The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
274
Suscriptores
+124 horas
+67 días
+2430 días
Archivo de publicaciones
သမ္မတဟောင်း ယွန်းဆွတ်ယိုးကိုထောင်ဒဏ် နှစ် ၃၀ ထပ်မံချမှတ်
မြောက်ကိုရီးယားနိုင်ငံဘက်သို့ စစ်သုံးမောင်းသူမဲ့လေယာဉ်များဖြင့်ကျူးကျော်ရန် ညွှန်ကြားမှုဖြင့် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုးကိုဆိုးလ်အလယ်ပိုင်းခရိုင် တရားရုံးက ဇွန် ၁၂ ရက်တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ကြောင်း သိရသည်။
သမ္မတဟောင်း ယွန်းဆွတ်ယိုးသည် ၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြဋ္ဌာန်းရေးအတွက် အကြောင်းပြချက်ဖန်တီးရာတွင် အထောက်အကူရစေရန် မြောက်ကိုရီးယားကို စစ်သုံးမောင်းသူမဲ့ လေယာဉ်များဖြင့်ကျူးကျော်ရန် ညွှန်ကြားခဲ့ကြောင်း အစိုးရရှေ့နေများက စွဲချက်တင်ထားသည်။
သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံအတွင်း မောင်းသူမဲ့လေယာဉ်ကျူးကျော်ဝင်ရောက်မှုဖြစ်စဉ်နှင့်ပတ်သက် ၍ မိမိတွင် မည်သည့်အမှားမျှ မရှိခဲ့ကြောင်း သမ္မတဟောင်း ယွန်းဆွတ်ယိုးက ပြောကြားထားသည်။
ယခုနှစ် ဖေဖော်ဝါရီလကလည်း ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးသည်သမ္မတဟောင်း ယွန်းဆွတ်ယိုးကို စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြဋ္ဌာန်းရန်ကြိုးပမ်းမှုနှင့်ဆက်စပ်နေသော စွဲချက်များဖြင့် ထောင်ဒဏ် တစ်သက်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဟောင်းယွန်းဆွတ်ယိုးကိုစစ်အုပ်ချုပ်ရေးဥပဒေကြေညာမှုဖြင့်တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၂၀၂၅ ခုနှစ်အတွင်း ရာထူးမှ ဖယ်ရှားခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အရပ်ဘက်သင်္ဘောများအားတိုက်ခိုက်မှု ရပ်တန့်ရန် အမေရိကန်ကို အိန္ဒိယတိုက်တွန်း
အရပ်ဘက် ကုန်တင်သင်္ဘောများအား တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် အိန္ဒိယအစိုးရက အမေရိကန်ပြည်ထောင်စုကို ဇွန် ၁၁ ရက်တွင်တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်ဘက်က တိုက်ခိုက်ခဲ့ခြင်းကြောင့်အိန္ဒိယသင်္ဘောသားသုံးဦး သေဆုံးခဲ့ရပြီးနောက် အိန္ဒိယအစိုးရကအထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်ရေတပ်သည် ယခုနှစ် ဧပြီ ၁၃ ရက်မှစ၍ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားပြီး အီရန်နှင့် ဆက်စပ်နေသော သင်္ဘောများကိုလည်းကြားဖြတ်တားဆီးခဲ့သည်။
ယင်းသို့တားဆီးရာတွင် အမေရိကန်ရေတပ်က သင်္ဘောရှစ်စင်းအထိကို ပစ်ခတ်တားဆီးခဲ့ပြီး အစင်း
၁၀၀ ကျော်ကို လာရာလမ်းသို့ ပြန်လှည့်ခိုင်းခဲ့သည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရပ်ဘက် ကုန်တင်သင်္ဘောများအား တိုက်ခိုက်
နေမှုကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်းအိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ အမေရိကန်ရေတပ်သည် ယခုသီတင်းပတ်အတွင်း အိန္ဒိယ
သင်္ဘောသားများလိုက်ပါလာသောရေနံတင်သင်္ဘောသုံးစင်းကို တိုက်ခိုက်ခဲ့ရာ ဇွန် ၁၀ ရက် တိုက်ခိုက်မှုတွင်အိန္ဒိယသင်္ဘောသားသုံးဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယအစိုးရက ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ နိုင်ငံတကာ သင်္ဘောလိုင်းများ၌ အလုပ်လုပ်နေသော အိန္ဒိယသင်္ဘောသားအရေအတွက်မှာ သုံးသိန်းကျော်ရှိကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင်အား ဝင်ရောက်စစ်ဆေးစဉ်မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၁၁၄ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ပထုံထာနီခရိုင်ရှိဆောက်လုပ်ရေး လုပ်ငန်းခွင်သို့သွားရောက်စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit)မရှိသော ရွှေ့ပြောင်းလုပ်သား ၁၁၄ဦးကို စစ်ဆေးတွေ့ရှိခဲ့သည့်အတွက်ဖမ်းဆီးခဲ့ကြောင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ သိရသည်။
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနသည် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နေကြောင်း တိုင်ကြားချက်အရ ပထုံထာနီခရိုင် ဓနုလှောင်မြို့နယ် ခလောင်နွန်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဥပဒေချိုးဖောက်သော ရွှေ့ပြောင်းလုပ်သား၁၁၄ ဦးကိုတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ
တရုတ်နိုင်ငံသား ၈၅ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးနှင့်ကမ္ဘောဒီးယားနိုင်ငံသားနှစ်ဦးတို့ ဖြစ်ကြကာ ၎င်းတို့သည် ဥပဒေအရ အပြစ်ပေးအရေးယူမည့်အပြင် မိခင်နိုင်ငံသို့ ပြန်လည်နှင်ထုတ်သွားမည်ဟု အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ပြောကြားခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။
၎င်းတို့အားလုံးသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြပြီး နိုင်ငံအတွင်း တရား မဝင် နေထိုင်နေကြသူများဖြစ်ပြီး ဥပဒေချိုးဖောက်သော အလုပ်ရှင်တစ်ဦးကိုလည်း တွေ့ရှိခဲ့သဖြင့် ပြစ်မှုဆိုင်ရာစွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်း၍ ဓနုလှောင်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်းသိရသည်။
သတင်း-ဇော်ကိုထက်
ကိုးကား-The Reporter
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရန်ကုန်၌ 92 နှင့် 95 စက်သုံးဆီတစ်လီတာစျေးနှုန်း ၄၀၀ ကျော် ထပ်ကျ
ရန်ကုန်၌ 92 နှင့် 95 စက်သုံးဆီ တစ်လီတာစျေးနှုန်းများ ယနေ့(ဇွန် ၁၂ ရက်) မှစ၍ ကျပ် ၄၀၀ ကျော်ကျဆင်းလာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(ဇွန် ၁၂ ရက်) တွင် ရန်ကုန်၌ 92 တစ်လီတာလျှင် ၃၈၈၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၉၁၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၉၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၈၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(ဇွန် ၁၁ ရက်)စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၃၄၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၃၈၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၂၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၁၁၅ ကျပ်ဖြစ်သည်။
ထို့ကြောင့် 92 တစ်လီတာလျှင် ၄၆၅ ကျပ် စျေးကျခဲ့ပြီး 95 တစ်လီတာလျှင် ၄၇၀ ကျပ် စျေးကျသွားကြောင်း သိရသည်။
ထို့ပြင် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၁၅ ကျပ် စျေးကျလာခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
◾️အယ်လ်နီညိုရာသီဥတု စတင်ပြီဟု အမေရိကန်အမျိုးသား ရာသီဥတုအဖွဲ့ သတိပေး
အယ်လ်နီညိုရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်ကြောင်း အမေရိကန်၏ ရာသီဥတု စောင့်ကြည့်ရေးအဖွဲ့ကြီး အမျိုးသားသမုဒ္ဒရာနှင့်လေထုဌာန(NOAA) က ပြောကြားပြီး ယင်းဖြစ်စဉ်သည် နှစ်ကုန်ပိုင်းအထိ ဆက်လက်ပြင်းထန်ကာ သမိုင်းဝင် အတိုင်းအတာများအထိ ပြင်းထန်နိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
အယ်လ်နီညိုဆိုသည်မှာ အီကွေတာနှင့်နီးသော ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ရေမျက်နှာပြင်များ ပူးနွေးလာသည့် သဘာဝရာသီဥတုဖြစ်စဉ် ဖြစ်ကာ ကမ္ဘာတစ်ဝန်းလေစီးကြောင်းများ၊ မိုးရွာသွန်းမှုအပေါ် အပြောင်းအလဲများ ဖြစ်စေသလို မူမမှန်သောရာသီဥတု အခြေအနေများကို ဖြစ်ပေါ်စေကြောင်း သိရသည်။
၎င်းရာသီဥတုဖြစ်စဉ်ကြောင့် အစွန်းရောက်ရာသီဥတုများ ဖြစ်စေနိုင်သလို ရုပ်ကြွင်းလောင်စာများကြောင့် ပူနွေးနေပြီးဖြစ်သော ကမ္ဘာကြီး၏ အပူချိန်ကို ပိုမိုမြင့်တက်လာစေနိုင်သည်ဟု သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။
ပစိဖိတ်ရေမျက်နှာပြင်မှ ပျှမ်းမျှထက်များပြားသော ပူနွေးလာမှုများက ပြသခဲ့သလို အယ်လ်နီညိုရာသီဥတုသည် ပြီးခဲ့သည့်လအတွင်း ဖြစ်ပေါ်တိုးတက်လာခဲ့သည်ဟု NOAA မှ သိပ္ပံပညာရှင်များက နောက်ဆုံးထုတ်ပြန်ချက်တွင် ပြောကြားသည်။
နိုဝင်ဘာလနှင့် ဇန်နဝါရီလကြားတွင် အင်အားအလွန်ပြင်းထန်သော အယ်လ်နီညိုဖြစ်နိုင်ခြေ ၆၃ ရာခိုင်နှုန်းခန့်ရှိပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး အယ်လ်နီညိုဖြစ်နိုင်ကြောင်း NOAA ထုတ်ပြန်ချက်က ဆက်လက်ပြောကြားသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်တိုင်းမှာ ကွဲပြားခြားနားကြသည်။
သို့သော် တူညီသောပုံစံများကို မြင်တွေ့ရပြီးနောက် ကြီးမားသောဖြစ်စဉ်များ လိုက်ပါလာလေ့ရှိသည်။
ယင်းပုံစံများတွင် အမေဇုန်နှင့် အင်ဒိုနီးရှား၊ ဩစတြေးလျ၏ဒေသအချို့တွင် မိုးခေါင်ရေရှားခြင်း၊ အိန္ဒိယတွင် မုတ်သုံကမောက်ကမဖြစ်ခြင်း၊ အပူပိုင်းဇုန်များတွင် မိုးရွာသွန်းမှုပုံစံပြောင်းခြင်း တို့ ပါဝင်သည်။
အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ် နှင့် ၇ နှစ်ကြားတစ်ကြိမ် ဖြစ်ပေါ်ကာ ၉ လမှ ၁၂ လ ကြား ကြာမြင့်လေ့ရှိသည်။
ယခုနှစ်နှောင်းပိုင်း၌ အားကောင်းသော အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာမည်ဟု ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပညာရှင်များက တိုး၍ ယုံကြည်လာကြကြောင်း ဥရောပ၏ ကိုပါနီးကပ်စ်ရာသီဥတုပြောင်းလဲမှုဌာနကလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပြောကြားခဲ့ကာ အလယ်အလတ်မှ အားကောင်းသောအဆင့် သို့မဟုတ် အားကောင်းသောအဆင့်မှစံချိန်တင်အဆင့် အထိ ပြင်းထန်နိုင်ကြောင်းလည်း ၎င်းတို့က ခန့်မှန်းသည်။
အယ်လ်နီညိုရာသီဥတုကြောင့် မိုးရွာသွန်းမှုနည်းခြင်း၊ မူမမှန်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ စားနပ်ရိက္ခာများ ဈေးကြီးခြင်းများ ဖြစ်ပေါ်နိုင်၍ မိသားစုများ အခက်တွေ့နိုင်ကြောင်း နှင့် သန်းပေါင်းများစွာသော လူထုအတွက် ကြောက်စရာ အချက်ပေးခေါင်းလောင်းသံဖြစ်ကြောင်း အာဖရိကရာသီဥတုနှင့် စွမ်းအင်ပညာရှင်အဖွဲ့မှ မိုဟာမက် အက်ဒိုးက ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
◾️လာမည့်ရက်အတွင်း ထူးကဲဒီရေတက်နိုင်
ယခုဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါရက်များအတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ပေခန့်မှ ၂၀ ဒသမ ၀၄ ပေ ခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိသဖြင့် မြစ်ကမ်းနားဒေသများအနီးနေထိုင်ကြသူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် ထုတ်ပြန်ချက်တွင်အသိပေးထားသည်။
“ရန်ကုန်မြစ်က ဒီရေအတက်အကျရှိတဲ့အချိန် သတိထားပြီးစောင့်ကြည့်ဖို့လိုတယ်။ ဒီရေတက်နေလို့ရှိရင် မိုးသည်းထန်တဲ့အချိန်နဲ့လည်း ကြုံတယ်ဆိုလို့ရှိရင် ရေကရန်ကုန်မြစ်ထဲကို လွယ်လွယ်နဲ့ဆင်းမသွားဘူး။ မြို့ထဲမှာ အနိမ့်ပိုင်းတွေမှာရေတင်ပြီးတော့ကြာတတ်တယ်" ဟု ဦးဝင်းနိုင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တွင်လည်းရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်ထိတက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ-MRTV(ပုံဟောင်း)
◾️အမေရိကန်ကို ခြိမ်းခြောက်မှုအဖြစ်နယူးဇီလန်နိုင်ငံသားများ ပိုမိုရှုမြင်လာ
၁၀ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထက် အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်မှုအဖြစ် နယူးဇီလန်နိုင်ငံသားများက ပိုမိုရှုမြင်လာကြကြောင်း ဇွန် ၁၀ ရက်တွင် ပေါ်ထွက်လာသည့် လူထုသဘောထားစစ်တမ်းအရ သိရသည်။
အေးရှား နယူးဇီလန်ဖောင်ဒေးရှင်းက ပြုလုပ်ခဲ့သော အထက်ပါစစ်တမ်းကောက်ခံချက်အရ စစ်တမ်း ကောက်ခံရာတွင် ပါဝင်သူ ၃၉ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စုကို နယူးဇီလန်၏ မိတ်ဆွေအဖြစ် သဘောထားပေးခဲ့ကြပြီး ၃၅ ရာခိုင်နှုန်းကမူ ခြိမ်းခြောက်မှုအဖြစ် သဘောထားပေးခဲ့ကြသည်။
သို့ရာတွင် စစ်တမ်းကောက်ခံချက်၌ ပါဝင်သူ ၄၃ ရာခိုင်နှုန်းကမူတရုတ်နိုင်ငံကို နယူးဇီလန်၏ မိတ်ဆွေ အဖြစ် မှတ်ယူထားပြီး ၂၃ ရာခိုင်နှုန်းက နယူးဇီလန်အတွက် ခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားသည်ကို တွေ့ရကြောင်း အေးရှားနယူးဇီလန်ဖောင်ဒေးရှင်း စစ်တမ်းကောက်ခံချက် အရ သိရသည်။
အလားတူ စစ်တမ်းကောက်ခံချက်၌ ပါဝင်သူ ၈၁ ရာခိုင်နှုန်းကနယူးဇီလန်နှင့် အာရှအကြား ဆက်ဆံရေးမှာ နယူးဇီလန်အတွက်အရေးပါကြောင်း ဆန္ဒသဘောထားပေးခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးမူဝါဒများနှင့် ပြည်ပရေးရာ မူဝါဒများကြောင့် ကုန်သွယ်ရေး လုပ်ငန်းများ ကမောက်ကမဖြစ်နေချိန်တွင် အမေရိကန် ပြည်ထောင်စုအား နယူးဇီလန်အတွက်ခြိမ်းခြောက်မှုအဖြစ် ယူဆလာသူ ပိုများလာခြင်း ဖြစ်သည်။
နယူးဇီလန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကာကွယ်ရေး၊ လုံခြုံရေးနှင့် နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းခဲ့သော နိုင်ငံဖြစ်သည်။
ကိုးကား-ရိုက်တာ
◾️ကွန်ဂို အီဘိုလာဓာတ်ခွဲခန်းများ၌ ဓာတ်ခွဲပစ္စည်းများ ပြတ်လပ်နေ
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ဓာတ်ခွဲခန်း သုံးခုတို့၌ အီဘိုလာဗိုင်းရပ်စ် ရောဂါ စစ်ဆေးစမ်းသပ်ရေးပစ္စည်းများ ပြတ်လပ်နေကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) က ဇွန် ၁၀ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
ကွန်ဂိုအရှေ့ပိုင်း ပြည်နယ်သုံးခုတို့၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေချိန်တွင်ဓာတ်ခွဲခန်းများ၌ ရောဂါစစ်ဆေးဖော်ထုတ်ရေးလုပ်ငန်းဆိုင်ရာ ဓာတ်ခွဲပစ္စည်းများ ပြတ်လပ်လာခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကွန်ဂိုနိုင်ငံအတွင်းရှိ အထက်ပါဓာတ်ခွဲခန်း သုံးခုတို့မှာ အီဘိုလာဗိုင်းရပ်စ် စစ်ဆေးမှုလုပ်ငန်းများကို ယာယီရပ်ထားရပြီးရောဂါစစ်ဆေးဖော်ထုတ်မှုများ ပြန်လည်စတင်ပြုလုပ်နိုင်ရေးအတွက်လိုအပ်သည့် ဓာတ်ခွဲပစ္စည်းများကိုစောင့်ဆိုင်းနေကြကြောင်း ဒဗလျူအိတ်ခ်ျအို သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ကွန်ဂို နိုင်ငံတစ်ဝန်းလုံး၌ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံထားရသူအရေအတွက်မှာ
၆၀၀ နီးပါးအထိ ရှိလာပြီးယင်းဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၁၁၅ ဦး
အထိ ရှိလာခဲ့ပြီဖြစ်သည်။
ကွန်ဂို အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကပ်ဘေးကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်
အခြေအနေအဖြစ် ဒဗလျူအိတ်ခ်ျအိုက ပြီးခဲ့သည့်မေလအတွင်း ကြေညာထားပြီးဖြစ်သည်။
ကွန်ဂိုနိုင်ငံ၌ လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ်မှာ Bundibugyo အီဘိုလာဗိုင်းရပ်စ်
မျိုးကွဲဖြစ်ပြီး အီဘိုလာဗိုင်းရပ်စ်စမ်းသပ်ဖော်ထုတ်မှု နည်းလမ်းအတော်များများဖြင့် ဖော်ထုတ်၍
မရနိုင်သော အီဘိုလာဗိုင်းရပ်စ် ဖြစ်သည်။
ယင်းအပြင် Bundibugyo အီဘိုလာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် ကာကွယ်ဆေးနှင့် သီးခြား
ကုထုံးများလည်း မရှိသေးကြောင်းဒဗလျူအိတ်ခ်ျအို တာဝန်ရှိသူများကပြောကြားထားသည်။
ကိုးကား-ရိုက်တာ
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
