ru
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Открыть в Telegram
803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
"ဘဘကြီးဦးအောင်ဒင်က သူဋ္ဌေးဦးမင်းလတ်နဲ့ ကြီးကြီးခင်တို့ရဲ့အဖေလေ .. သူခမြိုင်စံအိမ်ရဲ့သူဋ္ဌေးကြီးပေါ့ ...ကြီးကြီးဝေကတော့သူဌေးဦးမင်းလတ်ရဲ့မိန်းမလေ .. သူဋ္ဌေးနဲ့ ကြီးကြီးဝေမှာ သားနှစ်ယောက်ရှိတယ်... အစ်ကိုလေးသက်ဝေလတ်နဲ့ အစ်ကိုလေးခက်ဝေလတ်ပေါ့ ..အခုအိမ်မှာရှိတာကိုအစ်ကိုလေးသက်ဝေလတ်ပါ....အငယ်ကနိုင်ငံခြားမှာအလုပ်လုပ်နေတာ ဒီတစ်ပတ်အတွင်း ပြန်လာတော့မှာတဲ့ ...အစ်ကိုလေးသက်ဝေလတ်က လက်ထပ်ထားတာမကြာသေးဘူး မနွေရဲ့..... မမငုဝါကိုတွေ့တယ်မဟုတ်လား သိပ်ကိုချောတာလေ.......သူကအစ်ကိုလေးသက်ဝေလတ်ရဲ့ မိန်းမပေါ့ .....မမညိုကတော့ ကြီးကြီးဝေရဲ့ညီမအရင်း အစ်ကိုလေးတို့ရဲ့အဒေါ်အရင်းပေါ့ ..." "ဪ .. ဟုတ်လား ..ဒါဆိုရင် ကလေးနှစ်ယောက်ရယ် ခေတ်ဆန်ဆန်စုံတွဲကရော ဘယ်သူတွေလဲဟင် " ပိန်သေးဆိုတဲ့ ကောင်မလေးရှင်းပြနေတာကိုနားထောင်းရင်း မရှင်းလင်းတာကို ဖူးငုံပွင့်ကထပ်မေးလိုက်တယ်၊ " ဪ ..မမနီလာတို့မိသားစုကို မေးတာလား ..မမနီလာကကြီးကြီးခင်ရဲ့သမီးလေ ...ကိုကျော်လွင်ကမမနီလာရဲ့ယောကျာ်းပါ .... သူတို့မှာ ပတ္တမြားနဲ့ ကျောက်စိမ်းဆိုတဲ့ သမီးလေးနှစ်ယောက်ရှိတယ် ... မမနီလာအဖေကတော့ဆုံးသွားတာတစ်နှစ်ကျော်ပဲရှိအုံးမယ် " "ဪ ..ဟုတ်လား ...ဒါနဲ့ မမညို ကအပျိုကြီးလားဟင် ...အိမ်ထောင်မရှိဘူးလား " ပိန်သေးရဲ့မျက်နှာကို အကဲခတ်ကြည့်လိုက်ပြီး ဖူးငုံပွင့် ခပ်တိုးတိုးမေးလိုက်တယ်။ပိန်သေးကလဲ ဟိုဒီဝေ့ဝဲကြည့်လိုက်ပြီးမှ ခေါင်းကိုခါယမ်းလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေတယ်။ "အင်း ..မမညိုက အပျိုကြီးလေ .. ဒါပေမဲ့ မမလေးငုဝါရဲ့ ဦးလေးနဲ့တော့ တွဲနေတယ်ထင်တယ် " " ဟုတ်လား " " ဟဲ့ ပိန်သေး ...မအိပ်သေးဘူးလား ..မနက်မထနိုင်ရင်.... ပါးစပ်နဲ့မနှိုးဘူးနော်...ငါပြောပြီးပြီ ." ပိန်သေးကို ဖူးငုံပွင့်ထပ်မေးဖို့ ပြင်လိုက်ပေမဲ့ အခန်းပြင်ကနေ အသံမာမာနဲ့ အော်လိုက်တဲ့ ဒေါ်ခိုင့်အသံကြောင့် ဖူးငုံပွင့်ပါးစပ်ကို ပိတ်လိုက်ရတော့တယ်။ရောက်ရောက်ခြင်းနေ့မှာပဲ ဖူးငုံပွင့်ရဲ့တာဝန်က ခြံတံခါးကိုနှစ်ခါသာဖွင့်ပေးရုံဆိုပေမဲ့ မီးဖိုထဲမှာထမင်းချက်ဒေါ်ခိုင့်ကို ဝိုင်းကူပေးရပြန်တယ်။ညနေ (၇)နာရီထိုးလို့ အိမ်ကြီးရှင် မိသားစုတွေအသီးသီး ညစာစားလို့ပြီးတော့မှ ဒေါ်ခိုင်ရယ်ပိန်သေးနဲ့ညှပ်စိဆိုတဲ့ကလေးမနဲ့အတူ ဖူးငုံပွင့်တို့ညစာစားရတယ်။ ညစာစားပြီးလို့ အလုပ်တွေအားလုံးပြီးတော့ည(၁၀)နာရီပင်ထိုးနေပြီ။ကလောရဲ့ရာသီဥတုကအေးစိမ့်နေပေမဲ့ ဖူးငုံပွင့်တို့လေးယောက်မှာ လက်ရှည်အင်္ကျီခပ်ပါးပါးလေးတွေနဲ့ပဲ အပေါ်ထပ်တက်လိုက်အောက်ဆင်းလိုက်နဲ့ အေးဖို့ တောင်အချိန်မရကြဘူး။ အိမ်သားတွေအားလုံး သူတို့ အခန်းတွေထဲ အသီးသီးဝင်သွားကြချိန်မှာ ည(၁၀)နာရီဖြစ်နေခဲ့ပြီ။ဖူးငုံပွင့်တို့ အလုပ်သမားလေးယောက်က အိမ်နောက်ဘက်မီးဖိုခန်းနားက အခန်းကျဉ်းလေးတွေမှာနှစ်ယောက်တစ်ခန်း အိပ်ကြရတယ် ။ဒေါ်ခိုင်နဲ့ ညှပ်စိကတစ်ခန်း။ ဖူးငုံပွင့်နဲ့ ပိန်သေးဆိုတဲ့ကောင်မလေးက တစ်ခန်းအိပ်ရတယ်။ပိန်သေးနဲ့ ညှပ်စိက အသက် (၁၈) (၁၉)အရွယ်လေးတွေဖြစ်ပြီး ရိုးသားဖြူစင်ပုံလေးတွေမို့ ဖူးငုံပွင့်မှာ တစ်ဖက်တစ်လမ်းကစိတ်အေးသွားရတယ်။မဟုတ်ရင် အိမ်ကြီးရှင်တွေကလဲ မောက်မာသေး၊ အလုပ်သမားတွေကလဲ အတွင်းစိတ်ပုတ်ပြီး အချင်းချင်းတိုက်ခိုက်နေကြရင် ဖူးငုံပွင့်အနေနဲ့ ဒေါ်ညိုညိုမာနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးခင်မှာ ပြန်ပြေးမိမှာကိုပဲကြောက်မိတာ။ ဖူးငုံပွင့်စိတ်မောမောနဲ့ အိပ်ရာပေါ်လှဲချလိုက်တယ်။အိပ်ရာပေါ်ရောက်မှပဲ လူက ချမ်းစိမ့်စိမ့်ဖြစ်လာတာမို့ စောင်ကိုဆွဲယူခြုံလိုက်ရတယ်။ပိန်သေးကတော့ အေးလို့ထင်ပါရဲ့သူမဘက်ကို အတင်းတိုးကပ်လာတယ်။ပင်ပန်းလွန်းတာမို့ ဒီညအဖို့မှာတော့ဖူးငုံပွင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ အိပ်ပစ်လိုက်ဖို့ပဲ တွေးလိုက်တယ်၊ ~~~~~ "မင်းရဲ့အဓိကတာဝန်တစ်ခုက ... ဘဘကြီးကိုပြုစုစောင့်ရှောက်ဖို့ပဲမိနွေ ... ငါတို့အိမ်မှာ အားနေတဲ့သူ ဘယ်သူမှမရှိဘူး ...အားလုံးအလုပ်ကိုယ်စီရှိကြတယ် .... မင်းရဲ့တာ၀န်က ... ခြံတံခါးအဖွင့်အပိတ်လုပ်ပေးတာရယ် .. ဘဘကြီးကို ထမင်းကျွေးဆေးတိုက်တာမျိုးလုပ်ပေးရမယ် ကြားလား " ဒေါ်ညိုညိုမာက အခန်းထဲကိုမဝင်ဘဲ အခန်းဝမှာရပ်ပြီး ဖူးငုံပွင့်လုပ်ရမှာတွေကို ပြောပြနေတယ်။ဖူးငုံပွင့်က အခန်းထဲကို၀င်လိုက်ပြီး ခုတင်ပေါ်ကလူနာကို ကြည့်လိုက်မိတယ်။လူနာဖြစ်သူက အသက် (၇၀) လောက်ရှိမဲ့အဘိုးကြီးတစ်ယောက်။ခန္ဓာကိုယ်ကဝဖိုင့်ပြီး သိပ်လှုပ်ရှားနိုင်ပုံမရဘူး။ ဖူးငုံပွင့်က လူနာအဘိုးကြီး ကို သေချာကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အခန်းထဲကိုဝင်လာတဲ့ ခြေသံပြင်းပြင်းကို ကြားလိုက်ရပြီး "အဖေ ..သူက အလုပ်သမားအသစ်ပဲ .... မိညိုခေါ်လာခဲ့တာလေ ..သမီးတို့က အလုပ်တွေများနေလို့အဖေ့အတွက် သက်သက် အလုပ်သမားခေါ်ပေးတာနော် " အသံနဲ့အတူဝင်လာသူက ကြီးကြီးခင်ဆိုတဲ့ အမျိုးသမီးကြီးဖြစ်တယ်။ကြီးကြီးခင်အခန်းထဲကိုဝင်လာတော့ ဒေါ်ညိုညိုမာတစ်ယောက်အခန်းဝကနေ ထွက်သွားတာကို တွေ့လိုက်ရတယ်။ ကြီးကြီးခင်က ဖခင်ဖြစ်သူကိုပြောလိုက်ရင်း ဖူးငုံပွင့်ရဲ့လက်ကိုဆောင့်ဆွဲကာအခန်းဝဆီကို ဆွဲခေါ်သွားခဲ့တယ်။ဖူးငုံပွင့်မှာ ကြီးကြီးခင်ဆွဲခေါ်ရာနောက်ကို ယက်ကန်ယက်ကန်နဲ့ ပါသွားရတော့တယ်။

မီးဖိုခန်းထဲတန်းသွားရမှာကို စိတ်ပျက်သွားရပေမဲ့ အမျိုးသမီးကြီးသုံးယောက်ရဲ့အကြည့်တွေ အောက်က ရှောင်ထွက်လာခဲ့ရတာမို့ ဖူးငုံပွင့်အသက်ရှုချောင်သလို တော့ဖြစ်သွားရတယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆုံးဖြတ်လာခဲ့မိသမျှ မှားယွင်းနေပြီလားလို့ တွေးလိုက်မိပေမဲ့ နှစ်တွေအကြာကြီး ရှာဖွေခဲ့ရတဲ့သူကို တွေ့နေရပြီမှ နောက်ဆုတ်လိုက်ဖို့က မဖြန်နိုင်ပြန်။ဖြစ်နိုင်ရင် ဓါတ်ပုံကိုထုတ်ပြပြီးပေါ်တင်မေးလိုက်ချင်ပေမဲ့ ဒီဇာတ်လမ်းက ရွာကလူတွေသိနေသလိုမရိုးရှင်းလှဘူးဆိုတာကို ဖူးငုံပွင့်တဖြည်းဖြည်းပိုသိလာခဲ့ရတယ်။ဖခင်နဲ့ ဖောက်ပြားခဲ့တယ် ဆိုတဲ့အမျိုးသမီးကို စစ်ကိုင်းကနေမန္တလေးမုံရွာတစ်ခွင်အထိ ရှာလို့မတွေ့ခဲ့ကတည်းက ဖူးငုံပွင့်ရဲ့ သံသယတွေက ပိုပြီးကြီးထွားလာခဲ့ရတာဖြစ်တယ်။အခုချိန်မှတော့ ဖူးငုံပွင့်အနေနဲ့နောက်ဆုတ်ဖို့စိတ်ကူးလဲမရှိတော့ပါ။ ~~~~~~~ "ပွမ်...ပွမ် ... ပွမ် " " ခြံရှေ့ကကားဟွန်းသံကြားလား မိနွေ ..တံခါးသွားဖွင့်ပေးပါအုံး .. သူဋ္ဌေးမင်းတို့ပြန်လာပြီထင်တယ် ... နောက်ဖေးပေါက်ကသွားနော် " ဒေါ်ခိုင့်စကားကြောင့်ဖူးငုံပွင့်အိမ်နောက်ဖေးပေါက်ကနေ ခြံရှေ့ဘက်ကိုအပြေးထွက်ခဲ့ရတယ်။ခြံတံခါးဝကိုရောက်တော့ တံခါးကို ခပ်မြန်မြန်ဖွင့်ပေးလိုက်တယ်။ခြံထဲကို ကားမောင်းဝင်သွားတော့မှ ခြံတံခါးကို ပြန်ပိတ်လိုက်ရတယ်။ခြံကြီးလဲကျယ်ပါရဲ၊တိုက်ကြီးလဲ ကြီးပါရဲ့နဲ့ ယောကျာ်းလေး ခြံစောင့်မထားတာက သိပ်တော့ အဆင်မပြေလှ။တိုက်ကြီးက ရှေးဟောင်းပုံစံတိုက်ကြီးမျိုးဖြစ်ပြီး ဘေးမှာအဆောင်သစ်တွေ ထပ်ထုတ်ထားတယ်။မိသားစုဝင် (၁၂) ဦးအတွက်ဆိုတော့လဲ တိုက်ကြီးက အတော်အသင့်ကျယ်ဝန်းလှပေတယ်။ဒီတိုက်ကြီးမှာတစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရရင်တော့မသက်သာလှပေ။ ~~~~~ " ညိုညို ပြန်ရောက်နေပြီလား ... အလုပ်သမားပါလာတာလား " ခြံတံခါးပိတ်ပြီးတာနဲ့ အိမ်နောက်ပေါက်ကို သွားဖို့ဟန်ပြင်ရင်း ကားပေါ်ကဆင်းလာတဲ့ သူဋ္ဌေးမင်းဆိုသူကို ဖူးငုံပွင့် မသိမသာလှမ်းကြည့်လိုက်မိတယ်။အသက် (၅၀)ကျော်လူကြီးက ကားနောက်ခန်းကနေဆင်းလာခဲ့ပြီး ဖူးငုံပွင့်ကိုတစ်ချက်လှမ်းကြည့်ရင်း အိမ်ထဲကိုလှမ်းမေးလိုက်သံကိုကြားလိုက်ရတယ်။ "ဟုတ်တယ် အစ်ကိုကြီး ....သူက အလုပ်သမားအသစ်ပါ ..ညို ခေါ်လာခဲ့တာလေ...ဟဲ့ မိနွေ ..ဒီကိုလာအုံး " ဒေါ်ညိုညိုမာရဲ့ ခေါ်သံကြောင့် ကားရပ်ထားရာတိုက်ရှေ့နားကို ဖူးငုံပွင့်ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။ "သူ့နာမည်က မိနွေတဲ့.....တစ်လလောက် စမ်းခိုင်းကြည့်ပေါ့ အစ်ကိုကြီးရယ် ...ဟဲ့ ..မိနွေနင်လဲမှတ်ထားအုံး ... အစ်ကိုကြီးက ဒီအိမ်ကြီးရဲ့သူဋ္ဌေးမင်းဦးမင်းလတ်တဲ့...သူတို့ကအစ်ကိုကြီးရဲ့သားနဲ့ ချွေးမပဲ .... သူတို့ခိုင်းသမျှတွေကိုလဲ လုပ်ပေးရမှာနော် ကြားလား .. " " ဟုတ် ... ဟုတ်ကဲ့ပါ မမညို " ဒေါ်ညိုညိုမာပြောတာကို ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ရင်း ဖူးငုံပွင့်ခေါင်းကို ငြိမ့်ပြလိုက်ရတယ်။သူဌေးဦးမင်းလတ်က ဖူးငုံပွင့်ကိုတစ်ချက်လှမ်းကြည့်တယ်။ သူဋ္ဌေးကြီးရဲသားဆိုသူကလဲ မျက်နှာထားတင်းတင်းနဲ့တစ်ချက်လှမ်းကြည့်တယ်။ ပြီးတော့ သူဋ္ဌေးချွေးမဆိုသူက ဖူးငုံပွင့်ကို လှမ်းကြည့်ပြီး ပြုံးပြလာတယ်။သူဌေးချွေးမရဲ့ ဖော်ရွေတဲ့အပြုံးကြောင့် ဖူးငုံပွင့်လဲကမန်းကတန်း ပြန်ပြုံးပြလိုက်ရတယ်။တွေ့မြင်ရသလောက်တော့ သူဋ္ဌေးရဲ့ချွေးမက ဖူးငုံပွင့်နဲ့အသက်ရွယ်တူလောက်ရှိပုံရတယ်။ အသားဖြူဖြူခပ်သွယ်သွယ်လေးနဲ့ ချောမောလှပသူလေးလဲဖြစ်တယ်။ "သွားတော့လေ မိနွေ " "ဟုတ်..ဟုတ်ကဲ့ပါ မမညို " သူဋ္ဌေးချွေးမအချောအလှလေးကို ဖူးငုံပွင့်သတိလက်လွတ် ငေးကြည့်နေမိခိုက်မှာ ဒေါ်ညိုညိုမာရဲ့ ခပ်စူးစူးအော်သံကြောင့် ဖူးငုံပွင့် အိမ်နောက်ကိုအပြေးဝင်ခဲ့ရ တော့တယ်။ ~~~~~ "ပွမ် .. ပွမ် ပွမ် " အိမ်နောက်ဖေးကို ပြန်ရောက်လို့မှမကြားသေးဘူး ခြံရှေ့က ကားဟွန်းတီးသံကြောင့် ဖူးငုံပွင့်အပြေးထွက်ခဲ့ရပြန်တယ်။ ~~~~~ "မင်းက ဘယ်သူလဲ ..အလုပ်သမားအသစ်လား " "ဟုတ်ပါတယ်ရှင် " " အလုပ်သမားဆိုလဲ မြန်မြန်ဆန်ဆန်လုပ်လေ..ဟွန်းတီးတာ ဘယ်လောက်ကြာနေပြီလဲ..မကြားဘူးလား " ဖူးငုံပွင့်ခြံတံခါးကို ဖွင့်ပေးလိုက်ချိန်မှာ ကားထဲက အမျိုးသမီးတစ်ယောက်က မကျေမနပ်အသံနဲ့ မေးလိုက်တာမို့ ဖူးငုံပွင့် ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်ရတယ်။ ကားထဲက အမျိုးသမီးက ဖူးငုံးပွင့်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာမျက်နှာမဲ့လိုက်တာကို ဖူးငုံပွင့်တွေ့မြင်လိုက်ရတယ်။ ကားထဲမှာတော့ အမျိုးသမီးအပြင် ကားမောင်းလာတဲ့ အမျိုးသားရယ် လေးငါးဆယ်နှစ်အရွယ်ကလေးနှစ်ယောက်ကိုလဲ တွေ့လိုက်ရတယ်။ဖူးငုံပွင့်က ဒေါ်ညိုညိုမာမှာထားတဲ့အတိုင်း ခေါင်းကိုငုံ့ချလိုက်ပြီး ခြံတံခါးကိုပြန်ပိတ်လိုက်တယ်။ ~~~~~~

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၅) ******** "ကဲ ...မယ်မင်းကြီးမ ဘာကြည့်နေတာလဲ အောက်ဆင်းလေ ..တံခါးသွားကူဖွင့်ပေးလိုက် " ဒေါ်ညိုညိုမာရဲ့ငေါက်ဆက်ဆက်အသံထွက်လာတာမို့ ဖူးငုံပွင့် ကားပေါ်ကနေအမြန်ဆင်းလိုက်ရတယ်။ကိုယ့်အကြံအစည်နဲ့ကိုယ်မို့ သည်းခံနေရပေမဲ့ စရိုက်ဆန်ပြီးအပြောကြမ်းလှတဲ့ ဒေါ်ညိုညိုမာကိုဖူးငုံပွင့်အတော်လေး အမြင်ကပ်နေမိပြီဖြစ်တယ်။ ဒေါ်ညိုညိုမာနဲ့တစ်ညအိပ်ခရီးပဲသွားရရုံနဲ့ ဖူးငုံပွင့်အတွက်ပိုပြီးသေချာသိလာရတာက ဖခင်ဖြစ်သူဟာ ဒေါ်ညိုညိုမာလိုအမျိုးသမီးနဲ့ ဖြစ်နိုင်စရာအကြောင်းမရှိတာကို ပိုပြီးယုံကြည်လာမိတယ်။ "ဟဲ့ မိနွေ .. အဲ့ဒီမှာ ခြံတံခါးကူပိတ်ပြီးရင် ... အထုပ်တွေလာကူချပေးအုံး ... ဒေါ်ခိုင်ရေ သူကမိနွေတဲ့ ...အလုပ်သမားအသစ်ပဲ ....နောက်ဆိုရင် ခြံတံခါးအဖွင့်အပိတ်ကို..... သူပဲလုပ်ရမှာ .. သူ့ကိုသေချာပြလိုက်အုံး ကြားလား " "ဟုတ်ကဲ့ပါ မညို " ဒေါ်ညိုညိုမာတို့ကားလေးက တိုက်ခြံတံခါး၀ကိုကျော်လွန်သွားတော့ဒေါ်ခိုင်က သံတံခါးကြီးကိုဆွဲပိတ်လိုက်တယ်။ဖူးငုံပွင့်လဲ တံခါးတစ်ချပ်ကိုတွန်းပိတ်လိုက်ရင်း ဒေါ်ခိုင့်ဆိုတဲ့ အမျိုးသမီးကြီးကိုမသိမသာ အကဲခတ်လိုက်မိတယ်။ဒီမှာက ဘယ်လောက်ကြာမယ်မှန်းမသိသေးတော့ ဘ၀တူတစ်ယောက်လောက်ကိုတော့ ဖူးငုံပွင့်အပိုင်ပေါင်းထားမှဖြစ်မယ်လေ။ "ဒီမှာက ယောကျာ်းအလုပ်သမား ဆိုလို့ကားသမားတစ်ယောက်ပဲရှိတာ ကလေးမရဲ့...မိသားစုတွေကများတော့ ...ကားအ၀င်အထွက် လူအ၀င်အထွက်ကလဲနည်းနည်းများတယ် ...အရင်လုပ်နေကြမိစန်းက အလုပ်ထွက်သွားလို့လေ ..အိမ်မှာပိန်သေးနဲ့ ညှပ်စိဆိုတဲ့ကောင်မလေးနှစ်ယောက်တော့ ရှိသေးတယ်..ဒါပေမဲ့သူတို့က နာမည်နဲ့လိုက်အောင်ပိန်တာရိုးတွေဆိုတော့ နှစ်ယောက်ပေါင်းရင်တောင်... တံခါးတစ်ချပ်ကိုမတွန်းနိုင်ကြပါဘူးအေ ... ညည်းကတော့ နည်းနည်းပင်ပန်းမှာပဲ " ဒေါ်ခိုင့်စကားကြောင့် ဖူးငုံ ပွင့်မှာ ရင်ထဲတော့တုန်သွားမိတယ်။အလုပ်နဲ့ပတ်သက်လာရင် ဖူးငုံပွင့်လုပ်နိုင်ပေမဲ့ မတရားခိုင်းနေရင်တော့ဒုက္ခလို့တွေးလိုက်မိတယ်။ အခုတောင် ဒေါ်ညိုညိုမာရဲ့ အအော်အငေါက်ကို ခံနေရတာမဟုတ်ပါလား။ ~~~~~ " သူ့နာမည်က မိနွေတဲ့ ..ညိုလဲ အချိန်သိပ်မရတာနဲ့ ...အဆင်ပြေမယ်ထင်တဲ့လူကို ခေါ်လာခဲ့လိုက် တာပဲ ... ခိုင်းကြည့်ကြပေါ့ ..အဆင်မပြေတော့လဲ ပြန်ခိုင်းလိုက်ရုံပေါ့ " ဒေါ်ညိုညိုမာက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်ပြီးပြောလိုက်တယ်။ "ဟဲ့ ...မိနွေ လာအုံး ..... ငါတို့ သုခမြိုင်စံအိမ်မှာမိသားစု (၁၁) ယောက်ရှိတယ်.....တက်ရက်နှစ်ရက်နေရင် ...နိုင်းငံခြားကနေငါ့တူလေးပြန်လာလိမ့်မယ် .. ဒါဆိုရင် (၁၂) ယောက်ဖြစ်သွားလိမ့်မယ် ....(၁၂)ယောက်လုံးရဲ့ အ၀င်အထွက်အတွက်ခြံံတံခါးအဖွင့်အပိတ်ကို ညည်းတာဝန်ယူရမယ် ..ပြီရင် လေဖြတ်နေတဲ့ဘဘကြီးကိုပြုစုပေးရမယ် ... ကျန်တဲ့ အားလပ်ချိန်တွေမှာ .... ဒေါ်ခိုင်နဲ့ပိန်သေးတို့ကို ဝိုင်းကူပေးပေါ့ .....ငါခေါ်လာတာဆိုတော့ ....ညည်းကို ငါကပဲအစစအရာရာတာဝန်ယူရမှာပဲ ..အဲ့ဒီတော့ ဒီအိမ်ကစည်းကမ်းချက်တွေကိုပြောပြမယ် ညည်းသေချာလိုက်နာပါ " "ဟုတ် ....ဟုတ်ကဲ့ မမညို " ခရီးရောက်မဆိုက် သူ့မို့မမောနိုင်မပန်းနိုင်ပြောနိုင်လွန်းတယ်။ ဖူးငုံမှာတော့ ကားပေါ်ကဆင်းလာခဲ့ကတည်းကမထိုင်ရသေးဘူး ။ လူကနှုံးချိနေပြီမို့ရေ လဲချိုးချင်နေပြီဖြစ်ပေမဲ့ ဒေါ်ညိုညိုမာတို့ကိုကြည့်ရတာတော့ သူမကိုပေးမနားဘဲအလုပ်တန်းပြီးခိုင်းမဲ့ အနေအထားကိုမြင်နေရတယ်။ "အဓိကမှာချင်တာက ..တို့အိမ်မှာ ... ဘဘကြီးအပါအဝင် ယောကျာ်းသား (၅)ယောက်ရှိတယ် ...(၄)ယောက်က အိမ်ထောင်သည်တွေပဲ ... တစ်ယောက်ကတော့လူလွတ် ..ဒါပေမဲ့ သူ့မှာလဲ လူကြီးတွေသဘောတူထားတဲ့သူရှိပြီးသားပဲ ....အဲ့ဒီတော့ ညည်းမှတ်ထားရမှာက ..ဟော့ဒီအိမ်က ယောကျာ်းတွေနဲ့ ညည်းပတ်သက်ခွင့်မရှိဘူး .. ကိုယ့်အခြေအနေကိုယ်သိရမယ် ..ညည်းဘာသာအပျိုမကလို့ ဘာဖြစ်ဖြစ် ....ငါ့တူနှစ်ယောက်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့ ... အလုပ်ခိုင်းရင် လုပ်ပေး ..မျက်နှာကိုမော့မကြည့်နဲ့ ... ပြီးတော့ ငါ့ကိုမမညိုလို့ခေါ်ရမယ် ကြားလား" "ဟုတ်... ဟုတ်ကဲ့ပါ မမညို " ဖူးငုံပွင့်ပါးစပ်ကဟုတ်ကဲ့လို့ ပြောလိုက်ရပေပဲ့ စိတ်ထဲကတော့နှုတ်ခမ်းကိုမဲ့လိုက်မိတယ်။မိသားစုက (၁၂) ယောက်လို့ ပြောပေမဲ့ လောလောဆယ်ဖူးငုံပွင့်တွေ့နေရတာကတော့ အသက် ( ၅၀ ) ကျော်အရွယ်အသားဖြူဖြူခပ်၀၀ အမျိုးသမီးကြီးတစ်ယောက်နဲ့ မျက်နှာထားတင်းတင်းနဲ့ ရှိနေတဲ့ အသက် ( ၅၀)ဝန်းကျင်အမျိုးသမီးကြီးတစ်ယောက်သာ ဖြစ်တယ်။ "ဘဘကြီးက အပေါ်ထပ်အခန်းမှာနေတာ...လေဖြတ်ထားလို့လမ်းမလျှောက်နိုင်ဘူး.. အသက်က (၇၀ ) ရှိပြီ .. ဒါက ငါ့အစ်မကြီးဒေါ်ဝေဝေမာတဲ့ ...ဒီကအစ်မကြီးကဒေါ်ခင်မိုးတဲ့... အစ်မကြီးတို့ကို ပိန်သေးတို့ညှပ်စိတို့ခေါ်သလို ကြီးကြီးဝေနဲ့ ကြီးကြီးခင်လို့ခေါ်ရမယ် ... ကျန်တဲ့သူတွေကိုတော့...ညမှပဲထပ်ပြီးမိတ်ဆက်ပေးမယ် ... အခုမီးဖိုထဲသွားတော့.. ဘာတွေလုပ်ရမလဲဆိုတာကို... ဒေါ်ခိုင်တို့ ပြောပြလိမ့်မယ် "

"ဒီအဒေါ်ကတားလဲ ရအောင်သွားမှာပဲမဟုတ်လား ... တားမရတော့လဲ သွားပေါ့ ..ဒါပေမဲ့ တစ်ခါတည်းမှာလိုက်ပါ့မယ်အေ..ပိတောက်စုကို မသွားရဘူးနော် ..." "ဟုတ်ကဲ့ပါ ဒေါ်လေးရယ် ..သမီးလဲ ...ပိတောက်စုရွာကို မသွားချင် တော့ပါဘူး " ~~~~~ "ဟဲ့...မိနွေ ဘာတွေငေးနေတာလဲ ..အထုပ်တွေ ကားပေါ်တင်လေ .. ငါ့နဲ့ ညည်းကို အိမ်ဖော်အဖြစ်ခေါ်သွားမှာနော် ... အလည်ခေါ်သွားတယ်လို့ ထင်မနေနဲ့အုံး ..ဒါနဲ့ ညည်းရဲ့ အထုပ်ကအဲ့ဒါပဲလား " "ဟုတ်...ဟုတ်ကဲ့ ... ကျွန်မမှာ သုံးလေးစုံပဲရှိလို့ပါရှင် ဒေါ်ညိုညိုမာက ဖူးငုံပွင့်လက်ထဲက ကျောပိုးအိတ်အဟောင်းလေးကို ကြည့်ပြီးရှုံ့ရှုံ့မဲ့မဲ့နဲ့ မေးလိုက်တာမို့ ဖူးငုံပွင့်ပြန်ဖြေလိုက်ရင်း ကိုယ့်ကိုယ်ကို နွေပိတောက်အဖြစ်သတိထားနေဖို့ ဆုံးဖြတ်လိုက်ရတယ်။ ~~~~~~ "ဟဲ့ ..မိနွေ .. မိနွေထစမ်း...ရောက်ပြီဟဲ့ ..တကယ်တည်းမှပဲ ..အလုပ်သမားငှားလာတာလား ..မင်းသမီးခေါ်လာမိတာလား မသိတော့ပါဘူး ....." ရန်ကုန်ကနေ ကားစထွက်လာကတည်းက ဖူးငုံကိုအော်ငေါက်လိုက် ကားဆရာကြီးကို အော်ငေါက်လိုက်နဲ့ စိတ်တိုင်းမကျခဲ့တဲ့ ဒေါ်ညိုညိုမာ။ဒေါ်ညိုညိုမာအိပ်ပျော်သွားမှပဲ ကားဆရာရော ဖူးငုံပါ နားအေးပါးအေးနေခွင့်ရခဲ့တာ။ ဖူးငုံလဲတစ်လမ်းလုံး သတိနဲ့ လိုက်ပါလာခဲ့ပေမဲ့ တောင်ပေါ် လမ်းအကွေ့အကောက်တွေ ကြောင့် သတိထားနေတဲ့ကြားက မဟန်နိုင်တော့ဘဲ အိပ်ပျော်သွားခဲ့မိတာ။ ဒေါ်ညိုညိုမာရဲ့ဆူဆူငေါက်ငေါ် နှိုးသံကြောင့် ဖူးငုံ ဖွင့်မျက်လုံးကို ပြူးပြဲဖွင့်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ်။အဲ့ဒီအခါဖူးငုံ မြင်လိုက်ရတာက ကားဟာခြံကြီးတစ်ခြံရှေ့မှာရပ်နေခဲ့ပြီး ခြံရှေ့တံခါးဘေးကအုတ်နံရံပေါ်မှာတော့ "သုခမြိုင်စံအိမ်"ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့လိုက်ရတယ်။ @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း ( ၄ ) ဆက်ရန် #ဧကြည်ဖြူ ဖူးငုံပွင့်တစ်ယောက် "သုခမြိုင်စံအိမ်" မှာ ဘာတွေဆက်ဖြစ်အုံးမလဲ ?

ထင်ထင်ရှားရှားနဲ့ သက်သေခံနေပြန်တယ်။ "ဟုတ် ..ဟုတ်ပါတယ် ... ဒီအမျိုးသမီးအမှန်ပါပဲ...သူ ဘယ်မှာနေတာလဲရှင် ..နာမည်ကရော .." ဖူးငုံပွင့်က ကျန်ငွေကိုရှင်းပေးလိုက်ရင်း အလောတကြီးနဲ့ မေးလိုက်မိတယ်။ "ဒီမှာ... အမျိုးသမီးရဲ့လိပ်စာပါ ...နာမည်ကဒေါ်ညိုညိုမာတဲ့ ....ဇာတိကတော့ရန်ကုန်ပဲ...ဒါပေမဲ့ အခုလက်ရှိနေတာက ကလောဘက်မှာ ...ရန်ကုန်ကို အလုပ်ကိစ္စနဲ့ရောက်နေတာ ...မကြာခင်မှာ ကလောကိုပြန်လိမ့်မယ် " "ဟုတ်.... ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်ရှင် " အေဂျင်စီရုံးက ပြန်ထွက်လာခဲ့ပြီးတာနဲ့ လိပ်စာရှိရာဆီကို ဖူးငုံပွင့်ချက်ချင်းထွက်လာခဲ့လိုက်တယ်။ ~~~~~~ ဖူးငုံပွင့်ခြံရှေ့မှာရပ်ပြီး အိမ်ထဲကိုလှမ်းကြည့်လိုက်တယ်။အိမ်က တစ်ထပ်တိုက်ပုလေးဖြစ်ပြီး လူရိပ်လူယောင်မမြင်ရဘဲ တိတ်ဆိတ်နေတယ်။ခြံတံခါးဝမှာ လူခေါ်ဘဲလ်ကိုတွေ့တာမို့ ဘဲလ်ကို နှိပ်လိုက်တယ်။ ဘဲလ်တီးလိုက်ပြီး မကြာခင်မှာအိမ်ထဲက ကောင်မလေးတစ်ယောက်ထွက်လာတာကိုတွေ့လိုက်ရတယ်။ "ဘယ်သူနဲ့ တွေ့ချင်လို့လဲ ရှင် " " ဒေါ်ညိုညိုမာနဲ့တွေ့ချင်လို့ပါ " ကောင်မလေးရဲ့ အမေးကို ဖူးငုံပွင့်ဟန်မပျက်ပြန်ဖြေလိုက်တယ်။ ~~~~~~ '' ထိုင်ပါအုံး .... တို့က ဒေါ်ညိုညိုမာတဲ့ ..ဒါနဲ့ မင်းက အလေးအပင်တွေရော မနိုင်ရဲ့လား " "ရှင် " ဖူးငုံပွင့် အိမ်ထဲဝင်လိုက်တာနဲ့ လှမ်းမေးလိုက်တဲ့မေးခွန်းကြောင့် ဖူးငုံပွင့်နားမလည်နိုင်အောင်ဖြစ်သွားရတယ်။ဖူးငုံပွင့်အနေနဲ့ ဒေါ်ညိုညိုမာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြစ်သူနဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသမီးလားဆိုတာကို အတည်မပြုရသေးခင်မှာပဲ ဒေါ်ညိုညိုမာထံမှ စကားသံထွက်လာခဲ့ခြင်းဖြစ်တယ်။ " ဒါလေးမေးတာကို နားမလည်တာလား .. မင်းကို အချက်အပြုတ်နဲ့ သန့်ရှင်းရေးတင်မဟုတ်ဘဲ.... အလေးအပင်တွေပါ မနိုင်လားမေးတာ ...အလေးအပင်ဆိုပေမဲ့ သိပ်လေးတဲ့ ပစ္စည်းတွေကိုမရမှာတော့ မဟုတ်ဘူး ... တို့အိမ်မှာ လူမမာတစ်ယောက်ရှိလို့..အရေးကြုံရင် လူနာကိုထူမဖို့ လိုလိုမယ်မယ် မေးထားတာ ..." "ဟုတ်... ဟုတ်ကဲ့ ...မနိုင်ပါတယ် ရှင်" ဒေါ်ညိုညိုမာဘာတွေပြောနေလဲဆိုတာကို ဖူးငုံပွင့်နားလည်သလိုလိုရှိတာမို့ အလိုက်သင့်ပြန်ဖြေလိုက်ရင်း ဒေါ်ညိုညိုမာကို သေချာအကဲခတ်ကြည့်ရှုလိုက်မိတယ်။ အနီးကပ်မြင်နေရတဲ့ ပါးပြင်ပေါ်ကမှဲ့နဲ့ ခပ်ထူထူနှုတ်ခမ်းတွေက ဖူးငုံပွင့်နှစ်တွေအကြာကြီးကြည့်လာခဲ့တဲ့ ဓါတ်ပုံထဲက အမျိုးသမီးနဲ့တထေရာတည်းတူနေတယ်ဆိုတာကို ပိုပြီးသေချာစေခဲ့တယ်။ "ကဲ ..ဒီတော့ အချိန်လဲမရလို့ ...ဘာမှလဲမမေးတော့ဘူး ....တို့လဲ သဘက်ခါပြန်ရတော့မှာဆိုတော့ အလုပ်လုပ်မှာသေချာတယ်ဆိုရင် .. ပြန်မဲ့နေ့လိုက်ခဲ့တော့...ဒါမှမဟုတ်ဘဲ... မလုပ်ဖြစ်ဘူးဆိုရင်လဲ ခုချက်ချင်းပြော ..." ဒေါ်ညိုညိုမာရဲ့ စကားတွေကို ဖူးငုံပွင့်သေချာနားမလည်နိုင်ဖြစ်နေမိပေမဲ့ သဘက်ခါပြန်မယ်ဆိုတဲ့ စကားကြောင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ ခေါင်းကိုငြိမ့်ပြလိုက်ပြီး "ဟုတ်ကဲ့ ...ကျွန်မလုပ်ပါ့မယ် ..သဘက်ခါလိုက်ခဲ့ပါ့မယ် ..ဘယ်ကိုလိုက်ခဲ့ရမှာလဲရှင် ' "ဟဲ့ ..ဘယ်ကိုလိုက်ရမှာလဲ ...ကလောကိုလိုက်ရမှာပေါ့ .. အလုပ်ပြောပေးတဲ့သူက.... ပြောပြမထားဘူးလား .. ဒါနဲ့ ညည်းနာမည်က ဘယ်သူတုန်း ... အသက်ကရော " "ရှင် ..ဟို ..ဟို " ဖြုန်းခနဲမေးလိုက်တော့ ဖူးငုံ ပွင့်မှာ ဘယ်လိုဖြေရမှန်းမသိဖြစ်သွားမိတယ်။ "ဪ ..ဟဲ့ .. ဒုက္ခပါပဲ .... နုံအတာလေးရှာပေးလို့ ပြောလိုက်မိတာနဲ့ပဲ ...တကယ့်ကို အနုံအအကိုမှလွှတ်လိုက်တာပဲ... ဒီမယ် ... ညည်းရဲ့ အသက်နဲ့ နာမည်ကို မေးတာလေ " "ဟုတ် ... ဟုတ်ကဲ .. အသက်က (၂၅) နှစ်ပါ ..နာ..နာမည်က နွေ ..နွေပိတောက်ပါရှင် " "အမယ် ..လူကသာပုံမလာပန်းမလာနဲ့ နုံနုံအအဖြစ်နေတာ...နာမည်ကတော့ အပျံစားပါလားဟဲ့ ..ညည်းဘာသာ ဘာနွေပဲဖြစ်ဖြစ်... ငါကတော့ ညည်းကိုမိနွေလို့ပဲခေါ်မယ် ကြားလား ... " "ဟုတ်... ဟုတ်ကဲ့ " ဒေါ်ညိုညိုမာရဲ့ စကားကိုဖူးငုံပွင့် ယောင်ယမ်းကာခေါင်းငြိမ့်လိုက်မိပြီး သူမကိုယ်သူမပြန်ကြည့်လိုက်မိတယ်။ဖူးငုံပွင့်ပုံစံကအလုပ်ကနေ ကမန်းကတန်းထလာခဲ့ရတာမို့ မျက်နှာကအဆီတဝင်းဝင်းဖြစ်နေတဲ့အပြင် ဝတ်ထားတဲ့ ရှပ်အင်္ကျီကလဲဘောင်းဘီထဲထည့်မ၀တ်ထားလို့ ဖိုးရိုးဖားရား ဖြစ်နေခဲ့တယ်။ "ကဲ ..ကဲ ပြန်တော့..ညည်းဖုန်းနံပတ်ပေးခဲ့အုံး ... ပြန်မဲ့နေ့ ဖုန်းကြိုဆက်ပေးမယ် .. အဲ့ဒီကျရင် ဒီကိုပဲလာခဲ့ ကြားလား ..." "ဟုတ်ကဲ့ပါရှင် " ~~~~~ ဖူးငုံပွင့်အလုပ်မှာခွင့်ရက်ရှည်တောင်းလိုက်တော့ အလုပ်ပါးနေချိန်မို အလုပ်ကကျေကျေနပ်နပ်ခွင့်ပြုပေးလိုက်ပေမဲ့ တကယ်တမ်းခွင့်တောင်းရခက်နေသူက အဒေါ်ဖြစ်သူဒေါ်သင်းမြ ဖြစ်နေခဲ့တယ်။ "တီလေးကိုလဲ ....ဘာမှလဲ ကြိုမပြောထားဘဲ ဘယ်လိုဖြစ်ရတာလဲ " " ခရီးက မစီစဉ်ထားဘဲ ရုတ်တရက်ထသွားရတာမို့ပါ တီလေးရယ် ... မန္တလေးဆိုင်ခွဲမှာ အလုပ်သင်တွေကို သင်ပြပေးရုံပါ ... ကြာလှမှတစ်လပါပဲ " ဖူးငုံပွင့်ဘယ်လိုပင် ပိပိရိရိ လိမ်ညာပေမဲ့ ဒေါ်သင်းမြကသိပ်ပြီး သဘောမတွေ့လှ။

~~~~~ မိသားစုတွေအတွက်ရည်းစူးတဲ့အလှူလဲပြီးသွားခဲ့ပြီ။ သင်္ကြန်ရက်တွေလဲကုန်ဆုံးသွားခဲ့လေပြီ။ပြန်မဲ့ရက်ကို ရောက်လာခဲ့ပေမဲ့ မိသားစုနဲ့ ပတ်သက်ပြီးမသင်္ကာစရာ ဘာကိုမှထပ်မတွေ့ရတော့ပေ။နောက်ဆုံးတော့ ဖူးငုံပွင့်မှာ အရာရာကို လက်လျှော့ပြီးပြန်ဖို့ပြင်ဆင်ရတော့တယ်။ ~~~~~ "သမီးဖူးဖူး ....သမီးမှာချစ်သူရှိနေပြီဆိုရင်လဲ တီလေးနဲ့ မိတ်ဆက်ပေးအုံးလေကွယ် ...တီလေး အသက်ရှင်တုန်း .. သမီးကို စိတ်ချထားခဲ့ချင်တယ် " ဒေါ်သင်းမြက တူမဖြစ်သူရဲ့ဘေးမှာဝင်ထိုင်ရင်းကပြောလိုက်တယ်။ "မရှိပါဘူး တီလေးရယ် ..ဖူးဖူး အဲ့ဒါတွေကို စိတ်မဝင်စားဘူး .." " သမီးစိတ်မဝင်စားပေမဲ့ ...တီလေးကတော့ သမီးကိုစိတ်မချနိုင်ဘူးကွယ် ... သမီးအသက်လဲနှစ်ဆယ့်ငါးနှစ်ဖြစ်နေပြီ ..ဒီလိုပဲနေသွားတော့မလို့လား ... " ဒေါ်သင်းမြစိုးရိမ်ပူပန်စွာပြောလိုက်ပေမဲ့ ဖူးငုံပွင့်ကအဒေါ်ဖြစ်သူကို ခေါင်းခါယမ်းပြလိုက်ပြီး "တီလေးရယ် ...ဒီခေတ်ကြီးထဲမှာ ....တစ်ယောက်တည်းနေတဲ့သူတွေအများကြီးပါ ... အဲ့ဒီလောက် စိတ်ပူမနေပါနဲ့ ...." ဖူးငုံပွင့်က ဘယ်လောက်ပဲ ဖျောင်းဖျနစ်သိမ့်နေပါစေ ဒေါ်သင်းမြစိတ်မအေးနိုင်တာအမှန်ပါ။ဖူးငုံပွင့်ဟာမိသားစုကို ဆုံးရှုံးသွားပြီးကတည်းက တခြားကလေးငယ်တွေလိုဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ မကုန်ဆုံးဘဲ အမြဲလိုလိုတွေဝေမှိုင်ငေးနေခဲ့တာမဟုတ်ပါလား။ကျောင်းတွေပြီးလို့ အရွယ်ရောက်လာခဲ့ပေမဲ့လဲ အပေါင်းအသင်းရယ်မထား၊ ချစ်သူရည်းစားလဲမထားဘဲ အလုပ်တွေပဲကြုံးရုန်းလုပ်ခဲ့တယ်။ပြီးတော့ အလုပ်အားလပ်ရက်တွေမှာလဲ အိမ်မကပ်ဘဲတစ်နေရာပြီးတစ်နေရာလျှောက်သွားနေတတ်ပြန်တယ်။တူမဖြစ်သူ ဘာတွေလုပ်နေလဲ ။ ဘာတွေကြံစည်နေလဲဆိုတာကို ဒေါ်သင်းမြသေချာမသိပေမဲ့ တူမငယ်ရဲ့စိတ်ထဲမှာ သူ့မိသားစုနဲ့ ပတ်သက်ပြီး မမေ့ဖျောက်နိုင်ဘဲ အကြံအစည်တစ်ခုခုရှိနေမှန်း ရိပ်စားနေခဲ့မိတာမို့ စိတ်မအေးနိုင်ဖြစ်နေခဲ့ရတယ်။ ~~~~ "(၁၃)နှစ်တောင်ကြာပြီဆိုတော့ ရုပ်ကနည်းနည်းပြောင်းမှာပဲ ... ပုံကိုကြည့်ရသလောက်တော့ အသက် (၃၀) ဝန်းကျင်ရှိမယ် ထင်ပါတယ် ..အခုဆိုရင် လေးဆယ်ကျော်ပေါ့ ....တကယ်လို့ ရုပ်တအား ပြောင်းသွားရင်တောင် .. ဒီမှာတွေ့လား .. ပါးပေါ်ကမှဲ့ ....ဒီမှဲ့က တယ်လိုမှမပြောင်းနိုင်ပါဘူး...ဒီအမျိုးသမီးကို တွေ့အောင်သာရှာပေးနိုင်မယ်ဆိုရင် ....ရှင်တို့ တောင်းတာထက် ပို့ပေးမှာပါ " ဖူးငုံပွင့်က ဓါတ်ပုံကိုစားပွဲပေါ်ချပေးရင်းကပြောလိုက်တယ်။ ဒိတစ်ခေါက်နဲ့ပါဆိုရင် လူရှာပေးတဲ့ အေဂျင်စီတော်တော်များများဆီကို ဖူးငုံပွင့်အလုပ်အပ်ခဲ့တာ သုံးနှစ်ကျော်လာခဲ့ပြီ။ ကိုယ်တိုင်မရှာနိုင်တဲ့အဆုံးမှာ အေဂျင်စီတွေဆီ အလုပ်အပ်ခဲ့ပေမဲ့ပိုပြီးတော့ထူးခြားတဲ့သတင်း မျိုးကို မရခဲ။ "မှန်တာပြောရရင် ... ဒီကိုမလာခင်ထိ လူရှာပေးတဲ့သူတွေဆီမှာ အပ်ခဲ့ပြီးပါပြီ...မန္တလေးစစ်ကိုင်း မုံရွာဘက်တွေမှာ စေ့စေ့စပ်စပ်ရှာခဲ့ပြီးပါပြီ ...ရန်ကုန်မှာတော့ ကျွန်မကိုယ်တိုင်ပဲရှာခဲ့ပြီး အေဂျင်စီနဲ့တော့ မအပ်ဖူးသေးဘူး .. ဖြစ်နိုင်ရင် အမြန်ဆုံးရှာပေးစေချင်ပါတယ်ရှင် " "ကဲ ..ဟုတ်ပြီလေ ... ကျွန်တော်တို့ဘက်ကတော့ အလုပ်စအပ်တာနဲ့ စရံငွေပေးချေရပါတယ် ... တွေ့ချင်တဲ့သူကိုတွေ့ပြီဆိုရင် ငွေအကြေချေပေးရပါတယ်....တကယ်လို့ မတွေ့ခဲ့ဘူးဆိုရင်လဲ ... စရံငွေကို ပြန်မပေးပါဘူး...ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘက်မှာလဲ ရှာဖွေစရိတ်ရှိလိုပါ .... " "ဟုတ်ကဲ့ ..အဆင်ပြေပါတယ် .. အခုတစ်ခါတည်း စရံငွေပေးခဲ့လိုက်ပါမယ်..... အမြန်ဆုံးတော့ ရှာဖွေပေးစေချင်ပါတယ် " ~~~~~~~~ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ အလုပ်အပ်ခဲ့ပြီးတော့ ဖူးငုံပွင့်ပြန်ခဲ့လိုက်တယ်။တကယ်ဆိုရင် လူတစ်ယောက်ကို ဒီလောက် နှစ်တွေများစွာရှာခဲ့တာ သတင်းအစအနလေးဖြစ်ဖြစ်ရသင့်ပြီ မဟုတ်ပါလား။ သေဆုံးသွားခဲ့ရင်လဲ သေဆုံးတဲ့သတင်းလောက်တော့ကြားသိရပေမယ်။ ဘာပဲဖြစ်ဖြစ်ဖူးငုံပွင့်ကတော့ လက်မလျှော့ပါ ။ သူမရဲ့ မိသားစုသေဆုံးရခြင်းက ဒီအမျိုးသမီးနဲ့ များစွာ ပတ်သက်နေခဲ့တယ်မဟုတ်ပါလား ။ ဒီအမျိုးသမီးဆီမှာ ဖူးငုံပွင့် သိချင်နေတဲ့အကြောင်းရာများစွာရှိနေနိုင်တာကို ဖူးငုံပွင့် ယုံကြည်နေတယ်။ ~~~~~ "တ ..တကယ်လားရှင် .....တကယ်တွေ့ပြီလား " အေဂျင်စီထံမှဖုန်းအဆက် အသွယ်ရတာနဲ့ ဖူးငုံးပွင့်အလုပ်မှာ နေ့ဝက်ခွင့်တိုင်ခဲ့ပြီး အပြေးလာခဲ့မိတယ်။အလုပ်အပ်ခဲ့တာ သုံးလကျော်ကြာပြီမို့ ဖူးငုံပွင့်စိတ်လျှော့လိုက်ချိန်မှာမှ ဒီလိုသတင်းကို ကြားသိလိုက်ရတော့ ဖူးငုံပွင့် မယုံကြည်နိုင်အောင်ဖြစ်နေမိပြန်တယ်။ "ဟုတ်မဟုတ်ကတော့ မဖူးငုံပွင့် ကိုယ်တိုင်လဲ ကြည့်ကြည့်ပါ ..ကျွန်တော်တို့ ဓါတ်ပုံတွေရောဗီဒီယိုတွေပါ ရိုက်ထားပါတယ် " အေဂျင်စီဘက်ကပြတဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို ဖူးငုံပွင့်စိတ်လှုပ်ရှားစွာနဲ့ကြည့်လိုက်မိတယ်။(၁၃)နှစ်ကျော်လောက်နေ့တိုင်း ကြည့်ရှူလာခဲ့တဲ့မျက်နှာက အနည်းငယ်ဝဖိုင်းလာတာကလွဲပြီး ထူးထူးခြားခြားခြားပြောင်းလဲသွားတာမျိုးမရှိခဲ့ပါ။ ပိုပြီး ခေတ်ဆန်လာတာရယ် ငွေကြေးချမ်းသာလာပုံရတာကိုတော့တွေ့မြင်လိုက်ရတယ်။ ပြီးတော့ ပါးပြင်ပေါ်ကမှဲ့ကလဲ

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၄) ******** "ဘယ်သူလဲ " ဖူးငုံပွင့်က အသံမာမာနဲ့ လှမ်းမေးလိုက်တယ်။ "ငါပါ ဖူးဖူးရဲ့ .... ရွာထဲကလူတွေ ရောက်လာပြီလေ ... ငါတို့အတူတူဝိုင်းရှင်းကြတာပေါ့ " လှစိန်ရဲ့အသံကိုကြားလိုက်ရမှ ဖူးငုံပွင့်သက်ပြင်းမောကို ချလိုက်နိုင်တော့တယ်။ "ခြံထဲမှာ အရင်းရှင်းကြမလား အစ်မလှစိန်...အိမ်ပေါ်ကိုတော့ ဖူးဖူးနိုင်သလောက်ရှင်းထားပါမယ် " " အေး ..အေး... ပြီးရောလေ .. သူ့တို့ကို ခြံထဲမှာအရင်ရှင်းခိုင်းလိုက်မယ်လေ ... အိမ်ပေါ်မှာ နင်နဲ့အတူ ငါကူရှင်းပေးပါမယ် " ~~~~ "ဖူးဖူးမိသားစုအကြောင်းတွေကို ..အစ်မလှစိန် မှတ်မိသလောက် ပြောပြပါလားဟင် ... အစ်ကိုတို့ဆုံးခါနီးမှာ ..ဖူးဖူးတို့ အိမ်ကို ဘယ်သူလာတာတွေ့မိလဲဟင် ..ဘွားကြည်ဆီကိုရော ဧည့်သည်လာတာတွေ့သေးလား " ဖူးငုံပွင့်ကမေးလိုက်တော့ လှစိန်က အတော်ကြာအောင်စဉ်းစားလိုက်ပြီးမှ " အင်း သိပ်တော့မမှတ်မိပါဘူး ဖူးဖူးရယ် ...ဧည့်သည်လဲ လာတာမတွေ့ပါဘူး ..ဒါပေမဲ့ အဲ့ဒီနေ့ညက သင်္ချိုင်းဘက်မှာခွေးတွေတအားဟောင်နေတာကိုတော့ မှတ်မိတယ် ..ငါလေကြောက်လွန်းလို့ အပေါ့တောင် ထမသွားရဲခဲ့ဘူး...နောက်နေ့ နေ့လယ်လောက်မှ နင့်မိဘတွေနဲ့ကိုဦးဆုံးတာကိုသိရတာ " လှစိန်ရဲ့စကားကြောင့်ဖူးငုံ ပွင့်တွေဝေစဉ်းစားနေမိတယ်။သင်္ချိုင်းကုန်းက ဖူးငုံပွင့်တို့ခြံရဲ့ နောက်ခပ်လှမ်းလှမ်းမှာရှိတာ။သင်္ချိုင်းကုန်းနဲ့ခြံကြားမှာ သဲချောင်းတစ်ချောင်းရှိတယ်။သဲချောင်းဆိုတဲ့အတိုင်း ချောင်းထဲမှာ ရေမရှိဘဲသဲတွေပဲရှိတယ်။မိုးတွေ အရမ်းရွာရင်တော့ ချောင်းထဲမှာ ရေနည်းနည်းတင်ကျန်တတ်တယ်။သင်္ချိုင်းထဲမှာက ညစဉ်ညတိုင်း ခွေးတွေဟောင်နေကြမို့ လှစိန်ပြောတဲ့သတင်းက သိပ်တော့လဲမထူးဆန်လှပါ။ ဖူးငုံ ပွင့်စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး " ညဘက်ဆို ...သင်္ချိုင်းထဲမှာ ခွေးတွေကဟောင်နေအူနေကြပဲလေ အစ်မလှစိန်ရယ် ...သိပ်တော့ မထူးဆန်းပါဘူး " " ဟုတ်ပါတယ်လေ .. ခွေးတွေက ဟောင်နေကြမို့ ထူးတော့မထူးဆန်းပါဘူး ...ဒါပေမဲ့ အဲ့ဒီနေ့ညကတော့ အရင်နေ့ညတွေထက်ခွေးတွေ ပိုဟောင်တာကို ငါမှတ်မိနေတာ ဖူးဖူးရဲ့ " မရေရာမသေချာတဲ့ လှစိန်ရဲ့စကားတွေကြောင့် ဖူးငုံပွင့်ဆက်မမေးတော့ဘဲ အိမ်ရဲ့နေရာအနှံ့ကိုပဲ လိုက်ရှာလိုက်တော့တယ်။ ~~~~~ ခြံရဲ့နောက်ပေါက် သဲချောင်းဆီကိုထွက်ရာလမ်းတစ်လျှောက်ကို ဖူးငုံပွင့်လိုက်ကြည့်နေမိချိန်မှာပဲ ဘွားကြည့်ရဲ့ခြံစပ်က ချိုးချိုးချွတ်ချွတ်အသံတွေကြားလိုက်ရတာကြောင့် အထိတ်တလန့်လှမ်းကြည့်လိုက်မိတော့ ခြံစပ်နားမှာရပ်နေတဲ့ နေလင်းဆိုသူကိုတွေ့လိုက်ရတယ်။ "ဒီမှာ ..ရှင်ဘာကြည့်နေတာလဲ " နေလင်းကို ဖူးငုံပွင့်က ခပ်ဆတ်ဆတ်လေးမေးလိုက်တယ်။ " ဘာကြည့်မိလို့လဲကွ....ကိုယ့်ဘာသာ ပန်းချီဆွဲဖို့ ရှုခင်းကောင်း ရှာနေတာပါ " နေလင်းရဲ့ ပြုံးစိစိအဖြေကြောင့် ဖူးငုံပွင့်နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး အသံမာမာနဲ့ လှမ်းမေးလိုက်မိတယ်။ "ရှင့်အသက်ဘယ်လောက်ရှိပြီလဲ " ဖူးငုံပွင့်ရဲ့အမေးကြောင့် နေလင်းက ခြံစည်းရိုးပေါ်ကို ခေါင်းပြူကြည့်လိုက်ပြီး "ကိုယ့်အသက် (၂၀) ရှိပြီး ... မင်းကရော " " ဒါဆို ဘွားကြည်မဆုံးခင်ကရော ရှင်တို့ ဒီကိုလာခဲ့ဖူးလား " ဖူးပုံပွင့်က နေလင်းမေးတာကိုမဖြေဘဲ သူမသိချင်တာကို ထပ်မေးလိုက်တယ်။ဖူးငုံပွင့်ရဲ့ အမေးကြောင့် နေလင်းကဖူးငုံပွင့်ကို စူးစိုက်ကြည့်လိုက်ပြီး "မှန်တာပြောရရင် ငယ်ငယ်တုန်းကလဲ တစ်ခေါက်လာဖူးတယ် .. အဲ့ဒီတုန်းက ဘွားလေးရဲ့ခြံနောက်မှာ ဘဘမိုးတို့ရှိသေးတယ် ..." "ငယ်ငယ်တုန်းက ပြောတာမဟုတ်ဘူး ...ဘွားကြည်ဆုံးခါနီးတုန်းကလာသေးလားမေးတာ...မေးတာကိုပဲမှန်မှန်ဖြေ " " ဘာပြောတယ်ကွ..မင်းမေးပုံက ဘယ်လိုကြီးလဲ ... ငါတို့က အဘွားဆုံးပြီးမှ ရောက်လာခဲ့တာ ... မင်းမေးလို့ ငါလဲပြန်မေးရအုံးမယ် ...ငါ့တို့အဘွားကပြောဖူးတယ်....ဘွားကြည်တို့က အရမ်းချမ်းသာခဲ့ကြတာတဲ့ ... ဒါပေမဲ့ ဘွားကြည်ဆီမှာ ဒီအိမ်ဟောင်းကြီးနဲ့လယ်လေးငါးဧကပဲကျန်တယ်..ငါ့အဘွားလေးရဲ့ပစ္စည်းတွေ ဘယ်ရောက်သွားလဲ မင်းတို့သိလား .....ကြားရသလောက်တော့မင်းတို့မိသားစုက ... အဘွားကို စောင့်ရှောက်ခဲ့တာဆို " "ဘာ .ဘာပြောတယ် ..ရှင်ပြောတဲ့ အဓိပ္ပါယ်က ဘာသဘောလဲ ... ကျွန်မတို့မိသားစုက ဘွားကြည်ကိုသနားလို့ ကူညီစောင့်ရှောက်ခဲ့တာ သိရဲ့လား ...ဘွားကြည်ဆီက အပ်တိုတစ်ချောင်းတောင် ကျွန်မတို့ မယူခဲ့ဘူး " ဖူးငုံပွင့် ဒေါသတကြီးနဲ့ ပြန်ပြောလိုက်ပြီး နေလင်းကို စူးစူးဝါးဝါးကြည့်လိုက်မိတယ်။ "ကိုယ်ကလဲ မင်းတို့မိသားစုကို စွပ်စွဲတာမဟုတ်ပါဘူး ... မင်းအရင်စမေးလို့ ကိုယ်လဲပြန်မေးလိုက်ရတာ ... ဘာသဘောမှ မပါဘူး " "တောက် " နေလင်းရဲ့ စကားအဆုံးမှာ ဖူးငုံပွင့်တောက်တစ်ချက်ကို ခေါက်လိုက်ပြီး ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်။

လက်ထဲကစာအုပ်ကိုချလိုက်ပြီး ထပ်ခိုးတစ်ခုလုံးကို သွေးရူးသွေးတန်းနဲ့ ရှာဖွေကြည့်လိုက်မိတယ်။ခေါင်းအုံး၊ စောင်၊အလှူယပ်တောင်ပါမကျန် လှန်လှောရှာဖွေကြည့်လိုက်တယ်။ အားလုံးရှာလို့ ပြီးတော့ ခင်းထားတဲ့ ထန်းချောဖျာကိုကုန်းကုန်းကွကွနဲ့ ရအောင်မကြည့်လိုက်ပေမဲ့ ဘာကိုမှထူးထူးခြားခြားထပ်မတွေရတော့။ ဖူးငုံပွင့် လူတစ်ကိုယ်စာအပေါက်ကနေ အောက်ကိုခိုတွဲကာပြန်ဆင်းလိုက်တယ်။အောက်ရောက်တော့ မိဘနှစ်ပါးအိပ်ခဲ့တဲ့ အခန်းထဲကို တန်းပြီးရောက်တာမို့ အခန်းထဲမှာရှိတဲ့ ပစ္စည်းဟောင်းတွေကြားထဲ တစ်စုံတစ်ရာကိုတွေ့လိုတွေ့ငြား အသည်းအသန်ရှာဖွေကြည့်မိပြန်တယ်။ကြွက်လျှောက်တန်းကအစ ကြိုကြိုကြားကြားထိမကျန်အောင်ရှာဖွေပြီးချိန်မှာတော့ ဖူးငုံပွင့်တစ်ကိုယ်လုံး ချွေးဒီးဒီးကျကာ ချွေးများဖြင့်စိုရွှဲနေခဲ့လေပြီ။အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့ဆီက ခြေသံလိုလိုကြားလိုက်ရတာမို့ အခန်းပြင်လို လှမ်းကြမ်းလိုက်ချိန်မှာ အခန်းဝမှာ မားမားကြီးရပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ @@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၄ ) ဆက်ရန် #ဧကြည်ဖြူ * စာချစ်သူတို့ရေ ဇာတ်လမ်းလေးကို ဖတ်ပြီး ထင်မြင်ခံစားရတာလေးတွေကို မန့်သွားပေးကြပါအုံးရှင်*

ဘယ်လောက်ကြာကြာဖူးငုံပွင့်ရင်ထဲမှာ မနေ့တစ်နေ့ကလိုပဲ ထင်နေမိတယ်။ ဖူးငုံပွင့်မျက်နှာကို လက်ဖဝါနဲ့အုပ်ပြီး အားရအောင်ငိုလိုက်မိတယ်။ငိုလို့ဝတော့မှ ထပ်ခိုးပေါ်မှာရှိနေတဲ့ အစ်ကိုဖြစ်သူရဲ့ သံသေတ္တာအဟောင်းလေးကိုဖွင့်ကြည့်လိုက်တယ်။လွန်ခဲတဲ့ ခြောက်နှစ်ကတော့ သောကတွေ များပြီးဒီနေရာကိုသတိမရခဲမိပါ။ပြီးတော့ပိတောက်စုကို အလည်လာဖို့ကို အဒေါ်ဖြစ်သူနဲ့ ညှိနှိုင်းလို့မရခဲ့။ဆယ်တန်းစာမေးပွဲကြီးပြီးရင် လိုက်ပို့ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တမ်းခွင့်ပြုခဲ့တာက ဖူးငုံပွင့် (၁၈) ပြည့်မှတဲ့လေ ။ ဒါတောင် လာခါနီးမှာ ဒေါ်လေးက ဟိုဒီအကြောင်းပြနေလို ဖူးငုံပွင့်ကိုယ်တိုင်ဇွတ်စီစဉ်ခဲ့ရခြင်းပင်။ အစ်ကိုဖြစ်သူရဲ့ သံသေတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ သူမခပ်ငယ်ငယ်ကတော့ကစားခဲ့တဲ့ ကစားစရာ အရုပ်တွေကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်မျက်၀န်းအိမ်ထဲက မျက်ရည်တွေထပ်မံစီးကျလာခဲ့ပြန်တယ်။ကစားစရာ အရုပ်တွေကြားမှာ ဗလာစာအုပ်တစ်အုပ်ကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့်ကောက်ယူပြီး ကြည့်လိုက်တယ်။ စာအုပ်ကိုဖွင့်လိုက်ချိန်မှာ ဖူးငုံပွင့်မြင်လိုက်ရတာက အစ်ကိုဖြစ်သူရဲ့ မညီမညာလက်ရေးနဲ့ရေးထားတဲ့စာကြောင်းလေးတွေ။အစ်ကိုဦးက ရှစ်ကျောင်းသားမို့ သူရေးထားတဲ့စာတွေက အမှားမရှိသလောက်ဖြစ်တယ်။ "ဝက်မလေးရေ ... နင့်ကိုသတိရလိုက်တာဟာ ...အဖေတို့ကပြောတယ် ..ဒီနှစ်ကုန်ရင် အားလုံးရန်ကုန်ပြောင်းကြမယ်တဲ့လေ .. အစ်ကို အရမ်းပျော်တာပဲသိလား ...." "သင်္ကြန်ကျခါနီးရင် ဝက်မလေးပြန်လာမယ်လို့ အဖေပြောတော့ အစ်ကိုအရမ်းဝမ်းသာသွားမိတယ်....တကယ်တော့ စာမေးပွဲကြီးဖြေလို့ပြီးတဲ့နေ့ကတည်းက... ဒေါ်လေးနဲ့ ဝက်မလေး ရွာကိုလာမယ်လို့ အစ်ကိုထင်နေခဲ့တာလေ " အစ်ကိုဖြစ်သူရဲ့စာတွေကို ဖတ်ကြည့်ပြီး ဖူးငုံပွင့်ရင်ဘတ်ထဲမှာ စူးအောင့်ပြီးနာကျင်လာမိတယ်။ ''ဝက်မလေးရေ ဘွာကြည်သေသွားပြီတဲ့ ....အစ်ကိုတော့ မယုံနိုင်ဘူး... အစ်ကိုကဘွားကြည်ဆီမှာ ညတိုင်းသွားအိပ်ပေးနေကြလေ.... မနက်ကတော့ အမေကအစောကြီလာနှိုးလို့ အမေနဲ့အတူ သူဌေးကုန်းရွာဈေးကို လိုက်သွားခဲ့တာ ... အစ်ကိုတို့ ပြန်ရောက်တော့ ရွာအဝင်မှာတင် ...ဘွားကြည်ဆုံးပြီးဆိုတဲ့ သတင်းကို ကြားရတာပဲ ..အစ်ကိုတကယ်မယုံနိုင်ဘူး..မနက်လေးနာရီကျော်မှာ အမေလာခေါ် တော့ ဘွားကြည်က ဘုရားခန်းထဲမှာဘုရားရှိခိုးနေခဲ့တာလေ ... အကောင်းကြီးကနေ ဘာလို့ချက်ချင်းဆုံးသွားရတာလဲပေါ့ ..အိမ်ကိုရောက်မှ အစ်ကိုသိလိုက်ရတာက ဘွားကြည်က လှေကားက ပြုတ်ကျတာတဲ့လေ...တကယ်ကိုမယုံနိုင်ဘူး .ဘွားကြည်အပေါ်ထပ်ကို ဘာတက်လုပ်တာလဲမသိဘူး ညီမလေးရယ် ... အပေါ်ထပ်ကို တက်စရာအကြောင်းမှမရှိတာပဲ " စာအုပ်ရဲ့ ရှေ့ပိုင်း စာမျက်နှာတော်တော်များများကို ဖတ်ပြီးတဲ့နောက်မှာ နောက်ပိုင်းစာမျက်နာပေါ်မှာရေးထားတဲ့စာတွေကိုတွေ့တော့ ဖူးငုံပွင့် အလောတကြီးနဲ့ဖတ်လိုက်မိတယ်။ "ဘွားကြည်ဆုံးသွားပြီးတော့... အဖေနဲ့ အမေ့ပုံစံက ... အရင်ကနဲ့မတူဘူးလို့ အစ်ကိုထင်နေမိတယ် ဝက်မလေးရယ် .. အဖေကလေ ဘွားကြည်ရဲ့ခြံနဲ့ အစ်ကိုတို့ခြံကြားက ခြံပေါက်ကိုလဲဆူးချုံတွေနဲ့ ပိတ်ပစ်လိုက်တယ်သိလား ...ပြီးတော့ ခြံတံခါးအိမ်တံခါးတွေလဲ ပြန်ပြင်တယ် ..ညဘက်တွေဆိုရင်လဲ နေဝင်ပြီဆိုတာနဲ့ ခြံတံခါး...အိမ်တံခါးတွေကိုပိတ်တော့တာပဲ ....အစ်ကိုအထင်တော့ ဘွားကြည်ကအစိမ်းသေသေသွားတာမို့ ... ဘွားကြည်ကို ကြောက်နေလို့ လို့ထင်မိတာပဲ .." ဖတ်နေရင်းနဲ့စာမျက်နှာတစ်ရွက်ကုန်ဆုံးသွားချိန်မှာ ဖူးငုံပွင့် အသက်ရှူဖို့တောင် မေ့နေပြီး စာရွက်ကို ခပ်မြန်မြန်လှန်ပစ်လိုက်တယ်။ " ရှိတဲ့ ပစ္စည်းတွေကိုရတဲ့ဈေးနဲ့ရောင်းပြီး... ရန်ကုန်ကိုချက်ချင်းပြောင်းကြမယ်လို့ အမေကပြောတော့ ....အစ်ကိုအရမ်းပျော်တာပဲ .. ဒါပေမဲ့ အဲ့ဒီကိစ္စနဲ့အဖေနဲ့အမေ စကားများကြတယ်....အဖေက မပြောင်းသေးဘူးတဲ့လေ ... စကားမများစဖူးများကြတဲ့ အဖေနဲ့အမေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်...." " အဖေတို့စကားများတဲ့နေ့ကစပြီး ...အမေနဲ့အဖေက အစ်ကို့ကိုထပ်ခိုးမှာ တက်အိပ်ခိုင်းတယ်သိလား ဝက်မလေး ...ဘာတွေဖြစ်နေမှန်းမသိပေမဲ့ ..အစ်ကိုလဲထပ်ခိုး ပေါ်တက်အိပ်ရတော့တာပဲ .." "ညတုန်းက တစ်ရေးနိုးလာတော့ ငိုသံလိုလိုကြားမိလို့ ကြမ်းပေါက်ကနေ အောက်ကိုချောင်းကြည့်လိုက်တော့ အမေငိုနေတာကို တွေ့ရတယ်...အမေကငိုပြီး အဖေ့ကို ခေါင်းမမာပါနဲ့ကိုမြင့်ဦးရယ်လို့ တောင်းပန်နေသံကို ကြားရတယ်..ရှင်ဒီလိုဆက်နေနေရင် ကျွန်မတို့ ဒုက္ခရောက်လိမ့်မယ်လို့ လဲပြောတယ် ...အဖေကလဲပြန်ပြောတယ် ... ဒီတိုင်းတော့ ထွက်မသွားနိုင်ဘူးတဲ့လေ... ဘာတွေမှန်းလဲမသိတော့ပါဘူး ဝက်ကလေးရယ် ..အစ်ကို စိတ်ညစ်လာပြီ .. ညီမလေးပြန်လာရင်တော့ အဖေနဲ့အမေပြန်အဆင်ပြေသွားမယ်ထင်ပါတယ်..." စာကဒီမှာတင်ပြီးဆုံးသွားခဲ့ပြီ။ စာရွက်ရဲ့နောက်ဆုံးမျက်နှာထိလှန်ကြည့်လိုက်ပေမဲ့ ဘာစာမှမရှိတော့။နောက်ဆုံးစာမျက်နာရဲ့ ရက်စွဲကို ဖူးငုံပွင့်ကမန်းကတန်း ပြန်ကြည့်လိုက်မိတယ်။ရက်စွဲက ဖူးငုံးပွင့်တို့ပိတောက်စုရွာသို့မလာမီနှစ်ရက်အလိုကရက်စွဲဖြစ်နေခဲ့တယ်။တိတိပပပြောရမယ်ဆိုရင်ဖြင့်အစ်ကိုမဆုံးခင်မနက်လောက်ကရေးထားပုံရပြီး၊အဲဒီနေ့ညသန်းခေါင်ကျော်မှာသေဆုံးခဲ့ကြပုံပင်။ ဖူးငုံးပွင့်

ကြမ်းပြင်ပေါ်ကို တစ်ခုခု ပြုတ်ကျသံလိုမျိုးကို တိုးညှင်းပေမဲ့သေသေချာချာကြားလိုက်ရတာမို့ ဖူးငုံပွင့်က သတိအနေအထားနဲ့ လှေကားထိပ်ဆီကို တက်သွားလိုက်တယ်။တစ်လှမ်း၊နှစ်လှမ်း၊ သုံးလှမ်းမြောက်လှမ်းပြီး အိမ်ပေါ်ထပ်ကြမ်းခင်းဆီကို ဖူးငုံပွင့်ခြေချလိုက်ချိန်မှာတော့ ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဖူးငုံ ပွင့်အလန့်တကြားနဲ့နောက်ကို ပြန်ဆုတ်လိုက်မိတယ်။လှေကားထိပ်ရဲ့ စင်္ကြန်လမ်းပေါ်မှာ ဆံပင်ရှည်တွေဖိုးရိုးဖားရားနဲ့ ရပ်နေတဲ့လူတစ်ယောက်။ မျက်လုံးပြူးကြီးတွေနဲ့ ဖူးငုံပွင့်ကိုကြည့်နေခဲ့တာ။ ဖူးငုံပွင့် ဘာမှမစဉ်းစားတော့ဘဲ လက်ထဲမှာပါလာတဲ့တုတ်နဲ့ရိုက်ပစ်ပြီး လှေကားထစ်တွေအတိုင်းပြန်းပြေးဆင်းလာခဲ့လိုက်တယ်။ "ဟေ့ .. ဟေ့ ..မင်းငါ့ကို ဘာလို့ ရိုက်တာလဲ ..မင်းက သူခိုးလား " ~~~~~ "မောင်နေလင်းက ... မနေ့ညမိုးကြီးချုပ်မှ ပိတောက်စုရွာကို ရောက်လာခဲ့တော့ အိမ်နီးချင်းတွေကို အသိမပေးမိဖြစ်သွားတာပါ ... ကျုပ်ဆီကိုတော့ သူလာအကြောင်းကြားသွားပါတယ် ..မောင်နေလင်းကဘယ်သူ ဆိုတာကိုတော့... ရွာကလူတွေသိနေကြပြီဖြစ်ပေမဲ့ ...ကလေးမကတော့ ဘယ်သိပါ့မလဲလေ .... အချင်းချင်း သိသွားအောင် ဘကြီးကပဲမိတ်ဆက်ပေးပါမယ်ကွယ် " ရွာလူကြီးရဲ့စကားကြောင့် ဖူးငုံပွင့်မျက်မှောင်လေးကြုတ်ပြီး နေလင်းဆိုသူကို ကြည့်လိုက်တယ်။နေလင်းပုံစံက ခပ်စောစောကလို ဆံပင်ဖိုးရိုးဖားရားကြောက်စရာအသွင်အပြင်မျိုးတော့မဟုတ်တော့ ။ ကုပ်ထောက်ဆံပင်တွေကို စည်းထားပြီး ရှပ်အင်္ကျီအဖြူ၊ပုဆိုးကွက်စိတ်နဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေခဲ့ပြီ။ "ဒီကမောင်နေလင်းက ... ဘွားကြည်ရဲ့ညီမတစ်ဝမ်းဖြစ်တဲ့ ဒေါ်ချစ်စုရဲ့မြေးပါ ငါ့တူမရဲ့...မောင်နေလင်းရဲ့အဘွားဖြစ်တဲ့ .ဒေါ်ချစ်စုကလဲ ... ပိတောက်စုရွာသူပဲ .. မြို့ကို ပြောင်းသွားခဲ့တာတော့ ကြာပြီပေါ့ကွယ် ..မောင်နေလင်းက လွန်ခဲ့တဲ့သုံးနှစ်ကမှပိတောက်စုကို သူ့အမေနဲ့အလည်ပြန်လာခဲ့တာလေ .. ဒါနဲ့ မောင်နေလင်းက ပန်းချီဆရာ ဟုတ်တယ်နော် " ရွာလူကြီးက ဖူးငုံပွင့်ကို ပြောပြနေရင်းမှ သေချာအောင် နေလင်းကို ထပ်မေးလိုက်တယ်။ "ဟုတ်ပါတယ်ခင်ဗျာ ... ကျွန်တော်ကပန်းချီဆရာပါ ..ကျေးလက်ရိုးရာပုံလေးတွေ ပန်းချီဆွဲဖို့ ရောက်လာခဲ့တာပါ " ".ကဲ ..ငါ့တူမကြီးသိပြီးနော် ...မောင်နေလင်းကလဲ မှတ်ထားပေါ့ကွယ် ..ဒီက ကလေးမက မင်းအဘွားလေးရဲ့ဘေးခြံမှာနေခဲ့တဲ့ ကလေးမပါ .. ဘကြီးတို့ပြောပြဖူးတယ်လေးကွယ် ... မှတ်မိတယ်မဟုတ်လား " " ဪ ..ဟုတ်ကဲ မှတ်မိပါပြီခင်ဗျာ .... ဘွားလေးကို ပြုစုစောင့်ရှောက်ခဲ့တဲ့မိသားစုဆိုတာ မဟုတ်လား " ပြောနေရင်းနဲ့ နေလင်းက စကားကိုရပ်တန့်ပြီး ဖူးငုံပွင့်ကို ကြည့်လိုက်တယ်။ ဖူးငုံပွင့်ကနေလင်းရဲ့ အကြည့်တွေကို မျက်နာလွှဲလိုက်ပြီး ရွာလူကြီးနဲ့ လူကြီးတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့လိုက်တယ်။ မသင်းမြကတော့ တူမဖြစ်သူရဲ့ အပြုအမူအတွက် အားလုံးကိုတောင်းပန်စကားပြောပြီး တူမဖြစ်သူနောက်ကို အမြန်ပြေးလိုက်ခဲ့ရတယ်။ ~~~~~ "ကပ်သီးကပ်သပ်ကို ဖူးဖူးရယ် ....ထားလိုက်ပါ ရွာထဲကကောင်လေးတွေလာမှ ရှင်းခိုင်းလိုက်ပါ့မယ် " အိမ်ရဲ့ထပ်ခိုးလိုမျိုး ခပ်ကျဉ်းကျဉ်းနေရာကို ဖူးငုံပွင့်က မရမကတက်နေတာမို့ လှစိန်က လှမ်းတားလိုက်တာဖြစ်တယ်။သဘက်ခါဆိုရင် အိမ်မှာမိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူအတွက် ခြောက်နှစ်ပြည့် ဘုန်းကြီးဆွမ်းကပ်အလှူပွဲလေးလုပ်ဖို့ စီစဉ်ထားတာမို့ ရွာထဲကကာလသားကာလသမီးတွေကို လှစိန်ကပဲဦးဆောင်ခေါ်ထားပြီး ခြံရှင်းအိမ်ရှင်းဖို့ ပြင်ဆင်နေကြတာ။ အချိန်က နည်းနည်းစောနေသေးလို့ ကောင်လေးတွေကောင်မလေးတွေက ရောက်မလာကြသေးတာ။ ဝရိယလွန်ကဲနေတဲ့ ဖူးငုံပွင့်ကတော့ မိုးမလင်းတလင်းကတည်းက သူမတို့အိမ်ကိုလာပြီး နိုင်သလောက်ရှင်းလင်းရင်း ဟိုရှာဒီရှာရှာနေခဲ့မိတာ။အခုလဲ ဖူးငုံတို့ငယ်ငယ်တုန်းက တက်ဆော့လို့ရအောင် ဖခင်ကြီးကိုယ်တိုင်လုပ်ပေးထားတဲ့ ထပ်ခိုးပုံစံအခန်းလေးပေါ်ကို ဖူးငုံပွင့်ကအတင်းကုန်းရုန်းတက်နေလို့ လှစိန်ကတားမြစ်လိုက်တာဖြစ်တယ် ။ "ရပါတယ်အစ်မလှစိန်ရယ် ..ဖူးငုံတက်နိုင်ပါတယ် ... " "အေး .. တားမရရင်လဲတက်လေ ... ဒါပေမဲ့ အောက်မှာငါတစ်ယောက်တည်းမနေရဲဘူး ဖူးဖူးရဲ့ ..နင်နေရဲတယ်ဆိုရင် ..ငါအိမ်ပြန်လိုက်မယ် ...ရွာထဲက လူတွေလာမှ ပြန်လာခဲ့မယ်လေ ..နင်နေရဲလား " "ပြန်လေ ...ဖူးဖူးနေရဲပါတယ်အစ်မလှစိန်...တီလေးတို့ ဈေးဝယ်ကပြန်လာရင်သာ ... ဖူးဖူး ဒီမှာရှိတယ်လို့ပြောလိုက်လေ " " အဲ့ဒီလောက်မကြာပါဘူးဟယ် .. ရွာထဲကလူတွေလာတာနဲ့ ငါတို့လာခဲ့မှာပါဟ " ပြောပြောဆိုဆိုနဲ့ ပြေးထွက် သွားတဲ့လှစိန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးထပ်ခိုးပေါ်ကို ဖူးငုံ ပွင့်ရအောင်ခိုတွယ်တက်လိုက်တယ်။ ~~~~~ ထပ်ခိုးဆိုပေမဲ့ အကျယ်ကြီးမဟုတ်ဘဲကလေးနှစ်ယောက်အိပ်သာထိုင်သာရုံအခန်းကျဉ်းလေးဖြစ်တယ်။တော်ရုံအကြောင်းမသိတဲ့သူဆိုရင် ထပ်ခိုးလို့ မထင်ဘဲ မျက်နှာကြက်လို့ပဲ ထင်တတ်ကြတယ်။ဒီလိုနေရာကို ဖူးငုံပွင့်က ပူဆာခဲ့လို့ ဖခင်ကြီးကိုယ်တိုင် လုပ်ပေးခဲ့တာ။ ဖူးငုံပွင့်ထပ်ခိုး ပေါ် ကိုရောက်တော့ ဟိုဒီဝေ့ဝဲကြည့်ရင်း ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာခဲ့မိတယ်။အချိန်တွေ

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၃) ******* မနက်ဝေလီဝေလင်းအချိန် လောက်မှာပဲ ဖူးငုံပွင့်တစ်ယောက်တည်း သူမတို့အိမ်ဆီကိုပြန်ခဲ့လိုက်တယ်။ဘွားကြည်ရဲ့ခြံရှေ့အရောက်မှာ ခြံဝတံခါးမှာမရှိတော့ဘဲ ဟာလာဟင်းလင်းပွင့်နေတာမို့ ခြံထဲကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ဝင်ချသွားလိုက်တယ်။ဘွားကြည်ရဲ့ခြံနဲ့ ဖူးငုံပွင့်တို့ခြံကြားမှာ လူတစ်ယောက်သွားသာရုံ ခြံပေါက်ရှိတာကို သတိရလိုက်တာမို့ ဖူးငုံပွင့်ဝင်ခဲ့လိုက်ခြင်းဖြစ်တယ်။အိမ်မကြီးရှေ့ရောက်တော့ အိမ်တံခါးသော့ခလောက်ပွင့်နေတာကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့်အံ့သြသွားမိတယ်။ "အိမ်ပေါ်မှာ ဘယ်သူရှိတာလဲ ..လူရှိတာလား " ခပ်ကျယ်ကျယ်အော်မေးလိုက်ပေမဲ့ ပြန်ထူးသံကိုမူမကြားရ။ "လူရှိလား " နောက်တစ်ကြိမ်ခပ်ကျယ်ကျယ်အော်မေးလိုက်ပြီးတော့ ဖူးငုံပွင့်စိတ်မရှည်တော့တာမို့ ဖြစ်ချင်ရာဖြစ်သဘောထားပြီး အိမ်ပေါ်ကို တက်ခဲ့လိုက်တယ်။ "ရှပ် ..ရှပ် ...ရှပ် " လူမနေတာကြာပြီဖြစ်တဲ့ အိမ်ကြီးထဲမှာ ကိုယ့်ခြေသံကို ပြန်ကြားနေရတာကိုက ကြက်သီး ထချင်စရာကောင်းနေခဲ့တယ်။ဖူးငုံပွင့်ကတော့ သိချင်တာတွေနားမလည်နိုင်တာတွေများနေတာမို့ ကြောက်ရွှံ့နေဖို့ မတွေးအားဘဲလှေကားထစ်လက်ရန်းတွေကို ကိုင်တွယ်ကြည့်ရှုနေမိတယ်။လှေကားထစ်တွေကမြင့်တယ်ဆိုပေမဲ့ခပ်ပြေပြေပုံစံရှိတယ်။မတော်တဆလူတစ်ယောက် မူးမေ့ပြီးခြေချော်ကျသွားခဲ့တယ်ဆိုရင်တောင် လှေကားကခပ်ပြေပြေမို့ ဝုန်းဒိုင်းကျသွားစရာအကြောင်းမရှိ။ပြီးတော့ ဘွားကြည်ကဒူးတွေ မကောင်းတော့ဘူးဆိုကတည်းက အိမ်ပေါ်ထပ်ကို တက်လေ့မရှိတော့။အိမ်ပေါ်ထပ်သန့်ရှင်းရေးကို လေးငါးရက်တစ်ခါမှ ဖူးငုံပွင့်တို့သားအမိတွေပဲလုပ်ပေးခဲ့တာ။ဘွားကြည်က အိမ်ပေါ်ထပ်က ပစ္စည်းတစ်ခုခုကိုလိုချင်တယ်ဆိုရင် ခေါင်းလောင်းတီးပြီး ဖူးငုံတို့မောင်နှမကိုပဲ လှမ်းခေါ်ခိုင်းတတ်တယ်။ဖူးငုံ ရန်ကုန်ရောက်သွားတော့ အမေအဖေနဲ့ကိုဦးတို့က ဆက်ပြီးလုပ်ပေးနေခဲ့ကြတာကို တစ်ရွားလုံးကအသိ။ ဒီလိုမျိုး အပေါ်ထပ်တက်ဖို့ရှောင်လေ့ရှိတဲ့ ဘွားကြည် ။ဘုရားခန်းကိုတောင် အောက်ထပ်ကို တကူးတကရွေ့ခဲ့တဲ့ဘွားကြည်က မနက်မိုးမလင်းခင်မှာ အပေါ်ထပ်ကို ဘာတက်လုပ်တာလဲ ဖူးငုံပွင့်စဉ်းစားလို့မရနိုင်။ဒီလိုတွေ ဖြစ်မှာစိုးလို့ ဖူးငုံတို့မိသားစုအပါအဝင် လူကြီးပိုင်းတွေကလဲ ဘွားကြည်ကို အပေါ် ထပ်ကိုမတက်ဖို့မှာထားပြီးသား ။ ယုတ်စွအဆုံး မဖြစ်မနေ အကြောင်းရှိလို့ အပေါ်ထပ်ကို တက်ရမယ်ဆိုလဲ အဖော်တစ်ယောက်ပါမှတက်ဖို့ အတန်တန်မှာထားပြီးသား။အသက်ကြီးပေမဲ့ သတိကောင်းလှတဲ့ ဘွားကြည်ကလဲ ဒါကို လက်ခံလိုက်နာခဲ့တယ်။.ဖူးငုံပွင့်နားမလည်နိုင်စွာ တွေးတောရင်း လှေကားထစ်တွေကို တထစ်ချင်းနင်းတက်လာခဲ့လိုက်တယ်။ "ရှပ် ..ရှပ်..ရှပ် ..." ရုတ်တရက်အပေါ်ထပ်က ထွက်ပေါ်လာတဲ့ခြေသံတိုးတိုးကြောင့် ဖူးငုံပွင့်တစ်ကိုယ်လုံးဆတ်ခနဲတုန်သွားမိတယ်။ခြေသံက တကယ့်ကို ပီပီပြင်ပြင်ကြား လိုက်ရတာမို့ လက်ထဲဆုပ်ကိုင်လာမိတဲ့ သစ်သားတုတ်ချောင်းကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း လှမ်းလက်စခြေလှမ်းတွေကို ဖူးငုံပွင့် ရပ်တန့်ပစ်လိုက်တယ်။ သူမရပ်တန့်လိုက်တဲ့အခါခြေသံက ပြန်လည်တိတ်ဆိတ်သွားပြန်တယ်။ဖူးငုံပွင့်ခြေကို ဖော့နင်းလိုက်ပြီး ဖြည်းညှင်းစွာနဲ့ တက်ခဲ့လိုက်တယ်။ရင်ထဲမှာစိုးထိတ်ပြီး ရင်တွေတထိတ်ထိတ်တုန်နေပေမဲ့ ကြောက်ကြောက်နဲ့ ဒီတိုင်းပြန်ထွက်သွားဖို့တော့ ဖူးငုံ ပွင့်စိတ်ကူးမရှိပါ။အစ်မလှစိန်ပြောပြတဲ့ ဘွားကြည်ရဲ့သေဆုံးရပုံကို သိလိုက်ရပြီးကတည်းက ဖူးငုံပွင့်ရဲ့အတွေးထဲမှာမေးခွန်းတွေများစွာဖြစ်ပေါ်နေခဲ့တာ။လူတွေက သူမကို သံသယများသူလို့စွပ်စွဲချင်လဲ စွပ်စွဲကြပါစေ ဒီတစ်ခေါက်ဖူးငုံပွင့် ပိတောက်စုကို ပြန်လာခဲ့ရခြင်းအကြောင်းအရင်းက လွန်ခဲ့တဲ့ ခြောက်နှစ်က မရှင်းလင်းခဲ့တဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိချင်လို့ လာခဲ့ခြင်းဖြစ်တယ်။လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက စာတစ်စောင်နဲ့ဓါတ်ပုံတစ်ပုံသာထားခဲ့တဲ့ မိဘတွေရဲ့အကြောင်းကို တွေးမိတိုင်းဖူးငုံပွင့်ရင်ထဲမှာ သံသယတွေပဲပိုကြီးထွားလာခဲ့တယ်။(၁၂)နှစ်အရွယ်ကလေးမလေးတစ်ယောက်က မယုံကြည်နိုင်ခြင်းကလွဲရင် ဘာမှမတတ်နိုင်ခဲ့ပေမဲ့ (၁၈)နှစ်အရွယ်လူတစ်ယောက်က တော့ စဉ်းစားဆင်ခြင်နိုင်ခဲ့ပြီး။ တွေးတောဆုံးဖြတ်နိုင်စွမ်းရှိခဲ့ပြီ။ ပိုပြီးစဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိလာတာနဲ့အမျှ ဖူးငုံပွင့် အခိုင်အမာ ယုံကြည်လာခဲ့တာက မိသားစုအပေါ် ထားရှိတဲ့ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာသာဖြစ်တယ်။ တစ်သက်လုံးက မိသားစုအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တဲ့ဖခင်က ဖူးငုံပွင့်မရှိတဲ့ တစ်နှစ်အတွင်းမှာ ဒီလောက်ပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာကို သူမ ပိုပြီးယုံကြည်လာခဲ့တယ်။ယုတ်စွအဆုံး ဖခင်ဖြစ်သူက အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ် ထားပါအုံး ။ ဒီလိုကိစွနဲ့ စကားများပြီး ဇနီးနဲ့သားဖြစ်သူအပေါ် ဒီလောက်ရက်စက်မှာမဟုတ်တာတော့ အသေအချာပင်။ဖူးငုံပွင်ရှိနေခဲ့ချိန်တစ်လျှောက်လုံး ဖခင်ဖြစ်သူထံမှ လက်ပါဖို့နေနေသာသာ လေသံမာမာနဲ့ ဆူငေါက် ပြောဆိုသံပင်မကြားခဲ့ဖူး။ စကားပြောရင်ခပ်အေးအေး ခပ်ပြုံးပြုံးသာပြောတတ်ဆိုတတ်နေတတ်ဖခင်။ဒီလိုဖခင်က ဇနီးနဲ့သားကို ဒီလောက်ထိရက်စက်မတဲ့လား။စဉ်းစားလေး မယုံကြည်နိုင်စရာတွေပဲ ပိုများလာခဲ့တယ်။ "ဒေါက် ''

"ဘာ ..ဘာပြောတယ် အစ်မလှစိန်...ဘွားကြည်ကအစိမ်းသေ ဟုတ်လား .. ဘွားကြည်ကနေ မကောင်းဖြစ်ပြီးဆုံးသွားတာမဟုတ်ဘူးလား" လှစိန်ရဲ့စကားကြောင့် ဖူးငုံ ပွင့် အံ့ဩထိတ်လန့်စွာ မေးလိုက်မိတယ်၊ "ဟုတ်တယ်လေဖူးဖူးရဲ့ ..နင်မသိဘူးလား ..." "ဟင့်အင်း မသိဘူး ...ဘွားကြည် ဘယ်လိုဆုံးသွားတာလဲဆိုတာ.... ဖူးဖူးကိုပြောပြပါလား အစ်မလှစိန် " "အင်း ... အဲ့ဒီနေ့က ဘွားကြည်ရဲ့ အော်သံကြားလို့ ...ငါတို့တွေပြေးသွားကြည့်တော့... ဘွားစိန်လှေကားကပြုတ်ကျနေတာတွေ့ရတာပဲ .... သွေးတွေလဲတွေ့တယ်ဟဲ့ ..ပြောရင်းကြက်သီးတွေထလိုက်တာဟယ် ..ကြောက်လာပြီ ငါသွားအိပ်တော့မယ် ....နောက်နေ့မှ မှတ်မိသလောက်ဆက်ပြောပြမယ်ဟယ် ..နင်လဲတံခါးပိတ်လိုက်ပါတော့ဟယ်...အပြင်မှာ မှောင်မှောင်မည်းမည်းနဲ့ ကြောက်စရာကြီး " @@@@@@@@@@@@@@@@ အပိုင်း (၃) ဆက်ရန် #ဧကြည်ဖြူ

" ကျွီ " အိမ်တံခါး၀က သော့ခလောက်ကိုဖွင့်လိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်ချိန်မှာ တံခါးက တကျွီကျွီမြည်ပြီး ပွင့်သွားခဲ့တယ်။ခြောက်နှစ်မျှ လူမရှိသူမရှိ ပစ်ထားခဲ့တဲ့အိမ်က တချို့နေရာတွေမှာ ပျက်စီးယိုယွင်းနေပြီဖြစ်သလို အိမ်ရဲ့ပုံစံကလဲ အသည်းငယ်သူတွေအဖို့ စက္ကန့်ပိုင်းမျှပင်မနေဝံ့တဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်။ " ဖူးဖူးရယ် ထိုင်...ထိုင်ပါအုံးကွယ်... တီလေး မော...မောလွန်းလို့ပါကွယ် " မသင်းမြက အသံတုန်တုန်နဲ့ တူမငယ်ကို လှမ်းပြောလိုက်တယ်။လူကြီးမို့ မကြောက်တတ်မလန့်တတ်ပေမဲ့ မိန်းမသားပီပီ မသင်းမြရင်ထဲမှာစိုးရွံ့ထိတ်လန့်စိတ်လေးတော့၀င်နေခဲ့တယ်။အချိန်ကညနေသုံးနာရီဝန်းကျင်။ရောက်နေတာကသုံးလောင်းပြိုင်သေထားတဲ့ လူမနေတဲ့အိမ်အိုဟောင်းကြီးထဲမှာ။ပတ်ဝန်းကျင်ကလဲ ချောက်ချားစရာကောင်းအောင်တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့တယ်။တူမဖြစ်သူကလဲ အိမ်ပေါ်စရောက်ကတည်းက မသင်းမြနားမှမနေဘဲ တစ်အိမ်လုံးကို စေ့စေ့စပ်စပ်လိုက်ကြည့်နေခဲ့တယ်။ "ဖူးဖူးရေ...ဖူးဖူးတို့ရောက်နေတာလား " ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတဲ့ ခြံံ၀ကခေါ်သံကြောင့် မသင်းမြလန့်သွားရသလို ဝမ်းလဲဝမ်းသာသွားတယ်။ " ဖူးဖူး တူမလေး...ခြံဝက ခေါ်သံကြားတယ်.." အဒေါ်ဖြစ်သူရဲ့စကားကြောင့်ဖူးငုံပွင့်က အခန်းထဲက ထွက်ခဲ့ပြီးခြံဝကိုလှမ်းကြည့်ပြီး အော်မေးလိုက်တယ်။ "အစ်မလှစိန်မဟုတ်လားဟင်...ဝင်ခဲ့လေ " " အင်း ဟုတ်တယ် .." လှစိန်က ပြန်ဖြေလိုက်ပြီ ခြံထဲကို မဝံ့မရဲဝင်လာခဲ့တယ်။ရွာထဲဘက်ကလာမယ်ဆိုရင် လှစိန်တို့အိမ်ကိုကျော်ပြီးမှ ဖူးငုံပွင့်တို့အိမ်ကိုရောက်မှာ။တနည်းအားဖြင့် ပြောရရင်လှစိန်တို့နဲ့ ဖူးငုံပွင့်တို့က ဆွေရိပ်မျိုးရိပ်လဲမကင်းလှဘူး။လှစိန်ကဖူးငုံပွင့်ထက် အသက်နည်းနည်းတော့ပိုကြီးပြီး သေဆုံးသွားပြီဖြစ်တဲ့ ကိုဦးနဲ့ရွယ်တူဖြစ်တယ်။ "အိမ်ရှေ့က ဖြတ်သွားတာတွေ့လိုက်လို့ ...အမေကသေချာအောင် ကြည့်ခိုင်းလိုက်တာဖူးဖူးရဲ့ ... အမေကပြောတယ် ..အိမ်မှာလာအိပ်ကြတဲ့ ... ဒီမှာက လူမနေတာကြာပြီဆိုတော့ ... နေရတာအဆင်ပြေမှာမဟုတ်ဘူးတဲ့ " လှစိန်ကပြောရင်း တောင်မြောက်အရပ်လေးပါးလုံးကို မျက်လုံးအပြူးသားနဲ့လိုက်ကြည့်လိုက်တယ်။လှစိန်ရဲ့အကြည့်ကို ရိပ်မိလိုက်တဲ့ ဖူးငုံပွင့်က "ရပါတယ် အစ်မလှစိန် ...ဖူးဖူးတို့ နေရဲတယ်လို့ ကြီးကြီးနွဲ့ကိုပြောလိုက်ပါ " ဖူးငုံရဲ့အဖြေစကားကြောင့် လှစိန်မှာမျက်လုံးပြူမျက်ဆန်ပြူးနဲ့ ဖြစ်သွားရပြီး "ဟယ် .. မဟုတ်တာဖူးဖူးရယ်....ငါတို့ဆိုရင် နေ့ခင်းကြောင်းတောင်မှာတောင် ..နင်တို့ အိမ်ရှေ့ကဖြတ်မသွားရဲဘူးဟဲ့ ...ဒီမှာတော့ ညမအိပ်ပါနဲ့ ဟယ် ... နေ့ခင်းဘက်လာနေချင်နေပါ .....ငါတို့အိမ်က အကျယ်ကြီးပါဟယ် ...အိမ်မှာလိုက်အိပ်ပါ " လှစိန်ရဲ့စကားကြောင့် ဖူးငုံ ပွင့်က ဘာမှပြန်မတော့ဘဲ မိဘနှစ်ပါးအိပ်ခဲ့တဲ့အိပ်ခန်းကို ငေးကြည့်နေမိတယ်။ ~~~~~ "ဖူးဖူးလေးတောင် ဒီအရွယ်ရောက်နေပြီလား ....ကဲ သမီးဖူးဖူးလဲ စိတ်ထဲဘာမှမထားနဲ့ ...မိန်းမသားနှစ်ယောက်တည်း တော့ ဒီမှာမအိပ်ကြပါနဲ့ကွယ် ..နောက်ရက်တွေမှ ရွာက ကောင်မလေးတွေနဲ့ သန့်ရှင်းရေးလုပ်ကြပေါ့ ..အလှူရက်တော့ ရွာကလူတွေပါ ဒီမှာလာအိပ်ပေးကြမှာပါ ...ဒီကြားထဲတော့ မနွဲ့တို့အိမ်မှာတည်းကြပါ.... ဘကြီးတို့ပြောတာကို နားထောင်ပါကွယ် ..." ဆွေရိပ်မျိုးရိပ်မကင်းသူလူကြီးမိဘများရဲ့ စကားကြောင့် ဖူးငုံပွင့်တို့မှာ မငြင်းဆန်နိုင်ဘဲ ကြီးနွဲ့ခေါ် ဒေါ်နွဲ့သီတို့အိမ်ကိုလိုက်ပါလာခဲ့ကြရတော့တယ်။ ~~~~~~ ညက လရဲ့မှုန်ဝါးဝါး အလင်းရောင်ရှိနေပေမဲ့ သစ်ပင်ကြီးတွေရဲ့အရိပ်တွေကြောင့် ခြံတွေထဲမှာ အမှောင်တွေသာ ကြီးစိုးနေခဲ့တယ်။ဖူးငုံပွင့်က အိပ်ရာထဲမဝင်သေးဘဲ ပြတင်းပေါက်တံခါးကိုဖွင့်ပြီး သူမတို့ခြံရှိရာဘက်ကို လှမ်းကြည့်နေမိတယ်။သို့ပေမဲ့ ကြားထဲမှာရှိနေတဲ့ ဘွားကြည်ရဲ့ ခြံကျယ်ကြီးကြောင့် သူမတို့ရဲ့ခြံကို မမြင်ရဘဲ ဖြစ်နေတယ်။ "ဖူးဖူး နင်မအိပ်သေးဘူးလား ..နင့်အဒေါ်တော့အိပ်သွားပြီး " မေးသံနဲ့အတူ့အနားမှာထိုင်ချလိုက်တဲ့လှစိန်ကို ဖူးငုံပွင့်ကကြည့်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။ "အိပ်လိုမပျော်ဘူး အစ်မလှစိန်ရယ်...အဖေနဲ့အမေ့ကို အရမ်းသတိရတယ် ..အစ်ကိုဦးကိုရော အရမ်းသတိရတယ် " "နင် ...နင် မကြောက်ဘူးလားဟင် ဖူးဖူး " လှစိန်ကဖူးငုံပွင့်ကို မယုံနိုင်သလို ပြန်မေးလိုက်တယ်။ "မကြောက်ပါဘူး အစ်မလှစိန်ရယ် ..ဖူးဖူးရဲ့ မိသားစုတွေလေ ဘာလို့ကြောက်ရမှာလဲ ... အခုတောင် လူကြီးတွေလိုမလွန်ဆန်ချင်လို့ ... အစ်မလှစိန်တို့အိမ်မှာလာအိပ်တာ.... ဖူးဖူးကမကြောက်တတ်ပါဘူး ....အိမ်မှာပဲအိပ်ချင်တာ " ဖူးငုံပွင့်ရဲ့စကားကြောင့် လှစိန်မှာ ကျောလေးတွန့်သွားရပြီး "အမယ်လေး ဖူးဖူးရယ် ... ငါတော့လေ နေဝင်ပြီဆိုတာနဲ့ ...နင်တို့ခြံဘက်တွေကို ကြည့်ကိုမကြည့်ရဲတာ...ပြီးတော ဒီကြားထဲ ...ဘွားကြည်ရဲ့အိမ်ကြီးကလဲ ကြည့်လိုက်ရင်ကြောက်စရာကြီးလေဟယ် ... ပြီးတော့ဘွားကြည်ကလဲ နင့်မိဘတွေလိုပဲအစိမ်းသေ လေဟဲ့ ... "

"တောင်းပန်းပါတယ်ရှင် ....ဒီမှာ ဆက်နေရင် ..ဖူးဖူးလေးအတွက်ဆိုးကျိုးပဲဖြစ်မှာမို့ ပြန်ရတာပါရှင် ....ကိစ္စတွေလဲပြီးပြီဆိုတော့ ပြန်တာက အသင့်တော်ဆုံးပါပဲ" မသင်းမြရဲ့ ပြတ်သားတဲ့ စကားကြောင့် လူကြီးတွေက ဘာမှ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွားကြတယ်။မသင်းမြ ဘက်က ကြည့်တော့လဲ သူမရဲ့ဆုံးဖြတ်ချက်ကမမှားတာမို့ ရွာကလူကြီးတွေကလဲ လက်ခံလိုက်ကြတယ်။ "ဒါနဲ့ ကျွန်မခဲအိုနဲ့ မယားငယ်မရဲ့ပုံကို သက်ဆိုင်ရာက မလိုအပ်တော့ဘူးဆိုရင် ..ဦးကြီးတို့ပဲ ဖျက်ဆီးပေးပါရှင် .. ကျွန်မကတော့ အဲ့ဒီပုံကို မြင်ကိုမမြင်ချင်တော့လို့ပါ " "ဓါတ်ပုံဟုတ်လား...မောင်မြင့်ဦး ထားခဲ့တဲ့ပုံလား ...အဲ့ဒီပုံက ငါ့နှမ ယူသွားတာမဟုတ်ဘူးလား ....ဦးကြီးတို့ဆီမှာ မဟုတ် ဘူးနော် " ရွာလူကြီးရဲ့ စကားကြောင့် မသင်းမြက သူမရဲ့စလင်းဘတ်အိတ်ထဲကို မွှေနှောက်ရှာကြည့်လိုက်ပြီး " ဟုတ်လို့လားရှင် ...ကျွန်မဆီမှာလဲ မရှိတော့ပါဘူး " " ဪ ... ဒါဆိုရင် .....ရွာသား တစ်ယောက်ဆီမှာ ရှိမှာပေါ့ကွယ် ... စိတ်ချပါကွယ် .. ပုံကို တွေ့တာနဲ့ ဦးကြီးတို့ ဖျက်ဆီးပစ်လိုက်ပါ့မယ်ကွယ် " ~~~~~ တအိအိမောင်းနှင်လာတဲ့ ကားအိုကြီးက ပိတောက်စုရွာရဲ့ရွာထိပ်မှာရပ်တန့်သွားခဲ့တယ်။ ကားရပ်လိုက်တာနဲ့တစ်ပြိုင်နက် ဖူးငုံပွင့်က ကားပေါ်ကသွက်လက်စွာ ဆင်းလိုက်ပြီး အထုပ်တွေကိုကားပေါ်က ယူချလိုက်တယ်။ပြီးတော့မှ အဒေါ်ဖြစ်သူကိုကူတွဲဆင်းစေလိုက်တယ်။ "အထုပ်တွေကို ဖူးဖူးသယ်ပါ့မယ် ..တီလေးက ဒီအိတ်သေးလေးပဲ ဆွဲခဲ့ပါနော် " ဖူးငုံပွင့်က အဒေါ်ဖြစ်သူကို ပြောလိုက်ပြီးအထုပ်တွေကို ကောက်မလိုက်တယ်။ "ကဲပါအေ ..ပေးပါ တီလေးလဲနိုင်သလောက်ဝိုင်းဆွဲပါ့မယ် .." မသင်းမြက ပြောပြောဆိုဆိုနဲ့ပဲ တူမဖြစ်သူရဲ့လက်ထဲက အထုပ်တစ်ထုပ်ကို ပြန်ဆွဲယူလိုက်တယ်။ "ဟဲ့ ..ရှေ့ကဘယ်သူတွေတုန်း ...မြို့ကဧည့်သည်တွေလား ..မဟုတ်မှလွဲရော မနှင်းပွင့်သမီးနဲ့ ညီမလား " ဖူးငုံပွင့်တို့တူအရီးအထုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေကြချိန်မှာ နှုတ်ဆက်သံကြောင့် လှမ်းကြည့်လိုက်ကြတော့ ရွာထိပ်အိမ်က ကြီးကြီးဥဖြစ်နေခဲ့တယ်။ "ကြီးကြီးဥနေကောင်းလားရှင် ... သမီးကဖူးဖူးပါ " " ထင်သားပဲကွယ်.....ဖူးဖူးလေးတောင်အပျိုကြီးဖြစ်နေပြီပဲ ...တခြားမှာတွေ့ရင် ဘယ်မှတ်မိမိမလဲကွယ် ..ဒီလို သင်္ကြန်ရက်ရောက်တော့မယ်ဆိုရင် ..ကြီးဥတို့က သမီးတို့ကိုသတိရပြီး ကားသံကြားတာနဲ့ ထွက်ကြည့်နေမိတော့တာ ..ဒါနဲ့ဘယ်လောက်ကြာသွားပြီးတုန်းကွယ် ...ဖူးဖူးရော အသက်ဘယ်လောက်ရှိပြီလဲ...." " သင်္ကြန်အကြိုနေ့မှာ ဖူးဖူး အသက်(၁၈)နှစ်ပြည့်မှာပါ ကြီးကြီးဥ ...မွေးနေ့အလှူကို ရွာမှာအမေတို့အတွက်ရည်စူးပြီး လာလုပ်တာပါ " " ဪ ..ကောင်းပတော်..ကောင်းပ...အထုပ်တွေထားခဲ့လိုက်...ကြီးဥလိုက်ပို့ခိုင်းလိုက်မယ် ... ဝိုင်းကူလုပ်ဖို့လဲ လွှတ်ပေးလိုက်မယ် ..တူအရီးနှစ်ယောက်တည်းသွားလို့ ဖြစ်ရဲ့လား ..." "ရပါတယ် ကြီးကြီးဥ ...ဖူးဖူးတို့ သွားနှင့်လိုက်ပါမယ် ..." ကြီးကြီးဥက စိတ်ပူသံနဲ့ ပြောလိုက်ပေမဲ့ ဖူးဖူးကသွက်လက်စွာပြန်ဖြေလိုက်တယ်။ မသင်းမြကတော့ ကြီးကြီးဥကိုပြုံးပြကာ နှုတ်ဆက်လိုက်တယ်။ မသင်းမြအနေနဲ့ ပိတောက်စုရွာကို ထပ်လာချင်စိတ်မရှိပေမဲ့ တူမဖြစ်သူရဲ့ အလိုဆန္ဒကိုမလွန်ဆန်နိုင်ဘဲ လိုက်ပါလာခဲ့ရခြင်းဖြစ်တယ်။ခြောက်နှစ်အတွင်းမှာ တူမ ငယ်ကအရာရာကို မေ့ပျောက်နိုင်စွမ်းရှိနေပြီလို့ထင်ခဲ့ပေမဲ့ (၁၈)နှစ်ပြည့်မွေးနေ့အလှူကို ပိတောက်စုရွာမှာပြန်လုပ်မယ်လို့ ပြောတော့ မသင်းမြဘက်က အတန်တန်တားဆီးခဲ့သေးတယ်။ "ဒီနှစ် ဖူးဖူးအသက် (၁၈) ပြည့်ပြီတီလေး ... ဖူးဖူးရဲ့မိသားစုအတွက်လုပ်ပေးရမဲ့တာဝန်တွေကို... ဖူးဖူးအပြည့်အဝတာဝန်ယူနိုင်ပါပြီ ... ဒီနှစ်တော့ အဖေတို့အမေတို့အတွက်အလှူကို ဖူးဖူးရဲလုပ်အားခနဲ့ ရွာမှာပြန်လှူချင်ပါတယ်....တီလေးစကားကို ဖူးဖူး အမြဲနားထောင်ခဲ့တာမို့ ... ဒီခရီးကိုတော့ ခွင့်ပြုပေးပါ...တကယ်လို့ တီလေးကမလွှတ်ခဲ့ရင်လဲ ဖူးဖူးကတော့ရအောင် သွားဖို့ စီစဉ်ထားပြီးသားပါ ... " " သမီးကဒီလိုတွေလုပ်ချင်လို့ ကျောင်းကိုအဝေးသင်တက်ပြီး ... အလုပ်တွေလုပ်ခဲ့တာလား ဟုတ်လား ... တီလေးဆီမှာ အမွေရထားတဲ့ငွေတွေရှိပါတယ်အေ... ဒီငွေတွေက သမီးအမေနဲ့ တီလေးတစ်ယောက်တစ်ဝက်ပိုင်တာပါကွယ် ..လိုရင်တီလေးဆီက တောင်းပါကွယ် .." ဖူးငုံပွင့်ရဲ့စိတ်ထဲမှာ ဘာတွေကိုစိတ်ကူးကြံစည်ထားလဲ မသိခဲ့ရပေမဲ့ ဒီခရီးကိုတော့ မဖြစ်ဖြစ်အောင်လာဖို့ စီစဉ်ထားတာကို အနီးကပ်ရောက်မှ မသင်းမြသိခဲ့ရတာလေ။ ~~~~~~ ပိတောက်မြိုင်ခြံဝကို ရောက်ချိန်မှာဖူးငုံပွင့်က ခြံထဲကိုမဝင်သေးဘဲ ခြံ၀ကနေတွေတွေကြီး ရပ်ကြည့်နေခဲ့မိတယ်။ပိုင်ရှင်ကင်းမဲ့နေပြီဖြစ်တဲ့ခြံကြီးက တစ်ခြံလုံးသစ်ရွက်ခြောက်တွေနဲ့ပြည့်နေပြီး ကြည့်ရတာမှုန်မှုန်မှိုင်းမှိုင်းနဲ့ ချောက်ချားစရာပုံစံဖြစ်နေခဲ့တယ်။

" ဘွားကြည်လဲ သေသွားပြီဟုတ်လား ... ဟုတ်လို့လား ... ဘာလို့သေကြတာလဲ ... မသေဘူး ... မသေပါဘူး ... သင်္ကြန်ကျခါနီးရင် ဖူးဖူးပြန်လာမယ်ဆိုတာကို ဘွားကြည်ရော....အဖေတို့အမေ တို့ပါသိကြတယ်... မသေဘူး ....မသေပါဘူး..." ဖူးငုံပွင့်က နှုတ်မှတတွတ်တွတ်ရေရွတ်ရင်း အိမ်ရဲ့သော့ခလောက်ကြီးကို အဆက်မပြတ်ခါယမ်းပစ်လိုက်တယ်။ ~~~~ "ဒူ ဝေ ဝေ ...ဒူ ဝေ ဝေ " ကြေးစည်ထုသံက အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။သုံးလောင်းပြိုင်သေဆုံးမှု။သတ်သူကဖခင်ကြီး။သေသူက ဇနီးနဲ့သား။သတ်သူဖခင်ကလဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြန်တယ်။ဒီလိုရွာငယ်ဇနပုဒ်တွေမှာ မကြုံဖူးမဖြစ်ဖူးတဲ့အဖြစ်အပျက်မို့ အသုဘချတဲ့နေ့မှာလိုက်ပါပို့ဆောင်သူတွေက ရွာလမ်းမအပြည့်။ ပိတောက်စုရွာကရွာသူရွာသားတွေတင်မကဘဲ လက်ပံကုန်း၊ မြို့လှ၊ သူဋ္ဌေးကုန်း၊ ညောင်ပုတ်၊ ညောင်ခြေလို ခပ်လှမ်းလှမ်းရွာတွေကပါ အသုဘလိုလိုက်ပါပို့ဆောင်ခဲ့ကြတယ်။အသုဘကိစ္စနဲ့ ပတ်သက်ပြီး မသင်းမြနဲ့ဖူးငုံပွင့်တို့ပူစရာမလိုကူစရာမလို။ရပ်ရွာကပဲ အစစအရာရာကူညီလုပ်ဆောင်ပေးခဲ့တယ်။မသင်းမြမှာတော့ အစ်မဖြစ်သူနဲ့တူဖြစ်သူအတွက် ရင်နင့်ကြေကွဲရပေမဲ့ တူမငယ်လေးကြောင့် ရင်ထဲကသောကမီးကိုဖုံးဖိထားပြီး တူမဖြစ်သူကိုသာ အရိပ်တကြည့်ကြည့်နဲ့ကြည့်နေခဲ့ရတယ်။တောက်လျှောက်ရယ်လိုက်ငိုလိုက်နဲ့ဖြစ်နေခဲ့တဲ့ တူမဖြစ်သူဖူးငုံပွင့်က အသုဘချတဲ့နေ့မှာ ထူးထူးခြားခြား ငြိမ်သက်နေခဲ့လို့ မသင်းမြမှာအစိုးရိမ်လွန်ပြီး ညောင်ပင်သာက ဆရာဝန်တစ်ယောက်ကို လိုလိုမယ်မယ်သွားပင့်ခိုင်းထားရတယ်။ဖူးငုံပွင့်ကလဲ တကယ်ပဲ မသင်းမြစိုးရိမ်လွန်အောင် အသုဘချချိန်မှာအရွယ်နဲ့မလိုက်အောင်တည်ငြိမ်လွန်းနေခဲ့တယ်။ စကားတစ်ခွန်းမှမပြော၊ ငိုသံတစ်စက်မှမထွက်ဘဲ မျက်ရည်ပေါက်ကြီးတွေသာတွေတွေစီးကျပြီး မိဘနှစ်ပါးနဲ့အစ်ကိုဖြစ်သူရဲ့ သက်မဲ့ရုပ်အလောင်းတွေကိုထိုင်ကန်တော့နေတာကိုကြည်ပြီး မြင်ရသူအပေါင်းကမျက်ရည်ကျကြတယ်။ဖူးငုံပွင့်ကတော့ လူကြီးလေးတစ်ယောက်လို မြေကြီးခဲတွေကိုကောက်ယူပြီးအခေါင်းတွေပေါ်ကို ဖုံးလွှမ်းပေးလိုက်သေးတယ်။ "တူမလေး ငိုလိုက်လေ ..ငိုလိုက်လေကွယ် ..တင်းမထားနဲ့နော် ..ငိုလိုက်ပါတူမလေးရယ်..အားရအောင်ငိုလိုက်နော် " ငိုလိုက်ပါလို့ပြောနေတဲ့ မသင်းမြကိုယ်တိုင်က သည်းအူပြတ်မျှငိုကြွေးလိုက်ပေမဲ့ ဖူးငုံပွင့်ထံကတော့ ရှိုက်သံတစ်စထွက်မလာခဲ့ဘူး။ "ကလေးမလေး သနားပါတယ် ... ဘယ်လောက်တောင် ခံစားရရှာမလဲ .. သင်္ကြန်အကြိုနေ့က ကလေးမရဲ့မွေးနေ့တဲ့.....နှစ်တိုင်းအကြိုနေ့ရောက်ရင် ဘုန်းကြီးကျောင်းမှာ အလှူလုပ်နေကြတဲ့လေ ... ဒီနှစ်တော့ သူ့မွေးနေ့မှာ မိသားစုရက်လည်အလှူလုပ်ရရှာတော့မယ် " " အဲ့ဒါပြောတာပေါ့ ... မိသားစုအပေါ်သစ္စာဖောက်ဖျက်တော့ မဖြစ်သင့်တာတွဖြစ်ကုန်တော့တာပေါ့ ...." " ဒီလူတကယ်အေးတဲ့လူပါ ..ဘယ်လိုများဖြစ်သွားတာလဲ မသိဘူး " " ဘယ်လိုဖြစ်ရမှာလဲ .. ကိုယ့်ဘ၀ကိုယ်ဖျက်တာလေ ... ဟာမတွေက လူရိုးလူအေးဆိုရင် သူများယောကျာ်းကောဘာကော အလွတ်ပေးကြတာမဟုတ်ဘူး ... သူတို့ကြောင့် ဘ၀ပျက်စီးပွားပျက်ပြီး ကွဲကွာသွားရတဲ့မိသားစုတွေ နည်းတာမဟုတ်ဘူး " "ဟုတ်ပတော် ... ဒါနဲ့ အဲ့ဒီဟာမပုံတွေ့ကြလား ... သူ့ကို မြင်ဖူးကြလား ... ဒီဘက်ရွာတွေကတော့ မဟုတ်ဘူးထင်တယ် ... ညောင်ပင်သာကများလား ...." "ဟုတ်မှာပေါ့ ....ကိုမြင့်ဦးက ညောင်ပင်သာကို မကြာခဏဈေးဝယ်ထွက်နေကြမဟုတ်လား ..အဲ့ဒီကပဲနေမှာပေါ့...မနှင်းပွင့်နဲ့ကိုဦးလေးခမျာ သနားစရာပါပဲဟယ် " အသုဘချပွဲမှာ စကားသံတွေက တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုးထွက်ပေါ်နေခဲ့တယ်။မသင်းမြကတော့ ဒီလိုစကားသံတွေကိုကြားရတိုင်း အခေါင်းထဲရောက်နေပြီဖြစ်တဲ့ ခဲအိုကို စက်ဆုပ်နာကျည်းရတယ်။အသက်လေးဆယ်စွန်းရုံရှိသေးတဲ့အစ်မဖြစ်သူနဲ့ (၁၄)နှစ်အရွယ်တူလေးဟာ လူ့လောကမှာ နေမယ်ဆိုရင် နှစ်ပေါင်းများစွာနေခွင့်ရအုံးမှာမဟုတ်ပါလား။အခုတော့ သစ္စာဖောက်ဖျက်တဲ့ ယောက်ျားယုတ်ကြောင့် စောစီးစွာ လူ့လောကထဲမှထွက်ခွါသွားရတာကို မသင်းမြဖြေမဆယ်နိုင်ဖြစ်ခဲ့ရတယ်။ ဖူးငုံပွင့်က ငိုနေရင်းတန်းလန်းကနေ လက်သီးကိုဆုပ်အံကိုကြိတ်ပြီး ရွာသူရွာသူတွေရဲ့မျက်နှာတွေကိုလိုက်ကြည့်လိုက်မိတယ်။တစ်ချိန်တစ်ခါတုန်းကတော့ ဖူးငုံးပွင့်တို့ရဲ့ဖခင်ကိုလေးစားအားကိုးခဲ့ကြတဲ့သူတွေဟာ အခုချိန်မှာဖခင်ကြီးကို လူယုတ်မာ လူသတ်သမားကြီးအဖြစ် ပြစ်တင်ပြောဆိုနေကြတာကို ဖူးပုံပွင့်ကြားနေခဲ့ရတယ်။ ဖူးငုံပွင့်စိတ်ထဲကနေ "မဟုတ်ဘူး "လို့ အကြိမ်ကြိမ်အခါခါအော်ဟစ်နေခဲ့ပေမဲ့ ရွာလူကြီးဆီကရထားတဲ့ ဓါတ်ပုံက တစ်ရွာလုံးလိုလိုကြည့် ရှုပြီးမှ ဖူးငုံပွင့်တို့ကြည့်ခဲ့ရတာမို့ ကလေးသာသာဖြစ်တဲ့ဖူးငုံပွင့်ရဲ့ မကျေမနပ်ဖြေရှင်းချက်တွေက အရာမ၀င်ခဲ့ဘူး။ ~~~~~ " ရက်လည်ပြီးတာနဲ့ ကျွန်မတို့တူအရီးတွေချက်ချင်းပြန်မှာပါ ...ဒီကလူကြီးတွေကိုတော့ အားနာပါတယ်ရှင် ... ဒီမှာဆက်ပြီးနေဖို့ မဖြစ်လို့ပါ " " သင်္ကြန်တွင်းကြီး ပြန်မလို့လား ငါ့နှမရယ် ... သင်္ကြန်ပြီးမှပြန်ပါလား ..ငါ့နှမတို့တူအရီးနှစ်ယောက်တည်းမနေရဲရင်....ရွာကကောင်မလေးတွေ လာအိပ်ခိုင်းပါ့မယ် "

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၂) ***** "အိမ်က ရွာထဲကအိမ်တွေနဲ့ အလှမ်းဝေးလွန်းတော့ တော်ရုံဆို ဘာမှကို မကြားရတာ ... မနက်လင်းတော့လဲ သတိမထားမိကြဘူး ....နေ့လယ်လောက်မှ ရွာသား တစ်ယောက်က အိမ်ဝင်လည်ရင်း... မိသားစုအဖြစ်ဆိုးကိုတွေ့ရတာပဲ " "ကျွန်မအနေနဲ့ကတော့ အဖြစ်အပျက်ကို မယုံကြည်နိုင်ဘူးဆိုပေမဲ့.... ဖြစ်နိုင်ရင်တော့ အမှုကို မြန်မြန်ပြီးစေချင်ပါတယ်ရှင် .. ဒီမှာဆက်ပြီးကြာနေရင်... ကျွန်မတူမလေးပဲ ခံစားရမှာပါ ...အဲ့ဒါကြောင့် အမြန်ဆုံးသင်္ဂြိုဟ်ခွင့်ရချင်ပါတယ်ရှင် ...ဦးကြီးတို့ ကူညီပေးကြပါနော် " မသင်းမြက တောင်းဆိုလိုက်တော့ လူကြီးတွေက ခေါင်းငြိမ့်လိုက်ကြတယ်။မုန်းသူလဲမရှိ၊ ရန်ငြိုးလဲမရှိ၊ငွေကြေးချမ်းသာမှုလဲမရှိတဲ့ ဦးမြင့်ဦးတို့မိသားစုသုံးယောက်ရဲသေဆုံးမှုက ဦးမြင့်ဦး ရေးသားခဲ့တဲ့ စာအတိုင်းသာဖြစ်နိုင်တာကို မသင်းမြအပါအဝင် တစ်ရွာလုံးက လက်မခံနိုင်ဘဲ လက်ခံယုံကြည်လိုက်ကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ ~~~~~~ "ဘွားကြည် ..ဘွားကြည်ရော...ဘွားကြည်ကိုသွားမေးမယ် ... မယုံဘူး .... မယုံဘူး ...အဖေက အဲ့ဒီလိုလူမျိုးမဟုတ်ဘူး " ဖူးငုံးပွင့်က ရွာသူရွာသားတွေ တီးတိုးပြောနေကြတဲ့ သူမမိဘတွေရဲ့အဖြစ်အပျက်ကို မယုံကြည်နိုင်ဘဲ အော်ဟစ်ပြောဆိုလိုက်ရင်း ဘွားကြည်ခေါ် အိမ်နီးချင်းဖြစ်သူ ဘွားအုန်းကြည်ရဲ့အိမ်ရှိရာဆီကို အရူးတစ်ယောက်လို ပြေးထွက်ခဲ့တယ်။ဘွားအုန်းကြည်က ဖူးငုံပွင့်တို့အိမ်နဲ့အနီးဆုံးအိမ်မှာနေသလို ဖူးငုံပွင့်တို့မိသားစုကို သိပ်ချစ်တဲ့သူလဲဖြစ်တယ်။ဘွားအုန်းကြည်က ဆွေမျိုးရင်းချာရယ်လို့မရှိဘဲ တစ်ကိုယ်တည်းနေသူဖြစ်တယ်။အသက်က (၇၀)ကျော်နေပေမဲ့ကျန်းမာသန်စွမ်းတဲ့အဘွားအိုကြီး တစ်ယောက်။မျိုးရိုးစဉ်ဆက်ကချမ်းသာကြွယ်ဝခဲ့ကြတယ်လို့ ပါးစပ်ရာဇ၀င်တွေရှိခဲ့ပေမဲ့ လက်ရှိဘဝမှာတော့ ဘွားအုန်းကြည်ခမျာ ရေနံချေးဝနေတဲ့ သစ်သားနှစ်ထပ်အိမ်ဟောင်းကြီးတစ်လုံးသာ ပိုင်ဆိုင်လေတယ်။ဝမ်းရေးအတွက်ကတော့ အငှါးချထားတဲ့ ယာမြေအချို့တော့ရှိတယ်။ပြီးတော့ ဦးမြင့်ဦးနဲ့ ဒေါ်နှင်းပွင့်တို့က စားဦးစားဖျားမှန်သမျှကို ဘွားအုန်းကြည်ဆီ ဦးဦးဖျားဖျားပို့ပေးပြီးစောင့်ရှောက်ခဲ့ကြတယ်။ဦးမြင့်ဦးတို့မိသားစုအတွက်တော့ ဘွားအုန်းကြည်ကို မိဘဆွေမျိုးသားချင်းတစ်ယောက်လိုသဘောထားခဲ့ကြတာ။ဘွားအုန်းကြည်ကလဲ ဦးမြင့်ဦးတို့မိသားစုအပေါ် သံယောဇဉ်သိပ်ရှိတယ်။ဖူးငုံပွင့်တို့မောင်နှမကိုလဲ သိပ်ချစ်ရှာတယ်။ဖူးငုံပွင့်တို့မောင်နှမကလဲ ဘွားအုန်းကြည်ကို အဘွားရင်းတစ်ယောက်လိုချစ်ခင်ခဲ့ကြတယ်။ပြောရရင် ဦးမြင့်ဦးတို့ မြို့ကိုချက်ချင်းမပြောင်းနိုင်သေးတာကဘွားအုန်းကြည်ကြောင့်ဆိုရင်လဲ မမှားဘူး။ ဘွားအုန်းကြည်ကို တစ်ယောက်တည်း ထားပစ်ခဲ့ဖို့ကို စိတ်မချနိုင်ကြဘူးလေ။ဟိုအရင်ကတော့ ဘွားအုန်းကြည်တို့ခြံဘေးကခြံထဲမှာနေကြတဲ့ မိသားစုတစ်စုရှိခဲ့တယ်။အဲ့ဒီ မိသားစုက ဘွားအုန်းကြည်အတွက်စိတ်ချရတဲ့ အလုပ်သမားမိသားစုပဲ။ဦးအောင်မိုးနဲ့ဒေါ်ခင်လှက ဘွားအုန်းကြည်အရွယ်ကောင်းချိန်ကတည်းက ဘွားအုန်းကြည်တို့ အိမ်မှာအလုပ်လုပ်ခဲ့ကြတာဖြစ်တယ်။နောက်တော့ ဦးအောင်မိုးနဲ့ ဒေါ်ခင်လှရဲ့ သားနဲ့သမီးကမြို့ပေါ်မှာ အိမ်ထောင်အသီးသီးကျပြီး အဆင်ပြေနေကြလို့ အသက်ရလာပြီဖြစ်တဲ့ ဦးအောင်မိုးတို့ဇနီးမောင်နှံလဲ လွန်ခဲ့တဲ့နှစ်ကမှ မြို့ကိုပြောင်းသွားခဲ့ကြတယ်။ဦးအောင်မိုးတို့ ပြောင်းသွားပြီးကတည်းက ဘွားအုန်းကြည်ကိုဦးမြင့်ဦးတို့မိသားစုက ကူညီစောင့်ရှောက်ခဲ့တယ်။ ဒါကြောင့် ဦးမြင့်ဦးတို့မိသားအကြောင်းကို ဘွားအုန်းကြည်က အသိဆုံးဖြစ်လေတယ်။ဒါကို သိနားလည်နေပြီဖြစ်တဲ့ဖူးငုံပွင့်က မိဘတွေ အကြောင်းကိုသိရတဲ့အခါ မယုံကြည်နိုင်ဘဲ အကြောင်းစုံကိုသိရဖို့ ဘွားအုန်းကြည်ရှိရာဆီကို ပြေးထွက်ခဲ့ခြင်းသာဖြစ်တယ်။ " ဟ ..ကလေးနောက်ကို အမှီလိုက်ကြလေ ... ဒုက္ခပါဘဲ ဟိုရောက်မှ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်တော့မှာပဲ " ရွာသားတစ်ချို့က ပြောရင်းနဲ့ ဖူးငုံပွင့်ပြေးထွက်သွားရာနောက်ကို ပြေးလိုက်ကြတယ်။ဟိုဘက် ခြံဒီဘက်ခြံဆိုပေမဲ့ ခြံကအတော်လေးလှမ်းတယ်။ မသင်းမြကတော့ တူမဖြစ်သူရဲ့စိတ်သက်သာရာသက်သာငြား လွှတ်တားပေးလိုက်တယ်။ "သူ့ရင်ထဲမှာ ဖြေသိမ့်နိုင်အောင် သွားမေးချင်လဲ မေးပါစေ ... ကျွန်မကတော့ ကျွန်မခဲအိုကိုမုန်းလွန်းလို့ ....တူမလေးကို အားလုံးအမှန်အတိုင်းပေးသိမှာပါ " " ငါနှမပြောတာ မှန်ပါတယ်ကွယ် ..ဒါ ..ဒါပေမဲ့ ..ဘွားအုန်းကြည်ကလွန်ခဲ့တဲ့တစ်ပတ်ကျော်ကပဲဆုံးသွားခဲ့ပါပြီ ... ရက်လည်တာတောင် ရက်မကြာသေးပါဘူး " "ရှင် " ရွာသူအမျိုးသမီးကြီးတွေရဲ့စကားကြောင့် မသင်းမြမှာတူမဖြစ်သူနောက်ကို ပြေးလိုက်ခဲ့တော့တယ် ။ ~~~~~~~~ သော့ပိတ်ထားတဲ့ အိမ်အိုကြီးကိုကြည့်ပြီးဖူးငုံပွင့် အကြောင်သားရပ်နေခဲ့မိတယ်။နောက်က ပြေးလိုက်လာတဲ့ ရွာသားအချို့က ငူငူငေါင်ငေါင်နဲ့ ရပ်နေတဲ့ ဖူးငုံပွင့်ကိုပခုံးကနေထိန်းဖက်ထားလိုက်ပြီး "ဘွားကြည်က လွန်ခဲ့တဲ့ဆယ်ရက်လောက်ကပဲ ဆုံးသွားပြီးဖူးဖူးရဲ့... ဟုတ်ပါတယ်လေ ...ဘွား ကြည်မရှိတော့လို့ ဒီလိုတွေဖြစ်ကုန်တာပါ ....မဟုတ်ရင်ဘွား ကြည်ကတားမှာသေချာပါတယ် "