803
Підписники
+424 години
+167 днів
+4630 день
Архів дописів
" ဪ မိတုတ်ဆုံးတာ (၇) နှစ်တောင်ပြည့်ပြီလား ... တိုက်တိုက်ဆိုင်ဆိုင်ကျွန်မလဲ မိတုတ်အကြောင်းပြောချင်လို့လာခဲ့တာ ဒေါ်ကြီးရဲ့ ... ကျွန်မအရင်တစ်ပတ်ရန်ကုန်သွားတုန်းကလေ ...ဘူတာကြီးမှာမိတုတ်နဲ့တူတဲ့သူကိုတွေ့ခဲ့တယ်...မိတုတ်နဲ့ တကယ်ကိုတူတာ ဒေါ်ကြီးရဲ့ ... ကျွန်မက ခေါ်ဖို့ အနားကိုသွားတော့ ရထားပေါ်တက်သွားလို့ မမီလိုက်ဘူးရယ်တော့ "
" တော် ..တော်ပါတော့ဘုတ်ဆုံရယ် ...ငါ့သမီးလေးကို သတိရလိုက်တာဟယ် ... ငါ့သမီးလေးသေရတာ ငါ့ကြောင့်ဟဲ့ ... ငါ့ကြောင့်ပါဘုတ်ဆုံးမရဲ့ ...မအေဖြစ်ပြီး ငါမကာကွယ်ပေးနိုင်ခဲ့လို့ ဒီလိုဖြစ်ရတာ "
ပြောရင်းဖြင့် ဒေါ်အေးကြည် က ငိုချလိုက်သောကြောင့် ဘုတ်ဆုံးသနားစိတ်ဖြင့် ကြည့်နေမိလေသည်။
~~~~~~~
"လမင်းရေ ... မုန့်စားဆောင်မှာ နှင်းအိမ်ရန်ဖြစ်နေတယ်တဲ့ကွ ....လာ ..လာ သွားဆွဲရအောင် .."
" ငါ မလိုက်ဘူးကွာ ...မင်းဘာသာသွားချင်သွား...သူပြဿနာဖြစ်တိုင်းလိုက်ရှင်းပေးနေရအောင် ကလေးလဲမဟုတ်တော့ဘူး ....စာမေးပွဲကဖင်နားကပ်နေပြီ စာကျက်ရမှန်းမသိဘူး ...အားအားရှိရန်ပဲဖြစ်နေတယ်... ယောကျာ်းလိုလိုမိန်းမလိုလိုနဲ့ ဘာမှန်းကိုမသိဘူး "
" မင်းကလဲကွာ .... မင်းမသွားရင်လဲနေကွာ ငါသွားလိုက်မယ် "
လမင်းကိုပြောမရသောအခါ သူရတစ်ယောက်တည်း မုန့်စားဆောင်ဘက်သို့ ပြေးထွက်ခဲ့သည်။ သူတို့သုံးယောက်မှာ သူကအသက်ပိုကြီးတော့ သူပဲနှစ်ယောက်ကြားကို ပြေလည်အောင်ညှိပေးနေရသည်။နှင်းအိမ်ဆိုသည်မှာလဲ လမင်းပြောတာလည်းမလွန်။ယောက်ျားလိုလို မိန်းမလိုလိုနှင့် ရန်ဖြစ်လိုက်လျှင်လည်း ယောကျာ်းလေးများနှင့်သာဖြစ်တတ်သည်။ကံကောင်းထောက်မ၍ ကျောင်းရုံးခန်းသို့မရောက်ခြင်းဖြစ်သည်။ ဖြစ်သမျှကောင်တိုင်းကတော့ နှင်းအိမ် လက်ချက်မခံရသူ မရှိသလောက် ရှားသည်။
~~~~~~
" နှင်းအိမ် ဘယ်သွားမလို့လဲ "
ကျောင်းဝကအထွက်တွင် နှင်းအိမ်က ကားလမ်းလိုက်မကူးဘဲ ကျောင်းဘေးလမ်းမဘက်သို့သွားရန်ဟန်ပြင်နေသောကြောင့် သူရကလှမ်းမေးလိုက်သည်။လမင်းကတော့ ဘာမှမပြောဘဲ နှင်းအိမ်ကို လှမ်းကြည့်နေလိုက်သည်။
နှင်းအိမ်ကလည်း ခပ်တည်တည်ပင်
" နှင်းအိမ်ဘုရားထဲခဏသွားမလို့ အစ်ကိုသူရ ...အမေ့ကို သွားပြော ပေးနော် ..."
"ဟဲ့ ..ဟဲ့ နှင်းအိမ်မသွားနဲ့လေ ... အန်တီနွယ်စိတ်ပူနေလိမ့်မယ် "
သူရက ပြောလိုက် သော်လည်း နှင်းအိမ်မကြားဟန်ဆောင်ပြီး လျှောက်သွားလေသည်။နှင်းအိမ်ပုံစံကို ကြည့်ပြီး လမင်းစိတ်တိုသွားမိပြီး နောက်ကပြေးလိုက်က ကျောပိုးအိတ်ကနေ ဆောင့်ဆွဲလိုက်သည်။
" နင်တော်တော်ပြောရခက်နေတယ်ဟုတ်လား နှင်းအိမ် ... မေနွယ်စိတ်ပူနေလိမ့်မယ် အခုအိမ်ပြန်ရမယ် .....အိမ်ရောက်ပြီးမှ နင့်ဘာသာသွားချင်ရာသွား..."
လမင်းကပြောရင်း နှင်းအိမ်လက်ကိုဆောင့်ဆွဲပြီး ခေါ်ခဲ့ သည်။
"ဟဲ့ လမင်း ..နင် ငါ့ကိုလွှတ်နော် ..ငါစိတ်တိုလာပြီး "
လမင်းဆွဲထားသော လက်ကို နှင်းအိမ်အတင်းရုန်းဖယ်ပြီး ပြောလိုက်သော်လည်း လမင်းက လက်ကိုမလွှတ်ပေးဘဲမျက်ထောင့်နီနှင့်တစ်ချက်ကြည့်လိုက်သည်။လမင်း၏ သည်လို အကြည့်ကိုမြင်တော့ နှင်းအိမ် ကြောက်ပြီး ငြိမ်သွားမိသည်။ငယ်ငယ်တုန်းကတော့ နှင်းအိမ်က လမင်းကိုအနိုင်ရခဲ့သော်လည်း ဆယ်တန်းသို့ရောက်လာသောအခါ လမင်းနှင့်သူရမှာ အရပ်ကြီးများရှည်လာကြပြီး နှင်းအိမ်မှာ ပိန်ပိန် သေးသေးလေး ဖြစ်နေသောကြောင့် လမင်းတကယ်စိတ်တိုနေပြီဆိုလျှင် နှင်းအိမ်ကြောက်သည်။လမင်း၏ လက်သီးတစ်ချက်နှင့်ပင် နှင်းအိမ်သတိလစ်သွားနိုင်သည်လေ။
@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၁ ) ဆက်ရန်
#ဧကြည်ဖြူ
အေးနွယ်က သက်ပြင်းရှည်ကြီးကိုချရင်းမိတုတ်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။မိတုတ်သဘောပေါက်နားလည်အောင် အေးနွယ်လည်းမည်သို့ရှင်းပြရမည် မသိတော့ပါချေ။ဒေါ်စန်းတို့ကလည်း လမင်းလေးကိုချစ်လွန်း၍ ဟိုဟာဝယ်ပေးသည်ဟာ ဝယ်ပေးလုပ်ရုံမျှမက သူတို့ဆိုင်သို့ပါခေါ်သွားတတ်သည်။မိတုတ်ကလည်း သားနှင့်ပတ်သက်လာလျှင်ခပ်သည်းသည်းမဟုတ်လား။
"မိတုတ်ရယ် ဒေါ်စန်းတို့ကလဲ သားလေးလမင်းကိုချစ်လို့ပေးတာပါဟယ် ..ပြီးတော့ နင်ပင်ပင်ပန်းပန်းနဲ့ ဈေးရောင်းနေရတော့... ကလေးစရိတ်သက်သာအောင် သူတို့ကပေးတာပါ ... သားလေးကို သူတို့ကလုမယူပါဘူးဟယ်.... မိ တုတ်ဈေးရောင်းနေချိန် သူတို့က သားလေးကို ကြည့်ပေးထားတာလေ.... ဒီမှာကြည့်လမင်းလေးရဲ့ ဖိနပ်တွေ : အင်္ကျီတွေကတော်ရုံလူမဝယ်နိုင်တဲ့ဟာတွေလေ... သူဋ္ဌေးတွေမှ ဝယ်နိုင်တာ ...ဒီလိုဟာတွေကို နင့်သားလေးဝတ်ရတာ ဘယ်လောက်ကောင်းလဲ .... နင့်သားလေးကို ပေးလိုက်ရတာလဲမဟုတ်ဘူးလေ "
"မသိတော့ပါဘူး အေးနွယ်ရယ် ...မိတုတ်သားလေး ဒီလို ဝတ်ရစားရတာကိုသဘောကျပေမဲ့ မ်ားသူများပေးတာတွေကို မယူစေချင်လို့ပါ "
မိတုတ်ခေါင်းကိုတဖြင်းဖြင်း ကုတ်လျက် အေးနွယ်ကို ပြန်ပြောလိုက်ပြီးသားလေး၏ပါးပြင်ကို နမ်းလိုက်သည်။
~~~~
" အေးနွယ် ထိုင်အုံး .. နင်းကို အစ်မတူးပြောစရာရှိလို့ "
ဆိုင်သိမ်းပြီးနောက် အိမ်ထဲသို့ဝင်ရန် ပြင်နေသော အေးနွယ်ကို မတူးလှမ်းခေါ်လိုက်သည်။မတူးခေါ်သံကြောင့် အေးနွယ်က အိမ်ပေါ် မတက်သေးဘဲ ခုံမှာဝင်ထိုင်လိုက်သည်။
" ပြောလေအစ်မ ..ဘာပြောမလို့လဲ ...."
အေးနွယ်၏ မျက်နှာကို မတူးတစ်ချက်စိုက်ကြည့်လိုက်ပြီး
"ငါပြောတာကို နင်စိတ်တော့မတိုနဲ့နော် အေးနွယ် ...ငါက နင့်ကို အေးအေးဆေးဆေးနေစေချင်လို့ပါ "
" ဪ ပြောပါအစ်မရဲ့ ....အေးနွယ်က အစ်မကိုစိတ်ဆိုးစရာလား "
" ဒီ ...ဒီလိုပါအေ ... ဆေးဆိုင်ပိုင်ရှင်လူပျိုကြီးကိုမျိုးက နင့်ကိုမေတ္တာရှိလို့တဲ့... နင်သာလက်ခံရင်လက်ထပ်ချင်တယ်တဲ့လေ ... အိမ်ကလဲသူ့အပိုင်တဲ့ ... လူပျိုကြီးသာခေါ်တာ အသက်ကလဲသိပ်မကြီးသေးပါဘူးဟယ်... သုံးဆယ်ကျော်ကျော်လေးပါ "
မတူး၏ စကားကြောင့်အေးနွယ်အံ့ဩသွားမိသည်။အေးနွယ် ဆေးသွားဝယ်လျှင် ခပ်တည်တည်ကြီးနှင့်ဈေးထရောင်းတတ်သူက အေးနွယ်ကို ကြိုက်နေသည်ဆိုသောကြောင့်.အံ့ဩမိခြင်းပါပင်။သည်နားတစ်ဝိုက်မှာတော့ အေးနွယ်ကို ကြိုက်သည်ဆိုကာ ရိသဲ့သဲ့လုပ်သူများနှင့်သာအေးနွယ်ကြုံနေရသည်လေ။ အေးနွယ်ခေါင်းကို ခပ်သွက်သွက်ခါယမ်းပစ်လိုက်သည်။
"ဒီဘ၀မှာတော့ အေးနွယ်အတွက် အချစ်ဆိုတာ သမီးလေးနဲ့တင်လုံလောက်ပါတယ်အစ်မတူးရယ်....အေးနွယ်ဒီတစ်သက်အိမ် ထောင်မပြုတော့ပါဘူး "
" အေးပါ....နင့်စိတ်ကို ငါလဲသိပါတယ်...သူကလဲ ငါတို့ရင်းနှီးမှန်းသိနေတော့ ငါ့ကိုပြောခိုင်းတာ ... ငါကတော့ နင့်ကိုချမ်းချမ်းသာသာနေစေချင်လို့ပါအေးနွယ်ရယ် ... နင့်အသက်ကအစိတ်တောင်မပြည့်သေးဘူးနော်....ရှေ့လျှောက်ဘ၀ခရီးက အများကြီးကျန်သေးတာပဲ "
"အေးနွယ် မကြောက်ပါဘူးအစ်မရယ် ..အေးနွယ်ဘ၀မှာ အမှောင်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ပြီးပါပြီ ....ရှေ့လျှောက်သမီးလေးလဲကြီးလာတော့မှာလေ ...သမီးလေးအတွက် အိမ်ပိုင်လေးတစ်လုံး ရအောင်အေးနွယ်ကြိုးစားရအုံးမယ် "
အေးနွယ် အားမာန်အပြည့်နှင့် ပြောလိုက်သည်။ သည်ဘ၀မှာတော့ အေးနွယ်အတွက်အချစ်ကံရော၊အိမ်ထောင်ရေးကံပါ မရှိချင်တော့ပါ။
~~~~~~~
"မြင့်မောင်ရဲ့ နင်ဒီလောက်တောင် အသုံးမကျဘူးလား ... အခုဆိုဘယ်လောက်ကြာနေပြီလဲ ..အေးနွယ်ကငယ်ငယ်လေးပဲ ရှိသေးတာမ သူအိမ်ထောင်တွေဘာတွေပြုအုံးမှာပေါ့ ..မွေးထားတာကသမီးလေးဟဲ့...တကယ်လို့များပထွေးဆိုတဲ့ကောင်က နင့်လိုကောင်မျိုးဆိုဘယ်လိုလုပ်မလဲ .. တွေ့အောင်မရှာနိုင်ဘူးလား ... ငါလဲ သေခါနီးနေပါပြီ ...မသေခင် ငါ့မြေးမလေးကိုတွေ့သွားချင်တယ်...ငါ့မြေးမလေးအတွက်လဲ ငါကိုယ်တိုင် အမွေပေးခဲ့ချင်တာ "
မိခင်ဖြစ်သူ၏ စကားကြောင့် မြင့်မောင်ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်ရင်း
"ကျွန်တော်လဲ ရှာနေတာပဲ အမေ..မိမိသိသွားမှာလဲ ကြောက်ရသေးတယ် ... ဒီကိစ္စသာမိမိသိသွားရင် ကွာရှင်းဖို့ပြောလိမ့်မယ် အမေ .."
"မင်းက ပြောလိုက်ရင်ဒါပဲ ... မင်း မရှာနိုင်ရင် ငါ့ဘာသာရှာမယ်...သူတို့အမျိုးတွေရှိတဲ့ ရွာဘက်တွေနဲ့ ...ပဲခူးတိုင်းတစ်တိုင်းလုံးကို ငါရှာမယ် .. မင်းကမင်းမိန်းမမိမိမရိပ်မိအောင်ရန်ကုန်နဲ့မန္တလေးဘက်မှာရှာ ''
" ဟုတ် .. ဟုတ်ကဲ့ပါအမေ "
~~~~.~~
" ဒေါ်ကြီးအေးကြည် .... ဒေါ်ကြီးအေးကြည်ရှိလား "
" ဟဲ့ ..ဘယ်သူတုန်း အိမ်ထဲဝင်လာခဲ့လေ "
ခြံဝမှ လှမ်းခေါ်နေသူကို ဒေါ်အေးကြည်လှမ်းခေါ်လိုက်သည်။
" ဒေါ်ကြီးနေမကောင်းဘူးလား .... ဒီနေ့ဈေးရောင်းလဲမထွက်ဘူး "
"ကောင်းပါတယ်ဟယ် .. ငါ့သမီးလေး (၇) နှစ်ပြည့်အတွက် ဘုန်းကြီးကျောင်းဆွမ်းပို့သွားမလို့ ဈေးရောင်းမထွက်တာပါ "
အေးနွယ်က လမင်းရဲ့လက်ကိုဆွဲပြီး ဆိုင်ထဲသို့ခေါ်ခဲ့လိုက်သည်။အေးနွယ်နှင့်မိတုတ်က နှစ်ခန်းတွဲအိမ်မှာ တစ်ခန်းစီငှါးနေကြပြီး အခန်းရှေ့မျက်နှာစာတွင် ထမင်းဆိုင်လေးဖွင့်ထားခြင်းဖြစ်သည်။မိတုတ်ကတော့ ထုံးစံအတိုင်း ဈေးပဲရောင်းသည်။သို့သော်လည်း အေးနွယ်ပြောထား၍ ရပ်ကွက်တွေထဲလိုက်မရောင်းတော့ဘဲစျေး၌သာ နေရာ သက်သက်မှတ်မှတ်နှင့် ထိုင်ရောင်းလေသည်။အလုပ်နှင့် ပတ်သက်၍ အေးနွယ်ကမိတုတ်ကို အကြံပေးနိုင်သော်လည်း တကယ်တမ်း အလုပ်လုပ်သည့်နေရာတွင် မိတုတ်ကို အေးနွယ်လိုက်မမီပါ။မိတုတ်က နံနက်သုံးနာရီကျော်ကထပြီးကုန်စိမ်းများယူပြီး နံနက်ဆယ်နာရီကျော်ထိစျေးထဲတွင်ဈေးရောင်းသည်။ပြန်လာလျှင် သူ့အိမ်အလုပ်နှင့်အေးနွယ်ကိုလဲဝိုင်းကူသေးသည်။နေ့လယ်ခင်းခဏတစ်ဖြုတ်နားချိန်တွင် အနီးအနားအိမ်များမှ အဝတ်အထည်များကို လက်ခစားနှင့်ယူလျှော်သေးသည်။သည်ကြားထဲ နေ့လယ်နေ့ခင်းရထားလာလျှင် ဘူတာထဲအပြေးအလွှားသွားလိုက်သေးသည်။ညနေကျတော့ဘူတာသံလမ်းဘေးတွင် ဈေးရောင်းပြန်သည်။ညနေရုံးဆင်းချိန်ဆိုတော့ ဘူတာသံလမ်းဘေးတွင် မိတုတ်လိုစျေးသည်းများနှင့် သံလမ်းဘေးတစ်လျှောက်ညနေဈေးလေးသဖွယ်ဖြစ်နေလေသည်။ အေးနွယ်တို့နေသောအိမ်ကလှမ်းကြည့်လျှင် သံလမ်းဘေးကဈေးလေးကို တစွန်းတစ်စမြင်နေရသည်။အေးနွယ်တို့ နေရာကတော့ ဘူတာအဆင်းရပ်ကွက်ထဲသို့ သွားသောလမ်းကြားလေးထဲတွင်ဖြစ်သည်။ယခင်နေခဲ့သောလေးခန်းတွဲအခန်းက အညှော်နံ့မခံနိုင်ဟုဆိုကာ အိမ်ရှင်ကိုတိုင်သောကြောင့် ဈေးဆိုင်တန်းများရှိသော လမ်းကြားလေးထဲသို့ ပြောင်းခဲ့ရခြင်းဖြစ်သည်။အေးနွယ်တို့နေခဲ့သော အခန်းတစ်ခန်းကိုမူမတူးတို့ကို ငှားနေခိုင်းလိုက်သည်။မတူး၏သမီးလေးမှာ ကိုးနှစ်ကျော်ဆယ်နှစ်ထဲသို့ရောက်လာပြီဖြစ်သောကြောင့် ဘူတာထဲတွင်မနေစေချင်သောကြောင့် ကြိုပေးရသောလစာကို အေးနွယ်ပဲစိုက်ထုတ်ပေးလိုက်သည်။ဖြစ်နိုင်လျှင် သည်ထက်မကပင်အေးနွယ်ကူညီပေးချင်ပါသည်။သို့သော်လည်း သမီးလေး၏နောင်ရေးအတွက် အေးနွယ်စုရဆောင်းရအုံးမည်လေ။သည်ကြားထဲတွင် ဟင်းဖိုးသက်သာအောင်အေးနွယ်နိုင်သမျှပေးကမ်းသည်။အေးနွယ် မပေးကမ်းရသည်မှာ မာနခဲမိတုတ်တို့သားအမိသာရှိသည်။မိတုတ်က သူ့အိမ်တွင်ထမင်းဟင်းမချက်၊ အေးနွယ်ဆိုင်မှာပဲစားသည်။စားပြီးသည်နှင့်လည်း ပိုက်ဆံ ချက်ချင်းပေးတတ်သည်။ဟင်းလေးဘာလေးပိုထည့်ပေးလျှင် လက်ခံသော်လည်း ပိုက်ဆံမယူဘဲကျွေးလျှင် ဘယ်သောအခါမှစားလေ့မရှိ။ သူလည်းမစားသလို ကလေးလိုလည်းမစားခိုင်း။ယုတ်စွအဆုံး မိတုတ်တို့မာနကြီးပုံက ဘေးလူများက လမင်းလေးကိုချစ်၍ ကစားစရာအရုပ်များ ဝယ်ပေးလျှင်လည်းလက်မခံ။ အထူးသဖြင့် ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်တို့ဇနီးမောင်နှံကို မိတုတ်က ကြည့်မရဆုံးဖြစ်လေသည်။အမှန်တကယ်တော့ ဦးကျော်တို့ဇနီးမောင်နှံကလည်း သူတို့မွေးစားချင်လျှင် မွေးစားဖို့ကလေးများစ္စာရှိသော်လည်း လမင်းမှလမင်း။လမင်းကို လာလာချောင်းပြီး ဟိုဟာဝယ်ပေးသည်ဟာဝယ်ပေး နှင်ချစ်နေကြရှာသည်။လမင်းလေးကျောင်းစတက်တုန်းကဆိုလျှင် ကျောင်းစိမ်းအဝတ်အစား ၊ ဖိနပ်နှင့် လွယ်အိတ်ကအစဝယ်ပေးရှာသည်။ ထိုပစ္စည်းများကို မာနခဲမိတုတ်က မယူသောကြောင့် အေးနွယ်မှာ ကြားထဲမှ မနည်းချော့မော့ပြောရသေးသည်။လူဆိုသည်မှာလည်း သူ့ကံ တရားသူ့မေတ္တာရေစက်နှင့်လာသည်လေ။
~~~~~~
" အမေပြောထားတွေကို မှတ်ထားလားသမီး.. ဘယ်သူပဲဖြစ်ဖြစ် သမီးပါးကိုလာနမ်းတာပဲဖြစ်ဖြစ် ..ခေါင်းတွေမျက်နှာတွေ... ရင်ဘတ်တွေလက်တွေနဲ့ ဗိုက်တွေဘယ်နေရာကိုဖြစ်ဖြစ်အကိုင်မခံအထိမခံရဘူးနော် .. တစ်ယောက်ယောက်ကလာထိလာကိုင်ရင် အမေ့ကိုချက်ချင်းပြောရမယ်နော် ကြားလား ... မုန့်ဝယ်ကျွေးမယ် ...ကစားစရာဝယ်ပေးမယ်ဆိုပြီးခေါ်ရင်လဲဘယ်သူခေါ်ခေါ်မလိုက်ရဘူးနော်.. ကျောင်းမှာလဲ အမေပြောသလိုပဲနေရမယ်နော်...တစ်ခုခုဖြစ်ရင် ဆရာမကိုသွားပြောရမယ်ကြားလား "
သားအမိနှစ်ယောက်အိပ်ရာဝင်ချိန်မှာ သမီးလေး၏ ခန္ဓာကိုယ်အနှံ့ကို လက်နှင့် ထောက်ပြက အေးနွယ်သင်ကြားနေမိသည်။သည်စကားများကို သမီးလေးနားလည်ကာစအရွယ်ကတည်းကပင်လျှင် အေးနွယ်ပြောပြခဲ့သည်။ကိုယ်တိုင်က ဘ၀ဆိုးခဲ့သူဖြစ်သောကြောင့် သမီးလေးအတွက် အေးနွယ်စိတ်ပူမိသည်။ကျောင်းမှာစာသင်ချိန်မှလွဲပြီး သမီးလေးကိုမျက်စိအောက်က အပျောက်မခံခဲ့။ဆိုင်သို့ ထမင်းလာစားသောသူများက သမီးလေးကို ချီဟယ်ပွေ့ဟယ်လုပ်လျှင်လည်းအေးနွယ်မကြိုက် ။သမီးလေးကို မထိမကိုင်ဖို့ အားမနားတမ်းပြောပစ်လိုက်သည်။ထိုသို့ကိစ္စများသည် အားနာရမည့်ကိစ္စမဟုတ်သည်မှန်း အေးနွယ်ဘဝနှင့်ရင်း၍ သိခဲ့ပြီးပြီလေ။သမီးလေးကိုဖြင့် အေးနွယ်လိုဘ၀မျိုးဘယ်သောအခါမှ မရောက်စေရ။ယုတ်စွအဆုံး အေးနွယ်ကိုစိတ်ခံစားမူလွန်ကဲနေသည်ဟု ပြောချင်လည်းပြောကြပါစေ။ အေးနွယ်ကတော့ သမီးလေးကို အဝတ်အစားဆင်သည်မှအစ ယောက်ျားလေးတစ်ယောက်လို သာဆင်ပေးခဲ့သည်။သမီးလေး၏ အနာဂတ်ခရီးလမ်းဖြောင့်ဖြူးသာယာဖို့ အေးနွယ်အစွမ်းကုန်ကြိုးစားဖို့လဲဆုံးဖြတ်ထားသည်။
~~~~~
သားလေးလမင်းကို တင်းတင်းပွေ့ဖက်လိုက်ရင်း မိတုတ်ခေါင်းကို ခါယမ်းလိုက်သည်။မိတုတ်သားလေးအတွက် ဘာမဆို မိတုတ်ကိုယ်တိုင်ပဲ ဝယ်ပေးချင်သည်။သူများ ဝယ်ပေးတာကို မိတုတ်မလိုချင်။မိတုတ်မစားရမဝတ်ရလျှင်လည်းရသည်။သားလေးလိုအပ်သမျှ ပူဆာသမျှကို မိတုတ်ပိုက်ဆံဖြင့်သာဝယ်ပေးချင်သည်။
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၁၀)
**********
" လမင်းရဲ့အရုပ်ကို ဘာလို့ယူရတာလဲ သမီး...သူများပစ္စည်းကို မယူရဘူးလို့ ပြောထားတယ်လေ ... အမေပြောတာကို မမှတ်ထားဘူးလား ..အမေ့ကို မချစ်ဘူးလား ပြောလေ "
အေးနွယ်မေးလိုက်သောအခါ သမီးလေးကမျက်လုံးလေးဝင့်ကြည့်လာပြီး
"မေမေ့ကိုချစ်ပါတယ်....သူ့အရုပ်ကို လိုချင်လို့ဟုတ်ပါဘူး...သူက သမီးကို မခေါ်ဘဲအရုပ်နဲ့ပဲဆော့နေလို့...အရုပ်ကိုလုပစ်လိုက်တာ "
လမင်းကို မျက်စောင်းလေးထိုးကြည့်ပြီးပြောနေသော သမီးလေး၏ခေါင်းလေးကို အေးနွယ် ခပ်ဖွဖွလေးပွတ်လိုက်မိသည်၊၊ဘာမဆိုဆတ်ဆတ်ထိမခံဖြစ်နေသောသမီးလေး၏ အကျင့်စရိုက်သည် မွေးရာပါအကျင့်စရိုက်ပေလား သို့မဟုတ်လျှင် အေးနွယ်ပဲဆုံးမလွန်နေမိသည် လားမသိတော့ပါချေ။
"နောက်ဆို အဲ့ဒီလိုမလုပ်ရဘူးနော် သမီး .... သူများမပေးချင်တာကို မယူရဘူးနော် ... သမီးလေးက သူများမပေးချင်တာကို လုယူရင်း ...အမေတို့ရဲ့ဟင်းအိုးတွေကို သူများတွေလာလုယူလိမ့်မယ် သမီးလေးရဲ့ ..."
အေးနွယ်တတ်သလောက်မှတ်သလောက် ဆုံးမစကားပြောလိုက်သောအခါ သမီးလေးကမျက်လုံးပြူးလေးနှင့်မော့ကြည့် နေသည်။မျက်လုံးပြူးပြူး၊ပါးဖောင်းဖောင်း၊ နှုတ်ခမ်းပါးပါးလေးနှင့် ချစ်စရာသမီးလေး၏ပါးပြင်ကို အေးနွယ်နမ်းရှုပ်လိုက်သည်။ဒုက္ခပင်လယ်ဝေနေသောဘ၀တွင် သမီးလေးသည်သာ အေးနွယ်၏ပျော်ရွှင်အေးချမ်းရာ သုခဘုံလေးဖြစ်ခဲ့သည်။လွန်ခဲ့သောငါးနှစ်လုံးလုံးခုံတန်းရှည်လေးပေါ် ဟင်းလေးငါးမယ်တင်ရောင်းသော အခြေအနေမှ ယခုကဲ့သို့အိမ်ရှေ့တွင်ပင်မိုးကာစကို အမိုးလုပ်ထားပြီး စားပွဲဝိုင်းလေးငါးဝိုင်းနှင့်လူလူသူသူဆိုင်လေးဖြစ်လာသည်အထိ ကြိုးစားရုန်းကန်ခဲ့ရသည်။ဒီအတောအတွင်းအေးနွယ်တို့လိုမိန်းမသားများအတွက် အန္တရာယ်အမျိုးမျိုးနှင့်လည်းရင်ဆိုင်ခဲ့ရသည်။မိတုတ်နှင့်အစ်မတူးတို့သာမရှိလျှင်တော့ အေးနွယ်သည်မျှသတ္တိရှိပါ့မည်လားမသေချာချေ။အမူးသမားရန်လည်းကြောက်ရ။ တဏှာရူးသမားရန်လည်း ကြောက်ရနှင့် ညဘက်အိပ်စက်ချိန်များတွင် တုတ်၊ ဓါးလက်နက်အမျိုးမျိုးကို အိပ်ရာဘေးတွင် ထားအိပ်ခဲ့ရသည်။ယခုကဲ့သို့ လုံလုံခြုံခြုံအိမ်လေးနှင့် နေရသောအခါမှသာအေးနွယ်တို့မှာ ညဘက်စိတ်ချက်ချအိပ်နိုင်ပေတော့သည်။
~~~~~
" သားခိုးထားတာမဟုတ်ပါဘူးအမေရဲ့...ဘကျော်နဲ့ ကြီးကြီးစန်းပေးထားတာပါ "
လမင်းက အရုပ်လေးများကိုပိုက်လျက် မိခင်ကိုပြောလိုက်သည်။
"သူများပစ္စည်းအလကားမယူရ ဘူးလို့ပြောထားတယ်လေ ...သား မမှတ်ထားဘူလား ...အမေလဲမယူဘူး... သားလဲမယူရဘူးကြားလား ....ကြာလာရင်သူများပေးတာကိုပဲလိုချင်စိတ်ဖြစ်တတ်တယ်လို့ အဖေမသေခင်ပြောသွားခဲ့တယ် .. အဲ့ဒါကိုသားသိလား"
မိတုတ်သားဖြစ်သူကိုကြည့်ပြီး ပြောလိုက်သည်။လမင်းလေးက နားလည်သည်နားမလည်သည်တော့မသိ။မိခင်ပြောတာကိုခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေသည်။လမင်းရောနှင်းအိမ်ပါ မူလတန်းစတက်နေပြီဖြစ်သောကြောင့် ပြောလျှင်တော့ နားထောင်တတ်နေကြပြီဖြစ်သည်။ကလေးကနားထောင်တတ်နေပြီဖြစ်သလို မိတုတ်ကလည်းသားဖြစ်သူကို သူငယ်ချင်းတစ်ယောက်ပမာ သူသိသမျှအကုန်ပြောသည်သာ။တစ်ခါတလေ သေဆုံးသွားပြီးဖြစ်သော ဖခင်အကြောင်းပြောသည်။တစ်ခါတလေတော့ မိခင်ဒေါ်အေးကြည်အကြောင်းပြောသည်။ထိုမှ မောင်မောင်နှင့် မေမေကြီးတို့မိသားစုအကြောင်းများကို ပြော ပြသည်။ထိုအကြောင်းများ ပြောလို့ဝလျှင် ဈေးထဲမှလူများအကြောင်းပြောသည်။လမင်းလေးကလည်း မိခင်ပြောသမျှကို နားလည်သကဲ့သို့ လူကြီးလေး တစ်ယောက်လို နားထောင်နေတတ်သည်။တစ်ခါတလေဆို လမင်းက သူသိချင်တာကိုထမေးတတ်ပြန်လေသည်။
" မေမေပြောတဲ့မောင်မောင်က သားသားဖေဖေလားဟင် ... ဘာလို့သားတို့ကိုလာမခေါ်တာလဲဟင် ... ကျောင်းမှာဆိုရင် သားသူငယ်ချင်းတွေမှာ ဖေဖေတွေရှိကြတယ် ..သားနဲ့ နှင်းအိမ်မှာတော့ဖေဖေလဲမရှိဘူး ...ဖေဖေ့ကို သွားခေါ်ကြမလားဟင်မေမေ "
သားငယ်၏စကားကြောင့် မိ တုတ် လျှော်လက်စအဝတ်များကို ဘုတ်ခနဲပစ်ချလိုက်ပြီး
" အမယ်လေး ..သွားရှာလို့မဖြစ်ဘူးသားရဲ့ ....မောင်မောင်က မိန်းမယူသွားပြီလို့အမေအေးကြည်ပြောတယ် ..ပြီးတော့ မေမေကြီးတို့က သားလေးကိုသတ်ပစ်ဖို့လုပ်နေလို့ အမေကထွက်ပြေးလာခဲ့ရတာ ...မောင်မောင်လဲ အကျင့်မကောင်းဘူး ....သားကိုသတ်ပစ်မှ အမေ့ကိုခေါ်မယ်တဲ့လေ ...အဲ့ဒါကြောင့် အမေကသားကိုပဲခေါ်ပြီး ထွက်ပြေးလာတာ...မောင်မောင်နဲ့ အမေအေးကြည်တို့ကို အမေလဲမခေါ်ဘူး ... သားလဲမခေါ်ရဘူးနော် ကြားလား "
"မိတုတ်ရယ် ... ကလေးကို ဘာတွေ ပြောနေပြန်ပြီလဲ ...အဲ့ဒါတွေမပြောပါနဲ့ဆိုဟယ် "
တစ်ဖက်ခန်းမှ မိတုတ်နှင့် လမင်းပြောနေသည်ကိုအေးနွယ်ကြားပြီး ဝင်ပြောလိုက်ရသည်။
" အေးပါအေးနွယ်ရယ် နောက်မပြောတော့ပါဘူးဟယ် ..သားလေးက မောင်မောင့်ကိုသူ့အဖေဆိုပြီး ခေါ်ခိုင်းနေလို့လေ ....အဲ့ဒါကြောင့် ရှင်းပြနေရတာ "
" အေးပါ အဲ့ဒီအကြောင်း
.တွေကို နေ့တိုင်းရှင်းပြနေဟုတ်လား ...သမီးလေးနှင်းအိမ်တောင် မောင်မောင့်အကြောင်း အလွတ်ရနေပြီ တကယ်တည်း ....ထမင်းစားကြမယ် အဝတ်တွေမြန်မြန်လျှော်...သားလေးလမင်းလာခဲ့ ...မေနွယ်တို့နဲ့ ထမင်းစားကြမယ် ..ပြီးရင် စာကျက်ရမယ်နော် "
ပဲခူးရထားဆိုက်လာသောကြောင့် မိ တုတ်တစ်ယောက်ဘူတာထဲသို့ ထွက်သွားသည်။သားလေးလမင်းကိုတော့ အေးနွယ်ခေါ်ထားလိုက်ပြီး သမီးလေးနှင်းအိမ်နှင့်အတူ သိပ်ထားလိုက်သည်။အေးနွယ်တို့ဘဝတွေတိုးတက်ဖို့အတွက် တစ်ယောက်နှင့်တစ်ယောက်ဖေးကူသွားရပေမည်။
~~~~~~~
" အေးနွယ်ရေ...မိတုတ်စျေးသွား ရောင်းလိုက်အုံးမယ် ...သားလေးကို ထားခဲ့လို့ ရရဲ့လားဟင် "
ဈေးရောင်းထွက်ဖို့ပြင်နေရင်းမှ မိတုတ်မေးလိုက်သည်။
" ရပါတယ် မိတုတ်ရယ် ..မနိုင်ရင် အစ်မတူးကို အကူအညီလှမ်းတောင်းလိုက်မယ် ....မိတုတ်ဈေးသိမ်းလာရင်သာ ... ငါးတွေဘာတွေပေါပေါလောလောရရင်ဝယ်လာခဲ့ပေးနော် "
" အေးပါ စိတ်ချ ... ဝယ်လာခဲ့ပေးပါ့မယ် "
~~~~~
"ငါ့အရုပ်ပြန်ပေး ..ငါ့အရုပ်ပြန်ပေးလို့ ပြောတာမကြားဘူးလား....နင် ငါ့ကိုလာမခေါ်နဲ့...နင်နဲ့အတူမဆော့ချင်ဘူး "
" ပေးဘူးဟာ ..ပေးဘူး..မပေးတော့ဘာဖြစ်လဲ...ကဲဟယ် .. ငါနဲ့အတူမဆော့ချင်အုံး "
" ဒေါက် "
" အား ... အမေရေ သားခေါင်းကိုနှင်းအိမ်ခေါက်ပြန်ပြီ ....အီးဟီး ..ဟီး "
နှင်းအိမ်၏ လက်သေးသေးလေးက လမင်းခေါင်းပေါ်သို့ ဒေါက်ခနဲ ကျရောက်သွားသည်နှင့်တစ်ပြိုင် လမင်းသည် အော်ဟစ်ငိုလျက် ထမင်းဆိုင်တွင်းသို့ ပြေးဝင်သွားလေသည်။လမင်း၏ ငိုသံကြောင့် ထမင်းဆိုင်တွင်းမှ ပြေးထွက်လာသူမှာ မိတုတ်မဟုတ်ဘဲ အေးနွယ်ဖြစ်လေသည်။ဆိုင်ထဲသို့ပြေးဝင်လာသော လမင်းကို အေးနွယ်ကလှမ်းဖက်လိုက်ပြီး
"သားလေးလမင်းဘာဖြစ်လို့လဲ ....သားကိုနှင်းအိမ်လုပ်လိုက်ပြန်ပြီလား "
" အီး ..ဟီး ဟုတ်တယ်မေနွယ် ...နှင်းအိမ်ကသားခေါင်းကို ခေါက်တယ်.....သားရဲ့ အရုပ်ကိုလဲ သူယူထားတယ် ...သားသူနဲ့မဆော့ချင်ဘူး ..သူကညစ်လဲညစ်ပတ်တယ် "
" အေး ... အေးပါသားလေး လမင်းရယ် ... မေနွယ် နှင်းအိမ်ကိုပြန်ရိုက်ပေးမယ်ဟုတ်လား...မငိုနဲ့တော့နော်သားလေး ...တော်ကြာ သားအမေပြန်လာတော့မှာ မေနွယ်တို့အိမ်ကပဲစောင့်နေနော် "
လမင်းလေးကို အေးနွယ်ချော့မော့လိုက်ပြီး တုတ်သေးသေးလေးတစ်ချောင်းကို ကောက်ယူကာ ဆိုင်ရှေ့သို့ပြန်ထွက်ခဲ့သည်။ဆိုင်ရှေ့တွင်တော့ ဂျစ်ကန်ကန်စူပုတ်ပုတ်မျက်နှာလေးနှင့် ရပ်နေသော သမီးငယ်လေးကိုတွေ့လိုက်ရသည်။အသက်ငါးနှစ်နှင့်မလိုက်အောင် တကယ့်ကိုဆတ်ဆတ်ထိမခံသော သမီးငယ်ကိုကြည့်ပြီး အေးနွယ်သက်ပြင်းချလိုက်မိသည်။အေးနွယ်ပဲ အဆုံးမလွန်လို့လား။ သို့မဟုတ်လျှင် ဘိုးအေကြီးနှင့်တူနေလေသည်လားမသိ။ လူသေးသေးလေးနှင့်ဆိုင်လာသမျှ ဈေးဝယ်သူများနှင့်လည်း မတည့်။အစ်မတူး၏ သမီးနှင့်သားဖြစ်သော ခင်လေး၊သူရတို့နှင့်လည်း မတည့်။လမင်းဆိုလျှင်တော့ သူ့အနိုင်ကျင့်ရာလူလုံးလုံးဖြစ်နေခဲ့သည်။ထို့ကြောင့်လည်း အရွယ်ကြီးလာသည်နှင့်အမျှ လမင်းက နှင်းအိမ်နှင့်မခေါ်ချင်မပြောချင်၊မကစားချင်ဖြစ်နေသည်။နှစ်ယောက်သားမှာ ညအိပ်ချိန်မှလွှဲပြီး အတူတူရှိတက်ကြသော်လည်း တစ်စက်လေးမှကိုမတည့်ကြ။ တစ်ယောက်က အရွယ်နှင့်မလိုက်မာနကြီးအခြေကြီး။ တစ်ယောက်ကလည်း အရွယ်နှင့်မလိုက်လက်မြန်ခြေမြန်ဆတ်ဆတ်ကြဲဒေါသအိုး။ သည်နှစ်ယောက်ကို အတူထိန်းရသည်မှာက တကယ့်ကို မလွယ်လှပါချေ။
" နှင်းအိမ် ...ဒီကိုလာအုံး ...မြန်မြန်လာ ..အမေခေါ်နေတာကြားလား "
လက်ထဲကအရုပ်ကို ဘုတ်ခနဲပစ်ချပြီး နှုတ်ခမ်းကိုစူထော်ကာလျှောက်လာသော သမီးငယ်လေးကိုကြည့်ပြီး အေးနွယ်လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၀ ) ဆက်ရန်
#ဧကြည်ဖြူ
ဒေါ်သုန်သည် ဒေါသသံနှင့် မေးပြီး ရင်ရင်တို့အိမ်လေးအနှံ့သို့လိုက်ကြည့်သည်။ဒေါ်ရီမှာတော့ ရင်ရင်တို့ အိမ်ရှေ့ခန်းတွင် အရုပ် ကြိုးပြတ်ထိုင်ချမိလိုက်လေသည်။
"ဟေ့ ကလေးမ ... သူ ဘယ်အချိန်ထွက်သွားတာလဲ ... ဘယ်ကိုသွားမယ်ပြောသွားသေးလဲ "
ရင်ရင့်အားအသံမာမာနှင့် ဒေါ်သုန် မေးလိုက်သည်။
ရင်ရင်ခေါင်းကို ခါယမ်းလိုက်ပြီး
"မနေ့က သွားတာပါ ....ဘယ်ကိုသွားမယ်ဆိုတာတော့ မပြောသွားပါဘူးရှင် ... ရင်ရင်တို့က အိမ်ကို ပြန်တယ်ပဲထင်တာပါ "
ဒေါ်သုန်သည် အံကိုတင်းတင်းကြိတ်လျက် တင်းမာခက်ထန်သောမျက်နှာဖြင့် ရင်ရင့်ကိုကြည့်လိုက်ပြီး
"မင်း မလိမ်နဲ့နော် ...သိရင် အမှန်တိုင်းပြောစမ်း .....မင်းလိုချင်သလောက်ငွေပေးမယ်...ကလေးမအမေရောသိလား "
" မ ..မသိပါဘူးရှင်....တကယ်မသိတာပါ ..အမေကစျေးရောင်းသွားပါတယ် .. အမေလဲဘာမှမသိပါဘူး "
ဒေါ်သုန်တစ်ယောက် ကြိတ်မနိုင်ခဲမရနှင့် ငွေစကားပြောနေသော်လည်း ဒေါ်ရီသည်ခေါင်းငိုက်စိုက်ချက်လျက် ငိုနေမိလေသည်။
ရင်ရင်သည်လည်း ဒေါ်သုန်၏ မျက်နှာထားတင်းတင်းင်္ကြီးကိုကြည့်ပြီး ကြောက်ကြောက်လန့်လန့်နှင့်ပြန်ဖြေလိုက်မိသည်။အမှန်တကယ်လည်း အေးနွယ်သည် ဘာမျှပြောမသွားခဲ့ပါချေ။အေးနွယ်တို့သားအမိဘာဖြစ်နေကြသည်ကိုလည်း ရင်ရင်တို့မှမသိတာ။
~~~~~~
" ကဲ ..အခုဘယ်လိုလုပ်ကြမလဲ အရီ ...မသိရင်တော့ ထားလိုက်တော့ ...သိပြီးမှတော့ ငါ့သွေးသားကို ဒီတိုင်းမထားနိုင်ဘူး ...မတွေ့တွေ့အောင်လိုက်ရှာပြီး ကလေးကိုရအောင်တောင်းမှာ ...တစ်နိုင်ငံလုံးအနှံ့ရှာရင်လည်းရှာရပါစေ ... ညည်းဘက်က အမျိုးတွေရှိတဲ့နေရာတွေ အကုန်ပြော ... ငါ မတွေ့တွေ့အောင်လိုက်ရှာမယ် "
ဒေါ်ရီသည် ပါးပြင်ပေါ်မှမျက်ရည်များကိုသုတ်လိုက်ပြီး ဒေါ်သုန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
" ဒိမှာ ဒေါ်ဒေါ် ... ဒီကိစ္စမှာကျွန်မမှားသွားခဲ့တာ ... ကျွန်မကကျွန်မကလေးကို မစွန့်လွှတ်နိုင်သလို ...သမီးလေးကလည်းသူ့ကလေးကိုမစွန့်လွှတ်နိုင်ဘူးဆိုတာမတွေးခဲ့မိဘူး ... အဖြစ်မှန်တွေကိုသိပြီးယောကျာ်းနဲ့သားဝင်ပါခဲ့ရင် ဒုက္ခရောက်မှာကိုပဲ တွေးပူနေခဲ့မိတယ် ... သမီးလေးအတွက်တော့ မတွေးခဲ့မိဘူး.... ဒေါ်ဒေါ်ကရော သားလူယုတ်မာအတွက်တာဝန်ယူချင်စိတ်ရှိတာမဟုက်ဘဲ ကလေးကိုပဲလုယူချင်တာမဟုတ်လား ....ကျွန်မသမီးလေးအတွက် ရောဒေါ်ဒေါ်စိတ်ပူလို့လား ပြောပါ အုံး "
"ဘာပြောတယ် အရီ ...ညည်းဘယ်လိုပြောလိုက်တာလဲ .... စိတ်ပူလို့ပဲ ညည်းတို့မိသားစုကို ငါကြည့်ရှုထောက်ပံ့ခဲ့တာမဟုတ်လား "
" အရင်တုန်းကသာ ဒီလိုစကားပြောရင် ....ကန်တော့မိအုံးမှာပဲဒေါ်ဒေါ် ... သေချာစဉ်းစားကြည့်တော့ ဒီတစ်နယ်လုံးကပစ္စည်းတွေကိုပေါချောင်ကောင်းရဖို့ ကျွန်မယောကျာ်းကို လူမိုက်ငှါးထားခဲ့တာမဟုတ်လား ... ကျွန်မပြောလိုက်မယ်နော် ....ကျွန်မသမီးက သူ့ကလေးကိုမပေးချင်လို့ ရှောင်ထွက်သွားတာကို ဒေါ်ဒေါ်တို့လိုက်မရှာပါနဲ့ ....တကယ့်လို့သမီးကိုလိုက်နောက်ယှက်ရင် ဒီကိစ္စတွေအားလုံးကို ကိုငွေမိုးကိုဖွင့်ပြောပစ်မယ် ..ပြီးတော့ မြင့်မောင်ကိုလဲ ဒီတိုင်းထားမှာမဟုတ်ဘူးနော် ... နောက်ကို ကျွန်မတို့မိသားစုနဲ့ လာမပတ်သက်ပါနဲ့တော့ ...ကျွန်မတို့ကောက်လို့ရတဲ့ ကုန်ကို ဘယ်ကုန်သည်ဘယ်ပွဲရုံကို တင်ပို့ပို့ဒေါ်ဒေါ်တို့ ၀င်ရှုပ်စရာမလိုတော့ဘူး...အခုလဲအိမ်ရော က်တာနဲ့ ဒေါ်ဒေါ့်ပစ္စည်းတွေသိမ်းပြီး ချက်ချင်းပြန်ပါ "
" ဘာ ...ဘာပြာတယ်အေ့ မီရီ .... ညည်း ... ညည်းကများငါ့ကို ဒီလိုပြောရဲတယ်ပေါ့လေ ... ငါမွေးတဲ့ မျောက်က ငါ့ကိုပြန်ခြောက်တာပေါ့လေ "
ဒေါ်ရီသည်လည်းသမီးဇောဖြင့် ဘာကိုမှဂရုမစိုက်တော့ပါချေ။ယခင်ကတော့ဒေါ်သုန်သည် ကျေးဇူးရှင်တစ်ယောက်ဖြစ်ခဲ့သလို ငယ်ကြောက်လိုလဲဖြစ်နေခဲ့ရသည်လေ။ယခုတော့ ဒေါ်ရီမကြောက်တော့ပါ။သည်ရေစက်ဆိုးကို ဖြတ်နိုင်သမျှဖြတ်တော်ပစ်ရပေမည်။ ဖြစ်နိုင်လျှင် သားကြီး၏ အိမ်ထောင်ရေးကိုပင်လျှင် ဖျက်ဆီးပစ်လိုက်ချင်သည်။အနေတည်တံ့သော ချွေးမဖြစ်သူနှင့် ရိုးသားအေးဆေးပုံရသော ချွေးမဖြစ်သူ၏မိဘများကြောင့်သာ ဒေါ်ရီစိတ်ကိုလျှော့ချထားရခြင်းဖြစ်သည်။
~~~~~~
ဟင်းချက်စရာအမယ်များကို ခြင်းထဲစီထည့်ထားလိုက်ပြီး ဟင်းစချက်ဖို့ အေးနွယ်ပြင်လိုက်သည်။ဟင်းခွက်လေးငါးဆယ်မျိုးလောက်ကတော့ အေးနွယ်ချက်နေကြပင် မဟုတ်လား။အိမ်မှာနေတုန်းကလည်း တော်ရုံ အလှူအတန်းအတွက်တော့ဖြင့် အေးနွယ်ပဲချက်ခဲ့ရသည်။အေးနွယ်သုံးလေးတန်းအရွယ်ကစပြီး မိခင်ကြီးကို ထမင်းဟင်းများချက်ကူနိုင်ခဲ့သည်။ သည့်အတွက်တော့ မိခင်ကြီးကိုအေးနွယ် ကျေးဇူးတင်မိသည်။ပညာလည်း မစုံ၊ အပြင်အလုပ်လည်းမလုပ်ဖူးသော အေးနွယ်အတွက် အချက်အပြုတ်သာမတတ်ခဲ့လျှင်လည်း အေးနွယ်လည်းမိတုတ်လိုဈေးလှည့်ရောင်းရပေမည်။မအော်ရဲ၊မပြုရဲ ၊ ရှက်တတ်ပုံနှင့်တော့ ဈေးရောင်းလျှင် ထမင်းပင်နပ်မှန်ပါ့မည်လား မသိချေ။ ထမင်းဟင်းချက်ရောင်းသောအလုပ်သည်သာ အေးနွယ်.နှင့်သင့်တော်သော၊ကျွမ်းကျင်သောအလုပ်ဖြစ်သည်။အရှေ့ဆီမှရောင်နီကမလာသေးချေ။ခပ်မှိန်မှိန်လျှပ်စစ်မီးသီးအလင်းရောင်အောက်တွင် ယနေ့ထမင်းဆိုင်စထွက်ရန် အေးနွယ်ပြင်ဆင်နေခြင်းဖြစ်သည်။ခပ်စောစောက အေးနွယ်နှင့်အတူ မိတုတ်လည်းဝိုင်းကူနေရင်းမှ
" အမယ်လေးတော် ....ဦးရေခဲကြီးက အသားမည်းမည်းရုပ်ဆိုးဆိုးကြီးပါနော် .. မိတုတ်ရဲ့ မောင်မောင်ကလေ ...သားလေးလမင်းလိုပဲ အသားကဖြူဖြူနဲ့မျက်နှာလေးကလည်း မင်းသားလေးလိုပါပဲနော် "
" အမယ်လေးဟဲ့ မိတုတ်တို့ကတော့ပိုပဟယ်.....ကဲ ငါသွားပြီးနော် ... စျေးဗန်းကို ကိုရေခဲနဲ့ထားပစ်ခဲ့တာ ...ထမင်းစားရင် ငါတို့နဲ့လာစားလေ ... "
" အင်း ...လာခဲ့မယ် ..ဒါတွေကုန်အောင်ရောင်းလိုက်အုံးမယ် "
~~~~
"ဘော် ... ဘော် .."
ရထားဥသြသံကြောင့် မိ တုတ် အိပ်ရာထဲမှဆတ်ခနဲကုန်းထလိုက်ပြီး အိမ်တံခါးဝကနေ ရထားသံလမ်းဘက်သို့မျှော်ကြည့်လိုက်မိသည်။သံလင်းတလျှောက် မီးရောင်လဲ့လဲ့နှင့် ခုတ်မောင်းလာသော မီးရထားကြီးကိုတွေ့လိုက်ရသည်။ဝါးလုံးတန်းတွင်ချိတ်ဆွဲထားသော လွယ်အိတ်ကိုဖြုတ်ယူပြီး မိတုတ်လွတ်လိုက်သည်။ပြီးလျှင် အိပ်ပျော်နေသောသားလေး ကို အပေါ်အင်္ကျီထပ်ဝတ်ပေးလိုက်ပြီး ပွေ့ချီလိုက်သည်။အိမ်ဝက အထွက်တွင် အိမ်တံခါးဝနားက ဝါးကပ်ကြားတွင် ထိုးထားသော ပီနန်အိတ်ကိုဆွဲယူလိုက်ပြီး ဘူတာဘက်သို့ ခပ်သုတ်သုတ်ထွက်ခဲ့လိုက်သည်။သားလေးထံမှ အဲ့ခနဲ အသံထွက်လာသောကြောင့် ချော့လိုက်ရသေးသည်။
"အိပ်နော် သားလေး ... ဘာမှမဖြစ်ပါဘူးသားလေးရဲ့...ရထားကြီးလာနေပြီ ... အမေတို့ဈေးသွားဝယ်ကြ /မယ်လေ "
~~~~
" မိတုတ်တို့ကတော့ ဝီရိယကောင်းပအေ...ရထားသံကြားတာနဲ့ ဘူတာထဲတန်းရောက်လာတာပဲ ... "
ဘ၀တူကုန်စိမ်းသည်အချို့က မိတုတ်ကိုလှမ်းပြောသည်။မိတုတ်ကတော့ ဘူတာထဲရောက်သည်နှင့် မတူးနှင့်ဦးရေခဲကိုနှိုးရသေးသည်။ဦးရေခဲမှာလည်း တစ်နေ့လုံးတစ်ညလုံး ကောင်းကောင်းအိပ်ရသည်မရှိဘဲ ရထားလာတိုင်း ကုန်းပြေးထမ်းရသည်လေ။ဦးရေခဲသည်လည်း အလုပ်လုပ်လွန်းသောသူတစ်ယောက်ဖြစ်ပါလေသည်။ဦးရေခဲနှင့်မတူးတို့နှစ်ယောက်လုံး အလုပ်လုပ်ကြပါလျက် အိမ်နှင့်ရာနှင့်မနေနိုင်သည်အတွက်တော့ အိမ်လခဈေးကြီးခြင်းကိုပင် အပြစ်တင်ရပေမည်လား။
"ဦးရေခဲကြီး အမြန်လုပ်လေ ..ရထားက၀င်လာနေပြီ "
ဦးရေခဲကို မိတုတ်အော်လိုက်ပြီး ပလက်ဖောင်းစင်္ကြန်မှာ ရပ်လျက် ရထားအရပ်ကို စောင့်နေလိုက်သည်။ရထားသည် အရှိန်လျှော့လျက်မှဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ရထားအရှိန်လျှော့လိုက်သည်နှင့် ဦးရေခဲတို့လို ကုန်ထမ်းသမားများ ရထားပေါ်သို့ အလုအယက်ပြေးတက်ကြသည်။ရထားပေါ်မှ ချေးသည်များနှင့် ခရီးသည်အနည်းအကျဉ်းသည်လည်း တိုးဝှေ့၍ဆင်းလာကြလေသည်။မိတုတ်သားလေးကို ချီလျက်မှ မျက်နှာသိကုန်စိမ်းသည် များကို လိုက်၍ရှာကြည့်လိုက်သည်။ထိုအချိန်တွင် ရထားတွဲတစ်တွဲပေါ်မှ လက်တစ်ဖက်မှအိတ်ကိုဆွဲပြီး လက်တစ်ဖက်မှကလေးကို ချီထားသော မိန်းမငယ်လေးကို ကြည့်ပြီး ပထမတော့မိတုတ်အံ့သြမင်သက်နေမိလေသည်။ပြီးနောက်မှ ၀မ်းသာအားရလှမ်းအော်ခေါ် ပစ်လိုက်သည်။
" အေးနွယ် ... အေးနွယ်နင်ပြန်လာတာလား ..မတူးရေအေးနွယ်ပြန်လာပြီတော့ "
မိတုတ်၏ အော်သံကျယ်ကြီးကြောင့် မတူးနေရာမှထလာခဲ့ပြီး မိတုတ်ရှိရာဆီသို့ အပြေးသွားလိုက်သည်။ထိုအခါ ရထားပေါ်မှ ဆင်းလာသော အေးနွယ်တို့သားအမိကိုတွေ့လိုက်ရသည်။
မိတုတ်သည် ကုန်စိမ်းဝယ်ရမည်ကိုမေ့ပြီးအေးနွယ်၏ အိတ်ကိုပြေးယူလိုက်သည်။ကလေးတစ်ဖက်နှင့် မိတုတ်၏ လက်ထဲမှ အိတ်ကို မတူးလှမ်းယူလိုက်သည်။
"အေးနွယ် နင်ကမောင်မောင့်လို မဟုတ်ဘူး ...ကတိတည်တယ်သိလား "
ယနေ့အဖို့မှာတော့ ဘူတာထဲတွင် မိတုတ်၏အသံမှာ အကျယ်ဆုံးဖြစ်နေလေသည်။
~~~~~~
"ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ အေးနွယ် ...အဆင်မပြေဘူးလား "
မတူးသည် အေးနွယ်၏ မျက်နှာကို အကဲခတ်ကြည့်ပြီး မေးလိုက်သည်။မိတုတ်ကတော့ လမင်းကိုတစ်လှည့်နှင်းအိမ်ကို တစ်လှည့် ချော့မြူ၍ ပျော်ရွှင်နေလေသည်။
အေးနွယ်သည် နှုတ်ခမ်းကို တွန့်ကွေးလျက် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိပြီး
"ဟိုမှာက အေးနွယ်မရှိလဲ အဆင်ပြေတယ် အစ်မတူးရဲ့ ..အေးနွယ်ရောက်သွားရင်မှ သွားရှုပ်သလိုဖြစ်နေသေးတယ် "
" အေးနွယ်ရယ် ..စိတ်မကောင်းမဖြစ်ပါနဲ့ဟယ် "
အံလေးကြိတ်လျက် ငိုသံနှင့် ပြောလာသော အေးနွယ်ကို မတူးနှစ်သိမ့်လိုက်မိသည်။
" ဒီနေ့အေးနွယ်ငိုတာ နောက်ဆုံးပဲ အစ်မတို့ ...အေးနွယ်နောက်ထပ်မငိုတော့ဘူး...မကြောက်တော့ဘူး အားမငယ်တော့ဘူး ... သမီးလေးအတွက်အေးနွယ်ကြိုးစားတော့မယ်...သမီးလေးကို သူများကို မပေးရအောင်အေးနွယ် အလုပ်လုပ်တော့မှာ "
" ဒါ..ဒါဆို နင်မပြန်တော့ဘူးပေါ့နော် အေးနွယ် ... ငါတို့နဲ့ အမြဲနေတော့မှာလား "
မိတုတ်ဝမ်းသာအားရနှင့် မေးလိုက်သည်။
"အင်း မပြန်တော့ဘူးလေ မိတုတ်ရဲ့ ...ဘယ်တော့မှ မပြန်တော့ဘူး.... အေးနွယ်ဘာသာ ကြိုးစားမယ်...အေးနွယ်ထမင်းဆိုင်ပြန်ဖွင့်မယ်သိလား .."
"ဟေး ...၀မ်းသာလိုက်တာ ... နင် ထမင်းဆိုင်ဖွင့်ရင် ငါတို့ ဝိုင်းကူမှာပေါ့ ..."
ပျော်ရွှင်မြူးတူးနေသော မိတုတ်နှင့် မျက်နှာလေးဝင့်ကာအံကိုကြိတ်ပြီး ပြောနေသောအေးနွယ်ကို ကြည့်ပြီး မတူးရင်ထဲတွင်လည်း အားအင်များတိုးလာသလိုလိုရှိလေ၏။
~~~~
"ဒါက ဘယ်လိုဖြစ်ရတာလဲ အရီ ... သူ့ကို သေချာမမှာထားခဲ့ဘူးလား ... ခုဘယ်ကိုရောက်သွားတာလဲဟဲ့ ...ကလေးသေးသေးလေးနဲ့သွားလာနေရင်... ကြားထဲက ကလေးဒုက္ခရောက်မှာပေါ့ "
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း (၉)
********
အိမ်သို့ ပြန်ရောက်လာသည်အထိ ဒေါ်ရီရင်ထဲတွင်သမီးငယ်ကိုစိတ်မချနိုင်ဖြစ်နေမိသည် ။ဒေါ်သုန်နှင့်လည်းမျက်နှာချင်းမဆိုင်ချင်။ ယောက်ကျားဖြစ်သူအပါအဝင်မည်သူနှင့်မျှလည်း မတွေ့ချင်။မိမိဘာသာဆုံးဖြတ်လိုက်သည်မှာ မှန်သည်မှားသည် ဆိုသည်ထက် ယောကျာ်းနှင့်သားကိုလည်းဒုက္ခမဖြစ်ချေင်သကဲ့သို့ သမီးငယ်လေးကိုလည်း ငယ်ငယ် ရွယ်ရွယ်နှင့် ဒုက္ခမရောက်စေချင်မိ။ အားလုံးသည် မိမိပေါ့ဆခဲ့ခြင်းကြောင့် ဖြစ်လာခဲ့သည်လေ။ဖြစ်နိုင်လျှင်မြင့်မောင်ကို ထောင်ထဲထည့်ပစ်လိုက်ချင်သည်။သို့သော်လည်း ထိုအကြောင်းကို အစဖော်ရုံနှင့် ထောင်ထဲအရင်ရောက်မည့်သူမှာ ဒေါသကြီးလွယ်သော ခင်ပွန်းနှင့်သားဖြစ်သူသာဖြစ်လိမ့်မည်။ပြီးလျှင် ဦးလေးနှင့် တူမသတင်းကတစ်မြို့လုံး ဟိုးလေးတကျော်ဖြစ်ပြီး သမီးငယ်သည်လည်း သနားစရာရှက်စရာအဖြစ် အရှက်တကွဲအကျိုးနည်းဖြစ်မည်။လောလောဆယ်အနေဖြင့် ဒေါ်သုန်၏အစီအစဉ်သည်သာ အဆင်ပြေဆုံးဖြစ်သည်၊ မြင့်မောင်လိုလူယုတ်မာကို အပြစ်ပေးဖို့ထက် မိမိ၏မိသားစုအခြေမပျက်ဖို့ကိုသာ ဦးစားပေးဆုံးဖြတ်ရပေမည်။မြင့်မောင်ကိုတော့ ကံကြမ္မာက အပြစ်ဒဏ်ပေးမည့်ရက်အမြန်ရောက်ပါစေဟုသာ စိတ်ထဲမှဆုတောင်းမိလေသည်။
~~~~~~~~
"မိတုတ်ရေ ဈေးထဲသွားမရောင်းဘူးလားဟယ် ... ဒီရထားသံလမ်းဘေးရောင်းရင် အရောင်းပါးမှာပေါ့ဟယ် "
ရထားသံလမ်းဘေးရှိ အပင်ရိပ်အောက်တွင် ကလေးကိုရင်ခွင်ထဲထည့်လျက် ဈေးထိုင်ရောင်းနေသောမိတုတ်ကို မတူးပြောလိုက်သည်။
"သွားမရောင်းချင်ပါဘူးတော် ... ဒေါ်စန်းတို့က ကျုပ်ကလေးကိုလာလာကြည့်တယ် "
"အမယ်လေး မိတုတ်ရယ် ...ကြည့်တော့ဘာဖြစ်လဲ...ဒီမှာငါပြောမယ် ...နင့်ကလေးကို သူတို့လုယူလို့မရဘူးသိရဲ့လား ...ကလေးကို ချစ်တာကချစ်ပါစေ...သူတို့က ပိုက်ဆံရှိတယ် ...လမင်းလေးကို သူတို့ချစ်တော့ လမင်းလေးကံကောင်းတာပေါ့ ... ကလေးဆိုတာလူချစ်လူခင်များမှ ကောင်းတာ ...ကလေးကိုချစ်တယ်ပြောရင် စိတ်မဆိုးရဘူးကြားလား ...ငါ့ကလေးတွေဆို ချစ်မဲ့သူမရှိလို့ ငါ့မှာ စိတ်မကောင်းဖြစ်နေရတာ "
မတူး၏စကားကြောင့် ရင်ခွင်တွင်းရှိ သားလေးလမင်းကို မိတုတ်ငုံ့ကြည့်လိုက်မိသည်။သာလေးက ဝူးဝူးဝါးဝါးစကားပြောလျက် သူ့လက်သေးသေးလေးနှင့်မိတုတ်၏ အင်္ကျီကိုဆွဲနေလေသည်။ပါးပြင်ပေါ်ရှိ ပါးကွက်လေးများသည်လည်း ဟိုလူသည်လူနမ်းသည်နှင့် မရှိသလောက်ဖြစ်နေ
လေပြီ။ဝတ်ထားသောအင်္ကျီသည်လည်း သားလေး၏ကိုယ်လုံးလေးနှင့် ကြပ်ကြပ်တင်းတင်းလေးဖြစ်နေလေသည်။ယခုတလောလေး လေး၏ခန္ဓာကိုယ်လေးသည် သိသိသာသာပင်ဖွံ့ထွားလာသောကြောင့် ရှိသောအဝတ်အစားများသည် မတော်ချင်တော့ပါ။အသစ်ဝယ်ရပေတော့မည်။ခက်သည်မှာ မိတုတ်တွင်ပိုက်ဆံအပိုမရှိချေ။ဈေးကလဲ အရောင်းပါးသည်လေ။
"သားလေးကို အင်္ကျီတွေဝယ်ပေးရအုံးမယ် မတူးရဲ့..ရှိတဲ့အဝတ်တွေက မတော်တော့ဘူး .. ပိုက်ဆံကလဲမလောက်ဘူးဖြစ်နေတယ် .. မိတုတ်လဲ နေ့တိုင်းတိုစရာနဲ့ပဲစားနေတာကို "
မိတုတ်၏ စကားကြောင့် မိ တုတ်ကိုကြည့်ပြီးမတူးသက်ပြင်းချလိုက်မိသည်။ကိုယ်တိုင်ကတော အလှကြိုက်သူဖြစ်သော်လည်း ဖာရာချုပ်ရာနှင့် ထဘီအနွမ်းလေးကို ဝတ်ထားသောမိတုတ်။မတူးသည်လည်း ဘာထူးသနည်း။ ထဘီမှာ ချုပ်ရာဖာရာအပြည့်ရှိသည်။ဒါတောင် သည်ထဘီက အေးနွယ်ဝယ်ပေးထားခြင်းဖြစ်သည်။ဆပ်ပြာလည်းမသုံးနိုင်၊ အခင်းမရှိအထိုင်မရှိသောနေရာတွင် အမြဲတစေလိုလိုဝတ်နေရသောကြောင့် အဟောင်း မြန်အစုတ်မြန်သည်လေ။
"အေးဟယ် ... ငါ့ကလေးတွေလဲ ဘာထူးလဲ ... မဝယ်နိုင်လိုအစုက် အပြဲတွေပဲရှိတယ် ... ငါ့တို့ဘဝတွေလဲ ညဆိုလဲကောင်းကောင်းမအိပ်နိုင်ဘဲ အလုပ်လုပ်နေတာပါ ပဲ ... ဘာလို့ ဒီဘ၀ကမတိုးတက်လဲ မသိပါဘူးဟယ် ... ငါ့သမီးလေးကြီးလာရင်တော့... ငါလဲအိမ်လေးငှားပြီး နေချင်တယ် ...ခက်တာက ငါအိမ်ငှားမယ်လို့တွေးတိုင်း အိမ်ငှားခတွေကဈေးတက်ရော ဖြစ်နေတယ် ..... အေးနွယ်လေးကတော့ ဒီဒုက္ခတွေငြိမ်းသွားပြီး.. သူအဆင်ပြေမယ်ထင်ပါတယ် .. ဟိုမှာ သူ့မိဘတွေရှိတယ်တဲ့ "
မတူး၏စကားများကြောင့် မိတုတ် ခေါင်းကိုတဖြင်းဖြင်းကုတ်လိုက်ရင်း ရထားသံလမ်းကိုငေးကြည့်လိုက်မိသည်။
"အေးနွယ်သွားတာသုံးရက်ရှိသွားပြီနော် မိတုတ်...အေးနွယ်ကပြောသွားတယ် .. တစ်ပတ်ပြည့်လို့ သူပြန်မလာရင် သူကျန်ခဲ့တဲ့ပစ္စည်းတွေကို တို့နှစ်ယောက်ယူလိုက်တဲ့ ... အဲ့ဒါ တစ်ပတ်မပြည့်ခင် သူပြန်လာနိုင်တယ်လို့ပြောတာဖြစ်မယ် ... သူ့ကိုသတိရလို့ ပြန်လဲ လာစေချင်သလို မင်း လာလဲမလာစေချင်ဘူး ... ဒီမှာဆိုရင် ဆင်းဆင်းရဲရဲနေရမှာလေ ....နင်ရော အေးနွယ်တို့သားအမိကို ပြန်လာစေချင်လား မိတုတ် "
"အိုတော် လာစေချင်တာပေါ့ ...အေးနွယ်တို့သားအမိရှိရင် ပျော်တယ်တော့ ... အလုပ်အားရင် အေးနွယ်ကစာတွေဖတ်ပြတယ် ...သူဖတ်ပြတဲ့ ဇာတ်လမ်းတွေက သိပ်ကိုကောင်းတာ ... ပြီးတော့ ကျုပ်သာလေးလဲအဖော်ရတယ် ...ဒါပေမဲ့ သူပြန်လာမှာမဟုတ်ပါဘူး .. သူလဲမောင်မောင့်လို ညာပြောတာနေမှာပါ "
" မိတုတ်တို့ကတော့လေ စကားပြောရင်မောင်မောင် မပါရင်မပြီးဘူး....အဲ့ဒီမောင်မောင်ကိုတွေ့ချင်လိုက်တာနော် ..... မောင်မောင်နဲ့ကိုရေခဲဘယ်သူပိုချောလဲ မိတုတ် "
မိတုတ်ကို မတူးစလိုက်သည်။မိတုတ်ကလည်းမခံ စွာစွာလန်အောင် ပြန်ပြောလိုက်လေသည်။
"တော်ပြီအေးနွယ် ငါပြန်တော့မယ် ..ဒီရက်အတွင်း အိမ်ထဲကမထွက်နဲ့နော်...ကြားလား "
ဒေါ်ရီသည်ပြောပြီးသည်နှင့် ပြန်ရန်ပြင်လိုက်သည်။
အေးနွယ် သမီးလေးကို တင်းတင်းပွေ့ချီလျက် မိခင်ကြီး၏နောက်ကျောကို ငေးကြည့်နေမိလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၉ ) ဆက်ရန်
#ဧကြည်ဖြူ
ဒေါ်ရီဘာမျှပြန်မပြောမိဘဲ အံကိုကြိတ်၍ ပါးပြင်ပေါ်သို့စီးကျလာသောမျက်ရည်များကို လက်ခုံနှင့်ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်သည်။
" အခုအေးနွယ်နဲ့ ကလေးကဘယ်မှာလဲအရီ ....မင်္ဂလာပွဲပြီးရင် .. ချွေးမနဲ့မြေးကြီးကို သူ့အမျိုးတွေနဲ့ ပြန်လွှတ်လိုက်ပြီးမှ.. ဒေါ်ဒေါ်က ကလေးကိုခေါ်ပြီး နောက်မှ ပြန်လိုက်မယ်လေ "
ဒေါ်ရီ အသက်ပြင်းပြင်းရှူလျက် ငြိမ်သက်နေမိသည်။
~~~~~~
" အေးနွယ် နင့်အမေတို့လာတယ် သူငယ်ချင်း ... ငါ့တို့သားအမိ ...အပြင်ခဏသွားနေလိုက်မယ် "
သူငယ်ချင်းရင်ရင်၏ အခန်းထဲတွင် အေးနွယ်သမီးလေးကိုသိပ်နေစဉ် ရင်ရင်အခန်းထဲ၀င်လာပြီး ပြောလိုက်သောကြောင့် အေးနွယ် ခေါင်းငြိမ့်ပြလိုက်ရင်း ရင်ရင့်ကို အားနာစ္စာပြောလိုက်မိသည် ။
" ကျေး...ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ် ... နင်နဲ့ဒေါ်ကြီးကိုအားလဲနာပါတယ် "
"မဟုတ်တာဟာ ....ရပါတယ် သူငယ်ချင်းရယ် "
~~~~ -~
အေးနွယ်ကလေးကို အခန်းထဲမှာထားခဲ့ပြီး အပြင်ကိုထွက်ရန် ပြင်လိုက်စဉ် အခန်းထဲသို့ဝင်လာသော မိခင်ဖြစ်သူနှင့်အတူအဘွားဖြစ်သူ ဒေါ်သုန်ကိုတွေ့လိုက်ရသောကြောင့် အိပ်ပျော်နေသော သမီးလေးရှေ့မှထိတ်ထိတ်လန့်လန့်ဖြင့် ကာရပ်ထားလိုက်မိပြီး ရှက်စိတ်ဒေါသစိတ်ဖြင့် အော်လိုက်မိသည်။
" အမေ ... အမေဘာလို့ သူ့ကိုခေါ်လာတာလဲ ....သွားနော် ... ထွက်သွား...လူယုတ်မာကြီးရဲ့အမေကို မတွေ့ ချင်ဘူး "
" အေးနွယ် မြေးလေး .... ဒေါသမထွက်ပါနဲ့ကွယ် ..ဘွားလေးပြောတာကိုနားထောင်ပါအုံးကွယ် ... ပြဿနာဆိုတာ ဒီလိုဖြေရှင်းလို့ ပြီးမှာ မဟုတ်ဘူးကွဲ့ ...အားလုံးကို ဘွားလေးဖြေရှင်းပေးပါမယ် .. ဘွားလေးကို ကလေးလေးပြပါအုံး "
ဒေါ်သုန် ကချော့မော့ပြောလျက် အေနွယ်ကိုကျော်ပြီး ကလေးကိုကြည့်ဖို့ဟန်ပြင်လိုက်သည်။ထိုအခါ အေးနွယ်သည် ကျားရိုင်းမလေးပမာ လက်ကိုဆန့်တန်းထုတ်လိုက်ပြီးအော်ဟစ်တားမြစ်လိုက်သည်။
" ရှေ့မတိုးလာနဲ့နော် ... ကလေးကိုကြည့်စရာမလိုဘူး ... အမေပြန်ခေါ် သွားနော် ... "
" သမီးအေးနွယ် စိတ်ကိုထိန်းစမ်း...သူများတွေကြားကုန်မယ် ... အမေပြောတာကို နားထောင်အုံး "
ဒေါ်ရီက အေးနွယ်ကိုဖက်လျက်ချော့မော့နှစ်သိမ့်လိုက်နေစဉ်မှာ ဒေါ်သုန်သည်အိပ်နေသောကလေးလေးကိုကြည့်လိုက်သည်။စောင်ပုံထဲတွင် အိပ်ပျော်နေသော သုံးလသားအရွယ်ကလေးငယ်လေးကို ဒေါ်သုန်မျက်တောင်မခတ်ကြည့်နေမိသည်။တစ်သက်လုံး သမီးမိန်းခလေးရူးရူးခဲ့ရသော ဒေါ်သုန့်အတွက် အသက်ကြီးမှ ကံကြမ္မာက လက်ဆောင်ပေးခဲ့လေပြီလား။ သားဦးလေးတစ်ယောက်မွေးပြီး ကလေး ထပ်မရနိုင်သောချွေးမကြောင့် ဒေါ်သုန်ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရသမျှ ကံတရားက ဒေါ်သုန်ကိုငဲ့ညှာသနားလေပြီလား။ မြေးမလေးအား ဒေါ်သုန်အားရအောင် ကြည့်လိုက်ပြီးနောက်
"အရီ ဒေါ်ဒေါ် ပြန်နှင့်မယ် ..အရီတို့သားအမိ စကားပြောအုံးပေါ့ ... ဒေါ်ဒေါ်ပြောထားတဲ့အတိုင်းပဲနော် အရီ "
~~~~~~~
"အေးနွယ် သမီးလေး ..အမေပြောတာကို နားထောင်ပါအုံးကွယ် ..သမီးလေးအသက်က အခုမှ ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်လေ...ရှေ့ဆက်ပြီးနေရမဲ့ သက်တမ်းတွေ အများကြီးကျန်သေးတယ် ... အမေပြောတာကို သေချာနားထောင်နော် ... သမီး ဘွားလေးက ပြောတယ် ... ကလေးကို သူ့မွေးစားလိုက်မယ်တဲ့ ...သမီးကတော့ အိမ်မှာပြန်လိုက်နေပြီး ကျောင်းပြန်တက်လေ...သမီးဆယ်တန်းအောင်တာကိုရောသိရဲ့လား "
" ဘယ် ... ဘယ်လို ..ဘာပြောလိုက်တယ် အမေ ...သမီးရဲ့ကလေးကို ပေးလိုက်ရမယ် ဟုတ်လား ...အမေဘယ်လိုပြောရက်တာလဲ ..သမီးအသက်နဲ့ရင်းပြီး မွေးခဲ့ရတဲ့ ကလေးကိုပေးလိုက်ရမယ်ဟုတ်လား"
အေးနွယ် မယုံကြည်နိုင်စွာ မိခင်ကို ပြောလိုက်မိသည်။
''သမီးရယ် အခြားသူကိုပေးလိုက်ရတာမှမဟုတ်ဘဲကွယ် ....သူ့ဘွားအေအရင်းလေ ...သမီးတွေ့ချင်ရင်လဲ အချိန်မရွေးသွားတွေ့လို့ရတယ်လေ "
"တော်ပါတော့ အမေ .. မပြောပါနဲ့ ... အဘွားလို့မပြောပါနဲ့ ရှက်စရာကောင်းလို့ပါ ....မပေးနိုင်ဘူး ..ဘာလို့ ပေးရမှာ ....မပေးနိုင်ဘူး."
အေနွယ် အကြောက်အကန် ငြင်းဆန်လိုက်သည်။
"အဲ့ဒါဆို ဘယ်လိုလုပ်မလဲ အေးနွယ်ရဲ့ ... အဲ့ဒီကလေးကိုခေါ်ပြီး အိမ်ကို ပြန်လာလို့မရဘူးဆိုတာ မသိဘူးလား ..."
"သမီးရဲ့ကလေးကိုခေါ်လာတော့ ဘာဖြစ်လို့လဲ အမေရယ် ...အမေ ဘာလို့ သူတို့ကိုသွားပြောလိုက်ရတာလဲ .....ဒီကလေးက သမီးရဲ့ ကလေး သူတို့နဲ့ မပတ်သက်ဘူး "
" နင်ပြောတာလွယ်လှချည်းလား အေးနွယ်ရဲ့ ...မိဘတွေအတွက် မတွေးတော့ဘူးလား ... ညည်းဘာမှမပြောနဲ့တော့ အေးနွယ်.. နင့်ကလေးရောငါတို့ရော ဒုက္ခမရောက်အောင် ... မင်္ဂလာပွဲပြီးတာနဲ့ ကလေးကိုထည့်ပေးလိုက်..ပြီးရင် နင်အိမ်ပြန်လာခဲ့ ...မြင့်မောင်လဲ အိမ်ကိုဘယ်တော့မှ လာရဲမှာမဟုတ်တော့ဘူး ....နင်သာ ဒီကိစ္စကို ပါးစပ်ပိတ်ထားလိုက် ...ရင်ရင်တို့သားအမိကိုလဲ ပါးစပ်ပိတ်နေ အောင် ငါပြောမယ် "
အေးနွယ်စိတ်ပျက် စိတ်မကောင်းစွာ မိခင်ကိုကြည့်လိုက်မိပြီး
" အမေရယ် ... အမေတို့အတွက် ဂုဏ်သိက္ခာက သမီးရဲ့ကလေး ထက်တောင် အရေးကြီးတာလား ဟင် ... မွေးတုန်းကမွေးပြီးမှ ပတ်ဝန်းကျင်ကပြောမှာကိုကြောက်တာနဲ့ ကလေးကိုစွန့်ပစ်လိုက်ရမှာလား .. သမီးရဲ့ကလေးလေးကအရုပ်လား အမေရယ် "
ညည်းတို့တစ်သက်လုံးကောင်းကောင်းနေကောင်းကောင်းစားရတာ သူတို့ ကျေးဇူးတွေသိရဲ့လား ...ကျေးဇူးကန်းစကားမပြောနဲ့ အမိုက်မရဲ့....."
ဒေါ်ရီက သမီးဖြစ်သူအေးနွယ်ကိုကြည်လျက် ပြန်အော်လိုက်သည်။
"တော်ပါတော့အမေရယ်... ဒီ ကျေးဇူးတရားတွေတော်ပါတော့..အမေတို့ကိုးကွယ်နေတဲ့ ကျေးဇူးရှင်ကြီးက သမီးဘ၀ကို ဖျက်ဆီးပြီးသွားပြီ အမေရဲ့...အဲ့ဒါကို အမေတို့သိရဲ့လား "
" ဘာ ... ဘာပြောတယ် အေးနွယ် ...နင်..နင်ဘာပြောလိုက်တယ် "
ဒေါ်ရီမျက်လုံးအပြူးသားနှင့် ထိတ်လန့်တုန်လှုပ်စွာ အေးနွယ်ကိုမေးလိုက်သည်။
" သမီးပြောတာကို အမေမရှင်းဘူးလား ...အမေတို့ကို သမီးပြောခဲ့တယ်လေ...ဦးလေးကသမီးကို မတော်မရော်တွေလုပ်တာမို့ သူ့အလုပ်တွေကို မလုပ်ပေးချင်ဘူးလို့ သမီးပြောခဲ့တယ်လေ ...အမေတို့ သမီးပြောတာကို လက်မှမခံကြတာ.....နောက်ဆုံးတော့ သမီး ဘဝပဲ အဖျက်ဆီးခံလိုက်ရတယ် ဒါကို အမေတို့သိရဲ့လား ... သမီးမှာ ရှက်လွန်းလို့ ဘယ်သူ့ကိုမှမပြောရဲခဲ့ဘူး ... အမေ့တို့ကို အမှန်တိုင်း ပြောပြချင်ပေမဲ့ ...အမေပြောပြောနေတဲ့ အဖေ့ဒေါသကြောင့် ပြဿနာတွေကြီးမှာ ကြောက်လို့ သမီးတစ်ယောက်တည်းကြိတ်ခံခဲ့တာ ...အခုတော့ သည်းမခံတော့ဘူး ..အဲ့ဒီမင်္ဂလာပွဲကို သွားဖျက်ဆီးပစ်မယ် ...သူတော်ကောင်းယောင် ကျေးဇူးရှင်ယောင်ဆောင်နေတဲ့ အဲ့ဒီလူယုတ်မာကြီးကိုလဲ အရှက် သွားခွဲပစ်မယ် ..."
အေးနွယ်ပြောရင်းမှ ကလေးကို ကောက်ချီလိုက်သည်။ဒေါ်ရီသည် အေးနွယ်ကိုအမြန် လှမ်း၍ ဆွဲလိုက်သည် ။
" အေး ...အေးနွယ် ..နေ...နေအုံး ... နင်ဒီလိုလုပ်ရင် ... မင်္ဂလာပွဲအိမ်ကနေ အသုဘအိမ်ဖြစ်သွားလိမ့်မယ် ... ညည်းအဖေကအသက်ငါးဆယ်ကျော်လာပါပြီအေ...အသက်ကြီးမှ ဖအေကိုထောင်ထဲဝင်စေချင်လို့လား ...ညည်းအဲ့ဒီတုန်းကတည်းက ပြောပါလားမိအေးနွယ်ရဲ့ ...ညည်းသဘောနဲ့ ညည်းကလေးပါမွေးပြီးမှ ...ငါတို့ဘာလုပ်ရမှာလဲအေးနွယ်ရဲ့ ပြောပါအုံးအေ ... အီး ..ဟီးဟီး ..ဟီး "
ဒေါ်ရီသည် မချိတင်ကဲဖြင့် ကြမ်းပြင်ကိုထုလျက်ချုံပွဲချငိုလိုက်မိလေသည်။
"ဟင့်အင်း ..အမေမတားနဲ့တော့ ...လူတွေအားလုံးအလယ်မှာ ..လူယုတ်မာကြီးက သူတော်ကောင်းလိုပြုံးပျော်နေပြီး ....သမီးမှာတော့အငတ်ငတ်အပြတ်ပြတ်နဲ့ ဒုက္ခတွေခံနေရတယ် ....ဒါကို အမေတို့ကသူ့ကို ကိုးကွယ်နေကြသေးတယ်ပေါ့လေ ... ပြီးတော့ အရှက်မရှိမင်္ဂလာပွဲတောင် လာလုပ်ပေးလိုက်သေးတယ်...မရဘူး သူတို့စီစဉ်ပေးတဲ့ပွဲကို သွားဖျက်ဆီးပစ်မယ် "
"အေးနွယ် ...ညည်းအဖေနဲ့ညည်းအစ်ကိုကို ထောင်ထဲထည့်မလို့လား ...ကလေးတောင်မွေးလာပြီးမှ ငါတို့ကိုလူပုံအလယ်မှာ အရှက်ခွဲမလို့လား အေးနွယ်ရဲ့ ... လူတွေအများကြီးဒုက္ခရောက်ပြီးမှတော့ .. နင့်ကလေးကဘယ်လို ရှင်သန်ကြီးပြင်းမလဲ တွေးပါအုံးလား ...ဒီမအေ အတန်တန်မေးတုန်းက နင်ဘာလို့မဖြေခဲ့တာလဲ ... လူ့လောကထဲကိုရောက်မလာသင့်တဲ့ဒီကလေးကို နင်ဘာလို့ မွေးခဲ့တာလဲ အမိုက်မရဲ့အရူးမရဲ့ "
ဒေါ်ရီသည်ငိုလျက်မှ အေးနွယ်ကို ဆောင့်ကာဆောင့်ကာဆွဲလျက်ပြောလိုက်သည်။
"ဘယ်လိုပြောလိုက်တာလဲ အမေရယ် ... ကလေးကဘာအပြစ်လုပ်မိလို့လဲ ... သူရှိနေမှန်းသိသိနဲ့ ဘယ်လိုလုပ်ရက်မှာလဲ ... ဒီကိစ္စအားလုံးက အဲ့ဒီလူယုတ်မာရဲ့အပြစ်တွေပဲ ..အဲ့ဒီလူပျော်ရွှင်မနေသင့်ဘူး "
"အေးနွယ် ... အခုချိန်ကစပြီး နင့်ပါးစပ်ကို ပိတ်ထားလိုက်တော့ ... ငါ့စကားကို နားမထောင်ဘဲနင်လုပ်ချင်ရာကိုလုပ်ခဲ့ပြီးပြီဆိုတော့ ...အခုချိန်ကစပြီး ငါမအေ ပြောတဲ့အတိုင်းပဲလိုက်လုပ်တော့ ...ရောဒီမှာ ငါ့လက်ကောက်ကိုယူထားပြီး ခဏပေါင်သုံးထားလိုက် ... မြင့်မောင်ပြဿနာကို ငါရှင်းမယ် ...ငါမခေါ်မချင်းအိမ်ကို မလာခဲ့နဲ့ ...ငါပဲနင့်ကိုလာတွေ့မယ် .. ငါပြောတာကြားတယ်နော် အေးနွယ် ...ဒါကိုမှ နားမထောင်ရင်တော့ ငါ့ကိုပဲသတ်သွားလိုက်တော့ ... နင်ဒီအိမ်မှာတိတ်တိတ်ဆိတ်ဆိတ်နေခဲ့အပြင်လဲမထွက်နဲ့နော် "
အေးနွယ် သမီးလေးကို တင်းတင်းပွေ့ချီလျက် နှုတ်ဆိတ်နေမိသည်။ဒေါသကြောင့် ဝုန်းဒိုင်းကြဲပြီး သွားသောင်းကျန်းပစ်လိုက်ချင်သော်လည်း ငဲ့ညှာရမည့်အကြောင်းရာများစွာသည် ပေါ်ပေါက်၍လာလေသည်။ဖခင်ကြီး၏ဒေါသနှင့်ဆိုလျှင် တစ်ခဏအတွင်း၌ ဒေါသထိန်းချူပ်နိုင်မည်မဟုတ်ပေ။သို့ဆိုလျှင် မိခင်ကြီးစိတ်ပူနေသကဲ့သို့ အဖြစ်များဖြစ်လာနိုင်သည်။အေးနွယ်သည် လည်း သိပ်မကျယ်ဝန်းလှသော မြို့လေးတွင် မျက်နှာမပြရအောင် အရှက်တကွဲ အကျိုးနည်းဖြစ်ရပေအုံးမည်။အေးနွယ်မှာ ဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါ။ အေးနွယ်ဘာလုပ်ရမည်နည်း။ဒုတိယအကြိမ် အေးနွယ်ထွက်ပြေးရအုံးမည်လေလားမသိတော့ပါချေ။
~~~~..~~~~
"အမေဘယ်ကပြန်လာတာလဲ "
" မြောက်ပိုင်းဘက်သွားတာပါ ... ဖိတ်ရမဲ့သူ ကျန်ခဲ့လို့သွားဖိတ်တာ ... မင်းဦးလေးရော ဘယ်ရောက်နေလဲ "
သားဖြစ်သူ၏အမေးကို ဒေါ်ရီပြန်ဖြေလိုက်ရင်း မဏ္ဍပ်ထဲသို့ ဝေ့ဝဲကြည့်လိုက်ပြီးနောက် သားဖြစ်သူကို ပြန်မေးလိုက်သည် ။
"အပေါ်ထပ်မှာလား မသိဘူး အမေ ...."
" ဪ ...အေးအေး "
ဒေါ်ရီအိမ်ထဲသို့ဝင်လာခဲ့ပြီး မီဖိုးခန်းထဲသို့သွားကာ ဓါးတစ်ချောင်းကိုယူပြီး ဖလန်းထည် အင်္ကျီအိတ်အတွင်းသို့ ထည့်လိုက်သည်။ပြီးနောက် ဟန်မပျက် အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း (၈)
*******
ရင်ရင်၏ နောက်တွင်လိုက်ပါလာသော ဝါးခမောက်ဆောင်းကာဖလန်ထည်အင်္ကျီအကွက်ဝတ်ထားသည့် မိခင်ကြီးကိုကြည့်ပြီး အေးနွယ် မျက်ဝန်းမှမျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့သည်။ကိုယ်တိုင် မိခင်နေရာကနေ သားသမီးအဖြစ်သို့ပြန်ရောက်သွားသောအခါရင်ထဲတွင်ရှိနေသောကြောက်စိတ်များပြေလျော့သွားပြီး ဝမ်းနည်းဝမ်းသာခံစားန
ရလေသည်။
" ဒေါ်ကြီးနဲ့ရင်ရင် မြောက်ပိုင်း ခဏသွားလိုက်အုံးမယ် ... သမီးတို့သားအမိတွေ အေးဆေးစကားပြောကြပေါ့ "
ရင်ရင်၏ မိခင်သည် အလိုက်တသိနှင့်ရင်ရင့်ကိုခေါ်ပြီးအပြင်သို့ထွက်သွားလေသည်။အေးနွယ်ကျေးဇူးတင်စွာ ခေါင်းငြိမ့်ပြလိုက်မိသည်။
"အမေ "
အေးနွယ် နင့်နင့်သီးသီး ခေါ်လိုက်မိသည်။အမေသည် အေးနွယ်ကိုအတန်ကြာကြောင်ငေးကြည့်နေပြီးနောက် အေးနွယ်ကိုကျော်လျက် ဖျာပေါ်တွင် သိပ်ထားသော သမီးလေးနှင်းအိမ်ကို လှမ်းကြည့်လေသည်။အေးနွယ်တို့သားအမိကိုလှမ်းကြည့်နေသောအမေ့မျက်နှာသည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလျက် အံကိုမသိမသာကြိတ်ထားလေသည်။
"အ .....အမေ "
ဒုတိယအကြိမ်မြောက် ခေါ်လိုက်ပြီးနောက် အေးနွယ်အမေ့ကိုပြေးဖက်လိုက်မိသည်။
"အမိုက်မ ..ကလေးကိုရအောင် မွေးလိုက်တယ်ပေါ့လေ ဟုတ်လား ... ဘယ်မှာလဲနင့်အကောင်...."
ဒေါ်ရီ အံကိုကြိတ်လျက်မေးလိုက်သည်။အေးနွယ်မဖြေပါ။ မိခင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။
~~~~~~~
ဒေါ်ရီသည် ကလေးနားတွင် ထိုင်ချလိုက်ပြီး အေးနွယ်၏မျက်နှာကို ကြည့်လိုက်သည်။
"အိမ်မှာ ညည်းအစ်ကို မင်္ဂလာဆောင်ရှိတယ် ...သဘက်ခါမှအလုပ်အကိုင်ရက်ပဲ ....အမျိုးတွေတော့ အိမ်ကိုရောက်နေကြပြီ ... ညည်းဘွားလေးနဲ့ ညည်းဦးလေးမိသားစုလဲရောက်နေပြီ ....ဆွေမျိုးတွေစုံနေချိန်မှာ ကလေးအဖေလဲ မပါဘဲပြန်လာရင် အမျိုးတွေအလယ်မှာ ဘယ်လိုပြောမလဲ ....အဲ့ဒီတော့ ရင်ရင်တို့ကိုပြောပြီး ဒီမှာလေးငါးဆယ်ရက်လောက်နေလိုက်အုံး ..."
"ရှင် "
မိခင်၏စကားကြောင့် အေးနွယ်မျက်လုံးအကြောင်သားနှင့် မိခင်ကို ကြည့်လိုက်မိသည်။ မိခင်ကြီးပြောသည်မှာ မှန်သော်လည်း သူစိမ်းအိမ်တွင် အေးနွယ်မည်သို့နေရပါ့မည်နည်း။ပြီးလျှင် အိမ်တွင်လူယုတ်မာကြီးဦးမြင့်မောင်မိသားစုပါရောက်နေသည်ဆိုသောကြောင့် အေးနွယ်လည်းပြန်တော့မပြန်ချင်ပါ။
"ဧည့်သည်တွေ ပြန်သွားမှ ...ညည်းအဖေကိုပြောပြရမယ် ... ဒီမှာနေဖို့ အမေစရိတ်လာပေးပါ့မယ် ...အခုရောအသုံးစရိတ်ရှိရဲ့လား "
အေးနွယ်ခေါင်းကို လေးလေးတွဲတွဲနှင့်ခါယမ်းလိုက်မိပြီး မိခင်ကြီးကို မေးလိုက်မိသည်။
"အစ်ကိုက ဘယ်သူနဲ့ ယူမှာလဲ အမေ "
"ညည်းတို့ဦးလေးမြင့်မောင်ရဲ့ခယ်မလေးနဲ့လေ ....ကောင်မလေးကပညာတတ်ဘွဲ့ရလေး ... ညည်းဦးလေးပဲစပ်ပေးတာလေ "
"ဘာ ...ဘာပြောတယ်အမေ ... ဦးမြင့်မောင်ရဲ့ခယ်မနဲ့ဟုတ်လား ...အမေတို့က ဘာဖြစ်လို့ သူတို့နဲ့ အမြဲပတ်သက်နေရတာလဲ ... အစ်ကိုကလဲ မိန်းမတစ်ယောက်ကို ကိုယ့်ဘာသာရှာမယူနိုင်ဘူးလား "
ကြားလိုက်ရသော စကားကြောင့်အေးနွယ် ဒေါသထွက်သွားမိပြီး မိခင်ကြီးကိုပြောလိုက်မိသည်။
"ဟဲ့ အေးနွယ် ...ညည်းဘယ်လိုပြောလိုက်တာလဲ ...ဘာလဲ ငါ့သားကြီးက ညည်းလိုမိုက်ဇာတ်မခင်းလို့လား ... သူကမိဘစကားနားထောင်တာလေ ....ညည်းလို မိဘမျက်နှာကို အိုးမည်းမသုတ်ဘူး ..မိဘတွေကိုရပ်ရွာထဲမှာရောအမျိုးတွေကြားမှာပါ... မျက်နှာမပြရဲအောင်လုပ်ထားတဲ့သူကများ ...ဘာစကားပြောတာလဲ ..မိဘကဒီလောက်တားရဲ့နဲ့ လုပ်ချင်ရာလုပ်သွားပြီးမှ... သူတောင်းစားလိုစုတ်စုတ်ပြတ်ပြတ်ပြန်ရောက်လာပြီး... ညည်းမို့ဒီစကားပြောရဲတယ်..ဘယ်မှာလဲညည်းယူသွားတဲ့ရွှေတွေ ... ကုန်ပြီမဟုတ်လား "
မိခင်ကြီး၏ စကားကြောင့် အေးနွယ်ရင်ထဲ ဝမ်းနည်းဒေါသများဖြစ်ပေါ်လာမိပြီး အတန်တန်ထိန်းထားသည့်ကြားမှ နှုတ်မှပွင့်အန်ထွက်လာမိလေတော့သည်။
"အမေတို့က သမီးကိုဆိုရင် အမြဲအထင်သေးတယ်... သမီးခံစားနေရတာတွေကိုလဲ အမေတို့စိတ်မဝင်စားဘူး ...သမီပြောရင်လဲလက်မခံကြဘူး .... သားသမီးချင်းတူတူ အကိုကြီးကိုပိုပြီးပစားပေးတယ် ... မြှောက်စားတယ် ...သမီးကိုကျတော့ အစေခံလိုအမြဲမီးဖိုချောင်မှာပဲထားတယ် ....စာဖတ်ခွင့်လေးတောင်မပေးခဲ့ကြဘူး .. သမီးမှာပြဿနာဖြစ်တော့လဲ သမီးဘက်ကရပ်တည်ပြီးဖြေရှင်းပေးဖို့မကြိုးစားဘဲ ... အမေ့တို့ဂုဏ်သိက္ခာကိုပဲကြည့်နေတာမဟုတ်လား ...တစ်ဆိတ်ရှိနင့်အဖေဒေါသဆိုတာချည်းပဲပြောနေတာ ... အဲ့ဒါကြောင့်မို့လဲ သမီး ခံစားနေရတာတွေကိုအမြဲမျိုသိပ်ထားခဲ့တယ်... ပြဿနာတစ်ခုခုဖြစ်ရင် အတူဖြေရှင်းပေးဖို့မကြိုးစားဘဲ ဒေါသနဲ့ပတ်ဝန်းကျင်ကိုပဲအကြောင်းပြခဲ့တာမဟုတ်လား "
" အေး ...အေးနွယ် ..ညည်း ... ညည်း မအေကိုဘယ်လိုပြန်ပြောနေတာလဲ ... ညည်းရိုင်းလှချည်လားအေ...ညည်းလုပ်ချင်ရာလုပ်သွားပြီးအရိုင်းအစိုင်းတွေပဲ သင်လာခဲ့တာပေါ့လေဟုတ်လား ..... အခုလဲငတ်ပြတ်နေလို့ ပြန်လာတာကို ညည်းကကြီးကြီးကျယ်ကျယ် စကားတွေပြောနေရသေးလား ... ပြီးတော့ မြင့်မောင်တို့နဲ့ပတ်သက်တော့ ဘာဖြစ်လို့လဲဘာအကျိုးယုတ်လဲ ...
"အေး ..ရပါတယ်ဟ ...နင့်အမေက ငါ့ကိုခေါ်ပါတယ် ..ငါ့အမေ ဈေးဆိုင်ကပြန်လာတာနဲ့ ငါစက်ဘီးနဲ့သွားခေါ် ပေးမယ်လေ .....နင်းညောင်းနေမှာပဲ ကလေးကို ဖျာပေါ်မှာချထားလိုက်လေ ... "
~~~~~~
"ဟော ...လာကြပြီ "
ရင်ရင်၏မိခင်ဖြစ်သူ ဒေါ်ကြီးလှ၏ အသံကြောင့် အေးနွယ်ရင်ထဲတလှိုက်လှိုက်နှင့်ဆို့တက်လာပြီး ဖြေဖျားလက်ဖျားများပါ အေးစက်လာလေသည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၈) ဆက်ရန်
#ဧကြည်ဖြူ
"
" အို ..မလိုချင်ပါဘူး ...ကျုပ်ဘာသာဈေးရောင်းပြီး ပိုက်ဆံရှာမယ် ... သားလေးကိုတော့ မပေးဘူး ....ရှင်တို့သွားကြတော့ ကျုပ်စိတ်တိုလာပြီးနော် ...လိုချင်ကိုယ်ဘာသာမွေးကြပါလား "
" ဒုန် ...ဂွမ်း "
မိတုတ်သည် ဒေါ်စန်းတို့လူစုကို အော်ဟစ်မောင်းထုတ်လိုက်သည်။ပြီးလျှင် စိတ်တိုတိုနှင့်အနီးရှိ ဇလုံဇလားများကို ကန်ကျောက်ပစ်လိုက်သည်။မိတုတ်၏ ပုံစံကြောင့် ဒေါ်စန်းတို့လူစုလည်းအိမ်ထဲမှ အမြန်ထွက်သွားကြသည်။ပတ်ဝန်းကျင်ရှိ လူတချို့သည်လည်း ဆူညံပွက်လောရိုက်နေသော မိတုတ်အခန်းရှေ့သို့ လာရောက်ကြည့်ရှုကြလေသည်။
"ဟဲ့ ..ဟဲ့ မိတုတ် ဘာဖြစ်တာလဲ ... ကလေးလဲငိုနေပြီး ... ကလေးကိုချီလိုက်အုံးဟဲ့ ...ဘာဖြစ်လို့လဲ မတူးကိုပြောစမ်း ... ဒေါ်စန်းတို့ဆိုင်က ဈေးကြွေးဝယ်ထားမိလို့လား "
မတူးက မိတုတ်၏ အခန်းထဲသို့ဝင်လိုက်ပြီး စိုးရိမ်တကြီးနှင့် မေးလိုက်မိသည် ။
"သူတို့ဆီက စျေးကြွေးလဲမဝယ်ပါဘူးတော် ..သူတို့က မိတုတ်သားလေးကို လာတောင်းတာတဲ့မတူးရဲ့ ...အီ.ဟီး...ဟီး "
မထူးကို ပြန်ဖြေရင်းနှင့် မိတုတ် ငိုတော့သည်။
" ဘယ်..ဘယ်လို ကလေးလာတောင်းတာ ဟုတ်လား "
မတူးမျက်လုံးအပြူးသားနှင့် မေးလိုက်မိသည်။
"ဟုတ်တယ် ကျုပ်သားလေးကို လာတောင်းတာ ...တော်ပြီ နောက်ဆို သူ့တို့ဆိုင်ရှေ့မှာဈေးသွားမရောင်းတော့ဘူး ...အလကား အကျင့်မကောင်းတဲ့ လူတွေ "
" ဒေါ်စန်းတို့ကလေးရူးလင်မယားကလဲဒုကွပဲ ...ကဲပါမိတုတ်ရယ် ... မငိုနဲ့တော့ ကိုယ်ပေးမှ ဖြစ်တာ ... သူတို့လာလုယူလို့ရတာမှမဟုတ်တာ ..."
မတူးသည် မိတုတ်ကိုနှစ်သိမ့်ပြောလိုက်ရင်းနှင့်စိတ်ထဲတွင်မူ"ပေးလိုက်ပါလား မိတုတ်ရယ် နင့်သားလေးချမ်းချမ်းသာသာနေရမှာ "ဟုပြောချင်နေသော ပါးစပ်ကို မနည်းထိန်းထားရလေသည်။
~~~~~~~
အေးနွယ်ကားပေါ်မှဆင်းပြီးသည်နှင့် ပဝါကိုခေါင်းမှာချည်လိုက်ပြီး လက်တစ်ဖက်ကသမီးလေးကို ပွေ့ချီလျက်တစ်ဖက်မှ လက်ဆွဲအိတ်ကိုဆွဲလျက် သိပ်မဝေးသော မြို့အနောက်ထိပ်ဘက်သို့ ထွက်လာခဲ့သည်။
~~~~~~~
ခြံဝန်းတံခါးရှေ့တွင် အေးနွယ် အတန်ကြာရပ်နေမိသည်။ခြံတွင်းရှိ သစ်သားအိမ်လေးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။အေးနွယ် သမီးလေးကိုတစ်ချက်ငုံ့ကြည့်လိုက်မိပြီး အားတင်းခေါ်လိုက်မိသည်။
"ရင်ရင် ..ရင်ရင်ရှိလား "
" ဘယ်သူတုန်း ..လာပြီ...လာပြီ "
အသံနှင့်အတူ ပြေးထွက်လာသောရင်ရင်သည် မျက်နှာကို ပဝါနှင့်ချည်ထားသော အေးနွယ်ကို ဖြုန်းခနဲမမှတ်မိဘဲရှိလေသည်။
" ရင်ရင် ...ငါလေ ..ငါပါ သူငယ်ချင်းရဲ့ အေးနွယ်လေ "
"ဟယ် .. အေး ... အေးနွယ် ... သူငယ်ချင်း ...လာ ...လာ... နင် အရမ်းပိန်သွားတယ် ဖြုန်းခနဲမမှတ်မိဘူးဟယ် ..ပေး ..ပေးနင့်အိတ် "
ရင်ရင်သည် အံ့ဩစွာကြည့်ရင်းအေးနွယ်လက်ထဲမှအိတ်ကိုဆွဲယူလိုက်သည်။
~~~~~
"ဘယ်လိုဖြစ်ရတာလဲ သူငယ်ချင်းရယ် .. ဘယ်မှာနေတာတုန်း ...ကလေးကနင့်ကလေးလားချစ်စရာလေးဟယ် ... နင်ခိုးရာလိုက်သွားတယ်ဆိုလို့ ငါဖြင့် အံ့ဩနေတာ .. အေးဆေးနားနော် အေးနွယ် "
" ဒေါ်ကြီးရော ဘယ်သွားလဲရင်ရင် "
အိမ်ထဲသို့လှည့်ပတ်ကြည့်ရင်း အေးနွယ်မေးလိုက်သည်။ရင်ရင်တိုကသားအမိနှစ်ယောက်တည်းရှိပြီး အနေအေးကြသူများ ဖြစ်သည်။မြို့ထဲကလူများနှင့်လည်းသိပ်ပြီးရှုပ်ရှုပ်ယှက်ယှက်လုပ်လေ့မရှိဘဲ သားအမိနှစ်ယောက်တည်း အေးအေးဆေးဆေးနေသူများ ဖြစ်သည်။အနေအေးလွန်းသော ရင်ရင့်ကို အခြားသူများထက် အေးနွယ်ပိုပြီးခင်မင်ခဲ့သည်။ယခုလဲ အိမ်သို့မပြန်ရဲသေးသောကြောင့် ယုံကြည်ရသော သူငယ်ချင်းရင်ရင်ထံသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ရင်ရင်၏ မိခင်ကလည်းအေးနွယ်ကို ရင်းနှီးချစ်ခင်နေသောကြောင့် အရဲစွန့်ပြီးလာခဲ့ခြင်းဖြစ်သည်။
" အမေဈေးသွားဝယ်တယ် တော်ကြာပြန်လာတော့မှာ ..ဒါနဲ့နင့်ယောကျာ်းရော မလိုက်လာဘူးလား..."
ရင်ရင်သည် မေးရင်းအေးနွယ်ကို အကဲခပ်ကြည့်လိုက်သည်။
အေးနွယ်ခေါင်းကိုခါယမ်းပြလိုက်ပြီး
''အမေတို့ကို သတိရလို့ငါပဲပြန်လာတာ...အိမ်ကိုမပြန်ရဲလို့ နင့်ဆီအရင်လာခဲ့တာ "
"ဟယ် ..ဒါဆိုနင့်အိမ်မရောက်သေးဘူးပေါ့ ....နင့်အစ်ကို မင်္ဂလာဆောင်ကို နင်ပြန်လာတယ်ထင်တာ "
" ငါ့ ...ငါ့အစ်ကိုမင်္ဂလာဆောင်ဟုတ်လား ... ဘယ်သူနဲ့ ဆောင်တာလဲ "
အေးနွယ် အံ့သြတကြီးနှင့် မေးလိုက်မိသည်။
"အဲ့ဒါတော့ သေချာမသိဘူးဟ ..ဒီကတော့ မဟုတ်ဘူးထင်တယ် ... ငါတို့အနောက်ပိုင်းကိုလဲ သိပ်မဖိတ်ဘူးလေ "
ရင်ရင်၏စကားကြောင့် အေးနွယ်မျက်နှာပူသွားမိသည်။အေးနွယ်တို့မြို့လေးတွင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ခေါ်လေ့ရှိကြသည်။ထိုထဲမှ အနောက်ပိုင်းအစုမှာ သာမာန်လက်လုပ်လက်စား ဆင်းရဲသားအများစုနေထိုင်ကြသည်။ထိုကြောင့် မြေရှင်ယာရှင်များနှင့်ပွဲရုံလုပ်ငန်းများရှိကြသော အရှေ့ပိုင်းရှိလူများသည် အရှေ့ပိုင်းနှင့်အတန်ငယ်လည်းလှမ်းသော အနောက်ပိုင်းသို့ အသွားအလာလည်း သိပ်မလုပ်ကြသလို အဆက်ဆံလည်းသိပ်မလုပ်ကြပေ။
"ငါ့အမေကို နင်သွားခေါ်ပေးလို့ရမလားဟင် ရင်ရင် ...ဘယ်သူမှမသိအောင် အမေ့ကိုပဲပြောပြီးခေါ်ပေးလို့ရမလား "
ရင်ရင့်ကို အေးနွယ်အကူအညီတောင်းလိုက်မိသည်။
" ခေါ်ချင်ခဏခေါ်သွားလေ .. ပြီးရင် ကျုပ်လာခေါ်မယ်နော် "
မိတုတ်သည်ကလေးနှင့်အလုပ်ရှုပ်နေစဉ်မှာပင် မိတုတ်စျေးရောင်းနေသောမျက်စောင်းထိုးရှိ ကုန်စုံဆိုင်ပိုင် ရှင်ဒေါ်စန်းရောက်လာခြင်းဖြစ်သည်။ဒေါ်စန်းက ကလေးကိုတောင်းချီလိုက်သောအခါ မိတုတ်က ကြည်ကြည်ဖြူဖြူပင်ပေးချီလိုက်သည်။ဒေါ်စန်းတို့၏ကုန်စုံဆိုင်တွင် မိတုတ်က ဈေးဝယ်နေကြဖြစ်သောကြောင့် ရင်နှီးနေကြခြင်းဖြစ်သည်။ဒေါ်စန်းသည် မိတုတ်ခွင့်ပြုသည်နှင့်ကလေးကိုချီပြီး လမ်းတစ်ဖက်ခြမ်းရှိ မိမိတို့၏ဆိုင်သို့ ခေါ်လာခဲ့လေသည်။မိတုတ်ကတော့ ကုန်စိမ်းဗန်းများကိုသိမ်း၍ကျန်ခဲ့လေသည်။
~~~~
" ကိုကျော်ရေ ဒီမှာကြည့်ပါအုံးကလေးက ဖြူဖြူဖွေးဖွေး တစ်လုံးတစ်ခဲကြီးနဲ့ ချစ်စရာကြီးတော် ...လာကြည့်ပါလား "
ဒေါ်စန်းသည် ကလေးကိုချီလျက်ဆိုင်တွင်းသို့ ဝင်ခဲ့ပြီး ယောကျာ်းဖြစ်သူကို လှမ်းပြောလိုက်သည်။ထိုအခါ ဆိုင်ထဲတွင် အလုပ်သမားလေးများနှင့်အတူစျေးရောင်းနေသောဦးကျော်က ဇနီးဖြစ်သူနားကို လျှောက်လာခဲ့လိုက်သည်။
"ပြပါအုံးဟ ...တစ်မနက်လုံး မိတုတ်နားမှာ ဝိုင်းကြည့်နေကြလို့ ကလေးကိုကောင်းကောင်းမမြင်ရသေးဘူး ..ဟ ချစ်စရာကြီးပါလား ..ယောကျာ်းလေးလား ... ပေးပါအုံး ငါချီပါအုံးမယ်..."
ဦးကျော်သည် ပြောပြောဆိုလိုနှင့် ကလေးအားလှမ်းယူချီလိုက်သည်။ငါးလကျော်ခြောက်လ အရွယ်လမင်းလေးက မငိုဘဲမျက်လုံးပြူးလေးနှင့်သာ ဦးကျော်တို့ ဇနီးမောင်နှံကိုကြည့်နေခဲ့လေသည်။ဦးကျော်နှင့် ဒေါ်စန်းမှာ အသက်လေးဆယ်ကျော်မှ အိမ်ထောင်ပြုခဲ့ကြပြီး အိမ်ထောင်သက်တမ်းဆယ်နှစ်နီးပါးရှိလာသည်အထိ သားသမီး မထွန်းကားကြသေးချေ။ထို့ကြောင့် လင်းမယားနှစ်ယောက်လုံး ကလေးရူးရူးနေကြခြင်းဖြစ်သည်။
'' ဒေါ်စန်းရေ ကျုပ်ပြန်တော့မယ် ...ကလေးပေးတော့ "
ဒေါ်စန်းတို့ ဇနီးမောင်နှံမှာကလေးကို ချစ်၍မဝသေးခင်မှာပင် မိတုတ်ရောက်လာလေသည်။ဒေါ်စန်းမှာမပေးချင်ပေးချင်းနှင့်မိ တုတ်လက်ထဲသို့ ကလေးကိုလှမ်းပေးလိုက်သည်။
"နေအုံးမိတုတ် ... ကလေးအတွက် မုန့်နဲ့ကစားစရာတွေယူသွားပါအုံး"
ဈေးဝယ်ပြီးသည်နှင့် ပြန်ရန် ပြင်နေသောမိတုတ်ကို ဒေါ်စန်းကပြောလိုက်သည်။မိတုတ်က ဒေါ်စန်းကို ကြည့်လိုက်ပြီး ခေါင်းကိုခါယမ်းပြလိုက်သည်။
"မယူချင်ပါဘူးတော် ... သူများ ပေးတာကို အလကားမလိုချင်ပါဘူး ...ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်မှာပေါ့ ..."
"ဟဲ့ ...အမယ်လေးမိတုတ်ရယ် ...ကြီးကျယ်တာအေ တကယ်ပါပဲ ... ကလေးကိုချစ်လို့ပေးတာပါဟဲ့ ... ကလေးကိုပေးတာဆိုရင် မငြင်းရဘူး သိရဲ့လား ...နင့်ကို ပေးတာမှ မဟုတ်တာ ...."
ဒေါ်စန်းပြောလိုက်သောအခါ မိတုတ်တွေဝေသွားမိသည်။
"ကလေးဆိုတာ လူကြီးတွေက လက်ဆောင်ပေးရတယ်ဟဲ့ ... အဲ့ဒါမှ ကလေးလဲပျော်ရွှင်ပြီး ကျန်းမာတာသိရဲ့လား "
ပါးစပ်ထဲရှိရာကို ဒေါ်စန်းက ထပ်ပြောလိုက်သောအခါ မိထုတ် ခေါင်းကို တဖြင်းဖြင်းမြည်အောင် ကုတ်လိုက်သည်။
" ဟုတ်လို့လား ဒေါ်စန်းရဲ့ ...တော်ကြာ မိတုတ်သားလေးကြီးလာရင် သူများပစ္စည်းအလကားလိုချင်နေအုံးမယ် "
"ညည်းအေ ..ပေါက်ကရတွေ ပြောနေတယ် ... ကလေးကျန်းမာဖို့ယူသွားပါအေ"
ဒေါ်စန်းကပြောပြီး အတင်းထိုးပေးလိုက်သောအခါ မိတုတ်မှာ ယောင်နုနုနှင့် လှမ်းယူလိုက်ရလေသည်။
~~~~~~
"သိပ်ချစ်တယ်ဒီက ..ဒီကတော့ သိပ်ချစ်တာပဲ ....အိပ်လေသားလေးရဲ့...အိပ်သေးဘူးလား ...အမေဟင်းရွက်တွေစည်းရအုံးမယ်လေ သားလေးရဲ့ ...ဘာလဲ သား လေးက ဒီသီချင်းမကြိုက်ဘူးလား "
မိတုတ်သီချင်းအော်ဆိုပြီး ကလေးကိုသိပ်နေသော်လည်း သားလေးက မအိပ်ဘဲစောင်ပုခက်ထဲတွင်တွန်းထိုးရုန်းကန်နေလေသည်။မိတုတ်ပုခက်ကို လက်နှစ်ဖက်နှင့် လွှဲလိုက်ပြီး
"အိပ်ပါသားလေးရယ်..အမေ့မှာ အလုပ်တွေရှိသေးလို့ပါ...အိပ်ပါနော် "
"မိတုတ်ရေ ...မိတုတ်ရှိလား"
ခေါ်သံနှင့်အတူအိမ်ဝသို့ ရောက်လာသော ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်စန်းတို့လင်မယားနှင့်အတူလူနှစ်ယောက်ကိုတွေ့လိုက်ရသောကြောင့်မိတုတ်ယောင်နနနှင့် မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ ဒေါ်စန်း ...မိတုတ်ဆီ ဟင်းရွက်လာဝယ်တာလား"
"မဟုတ်ဘူးမိတုတ် ..နင့်ကို ပြောစရာရှိလို့လာတာ ..ငါတို့အိမ်ပေါ်တက်လို့ရမလား ..နင့်အိမ်ကခိုင်ရဲ့လား .."
ဒေါ်စန်းက မေးရင်းနှင့်အိမ်ပေါ်သို့တက်လာသည်။ဦးကျော်နှင့်လူကြီးနှစ်ယောက်လည်း အိမ်ပေါ်သို့တက်လာခဲ့သည်။
"မိတုတ် ထိုင်ပါအုံးဟဲ့ ..နင့်ကို ပြောစရာရှိလို့လာခဲ့တာ "
"ဟုတ်ကဲ့ "
မိတုတ်ကလေးသိပ်နေရာမှ ဒေါ်စန်းနားတွင် ဝင်ထိုင်လိုက်သည်။
"ဒီလို မိတုတ်ရဲ့ ....နင့်သားလေးကိုလေ ငါတို့ကိုမွေးစားဖို့ပေးမလား ...နင့်ကို ပိုက်ဆံပေးမယ်လေ ."
"ဘာပြောတယ်တော့ ... မပေးဘူး ... မပေးပါဘူး ...ကျုပ်သားလေးကို ဘယ်သူကိုမှမပေးပါဘူး ... ဒေါ်စန်းတို့ ခုချက်ချင်းပြန်ကြနော် "
မိတုတ် စိတ်တိုတိုနှင့်ထအော်လိုက်မိသည်။
"မ ..ဟုတ်ဘူးလေ မိတုတ်ရဲ့ ....သားလေးကတို့နဲ့နေရင် ချမ်းချမ်းသာသာနေရမှာလေဟယ် ...နင့်ကိုလဲ လုပ်ကိုင်စားဖို့ပိုက်ဆံတွေပေးအုံးမှာလေ "
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၇)
******^****
သားလေးလမင်းကို ရင်ခွင်းတွင်းချီလျက် ဘူတာထဲသို့ မိတုတ်ဝင်လာခဲ့သည်။
"မိတုတ်လာပြီလား ... ဒီနေ့ ဘူတာစျေးမှာပဲရောင်းလေ ... လျှောက်မရောင်းနဲ့တော့ ကလေးနေပူမယ် ...ဒီလိုဆိုတော့ အေးနွယ်ကို သတိရလိုက်တာဟယ် ...သူတို့ သားအမိ အခုချိန်ဆိုရထားပေါ်မှာပဲ ရှိအုံးမယ်ထင်တယ် "
မတူးကမိတုတ်ကို လှမ်း နှုတ်ဆက်လိုက်ရင်း မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။
မိတုတ်ကတော့ ရန်ကုန်မြို့ထဲဘက်သို့သွားသော ရထားသံလမ်းကို မျှော်ကြည့်နေမိသည်။ထိုဘက်မှ မြို့ပတ်ရထားလာလျှင် ပြည်မှ လာသောဒေါ်စိန်လှပါမည် ။ဒေါ်စိန်လှဆီမှ အသီးအရွက်များယူရောင်းရမည်။ညက စိတ်မကြည်သောကြောင့် ပဲခူးရထားဆိုက်ချိန်တွင် မိတုတ်ကုန်စိမ်းများ ထွက်မယူဖြစ်လိုက်ပါ။အမှန်ဆိုလျှင်သည်နေ့တစ်ရက် ဈေးရောင်းနားပစ်ချင်သည်။သို့သော်လည်း နား၍မဖြစ် ။ လူကနေသော်လည်း ဗိုက်ကမနေ၊ အိမ်လစာကမနေ၊ သားလေးကလည်း တဖြည်းဖြည်းကြီးလာပြီမို့ သားလေးအတွက်လည်း အဝတ်အစားများနှင့် ကစားစရာအရုပ်လေးများလည်းဝယ်ပေးချင်သေးသည်လေ။ အေးနွယ်နှင့်နှင်းအိမ်လေးသာရှိရင် ကစားစရာအရုပ်များ အတူတူဝယ်၍ရနိုင်ပေသည်။မိတုတ်ခြေတစ်ဖက်ကို ဆတ်ခနဲခါ လိုက်ပြီး မတူးဘေးတွင်ထိုင်ချလိုက်သည်။မတူးက ကလေးကို လှမ်း၍မြူလိုက်သည်။
"လမင်းလေရေ ..မျက်နှာမှာလဲ သနပ်ခါးတွေဖွေးလို့ပါလား... လမင်းကြီးကျနေတာပဲ..."
"မတူး ...ပဲခူးက ဘယ်မှာလဲ "
ရုတ်တရက်မိတုတ်၏အမေးကြောင့် မတူးအံ့သြသွားမိသည်။ စိတ်ထဲလည်းမကောင်းဖြစ်သွားမိသည်၊၊
"ပဲခူးရထားလိုက်စီးသွားရင် ပဲခူးရောက်တာပေါ့ မိတုတ်ရယ် ...ဒါပေမဲ့ ပဲခူးကရန်ကုန်လိုမဟုတ်ဘူး ... မြို့နယ်တွေရွာတွေနဲ့ အကျယ်ကြီးပဲ...အေးနွယ်ပြောတာတော့ ပဲခူးမြို့ကနေသူ့တို့ နေရာကိုသုံးလေးနာရီလောက် ကားစီးရသေးတယ်ပြောတာပဲ "
" ဪ ..ဟုတ်လား "
မိတုတ်လေးလေးတွဲတွဲနှင့် ခေါင်းငြိမ့်လိုက်သည်။
"ဒါနဲ့ ... မိတုတ်ရဲ့မြို့သာကုန်းကရော .ဘယ်တိုင်းထဲမှာရှိတာလဲဟင် ..."
မတူးကစကားလမ်းကြောင်းလွှဲရန်မေးလိုက်သည်။
မတူး၏အမေးကြောင့် မိ တုတ်ခေါင်းကို တဖြင်းဖြင်းကုတ်လိုက်မိသည် ။
"မသိဘူးတော် ..... ကျုပ်လဲ ရေကန်ကြီးနားကထွက်လာပြီး အိမ်မပြန်ချင်တာနဲ့ ကားလမ်းမကိုလျှောက်သွားခဲ့တာ ..ကားလမ်းရောက်တော့ ကားတစ်စီးကကျုပ်ကို လိုက်စီးခိုင်းတယ် .. အဲ့ဒီကားပေါ်ကဆင်းတော့ပြီးတော့ လူတွေ စည်တဲ့မြို့ထဲရောက်သွားတာ .. မြို့ထဲမှာနေပြီး လျှောက်သွားရင်းဘူတာကို ရောက်သွားခဲ့တာ...ဘူတာရောက်တော့ရထားရပ်ထားတာတွေ့လို့ တက်စီးခဲ့တာပဲ "
သည်တစ်ခါ ခေါင်းကုတ်ရသူမှာ မတူးဖြစ်ပါသည်။မတူးက ထပ်ပြီးမေးလိုက်သည်။
" ဒါဆိုရင် ဘာရထားစီးလာတာလဲ မှတ်မိလား ... အိမ်ကိုရော ပြန်တတ်လား "
" လာတုန်းကလို ရန်ကုန်ဘူတာကြီးကနေ ရထားစီပြီးပြန်မှာပေါ့ မတူးရဲ့ ဘာခက်လဲ ..ဒါပေမဲ့ မပြန်ပါဘူး ...မေမေကြီးတို့က ကျုပ် သားလေးကို သတ်ချင်နေကြတာ ... မောင်မောင်ကလဲ ကျုပ်ကိုညာပြောတယ် .. အမေကလဲ မေမေကြီးတို့ခိုင်းသမျှလုပ်တာ ကျုပ်ကိုမချစ်ပါဘူးတော်...မြို့သာကုန်းကို ကျုပ်မပြန်ပါဘူး....ကျုပ်သားလေးကို ဘယ်သူမှအန္တရာယ်မပေးနိုင်တဲ့နေရာမှာပဲနေမှာ "
မိတုတ်ပြောရင်း သားဖြစ်သူ၏ ပါးစုံဖောင်းဖောင်းလေးနမ်းရှုပ်လိုက်သည်။
"အေးပါ...ဒါပေမဲ့ နင့်အမေကတော့ နင့်ကိုစိတ်ပူနေပြီး သတိရနေမယ်ထင်တယ် မိတုတ်ရဲ့ ...လမလေးကိုနင်ချစ်သလိုပဲ နင့်အမေကလဲ နင့်ကိုချစ်မှာပါဟယ် "
မတူးစကားကြောင့် မိတုတ်မျက်ရည်များကျလာမိသည် ။
" ကျုပ် ..ကျုပ်လဲအမေ့ကိုသတိရပါတယ်တော် ... မေမေကြီးတို့က အမေ့ကို အလုပ်တွေသိပ်ခိုင်းကြတာ ...ကျုပ်မရှိတော့ အမေပင်ပန်းနေပြီထင်ပါတယ်...."
"ကဲ ...ကဲ မငိုပါနဲ့တော့ မိတုတ်ရယ်...နင့်အမေကိုသတိရရင် ဘယ်နေရာလဲဆိုတာ သေချာစဉ်းစားထား ... လမင်းလေးလမ်းလျှောက်နိုင်တဲ့ အရွယ်ရောက်မှ သွားရှာပေါ့ "
~~~~~~
"ဟယ် .. မိတုတ် ...အဲ့ဒါနင့်ကလေးလား ... ဘယ်နှစ်လရှိပြီလဲ ချစ်စရာလေးဟယ် ..ငါ့ကို မွေးစားဖို့ပေးမလား "
"တော်တို့နော် ....လိုချင်ကိုယ့်ဘာသာမွေးပေါ့ ..ဘာလို့သူများကလေးကိုလာတောင်းနေရတာလဲ ...ကျုပ်အလေးနဲ့ထုမှာနော် "
"အမယ်လေး အလေးနဲ့တော့မထုပါနဲ့မိတုတ်ရယ်...ချစ်လို့စတာပါဟဲ့ ... နင်ကဘာလို့ဒီနေ့မှ ကလေးခေါ်လာရတာလဲ "
" အေးနွယ်တို့သားအမိ ပဲခူးပြန်သွားလို့ခေါ်လာရတာပေါ့ ...အရင်က အေးနွယ်ကထိန်းပေးတာလေ "
ဈေးဝယ်သူများကမေးလိုက် မိတုတ်ကရှင်းပြလိုက်နှင့် မိတုတ်၏ ကုန်စိမ်းဆိုင်လေးတွင် ယခင်နေ့များထက် ၀ယ်သူများ ပို၍များပြားစည်ကားနေလေသည်။
စျေးကွဲစပြုလာသောအခါ မိတုတ်၏ဈေးဗန်းထဲရှိ ကုန်စိမ်းများတက်တက်ပြောင်အောင်ကုန်စင်သွားလေသည်။
"သားလေးရေ ... ဒီနေ့ အမေ့သားလေးပါလာလို့ ဈေးရောင်းကောင်းတယ်တော့ ...အမေတို့ ပြန်ကြမယ်နော် ...သားလေးဗိုက်ဆာနေပြီလား ...နို့တိုက်မယ်နော် တိုက်မယ်ကြားလား "
"မိတုတ်ရေ နင့်သားလေးက ချစ်စရာလေးပါလားဟဲ့ ... ငါ့ပေးချီပါလားဟယ် ...နင်လဲ ဆိုင်မှာဈေးဝယ်အုံးမှာမဟုတ်လား ..ဆိုင်ကိုလာခဲ့လေ .... ငါကလေးကိုချီသွားလိုက်မယ် ရလား "
