The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
286
Підписники
+124 години
+87 днів
+1930 день
Архів дописів
◾️ငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်ရန်ရက်ပိုင်းအလို ဒေသသုံးခုတွင် ငလျင်လှုပ်ခတ်
ငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်ရန်ရက်ပိုင်းအလို ဒေသသုံးခုတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ယင်းငလျင်လှုပ်ခတ်ခဲ့သည့်မြို့များမှာ ယမန်နေ့(မတ် ၂၃ ရက်) တွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့၌ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ် ၄၇ စက္ကန့်တွင် အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိငလျင်၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၌ ညနေ ၆ နာရီ ၁၄ မိနစ် ၁၁ စက္ကန့်တွင် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိငလျင်၊ စစ်ကိုင်းတိုင်း၊ လေရှီးမြို့၌ ည ၁၁ နာရီ ၅၇ မိနစ် ၅၀ စက္ကန့်တွင် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိငလျင်တို့ဖြစ်ကြောင်းသိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုများအနက် ပျဉ်းမနားမြို့၏ အနောက် တောင်ဘက်ငါးမိုင်ခန့်၊ အနက် ၁၁ ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့သည့်ငလျင်မှာ နေပြည်တော်တွင်နေထိုင်သူများ သိသာစွာခံစားခဲ့ရ ကြောင်း ဒေသခံများကပြောသည်။
“ငလျင်ကအတော်သိသာတယ်။ အထက်အောက်ဆွဲခါသွားတာ။ အောက်ဆုံးထပ်နေတာတောင်အတော် သိသာတယ်။ အထပ်မြင့်ကလူတွေလည်းအကုန်ဆင်းပြေးကြတာ။ တစ်နှစ်ပြည့်ခါနီးထိလှုပ်နေတုန်းမို့ နေတောင်မနေရဲတော့ဘူး” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်းသိသာထင်ရှားသည့်ငလျင်ကြီးများ၏လေ့လာတွက်ချက်မှုမှတ်တမ်းများအရ နှစ်ပေါင်း ၁၆၀ အတွင်းပြန်လည်လှုပ်ခတ်လေ့ရှိကြောင်း၊ ၁၉၃၀ ခုနှစ်တွင်လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိပဲခူးငလျင်နှင့် ၁၇၆၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လှုပ်ခတ်ခဲ့သည့်ငလျင်တို့သည် တကျော့ပြန်လှုပ်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ပြောရေးဆိုခွင့်ရှိသူက စံတော်ချိန်ဒစ်ဂျစ်တယ်နှင့်အင်တာဗျူးတွင်ဖြေကြားထားသည်။
မြန်မာနိုင်ငံ၌ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်နှင့် ၁၉၅၆ ခုနှစ်၊ ဇူလိုင်လတွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တို့မှာ သမိုင်းတွင်ထင်ရှားသည့် စစ်ကိုင်းငလျင်လှုပ်ခတ်မှုများဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များ က သုံးသပ်ပြောဆိုထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း
◾️နိုင်ငံ့ရေးရာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ကင်ဂျုံအန်းကိုပြန်လည်ရွေးချယ်ခန့်အပ်
မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်က မတ် ၂၂ ရက်တွင်ကျင်းပခဲ့သော ပထမဆုံးအစည်း အဝေးတွင် လက်ရှိခေါင်းဆောင်ကင်ဂျုံအန်းကို နိုင်ငံ့ရေးရာကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန် ထားသည်။
မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်သည် လက်ရှိအာဏာရအလုပ်သမားပါတီက အတည်ပြုဆုံးဖြတ်ထားသည့် နိုင်ငံတော်မူဝါဒများကိုအတည်ပြုပေးရသည့် အဖွဲ့အစည်း ဖြစ်သည်။
ကေစီအင်န်အေသတင်းဌာန၏ အဆိုအရ မတ် ၂၂ ရက်တွင် စတင်သော ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ပြည်သူ့ကိုယ်စားလှယ်များက ကင်ဂျုံအန်းကို နိုင်ငံ့ရေးရာများ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင်ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေး၊ဖြည့်စွက်ချက်များ ထပ်မံထည့်သွင်း ရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် မြောက်ကိုရီးယားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် န၀မအကြိမ်အလုပ်သမားပါတီ ပါတီညီလာခံ၌ ချမှတ်ခဲ့သော စီးပွားရေး ငါးနှစ်စီမံကိန်းကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ့ရေးရာကော်မရှင်သည် အမြင့်ဆုံး နိုင်ငံရေး ဦးဆောင် မှုအဖွဲ့အစည်း ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️လက်ဘနွန်၌ မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင်ပြုလုပ်ရန် အစ္စရေးစစ်ဘက်ပြင်ဆင်
ဟစ်ဇ်ဘိုလာ အုပ်စုကိုချေမှုန်းရေးအတွက် လက်ဘနွန်နိုင်ငံအတွင်း မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင် ပြုလုပ်မည်ဖြစ်ကြောင်းအစ္စရေးစစ်ဘက်က မတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ဘနွန်နိုင်ငံ တောင်ပိုင်းလီတာနီမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားများ ကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးနောက် လက်ဘနွန်၌ မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင်ပြုလုပ်မည် ဖြစ်ကြောင်း အစ္စရေး စစ်ဘက်ကကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် လက်ဘနွန်မြေပြင်စစ်ဆင်ရေးများကို စီစဉ်ထားသည့် အတိုင်းနယ်မြေတိုးချဲ့ပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်ပြောရေး ဆိုခွင့်ရှိသူကလည်းထုတ်ဖော်ပြောကြားထားသည်။
လက်ဘနွန်နိုင်ငံ၌ မြေပြင်စစ်ဆင်ရေးများ တိုးချဲ့ပြုလုပ်မည့်အစ္စရေးစစ်ဘက်၏ အစီအစဉ် ကိုလက်ဘနွန်နိုင်ငံ၏ အမျိုးသားအချုပ်အခြာအာဏာအား ချိုးဖောက်မှုအဖြစ် လက်ဘနွန်အစိုးရက ဝေဖန်ထားသည်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုသည် အမေရိကန်နှင့်အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက်လေကြောင်းတိုက်ခိုက်မှုတွင် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးခဲ့ရမှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
အစ္စရေးနိုင်ငံကလည်း ဟစ်ဇ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုများကိုတုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်ဘနွန်နိုင်ငံမှာ လက်ရှိဖြစ်ပွားဆဲအရှေ့အလယ်ပိုင်း စစ်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ ရသည်။
အစ္စရေးနိုင်ငံ၏ စစ်ရေးအရတိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံ၌ သေဆုံးသူ ၁၀၂၉ဦးအထိ ရှိခဲ့ရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️၂၀၁၅-၂၀၂၅ အကြားကာလ ကမ္ဘာ့အပူဆုံး ဆယ်စုနှစ်အဖြစ် စံချိန်တင်
၂၀၁၅ခုနှစ်နှင့် ၂၀၂၅ခုနှစ်အကြားဆယ်စုနှစ်သည် ကမ္ဘာ့အပူချိန်မှတ်တမ်းသမိုင်း တစ်လျှောက် အပူဆုံး ဆယ်စုနှစ်ဖြစ်ခဲ့ရကြောင်းကုလသမဂ္ဂ ကမ္ဘာ့မိုးလေ၀သအဖွဲ့က မတ် ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် ၂၀၂၅ခုနှစ်သည် ၁၈၅၀ပြည့်နှစ်တွင် စတင်ရယူခဲ့သော ကမ္ဘာ့အပူချိန်မှတ်တမ်း သမိုင်းတစ်လျှောက် ဒုတိယမြောက် သို့မဟုတ်တတိယမြောက် အပူဆုံးနှစ်ဖြစ်နိုင်ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ် သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။
၂၀၂၅ခုနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုတော်လှန်ရေးခေတ်မတိုင်မီကာလ ပျမ်းမျှအပူချိန်ထက် ၁ဒသမ၄၃ဒီဂရီဆဲလ်စီးယပ်ပိုများခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀ သအဖွဲ့ ချုပ်၏အဆိုအရ သိရသည်။
တစ်ချိန်တည်းမှာပင်ကမ္ဘာ့ရေခဲပြင်ဒေသများ၌ ၂၀၂၅ခုနှစ်အတွင်း ရေခဲပြင်ဆုံးရှုံးရမှု နှုန်းမှာ လည်း အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ် ကျွမ်းကျင်သူများက ပြောကြားသည်။
မျက်မှောက်ကာလ တစ်ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုအခြေအနေမှာ အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းအထက်ပါထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးထားသည်။
ကမ္ဘာ့အပူချိန်မှတ်တမ်းသမိုင်းတစ်လျှောက်အပူဆုံးနှစ်မှာ ၂၀၂၄ခုနှစ်ဖြစ်ပြီး ယင်းနှစ် အတွင်းကမ္ဘာ့ပျမ်းမျှအပူချိန်မှာ စက်မှုတော်လှန်ရေးခေတ်မတိုင်မီ ကမ္ဘာ့ပျမ်း မျှအပူချိန် ထက် ၁ဒသမ၅၅ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ခဲ့ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများထံမှစမတ်ခ ယူပြေးသည့် ပွဲစားကို အမှုဖွင့်ထား
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင်မြန်မာအလုပ်သမား ခုနစ်ဦးအားအလုပ်သွင်းပေးမည်ဟုဆိုကာ စမတ်ခ(အလုပ်သွင်းခ)များယူဆောင်ထွက်ပြေးနေသည့် ရှမ်းအမျိုးသမီး ပွဲစားတစ်ဦးအား အမှုဖွင့်တိုင်ကြားခဲ့ကြောင်း UFF - Labourအဖွဲ့မှ သိရသည်။
၎င်းပွဲစားသည် ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် အလုပ်သမားများ၏ စာရွက်စာတမ်းများနှင့် စမတ်ခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ၈၀၀၀ ကို တောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားများသည် မတ်၁ ရက်တွင် UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး ဖုန်းဖြင့် ဆက်သွယ်ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ခြောက်ဦး၏ စာရွက်စာတမ်းများသာပြန်လည်ရရှိခဲ့ကြောင်း UFF အဖွဲ့မှသိရသည်။
ကျန်ရှိသည့် အလုပ်သမားတစ်ဦး၏ စာရွက်စာတမ်းများနှင့် အလုပ်သမားခုနစ်ဦးတို့၏ စမတ်ခများအားလာရောက်ဖြေရှင်းပေးခြင်း မရှိသောကြောင့် မတ် ၂၂ ရက်တွင် သက်ဆိုင် ရာရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-UFF - Labour(နစ်နာသူအလုပ်သမားများနှင့်ကူညီပေးနေသူများကိုတွေ့ရစဉ်)
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ဓာတ်အားပေးစက်ရုံများ အတိုက်ခံရပါက ဟော်မုဇ်ရေလက်ကြားကို အလုံးစုံပိတ်မည်ဟု အီရန်ပြော
အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပါက မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကိုအလုံးစုံ ပိတ်ထား ရလိမ့်မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို၄၈နာရီအတွင်း အပြည့်အဝဖွင့်လှစ်ပေးခြင်းမရှိပါက အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများကို တိုက်ခိုက်ဖျက်ဆီးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၂၁ ရက်တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ်က အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ၎င်းခြိမ်းခြောက်ထားသည့်အတိုင်း အီရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ခဲ့ပါက ဟော်မုဇ်ရေလက်ကြားအား အလုံးစုံ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း၊ ယင်းအပြင် အမေရိကန်များ အစုရှယ်ယာ ထည့်သွင်းထား သည့် စွမ်းအင်ကုမ္ပဏီများကိုလည်းဖျက်ဆီးမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့် တပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ သီတင်းလေးပတ်တာကာလအတွင်း စတင်ဝင်ရောက်လာချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေရသောဟော်မုဇ်ရေလက်ကြားကို အပြည့်အဝပြန်လည်ဖွင့်လှစ် ပေးရန် အီရန်ကို အချိန်၄၈နာရီ ပေးထားခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေမှုကြောင့်အီရန်စစ်ပွဲစတင်ချိန်မှစ၍ နိုင်ငံတကာစွမ်းအင် ဈေးကွက်၌ စွမ်းအင်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းစက်ရုံတွင် လုပ်ကိုင်နေသည့်မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ အထပ်သားပြားစက်ရုံတစ်ရုံတွင် မြန်မာအလုပ်သမား ၂၀၀ ခန့် သည် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရကြောင်းMHAC မဟာမိတ်အဖွဲ့မှ သိရသည်။
၎င်းစက်ရုံတွင် မြန်မာအလုပ်သမားများသည် အထောက်အထားရှိသော်လည်း ရဲကြေး အဖြစ် လစဉ် ဘတ် ၁၀၀၀ ဖြတ်တောက်ခံရခြင်း၊ အလုပ်ပုံမှန်မဆင်းရခြင်းတို့အပြင် ကြိုတင်အကြောင်းမကြားဘဲစက်ရုံ HR ၏ ညွှန်ကြားချက်ဖြင့် ကြားခံအေဂျင်စီများမှ လုပ်အားခများ မပေးဘဲအလုပ်မှထုတ်ပယ်ခံလိုက်ရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်မှထုတ်ပယ်ခံလိုက်ရသော်လည်း ၆၈ ဦးသာ ဆက်သွယ်အ ကူအညီတောင်းခံခဲ့ကြောင်း၊ ထို့ကြောင့် မတ် ၁၈ ရက်တွင် MHAC အဖွဲ့၏ တာဝန်ရှိသူ များက မြန်မာလုပ်သား ၆၈ ဦးတို့နှင့်အတူ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက် ရေးရုံးသို့ သွားရောက်၍ ကူညီမှုစတင်ခဲ့ကြောင်း MHAC အဖွဲ့မှ သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MHAC
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထရန့်၏ရာဇသံ ထွက်ပေါ်ပြီးနောက် ပင်လယ်ကွေ့စွမ်းအင်နှင့် ရေလုပ်ငန်းများကို ပြန်တိုက်မည်ဟု အီရန်ခြိမ်းခြောက်
အီရန်၏ လျှပ်စစ်ဓာတ်အားကွန်ရက်ကို ချေမှုန်းပစ်မည်ဟူသော ခြိမ်းခြောက်မှုအတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆက်လက်လုပ်ဆောင်ခဲ့ပါက ပင်လယ်ကွေ့တစ်ဝန်းမှ စွမ်းအင်နှင့် ရေချိုလုပ်ငန်း အခြေခံအဆောက်အအုံများကို လက်တုံ့ ပြန်သွားမည်ဟု အီရန်က သတိပေးလိုက်သည်။
ယင်းကြောင့် သောက်ရေအတွက် ရေငန်ကို ရေချိုချက်လုပ်သည့် စက်ရုံများကို အားကိုးနေရသော ဒေသတွင် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ပါက အီရန်၏ ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ်ကွန်ရက်ကို ချေမှုန်းပစ်မည်ဟု ဒေါ်နယ်ထရန့် က စနေနေ့တွင် ပြောကြားသည်။
“အီရန်ရဲ့လောင်စာနဲ့စွမ်းအင် အခြေခံအဆောက် အအုံတွေကို ရန်သူက တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒေသတွင်းမှာ အမေရိကန်နဲ့ အစိုးရက ပိုင်ဆိုင်တဲ့ စွမ်းအင်အခြေခံအဆောက်အအုံ၊ အိုင်တီနဲ့ ရေချိုချက်စက်ရုံတွေအားလုံးကို အရင်က သတိပေးထားတဲ့အတိုင်း ပစ်မှတ်ထားသွားပါမယ်” ဟု အီရန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ဇိုဖာကာရီ က ပြောကြားခဲ့ကြောင်း အီရန်အစိုးရမီဒီယာက ဆိုသည်။
လျှပ်စစ်လုပ်ငန်းအပေါ် တိုက်ခိုက်မှုများကြောင့် အီရန်အတွက် နာကျင်မှု ဖြစ်စေနိုင်သော်လည်း အီရန်ထက် လျှပ်စစ်မီးကိုလူတစ်ဦးချင်း ငါးဆ ပိုမိုသုံးစွဲသော ပင်လယ်ကွေ့ အိမ်နီးချင်းများအတွက် ကပ်ဆိုက်သကဲ့သို့ ဖြစ်နိုင်သည်။
လျှပ်စစ်ဓာတ်အားကြောင့် ၎င်းတို့၏ ပူပြင်းသောမြို့များ နေသာထိုင်သာ အခြေအနေဖြစ်လာခဲ့ကာ ဘာရိန်းနှင့် ကာတာ နိုင်ငံတွင် ရေငန်ကို ရေချိုချက်စက်ရုံကို သောက်ရေအတွက် ရာနှုန်းပြည့်အားကိုးနေရသည်။ ယူအေအီးတွင် ၈၀ ရာခိုင်နှုန်း ဆော်ဒီအာရေဗျတွင် ၅၀ ရာခိုင်နှုန်း ရေချိုချက်စက်ရုံများကို အားထားရသည်။
အီရန်ပါလီမန် ဥက္ကဌ မိုဟမ်မက်ဘာကာ ကာလီဘက်ဖ်ကပို၍ ပြင်းထန်စွာ ကြိမ်းဝါးခဲ့ပြီး အီရန်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံခဲ့ရပါက ဒေသတွင်းမှ ရေနံနှင့်စွမ်းအင်လုပ်ငန်းများ၊ အရေးပါသော အခြားအခြေခံအဆောက်အအုံများကို ပြန်ပြင်မရအောင် ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
အီရန်လျှပ်စစ်လုပ်ငန်း ဖျက်ဆီးခံခဲ့ရပါက ဟောမုဇ်ရေလက်ကြားကို အပြီးပိတ်ပစ်လိုက်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း ပြောကြားသည်။
“ဟောမုဇ်ရေလက်ကြားကို လုံးဝဥဿုံပိတ်ပစ်လိုက်ပါမယ်။ ကျွန်တော်တို့ရဲ့ ဓာတ်အားပေးစက်ရုံတွေ အကုန်ပြန် တည်ဆောက်ပေးပြီးမှ ပြန်ဖွင့်ပေးပါမယ်” ဟု တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်သည်။
ယမန်နေ့က အစ္စရေး၏ နျူကလီးယားစခန်းရှိရာမြို့ကို အီရန်ဒုံးကျည်များ ထိမှန်ခဲ့ရာ မြို့နယ်နှစ်ခုတွင် လူပေါင်း တစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။
သတင်း- ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း
◾️စက်သုံးဆီအလွယ်တကူဝယ်မရခြင်းကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများ အခက်ကြုံလာရ
ပြင်ပတွင်အရောင်းအဝယ်ဖြစ်နေသည့် စက်သုံးဆီဈေးနှုန်းမှာတစ်လီတာ ၈၀၀၀ ကျပ်ကျော်အထိ မြင့်တက်နေခြင်းကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတချို့ အခက်အခဲကြုံတွေ့လာရကြောင်း ၎င်းတို့ထံမှသိရသည်။
ယခုမတ်လ ၁၉ ရက်က စက်သုံးဆီအရောင်းဆိုင်များတွင် 92 တစ်လီတာ ၂၈၀၀ ကျပ်ခန့်ရှိပြီး ပြင်ပတွင် ၄၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ရှိကြောင်း၊ မတ် ၂၀ ရက်တွင် စက်သုံးဆီအေရာင်းဆိုင်များ၌ 92 တစ်လီတာ ၃၆၁၀ ကျပ်ထိမြင့်တက်လာပြီးနောက် ပြင်ပတွင် ၈၀၀၀ ကျပ်ကျော်အထိဈေးမြင့်တက်လာကာ လိုချင်သလောက်ဝယ်ယူ၍မရကြောင်း မြောက်ဥက္ကလာပမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် မောင်းသူတစ်ဦးကပြောသည်။
"စက်သုံးဆီကအရင်လိုဆိုင်မှာသွားထည့်လို့မရဘူး။ လိုင်စင်မရှိတဲ့ဆိုင်ကယ်ကပိုများတယ်။ ဒီတော့ အပြင်ဆီကိုဝယ်ရတယ်။ အပြင်ဆီကလည်းအခုတစ်လီတာ ၈၀၀၀ ကျော်တယ်။ ဝယ်ချင်တိုင်းဝယ်လို့ မရဘူး။ အရင် ၁၀၀၀ တန်လမ်းကြောင်းကအနည်းဆုံ ၂၅၀၀ နဲ့ပို့မှရမယ်ဆိုတော့ ခရီးသည်လည်း စီးရတာမတန်လို့မစီးကြတော့ဘူး။ ဒါကြောင့်ဆီစျေးတက်ပြီး စီးမဲ့ခရီးသည်မရှိတော့ အုံနာကြေးပါထပ်ရှုံးတဲ့အတွက် ဘေးတွဲကိုမဆွဲတော့ဘဲပြန်အပ်ထားတယ်" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ရွှေပြည်သာမြို့နယ်၌ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများရာနှင့်ချီ ညအိပ်စောင့်ဆိုင်းကာ ဆီဝယ်ယူနေသည့်ဗီဒီယိုဖိုင်မှာ Tiktok တွင်ပျံ့နှံ့ခဲ့သည်။
မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ ဒဂုံမြို့သစ်လေးမြို့နယ်တို့မှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူအများအပြားရှိသည့် မြို့နယ်များဖြစ်ပြီး အဆိုပါဆိုင်ကယ်အများစုမှာ လိုင်စင်မရှိခြင်းကြောင့် စက်သုံးဆီဝယ်မရသည့်အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
စက်သုံးဆီဝယ်ယူလိုပါက ဆိုင်ကယ်လိုင်စင်ရှိရမည်ဖြစ်ပြီး ယင်းလိုင်စင်ပါအချက်အလက်များကို Application ဖြင့်စစ်ဆေးကာ QR Code ထုတ်ပေးကြောင်း၊ အဆိုပါ QR Code ကိုဆိုင်ကယ်ပိုင်ရှင်ကဖုန်းဖြင့်ဓာတ်ပုံရိုက်သိမ်းဆည်းပြီး တစ်နေ့လျှင်တစ်ကြိမ် သုံးလီတာဝယ်ယူနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
