်းလေးကို တအံ့တဩ ကောက်ကိုင်ကြည့် လိုက်မိသည်။ ကျွန်တော် ရှစ်တန်းနှစ်က ကုန်းစောင်းကျောင်းမှ ထူးချွန်ဆု ပေးခဲ့သည့် ငွေဒိုင်းကလေး ဖြစ်သည်။ ထိုဆု ယူခဲ့စဉ်က အဖေရော အမေရော ထိုအခမ်းအနားသို့ တက်ခဲ့သည်။
အဖေက စတီးချိုင့်ကို တစ်ခုချင်း ဖြုတ်လိုက်သည့် အခါ မုန့်ဟင်းခါး လက်သုပ် ဆီချက်၏ ငရုတ်သီးနံ့ သင်းခနဲ မွှေးသွား၏။ နောက်ဆုံး တစ်ချိုင့် ဟင်းရည်အကျဲ။ ဟင်းခါးရည်၏ ပုဇွန်ခြောက်နှင့် ကြက်သွန်ဖြူ ငရုတ်ကောင်းတို့၏ မွှေးရနံ့ကို ရသည်။ အဖေက ပန်းကန်ပြားထဲသို့ မနယ်ရသေးသည့် မုန့်ပွဲကို မှောက်ချလိုက်သည်။ မုန့် ပြင်ဆင်ထားသော အနေအထားကို ကြည့်ခြင်းဖြင့် ဒါ ... ဒေါ်တင်မြဆိုင်က မုန့်ဟု ကျွန်တော် သိလိုက်သည်။
“စား ဖိုးကံ ဒီဆိုင်က မုန့်ဖတ်က ဒီရွာမှာ အသန့်ရှင်းဆုံးနဲ့ အနူးညံ့ဆုံး မုန့်ပဲ”
အဖေက ခပ်တည်တည် ပြောတော့ ကျွန်တော် ဇွန်းဖြင့် မုန့်နယ်ရင်း အသံထွက် ရယ်မိ၏။ ဤမုန့်ဖတ်သည် ကျွန်တော့် မုန့်ဟင်းခါးဖိုမှ မုန့်ဖြစ်ကြောင်း အဖေ မသိဘဲ နေမှာ မဟုတ်ဟု တွေးမိသောကြောင့် ဖြစ်ပါသည်။
“ငါ နေ့တိုင်း မတင်မြ မုန့်ဟင်းခါးသုပ်ကိုပဲ စားလာတာ သုံးနှစ် ရှိပြီ”
အဖေက ကျွန်တော့်အား စိုက်ကြည့်ပြီး ပြောတော့ ကျွန်တော် မျက်လွှာချ လိုက်ရသည်။
“ခါတိုင်းတော့ မနက် ကိုးနာရီမှ စားရတာ။ ဒီနေ့ အိမ်မပြန်ဖြစ်လို့ စောစောစား ဖြစ်တာ၊ ဘယ့်နှယ်လဲ မုန့်ကောင်းရဲ့လား”
ကျွန်တော် မဖြေဖြစ်ပါ။
“အဖေ ညက ဘာဖြစ်လို့ အိမ်မပြန် ဖြစ်တာလဲ။ အဖေ နေမကောင်းဘူးလား”
ကျွန်တော် သိချင်သော လာရင်းဘကိစ္စကို အခုမှ မေးဖြစ်သည်။
“ကောင်းပါတယ်၊ ငါ အိမ်ပြန်တာ မတွေ့ရင် မင်းများ ငါ့ဆီ ရောက်လာမလားလို့”
“အဖေ”
ကျွန်တော် အဖေ့ကို မော့ကြည့်လိုက်တော့ အဖေက ကျွန်တော့်ကို စိုက်ကြည့်ပြီး ပြုံးနေပါသည်။
ကျွန်တော် အနည်းငယ် ရှက်သွားသဖြင့် အောင့်သက်သက် ပြုံးလိုက်မိပြီး အဖေ့ပခုံးမှ ကျော်၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့် လိုက်သည်။
မန်ကျည်းပင်ကိုင်းများ အကြားမှ အဝေးက တောင်တန်းကြီးကို လှမ်းမြင်လိုက်ရသည်။
ကျွန်တော် ငေးကြည့်မိသွား၏။ အနောက်ရိုးမ တောင်တန်းဟု ကျွန်တော် သိထားသော တောင်တန်းကြီး ဖြစ်သည်။ ထိုတောင်တန်းသည် ပြာမှောင်နေကျ တောင်တန်း ဖြစ်သည်။ မြူတွေဆိုင်းလျှင် အောက်ပိုင်းက ပြာမှောင်ရင့်ရင့်၊ အပေါ်ပိုင်းက အပြာဖျော့နုနု ဖြစ်သည်။ အခုအခါ တောင်တန်းကြီး တစ်ခုလုံးသည် ဖြူဖွေးနေ၏။ တောင်တန်းကြီး တစ်ခုသည် နှစ်တွေ ကြာသည့်အခါ အရောင်ပြောင်း သွားတတ်သလား။ ကျွန်တော် မသိပါ။ ပြာမှောင်သော တောင်တန်းကြီး အဖြူရောင် ဖြစ်နေတာတော့ အခု ကျွန်တော့် မျက်မြင်ပဲ။
သို့မဟုတ် တောင်တန်းတွေသည် ဆောင်းအကုန် နှင်းကြွေရာသီ နံနက်စောစောတွင် အခုလို အဖြူရောင် လွှမ်းနေတတ်သလား။ ကျွန်တော် ဤအခန်းထဲတွင် ဤကုလားထိုင်၌ ထိုင်ပြီး နံနက် စောစောမှာ တောင်တန်းကို တစ်ခါမှ မကြည့်ဖူးပါ။
936
ကျွန်တော် လှည့်အကြည့် အဖေက တစ်စုံတစ်ခု ပစ်အပေး၊ ကျွန်တော် ကမန်းကတန်း လက်မြှောက်ပြီး ဖမ်းယူလိုက်သည်။ ဂက်စ် မီးခြစ်ကလေး။ ကျွန်တော့် လက်ထဲမှာ အေးစက်စက် မီးခြစ်လေးကို တင်းတင်းဆုပ်ထား လိုက်မိ၏။
“တောင်ဘက်နံရံ အခြေမှာ ဓာတ်ဆီဂါလံ တစ်ပုံး ရှိတယ်၊ သွားယူ”
ကျွန်တော် နေရာမှ မရွေ့လျားပါ။
“ဒီစက်ကို ငါ ဆက်ပြီး ထိန်းသိမ်းထားတာ ဘယ်သူ့အတွက်လို့ ထင်သလဲ”
အဖေ့ အသံက မာရေကျောရေ။
“ပြောစမ်းပါ ကံကြီးမောင်၊ ငါ ဘယ်သူ့အတွက် ဒီစက်ကို ဆက်ထိန်း ထားရမှာလဲ”
ကျွန်တော် အဖေ့ကိုလည်း လှည့်မကြည့်၊ ရှေ့ဆက်လည်း ခြေလှမ်း မလှမ်းမိ။
“ညတွေမှာ ငါ အိမ်ပြန်တိုင်း မင်း အိမ်ရှေ့က ငါ ဖြတ်လျှောက်ရတာ ငါ ဘယ်လောက် စိတ်ဆင်းရဲခဲ့ ရသလဲ၊ မင်း သိလား”
ကျွန်တော့် အိမ်ရှေ့က အဖေ မဖြတ်ရသည့်လမ်း ရှိသားပဲ။ တာဘောင်ရိုး လမ်းမြင့်အတိုင်း ရပ်ကွက်တွေကို ပတ်ကွေ့ပြီး ရွာသစ်လမ်းအတိုင်း ပြန်ဝင်ပေါ့။ ကျွန်တော့်အိမ်ရှေ့က လျှောက်ရတာ စိတ်ဆင်းရဲရင်လေ။
သို့သော် ကျွန်တော် မပြောပါ။ ပြောမိမှာစိုးလို့ အံတင်းတင်း ကြိတ်ထားမိသည်။
“ည ရှစ်နာရီ ကိုးနာရီ ဆိုတော့ ငါ့အလုပ်သမား တွေတောင် အိမ်ပြန် အိပ်နေကြမယ့် အချိန်ကွ။ မင်းပြောခဲ့တဲ့ ငါ ခေါင်းပုံဖြတ်တယ် ဆိုတဲ့ အလုပ်သမားတွေလေ။ အလုပ်သမား အခွင့်အရေးတွေ အပြည့်မရလို့ ငါ့ဆီကနေ မင်း အသနားခံပြီး တောင်းပေးရတဲ့ အလုပ်သမားတွေလေ။ အဲဒီ အလုပ်သမားတွေ ညကိုးနာရီမှာ ဇိမ်နဲ့ နှပ်နေကြပြီ”
ကျွန်တော့် ရင်ထဲမှာ နင့်သွားသည်။ အဖေ ဆက်ပြောမည့် စကားကို ကြိုသိ လိုက်သောကြောင့် ဖြစ်၏။ ကျွန်တော် ထိုစကားကို ကြားရဲရဲ့လား။
“အဲဒီအချိန်ထိအောင် မင်း နွားတစ်ကောင်လို ပင်ပင်ပန်းပန်း ရုန်းကန် ထမ်းပိုးပြီး အလုပ် လုပ်နေရတာကို ငါ ဘယ်လို ကြည့်နိုင်မလဲ။ ဘယ်လို မျက်လုံးနဲ့ ကြည့်ရမှာလဲ။ ဘယ်လို နှလုံးသားနဲ့ ကြည့်ရမှာလဲ”
အဖေ့ အသံက မာကျောနေရာမှ အဖျားဆွတ်ပြီး တုန်ရီသွား၏။
“မင်းမယား အလိမ္မာကလေးက သနပ်ခါး ခြေဆုံးခေါင်းဆုံးနဲ့၊ မင်းယောက္ခမက အရက်လေး တမြမြနဲ့၊ မင်းက မုန့်ဟင်းခါးဖိုမှာ ရှိသမျှ ခွန်အားနဲ့ ကုန်းကြုံး ဖျစ်ညှစ်ပြီး တိရစ္ဆာန်လို လုပ်နေရတယ်။ မင်းရုပ်ကိုရော မင်း ပြန်ကြည့်မိရဲ့လား၊ ပိန်လှီ ခြောက်ကပ်လို့”
တော်ပါတော့် အဖေ၊ မပြောပါနဲ့တော့။
“ငါ့အိမ်ရှေ့မှာ မင်း အသံကို ဘယ်တော့ ကြားရမလဲလို့ ငါစောင့်ခဲ့တာ ဘယ်လောက် ကြာပြီလဲ။ မင်း မလာဘူး ၊ မင်း ငါ့ဆီ မလာဘူး။ ငါ့ကို အောက်ကျို့မယ့်အစား မင်း နွားလို အသေခံ သွားမယ်ပေါ့ ဟင်း”
အဖေ့စကားကို နားထောင်နေရင်း ကျွန်တော်၏ အသားမာ တက်နေသော လက်ဖဝါးများကို မသိမသာ စမ်းကြည့်မိသည်။ အသားမာတက်ရင် မနာတော့်ဘူး ဆိုတာ ဘယ်သူပြောခဲ့တဲ့ စကားပါလိမ့်။ ကျွန်တော့် အတွက်တော့ နာနေဆဲ။ မုန့်ကြိတ်စင်မှာ သစ်သားကြိတ်တန်းကို တင်းတင်းဆုပ်ပြီး တွန်းရတိုင်း နာနေဆဲ။ မုန့်ညှစ်စင်မှာ သစ်သားဆုံကို မုန့်နှစ်အပြည့် သံခွက်ထဲကို ဖိတွန်းချရတိုင်း နာနေဆဲ။
“မင်း ပျော်သလား”
မမျှော်လင့်သော အဖေ့စကား တစ်ခွန်းကြောင့် ကျွန်တော့် ကိုယ်ခန္ဓာ ဆတ်ခနဲ တုန်သွား၏။ ကျွန်တော် အဖေ့ဘက်သို့ လှည့်ကြည့်မိသည်။ အဖေသည် အခန်းဝမှာ တံခါးဘောင်ကို ကျောမှီလျက် လက်နှစ်ဖက် တင်းတင်းပိုက်ကာ မတ်တပ်ရပ်ရင်း ကျွန်တော့်အား စိမ်းစိမ်းကြီး ကြည့်နေခဲ့သည်။
“ဟင် မင်း ပျော်သလား၊ ငါ့စိတ်ကူးတွေ ငါ့အနာဂတ်တွေကို ဖျက်ဆီးပြီး ငါ့အိမ်ကနေ ထွက်သွားခဲ့ရတာ မင်း ပျော်လား၊ ငါ့ကို တော်လှန်ရတာ မင်းပျော်လား၊ ငါဘယ်လိုမှ စိတ်ကူးနဲ့တောင် မင်းကို ထည့်ကြည့်လို့ မရတဲ့ အောက်တန်းစား အလွှာထဲကို မင်း ခြေစုံပစ်ပြီး ဝင်လိုက်ရတာ ပျော်သလား”
ကျွန်တော့် ရင်ထဲမှာ တဆတ်ဆတ် ခါအောင် နာကျင်လာ၏။ ဤစကားတွေကို ကျွန်တော် ခံနိုင်ရည် မရှိပါ၊ ကျေးဇူးပြီပြီး မပြောပါနဲ့တော့ အဖေ၊ ကျွန်တော့်ကို သနားရင် ...။
“ငါက ကင်းကင်းရှင်းရှင်း နေပါလို့ တားခဲ့တဲ့ မိန်းမတစ်ယောက် ကိုမှ မင်းရွေးပြီး ကောက်ယူ ပစ်လိုက်ရတာ မင်း ပျော်သလား”
ကျွန်တော့် မျက်လုံးမှာ မျက်ရည်တွေ ပြည့်လျှံလာသဖြင့် ရုတ်တရက် မျက်နှာကို ငုံ့ချပစ်လိုက်မိသည်။
“ငါ့ကို တော်လှန်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ မင်းခုန်ဆင်းခဲ့တဲ့ တွင်းကြီး ဘယ်လောက် နက်သလဲ၊ မင်းသိလား၊ ကံကြီးမောင်၊ အဲဒီ တွင်းကြီးထဲမှာ မင်းပျော်နေတယ်လို့ ငါ့ကို ပြောစမ်းပါ၊ ပြောလိုက်စမ်းပါကွ”
“တော်ပါတော့် အဖေ၊ ကျွန်တော့်ကို ဒီလောက် ပြောရရင် ကျေနပ်ပါတော့”
“မကျေနပ်ဘူး၊ အဲဒီ မေးခွန်းကို မဖြေမချင်း ငါ မကျေနပ်ဘူး၊ ဖြေ၊ မင်း ပျော်နေတယ်လို့ ဖြေ”
အဖေက နာကျင်သော ဒေါသဖြင့် အော်၏။ ကျွန်တော့် လက်ထဲမှ ဂက်စ်မီးခြစ်ကလေး ကိုပင် ဆုပ်ကိုင် ထားနိုင်သည့် ခွန်အား မရှိတော့ဘဲ အောက်လွတ်ကျ သွားသည်။ ထို့နောက် အဖေ့ ခြေရင်းမှာ ကျွန်တော် ဒူးညွှတ်ခွေကာ ထိုင်ကျသွားပါသည်။
“ကျွန်တော် သေချင်တယ် အဖေ။ ကျွန်တော် သေသွားပါစေလို့ နေ့တိုင်း ဆုတောင်းတယ်”
ထို့နောက် ကျွန်တော် မချုပ်တည်းနိုင်တော့ဘဲ မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ငိုမိသည်။
936
အဖေ့ အခန်းတံခါး။ အဖေ့တံခါး ပိတ်ထားသည်။ အပြင်မှ ပိတ်ထားခြင်း မဟုတ်။ အတွင်းမှ ပိတ်ထားခြင်း ုဖစ်ပါသည်။ အဖေ့ အခန်းရှေ့မှာ ကျွန်တော် ခဏရပ်လိုက်ပြီး အထဲမှ အသံတစ်ခုခု ကြားရမလား နားစွင့်ကြည့် လိုက်၏။ ဘာသံမှ မကြားရ၊ ကျွန်တော့် အသက်ရှူသံကိုသာ ကြားရသည်။ အပြေးအလွှား လာခဲ့ရသဖြင့် ကျွန်တော် မောနေပါသည်။
“အဖေ”
အထဲမှ ဘာသံမှ မကြားရ။
ကျွန်တော့် ရင်ထဲမှာ မီးတောက်တစ်ခု အရှိန်ပြင်းစွာ ပူပြင်း တောက်လောင် လာသည်။ အဖေ ဘာဖြစ်နေသလဲ၊ အဖေ နေမကောင်းဘူးလား။ ကျွန်တော် အခန်းတံခါးကို တဒုန်းဒုန်း ထုမိသည်။
“အဖေ”
ကျွန်တော့် အသံတွင် ထစ်ငေါ့ တုန်ရီမှု တစ်ခုကို ကျွန်တော် ကိုယ်တိုင် ခံစားလိုက်ရသည်။ မဟုတ်ဘူး၊ အသံက တုန်ရီလာတာ မဟုတ်ဘူး။ ကျွန်တော့် ခြေထောက်တွေ တုန်ရီလာတာ။
ကျွန်တော် တံခါးကို လက်သီးဆုပ်ဖြင့် သွေးရူးသွေးတမ်း ထုမိသည်။ အဖေသာ နေကောင်းခဲ့လျှင် အဖေ အခုလောက်ဆို နိုးပြီပေါ့။ အဖေ တစ်ခုခုဖြစ်နေလို့သာ။
ကျွန်တော့် ခြေထောက်တွေ ယိမ်းယိုင်လာသဖြင့် တံခါးရွက်ကို မှီလိုက်ရ၏။ အဖေ နေမကောင်း ဖြစ်တာမှ ဟုတ်ရဲ့လား၊ ကျွန်တော့်ကို မတွေ့ချင်လို့များ မထူးဘဲ မြုံနေသလား။
“အဖေ နေကောင်းလား၊ ကျွန်တော့်ကို ပြောပါ အဖေ၊ အဖေ နေကောင်းနေတယ် ဆိုရင် ကျွန်တော် ပြန်မှာပါ”
အထဲက ဘာသံမှ မကြားရ။
သေချာသည်။ အဖေ တစ်ခုခု ဖြစ်နေပြီ။
ကျွန်တော် တံခါးကို ရိုက်ချိုးပြီး ဖွင့်ဖို့ ဆုံးဖြတ်လိုက်၏။ လက်သမား သေတ္တာထဲမှာ တူနှင့် ဆောက်များ၊ သံဖြတ်လွှများ ရှိသည်။ အဲသည့် သေတ္တာ ဘယ်မှာပါလိမ့်။ လုံးတီးဆန် ဇလားနားက စင်ပေါ်မှာ ထားတတ်သည်။ ကျွန်တော် ထိုနေရာသို့ သွားရန် လှည့်အထွက်တွင် ကျွန်တော့် နောက်ဘက်က အသံတစ်ခုကို ကြားလိုက်ရ၏။ ချောက်ခနဲ မြည်သံ၊ ကျွန်တော် ဗြုန်းခနဲ လှည့်ကြည့် လိုက်မိသည်။ မမျှော်လင့်ဘဲ အဖေ့ အခန်းတံခါး ပွင့်သွားလေသည်။
အဖေ။
တံခါးမကြီးဆီမှ တစ်ဝက်တစ်ပျက် အလင်းအောက်မှာ အဖေ မတ်တပ် ရပ်နေသည်။ ကျွန်တော့်ကို လှမ်းကြည့်နေသော အဖေ့ မျက်လုံးများသည် ဖျော့တော့ နေသလား၊ အေးစက် နေသလား ကျွန်တော်မသိ။ သိစရာလည်း မလိုတော့ပါ။ အဖေ နေကောင်း နေသည်ကို ကျွန်တော် မြင်ရပြီ။ အဖေ မတ်တပ် ရပ်နိုင်သည်။ တံခါးဖွင့်နိုင်သည်။ တံခါးဖွင့်ပြီးနောက် အဖေ အခန်းထဲသို့ ပြန်ဝင်သွားလေသည်။ အဖေ့ ခြေထောက်တွေ နည်းနည်း ယိုင်သွားသလား။ ကျွန်တော် နေရာမှာ မလှုပ်မယှက် ရပ်နေမိသည်။ ကျွန်တော် ပြန်သွားသင့်သလား၊ အထဲဝင် လိုက်သွားသင့်သလား။ အခန်းတံခါး ဖွင့်ပေးခြင်းအားဖြင့် ကျွန်တော့်ကို အခန်းထဲ ဝင်ခွင့် ပေးလိုက်တာလား။
ကျွန်တော် စိတ်ကိုတင်းလျက် အဖေ့အခန်းထဲ ဝင်လိုက်သည်။
ပြတင်းပေါက် ဖွင့်ထားပြီး ထိုပြတင်းပေါက် ဘေးမှာ အဖေ မတ်တပ် ရပ်ပါသည်။
အခန်းထဲမှာ ခုတင်မရှိ၊ ခြေထောက်လည်း ဆန့်လိုရ၊ လှုပ်လည်း လှုပ်လို့ရသော သစ်သား ပက်လက် ကုလားထိုင် တစ်ခုပဲ ရှိသည်။ ကုလားထိုင်ပေါ်မှာ စောင်တစ်ထည် ခေါက်ထားပြီး အခြားစောင် တစ်ထည်ကို လုံးထွေးလျက် တင်ထား၏။ ကျွန်တော် တဒုန်းဒုန်း ထုနှက်မှုကြောင့် အိပ်ရာက နိုးသွားခဲ့ရခြင်း ဖြစ်မှာပါ။
“ကျွန်တော်က အဖေ နေမကောင်း ဖြစ်သလားလို့ တံခါး ထုမိတာပါ အဖေ”
အဖေ ဘာမှမပြော။ ကျွန်တော့်ဘက်လည်း လှည့်မကြည့်။
“ညတုန်းက အဖေ အိမ်ပြန်တာ မမြင်တာနဲ့”
အဖေ လှည့်မကြည့်ပါ။ မလှုပ်မယှက် ရပ်နေဆဲ။
ကျွန်တော့် ရင်ထဲမှာ ကျင်ခနဲ နာလာ၏။ ကျွန်တော် ဘာဖြစ်လို့ သည်အခန်းထဲ လိုက်ဝင်လာမိပါလိမ့်။ ကျွန်တော် တော်တော် မှားလိုက်တာ။
“ကျွန်တော် ပြန်တော့မယ်”
ကျွန်တော် လှည့်ထွက်ရန် ပြင်လိုက်သော အခါ အဖေ ဗြုန်းခနဲ လှည့်လာသည်။
“ငါ နေမကောင်းဘူး ဆိုရင် မင်း ဘာလုပ်မလဲ၊ ငါ သေရင် မင်းက ဘာလုပ်မလို့လဲ”
အဖေ့အသံက အေးတိအေးစက်၊ မျက်လုံးတွေကလည်း အေးတိအေးစက်ဟု ကျွန်တော် ခံစားရသည်။ ကျွန်တော့် အပေါ်မှာ အမြဲတမ်း မယုံသင်္ကာ ဖြစ်ခဲ့သည့် အဖေ။ ကျွန်တော့် စိုးရိမ်သောကကို အဓိပ္ပါယ်ကောက် လွဲခဲ့ပြီ။
“ငါ သေရင် ဒီစက်က မင်းလက်ထဲ ရောက်မှာပါ”
အဖေ့ထံက ကြားရသမျှ စကားတွေထဲမှာ အခါးသည်းဆုံး စကားတစ်ခွန်း ဖြစ်၏။ ထိုစကားကို ကြားလိုက်ရသော အခါ တစ်ညတာ မြုပ်ကွယ် နေခဲ့သော နာကျည်းမှုတွေက ရင်ထဲမှာ ဟုန်းခနဲ ပြန်တောက်လောင် လာခဲ့သည်။
ကျွန်တော် ဒေါသကို ချုပ်တည်းပြီး အခန်းထဲမှ ထွက်ခဲ့သည်။ အပြင်မှာ နေထွက် နေပြီ။
နေရောင် တစ်စွန်းတစ်စသည် တံခါးမကြီးမှ ဆန်စက် ကြမ်းပြင်ပေါ်သို့ ကျနေခဲ့ပြီ။ နေရောင်ခြည် ကွက်ကွက်ကလေး ကျနေသော နေရာကို ကျွန်တော့်မျက်စိ ရောက်သွားသော အခါ ကျွန်တော့်ခြေလှမ်း တန့်သွား၏။ အဲသည့် နေရာမှာပဲ အဖေ ကျွန်တော့်ကို ရက်ရက်စက်စက် ရိုက်ခဲ့တာ။ ကျွန်တော့် ကျောပေါ်မှာ မချိမဆန့် နာကျင်ခဲ့ရဖူးသော ကြိုးခေါက်ရိုက်ချက် ဒဏ်ရာများသည် အသစ်တဖန် ပြန်နာလာကြ၏။
ထို့ကြောင့် အဖေ့အား ကျွန်တော်၏ နောက်ဆုံးစကား ဖြစ်နိုင်သော စကားတစ်ခွန်းကို ကျွန်တော် ပြောမိပါသည်။
“အဖေ သေရင် ဒီစက်ကို ကျွန်တော် မီးရှို့ပစ်မယ်”
“တကယ်လား”
အဖေ့အသံက ရုံးခန်းဆီမှ ခပ်တိုးတိုး ထွက်လာ၏။
“ဒါဖြင့် ငါသေတဲ့အထိ စောင့်စရာ မလိုဘူး၊ အခု ရှို့လို့ရတယ် ရော့”
936
အဖေဟု ကျွန်တော် မခေါ်ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သောကြောင့် အခုအခါမှာ ကျွန်တော့်နှုတ်ဖျားမှ ထိုစကားလုံး ထွက်မလာခဲ့ပါ။ အဖေဟု ခေါ်ဖို့ တွန့်ဆုတ်နေသည်။ ကျွန်တော် ခြံစည်းရိုးပေါ်မှ ကျော်တက် လိုက်ရမလား။ တိုက်အိမ် တံခါးပိတ်ထားလား မထားလား သွားကြည့်ရန် ဖြစ်သည်။ နံနက် ၆ နာရီ လင်းအားကြီး အချိန်မှာ စက်သူဌေး ဦးလေးမောင်၏ အိမ်ဝိုင်းထံသို့ ခြံစည်းရိုး ကျော်ဝင်သူကို ဘယ်သူမဆို သူခိုးဟု ထင်မှာပဲ။ မဖြစ်သေးပါ။ နောက်ပြီး အဖေ ဤလုပ်ရပ်ကို ကြိုက်မှာမဟုတ်။ သူခိုးလမ်းပြ လုပ်သည်ဟု စိတ်ဆိုးလိမ့်မည်။ ကံဆိုးလျှင် ကျွန်တော့်ကို ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲနိုင်သေးသည်။
“အဖေ”
မခေါ်ဖြစ်တာ ကြာပြီ ဖြစ်သော ထိုစကားလုံးကို စရွတ်ခါစက နှုတ်ဖျားတွင် ထစ်ငေါ့ လေးပင် နေခဲ့၏။ နောက်တစ်ခွန်း ထပ်ခေါ်တော့မှ ထိုစကားလုံးနှင့် ကျွန်တော် နေသားကျ သွားပါသည်။
“အဖေ”
ထိုအခိုက် အိမ်ဘေး တစ်နေရာဆီမှ ရိပ်ခနဲ ပြေးလာသော အရာနှစ်ခု၊ အညိုရင့်ရောင်နှင့် အနက်ရောင်။ ဝေါင်းခနဲ မြည်ဟိန်းသံများကို ကြားလိုက်တော့မှ ကျွန်တော် သူတို့ကို သတိရသွားသည်။ အဖေ့ ခွေးနှစ်ကောင် ...။
“ရန်လုံ၊ ဝိုင်းလုံ”
သူတို့သည် မတွေ့တာ ကြာသည့်တိုင်အောင် ကျွန်တော့်ကို ချစ်ခင်ရင်းနှီးဆဲ ဖြစ်သည်။
“အဖေရှိလား”
သူတို့နှစ်ကောင် ကျွန်တော် ရှိရာသို့ ခြံတံခါးကို ကုတ်တွယ် ပတပ်ရပ်လျက် တအီအီ အသံပေး နေကြသည်။ အဖေ မရှိဘူး။ အဖေသာ ရှိလျှင် သူတို့နှစ်ကောင် အိမ်ဆီသို့ ပြေးသွားပြီး ကျွန်တော်ရောက်ကြောင်း သတင်းပို့မှာပါ။ ကျွန်တော် သူတို့ နှုတ်သီးများကို လက်ဖြင့် အသာဖွဖွ ပွတ်သပ်နှုတ်ဆက် လိုက်သည်။ အမေ ရှိတုန်းကတော့် ကျွန်တော် ဤနေရာမှ သူတို့နှစ်ကောင်ကို နှုတ်ဆက်ရင်း ‘အမေ’ ဟု ခပ်တိုးတိုး ခေါ်ရသည်။ ထိုအခါ တိုက်တံခါး ဗြန်းခနဲ ပွင့်သွားပြီး အမေ ဝမ်းသာအားရ ပြေးထွက်လာ တတ်သည်။ ‘သားလား၊ လာပြီ အမေ လာပြီ’ ဟူသော အမေ့အသံ၊ ထိုအသံကို ကျွန်တော် ဘယ်တော့မှ မကြားရတော့ဘူး။
ကျွန်တော်သည် တံခါးပွင့် မလာသော အဝါရောင် တိုက်အိမ်ဆီသို့ ငေးကြည့် နေမိသည်။ ဤအိမ်ထဲသို့ ကျွန်တော် နောက်ဆုံး ဝင်ခဲ့သည်မှာ အမေ့အလောင်းကို ကန်တော့စဉ်က ဖြစ်သည်။ ဤကမ္ဘာလောကတွင် ကျွန်တော့်ကို ချစ်မြတ်နိုးသော တစ်ဦးတည်းသော လူသား၊ အမေ။ အမေ့အသက်ကို ကျွန်တော် မမီခဲ့။ အမေသည် သေဆုံးခါနီးတွင် သားဟု တသွားသေးသလား၊ ကျွန်တော် မသိခဲ့။ အမေ့အလောင်း ဘေးမှာ ဒူးတုပ်ထိုင်ချလျက် အမေ၏ ဘယ်တော့မှ ကျွန်တော့်ကို ဖွင့်မကြည့် နိုင်တော့မည့် မျက်လုံးများကို ငေးမော ကြောင်အစွာ ကြည့်နေစဉ် ကျွန်တော့်နောက်နား ခပ်လှမ်းလှမ်း၌ တစ်ယောက်ယောက် ကြည့်နေသည်ဟု စိတ်ထဲမှာ ခံစားခဲ့ရသည်။ အဖေပဲဖြစ်မှာဟု ကျွန်တော်သိခဲ့၏။ သို့သော် ထိုအသိ မှန်လား မှားလား ကျွန်တော် အတည်မပြုခဲ့။ ကျွန်တော် လှည့်မကြည့်ခဲ့။ အဖေ ဖြစ်ခဲ့လျှင် ကျွန်တော် အဖေ့ကို ဘယ်လို မျက်နှာချင်း ဆိုင်ရမှာလဲ။ အမေ့အလောင်းကို ယူကြုံးမရ နာကျင် ကြေကွဲမှုတွေနှင့် ငေးကြည့် နေခဲ့မိသော သားတစ်ယောက်သည် အဖေကို မြင်လိုက်ရလျှင် အဖေ့ရင်ခွင်သို့ ပြေးမဝင်မိအောင် ဘယ်လို ထိန်းချုပ် နိုင်ပါမလဲ။ ကျွန်တော် အဖေ့ကို မြင်လိုက်လျှင် မဖြစ်ပါ။ အဖေ့ရှေ့မှာ ကျွန်တော် အားကိုးတကြီး မငိုချင်ပါ။
ထို့ကြောင့် စိတ်ကိုတင်းလျက် အမေ့ လက်ကလေးကိုသာ ဖွဖွ ဆုပ်ညှစ်ပြီးနောက် အမေ့ကို ကန်တော့ခဲ့သည်။ ထို့နောက် ဘယ်သူ့ကှိုမှ မော့မကြည့်ဘဲ ခေါင်းငိုက်စိုက် ချလျက် အဖေ့အိမ်ထဲမှ တစ်လှမ်းချင်း ထွက်ခဲ့မိသည်။ ကျွန်တော့်ကို ဘယ်သူမှ လိုက်မခေါ်ခဲ့ပါ။
‘ သား ’ ဟူသော အသံကို ကျွန်တော် ကြားချင်သူထံမှ မကြားခဲ့ရပါ။
ကျွန်တော် ခြံရှေ့မှ ရုတ်တရက် လှည့်ထွက် လာခဲ့သည်။
ဆယ်မိနစ်အတွင်း စက်တန်းရပ်က အဖေ့ဆန်စက်ဝင်း ရှေ့သို့ ကျွန်တော် ရောက်သွားသည်။ ဆန်စက်ဝင်း တံခါးသည် ခပ်ဟဟ ပွင့်နေ၏။ ဝင်းတစ်ခုလုံး ခြောက်သွေ့ တိတ်ဆိတ်နေ၏။ လူရိပ်လူရောင် မမြင်ရ။ စက်ဝင်းကြီးသည် နံရံများဖြင့် ထီးထည်းကြီး ငြိမ်သက်နေသည်။ ကျွန်တော့် နှလုံးသားတွင် စူးနစ်သော ဝေဒနာတစ်ခု ခံစားလိုက်ရသည်။
ကျွန်တော် ပွင့်နေသော တံခါးမှ အလောတကြီး ဝင်လိုက်သည်။ ညစောင့် အလုပ်သမား အိပ်နေကျ အစောင့် တဲကလေးမှာလည်း ဟာလာ ဟင်းလင်း။ ဘုရားရေ ...၊ ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ ဆန်စက် တံခါးမကြီးကလည်း ခပ်ဟဟ ပွင့်နေခဲ့သည်။ အလုပ်သမားတွေ တစ်ယောက်မှ မရှိတာ စောသေးလို့ ထားပါတော့။ ညစောင့်ကောင်လေး ဘယ်ရောက်နေသလဲ၊ တံခါးတွေက ဘာလို့ ပွင့်နေရတာလဲ၊ အဖေရော။
“အဖေ”
ပွင့်နေသော တံခါးမကြီးမှ စက်ထဲသို့ ကျွန်တော် ပြေးဝင် သွားလိုက်ပါသည်။ စက်ကြီး တစ်ခုလုံး လူသံ စက်သံ ဘာမှ မကြားရ။ မှောင်မည်း တိတ်ဆိတ်နေ၏။
“အဖေ”
မန်နေဂျာ ရုံးခန်းသည် အပြင်မှ သော့ခတ်ထားသည်။ စက်စာရေး ရုံးစားပွဲရှည်သည် ဝင်ပေါက်၏ လက်ဝဲဘက်မှာ ဘာ စာရွက်စာတမ်းမှ မရှိဘဲ ရှင်းလင်းနေ၏။ တစ်ခုခုတော့ လွဲနေပြီ။ ခါတိုင်း ရုံးစားပွဲတွေပေါ်မှာ စာအုပ်တွေ အထပ်လိုက်ပါ။
936
*တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ *
ဂျူ း
၁။https://www.facebook.com/108529964142302/posts/526455179016443/
အပိုင်း-နှစ် ဇာတ်သိမ်း
ကျွန်တော်ပဲ ပြုတ်ဆီဆမ်းကို ဇွန်းအပြည့် ခပ်စားလိုက်ပြီး ရေနွေးပန်းကန်ကို ခပ်မြန်မြန်ပင် မော့သောက် လိုက်မိ၏။
“ဖြည်းဖြည်း စားစမ်းပါ၊ အခုမှ ၆ နာရီတောင် မထိုးသေးပါဘူး”
ကျွန်တော့်မိန်းမက မုန့်ဟင်းခါးထုပ်များကို ကြိမ်ခြင်းထဲ စီရီထည့်နေရာက ကျွန်တော့်ကို လှမ်းပြောပါသည်။
“ငါ သွားစရာ ရှိတယ်”
“ဘယ်လဲ”
“အဖေ့အိမ်”
တစ်ခါမျှ မကြားဖူးသော စကားတစ်ခွန်းကို ကြားလိုက်ရသဖြင့် သူမ အံ့ဩတကြီး ငေးကြည့်သည်။
“အဖေ ညက ဆန်စက်က ပြန်သွားတာ မတွေ့လိုက်ဘူး”
အဖေများ နေမကောင်းလို့လားဟု ညက တွေးမိသော်လည်း အခု မနက်မှာတော့ တခြား အတွေးတစ်ခု ဝင်လာခဲ့သည်။ အဖေ့ဆန်စက်ကို အလုပ်သမားတွေ သပိတ်မှောက် လိုက်ကြပြီလား။ အဲဒါပဲ ဖြစ်မည်။ တကယ်လို့ အဖေ နေမကောင်းဘူး ဆိုလျှင် အလုပ်သမားတွေ ကျွန်တော့်ကို တစ်ယောက်မဟုတ် တစ်ယောက် လာသတင်းပေးမှာပဲ။ သပိတ်မှောက် လိုက်ကြလို့သာ။
“မုန့်ဟင်းခါး ဆိုင်တွေကို မင်း ဖြစ်ဖြစ် စိုးသန်း ဖြစ်ဖြစ် သွားပို့ ပေးလိုက်တော့”
ကျွန်တော် လှေကားမှ ခပ်သွက်သွက် ဆင်းရင်း ရှပ်အင်္ကျီ လက်ကို ခေါက်ရပါသည်။
“အကို"
“ဘာလဲ”
“အခုမနက် မုန့်သုံးပိဿသာ အော်ဒါရှိတယ်လေ”
“မင်း လုပ်လိုက်ပေါ့”
ကျွန်တော် ဝါးလုံးတန်းကို ဆွဲဖြုတ်ပြီး ခြံတံခါးကို ဖွင့်ထွက် လိုက်သောအခါ လမ်းပေါ်တွင် မြင်းလှည်းတစ်စီး ဈေးဘက်သို့ မောင်းသွားတာကို မြင်လိုက်ရသည်။ ထိုမြင်းလှည်းကို လှမ်းတားရန် ဟန်ပြင်ပြီးမှ ကျွန်တော် စိတ်ပြောင်းသွား၏။ အဖေ့အိမ် ရှိရာသို့ ခြေကုန်သုတ်၍ လျှောက်လာခဲ့၏။
နေစမ်းပါဦး။ မနေ့က မနက်က ရှစ်နာရီခွဲ ကိုးနာရီမှာ အဖေ ဆန်စက်ကို သွားတာ ကျွန်တော် မြင်လိုက်သည် မဟုတ်လား။ ညက အိမ်ပြန်သွားတာ မတွေ့ရဘူးဆိုတော့ အဖေ ဆန်စက်မှာပဲ ရှိမှာပေါ့။ အိမ်မှာ ရှိမှာမဟုတ်။ အိမ်ကိုသွားလို့ ဘယ်တွေ့ပါ့မလဲ။ ဆန်စက် သွားမှ တွေ့မှာပေါ့။
သို့သော် ကျွန်တော် အဖေ့ကို မြင်လိုက်သည်မှာ မနေ့မနက်ကလား။ တမြန်နေ့ မနက်ကလား မသေချာတော့ပါ။ မနေ့ကလည်း ဖြစ်နိုင်သည်။ တမြန်နေ့ကလည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အဖေ့အိမ်သည် ဆန်စက်နှင့်စာလျှင် ပိုနီး၏။ ရွာသစ်မြောင်း ပေါင်းကူးတံတား မရောက်မီ လမ်းချိုးမှာ အဖေ့အိမ် ရှိသည်။ လမ်းဘေးက မန်ကျည်းပင်များသည် အရွက်နုများဖြင့် နုဖတ်ကာ စိမ်းလဲ့ နေကြသည်။ လမ်းပေါ်မှာတော့ ဟိုမှ သည်မှ ကြွေလွင့်နေသော မန်ကျည်းရွက်များနှင့် ဗာဒံရွက်ကြွေများ။ လမ်းချိုးထဲသို့ ကျွန်တော် ဝင်လိုက်၏။
အဖေ့ခြံဝိုင်း၏ သံတိုင်အမြင့် စည်းရိုးတံတိုင်းသည် စိမ်းကားစွာ တွန်းဖယ်မှု၏ ပြယုဂ်တစ်ခု ဖြစ်သည်။ ထိုခြံဝင်းဆီသို့ တွန့်ဆုတ်သော ခြေလှမ်းများဖြင့် ကျွန်တော် ခိုးကြောင်ခိုးဝှက် လှမ်းကာ အမေ့ကို ခိုးတွေ့ခဲ့ရသော ရက်များအား ကျွန်တော် သတိရမိသည်။ ထိုအခါ ကျွန်တော့်ခြေလှမ်းတွေ လေးလံသွားပါသည်။
“သား ... သား ... မိုက်လိုက်တဲ့ သားလေးရယ်။ အဖေဆိုတာ စိတ်ဆိုးရင် ခဏပေါ့၊ ဘာဖြစ်လို့ ...”
အမေသည် ကျွန်တော့်ကို တွေ့တိုင်း မျက်ရည်စမ်းစမ်းနှင့် ရှိသမျှ အစားအစာ အကုန်ထုတ်ကျွေးကာ အမေ စုထားသမျှ ငွေကြေးလေးတွေ ထုတ်ပေးတတ်၏။ ကျွန်တော် အမေ ကျွေးသမျှ စားခဲ့သော်လည်း ငွေကိုတော့ တစ်ပြားမှ မယူခဲ့ပါ။
“မင်းပိုင်တဲ့ ငွေလို့ ပြောလိုက်သလား။ ဟုတ်လား။ အဲဒါ မင်းပိုင်တဲ့ငွေမှ မဟုတ်ဘဲ။ ငါ့ပိုက်ဆံ”
အဖေ၏ ဒေါသတကြီး နှိမ့်ချသော စကားက ကျွန်တော့် နှလုံးသားထဲမှ ဘယ်တော့မှ မထွက်ပါ။ အမေ့ငွေဟာလည်း အဖေ့ရဲ့ငွေပဲ။ အဖေ့ငွေကို ကျွန်တော် တစ်ပြားတစ်ချပ်မှ ထိကိုင်လိမ့်မည် မဟုတ်။
အမေ ...။
အဖေနှင့် သားကြားတွင် တစ်ယောက်ဆီမှ နာကျည်းမှု တစ်ယောက်ဆီသို့ မကူးစက်ရလေအောင် အမေက မင်စုပ်စက္ကူချပ်ပမာ ကျွန်တော်တို့ နာကျည်းမှုတွေကို စုပ်ယူပေးခဲ့၏။ အုန်းဆံကြိုးနှင့် ရိုက်ခံရသော ဒဏ်ရာတွေကို မြင်သောအခါ အမေ မူးမေ့လဲကျ သွားခဲ့တာကို ကျွန်တော် သိလိုက်သည်။ ကျွန်တော့်ကျောက ဒဏ်ရာကို ကျွန်တော် မမြင်ရသော်လည်း အမေ မူးလဲကျ သွားတာကို ကြည့်လျက် ဘယ်လောက် ဆိုးရွားခဲ့မည်ဟု ကျွန်တော် ခန့်မှန်းနိုင်ပါသည်။
နှစ်ပတ် ကြာတော့မှ ဒဏ်ရာတွေ သက်သာ အကင်းသေ သွားခဲ့သည်။ နာကျင်ဖွယ်ရာ ကောင်းသည်မှာ ထိုနှစ်ပတ်မျှသော ကာလတွင် ကျွန်တော့်ခုတင်ဆီသို့ အဖေ တစ်ခါမျှ လာမကြည့်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအမှန်တရားက ကျွန်တော့်အား ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချနိုင်လောက်အောင် နာကျည်း သွားစေခဲ့တော့သည်။
အဖေ့ အရိပ်အောက်မှာ မနေနိုင်တော့ရန် ဆုံးဖြတ်ချက် ဖြစ်သည်။ ထို့ပြင် အဖေ့ကို တော်လှန်နိုင်သည့် ခါးသည်းမှု တစ်ခုကိုပါ ပေးအပ်ခဲ့သည်။
ခြံဝင်းတံခါးမှာ အတွင်းက သော့ခတ်ထား၏။ သို့သော် အိမ်မှာ လူရှိသည်ဟု အဓိပ္ပါယ် မရပါ။ ခြံတံခါးကို အပြင်မှနေ၍ အတွင်းသော့ခတ် ထားလို့လည်း ရနေခဲ့တာပဲ။ ထို့ကြောင့် ကျွန်တော် အိမ်ဆီသို့ လှမ်းကြည့်မိသည်။ တိုက်အိမ် တံခါးကိုရော အပြင်မှ ခတ်ထားသလား။ ဘာဂျာ သံဆွဲတံခါးကိုတော့ အတွင်းမှ သော့ခလောက် ခတ်ထားသည်။ ဒါလည်း အိမ်ထဲမှာ လူရှိသည်ဟု အဓိပ္ပါယ် မရပါ။
ကျွန်တော် လှမ်းခေါ်ကြည့် ရမလား။
936
ကျွန်တော့်ကို ရိုက်ရက်သည် ဆိုလျှင် ရိုက်ပါစေတော့။ ကျွန်တော် မရုန်းပါ၊ ထွက်လည်း မပြေးပါ။
“ဘဘရဲ့ အစ်ကို့ကို မရိုက်ပါနဲ့တော့၊ ကျွန်မ ဒီပိုက်ဆံတွေလည်း မယူတော့ပါဘူး၊ ဘဘ ပြန်ယူပါ။ အစ်ကို့ကို မရိုက်ပါနဲ့”
ကောင်မလေးက ကျွန်တော်နှင့် အဖေ့ကြား ဇွတ်ဝင်ရပ်ပြီး အဖေ့အား ပိုက်ဆံတွေ ပြန်ပေးရင်း ငိုသည်။ မဟုတ်ဘူး။ နင့်ပိုက်ဆံတွေကြောင့် ငါအရိုက်ခံရတာ မဟုတ်ပါဘူး။ သွား၊ သွား၊ နင် မလာနဲ့ ကျွန်တော့်နှုတ်ဖျားမှ ဘာစကားမှ ထွက်မလာ၊ ကျွန်တော့် အသံတွေကို နာကျင်မှုနှင့် ရှက်ရွံ့မှုက ဆွဲငင်နုတ်ယူ ထားလိုက်ပြီ။
အဖေက ကောင်မလေးကို တွန်းလွှတ်လိုက်သဖြင့် ကောင်မလေး လက်ထဲက ပိုက်ဆံတွေ ပြန့်ကျဲကုန်သည်။ အလုပ်သမားတွေ တုတ်တုတ်မျှ မလှုပ်ရဲဘဲ ငေးကြောင်ကာ ရပ်ကြည့်နေကြ၏။ တစ်လောကလုံးမှာ ကြိုးရိုက်သံ တစ်ခုတည်းသာ ကျယ်လောင်နေခဲ့၏။ အတင်းကြိတ်ပြီး တင်းခံဖို့ ကြိုးစားပါလျက် နောက်ဆုံးမှာတော့ မြေပြင်ပေါ်သို့ ကျွန်တော် လဲကျသွားတော့သည်။ ကျွန်တော့် မျက်လုံးမှာ မျက်ရည်တွေ ပြည့်နေသဖြင့် အဖေ့မျက်နှာကို ဝေဝါးစွာပဲ မြင်ရသည်။ အဖေ ကြိုးခေါက်ကို လွှင့်ပစ်လိုက်ပြီး လှည့်ထွက်သွားတာ ကိုတော့ သိလိုက်သည်။
“အုန်းဖေ၊ မြင်းလှည်းတစ်စီး ခေါ်ပြီး ဒီကောင့်ကို အိမ်ပြန်ပို့ လိုက်စမ်း”
တစ်လောကလုံး တိတ်ဆိတ်နေချိန်တွင် ရုတ်တရက် ဟိန်းထွက်လာသော အဖေ့ စကားသံသည် တဖြည်းဖြည်း တိုးဝင်သွားသည်။ အဖေ ကျွန်တော်နှင့် မိုင်ပေါင်းများစွာ အဝေးသို့ ရောက်သွားသလိုပဲ ဖြစ်၏။
တကယ်လည်း အဖေနှင့် ကျွန်တော် မိုင်ပေါင်းများစွာ ဝေးသွားခဲ့ပြီဟု ကျွန်တော် ခံစားလိုက်ရပါသည်။
* * *
၂ဇာတ်သိမ်းဆက်ပါမည်
