ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်၏စိတ်တွင် မလုံ့မလဲဖြစ်သွားပြီး မပိုးဖြူကိုအသံမာမာနှင့် ပြန်ပြောလိုက်သည်။ "မင်းပြောပုံက ဘယ်လိုလဲ ..ငါက ဘယ်အိမ်ကစားခဲ့ရမှာလဲ ..တစ်နေကုန်အိမ်မှာနေပြီး ထမင်းလေးတောင် မချက်ထားဘူးလား .. " " ဖြူ သိပ်ပြီးနေလို့မကောင်းလို့ပါ ...ပြီးတော့... အခုတလောမောင် လဲအိမ်မှာထမင်းမစားလို့ ...မချက်ထားတာပါ ...အခုစားမယ်ဆိုရင် ချက်လိုက်မယ် .... ခဏလေးစောင့်ပါ " မပိုးဖြူ၏ စကားကြောင့် မပိုးဖြူအား ကိုဇင်မောင်သေချာကြည့်လိုက်မိသည်။သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော မျက်နှာပေါ်တွင် မျက်တွင်းများလည်း ချိုင့်၍နေသည်။ပုံစံကိုကြည့်ရသည်မှာလည်း ငူငူငေါင်ငေါင်နှင့်ဖြစ်နေသည်။ " မင်းမအိပ်ဘူးလား ..တစ်နေကုန် တီဗီပဲကြည့်နေတာမဟုတ်လား .......နေမကောင်းရင် ဆေးခန်းသွားပါလား ... မင်းကို ငွေလုံလောက်အောင်ပေးထားတာပဲ ..ကြိုက်တဲ့အထူးကုဆေးခန်းမှာ သွားပြလို့ရတယ် ... အပြင်မှာ အလုပ်ထွက်လုပ်နေရတဲ့သူက ဘာမှမဖြစ်ဘူး ..မင်းပဲတစ်ခုပြီးတစ်ခုဖြစ်နေတာ " ကိုဇင်မောင်ပြောသမျှကို မပိုးဖြူ ဘာမျှပြန်ပြောမနေတော့ဘဲ မီးဖိုခန်းဆီသို့သွားဖို့ပြင်လိုက်သည်။ "တော်ပြီ ထားလိုက်တော့ ... စားချင်စိတ်မရှိတော့ဘူး ... မင်းဘာသာသွားအိပ်လိုက်တော့ " ပြောပြီးသည်နှင့် စာကြည့်ခန်းထဲသို့သွားရန်ပြင်နေသော ယောကျာ်းဖြစ်သူကို မပိုးဖြူကြည့်လိုက်ပြီး ခပ်တိုးတိုးလှမ်းမေးလိုက်မိသည်။ "မောင် ..ဖြူက သိပ်မုန်းစရာကောင်းနေတာလားဟင် .... ဖြူ့ရဲ့ဘယ်အပြုအမူတွေက ....မောင့်တို့သားအဖတွေကို စိတ်ညစ်စိတ် ရှုပ်စေတာလဲ " စာကြည့်ခန်းဆီသို့ သွားနေသောကိုဇင်မောင်၏ခြေလှမ်းများ တုံ့ခနဲဖြစ်သွားသည်။မမေးစဖူး မေးလာသောဇနီးသည်ကို အလန့်တကြား ကြည့်လိုက်မိပြီး စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။ "မင်းဘာလို့ မလိုတာတွေကိုတွေး နေတာလဲ ပိုးဖြူ...မင်းအတွက်နေစရာစားစရာနဲ့ငွေအလုံအလောက်ပေးထားတယ်လေကွာ .. မင်းဘာစိတ်ညစ်စရာလိုလဲ..... မင်းဘ၀လောက်အေးချမ်းတာ မင်းပဲရှိတယ် .... ကိုယ်နဲ့ လက်ထပ်ပြီးက တည်းက မင်းဘာများပင်ပင်ပန်းပန်းလုပ်ရလို့လဲပြောလေ... မင်းမှာဘာပူရလဲ ...အဲ့ဒါ ဘာကိုပြဿနာရှာချင်နေတာလဲ " ယောက်ျားဖြစ်သူ၏ စကားကြောင့် မပိုးဖြူခေါင်းကိုငုံ့ကာ ငြိမ်သက်နေမိသည်။မြင်ရသော ဒဏ်ရာများထက် မမြင်ရသော နာကျင်မှုများကို မပိုးဖြူမည်သို့ ရှင်းပြရပါမည်နည်း ။"မောင် ဘာတွေလုပ်နေသလဲဆိုတာ... ဖြူသိတယ် "ဟုအော်ဟစ်ပြောလိုက်ချင်သော်လည်း ထိုစကားသည်ပင် ရုန်းထွက်ရခက်နေသော ယောကျာ်းဖြစ်သူကို ထွက်ပေါက်ပေးလိုက်သလို ဖြစ်သွားမှာစိုးကြောက်၍ မပိုးဖြူရေငုံနှုတ်ပိတ်နေလိုက်ပါသည်။"မောင်နောက်ကို ဖြူ တကောက်ကောက်မလိုက်ပေမဲ့ ...မောင့်ရဲ့ဆိုင်ခွဲသုံးဆိုင်လုံးက ဖုန်းနံပတ်တွေကို ဖြူသိတယ် မောင်ရဲ့ " ဟုသော နောက်ဆက်တွဲစကားလုံးများကိုလည်း မပိုးဖြူလည်ချောင်းဝတွင်ပင် အောင့်အည်းမျိုသိပ်လိုက်ရပါလေသည်။သူတို့မရှိလျှင်ဆိုသော အခြေအနေကို မပိုးဖြူသေမတတ်ပင်ကြောက်ရွံ့နေမိသည်။တစ်သက်လုံးစာအတွက်ဟု ရည်ရွယ်ခဲ့သော ဤအိမ်ထောင်ရေးကို လမ်းခုလတ်တွင်ရပ်တန့်လိုက်ရလျှင် မပိုးဖြူ ရှေ့ဆက်မည်သို့အသက်ရှင်ရပါမည်နည်း။ခေါင်းကို ငုံ့ထားလျက် မပိုးဖြူဆိုဖာခုံမှအသာထလိုက်ပြီး တိုးလျလျအသံဖြင့်အားယူလှမ်းပြောလိုက်မိသည်။ " ဖြူသွားအိပ်တော့မယ်နော် " အပေါ်ထပ်သို့တက်လာခဲ့သော မပိုးဖြူ၏ခြေလှမ်းများသည် ကိုယ့်နှလုံးသားကိုပင် နင်းတက်လာရသကဲ့သို့ ရင်ထဲတွင် ဆိုနင့်၍နေလေသည်။ ~~~~~~~ " မျိုး ... မျိုးခဏ ... ဟော ဟိုက တစ်ယောက်ကို ကြည့်လိုက် .... အဖြူနဲ့အနက်ဝတ်ထားတဲ့တစ်ယောက်လေ ...တွေ့လား " လက်ကိုကုတ်က နားနားသို့ ကပ်ပြောလိုက်သော ရတနာ စိုး၏စကားသံကြောင့် သူမညွှန်ပြရာသို့ မျိုးမမလှမ်းကြည့်လိုက်မိသည်။အဖြူရောင်ဘလောက်စ် အင်္ကျီ၊အနက်ရောင်ထဘီစကပ်နှင့် အမျိုးသမီးတစ်ယောက်၊ ရိုးရှင်းသောသူမရဲ့ဖက်ရှင်နှင့် သူမပုံစံလေးက အချောအလှကြီး မဟုတ်သော်လည်းပုံစံမှာ ထင်း၍နေသည်။တစ်ခါမြင်ရုံနှင့်မှတ်မိလွယ်စေပြီး ခင်မင်ဖွယ်ပုံနှင့်အမျိုးသမီးတစ်ယောက်။ သိပ်ချောသိပ်လှတာမဟုသော်လည်း သူမအနားမှဖြတ်သွားသမျှ ပုရိသတော်တော်များကတော့ အနည်းဆုံး တစ်ခါလောက်တော့ သူမကို လည်ပြန်ငေးကြည့်သွားကြသည်ကို တွေ့နေရသည်။သူမကတော့ ဘေးပတ်ဝန်းကျင်ကို သိပ်မကြည့်ဘဲ အမျိုးသားဝတ် အထည်ဆိုင်တွင်အထည်များရွေးနေခြင်းဖြစ်သည်။သူမကို ကြည့်ရင်းမျိုးမမရင်ထဲ တထိတ်ထိတ် ခုန်လှုပ်လာသည်။ "တွေ့တယ်မဟုတ်လား မျိုး ...သူက ကိုဇင်မောင့်မဟေသီ လေ .." မျိုးမမစိုးရိမ်နေသည့်ကြားမှပင် ရတနာစိုး၏စကားသံက မျိုး မမနားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသံကဲ့သို့ဝင်ရောက်လာသည်။မျိုး မမ နေရာတွင်ကြက်သေသေလျက်ရပ်နေမိသည်။အသက် (၃၅)နှစ်ကျော်ရှိသော ကလေးတစ်ယောက်အမေသည် ဤကဲ့သို့ပုံစံမျိုးဖြစ်နေလိမ့်မည်ဟု မျိုးမမလုံးဝမတွေးခဲ့မိပါချေ။ " မျိုး ... သေချာသွားကြည့်မနေနဲ့ လေကွာ ...လာ..လာသွားရအောင် "

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း (၆) ********* တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေသောအိမ်ကြီးထဲတွင် မပိုးဖြူတစ်ယောက်တည်း တီဗီရှေ့တွင်ထိုင်နေမိသည်။အိပ်ချင်ပါလျက် အိပ်၍မရသော အဖြစ်သည်စိတ်တိုဒေါသထွက်စရာကောင်းလှပေသည်။မည်သို့သောအကြောင်းများကိုမှတွေးတောဘဲ မပိုးဖြူအိပ်ပစ်လိုက်ချင်ပါသည်။သို့သော်လည်း မပိုးဖြူ၏ခေါင်းထဲတွင် သမီးဖြစ်သူပြောလိုက်သော အကြောင်းများကိုသာစဉ်းစားနေမိသည်။ပြီးလျှင် အိမ်သို့ပြန်မအိပ်သော ယောက်ျားဖြစ်သူအကြောင်းကိုတွေးနေမိပြန်သည်။စဉ်းစားကြည့်လျှင် မပိုးဖြူ၏ဘ၀သည် မိခင်တစ်ယောက်နှင့်မတူဘဲ ကလေးတစ်ယောက်ကိုမွေးရုံသာမွေးပေးလိုက်ရသော အငှားကိုယ်ဝန်ဆောင်သည်နှင့်ပင်တူနေသည်။ထို့နောက်အိမ်ဗာဟီရကိစ္စများကို လုပ်ကိုင်ဆောင်ရွက်နေရသော အိမ်၏အလုပ်သမားနှင့်လည်းတူလှသည်။မပိုးဖြူသည် ဤအိမ်၏ မိသားစုဝင်တစ်ယောက်ကဲ့သို့ မခံစားခဲ့ရသည်မှာ ကြာခဲ့ပါချေပြီ။မပိုးဖြူ၏ဘဝသည် သူမနေကောင်းရဲ့လား၊ အဆင်ပြေရဲ့လားဟုပင်မေးမည့်သူမရှိသော ဘဝဖြစ်သည်။အချိန်တန်လျှင် ယောက်ျားက အိမ်သုံးစရိတ်ကို သူမထံပေးမည်။လောက်ငှသည်၊ ပိုလျှံသည်ကိုလည်း မမေးမြန်း။ဇနီးဖြစ်သူ ဘာလိုအပ်သည်ကိုလည်း မမေးမြန်။ပြောပြလျှင်လည်း နားထောင်မပေး။သူသိ သူနားလည်သည်မှာ သူအိမ်ပြန်ရောက်ချိန်တွင် မပိုးဖြူကခြံ၀မှ တံခါးအဆင့်သင့်ဖွင့်ပေးရမည်သာဖြစ်သည်။ကုန်ကုန်ပြောရလျှင် ထိုအလုပ်အတွက်ပင် မိန်းမတစ်ယောက်ယူထားသကဲ့သို့ ဖြစ်နေခဲ့လေသည်။ "ဂျစ် ...ဂျစ....ဂျစ် " တီဗီဖန်သားပြင်ကို ငေးစိုက်ကြည့်လျက် မပိုးဖြူငေးချင်ရာငေးပြီး တွေးချင်ရာတွေးနေချိန်တွင် တီဗီဖန်သားပြင်မှရုပ်သံလိုင်းများပျောက်သွားပြီးနောက် တဂျစ်ဂျစ်အသံများထွက်ပေါ်နေလေသည်။မပိုးဖြူ တီဗီကိုအကြောင် သားငေးကြည့်နေမိသည်။ပြီးလျှင် ပါးပြင်ပေါ်သို့မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့ပြီး အရူးတစ်ယောက်ကဲ့သို့ မပိုးဖြူ ရေရွတ်လိုက်မိသည်။ "နင် ....နင်ကပါ ... ငါ့အနားကထွက်ပြေးချင်နေတာလားဟင် " ပြောပြီးနောက်တစ်ယောက်တည်း အားရအောင်ငိုပြီးလျှင် ဆေးသေတ္တာကိုမပိုးဖြူထယူလိုက်သည်။ဆေးသေတ္တာထဲမှ ဘာမီတွန်ဆေးလုံးများထည့်ထားသောဆေးဘူးကိုယူကာ ရှိသမျှကိုလက်ဖဝါးထဲသို့သွန်ချပစ်လိုက်သည်။ အလုံး (၂၀) ကျော်တော့ ရှိမည်ထင်ရလေသည်။လက်ဖဝါးထဲမှ ဆေးလုံးများကို ပါးစပ်ထဲသို့ထည့်လိုက်ပြီး ရေနှင့်မျှောချသော်ပစ်လိုက်သည်။ဆေးသောက်၍ပြီးသောအခါ ဆိုဖာခုံပေါ်တွင်ပင် မပိုးဖြူလှဲအိပ်ချလိုက်သည်။တဂျစ်ဂျစ်မြည်နေသော တီဗီကိုလည်းမပိတ်ပစ်ပါ။ဤအသံသည်ပင် သူမ၏အထီးကျန် နေ့ရက်များအတွက် အဖော်ဖြစ်ခဲ့သည်မဟုတ်ပါလား။ ~~~~~ ထာဝရအိပ်စက်ချင်၍ သောက်ပစ်လိုက်သော ဆေးဝါးများသည် မပိုးဖြူကိုအရွှဲ့တိုက်နေလေသည့်အလား ဆေးသောက်ပြီးချိန်မှစ၍မျက်လုံးများမှာ အကြောင်သားဖြစ်နေခဲ့ပြီး နံနက်လင်းသည့်တိုင် အိပ်၍မပျော်ဘဲရှိလေသည်။အိပ်၍မပျော်သောကြောင့် လူတစ်ကိုယ်လုံးမှာ အင်အားတစ်စက်မျှမရှိသကဲ့သို့ နုံးချိ၍နေလေသည်။မပိုးဖြူ လှဲနေရာမှထလိုက်ကာ တီဗီကိုပိတ်လိုက်ပြီးနောက် အပေါ်ထပ်အိပ်ခန်းဆီသို့ယိုင်တိယိုင်တိုင်နှင့်တက်လာခဲ့သည်။ယနေ့အတွက်တော့ မပိုးဖြူတံခါးဖွင့်ပေးရန်အချိန်ကျော်ခဲ့ပြီမဟုတ်ပါလား။ အခန်းထဲသို့ရောက်လျှင် အိပ်ရာပေါ်သို့ ဝုန်းခနဲလှဲချပစ်လိုက်သည် ~~~~~~ "ပွမ် ... ပွမ်" " ပွမ်...ပွမ် " ကာဟွန်းတီးသံခပ်သဲ့သဲ့ကို မပိုးဖြူကြားနေရသည်။လူက အားယူ၍ကုန်းရုန်းထလိုက်သော်လည်း အိပ်ရာပေါ်သို့ ပြန်၍ ယိုင်လဲကျသွားသည်။အိပ်ရာကို လက်ဖြင့်ဖိထောက်လိုက်ပြီး မပိုးဖြူ ကြိုးစား၍ထလိုက်သည်။ခေါင်းတစ်ခုလုံးအုံခဲနောက်ကျိနေပြီး တရိပ်ရိပ်မူးဝေနေသည်။အိပ်မပျော်ပါဘဲ အိပ်ရာထဲလှဲနေခဲ့သည်မှာ တစ်နေပင်ကုန်ခဲ့ပါလေပြီ။ ~~~~~ "ဘာလုပ်နေတာလဲ ... တီဗီကြည့်နေပြန်ပြီလား ..." နှေးကွေးလေးလံစွာတံခါး ဖွင့်နေသောမပိုးဖြူအား ကိုဇင်မောင်ဒေါသသံနှင့်လှမ်းပြောလိုက်ပြီး ကားကိုခြံထဲသို့ တရကြမ်းမောင်းဝင်ခဲ့လိုက်သည်။ ကိုဇင်မောင်အိမ်ထဲသို့ ရောက်သောအခါ မပိုးဖြူက ယခင်ကလို ဘာဘာညာညာလိုက်မေးမနေတော့ဘဲ တီဗီရှေ့က ဆိုဖာခုံမှာခပ်လျော့လျော့ဝင်ထိုင်နေလိုက်သည်၊၊ ကိုဇင်မောင်သည် ခြေသံကို ခပ်ဆောင့်ဆောင့်နင်းလျက် အပေါ်ထပ်သို့ တက်သွားလေသည်။မပိုးဖြူကတော့ ဆိုဖာတွင် ထိုင်လျက် ကိုဇင်မောင်ပြန်၍ဆင်းအလာကို စောင့်နေလိုက်သည်။သူပြန်ဆင်းလာလျှင် မပိုးဖြူအပေါ်ထပ်သို့ တက်ရမည်။သူဖုန်းပြောနေသည်ကို မပိုးဖြူနှောက်ယှက်ရန်စိတ်ကူးမရှိပါချေ။အတန်ကြာသောအခါ ကိုဇင်မောင်အောက်ထပ်သို့ဆင်းလာသည်ကို မပိုးဖြူတွေ့လိုက်ရသောကြောင့် အပေါ် ထပ်သို့တက်ရန် ပြင်လိုက်သည်။ " မင်းဘာလုပ်နေတာလဲ ...အဲ့ဒီမှာ ပဲတီဗီကြည့်နေတော့မှာလား ...ထမင်းစားဖို့ ပြင်ပေးလေ '" ကိုဇင်မောင့်၏စကားကြောင့် မပိုးဖြူက ကိုဇင်မောင်ကို လှမ်းကြည့်လိုက်ပြီး အားယူကာပြောလိုက်သည်။ " ထမင်းမစားခဲ့ဘူးလား ... အိမ်မှာ မနေ့ညကတည်းကဘာမှမချက်ထားဘူး "

တစ်ဖက်မှ မိခင်ဖြစ်သူ၏ စကားကြောင့် ကိုဇင်မောင်အံ့ဩ ထိတ်လန့်သွားရသည်။မပိုးဖြူလို အေးဆေးလှသောသူက ဘာအကြောင်းကြောင့်များ မိဘများအိမ်တွင် သွားသောင်းကျန်းရပါသနည်း။မိမိအကြောင်းကို သိသွား၍များသွားသောင်းကျန်းလေသည်လား ။ ဒါတော့ မဖြစ်နိုင်မှန်း ကိုဇင်မောင်သိပါလေသည်။ "ဘယ်သူလဲ အစ်ကို ...ဘာလဲ ဟိုတစ်ယောက်လား ...အစ်ကို့ကို ပြန်ခေါ်တာလားဟင် ..."သူခေါ်နေတာဆိုရင်လဲ သွားပါအစ်ကိုရယ် ... မျိုးကတားပိုင်ခွင့်မှမရှိတာ " ဖုန်းကိုကိုင်လျက် ပြူးပြူးပျာပျာဖြစ်သွားသော ကိုဇင်မောင်ကို ကြည့်ပြီး မျိုးမမကစိတ်မကောင်းသောဟန်ဖြင့်ပြောလိုက်သည်။ " မ ..မဟုတ်ပါဘူးမျိုးရယ်.....အစ်ကို့ အမေဆက်တာပါ ....အိမ်မှာ ဘာပြဿနာဖြစ်လို့လဲမသိဘူး...အစ်ကိုပြန်လိုက်အုံးမယ်နော်... အစ်ကို ဖုန်းဆက်လိုက်မယ်နော်မျိုး " မျိုးမမကို ချော့မော့ပြောပြီးသည်နှင့် ကိုဇင်မောင်အိမ်သို့ပြန်ရန် ကားရပ်ထားရာဆီသို့ ထွက်ခဲ့လေသည်။ ~~~~~~ " မင်းဘာဖြစ်နေတာလဲ ပိုးဖြူ ... သမီးကိုယ်တိုင်က မလိုက်ချင်တာလေ... မင်းဘာတွေ ပြဿနာရှာနေတာလဲ " ထိုင်ခုံပေါ်တွင် မလှုပ်မယှက်ထိုင်နေသော မပိုးဖြူကိုအံ့ဩတကြီး ကြည့်လိုက်ပြီး ကိုဇင်မောင် ပြောလိုက်သည်။ "ဟင့်အင်း ..သမီးလိုက်မှပြန်မှာ ...သမီးကို ခေါ်ပေး " " ကျွတ် ..ဟာကွာ ..မင်းဘာဖြစ်နေတာလဲ ...ထ အိမ်ပြန်မယ် ... ငါစိတ်မရှည်တော့ဘူးနော် ..." ကိုဇင်မောင်သည် မပိုးဖြူ ၏လက်ကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲကာ ခေါ်လိုက်သည်။မပိုးဖြူက အတင်းပြန်ရုန်းထွက်ပစ်လိုက်သည်၊၊ " အို...မသွားဘူးလို့ ပြောနေတယ်လေ ...သမီးပါမှပြန်မှာ " " အေး ဒီလောက်ဖြစ်နေတာ .. သမီးကိုခေါ်ပြီး မေးမယ် ...သူမ လိုက်ချင်ရင် မင်းဇွတ်မခေါ်နဲ့ ..ငါစိတ်မတိုချင်ဘူးနော် ' ~~~~~ "ဘာဖြစ်လို့လဲ သမီးရယ် ... ဘာလို့ အိမ်ကိုပြန်မလာချင်ရတာလဲကွယ် ... ခရီးသွားတာကို အမေ ထားခဲ့မိလို့လားဟင်..အဲ့ဒါကို အခုချိန်ထိစိတ်ဆိုးနေတုန်းလားကွယ် " သမီးဖြစ်သူကိုကြည့်ပြီး မပိုးဖြူနွမ်းလျဖျော့တော့စွာပြောလိုက်သည်။ "မဟုတ်ပါဘူး ...အဲ့ဒါက ကြာပြီပဲ သမီးသတိတောင်မရပါဘူး ... သမီးက ကလေးမဟုတ်တော့ဘူး အမေ ....ကိုယ့်ဘာသာဆုံးဖြတ်နိုင်စွမ်းရှိနေပါပြီ ....သမီးကိစ္စတွေမှာ အမေနေရာတကာ၀င်ပါနေတာကိုမကြိုက်ဘူး ..သမီးဘ၀ကို လွတ်လွတ်လပ်လပ်ပဲဖြတ်သန်းချင်တယ် ... သမီးကို တွယ်ကပ်မနေပါနဲ့တော့ ... အိမ်ပြန်လာနေဆိုလဲ နေပေးလို့ရပါတယ် ..ဒါပေမဲ့ မျက်စိဒေါက်ထောက်ကြည့်ပြီး ပြောဆိုနေတာမျိုးတွေတော့ မလုပ်ပါနဲ့ ..အမေနဲ့နေရတာ သမီးမွန်းကြပ်တယ်" သမီးဖြစ်သူပြောသမျှကို မပိုးဖြူပါးစပ်အဟောင်းသားနှင့် နားထောင်နေမိသည်။သမီး၏နှုတ်မှ စကားတစ်လုံးထွက်လာတိုင်း မပိုးဖြူ၏ နှလုံးသားက တဖြုတ်ဖြုတ်ကြွေ ကျသွားသလို ခံစားနေရလေသည်။မပိုးဖြူနေရာမှ လေးပင်စွာ ထလိုက်သည်။ "အမေပြန်တော့မယ် ...သမီးပြန်လာချင်တဲ့နေ့မှပဲ ပြန်လာခဲ့ပါ ...အမေစောင့်နေပါ့မယ် " ပြောပြီးသည်နှင့် မပိုးဖြူ အပြင်သို့ထွက်လာခဲ့သည်။မပိုးဖြူ၏ရင်ထဲတွင် ဖော်မပြနိုင်လောက်အောင်နာကျင်၍ နေသည်။ငယ်စဉ်တုန်းက မိဘနှစ်ပါးသေဆုံးသွားစဉ်အခါကပင် မပိုးဖြူရင်ထဲဤမျှလောက် မနာကျင်ရဟုထင်မိလေသည်။ တိုက်ကြီးထဲမှ ထွက်လာခဲ့ပြီး ခြံဝသို့ မပိုးဖြူရောက်လာချိန်တွင် ကိုဇင်မောင်က နောက်မှ လိုက်ပါလာခဲ့ပြီး "မင်းပြန်လိုက်တော့ ..ငါဆိုင်ကို ပြန်သွားလိုက်အုံးမယ် ...ဒီည ပစ္စည်းစာရင်းတွေကောက်ရမှာမို့ အိမ်ပြန်နောက်ကျချင် နောက်ကျလိမ့်မယ် ....အရမ်းဉာဉ့်နက်သွားရင် ဆိုင်မှာပဲအိပ်လိုက်တော့မယ် ကြားလား " ယောကျာ်းဖြစ်သူ၏ စကားကို မပိုးဖြူခေါင်းငြိမ့်ခေါင်းခါခြင်းမပြုမိပါ။ အိမ်ပြန်လမ်းအတိုင်း အသက်မဲ့သူလိုလျှောက်လာခဲ့မိလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း (၆) ဆက်ရန် #ဧကြည်ဖြူ

"ဟိတ် ..ဟိတ်နေအုံး ...ဒီမှာ ဒါ ခင်ဗျား ပိုက်ဆံအိတ်မဟုတ်လား..ကုန်တိုက်ထဲမှာ ခင်ဗျားကျကျန်ခဲ့တာတွေ့လို့ လိုက်ပေးတာ " " ရှင် " ထိုအခါမှ မပိုးဖြူသည် သူမ၏လက်ထဲတွင် ပိုက်ဆံအိတ်မရှိတော့သည်ကို သိလိုက်သည်။ သူမကိုကမ်းပေးနေသောပိုက်ဆံအိတ်ကို ဒရောသောပါးဆွဲယူလိုက်ပြီး ရှေ့တွင်လာရပ်သောတက္ကစီကားပေါ်သို့ ခပ်မြန်မြန်တက်လိုက်သည်။ကားပေါ်သို့ရောက်မှပင် ပိုက်ဆံအိတ်လိုက်ပေးသောလူကို ကျေးဇူးတင်စကားမပြောခဲ့မိသည်ကို မပိုးဖြူသတိရလိုက်မိလေသည်။ ပိုက်ဆံအိတ်လိုက်ပေးသည်ကိုပင် ကျေးဇူးတင်စကားတစ်ခွန်းမျှမပြောဘဲ ကားပေါ်သို့ အူယားဖားယားပြေးတက်သွားသောအမျိုးသမီးကြောင့် မိုးထက်စိတ်တိုသလိုတော့ဖြစ်သွားသည်။သူမကို ကုန်တိုက်ထဲမှာဈေးဝယ်နေကတည်းက မိုးထက်သတိပြုမိခဲ့ခြင်းဖြစ်သည်။ဈေးခြင်းထဲတွင် ပစွည်းများအပြည့်ဖြင့်လှည်းကို ဟိုဒီတွန်းရင်း တစ်လောကလုံးတွင် သူမတစ်ယောက်တည်းရှိနေသကဲ့သို့အပြုံးအရယ်မဲ့သော မျက်နှာထားနှင့် ပစ္စည်းများလိုက် ရွေးနေခြင်းဖြစ်သည်။သူမရွေးနေသောပစ္စည်းများနှင့်မိုးထက်ဝယ်မည့် ပစ္စည်းများမှာတူနေသောကြောင့် မရည်ရွယ်ပါဘဲသူမနောက်မှ မိုးထက်လျှောက်လိုက်နေသကဲ့သို့ပင်ဖြစ်ခဲ့ရလေသည်။ရုတ်တရက်ရုတ်ရုတ်သဲသဲဖြစ်သောအခါ ထိုနေရာဆီသို့သူမ ပြေးကြည်သည်။ပြီးလျှင် ထိုထဲမှ ကလေးမလေးကို သမီးဟုလှမ်းခေါ်လိုက်ပြီး လက်ဆွဲကာ ကုန်တိုက်အပြင်သို့ မပြေးရုံတမယ်ထွက်သွားကြသည်။သူမရွေးထားသောဈေးလှည်းမှာ လူသွားလမ်းလယ်တွင် သည်အတိုင်း ကျန်ခဲ့သည်။ပိုက်ဆံအိတ်ကျကျန်နေခဲ့သည်ကိုပင် သတိမပြုနိုင်အားသောသူမကို အမြင်မတော်၍သာ ပိုက်ဆံအိတ်ကို ကောက်ယူပြီး လိုက်ပေးခြင်းဖြစ်သည်။သူမကတော့ ဒါတွေကို သတိပြုမိပုံပင်မရ။ တစ်လောကလုံး၏သောကများကို သူမတစ်ယောက်တည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ပုံစံမျိုးဖြစ်နေသည်။ယခုလောက်ဆိုလျှင် ကုန်တိုက်ထဲမှ၀န်ထမ်းများသည်လည်း ပစ္စည်းများအပြည့်ထည့်ထားသောဈေးလှည်းကိုကြည့်ကာ မေတ္တာပို့နေလောက်ပြီဖြစ်မည်။ မိုးထက်စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကို ယမ်းခါပစ်လိုက်မိသည်။ ~~~~~~ " မြေးလေးက ပြန်မလိုက်ပါဘူးလို့ပြောနေတာကို ညည်းမကြားဘူးလားမိပိုးဖြူ ... သွား...ပြန်တော့ " ယောကွမဖြစ်သူ၏ စကားကိုကြားသော်လည်း မပိုးဖြူ ဧည့်ခန်းထဲတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ထိုင်နေမြဲ တိုင်နေလိုက်သည်။ယနေ့အဖို့မှာတော့ သမီးဖြစ်သူမပါဘဲ အိမ်သို့မပြန်ဟု သူမဆုံးဖြတ်ထားပြီး ပေတေပြီးထိုင်နေခြင်းဖြစ်သည်။သမီးဖြစ်သူကတော့ မပိုးဖြူကို မြင်ကတည်းကပင် အပြတ်ပြောပြီးသူ့အခန်းထဲသို့ ဝင်သွားပြီ ဖြစ်လေသည်။ " သမီး ပြန်မလိုက်မချင်း ...အမေ ထိုင်စောင့်နေမယ် " သည်တစ်ခါတော့ မပိုးဖြူလည်း အလျှော့မပေးဘဲ ဇွဲကောင်းကောင်းဖြင့်ထိုင်စောင့်နေလိုက်သည်။ဤအိမ်တွင် သမီးဖြစ်သူကို မပိုးဖြူမထားခဲ့နိုင်၊မထားခဲ့ချင်တော့ပါ။ ကြာလေလေ ရိုင်းလာလေလေဖြစ်သော သမီးငယ်အတွက် မပိုးဖြူစိတ်မချထားနိုင်တော့ပါ။ယောက္ခမနှင့် ပြဿနာဖြစ်ရုံမကလို့ ဘယ်သူနဲ့ပဲ ဖြစ်ရ ဖြစ်ရသမီးကိုအိမ်သို့ရအောင် ပြန်ခေါ်ဖို့ မပိုးဖြူဆုံးဖြတ်ထားပြီးဖြစ်လေသည်။ "ညည်းက ငါတို့ကို ... မလေးမစားလုပ်နေတာပဲ မိပိုးဖြူရဲ့ ...ငါတိုက သူ့ဘိုးဘွားအရင်းတွေဟဲ့ ....ကိုယ့်မြေးဒုက္ခရောက်အောင်မလုပ်ဘူး...ညည်းလုပ်နေပုံက ငါ့တို့ကိုလာစော်ကားနေတာနဲ့တူနေပြီ " ယောက္ခမဖြစ်သူဘာပြောပြော မပိုးဖြူကတော့မတုန်မလှုပ်ဖြင့်သာ ထိုင်နေလိုက်သသည်။ "အေး ...လူစကားကိုနားမလည်သလို အဲ့ဒီမှာထိုင်နေလိုက်.... ကလေးက သူ့နားမကပ်တာလဲ မပြောနဲ့ ...လူကကျက်သရေကို မရှိဘူး... " ယောက္ခမဖြစ်သူသည် မပိုးဖြူကို ချိုးချိုးနှိမ်နှိမ်ပြောဆိုပြီးနောက် အိမ်အပေါ်ထပ်သို့ တက်သွားလေသည်။ ~~~~~ "အမေက မေးနေပြီအစ်ကို ...မျိုးနဲ့အစ်ကိုက မေတ္တာမျှနေကြတာလားတဲ့" ကိုဇင်မောင်ကိုကြည့်ပြီးမျိုး မမက ချွဲတဲတဲအသံလေးဖြင့် ပြောလိုက်သည်။ "ဟုတ်လား ...မျိုးကဘယ်လို ပြန်ပြောလိုက်လဲ ... ဟုတ်တယ်လို့ ပြောလိုက်လား " ကိုဇင်မောင်က ဆိုင်ရှေ့အရိပ်အခြည်ကိုကြည့်ပြီး မျိုး မမ၏ကိုယ်လုံးလေးကို ရင်ခွင်တွင်းသို့ ဆွဲယူကာပြောလိုက်သည်။ ထိုအခါမျိုးမမသည် နှုတ်ခမ်းကို စူလိုက်ပြီးလျှင် " အို ..ဘယ်ပြောလို့ဖြစ်မလဲအစ်ကို....တော်ကြာအမေက လူကြီးချင်းတွေ့ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ...အဲ့ဒါမှ အခက်တွေ့ကုန်မှာပေါ့ ...အစ်ကိုက တမ င်အချိန်ဆွဲနေတာလားဟင် ..အခုဆို မျိုးတို့ချစ်သူတွေဖြနေကြတာပဲ နှစ်လကျော်ပြီလေ ... ဒီလိုပဲခိုး တွေ့နေရမှာလဲ ပြောအုံးလေ အစ်ကို " " အဲ့ ..အဲ့ဒါကကွာ " မျိုးမမ၏စကားကြောင့် ကိုဇင်မောင် အဖြေရခက်စွာရှိနေစဉ်မှာပင် "တူ..တူ..တူ " ရုတ်တရက်ထမြည်လာသောဖုန်းသံကြောင့်ကိုဇင်မောင်ဖုန်းကို ချက်ချင်းပင်ကောက်ကိုင်လိုက်သည် " "ဟယ်လို " " ဟယ်လို သားငယ် ... မင်းအမေတို့အိမ်ကို ခုချက်ချင်းလာခဲ့အုံး ..ဒီမှာ မင်းမိန်းမအရိုင်းအစိုင်းမက အိမ်မှာလာသောင်းကျန်းနေတယ် .." "ဗျာ "

"လူပျိုကြီးကလဲ ဘာမဆိုင်ညာမဆိုင် ကြားထဲကသောကယူနေပြန်ပြီ.....ဒါနဲ့ နေပါအုံး ...ကိုဇင်မောင်က ခြေတော့အတော်ရှုပ်သားနော် ....ကြည့်ရတာ သူ့မဟေသီက ပုံတော်တော်ပျက်နေပြီထင်တယ် ....အိမ်ထောင်သက်လဲကြာ နေပြီမဟုတ်လား " " ဘယ်ကသာပုံပျက်ရမှာလဲ မိုးထက်ရ ... မျိုးမမလိုရှိုက်ဖို့ကြီး ငယ်နဲ့ရေဆေးငါးကြီးမဟုတ်ပေမဲ့ ... လှတယ်ကြည့်ကောင်းတယ် ... မင်းသူ့ကို မမြင်ဖူးဘူးမဟုတ်လား ... ကိုယ်တောင်တစ်ခါပဲဆုံဖူးတာလေ ...ကိုဇင်မောင်ကလူတော့လူလည်ပဲ ...သူ့မိန်းမကို ဝှက်ထားတာကွ ... ဘယ်ဧည့်ခံပွဲကိုမှမခေါ်ဘူး..သူ့အိမ်ကိုလဲ ဘယ်အပေါင်းအသင်းကိုမှ မဖိတ်ဘူးလေ ...ကိုယ်တောင်လမ်းမှာ ဆုံလိုက်လို့ မိတ်ဆက်လိုက်ရတာ ...အိမ်ထောင်သက်ကြာတာတော့ သူတို့သမီးလေးတောင် (၁၆)နှစ်ကျော်ပြီလေ .... သူ့အမျိုးသမီးက မင်းနဲ့အသက်တူ လောက်တယ် ... လူကချောတုန်းလှတုန်းပါဟ '' "ဪ ဟုတ်လား ... သူ့နဲ့သိနေတာကြာပေမဲ့ ...သိပ်လဲမရင်းနှီးတော့ ..သူ့ဇနီးတွေဘာတွေလဲ မသိပါဘူးဗျာ ....မိန်းမတွေလဲ နားလည်ရခက်သားဗျာ....ကိုယ့်ဘာသာကားတွေနဲ့ပဲပျော်နေတာ ကောင်းပါတယ် " ~~~~~~ "ဟယ် မိပိုး... ဟိုမှာဝေလင်းနဲ့ ကေသီပါလား ...သူတို့က ဒါဘာသဘောလဲ " သူငယ်ချင်းဖြစ်သူ မေဖူး၏ အလန့်ကြားပြောသံကြောင့် သူမလက်ညှိုးထိုးပြသော နေရာသို့ ပိုးအိဇင်လှမ်းကြည့်လိုက်မိသည်။သူငယ်ချင်းပြောသည်သည်မှာ မှန်ပါသည်။လက်ချင်းတွဲလျက် ဈေးပတ်ဝယ်နေကြသော ထိုနှစ်ယောက်မှာ ပိုးအိဇင်၏ ချစ်သူနှင့် ပိုးအိဇင်၏သူငယ်ချင်းဖြစ်သူ ကေသီဦးတို့ဖြစ်သည်။သူတို့နှစ်ယောက်ကိုကြည့်ပြီး ပိုးအိဇင်ထောင်းခနဲဒေါသထွက်သွားသည်။သူတို့ရှိရာဆီသို့ ဒေါသခြေလှမ်းများဖြင့် လှမ်းသွားလိုက်သည်။ " မိပိုး မညှာနဲ့နော် ..နှစ်ယောက်လုံးကို ပါးတွေချပစ်လိုက်စမ်းဟယ် ...သစ္စာမရှိတဲ့ဟာတွေ " ဘေးတွင်လိုက်ပါလာခဲ့သော မေဖူးကလည်း ဒေါသတကြီးနှင့် အားပေးအားမြှောက်ပြောရင်း လိုက်ပါလာခဲ့လေသည်။သူတို့နှစ်ယောက်လုံး ဝေလင်းနှင့်ကေသီတို့ အနားသို့ရောက်သည်နှင့် တစ်ပြိုင်နက် ပိုးအိဇင်ကဝေလင်း၏လက်ကိုဆောင့်ဆွဲပြီး ပါးစပ်ကလည်းပြောလျက် ဝေလင်း၏ပါးပြင်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။ "ဖြန်း " "သစ္စာမရှိတဲ့ကောင်နဲ့.. အရှက်မရှိတဲ့ဟာမ ... ငါ့ကိုညာလို့ နင့်ပါးကို ရိုက်လိုက်တာနော်ဝေလင်း ...နင့်ကိုချစ်လွန်းလို့ ...သဝန်တိုပြီးရိုက်လိုက်တာလို့တော့ မထင်နဲ့ " " ပိုးအိဇင် ...မင်း ..မင်းကများ ငါ့ပါးကို ရိုက်တယ်ဟုတ်လား ..." ပြောပြောဆိုဆိုနှင့်ဝေလင်း၏လက်က လေထဲတွင် မြောက်တက်လာသည်။ပိုးအိဇင်ကလည်း လျင်ပြီးသား၊ မြန်ပြီးသားပင်။ကျောပိုးအိတ်နှင့် ဝေလင်းကိုရိုက်ပစ်လိုက်သည်။တစ်ခဏအတွင်းမှာပင် ရန်ပွဲလေးတစ်ခုဖြစ်ပေါ်လာလေသည်။ ~~~~ " ဟယ် ... ဟိုမှာ ရန်ဖြစ်နေကြတယ် ... ကျောင်းသားလေးတွေ ထင်တယ် ... ဘယ်သူမှမဆွဲကြဘူးလား ... လုံခြုံရေးတွေ ဘယ်မှာလဲ " ဆူဆူညံညံအသံများနှင့်အတူ ရုတ်ရုတ်သဲသဲဖြစ်သွားသောအခြေအနေကြောင့် လူအုပ်စုရှိရာဆီသို့မပိုးဖြူသွားရောက်ကြည့်ရှုလိုက်မိသည်။ကျောင်းသားလေးတွေဆိုသောအသံကြောင့် သားသမီးရှိသူပီပီ ဘာရယ်မဟုတ်ပြေးကြည့်မိခြင်းသာဖြစ်လေသည်။လူစုစုဖြစ်နေသောနေရာသို့ မပိုးဖြူရောက်လာသောအခါ လူစုစု၏အလယ်တွင် ရပ်နေသောသမီးဖြစ်သူကို မြင်လိုက်ရသောကြောင့် မပိုးဖြူ ထိတ်ထိတ်ပျာပျာဖြင့် လူကြားထဲသို့တိုးဝင်လိုက်မိသည်။ "သမီး ....သမီးလေး ဘာဖြစ်ကြတာလဲ ...ကလေးတွေသွားတော့ ....လာ သမီး ....အမေတို့ ပြန်ကြရအောင် " မပိုးဖြူပြောရင်း သမီး၏လက်ကိုအတင်းဆွဲကာ ကုန်တိုက်အပြင်သို့ထွက်လာခဲ့လိုက်သည်။ "လွှတ်တော့ ...လွှတ်ပေးပါတော့ အမေ .....ဟိုမှာ သမီးတို့ပြဿနာက ရှင်းလို့မပြီးသေးဘူး ...အမေဘာလို့ဝင်ပါရတာလဲ ..သူတို့က သမီးကို သက်သက်ကျောတာအမေမသိဘဲနဲ့ ဘာလို့ကယ်တင်ရှင်မကြီးလို ဝင်ပါရတာလဲ ...'' "ဘာပြောတယ်သမီး ...ဘာပြဿနာပဲဖြစ်ဖြစ် လူတွေဝိုင်းကြည့်နေတာကို သမီးမတွေ့ဘူ့လား...သမီးတို့မှာ အရှက်တရား ရောအကြောက်တရားရောမရှိကြဘူးလား ... ပြဿနာဖြစ်နေရင်လဲ အေးအေးဆေးဆေး ပါးစပ်နဲ့ပြောကြပါလား ...အခုတော့တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ် ရိုက်နှက်နေကြတာလူမြင်လို့မကောင်းဘူး ...အစကတည်းက အဲ့ဒီကောင်လေးနဲ့ သိပ်မရောဖို့ပြောထားခဲ့တယ်လေ " မိခင်ဖြစ်သူ ပြောနေသည်ကို ပိုးအိဇင်ဘာမျှမကြား။သူမစိတ်ထဲမှာဒေါသထွက်နေတာပဲသိသည်။ဝေလင်းနှင့်ကေသီဦးအပေါ် ဖြစ်နေသောဒေါသက ချက်ချင်းဆိုသလို မိခင်ဖြစ်သူအပေါ်သို့ ကျရောက်သွားသည်။ပိုးအိဇင် တက္ကစီတစ်စီးကို လက်တားလိုက်ပြီး ကားပေါ်သို့ခပ်မြန်မြန်တက်လိုက်သည်။ "မြန်မြန်လေး မောင်းပေးပါရှင် ...အိမ်ပြန်ဖို့နောက်ကျနေလို့ပါ " ပိုးအိဇင်၏ စကားမဆုံးခင်မှာပင် ကားလေးကဝေါခနဲမောင်းထွက်လိုက်လေသည်။ "သမီး ......သမီး နေအုံးလေ " မပိုးဖြူလှမ်းအော်တားလိုက်သော်လည်း မမှီတော့ပါ။ပိုးအိဇင် တက်စီးသွားသော ကားလေးက ဝေါခနဲ မောင်းထွက်သွားပြီဖြစ်ပါလေသည်။မပိုးဖြူလည်း မှီရာအငှားကားတစ်စီးကို တားစီးရန်ပြင် လိုက်စဉ်မှာပင် လူတစ်ယောက်က သူမ၏လက်ကို လှမ်းဆွဲလိုက်သည်ကို ကြုံလိုက်ရလေသည်။

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု) အပိုင်း (၅) ****** စာကြည့်ခန်းရှေ့ရှိ မှောင်ရိပ်ခပ်ကျကျနေရာတွင် မပိုးဖြူမတ်မတ်တောင့်တောင့်ဖြင့်ရပ်၍ စာကြည့်ခန်းထဲသို့ကြည့်နေမိသည်။စာကြည့်ခန်းထဲရှိ စာဖတ်ခုံတွင်ထိုင်ပြီး ပြုံရွှင်နေသောမျက်နှာထားဖြင့် ဖုန်းပြောနေသောယောကျာ်းဖြစ်သူကိုမပိုးဖြူငေးမောကြည့်နေမိခြင်းဖြစ်သည်။အချိန်က ညတစ်နာရီထိုးနေပေပြီ။ယခုလိုအချိန်ကာလတွင် ဖုန်းပြောနေခြင်းသည် အလုပ်ကိစ္စမဟုတ်မှန်းမပိုးဖြူသိပါသည်။ သိသော်ငြားလည်း မပိုးဖြူမှာ တားမြစ်နိုင်စွမ်းမရှိပါလေ။သမီးဖြစ်သူကိုပင် အိမ်တွင်နေရန် ပြောပိုင်ခွင့်မရှိသောဘ၀မှာယောကျာ်းဖြစ်သူ မူပျက်နေမှန်းသိသော်လည်း မည်ကဲ့သို့တားမြစ်ပိတ်ပင်ရပါမည်နည်း။လွန်ခဲ့လေ သောအချိန်ကာလများကကဲ့သို့ပင် အချိန်တန်လျှင်အိမ်ပြန်လာဖို့ ကိုသာ မျှော်လင့်စောင့်စားနေရပေမည်ပေါ့။ကိုဇင်မောင်သည့် မပိုးဖြူအတွက်တော့ ကျေးဇူးရှင်လည်းဖြစ်သလို ၊ ရင်နှင့်အမျှချစ်ရသောသူလည်းဖြစ်သည်။ဤယောကျာ်း၊ဤသမီးဖြစ်သူတို့နှင့် သာခွဲခွါရမည်ဆိုလျှင် မပိုးဖြူ အသက်ပင်ရှင်နိုင်တော့မည်မထင် ။သူတို့မရှိသောဘ၀တွင် မပိုးဖြူ အသက်ဆက်ရှင်သန်နိုင်စွမ်းမရှိချေ။ထို့ကြောင့်ပင်သူတို့တွေ သူမအပေါ်နားလည်ပေးလာနိုင်မည့်နေ့ကိုသာ သူမစောင့်မျှော်နေရပေတော့မည်။ ဖုန်းကို နားမှကပ်လျက် ကြည်နူးပျော်ရွှင်နေပုံရသော ယောကျာ်းဖြစ်သူ၏မျက်နှာကို မပိုးဖြူ အတန်ကြာငေးကြည့်နေမိခဲ့သည်။ပြီးနောက်တွင် ခြေကို အသာဖော့နင်းလျက် လာရာလမ်းအတိုင်းပြန်လျှောက်ခဲ့လေသည်။ အပေါ်ထပ်သို့လှေကားထစ်များအတိုင်း မပိုးဖြူဖြည်းညှင်းစွာတက်လာခဲ့ရာ ရင်ထဲတွင်တလှပ်လှပ်လှစ်ဟာ၍နေလေသည်။ ~~~~~~ " ဟာ ....ကိုဇင်မောင်ပါလား ....ဒီလူနဲ့မျိုးမမကဘယ်လိုပါလိမ့် ...သူတို့ငြိသွားကြပြီ ထင်တယ်.....ဟိုမှာကြည့်စမ်းပါအုံး မိုးထက်ရ" ကိုရန်ပိုင်၏စကားကြောင့် သူညွှန်ပြရာသို့ မိုးထက်လှမ်းကြည့်လိုက်သည်။ထိုအခါ ကိုဇင်မောင်နှင့်အတူထိုင်နေသောမျိုးမမကိုတွေ့လိုက်ရသည်။နှစ်ယောက်သား စားသောက်နေသောပုံစံက ချစ်စခင်စဇနီးမောင်နှံများကဲ့သို့ ကြင်ကြင်နာနာရှိလှလေသည်။ဟင်းခပ်ထည့်ပေးတာ၊ တစ်ရှူးယူပေးသည်မှအစ တကယ့်ကိုသမီးရည်းစားချစ်သူစုံတွဲများပမာ တွေ့မြင်နေရလေသည်။ " မျိုးမမကလဲကွာ သူ့ရုပ်သူ့ရည်နဲ့ .. ဘာလို့များ အိမ်ထောင်သည်နဲ့မှတွဲရတာပါလိမ့် ... မင်းလိုလူပျိုလူလွတ်ကိုကျော်ပြီး.....ကိုဇင်မောင်နဲ့များဖြစ်ရတယ်လို့ကွာ ... " ကိုရန်ပိုင်၏ မချိတင်ကဲ ရေရွတ်လိုက်သောစကားသံကြောင့် မိုးထက်ပြုံးလိုက်မိသည်။ " ကဲ ... ကိုရန်ပိုင်ရေ ....သူတို့နှစ်ယောက် ကျွန်တော်တို့ကိုမမြင်ခင် ... ကျွန်တော်တို့အရင်ရှောင်ပေးလိုက်ကြပါစို့ဗျာ ...တော်ကြာ အလကားနေရင်းမျက်နှာတွေ ပူနေရရင်....အလုပ်တွေရှုပ်တယ် " ပြောပြောဆိုဆိုနှင့် ထရပ်လိုက်သော မိုးတက်ကြောင့်ကိုရန်ပိုင်လည်း ကမန်းကတန်းထရပ်ကာပြန်ဖို့ပြင်ရလေသည်။ကိုရန်ပိုင်နှင့်မိုးထက်တို့မှာ လုပ်ငန်းသဘောအရ အချိတ်ဆက်များရှိကြသောကြောင့်အဆက်အသွယ် အမြဲရှိကြပြီး ခင်မင်ရင်းနှီးကြသည်။ကိုဇင်မောင်နှင့်မူ သာမန်မိတ်ဆွေအဆင့်မျိုးသာဖြစ်ကြသည်။သွားသွားလာလာခင်ခင်မင်မင် သိပ်မရှိကြ။ ~~~~~ "မျိုးမမရဲ့ဆိုင်မှာ အလှူလုပ်တံ့နေ့ကတည်းက ထင်တော့ထင်မိသား ကွ...ကိုယ်က မျိုးမမကိုမင်းနဲ့ ငြိမယ်ထင်တာကွ မိုးထက်ရ ...ရတနာစိုးရဲ့ဧည့်ခံပွဲညတုန်းက...မင်းကို မျိုးမမခိုးခိုးကြည့်နေတာကို... ကိုယ်တွေ့တယ်လေကွာ...အဲ့ဒါ့ကြောင့် ကိုယ်က နောက်ဆုတ်လိုက်တာ ..." "ဟာဗျာ .... ကိုရန်ပိုင်ကတော့ ပေါက်ကရပြောပြီပဲ ... မိန်းမလှလေးတွေမြင်တိုင်း ကျွန်တော့်ဆီ ဇွတ်ပို့နေပါလား " မိုးထက်ကားမောင်းနေရင်းမှ ကိုရန်ပိုင်ကို လှည့်ပြောလိုက်သည်။ " ဟ...ကိုယ်ပြောတာမလွန်ဘူးလေကွာ ...ဘာလဲ မင်းကဒီတစ်သက်ချစ်သူမထား... အိမ်ထောင်မပြုတော့ဘူးလား " ကိုရန်ပိုင်က မိုးထက်ကို မေးလိုက်သည်။မိုးထက်သည် ကိုရန်ပိုင်ထက် နှစ်နှစ်ကျော်မျှငယ်သောကြောင့် ကိုရန်ပိုင်ကမိုးထက်နှင့် စကားပြောလျှင်မင်းနှင့် ငါဟုသာ ရင်းရင်းနှီးနှီး သုံးနှုန်းပြောဆိုတာများလေသည်။ " မယူဘူးတော့ ဘယ်ဟုတ်မလဲ .. ကျွန်တော့်ရင်ဘတ်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့သူနဲ့ ဆုံရင်တော့ ချစ်သူ ထားမယ် ...အိမ်ထောင်ပြုမယ်လေဗျာ ... သေချာတာက အဲ့ဒီမိန်းခလေးက မျိုးမမနိုင်မဟုတ်ဘူး ...အခုလိုအခြေအနေမျိုးနဲ့ဆို ပိုဆိုးသွားတာပေါ့ " " ဟ ...ကားသမားလူကြမ်းကြီးက အနုအရွစကားတွေပြောနေပါလား ... မင်းပြောတာလဲ ဟုတ်တယ်မိုးထက်ရ...မျိုးမမရဲ့ဒီအပြုအမူကတော့ အရှက်သိက္ခာမဲ့လွန်းတယ် ... ဆန္ဒတွေဘယ်လောက်ပဲရှိရှိ လူဆိုတာစိတ်ဆန္ဒကို ကိုယ်ကျင့်သီလသိက္ခာနဲ့ ထိန်းရတယ်...မဟုတ်ရင်လူနဲ့တိရစ္ဆာန်ဘာကွာကြတော့မှာလဲ ...ကြားထဲက ကိုဇင်မောင့် မဟေသီတော့ မျက်ရည်ပင်လယ်ဝေရအုံးမှာပေါ့ " ညည်းညည်းညူညူနှင့် ပြောနေသောကိုရန်ပိုင်ကို မိုးထက်ကြည့်လိုက်ပြီး

"ဟင့်အင်း အဖေ ..သမီးနားလည်ပေးခဲ့တာများနေပါပြီ ... အဘွားတို့ ခွင့်ပြုပေးသမျှကိစ္စမှန်သမျှကို အမေကလိုက်ပိတ်ပင်နေတာလေ ....အဘွားကပြောတယ်... အမေကငယ်ငယ်တုန်းကစားဖို့ တောင်အနိုင်နိုင်ဘ၀နဲ့ နေရတာတဲ့..အဲ့ဒါကြောင့် အငုံစိတ်နဲ့ သူများတွေ ပျော်ရွှင်ကောင်းစားနေတာမြင်ရင် သဘောမကျဘူးတဲ့ ...." အခန်းထဲမှ သမီးဖြစ်သူ၏စကားသံကြောင့် မပိုးဖြူ ခေါင်းထဲမိုက်ခနဲပင် ဖြစ်သွားရသည်။ယောက္ခမဖြစ်သူသည် ဤမျှလောက် သူမအပေါ် မုန်းတီးနေလိမ့်မည်ဟု မပိုးဖြူမထင်ခဲ့မိပါချေ။ယခုသော် နုနယ်လှသေးသော သမီးဖြစ်သူကိုပါအသုံးချနေမှန်းသိလိုက်ရသောအခါ သူမရင်တွေ ကွဲကြေသွားသလိုပင် ခံစားလိုက်ရလေသည်။နေရာတွင် မပိုးဖြူဆက်လက်ရပ်နေနိုင်စွမ်းမရှိတော့ပါချေ။ "သမီး ...သမီးဘယ်လိုပြောလိုက်တာလဲကွယ် " မပိုးဖြူ၏ အသံကိုကြားလိုက်သည်နှင့် ပိုးအိဇင်သည် နေရာမှခပ်ဆောင့်ဆောင့်ထလိုက်ပြီးလျှင် ဖခင်ဖြစ်သူကို ကြည့်လိုက်ပြီး "သမီးအိပ်တော့မယ် အဖေ ..." "သမီး .. နေအုံး " မပိုးဖြူလှမ်းထားလိုက်သော်လည်း ပိုးအိဇင်သည်သူမအခန်းရှိရာဆီသို့ ထွက်သွားပြီးဖြစ်လေသည်။ ကိုဇင်မောင်က မပိုးဖြူ၏ လက်ကို ဆောင့်ဆွဲလိုက်ပြီးလျှင် " မင်း ဒီမှာလာထိုင်အုံး ပိုးဖြူ ... မင်းဘာလို့ သမီးကိုအဲ့ဒီလောက် စိုးမိုးချင်နေရတာလဲ ... ဒီနေ့ခေတ်နဲ့ငါ့တို့ခေတ်နဲ့ကမတူတော့ဘူးဆိုတာ မင်းသိရဲ့လား ...မင်းငယ်ငယ်က ဆင်းဆင်းရဲရဲနေခဲ့ရတိုင်း...မင်းနေခဲ့ရတဲ့ဒုက္ခသည်ဘ၀လိုမျိုး သမီးကိုပါအဲ့ဒီလိုနေစေချင်တာလားပြောစမ်း...မင်းက အတ္တသိပ်ကြီးမိန်းမပဲ " " ဘာ ..ဘာပြောလိုက်တယ် ... မောင့်ပါးစပ်က ဒီလိုစကားပြောထွက်တယ်နော် ... မောင်ပြောနေတာတွေ တအားလွန်နေပြီ ...ဖြူက သမီးလေးကို စိုးရိမ်းလို့ တားမြစ်မိတာပါ.....ချုပ်ချယ်နေတာမျိုးလဲမဟုတ်ဘူး.. မောင်တို့တွေလိုတာထက်ပိုပြီး အလိုလိုက်နေလို့ ပြောနေရတာ ...မောင်မို့လို့ ဒီစကားပြောထွက်တယ် ....သမီးလေးကတော့ ငယ်သေးလို့လူကြီးတွေပြောတိုင်း လိုက်ပြောတာကို ဖြူ နားလည်ပေးလို့ရတယ် ....မောင်ကဘာသဘောလဲ ..မောင်တို့သားအဖတွေ အခုတလောဖြူ့ကိုဘာတွေများ မကျေနပ်နေကြတာလဲ ...မောင်တို့တွေ ဖြူ့ကိုရှောင်နေကြတာကိုလဲ ဖြူသိပါတယ် " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်မျက်နှာမပျက်သွားအောင် သတိထားလိုက်ရလေသည်။ " အေး ...ငါတို့သားအဖက မင်းကို ရှောင်နေတာမဟုတ်ဘူး .... မင်းက လိုတာထက်ပိုပြီး လိုက်ကပ်နေလို့ ဒီလိုတွေဖြစ်နေရတာသိရဲ့လား ... မင်းဒီလိုသာ ကြပ်ကြပ်လုပ်ကသမီးကမင်းနဲ့ဝေးရာကို ပြေးချင်နေပြီ ...အခုတောင်အိမ်မှာမနေတော့ဘူးတဲ့ ...... သူ့အဘိုးအဘွားအိမ်မှာပဲနေမယ်တဲ့...အဲ့ဒါကိုတော့ မင်းလိုက်မပိတ်ပင်နဲ့ ...အမေတို့ စိတ်ဆိုးသွားရင် ...ငါ့တို့ အိမ်ပေါ်ကခေါင်းနဲ့ ဆင်ပေးရလိမ့်မယ် .. သမီး ခရီးသွားချင်နေတာကိုလဲ... မင်း၀င်မပြောနဲ့ငါခွင့်ပြုပေးလိုက်ပြီး " ကိုဇင်မောင်သည်ပြောပြီးသည်နှင့်မပိုးဖြူဘာမျှ ပြန်မပြောနိုင်ခင် အပေါ်ထပ်သို့ ခပ်မြန်မြန်တက်ခဲ့လေသည်။ မပိုးဖြူမှာတော့ နေရာတွင်ငူငူငေါင်ပေါင်ကြီးထိုင်နေမိလေသည်။နားထဲတွင် ယောကျာ်းဖြစ်သူပြောသွားသောစကားများကိုသာ ပဲ့တင်ထပ်မျှ ကြားယောင်နေမိပြီး မျက်ရည်များသည်ပါးပြင်ပေါ်သို့ စီးကျလာခဲ့လေသည်။တွယ်တာစရာဆို၍ ခင်ပွန်းနှင့်သမီးဖြစ်သူသာရှိသောဘဝတွင် သူတို့အားမပိုးဖြူတွယ်တာခွင့်ပင်မရှိတော့ချေပြီလားဟုတွေးလိုက်မိသောအခါ၌ မျက်ရည်များက သာ၍ပင်စီးကျလာခဲ့လေသည်။ ~~~~~~~~ လစ်ဟာနေသော အိပ်ရာကို ကြည့်ပြီးမပိုးဖြူသက်ပြင်းငွေ့ငွေ့ ချလိုက်မိသည်။သူမတို့နှစ်ဦးသားကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိရပါဘဲ ခပ်ရှောင်ရှောင်လုပ်နေသောယောကျာ်းဖြစ်သူ၏ပုံစံကို မပိုးဖြူရိပ်စားမိပါသည်။ညစဉ် မပိုးဖြူဘုရားဝတ်ပြုရှိခိုးပြီးလို့ အောက်ထပ်သို့ဆင်းသွားသည့်အခါတိုင်း စာကြည့်ခန်းထဲတွင် ဖုန်းပြောနေတတ်သော ယောကျာ်းဖြစ်သူကိုမပိုးဖြူသတိထားမိပါသည်။ သူ့အလုပ်တွေများ အဆင်မပြေဖြစ်နေသလားဟုတွေးပြီး မပိုးဖြူ ခပ်မဆိတ်နေပေးခဲ့သည် ။ သို့နှင့် ယောကျာ်းဖြစ်သူနှင့်မပိုးဖြူကြားတွင်ပို၍ စိမ်းသက်လာခဲ့လေသည်။ညတိုင်းလိုလိုလည်း ညကိုးနာရီကျော်ဆယ်နာရီထိုးမှ ပြန်လာတတ်သည့်အပြင် ညစာကိုပင်အိမ်မှာမစားသည်မှာ တစ်လခန့်မျှရှိပေပြီ။ဘာအတွက်လဲ ဘာကြောင့်လဲဟု မပိုးဖြူမေးခဲ့သော်လည်း ရေရေရာရာအဖြေကို မသိခဲ့ရချေ။သေချာသည်မှာ တစ်နေ့တစ်နေ့ အိမ်ကြီးထဲတွင် မပိုးဖြူတစ်ယောက်တည်းအထီးကျန်စွာရှိနေရခြင်းပါပင်။ ~~~~~ လှေကားထစ်များအတိုင်း မပိုးဖြူခြေကို မသိမသာဖောနင်းလျက်ဆင်းလာခဲ့မိသည်။မပိုးဖြူ၏ရင်ထဲတွင် ဘာရည်ရွယ်ချက်မျှမရှိသော်လည်း ခြေထောက်များက အောက်ထပ်ရှိ စာကြည့်ခန်းဆီသို့ ညင်သာစွာရွေ့လျားသွားကြလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း ( ၅ ) ဆက်ရန် #ဧကြည်ဖြူ

"မဟုတ်ဘူး ....မျိုးကြောင့်ဆိုတာထက်...အချစ်မပါတဲ့ ဒီအိမ်ထောင်ရေးကို ... အစ်ကိုရပ်တန့်ချင်နေတာကြာပါပြီကွာ ...အစ်ကိုကလူပျိုပေါက်ဘဝမှာ သူနဲ့ဆုံခဲ့တယ် ... သူကဆင်းရဲ့လွန်းတော့ သနားခဲ့မိတယ်...သနားတာကို အချစ်လို့ထင်ခဲ့မိတာပေါ့ ... ကိုယ့်မှာအချစ်ဆိုတာကို သေချာမသိခင်မှာ အိမ်ထောင်ကျခဲ့ရတယ် ...ဒီနှစ်တွေမှာ သူ့အပေါ်ကိုသစ္စာရှိပေးခဲ့တယ် ..... ဒါပေမဲ့ အခုတော့ ကိုယ့်နှလုံးသားရဲ့အလိုကိုပဲလိုက်တော့မယ် " " သူကရော လက်ခံပါ့မလား အစ်ကို .....မျိုးကြောင့် အစ်ကိုတို့လမ်းခွဲရတာဆိုရင် မျိုးတကယ်စိတ်မကောင်းဘူး " ဤစကားကို မျိုးမမတမင်ပြောလိုက်ခြင်းဖြစ်သည်။မျိုးမမ ကြောင့် သူ့လက်ရှိဇနီးကိုကွာရှင်းပြီး သူမဆီသို့လာမည်ဆိုသောအဓိပ္ပါယ်သည် မျိုးမမ၏စိတ်ကို ကျေနပ်စေလေသည်။မိန်းမသားနှစ်ယောက်၏ယှဉ်ပြိုင်မှုတွင် မျိုးမမဘက်က အသာကြီးသာ၊အနိုင်ကြီးနိုင်ပြီး အနိုင်ရလိုက်သည့် ခံစားချက်မျိုးဖြစ်လေသည်။မိမိသာလျှင် အောင်မြင်မှုသရဖူကို ဆောင်းနိုင်သူအဖြစ် ဂုဏ်အယူကြီးယူ၊ အကျေနပ်ကြီးကျေနပ်နေမိလေသည်။မျိုးမမတစ်ယောက်တည်းအတွေးများပြီး ကျေနပ်ပီတိဖြစ်နေစဉ်မှာပင် ကိုဇင်မောင်ထံမှ စကားသံထပ်မံထွက်လာလေသည်။ " စိတ်မကောင်းမဖြစ်ပါနဲ့ မျိုးရယ် ... သူကလဲ အစ်ကိုချမ်းသာလို့ လက်ခံခဲ့တာပါ ... သူ့အတွက် ထိုက်သင့်သလောက်ပေးလိုက်ရင် ကျေနပ်ပြီးလမ်းခွဲပေးမဲ့သူပါ ....သူ့အတွက် အစ်ကိုကငွေရှာပေးတဲ့လူတစ်ယောက်အပြင်မပိုပါဘူး ... အစ်ကို့ဘဝလဲ ခြောက်သွေ့နေခဲ့တာကြာခဲ့ပါပြီ " " အစ်ကိုရယ်... အစ်ကို့အကြောင်းကြားရတော့ မျိုးစိတ်မကောင်းလိုက်တာရှင် " " ရပါတယ်မျိုးရယ် ...အခုတော့ မျိုးကိုတွေ့လိုက်ရတဲ့နေ့ကတည်းကစပြီး ...ကိုယ်ပျော်ရွှင်လာမိတယ် ..ကိုယ့်ရဲ့ဘ၀ကပြန်ပြီး သာယာစိုပြေလာတယ်.... စိတ်ချပါမျိုးရယ် ... အစ်ကို့ နောက်ကြောင်းတွေကို မရှင်းရသေးဘဲ ...မျိုးကိုသိက္ခာကျအောင်မလုပ်ပါဘူး...အစ်ကို့ကို အချိန်ခဏလောက်စောင့်ပေးပါနော် ....သူ့ကို ချက်ချင်းပြောလိုက်ရင်လျှော်ကြေးတွေမတရား တောင်းမှာစိုးလို့ လေ ..ပြီးတော့ သမီးလေးကလဲရှိသေးတော့ သမီးကို ...ကိုယ်တို့ဘက်ပါအောင် အရင်စည်းရုံး ကြည့်ချင်တယ် " သစီးဆိုသောစကားကြောင့် မျိုးမမအနည်းငယ်မျှတော့ စိတ်ရှုပ်သွားမိသည်။.ကိုဇင်မောင်ကလည်း ဒါကိုချက်ချင်းရိပ်မိလိုက်သည်။ ''သမီးကကိုယ်တို့ထက် ....သူ့အဘိုးအဘွားတွေကို ပိုခင်တွယ်တာလေ ..အခုတောင် အိမ်ကို မနည်းပြန်လာခိုင်းနေရတာ ...သမီးကပါ သူ့အမေကို ငြင်းဆန်တယ်ဆိုရင် ...သူအလွယ်တကူပဲနောက်ဆုတ်ပေးမယ်ထင်တယ် " " ဖြစ် ..ဖြစ်ပါ့မလား အစ်ကိုရယ် " မျိုးမမက မယုံမရဲဖြင့်မေးလိုက်သည်။ "ဖြစ်ပါတယ် မျိုးရဲ့ ...တစ်နေ့ တော့ မျိုးနဲ့ သမီးကို မိတ်ဆက်ပေးထားမယ်....ဒီကြားထဲတော့ မျိုးဆီကို အစ်ကို့ကိုလာခွင့်ပေးပါ မျိုးရယ် .... မျိုးကို မတွေ့ရဘဲ အစ်ကို မနေနိုင်လို့ပါ " "အစ်ကိုကလဲ " နောက်ဆုံးပိတ်ပြောလိုက်သော ကိုဇင်မောင်၏စကားကြောင့် မျိုးမမမူနွဲနွဲ့လေးပြောပြီး ကိုဇင်မောင်ကို မျက်စောင်းလေး ထိုးလိုက်သည်။ ကိုဇင်မောင်သည် သူ့အား မျက်စောင်းရွယ်နေသောမျိုးမမ၏အနားသို့ အသာတိုးကပ်လိုက်ပြီးလျှင် မျိုးမမ၏လက်ကလေးကိုသူ့ရင်ခွင်တွင်းသို့ ဆွဲယူလိုက်လေသည်။ဤသို့ အပြုအမူကို မျိုးမမကလည်း မငြင်းဆန်ပါချေ။ ~~~~~~ ''ခရီးဝေးသွားတာတော့ အမေခွင့်မပြုဘူး သမီး...လူကြီးတစ်ယောက်တောင်မပါဘဲ ..သမီးတို့တွေချည်းပဲသွားမှာကို ခွင့်မပြုနိုင်ဘူး ..ပြီးတော့ ခရီးကလည်းတစ် ရက်နှစ်ရက်ခရီးမဟုတ်ဘူး ...တစ်ပတ်ဆယ်ရက်ခရီးလေ... မဖြစ်ပါဘူးကွယ် " မပိုးဖြူ၏ စကားသံအဆုံး တွင် ပိုးအိဇင်ထံမှမကျေမနပ်သံလေးထွက်လာခဲ့လေသည်။ "ဟာ...အမေကလဲ ...အဘိုးနဲ့အဘွားကလဲခွင့်ပြုပေးလိုက်ပြီလေ..ပြီးတော့ ခရီးသွားဖို့စရိတ်ကိုအမေတို့မပေးရပါဘူး ...အဘွားတို့ပေးမှာပါ ..." "ဘယ်သူခွင့်ပြုပြု ... အမေခွင့်မပြုဘူးသမီး ..... ငွေကြောင့်ပြောနေတာမဟုတ်ဘူး...ဒီတစ်ခါတော့ အမေ့စကားကို နားထောင်ပါကွယ် " မပိုးဖြူ၏ စကားအဆုံးတွင် ပိုးအိဇင်သည်ခြေကိုဆောင့်နင်းလျက် အပေါ်ထပ်သူမအခန်းဆီသို့ တက်သွားခဲ့လေသည်။ မပိုးဖြူကတော့ တီဗီရှေ့တွင် စိတ်မောစွာထိုင်လျက် ယောကျာ်းဖြစ်သူ ပြန်အလာကို စောင့်မျှော်ရင်း ကျန်ခဲ့လေသည်။ ~~~~~ "သမီးတို့အဖွဲ့က ဆယ်ယောက်ကျော်တယ်အဖေ ..ဘာမှစိတ်မချစရာမရှိဘူး ... အမေက တမင်သက်သက် သမီးအခွင့်အရေးတွေကိုလိုက်ပိတ်ပင်နေသလိုပဲ ...သမီး အဖေတို့အိမ်မှာမနေချင်တော့ဘူး ...အဘွားတို့အိမ်မှာပဲ နေတော့မယ် " သမီးငယ်၏မျက်နှာကို ကြည့်ပြီး ကိုဇင်မောင်သက်ပြင်းချမိသည်။သမီးဖြစ်သူသည် ကိုဇင်မောင်ထင်နေသကဲ့သို့ပင် သူ့အမေနှင့်ဝေးရာကို ပြေးနေချင်သည်ကို သိလိုက်ရသည်။ "သမီးအမေက စိုးရိမ်လို့ပြောတာပါ သမီးရဲ့ ...သမီးကနားလည်ပေးရမှာပေါ့ "

ယောကျာ်းနှင့်သမီးဖြစ်သူသာ ရှိသည်လေ။မပိုးဖြူ အိမ်ထောင်ပြုလိုက်ပြီး ကတည်းကပင် ဦးလေးဖြစ်သူ၏ အိမ်သို့လည်း အလည်သွားခွင့်မရ ခဲ့။ဦးလေးမိသားစုသည်ပင်လျှင် မပိုးဖြူအား ဘဝမေ့သူ၊ကျေးဇူးကန်းသူအဖြစ် သက်မှတ်မုန်းတီးနေကြပြီဖြစ်သည်လေ။ ~~~~~~ "ဟယ်လို .. မျိုးလား ...အစ်ကိုပါ ... မျိုး အစ်ကို့ကိုစိတ်ဆိုးသွားလားဟင် ... အစ်ကို တောင်ပန်းပါတယ်ကွာ ..." ကိုဇင်မောင်သည် ဖုန်းကိုနားတွင်ကပ်လျက် တိုးလျလျမေးလိုက်သည်။ထိုအခါမျိုးမမထံမှ ချက်ချင်းပြန်ဖြေသံမကြားရဘဲ အသက်ရှူသံ ခပ်တိုးတိုးလေးကိုသာ ခပ်သဲ့သဲ့ကြားနေရလေသည်။အတန်ကြာသောအခါမှ မျိုးမမ ထဲမှ စကားသံခပ်တိုးတိုးလေး ထွက်လာလေသည်။ "မျိုး စိတ်မဆိုးပါဘူးအစ်ကိုရယ် .. ဒါပေမဲ့ မျိုးတို့ရှေ့ဆက်လို့ မဖြစ်ဘူးလေ " မျိုးမမ၏အသံတိုးလျလျလေးကို ကိုဇင်မောင်ကြားလိုက်ရလျှင် " မျိုးကို အစ်ကိုပြောစရာရှိတယ်...နောက်ရက်အစ်ကိုတို့ တွေ့ရအောင်နော် " "ဟုတ်.... ဟုတ်ကဲ့ပါအစ်ကို .. " " မျိုးကို အရမ်းသတိရတာပဲကွာ " ကိုဇင်မောင်ကတိုးဖွဖွ ပြောလိုက်သောအခါ မျိုးမမထံမှ ခေတ္တအသံတိတ်သွားသည်။အတန်ကြာသောအခါမှ မျိုးမမ၏ချိုအီအီအသံလေးက ကိုဇင်မောင့် နားထဲသို့ဝင်ရောက်လာလေသည်။ " မျိုးလဲ အတူတူပါပဲ အစ်ကို " မျိုးမမ၏ အဖြေစကားကြောင့် ကိုဇင်မောင့်၏ရင်ထဲတွင် အကျေနပ်ကြီးကျေနပ်သွားရလေသည်။ ~~~~~ '' မျိုးကိုမေးစရာရှိတယ်....တို့ကို ညာမပြောရဘူးနော် " ရတနာစိုးက မျိုးမမကို ကြည့်၍ပြောလိုက်သည်။ " မျိုးက ဘယ်သူ့ကိုညာပြောပြော မင်းရတနာ့ကိုတော့ မညာပါဘူးနော်....ဘာမေးချင်တာလဲ ...မဟုတ်မှ ကိုဇင်မောင် အကြောင်းလား '' "ဟယ် ...မျိုးကလျင်သားပဲ ... ဟုတ်တယ် ... မျိုးအပေါ် ထားတဲ့ ကိုဇင်မောင်ရဲ့စိတ်က မရိုးဘူးလို့ ရတနာထင်တယ် ...မျိုးတို့အခြေအနေက ဘယ်လိုလဲ " ရတနာစိုး၏စကားကြောင့် မျိုးမမသည် ကျေကျေနပ်နပ်ပြုံးလိုက်ပြီးလျှင် "ဟုတ်တယ် ရတနာ ..သူက တို့အပေါ် မရိုးသားဘူး ..အလိုက်သိတာလဲအရမ်းပဲ .. မျိုးရဲ့ ပါးစပ်ကတစ်ခုခုပြောလိုက်တာနဲ့ ..သူက ဖြည့်စွမ်းပေးဖို့အဆင်သင့်ပဲသိလား ရတနာ ...မှန်တာပြောရရင် မျိုးကလေ မိုးထက်ဆိုတဲ့လူကိုစိတ်ဝင်စားတာ ...သူက မျိုးကိုမတူသလိုမတန်သလို ဆက်ဆံလို့ ကိုဇင်မောင်ကို ရောလိုက်မိတာ ...အခုတော့ သူ့ရဲ့အလိုက်သိမှုတွေမှာမျိုးသာယာမိတာတော့ အမှန်ပဲရတနာ ...ဒါပေမဲ့ ရှေ့ဆက်ဖို့ဘာညာတော့ မတွေးရ သေးဘူး ..." '' အင်း မျိုးကလှတော့ ကိုဇင်မောင်ကြီး ကြွေသွားတာဖြစ်မယ် ... သူ့အိမ်သူက အိမ်တွင်းပုန်းရိုးရိုးကြီးလေ ...ကိုဇင်မောင် ဆယ်ကျော်သက်အရွယ်တုန်းက ရူးရူးမိုက်မိုက်တွေ့ခဲ့ကြတာပေါ့ .... ပြောရရင် ကိုဇင်မောင်ကလဲအိမ်ထောင်ရှိတာကလွဲရင် လူပျိုတွေထက် မသာတာဘာမှမရှိဘူးလေ ... သူ့အစ်မနှစ်ယောက်နဲ့သူ့မိဘတွေကလဲ ရတနာဆိုင်တွေ ပိုင်ကြတယ်မျိုးရဲ့ ..အဲ့ဒါကြောင့် တို့နဲ့ သိတာပေါ့ ....ကိုဇင်မောင်ရဲ့မိဘတွေက ..ကိုဇင်မောင့်ကို သူတို့နဲ့မျိုးရိုးအဆင့်အတန်းတူတဲ့ မိန်းခလေးတစ်ယောက်နဲ့ လက်ထပ်စေချင်နေတာလေ " ရတနာစိုး၏ စကားကြောင့် မျိုးမမမျက်လုံးလေးပြူးသွားရပြီး "ဟင် ... ဟုတ်လား ... သူ့တို့သားက အိမ်ထောင်ရှိနေတာကိုလေ " "ဟုတ်တယ် မျိုးရဲ့ ..ကိုဇင်မောင့် ဇနီးက တအားဆင်းရဲတယ်လေ ..မိဘတွေလဲမရှိဘူး.. ပညာရေးကလဲ အလယ်တန်းအဆင့်တဲ့ကွ ...ကိုဇင်မောင်နဲ့ ဆယ်ကျော်သက်အရွယ်မှာ တွေ့ပြီးခိုးရာလိုက်ပြေးခဲ့ကြတာလေ.. အဲ့ဒီတုန်းက ကိုဇင်မောင်လဲ ကလေးသာသာစိတ်ပဲရှိသေးတာကို ...အခုတော့ သူ့အိမ်ထောင်ရေးက အဆင်ပြေပုံမရဘူးကွ ... ဒါပေမဲ့ ကိုဇင်မောင်ကမကွာရှင်းဘဲ သစ္စာရှိရှိပေါင်းနေတာတော့ ချီးကျူးစရာပဲကွာ " " ဒါ ..ဒါနဲ့ ..သူ့ဇနီးက လှလားဟင် ရတနာ" " အင်း ရုပ်ရည်ကတော့မဆိုးပါဘူး ...ဒါပေမဲ့ ပွဲမှမတိုးတာ...ကောင်းကောင်းနေကောင်းကောင်းစားနေရရင် ကျေနပ်နေတဲ့ လူစားမျိုးလေ ....ဘာပဲဖြစ်ဖြစ် ကိုဇင်မောင်က သူ့နောက်ကြောင်းတွေကိုရှင်းပစ်ပြီး... မျိုးဆီကိုလာခဲ့မယ်ဆိုရင် ..တို့တော့သဘောတူတယ်မျိုးရေ .... ကိုဇင်မောင်နဲ့သာဆိုရင် မျိုးရဲ့နောင်ရေးစိတ်အေးရပြီကွ သိလား " ရတနာစိုး၏ စကားများကြောင့်မျိုးမမ၏ရင်ထဲတွင် ကျေနပ်သလိုလိုဖြစ်သွားလေသည်။မျိုးမမအနေနှင့် ကိုဇင်မောင်ကို ချစ်သည်မချစ်သည် မသေချာသော်လည်း ကိုဇင်မောင်၏ ကြင်နာယုယမှုများကို သာယာပျော်ရွှင်နေမိသည်မှာတော့ အမှန်ပါပင်။ ~~~~~~~ " အစ်ကို ဒီစကားကိုပြောရတာက ....မျိုးကိုတန်ဖိုးထားလို့ဆိုတာကို အရင်ပြောချင်တယ် " မျိုးမမသည် ကိုဇင်မောင်၏ စကားများကို ခေါင်းကိုငုံ့ထားလျက် နားထောင်နေလေသည်။ဖွင့်ကာစဆိုင်ဖြစ်သောကြောင့် ဝယ်သူပါးသော ဆိုင်၏အနေအထားသည် ကိုဇင်မောင်ကိုအားပေးထောက်ပံ့၍နေလေသည်။ "သိပ်မကြာခင်မှာ မန်းအစ်ကို့အိမ်ထောင်ဖက်နဲ့ ကွာရှင်းတော့မယ် " "ရှင် ... မျိုး...မျိုးကြောင့်လားဟင် " မျိုးမမသည် အံ့ဩဟန်ပြုလျက် ပြောလိုက်သည်။

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထုရှည် ) အပိုင်း (၄ ) ********^ ကိုဇင်မောင်တို့ ဘုရားရင်ပြင်ပေါ်မှ ဆင်းလာကြသောအခါတွင်ည(၇)နာရီကျော်နေပြီဖြစ်လေသည်။လူကွဲသွားမည်စိုး၍ ဘုရားရင်ပြင်ပေါ်မှစ၍ မျိုးမမ၏လက်ကလေးကို ကိုဇင်မောင်ကိုင်ဆွဲထားခဲ့လေရာ ဘုရားခြေရင်းရှိ ကားရပ်ထားသည့်နေရာသို့ ရောက်သည့်တိုင် မလွှတ်ပေးမိဘဲရှိလေသည်။မျိုးမမသည်လည်း မရုန်းဘဲလိုက်ပါလာခဲ့လေ သည်။ကိုဇင်မောင်သည် မျိုးမမ၏ နုညံ့အိထွေးသောလက်ကလေးကိုဆုပ်ကိုင်ထားရင်းမှ ရင်ထဲတွင် ချစ်ကြင်နာလိုစိတ်များရုန်းကြွ၍နေလေသည်။လမ်းအတူလျှောက်လာကြရင်းမှ မျိုးမမကိုစောင်းငဲ့၍ကြည့်မိသည့်အခါတွင် ည၏ဝါနောက်နောက်လမ်းမီးရောင်များ၏အောက်တွင် မျိုးမမ၏စွဲမက်ဖွယ်ကောင်း‌လှသောအလှအပများကကိုဇင်မောင်အားညှို့ယူနေသကဲ့သို့ရှိလေသည်။ကားဆီသို့ရောက်သောအခါတွင် ကားတံခါးကိုဖွင့်လိုက်ပြီးမျိုးမမ၏ကိုယ်လုံးလေးကိုကားထဲသို့အသာအယာပင်ဖေးမကာ၀င်လိုက်စေသည်။ ~~~~~ ကိုဇင်မောင်နှင့်မျိုးမမတို့စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာ၀င်စားခဲ့ပြီးနောက် မျိုးမမအိမ်ရှိရာ ရန်ကင်းသို့ပြန်ခဲ့ကြလေသည်။အပြန်လမ်းတစ်လျှောက်တွင် မျိူးမမသည်ကားပြတင်းမှအပြင်သို့ငေးလျက်လိုက်ပါလာခဲ့သည်။ကိုဇင်မောင်မှာမူ မျိုးမမနှင့်လမ်းခွဲပြီးအိမ်ပြန်ရမည်ကိုတွေး၍စိတ်မပျေည်နိုင်ဘဲဖြစ်နေမိလေသည်။ထို့သို့ကိုဇင်မောင်စိုးရိမ်နေသည့်ကြားမှပင် ကားလေးသည် မျိုးမမတို့ခြံရှေ့သို့ရောက်လာခဲ့လေသည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ....အစ်ကိုလည်း မျိုးကြောင့် ဒုက္ခတွေ များလှပါပြီ " မျိုးမမသည် ကနွဲ့ကလျ အမူအရာဖြင့် ကိုဇင်မောင်ဘက်သို့လှည့်လိုက်ပြီးလျှင် ချိုမြသောအသံလေးဖြင့် ပြောလိုက်သည်။ ထိုအခိုက်မှာပင် ကိုဇင်မောင်သည် ကားထဲရှိမီးအလင်းရောင်၏အောက်တွင် အလှကြီးလှနေသော မျိုးမမ၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆွဲယူလျက် တစ်ရှိုက်မက်မက် နမ်းလိုက်လေသည်။မျိုးမမသည်လည်းငြင်းဆန်ခြင်းမပြုဘဲ တစ်ခဏကြာမျှ ငြိမ်သက်နေပြီးနောက် အတန်ကြာသောအခါတွင် ကိုဇင်မောင်၏လက်တွင်းမှခပ်သာသာရုန်းထွက်လိုက်သည်။ပြီးလျှင်တိုးလျလျအသံလေးဖြင့်မပွင့်တပွင့်ပြောလိုက်လေသည်။ "တော် ..တော်ပါတော့ အစ်ကို ...မျိုးက မိကောင်းဖခင်သားသမီးပါ ... အစ်ကိုသာ လူလွတ်တစ်ယောက်ဆိုရင် .. မျိုး ..မျိုးလေမငြင်းပါဘူး ....မျိုး ..မျိုးသွားတော့မယ် အစ်ကို " ပြောပြီးသည်နှင့် ရှက်ဝဲဝဲ မျက်နှာလေးဖြင့် အပြေးဆင်းသွားသော မျိုးမမ၏နောက်ကျောပြင်ကို ကိုဇင်မောင်သည် ငိုင်တိုင်တိုင်ဖြင့်ကြည့်နေရင်းမှ မျိုးမမပြောသွားသောစကားများသည် ကိုဇင်မောင်၏နားထဲတွင် ပဲ့တင် ထပ်၍နေလေသည်။ ~~~~~~ " ပွမ် ......ပွမ် ..." "ပွမ် ... ပွမ် " ခြံရှေ့ဆီမှ ကားဟွန်းတီးသံကြောင့် မပိုးဖြူသည်တီဗီရှေ့တွင် ငူငူငေါင်ငေါင်နှင့်ထိုင်နေရာမှနေ ခြံရှေ့သို့အပြေးလေးထွက်ခဲ့လိုက်သည်။ "မင်းကွာ ..ကြာလိုက်တာ ဘာတွေ လုပ်နေတာလဲ ....ဘာလဲ တီဗီကြည့်နေလို့လား ... အိမ်ရှေ့ကိုလဲ နားလေးဘာလေးစွင့်ထားပေါ့ကွာ " ကိုဇင်မောင်ကစိတ်တိုစိတ်မရှည်သောအသံဖြင့်ပြောလိုက်သော်လည်းမပိုးဖြူကမူ စိတ်တိုစိတ်ဆိုးဖို့သတိမရပါချေ။သုဿန်တစပြင်ကဲ့သို့တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးထဲတွင် သူမတယောက်တည်း အထီးကျန်နေရာမှ ယောကျာ်းဖြစ်သူပြန်ရောက်လာသောကြောင့် ဝမ်းသာပျော်ရွှင်သွားရလေသည်။ ~~~~~~~ "ထမင်းစားတော့မလား မောင် " " မစားတော့ဘူး စားခဲ့ပြီးပြီ ..." မပိုးဖြူမေးသည်ကို ကိုဇင်မောင်က အသံပြတ်ဖြင့်ပြန်ဖြေလိုက်သည်။ "ဒါဆိုရင် ဖြူထမင်းသွားစားလိုက်အုံးမယ် ...မောင့်ကို ဘာလုပ်ပေးရအုံးမလဲ " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်သည် မပိုးဖြူကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးလျှင် "ထမင်းကစားနှင့်ပါလား...အပြင်သွားတဲ့သူကို စိတ်မဖြောင့်အောင် အမြဲလုပ်တယ် ...နောက်ဆိုစားနှင့် ဝမ်းချင်းဆုံတာမှမဟုတ်တာ ... ငါ့မှာ အလုပ်ကိစ္စတွေကြောင့် ဧည့်သည်နဲ့အပြင်မှာစားသင့်ရင်လဲစားရမယ်...ပြီးတော့ ဒီညစာရင်းတွေလုပ်စရာရှိလို့ ဉာဉ့်နက်မှအိပ်မှာ ... ငါ့ကို လာမခေါ်နဲ့ အရင်အိပ်နှင့် ကြားလား " "ဟုတ်ကဲ့ပါမောင် ... ကော်ဖီဖျော်လာခဲ့ပေးရမလား " " အင်း ....အင်း " ~~~~~~ တိတ်ဆိတ်ခြောက်ကပ်နေသောထမင်းစားခန်းထဲတွင် မပိုးဖြူတစ်ယောက်တည်း ထမင်းစားနေရသည်။သမီးဖြစ်သူနှင့်ယောကျာ်ဖြစ်သူအတွက် ချက်ထားသော သူတို့ ကြိုက်နှစ်သက်သည့် ဟင်းလျာများကမပိုးဖြူကို လောင်ပြောင်နေသကဲ့သို့ပင် မပိုးဖြူ ခံစားနေရလေသည်။ပိတ်ရက်တွင်ပင် လက်ဆုံစားရွင့်မရှိသော ထမင်းဝိုင်းလေးအတွက် မပိုးဖြူစိတ်မကောင်းဖြစ်ရသည်။သမီးဖြစ်သူ၏အနားသို့လည်း ကပ်ခွင့်မရ၊ ယောကျာ်းဖြစ်သူ၏ အနားသို့လည်းကပ်ခွင့်မရသော မပိုးဖြူ အဖြစ်က အလုပ်လုပ်ရင်းဖြစ်စေ၊ မိသားစုကို စောင့်စားရင်းဖြစ်စေ တီဗီလေးဖွင့်သည်ကိုပင် ယောကျာ်းကမကြိုက်သည့် သဘောမျိုးတစ်ခါတစ်ရံ အပြစ်ပြောချင်သည်ကိုလည်း မပိုးဖြူသိပါလေသည်။မပိုးဖြူ၏ ရင်၌ဖြစ်သော အထီးကျန်ဝေဒနာကို မည့်သူအားမပိုးဖြူရင်ဖွင့်ရပါမည်နည်း။ မပိုးဖြူဘ၀တွင်တွယ်တာစရာဆို၍

~~~~~~ မျက်နှာပေါ်တွင် မိတ်ကပ်ခပ်ပါးပါးလိမ်းပြီး ဆံပင်ကိုကျစ်ဆံမြီးကျစ်ဆံမြီးကျစ်လိုက်သည်။ပြီးနောက် နှုတ်ခမ်းနီ ခပ်ပါးပါးလေးဆိုးလိုက်သည်။သည်မျှဆိုရင် ပပိုးဖြူ အလှပြင်ခြင်းပြီးဆုံးပြီဖြစ်သည်။ဗီရိုကိုဖွင့်ကာ သူမကြိုက်နှစ်သက်သော ပန်းဆီရောင်ဖျော့ဖျော့ မြန်မာဝတ်စုံလေးကို ထုတ်ဝတ်လိုက်သည်။အားလုံး ပြီးသွားသောအခါ စလင်းဘက်အိလေးထဲသို့ လိုအပ်သည်များထည့်ပြီး အဆင်သင့်ပြင်ထားလိုက်သည်။ပြီးနောက် ထုံးစံအတိုင်း အောက်ထပ်ဧည့်ခန်းဆီသို့ ဆင်းခဲ့ပြီး တီဗီဖွင့်ကာ ငုတ်တုတ်ထိုင်နေလိုက်သည်။တီဗီက အသံများ ကြားနေရသော်လည်း ဘာအစီအစဉ်လာနေသည်ကို မပိုးဖြူစိတ်မဝင်စားမိပါ။အိမ်ခြံ၀ဆီမှ ထွက်ပေါ်လာမည့် ကားဟွန်းတီးသံကိုသာ နားစွင့်နေမိလေသည်။ အတန်ကြာသောအခါ ထိုင်နေရသည်ကိုပင် မပိုးဖြူ ညောင်းညာလာသည်။ အချိန်က မနည်းတော့ ညနေ (၆) နာရီထိုးနေချေပြီ ။မပိုးဖြူ ဖုန်းကို ကောက်ယူပြီး ဖုန်းခေါ်လိုက်သည်။ဖုန်းက တစ်ခါခေါ်ရုံနှင့်မကိုင်သဖြင့် နောက်တစ်ကြိမ်ထပ်ခေါ်ရသည်။နှစ်ကြိမ်မြောက်အထိ ဖုန်းမကိုင်သောအခါ စိတ်ထဲပူပန်လာသည်။ကားနှင့် သွားသောလမ်းခရီးဖြစ်၍ စိတ်ထဲပို၍ပူပင်လာရသည်။သုံးကြိမ်မြောက်ခေါ်လိုက်သောအခါ တစ်ဖက်မှဖုန်းကိုင်လိုက်သောကြောင့် မပိုးဖြူရင်ထဲ လှိုက်ခနဲနေအောင်ဝမ်းသာပျော်ရွှင်သွားရလေသည်။ "ဟယ်လို ...မောင် ... ဘယ်ရောက်နေတာလဲ ...မောင် ဖုန်းမကိုင်လို့ ဖြူမှာစိတ်ပူနေတာ " " ဪ ...အေး....ကိုယ်ဒီမှာ မိတ်ဆွေတစ်ယောက်ရဲ့ ဧည့်ခံပွဲကို ရောက်နေလို့ကွာ ..ဒီညနည်းနည်းနောက်ကျမယ် ...ဘုရားကို နောက်ပိတ်ရက်မှလိုက်ပို့မယ် ....ဒါပဲနော် ..ဖုန်းချလိုက်တော့မယ် " မပိုးဖြူ ဖုန်းလေးကိုကိုင်ရင်း ဆိုဖာခုံပေါ်တွင် အားလျော့စွာ ထိုင်ချလိုက်လေသည်။ ~~~~~ "အစ်ကို့အိမ်ကဖုန်းဆက်တာလားဟင် " "ဟင် ..မ...မဟုတ်ပါဘူးမျိုးရယ် ...လာပါ ..ဘုရားသွားကန်တော့ကြမယ် " ပန်းစည်းများကို ကိုင်လျက် အနားသို့ရောက်လာသော မျိုးမမ၏လက်ကလေးအား ကိုဇင်မောင် အမှတ်တမဲ့ဆွဲခေါ်လိုက်ပြီး လူအများကြားမှ လျှောက်လှမ်းလာခဲ့လေသည်။မျိုးမမသည်လည်းငြင်းဆန်ခြင်းမပြုဘဲလိုက်ပါခဲ့လေသည်။ဘုရားဝတ်ပြုကြသောအခါတွင်လည်း နှစ်ယောက်သားမှာ နီးကပ်စွာထိုင်လျက် ဝတ်ပြုကြလေသည်။ ~~~~~ "ဟယ်လို ...အမေလား ...အဖေပြန်မရောက်သေးဘူးလား ...အိ ဒီည အဘွားတို့အိမ်မှာ အိပ်မလို့ အဲ့ဒါလှမ်းပြောတာ " " ဟို ...ဘာ...ဘာလို့ အိပ်မှာလဲ သမီးရဲ့ ... အမေလာကြိုရမလား " မပိုးဖြူခပ်မြန်မြန်လေး ပြောလိုက်သည်။ " ဟင့်အင်း လာမကြိုနဲ့ အမေ ..ဒီမှာကြီးကြီးတို့လဲရှိလို့.. ဒါပဲနော် အမေ ...အဘွားခေါ်နေပြီ " တစ်ဖက်မှ ဖုန်းချသွားလေပြီ ။ မပိုးဖြူလက်ထဲမှဖုန်းကို ချလိုက်သည်။ ပြီးတော့ အပေါ်ထပ်ဆီသို့ တက်လာခဲ့သည်။တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးထဲတွင်တီဗီမှထွက်ပေါ်နေသောအသံများ သည်သာ မပိုးဖြူကိုအဖော်ပြုနေသကဲ့သို့ရှိလေသည်။ အပေါ်ထပ်အခန်းထဲသို့ ရောက်သောအခါ ဝတ်ထားသော ဝတ်စုံကို ချွတ်လဲလိုက်သည်။လူက ဝတ်စုံကိုလဲနေသော်လည်း စိတ်သည် အဝေးသို့ ပျံ့လွင့်လျက်ရှိပြီး လူမှာထုံထုံထိုင်းထိုင်းကြီးဖြစ်၍နေလေသည်။လည်ချောင်းတစ်လျှောက်တွင်လည်း မီးစနှင့် အထိုးခံထားရသလို့ ပူလောင်စူးရှ၍ နေလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း ( ၄ ) ဆက်ရန် #ဧကြည်ဖြူ

မျိုးမမကပြောရင်း ကိုဇင်မောင်ကို ခရီးဦးကြိုပြုလိုက်သည်။ယနေ့က မျိုးမမ၏ဆိုင်တွင် အန္တရာယ်ကင်းဘုန်းကြီး ဆွမ်းကပ်ခြင်းဖြစ်သည်။အလှူအတွက် ဒန်ပေါက်အော်ဒါမှထားသောကြောင့် ကရိကထတော့မများပါ။ဖိတ်ထားသော ဧည့်သည်ကလည်း ဆိုင်နီးနားချင်းများနှင့် ရင်းနှီးခင်မင်သော မိတ်ဆွေအချို့သာ။ ထိုရင်းနှီးခင်မင်သော မိတ်ဆွေများထဲတွင် ကိုဇင်မောင်နှင့်အတူ ရတနာစိုးအပါအဝင် ကို ရန်ပိုင်နှင့် ကိုမိုးထက်တို့ကိုလည်း ဖိတ်၍ထားလေသည်။ထိုသူများ ထဲမှ ကိုဇင်မောင်သည် အစောဆုံး ရောက်ရှိလာခြင်းဖြစ်ပါလေသည်။ ~~~~.~ "ရတနာရယ်နောက်ကျလိုက်တာ .." "ဆောရီးပါမျိုးရယ်...အိမ်ကလူကြီးပေါ့ ..ပိတ်ရက်လေးမှာ ရတနာနဲ့အတူ ကော်ဖီသောက်ချင်တယ်ဆိုလို့မ်ား လာခါနီးမှ ကော်ဖီအတူထိုင်သောက်ပေးနေရသေးတယ်လေ" ရတနာစိုးကပြောရင်း အထဲသို့ဝေ့ဝဲကြည့်လိုက်သည်။ထိုအခါ ကိုဇင်မောင်ကို တွေ့လိုက်ရသဖြင့် ရတနာစိုးသည် ကိုဇင်မောင်ကို မျက်လုံးဝင့်ကာကြည့်လိုက်သည် ။ ထို့နောက် မျိုးမမ၏ မျက်နှာကို အကဲခတ်လိုက်သည်။ ရတနာစိုးရောက်ပြီး မကြာမီ မှာပင် ကိုရန်ပိုင်လည်းရောက်လာသည်။နေလည်းအတော်မြင့်နေပြီဖြစ်သည်။နေမြင့်လာသည်နှင့်အမျှ မျိုးမမမှာ လမ်းမသို့ မကြာခဏမျှော်ကြည့်နေမိလေသည်။ထိုသို့ မျှော်ကြည့်နေရခြင်း မှာ မျိုးမမမျှော်နေသောဧည့်သည်မရောက်သေးသောကြောင့်ဖြစ်သည်လေ။ ထိုသို့ မျိုးမမမျှော်နေစဉ်မှာပင် ဧည့်သည်တစ်ယောက်ရောက်လာခဲ့လေသည်။ " မမျိုးမမနိုင်ရှိလားခင်ဗျာ " "ဟုတ်ကဲ့ ကျွန်မပါရှင် .." " ဟုတ်ကဲ့ ခင်ဗျာ ...မမျိုးမမနိုင် အတွက်... ကိုမိုးထက်က လက်ဆောင်ပို့ခိုင်းလိုက်လို့ပါခင်ဗျာ ..လက်ခံပေးပါအုံး " မျှော်နေသည်က လူကို ရောက်လာသည်မှာအလှပြပန်းအိုးကြီးတစ်လုံးသာဖြစ်သည်။ပုံစံအသွင်အပြင်ကိုကြည့်ရုံနှင့် အလှပန်းအိုးကြီး၏တန်းဖိုးမှာ မနည်းလှမှန်းသိသာသော်လည်း မျိုးမမစိတ်ထဲ မျက်ခနဲဖြစ်သွားရသည်။စိတ်ရှိလက်ရှိသာဆိုလျှင် ထိုပန်းအိုးကြီးကိုပင် တစ်စစီရိုက်ခွဲပစ်လိုက်ချင်တော့သည်။ ~~~~~ "အစ်ကိုပြန်တော့မယ်နော် မျိုးမမ " "ဟုတ်ကဲ့ ... လာပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရန်ပိုင် " " မျိုးရေ ...ရတနာလည်း ပြန်တော့မယ်နော် " ကိုရန်ပိုင်ပြန်ရန်ပြင်နေစဉ်မှာပင် ရတနာစိုးကလည်း ပြန်ရန်အတွက် မျိုးမမကိုနှုတ်ဆက်လိုက်သည်။ရတနာစိုးသည် မျိုးမမကို နှုတ်ဆက်နေရင်းမှ ကိုဇင် မောင်ကို လှမ်း၍အကဲခတ်သည်။ ကိုဇင်မောင်သည် မျိုးမမ၏မိခင်နှင့် စကားဖောင်ဖွဲ့နေပြီး ပြန်ရန် အရိပ်လက္ခဏာမမြင်ရသောကြောင့် ရတနာစိုးသည် တစ်ယောက်တည်း မသိမသာ ကြိတ်၍ပြုံးလိုက်လေသည်။ ~~~~~~ "အစ်ကို့ကိုလဲ အားနာလှပါပြီ..." "ပြောပြန်ပြီ ._မျိုးရယ် .. " ကိုဇင်မောင်သည် သိမ်းစရာရှိသည်များကို ကူသိမ်းပေးပြီး ပစွည်းများကိုနေရာပြန်ချနေရင်းမှ ပြန်ပြောလိုက်ပြီး မျိုးမမကိုခိုးကြည့်နေမိသည်။ယနေ့တွင် မျိုးမမသိပ်လှနေခဲ့သည်။ရင်ညွှန့်ထက်တွင် ဇာကွပ်ထားသောမြန်မာဝတ်စုံလေးဖြင့် မျိုးမမ၏ပုံစံလေးမှာ ထင်း၍နေသည်။ချပ်ချပ်ရပ်ရပ်ရှိသော ဝတ်စုံ၏အောက်မှ ရှိုက်ဖို့ကြီးငယ်အသွယ်သွယ်သည်လည်း မြင်သူအကြည့်မလွှဲချင်လောက်အောင်ပင် ဆွဲဆောင်နိုင်လွန်းသည်ဟု ကိုဇင်မောင်ထင်နေမိလေသည်။တစ်ဆက်တည်းမှာပင် ကိုဇင်မောင်သည် မျိုးမမအပေါ် ထားရှိသော သူ၏စိတ်သည်အခြားအပျော်မိန်းခလေးများအပေါ်တွင်ထားရှိသောစိတ်နှင့်မတူသည်ကို သိရှိလာလေသည်။ " ဆိုင်က မနက်ဖြန်စဖွင့်တော့မှာပေါ့ ဟုတ်လား မျိုး ....ဆိုင်ဖွင့်ရင် တော့ အားမှာမဟုတ်တော့ဘူးနော် ...ဒီညနေ ဘယ်သွားချင်သေးလဲ " " အစ်ကိုပြောမှ သတိရတယ် ... ဒီညနေ ဘုရားသွားဖူးမလို့လေ ...ယတြာလဲချေစရာရှိလို့ ... ဘုရားပေါ်မတက်ခင် ကန်တော်ကြီးထဲ ခဏဝင်ဖို့လည်း တွေးထားတယ် " မျိုးမမ၏စကားကြောင့် ကိုဇင်မောင်သည် မျိုးမမကို ကြည့်လိုက်ပြီး "တစ်ယောက်တည်းလား ...အဖော်ပါလားမျိုး ...အဖော်မပါရင် အစ်ကိုလိုက်ပို့ပေးပါ့မယ် " ကိုဇင်မောင်၏ စကားကြောင့် မျိုးမမ၏မျက်နာလေးမှာ မသိမသာလေးပြုံးယောင်သန်းသွားရပြီး "ရလို့လား အစ်ကို ...တော်ကြာ ပိတ်ရက်မှာ တစ်နေကုန်အပြင်ထွက်နေလို့ အစ်ကို့အမျိုးသမီးဆူနေပါအုံးမယ် " မျိုးမမ၏ စကားကြောင့် ကိုဇင်မောင်သည် ဇနီးသည်ကို ပြောခဲ့သော စကားကို ဖျတ်ခနဲ အမှတ်ရလိုက်သော်လည်း ဦးခေါင်းကို ဆတ်ခနဲ ခါလိုက်ပြီး "ကိုယ့်အိမ်ရှင်မက တီဗီကြည့်နေတာနဲ့ပဲ အချိန်ကုန်နေတာ... ကိုယ့်ကိုသတိမရပါဘူးကွာ..." ~~~~~~~ ပန်းခြံထဲတွင် ကိုဇင်မောင်တို့နှစ်ယောက်သားလမ်းလျှောက်ကြရင်း ပခုံးချင်းထိခတ်မိကြသည်။လက်ချင်းပွတ်တိုက်မိကြသည်။အပြုံးချင်းဖလှယ်မိကြသည်။နှစ်ယောက်သား အသားချင်းထိခတ်မိသည့်အခါကိုဇင်မောင်၏ ရင်ထဲတွင် တသိမ့်သိမ့်လှိုက်ဖို့ ခုန်လှုပ်နေလေသည်။အချိန်ကာလကြာရှည်စွာ ငြိမ်သက်နေခဲ့သော ရင်ခုန်သံများသည် ယခုအခါ၌ဆူပွက် လှုပ်ရှားခုန်လှုပ်နေခဲ့လေသည်။

တီဗီကိုခဏတစ်ဖြုတ်ဖွင့်ကြည့်သည်။မီးပူထိုးလို့ ပြီးသွားလျှင် အချိန်ကမနည်းတော့။ညစာချက်ပြုတ်ဖို့ အချိန်ရောက်နေပြီဖြစ်သည်။ညနေစာ ချက်ပြုတ်ပြီးလျှင် ဘုရားပန်းအိုးအပါအ၀င် တစ်တိုက်လုံးက အလှပန်းအိုးများကို အလှဆင်ရသည်။အားလုံးပြီးလျှင် ယောကျာ်းဖြစ်သူပြန်မလာခင်ဘုရားရှိခိုးရသည် ။ အားလုံးပြီးသွားလျှင်တော့ တီဗီရှေ့တွင်ထိုင်ရင်း ယောကျာ်းပြန်အလာကိုမျှော်ရသည်။ဒါက မပိုးဖြူ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ဖြစ်သည်။မပိုးဖြူအတွက်ကတော့ မပင်းပန်းလှပါ ။ပြုံးပျော်နေတတ်သော သမီး၏မျက်နှာလေးနှင့်ယောကျာ်းဖြစ်သူ၏ မျက်နှာကို မြင်ရလျှင်ပင် ကျေနပ်ဝမ်းမြောက်ပြီဖြစ်သည်။ ယနေ့တော့ ရုံးပိတ်ရက် အလုပ်ပိတ်သောရက်ဖြစ်၍ မပိုးဖြူပျော်နေမိသည်။နံနက်စာ အတွက် ကြက်သားများများနှင့်နန်းကြီးသုပ်ကျွေးရန် ပြင်ဆင်ချက်ပြုတ်လိုက်သည်။နန်းကြီးသုပ်နှင့် ဟင်းခါးပူပူလေးဖြစ်သည်။အချိုပွဲကတော့ ထုံးစံ အတိုင်း ကော်ဖီနှင့်ပေါင်မုန့်ကိတ်မုန့် ဖြစ်သည်။အဆာပြေစာစားပြီးလျှင် ရွှေတိဂုံဘုရားသို့လိုက်ပို့ရန် ယောကျာ်းဖြစ်သူကို ပြောမည်။ မိသားစုသုံးယောက်အတူဘုရားမသွားဖြစ်တာ ကြာခဲ့ပြီမဟုတ်လား။ ~~~~ အားလုံးချက်ပြုတ်ပြင်ဆင်ပြီးသောအခါ မပိုးဖြူအပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ အိပ်ခန်းတံခါးကို မပိုးဖြူ ဖွင့်လိုက်သောအခါ ရေမိုးချိုးပြီး ပြင်ဆင်ထားသောယောကျာ်းဖြစ်သူကို တွေ့လိုက်ရသောကြောင့် စိတ်ထဲတော့ ထိတ်ခနဲ ဖြစ်သွားမိသည်။ "မောင် ဘယ်သွားမလို့လဲဟင် ... ဖြူက.. ဒီနေ့မောင့်ကို ရွှေတိဂုံဘုရားကိုလိုက်ပို့ခိုင်းမလို့ စိတ်ကူးနေတာ " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်မျက်နှာမပျက်အောင် သတိထားလိုက်ပြီး "ဆိုင်သစ်ဖွင့်ပွဲတစ်ခု မသွားမဖြစ်သွားရမှာရှိတယ် ဖြူရဲ့ ..ညတုန်းက မောင်ပြောဖို့မေ့သွားလို့ ကွာ ..ဒီလိုလုပ်ပါလား ..ညနေစောင်းမှ သွားဖူးကြမယ်လေ နော် ... ဒီနေ့က နောက်ကျနိုင်တယ် " " အင်းပါမောင် ... ဒါနဲ့ ကတ္တီပါဖိနပ်စီးမှာမဟုတ်လား ဖြူသွားထုတ်ထားလိုက်မယ် ...အနက်လား...နီညိုလားမောင် " ယောပုဆိုးအနက်နှင့် မိုးပြာရောင်ဖျော့ဖျော့ ရှပ်လက်ရှည်ကိုတွဲဝတ်ထားသော ယောကျာ်းဖြစ်သူကို မပိုးဖြူခေတ္တမျှငေးစိုက်ကြည့်ပြီး မေးလိုက်သည်။ " အင်း ...အနက်ပဲထုတ်ထားလိုက်ပါကွာ " ယောကျာ်းဖြစ်သူထံမှ အဖြေကို ကြားရပြီးသည်နှင့် မပိုးဖြူအောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ထိုသို့ ဆင်းလာရင်း မပိုးဖြူစိတ်ထဲတွင် ဘာရယ်မဟုတ်တင်းကြပ်၍နေသည်။ချောမောခန့်ညားလွန်းနေသော ယောကျာ်းဖြစ်သူကိုကြည့်ပြီး စိတ်ထဲတွင်လေးလံ သလို ခံစားနေရလေသည်။ ~~~~~~~ "သမီး နိုးပြီးလား ....အမေ နန်းကြီးသုပ်လုပ်ထားတယ် စားမှာ မဟုတ်လား ... ဒီနေ့တော့ အဘွားတို့အိမ်မသွားဘဲ ..အမေနဲ့ ခုနစ်ဆူဘုရားသွားကြမလား သမီး " သမီးငယ်ကို မပိုးဖြူ မျှော်လင့်တကြီးမေးလိုက်မိသည်။သမီးဖြစ်သူ ပိုးအိဇင်သည် နေ့လယ်နေ့ခင်းဆိုလျှင် တစ်လမ်းကျော်တွင်နေသော အဘိုးအဘွားများအိမ်တွင် အနေများသောကြောင့် ထိုသို့မေးရခြင်းဖြစ်သည်။။အဘိုးအဘွားများအိမ်တွင် ပိုအိဇင်စိတိုင်းကျနေခွင်ရှိသည်။တစ်နေကုန် ဖုန်းကလိနေလျှင်လည်း ပြောမည့်သူမရှိ။သူငယ်ချင်းကောင်လေးကောင်မလေးများကို အိမ်သို့ခေါ်ပြီး ဂိမ်းကစားနေလျှင်လည်း ဆူမည့်သူမရှိ။အိမ်မှာနေလျှင်တော့ သမီးဖြစ်သူကို မပိုးဖြူက သင်သင့်တာကိုသင်သည်။ဖုန်းကို အချိန်နှင့်သုံးခိုင်းသည်။စာအုပ်စာပေများလည်းဖတ်ခိုင်းသည်။ပိုးအိဇင်က ဒါကိုမကြိုက်ပါ။ထို့ကြောင့်ဖခင်ဖြစ်သူ အလုပ်သွားသည်နှင့် ပိုအိဇင်လည်း အဘိုးအဘွားအိမ်သို့ပြေးသည်။ညဘက် ဖခင်ပြန်လာမှသူမကို၀င်ကြိုရသည်။မပိုးဖြူကတော့ သမီးဖြစ်သူ၏ သည်သို့ အနေအထိုင်များကို မကြိုက်နှစ်သက်သော်လည်း ယောကျာ်းနှင့် ယောက္ခမများကို မလွန်ဆန်ရဲသောကြောင့် နှုတ်ဆိတ်၍နေရသည်။မပိုးဖြူ၏အဖြစ်က သမီးငယ်ကို ဆိုင်သာဆိုင်ပြီးမပိုင်ရသောအဖြစ် ။ပိုဆိုးသည်မှာ ကာယကံရှင်ဖြစ်သော ပိုးအိဇင်ကလည်း အလယ်တန်းကျောင်းသူအရွယ်သို့ရောက်ကတည်းကပင် စည်းကမ်းများ ထုတ်တတ်သော မိခင်ကို ခပ်ရှောင်ရှောင်နေလာခဲ့ပြီး သူမကိုအလိုလိုက်အကြိုက်ဆောင်သော ဖခင်ဖြစ်သူနှင့် အဘိုးအဘွားများကိုသာ အချစ်ပိုခဲ့လေသည်။သူမအတွက်တော့ မိခင်ဖြစ်သူမပိုးဖြူက နောက်ဆုံးတန်းမှ လူတစ်ယောက်သာဖြစ်ခဲ့လေသည်။ "အခုပဲ ဘွားဘွားဖုန်းဆက်ခေါ်လို့ အိသွားတော့မလို့ပါ အမေ ...ကြီးကြီးတို့ရောက်နေတယ်တဲ့ ..လှော်ကားဥယျာဉ်သွားမလို့တဲ့အမေ ... အဲ့ဒါ အိသွားတော့မယ်နော် ...နန်းကြီးသုပ်လဲ မစားတော့ဘူး အမေ " သမီးဖြစ်သူကို မပိုးဖြူဘာမျှထပ်မပြောဖြစ်တော့ပါ နှုတ်ဆိတ် လျက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ ~~~~~~ တိတ်ဆိတ်ခြောက်ကပ်နေသောအိမ်ထဲက ထမင်းစားခန်းထဲတွင် မပိုးဖြူတစ်ယောက်တည်း နန်းကြီးသုပ်ထိုင်စားနေမိသည်။ယနေ့လို အခြေအနေမျိုးသည် မပိုးဖြူအတွက် မကြာခဏဖြစ်နေကြဖြစ်သော်လည်း ယနေ့မှပင် မပိုးဖြူရင်ထဲပို၍ဝမ်းနည်းမိနေသလိုခံစားနေရလေသည်။ ~~~~~ " ဘာတွေဝယ်လာတာလဲ အစ်ကိုရယ် ...မ၀ယ်ခဲ့ပါနဲ့လို့ ပြောလိုက်တာကို...လာ...လာ အစ်ကို ... တရားနာရအောင်"

#နွေလယ်အိပ်မက် " ( အခန်းဆက်ဝတ္ထု ) အပိုင်း (၃) ******* မပိုးဖြူဆတ်ခနဲ လန့်နိုးလာသောအခါထုံးစံအတိုင်း နံနက်(၅)နာရီထိုးနေပြီဖြစ်သည်။သူမခန္ဓာကိုယ်ပေါ်သို့တင်ထားသော ယောကျာ်းဖြစ်သူ၏ လက်တစ်ဖက်ကို အသာမပြီးဘေးသို့ ဖယ်လိုက်သည်။ညအိပ်ရာဝင်လျှင် သူမကို ကျောခိုင်းပြီးအိပ်လေ့ရှိသောသူသည် အိပ်ပျော်လုနီးနီး အခြေအနေသို့ရောက်လျှင်မူ အိပ်ချင်မူးတူးနှင့်ပင် လက်ဖြင့် စမ်း၍ သူမကိုရှာတတ်ပါသည်။မည်သို့ပင်ဖြစ်စေ ဆယ်စုနှစ်ကျော်ပေါင်းသင်းလာခဲ့သော သူ့ကို မပိုးဖြူစိတ်မဆိုးပါချေ။ညအိပ်မီးအလင်းရောင်၏ အောက်တွင် မြင်နေရသော ယောကျာ်းဖြစ်သူ၏မျက်နှာလေးကို မပိုးဖြူကြည့်လိုက်မိသည်။ နဖူးပြင်ပေါ်သို့ ဖရိုဖရဲဝဲကျနေသော နက်မှောင်မှောင်ဆံပင်များကြားမှ မျက်နှာလေးသည်လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကျော်ကလိုပဲ မပြောင်းလဲဟု မပိုးဖြူထင်မိသည်။မပိုးဖြူသည် ချစ်ခင်းပွန်း၏ မျက်နှာလေးကို ကြည့်နေမိရင်းမှ နဖူးပြင်ကို ခပ်ဖွဖွတစ်ချက်နမ်းလိုက်သည်။ပြီးလျှင် အိပ်ရာထဲမှ အသာအယာထခဲ့သည်။ ရေချိုးခန်းဆီသို့ မသွားမီ သမီးလေးအိပ်နေသောအခန်းရှေ့သို့ မပိုးဖြူသွားလိုက်သည်။အခန်းတံခါးကို ညင်ညင်သာသာဖွင့်လိုက်ပြီး အထဲသို့ ကြည့်လိုက်သည်။ ခုတင်ထက်တွင်အိပ်ပျော်နေသော သမီးလေးကိုတွေ့လိုက်ရသောအခါမပိုးဖြူရင်ထဲ အေးချမ်းသွားရသည်။ဒါက နံနက်တိုင်းမပိုးဖြူ ပြုလုပ်နေကျ အကျင့်ဖြစ်သည်။သမီး၏ အခန်းရှေ့မှ ထွက်လာပြီးနောက် မပိုးဖြူ ရေအိမ်ဝင်သည်။ရေအိမ်ကထွက်လာပြီးလျှင် မျက်နှာသစ်ကိုယ်လက်သန့်စင်သည်။ထိုသို့မပိုးဖြူ၏ အလုပ်များပြီးသွားသည်နှင့် အိမ်ရှင်မလုပ်ငန်းခွင်သို့ဝင်ရန်ပြင်ဆင်ရတော့သည်။ဦးစွာ ဆန်ဆေးပြီးထမင်းအိုးတည်သည်။ဒါက ဘုရားဆွမ်းတော်ကပ်ရန်ဖြစ်သည်။ယောကျာ်းနှင့်သမီးဖြစ်သူသည် နံနက်စာကို ထမင်းစားလေ့မရှိ။အုန်းနို့ခေါက်ဆွဲ ၊မုန့်ဟင်းခါး၊ နန်းကြီးသုပ်လိုမျိုးကို ကော်ဖီ၊ လက်ဖက်ရည်ပူပူနှင့်တွဲစားတတ်သည်။ထိုစားစရာများကို တစ်ခါတစ်ရံ၌ မပိုးဖြူကိုယ်တိုင် ချက်ပြုတ်သည်။တစ်ခါတစ်ရံ၌မူ ယောကျာ်းနှင့်သမီးက မပိုးဖြူ လက်ရာကို မစားချင်၊ ဆိုင်လက်ရာမှ စားချင်သည်ဆိုလျှင် သူတို့မနိုးခင်မှာ မပိုးဖြူမှာဆိုင်သို့ ပြေးရသည်။ဒါသည်လည်း နေ့စဉ်လုပ်ဆောင်ရသည့်အရာဖြစ်သည်။ချက်ပြုတ်ပြင်ဆင်ပြီး နံနက် (၆) နာရီထိုးလျှင်မပိုးဖြူ ဘုရားဆွမ်းတော်ကပ်ရသည်။ဘုရားဆွမ်းတော်ကပ်ပြီးလျှင် ယောကျာ်းဖြစ်သူနှင့် သမီးအတွက် နံနက်အဆာပြေစာကို သူတို့အကြိုက်များကို အသင့် ပြင်ဆင်ထားလိုက်သည်။ပုံမှန်ဆိုလျှင်တော့ထိုသို့ပြင်ဆင်ပြီးသည့်နောက်တွင် ယောကျာ်းဖြစ်သူလည်းသူ့ဆိုင်သို့သွားသည်။ မပိုးဖြူလည်း ဈေးသို့ အပြေးအလွှားသွားရသည်။ဈေးကိုတော့ မပိုးဖြူနေ့တိုင်းမသွားပါ။နှစ်ရက်တစ်ခါသွားသည်။ စျေးတစ်ခါသွားလျှင် တစ်ပတ်စာဝယ်ပြီး ရေခဲသေတ္တာထဲ သိမ်းထားလျှင်ရသော်လည်း ထိုသို့မလုပ်ပါ။အဓိက က ယောကျာ်းနှင့်သမီးကို လတ်ဆတ်သော အစားအစာများကိုပဲချက်ပြုတ်ကျွေးချင်သောကြောင့်ဖြစ်သည်။အသီးအနှံကြိုက်တတ်သောသမီးကို လတ်လတ်ဆတ်ဆတ် အသီးအနှံများကိုသာကျွေးချင်သောကြောင့် ဖြစ်သည်။ဈေးမှပြန်ရောက်လျှင် မီးဖိုထဲမှာအချက်အပြုတ်လုပ်ငန်းကိုစရသည်။ချက်ပြုတ်ရင်းမှမီးဖိုချောင်သန့်ရှင်းရေးကိုပါ လုပ်ရသည်။မီးဖိုချောင်ဆိုသည်မှာလည်း နေ့စဉ်သန့်ရှင်းရေးလုပ်နေသည့်ကြားမှပင် အနံ့မျိုးစုံထွက်တတ်သည်လေ။ ထိုအလုပ်များပြီးသွားလျှင် ရေအမြန်ချိုးပြီး ယောကျာ်းကို ထမင်းချိုင့်သွားပို့ပေးရသည်။ထမင်းချိုင့်ပို့ပြီးပြန်ရောက်လျှင်ထမင်းကို ခပ်မြန်မြန် စားရသည်။မစားလို့လည်း မဖြစ်။ထိုအချိန်သို့ရောက်လျှင် ဗိုက်ထဲမှတဂွီဂွီမြည်နေတတ်ပြီလေ။ ထမင်းစားပြီးလျှင် အဝတ်လျှော်ဖို့ပြင်ဆင်ရသည်။သုံးယောက်စာအဝတ်ဆိုသော်လည်း တစ်နေ့ ဆယ်စုံခန့်အနည်းဆုံးလျှော်ရသည်။ပြီးတော့မပိုးဖြူက အဝတ်များကို စက်ဖြင့်မလျှော်ဘဲ လက်နှင့်ပဲလျှော်လေ့ရှိသည်။သုံးလေးရက်တစ်ခါလျှော်လေ့ရှိသော အိပ်ရာခင်းနှင့် စောင်များကိုမူ စက်ဖြင့် လျှော်ရသည်။ထို့ကြောင့် အဝတ်များကိုဆပ်ပြာနှင့်စိမ်ထားပြီး အိမ်သန့်ရှင်းရေးကိုပါ တစ်လက်စတည်းလုပ်ရသည်။အိမ်သန့်ရှင်းရေးဆိုသည်မှာလည်းလွယ်ဘော့မလွယ်လှ မပိုးဖြူတို့ နေသောနှစ်ထပ်အိမ်တွင် အောက်ထပ်မှာစာကြည့်ခန်းနှင့်ဧည့်ခန်းကျယ်ရှိသည်။အပေါ်ထပ်တွင် အိပ်ခန်းသုံးခန်း၊ဘုရားခန်းနှင့် ဧည့်ခန်းတစ်ခန်းရှိသည်။အိပ်ခန်းသုံးခန်းတွင် မပိုးဖြူတို့ဇနီးမောင်နှံနေသောအခန်းနှင့် သမီး၏အခန်းတွင် အိမ်သာရေချိုးခန်းများပါ တွဲလျက်ထားသည်။သို့အတွက် မပိုးဖြူမှာ တစ်တိုက်လုံးသန့်ရှင်းရေးလုပ်ရန် အချိန်တစ်နာရီကျော်ခန့် ပေးရသည်။အိမ်သန်းရှင်းရေးပြီးလျှင် ခြံထဲသန့်ရှင်းရေးလုပ်ရပြန်သည်။ခြံထဲမှာလှည်းကျင်းရသည်။ကားထားသော နေရာကိုလည်း အသေအချာသန့်ရှင်းရသည်။ခြံထဲတွင်သန့်ရှင်းရေးလုပ်ပြီးသောအခါ ခြံရှေကိုလည်း လှည်းကျင်းရပြန်သည်။သူများတကာတွေက ခြံရှေ့သန့်ရှင်းရေး ကို မိုးမလင်းခင်ကလုပ်ကြသည်။ မပိုးဖြူမှာမူ နံနက်စောစောတွင် မအားလပ်သဖြင့် နေ့ခင်းကြောင်တောင်တွင်မှ လှည့်ကျင်းနိုင်သည်။သန့်ရင်းရေးပြီးပြီဆိုလျှင် အဝတ်များလျှော်သည်။အဝတ်လျှော်၍ပြီးလျှင်မူ ယမန်နေ့ကလျှော်ထားသော် အဝတ်များကို မီးပူထိုးရသည်။ထိုသို့ မီးပူထိုး ချိန်တွင်

"နိုးပါနော် ...ရတနာ့လူမဟုတ်ရပါဘူး မျိုးရယ် ...ရတနာကကိုကြီးမှကိုကြီးပါပဲနော် .....ကိုမိုးထက်ရဲ့အကျင့်က အဲ့ဒီလိုပဲမျိုးရဲ့ ...အဲဒါကြောင့်လဲ ..အသက်ကသုံးဆယ့်ငါးဖြစ်နေပြီ... ခုချိန်ထိရည်းစားရှိတယ်မကြားမိဘူး ...ရှင် အတွေးမမှာနဲ့နော် မျိုး ...အဲ့ဒီလိုလူတွေက ချစ်မိပြီဆိုရင် အရူးအမူးနော် " "တော်ပါကွာ ...လူကို မတူမတန်သလို ဆက်ဆံသွားတာ ..လုံး၀မကျေနပ်ဘူး " မျိုးမမ တကယ်ပင် မကျေမနပ်ပြောနေမိခြင်းဖြစ်ပါလေသည်။ ~~~~~ "ပိုးဖြူရယ် ..နင်ဟာလေ သူဌေးသားကိုယူထားပြီး ...ဒီလိုမျိုးနေနေတာလား ... နေစမ်းပါဟ မိမိ မိုက်မိုက်...အိမ်အလုပ်ကို အိမ်အကူတွေဆီ တာဝန်ပေးထားလိုက် ... မင်းက သူဋ္ဌေးတွေကြား ဝင်ဆန့်အောင် အလုပ်တွေဘာတွေထွက်လုပ်ပစ်လိုက်ကွာ " သူငယ်ချင်းဖြစ်သူဝေဝေ၏ စကားကြောင့် မပိုးဖြူ မချိပြုံးလေးပြုံးလိုက်မိလေသည်။ "အပြင်အလုပ်မပြောနဲ့ အွန်လိုင်းကနေ လက်မှုပညာသင်တာတောင် မောင်ကမကြိုက်ဘူးဝေဝေ ... " " အေး ..အဲ့ဒါနဲ့ပဲ ဒီလိုချည်းနေ မနေနဲ့ ... ငါဆိုရင် ကိုကိုသွားရာနောက်ကို တကောက်ကောက်လိုက်နိုင်အောင်....သူ့အလုပ်တွေကို လိုက်လေ့လာထားတယ် " ဝေဝေပြောနေသည်ကို မပိုးဖြူ မျက်လုံးပြူးလေးနှင့် သာ နားထောင်နေမိသည်။မပိုးဖြူ အဖြစ်ကတော့ ယောကျာ်းနောက် တကောက်ကောက်လိုက်ဖို့နေနေသာသာ သမီးဖြစ်သူနောက်သို့ပင် လိုက်ရန်အခွင့်အရေးမရှိသည်လေ။ @@@@@@@@@@@@@@@@@@ အပိုင်း (၃ ) ဆက်ရန် #ဧကြည်ဖြူ

မျိုးမမကပြောလိုက်သော်လည်း ကိုဇင်မောင်သည် ဆိုင်ခန်းအတွင်းသို့ ရောက်သည်နှင့် ဝတ်ထားသော ခရမ်းဖျော့ရောင်ရှပ်လက်ရှည်ကို လက်ခေါက်၍တင်နေပြီဖြစ်လေသည်။ပြီးလျှင် နှစ်ယောက်သားမှာခုံများကိုနေရာတကျဖြစ်အောင် နေရာချလိုက်ကြသည်။ဝယ်လာသော ပစ္စည်းများကိုလည်း သူ့နေရာနှင့်သူ အစီအစဉ်တကျထားလိုက်ကြသည်။အချိန်သည် မည်သို့ ကုန်သွားမှန်းမသိတော့ပါချေ။ " ဟယ် အစ်ကို .. ( ၅)နာရီထိုးနေပြီးပဲ ...အားနာလိုက်တာအစ်ကိုရယ် ... အစ်ကို ပြန်တော့လေ ..." "အမေ့ " " ဟား ... မျိုး...သတိထားလေ .... " "ဝုန်း " မျိုးမမသည် လက်ထဲမှနာရီလေးကို ငုံ့ကြည့်ပြီး ကမန်းကတန်းထလိုက်ရာ အတန်ကြာ ဆောင့်ကြောင့်ထိုင်ထားခဲ့သောကြောင့် ခြေထောက်မှာ ထုံကျဉ်နေပြီး ယိုင်ခနဲလဲကျ လေသည်။ကိုဇင်မောင်သည် လဲကျလာသော မျိုးမမ၏ကိုယ် လုံးလေးကို ထိန်းဖမ်းလိုက်ရာနှစ်ယောက်သား ဖက်လျက်သား လဲကျသွားကြလေသည်။အိထွေး သော မျိုးမမ၏ကိုယ်လုံးလေးသည် ကိုဇင်မောင်၏ .ကိုယ်ပေါ်သို့ထပ်လျက်လဲကျသည်ဖြစ်လေရာကိုဇင်မောင်မှာ အိမ်ထောင်သည် ဖြစ်၍ အတွေ့အကြုံရှိသော်လည်း မျိုးမမ၏ရှိုက်ဖို့ကြီးငယ် အသွယ်သွယ်ရှိသောကိုယ်လုံးလေး၏ နုညံ့အိထွေးသော အထိအတွေ့ကြောင့် နှလုံးခုန်သံများ မြန်ဆန်လာသည်။ခန္ဓာကိုယ်ထဲရှိ သွေးများသည်လည်း ဆူပွက်လာသယောင်ထင်ရလေသည်။ " ဆော....ဆောရီးနော်အစ်ကို " မျိုးမမ၏ တောင်းပန်သံလေးက အဖျားခတ်၍တုန်ယင်နေလေသည်။နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက် ရှက်ကိုးရှက်ကန်းကြည့်လိုက်မိကြသည်။ "ဒါ....ဒါဆို...အစ်ကို ပြန်တော့မယ်နော် " ~~~~~ "ဟင် ...မောင်အဝတ်အစားတွေဘယ်လိုဖြစ်တာလဲ ...ဆိုင်မှာသန့်ရှင်းရေးလုပ်လာတာလား " စွန်းပေလာသော ယောကျာ်းဖြစ်သူ၏အဝတ်အစားများကိုကြည့်ပြီး မပိုးဖြူမေးလိုက်သည်။ "ဟုတ်တယ်ကွာ ...ဆိုင်မှာသန့်ရှင်းရေးလုပ်ခဲ့တာ ...ညစ်ပတ်လာရင်လဲ လျှော်လိုက်ပေါ့ကွာ...အကုန်လိုက်ပြောနေတာပဲ " ကိုဇင်မောင် မလုံမလဲစိတ်ဖြင့် မိန်းမဖြစ်သူကို အသံမာမာနှင့်ပြောလိုက်သည်။ "ဟော့တော် ... ဒါလေးမေးတာ ဘာဖြစ်လို့လဲ မောင်ရယ် ... မောင့်ကို ကြည့်ရတာ အခုလောဒေါသတွေ ကြီးနေတယ်နော် .. ဖြူ့ကို ဘာမကျေနပ်လို့လဲဟင် " မပိုးဖြူက ယောကျာ်းဖြစ်သူကို မျက်နှာချင်းဆိုင်ပြီးမေးလိုက်သည်။ ကိုဇင်မောင်သည် မျက်နှာချင်းနီးကပ်စွာရှိနေသော ဇနီးဖြစ်သူ၏ မျက်နှာလေးကိုကြည့်လိုက်သည်။လွန်ခဲ့သော ဆယ်နှစ်ကျော်က အရူးအမူးစွဲလမ်းခဲ့ရသော မျက်နှာလေးသည် ယခုလည်းပဲ ပြောင်းလဲမှုထူးထူးခြားခြား မရှိပါဘဲ ကိုဇင်မောင်၏ရင်ခုန်သံများမှာ ငြိမ်သက်လွန်းနေခဲ့သည်။လှိုင်းတွန့်ဆံပင်များကို ညှပ်တစ်ခုနှင့် ညှပ်တင်ထားပြီး ဖြူလွလွပါးပြင်ပေါ်တွင် ခပ်ပါးပါးလိမ်းထားသော သနပ်ခါးပါးကွက်ကြားလေး။ မပိုးဖြူသည် နေ့လယ်နေ့ခင်းဆိုလျှင် မျက်နှာမှာ မိတ်ကပ်ခပ်ပါးပါးကို လိမ်းလေ့ရှိသော်လည်း ညဆိုလျှင်ခပ်သင်းသင်းလေးမွှေးပျံ့နေတတ်သော ရှင်မတောင်သနပ်ခါးကိုလိမ်းလေ့ရှိသည်။ခပ်ပါးပါးလိမ်း ထားသောသနပ်ခါးများနှင့်မျက်နှာလေး တွင် နှုတ်ခမ်းနီဆိုးလေးမရှိသောနှုတ်ခမ်းလေးက ပင်ကိုယ်သဘာဝရောင်အတိုင်း နီဖျော့ဖျော့လေးရှိသည်။ထိုသို့မပိုးဖြူ၏ မျက်နှာလေးသည် ဖြုန်းခနဲကြည့်လျှင် လှသည်ဟုမထင်ရသော်လည်း သေချာကြည့်လျှင်မူ အကြည့်ခံသော အလှမျိုးဖြစ်သည်။ခန္ဓာကိုယ်လေးမှာမူ ရှိုက်ဖို့ကြီး ငယ်အသွယ်သွယ်နှင့်မဟုတ်သော်လည်း တင်းတင်းပြည့်ပြည့်နှင့်ကြည့်၍ကောင်းသည့် အထဲပါရှိလေသည်။ကိုဇင်မောင်သည် မိန်းမဖြစ်သူကို အတန်ကြာစူးစိုက်၍ကြည့်နေမိလေသည်။ "မောင် ဘာကြည့်နေတာတုန်း...ဖြူ့ကိုမမြင်ဖူးဘူးလား " မပိုးဖြူသည် ရှက်စနိုးမေးလိုက်ရင်း ယောကျာ်းဖြစ်သူ၏ ချောမောခန့်ညားသော မျက်နှာလေးကိုကြည့်ပြီး ယောကျာ်း၏လက်မောင်းကိုဖက်တွယ်လိုက်မိလေသည်။ "ဖယ်ပါကွာ ... သန့်ရှင်းရေးလုပ်လာရလို့ပင်းပန်းနေပြီ ....ရေသွားချိုးတော့မယ် " ကိုဇင်မောင်သည် ပြောပြော ဆိုဆိုနှင့် မပိုးဖြူ၏ကိုယ်လုံးလေးကို တွန်းဖယ်လိုက်ပြီး ရေချိုးခန်းသို့သွားရန်ပြင်လိုက်လေသည်။မပိုးဖြူသည်လည်း စွန်းပေလာသော ကိုဇင်မောင့်အင်္ကျီလေးကို ရင်ဝယ်ပိုက်လျက် လျှော်ဖွပ်ရန်ပြင်ဆင်လိုက်လေသ ည်။ ~~~~~~ "အားနာလိုက်တာဗျာ ... ကျွန်တော်က အရေးတကြီးကိစ္စ လေးချိန်းထားလို့ပါ ...ဒီမှာ ကျွန်တော် မန်နေဂျာက စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးပါလိမ့်မယ် " ပြောပြီးသည်နှင့် လှည့်ထွက်သွားသောကိုမိုးထက်ကို မျိုးမမ သည် အံလေးမသိမသိကြိတ်ကာ ကြည့်နေမိသည် ။မျိုးမမကဲ့သို့ လှပချောမောသောသူကိုပင် အရေးမစိုက်သော ဤလူသားသည် ယောကျာ်းစစ်စစ်မှဟုတ်ပါလေစဟုပင်ထင်ချင်စရာမဟုတ်ပါလား။ကိုမိုးထက်ကိုကြည့်ပြီး ကိုဇင်မောင်ကို မျိုးမမသတိရလိုက်မိသည်။အကွာကြီးကွာနေကြသော ထိုနှစ်ယောက်၏ အပြုအမူများသည် မျိုးမမ၏ရင်ထဲတွင် မှတ်မှတ်ထင်ထင်ရှိနေသည်မှာတော့ အမှန်ပါပင်။ "ရတနာ့လူက မမိုက်ပါဘူးကွာ..သူ့ကို အားကိုးပြီးလာတဲ့သူကို ထားခဲ့ပြီး ပစ်ပစ်ခါခါထွက်သွားတာ ကြည့်ပါအုံး "