သွယ်မြိတ် [ Thwe Myeik]
Open in Telegram
နေ့တိုင်း အနည်းငယ်ပေါ့ မင်းအပြုံးရဲ့ ချစ်စရာ ကမ္ဘာလုံးဆိုင်ရာ စိတ်ချမ်းသာမှု ငါရခဲ့တာကို တစ်ခါမမေ့နိုင်ဘူး။ - သွယ်မြိတ် ချစ်ခြင်းမေတ္တာဟာ မျက်မှန်လေးနဲ့ ကဗျာမှ
Show moreThe country is not specifiedThe category is not specified
341
Subscribers
+124 hours
+27 days
+1030 days
Posts Archive
ငါတို့က
တစ်ကိုင်းတည်းနားတဲ့
ငှက်တွေမဟုတ်ပါဘူး
ဒါပေမယ့်
တစ်သားတည်းလည်တဲ့
သံသရာတွေပါ။
-သွယ်မြိတ်
မိုးရေထဲမှာသာ ဆေးလိပ်သောက်လို့ရခဲ့ရင်
ငါတို့စိတ်တွေ ငြိမ်သက်သွားနိုင်တယ်။
မိုးရေစက်တွေက မျက်ရည်တွေကိုဖုံးပြီး
ဆေးလိပ်က သက်ပြင်းချသံတွေကိုထိန်းထားပေးလိမ့်မယ်။
ငါသေပြီးလို့ ဘုရားသခင်နဲ့တွေ့တဲ့အခါ
ဒီလိုသဘာဝမျိုးကိုပဲ တောင်းချင်တယ်။
-သွယ်မြိတ်
သိုးတွေ မအိပ်တဲ့ည
သိုးတွေက လမ်းကိုသိတယ်။
ဒါပေမဲ့
ဘယ်ကိုသွားနေကြတယ်ဆိုတာ
သူတို့ကိုယ်တိုင် မသိဘူး။
လမ်းထောင့်မှာ
ဖိနပ်တစ်ရံရှိတယ်။
ခြေထောက်မရှိဘဲ
မိုးရေထဲမှာ
တစ်ယောက်ယောက်ကို စောင့်နေတယ်။
ငါ မကောက်ခဲ့ဘူး။
-သွယ်မြိတ်
သီချင်းဟောင်းတစ်ပုဒ်
အိတ်ကပ်ထဲက
ကျောက်စရစ်ခဲတစ်လုံးကို
ထုတ်ကြည့်လိုက်တိုင်း
လက်ဖဝါးက အသက်ကြီးလာတယ်။
လမ်းဟောင်းတွေကို
ပြန်လျှောက်ကြည့်တယ်။
သစ်ပင်တွေက ငါ့ကို မှတ်မိသေးတယ်၊
ငါကတော့
သစ်ရွက်တစ်ရွက်ရဲ့ အမည်ကိုတောင် မမှတ်မိတော့ဘူး။
လေတိုက်တိုင်း
တစ်ယောက်ယောက်က
ငါ့နာမည်ကို ခေါ်နေတယ်လို့ ထင်မိပေမယ့်၊
အနီးရောက်လာတော့
အချိန်တစ်ခုရဲ့ အသက်ရှူသံဖြစ်နေတယ်။
ငယ်ငယ်တုန်းက
ကောင်းကင်ဟာ မြင့်တယ်။
အခုတော့
ကောင်းကင်မနိမ့်သွားဘူး၊
ငါသာ
အမှတ်တရတွေကို ထမ်းထားလွန်းလို့
ကျောကုန်းက ကွေးသွားတာ။
တချို့နေ့တွေမှာ
နေဝင်တာကို ကြည့်ရင်း
နေက မနက်ဖြန် ပြန်ထွက်မယ်ဆိုတာထက်၊
ငါတို့ရဲ့ မနေ့ကတွေက
ဘယ်တော့မှ
ပြန်မရတော့ဘူးဆိုတာကိုပဲ
ပိုယုံကြည်လာတယ်။
ဒါပေမယ့်
ညနေခင်းက
တိတ်တိတ်လေး သီချင်းဆိုနေတုန်းပဲ။
အဲဒီသီချင်းထဲမှာ
ငါ ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ ဖိနပ်၊
မိုးရေစက်တွေပေါ် ပြေးခဲ့တဲ့ ခြေရာ၊
နာမည်မမှတ်မိတော့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရယ်သံ
အားလုံး ရှိနေသေးတယ်။
ငါတို့ ကြီးပြင်းလာတာက
အသက်အရွယ်ကြောင့်မှမဟုတ်ပါဘူး၊
ပြန်မရတော့တဲ့ နေ့တွေကို
တဖြည်းဖြည်း
လက်လွှတ်တတ်လာလို့။
-သွယ်မြိတ်
ချစ်သော တောပန်းကလေးများ
ခုနေခါ
ငါသွားနေတဲ့
မြေလမ်းလေးနံဘေးက
တောပန်းကလေးတွေ
မင်းကိုလက်ဆောင်ပေးချင်တယ်။
ဘာအလိုဆန္ဒမှ
မများမြောင်ရပါဘူး
အချစ်ရယ်
မင်းကျန်းမာရဲ့လား
မင်းစိတ်ချမ်းသာရဲ့လား
ဒီအတိုင်းသာ
တစ်ကမ္ဘာလုံး
ရှိနေဖို့ပဲမဟုတ်လား။
- သုခမိန်လှိုင်
ဆိတ်သီချင်း မကြားရတဲ့ည
ညဟာ
ငါ့အိတ်ကပ်ထဲ ဝင်အိပ်သွားတယ်။
လရောင်ကို
ငါ အကြွေးတင်ထားတာ
နှစ်အတော်ကြာပြီ။
တစ်ခါတလေ
လမ်းဘေးသစ်ပင်တွေက
လူတွေထက် ငါ့နာမည်ကို
ပိုမှတ်မိကြတယ်။
ငါ့အရိပ်ဟာ
နောက်ကျမှ ရောက်လာတတ်တဲ့ သူငယ်ချင်း။
ငါကတော့
အရင်ထွက်သွားတတ်တဲ့ မိုး။
ဆိတ်တစ်ကောင်ရဲ့ မျက်လုံးထဲမှာ
ဘုရားသခင်ကို
တစ်စက္ကန့်လောက် မြင်ဖူးတယ်။
ဒါပေမဲ့
ငါ မျက်တောင်ခတ်လိုက်တဲ့အချိန်
အဲဒါဟာ
မြက်ရွက်တစ်ရွက် ဖြစ်သွားခဲ့တယ်။
အချစ်ဆိုတာ
ရထားမဟုတ်ဘူး။
ဘူတာလည်း မဟုတ်ဘူး။
အချစ်ဆိုတာ
လက်ထဲက ဖန်ခွက်ကို
ဖြည်းဖြည်းချင်း ကွဲသွားစေတဲ့ အသံ။
မနက်ဖြန်ကို
ငါ မယုံဘူး။
မနေ့ကကိုလည်း
သိပ်မယုံတော့ဘူး။
ယုံတာတစ်ခုရှိခဲ့ရင်
လေတိုက်တိုင်း
ငါ့ရင်ဘတ်ထဲက
ဆိတ်ငယ်တစ်ကောင်
တောင်ကုန်းပေါ် တက်သွားတဲ့ အသံ။
အဲဒီအသံကို
ဘယ်သူမှ မကြားဘူး။
ကြားတဲ့သူက
ငါတစ်ယောက်တည်း။
ငါတောင်
တစ်ခါတလေ
အဲဒီအသံဟာ
ငါ့ဟာ ဟုတ်ရဲ့လားလို့
သံသယဝင်တတ်သေးတယ်။
-သွယ်မြိတ်
နေဝင်ရာဘက်မှာ
တဖြည်းဖြည်းနဲ့ မဝင်တော့တဲ့
နေရောင်ခြည်နဲ့အတူ
လူတွေက
အလင်းကို တစ်ရွက်ချင်း
ခွာယူသွားကြတာ။
အိမ်ဟောင်းကြီးထဲက
နံရံတွေက
ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို
ဖုန်နဲ့အတူ ဆွဲချနေတယ်။
ငါတို့ဟာ
အမွေဆက်ခံသူတွေ မဟုတ်ဘူး။
ပျက်စီးခြင်းကို
နောက်ဆုံးလက်မှတ်ထိုးပေးရတဲ့
သက်သေခံတွေပဲ။
မနက်ဖြန်ဆိုတာ
လူတိုင်းပြောကြတဲ့ စကား။
ဒါပေမယ့်
နေဝင်ခဲ့ဖူးတဲ့သူတွေအတွက်တော့
မနက်ဖြန်ဟာ
မနေ့ကရဲ့ အရိပ်ကို
နာမည်ပြောင်းထားတာပဲ။
ငါ
ပန်းတစ်ပွင့်ကို မချစ်တော့ဘူး။
ပန်းအိုးကွဲသွားတဲ့ အသံကိုပဲ
ပိုယုံကြည်လာတယ်။
ချစ်ခြင်းမေတ္တာဆိုတာ
အသက်ရှင်ဖို့ မလုံလောက်ဘူး။
ဒါပေမယ့်
မသေခင်အထိ
ကိုယ့်ကိုယ်ကို လိမ်ညာထားနိုင်တဲ့
နောက်ဆုံးအကြောင်းပြချက်တော့
ဖြစ်နိုင်တယ်။
အမေ…
လူတွေက
ခေတ်သစ်ကို ကြိုဆိုနေကြတယ်။
ကျွန်တော်ကတော့
တံခါးဟောင်းကို
တိတ်တိတ်လေး ပြန်ပိတ်နေမိတယ်။
ကောင်းကင်ဟာ နေဝင်မှ
အမှောင်ကျတာမျိုးဆိုရင်
လူတစ်ယောက်
ကိုယ့်ရဲ့နောက်ဆုံးယုံကြည်မှုကို
လက်လွှတ်လိုက်တဲ့အချိန်ကစပြီး
ညဟာ
တဖြည်းဖြည်း
ဖြစ်လာတာ။
-သွယ်မြိတ်
ဒီကမ္ဘာမှာ
တချို့လူတွေဟာ
အသက်ရှင်နေကြတာ မဟုတ်ဘူး။
လူတွေ
မကြောက်အောင်
အသက်ရှင်နေတဲ့ပုံစံကို
သရုပ်ဆောင်နေကြတာ။
ငါလည်း
အဲဒီထဲက
တစ်ယောက်။
-သွယ်မြိတ်
အချိန်တွေ အများကြီးကုန်ဆုံးသွားတဲ့အခါ
ကွဲပြားတဲ့ကမ္ဘာနှစ်ခုမှာ ကိုယ်စီရှင်သန်ရင်း
ဘူတာရုံတစ်ဖက်ခြမ်းမှာ
တစ်ယောက်ကိုတစ်ယောက်
လှည့်မကြည့်နိုင်ခဲ့တဲ့ခေတ်ဆိုး။
- သွယ်မြိတ်
နာကျင်မှုတွေကို ဖွင့်ဟဖို့ရာ
ဒီကမ္ဘာမှာ ငါ့အတွက်သက်သေဆိုလို့
ငါ့ရဲ့ တုန်ရီနေတဲ့အသံတွေပဲ ရှိတော့တယ်။
- သွယ်မြိတ်
ငြိမ်သက်ခြင်း
ဘယ်လို ခွန်အားမျိုးကိုမှ ရှာမတွေ့တော့ဘူး၊
ရှင်သန်ခြင်းဆိုတာ မွန်မြတ်တယ်ဆိုတဲ့
လိမ်ညာချက်ကိုလည်း
ဘယ်သူ့ကိုမှ ဆက်မယုံကြည်ခိုင်းချင်တော့ဘူး။
ကြယ်တာရာတွေလည်း ကြွေကျကုန်ပြီ၊
လောကကြီးရဲ့ နံရံတွေက ငါတို့အပေါ်
ပြိုကျလာချိန်မှာ ရုန်းကန်ဖို့ထက်
ငြိမ်သက်စွာ လက်ခံလိုက်ဖို့က ပိုလွယ်ကူနေပြီ။
-သွယ်မြိတ်
နေဝင်ဆဲ ဥပဒေသ
ငါတို့ရဲ့ တန်ဖိုးတွေဟာ
ရေထဲကို ကျဆင်းသွားတဲ့ ဆည်းဆာလို
တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ပြီ။
မင်းသမီးတစ်ပါးရဲ့ နှလုံးသားနဲ့
ဖြိုခွင်းခံရတော့မည့် နန်းတော်ဟောင်းကြီးထဲမှာ
ငါတို့ဟာ အရှင်လတ်လတ် မီးသင်္ဂြိုဟ်ခံနေရသလိုပဲ။
မိုးကုပ်စက်ဝိုင်းဆီ ဖြည်းဖြည်းချင်း ကျဆင်းသွားတဲ့
နေဝန်းကြီးကို ငေးကြည့်ရင်း...
ခေတ်ဟောင်းရဲ့ သေဆုံးခြင်းကနေ
ကိုယ်ပိုင် အသက်ရှူသံတွေလည်း
စတင်ပိတ်မိလာလိမ့်မယ်။
-သွယ်မြိတ်
မင်းသိတဲ့အတိုင်းပဲလေ...
ငါတို့ဟာ အသက်ရှင်ချင်လို့
အသက်ရှင်နေကြတာ မဟုတ်ပါဘူး။
သေဆုံးဖို့ လက်တွန့်နေကြလို့သာ
ဒီမီးခိုးငွေ့တွေကြားမှာ
အရိပ်လိုလို လူလိုလိုနဲ့
ဆက်ပြီး လှည့်လည်နေကြရုံပါပဲ။
-သွယ်မြိတ်
လူဖြစ်ရှုံးခဲ့သူ
လူအုပ်ကြီးထဲမှာ ရှင်သန်ရတာ
မျက်နှာဖုံးပေါင်း တစ်သောင်းကြားက
မျက်နှာမဲ့ အလောင်းကောင်တစ်ကောင်လို…။
ရယ်မောတတ်ဖို့ သင်ကြားခဲ့ဖူးတယ်၊
ဒါပေမဲ့ ရယ်သံတိုင်းဟာ ရင်ဘတ်ရဲ့
ကွပ်မျက်ခံထားရတဲ့ အခန်းထဲက
ငိုကြွေးသံတွေနဲ့
ငါ့ရဲ့ တကယ့်မျက်နှာမှန်ကို ဖုံးကွယ်ရင်း
လူ့ဘောင်ရဲ့ သမုဒ္ဒရာထဲ
ရေနစ်သေဆုံးနေခဲ့တာ ကြာပြီပေါ့။
အို… ဗာဂို မင်း ဖြတ်သန်းခဲ့တဲ့
လမ်းကြမ်းကြီးအတိုင်းပဲ
ငါလည်း လျှောက်လှမ်းနေမိတယ်၊
လောကဓံရဲ့ ရက်စက်မှုကို ကျော်လွန်ဖို့
ဟာသတွေနဲ့ ဖုံးကွယ်ခဲ့ရတဲ့ ကာလတွေဟာ
အမှန်တရားထက်
ပိုပြီး နက်ရှိုင်းလာတဲ့အခါ...
ငါ့ကို မေးခွန်းထုတ်ချင်နေလား။
-သွယ်မြိတ်
“ဖြစ်ချင်တဲ့ ဘဝ”
အရိပ်သုံးပါးကို
နားလည်လာတဲ့နောက်
ဘယ်အရာကိုမှ
ဆုပ်ကိုင်မထားချင်တော့ဘူး။
ကိုယ့်ရင်ထဲမှာ
မီးစတစ်စတောင် မမွေးချင်သလို၊
တစ်ပါးသူရင်ထဲကိုလည်း
မီးခိုးတောင် မရောက်စေချင်ဘူး။
ကိုယ့်မှာ
တစ်ခြမ်းပဲ ရှိရင်တောင်
တစ်ဝက်ကို
အခြားတစ်ယောက်ရဲ့ ဆာလောင်မှုထဲ
တိတ်တိတ်လေး ထည့်ပေးနိုင်တဲ့
စိတ်မျိုးကိုပဲ
ချမ်းသာမှုလို့ ခေါ်တယ်။
နောက်ဆုံးတော့
ဘဝဆိုတာ
ကြီးကျယ်တဲ့ အောင်မြင်မှုတွေထက်၊
အေးအေးချမ်းချမ်း
အသက်ရှူနိုင်တဲ့ ညတစ်ည၊
အေးအေးချမ်းချမ်း
ရယ်မောတတ်တဲ့ လူတချို့၊
အေးအေးချမ်းချမ်း
ကိုယ့်ဘေးမှာ ရှိနေတဲ့
နှလုံးသားတွေ။
အဲဒီလောက်နဲ့ပဲ
ဘဝကို
ချစ်လို့ရပြီ။
- သွယ်မြိတ်
နေ့တိုင်း အနည်းငယ်ပေါ့
မင်းအပြုံးရဲ့ ချစ်စရာ
ကမ္ဘာလုံးဆိုင်ရာ စိတ်ချမ်းသာမှု
ငါရခဲ့တာကို တစ်ခါမမေ့နိုင်ဘူး။
- သွယ်မြိတ်
ချစ်ခြင်းမေတ္တာဟာ မျက်မှန်လေးနဲ့
ကဗျာမှ
ပြန်တွေ့ရရင်တောင်
နာမည်ကြားတိုင်း
ရင်ခုန်နေတဲ့ ငါ့ကို
မင်းက မသိသလိုလေး
ဖြတ်လျှောက်သွားလိမ့်မယ်၊
အောင်နိုင်သူ တစ်ယောက်မှမရှိတဲ့
စစ်ပွဲတစ်ခုမှာ
ရှုံးနိမ့်ခဲ့တာ ငါတစ်ယောက်တည်း…။
-သွယ်မြိတ်
တော်လှန်ခြင်း
ကြည်ညိုလေးစားဖွယ်မကောင်းတဲ့အကြောင်းကို
သစ္စာဖောက်တစ်ယောက်ကိုပြောပြဖူးတဲ့
အတွေ့အကြုံနဲ့
ဝမ်းနှုတ်ဆေးကို သေနတ်ထဲထည့်ပစ်ဖူးတယ်။
ဒီအတိုင်း အပင်တွေသေသွားရင်
လွတ်မြောက်ခြင်းဟာ လပေါ်မှာ
နေကို ဝါးမြိုလိမ့်မယ်။
အချိန်တွေပျောက်သွားတယ်ထင်ရဲ့
စာပို့သမားတွေ မတိကျလို့လွဲရတယ်၊
ဘယ်ဝဋ်ကို ၂နဲ့စားမလဲ အကြွင်းဟာ
မေ့မရခြင်းနဲ့အဆုံးသတ်ပြီး
ပြတင်းပေါက်မှာ မျက်ရည်တွေနဲ့
ပန်းလေးတစ်ပွင့်ပေါက်လာတယ်။
လယ်သမာကြီးဦးသာအောင်လည်း
ဒီခေတ်ကြီးကိုရိပ်မိခဲ့ရင်
စပါးစိုက်မှာမဟုတ်လောက်တော့ဘူး။
- သွယ်မြိတ်
