The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
274
Suscriptores
+124 horas
+67 días
+2530 días
Archivo de publicaciones
◾️ကိယက်ဗ်မြို့အပါအဝင် ယူကရိန်းမြို့တော်များကို ရုရှားတပ်များ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
ကိယက်ဗ်မြို့တော်၊ ဒီနီပရိုမြို့တော်နှင့် ခါကစ်မြို့တော်အပါအဝင် အဓိကယူကရိန်းမြို့တော်ကြီးများကို ရုရှားနိုင်ငံက ဇွန် ၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦး သေဆုံး၍ ၁၀၀ ကျော်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများပြုလုပ်ရေးအတွက် ပြင်ဆင် နေကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ရုရှားတပ်များက ယူကရိန်း မြို့တော်ကြီးများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကိယက်ဗ်မြို့တော်၌အထပ်မြင့်အဆောက်အအုံ နှစ်လုံး ဒုံးကျည်များ ထိမှန်ပြိုကျခဲ့ရာ အပျက်အစီးများအကြား ပိတ်မိနေသူများ ရှိနေနိုင်ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားသည်။
ရုရှားတပ်များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင်ကိယက်ဗ်မြို့တော်၌ မြို့နေပြည်သူ ရာပေါင်းများစွာတို့သည် မြေအောက်ရထားလမ်းစနစ်များအတွင်း ဝင်ရောက်၍ ခိုလှုံခဲ့ကြရကြောင်း သိရသည်။
ထောက်လှမ်းရေးသတင်းအချက်အလက်များအရ ရုရှားနိုင်ငံအနေဖြင့်ယူကရိန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် စီစဉ်နေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတိပေးထားသည်။
ကိယက်ဗ်မြို့တော်အတွင်းရှိ ယူကရိန်းစစ်ဘက်နှင့် ဆက်စပ်နေသောနေရာ ဌာနများကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဖြစ်ရာ ပြည်ပနိုင်ငံသားများကိယက်ဗ်မြို့တွင်းမှ ထွက်ခွာကြရန် ရုရှားအစိုးရက ပြီးခဲ့သည့် သီတင်းပတ်အတွင်း သတိပေးထားသည်။
ကိုးကား-ရိုက်တာ
◾️ထိုင်းနိုင်ငံအတွင်း မေလတွင် မြန်မာလုပ်သား ၅၀၀ ကျော် အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်မေလ အတွင်းမြန်မာအလုပ်သမား ၅၁၀ အကြောင်းမဲ့အလုပ်ထုတ်ခံခဲ့ ရကြောင်း အလုပ်သမား ကူညီရေးအဖွဲ့အချို့ ၏ထုတ်ပြန်ချက်များအရ သိရသည်။
ယင်း မြန်မာအလုပ်သမားများသည်ဗန်ကောက်မြို့၊ ရယောင်း မြို့၊ စမွတ်စာခွန်မြို့၊စမွတ်ပကန်မြို့နှင့် ချွန်ပူရီမြို့များတွင် အလုပ်လုပ်နေကြသူများဖြစ်ပြီး မြန်မာ အလုပ်သမားများသည် ဘတ် ငါးသန်းကုမ္ပဏီ (ထိုင်းတွင်တရားဝင် မှတ်ပုံတင် ထားသောကုမ္ပဏီ) နှင့်အေဂျင်စီ အလုပ်သမားတာဝန်ခံ (ခေါ်) အလုပ် သွင်းပေးသည့်အဖွဲ့) တို့ပူးပေါင်းပြီးအလုပ်ထုတ်ခံရခြင်း ၊ လုပ်ငန်းအတွင်း ထုတ်လုပ်မှုအားနည်း သော ကြောင့်ဆိုကာ အလုပ်ထုတ်ခံရခြင်းစသည့် ပုံစံမတူသော နည်းလမ်းများဖြင့် အလုပ်ထုတ်ခံရ ကြောင်း သိရသည်။
အလုပ်ထုတ်ခံရသည့် အလုပ် သမား များသည် စာရွက်စာတမ်းများအား စက်ရုံ၊ အလုပ်ရုံဘက်မှသိမ်း ဆည်းခံရခြင်းနှင့် စားဝတ် နေရေးအခက်အခဲများဖြင့် ကြုံတွေ့နေရပြီး ထိုင်းရောက် မြန်မာအလုပ်သမား များသည်အလုပ် စဝင်ချိန်ကတည်းက တရားဝင်စာချုပ်စာတမ်းနှင့် ပြုလုပ်သင့်ပြီးလခစား ပုံစံမျိုးဖြင့် အလုပ်ဝင်သင့်ကြောင်းသိရသည်။
ထိုင်း နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာလုပ်သားများသည် အလုပ်စမတ်(အလုပ်လျှောက်)သည့်အခါ ဝန်ဆောင်ခမပေးခင်ပွဲစား၏ ပတ်စ်ပို့(ဓာတ်ပုံပါမျက်နှာပြင်)ကိုဓာတ်ပုံရိုက်ယူထားရန် (မရရင် ငွေမပေးရန်)၊ပွဲစား၏ ပတ်စ်ပို့အမည်နှင့် ဘဏ်အကောင့်အမည်တူမှသာငွေလွှဲရန်၊ ပွဲစားကိုယ်တိုင် မဟုတ်ဘဲ အခြားသူနှင့်ငွေကောက် ခိုင်းပါကကောက်ခံသူ၏ အထောက်အထားများကိုအရင်ဆုံးတောင်းရန် WAG အဖွဲ့က တိုက်တွန်းထားသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- WAG
◾️အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှဂွမ်ကျိုးမြို့သို့ နေ့စဉ် ပျံသန်းပြေးဆွဲမည်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က တရုတ်နိုင်ငံ၏စီးပွားရေးနှင့် အပန်းဖြေ မြို့တော် ဖြစ်သည့် ဂွမ်ကျိုးမြို့သို့ ဇွန် ၃၀ ရက်မှ စတင်၍ရန်ကုန်-ဂွမ်ကျိုးခရီးစဉ်အဖြစ် နေ့စဉ်တိုက်ရိုက် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဂွမ်ကျိုးမြို့ရှိကမ္ဘာကျော် Chimelong Resortသည် စိတ်လှုပ်ရှားဖွယ်ရာ ကစားကွင်းများ၊ တောရိုင်းတိရစ္ဆာန်များကိုအနီးကပ် လေ့လာနိုင်မည့် အတွေ့အကြုံများနှင့် ဖျော်ဖြေပွဲများ ကိုတစ်နေရာ တည်းတွင် စုံစုံလင်လင်ခံစားနိုင်မည့် အားလပ်ရက် အပန်းဖြေစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ MAI ကရန်ကုန်-ဂွမ်ကျိုး တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လျှင် လေးကြိမ် ပျံသန်း ပြေးဆွဲလျက်ရှိရာမှ ဂွမ်ကျိုးမြို့သို့ ခရီးသွားလာမည့်သူများ ပိုမိုအဆင်ပြေစွာသွားလာနိုင်စေရန်အတွက် ထပ်တိုးပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- MAI
◾️(၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု မလေးရှားအစိုးရ စတင်ပိတ်ပင်
အသက် (၁၆) နှစ်အောက် ကလေးများ လူမှုမီဒီယာ အကောင့်များ ကိုယ်ပိုင်ထားရှိမှု ပိတ်ပင်ရေးစည်းမျဉ်းများ ဇွန် ၁ ရက်မှစ၍ မလေးရှားနိုင်ငံ၌ စတင်အာဏာသက်ဝင်နေပြီဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
မလေးရှားနိုင်ငံ၏ အထက်ပါစည်းမျဉ်းများအရ လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် အသက်အရွယ် ခွဲခြားစိစစ်မှု စနစ်များ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး အသက် (၁၆)နှစ်အောက် ကလေးများ ကိုယ်ပိုင်အကောင့် အသုံးပြုမှုကို ပိတ်ပင်ရမည်ဖြစ်သည်။
အဆိုပါစည်းမျဉ်းများတွင် ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊တစ်ခ်တော့ခ်နှင့် ယူကျုအပါအဝင် အနည်းဆုံး သုံးစွဲသူ ရှစ်သန်းရှိသော လူမှုမီဒီယာပလက်ဖောင်းများ အကျုံးဝင်မည်ဖြစ်သည်။
အသက် (၁၆) နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှုပိတ်ပင်ရေး စည်းမျဉ်းများအား ချိုးဖောက်သည့် ကုမ္ပဏီများအနေဖြင့်ဒဏ်ငွေ မလေးရှားရင်းဂစ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ၅ သန်း) ပေးဆောင်ရလိမ့်မည်ဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ပြောကြားထားသည်။
အသက် (၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေး စည်းမျဉ်းများကို အွန်လိုင်းမီဒီယာများ၏ ဆိုးကျိုးများမှ ကလေးများအား ကာကွယ်ရန် ရည်ရွယ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း မလေးရှားအစိုးရက သတင်းထုတ်ပြန်ထားသည်။
မလေးရှားကဲ့သို့ပင် ဩစတြေးလျ၊ ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ကန့်သတ်ထားပြီး ဗြိတိန်၊ပြင်သစ်၊ စပိန်၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများက အထက်ပါကန့်သတ်ချက်များ ကျင့်သုံးရေး စဉ်းစားလျက်ရှိသည်။
ကိုးကား-ရိုက်တာ
◾️ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ် လူနာလေးဦး ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ
ကွန်ဂိုနိုင်ငံ ဘူနီယာမြို့ ဆေးရုံတစ်ရုံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါအတွက် ဆေးဝါးကုသမှုခံနေရသော သူနာပြုလေးဦးမှာ အခြေအနေကောင်းမွန်တိုးတက်လာမှုကြောင့် ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသူများအနေဖြင့် ရောဂါကို စောစောစီးစီး ဖော်ထုတ်နိုင်ခဲ့ပြီး ဆေးဝါးကုသမှုခံယူနိုင်ခဲ့ပါက ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာသူများ ပိုများလာနိုင်ကြောင်း ဒဗလျူအိတ်ခ်ျအိုက ခန့်မှန်းထားသည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသော ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ဦးလည်း ပြန်လည်သက်သာကောင်းမွန်လာခဲ့ရာ အီဘိုလာဗိုင်းရပ်စ်ရောဂါပျောက်ကင်း သက်သာသူအရေအတွက်မှာ ငါးဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအို တာဝန်ရှိသူများက ပြောကြားထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လက်ရှိအချိန်တွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်စဉ်ပေါင်း ၂၈၂ မှုအထိ အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။
ကွန်ဂိုနိုင်ငံ၌ လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ် အမျိုးအစားမှာ ကြညိငဘကါပသ မျိုးကွဲဖြစ်ပြီး ကာကွယ်ဆေးနှင့် သီးခြားကုထုံးများ မရှိသေးသည့် အီဘိုလာဗိုင်းရပ်စ် အမျိုးအစားဖြစ်သည်။ကွန်ဂို အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေးအတွက် ဒဗလျူအိတ်ခ်ျအိုက နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကိုထုတ်ပြန်ထားပြီးဖြစ်သည်။
ကိုးကား-ရိုက်တာ
◾️ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်
ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့(ဇွန် ၂ ရက်)တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။
၎င်း ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ စာပေ၊အနုပညာအသိုင်းမှ လူပုဂ္ဂိုလ်များ သည်လည်း ဝမ်းနည်းကြောင်း ရေးသားထားကြသည်။ကဗျာဆရာ၊ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အသည်းကင်ဆာရောဂါကို ကြာရှည်စွာခံစားနေရသူဖြစ်သည်။
ကဗျာဆရာ၊ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးခံခဲ့ရကာ ဒီဇင်ဘာ ၃၁ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ချခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် နို၀င်ဘာ ၁၅ ရက် တွင်ပြန်လည်လွတ်မြောက်ခဲ့သည်။
ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် မှတ်တမ်းရုပ်ရှင်များ၊ ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။နောက်ဆက်တွဲသတင်းများအား ထပ်မံဖော်ပြပါမည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
◾️ထိုင်းရောက် မြန်မာဆောက်လုပ်ရေး အလုပ်သမား ဘတ်ခြောက်သန်းထီပေါက်
ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ယမန်နေ့ (ဇွန်လ ၁ရက်)ဖွင့်လှစ်သည့် ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်း ဆွတ်ခူးခဲ့ကြောင်း မြန်မာအလုပ်သမားများအရေး ကူညီပေးနေသူများထံမှသိရသည်။
ဘတ်ခြောက်သန်းဆုဆွတ်ခူးခဲ့သူသည် ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် တွဲလက်ကူညီအဖွဲ့မှ ဦးခိုင်ကြီးကပြောသည်။
ကံထူးခဲ့သည့် မြန်မာအမျိုးသမီး၏ အမည်နှင့် မြန်မာပြည်တွင်း နေရပ်လိပ်စာတို့ကိုမူ ကာယကံရှင်၏ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
ပြီးခဲ့သည့် မေလအတွင်း ဖွင့်လှစ်ခဲ့သည့် ထိုင်းထီတွင်လည်း စမွတ်ပကန်မြို့နယ်ရှိစက်ရုံတစ်ရုံ၌ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံက ဘတ်ခြောက်သန်းဆု နှစ်စောင်၊မဟာချိုင်ရှိ ရေထွက်ပစ္စည်းလုပ်ငန်းခွင်၌ လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံက ဘတ်ခြောက်သန်းဆုတစ်စောင်ကံထူးခဲ့သည်။
အလားတူ ဧပြီလ ၁၆ ရက်ကလည်း ထိုင်းရောက် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး ဘတ်ခြောက်သန်း ဆု နှစ်စောင်ကံထူးကာ ဘတ် (၁၂)သန်းရရှိခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-Hla Khaing/FB
◾️ရန်ကုန်-မော်လမြိုင်ခရီးစဉ် DEMUမြန်နှုန်းမြင့်ရထားဖြင့် ပြေးဆွဲမည်
ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို DEMU မြန်နှုန်းမြင့်ရထားဖြင့် လာမည့် ဇူလိုင်လဆန်းတွင် ပြန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြေးဆွဲပေးနိုင်ရန် လက်ရှိတွင် ရထားလမ်းပိုင်းများ ပြုပြင်းခြင်း၊ တွဲနှင့်မလွတ်သည့် ဘူတာအမိုးများ၊တံတားအမိုးများ ပြန်လည်ပြုပြင်လျက်ရှိသည်။
ခရီးစဉ်တွင် ရထားမှတ်တိုင်ခရီးစဉ်များအဖြစ် ပေါင်၊သထုံ၊ ကျိုက်ထို ၊ သိမ်ဇရပ်၊ ဝေါနှင့် ပဲခူး ဘူတာများတွင်ရပ်ရန် ကနဦး စီစဉ်ထားသည်။
ထို့ပြင် ပြေးဆွဲမည့် DEMU မြန်နှုန်းမြင့် ရထားခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ခရီးသွားပြည်သူများသိရှိရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်
◾️ထိုင်းစာသင်ကျောင်းတစ်ကျောင်းကို ရဲတပ်ဖွဲ့စစ်ဆေး၊မြန်မာအပါ ဆရာခြောက်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် တရားဝင်ခွင့်ပြု ချက်မရှိဘဲ ဖွင့်ထားသည့်နိုင်ငံတကာကျောင်းတစ်ကျောင်းကိုထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား အပါ
အဝင် နိုင်ငံခြားသား ဆရာ၊ ဆရာမခြောက်ဦး ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းဌာနက မေ ၃၁ရက်တွင် ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ပရီဒီဘနိုမြောင်းနယ်မြေရှိ နိုင်ငံတကာကျောင်းတစ်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ဝင်
ရောက်စစ်ဆေးခဲ့ရာ ဆရာ၊ ဆရာမ
ခြောက်ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါကျောင်းမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်ပြီး နိုင်ငံခြားသား ဆရာ၊ဆရာမများကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ခန့်ထားသည်ဟုတိုင်ကြားချက် ရရှိထား၍ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
ယင်းကျောင်းကို ဖွင့်လှစ်ထားသည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်ကြောင်း၊မူကြိုမှ အထက်တန်းအဆင့်အထိကျောင်းသားပေါင်း ၁၀၀ ကျော်ကို
လက်ခံသင်ကြားနေကြောင်း သတင်းတွင် ဆက်လက် ရေးသားဖော်ပြထားသည်။
မြန်မာနှင့် ဖိလစ်ပိုင် ဆရာ၊ဆရာမများကို အလုပ်လုပ်ခွင့်မရှိဘဲအလုပ်လုပ်ကိုင်မှုနှင့် နေထိုင်ခွင့်ဗီဇာကျော်လွန်မှုများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း-စိန်သံ
ကိုးကား- Bangkok post
◾️အီရန်စစ်ရေး ပစ်မှတ်များကိုအမေရိကန် ထပ်မံတိုက်ခိုက်
အီရန်နိုင်ငံတွင်းရှိ စစ်ရေးစစ်ရာနေရာများကို မေ ၃၁ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စု၏ အထက်ပါတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းတစ်ခုကိုလက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်တာဝန်ရှိသူများကလည်း ဇွန် ၁ ရက်တွင်ပြောကြားထားသည်။
သုံးလတာ ကြာမြင့်နေပြီဖြစ်သော အီရန်စစ်ပွဲကိုအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကျင်းပနေချိန်တွင် အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးအရ အပြန်အလှန်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်စစ်လေယာဉ်များအနေဖြင့် မေ ၃၁ ရက်တွင် အီရန်နိုင်ငံ ဂိုရုခ်မြို့နှင့် ကီရှမ်ကျွန်းတို့ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ မြေပြင်ထိန်းချုပ်ရေး စခန်းတစ်ခုနှင့်မောင်းသူမဲ့ လေယာဉ်များကို တိုက်ခိုက်ဖျက်ဆီးခဲ့အမေရိကန်စစ်ဘက် အလယ်ပိုင်းစစ်ဒေသစစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတကာ ရေပြင်အတွင်း ပျံသန်းနေသော အမေရိကန်စစ်ဘက်၏ အမ်ကျူ-၁ အမျိုးအစား မောင်းသူမဲ့လေယာဉ်တစ်စင်းအား အီရန်က ပစ်ချခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် မေ ၃၁ ရက်တွင် အီရန်စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။
အမေရိကန်၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့်အမေရိကန်တပ်များ အသုံးပြုနေသော လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်က သတင်းထုတ်ပြန်ထားသော်လည်း မည်သည့်လေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားခြင်းမရှိပေ။
သို့ရာတွင် အမေရိကန်၏ အဓိကလေတပ်စခန်း
တစ်ခုတည်ရှိ ရာ ကူဝိတ်နိုင်ငံအနေဖြင့် ဇွန် ၁ ရက် တွင်ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများကိုလေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် တားဆီးခဲ့ရကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့ရသော အီရန်စစ်ပွဲအတွင်းလူရာပေါင်းများစွာ သေဆုံးခဲ့ရပြီး ဟော်မုဇ်ရေလက်ကြားပိတ်ဆို့နေမှုကြောင့် နိုင်ငံတကာစွမ်းအင်ဈေးနှုန်းများမြင့်တက်၍ ကမ္ဘာ့စီးပွားရေးထိခိုက်နေရသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
