The Standard Time Digital
رفتن به کانال در Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
+124 ساعت
+37 روز
+2630 روز
آرشیو پست ها
◾️ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်းတွင် မင်းဘူးမြို့က ဒုတိယနေရာတွင်ရှိ
အပူချိန်အမြင့်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံမှ မင်းဘူးမြို့သည် ဒုတိယနေရာ၌ ပါဝင်နေကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ယနေ့(ဧပြီ ၈ ရက်)ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါအပူချိန်အမြင့်ဆုံးကမ္ဘာ့ ၁၅ နိုင်ငံစာရင်းတွင် မကွေးတိုင်း၊ မင်းဘူးမြို့သည် အပူချိန် ၄၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် ဒုတိယနေရာတွင်ရောက်ရှိနေခြင်းဖြစ်သည်။
ယခုဧပြီလ ၆ ရက်တွင်လည်း မကွေးတိုင်းရှိ ချောက်၊ မင်းဘူးနှင့် မကွေးမြို့တို့ သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်းတွင်ပါဝင်ခဲ့ကြောင်း El Dorado Weather ကထုတ်ပြန်ထားသည်။
နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင်အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သို့ထွက်ခွာလျှင် ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး အဖြူရောင်အဝတ်အထည်၊ ချည်ထည်များကိုသာဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုရှောင်ကြဉ်ဖို့လိုအပ်ပြီး ရေ (သို့မဟုတ်) ဓာတ်ဆားရည်သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း
◾️ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးကျယ်သောနေ့ဟု အီရန်နှင့် အပစ်ရပ်ပြီးနောက် ထရန့် ကြွေးကြော်
သီတင်း နှစ်ပတ်ကြာ အပစ်ရပ်မှုကို အမေရိကန် အနိုင်ရခြင်းအဖြစ် ပုံဖော်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုးစားနေစဉ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီး ကျယ်သောနေ့အဖြစ် အီရန်နှင့်အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ဒေါ်နယ်ထရန့်က ပြောကြားသည်။
“အီရန်က ဒါကိုဖြစ်လာစေချင်တယ်။ သူတို့အတွက် လုံလောက်သွားပြီ။ အခြားလူတိုင်းလည်း အဲဒီလိုပဲ” ဟု ထရန့်က ၎င်း၏ ကိုယ်ပိုင်လူမှုမီဒီယာ Truth Social ပေါ်တွင် ရေးသားသည်။
အပစ်အခတ်ရပ်စဲမှု တစ်စိတ်တပိုင်းအဖြစ် ဟောမုဇ်ရေလက်ကြားအား ပြန်ဖွင့်သွားရန် အီရန်က သဘောတူညီခဲ့သော်လည်း ဖြတ်သန်းမည့် ရေယာဉ်အားးလုံး တီဟီရန်နှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ရှင်းလင်းပြောကြားခဲ့သဖြင့် စစ်ပွဲမတိုင်ခင်ကအခြေအနေမှ ကွဲထွက်လာခြင်းဖြစ်သည်။
သို့ဖြစ်သော်ငြားလည်း “ အပြုသဘောလုပ်ဆောင်မှုတွေ အများကြီး ရှိပါလိမ့်မယ်။ ကြီးမားတဲ့ငွေကြေးတွေ ရရှိပါလိမ့်မယ်။ အီရန်က ပြန်လည်တည်ဆောက်ရေး လုပ် ငန်းစဉ် စတင်နိုင်ပါပြီ” ဟု ထရန့်က ရေးသားသည်။
တစ်ဖက်တွင်လည်း အမေရိကန်က ထောက်ပံ့ဖြည့်တင်းမှုအားလုံံး လုပ်ဆောင်သွားမည်ဖြစ်ကာ အားလုံးအဆင် ပြေချောမွေ့စေရန် ယင်းနေရာတွင် ဆက်ရှိနေမည်ဖြစ် ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားပြီး အစီအစဉ်ကို မလိုက်ခဲ့ပါက အီရန်ကို အလွတ်ပေးမည့်မဟုတ်ကြောင်း မသိမသာခြိမ်းခြောက်ထားသည်။
“ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ တွေ့ကြုံခံစားနေရသလို ဒါဟာ အရှေ့အလယ်ပိုင်း ရွှေခေတ်ဖြစ်လာပါလိမ့်မယ်” ဟု လည်း ၎င်းက ဆက်ပြောသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပြန်လည်တည်ဆောက်ရေးကို ထောက်ပံ့နိုင်ရန် ဟောမုဇ်ရေ လက်ကြားကို ဖြတ်သန်းသွားသော ရေယာဉ်များထံမှ အီရန်က ရေလက်ကြားဖြတ်သန်းခ ကောက်ခံသွားလိမ့်မည်ဟု အေပီသတင်းက အစောပိုင်းတွင် ဖော်ပြခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Times of Israel/ AP
#နိုင်ငံတကာသတင်း
◾️ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်းကိုသမ္မတအဖြစ် ဗီယက်နမ် ရွေးချယ်
ဗီယက်နမ်အမျိုးသားလွှတ်တော်အမတ်များသည် ဧပြီ ၇ ရက်လွှတ်တော်အစည်းအဝေးတွင် ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်းကိုနိုင်ငံတော်သမ္မတအဖြစ် တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်းကို နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်လိုက်ခြင်းသည် ဗီယက်နမ်န်ိုင်ငံအနေဖြင့်အိမ်နီးချင်းတရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ပုံစံတူ နိုင်ငံရေးစနစ်ကိုပြောင်းလဲ ကျင့်သုံးလာသည့် သဘောဖြစ်သည်။
နိုင်ငံတော်သမ္မတရာထူးကိုပါ ရယူနိုင်ခဲ့ခြင်းဖြင့် အသက် (၆၈)နှစ်အရွယ် ကွန်မြူနစ်ပါတီ အထွေထွေအ တွင်းရေးမှူး တိုလမ်းသည်နှစ်ပေါင်းများစွာအတွင်း ဩဇာအာဏာအကြီးဆုံး ဗီယက်နမ်ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ဧပြီ ၇ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဗီယက်နမ်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ အနက် ၄၉၅ ဦး တက်ရောက်ခဲ့ရာ၎င်းတို့အားလုံးက ကွန်မြူနစ်ပါတီအကြီးအကဲတိုလမ်းကို နိုင်ငံတော်သမ္မတ အဖြစ် မဲပေးရွေးချယ်ခဲ့ကြောင်း ဗီယက်နမ်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။
သမ္မတရာထူးကိုပါ တွဲဖက်ရယူထားနိုင်ခြင်းကြောင့် ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်းအနေဖြင့် ၎င်း၏မူဝါဒများကို ပိုမိုလွယ်ကူစွာအကောင်အထည်ဖော်နိုင်မည်ဖြစ်သော်လည်း ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ပို၍ အာဏာရှင်ဆန်လာနိုင်ကြောင်း လေ့လာသူများကသုံးသပ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဟားမားစ်အုပ်စု လက်နက်ဖြုတ်သိမ်းပေးရန် ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ တောင်းဆိုထား
ဂါဇာကမ်းမြောင်ဒေသ အခြေစိုက် ဟားမားစ်အုပ်စုအနေဖြင့် လက်နက်ဖြုတ်သိမ်းရေးအစီအစဉ်ကို ယခုသီတင်းပတ်ကုန် နောက်ဆုံးထား၍လက်ခံရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က တောင်းဆိုထားကြောင်းသံတမန်သတင်းအရင်းအမြစ်များကဧပြီ ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့၏တောင်းဆိုချက်အရ ဟားမားစ်အုပ်စုအနေဖြင့် ၎င်း၏ လက်နက်များကိုဖြုတ်သိမ်းပေးရမည်ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ မြေအောက် ဥမင်ကွန်ရက်များ၏ မြေပုံများကိုလည်းငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို မျှဝေပေးအပ်ရမည်ဖြစ်သည်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့သည်ခြောက်လ ကြာမြင့်နေပြီဖြစ်သောဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်
ရပ်စဲရေးသဘောတူညီချက်ကို စောင့်ကြည့်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့် ဦးဆောင်၍ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။
သို့ရာတွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းရေးတောင်းဆိုချက်ကို ဟားမားစ်အုပ်စုက
လက်ခံသေးခြင်း မရှိကြောင်းသိရသည်။
ဟားမားစ်အုပ်စုဝင် အများအပြားသည် လက်နက်များဖြုတ်သိမ်းရေးတောင်းဆိုချက်ကို လက်နက်ချ
ရန်တောင်းဆိုချက်အဖြစ် မှတ်ယူထားကြကြောင်း အရှေ့အလယ်ပိုင်းဒေသ သံတမန်သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အင်ဒိုနီးရှား လူမှောင်ခိုဂိုဏ်း ကလေး ၃၄ ဦးကို မှောင်ခိုကူး ရောင်းချခဲ့
အင်ဒိုနီးရှား ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းသည်အနည်းဆုံး ကလေး ၃၄ ဦးကို ရင်သွေးစွန့်လွှတ်လိုသူ
မိဘများထံမှ ရယူ၍ လူမှောင်ခိုကူး ရောင်းချခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရရှေ့နေများက ဧပြီ၇ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသားတစ်ဦးတို့ပါဝင်သော အထက်ပါရာဇဝတ်ဂိုဏ်းသည်လူကုန်ကူး ရောင်းချခဲ့သော ကလေးများအနက်၁၀ ဦးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ၁၄၀၀၀ နှုန်းဖြင့် စင်ကာပူနိုင်ငံသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဘန်ဒေါင်းမြို့ ခရိုင်တရားရုံးအစိုးရရှေ့နေများက ပြောကြားထားသည်။
၎င်းရာဇဝတ်ဂိုဏ်းသည် အထက်ပါကလေးငယ်များကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့အကြား
ကာလအတွင်း လူမှောင်ခိုကူး ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါလူမှောင်ခိုဂိုဏ်းသည် ၎င်းတို့၏ရင်သွေးများအား စွန့်လွှတ်လိုသူ မိဘများကို
အွန်လိုင်းမှတစ်ဆင့် လိုက်လံရှာဖွေ၍ ကလေးငယ်များ ရယူစုဆောင်းခဲ့ပြီးနောက် လူမှောင်ခိုကူး
ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများကပြောကြားထားသည်။
အဆိုပါလူမှောင်ခိုဂိုဏ်းက ၎င်းတို့ရောင်းချခဲ့သော ကလေး ၃၄ ဦးကို ဘန်ဒေါင်းနယ်မြေအတွင်း
မှာပင် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။
ပြစ်မှုထင်ရှားပါက အထက်ပါလူမှောင်ခိုဂိုဏ်းဝင်များကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်မည်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းရှိ လုပ်ငန်းခွင်တွင် ထိခိုက်ခဲ့ သည့် မြန်မာအလုပ်သမားတစ်ဦး နစ်နာကြေး ဘတ် ငါးသိန်းခွဲကျော်ရ
ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်းထိခိုက်မှုဖြစ်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးဘတ် ၅၆၇၀၀၀ ကို ဧပြီ ၆ ရက်တွင်ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAGအလုပ်မဟာမိတ်အဖွဲ့မှ သိရသည်။
၎င်းအလုပ်သမားသည် လှခ်ျဘူလီမြို့နယ် ဒေါင်စိုင်ကျေးရွာအတွင်းရှိ စက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၇ ရက်၌ စက်သန့်ရှင်းရေးလုပ်ရာမှမတော်တဆဖြစ်ကာ ဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရပြီး လက်ခလယ်တစ်ချောင်း ဖြတ်ပစ်ခဲ့ရသည်။
မြန်မာအလုပ်သမား ကိုကျော်ကျော်သည် ၎င်းစက်ရုံတွင် အလုပ်လုပ်နေသည်မှာ ၁၀ နှစ်ခန့် သက်
တမ်းရှိပြီဖြစ်ပြီး နစ်နာကြေးရရှိရန်WAG ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နစ်နာကြေးအတွက် ပကန်စခွန်ရုံးတွင် ပြုလုပ်ရမည့်ကိစ္စများကိုစက်ရုံဘက်က တာဝန်ယူပြီး လုပ်
ဆောင်ပေးခဲ့ခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အမေရိကန်နှင့် အီရန် သီတင်းနှစ်ပတ်ကြာ အပစ်ရပ်
အီရန်နိုင်ငံအနေဖြင့် ဟောမုဇ်ရေလက်ကြားအတွင်း
ကုန်သွယ်ရေးသင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းခွင့်မပြုပါက အီရန်၏ ယဉ်ကျေးမှုတစ်ရပ်လုံးကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြောကြားပြီး နာရီပိုင်းအကြာ အင်္ဂါနေ့ညနေတွင် အမေရိကန်နှင့် အီရန်တို့သည်သတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တစ်ရပ်ကို နောက်ဆုံးမိနစ်တွင် ရရှိခဲ့ကြသည်။
သမ္မတ ထရန့်က ၎င်းသတ်မှတ်ထားသည့် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် အင်္ဂါည ၈ နာရီ (မြန်မာစံတော်ချိန် ယနေ့နံနက် အစောပိုင်း) နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ အီရန်ဘက်မှ တောင်းဆိုချက်များကို လိုက်လျောရန် ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်၏ အဆိုပြုချက်အရ နှစ်ဖက်စလုံးကနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန်နှင့် ထိုကာလအတွင်း စီးပွား ရေးအရ အချက်အချာကျသော ဟောမုဇ်ရေလက်ကြားမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားကုန်စည်သင်္ဘောများကို အနှောင့်အယှက်မရှိ ဖြတ်သန်းခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီဖြစ် ကြောင်း မကြာမီမှာပင် အမေရိကန်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။
အီရန်အနေဖြင့် ခုခံကာကွယ်ရေး စစ်ဆင်ရေးများ ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်ပတ်အတွင်း အီရန်စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်ပါက ဟောမုဇ်ရေ လက်ကြားမှ ဘေးကင်းစွာ ဖြတ်သန်းနိုင်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာ့ဂ်ချီကလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံကလည်း အဆိုပါ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး အီရန်အပေါ် တိုက်ခိုက်မှုများကိုနှစ်ပတ် ပတ်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခု အပစ်အခတ်ရပ်စဲရေးသည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့သည့် အမေရိကန် - အစ္စရေး ပူး ပေါင်းစစ်ဆင်ရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကို ရေရှည်အဖြေရှာရန် အချိန်ရရှိစေမည်ဖြစ်သည်။
အီရန်အရာရှိ သုံးဦး၏ အဆိုအရ ပါကစ္စတန်၏ သံတမန်ရေးအရ ကြိုးပမ်းမှုနှင့် အဓိကမဟာမိတ်ဖြစ်သူ တရုတ်နိုင်ငံ၏ နောက်ဆုံးမိနစ် ကြားဝင်မှုများကြောင့် အီရန်က ပါကစ္စတန်၏ အဆိုပြုချက်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီကမူ ဤသဘောတူညီချက်သည် အမေရိကန်က အီရန်၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့၏ အောင်ပွဲဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့ တစ်နေ့လုံးတွင် ဆွေးနွေးပွဲများမှာ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေခဲ့ပြီး မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို မခန့်မှန်းနိုင်လောက်အောင် ဖြစ်ခဲ့သည်။
တစ်ချိန်က သမ္မတ ထရမ့်က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ တံတားများနှင့် အခြေခံအဆောက် အအုံများကို ခြေမှုန်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော ကြောင့် အီရန်ဘက်က သွယ်ဝိုက်သောနည်းဖြင့် ညှိနှိုင်းနေမှုများကို ရပ်တန့်ပစ်ခဲ့သည်။
“ဒီညမှာ ယဉ်ကျေးမှုတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်၊ ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ တော်လှန်ပြောင်းလဲစေမည့် အံ့သြစရာ ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟုလည်း သမ္မတ ထရန့်က ထိုနေ့အစောပိုင်းတွင် ပြောကြားခဲ့သေးသည်။
ည ၈ နာရီ နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ နာရီပိုင်းအလိုတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့သော်လည်း တစ်ဖက်တွင်လည်း ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။
ယခုသဘောတူညီချက်တွင် အစ္စရေးနှင့် အီရန်ကျော ထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့တို့အကြား လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်စဲရေးလည်း ပါဝင်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က အင်္ဂါနေ့ညတွင် အတည်ပြု ပြောကြားခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- The Newyork Times
#နိုင်ငံတကာသတင်း
◾️တိုက်လေယာဉ် လက်နက်အရာရှိ ကယ်ထုတ်မှုဖြစ်စဉ်ကို ဘာသာရေးဝေါဟာရဖြင့် ရည်ညွှန်းမှုကြောင့် သမ္မတဒေါ်နယ်ထရန့် ဝေဖန်ခံရ
တိုက်လေယာဉ်ပျက်ကျပြီးနောက် အီရန်နိုင်ငံ၌ပိတ်မိနေသော လက်နက်အရာရှိအား ကယ်တင်မှုလုပ်ငန်းစဉ်ကို အီစတာပွဲတော် အံ့ဖွယ်သရဲဖြစ်စဉ်အဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် အခြားအမေရိကန်အစိုးရတာဝန်ရှိသူများက ဘာသာရေးဝေါဟာရဖြင့် ရည်ညွှန်းသုံးစွဲခဲ့ရာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဧပြီ ၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အီရန်နိုင်ငံ၌ ပိတ်မိနေသော လေတပ်လက်နက်အရာရှိအား ကယ်ထုတ်မှုလုပ်ငန်းစဉ်မှာ အီစတာပွဲတော်အံ့ဖွယ်သရဲကိစ္စတစ်ရပ်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က အင်န်ဘီစီရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ်နှိုင်းယှဉ်ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါစကားမျိုးကို အမေရိကန်အစိုးရဝန်ကြီးအချို့ကလည်း သုံးစွဲခဲ့ကြသည်။
သို့ရာတွင် အမေရိကန်လေတပ် လက်နက်အရာရှိအား အီရန်မှ ကယ်ထုတ်မှုလုပ်ငန်းကို ဘာသာရေး ဝေါဟာရများဖြင့် ရည်ညွှန်းသုံးစွဲခြင်းဖြင့် အီရန်စစ်ပွဲကို တရားမျှတသည့် စစ်ပွဲအဖြစ် ကောင်းချီးပေး ခံရသော စစ်ပွဲအဖြစ် ပုံဖော်ရန် သမ္မတဒေါ်နယ်ထရန့်က ကြိုးပမ်းနေကြောင်း ရီပတ်ဘလီကန်နိုင်ငံရေးသ မားများက ဝေဖန်ထားသည်။
အလားတူ လက်နက်အရာရှိ ကယ်ထုတ်မှုလုပ်ငန်းစဉ်ကို ဘာသာရေးဝေါဟာရများဖြင့် ရည်ညွှန်း သုံးစွဲခဲ့သည့်အတွက် အမေရိကန်-အစ္စလာမ္မစ်ဆက်ဆံရေးကောင်စီကလည်း ဝေဖန်ခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ အီစတာပွဲတော် အံ့ဖွယ်သရဲဟူသော ဝေါဟာရကို ထပ်ဆင့်သုံးစွဲခဲ့သူများထဲတွင် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်တို့လည်း ပါဝင်ခဲ့သည်။
အမေရိကန် ရေတပ်မှ နေဗီဆီးလ်အထူးတပ်ဖွဲ့ဝင်များသည် အက်ဖ်-၁၅တိုက်လေယာဉ်ပစ်ချခံရမှုကြောင့် ဧပြီ ၃ ရက်မှစ၍ အီရန်နိုင်ငံ၌ ပိတ်မိနေခဲ့သော ဗိုလ်မှူးကြီးအဆင့်ရှိ လက်နက်အရာရှိကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မလေးရှားတွင် ဖမ်းဆီးခံ မြန်မာအပါအဝင်နိုင်ငံခြားသားများအား နေရပ်နိုင်ငံများသို့ ပြန်ပို့
မလေးရှားနိုင်ငံတွင် ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်များကျခံပြီးသည့် မြန်မာနိုင်ငံသား၂၁ ဦးပါဝင်သည့် နိုင်ငံခြားသား ၁၂၇ ဦးကို ဧပြီ၆ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
၎င်းတို့အားလုံးကို KLIA 1 နှင့်KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင် ဆီနိုင်း (Senai) အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့်၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် မြန်မာနိုင်ငံသား၂၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၆၄ ဦး၊ အိန္ဒိယနိုင်ငံသား ၁၄ ဦး၊
ပါကစ္စတန်နိုင်ငံသား ၁၂ ဦး၊ နီပေါနိုင်ငံသားခြောက်ဦး၊ ဗီယက်နမ်နိုင်ငံသားခြောက်ဦးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးစီပါဝင်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- JIM
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် ရန်ကုန်တိုင်းရှိ ပြည်သူ့ဆေးရုံလေးရုံတွင် ကြိုတင်ပြင်ဆင်ထား
အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံလေးရုံတွင် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
ဆေးရုံကြီးများ၌ လူနာများ လက်ခံကုသပေးမည့်နေရာ၊ ဆေးနှင့် ဆေးပစ္စည်းများကြိုတင်ဖြည့်ဆည်းပြင်ဆင်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင်ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်ရန် လေ့ကျင့်ခြင်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး(လှိုင်သာယာ)၊အနောက်ပိုင်းဆေးရုံကြီးနှင့် ပြည်သူ့ဆေးရုံကြီး(သန်လျင်)တို့တွင် အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်
ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
