The Standard Time Digital
رفتن به کانال در Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
275
مشترکین
اطلاعاتی وجود ندارد24 ساعت
+17 روز
+2630 روز
آرشیو پست ها
◾️မျက်စိဆေးရုံကြီးတွင်ပြသလိုသူများ အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင်
မျက်စိရောဂါ အထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုသူများအနေဖြင့် အွန်လိုင်းမှ ကြိုတင် စာရင်းသွင်းနိုင်ကြောင်း သိရသည်။
ရုံးဖွင့်ရက်များတွင် မျက်ခွံ၊မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါ အထူးစမ်းသပ်ခြင်း၊ မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင်မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူး စမ်းသပ်ခြင်း၊ တနင်္လာ၊အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့များတွင် ရေတိမ်ရောဂါ မျက်စိ အထူးစမ်းသပ်ခြင်း၊ တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့များတွင် ကလေးမျက်စိ ရောဂါ ဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်)တွင် ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးများက စက်ကိရိယာ အစုံအလင်ဖြင့် ၂၄ နာရီ ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကုသမှုခံယူလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် Online မှတစ်ဆင့်(သို့) ဖုန်း-၀၉- ၈၈၈၆၂၉၉၅၄၊ ၀၉-၇၅၅၈၉၈၀၀၈၊ ၀၉-၈၈၈၆၂၉၉၄၅ တို့သို့ဆက်သွယ်၍ ဘိုကင်တင်နိုင်ကြောင်း သိရသည်။
Online ကြိုတင်ဘွတ်ကင်တင်လိုသူများအနေဖြင့် Care Me Patient App ကို Playstore/App Store တို့တွင်ဒေါင်းလုခ်ဆွဲကာ ဘိုကင်တင်နိုင်ပြီး အွန်လိုင်းဘိုကင်တင်ထားကြောင်းကို ဆေးရုံရောက်ရှိ ပါက ပြရမည်ဖြစ်ကာအသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၉၇၃၈၀၀၀၄၄ နှင့် ၀၉-၉၄၁၅၅၅၉၅၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အာဖဂန်နယ်စပ်တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၇၀ သေဆုံးခဲ့ဟု ပါကစ္စတန်ပြောကြား
ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော အာဖဂန်နယ်စပ်တစ် လျှောက် ပြုလုပ်ခဲ့သော တိုက်ခိုက်မှု များတွင် စစ်သွေးကြွအနည်းဆုံး ၇၀ သေဆုံးခဲ့ရကြောင်း ပါကစ္စတန်ပြည် ထဲရေးတာဝန်ရှိသူများက ထုတ်ဖော် ပြောကြားထားသည်။
အာဖဂန်နစ္စတန် နယ်မြေများ ကို ခြေကုပ်ယူလှုပ်ရှားနေသော စစ် သွေးကြွအုပ်စုများက ပါကစ္စတန်ပြည် တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် ပါကစ္စတန်စစ်ဘက်က အာဖဂန်နယ် စပ်တစ်လျှောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် စစ်ဘက်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထား သည့် တာလီဘန်အဖွဲ့က အတည်ပြု ထားပြီး အာဖဂန်နစ္စတန်၏ ဝေဟင် ပိုင်နက်နှင့် အချုပ်အခြာအာဏာတို့ ကို ချိုးဖောက်မှုအဖြစ် ဝေဖန်ထား သည်။
ပါကစ္စတန်စစ်ဘက်၏ တိုက် ခိုက်မှုကြောင့် အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်နှင့် ပက်တီကာ ပြည်နယ်တို့၌ အမျိုးသမီးနှင့်ကလေး များအပါအဝင် လူအများအပြား သေဆုံးခဲ့ ကြရ၊ ဒဏ်ရာများ ရရှိခဲ့ကြရ ကြောင်း တာလီဘန်အစိုးရ ပြောရေး ဆို ခွင့်ရှိသူကပြောကြား ထားသည်။
ပါကစ္စတန် ပြည်တွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် နေသော စစ်သွေးကြွများကို တာလီ ဘန်အုပ်စုက အာဖဂန်နယ်စပ်တစ် လျှောက်တွင် လက်ခံနေရာပေးထား ကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲ ထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကလည်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ချယ်ရီကူးတို့သင်္ဘောများနှင့်စက်တပ်သမ္ဗန်များတွင် ခရီးသည်လိုက်ပါစီးနင်းမှု လျော့နည်း
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)ကြိုးတံတားကြီး ဖွင့်လှစ်ပြီးနောက် ပိုင်း ရန်ကုန် (ပန်းဆိုးတန်း)နှင့် ဒလမြို့သို့ ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် ချယ်ရီကူးတို့ သင်္ဘော များနှင့် စက်တပ် သမ္ဗန်ရေယာဉ်များတွင် ခရီးသည်များ လိုက်ပါစီးနင်းမှု သိသိသာသာ လျော့နည်း သွားကြောင်း သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)ကြိုးတံတားဖွင့်လှစ်ပြီးနောက် YBS ခရီးသည်တင်ယာဉ် များ ဒလမြို့အထိ ခရီးသည်ပို့ဆောင်ပြေးဆွဲပေးခြင်းကလည်း ကူးတို့သင်္ဘောနှင့် စက်တပ် သမ္ဗန်များ တွင် ခရီးသည်များလိုက်ပါစီးနင်းမှု လျော့နည်းစေခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း စက်တပ် သမ္ဗန်ဆိပ်တစ်ခုမှ ဂိတ်မှူးတစ်ဦးက ပြောသည်။
“တစ်ဖက်က ကမ်းပါးပြိုရင် အခြားတစ်ဖက်မှာ သောင်ထွန်းတာ သဘာ၀ပဲလေ၊ တံတား ကြီးဖွင့်လိုက်တော့ ခရီးသွားတွေကလည်း သူတို့အဆင်ပြေတာနဲ့သွားကြမှာပဲလေ၊ သမ္ဗန်စီးတဲ့ ခရီးသည်က သမ္ဗန်ဆိပ်နဲ့ နီးတဲ့ရပ်ကွက်ကသူတွေပဲ စီးကြတယ်၊ အရင်က သမ္ဗန်စီးတဲ့ခရီးသည် အရေ အတွက်နဲ့စာရင် သိသိသာသာ လျော့နည်းသွားတယ်” ဟု ကမာကသွယ်သမ္ဗန်ဆိပ်အနီး ဈေးရောင်း သူတစ်ဦးက ပြောသည်။
ချယ်ရီကူးတို့ သင်္ဘောစီးနင်းလိုက်ပါသည့် ခရီးသည် များ လျော့နည်းသွားကြောင်း၊ ယခင်က ရုံးတက်၊ ရုံးဆင်းချိန်နှင့် ညပိုင်းရန်ကုန်မြို့တွင်း အလုပ်ပြန်ကြသူများဖြင့် များပြားသော်လည်း ယခု အခါ ချယ်ရီကူးတို့စီးကြသည့် ခရီးသည်အရေအတွက်မှာ လျော့နည်းသွားကြောင်း သိရသည်။
ဒလမြို့သို့ ခရီးသည်ပို့ဆောင်ပြေးဆွဲနေသည့် YBS ယာဉ်များသည် စတင်ပြေးဆွဲစဉ်က ဒလမြို့ အမှတ် (၄) အထကကျောင်းရှေ့တွင် ဂိတ်ထိုးပြေးဆွဲရာမှ ယခုအခါ ကျန်စစ်သားရပ်ကွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအနီးတွင်လည်း တိုးချဲ့ဂိတ်ထိုးပြေးဆွဲပေးသည့်အတွက် ခရီးသည် များ အဆင်ပြေ လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်လည်း ဂိတ်ထိုးပြေးဆွဲ ပေးစေလို ကြောင်း ခရီးသည်များထံမှ သိရသည်။
သတင်း-မောင်ဆူး
ဓာတ်ပုံ-CJ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️YPS ငွေဖြည့်ဝန်ဆောင်မှု G&G ဆိုင်တချို့၌ အချိန်ပိုင်းဖြင့် ရရှိမည်
လတ်တလောတွင် YPS logo ပါရှိသည့် g&g ဆိုင်တချို့၌ ငွေဖြည့်ဝန်ဆောင်မှုကို အချိန်ပိုင်းရရှိမည်ဖြစ်ကြောင်း YPS Services Call Center မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် နည်းပညာဆိုင်ရာပြုပြင်မှုများပြုလုပ်နေ၍ g&g အရောင်းဆိုင်များ နှင့် Capital အရောင်းဆိုင်များတွင် YPS ငွေဖြည့်ဝန်ဆောင်မှုမရနိုင်ကြောင်း Yangon Payment Service-YPS မှ ထုတ်ပြန်၍ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)တွင် g&g အရောင်းဆိုင်တချို့၌ အချိန်ပိုင်းဖြင့် ငွေဖြည့်ဝန်ဆောင်မှုပြန်လည်ရရှိနေပြီဖြစ်သော်လည်း Capital အရောင်းဆိုင်များတွင်မူ YPS ငွေဖြည့်ဝန်ဆောင်မှုမရနိုင်သေးကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။
" g&gဆိုင်တွေက အစတည်းက YPS logo ပါတဲ့ဆိုင်ပဲရတာ။ g&g တိုင်းမရဘူး။အဲ့ဒီ YPS logo ပါတဲ့ g&g ကိုမှ system update လုပ်နေလို့ အခု ၃ ပုံပုံ ၂ ပုံလောက်ကပြန်ရနေပါပြီ။အကုန်လုံးတော့ပြန်မရသေးပါဘူး။အချိန်ပိုင်းနဲ့ပေါ့နော်။ မနက် ၇ နာရီကနေ နေ့လည် ၁၁ နာရီ ၊ ညနေ ၃ နာရီကနေ ည ၈နာရီထိပါ။ Capitalမှာတော့ မရသေးပါဘူး။ ပြန်ရမယ့် ရက်အတိအကျတော့မသိဘူးရှင့်။ရရင်တော့ညီမတို့ဘက်ကပြန်ကြေညာပေးမှာပါ"ဟုYPS Services Call Center မှ တာဝန်ရှိသူတစ်ဦးကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
YPS ကဒ်ဝယ်ယူခြင်း နှင့် ငွေဖြည့်ခြင်း ဝန်ဆောင်မှုများကို အထက်ပါ YPS အရောင်းကောင်တာများအပြင် ငြိမ်းချမ်းရေးစတိုး (စံပြစျေးအနီး) (ငမိုးရိပ် (၅) လမ်း အပိုင်း (၂)၊သမာဓိ Mini Mart (အင်းစိန်ပန်းခြံအနီး)၊ YBS 21 (Power 11) ကားဂိတ်၊YBS 57 ကားဂိတ် (သခင်မြပန်းခြံ)၊ YBS 81 ကားဂိတ် (သုခဒဂုံအိမ်ရာ)၊ စိုက်ပျိုးရေးမှတ်တိုင် (ကိုယ်စားလှယ်အရောင်းဆိုင်) ၊ AYA x Counter – M Tower ၊ AYA x counter – Junction city ၊ AYA x counter – Junction Mawtin ၊ AYA x counter – Junction Square ၊ AYA x counter – စမ်းချောင်း (စမ်းချောင်းလမ်း နဲ့ သုခမိန်လမ်း ထောင့်)၊ AYA x counter – Junction Square – Terminal M တို့တွင်လည်း ရရှိနိုင်ကြောင်းထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-YRTC
#ပြည်တွင်းသတင်း
◾️တတိယအကြိမ် လွှတ်တော်အစည်းအဝေး မတ် ၁၆ ရက်တွင် စတင်ခေါ်ယူ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား မတ် ၁၆ ရက်၊ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးအား မတ် ၁၈ ရက်နှင့် တိုင်း၊ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများကို မတ် ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်)ညပိုင်းတွင် ထုတ်ပြန်ထားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းဝေးကို မတ် ၁၆ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလွှတ်တော် ဥက္ကဋ္ဌ တီခွန်မြတ်က ပြည့်သူ့လွှတ်တော် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ထုတ်ပြန်ထားသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းဝေးကိုမတ် ၁၈ ရက် နှင့် တတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းဝေးကို သက်ဆိုင်ရာ လွှတ်တော် အသီးသီး၌ မတ် ၂၀ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာချက်အမှတ် ၁/၂၀၂၆ နှင့် ၂/၂၀၂၆ တို့ဖြင့် ထုတ်ပြန်ထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️စာသင်နှစ်စတင်ချိန်တွင် အီရန်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသားများ အစိုးရကိုဆန္ဒပြ
အီရန်နိုင်ငံ၏ တက္ကသိုလ်စာသင်နှစ်သစ်စတင်ချိန် ဖေဖော်ဝါရီ၂၁ ရက်တွင် အီရန်တက္ကသိုလ် အများအပြား၌ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အီရန် ပြည်တွင်းမီဒီယာများနှင့် လူမှုမီဒီယာမှတ်တမ်းများအရဆန္ဒပြကျောင်းသားများနှင့် အီရန် အစိုးရထောက်ခံသူများအကြားတွင်လည်း ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြောင့်သေဆုံးခဲ့ရသူများအတွက် ရက်ပေါင်း၄၀ ဝမ်းနည်းမှု အခမ်းအနားများကျင်းပနေ ကြချိန်တွင် အီရန်တက္ကသိုလ်ကျောင်းသားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်
ခဲ့ကြခြင်းဖြစ်သည်။
တီဟီရန်မြို့တော် ရှာရစ်ဖ်နည်းပညာတက္ကသိုလ်၌ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် ကျောင်းသား များက အီရန်ခေါင်းဆောင် အယာတိုလာခါမေနီကို လူသတ်သမားအဖြစ် ရှုတ်ချခဲ့ကြကြောင်း သိရသည်။
ယင်းပြင် ကွယ်လွန်သူ အီရန်ရှားဘုရင်၏ သားဖြစ်သော ရီဇာပါလာဗီကို ထောက်ခံကြောင်းလည်းဆန္ဒပြကျောင်းသားများက ကြွေးကြော်ခဲ့ကြသည်။
ရှာရစ်ဖ်နည်းပညာတက္က သိုလ်အပြင် တီဟီရန်မြို့တော်အတွင်းရှိအခြားတက္ကသိုလ်ကြီးများနှင့် အီရန်အနောက်မြောက်ဒေသမှ တက္ကသိုလ်များတွင်လည်းဆန္ဒပြပွဲ များဖြစ်ပွားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့အကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် အီရန် တက္ကသိုလ်ကျောင်းများ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း ပေါ်ပေါက်ခဲ့သည့် အီရန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် ၁၉၇၉ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးဆန္ဒပြပွဲဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော် တပ်ကုန်းနှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် အဆောက်အုံအချို့ ပျက်စီးမှုဖြစ်ပွား
နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင်ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာပျက်စီးမှုများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှု ကူညီရေးအသင်းများထံမှသိရသည်။
ဒက္ခိဏသီရိမြို့နယ်နှင့် ကျွန်းတပဲ့ကျေးရွာအုပ်စုဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင်လည်း လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်များနှင့်သစ်ပင်များပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်ကုန်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများအမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ပျက်စီးနေသောနေအိမ်များနှင့်သစ်ပင်များကိုဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ဖေဖော်ဝါရီ ၂၂ရက် နံနက် ၇ နာရီတွင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အီရန်နှင့် အမေရိကန် စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေ ပိုမြင့်မားလာ
အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမြင်ကွဲပြားမှုများကို သံတမန်နည်းလမ်းဖြင့် အဖြေရှာရေးအတွက် မျှော်လင့်ချက်မှေးမှိန်လာသည်နှင့်အမျှ အီရန်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြားစစ်ရေးပဋိပက္ခဖြစ်ပွားနိုင်ခြေ ပိုများလာပြီဖြစ်ကြောင်း အရှေ့ အလယ်ပိုင်းဒေသ သံတမန်များနှင့်အီရန်နှင့် အမေရိကန်နှစ်ဖက်စလုံးမှ သံတမန်များက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
သံတမန်သတင်းအရင်းအမြစ်များ၏ အဆိုအရ အီရန်နှင့် အမေရိ ကန်ပြည်ထောင်စုတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာမှုကိုအီရန်၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့ကစောင့်ကြည့်နေကြောင်း သိရသည်။
အမေရိကန်အစိုးရက ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ၌ အကြီးမားဆုံးစစ်အင်အားတည်ဆောက်မှု ပြုလုပ်ထားချိန်တွင် အီရန်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား စစ်ရေးပဋိပက္ခပေါ်ပေါက်မှု အလားအလာ ပိုမိုမြင့်တက်လာ ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အစ္စရေးနိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်း၍ အီရန်နိုင်ငံအား စစ်ရေးအရ တိုက်ခိုက်ရေးအတွက် ပြင်ဆင်ထားသော်လည်း အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း သံတမန် သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
အီရန်နှင့် အမေရိကန်တို့သည် နျူကလီးယားသဘောတူညီချက် ရယူရေးအတွက် ဆွေးနွေး ပွဲများကျင်းပထားသော်လည်း ယူရေနီယံလောင်စာသန့်စင်ရေးကိစ္စနှင့် အီရန်ဒုံးကျည် အစီအစဉ်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြဆဲဖြစ်သည်။
အီရန်အနေဖြင့် လာမည့် ၁၀ ရက်မှ ၁၅ ရက်အတွင်း နျူကလီးယားသဘောတူညီချက် ရယူရ မည်ဖြစ်ပြီး ရယူနိုင်ခြင်းမရှိပါက ဆိုးရွားသည့်အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့် မည် ဖြစ်ကြောင်းသမ္မတဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁၉ ရက်တွင်သတိပေးထားသည်။
ယင်းအပြင် နျူကလီးယားသဘောတူညီချက် ရယူရေး ဖိအားပေးသည့်အနေဖြင့် အီရန်အား စစ်ရေးအရ အကန့်အသတ်ဖြင့် တိုက်ခိုက်ရန်မိမိစဉ်းစားနေကြောင်း သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထပ်မံပြောကြားထားသည်။
အမေရိကန်အစိုးရအနေဖြင့် အီရန်ကို တိုက်ခိုက်ခဲ့ပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်စခန်းများကို တုံ့ပြန်တိုက် ခိုက်မည်ဖြစ်ကြောင်းအီရန်တာဝန်ရှိသူများက သတိပေး ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများဖေဖော်ဝါရီ ၂၃ ရက်မှ စတင် ထုတ်ယူနိုင်
၂၀၂၆ ခုနှစ် မတ် ၁၁ ရက်မှ၁၇ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တ က္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၃ ရက်(တနင်္လာ)နေ့မှစ၍ မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့ထံ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မသန်စွမ်းသူများအပေါ် သရော်မှု မည်သို့တုံ့ပြန်လာမည်ကို စောင့်ကြည့်လျက်ရှိဟုဆို
မသန်စွမ်းသူများအပေါ် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ သရော်ထားချက်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဘက်က မည်သို့တုံ့ပြန်လာမည်ကို စောင့်ကြည့်လျက်ရှိပြီး မိမိတို့ဘက်မှ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ယခု လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့၏ ကပြဖျော်ဖြေသရုပ်ဖော်မှုများတွင် မသန်စွမ်းမှုကို သရော်ထားသည့် လုပ်ဆောင်ချက်များသည် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာကိုများစွာ ထိခိုက်သဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှပြင်းထန်စွာ ရှုတ်ချကြောင်း၊ ၎င်းဖြစ်စဉ်ကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထုတ်ပြန်ထားကြောင်းသိရသည်။
"အခုဖြစ်စဥ်နဲ့ပတ်သက်ပြီးသူတို့ဆီကို ဖြေရှင်းဖို့စာမပို့ပါဘူး။ဒါပေမဲ့ ပို့သင့်ပို့ထိုက်တဲ့သူတွေဆီတော့ပို့ပြီးပါပြီ။ ပြီးတော့အခုကိစွကိုလည်းသူတို့လည်းသိနေပါတယ်။ စာပို့စရာလည်းမလိုပါဘူး။ ပြီးတော့ ကွန်မန့်တွေမှာလည်းသူတို့လာတောင်းပန်ထားတာမရှိတဲ့အပြင် သူတို့ရဲ့ page မှာလည်းသူတို့မမှားဘူးဆိုတာပြောထားတယ်။ ဒါကြောင့်သူတို့ကို လာတောင်းပန်ပါလို့စာထုတ်ရင်အတင်းခေါ်သလိုဖြစ်မယ်။ ဒီတော့သူတို့ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့ အချိန်တစ်ခုထိတော့စောင့်ကြည့်နေပါတယ်”ဟု ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
လက်ရှိ အနုပညာတင်ဆက် ဖျော်ဖြေမှုတချို့တွင် မသန်စွမ်းသူနားကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက် ဖျော်ဖြေမှုများ တွေ့ရှိနေရသည့်အတွက်ပြီးခဲ့သည့်ရက်ပိုင်းက ရုပ်ရှင်ဆင်ဆာအဖွဲ့ အနေဖြင့် မသန်စွမ်းသူများအား နှိမ့်ချ၊ လှောင်ပြောင်သရော်သည့် သရုပ်ဆောင်ကွက်များကို သရုပ်ဆောင်ပြသခြင်း မပြုကြရန် တားမြစ်ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
