936
Subscribers
+2024 hours
+857 days
+30530 days
Posts Archive
936
ကမ္ဘာပေါ်မှာ
ဒေါင်လိုက်ကျလာတဲ့အရာတွေကို
တောင်လို့ခေါ်ပြီး
လဲကျသွားတဲ့အရာကိုတော့
မြစ်လို့ခေါ်တယ် ။
အချစ်ရယ်
လွယ်လွယ်မကြွေပါနဲ့ ။ ။
-ဝင်းမြင့်
(သစ်ရွက်လှေ)
936
19.10.2023 (ကြာသပတေးနေ့)
▪️ယနေ့ကဗျာ
ပေါ့ပါးသောနေ့
___ ဝင်းမြင့်
အိပ်မယ် စားမယ်
ဝက်တစ်ကောင်လို ငြီးငွေ့ပျက်စီးမယ်။
အလင်္ကာတွေ
အဖွဲ့အနွဲ့တွေနဲ့
ဦးထုပ်က အမှတ်အသားလို
စိတ်ဝင်စားအောင် သွေးဆောင်ကြဦးမယ်။
ဖွဲ့စည်းမှုတွေ
အိမ်ခေါ်မလာနဲ့တော့
မှားသွားလည်း
နောင်တမရတဲ့ လူငယ်ဘဝလို ဟာသနဲ့နေတယ်။ ။
#ဝင်းမြင့်
ပုလဲရတနာစာကြည့်တိုက်
936
"အိမ်မက်" မက်တယ် ..
သူက ..
ကိုယ့်ခေါင်းရင်းမှာ ထိုင်ပြီး
သူ့လက်ချောင်း သွယ်သွယ်ကလေးတွေနဲ့
ကိုယ့်ဆံပင်တွေကို
တယုတယ ဖွပေးနေတယ် ...
အတွေးရဲ့ တေးသံစဥ်ကို
တီးခတ်နေသလိုပဲတဲ့ ...
မျက်ရည်တွေ ကြားထဲက
သူ့ကို မော့ကြည့်လိုက်တော့
ဖွင့်မပြောတဲ့
စကားလုံးတွေရဲ့ ဝေဒနာကြောင့်
ကိုယ့် အအိပ်ဟာ
ပူဖောင်းတခုလို
ပေါက်ကွဲသွားခဲ့တယ် ...
ထထိုင်ပြီး ကြည့်လိုက်တော့
မီးလောင်နေတဲ့
တိတ်ဆိတ်ကမ္ဘာ တစ်ခုလို
ကိုယ့်ပြတင်းအထက်မှာ မိုးနေတဲ့
နဂါးငွေ့တန်းကြီးကို မြင်ရတယ်...
သည်အချိန်မှာ
သူလည်းပဲ
ကိုယ့်"အိမ်မက်"နဲ့ ကာရံတူတဲ့
"အိမ်မက်"ကလေးတစ်ခု ..
မက်နေမလားလို့
ကိုယ်..စဥ်းစားမိတယ် .....
ရာဘင်ဒြာနတ်တဂိုး💞
#မြသန်းတင့်
(ချစ်သူ့လက်ဆောင်-မှ)
936
သားငယ်ကို လှမ်းခေါ်လိုက်တယ်။ ပိုက်ဆံပုံပေးပြီး
“ရော့ ငါ့ကို ဝတ္ထုထုတ်ပေး။ တစ်ပြားမှ ပြန်မရလည်း ကိစ္စမရှိဘူး”
အမှန်ပဲ “ရိုးမ” ဟာတကယ့်ကို ကျွန်တော့်အတွက် ကျိန်စာတစ်ခုလိုဖြစ်နေတယ်။ ဒီအကြောင်းကို မပြောရရင် ကျိန်စာသင့်သလိုဖြစ်နေမှာစိုးလို့ ပြောကိုပြောရမလိုဖြစ်နေတယ်။ ပိုက်ဆံ ပြန်မရလည်း ကိစ္စမရှိဘူး။ အို၊ နာ၊ သေဘေးက သူ့အလိုလို ကိစ္စပြီးသွားလိမ့်မယ်ဆိုပြီးတော့ကို စာအုပ်ထုတ်ခိုင်းလိုက်တာ။
“ရိုးမပေါ်မှာကျတဲ့မျက်ရည်” ဝတ္ထုဟာ ကျွန်တော့်စာရေးသက်မှာ ပထမဆုံး ဝတ္ထုရှည်အဖြစ် တင်ပြနိုင်ခဲ့တဲ့ အမှတ်တရတစ်ခုဖြစ်ပါတယ်။
တင်ညွန့်
၂၃.၇.၂၀၁၈
936
မင်တွေစွန်းခဲ့တဲ့ရိုးမ
-------------------------
ဒီခေတ်မှာ ဖောင်တိန်သုံးဖူးတယ်ဆိုရင် သူလိုကိုယ်လို အရွယ်တန်းတွေ ဖြစ်ဖို့သေချာပြီ။ စာပေကို စတင်ဝါသနာပါတော့ ဖောင်တိန်ခေတ်ပါ။ ပိုင်းလော့၊ ဂိုးဒင်းစတား၊ ပတ်ကား စတဲ့ ဖောင်တိန်တွေ သုံးကြတယ်။ မင်ဆိုလည်း ပတ်ကားတဲ့ … ကွင့်တဲ့ … ဒါတွေသုံးကြတယ်။ စာရွက်ကလည်း ရွက်လှေဆိုတာ အကောင်းစား အနေနဲ့ သုံးကြရတာ။ ဒါပေမဲ့ ကျောင်းဆရာလေ ဖောင်တိန်က ပိုင်းလော့နဲ့ ဂိုးဒင်းစတား၊ မင်က ပိုင်းလော့၊ စာရွက်က စစ်တောင်းဖြူ ဒီလောက်ပဲသုံးနိုင်ခဲ့တယ်။ ပတ်ကားဆိုတဲ့ ဖောင်တိန်လေးများ စိတ်ကူးသာ ယဉ်နိုင်ခဲ့တယ်။ တစ်ခါမှ မကိုင်ခဲ့ရဘူး။
ကျောင်းဆရာဘဝ ရိုးမက ထွက်လာပြီး ကိုယ့်ရင်ထဲမှာ ပြည့်နေတဲ့ ခံစားချက်တွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ချရေးကြည့်ချင်မိတယ်။ ပထမဆုံး ဝတ္ထုရှည်ကြီးကို အားထုတ်မယ်ဆိုပြီး ကြိုးစားတယ်။ အဲဒီခေတ်တွေ ကလည်း ဆရာနတ်နွယ်၊ ဆရာမင်းကျော်၊ ဆရာမောင်နေဝင်းတို့ဝတ္ထုတွေက ကိုယ့်ကိုယ် စိုးမိုးထားတာကိုး။
ကျောင်းမှာ စာသင်ပြီးတိုင်း ရုံခန်းထဲပြန်ပြီးတော့ ဝတ္ထုရေးတယ်။ ဝတ္ထုရေးတယ်သာဆိုတယ် အပြောလွယ် သလောက် မလွယ်ဘူး။ ပထမဆုံး စာရေးကတ်ပြားအောက်မှာ မျဉ်းကြောင်းပါ စာရွက်တစ်ရွက်ခံရတယ်။ အပေါ်က စစ်တောင်းစာရွက် ဝါတာတာကိုတင်၊ ကလစ်နဲ့ချိတ်ပြီး မျဉ်းကြောင်းထင်အောင် စီစဉ်ရတယ်။ ပြီးမှ ဖောင်တိန်ကိုထုတ်ပြီးရေးရတယ်။ ရေးနေတုန်း စဉ်းစားပြီး အတွေးဝင်နေရင် ဖွင့်ထားတဲ့ ဖောင်တိန်က မင်ခြောက်ပြီး ရေးလို့မရပြန်ဘူး။ နစ်ကြားထဲကို ဘလိတ်ဓားလေးနဲ့ခြစ်ရတယ်။ ဒါမှမဟုတ် ခါရတယ်။ ဒါတွေကို ကိုယ်နဲ့ သက်တူရွယ်တူတွေလောက်ပဲသိနိုင်မယ်။
ဖောင်တိန်နဲ့ စက္ကူပေါ်ရေးရတာ စိတ်သွားတိုင်း ကိုယ်မပါဘူး။ ဒါပေမဲ့ အဲဒီလိုပဲ ရေးရင်းနဲ့ “ရိုးမ” အကြောင်း ဝတ္ထုက အတော်လေး ခရီးပေါက်လာတယ်။ ဝယ်ထားတဲ့ စစ်တောင်းစက္ကူ ထက်ဝက်နီးပါးလောက်ကျနေပြီ။ အဲဒီအချိန်မှာ ကျောင်းတွေပိတ်လိုက်တော့ စာရေးတာပြတ်သွားတယ်။ ပဲခူးကိုပြန်တော့ စာမူတွေထည့်ထားတဲ့ အိတ်က ညရထားပေါ်မှာ သူခိုးနောက်ပါသွားတယ်။ အဝတ်အစားတွေနဲ့ “ရိုးမ” စာမူတွေဟာ ဒီလိုနဲ့ ရေစုန် မျောသွားခဲ့ရတယ်။
ကျောင်းဆရာဘဝက အငြိမ်းစားယူပြီးကတည်းက “ရိုးမ” ကို ပြန်ပြီး ရေးဖို့ အကြိမ်ကြိမ် အားထုတ်တယ်။ မအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ ရန်ကုန်ကိုရောက်လာပြီး ဘဝရေစုန် ရေဆန်မှာ ဗေဒါပျံ အံကိုခဲနေရချိန် Facebook ပေါ်လာတယ်။ ကွန်ပျူတာကလည်း သုံးတတ်၊ စာကလည်း ရိုက်တတ်နေတော့ “ရိုးမ” အကြောင်းကို Facebook ပေါ်ကို တင်ကြည့်တယ်။ ဒီအကြောင်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ရင်ထဲမှာ ဖြစ်တည်ပြီးသားတွေပဲ။ နေ့တိုင်း အစဉ်အတိုင်း ရေးချလိုက်ရုံပဲ။
“ရိုးမ” ပြီးခါနီးမှာ သင်္ကြန်ကျလာတယ်။ သင်္ကြန်မှာ ကိုယ့်ပတ်ဝန်းကျင်က ဆူညံသောင်းကျန်းနေတော့ စာရေးဖို့ ဈာန်မဝင်ပြန်ဘူး။ ဒီလိုနဲ့ ပြတ်သွားပြီးမှ သင်္ကြန်အပြီး တစ်ပတ်ကို “ရိုးမ” အဆုံးသတ်လိုက်တယ်။ ကျွန်တော့် ဘဝရဲ့ ပထမဆုံး ဝတ္ထုရှည်ကြီးတစ်ပုဒ်ကို ပြီးဆုံးသွားလို့ ကျေနပ်သွားတယ်။
အရေးကြီးတာက စာအုပ်အဖြစ် ထုတ်ချင်တယ်။ ထုတ်ဝေသူတစ်ယောက်ကို ဆက်သွယ်ကြည့်တယ်
“ဝတ္ထုမထုတ်ဘူး” တဲ့
အားငယ်သွားတယ်။ ငါ့ဝတ္ထုကို ထုတ်ပေးမယ့်သူမရှိဘူးပေါ့။ နောက်ထပ် ထုတ်ဝေသူတစ်ဦးကို ရှာရပြန်တယ်။
“ထားခဲ့လေ ဖတ်ကြည့်မယ်” တဲ့
ထားခဲ့ပြီး သူ့ဆီက ဖုန်းဆက်မှာကို နားစွင့်ရတယ်။ တစ်ရက်လည်းမလာ၊ နှစ်ရက်လည်းမလာ၊ တစ်ပတ်လည်း မလာတော့ ထုတ်ဝေသူဆီကို ပြန်လိုက်သွားရတယ်။
“ကျွန်တော့်စာမူလေး ဖတ်ပြီးပြီလား”
“ဘာစာမူလဲ”
“ရိုးမပေါ်မှာ ကျတဲ့မျက်ရည် လေ … လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပေးခဲ့တယ်”
“ဟုတ်လို့လား … သတိတောင်မရဘူး”
အဲဒီတော့မှာ သူ့စားပွဲပေါ်က စာအုပ်တွေကို ဟိုရှာ သည်ဖယ်လုပ်။ အောက်ကိုကြည့်၊ အထက်ကိုကြည့်၊ ဗီရိုတွေဖွင့်
“အေးဗျာ … ဘယ်ထားလိုက်မိမှန်း မသိဘူး။ ရှာထားပေးမယ်”
စိတ်ပျက်လက်ပျက်ပြန်လာခဲ့ရတယ်။ ပျောက်သွားပြီးဆိုလည်း အရေးမကြီးတော့ဘူး။ ဘာကို သွားပြီး သတိရသလဲဆိုတော့ ၁၉၅၆ ခုနှစ်လောက်တုန်းက ဆရာမင်းကျော်က ဆရာနတ်နွယ်ကို သူရေးထားတဲ့ “ယာမြေ” ဝတ္ထုကြီးကို ပေးလိုက်တယ်။ ငြိမ်းစာပေက ထုတ်ဝေပေးဖို့ပေါ့။ ဆရာနတ်နွယ်က အဲဒီ စာမူထုပ်ကြီး ကိုယူသွားတယ်။ အဲဒီခေတ်ကဆိုရင် လက်ရေးစာမူထုပ်ကြီးပေါ့။ “ယာမြေ” ဝတ္ထုကို ကြော်ငြာတွေလည်း ထည့်ပြီးပြီ။ မျက်နှာဖုံး ပန်းချီတွေလည်း အပ်ပြီးပြီ။ စာမူကို စာစီဖို့လုပ်တော့ စာမူထုပ်ကြီး ပျောက်နေတယ်။
ဆရာနတ်နွယ်က ဆရာမင်းကျော်ကို အကျိုးအကြောင်းပြောပြီး တောင်းပန်တယ်။ ဆရာမင်းကျော်က
“ဘယ်တတ်နိုင်မလဲ၊ ပျောက်သွားလို့ပေါ့” လို့တစ်ခွန်းတည်းပြောတယ်။ စိတ်လည်းမဆိုးဘူး။ အရင်က စာရေး ဆရာတွေရဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားလေးတွေလေ။
ခုလည်း “ရိုးမ” ကို ပျောက်တယ်လို့ပဲ သဘောထားလိုက်တယ်။ ဒါပေမဲ့ ကွန်ပျူတာထဲမှာ ရှိတယ်။ ကျွန်တော်က စာရေးရင် ကွန်ပျူတာနဲ့ဆိုတော့ ကိစ္စမရှိဘူး။ အဲဒီအချိန်မှာ ဆူးလေကိုရောက်လာတယ်။ ကားစီးမယ် ပြင်ပြီးမှ ဘာကိုဆုံးဖြတ်မိလိုက်တယ်မသိဘူး။ ဘဏ်ထဲကိုရောက်သွားတယ်။ အိုစာမင်းစာ စုဆောင်းထားတဲ့ ငွေတွေကို ထုတ်လိုက်တယ်။ ပိုက်ဆံထုပ်ကို လက်ထဲကိုင်ပြီး ဘာလုပ်ရမှန်းမသိသေးဘူး။ မောက္ခစာအုပ်ထုတ်ဝေရေးလုပ်နေတဲ့ သားကြီးနဲ့
936
ကျနော် အကြံပြုချင်ပါတယ် စာအုပ်အိမ်ကို Like လုပ်ထညးသူများ ပြန်ပီး နေပေးကြပါ သူကလူလိမ်အကြီးစားပါ
936
စာအုပ်အိမ် ချန်နယ်ကို ကလေးတစ်ယောက်ကို ရောင်းလိုက်မိတယ် ၅ သောင်းခွဲ နဲ့ အဲဒါကို သူက ၃သောင်းအရင်ပေးပါတယ် ကြားထဲမှာ ကျနော့်ရဲ့ လောဘကြောင့် တခြားတစ်ယောက်နဲ့ အရောင်းအဝယ်လုပ်မိပါတယ် နောက်တော့ ကျနော်ဆင်ခြင်ပီး လူကောင်းအဖြစ်နေတုန်းမှာ အရင် ၃ သောင်းပေးထားတဲ့ညီက ကျနော့် ရှိသမျ ချန်နယ်တွေယူသွားပါတယ် ကျန်တဲ့ ပိုက်ဆံလည်း မပေးတဲ့အပြင် သူ့စိတ်ကြိုက်တွေ လျောက်လုပ်နေပါတယ် 😁
936
မြသန်းတင့်၏ မမ ကြော်ငြာ
၁၉၆၁ ခုနှစ်ထုတ်၊ လင်းဦး ၏ ရေမျောကမ်းတင် လုံးချင်းဝတ္တုရှည်၏
နောက်ကျောတွင်ပါရှိသော ကြော်ငြာဖြစ်ပါသည် ။
936
International Coffee Day
ဟိုးရှေးရှေးတုန်းက ကော်ဖီသောက်တာဟာ ပြစ်မှုမြောက်တဲ့ ခေတ်တစ်ခေတ် ရှိဖူးတယ်။ အကြောင်းရင်းကတော့ ကော်ဖီဟာ အလွန်မွန်မြတ်စင်ကြယ်တဲ့ သောက်သုံးစရာတစ်ခုဖြစ်ပြီး လူသားတွေသောက်ဖို့ မထိုက်တန်ဘူးလို့ သဘောထားကြလို့ပဲ။ နတ်ကွန်းတွေမှာ နတ်တွေကို ပူဇော်ပသစရာ ပစ္စည်းတစ်ခုအနေနဲ့ပဲ ထားတယ်။
“ရှင်သိလား။ ဒီနိုင်ငံမှာ ကော်ဖီခိုးသောက်နေတာ ရှင်တစ်ယောက်တည်းမဟုတ်ဘူး။ အထက်တန်းလွှာဆိုတဲ့ လူတန်းစားတွေအားလုံးပဲ။ သူတို့က လူရှေ့သူရှေ့မှာသာ ကော်ဖီသောက်တဲ့အလုပ်ကိုရှုတ်ချအပြစ်တင်နေကြတာ။ ကော်ဖီသောက်လို့သေရမယ်ဆိုရင် သူတို့လည်း အကုန်သေသင့်တယ်”
“လူတွေမှာ ကော်ဖီကိုဆန့်ကျင်ရမယ်ဆိုတဲ့ အသိအားကောင်းနေသရွေ့တော့ ဒီဥပဒေက ဒီတစ်သက်ပြင်နိုင်ဦးမယ်တော့ မထင်ဘူး”
#ဏေသစ်
#ကော်ဖီ
#စက္ကူမြေခွေး
936
“ ကို မောင် ... အဲ ... ကိုတင်မောင် က ကျွန်မ နဲ့ သိပ် ရင်းနှီးခဲ့တဲ့သူပါ ။ ဆေးကျောင်း လည်း အတူ တက်ခဲ့ တယ် ။ အလုပ်သင် ဆရာဝန် လည်း ဒီ ဆေးရုံကြီး မှာ အတူ ဆင်းခဲ့ကြတာပါ ”
“ ဘာ ... ကိုမူး ... အဲ .. ကိုတင်မောင် က အလုပ်သင် ဆရာဝန် ... ဟုတ်လား ... ”
မသီသီ မျက်လုံးပြူးကြီး နဲ့ မေးမိတယ် ။
“ ဟုတ်ပါတယ် ၊ သိပ် စာ တော် တဲ့ ၊ ထူးချွန်တဲ့ သမားတော် ဖြစ်ဖို့ မျှော်မှန်း ထားတဲ့ ဆရာဝန်လောင်း ပါ ”
“ ဒါဆို ဘယ်လိုကြောင့် လူသ,တ်မှု ဖြစ်တာလဲ ”
“ သူ့ ညီ နဲ့ ညီမ ကြောင့်ပေါ့ ”
“ ဟို ... အမွေတွေ ခွဲ သွားတဲ့ မောင်နှမ လား ”
“ ဟုတ်ပါတယ် ။ ကိုမောင် က မွေးစားသား ပါ ။ ဒါပေမဲ့ အမွေစား အမွေခံ မွေးစား ထားတာပါ ။ ကိုမောင် အလုပ်သင် ဆရာဝန် ဖြစ်တော့ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က ရတနာပုံ တက္ကသိုလ် တက်နေ ကြတယ် ။ သင်္ကြန် မှာ သူ တို့ မောင်နှမ သုံးယောက် ကား နဲ့ ရေပက်ခံ ထွက် ကြတယ် ။ အဲဒီမှာ ကောင်လေးတစ်ယောက်က ဥမ္မာကျော် ကို စ, နောက်လို့ ဆိုပြီး ရဲရင့်ကျော် နဲ့ စကား များကြတယ် ။ နောက် ရန်ဖြစ်ကြ ၊ ထိုးကြ ကြိတ်ကြတယ် ။ ကိုမောင် က ဝင်တားတယ် ။ သူ့ ညီ ကို ဆွဲ ထုတ်တယ် ။ သုံးယောက် သား လုံးထွေး သွားတယ် ။ နောက် ရဲရင့်ကျော် က ထွက် ပြေးတယ် ။ ကောင်လေး က ဓားထိုး ခံရလို့ လဲ ကျသွား တယ် ။ လူတွေ ဝိုင်းအုံလာ တယ် ။ ကိုမောင် က ကောင်လေး ကို ပွေ့ချီပြီး ဆေးရုံ ပို့ ပေမဲ့ အသက် က လမ်း မှာ ပဲ ပျောက် သွားပြီ ။ ဒီမှာ ကိုမောင် လူသတ်မှု နဲ့ အဖမ်း ခံ ရတော့တာပါပဲ ။ ရဲရင့်ကျော် က သူ မလုပ်ဘူး လို့ ငြင်း တယ် ။ ဒါနဲ့ ကိုမောင် ထောင် ခုနှစ်နှစ် ကျသွားတယ် ”
ဆ ရာ ဝန်မလေးက ပြောပြီး ငို ရှိုက်နေတယ် ။
မသီသီ လည်း အလိုက် သိစွာ နဲ့ နှုတ် မဆက်ဘဲ ထွက်ခဲ့တယ် ။
** **
ဘာလိုလိုနဲ့ ဒေါ်မေအောင် ဆုံးသွားတာ တစ်နှစ် ပြည့် တော့မယ် ။
မိုး ၃ ရက် ဆက်တိုက် ရွာတော့ မသီသီ ဈေးရောင်း မထွက်ဘူး ။ သူ့ ယောက်ျား လည်း အလုပ် မသွားနိုင်ဘူး ။ အိမ် ထဲ က နေပြီး မြောင်းရေ တွေ လျှံလို့ လမ်း ပေါ် ရေတက် လာတာ ကို ငေးကြည့် နေမိ သည် ။
“ ငမူးကြီး သတိရလိုက် တာကွာ ” လို့ ကိုဘကျော် က ပြောတယ် ။
“ ဟောတော့ ... ကိုမူးကြီး ”
မသီသီ က အလန့် တကြား အော်ပြောတယ် ။
“ ဘယ်မှာလဲ ”
မသီသီ ကြည့်နေတဲ့ နေရာ လိုက် ကြည့် တော့ “ ဟုတ်ပ ” ။ ခါတိုင်းလို ပုဆိုး တိုတို ၊ အင်္ကျီတုံးလုံးကြီး နဲ့ ။ ပေါက်ပြား တစ်လက် နဲ့ မြောင်းတွေ လိုက် ဆယ် နေတယ် ။ ဒါပေမဲ့ လူ က တောင့်တောင့် တင်းတင်း ။
“ ဟေး ... ကိုတင်မောင် ”
“ ဘယ်တုန်းက ရောက် တာလဲ ”
“ ဘယ်မှာ နေတာလဲ ”
“ နေကောင်းလား ”
အိမ် ထဲ က ထွက်ပြီး နှုတ်ဆက် ကြတယ် ။ သူ က လည်း ပြန် နှုတ်ဆက်တယ် ။ သူ့ အလုပ် သူ ဆက် လုပ် တယ် ။
မိုး တိတ်တော့ ထူးထူးဆန်းဆန်း ကိုတင်မောင် က ငွေဖလား တစ်လုံး နဲ့ အိမ်ပေါက်စေ့ လိုက်ပြီး အလှူခံ တယ် ။ ဘုမသိ ဘမသိ ဖြစ်ကြပေမဲ့ ငွေ ကို ကျေကျေနပ်နပ် နဲ့ ထည့်ကြတယ် ။ ကိုတင်မောင့် ရုပ် က ကြည်ကြည်လင်လင် ၊ လန်းလန်းဆန်း ဆန်း ဖြစ် နေတယ် ။
“ ဘာအတွက် အလှူခံ တာလဲဗျ ” လို့ မေးကြတယ် ။
“ အားလုံး ကုသိုလ်ရ အောင် ” လို့ပဲ ဖြေတယ် ။ ဒီ တော့လည်း ထွေထွေထူးထူး ထပ် မမေးကြတော့ပါဘူး ။ ကိုတင်မောင် အရက်ဆိုင် မသွားတာတော့ သေချာ တယ် ။
** * **
ဒေါ်မေအောင် နှစ်ပတ်လည် နေ့မှာ ကိုတင်မောင် က ဓမ္မာရုံ မှာ ဘုန်းကြီး ၅ ပါး ပင့်ပြီး ဆွမ်း ကျွေးတယ် ။ တစ်ရပ်ကွက်လုံး ဖိတ်တယ် ။ ကိုတင်မောင် နဲ့ အတူ ဆရာဝန် မလေး လည်း ပါတယ် ။ ဆွမ်းကပ် ၊ တရားနာ ကြတယ် ။ ဒေါ်မေအောင် အတွက် ရေ စက်သွန်းချ အမျှ ဝေတယ် ။ မသီသီ တို့ က သာဓု ခေါ်ကြ တယ် ။
ကျွေးမွေးဧည့်ခံပြီး တော့ ကိုတင်မောင် က ကား ဖြူလေး နဲ့ ပြန် သွားတယ် ။
မသီသီ က တရိပ်ရိပ် ထွက်ခွာ သွားတဲ့ ကားဖြူ လေး ကို ကြည့်ရင်း ...
“ ဟင်း ... သားသမီး အရင်းတွေ က ဒီ အချိန်မှာ အမေ့ အတွက် ကုသိုလ်ကောင်းမှု လုပ်ကြပါ့ မလား ၊ သတိ မှ ရကြပါ့ မလား မသိ ဘူး ” လို့ မဆီမဆိုင် တွေးပူ နေမိတယ် ။
◾မင်းတင်ထွဏ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
#ကိုအောင်နိုင်ဦး
936
“ ကဲပါ စုရယ် ၊ အမေ့ ကို ဆေးရုံ တက်အောင် စု ပဲ ဖျောင်းဖျပေးပါ ။ အမေ က စု စကား ဆို နားထောင် ပါတယ် ”
“ အန်တီမေ က သာ စု စကား နားထောင်တာပါ ။ ကိုမောင် က စု စကား နား မထောင် ပါ ဘူးနော် ။ ဟွန်း ... ”
မျက်စောင်းလေး က လှ လိုက်တာ ။
နောက်တော့ ဒေါ်မေအောင်ကို ကားဖြူလေးနဲ့ တင်ပြီး ဆေးရုံ တင်လိုက်ကြ တယ် ။
ဒါပေမဲ့ တစ်ပတ် လောက် နေတော့ ဒေါ်မေအောင် ဆုံးရှာတယ် ။
** **
ဒေါ်မေအောင် အလောင်းကို အိမ်ပြန်သယ် လာတယ် ။ ရပ်ကွက် ကပဲ ဝိုင်းကူ ပြီး အလောင်း ပြင်ကြ ၊ ယာယီမဏ္ဍပ် ထိုးပေးကြ တယ် ။ ကိုတင်မောင် ကတော့ သောက်ထားပုံ မရဘူး ။ တုန်တုန်ယင်ယင် နဲ့ ဘာမှ မလုပ် နိုင်ဘူး ။ ဆရာဝန်မလေး ရောက် ရောက်လာပြီး သူ့ ကို အား ပေး နေတယ် ။ ဆေးထိုး ပေးတယ် ။ သူ့ ညီ နဲ့ ညီမ အလာ စောင့်မယ် ဆိုပြီး အလောင်း ကို ၃ ရက် ထားတယ် ။ ဆရာဝန် မလေး က ပဲ ဖော်မလင်ဆေး ထိုးတဲ့ သူ ကို ခေါ်လာပေး တယ် ။
နာရေး ချမယ့် နေ့ ကျမှ ဒေါ်မေအောင် ရဲ့ သား နဲ့ သမီး က ကိုယ်ပိုင်ကား နဲ့ ရှေ့ဆင့် နောက်ဆင့် ရောက် လာကြ တယ် ။ ဖြူဖြူသန့်သန့်တွေ ၊ ဝတ်စားထားပုံ က အရာရှိ သူဌေးတွေ မှန်း သိသာ
တယ် ။
သား က အရင် ရောက် တယ် ။ ကိုတင်မောင် ကို တွေ့ တော့ ...
“ အမေ က ခက်တယ်ဗျ ။ ကျွန်တော့် ဆီ လာ နေသေးတယ် ။ ချွေးမ နဲ့ တည့်အောင် မနေနိုင်ဘူး ။ ပြန် သွားတယ် ။ ပြန် ခေါ်တော့ လည်း မလာ ဘူး ” လို့ ပြောတယ် ။
အမေ့ အလောင်း ကို ခဏ ကြည့် ပြီး ကုလားထိုင် တစ်လုံး မှာ ဝင် ထိုင်ပြီး ဖုန်း ဆက် နေတယ် ။
သမီး ရောက်တော့ အိမ် ထဲ ဝင် ဝင်ချင်း ...
“ အို ... အမေရဲ့ ၊ သမီး တို့ကို ပစ်သွားပြီလား ။ သမီး တို့ ဘယ်သူ့ ကို အားကိုးပြီး နေရမှာလဲ ” ဆိုပြီး ခုနှစ်သံချီ ဟစ် ငိုတယ် ။ နောက် ကိုတင်မောင် ဘက် လှည့်ပြီး ...
“ အစ်ကိုကြီး က ဖုန်း ဆက်တုန်းက အမေ ဒီ
လောက် ဖြစ်နေတာ ဘာလို့ မပြောရတာလဲ ။ အခုတော့ ကျွန်မ အမေ ရေတိမ် နစ်ပြီ ပေါ့ ”လို့ ပတ်မကြီး ချ ငိုပြနေ တယ် ။ လူတွေ က ဝိုင်း ကြည့်လို့ပေါ့ ။ ကိုတင်မောင် က ဘာမှ မပြောဘူး ။ နိဗ္ဗာန် ယာဉ် ရောက်တော့ ဈာပန ချဖို့ စီစဉ်တယ် ။
ဆရာဝန်မလေး လည်း ကားဖြူလေးနဲ့ ရောက်လာ တယ် ။ ဆရာဝန်မလေး ကို ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က နှုတ်ဆက်ကြတယ် ။
ဈာပန ချတော့ ပရိသတ် က အငှားကားတွေ ပေါ် တက် ကြတယ် ။ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် ကလည်း သူတို့ ကားတွေ ပေါ် တက်ကြတယ် ။
“ ကိုမောင် ... စု ... ကား နဲ့ လိုက်ခဲ့လေ ”
ဆရာဝန် မလေး က ကိုတင်မောင် ကို ခေါ်တယ် ။
“ မလိုက်တော့ဘူး စု ၊ အမေ ရဲ့ နောက်ဆုံး ခရီး မှာ အမေ့ ကို စောင့်ရှောက်ရင်း လိုက်သွားချင်တယ် ”
လို့ ပြောပြီး နိဗ္ဗာန် ယာဉ် ကား ပေါ် တက် လိုက် သွားတယ် ။
* * ****
ဒေါ်မေအောင် ကို ၅ ရက် နဲ့ ရက်လည် လိုက်ကြတယ် ။ ရက်လည် ပြီးတော့ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က ပြန်သွား ကြတယ် ။ ကိုတင်မောင် လည်း ဘယ် ထွက် သွား မှန်း မသိဘူး ။ ဝင်း နဲ့ အိမ် က သော့ခတ် ထားတယ် ။
ဆရာဝန်မလေး က အိမ် ကို ခဏခဏ လာတယ် ။ ကိုတင်မောင် ကို မေးတယ် ။
“ မသိဘူး ဆရာမ ”
မသီသီ က ဖြေတယ် ။
“ ကိုမောင် ရောက်ရင် ကျွန်မ ဆီ အကြောင်းကြား ပေးကြပါ ရှင် ”
ဆိုပြီး ဖုန်းနံပါတ် ပေး သွားတယ် ။ ကိုတင်မောင် က တော့ ပေါ်မလာဘူး ။
တစ်လ လောက် ကြာတော့ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က ရပ်ကွက်ရုံး ကို ရောက် လာကြတယ် ။ ဒေါ်မေအောင် ဝယ်ထားတဲ့ မြေဝယ် စာချုပ်လေး ပြပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို ...
“ ကျွန်တော်တို့ အမွေ ခွဲ ချင်လို့ပါ ” လို့ ပြောတယ် ။
“ မောင်နှမ သုံးယောက် ဆိုတော့ သုံးပိုင်း ခွဲရမှာပေါ့ ၊ ကိုတင်မောင် ရောပါလား ” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး က မေးတယ် ။
“ သုံးပိုင်း မဟုတ်ဘူး ၊ နှစ်ပိုင်းပဲ ခွဲမှာ ။ ကိုတင်မောင် က မွေးစား သား ၊ သူ့ ကို ပေး စရာ မလိုဘူး ”
ဥမ္မာကျော် က မျက်နှာထား တင်းတင်း နဲ့ ပြောတယ် ။
မြေ နဲ့ အိမ် ကို ၂ ပိုင်း ခွဲပြီး နှစ်ယောက် စလုံး က အပြီး ရောင်း သွားကြတယ် ။
* ** **
မသီသီ ဆေးရုံ တက်တော့ ဆရာဝန်မလေး စုနန္ဒာ အဆောင် မှာ တက်ရတယ် ။ ဆရာဝန်မလေး က မသီသီ ကို ဖော်ဖော်ရွေရွေ ဆက်ဆံ တယ် ။ ကိုတင်မောင် အကြောင်း ခဏခဏ မေးတယ် ။
မသီသီ ဆေးရုံ ဆင်း တော့ စိတ် ထဲ မနေနိုင်တာ နဲ့ ဆရာဝန်မလေး အခန်း ရောက် သွားတယ် ။
“ မသီသီ ဒီနေ့ ဆေးရုံ က ဆင်းရမှာ မဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ လာ နှုတ်ဆက်တာလား ”
“ ဟုတ်ပါတယ် ၊ ဒါပေမဲ့ သိချင်တာလေး မေးချင်လို့ပါ ”
မရဲတရဲ မေးလိုက် တယ် ။
“ မေးပါ ”
ဆရာဝန်မလေးလည်း ပေါ့ပေါ့ ပါးပါး ခွင့်ပြုတယ် ။
“ ကိုတင်မောင် က ဘာလို့ လူ သတ်တာလဲ ” လို့ မသီသီ က မေးလိုက်တယ် ။
မျှော်လင့် မထားတဲ့ အမေး ကြောင့် ဆရာဝန်မလေး ကြောင် သွားတယ် ။ မသီသီ ကို ငေးကြည့် နေ တယ် ။
“ ဟို ... ဟို ... ဒီလိုပါ ဆရာမ ၊ ဆရာမ နဲ့ ကိုတင်မောင် ဒီလောက် ရင်းနှီးနေတာ မြင်တော့ ကိုတင်မောင် လူ သ,တ်ပြီး ထောင်ကျတယ် ဆိုတာ မယုံသလို ဖြစ်သွား လို့ပါ ”
မသီသီက ထစ်ထစ် ငါ့ငေါ့ ပြောတယ် ၊ ဆရာဝန် မလေး သက်ပြင်းချပြီး ...
936
“ မသီသီ ၊ ဒေါ်မေအောင် ကို သတိ ပေးထားဦး ။ တော် ကြာ လူ သတ်ပြီး ပစ္စည်းတွေ ယူသွားမှ အခက် ”
“ အေးပါ ၊ ငါ သတိပေး ထားပါ့ မယ် ။ နောက်ပြီး ကြီးကြီးမေ့ အိမ် ကို လည်း ငါတို့ လင်မယား မပြတ် ကြည့်ပြီး နားစွင့် နေတာပါ ။ လူမိုက် ဆိုတာ စည်း ရှိတာ မဟုတ်ဘူး ။ ငါတို့ အိမ် လာပြီး အနု ကြမ်းစီးမှ ဒုက္ခ ” လို့ မသီသီ က လည်း ပြောတယ် ။
နောက်တော့ သူတို့ ရှောင် ကြတယ် ။ မသင်္ကာ တဲ့ မျက်လုံး နဲ့ ပြောကြတယ် ။ ဒေါ်မေအောင် ကြားတော့ ...
“ ငါ့ သားကြီး က သူတော်ကောင်းပါ ” လို့ ပြော တယ် ။ မယုံကြဘူး ။ ကိုတင်မောင် ကို ကြည့်လေ ပိုပြီး မသင်္ကာလေ ဖြစ်လာကြ တယ် ။
ကိုတင်မောင် ကို ဘယ်သူမှ အလုပ် မခေါ်ကြတော့ ဘူး ။ အိမ်တွေ က လည်း သူ့ ကို မခိုင်းရဲကြတော့ဘူး ။ ဝင်းပေါက် ရှေ့ ရောက်တာနဲ့ အိမ် တံခါး ကို ပိတ် လိုက်ကြ တယ် ။ စကား တောင် မပြော ကြတော့ဘူး ။
ဒီတော့ သူ က မြို့ထဲ ထွက်ပြီး ကားဂိတ်တွေ မှာ ကုန် ထမ်းတယ် ။ အလုပ် မရှိ တဲ့ နေ့ ဆိုရင် အမှိုက်ပုံ မှာ ပလတ်စတစ် တို့ ၊ ရေသန့်ဘူး တို့ လိုက် ကောက်တယ် ။ သူ မြို့ ထဲ သွားပြီး ကျပန်းအလုပ် လုပ် တော့ လည်း ရပ်ကွက်ထဲ က သူ တွေ က
“ ဒီကောင် ငါတို့ ရိပ်မိ မှန်း သိလို့ မြို့ထဲ သွားပြီး ခွင် ရှာ နေတာနေမှာ ” လို့ ပြောကြ ပြန်ရော ။
* * *
ဒေါ်မေအောင် နေ မကောင်းဘူး ကြားတော့ မသီသီ နဲ့ အိမ်နီးချင်းတွေ သတင်း သွားမေးကြတယ် ။
ဒေါ်မေအောင်ကို ကိုတင်မောင်က ခြေဆုပ် လက်နယ် ပြုစုနေတယ် ။
“ အမေ သက်သာလား ၊ ကျွန်တော် စု ကို သွား ခေါ် ထားတယ် ၊ အမေ ဘာမှ မဖြစ်စေရဘူး ” လို့ ငိုသံ ပါကြီး နဲ့ ပြော နေတယ် ။ မသီသီ တို့ သူ့ကို အံ့သြစွာ ငေးကြည့်နေတယ် ။
“ မင်း ညီ နဲ့ ညီမလေး ရော အကြောင်း ကြားထား လား ”
ဒေါ်မေအောင်က လေသံ သဲ့သဲ့တိုးတိုးလေးနဲ့ မေးတယ် ။
“ ဟုတ်ကဲ့ ၊ ရဲရင့်ကျော် နဲ့ ညီမလေး ဥမ္မာကျော် ဆီ ကျွန်တော် ဖုန်းဆက်ထားပါ တယ် အမေ ”
“ ဘာတဲ့လဲ ”
“ လာမယ်တဲ့ အမေ ”
ကိုတင်မောင့် အသံ က ခြောက်ကပ်ကပ် ၊ ဒေါ်မေအောင့် မျက်နှာ က ပို ညှိုးသွား သလိုပဲ ။
“ ကြီးကြီးမေ ဘာမှ မပူနဲ့ ၊ ကျွန်မတို့ ရှိပါတယ် ”
မသီသီ တို့က ဝိုင်း အား ပေးကြတယ် ။
ဝင်း ထဲ ကို ကားဖြူလေး မောင်း ဝင်လာတယ် ။ အိမ်ရှေ့ မှာ ကား ရပ်ပြီး ဖြူဖြူချော ချော အမျိုးသမီး တစ်ယောက် ဆင်း လာတယ် ။ ဒေါ်မေ
အောင် ကို ဆေး လာ ကုနေကျ ဆရာဝန်မလေး ၊ နာမည်က စုနန္ဒာ တဲ့ ။
ဆရာဝန်မလေး အိမ် ထဲ ဝင် လာတယ် ။ လူနာ ခုတင် နား ရောက်တော့ ဒေါ်မေအောင် ကို နှစ်ခြိုက်စွာ ပြုံးပြ တယ် ။
“ အန်တီမေ ဘယ်လိုနေ လဲ ” လို့ မေးတယ် ။
ဒေါ်မေအောင် က သူ ဖြစ်သမျှ ပြောပြတယ် ။ ဆရာဝန်မလေး က သေချာ နားထောင်တယ် ။ နောက် နားကြပ် နဲ့ ထောက်ကြည့် တယ် ။ သွေးပေါင် တိုင်း ကြည့်တယ် ။ ကိုတင်မောင် က ဆရာဝန်မလေး လှုပ်ရှား သမျှ လိုက်ကြည့်နေတယ် ။
“ အန်တီမေ စု ... ကိုမောင် နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ် ကြမယ်လေ ” လို့ ပြောတယ် ။
ကိုတင်မောင် ကို လှမ်း ကြည့်တယ် ။ ရိုးရိုး အကြည့် မဟုတ်ဘူး ။ နဂါးမလေး လို အကြည့် ၊ မျက်စောင်းလေး ခဲ လို့ ။
"ကိုမောင် ... ခဏ ”
ဆရာဝန်မလေး က ပြောပြီး အိမ် ပြင် ထွက်သွား တယ် ။ ကိုတင်မောင် က လည်း “ အမေ ခဏနော် ” ဆို ပြီး လိုက်သွားတယ် ။ မသီသီ က လည်း မသိမသာ အပြင် ထွက်ခဲ့တယ် ။ မနီး မဝေး မှာ ယောင်လည်လည် လုပ်နေတယ် ။
“ ကိုမောင် က စု ... ကို ပုန်းနေတာပေါ့လေ ”
“ မဟုတ်ပါဘူး စု ရယ် ၊ ထောင် က ထွက်ထွက်ချင်း ထောင်ထဲ မှာ ခင်မင်ခဲ့တဲ့ လူ နဲ့ ဖားကန့် ဘက် လိုက် သွားပြီး ကျောက်တူး နေတာပါ ”
“ ဒါဆို လောပန်း လောင်းပေါ့ ၊ သူဌေး ဖြစ်ခဲ့တာပေါ့ ”
ဆရာဝန်မလေး အသံ က စူး နင့်နင့် ၊ ကိုတင်မောင် အသံ က ကွဲ အက်အက် ။ ဘယ်လိုတွေ လဲ ။
“ မဖြစ်ပါဘူး စု ရယ် ၊ ငှက်ဖျား ဖြစ်လို့ အရက် သောက်ရင်း နဲ့ အရက် စွဲလာ တာပဲ အဖတ် တင်ပါတယ် ။ အခုလည်း အမေ တစ်ယောက် တည်း နေမကောင်း ဖြစ်နေ တယ် ဆိုလို့ အမေ့ ဆီ ပြန် လာ တာပါ
“ ရောက်ရောက်ချင်း ဘာလို့ လာမတွေ့တာလဲ ။ အန်တီမေ ကို စု ပဲ ကုပေးနေ တာပါ ”
“ အမေက ပြောပါတယ် ”
“ အန်တီမေ နေမကောင်း မှ စု ကို လာ တွေ့တာပေါ့ ၊ ဟုတ်လား ”
“ ကဲပါ စုရယ် ၊ စကားနာ မထိုးပါနဲ့တော့ ။ အခု အမေ့ အတွက်က အရေးကြီးနေတာပါ ။ ဆေးရုံတင်မှ ဖြစ်မယ် မဟုတ်လား ”
“ ဟုတ်တယ် ၊ ဆေးရုံ တင် မှ ရောဂါတွေ စမ်းသပ် နိုင်မှာ ။ ဒီနေ့ စု ဝါ့ဒ်အလှည့်လေ ဆေးရုံတင်ရအောင် ”
“ ဒါပေမဲ့ အမေက ညီလေး နဲ့ ညီမလေး လာမှ ဆေးရုံ တက်မယ်တဲ့ ”
“ ခေါ်ထားလား ”
“ ဖုန်းဆက် ခေါ်ထားတယ် ”
“ ဘယ်နေ့ ရောက်မှာလဲ
”
“ ညီလေး က သူ့ ယောက္ခမ နေမကောင်း လို့ ရန်ကုန် ရောက် နေတယ် တဲ့ ။ တစ်ပတ် နေမှ လာမယ်တဲ့ ”
“ ဥမ္မာကျော် ကရော ”
“ သူ့ သား အငယ်ကောင် နှာစေး နေလို့တဲ့ ၊ မလာနိုင် သေးဘူးတဲ့ ။ ဆေးရုံ တင်ရင် တင်လိုက် ၊ ငွေ ပို့လိုက်မယ် တဲ့ ”
“ ဟွန်း ... မောင်နှမ နှစ်ယောက် ကတော့ ခုချိန်ထိ ကိုမောင့် ကို ဒုက္ခ ပေးတုန်း ”
ဆရာဝန်မလေး က မကျေနပ်သံ နဲ့ ပြောတယ် ။ သူတို့ ကြည့်ရတာ တော်တော် ရင်းနှီး နေသလိုပဲ ။ တစ်ခုခု တော့ တစ်ခုခု ပဲ ။
936
“ ညည်း အရင်တုန်း က ပြောတော့ ဒေါ်မေအောင် သား က အရာရှိကြီး ဆို ၊ အခု ဘယ့်နှယ် အရက်သမား ဖြစ် နေတာလဲ ” လို့ မသီသီ ကို ဝိုင်း မေး ကြတယ် ။
“ သိ ပါ ဘူးတော် ၊ ကြီးကြီးမေ ပြောတုန်းက ကျုပ် များ နားကြား လွဲသွား သလား မသိတာ ” ဆိုပြီး စကား ကို လွှဲချလိုက်ရတယ် ။
** * **
ကို တင် မောင် က ဒေါ်မေအောင် ဆီ ခဏပဲ လာတာ လို့ ထင်ကြတယ် ။ ဒါပေမဲ့ မဟုတ်ဘူး ။ အလုပ် ရှာပြီး အလုပ် လုပ်နေတယ် ။ အလုပ် ကြမ်းပေါ့ ။ အလုပ် က တော့ လုပ်တယ် ၊ ဒါပေမဲ့ အလုပ် မဖြစ်ဘူး ။ နေ့တစ် ဝက် ကျော်ရင် ခြေတုန် လက်တုန် နဲ့ အလုပ် မလုပ်တော့ ဘူး ။ ယင်း ထ , နေပြီ ။ နေ့ပိုင်း ဆို အလုပ် မဆင်းတော့ဘူး ။ အရက်ဆိုင် ရောက်နေပြီ ။ ဆရာ လုပ်သူ က မကြိုက်ဘူး ။ အလုပ် မတွင်ဘူး ။ ဒီတော့ ...
“ ကိုတင်မောင် အလုပ်ကို တစ်နေကုန် ဆင်းပါဗျာ ၊ နေ့ဝက် ဆိုတော့ အလုပ် မဖြစ် ဘူး ” လို့ ပြောတယ် ။
“ ကျွန်တော် က နေ့ တစ်ဝက် ပဲ အလုပ် လုပ်နိုင်လို့ နေ့ တစ်ဝက် ပဲ ဆင်းတာပေါ့ဗျာ ။ နေ့တစ်ဝက် ခ ပဲ ပေးပေါ့ ။ ဒါဆိုရင် အမေ့ အတွက် လောက် ပါတယ် ” လို့ပဲ ပြောတယ် ။ ဘယ်လို ပြောပြော နေ့ တစ်ဝက် ပဲ အလုပ် ဆင်းတယ် ။ နောက် သူ့ ကို မခေါ်ချင်ကြတော့ဘူး ။ မခေါ်ကြ တော့ဘူး ။
ဒီတော့ သူ က အိမ် ပေါက်စေ့ ရပ်ပြီး “ အလုပ် ရှိ သလား ” လို့ မေး တတ်တယ် ။ အလုပ် မရွေးဘူး ။ အုန်းပင် တက်တယ် ။ သစ်ပင် ချိုင်တယ် ။ အိမ်သာ ကျင်း တူးတယ် ။ ကျပန်း အလုပ် အကုန် လုပ်တယ် ။ နေ့ တစ်ဝက် ပဲ အလုပ် လုပ်တယ် ။ ဒါပေမဲ့ သက်သာတော့ သူ့ ကို ခိုင်းကြတယ် ။ ပေး သလောက် ယူတယ် ၊ ရတဲ့ ငွေကို သူ့ အမေ ကို အပ်တယ် ။ အမေ ဆီ ကို လက်ဝါး ပြန်ဖြန့် တောင်း တယ် ၊ အမေ ပေးသလောက် ယူပြီး အရက်ဆိုင် သွားတယ် ။ အရက် သောက် တယ် ၊ ပြီး အိမ် ပြန်တယ် ။ အိမ် အပြန် မှာ သီချင်း ဆိုလိုက် ၊ က , လိုက်နဲ့ ဘယ်သူမှ ဂရု မစိုက်ဘူး ။ သူ့ နောက် မှာ ကလေးတွေ တရုန်းရုန်း ၊ ခွေး တွေ တဝုန်းဝုန်းပေါ့ ။
** * ***
မိုး ရွာတဲ့ ရက် တစ်ရက် မှာ ပုဆိုးတိုတို ၊ အင်္ကျီတုံးလုံး နဲ့ ကိုတင်မောင် ကို မြောင်း တွေ ထဲ က အမှိုက်တွေ လိုက် ဆယ်နေတာ တွေ့ရတယ် ။
မြောင်းဆယ်တယ် ဆိုတာက ပိုက်ဆံပေး ခိုင်းကြတာ ။ ဒီတော့ ..
“ အမူးသမား က အရက် ဖိုး ရအောင် လုပ်နေပြီ ၊ အအေး ပတ်ပြီး သေမှ ဒုက္ခ ” လို့ ပြော ကြတယ် ။
ဒါပေမဲ့ ကိုတင်မောင် က ဘယ်သူ့ အိမ်မှ ငွေ လိုက် မတောင်းဘူး ။ ဒါကြောင့် အရက်ဆိုင် မှာ ...
“ ဟေ့ ငမူး ၊ ဘာလို့ မိုးရွာထဲ မြောင်း လိုက်ဆယ် နေတာလဲ ” လို့ မေးကြတယ် ။ ကိုတင်မောင် ကတော့ “ မြောင်းဆိုတာ ရှင်သန် နေရမယ်လေ ၊ ပိတ်နေရင် ဖွင့် ပေးရမှာပေါ့ ” လို့ ခပ်အေးအေး ဖြေတယ် ။
နောက်တော့ မိုးရွာ ရင် ကိုတင်မောင် မြောင်းဆယ်
တာ ရိုး သွားတယ် ။ “ ငမူး ” ရာထူး ကနေ “ အမှိုက် ” ဆိုတဲ့ နာမည် တစ်ခု တိုး သွားတယ် ။
** * ***
ကိုတင်မောင် က ထောင် ထွက် တစ်ယောက် ဆို တဲ့ သတင်း ရပ်ကွက် ထဲ ကို ပျံ့ သွားတယ် ။ တချို့က ယုံတယ် ။ တချို့က မယုံကြ ဘူး ။
“ ဟုတ်လို့ လား သံချောင်း ရ ”
သံချောင်း ကို မေးကြ တယ် ။ ဒီသတင်း က သံချောင်း သယ် လာတာ လေ ။
“ ဟုတ်တယ်ကွ ၊ ငါ ဒီနေ့ မင်္ဂလာဈေး ရောက်တော့
ကိုတင်မောင် နဲ့ လူ တစ်ယောက် ရပ်ပြီး စကား ပြော နေကြတယ် ။ ငါ သူတို့ နား ရောက်နေတာ ကိုတင်မောင် မသိဘူး ။ ဟိုလူ က ခင်ဗျား ထောင် က လွတ်လာတာ ကြာ ပြီလားလို့ မေးတာကွ ”
ကိုသံချောင်း က သူ ကြားသမျှ ပြောပြတယ် ။
“ ဟုတ်တယ် ၊ ဒါကြောင့် ငမူး ရုပ် ကြည့်ရတာ ထောင် ထွက် ရုပ် နဲ့ တူနေတာ ။ ဘာမှု လဲ မသိဘူး ”
“ ခိုးမှု နေမှာပေါ့ ကွာ ၊ သူ့ ကြည့်ရတာ လက်ကြော မှ မတင်းဘဲ ”
“ သူခိုး ဆို ရင် တော့ သတိထား ရမယ်ကွ ”
ဒီသတင်း က ရပ်ကွက် ထဲ ပျံ့ သွားတယ် ။ ဒါကြောင့် ကိုတင်မောင် မြင်ရင် မယုံသင်္ကာ မျက်လုံး နဲ့ ကြည့် ကြ တယ် ။
အရက်ဆိုင် မှာ ခပ်မိုက်မိုက် တစ်ယောက် က ...
“ ဟေ့ ... ငမူး ၊ မင်း က ထောင်ထွက် ဆို ဘာမှုလဲ ။ ခိုးမှုလား ၊ အလစ်သုတ်မှု လား ၊ မုဒိမ်းမှုလား ”
လို့ ငေါက်ပြီး မေး တယ် ။ အရက်သောက်သူ တွေ က လည်း ကိုတင်မောင့် အဖြေ ကို ကြားချင်လို့ ဝိုင်း ကြည့် နေကြတယ် ။
ကိုတင်မောင် က သောက်လက်စ အရက်ခွက် ကို ကုန်အောင် မော့သောက် လိုက်တယ် ။ နောက် နေရာမှ ထ , ပြီး မေးတဲ့သူ နဲ့ မျက်နှာချင်းဆိုင် ရပ် လိုက်တယ် ။
“ လူသတ်မှု ”
“ ခွပ် ”
ပြောပြောဆိုဆို နဲ့ မေးတဲ့ လူ ပါးချိတ် ကို လက်သီး နဲ့ အားရပါးရ ထိုးပြီး နေရာ က ထွက်ခဲ့တယ် ။
** **
ထောင်ထွက် လူသတ်သမား ဆိုတော့ လူတွေ က သူ့ ကို မြင်တာ နဲ့ ခပ်လန့်လန့် ဖြစ် လာကြတယ် ။ အရက် အတူ မသောက်ကြတော့ ဘူး ။ လမ်း တွေ့ လည်း မေး ပြော ခေါ်ထူး မလုပ်ကြတော့ ဘူး ။ မမြင်ချင်ယောင် ဆောင် သွားကြတယ် ။
“ ဒီလူ ဒေါ်မေအောင့် သား ဆိုတာ မဟုတ်နိုင်ဘူး ။ ဒေါ်မေအောင် က အရာရှိ ကတော် ၊ သူ့ သား က အရာရှိ တဲ့ ။ ဒီ လူ က အရက်သမား ၊ ထောင် ထွက် ၊ လူသတ်သမား ။ ဒေါ်မေအောင့် အိမ် အကြံ နဲ့ လာ နေတာ နေမှာ ၊ ဒေါ်မေအောင် က လည်း ကြောက်လို့ လက်ခံထားတာ နေမှာ ” လို့ ရပ်ကွက် ထဲ မှာ အမျိုးသမီးတွေ က အတင်း ဆို ကြတယ် ။
936
❝ ငွေငန်းဖြူ ❞
သူ့ ကို ရပ်ကွက် ထဲ က
အရက်သမား မို့ “ ငမူး ” လို့ ခေါ်ကြတယ် ။ နောက်ပြီး မိုးရွာရင် မြောင်း ထဲက အမှိုက် တွေ လိုက် ဆယ်တတ် လို့ “ အမှိုက် ” လို့ လည်း ခေါ် ကြတယ် ။ သူ့ နာမည်ရင်း က “ ကိုတင်မောင် ” တဲ့ ။ သူ့ အမေ ဒေါ်မေအောင် က တော့ သူ့ ကို “ ငမူး ” တို့ ၊ “ အမှိုက် ” တို့ ခေါ်တာ မကြိုက်ဘူး ။ “ ကျွန်မ သားကြီး ကို နာမည်ပြောင်တွေ မခေါ်ကြပါနဲ့ ။ ကျွန်မ သား က ရှင်တို့ အတွက် အဖိုး မတန်ပေမဲ့ ကျွန်မ အတွက်ကတော့ နေ့စဉ် ရွှေဥ တစ်လုံး ဥ ပေး နေတဲ့ ငန်းလေးပါ ” လို့ ပြော တတ်တယ် ။ အမေ ဆိုတော့ သား ကို အမွှမ်း တင်မှာပေါ့ ။
ဒါပေမဲ့ ကိုတင်မောင် က အရက် သမား ။ ရပ်ရေး ရွာရေး လည်း ဘာ မှ လုပ်တာ မဟုတ်ဘူး ။ အလုပ် လည်း လက်ကြော တင်းတာ မဟုတ် ဘူး ။ ဒါကြောင့် ကိုတင်မောင် ကို ကလေး က အစ အထင် မကြီးဘူး ။ မြင် ရင် စ , ချင် ၊ နောက်ချင် ကြတယ် လေ ။
ကိုတင်မောင် ကတော့ သူ့ ကို “ ငမူး ” ခေါ်ခေါ် ၊ “ အမှိုက် ” ပြောပြော စိတ်ဆိုးပုံ မရဘူး ။ “ ဗျာ ... ဗျ ” တောင် ထူး လိုက်သေးတယ် ။
** ***
ဒေါ်မေအောင် က မင်္ဂလာရပ်ကွက် ကို ပြောင်း လာတာ ၃ နှစ် ကျော် လောက် ပဲ ရှိသေးတယ် ။ မန္တလေးမြို့ ထဲ က ပြောင်း လာတာ ။
ဒေါ်မေအောင့် ရုပ် က မပြောရဘဲ မင်းကတော် ရုပ် ၊ သူဌေးမ ရုပ်မှန်း သိသာတယ် ။ အရပ်မြင့်မြင့် ၊ အသားဖြူဖြူ ။ မျက်နှာ က ခပ်တင်းတင်း ရယ် ။ ရပ်ကွက် ထဲ မှာ ကိုသံချောင်း နဲ့ မသီသီ တို့ လင် မယား က လွဲ ပြီး ဘယ်သူနဲ့ မှ အဆက်အဆံ လုပ်တာ မတွေ့ ရဘူး ။ ဧည့်သည် ဝင်တာ ထွက်တာ လည်း မတွေ့ရ ဘူး ။ ဆင်ပိန် ကျွဲ ဆိုတော့ ဝင်းတံခါး ပိတ် ချိတ်လို့ နေကြသူတွေ ဖြစ်မယ် ။
ကိုသံချောင်း က ဆိုက်ကား နင်းတယ် ၊ လူပျိုကြီး ။ မသီသီ က ခေါင်းရွက် ဈေးသည် ဖြစ်တယ် ။ သူ့ ယောက်ျား ကိုဘကျော် က လက်သမား ဆရာ ဖြစ်တယ် ။ ဒေါ်မေအောင့် ဝင်း နဲ့ မျက်နှာချင်း ဆိုင် က ဝင်းထဲ က အိမ်တွေ မှာ အိမ်ငှား နေကြတယ် ။
ဒေါ်မေအောင် မြို့ထဲ သွားရင် ကိုသံချောင်း ဆိုက်ကား နဲ့ သွားတတ်တယ် ။ ဟင်းချက်စရာ ဝယ်စရာ ရှိရင် မသီသီ ဆီကပဲ ဝယ်တတ် တယ် ။
ဒေါ်မေအောင် ခင်ပွန်း က ဆည်မြောင်း အရာရှိကြီး
ဖြစ်တယ် ။ လွန်ခဲ့တဲ့ ၅ နှစ် လောက် က မှ ဆုံး သွားတာ ။ သား တစ်ယောက် က အရာရှိ ကြီး ၊ သမီး က သူဌေးကတော် တဲ့ ။ အဝေးမြို့တွေ မှာ တစ်ရွာ တစ်ကျီ ကျ နေကြပြီ ။ ဒါကြောင့် ဒေါ်မေအောင် နယူး စီဗီလိုင်း က ဝင်း နဲ့ တိုက် ကို ရောင်းပြီး သား နဲ့သမီး ကို အမွေတွေ ခွဲ ပေးလိုက်တယ် ။
ဒေါ်မေအောင် က တော့ မန္တလေး အရှေ့ဘက် က ဆင်ခြေဖုံးရပ် ဖြစ်တဲ့ မင်္ဂလာ ရပ်ကွက် မှာ ဝင်း ဝယ်ပြီး တစ်ထပ်နံကပ်လေး ဆောက် နေတယ် ။
သားသမီးတွေ လာတာ မတွေ့ရဘူး ။ ဒေါ်မေအောင် ကပဲ ဝင်း နဲ့ အိမ် ကို သော့ခတ် ပြီး သား နဲ့သမီး ဆီ ကို တစ်လှည့်စီ သွားနေတာ သိကြရ တယ် ။
“ မသီသီ ရေ အိမ် ကြည့် လိုက်ပါဦး ၊ သမီး ဆီ သွားစရာ ရှိလို့ ”
“ မသီသီရေ အိမ် ကို စောင့်ရှောက်လိုက်ပါဦး ၊ သား ဆီ သွားမလို့ ”
ခရီး သွားရင် မသီသီ ကို အိမ် ကြည့် ခိုင်းတတ်တယ် ။
အခု တော့ သား နဲ့ သမီး ဆီ မသွားတာ ကြာပြီ ။ တရှောင်ရှောင် နေမကောင်း ဖြစ်တော့လည်း မသီသီ က ...
“ ကြီးကြီးမေ သား နဲ့ သမီး ကို ဖုန်း နဲ့ ခေါ်ပေးမယ် လေ ” ပြောတော့ လက်ကာပြီး ငြင်းတယ် ။
“ နေပါစေ မသီသီ ရယ် ။ ကျွန်မ လည်း ဒီလောက် ဖြစ် နေတာ မဟုတ်ပါဘူး ။ သူတို့ လည်း အားကြမှာ မဟုတ်ပါဘူး ” လို့ ပြောတယ် ။
ကိုသံချောင်း ဆိုက်ကား နဲ့ ပဲ မြို့ထဲ သွားပြီး ဆေး ကု တယ် ။ နောက်ရက် ကျတော့ ကားဖြူလေး နဲ့ လာပြီး ဆရာဝန်မ လှလှလေး တစ်ယောက် က ဆေး လာ ထိုး ပေးတယ် ။
ရောဂါ ပျောက်ပေမဲ့ ဒေါ်မေအောင် ဘယ်မှ သွား တာ မတွေ့ရတော့ဘူး ။
** **
လွန်ခဲ့တဲ့ ၆ လ လောက် ကတော့ ဒေါ်မေအောင် အိမ် ထဲ လူစိမ်း တစ်ယောက် ဝင် သွားတာ တွေ့ရတယ် ။ အရပ် ရှည်ရှည် ၊ အသားညိုညို ၊ ဆံပင်ဖုတ်သို က် ၊ အင်္ကျီ ဘောင်းဘီ နွမ်းနွမ်း ဝတ်
ထားတယ် ။ မသင်္ကာ လို့ မသီသီ က ဒေါ်မေအောင့် အိမ် အကြောင်း ရှာ ဝင် သွားတယ် ။
ဧည့်ခန်း ထဲ က ဆက်တီ ကု,လားထိုင် ပေါ် ထိုင်ပြီး စကား ပြော နေကြတယ် ။ ဒေါ်မေအောင် က မျက်နှာ ပေါ် စီးကျ လာတဲ့ မျက်ရည်စ ကို သုတ် နေတယ် ။ မသီသီ က လူစိမ်း ကို အကဲခတ် ကြည့် လိုက်တယ် ။ မျက်နှာ မြင်တာနဲ့ အရက် သမားမှန်း သိ လိုက်တယ် ။ နီရဲ နေ တယ်လေ ။
“ မသီသီ ဘာလဲ ”
မသီသီ မြင် တော့ ဒေါ်မေအောင် လှမ်းမေး တယ် ။
“ ဟို ... မနက် ကျ ဘာ မှာ မှာလဲလို့ ”
“ ငါး ဝယ်ခဲ့ပါလား ”
ဒေါ်မေအောင် က မှာ တယ် ။
“ ဟင် ... ကြီးကြီးမေ ပဲ အရင် တစ်ခါ က ငါးအူ ဝယ်ပါ ဦး ဆိုတော့ မကြိုက်ဘူး ဆို ”
မသီသီ က အံ့သြစွာနဲ့ မေးတယ် ။
“ ကျွန်မ အတွ က် မဟုတ်ပါဘူး ၊ သားကြီး အတွက်ပါ ” လို့ ပြောတယ် ။
“ ဒါ ... ကြီးကြီးမေ သားလား ”
မသီသီ က အံ့သြစွာနဲ့ မေး လိုက်တယ် ။ ဒေါ်မေ
အောင် က အရပ်မြင့်မြင့် ၊ အသားဖြူဖြူ ။ ငမူး ပုံ ပေါက် နေတဲ့သူ က အသားညိုညို ။ အရပ်ရှည် တာပဲ တူတယ် ။
“ ဟုတ်တယ် ... ကိုတင်မောင် တဲ့ ”
“ သြ ” မသီသီ နှုတ် က ရေရွတ်ပြီး ပြန်ခဲ့တယ် ။ ရပ်ကွက် ထဲ မှာ လည်း လှည့် ပြောမိတယ် ။
936
ဥဒါန်းသစ်စာပေမဂ္ဂဇင်း အမှတ် ၄
အက်ဆေးကဏ္ဍ မှ
ဂျူး ၏ "အိမ်မပြန်ခင်"
#အိမ်မပြန်ခင်
ညီမလေးတို့ရေ
အိမ်ပြန်ချင်တဲ့စိတ်နဲ့ ငါနေ နေတယ်။အခုဆို အိမ်မှာ မေမေလည်းရှိတယ်။အစ်ကိုလည်း ရှိတယ်။ပြီးတော့ ဖေဖေလည်းရှိနေပြီံ။
ငါ့ ဘဝကို ပြန်တွေးကြည့်မိတော့ ဆယ်တန်းအောင်ပါပြီ။
ဆိုကတည်းက အိမ်ကနေခွဲခွာပြီး သွားလိုက်ရတဲ့ ခရီးတွေ၊စာတတ်ဖို့တဲ့၊ပညာသင်ဖို့တဲ့၊ဘဝလမ်းကြောင်း ဖြောင့်ဖြူးဖို့တဲ့၊အောင်မြင်ဖို့တဲ့။အနီးရော၊အဝေးရော။ပြည်တွင်းရော၊ပြည်ပရော။ခရီးတွေ ခရီးတွေ။လိုအပ်တဲ့ ခရီးလည်း ပါပါရဲ့။မသွားရင်လည်းဖြစ်တဲ့ ခရီးတွေလည်း ပါတာပေါ့။
ဘာဖြစ်လို့ သွားခဲ့ပါလိမ့်၊ဘယ်သယ့ အကျိုးအတွက် သွားခဲ့တာပါလိမ့်။
ငါ့အတွက်လား၊တခြားသူတွေအတွက်လား။ကမ္ဘာလောက အတွက်လား။အပန်းေဖြဖို့အတွက်လား။တကယ်ရော အပန်းေဖြခဲ့ရဲ့လား။
အခုမှ ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိတယ်။ဘယ်ခရီးကများ ငါ့ကို မေမေနဲ့ ပိုနီးစေခဲ့လို့လဲ။ဘယ်ခရီးက ဖေဖေနဲ့ ပိုနီးစေခဲ့လို့လဲ။
အခုတော့ ငါသိပါပြီ။ခရီးတိုင်းဟာ ငါ့ကို မိသားစုနဲ့ ဝေးသည်ထက် ဝေးစေခဲ့တာ။
ညီမလေးတို့ရေ
အခု ငါကဝင်းဝင်းမဟုတ်တော့ဘူး ထင်တယ်။ငါ့ ရုပ်နာမ်က ပြောင်းလဲခဲ့တာ ကြာပြီ။ငါ့ကို "သမီးဝင်းဝင်း" လို့ တစ်ခါလောက် ပြန်ခေါ်ခံရဖို့ ဘယ်လိုစည်းစိမ်ဥစ္စာနဲ့ လဲရလဲရ လဲလိုက်ချင်ပါရဲ့ကွယ်။
ငါ ပင်ပန်းလှပြီလို့ ငါသိလာပါပြီ။ငါ အိမ်ကိာပဲ ပြန်ချင်တော့တယ်။မေမေနဲ့ဖေဖေတို့အိမ်။ငယ်ငယ်က တို့အတူ နေခဲ့ကြတဲ့အိမ်။
အခု ငါလေ ငယ်ငယ်က စီးခဲ့တဲ့ ဗိုလ်အုန်းသီး မော်တော်ကားလေးကို သိပ်လွမ်းတာပဲ။မင်တို့နှစ်ယောက်က နောက်ခုံမှာ ကတ်ကတ်သတ်သတ် ထိုင်လို့ပေါ့။ငါက အစ်မကြီးမို့ ရှေ့က မောင်းခဲ့တယ်လေ။ငါ ခြေနင်း မနိုင်တော့ရင် အစ်ကိုက ငါ့ကားကို နောက်က ကူတွန်းတယ်မဟုတ်လား။ပျော်ခဲ့ကြတယ်နော်။
ဂါဝန် အစိမ်းနုရောင်လေးနဲ့ ဖေဖေ ဓာတ်ပုံရိုက်ပေးတုန်းက ပြုံးဖို့ မေ့နေလို့ မျက်နှာ စူပုပ်နေပေမဲ့ သဘောကောင်းတဲ့ နင်တို့အစ်မ ငါလေ- - -
ငါ အသက်ရှင်နေတာ နင်တို့ အတွက်လို့ သိပ်ဂုဏ်ယူချင်တဲ့သူပေါ့။နင်တို့သာ ငါ့ဘေးမှာမရှိရင် ငါ့ဘဝ ဒိီ့ထက်ပို အဓိပ္ပာယ်မဲ့မှာ၊အိမ်ပြန်ချင်စိတ် ဒီ့ထက်ပို ပြင်းပြ စွဲလမ်းတော့မှာ။တို့ အိမ်ပြန်ကြရရင် အရင်ကလိုပဲ ပျော်စရာ ကောင်းမလား။
ငယ်ဘဝတုန်းကလို အိမ်ရှေ့က သံခုတင်ကြီးပေါ်မှာ ညစာ ထမင်းပန်းကန်ပြားတွေ သယ်သွားပြီး စားမယ်။အိမ်ရှေ့ လမ်းပေါ် ဖြတ်သွားသမျှ လူတွေကို ရုပ်ရှင်ကြည့်သလို၊ပွဲကြည့်သလို ကြည့်မယ်။
ကိုယ် မတွေ့ချင်တဲ့သူ ဆိုတာ မရှိပေမဲ့ ကိုယ့်ကို ထမင်း ပလုပ်ပလောင်း စားနေတဲ့ပုံစံနဲ့ မမြင်စေချင်တဲ့ သူကို သံဆန်ခါကွက် ဝင်းထရံကြား ခပ်ဝေးဝေးကနေ လျှောက်လာနေတာ လှမ်းမြင်ရင် ထမင်းပန်းကန်ပါသိမ်းပြီး အိမ်ထဲဝင်ပြေးမယ်။ပြီးမှ ပြန်ထွက်စားမယ်လေ။
အင်းလေ နင်တို့မှာက သားနဲ့ သမီးနဲ့ ခင်ပွန်းနဲ့ အတွယ်အတာတွေနဲ့မို့ နင်တို့ကတော့ အိမ်ပြန်ချင်ဦးမယ် မထင်ဘူး။
ငါကတော့ တစ်ခါတစ်ခါ အထီးကျန်စိတ်နဲ့။တစ်ခါတစ်ခါ ဝန်နဲ့အား မမျှတဲ့ ခံစားချက်နဲ့။တစ်ခါတစ်ခါ သွားပေမဲ့ လိုရာမရောက်တဲ့ ခြေလှမ်းတွေနဲ့။
မောပန်းလှပြီလို့ခံစားရတယ်။
နောက်ဆုံးမတော့ ငါတို့မှာ ငါတို့ ညီအစ်မလေးယောက်ပဲ ကျန်တယ်လို့ တွေးမိပေမဲ့ အဲဒီ့ အယူအဆက သေချာပါရဲ့လား။
ငါ့မှာ ငါပဲ ကျန်တော့တာလား။ဒါမှမဟုတ် အဲဒီ ငါဆိုတာရော တကယ်ရှိရဲ့လား။
ထားလိုက်ပါလေ- - - ။
နွေရာသီ ရေရှားချိန် ဧရာဝတီ မြစ်ကမ်းပါးက သဲသောင်စပ်မှာ အဝတ်တွေလျှော်ဖို့ မေမေတစ်ယောက်တည်း နိုင်မှာ မဟုတ်ဘူး။အဝတ်တွေက တစ်ထုပ်ကြီး အများကြီး၊ ငါတို့ကူလျှော်ရမှာလေ။
အဲဒီတုန်းက မောပေမဲ့ ပျော်ခဲ့ကြတယ်နော်။
အခုတော့ အဝိဇ္ဇာတောထဲမှာ လောလ၊ဒေါသတွေ အစဉ်မပြတ် ခြုံလွှမ်းလို့ မောလည်းမော၊ပျော်လည်းမပျော်ရတဲ့အပြင် စိတ်ပင်ပန်း
နွမ်းနယ်တိုင်း အိမ်ပြန်ချင်နေတော့တာပဲ။
အချိန်တန်မှ အိမ်ပြန်ရမှာ ဆိုတာ သိပါတယ်။
အိမ်ပြန်မရောက်ခင် ကျန်ရှိနေသေးတဲ့၊မသေချာတဲ့ အချိန်တိုကလေးမှာ သတိပဌာန် တရားလေးတော့ ရနိုင်သလောက် အားထုတ် သွားရဦးမယ် မဟုတ်လား။
နံနက် ဘုရားဆွမ်းတော်ကပ်၊ငါးပါးသီလယူ၊ဆုတောင်း အမျှဝေတဲ့အခါ မိသားစုလည်း ဘေးဘယာ ဝေးကွာပြီး ကျန်းမာချမ်းသာစေကြောင်း။
ကိုယ့်အပေါ် ကျေးဇူးပြုဖူးတဲ့ ကျေးဇူးရှင်တွေ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပါစေကြောင်း။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေလည်း ကျန်းမာချမ်းသာ ငြိမ်းချမ်းပါစေကြောင်း။
မေတ္တာတွေ မျှဝေစိတ်နဲ့ ဆက်လက်ရှင်သန်နေရပါတယ်။
အိမ်မပြန်ခင်ပေါ့ ညီမလေးတို့ရယ်။
ဂျူး
