🏆
"မြူးနစ် ၂၀၂၆ အမှတ်တရဆုများ"
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကကျင်းပခဲ့သော ၂၀၂၆ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှ လူပြောများခဲ့သည့် ဖြစ်ရပ်များကို Politico သတင်းဌာနက" မြူးနစ် ၂၀၂၆ ဆုများ" (Munich 2026 awards) ဟု အမည်ပေးကာ ဟာသနှော၍ အောက်ပါအတိုင်း ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်-
၁။ အပြောင်မြောက်ဆုံး ဖက်ရှင်အခိုက်အတန့် (Cheekiest fashion moment) — ဝုဖ်ဂန်း အစ်ရှင်ဂါ (Wolfgang Ischinger)
မြူးနစ်လုံခြုံရေးညီလာခံ ဥက္ကဋ္ဌ ဝုဖ်ဂန်း အစ်ရှင်ဂါသည် ၎င်း၏ မိန့်ခွန်းကို ပြင်သစ်သမ္မတ မက်ခရွန် အား ရယ်စရာအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် နေကာမျက်မှန်တပ်ကာ စတင်ခဲ့သည်။
NOM ၏ ထပ်မံဖြည့်စွက်ချက်=
မက်ခရွန်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဒါးဗို့စ် (Davos) တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် နောက်ပိုင်းပွဲစဉ်များတွင် နေကာမျက်မှန်ကို တပ်ဆင်ထားခဲ့သည်။
နေကာမျက်မှန်တပ်ဆင်ရသည့်အကြောင်းရင်းမှာ မက်ခရွန်၏ ညာဘက်မျက်လုံးတွင် သွေးကြောပေါက်သည့် ဝေဒနာခံစားခဲ့ရခြင်းကြောင့် ဖြစ်ပြီး ၎င်း၏မျက်လုံးသည် အလွန်နီမြန်းနေပြီး ဖောင်းကြွနေသည့်အတွက် ရုပ်ဆိုးနေမည်ကို စိုးရိမ်သဖြင့် လူအများကြားတွင် နေကာမျက်မှန်ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။
၂။ အဆိုးရွားဆုံး စကားအသုံးအနှုန်း (Most colorful language) — လင်ဆေး ဂရေဟမ် (Lindsey Graham)
"ဂရင်းလန်း (Greenland) ကို ဘယ်သူပိုင်ပိုင် ဘယ်သူက ဂရုစိုက်မှာလဲ" ဟု အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က POLITICO Pub တွင် မေးခွန်းထုတ်ခဲ့ပြီး "ငါတော့ ဂရုမစိုက်ဘူး" ဟု ၎င်း၏မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။
၃။ အရိုးသားဆုံး မျက်နှာအမူအရာ (Worst poker face) — ကာဂျာ ကားလပ်စ် (Kaja Kallas)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ် (Mike Waltz) က ဝါရှင်တန်(အမေရိကန်) သည် စစ်ပွဲအမြောက်အမြားကို အဆုံးသတ်နိုင်ခဲ့သည်ဟု ကြွားဝါနေချိန်တွင် ဥရောပသမဂ္ဂ၏ လက်ရှိ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလပ်စ်သည် ၎င်း၏ သံသယဖြစ်မှုကို မဖုံးဖိနိုင်ခဲ့ပေ။
နှုတ်ခမ်းကိုစူပြီး ပါးကိုဖောင်းလိုက် သည့် သူမ၏ တုံ့ပြန်မှုပုံရိပ်သည် အင်တာနက်ပေါ်တွင် ချက်ချင်းပင် ရေပန်းစားသွားခဲ့သည်။
၄။ အထူးဆန်းဆုံး ပုံပြင်များ (Weirdest anecdotes) — မာ့ခ် ရုတေး (Mark Rutte)
လက်ရှိ နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးသည် ပြီးခဲ့သည့်နှစ်က သမ္မတထရန့် (Trump) ကို ရည်ညွှန်းရာတွင် "ဒယ်ဒီ" (Daddy) ဟု သုံးနှုန်းခဲ့သဖြင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည်။
ထိုသို့မှားယွင်းပြောဆိုမိခြင်းမှာ ၎င်း၏ အင်္ဂလိပ်စာ ညံ့ဖျင်းခြင်းကြောင့်ဟု အပြစ်ပုံချခဲ့သည်။
ထို့အပြင် မာ့ခ်ရုတေးက မိမိ၏ မျက်လုံးကို စိုက်ကြည့်ကာ "ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး" ဟု ပြောခဲ့သည့် ယူကရိန်းခွေးတစ်ကောင်အကြောင်း ပုံပြင်ကိုလည်း ပြောပြခဲ့သည်။
NOM ၏ထပ်မံဖြည့်စွက်ချက်=
မာ့ခ်ရုတေးက သမ္မတ ထရန့်ကို "ဒယ်ဒီ" ဟု ခေါ်ဆိုခဲ့သည့် ဖြစ်ရပ် သည်၂၀၂၅ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့သော နေတိုးထိပ်သီးဆွေးနွေးပွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို ထရန့်က ကျောင်းဝင်းအတွင်း ကလေးနှစ်ယောက် ရန်ဖြစ်နေသကဲ့သို့ တင်စားပြောဆိုခဲ့သည်။
ထိုစဉ် မာ့ခ် ရုတေးက ရယ်မောလျက်
"တစ်ခါတလေကျရင် သူတို့ ရပ်သွားအောင် ဖေဖေ (Daddy) က ပြင်းထန်တဲ့ စကားလုံးမျိုး သုံးရတတ်တယ်" ဟု ဝင်ရောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းခွေးနှင့် ပတ်သက်သည့် ပုံပြင်
မာ့ခ် ရုတေးသည် ယူကရိန်းနိုင်ငံသို့ သွားရောက်စဉ်က တွေ့ကြုံခဲ့ရသည့် ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောပြခဲ့ခြင်း ဖြစ်သည်။
ရုတေးသည် ယူကရိန်းရှိ ပျက်စီးနေသော ရပ်ကွက်တစ်ခုသို့ ရောက်ရှိနေစဉ် လမ်းဘေးခွေးတစ်ကောင်ကိုတွေ့ခဲ့သည်။ ထိုခွေးသည် ၎င်း၏ မျက်လုံးကို တည့်တည့်စိုက်ကြည့် ပြီး
"ကျွန်တော်တို့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး" ဟု ပြောနေသကဲ့သို့ ခံစားရကြောင်း ရုတေးက ဆိုသည်။
၅။ အသိသာဆုံး လျစ်လျူရှုမှု (Most notable diss) — ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni)
အီတလီဝန်ကြီးချုပ် မယ်လိုနီသည် ယခုသီတင်းပတ်ကုန်တွင် ကျင်းပသည့် ညီလာခံသို့ တက်ရောက်ခြင်းမရှိဘဲ အာဖရိကသို့ သံတမန်ရေးရာ ခရီးစဉ်သွားရောက်ကာ ညီလာခံကို လျစ်လျူရှုခဲ့သည်။
News Of Myanmar NOM