The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
273
Suscriptores
Sin datos24 horas
+57 días
+2430 días
Archivo de publicaciones
◾️သီလရှင်ဝတ်စုံဖြင့် အလှမယ်ပြိုင်ပွဲဝင်သူကိုအရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းထားဟု သာသနာရေးဝန်ကြီးဌာနဆို
Miss Grand Myanmar 2026 ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် ယမန်နေ့(မေ ၅ ရက်) တွင် ပြည်ထဲရေးဝန်ကြီးဌာနအား ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာနထံမှသိရသည်။
ယခုမေလ ၄ ရက်က ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်တွင်ပြုလုပ်သည့် အဆိုပါအလှမယ်ပြိုင်ပွဲတွင် တာချီလိတ်မြို့မှပြိုင်ပွဲဝင်အလှမယ်အိမွန်လွင်သည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကိုဝတ်ဆင်ပြီး Model Showလျှောက်ကာယှဉ်ပြိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ကြောင်း၊ အလှမယ် အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့်တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ် အရေးယူပေးနိုင်ပါရန် ယမန်နေ့(မေ ၅ ရက်) က ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာ ရပ်ခံထားပြီး ဖြစ်ပါကြောင်း သာသနာရေးဝန်ကြီးဌာနက သတင်းမီဒီယာများအားဖြေကြားထားသည်။
MISS GRAND MYANMAR 2026 ပြိုင်ပွဲကျင်းပရေးဘက်မှလည်း ပြိုင်ပွဲတွင်အလှမယ်များအားမြန်မာ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော၊ ကိုးကွယ်ရာဘာသာတရားအားအကြည်အညိုမဲ့စေသော ပြင်ဆင်မှုများမပြုလုပ်လာရန် အသေးစိတ်မှာကြားထားသည့်အပြင် မေလ ၃ ရက်နှင့် ၄ ရက်တွင်ကျင်းပမည့် အမျိုးသားဝတ်စုံပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်မှုနှစ်ကြိမ်လုံးတွင် မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်မှုအားပြသခြင်းမရှိသလို တာဝန်ရှိသူများကိုလည်း ယင်းသို့သရုပ်ဖော်မည့်အစီအစဉ်ကို ကြိုတင်အကြောင်းကြားထားခြင်းမရှိကြောင်းသိရသည်။
ယင်ဖြစ်စဉ်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံတွင်လူဦးရေအများစုကိုးကွယ်ရာဗုဒ္ဓဘာသာကိုမထီမဲ့မြင်ပြုရာ ရောက်ခြင်း၊ ပြိုင်ပွဲမှသတ်မှတ်ထားသည့် စည်းကမ်းအားမလိုက်နာခြင်းတို့ကြောင့် အလှမယ်အိမွန်လွင် အားပြိုင်ပွဲမှထုတ်ပယ်ကြောင်းနှင့် အနူးအညွတ်တောင်းပန်ကြောင်း MGM Organization ကလည်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final တို့ကိုလည်း လတ်တလောအခြေအနေများကြောင့် အကန့်အသတ်မရှိရွှေ့ ဆိုင်းကြောင်း Miss Grand Myanmarပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကယနေ့ (မေ ၆ရက်)တွင် ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
◾️အနောက်ဘင်ဂေါလ်ပြည်နယ် ရွေးကောက်ပွဲ၌ ဘီဂျေပီပါတီ အပြတ်အသတ်အနိုင်ရ
အိန္ဒိယနိုင်ငံ၏ အဓိကအကျဆုံးရွေးကောက်ပွဲများတွင် ပါဝင်သော အနောက်ဘင်ဂေါလ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ၌အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဘရာတိယာဂျနေတာ ပါတီ (ဘီဂျေပီ)က ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ကြောင်း မေ ၅ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
လက်ရှိအချိန်တွင် ဆန္ဒမဲများရေတွက်နေဆဲဖြစ်သော်လည်း နောက်ဆုံးပေါ်ထွက်လာသောရလဒ်များအရ အနောက်ဘင်ဂေါလ်ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၉၄ နေရာအနက် ၂၀၆နေရာကို ဘီဂျေပီ ပါတီက ရရှိထားကြောင်း သိရသည်။
ဘီဂျေပီ ပါတီအနေဖြင့် အတိုက်အခံများနှစ်ပေါင်းများစွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အနောက်ဘင်ဂေါလ် ပြည်နယ်၌ ပထမဆုံးအကြိမ်အဖြစ် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အနောက်ဘင်ဂေါလ်ပြည်နယ်သည် ယခုနှစ် ဧပြီလနှင့် မေလအတွင်း ရွေးကောက်ပွဲများကျင်းပခဲ့သော အိန္ဒိယပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ငါးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
အနောက်ဘင်ဂေါလ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲရလဒ်ကြောင့် စီးပွားရေးနှင့် နိုင်ငံခြားရေး မူဝါဒ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီအတွက်နိုင်ငံရေးအရ ရပ်တည်နိုင်စွမ်း ပိုမိုခိုင်မာလာနိုင်သည်။
လူဦးရေ သန်း ၁၀၀ ကျော်ရှိသောအနောက်ဘင်ဂေါလ်ပြည်နယ်ကို ၂၀၁၁ ခုနှစ်မှစ၍ ပြည်နယ်အခြေစိုက် အတိုက်အခံပါတီတစ်ခုက ထိန်းချုပ်ထားခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အမ်ဗွီဟွန်ဒီးရပ်စ် ဇိမ်ခံသင်္ဘောပေါ်မှဗိုင်းရပ်စ် လူနာနှစ်ဦးကို ခေါ်ထုတ်မည်
အနောက်အာဖရိက ကမ်းလွန်ရေပြင်အတွင်း ရှိနေသော နယ်သာလန်အခြေစိုက် ခရီးသည်တင် ဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှ ဟန်တာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ပြသနေသည့် လူနာ နှစ်ဦးကို ခေါ်ထုတ်ရေးအတွက် ဆေးပညာရှင်များက ပြင်ဆင်မှုများပြုလုပ်နေကြောင်း နယ်သာလန်တာဝန်ရှိသူ များက မေ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမ်ဗွီဟွန်ဒီးရပ်စ်အမည်ရှိအဆိုပါခရီးသည်တင်ဇိမ်ခံသင်္ဘောပေါ်တွင်ဟန်တာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြောင့် ခရီးသည် သုံးဦးသေဆုံးခဲ့ရပြီးနောက်ရောဂါလက္ခဏာများ ပြသနေသော ခရီးသည် နှစ်ဦးကို ခေါ်ထုတ်ရေးအတွက်နယ်သာလန်နိုင်ငံ ပြည်သူ့ကျန်းမာရေး အမျိုးသားအင်စတီကျူက စီစဉ်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အမ်ဗွီဟွန်ဒီးရပ်စ် သင်္ဘောပေါ်၌ ခရီးသည် ၁၅၀ ခန့်သောင်တင်နေဆဲဖြစ်ကြောင်း နယ်သာလန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ဟန်တာဗိုင်းရပ်စ်သည် ကြွက်များမှ တစ်ဆင့် လူသားများထံ ကူးစက်နိုင်ပြီး ယင်းဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါက အသက်အန္တရာယ်နီးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ပေါ်လာတတ်ကြောင်း သိရသည်။
သို့ရာတွင် ဟန်တာဗိုင်းရပ်စ်များ လူသားတစ်ဦးမှ တစ်ဦးထံ ကူးစက်မှုများမှာ အလွန်ရှားပါးကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မေ ရက်မှ ၉ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတပူတင် ကြေညာထား
ရုရှားနိုင်ငံ၏ (၈၁) ကြိမ်မြောက် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မေ ၈ ရက်မှ ၉ ရက်အထိ ယူကရိန်းစစ်မြေပြင်၌ အပစ်အခတ်ရပ်စဲပေးထားမည်ဖြစ် ကြောင်း ရုရှားသမ္မတပူတင်က မေ ၄ ရက်တွင် ကြေညာထားသည်။
ရုရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီအပေါ် အောင်ပွဲရရှိမှု အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို မေ ၉ ရက်တွင် မော်စကိုမြို့တော်ရင်ပြင်နီ၌ ကျင်းပရန် စီစဉ်ထားသည်။
မေ ၈ ရက်မှ ၉ ရက်အထိ ယူကရိန်းစစ်ပွဲအပစ်အခတ်ရပ်စဲရေး အတွက်ရုရှားသမ္မတပူတင်၏ ကြေညာချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းအတည်ပြုထားပြီး အထက်ပါအပစ်အခတ် ရပ်စဲရေးကြေညာချက်ကို ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနည်းတူလိုက်နာရန် တိုက်တွန်းထားသည်။
ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ အထိမ်းအမှတ်ကာလအတွက် ရုရှားသမ္မတပူတင်က တစ်ဖတ်သတ်အ ပစ်အခတ်ရပ်စဲရေး ကြေညာထားချိန်တွင်ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း မေ ၅ ရက်မှ ၆ ရက်အထိ အပစ်အခတ်ရပ်စဲပေးမည်ဖြစ်ကြောင်း သီးခြားအဆိုပြုထားသည်။
မေ ၉ ရက်တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ လုံခြုံရေး အတွက် လိုအပ်သည့် လုံခြုံရေး အစီအမံအားလုံး ကျင့်သုံးမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အလားတူ အထက်ပါအခမ်းအနားများကို နှောင့်ယှက်ဖျက်ဆီးရန် ယူကရိန်းနိုင်ငံက ကြိုးပမ်းလာခဲ့ပါက လက်တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ သတိပေးထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အိမ်ဖြူတော်လုံခြုံရေးများနှင့် အမျိုးသားတစ်ဦးတို့အကြား ပစ်ခတ်မှုဖြစ်
အမေရိကန် ပြည်ထောင်စုဝါရှင်တန်မြို့တော် အိမ်ဖြူတော်အနီး၌ မေ ၄ ရက်က သမ္မတလုံခြုံရေး အဖွဲ့ဝင်များနှင့် မသင်္ကာဖွယ်အမျိုးသားတစ်ဦးတို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်နက် ကိုင်ဆောင်ထားသော အထက်ပါ မသင်္ကာဖွယ်အမျိုးသားသည် ၎င်းအနီးချဉ်းကပ်လာသည့် လုံခြုံရေးများကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားသည်။
သို့ရာတွင် အိမ်ဖြူတော် လုံခြုံရေးဝန်ထမ်းများ၏ ပစ်ခတ်တားဆီးမှုကြောင့် အထက်ပါအမျိုးသားမှာ
ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။အထက်ပါ အပြန်အလှန်
ပစ်ခတ်မှုသည် အိမ်ဖြူတော်သို့ဒုတိယသမ္မတ ဂျေဒီဗင့်စ်၏ယာဉ်တန်းမရောက်ရှိမီ ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်။
ယင်းအပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် အိမ်ဖြူတော်အတွင်းသမ္မတဒေါ်နယ်ထရန့်လည်း ရှိနေ
ကြောင်း အမေရိကန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့်လကုန်ပိုင်းက အမေ
ရိကန်သမ္မတဒေါ်နယ်ထရန့် ကိုယ်တိုင်တက်ရောက်ခဲ့သော အိမ်ဖြူတော် သတင်းထောက်များအသင်းညစာစားပွဲ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဝါရှင်တန်မြို့တော်တွင် လုံခြုံရေး တင်းကျပ်ထားသည်။
မေ ၄ ရက် ပစ်ခတ်မှုသည်ယခင်ဖြစ်ပွားခဲ့သော သမ္မတဒေါ်နယ်ထရန့်အား လုပ်ကြံရန်ကြိုးပမ်းမှုများ
နှင့် ဆက်စပ်မှု ရှိ၊ မရှိကို အိမ်ဖြူတော်လုံခြုံရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️UFC ချန်ပီယံ Joshua Van ၏ ပထမဆုံးခါးပတ်ကာကွယ်ပွဲ မေ ၉ ရက်တွင် ကျင်းပမည်
UFC 328 ပြိုင်ပွဲတွင် မြန်မာနိုင်ငံဖွား UFC Flyweight ချန်ပီယံJoshua Van သည် ၎င်း၏ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်ရမည့် ပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ Tatsuro Taira နှင့် မေ ၉ ရက်တွင်အမေရိကန်နိုင်ငံ Prudential Center ၌ ထိုးသတ်မည်ဖြစ်သည်။
အဆိုပါ UFC 328 ပြိုင်ပွဲ၏ Co-Main Event ပွဲစဉ်သည် UFC သမိုင်းတစ်လျောက် ပထမဦးဆုံးအကြိမ် အာရှသား ဖိုက်တာနှစ်ဦးယှဉ်ပြိုင်သည့် ပွဲစဉ်တစ်ခုဖြစ်သည်။
ချန်ပီယံ Van သည် ၂၀၂၅ခုနှစ်ဒီဇင်ဘာတွင် ဘရာဇီးနိုင်ငံသားချန်ပီယံဟောင်း Alexandre Pantoja ကိုအနိုင်ယူကာ UFC ချန်ပီယံခါးပတ်ကိုသိမ်းပိုက်နိုင်ခဲ့သူဖြစ်ပြီးလက်ရှိတွင် MMA ပွဲစဉ်မှတ်တမ်းအရ (၁၂နိုင်၁ပွဲရှုံး)ရရှိထားသူဖြစ်သည်။
ယင်း ခါးပတ်ကာကွယ်ပွဲတွင် Van သည် ဂျပန်နိုင်ငံသား Tatsuro Tairaနှင့် ယဉ်ပြိုင်သွားမည်ဖြစ်ပြီးTaira သည် လက်ရှိအချိန်ထိ ၁၆ပွဲနိုင်ရှုံးပွဲမရှိ ဖိုက်တာတစ်ဦးဖြစ်ကြောင်းသိရသည်။
ထိုပွဲကို ကမ္ဘာတစ်ဝန်း MMA ပရိသတ်များက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပြီး Van အနေဖြင့် ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်လားဆိုသည်မှာ အထူးစိတ်ဝင်စားဖွယ်ဖြစ်နေကြောင်း သိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-UFC
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အီရန် ရေယာဉ်ငယ် ခြောက်စင်းကို ဟော်မုဇ်ရေလက်ကြား၌ အမေရိကန် တိုက်ခိုက်ဖျက်ဆီး
ဟော်မုဇ် ရေလက်ကြားဒေသ၌အရပ်ဘက်သင်္ဘောများအား ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းနေသောအီရန် ရေယာဉ်ငယ် ခြောက်စင်းကိုမေ ၄ ရက်တွင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမေရိကန်စစ်ဘက်မှ သတင်းထုတ်ပြန်ထားသည်။
ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် အမေရိကန် ရေတပ်က အီရန်ရေယာဉ်ငယ်များကို ဟော်မုဇ်ရေလက်ကြား၌ တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
မေ ၄ ရက်တွင် အမေရိကန်ရေတပ်၏ လုံခြုံရေးရယူပေးမှုဖြင့် အမေရိကန်မှတ်ပုံတင် သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ခဲ့ကြောင်းအမေရိကန်စစ်ဘက်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု၏ အဓိက ဒေသတွင်း မဟာမိတ်ဖြစ်သောအာရပ် စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံကို အီရန်နိုင်ငံက မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
သုံးလတာ ကာလ အတွင်း ဝင်ရောက်လာပြီဖြစ်သော အီရန်စစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ဖြင့်ရပ်ဆိုင်းထားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်နိုင်ငံက မေ ၄ ရက်တွင် ယူအေအီးနိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပရောဂျက်ဖရီးဒမ်းအမည်ရှိ စစ်ဆင်ရေးဖြင့် ပင်လယ်ကွေ့ရေပြင်များအတွင်း ပိတ်မိနေသော သင်္ဘော များကို ကယ်ထုတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မေ ၃ ရက်တွင် ကြေညာထားသည်။
အလားတူ ပိတ်မိနေသည့် သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ခေါ်ထုတ်မှု စစ်ဆင်ရေးကို ဟန့်တားနှောင့်ယှက်ပါက စစ်ရေးအရ ဖြေရှင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို သတိပေးထားသည်။
ပိတ်မိနေသည့် သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ခေါ်ထုတ်ရေးလုပ်ငန်းစဉ်၌ အမေရိကန်စစ်ဘက်က တပ်ဖွဲ့ဝင် အင်အား ၁၅၀၀၀၊ မြေပြင်၊ ရေပြင် အခြေစိုက် လေယာဉ်စင်းရေ ၁၀၀ ကျော်အပြင် စစ်သင်္ဘောများ၊မောင်းသူမဲ့လေယာဉ်များ ပါဝင်လျက်ရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က စစ်ရေးအရ စတင် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံက မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို ပိတ်ဆို့ခဲ့ရာ ကမ္ဘာ့စွမ်းအင်ဈေးကွက်၌ စွမ်းအင်ဖြည့်ဆည်းမှု ကွင်းဆက် ပြတ်တောက်ခဲ့ရပြီး စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းတွင် တရားမဝင် နိုင်ငံခြားသားလုပ်သားများကိုစစ်ဆေးဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်မည်
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးဖမ်းဆီး အရေးယူမှုများ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီး Julapun Amorrivivat က မေ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများနှင့် သတ်မှတ်ထားသော အလုပ်အမျိုးအစားများကိုကျော်လွန်၍ တားမြစ်ထားသောလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို တင်းကျပ်စွာ စစ်ဆေးရှာဖွေ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့စစ်ဆေးမှုများကို အရှိန်မြှင့်ဆောင်ရွက်မည်ဟု ကြေညာခြင်းမှာ မေ ၁ ရက်တွင် စူရတ်ဌာနီခရိုင်
ကော့ဖငန်းကျွန်းရှိ Arki Kidကလေးထိန်းကျောင်းအား အာဏာပိုင်များ ဝင်ရောက်စစ်ဆေး အရေးယူခဲ့ပြီးနောက်ဖြစ်သည်။
စစ်ဆေးမှုအတွင်း အဆိုပါကျောင်းတွင် အသက် (၂) နှစ်မှ (၁၂)နှစ်အရွယ် နိုင်ငံခြားသားကလေးငယ်၈၉ ဦးနှင့်အတူ မြန်မာလုပ်သား ၄၀ပါဝင်သည့် နိုင်ငံခြားသားလုပ်သားစုစုပေါင်း ၆၂ ဦးကို တွေ့ရှိခဲ့သည်။သို့ရာတွင် အစိုးရထံ တရားဝင်မှတ်ပုံတင်ထားမှုအရ ယင်းကျောင်းသည် အသက် (၂) နှစ်မှ (၅) နှစ်အရွယ် ကလေး ၁၈ ဦး ကိုသာ လက်ခံသင်ကြားခွင့်ရှိကြောင်း သိရသည်။
သတ်မှတ်အရေအတွက်ထက်ကျော်လွန်၍ လက်ခံသင်ကြားခြင်း၊ခွင့်ပြုချက်မရှိဘဲ ကျောင်းဖွင့်လှစ်ခြင်းနှင့် နိုင်ငံခြားသားများကို တရားမဝင်အလုပ်ခန့်ထားခြင်းတို့ကြောင့် ကျောင်းတာဝန်ခံ ထိုင်းအမျိုးသမီးနှင့် အီရန်နိုင်ငံသားတစ်ဦးကို အရေးယူထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားသား ခုနစ်ဦးကိုလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်မှုနှင့် အလုပ်ရှင် ပြောင်းလဲမှုကို မတိုင်ကြားမှုဖြင့် အရေးယူထားပြီး မြန်မာ လုပ်သား ၄၀ အပေါ် အရေးယူဆောင်
ရွက်မှု ရှိ၊ မရှိကိုမူ တရားဝင်ထုတ်ပြန်ချက်များ၌ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဥပဒေအရ နိုင်ငံခြားသားများသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခွင့်
မရှိသလို ဈေးရောင်း၊ အနှိပ်လုပ်ငန်း၊ဆံပင်အလှပြင်၊ သယ်ယူပို့ဆောင်ရေး၊ဧည့်လမ်းညွှန် စသည့် တားမြစ်ထားသောအလုပ်များတွင်လည်း ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။
တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါကဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀အထိ ချမှတ်ခံရခြင်း၊ မိမိနိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရခြင်းနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် နှစ်နှစ်အထိ
ပိတ်ပင်ခံရနိုင်သည်။
ထို့ပြင် တရားမဝင် လုပ်သားများကို အလုပ် ခန့်ထားသော အလုပ်ရှင်များသည် လည်း ဘတ် ၁၀၀၀၀ မှ၁၀၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနကတရားမဝင် အလုပ်လုပ်ကိုင်နေသူများကို သံသယရှိပါက တိုင်ကြားနိုင်
ရန်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း-ဆုလဲ့
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့(ထိုင်တွင်ဖမ်းဆီခံရသည့်တရားမဝင်လုပ်သားအချို့)
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ခွင့်ပြန်အလုပ်သမားများ အထောက်အထားခိုင်လုံစွာတင်ပြမှသာ ပြည်ပထွက်ခွာခွင့်ပြု
မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာပြီး PJ စာအုပ်ကိုင်ဆောင်ထားသောအလုပ်သမားများသည် အထောက်အထားခိုင်လုံစွာတင်ပြမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယမန်နေ့(မေ ၄ ရက်) ကထုတ်ပြန်သည်။
ယခုမေလ ၁ ရက်မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေကြသည့်အလုပ်သမားများတွင် ခွင့်ကာလတစ်လအထက်ကျော်သူများသည် ခွင့်ကာလတစ်လကျော်ယူရသည့်အကြောင်းပြချက်နှင့် OWIC တွင် ဖော်ပြထားသောနိုင်ငံနှင့်လုပ်ငန်းခွင်ကွဲလွဲသူများသည် ကွဲလွဲရသည့်အထောက်အထား ခိုင်လုံစွာဖြင့်တင်ပြရမည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်မည့်အလုပ်သမားများသည် အလုပ်ရှင်ထံမှခွင့်စာ (Letter of Permission for Leave) နှင့် သက်ဆိုင်ရာမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှထုတ်ပေးသော ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ပြန်လည်ထွက်ခွာခွင့်ညတင်ပြလျှောက်ထားရမည်ဟုဆိုသည်။
မြန်မာနိုင်ငံသားများအလုပ်သွားရောက်လုပ်ကိုင်နေသောနိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနက် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့်တို့မှအပ နှစ်ပတ်လည်ခွင့်အပါအဝင် သာမန်ခွင့်များကို အများဆုံးတစ်လသာခွင့်ပြုထားသည်ဟုသိရှိထားရသဖြင့် အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန်အလုပ်သမားဖြစ်ကြောင်း သေချာစေရန်စိစစ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့်မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့အလုပ်လုပ်ကိုင်ရာ သက်ဆိုင်ရာနိုင်ငံရှိလုပ်ငန်းခွင်များသို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးမှုမရှိစေရေးအတွက် စိစစ်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ-MOI(ပြည်ပသို့သွားရောက်မည့်အလုပ်သမားများကိုတွေ့ရစဉ်)
ပုံဟောင်းအသုံးပြုထားပါသည်
#ပြည်တွင်းသတင်း
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
