The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
281
Підписники
+324 години
+67 днів
+2430 день
Архів дописів
◾️ဒဂုံဆိပ်ကမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား
မတ် ၁၁ ရက် မွန်းလွဲပိုင်းကဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁) ရပ်ကွက် ရတနာ လမ်းနှင့် စစ်တောင်းလမ်းထောင့်တွင် သာကေတမြို့နယ်(၈) ရပ်ကွက်မှ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်သို့ မောင်းနှင်လာသော MITSUBISHI Canter (အဖြူရောင်) ယာဉ် သည် အလိုတော်ပြည့် မှတ်တိုင်အရောက်တွင်အရှိန်မထိန်းနိုင်ဘဲသာကေတအဝိုင်း မှတ်တိုင်မှ ၈၅ကားဂိတ်သို့ မောင်းနှင်လာသောYBS-85 ယာဉ်၏ နောက်ပိုင်းအား တိုက်မိ သည်။
ယာဉ်တိုက်မှုကြောင့် Canter ယာဉ် ပေါ်လိုက်ပါလာသူသုံးဦး ကားခေါင်းခန်းအတွင်း၌ ညပ်နေကြောင်းသတင်းအရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ထူးချွန်ဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီပေးခဲ့သည်။
Hydraulic Cutter,spreader, Ram တို့ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး (မစိုးရိမ်ရ) ကို ကယ်ထုတ် နိုင်ခဲ့ သည်။
ထို့နောက် ကျားတစ်ဦး(သေဆုံး)၏ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး ဖြူစင်နှလုံးသား သူနာတင်ယာဉ်ဖြင့် လည်းကောင်း၊ ယာဉ်မောင်းအမျိုးသား (စိုးရိမ်ရ)ကို 5B-Taxi အသင်း လူနာတင်ယာဉ်ဖြင့်လည်းကောင်း မြောက်ဥက္ကလာပမြို့နယ်မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
သတင်း-ကျော်ကျော်
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရေနံစိမ်းဈေးနှုန်း တစ်စည်ဒေါ်လာ ၂၀၀ အတွက်ကြိုတင်ပြင်ဆင်ထားရန်ကမ္ဘာကြီးကို အီရန် သတိပေး
ရေနံဈေးနှုန်း တစ်စည်လျှင်အမေရိကန်ဒေါ်လာ ၂၀၀ အထိရှိလာမည့်အရေးအတွက် ကမ္ဘာကြီးအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အီရန်န်ိုင်ငံက မတ် ၁၁ ရက်တွင် သတိပေးလိုက်သည်။
အီရန်စစ်ဘက်က မတ်၁၁ရက်တွင် ပင်လယ်ကွေ့ဒေသရှိ ရေနံတင်သင်္ဘောများနှင့် ကုန်တင် သင်္ဘောများကို ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ထား သော မောင်းသူမဲ့ရေယာဉ်ငယ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်အီရန်၏ အထက်ပါသတိပေးချက် ပေါ်ထွက်လာ ခြင်းဖြစ်သည်။
အီရန်နိုင်ငံသည် မတ်၁၁ရက် တွင် ပင်လယ်ကွေ့ ရေပြင် ဒေသများ၌ ကုန်တင်သင်္ဘောနှင့် ရေနံတင်သင်္ဘောခြောက်စင်းတို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရေနံတင်သင်္ဘော နှစ်စင်းမီးလောင်နေပြီး အခြားကုန်တင်သင်္ဘောလေးစင်း ထိခိုက်မှုရှိခဲ့ရကြောင်းသိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ကဖေဖော် ဝါရီ ၂၈ရက်တွင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အရေးကြီးဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး ရေလမ်း ကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြားပိတ်ဆို့ခဲ့ ရပြီး ကမ္ဘာကြီးအနေဖြင့် ၁၉၇၀ပြည့် နှစ်နောက်ပိုင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်း တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
လက်ရှိပေါ်ပေါက်နေသော စွမ်းအင်အကျပ်အတည်းကို ကျော်ဖြတ်နိုင်ရေးအတွက် လက်ဝယပိုင်ဆိုင်ထားသော မဟာဗျူဟာအရန် ရေနံများထုတ်သုံးကြရန် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က ကမ္ဘာ့နိုင်ငံများကို အကြံပြုထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်းမှာ ဒေသတွင်း လုံခြုံရေးအပေါ်မူတည်နေသည်ဖြစ်ရာ ရေနံစိမ်း ဈေးနှုန်းများတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၂၀၀အထိရောက်လာမည့် အရေးအတွက် ကမ္ဘာကြီးအနေဖြင့် ပြင်ဆင်ထားရန်လိုကြောင်း အီရန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အထက်ပါစကားအရ အီရန်အစိုးရအနေဖြင့်လက်ရှိဖြစ်ပွားဆဲ စစ်ရေးပဋိပက္ခကြောင့် ပေါ်ပေါက်လာသောစွမ်းအင်အကျပ်အတည်း ကာလကြာမြင့်စေရန်ကြိုးပမ်းမည့် သဘောရှိကြောင့် လေ့လာသူများက သုံးသပ်ထားသည်။
တစ်ချိန်တည်းမှာပင် မိမိအနေဖြင့် အီရန်စစ်ပွဲကိုအဆုံးသတ်ဦးမည်မဟုတ်ဘဲ ရည်မှန်း ချက်များ ပြီးမြောက်သည်အထိ ရှေ့ဆက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။
ယင်းအပြင်လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဟော်မုဇ်ရေလက်ကြား ကိစ္စကို ဖိဖိစီးစီးကိုင်တွယ်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်ကပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဆွစ်ဇာလန်၌ ဘတ်စကားမီးလောင်၊ ခြောက်ဦးသေဆုံး
ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း ကာဇားစ်အမည်ရှိမြို့ငယ်တစ်မြို့၌ မတ် ၁၀ ရက်က ခရီးသည်တင်ဘတ်စကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံး၍ ငါးဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်ဘတ်စကား မီးလောင်ကျွမ်းမှုသည် တစ်စုံတစ်ဦး၏ ရာဇဝတ်မှု မကင်းသော လုပ်ဆောင်ချက်ကြောင့် စတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က သုံးသပ်ထားပြီး စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။
ခရီးသည်တင်ဘတ်စကား မီးလောင်မှုကြောင့်အနည်းဆုံး ခြောက်ဦးသေဆုံး၍ ငါးဦးဒဏ်ရာ ရခဲ့ပြီး သုံးဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဆွစ်ဇာလန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန် ထားသည်။
မီးလောင်မှုဖြစ်ပွားချိန်၌ အဆိုပါခရီးသည်တင်ဘတ်စကားပေါ်၌ လူပေါင်းမည်ရွေ့မည်မျှ လိုက်ပါလာသည်ကို ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိသေးချေ။
အဆိုပါခရီးသည်တင် ဘတ်စကားမီးလောင်မှုသည်သုံးလမပြည့်မီကာလအတွင်း ဆွစ်ဇာလန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော လူအသေအပျောက် များပြားသည့် ဒုတိယမြောက် မီးလောင်မှုဖြစ်သည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကရန်းစ်-မွန်တားနားအမည်ရှိ နှင်းလျှောစီးစခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာလူပေါင်း ၄၁ ဦး သေဆုံး၍ ၁၁၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
မတ် ၁၀ ရက် ဘတ်စကားမီးလောင်မှုဖြစ်စဉ်အတွက်တုန်လှုပ်ဝမ်းနည်းမှုကြောင့် ဆွစ်ဇာလန်သမ္မတ ဂိုင်းပါမီလင်က ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန် ရေမြုပ်မိုင်းချသင်္ဘော ၁၆ စင်းအမေရိကန်စစ်ဘက် တိုက်ခိုက်နှစ်မြှုပ်
ပါရှန်ပင်လယ်ကွေ့ဒေသ ဟော်မုဇ်ရေလက်ကြားအနီးတွင် ရေမြုပ်မိုင်းချသင်္ဘော ၁၆ စင်း အပါအဝင် အီရန်ရေတပ်သင်္ဘောများကိုအမေရိကန်စစ်ဘက်က မတ် ၁၀ ရက်တွင် တိုက်ခိုက်နှစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားဒေသ၌ အီရန်နိုင်ငံက ရေမြုပ်မိုင်းများ စချနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် အမေရိကန်စစ်ဘက်ကအီရန်ရေမြုပ်မိုင်းချ သင်္ဘောများ ကိုဟော်မုဇ် ရေလက်ကြားအနီး တိုက်ခိုက်နှစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေမြုပ်မိုင်းများချထားခဲ့ပါက ပြန်လည်ဖယ်ရှားပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖယ်ရှားခြင်း မရှိခဲ့ပါက စစ်ရေးအရ အရေးယူမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတ် ၁၀ ရက်တွင် ပြောကြားထားပြီးဖြစ်သည်။
အမေရိကန် မီဒီယာများ၏အဆိုအရ အီရန်နိုင်ငံသည် ပြီးခဲ့သည့်ရက်များအတွင်း ပါရှန် ပင်လယ်ကွေ့ဒေသ၌ ရေမြုပ်မိုင်းများ ချထားမှုကိုစတင် ပြုလုပ်လျက်ရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်သေးခြင်း မရှိကြောင်း သိရသည်။
ယင်းအပြင် အီရန်နိုင်ငံသည်ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရေးအတွက် အသုံးပြု နိုင်သော တိုက်ခိုက်ရေး ရေယာဉ်ငယ်များနှင့် ရေမြုပ်မိုင်းချသင်္ဘောအများစုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန် ထားသည်။
အမေရိကန်နှင့် အစ္စရေးတို့ကအီရန်နိုင်ငံအား စစ်ရေးအရ တိုက်ခိုက်မှုများကိုရပ်တန့် ပေးချိန်ထိတိုင် ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့ထားမည်ဖြစ်ကြောင်း အီရန်နိုင်ငံက ခြိမ်းခြောက်ထားသည်။
ဟော်မုဇ် ရေလက်ကြားကိုပိတ်ဆို့ရေးအတွက် အီရန်နိုင်ငံ၌ရေမြုပ်မိုင်း အလုံး ၂၀၀၀ မှ ၆၀၀၀အထိ လက်ဝယ်ရှိနေနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထား သည်။
ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့၊ အာရေးဗီးယန်းပင်လယ်တို့နှင့် ချိတ်ဆက်ပေး ထားသောဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ပုံမှန်ဖြတ်သန်းနေသော ကမ္ဘာ့အရေးကြီးဆုံးရေလမ်းကြောင်း ဖြစ်သည်။
ယင်းလမ်းကြောင်း ပိတ်ဆို့ခံခဲ့ရပါက ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ကာတာစသည့် ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့် သဘာ၀ဓာတ်ငွေ့များ ထွက် ပေါက်ပိတ်သွားနိုင်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပြည်ပသို့တင်ပို့မည့် ပြောင်းများအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေး
ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့်ပြောင်းများအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက် ခံချက်ကို မတ် ၃ ရက်မှ စတင်ကာစိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
နှစ်နိုင်ငံ အစိုးရအသိအမှတ်ပြု ‘မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိက လုပ်ငန်းအဖွဲ့’အား ဖွဲ့စည်းထားပြီး ပြောင်းတင်ပို့မည့် လုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေး ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧကနှစ်သန်းကျော်ရှိပြီး တန်ချိန်သုံးသန်းကျော် ထွက်ရှိ ပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့် ပြောင်း တန်ချိန်တစ်သန်းခန့်ရှိပြီး နှစ်စဉ် ပြည်ပသို့ တန်ချိန် နှစ်သန်းကျော် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ထိုင်းအစိုးရအနေဖြင့် တိရစ္ဆာန်အစာအတွက် အသုံးပြုရန် တင်သွင်းလာသည့် ပြောင်းဖူး များကို စိုက်ပျိုးစဉ်ကာလအတွင်း မီးရှို့ခြင်းမပြုသည့်ထုတ်လုပ်မှုဧရိယာများ သို့မဟုတ် လယ်ယာလုပ်ငန်းခွင်များမှ တင်သွင်းရန် လိုအပ်ကြောင်းအသိ ပေးကြေညာထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းဆန် တန်ချိန် ၁ ဒသမ ၂ သန်းကျော် တန်ဖိုးအားဖြင့် ဘတ် ၁၂ ဒသမ ၁၁၇ ဘီလီယံဖိုးတင်ပို့ခဲ့ကြောင်း ထိုင်းအကောက်ခွန် ဌာန၏ အချက်အလက်များအရ သိရသည်။
သတင်း-တိဗ္ဗ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူချိန် ရထားမထွက်မီ၁၀ မိနစ်အထိ အချိန်တိုးမြှင့်
မြန်မာ့မီးရထားမှ ဆောင်ရွက်လျက်ရှိသည့် Online Railway Ticketing and Payment System (ORTP)စနစ်တွင် အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူနိုင်သည့် အချိန် ကန့်သတ် ချက်ကို ရထားမထွက်မီ ၁၀ မိနစ်အထိတိုးမြှင့်သတ်မှတ်လိုက် ကြောင်း သိရသည်။
ယခင်က ORTPစနစ်မှတစ် ဆင့် ရထားလက်မှတ်များကို ရထားမထွက်ခွာမီ မိနစ် ၃၀ အထိသာဝယ်ယူခွင့်ပြုထားခဲ့သော်လည်း ယခုအခါ ရထားမထွက်ခွာမီ ၁၀ မိနစ်အထိ လက်မှတ်ဝယ်ယူနိုင်ရန် စီစဉ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူလိုပါက မိမိအသုံးပြုနေသည့် Browser မှ တစ်ဆင့် ORTP Website Link သို့ဝင်ရောက်နိုင်သကဲ့သို့ သတ်မှတ်ထားသည့် QR Code ကို Scan ဖတ်၍လည်း ဝင်ရောက်နိုင်ကြောင်း သိရသည်။
Website ၏ ပင်မစာမျက်နှာသို့ ရောက်ရှိပါက သွားလိုသည့် ခရီးစဉ်ကို ရွေးချယ်ကာ ORTP စနစ်နှင့်သက်ဆိုင်သည့် အသိပေးချက်များနှင့် စည်းကမ်းချက်များအတိုင်း လက် မှတ်များကို ဝယ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်– မန္တလေး– ရန်ကုန်လူစီးအမြန်ရထား အမှတ် (၁၁)အဆန်/ (၁၂) အစုန်၊ ရန်ကုန်– နေပြည်တော်–ရန်ကုန် DEMU အမြန်ရထားအမှတ် (၇) အဆန်/ (၈)အစုန်၊ (၃၁) အဆန် /(၃၂) အစုန်နှင့် မန္တလေး–နေပြည်တော်–မန္တလေးအမြန်ရထား အမှတ် (၂၇) အဆန်/(၂၈) အစုန် ခရီးစဉ်များအတွက်အွန်လိုင်းမှ လက်မှတ် ဝယ်ယူနိုင်ရန်ဝန်ဆောင်မှုများ ပေးဆောင်လျက်ရှိကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အီရန်စစ်ပွဲတွင် ကန်တပ်ဖွဲ့ဝင် ၁၄၀ ခန့် ဒဏ်ရာရရှိ၊ စစ်ပွဲရှေ့ဆက်မည်ဟု ထရန့်ဆို
အီရန်စစ်ပွဲ ဆယ်ရက်တာ ကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်စစ်ဌာနချုပ်ပင်တဂွန် က အတည်ပြုပြောကြားသည်။
ပဋိပက္ခတွင် အမေရိကန်တပ်ဖွဲ့များ ဒဏ်ရာရရှိမှုစာရင်းကို ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်မှုဖြစ်သည်။
စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူနှင့်ကျဆုံးမှုများ ရှိမည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခင်ကပင် သတိပေးပြောကြားခဲ့ကာ လက်ရှိအချိန်ထိ သေဆုံးသည့် တပ်ဖွဲ့ဝင် ၇ ဦး ရှိလာခဲ့ပြီဖြစ်သည်။
ဒဏ်ရာပြင်းထန်ပြီး ဆက်လက်၍ ကုသမှုခံယူနေရဆဲ တပ်ဖွဲ့ဝင် ရှစ်ဦးရှိပြီး ၎င်းတို့ကို အကောင်းဆုံး ကုသမှုများ ပေးနေကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ် က ပြောကြားသည်။
ဒဏ်ရာအများစုမှ သေးငယ်ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် ၁၀၈ ဦးမှာ ပြန်လည်၍ တာဝန်ထမ်းဆောင်နေပြီဟု ပင်တဂွန်ပြောခွင့်ရက ဆက်ပြောသည်။
စစ်ပွဲ၏အခြေအနေနှင့်လားရာအကြောင်းကို ထရန့်အစိုးရက ဆက်လက်၍ ရောရောထွေးထွေး အချက်ပြနေချိန်တွင် ပင်တဂွန်ထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်သည်။
စစ်ပွဲက သီတင်းလေးပတ်ခန့် ကြာမြင့်နိုင်သော်လည်း ခန့်မှန်းထားသည်ထက် ပို၍စောလျင်စွာအောင်မြင်မှုများ ရရှိနေသည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားသည်။
“ အခုအချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ ရှေ့ဆက်နိုင်ပါသေးတယ်။ ဒီထက်လည်း ရှေ့ဆက်ပါဦးမယ်” ဟု ထရန့်က သတင်းထောက်များကို ပြောကြားသည်။
သတင်း - ရဲမင်း
ကိုးကား - Axios
#နိုင်ငံတကာသတင်း
◾️လက်နက်ကိုင်ဆောင်မှုဖြင့် မင်းအုပ်စိုးဖမ်းဆီးခံရ
သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။
ယခုမတ်လ ၉ ရက်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် YGN-8 7S-.... (အနက်ရောင်)ယာဉ်ပေါ်တွင် သေနတ်တစ်လက်နှင့် ကျည်ဆံများတွေ့ရှိခဲ့ပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။
သေနတ်နံပါတ် A 895629 Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတိုသေနတ်တစ်လက်ဖြစ်ပြီး 9X19 ကျည်ဆံခုနစ်တောင့်ပါကျည်အိမ်တစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဦးအောင်နိုင်ထွန်း(ခ) သရုပ်ဆောင်မင်းအုပ်စိုးအား တွံတေးမြို့မရဲစခန်း၌ ၂၀၂၃ ခုနှစ်၊ လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
အဆိုပါ လက်နက်ဥပဒေပုဒ်မ ၂၄ အရမည်သူမဆိုပုဒ်မ ၁၆ ပါလက်နက်တစ်ခုခုကို လိုင်စင် (သို့မဟုတ်) ခွင့်ပြုမိန့်မရှိဘဲသယ်ယူခြင်း၊ လက်ဝယ်ထားခြင်း၊ ကိုင်ဆောင်ခြင်း (သို့မဟုတ်) မိမိ၏စီမံကြီးကြပ်မှု အောက်တွင်ထားရှိခြင်းမပြုရ ဟူသည့်တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ်တစ်နှစ်မှ အများဆုံးငါးနှစ်အထိချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ-Min Oak Soe/FB
#ပြည်တွင်းသတင်း
◾️ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များအား ယာဉ်နံပါတ်အလိုက် စုံ၊ မ ရက်စနစ်ဖြင့် စက်သုံးဆီ ဝယ်ယူခွင့် ပြုမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီရောင်းချမှုများကို စနစ်တကျ ထိန်းညှိနိုင်ရန် အတွက် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များအား ယာဉ်နံပါတ်အလိုက် စုံ၊ မ ရက်စနစ်ဖြင့် စက်သုံးဆီဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
ယင်းစနစ်အရ လစဉ် ‘စုံ’ ရက်များတွင် ယာဉ်နံပါတ်အက္ခရာ စုံနံပါတ်ဖြစ်သည့် မော်တော် ယာဉ်များ (ဥပမာ2A/— ၊ 4A/— စသည်) ကို စက်သုံးဆီ ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ‘မ’ ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များ(ဥပမာ 1A/— ၊ 3A/— စသည်) ကို ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူ သယ်ယူပို့ ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံး ဆီသယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ၊နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်သာယာရေး အမှိုက် သိမ်းယာဉ်များအား နေ့စဉ် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအတွက်ဝန်ထမ်းကြို၊ ပို့ယာဉ်များ၊ ရုံးလုပ်ငန်းသုံးယာဉ်များနှင့်ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့်ယာဉ်များကိုလည်း သက်ဆိုင်ရာ အထောက်အထားများနှင့် ထောက်ခံချက်များအပေါ် အခြေခံ၍ စိစစ်ကာ စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်သည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများကို သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းသာ ရောင်းချရမည်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်ညွှန်ကြားထားကြောင်းသိရသည်။
ထို့ပြင် အရောင်းဆိုင်များမှ ပုံး၊ ပီပါများဖြင့်ရောင်းချခြင်း မပြုလုပ်ရဘဲ အခြားလုပ်ငန်း သုံးများအတွက်ရောင်းချရာတွင် သက်ဆိုင်ရာ အလုပ်ဌာနများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ စိစစ်ထောက်ခံချက်ဖြင့်သာ ရောင်းချပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နေ့စဉ် အသုံးပြုနေသည့် မော်တော်ယာဉ်များအနေဖြင့်လည်း သက်ဆိုင်ရာ အလုပ်ဌာနများ ၏ ခိုင်လုံသည့် အထောက်အထားနှင့် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးထား သည်။
သတင်း-တိဗ္ဗ
ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
