The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
275
Suscriptores
Sin datos24 horas
+17 días
+2630 días
Archivo de publicaciones
◾️စာသင်နှစ်စတင်ချိန်တွင် အီရန်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသားများ အစိုးရကိုဆန္ဒပြ
အီရန်နိုင်ငံ၏ တက္ကသိုလ်စာသင်နှစ်သစ်စတင်ချိန် ဖေဖော်ဝါရီ၂၁ ရက်တွင် အီရန်တက္ကသိုလ် အများအပြား၌ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အီရန် ပြည်တွင်းမီဒီယာများနှင့် လူမှုမီဒီယာမှတ်တမ်းများအရဆန္ဒပြကျောင်းသားများနှင့် အီရန် အစိုးရထောက်ခံသူများအကြားတွင်လည်း ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြောင့်သေဆုံးခဲ့ရသူများအတွက် ရက်ပေါင်း၄၀ ဝမ်းနည်းမှု အခမ်းအနားများကျင်းပနေ ကြချိန်တွင် အီရန်တက္ကသိုလ်ကျောင်းသားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်
ခဲ့ကြခြင်းဖြစ်သည်။
တီဟီရန်မြို့တော် ရှာရစ်ဖ်နည်းပညာတက္ကသိုလ်၌ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် ကျောင်းသား များက အီရန်ခေါင်းဆောင် အယာတိုလာခါမေနီကို လူသတ်သမားအဖြစ် ရှုတ်ချခဲ့ကြကြောင်း သိရသည်။
ယင်းပြင် ကွယ်လွန်သူ အီရန်ရှားဘုရင်၏ သားဖြစ်သော ရီဇာပါလာဗီကို ထောက်ခံကြောင်းလည်းဆန္ဒပြကျောင်းသားများက ကြွေးကြော်ခဲ့ကြသည်။
ရှာရစ်ဖ်နည်းပညာတက္က သိုလ်အပြင် တီဟီရန်မြို့တော်အတွင်းရှိအခြားတက္ကသိုလ်ကြီးများနှင့် အီရန်အနောက်မြောက်ဒေသမှ တက္ကသိုလ်များတွင်လည်းဆန္ဒပြပွဲ များဖြစ်ပွားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့အကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် အီရန် တက္ကသိုလ်ကျောင်းများ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း ပေါ်ပေါက်ခဲ့သည့် အီရန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် ၁၉၇၉ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးဆန္ဒပြပွဲဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော် တပ်ကုန်းနှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် အဆောက်အုံအချို့ ပျက်စီးမှုဖြစ်ပွား
နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင်ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာပျက်စီးမှုများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှု ကူညီရေးအသင်းများထံမှသိရသည်။
ဒက္ခိဏသီရိမြို့နယ်နှင့် ကျွန်းတပဲ့ကျေးရွာအုပ်စုဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင်လည်း လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်များနှင့်သစ်ပင်များပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်ကုန်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများအမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ပျက်စီးနေသောနေအိမ်များနှင့်သစ်ပင်များကိုဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ဖေဖော်ဝါရီ ၂၂ရက် နံနက် ၇ နာရီတွင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အီရန်နှင့် အမေရိကန် စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေ ပိုမြင့်မားလာ
အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမြင်ကွဲပြားမှုများကို သံတမန်နည်းလမ်းဖြင့် အဖြေရှာရေးအတွက် မျှော်လင့်ချက်မှေးမှိန်လာသည်နှင့်အမျှ အီရန်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြားစစ်ရေးပဋိပက္ခဖြစ်ပွားနိုင်ခြေ ပိုများလာပြီဖြစ်ကြောင်း အရှေ့ အလယ်ပိုင်းဒေသ သံတမန်များနှင့်အီရန်နှင့် အမေရိကန်နှစ်ဖက်စလုံးမှ သံတမန်များက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
သံတမန်သတင်းအရင်းအမြစ်များ၏ အဆိုအရ အီရန်နှင့် အမေရိ ကန်ပြည်ထောင်စုတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာမှုကိုအီရန်၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့ကစောင့်ကြည့်နေကြောင်း သိရသည်။
အမေရိကန်အစိုးရက ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ၌ အကြီးမားဆုံးစစ်အင်အားတည်ဆောက်မှု ပြုလုပ်ထားချိန်တွင် အီရန်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား စစ်ရေးပဋိပက္ခပေါ်ပေါက်မှု အလားအလာ ပိုမိုမြင့်တက်လာ ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အစ္စရေးနိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်း၍ အီရန်နိုင်ငံအား စစ်ရေးအရ တိုက်ခိုက်ရေးအတွက် ပြင်ဆင်ထားသော်လည်း အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း သံတမန် သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
အီရန်နှင့် အမေရိကန်တို့သည် နျူကလီးယားသဘောတူညီချက် ရယူရေးအတွက် ဆွေးနွေး ပွဲများကျင်းပထားသော်လည်း ယူရေနီယံလောင်စာသန့်စင်ရေးကိစ္စနှင့် အီရန်ဒုံးကျည် အစီအစဉ်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြဆဲဖြစ်သည်။
အီရန်အနေဖြင့် လာမည့် ၁၀ ရက်မှ ၁၅ ရက်အတွင်း နျူကလီးယားသဘောတူညီချက် ရယူရ မည်ဖြစ်ပြီး ရယူနိုင်ခြင်းမရှိပါက ဆိုးရွားသည့်အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့် မည် ဖြစ်ကြောင်းသမ္မတဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁၉ ရက်တွင်သတိပေးထားသည်။
ယင်းအပြင် နျူကလီးယားသဘောတူညီချက် ရယူရေး ဖိအားပေးသည့်အနေဖြင့် အီရန်အား စစ်ရေးအရ အကန့်အသတ်ဖြင့် တိုက်ခိုက်ရန်မိမိစဉ်းစားနေကြောင်း သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထပ်မံပြောကြားထားသည်။
အမေရိကန်အစိုးရအနေဖြင့် အီရန်ကို တိုက်ခိုက်ခဲ့ပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်စခန်းများကို တုံ့ပြန်တိုက် ခိုက်မည်ဖြစ်ကြောင်းအီရန်တာဝန်ရှိသူများက သတိပေး ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများဖေဖော်ဝါရီ ၂၃ ရက်မှ စတင် ထုတ်ယူနိုင်
၂၀၂၆ ခုနှစ် မတ် ၁၁ ရက်မှ၁၇ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တ က္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၃ ရက်(တနင်္လာ)နေ့မှစ၍ မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့ထံ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မသန်စွမ်းသူများအပေါ် သရော်မှု မည်သို့တုံ့ပြန်လာမည်ကို စောင့်ကြည့်လျက်ရှိဟုဆို
မသန်စွမ်းသူများအပေါ် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ သရော်ထားချက်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဘက်က မည်သို့တုံ့ပြန်လာမည်ကို စောင့်ကြည့်လျက်ရှိပြီး မိမိတို့ဘက်မှ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ယခု လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့၏ ကပြဖျော်ဖြေသရုပ်ဖော်မှုများတွင် မသန်စွမ်းမှုကို သရော်ထားသည့် လုပ်ဆောင်ချက်များသည် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာကိုများစွာ ထိခိုက်သဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှပြင်းထန်စွာ ရှုတ်ချကြောင်း၊ ၎င်းဖြစ်စဉ်ကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထုတ်ပြန်ထားကြောင်းသိရသည်။
"အခုဖြစ်စဥ်နဲ့ပတ်သက်ပြီးသူတို့ဆီကို ဖြေရှင်းဖို့စာမပို့ပါဘူး။ဒါပေမဲ့ ပို့သင့်ပို့ထိုက်တဲ့သူတွေဆီတော့ပို့ပြီးပါပြီ။ ပြီးတော့အခုကိစွကိုလည်းသူတို့လည်းသိနေပါတယ်။ စာပို့စရာလည်းမလိုပါဘူး။ ပြီးတော့ ကွန်မန့်တွေမှာလည်းသူတို့လာတောင်းပန်ထားတာမရှိတဲ့အပြင် သူတို့ရဲ့ page မှာလည်းသူတို့မမှားဘူးဆိုတာပြောထားတယ်။ ဒါကြောင့်သူတို့ကို လာတောင်းပန်ပါလို့စာထုတ်ရင်အတင်းခေါ်သလိုဖြစ်မယ်။ ဒီတော့သူတို့ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့ အချိန်တစ်ခုထိတော့စောင့်ကြည့်နေပါတယ်”ဟု ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
လက်ရှိ အနုပညာတင်ဆက် ဖျော်ဖြေမှုတချို့တွင် မသန်စွမ်းသူနားကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက် ဖျော်ဖြေမှုများ တွေ့ရှိနေရသည့်အတွက်ပြီးခဲ့သည့်ရက်ပိုင်းက ရုပ်ရှင်ဆင်ဆာအဖွဲ့ အနေဖြင့် မသန်စွမ်းသူများအား နှိမ့်ချ၊ လှောင်ပြောင်သရော်သည့် သရုပ်ဆောင်ကွက်များကို သရုပ်ဆောင်ပြသခြင်း မပြုကြရန် တားမြစ်ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
◾️မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ စတင်ကျင်းပနေ
မြောက်ကိုရီးယားနိုင်ငံ၏ လက်ရှိအာဏာရအလုပ်သမားပါတီသည် န၀မအကြိမ်မြောက် ပါတီ ညီလာခံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
အလုပ်သမားပါတီ၏ န၀မအကြိမ်မြောက်ပါတီညီလာခံဖွင့်ပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီးအဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အဓိကစီးပွားရေး ရည်မှန်း ချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပါတီညီလာခံ ဖွင့်ပွဲမိန့်ခွန်းတွင် ကင်ဂျုံအန်းက ပြောကြားခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့်ငါးနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်း အပြောင်းအလဲများပြုလုပ်နိုင်ခဲ့ကြောင်း ကင်ဂျုံအန်းက သုံးသပ်ခဲ့သည်။
ကင်ဂျုံအန်း၏ အလုပ်သမားပါတီ ညီလာခံဖွင့်ပွဲမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ရည်ညွှန်းထည့်သွင်းခြင်းမျိုးမရှိခဲ့သလို မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။
ပါတီကိုယ်စားလှယ် ၅၀၀၀ အထိ တက်ရောက်နေသော အလုပ်သမားပါတီညီလာခံတွင် နောင်လာမည့် ငါးနှစ်အတွက် စီးပွားရေးနှင့်စစ်ရေးရည်မှန်းချက်များ၊ စီမံချက်များကို ချမှတ်မည်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ကုလသို့ ထည့်ဝင်ရမည့် ကြွေးကျန်များအနက် ဒေါ်လာသန်း ၁၆၀ အမေရိကန်ပေးသွင်း
ကုလသမဂ္ဂသို့ပေးချေရန် ကျန်ရှိသေးသည့်အချိုးကျထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ လေး ဘီလီယံနီးပါးအနက် အမေရိကန်ဒေါ်လာသန်း၁၆၀ ခန့် ကို အမေရိကန်အစိုးရက စတင် ပေးသွင်းခဲ့ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ဖေဖော်ဝါရီ၁၉ ရက်တွင်ပြောကြားသည်။
ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ကုလသမဂ္ဂအတွက် ပေးချေရန်ကျန်ရှိသည့် ထည့်ဝင်ငွေများအား ထပ်မံပေးသွင်းသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက သတိပေး ထားသည်။
ကုလသမဂ္ဂ၏ အဆိုအရ အမေရိကန်အစိုးရအနေဖြင့် ကုလသမဂ္ဂ ပုံမှန်အသုံးစရိတ်အတွက် လက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၆ဘီလီယံနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးမစ်ရှင် သီးခြားအသုံးစရိတ်များအတွက် ဒေါ်လာ ၁ ဒသမ၈ ဘီလီယံပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများအား ပြုပြင်ပြောင်းလဲခြင်းမရှိခဲ့လျှင် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများက ပေးချေရန်ကျန်ရှိသည့် ထည့်ဝင်ငွေများကို မပေးချေခဲ့လျှင် ဘဏ္ဍာရေးအရ
အချိန်မရွေး ပြိုလဲသွားနိုင်ကြောင်း ကုလအကြီးအကဲအန်တိုနီယိုဂူတာရက်စ်က သတိပေးထားသည်။
ကုလသမဂ္ဂသို့ အဖွဲ့ဝင်နိုင်ငံများက ပေးချေရမည့် လက်ကျန်ထည့်ဝင်ငွေ စုစုပေါင်းအနက် ၉၅ ရာခိုင်နှုန်းမှာ အမေရိကန်ပြည်ထောင်စုက ပေးသွင်းရမည့် ထည့်ဝင်ငွေများဖြစ်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောကြားထားသည်။
ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် ပုံမှန်အသုံးစရိတ်အတွက် ပေးသွင်းရမည့်ထည့်ဝင်ငွေများကို အဖွဲ့ ဝင်နိုင်ငံ ၅၅ နိုင်ငံတို့က ဖေဖော်ဝါရီ ၈ ရက် အရောက်တွင် ပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့်အနီးကပ်ပူးပေါင်း ဆောင်ရွက်နေကြောင်း ဝါရှင် တန်မြို့တော်၌ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ပထမဆုံး အစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တရုတ်၏ အင်အားသုံးအကျပ်ကိုင်မှုများအရေး ဂျပန်ဝန်ကြီးချုပ် တာကာအိချီ သတိပေး
တရုတ်နိုင်ငံ၏ အင်အားသုံးအကျပ်ကိုင်မှုများမှာ တဖြည်းဖြည်းကြီးထွားလာကြောင်း ဂျပန်ဝန်ကြီးချုပ်တာကာအိချီက ဖေဖော်ဝါရီ ၁၉ရက် လွှတ်တော်မိန့်ခွန်းတွင် သတိ ပေးလိုက်သည်။
ယင်းအပြင် မိမိဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ကာကွယ်ရေးမဟာဗျူဟာ ပြင်ဆင် ရေးဆွဲမှုများပြုလုပ်မည်ဖြစ်ပြီး စစ်လက်နက်များပြည်ပတင်ပို့ ရောင်းချမှုကန့်သတ် ချက်များကိုလည်း ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ကကတိပြုခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက် ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက် တစ်ပါတီပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံး ပြောကြားခဲ့သော
ရွေးကောက်ပွဲအလွန် မိန့်ခွန်းတွင်ဂျပန်ဝန်ကြီးချုပ် တာကာအိချီကအထက်ပါအတိုင်း ကတိပေးခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း အရှုပ်ထွေးဆုံး လုံခြုံရေး အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း တရုတ်နိုင်ငံ၏စစ်ရေးလှုပ်ရှားမှုများ ကျယ်ပြန့် လာမှု၊မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်စွမ်းဆောင်ရည် မြင့်တက်လာမှုများကို ဥပမာပေး၍ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့် အရှေ့တရုတ်ပင်လယ်နှင့်တောင်တရုတ်ပင်လယ်ဒေသတို့၌ စစ်အင်အားဖြင့်သော်လည်းကောင်း၊ဗိုလ်ကျအကျပ်ကိုင်ခြင်းဖြင့် လည်းကောင်း တည်ဆဲ အခြေအနေများအား တစ်ဖက်သတ်ပြောင်းလဲရန်ကြိုးပမ်းမှုများကို မြှင့်တင်ပြုလုပ်လာ ကြောင်း ဂျပန်ဝန်ကြီးချုပ်ကလွှတ်တော်မိန့်ခွန်း၌ သတိပေးခဲ့သည်။
သို့ဖြစ်ရာ ဂျပန်အစိုးရအနေဖြင့် ကာကွယ်ရေးမဟာဗျူဟာသစ်ကိုပြင်ဆင် ရေးဆွဲမည် ဖြစ်ကြောင်းဝန်ကြီးချုပ်တာကာအိချီက ကတိပြုခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဂြိုဟ်သားနှင့် ယူအက်ဖ်အိုမှတ်တမ်းများသမ္မတဒေါ်နယ်ထရန့် ထုတ်ပြန်ပေးမည်
ဂြိုဟ်သားများ၊ အမျိုးအမည်မသိယာဉ်ပျံများ (ယူအက်ဖ်အို)နှင့် ပတ်သက်သည့် အစိုးရ လျှို့ဝှက်မှတ်တမ်းများကို ထုတ်ပြန်ပေးရန် ဖက်ဒရယ်အေဂျင်စီများကို မိမိညွှန်ကြားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
ဂြိုဟ်သားများနှင့် ယူအက်ဖ်အိုများကိစ္စသည် အများပြည်သူများ အထူးစိတ်ဝင်စားသော ကိစ္စဖြစ်ရာ ယင်းကိစ္စနှင့်ပတ်သက်သည့် လျှို့ဝှက်မှတ်တမ်းများအား တရားဝင် ထုတ်ပြန် ပေးရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ အေဂျင်စီများကို မိမိညွှန်ကြားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ယင်းအပြင် ယူအက်ဖ်အို၊ ဂြိုဟ်သားများနှင့် ပတ်သက်နေသော လျှို့ဝှက်မှတ်တမ်းများကို သမ္မတဟောင်း အိုဘားမားအနေဖြင့် မှန်ကန်သည့်နည်းလမ်းမျိုးဖြင့် ထုတ်ပြန်ပေးခဲ့ခြင်း မရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က ဝေဖန်ထားသည်။
အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်အတွင်းရှိ ဧရိယာ (၅၁)အမည်ရှိနယ်မြေတစ်ခုနှင့် ပတ်သက်၍ ဗဟိုစုံစမ်းထောက်လှမ်းရေး အေဂျင်စီ(စီအိုင်အေ)က ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန် ခဲ့သော မှတ်တမ်းများတွင် ယင်းနေရာကို လျှို့ဝှက်သူလျှိုလေယာဉ်များ စမ်းသပ်ရာနေရာ အဖြစ် ဖော်ပြထားသည်။
ဧရိယာ (၅၁) နယ်မြေသည် ကမ္ဘာပေါ်သို့ ပျက်ကျခဲ့သည့် အာကာသယာဉ်တစ်စင်းနှင့် ဂြိုဟ်သားတို့၏ ရုပ်အလောင်းများကို ထားရှိရာနေရာအဖြစ် စိတ်ကူးသီအိုရီသမားများက ထင်ကြေးပေးထားသည့် အမေရိကန် လျှို့ဝှက်လေတပ်စခန်းတစ်ခုဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းတွင် မြန်မာအလုပ်သမား၁၀၉ ဦး အလုပ်မှ ထုတ်ပယ်ခံရ
ထိုင်းနိုင်ငံ လယောင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာအလုပ်သမား ၁၀၉ ဦးအား စက်ရုံရှယ်ယာရှင်သူဌေးက အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် အကူအညီပေးနေကြောင်း WAG အဖွဲ့မှ သိရသည်။
လယောင်မြို့နယ် နိခွန်းဖတ် ထနာတွင်ရှိသော ခြေသုတ်ဖော့ဖျာထုတ်လုပ်သည့်စက်ရုံတွင်းရှိ ၎င်းအလုပ်သမားများအား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီးနယ်မြေခံ စဝပ်ဒီကန် အလုပ်သမား ရုံးတွင် ညှိနှိုင်းခဲ့ရာ အလုပ်သမား ၇၇ ဦးအားအလုပ်ပြန်ပေးမည်ဟု စက်ရုံသူဌေးဘက်က ပြောခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
စဝပ်ဒီကန်ရုံးတွင် တိုင်ကြားခဲ့သည့် အလုပ်သမား ၇၇ ဦးအား အလုပ်ပြန်ပေးမည်ဟု အလုပ်ရှင် က တာဝန်ရှိလူကြီးများရှေ့တွင် ကတိပြုခဲ့ပြီးကြောင်းWAG အဖွဲ့မှသိရသည်။
သတင်း - ဇော်ကိုထက်
ဓာတ်ပုံ- WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
