အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Открыть в Telegram
Больше
1 031
Подписчики
Нет данных24 часа
-37 дней
-1230 дней
Архив постов
" အဲ့ဒါတွေ မတွေးပါနဲ့မမကြီးရယ် .. အခုက နွေးပေါ့ဆခဲ့လို့ ဖြစ်တာပါ..."
~~~~
ဆေးရုံးတက်ပြီး သုံးရက်မြောက်သည့်နေ့အထိ နွေးနွေးမှာ ခွဲစိတ်ဖို့ရက်မရရှိသေးဘဲ သွေးစစ် ၊ ဆီးစစ်နှင့် အချိန်ကုန် ဆုံးခဲ့ရလေသည်။
" မနွေးနွေးက ခွဲစိတ်ဖို့လုပ်ရမှာလေ ... ဒိတ်ရပြီလား "
"ဗျာ ..ဟိုမရသေးဘူးဆရာ ...."
ဆရာဝန်များ ဆေးရုံအတွင်း လှည့်လည်စစ်ဆေးနေရင်းမှ ဆေးရုံအုပ်ကြီးက တာဝန်ကျ ဆရာဝန်ကို မေးလိုက်ခြင်း ဖြစ်လေသည်။ထိုအခါ နွေးနွေးကို စစ်ဆေးကုသပေးနေသော ဆရာဝန်က ၀င်ရောက်ဖြေဆိုလိုက်ခြင်းဖြစ်ပါလေသည်။
" အမြန်ဆုံးခွဲစိတ်ဖို့လုပ်လေ ... စစ်ဆေးစရာရှိတာတွေ မြန်မြန်လုပ်မှပေါ့ "
. ဆေးရုံအုပ်ကြီးက ပြောပြီး ထွက်သွားသည့်အခါ လက်ထောက်ဆရာဝန်ဖြစ်ပုံရသော ဆရာဝန်မကြီးသည် သူမ၏ နောက်တွင် ပါလာကြသော ဆရာဝန် ဆရာမများဘက်သို့လှည့်လိုက်ပြီးလျှင်
"ကဲ ... မနွေးနွေး ခွဲစိတ်ဖို့အတွက် တစ်ယောက်က ကူညီပေးမှရမယ် ...ဆရာမကို ဘယ်သူကူညီမလဲ "
"ကျွန်တော် ကူညီပါ့မယ် ဆရာမ "
ဆရာဝန်မကြီး စကားအဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာပြီး ဆရာဝန်တစ်ယောက် ရှေ့သို့ထွက်လာလေသည်။နွေးနွေးသည် နဂိုကမှ ရှက်ကြောက်တတ်သူဖြစ်ရသည့်ကြားထဲ ဖြစ်သည့် ရောဂါမှာလည်း အမျိုးသမီးရောဂါဖြစ်နေပြီး တာဝန်ကျ ဆရာဝန်များမှာလည်း အမျိုးသားဆရာဝန်များဖြစ်နေခြင်းကြောင့် စိတ်ညစ်စိတ်ရှုပ်ထွေးနေမိလေသည်။သို့သော်လည်း နွေးနွေးမှာသာ အရှက်သည်းနေမိသော်လည်း သူတို့အတွက် နေ့စဉ်တာဝန်ဝတ္တရား ဖြစ်နေ၍ မထူးဆန်းသော အရာများဖြစ်ကြောင်း နွေးနွေး သေချာ သိနေပြီမို့ ရှက်ရွံ့စိတ်ကို ဖျောက်ဖျက်ထားရလေသည်။
~~~~
"ဗိုက်ထဲက အောင့်သေးလား "
ချိုသာသော အသံနှင့်အတူ ဆရာဝန်လေး၏ လက်အစုံက နွေးနွေး၏ လက်ဖျံကို ထိကိုင်လိုက်သော အခါ နွေးနွေးတစ်ကိုယ်လုံး လျှပ်စစ်ဓါတ်လိုက်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။နွေးနွေးသည် ဆရာဝန်လေး ကို မရဲတရဲ ကြည့်လိုက်မိသည်။ပိန်ပိန်သွယ်သွယ် အသားဖြူဖြူနှင့် ဆရာဝန်လေးမှာ ကြည်ပြာရောင်အင်္ကျီနှင့်ဘောင်းဘီဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီးလျှင် အပေါ်မှ ဂျူတီကုတ် အဖြူရောင်လေးကို ဝတ်ဆင်ထားသည်မှာ လိုက်ဖက် ကြည့်ကောင်းလှလေသည်။ဆံပင်ကို သေသေသပ်သပ်ဖြီးသင်ထားလေ၏။သွယ်သွယ်လျလျ သူ၏ မျက်နှာပေါ်တွင် ပါဝါမျက်မှန် ခပ်ပါးပါးကိုတပ်ဆင်ထားလေသည်။ဆေးမကူပါဘဲနှင့်ခပ်ရဲရဲ နှုတ်ခမ်းလေးများကိုပိုဆိုင်ထားသော ဆရာ၀န်လေးကို နွေးနွေး သတိလက်လွတ် ငေးမောကြည့်နေမိလေသည်။
"နာရင်ပြောနော် "
ဆရာ၀န်လေးသည် နွေးနွေး၏ လက်ကို ကိုင်လျက် လက်ဖျံ၏ အထက်ဆီမှ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးလျှင် သွေးနမူနာယူရန် အတွက် လုပ်ဆောင်နေရင်းမှ နွေးနွေး၏မျက်နှာကို ကြည့်ပြီးမေးလာသောကြောင့် နွေးနွေးမှာ ရှက်အမ်းအမ်းဖြစ်သွားရပြီးလျှင် မျက်နှာကို ဆက်ခနဲ အောက်သို့ ငုံ့ချလိုက်မိလေသည်။သည်သို့ကြားမှပင် ဆရာဝန်လေး လှစ်ခနဲ ပြုံးလိုက်သည်ကို နွေးနွေး တွေ့ဖြစ်အောင်တွေ့လိုက်မိလေသည်။
ဆရာ၀န်လေးသည် နွေးနွေး၏ လက်ကို ညင်ညင်သာသာပင် ကိုင်တွယ်ရင်း သွေးကို ထုတ်ယူနေလေသည်။ပြီးလျှင် သွေးပုလင်းလေးများကို သူကိုယ်တိုင်ပင် ယူ၍သွား ပြီးလျှင် ထွက်သွားလေသည်။
"ဆရာဝန်က အချောပဲနော် အန်တီလေး .. အန်တီလေးမျက်နှာကို သေချာကိုစိုက်ကြည့်နေတာ သိလား "
ဆယ့်ရှစ်နှစ်အရွယ်တူမလေးက ဆရာဝန်လေးထွက်သွားသည်နှင့် လူနာစောင့်ခုံတွင် ဝင်ထိုင်လိုက်ပြီးလျှင် နွေးနွေးကို ခပ်တိုးတိုးပြောလာသောကြောင့် နွေးနွေးစိတ်ထဲရှက်အမ်းအမ်းဖြစ်သွားမိလေသည်။ပြီးလျှင် ဘဝတွင် မဖြစ်စဖူး ခြေးဖျားလက်ဖျားလေးများပါ အေးလာ၍ ရင်သည်လည်းတသိမ့်သိမ့်ခုန်လှုပ်နေသည်ကို သတိထားလိုက်မိလေသည်။
~~~~~~
" အီးစီဂျီဆွဲရမယ် " ဆိုသော စကားကြောင့် နွေးနွေးသည် လူနာဆောင်မှ ဆရာဝန်စမ်းသပ်ခန်းထဲသို့ ရောက်နေခြင်းဖြစ်လေသည်။
"ဟို ... ခွင့်ပြုပါနော် "
ဆရာဝန်လေသည် နွေးနွေး၏ ခုတင်နားတွင် ရပ်နေပြီးလျှင် အီးစီဂျီဆွဲရန် အတွက် နွေး နွေး၏ အက်ျီကြယ်သီးများကို ဖြုတ်ရန် ပြင်လိုက်သောကြောင့် နွေးနွေးသည် ရှက်လန့်တကြားနှင့်တားမြစ်လိုက် မိသလို ဆရာဝန်လေးသည်လည်း မျက်နှာနီမြန်းသွားပြီးလျှင် ရှက်သွားပုံရသည်ကို တွေ့လိုက်ရလေသည်။
"ဟို ...ဟို ...ဆရာမကို လုပ်ခိုင်းလိုက်မယ်နော် "
ဆရာ၀န်လေးသည် နွေးနွေး မျက်နှာကို မရဲတရဲ လှမ်းကြည့်ပြီးလျှင် အခန်းအပြင်သို့ လျင်မြန်စွာ ထွက်သွားလေသည်။
~~------------
ဆရာ၀န်လေးမှ နွေးနွေးကို တာ၀န်ခံပြီး နှစ်ရက်မြောက်နေ့တွင် နွေးနွေးသည် ခွဲစိတ်ခန်းဝင်ရလေသည်။ခွဲစိတ်ခန်းမဝင်ရမီစပ်ကြား၌ ဆရာဝန်လေးသည် နွေးနွေးကို အထူးတလည်ပင် ဂရုစိုက်လေသည်။မည်မျှအထိ ဂရုစိုက်နေသည် ဆိုသော် နွေးနွေးသည် စိုးရိမ်ရသောလူနာ မဟုတ်ပါဘဲနှင့် နွေးနွေးဆီသို့ သွားလိုက်လာလိုက်နှင့်ဖြစ်နေသော ဆရာဝန်လေးကို အခြား ခုတင်မှ လူနာများနှင့်လူနာရှင်များကပါ သတိပြုမိကုန်ကြသည်အထိပင် ဖြစ်ပါလေသည်။ထို့ကြောင့် အခြားသူတွေ၏ စိတ်ထဲ၌ နွေးနွေးကို ပိုက်ဆံတတ်နိုင်သူ တစ်ယောက်ဟုပင် ထင်ကုန်ကြလေသည်။
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း (၉ )
*******
ဆရာ၀န်မ၏ ပြောစကားနှင့် သူနာပြုဆရာမ၏ အပြုအမူကြောင့် နွေးနွေးမှာ ယခုမှပင် အစ်မဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြောင်းအရင်းကို တွေးမိသွားပြီးလျှင် စိတ်ထဲမှ မကျေမချမ်းဖြစ်သွားမိပြီးလျှင် သူနာပြုဆရာမလေးကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိသည်။
" ဆရာမရှင့် .. ကျွန်မမှာ ကိုယ်ဝန်ရှိစရာအကြောင်း မရှိဘူး .. အိမ်ထောင်လဲမရှိဘူး ...ရည်းစားလဲမရှိဘူး "
" ဟို ..စိတ်မရှိပါနဲ့ရှင် ...တာဝန်အရ သေချာအောင်လုပ်ရတာမို့ပါ ....တချို့ဆိုရင် ကလေး ဖျက်ချလာတာကိုတောင် ပွင့်ပွင့်လင်းလင်း မပြောတဲ့သူတွေရှိလို့ပါ "
သူနာပြု ဆရာမလေးက တောင်းပန်သလိုပြောရှာသည်။ နွေးနွေးလည်း ဘာမျှ မပြောဖြစ်တော့ဘဲ ဆရာမပေးသော ဆီးခွက်နှင့် ဆီးစစ်တံကို ယူလိုက်သည်။
~~~~~~
" ကိုယ်ဝန်လည်း မဟုတ်ဘူး "
" ဒီရက်အတွင်းမှာ စိတ်ဖိစီးစရာတွေ ခံစားနေရလား "
"ရှင် ... ဟုတ်ကဲ့ "
" ဒါနဲ့ ဓမ္မတာ ရောမှန်လား "
" မမှန်ဘူး ဆရာမ ... လတိုင်းပုံမှန် လာလေ့ မရှိဘူး ...တစ်ခါတလေလဲ သုံးလေးလမှ တစ်ခါလာတာရှိတယ် .... အပျိုစဖြစ်ကတည်းက အဲ့လိုပဲမမှန်ဘူးဆရာမ"
ဆရာ၀န်မ၏ အမေးကို နွေးနွေး ရှက်ရွံ့ရွံ့နှင့့်ဖြေလိုက်သည်။
" ဟုတ်လား ...ဒါဆိုကြာပြီးပေါ့ ....ဘာလို့ ဆေးခန်းမပြခဲ့တာလဲ "
ဆရာဝန်မက နွေးနွေးကို အံ့ဩထူးဆန်းဟန်ဖြင့် ကြည့်၍မေးလာသည်။
"ပြတယ် ဆရာမ ...အမျိုးသမီးရောဂါကုဆေးခန်းမှာ ပြခဲ့ဖူးတယ် ....သူတို့က အိမ်ထောင်လဲမရှိဘဲ ဓမ္မတာ မလာတော့ သွေးအား မနည်းတော့ဘူးလို့ တောင် ပြောလိုက်ပါသေးတယ် "
နွေးနွေးက ကြုံခဲ့ရသည့်အတိုင်း ပြောလိုက်သောအခါ ဆရာဝန်မက သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရမယ့်ကိန်း ဖြစ်နေပြီပဲ ....ကဲပါ ...အမ်ထရာဆောင်း ရိုက်ကြည့်တာပေါ့ ...ဗိုက်ထဲမှာအလုံးလိုလို ဘာလိုလို စမ်းမိနေတယ် "
~~~~~~
နွေးနွေးသည် အမ်ထရာဆောင်းရိုက်ပြီးသည့်နောက်တွင် နားနေခန်းထဲ၌ အနားယူရင်း အမ်ထရာဆောင်း အဖြေကို စောင့်နေလိုက်သည်။
အချိန်အတန်ကြာလျှင် သူနာပြုဆရာမလေးရောက်လာပြီး နွေးနွေးတို့ညီအစ်မကို လာခေါ်လေသည်။နွေးနွေးတို့ ညီအစ်မလည်း သူနာပြုဆရာမနှင့်အတူ ဆရာဝန် အခန်းထဲသို့လိုက်ဝင်ခဲ့လိုက်သည်။
" အလုံးက တော်တော်ကြီးနေပြီး ... သွေးလုံးဖြစ်ဖို့များပါတယ် .. ခွဲထုတ်မှ ရမယ် ... ဒီမှာပဲခွဲမလား ...ဆေးရုံကို လွှဲပေးရမလား ... ဆေးရုံကို လွှဲပေးရမယ်ဆိုရင် ဆရာမ တာဝန်ကျနေတဲ့ ဆေးရုံကို လွှဲစာရေးပေးလိုက်မယ် ...ဟိုမှာ ဆေးရုံတန်းတက်ရုံပဲ "
လူခွဲလည်း မရှိတစ်ယောက်တည်း သမားလည်းဖြစ်သော နွေးနွေးမှာ မိမိဆေးရုံတက်လျှင် အစ်မကြီးဖြစ်သူပါ ကရိကထများတော့မည်ကို တွေးမိလိုက်သောကြောင့် အထူးကုဆေးခန်းတွင် ခွဲစိတ်လျှင် ကုန်ကျမည် စရိတ်ကို မေးမြန်းလိုက်မိသည်။
"ဒီဆေးခန်းမှာ ခွဲရင် ခန့်မှန်းချေ ဘယ်လောက်ကုန်မလဲရှင် ဆရာမ "
" ဒီမှာတော့ ... ရှစ်သိန်းကနေ ဆယ်သိန်းကြားရှိမယ် ...ပြည့် သူဆေးရုံမှာတော့ အလှူငွေ နဲ့ ပြင်ပ စမ်းသပ်တာတွေရယ် ဆေးဖိုးပဲကုန်မှာပေါ့ ..လူနာရှင် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ် "
နွေးနွေးသည် ကုန်ကျ စရိတ်ကို စိတ်တွက်တွက်ကြည့်၍ အစ်မကြီးဖြစ်သူကို မော့ကြည့်လိုက်မိသည်။အစ်မဖြစ်သူ မအေးရီသည်လည်း နွေးနွေးကို ကြည့်နေလေသောကြောင့် ညီအစ်မနှစ်ယောက် အကြည့်ချင်းဆုံသွားမိကြလေသည်။
နောက်ဆုံးမှာတော့ နွေးနွေးတို့ညီအစ်မနှစ်ယောက် ဆရာဝန်မကြီးဆီမှ လွှဲစာကို ယူခဲ့ပြီးလျှင် ဆေးရုံသို့သာ လာခဲ့ကြပါလေသည်။
~~~~
" နေသာရဲ့လား မိနွေး ... ခိုင်းစရာရှိတာ နင့်တူမကို ခိုင်း ကြားလား ..."
မအေးရိက ထမင်းချိုင့်ကို လူနာခုတင်ဘေးက ဆေးဗီဒိုပုလေးပေါ် တင်လိုက်ပြီး လူကပါ ခုံပေါ်သို့ထိုင်ချလိုက်လေသည်။
"ဒါနဲ့ ... ဆရာနဲ့ သွားတွေ့ခဲ့သေးတယ် ...ဆရာက ယတြာလုပ်ခိုင်းတာနဲ့ နင့် အိမ်က ဘုရားစင်မှာပဲ လှူထားခဲ့တယ် ...နင်စိတ်ထဲကနေ မှန်းပြီး ကန်တော့နော် ... ခေါင်းဖြူအဘွားကြီးတစ်ယောက်လုပ်ထားတာတဲ့ ... ငါတော့ ဟို အဘွားကြီးလို့ပဲ ထင်တယ်....
ဒါပေမဲ့ မကြာဘူးတဲ့ တစ်လကျော်တာနဲ့ လုံးဝပြန်ကောင်း စေရမယ်လို့ ဆရာကပြောလိုက်တယ် "
မမကြီး မအေးရိ၏ စကားကြောင့် နွေးနွေး မျက်လုံးထဲတွင် မောင်မောင်လတ်၏ ယောကွမကြီးမျက်နှာကို မြင်ယောင်မိလိုက်လေသည်။မောင်မောင်လတ်၏ ယောကွမကြီးသည် ရပ်ကွက်ထဲတွင် ပညာသည်ဟု လူသိများသူဖြစ်လေသည်။သူမတွင် တိတိပပ ကိုးကွယ်သောဘာသာ မရှိဟုလည်း ကြားသိခဲ့ရသည်။ဟိုယခင်ကတည်းက နွေးနွေးသည် မောင်မောင်လတ်၏ မိန်းမကို မသိမမြင်ဖူးသော်လည်း အဘွားကြီးကိုမူ သိမြင်ဖူးခဲ့လေသည်။အစ်မဖြစ်သူ၏ စကားကို ကြားပြီးနောက် နွေးနွေးစိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မိသွားသလိုပင် ဖြစ်သွားသေးသည် ။ ပြီးသောအခါမှ ကျိုးကြောင်းမှန်ကို ပြန်၍ ဆင်ခြင်သုံးသပ်လိုက်မိပြီး နွေးနွေး အမြဲရွတ်ပွားနေကြ ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ပွားနေလိုက်ပြီးလျှင် စိတ်ထဲမှ စိတ်ရိုင်းစိတ်ညစ်များကို မောင်းထုတ်ပစ်လိုက်သည်။ပြီးလျှင် မိမိအတွက် ပူပန်သောကများ နေရှာသောအစ်မကြီး ဖြစ်သူကိုပါ နှစ်သိမ့် ဖျောင့်ဖျလိုက်မိသည်။
" ကရိယာစုံလင်တဲ့ ဆေးရုံး ဖြစ်ဖြစ် ...အထူးကု ဆေးရုံကို ဖြစ်ဖြစ်သွားလိုက်ပါ ...အခုတော့ နာတာ သက်သာအောင် ဆေးတစ်လုံး ထိုးပေးလိုက်မယ် ... ဒီကနေ ဆေးရုံကိုပဲ တန်းသွားလိုက်ပါ "
" ဟုတ် ... ဟုတ်ကဲ့ပါ ဆရာ "
~~~~~~
မအေးရိသည် ဆေးခန်းက ထွက်လာခဲ့ပြီးသည့်နောက်တွင် အထူးကု ဆေးရုံတစ်ရုံသို့ ကားကို မောင်းခိုင်းလိုက်လေသည်။
"စူးပြီးအောင့်နေတာလား "
"ဟုတ်ကဲ့ "
"ဗိုက်က ဘာလို့ပူနေတာလဲ "
" ရှင် ... မသိဘူး ...ပူလာတာ တစ်ပတ်လောက်တော့ရှိပြီး ...အစားများလို့ပူလာတယ် ထင်တာ "
"အိမ်ထောင်ရှိလား "
"မရှိပါဘူးရှင်း "
သည် အခါ ဆရာဝန်မ၏ မေးခွန်းများကို ဗိုက်အောင့််တာသက်သာနေပြီဖြစ်သော နွေးနွေးကိုယ်တိုင် ဖြေလိုက်လေသည်။
"ရည်းစားရော ရှိလား "
"မရှိပါဘူး ရှင် "
နွေးနွေး၏ အဖြေကို ဆရာဝန်မက စိတ်ကျေနပ်ဟန်မတူဘဲ မျက်မှောင်ကြုတ်လိုက်ပြီးလျှင် သူနာပြု ဆရာမ တစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်။
" သူ့ကို ဆီးစစ်တံနဲ့ စစ်ခိုင်းကြည့်လိုက်ပါ "
ဆရာဝန်မ၏ စကားကြောင့် နွေးနွေးသည်တစ်ကိုယ်လုံး ထူပူသွားလျက် ရှက်ရွံ့ထိတ်လန့်သွားမိလေသည်။
==================
အပိုင်း ( ၉ ) ဆက်ရန်
ဧကြည်ဖြူ
နွေးနွေးသည် ကိုယ့်နာမည် တရားဝင်ပါလာသောကြောင့် အမျိုးသမီးကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
" နွေးကို သူတို့နဲ့ နှိုင်းယှဉ် ပြောတာကို မကြိုက်ပါဘူးရှင် ....နွေးက ထွေးပြီးသားတံတွေး ဆိုရင်တောင် ရွံလွန်းလို့ ပြန်မကြည့်ပါဘူး ....ဘ၀မှာ နွေး နောင်တ အရဆုံးက ...အဲ့လိုလူကို ယူခဲ့မိတာကိုပဲ ... နောက်နောင် သူတို့ အကြောင်း တွေ နွေးကို လာမပြောပါနဲ့နော် "
နွေးနွေးသည် ပြောပြီးသည်နှင့် ဆိုင်ထဲမှ ထွက်ခဲ့လေသည်။ ထိုအခါ ဆိုင်၏ မျက်စောင်းထိုး ဆိုင်တွင် ထိုင်နေသော အသားမည်းမည်းပိန်ပိန်နှင့် လူတစ်ယောက်သည် နွေးနွေးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ပထမသော် နွေးနွေးစိတ်ထဲမှ အမှုမဲ့အမှတ်မဲ့မျက်နှာလွှဲလိုက်မိလေသည်။ပြီးသော အခါမှ ထိုသူသည် မောင်မောင်လတ် ဖြစ်နေမှန်း နွေးနွေး မှတ်မိလိုက်လေသည်။
ဖြစ်နိုင်မည်ဆိုလျှင် နွေးနွေးသည် မောင်မောင်လတ်နှင့်ကျော်ကျော့်ကို ပတ်သက်ခဲ့မိသည့် အတိတ်ကို ဖျက်ဆီးဖျောက်ဖျက်ပစ်လိုက်ချင်လှပါလေသည်။နွေးနွေးသည် တစ်ခုလပ် ဖြစ်ရခြင်းအတွက် မသိမ်ငယ်ပါ။မရှက်ပါ။နွေးနွေးသည် ကိုယ့်ကိုယ်ကို တန်ဖိုးထားသူဖြစ်ပါလေ၏။သို့သော်လည်း တစ်ခါတစ်ရံ၌မူ ချစ်သည်လည်းမဟုတ်ဘဲ သည်လိုလူမျိုးများနှင့် လက်တွဲခဲ့မိသည်ကိုတွေးမိလေသည့်အခါတိုင်း ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင် စိတ်ဆိုးဒေါသထွက်နေမိလေသည်။
~~~~~~
ဗိုက်ထဲမှ စူးစူးဝါးဝါး ထိုးအောင့်နေသောကြောင့် နွေးနွေး စက်ခုံပေါ်မှ ထလိုက်ပြီးလျှင် ဆေးများ ထည့်ထားသော ဘူးထဲမှ အစာကြေဆေးကို ယူသောက်လိုက်ပြီးနောက် တတ်သလောက် မှတ်သလောက် အိမ်တွင်း ကုထုံးနည်းအတိုင်း သွားတိုက်ဆေးနှင့် အုန်းဆီကို ရောနယ်၍ ဗိုက်မှာ လူးလိုက်သည်။
ဆေးလူးပြီး အတန်ကြာသည်အထိသက်သာလာခြင်းမရှိသောကြောင့် နွေးနွေးစက်ချပ်တာကို ရပ်နားလိုက်ပြီး ဖျားကိုခင်း၍ အိပ်ရာပေါ်လှဲအိပ်လိုက်သည်။သို့သော်လည်း ဗိုက်ထဲမှ စူးအောင့်နေသော ဝေဒနာမှာ ပို၍ ဆိုးဝါးလာသလို ခံစားနေရသောကြောင့် ဆေးခန်းသို့သွားရန် လှဲနေရာမှ ပြန်ထကြည့်လိုက်သည်။ ညာဘက်ခါးစပ်လောက်မှ မခံမရပ်နိုင်အောင်စူးခနဲစူးခနဲထိုးအောင့်လာသောကြောင့် နွေးနွေးပါးပြင်ပေါ်သို့ မျက်ရည်များပါ စီးကျလာည့်အထိ နာကျင်မှုက ဆိုးဝါးလှလေသည်။နွေးနွေးသည် ဖုန်းကို မမီမကမ်းလှမ်းယူလိုက်ပြီး အစ်မဖြစ်သူဆီသို့ ဖုန်းလှမ်းခေါ်လိုက်လေသည်။
---~~~~~~
"မိနွေး ....ဘာဖြစ်တာလဲ အတော်နာနေတာလား "
"ဟုတ် ...ဟုတ်ကဲ့ မမကြီး..မနေ့ကတည်းက ဗိုက်ကြီးကယ်ပြီး နေရခက်နေတာတော့ သိတယ် ....မနက်ကမှ အောင့်သလိုလို ဖြစ်ပြီး အခုတော့ မနေနိုင်တော့အောင် အောင့်လာတယ် "
နွေးနွေးသည် အစ်မဖြစ်သူ ရောက်လာသည်နှင့် အားကိုးတကြီး ပြောဆိုလိုက်မိသည်။
" ဒုက္ခပဲ ... နင်က အစားကို မှန်မှန်မှ မစားတာကို မိနွေးရဲ့ ....ဟင် ..ဒါနဲ့ ..နင့် ဗိုက်ကပူနေသလိုပဲ ... ဘာ..ဘာ ..ဖြစ်တာလဲ မိနွေး ... နင်.....နင် ...''
မအေးရိက ညီမဖြစ်သူနွေးနွေး၏ အနည်းငယ် စူထွက်နေသော ဗိုက်ကို ကြည့်၍အလန့်တကြား ပြောလိုက်မိလေသည်။
" မ ...မသိပါဘူး မမကြီးရယ် ...ဒီတစ်ပတ်အတွင်းမှာ ပူလာသလိုပဲ ... ဘာဖြစ်မှန်းလဲ မသိဘူး ... နွေးနွေးကို ဆေးခန်းပို့ပေးပါနော် "
နွေးနွေးသည် အစ်မဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော ပုံစံကို သတိမထားမိဘဲ နားကျင်မှုကို မခံနိုင်လွန်းသောကြောင့် ထပ်မံ၍ ပြောလိုက်မိလေသည်။
မအေးရီသည်လည်း ညီမဖြစ်သူ၏ပုံစံကိုကြည့်၍ ထူပူနေမိသလို အတွေးပေါင်းစုံကိုလည်း တွေးနေမိလေသည်။
" နာ ...နာတယ် ...မမကြီး ..နွေးကို ဆေးခန်းလိုက်ပို့ပေးပါနော် ....."
" ဪ ... အေး ....အေး ... ခ..ခဏလေး ....ကားသွားခေါ်လိုက်အုံးမယ် ...."
မအေးရီသည် နွေးနွေး၏ ငိုသံနှင့် ပြောသောအသံကို ကြားလိုက်ရသော အခါမှ လမ်းထိပ်ရှိ ကားတစ်စီးကို ထွက်ငှားဖို့သတိရလိုက်မိလေသည်။
~~~~~~
" ကားနဲ့ သွားမှာလား မမကြီး ... ရပ်ကွက်ထဲက ဆေးခန်းမသွားဘူးလား "
နွေးနွေးသည် အစ်မဖြစ်သူဖွင့်ပေးသော တံခါးပေါက်မှ ကားထဲသို့ ဝင်ထိုင်လိုက်ပြီးလျှင် နာကျင်နေသည့်ကြားမှ အစ်မဖြစ်သူကို မေးလိုက်မိသည်။
မအေးရီသည် နွေးနွေးကို ဘာမျှ ပြန်မဖြေဘဲ ကားသမားကို ရပ်ကွက်၏ ခပ်ဝေးဝေး ရပ်ကွက်တစ်ခုမှ ဆေးခန်းဆီသို့ မောင်းခိုင်းလိုက်လေသည်။
~~~~~
"နာမည် "
" မနွေးနွေး ပါရှင် "
" အသက် "
" နှစ်ဆယ့်ရှစ်ပါ "
ဆေးခန်းမှ အကူစာရေး၏ အမေးကို မအေးရီ ဖြေနေရသော်လည်း စိတ်ထဲ၌ စိုးရိမ်ပူလောင်၍နေမိလေသည် ။
~~~~
" အိမ်ထောင် ရှိလား "
" မ ...မရှိပါဘူးရှင် ... ဟို ... ဟို ...လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းတုန်းကတော့ အိမ်ထောင်ကျခဲ့ဖူးပါတယ် ဆရာ "
ဆရာဝန် အခန်းထဲသို့ ရောက်ရောက်ခြင်းပဲ အမေးခံလိုက်ရသောမေးခွန်းကြောင့် မအေးရီသည် နှလုံးခုန်သံများမြန်ဆန်လာပြီးလျှင် နှုတ်မှ အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလိုက်မိလေသည်။
နွေးနွေးမှာ အစ်မဖြစ်သူ၏ စိတ်ဒုက္ခကို မသိဘဲ လူနာခုတင်ပေါ်သို့ လှဲချလိုက်ပြီး နာကျင်မှုကြောင့် အသံလေးထွက်၍ ညည်းညူနေမိလေသည်။
ဆရာဝန်သည် နွေးနွေးကိုစမ်းသပ်လိုက်ပြီးသည့်နောက်
တစ်ခုလပ် "
အပိုင်း (၈)
****
ကျော်ကျော်သည် သူ၏ အဖြစ်မှန်များကို ပြောပြီးသည့်နောက်တွင် သုံးလေးရက်တစ်ခါ ဖုန်းဆက်တတ်လေသည်။နွေးနွေးသည် ကျော်ကျော် ဖုန်းဆက်လျှင် တစ်ခါတရံ၌ဖုန်းကိုင်ပြီးလျှင် သူဘ၀ဒုက္ခတွေကို နားအရသာခံ၍နားထောင်မိပါလေသည်။သို့သော်လည်းကျော်ကျော် ဖုန်းဆက်သည့်အခါတိုင်း၌မူ နွေးနွေး ဖုန်းမကိုင်ခဲ့ပါချေ။ဖုန်းကိုင်ချင်စိတ်လည်းမရှိသလို ကျော်ကျော်နှင့် ပတ်သက်လိုခြင်းစိတ်လည်း မရှိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သို့သော်လည်း ကျော်ကျော်၏ အပြုအမှုနှင့် စကားအသွားအလာကို နားထောင်၍ နွေးနွေး၏ မသိစိတ်အတွင်းမှ မာနနှင့် လက်တုံ့ပြန်ချင်စိတ်များ ဖြစ်ပေါ်ခဲ့မိလေသည်။ကျော်ကျော်၏ အပြုအမူများသည် နွေးနွေးကို အထင်သေးသည့်အပြင် အပိုင်တွက်ထားဟန်ရှိသည်ကို ခန့်မှန်းသိရလေသည်။ ဥပမာ နွေးနွေးချစ်သူရည်းစားမထားသည်မှာ သူ့ကို ချစ်နေသေးသောကြောင့်ဟု ထင်နေပုံရလေသည်။ ထိုမျှမက နွေးနွေးကို မည်မျှ အထင်သေးသည်ဆိုသော် သူ့အိမ်ထောင်ကွဲသွားခဲ့လျှင် နွေးနွေးက သူ့ကို ကျိန်းသေပေါက် ပြန်လည် လက်ခံမည်ဟု ယုံကြည်ထားပုံလည်း ရလေသည်။
" ကျွန်တော် သူ့ကို ငွေပုံမှန်ရှာပေးတယ်ဗျာ ...ဒါကို မလောက်ဘူး ...သူက လူနားကို အမြဲကပ်နေချင်တာလေ ... သူ့နားကိုကပ်နေချင်စိတ်မရှိပါဘူးဗျာ... မကျေနပ်လို့ လမ်းခွဲမယ်ဆိုရင် အဆင်သင့်ပဲ ...အဲ့ဒီအချိန် ကျရင် ကျွန်တော်တို့သားအဖကို လက်ခံပေးနော် ...အားကိုးစရာမနွေးပဲရှိတာ ... " ကျော်ကျော့်ထံမှ ထိုသို့သော စကားမျိုး ကြားရလျှင် နွေးနွေးသည် ကျော်ကျော့်ပါးပြင်ကို စိတ်ရှိလက်ရှိရိုက်ပစ်ချင်စိတ်များ ပေါ်ပေါက်မိလေသည်။ထိုမျှမကသေး ကျော်ကျော်သည် တစ်ခါတစ်ရံ၌ နွေးနွေးတို့ ချစ်သူ့ရည်းစားဘဝက အကြောင်းတွေကို မသိမသာ ထည့်ပြောတတ်လေသည်။
" မှတ်မိသေလား ... ကျွန်တော်တို့ လျှောက်လည်ကြတာလေ ... " စသည်ဖြင့် စကားစခေါ် တတ်ပြန်လေသည်။ ထိုအခါမျိုးတွင် နွေးနွေး၏ စိတ်တွင်းမှ ဒေါသည် မီးဟုန်းဟုန်းတောက်လောင်နေသည်ကဲ့သို့ ခံစားရလေသည်။ သို့ပါလျက် နွေးနွေးသည် ကျော်ကျော် ဖုန်းဆက်လျှင် တစ်ခါတစ်ရံ ဖုန်းကိုင်နေမိခြင်းမှာ နွေးနွေး၏မသိစိတ်မှ ကျော်ကျော့််ကို အနိုင်ယူပြောဆိုခြင်စိတ်များကြောင့်ပင်ဖြစ်လေသည်။ပြီးလျှင် နွေးနွေးကို အထင်သေးနေသော ကျော်ကျော့်ကို လက်တုံ့ပြန်ချင်စိတ်များလည်းဖြစ်ပေါ်နေမိလေသည်။
" အိမ်က ဘာပြောလဲဆိုတော့ ... မနွေးကိုသာယူခဲ့ရင် ကျွန်တော့် အခုလို ဒုက္ခရောက်မှာ မဟုတ်ဘူးတဲ့ " ထိုသို့သော စကားကို သူမို့ပြောရဲပေသည်။နားထောင်နေရသည့် နွေးနွေးမှာ အရှက်ကင်းမဲ့လှသော သူ၏ရင် ၀သို့ ဓါးနှင့်သာ အခါခါထိုးပစ်ချင်စိတ်များ ဖြစ်ပေါ်နေမိလေ၏။
နွေးနွေးသည် ကျော်ကျော့််အကြောင်းကို တွေးမိသည့်အခါတိုင်း တစိမ့်စိမ့် ဒေါသဖြစ်မိလေသည်။
"ကျွန်တော်က ရိုးရိုးသားသားစိတ်နဲ့ ဆက်တာပါ ... ဘာအတွေး မှမပါပါဘူးဗျာ " ကျော်ကျော်သည် ထိုစကားကို တွင်တွင် သုံးလျက် နွေးနွေးထံသို့ ဖုန်းမကြာခဏဆက်လေသည်။ကြာသောအခါနွေးနွေး ဖုန်းပြောချင်စိတ် လုံးဝ မရှိတော့လောက်အောင်ပင်ဖြစ်လာခဲ့လေသည်။
" မင်းဘာသာ ရိုးသား မရိုးသားသား ...အိမ်ထောင်သည် နဲ့ စကားပြောရတာ နွေးသိက္ခာကျတယ် ..ပြီးတော့ တစ်ဖက်က မင်းမိန်းမကိုလဲ ကိုယ်ချင်းစာတယ် .... ဘယ်မိန်းမ မဆို ကိုယ့်ယောကျာ်း အခြားမိန်းမနဲ့ အကြောင်း မရှိ ဖုန်းပြောနေတာကို ကြိုက်မှာ မဟုတ်ဘူး .....ဘာပဲဖြစ်ဖြစ် နွေးတော့ အဲ့အစ်မကို ကျေးဇူးတင်မိတယ် မဟုတ်ရင် အခုလောက်ဆို သူ့အစား နွေးဒုက္ခခံနေရမှာလေ ... အခုမှသေချာသိတာ ကျော်ကျော့်ကို သနားခဲ့မိရုံကလွဲပြီး ချစ်စိတ် မရှိခဲ့တာ သေချာတယ် .." ထိုသို့ ပြောပြီးနောက်ပိုင်းတွင် နွေးနွေးအနေနှင့်ကျော်ကျော့််ထံမှ ဆက်သော ဖုန်းများကို လုံးမမကိုင်ခဲ့ပါချေ။ပြီးလျှင် နွေးနွေးစိတ်ထဲမှ ညီမ၀မ်းကွဲလေးကဲ့သို့ပင် ကျော်ကျော့်၏ ဇနီးအသက်ရှည်ပါစေရန်နှင့် သူတို့နှစ်ဦးသက်ဆုံးတိုင် အိမ်ထောင်ခိုင်မြဲပါစေရန် ဆုတောင်းနေမိလေသည်။
~~~~~~~
"သူတို့တွေ ရည်းစားဘ၀က ညဘက်တွေချိန်းတွေ့ကြတာ ...အလုပ်ပိတ်ရက်မှာ လျှောက်လည်ကြတာတဲ့လေ ... "
ပြောသူသည် နွေးနွေးကို ကြည့်၍ ပြောနေခြင်းဖြစ်သည်။ချုပ်ထည်ပြီး၍ လာပို့ရာ သည်အမျိုးသမီးနှင့် တည်တည့်ဆုံခြင်း ဖြစ်လေသည်။ သူမသည် မောင်မောင်လတ်၏ ဆိုင်နားတွင် အထည်ဆိုင်ဖွင့်ထားသူပင် ဖြစ်လေသည်။နွေးနွေးမကြားကြားအောင် တမင်ပြောနေမှန်း သိသာလှလေသည်။
"အဲ့ဒါ ကိုယ်နဲ့မဆိုင်ပေမဲ့...မခံနိုင်လို့ ပြောပစ်လိုက်တယ် .. အိမ်ထောင်သည်နဲ့ ...လျှောက်လည်တာ ကြွားစရာလားဟဲ့လို့ ပြောပစ်ခဲ့တယ်လေ ...မောင်မောင်လတ်ဆိုတဲ့ ကောင်က မိန်းမရှိတာ နင်မသိဘူးလားလို့ အမြင်ကပ်ကပ်နဲ့ မေးပစ်လိုက်တာ "
သူမ၏ မျက်လုံးများသည် နွေးနွေးကို မသိမသိသာလှမ်း၍ ကြည့်နေပြန်လေသည်။
" မောင်မောင်လတ်ဆိုတာလဲ လူမွေးလူရောင် မပြောင်ပါဘူး... ဟိုနေ့က ... ဒီရှေ့က မျက်စောင်းထိုး ဆိုင်မှာ ထိုင်ပြီး နွေးနွေးလာတာကို မြင်တော့ မျက်လုံးကျွတ်ကျမတတ် ကြည့်နေတာလေ ... အဲ့ဒါကို သူ့မယားက ဘယ်လိုသိသွားလဲမသိဘူး ...အခုဆို မောင်မောင်လတ်ကို မျက်စိအောက်က အပျောက်မခံဘူးလေ ... ဆိုင်ချင်း ကပ်နေတော့ အကုန်သိ အကုန်ကြားနေရတယ်လေ "
" အဒေါ်ရယ် .. ကျွန်မ၀မ်းကျွန်မ ကျောင်းနိုင်ရဲ့နဲ့ ဒီလိုအရူးကို ဘာလို့ ယူရမှာလဲ ....အဒေါ်က သားသမီးတွေရှိတော့ အဲ့လိုလူကို သားမက်ကောင်းလို့ မြင်ချင်မြင်မှာပေါ့ ...ကျွန်မလိုမျိုး ဘယ်သူ့အထောက်အပဲ့မှမယူဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့သူက အဲ့လို အရူးကို မပြောနဲ့ ဟော့ဒီရပ်ကွက်က ယောကျာ်းတွေ အားလုံးကို ဦးနှောက်ထဲကို မထည့်ဘူး အဒေါ် ရေ ... ထဘီနားခိုစားမဲ့သူတွေကို ကျွန်မရူးနေရင်တောင် စဉ်းစားမှာမဟုတ်ဘူးရှင့်် "
နွေးနွေးစကားဆုံးသောအခါ အမျိုးသမီးကြီးသည် စိတ်ဆိုးမာန်ဆိုးနှင့် အိမ်ပေါ်မှ ဆင်းသွားလေသည်။ဒါသည် နွေးနွေးဘဝတွင် အခြားသူများအား ချိုးချိုးနှိမ်နှိမ်နှင့် ပထမဦးဆုံး စပြောဖူးခြင်းဖြစ်ပေသည်။နွေးနွေး သိချင်သည်မှာ နွေးနွေးသည် တစ်ခုလပ် ဖြစ်နေသောကြောင့် အခြားသူများကို ထိခိုက်မှုများဖြစ်စေလေသလား စဉ်းစား၍မရပါချေ။သူတို့သည် အကြောင်းမဲ့သက်သက် နွေးနွေးကို ဘာကြောင့်များ နှိမ်ချင် အထင်သေးချင်နေကြပါသနည်း။နွေးနွေးသည် သူတို့၏ ယောက်ျားများနှင့် သားများကို မြူဆွယ်ရန်ဝေးလေစွ အိမ်ထဲကအိမ်ပြင်ပင် သိပ်ထွက်လေ့ မရှိပါပေ။သို့ပါလျက် ပြဿနာသည် ခြေထောက်ပေါက်၍ အိမ်ပေါ်သို့ ရောက်ရောက်လာခဲ့ခြင်းဖြစ်ပါလေသည်။
~~~~~~
"ဟဲ့ ...မိနွေး ဟိုကောင် မောင်မောင်လတ်က မြေကွက် ဝယ်ထားတဲ့ သီလား ..... သူ့မယားငယ်မက အရှက်မရှိ လူတကာကို လိုက်ကြွားနေတာ "
ခပ်ကျယ်ကျယ်ပြောလိုက်သော ပန်းသည် မခင်ရွှေ၏အသံကြောင့် နွေးနွေးမှာ တစ်ကိုယ်လုံးထူပူပြီး ရှက်သွားမိလေသည်။
"ဒီမှာ အစ်မ သူတို့ အကြောင်းကို နွေးက ဘာကိစ္စ သိရမှာလဲ ... နွေးနဲ့မဆိုင်ဘူးလေ .. နောက်တစ်ခါ နွေးကို လာမပြောပါနဲ့ ... လူတွေလဲ ဒီကောင့်အကြောင်းကို တော်တော် စိတ်ဝင်စားနေကြတာ ထင်တယ် ....."
နွေးနွေးသည် စိတ်တိုတိုနှင့် ပြောဆို၍ ထွက်ခဲ့လိုက်သည်။ နွေးနွေး၏ စကားကြောင့် ပန်းသည် မခင်ရွှေ၏ မျက်နှာသည် သပြေသီးမှည့်ကဲ့သို့ ညိုပုပ်၍ သွားလေသည်။ပြီးနောက် သူ့ဘေးမှ ဈေးသည်ကို ပွစိပွစိနှင့ပြော၍ ကျန်ခဲ့လေသည်။နွေးနွေး ခပ်တည်တည်နှင့်ပင် ထွက်လာခဲ့လိုက်သည်။မှန်တာပြောရလျှင် နွေးနွေးသည် ယနေ့အချိန်ထိ မောင်မောင်လတ်၏ ဇနီးကို မမြင်ဖူးပါချေ။နွေးနွေးအနေနှင့် မြင်ဖူးရန် အကြောင်းလည်း မရှိဟု ထင်မိသည် ။နွေးနွေး၏ စိတ်သည် အခြားသူများထက်မာန ပိုကြီး၏။ကိုယ့်ကိုယ် စွန့်ပစ်ချင်သူကို ကိုယ်က ဦးအောင် စွန့်ပစ်ချင်သူမျိုး ဖြစ်သည်။ထို့ကြောင့် အစ်မဖြစ်သူ မအေးရီက မောင်မောင်လတ် ကိစ္စနှင့်ပတ်သက်၍ ယတြာများချေခိုင်းစဉ်အခါက " အခြားသူတစ်ယောက်နဲ့ လုယူ ရလောက်အောင် သူက ရွှေထွက်နေလို့လား မမကြီးရယ် ...ပြောရရင် နွေးကြောင့် လူမွေးလူရောင် ပြောင်လာတဲ့သူပါ ... ဘာမှ နှမျောနေစရာမရှိဘူး ... နွေးအရည်အချင်းနဲ့ ကိုယ့်ဘ၀ကို လှလှပပနေနိုင်ပါ တယ် မမကြီး"ဟု ပြောပစ်ခဲ့သည်ပင်။
~~~~~
အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေခဲ့သောကြောင့် နွေးနွေးရပ်ကွက်ထဲသို့ပြန်ရောက်လာခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အချိန်သို့ ရောက်လာခဲ့လေသည်။
နွေးနွေးသည် စက်ချုပ်နေရာမှ ဖုန်းသံကြောင့် ဖုန်းကို လှမ်းယူလိုက်လေသည်။
"ဟယ်လို ...."
" ဟယ်လို ..." တစ်ဖက်မှ ထူးသံကို မကြားရသဖြင့် နွေးနွေးစိတ်မရှည်စွာ ခပ်ကျယ်ကျယ်ထူးပစ်လိုက်သည်။
" ကျွန်တော်ပါ မနွေး ...ဖုန်းမချလိုက်ပါနဲ့နော် ...မောင်နှမ စိတ်နဲ့ ရိုးရိုးသားသား ဆက်တာ ပါ ..."
"ဘယ်က ကျွန်တော်လဲ ..."
နွေးနွေးသည် ချုပ်ထည် အရေအတွက်မပြည့်မည်စိုးသောကြောင့် ခပ်ဆတ်ဆတ်လေသံနှင့် ပြန်မေးလိုက်မိသည်။
" ကျော်ကျော်ပါ မနွေး "
=====================
အပိုင်း ( ၇ ) ဆက်ရန်
ဧကြည်ဖြူ
နွေးနွေးသည် ရပ်ကွက်ထဲသို့ ပြန်၍ ပြောင်းရွေ့ခဲ့လိုက်ပြီး အစ်မဖြစ်သူ၏ အိမ်နားတွင် အခန်းတစ်ခန်းကို ငှါးလိုက်ပြီးလျှင် ဈေးချုပ်ထည်လေးများကို ယူ၍ချုပ်ခဲ့သည်။
ကိုယ့်ရပ်ကိုယ့်ရွာဖြစ်သောကြောင့် နေထိုင်ရေးမှာ လုံခြုံသလို ခံစားခဲ့ရသလို နွေးနွေးစိတ်လည်း အေးချမ်းခဲ့ပါသည်။ရပ်ကွက်ထဲမှ လူများသည်လည်း နွေးနွေးအဖြစ်ကို မေ့လျော့နေကြပြီဖြစ်လေသည်။တစ်ချို့သော လူအနည်းငယ်ကတော့ နွေးနွေးကို မြင်လျှင် အဖြစ်ဟောင်းတွေကို ပြန်အစဖော်ချင်ကြသည်။သူတို့စိတ်ထဲ၌ နွေးနွေးသည် မောင်မောင်လတ်ကြောင့် ရင်တွေ ကွဲကြေကာ အဝေးသို့ ထွက်သွားခဲ့ရသည်။ယခုအခါ အဆက်ဟောင်း ရှိရာသို့ ပြန်လာခဲ့ပြီး ရင်ထဲ၌ ခံစားနေရသည်ဟုထင်နေကြလေသည်။ နွေးနွေး အနေနှင့် လူများ၏ ထိုအထင်ကို ရွံရှာမုန်းတီးမိလေသည်။ တစ်ခါတစ်ရံတွင် "ဟိုကောင်ကလေ နင်နဲ့ကွဲတာက တစ်နှစ်ကျော်နော် ... ကလေးက အခု တစ်နှစ်ပြည့်တော့မယ်လေ .ဘယ်အချိန်ကတည်းက ဖောက်ပြန်နေကြတာလဲမသိဘူး ...နင့်အစား မခံနိုင်လွန်းလို့ ပါတယ် " ဟုပြောသူနှင့် " သူ့မယားငယ်မဆိုတာ ... ပြိတ္တာမကြီးအတိုင်းပါပဲ ဟယ် ...အဲ့ဒီကောင်ရုပ်လည်း ဘာထူးလဲ ကျွန်စုပ်တဲ့သရက်စေ့ကမှ ပြောင်ရောင် အုံးမယ် ... နင်နဲ့မှ အပုံကြီး ကွာတာပါ အေ ... နင်က နည်းနည်းပိန်သွားတာကလွဲပြီး အရင်ထက်တောင် လှလာသေးတယ် ...မိန်းမတွေ အသည်းကွဲရင် ပိုလှလာတယ်ဆိုတာ နင့်ကို ပြောတာဖြစ်မယ် "ဟု၍ ပြော သော သူများကို မောင်မောင်လတ်နှင့် ပြောဆို ပေးစား၍ အော်ဟစ်ဆဲဆို ပစ်လိုက်ချင်သော စိတ်ရိုင်းများပင်ဝင်လာမိလေသည်။လူများသည် နားလည်ရခက်သော သူများဟုပင် ဆိုရလေမည်လား။သူတို့သည် သူတို့၏ ချစ်သူ အိမ်ထောင်ဖက်များ သစ္စာဖောက်နေသည်ကို သိသိနှင့် မသိဟန် ဆောင်နေကြပြီးလျှင် ဘာမဆိုင်ညာမဆိုင် နွေးနွေးကိုတွေ့လျှင် နွေးနွေးဘက်မှ မခံမရပ်နိုင်ဖြစ်ကြသည့် သဘောနင့် သူတို့၏ စိတ်ကို အာသာဖြေကြသည်ဟု နွေးနွေးထင်မိလေသည်။နွေးနွေး၏ အကြောင်းသည် သူတို့အတွက် ပြော၍ မရိုးနိုင်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါလေသည်။
~~~~
နွေးနွေးရပ်ကွက်ထဲသို့ ပြန်ရောက်လာခဲ့ပြီးနောက် အပြင်သို့ သိပ်မထွက်ဖြစ်ဘဲ သုံးလေးရက်မှ တစ်ခါဈေးသွားပြီး အိမ်တွင်းအောင်း၍ စက်သာ ချုပ်နေခဲ့လေသည်။ထိုသို့ နွေးနွေး နေထိုင်ခြင်းကို နောက်ကွယ်တွင် အမျိုးမျိုး ပြောဆိုနေကြသူများကိုလည်း နွေးနွေး ဥပေက္ခာပြုထားခဲ့လိုက်ပါလေသည်။
~~~~
ညနေခြောက်နာရီထိုး၍ စက်ချုပ်နားသောအခါ နွေးနွေး ဖုန်းကိုထုတ်၍ ဖေ့ဘုတ်ကို ကြည်လိုက်မိသည်။ ထိုစဉ်မှာပင် မက်ဆင်ဂျာမှ စာရောက်လာလေသည်။နွေးနွေးသည် မက်ဆင်ဂျာကို ကြည့်လိုက်သော အခါ နေခြည့်ထံမှ ပုံ တစ်ပုံနှင့်အတူ စာတစ်စောင်ပို့ထားသည်ကို တွေ့လိုက်ရလေသည်။နွေးနွေးသည် နေခြည် ပို့ပေးထားသော ပုံကိုကြည့်၍ ခံစားချက်ကင်းမဲ့လှပါလေသည်။ပုံက မင်္ဂလာ ဆောင်ဖိတ်စာပုံဖြစ်ပြီး ကျော်ကျော်၏ မင်္ဂလာဆောင်ဖိတ်စာပင် ဖြစ်ပါလေသည်။
~~~~~~
"အပျိုကြိုး ... ယောကျာ်းမယူသေးဘူးလား "
စကားသံသည် အကြောင်းမသိသူများအဖို့ ရိုးရိုးတန်းတန်းစနောက် မေးခြင်းဟု ထင်စရာဖြစ်သော်လည်း အကြောင်း သိများဖို့မူ လှောင်ပြောင်သော သဘော သက်ရောက်နေလေသည်။နွေးနွေး မေးသူကို ဘာစကားမှခွန်းတုံ့ မပြန်တော့ဘဲ ထွက်ခဲ့လိုက်သည်။သေချာသည်မှာ နောက်ရက်များတွင် ဆန်ဝယ်ဖို့ရာ ဆိုင်သစ်ကို နွေးနွေး ရှာရအုံးမည်ဖြစ်လေသည်။နွေးနွေးစိတ်၌ လုံခြုံသည်ဟု ထင်ခဲ့မိသော အရပ်သည် နွေးနွေးကို သိမ်ငယ်စေ လှပါသည်။လူတို့၏ အပြောများနှင့် အကြည့်များ ရပ်တန့်သွားရန်မှာ နွေးနွေးမှာ လုပ်ဆောင်စရာ တစ်ခုသာရှိတော့လေသည် အလား ဖြစ်လာခဲ့ပြန်သည်။ ထိုအရာမှာ နွေးနွေးအိမ်ထောင်ပြုရန်သာ ဖြစ်ပါလေသည်။
နွေးနွေး အနေနှင့် အိမ်ထောင်ပြုချင်စိတ် မရှိလေသောအခါ နွေးနွေး၏စိတ်သည် နွေးနွေးကိုယ်တိုင် မသိလိုက်ခင်မှာပင် စိတ်ရိုင်းစိတ်ညစ်များ ဝင်ရောက်လာခဲ့လေသည်။
~~~ ---
" ညည်းက ဘာနာစရာရှိလို့လဲအေ... ဟိုက အသက်ငါးဆယ်ကျော် ဆိုပေမဲ့ လူပျိုကြီးလေ ... သူ့အစ်မတွေကလဲ သူ့မောင်လူပျိုကြီးကို ယူရင် အိမ် နဲ့ ခြံ လက်ဖွဲ့မှာတံ့ "
ထိုစကားကို ပြောလာသူမှာ ရပ်ကွက်ထဲမှ နွေးနွေးကို စိတ်ဝင်စားနေဟန်ပြနေသော လူတစ်ယောက်၏ မိခင်မှ ပြောလာခြင်းဖြစ်ပေသည်။ထိုးစကားကိုကြားကြားခြင်း၌ နွေးနွေးသည် အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်မိလေသည် ။စိတ်ရှိတိုင်းသာ ဆိုလျှင် ထိုမိန်းမကြီးကို ရိုက်နှက် ထုတ်ပစ်လိုက်ချင်ပေသည်။ထိုအမျိုးသမီးကြီးပြောသော လူပျိုကြီးဆိုသည်မှာ အရက်သမားဖြစ်သည့်အပြင် စိတ်ကလည်း မူမမှန်သူဖြစ်ပါလေသည်။ထိုသို့ သိသိနှင့်လာပြောရခြင်းမှာ သူ၏ သားနှင့် နွေးနွေး ငြိစွန်းသွားမည်ကို စိုးရိမ်နေသောကြောင့်ပင် ဖြစ်လိမ့်မည်ထင်ပါသည်။ နွေးနွေးစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ ဒေါသကို ဖြေချလိုက်မိသည်။
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၆ )
*****
နွေးနွေးသည် ကျော်ကျော့်် စကားကြောင့် ရုတ်တရက်ကြောင်အ၍သွားမိသည်။
" မနွေး စိတ်မကောင်းဖြစ်မှာစိုးလို့ ပြောမထွက်ခဲ့တာ ...အိမ်က မနွေးနဲ့ သဘောမတူနိုင်ဘူးတဲ့ ....ကျွန်တော် အမျိုးမျိုးပြောကြည့်ပေမဲ့ လက်မခံကြဘူး ...."
နွေးနွေးသည် ကျော်ကျော်၏စကားကြောင့် အံကိုတင်းတင်းကြိတ်၍ ပြန်မေးလိုက်မိသည်။
"ဘာဖြစ်လို့ သဘောမတူတာလဲ "
" ဟို ....အိမ်ထောင်ကျခဲ့ဖူးလို့တဲ့ ....အပျိုဆို ဘယ်လောက် ဆင်းရဲပါစေ လက်ခံပေးနိုင်တယ်တဲ့ "
ကျော်ကျော်သည် နွေးနွေး၏မျက်နှာကို မဝံ့မရဲကြည့်၍ပြန်ဖြေလိုက်သည်။
ကျော်ကျော်၏ အဖြေစကားကြောင့် နွေးနွေးသည် အံကိုကြိတ်လျက် ကျော်ကျော်မျက်နှာကို ကြည့်၍ အသံခပ်မာမာနှင့်ပြောလိုက်သည်။
" ဪ ... တစ်ခုလပ်မို့ သဘောမတူဘူးတဲ့လား ... ငါက မင်းကို အပျိုလို့ မပြောခဲ့ဖူးဘူးနော် ...မင်းကိုလည်း မမြူဆွယ်ခဲ့သလို မင်းဆီက ကပ်ရပ် စားခဲ့တာလဲ မရှိဘူး ... မင်းတို့မိသားစုရဲ့ စိတ်ကို ခုလို စောစောစီးစီးသိရလို့ ကျေးဇူးတင်ပါတယ် ... မင်းသိထားဖို့က တစ်ခုလပ်ဆိုတာ အကျင့် ပျက်နေတဲ့သူတွေမဟုတ်ဘူး.... အိမ်ထောင်ဖက်နဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လို လောကကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ သတ္တိရှိရှိဆုံးဖြတ်လိုက်တဲ့သူတွေပဲ ...မင်းတို့လို့ စိတ်ထားညံ့တဲ့သူတွေကြောင့် မသိရင်ပဲ တစ်ခုလပ်တွေက အကျင့်ပျက်တွေလိုလို အထင်သေးခံနေရတာပဲ ...မင်းကို ဆုတောင်းပေးလိုက်ပါတယ် အပျိုစစ်စစ်နဲ့ပဲ ဆုံပါစေလို့ "
နွေးနွေး လေသံခပ်မာမာနှင့်ပြော၍ ထွက်ခဲ့သည်။ ကျော်ကျော့်ကို ရန်လည်း မတွေ့ဖြစ်သလို လမ်းခွဲခြင်းမှာ မျက်ရည်ကျစရာလည်း မရှိခဲ့ပါ။ တစ်ခုပဲရှိသည် မိမိကို အထင်သေးခဲ့သော ယောကျာ်းတစ်ယောက်ကို မေတ္တာသက်ဝင်ယုံကြည်ခဲ့မိသည့်အတွက် နောင်တရမိသည်။ယောကျာ်းတစ်ယောက် အကျင့်မကောင်းတိုင်း ဝါးလုံးရှည်နှင့် သိမ်းမရမ်းချင်သောကြောင့် ကျော်ကျော့််ကို ယုံကြည်ခဲ့မိသည်။ သို့သော်လည်း ကျော်ကျော်သည်လည်း သည်ပုတ်ထဲမှ သည်ပဲ သာဖြစ်ခဲ့သည်။
~~~~~~~
"မနွေး အလုပ်ထွက်မို့လား "
နေခြည့် အမေးကို နွေးနွေးက ခေါင်းငြိမ့်ပြ၍ အဖြေပြန်ပေးလိုက်သည်။
"ဘာလို့ ထွက်မှာလဲ မနွေးရယ် ...သူကြင်မှ ကိုယ်ကြင်ပေါ့ ... ကိုယ်အလုပ်ကိုယ်လုပ်နေတာပဲ ...သူ့ကို ဘာဂရုစိုက်စရာလိုလဲ ... သူလို ကောင် အတွက် ဘာမှ ခံစားမနေနဲ့ "
"မဟုတ်ဘူး နေခြည် အစကတည်းက အလုပ်ထွက်ဖို့ နွေးက ပြင်ဆင်ထားပြီးသား ....နွေးကကိုယ်ပိုင်အလုပ်လေးပဲ လုပ်ချင်တာလေ .. အလုပ်ထွက်တာ သူနဲ့မဆိုင်ပါဘူး "
နွေးနွေးက ငြင်းလိုက်သော်လည်း နေခြည်သည် နွေးနွေးကို သနားသည့်ဟန် မျက်ဝန်းများဖြင့် ကြည့်နေသည်ကို နွေးနွေး တွေ့လိုက်ရသည်။ ထိုအခါ ရပ်ကွက်ထဲမှ လူများ နွေးနွေးကို ကြည့်သော အကြည့်ကို သတိရလိုက်မိလေသည်။အမှန်ဆိုရလျှင် ချစ်သူ၏ သစ္စာဖောက်ခြင်းထက် ထိုသို့ အကြည့်များကို နွေးနွေးပို၍ကြောက်မိလေသည်။ သူတို့၏ အကြည့်များသည် နွေးနွေးအား " ညံ့ဖျင်းတဲ့ မိန်းမ .. ယောကျာ်းတစ်ယောက်အတွက် ကျရှုံးနေတဲ့မိန်းမ "ဟု ပြောင်လှောင်ပြောဆိုနေသလို ခံစားရစေသည်။နွေးနွေးသည် ထိုသို့အကြည့်များကို ကြောက်ရွံ့စက်ဆုပ်မိသောကြောင့် ထိုအရပ်မှ ထွက်ပြေးခဲ့သည်။ယခုလည်း ထိုဒုက္ခကို နွေးနွေး ရင်ဆိုင်ရပေအုံးမည်။ သည့်အတွက် နွေးနွေး မည်သူ့ကိုမျှ အပြစ်မတင်ချင်ပါလေ နွေးနွေး၏ သနားကြင်နာတတ်သော နှလုံးသားကိုသာ အပြစ်တင်ရပေလိမ့်မည် ထင်ပါသည် ။
~~~~~~~
နွေးနွေးနှင့် ကျော်ကျော် လမ်းခွဲလိုက်သည့် အချိန်မှ စ၍ နွေးနွေးသည် ဖုန်းထဲမှ ကျော်ကျော်နှင့် ပတ်သက်သမျှကို ဖျက်ပစ်လိုက်သလို ကျော်ကျော် ဖုန်းနံပတ်ကိုလည်း ဆက်လို့မရအောင် လုပ်ထားလိုက်သည်။ ရှေ့လျှောက် နွေးနွေးအေးအေးချမ်းချမ်းပဲနေချင်ပါသည်။ပူပင်သောကတွေကို နွေးနွေးမလိုချင်တော့ပါလေ။
~~~~~~~
"မနွေးရေ ပြောစရာရှိတယ် ... မနွေး စိတ်ခိုင်ခိုင်ထားနော် "
နေခြည့်် စကားကြောင့် နွေးနွေးရင်ထဲမှာ ထိတ်ခနဲပူပင်သွားမိသည်။
"ဘာ ...ဘာကိုလဲ နေခြည် "
" ဟိုကောင် ကျော်ကျော်လေ ... ဘောစိမတစ်ယောက်နဲ့တွဲနေတာတဲ့ မနွေးရဲ့ .... သူ့ထက် အသက်နှစ်ဆယ်လောက်ကြီးတယ်တဲ့ အပျိုကြီးတဲ့လေ ... သူ့အတွက် လက်တော့တွေဖုန်းတွေ ဝယ်ပို့လိုက်တယ်တဲ့ ...ပြီးတော့ ကားပါ၀ယ်ပေးမတဲ့လေ ... အရှက်မရှိ လိုက်ကြွားနေတာလေ ... ကိုယ့်အမေအရွယ်ကြီးနဲ့များ သူမို့မရှက်တယ် "
နေခြည့် စကားကို နွေးနွေး ဘာမျှ ပြန်မပြောမိပါချေ။နှုတ်ခမ်းလေးမဲ့၍ ပြုံးလိုက်မိပြီး ရင်ထဲမှ နာကျည်းနာကျင်မှုများကို မျိချပစ်လိုက်သည်။သည်လိုလူမျိုးအတွက် နွေးနွေးခံစားနေစရာမလိုပါလေ။ခလုတ်တိုက်မီလျှင်တောင် အသားနာတတ်သည်မို့ နွေးနွေး၏ နှလုံးသားသည်လည်း နာကျင်ခဲ့ရပါသည်။သည့် ထက် ပို၍ ရွံရှာမုန်းတီးစိတ်များလည်း ဖြစ်ပေါ်မိပါလေသည်။သို့သော်လည်း သူလိုလူမျိုးနှင့် စောစီးစွာ လမ်းခွဲလိုက်ရခြင်းအတွက်လည်း ဝမ်းမြောက်ရပြန်လေသည်။
~~~~~~~
နွေးနွေး အဆောင်ထဲမှ ထွက်လိုက်သည်နှင့် အဆောင် ရှေ့ရှိ ဗာဒံပင်အောက်တွင်ရပ်နေသော ကျော်ကျော့်ကိုတွေ့လိုက်ရသည်။နွေးနွေးသည် ကျော်ကျော့်ကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ကျော်ကျော်သည် နွေး နွေးကို မြင်သည်နှင့် အပြုံးနှင့်ဆီးကြို လိုက်သလို နွေးနွေး၏ လက်ထဲမှ ထမင်းချိုင်းခြင်းကို လှမ်း၍ဆွဲယူလေသည်။
နွေးနွေးမှာ ငြင်းဆန်ရန် လုပ်လိုက်သော်လည်း ကျော်ကျော်က ခြင်းကို ဆွဲယူပြီးသည်နှင့် ခြေလှမ်းကျဲများဖြင့် ရှေ့မှ ထွက်သွားသောကြောင့် နွေးနွေးမှာမှီအောင် မနည်းလိုက်ရလေသည်။
~~~~~~~
"တက်လေ မနွေး "
နွေးနွေးသည် အရောင်း ကားပေါ်သို့တက်ရန်ပြင်လိုက်ပြီးမှ ကားခေါင်းခန်းတွင် ကျော်ကျော့်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲတွင် ထိတ်ခနဲ လှုပ်ရှားသွားမိသလို စိတ်လည်း ရှုပ်သွားမိလေသည်။
"ဦးလှဦးက ဘယ်သွားလို့လဲ "
နွေးနွေးသည် ယခင်မောင်းနေကျ ကားဆရာကို မေးလိုက်မိသည်။
"ဦးလှဦးက နယ်ဘက်သွားလို့ မနွေးရံ့ ...ဒီကားကို ကျွန်တော်ပဲမောင်းတော့မှာလေ .. စိတ်ချပါ မနွေးရယ် ကျွန်တော်လည်း ကားမောင်း ကျွမ်းပါတယ် "
နွေးနွေးသည် စိတ်ညစ်စိတ်ရှုပ်ထွေးစွာပင် ကားထဲဝင်ထိုင်လိုက်ရသည်။ ပစ္စည်း အတင်အချ အတွက် အကူပါလာသော ကောင်မလေးက မူးတတ်သည်ဟု ဆိုကာ ဘေးမှာ အမြဲထိုင်သော ကြောင့် နွေးနွေးမှာ အလယ်မှာအမြဲပင် ထိုင်ခဲ့ရသည်။ ယခင် ကားဆရာဦးလှဦးနှင့် သွားစဉ်က ထိုကိစ္စက ပြဿနာ မဟုတ်သော်လည်း ယခုအခါတွင် ကျော်ကျော့််ကြောင့် နွေးနွေးမှာ အနေရအထိုင်ရ ကြပ်နေလေသည်။ကျော်ကျော်သည် အသက်နှစ်ဆယ့် တစ်နှစ်ဟု ဆိုသော်လည်း လူကောင်ထွားလှသောကြောင့် ပိန်ပိန်သွယ်သွယ်နွေးနွေး နှင့်ယှဉ်လျှင် သက်တူရွယ်တူကဲ့သို့ ဖြစ်နေလေသည်။
ဆံပင်ရှည်ရှည်ကို ခပ်မြင့်မြင့်စည်းထားပြီးလျှင် အလုပ်ဝတ်စုံဖြစ်သော အနက်ရောင် ခပ်ပွပွ ဘောင်းဘီနှင့် အပြာရောင်စပို့ရှပ်ကို ဝတ်ဆင်ထားသော်လည်း ကျော့ရှင်းလှပနေသော နွေးနွေး၏အလှကို ကျော်ကျော် တစ်ယောက် သတိလက်လွတ် ငေးမောကြည့်နေမိသည်။ အသက်နှစ်ဆယ့်ခြောက်နှစ်ဟုဆိုသောလည်း နှစ်ဆယ်ကျော်စလေးလို နုပျိုလှပနေသော နွေးနွေး၏ အလှကြောင့် ကျော်ကျော်သည် ရင်ခုန်သံတွေ မြန်လျက်ရှိလေသည်။
~~~~~~~
"ကျွန်တော့် ဘာတွေ ပြုပြင်ရမလဲ ပြောပါ .... မနွေး စိတ်တိုင်း ကျနေပေးပါ့မယ် ...တကယ်ပြောတာပါ ..."
ကျော်ကျော်သည် နွေးနွေးကို မျက်နှာငယ်လေးနှင့် ပြောလိုက်သည်။
" ကျော်ကျော်က ဘာမှပြုပြင်စရာမလိုပါဘူး .....နွေးအကြောင်းကို ကျော်ကျော် ဘာသိလို့လဲ ... ကျော်ကျော်နဲ့ သင့်တော်တဲ့သူကိုသာရှာပါ "
" ဘယ်သူ့ကိုမှ မရှာဘူး...မနွေး ကျွန်တော်ကို ပြန်ချစ်မယ့်နေ့ကိုပဲ စောင့်နေမှာ "
" မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ ကျော်ကျော်ရယ် ... နွေး အဲ့ဒါတွေကို စိတ်မဝင်စားဘူး "
နွေးနွေးအပြတ်ငြင်းလိုက်ပါသည်။ပြီးလျှင် အရောင်းထွက်သော အခါ၌လည်း ခပ်တည်တည်ပင် နေလိုက်သည်။အကြောင်း မရှိဘဲ စကားမပြောဖြစ်တော့ပေ။အလုပ်ပြန်ချိန်နှင့် အလုပ် လာချိန်များတွင်လည်း ကျော်ကျော်နှင့်မတိုးမိအောင် ရှောင်ကွင်း ၍သွားမိသည်။
~~~~~~
"ကျော်ကျော် နေမကောင်းဖြစ်နေတယ်တဲ့ ...မနွေး သိလား "
ကျော်ကျော်နှင့် ခင်မင်ရင်းနှီးပုံရသော အလုပ်ထဲမှ ကောင်လေး၏ စကားကြောင့် နွေးနွေး ခေါင်းကိုခါယမ်းပြ၍ ပြန်ဖြေလိုက်သည်။
"မသိဘူးလေ ... မနေ့က အလုပ်မလာတာတော့ သိတယ် "
"ဟုတ်တယ် ... ကျွန်တော့်ဆီကို ဖုန်းဆက်တယ် ... ဒီကောင်ကြီး အခြေအနေက မလွယ်ဘူး ... မနွေး သူ့ကို ပစ်မထားပါနဲ့နော် "
===================
အပိုင်း ( ၅ ) ဆက်ရန်
ဧကြည်ဖြူ
နေမကောင်း ဖြစ်နေလို့ စာမူလေးတိုသွားတာကို သည်းခံပေးကြပါရှင်🙏
တစ်ခုလပ် "
အပိုင်း ( ၄ )
****
အမြဲတမ်း ကိုယ်ပိုင် အလုပ်ပဲ လုပ်ခဲ့သူဖြစ်သောကြောင့် အလုပ်ထဲမှာ နွေးနွေး မပျော်နိုင်ခဲ့ပါ။ ရသောလစာနှင့် လုပ်ရသော လုပ်အားက ဝန်မ မျှခဲ့ပေ။မနက်ဆို ( ၇ ) နာရီ အရောက်သွားရပြီး တစ်နေကုန်ကားတစ်စီးနှင့် ဖိနပ်အရောင်းထွက်ရသည်။ဆိုင်ဟောင်းဆိုလျှင် မှာသောဖိနပ်များကို ၀င်ချပေးရုံဖြစ်သော်လည်း ဆိုင်သစ်ဆိုလျှင် အားပေါက်မတတ် ရှင်းပြပြောပြပြီး ဖောက်သည်စပ်ရသည်။နေကုန်နေခန်း ကားပေါ် ဆင်းလိုက် တက်လိုက်နှင့် အချိန်ကုန်ရသည်။ထမင်းစားချိန်လည်း မမှန် ကြုံသလိုလမ်းဘေးမှာ ကားရပ်ပြီးစားကြရသည်။တစ်ခါတလေ ညနေ သုံးနာရီလေးနာရီအထိ မနက်စာမစားရဘဲ သက်မှတ် ရောင်းကြေးမီအောင် သွားရလာရသည်။ညနေသို့ ရောက်သောအခါ ငါးနာရီကျော်သည်နှင့် အရောင်းရပ်ပြီး ပြန်သော်လည်း လမ်းမှာကား ပိတ်သည်နှင့် ဆိုင်သို့ ညခုနှစ်နာရီကျော်မှ ပြန်ရောက်သည်။ဆိုင်သို့ ရောက်သည်နှင့် ရောင်းရငွေကို အပ်ပြီး စားရင်တင်ပြရသည်။စာရင်းကွာ၍ ငွေအလို ပြလျှင်လည်း အရောင်းသမားတွေကပဲ စိုက်လျော်ရသည်။အားလုံး ပြီးစီး၍ အဆောင်သို့ပြန်ရောက်လျှင် ညဆယ်နာရီကွက်တိပင်။ သည်ကြားထဲ အလုပ်ပင်ပန်းတာထက် အလုပ်သမားအချင်းချင်း ပညာပြခံရ၊ အနှိမ်ခံ အပြောခံရသည်မှာ ဆိုးလှသည်။အလုပ်မှာ ကျွမ်းကျင်နေသော ဝါရင့်အလုပ်သမားများက အလုပ်သမားအသစ်မို့ နှိမ်ချင်ပြောချင်သည်။ကြာသောအခါ လူသည် စက်ရုပ်ကဲ့သို့ပင် ဖြစ်လာသည်။ကိုယ့်ရပ်ကွက်လေးမှာပင်ပြန်၍ ဈေးဆိုင်လေးဖွင့်ပြီး ဘ၀ကို အေးအေးလူလူ ဖြတ်သန်းချင်လာသည်။သို့သော်လည်း ပြန်ရန်မဝံ့ရဲပါ။ရပ်ကွက်ထဲမှ မိတ်ဆွေအပေါင်းအသင်းများ၏ မျက်နှာကို ကြည့်ရန် သတ္တိမရှိသေးပါချေ။အချိန်ကာလတစ်ခုကြည်အထိ ကြိတ်မှိတ်၍ နေရလိမ့်မည်ထင်ပါသည်။
~~~~
အချိန် တစ်နှစ်ကျော်ခန့် အကြာတွင် နွေးနွေးသည် အလုပ်မှာကျင့်သားရလာသည်။ရသမျှ ငွေကို စုဆောင်း၍ထားသည်။ နွေးနွေး၏ ရည်မှန်းချက်သည် အသက်သုံးဆယ်တွင် အိုးပိုင် အိမ်ပိုင်နှင့် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရန်ပင် ဖြစ်လေသည်။
"မနွေးကိုလေ ကျော်ကျော်ကစိတ်ဝင်စားလို့တဲ့ ...အဲ့ဒါ ညီမကို အောင်သွယ်ခိုင်းနေတယ် "
အလုပ်အတူလုပ်နေသော နေခြည်၏ စကားကြောင့် နွေးနွေး မျက်မှောင်ကို ကြုတ်လိုက်မိသည်။ကျော်ကျော်ဆိုသည်မှာ နွေးနွေးလိုပင် ရန်ကုန်မြို့စွန်တစ်နေရာမှ မြို့ထဲအဆောင်မှာလာနေပြီး အလုပ်လုပ်နေသော ကောင်လေးဖြစ်သည်။နွေးနွေးထက် လေးငါးနှစ်လောက်ငယ်မည် ထင်သည်။
"မဖြစ်နိုင်တာ နေခြည်ရယ် သူ့အသက်က အခုမှ နစ်ဆယ်ကျော်လေး မဟုတ်လား ....အစ်မ အဲ့ဒါတွေကို စိတ်မ၀င်စားဘူးလို့ ပြောလိုက်ပါကွယ် "
အသက်နှစ်ဆယ်ကျော်စ ထိုကောင်လေးကို နွေးနွေးစိတ်မဝင်စားပါ။ ထိုကောင်လေးကိုမှ မဟုတ် မည်သူ့ကိုမျှ နွေးနွေးစိတ်မ၀င်စားပါ။ထိုသို့ နွေးနွေး၏စိတ်ကို ငယ်သူငယ်ချင်းများကိုသာ ပြောပြမိလျှင် သူတို့စိတ်ထဲ၌ မောင်မောင်လတ်ကို မမေ့နိုင်သေးသောကြောင့်ဟု ပြောကြလိမ့်မည်ထင်သည်။အမှန် ဆိုရလျှင် အချစ်ဆိုသော အရာကို နွေးနွေး သေချာ မသုံးသပ်တတ်ပါချေ။မောင်မောင်လတ်နှင့် ပတ်သက်၍ နွေးနွေး၏ရင်ထဲ၌ မည်သို့သောခံစားချက်မျှ မကျန်ခဲ့သည်မှာ သေချာသည်။တစ်ခါတစ်ရံ၌ အဝေးသို့ ထွက်မသွားသော မောင်မောင်လတ်ကို အဝေးသို့ ပြောင်းသွားစေချင်သည့် စိတ်မှအပ နွေးနွေးတွင် ဘာခံစားချက်မျှမရှိပါလေ။ မောင်မောင်လတ်သည် လည်း မျက်နှာပြောင်တိုက် အကြောတင်းလှသည်ဟု ပြောရလေမည်လား။ သူ့ရပ်သူ့ရွာသို့မပြန်ဘဲ ရပ်ကွက်ထဲတွင် နာမည်ရနေပြီဖြစ်သော သူ့ဆိုင်မှာပင် နေသည်တဲ့လေ။
~~~~~
"မနွေး အတူတူ ပြန်ရအောင်လေ ...မိုးတအား ချုပ်နေပြီ "
နွေးနွေးသည် ဆိုင်ထဲမှ ထွက်လာခဲ့စဉ် ဆိုင်၏မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ကျော်ကျော့်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားမိလေသည်။အဘယ်ကြောင့်ဆိုသော် နွေးနွေး ငှားနေသော အဆောင်သည် ဖိနပ်ဆိုင်နှင့် နှစ်မှတ်တိုင် အကွားအဝေးတွင်ရှိသော်လည်း ကျော်ကျော်သည် ဖိနပ်ဆိုင်အနီးမှ အဆောင်တွင်ပင် နေသူဖြစ်လေသည်။
"ဘယ်ကို တူတူသွားမှာလဲ ...မင်းက ဒီနားမှာပဲနေတာ မဟုတ်လား "
နွေးနွေးသည် ကျော်ကျော်ကို ပြန်မေးလိုက်သည်။ကျော်ကျော်သည် နွေးနွေးကို စိတ်ဝင်စားနေသည်ဟု ဆိုသော်ငြားလည်း ရည်မွန်ယဉ်ကျေးသော လူငယ်လေးလည်းဖြစ် အလုပ်လည်းတူတူလုပ်နေရသောသူဖြစ်သောကြောင့် နွေးနွေး အခင်အမင်မပျက်ပင်ခေါ် ပြောနေမိခြင်းဖြစ်လေသည်။
" ကျွန်တော် အဆောင်ပြောင်းလိုက်ပြီလေ ...မနွေးနေတဲ့ အဆောင်နားမှာပဲလေ "
ကျော်ကျော်က ပြောရင်း ရှေ့မှလျှောက်၍သွားလေသည်။နွေးနွေးလည်း ဘာမှ အထွေအထူး ပြောမနေတော့ဘဲ ကျော်ကျော့်် နောက်မှ လိုက်လျှောက်သွားလိုက်သည်။ညကိုးနာရီကျော်ပြီမို့ လမ်းပေါ်တွင် သွားလာနေသူများမှာ မိန်းမသားများ သိပ်မရှိဘဲ ယောကျာ်းသားများ ပို၍များလေသည်။ကျော်ကျော်သည် ရှေ့မှ နှုတ်ဆိတ်လျက် သွားနေသော်လည်း နောက်သို့ မကြာခဏ လှည့်၍ ကြည့်လေသည်။ဘာပဲဖြစ်ဖြစ် နွေးနွေး အတွက် အဖော်ရသောကြောင့် နွေးနွေးလည်း မသိဟန်ပြု၍နေလိုက်လေသည်။
နွေးနွေးနေသော အဆောင်ရှေ့သို့ရောက်သောအခါ နွေးနွေး အဆောင်ထဲဝင်လာသည်အထိ ကျော်ကျော်ရပ်ကြည့်နေသည်ကို နွေးနွေး တွေ့လိုက်ရလေသည်။
~ ~~~~~
ခံစားချက်များသည်ပင် နွေးနွေး၏ ရပ်ကွက်လေးကို ကျောခိုင်းစွန့် ခွါရန် အကြောင်း လုံလောက်ခဲ့လေသည်။
~~~~~
နေရာသစ်သည် နွေးနွေးကို ခပ်စိမ်းစိမ်းပင် ကြိုဆိုနေခဲ့လေသည်။နွေးနွေးသည် ပါလာသော ငွေလေးကို စုစုဆောင်း ဆောင်းထားလိုက်ပြီးလျှင် ဖိနပ်အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လိုက်လေသည်။
====================
အပိုင်း (၄ ) ဆက်ရန်
ဧကြည်ဖြူ
ပြောင်လာခဲ့သည်မဟုတ်ပါလား။
~~~~~
"နွေးနွေးရေ ...နင့်အစ်မအေးရီလေ ဒေါ်ချယ်ရီဆွေတို့အိမ်ရှေ့မှာ စိန်သွားခေါ်နေတယ် .. သူ့သမီး ဆွေဆွေနိုင်တော့ မရှိတာကြာပြီလို့ပြောတယ် ... နင့်အစ်မကို သွားခေါ် အုံးလေ ...နင့် ခဲအိုတော့ ဆွဲခေါ်နေတယ်ဟဲ့ "
ကြားရသော စကားသည် နွေးနွေး၏ စိတ်အစဉ်ကို ညစ်နွမ်း ရှုပ်ထွေးသွားစေသည်။သတင်းစကားပါးလာသူ များသည် ဆိုင်ရှေ့မှ ထွက်မသွားသေးဘဲ နွေးနွေးကို အကဲခတ်ကြည့်နေကြမှန်း နွေးနွေး သိသည်။သူတို့သည် နွေးနွေး၏မျက်နှာကို မျက်တောင်မခတ်တမ်းကြည်၍နေကြပေလိမ့်မည်ထင်သည်။အတန်ကြာ နွေးနွေးကိုစူးစမ်းကြည့်နေပြီးနောက် နွေးနွေးဆီမှ တုံ့ပြန်မှုကို မမြင်ရသောအခါ သနားသည့် ဟန်ပန် အမူအရာဖြင့် ထွက်သွားကြလေသည်။သူတို့သည် နွေးနွေးဆီမှ ဘယလိုတုံ့ပြန်မှုမျိုးကို မျှော်လင့်နေကြသည်လည်း နွေးနွေးမတွေးချင်သော်လည်း တွေးနေမိပြန်သည်။နွေးနွေးစိတ်ပျက်အားငယ်နေသည်ကို သူတို့မြင်ချင်ကြသည်လား ။ သို့တည်းမဟုတ် အမျက်ဒေါသထွက်လျက် ရန်လိုနေသော နွေးနွေး၏ ပုံစံကို မြင်ချင်ကြလေသည်လားမသိပါချေ။သေချာသည်မှာ နွေးနွေးသည် မောင်မောင်လတ်နှင့် ဆွေဆွေနိုင် ဆိုသော အမျိုးသမီးကြောင့် ရင်ထဲတွင် အနာတရ မကျန်ခဲ့သော်လည်း ပတ်ဝန်းကျင်၏ အကြည့်များကြောင့် တစ်နေ့တစ်ခြား သိမ်ငယ်လာသလို ခံစားနေရလေသည်။
~~~~~
" ကိုယ့်ရပ် ကိုယ့်ရွာကို စွန့်ပြီး ဘာကိစ္စ နင်က ပြောင်းရမှာလဲ .. ဘယ့်သူကို ဂရုစိုက်ရမှာလဲ ...သူတောင် အရှက်မရှိနေရဲသေးတဲ့ဟာ ... နင်က ဘာလို့ ထွက်ပြေးရမှာလဲ "
ထိုသို့ အစ်မဖြစ်သူတားနေသည့်ကြားမှ နွေးနွေးအိမ်ပြောင်းရွေ့ခဲ့သည်။မပြောင်းလို့လည်း မဖြစ်ချေ။မိတ်ဆွေသူငယ်ချင်းများအပါအ၀င် ပတ်ဝန်းကျင်ရှိ လူများသည် မောင်မောင်လတ်၏ သတင်းကို နွေးနွေးဆီသို့ မရောက်ရောက်အောင်ပင် သယ်ဆောင်လာတတ်ကြသည်။မောင်မောင်လတ်သည် ဆွေဆွေနိုင်ဆိုသော အမျိုးသမီးကို အခြားရပ်ကွက်တွင် အိမ်ငှားပေးထားပြီး ညဘက်တွင် ထိုအိမ်သို့ သွားအိပ်ပြီး မနက်စောစောမှ ဆိုင်သို့ ပြန်လာတတ်ကြောင်း နှင့် မတော်ရသေးသော ယောက္ခမများကိုလည်း ထောက်ပံ့ကြောင်း သတင်းများကို သယ်ဆောင်လာကြလေသည်။အမှန်ဆိုရမူ ထိုသတင်းများအတွက် နွေးနွေးတင်ရင်ထဲ၌ ခံစားချက်ကင်းမဲ့လှပါသည်။သို့သော်လည်း ပတ်ဝန်းကျင်၏ အကြည့်များ ၊ အပြောများကိုမူ ကြာလေ နွေးနွေး ရင်မဆိုင် ရဲလေဖြစ်လာခဲ့မိလေသည်။
"သူကြင်မှ ကိုယ်ကြင်ပါ နွေးနွေးရယ် ..ဒီလိုကောင်ကို မေ့ပစ်လိုက်စမ်းပါအေ "
"တစ်ယောက် မကောင်း တစ်ယောက် ပြောင်းလိုက်စမ်းပါအေ ... ဘာလွမ်းစရာရှိလဲ "
"သူယူလိုက်တဲ့ဟာမထက် နင်က အပုံကြီးလှပါတယ် နွေးနွေးရယ် ...ဒီလိုကောင်ကို ဆွေးမနေနဲ သူ့ထက်သာတာကို ရှာယူပြလိုက်စမ်းပါ "
ကြာသောအခါ ထိုစကားလုံးများကြောင့် နွေးနွေးသည် အဝေးဆုံးသို့ ပြေးထွက်သွားချင်မိသည်။ သူတို့၏စိတ်ထဲတွင် နွေးနွေးသည် မောင်မောင်လတ်ကြောင့် ကြေကွဲခံစားနေရသည် ဆိုသော အထင်ကို နွေးနွေး ရင်မဆိုင်ရဲတော့ပါချေ။နွေးနွေး အလှပြင်လျှင်လည်း မောင်မောင်လတ်ကို မခံချင်စိတ်ကြောင့် မာနနှင့် နေပြသည် ဟု ထင်ကြေးပေးကြပြန်သည်။တစ်ခါတလေများ နွေးနွေး မပြင်မဆင်နေမိလျှင်လည်း မောင်မောင်လတ်ကြောင့် ပူပန်သောကများနေသည်ဟု ပြောကြပြန်လေသည်။ နွေးနွေး အနေနှင့် ဘယ်လိုနေနေ ပတ်ဝန်းကျင်၏ အပြောများမှ မလွတ်မြောက်နိုင်ခဲ့ပါ။တစ်ခါတစ်ရံ နွေးနွေးစိတ်လိုလက်ရနှင့် "သူတို့နဲ့ ပတ်သက်ပြီး ကျွန်မမှာ ဘာခံစားချက်မှ မရှိဘူး''ဟု ဖြေရှင်းမိလျှင် သူတို့သည် နွေးနွေး မျက်နှာကို ကြည့်ပြီး စုတ်တသပ်သပ်နှင့် ဖြစ်ကြလေသည်။အခံရအခက်ဆုံးမှာ နွေးနွေး၏ အခင်မင် ဆုံး မိတ်ဆွေသူငယ်ချင်းများသည်ပင်
"နွေးရေ ...ငါမနက်က အဲ့ဒီကောင်ကို တွေ့တော့ စောင်းမြောင်းပြီး ပြောဆို ပစ်လိုက်တယ်သိလား ... နင့်အတွက် မခံနိုင်လွန်းလို့ပါဟယ် ...ဒီလိုကောင်ကို နင် တမ်းတမနေနဲ့နော် "
"အဲ့ဒီကောင် ရုပ်လေ ... နင်နဲ့နေတုန်းက ပုံစံနဲ့ တခြားစီပဲဟယ်...ဟိုကောင်မဆိုတာလဲ ...အရှက်မရှိတဲ့ရုပ်နဲ့ပါဟယ် ...ဒီလိုကောင် အတွက် နင်ဘာမှ ခံစား နေစရာမလိုဘူး "
ကြာသောအခါ နွေးနွေးပေါက်ကွဲချင်လာမိသည်။ မောင်မောင်လတ် အကြောင်းကို လာပြောသူမှန်သမျှကို မောင်မောင်လတ်နှင့် ပြောဆို ပေးစားချင်သော စိတ်ရိုင်းများပင် ဝင်လာမိသည်။သည်ကြားထဲ၌ အစ်မဖြစ်သူ မအေးရီကလည်း မောင်မောင်လတ်ကို မကြာခဏ သွားရောက် စောင်းမြောင်း ပြောဆိုနေတတ်သောကြောင့် နွေးနွေးမှာ သာ၍ပင် စိတ်ဆင်းရဲရပြန်လေသည်။ကြာသောအခါ နွေးနွေး ငယ်စဉ်ကပင် ကျင်လည်ခဲ့သော ပတ်ဝန်းကျင်သည် နွေးနွေးကို နွေးနွေးအဖြစ် မြင်မပေးနိုင်တော့ဘဲ ယောကျာ်း ဖောက်ပြန်သွားသောသူ၊ မယားငယ်ယူသွားတဲ့သူရဲ့ ကျန်ရစ်သော မယားကြီးအဖြစ်သာမြင်ကြလေသည်။ယုတ်စွအဆုံး နွေးနွေးအပြင်ထွက်သော အခါ ကြည့်သော မျက်လုံးများကို နွေးနွေး ကြောက်ရွံ့လာမိသည်။ဖောက်ပြန်ခဲ့သူသည် မောင်မောင်လတ်ဖြစ်လင့်ကစား စွန့်ပစ်ခဲ့သူမှာ နွေးနွေးပါဟု အားလုံးသိအောင်ပင် အော်ဟစ်ပြောဆိုချင်လာမိသည်။ ထိုကိစ္စများအတွက် မည်မျှလောက်အထိ နွေးနွေးကိုရိုက်ခက်ခဲ့သည်လည်း ဆိုရသော် တစ်ခါတလေ နွေးနွေးစိတ်ထဲ၌ မောင်မောင်လတ်တို့ကို သတ်ပစ်ချင်စိတ်များပင် ပေါ်ပေါက်မိသည် အထိဖြစ်ပါလေသည်။ထိုသို့
မောင်မောင်လတ်၏ ဖုန်းထဲမှ စာများကို ဖတ်ပြီး နွေးနွေးမျက်လုံးထဲတွင် ပျာခနဲ မိုက်ခနဲ ဖြစ်သွားမိသည်။ထို့နောက် ထိန်းထားသည့်ကြားမှပင် မောင်မောင်လတ်၏ ဖုန်းကို ဆတ်ခနဲ ဆွဲယူပစ်လိုက်သည်။
"ဟာ ..နွေး မင်း ဘာလုပ်တာလဲ "
မောင်မောင်လတ်သည် ရုတ်တရက်မို့ ထိတ်လန့် အံ့ဩသွားပုံရသော်လည်း နွေးနွေး၏ လက်ထဲမှ ဖုန်းကို ပြန်လုယူလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲပစ်လိုက်လေသည်။
" ရှင် ...ရှင် ဒါဘာလုပ်တာလဲ....အဲ့ဒီမိန်းမက ဘယ်သူလဲ ...ဘယ်ကလဲ ... ပြောလေ ပြော ...ကဲဟာ ....ကဲဟာ "
"ဖြန်း ..ဖြန်း ...ဖြန်း "
မည်မျှပင်ကိုယ့််စိတ်ကို နိုင်ပါသည်ဟု ဆိုသော်ငြား လက်တွေ့ကြုံလိုက်ရသောအခါတွင် နွေးနွေး၏ စိတ်တွေလွတ်ထွက်သွားသည်။ဒေါသတကြီးနှင့် မောင်မောင်၏ ပါးပြင်ကို ဘယ်ပြန်ညာပြန် ချပစ်လိုက်သည်။ပြီးလျှင် ကိုယ့်ကိုယ်ကို အသဲမာသည်ဟု ထင်ထားမိသော နွေးနွေးသည် ရှိုက်ကြီးတငင် ငိုချလိုက်မိသည် ။
~~~~~~~
"ဘာ ကွားရှင်းတော့မယ် ဟုတ်လား မိနွေး ...လွယ်လှချည်းလားအေ ... ဘယ်သူ ဝမ်းသာဖို့ ကွာရှင်းမှာလဲ ... ယောက်ျားဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားဖူးမှာပဲ .. ဒါကို သည်းခံရမှာက မိန်းမတွေ တာဝန်ပဲ "
အစ်မဖြစ်သူပြောသောစကားများကို နွေးနွေးနားထောင်နေလိုက်သည်။နွေးနွေးစိတ်တွင်း၌မူ သည့်ထက်ပို၍ သည်းခံနိုင်စွမ်းအားမရှိတော့ပါချေ။
"အဲ့ဒီဟာမ ဘယ်သူလဲ နင်သိလား ... ငါ ရိပ်မိနေတာကြာပြီ ...မသိဟန်ဆောင်ပေးနေတာ ...နင်က ခုလို ကွာရှင်းမယ်ဆိုတော့ ငါစီမံထားသမျှ အလကားဖြစ်တာပေါ့ ဟဲ့ "
~~~~
"အမေရေ ..ကိုမောင့် မိန်းမကြီးတော့ သိသွားပြီ ....သူက ပြဿနာ မရှာရင်တောင် သူ့အစ်မဆိုတဲ့ မိန်းမက ပြဿနာ လာရှာနိုင်တယ်တဲ့ ..အဲ့ဒါကြောင့် ....ကိုမောင်က သမီးကို အဆောင်မှာ ခဏ ပြောင်းနေတဲ့ လေ...အမေတို့ အဆင်ပြေပါ့မလား "
ဆွေဆွေနိုင်က မိခင်ဖြစ်သူကို ပြောလိုက်သည်။
" အမလေးတော် ... ဘာကြောက်စရာရှိလဲ ..သူဆဲ ကိုယ်ဆဲ သူချကိုယ်ချပေါ့ ...ဒီလိုလင်တရူးမ တွေကို ကြောက်နေစရာ အကြောင်းကို မရှိဘူး ....ညည်းသာ မောင်မောင်လတ်ကို အပိုင် ကိုင်နိုင်အောင်လုပ် "
ဒေါ်ချယ်ရီဆွေသည် ပြောပြောဆိုဆိုနှင့် အိမ်ထောင့််တွင် ထောင်ထားသော ဝါးရင်းတုတ်ကို လက်နှင့် ဆွဲကိုင်လိုက်သကဲ့သို့ သမီးဖြစ်သူဆွေဆွေနိုင်သည်လည်း အဝတ်အစားများကို အိတ်ထဲထည့်လျက် သားအမိနှစ်ယောက် တက်ညီလက်ညီ လှုပ်ရှားနေကြလေသည်။
~~~~~~~
နွေးနွေးသည် ရင်ထဲမှ အပူသောကကို ဟန်မပျက်ထိန်းလျက် မောင်မောင်လတ်၏ အဝတ်အစားများကို သေတ္တာတစ်လုံးထဲသို့စုထည့်ပေးလိုက်သည်။မောင်မောင်လတ်သည် နွေးနွေး လုပ်သမျှကို ငြိမ်လျက် ကြည့်နေသည်။နွေးနွေးသည် အိမ်ရှိမောင်မောင်လတ်၏ ပစ္စည်းများအားလုံးကို သေဘ္ဘာထဲသို့ စုထည့်လိုက်ပြီး မောင်မောင်လတ်၏ ရှေ့တွင် ချပေးလိုက်သည်။ မောင်မောင်လတ်သည် စကားတစ်ခွန်းမျှ မပြောဘဲ နွေးနွေး လုပ်သမျှကို ထိုင်၍ကြည့်နေလေသည်။
" စုဆောင်းထားတဲ့ ငွေကို ကျွန်မ နှစ်ပုံယူမယ် ... ရှင်တစ်ပုံယူပေါ့ ....ရှင့်ကို တစ်သက်လုံးလုပ်စားလို့ရမဲ့ စက်ပညာပါ သင်နိုင်အောင် ကျွန်မကူညီပေးခဲ့တာပဲ ... ဒီလောက်တော့ ရှင်လက်ခံနိုင်တယ်မဟုတ်လား ... ပြီးတော့ ကျွန်မ ဒီအိမ်မှာ အိမ်လခပြည့်တဲ့အထိ ဆက်နေမယ် ...ရှင့်ကတော့ ဒီနေ့ပဲ ပြောင်းပေးပါ ...တကယ်လို့ ကျွန်မ အစ်မက ရှင်တို့ကို လာပြီး ပြောဆိုခဲ့ရင်တော့ ရှင်သည်းခံလိုက်ပေါ့ ...ဒီလောက်တော့ အပြောအဆို ခံရသင့်တယ်မဟုတ်လား "
"အေး ပြောတဲ့ ဆိုတဲ့ နေရာမှာ အတိုင်းအတာတော့ ရှိတယ် ...လိုတာထက်ပိုလွန်လာရင်တော့ သည်းခံဖို့ခက်တယ် .. မင်းရဲ့ တူတွေပါ ပါလာခဲ့ရင် ငါ သည်းခံနိုင်မှာ မဟုတ်ဘူး "
မောင်မောင်လတ်၏ စကားကြောင့် နွေးနွေးသည် မောင်မောင်လတ်၏ မျက်နှာကို စက်ဆုပ်ရွံရှာစွာနှင့်ကြည့်လိုက်မိပြီး ဒေါသ မာနနှင့် ပြောလိုက်သည်။
" ဒီမှာ ကိုမောင်မောင်လတ် ....ကျွန်မ အစ်မက ရှင့်ရဲ့ အရင်ကစုတ်တိစုတ် ပြတ်ဘဝကို သိလို့ မခံချင်စိတ်နဲ့ ပြောချင် ပြောလိမ့်မယ် ...ကျန်တဲ့ ဆွေမျိုးသားချင်းတွေက ရှင်တို့ကို ရွံလွန်းလို့ ပြိုင်ဖက်ပြီး ပြောနေမှာ မဟုတ်ဘူး သိရဲ့လား... ရယ်စရာကောင်းတာတွေ ပြောမနေနဲ့ ...ကျွန်မတောင် ရွံလွန်းလို့ ရှင်မျက်နှာကို ဆက်မကြည့်ချင်တော့တဲ့ဟာကို မျှော်လင့်မနေနဲ့ "
ဒေါသဖြစ်လွန်း၍ နွေးနွေး စိတ်တိုတိုနှင့် မောင်မောင်လတ်ကို ပြောပစ်လိုက်သည်။မောင်မောင်လတ်သည် သူဖောက်ပြန်နေသည်ကို နွေးနွေး သိသွားသောအခါ တိုးလျှိုး တောင်းပန်ခဲ့သော်လည်း ရက်အပိုင်းအတွင်းမှာပင် ဂနာမငြိမ် ပြန်ဖြစ်လာသောကြောင့် နွေးနွေးသည် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့် ကွာရှင်းဖို့ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။ထိုဆုံးဖြတ်ချက်အတွက် အစ်မဖြစ်သူနှင့် အတိုက်အခံ ဖြစ်ခဲ့ရသည်။သို့သော်လည်း နွေးနွေး အနေနှင့် ဆုံးဖြတ်ထားသည့်အတိုင်းပဲ လုပ်ဆောင်ခဲ့သည်။ဖောက်ပြန်သော ယောကျာ်းကို ဆက်လက်ပေါင်းသင်းရန် နွေးနွေး မသတီပါလေ။မြွေပွေးခါးပိုက်ပိုက်ထားရသော အဖြစ်မျိုးနှင့်လည်း နွေးနွေးမနေနိုင်ပါ။ နွေးနွေး၏ ဘဝသည် မောင်မောင်လတ်ကြောင့် တိုးတက်ခဲ့သည်မှာ မှန်သော်လည်း မောင်မောင် လတ်သည်လည်း နွေးနွေးကြောင့် လူရောင်သူရောင်
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၃ )
*******
"ဘာချောင်းဆိုးသံလဲ စိတ်ရှုပ်လိုက်တာကွာ...လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတာလေ ... ဘေးက အသံတွေကြားမှာပဲ ဘာမှမထူးဆန်းဘူး ....."
မောင်မောင်လတ်၏ အသံသည် မာ၍ထန်နေသည်။ပြီးလျှင် စိတ်ဆိုးမာန်ဆိုးပုံနှင့် ဧည့်ခန်း၏ အောက်ဆင့် စာရေးစာပွဲတွင် သွား၍ ထိုင်လေသည်။ပြီးလျှင် နွေးနွေးကိုကျောပေးလျက် ကွန်ပျူတာကိုဖွင့်၍ သုံးနေလေသည်။မောင်မောင်လတ်၏ ကျောပြင်ကိုကြည့်၍ နွေးနွေးသက်ပြင်းတစ်ချက်ချမိသလို သံဝေဂလဲရမိလေသည်။နွေးနွေးသည် မောင်မောင်လတ်အတွက် ကွန်ပျူတာဝယ်ပေးခဲ့သော်လည်း ကိုယ်တိုင်သုံးရန်အားမထုတ်ခဲ့ဘူးချေ။အချိန်ပြည့် အိမ်ဆိုင် အတွက် လုံးပန်းနေရသည်နှင့် နွေးနွေးမှာ အားလပ်ချိန်ပင် မရှိခဲ့ပါ။သည်ကြားထဲ၌ မောင်မောင်လတ်သည် အီလက်ထရောနစ် နည်းပညာကို ဝါသနာ ပါသော်လည်း မူလတန်းပဲ အောင်ခဲ့သူဖြစ်သောကြောင့် အားလပ်ချိန်များတွင် မောင်မောင်လတ်ကို အင်္ဂလိပ်စာသင်ပေးခဲ့ရသေးသည်။နောက်ဆုံးတွင် မောင်မောင်လတ်သည် အင်္ဂလိပ်စာကို အတော်အသင့်နားလည် သိကျွမ်းခဲ့ပြီး သူ့လုပ်ငန်းများမှာ အဆင်ပြေလာခဲ့သည် အထိပင်။ယောကျာ်းဖြစ်သူ အဆင်ပြေလာသောအခါ နွေးနွေးလည်းစိတ်ချမ်းသာခဲ့ရပါသည်။
"မအိပ်သေးဘူးလား "
မောင်မောင်လတ်၏ မေးသံကို ကြားရသောအခါမှ နွေးနွေးသည် သတိဝင်လာပြီး နံရံပေါ်မှ နာရီကိုမော့ကြည့်လိုက်မိသည်။ညဆယ့်တစ်နာရီပင် ကျော်နေလေပြီ။မောင်မောင်လတ်သည် ပြောပြီးသည်နှင့် အိပ်ခန်းထဲသို့၀င်၍ သွားလေသည်။နွေးနွေးသည် ထိုင်နေသော ခုံပေါ်သို့ စိတ်ပျက်လက်ပျက် နှင့်လှဲချလိုက်မိလေသည်။
~~~~~
"မနေ့ညက သူ့မိန်းမကြားအောင်... သမီး တမင်ချောင်းဆိုးသံပေးလိုက်တယ် ..."
"ဟဲ့ ...တော်ကြာ ငါတို့ကို ပြဿနာလာရှာနေအုံးမယ် "
ဒေါ်ချယ်ရီဆွေက သမီးဖြစ်သူ ဆွေဆွေနိုင်၏ စကားကြောင့် စိုးရိမ်တကြီးနှင့် ပြောလိုက်သည။
"မရှာပါဘူး အမေရယ် ...အဲ့ဒီမိန်းမက သိပ်မာနကြီးတာ ... သူကမယားငယ်နဲ့ ပြိုင်ဖက် ပြီး စကားပြေားမဲ့အဆင့်မျိုးမဟုတ်ဘူးတဲ့လေ ဘ၀င်ရူးနေတာများ ပြောပါတယ် ....သမီးနဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင် မသိတဲ့ ဘဝင်ရူးမပါ အမေရယ် "
ဆွေဆွေနိုင်သည် တစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ပြော၍ သဘောကျစွာ ရယ်နေလေသည်။
"ဟဲ့ ...သတိတော့ထားအုံး ... သူ့အစ်မဆိုတာစွာတယ်တဲ့ ..."
"အမလေး ဂရုစိုက်စရာလား အမေရယ် .. ကိုယ့်လူကို ပိုင်ဖို့ပဲ အရေးကြီးတာ ...သူတို့ဘာသာ ဘာဖြစ်ဖြစ် ဆွေကတော့ဂရုကိုမစိုက်တာ "
~~~~~~~
" မသွားချင်ဘူး မမကြီးရယ် ...အဲ့ဒါမျိုးတွေ လုပ်ရမှာကို နွေးရှက်တယ် ... မလုပ်ချင်ဘူး ..."
နွေးနွေးသည် မယ်တော် ကျောင်းသို့သွားရန် အတင်းပင် ခေါ်ယူနေသော အစ်မဖြစ်သူကို ငြင်းဆန်လိုက်သည်။
"ဒုက္ခပါပဲအေ ... နင်အဲ့လို ခေါင်းမာနေတာနဲ့ ဒုက္ခတော့ရောက်တော့မှာပဲ မိနွေးရယ် ..."
"ဒုက္ခ ... ဘာဒုက္ခ လဲ မမကြီး ...အခုလို စီးပွားရေး အဆင်ပြေနေတာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘူးလေ ... နွေးရဲ့ ကြိုးစားမူတွေလဲပါတယ် ... သူနဲ့လမ်းခွဲရင်လဲ နွေး ဘာသာ ရုန်းကန်နိုင်ပါတယ် "
နွေးနွေးသည် အစ်မဖြစ်သူကို စိတ်ထဲရှိသည့်အတိုင်း ပြောချပစ်လိုက်သည်။
"အေး ..နင့်စိတ်တိုင်းကျလုပ် ...နင့် သဘောအတိုင်းသာနေ ... နင့် ကိစ္စမှာ ငါဘာမှ ၀င်မပါတော့ဘူး.... နင်က အကြီးထက် ပိုသိပိုတတ်နေတာမဟုတ်လား "
စိတ်ဆိုးမာန်ဆိုးနှင့် ပြောပြီး ထွက်သွားသော အစ်မဖြစ်သူ မအေးရီ၏နောက်ကျောပြင်ကို ကြည့်၍ နွေးနွေးရင်ထဲမှ အပူမီးကို ကြိတ်မှိတ် မျိုသိပ်လိုက်ရပြန်လေသည်။
~~~~
ယနေ့ညတွင် မောင်မောင်လတ်သည် ညရှစ်နာရီကျော်မှာပင် ဆိုင်သိမ်း၍အိမသို့ ပြန်ရောက်လာလေသည်။ သို့သော်လည်း မောင်မောင်လတ်သည် အိမ်သို့စောစီးစွာ ပြန်လာသော်လည်း ပြန်ရောက်ကတည်းက စာရေးစားပွဲခုံတွင် ထိုင်လျက် ဖုန်းနှင့် မျက်နှာအပ်လျက် အလုပ်များနေလေသည်။နွေးနွေးသည်လည်း ဘာမှ ပြောချင်စိတ်မရှိသောကြောင့် ကိုယ်လုပ်စရာရှိသည့်အလုပ်များပြီးသည်နှင့် အိပ်ခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
နွေးနွေးသည် အိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့်နှင့် အတွေးများနေမိသည်။အိမ်ရှေ့ခန်းတွင် ရှိနေသော မောင်မောင်လတ်သည်မှု တုတ်တုတ် လှုပ်သံမျှပင် မကြားရပေ။
နွေးနွေးသည် ခြေကိုဖော့နင်းလျက် အခန်းပြင်သို့ ထွက်ခဲ့လိုက်သည်။အခန်းဝမှ နေ၍ ယောကျာ်းဖြစ်သူ မောင်မောင်လတ်ကို လှမ်းကြည့်လိုက်သောအခါတွင် ဖုန်းကိုသဲကြီးမဲကြီး စိုက်ကြည့်လျက်ရှိသည်ကို တွေ့လိုက်ရလေသည်။နွေးနွေးသည် ခြေကို ဖော့နိုင်သမျှ ဖော့နင်း၍ မောင်မောင်လတ်ရှိရာဆီလျှောက်သွားလိုက်လေသည်။မောင်မောင်လတ်သည် ဖုန်းထဲတွင် စိတ်နစ်မြှုပ်နေသောကြောင့် နွေးနွေး သူ့နားသို့ရောက်နေသည်ကို သတိပြုမိဟန်မရှိပါချေ။နွေးနွေးသည် မောင်မောင်လတ်၏ နောက်ကျောမှနေ၍ မောင်မောင်လတ်၏ ဖုန်းကို လှမ်းကြည့်လိုက်လေသည်။
"ပိုက်ဆံက သုံးစရာမရှိတော့ဘူး အစ်ကို "
" အစ်ကို ပိုက်ဆံလွှဲပေးလိုက်မယ် ချစ် "
