en
Feedback
New Day Myanmar

New Day Myanmar

Open in Telegram

New Day Myanmar is a human rights news media that prioritizes news related to human rights issues.

Show more
680
Subscribers
No data24 hours
-37 days
-530 days
Posts Archive
မင်္ဂလာပါ News Day Myanmar ရဲ့ တစ်ပတ်တာလူ့အခွင့်ရေးရာ သတင်းအစီအစဉ်ကနေ ကြိုဆို လိုက်ပါတယ်။ ဒီအစီအစဉ်ကနေ တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့သတင်းတွေထဲက လူ့အခွင့် အရေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ် တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ ၁။ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းများ နိုင်ငံ‌ရေးအကျဉ်းသားမိသားစုဝင်တွေထံက ငွေကြေးလိမ်လည်တောင်းဆိုမှုတွေ ဆိုးရွားစွာပြုလုပ်လာ ၂။ လေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ၆၂၃၁ ဦးထိ ရှိနေကြောင်း OHCHR ပြောဆို ၃။ စစ်ကောက်စီက ပြည်ပဆေးဝါးတင်သွင်းခွင့် ကန့်သတ်ထားမှုကြောင့် နာတာရှည် ရောဂါသမား တွေအတွက် ဆေးဝါးပြတ်လတ်နေ ၄။ ဇန်နဝါရီလအတွင်း ရန်ကုန်မှာ လူငယ် (၅၀၀) နီးပါး ဖမ်းဆီးခံရ ဆိုတဲ့သတင်းနဲ့ ၅။ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် မြန်မာကို ဆက်ပြီးသတ်မှတ်စတဲ့သတင်းတွေကို ရွေးချယ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://t.me/newdaymyanmar Youtube Channel >> https://www.youtube.com/@newdaymyanmar တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ စာရင်းမှာ အဆင့် (၂) ရောက်ရှိနေပါတယ်

အမေရိကန်က အကူအညီရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ချက်ချင်းရပ်ဆိုင်း ၂၈ ဇန်နဝါရီ၊ ၂၀၂၅ အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီအားလုံး ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အကုန်ချက်ချင်း ရပ်တန့်လိုက်ရတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။ ဇန်နဝါရီလ ၂၄ ရက်ကစပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြည်ပအကူအညီတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ၃ လ အတွင်း ပြန်ပြီးစိစစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒုက္ခသည်စခန်းတွေကဆေးရုံဆေးခန်းတွေကို ချက်ချင်းပိတ်ထားရပြီး လူနာတွေကို ဆေးရုံပေါ်မှ ချက်ချင်းဆင်း ခိုင်း ခဲ့တယ်လို့ သိရပါတယ်။ "အစက ဘတ်ဂျက်ရပ်ပြီး သုံးလတော့ ထောက်ပံ့မယ် စိစစ်မယ်လို့ ဒုက္ခသည်တွေ က သိထားတာ။ အခုက ချက်ချင်းရပ် နောက်သုံးလနေရင် အခြေအနေပြန်သိမယ်။ အထောက်အပံ့လည်း ရချင်မှ ဆက်ရတော့မယ်" လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေ အပါအဝင် ဒုက္ခသည်စခန်း ၉ ခု ထက်မနည်းရှိနေပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လူ့အခွင့် အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးနဲ့ လူနည်းစုအရေး လှုပ်ရှားနေတဲ့ လူမှုအခြေပြု CSO အဖွဲ့အစည်းတွေကလည်း အမေရိကန်ပြည်ပအကူအညီ ဖြတ်တောက်မှုကြောင့် သက်ရောက်မှုရှိနေပြီး တချို့အဖွဲ့တွေဟာ ယာယီရပ်နားထားကြပြီလို့ သိရပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ရခိုင်နဲ့ တိုင်းသုံးတိုင်းအစပ်မှာ စစ်စခန်းတွေ သိမ်းပိုက်ထားကြောင်း AAထုတ်ပြန် ၂၈ ဇန်နဝါရီ၊၂၀၂၅ အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ်၊ ဧရာဝတီ-ရခိုင် အစပ်၊ မ​ကွေး-ရခိုင်အစပ်တို့မှာရှိတဲ့ စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်း ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ပဲခူး- ရခိုင်အစပ်နေရာများ နဲ့ ရက္ခိုင်ရိုးမတောင်တန်းတို့မှာ တိုက်ပွဲတွေဖြစ်ပွား​နေပြီး ရခိုင်ရိုးမအထက်က မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၆ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။ ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းက ပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၇ ရက်မှာသိမ်းပိုက်ပြီး ပွိုင့် (၃၆၉)စခန်းကို ဇန်နဝါရီ ၂၁ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ AAဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးက တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ ဇန်နဝါရီ ၂၇ ရက်​နေ့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်းပြန်ဆုတ်​ပြေးသွားတဲ့အတွက် လိုက်လံရှင်းလင်း​နေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားရာက အ​လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

မန္တလေးအကျဉ်းထောင်အတွင်း အကျဉ်သား/သူ ၇၀ ခန့် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေ ၂၈ ဇန်နဝါရီ၊ ၂၀၂၅ မန္တလေးတိုင်း၊ မန္တလေးအကျဉ်းထောင်မှာ အစားအသောက်နဲ့ သောက်သုံးရေ သန့်ရှင်းမှုမရှိတာကြောင့် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသား၊အကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန် မှုအရ သိရပါတယ်။ အဆိုပါအခြေအနေအတွင်း ထောင်အာဏာပိုင်တွေမှ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတဲ့အပြင် မိသားစုဝင်တွေက ပေးပို့တဲ့ဆေးဝါးတွေကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဖော်ပြပါရှိ ပါ တယ်။ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ နဲ့ ဆေးဝါးတွေကိုပင် ပြည့်ဝစွာ မရရှိကြဘဲ ဖိနှိပ်ခံနေရကြောင်းနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အဦများ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင် နေပြီး စစ်ရာဇဝတ်မှု တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိ ဇန်နဝါရီလ ၂၂ ရက်၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ စ ရှမ်းပြည်နယ်၊ နောင်ချို၊ ကျောက်မဲ နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာတွေမှာရှိတဲ့ စာသင်ကောင်းနဲ့ ဆေးရုံ စတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အဦးတွေကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၂၀၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်း တွေအရ သိရပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်

ဗန်းမော်လေဆိပ်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ် ၂၇ ဇန်နဝါရီ၊ ၂၀၂၅ ကချင်ပြည်နယ် ဗန်းမော်လေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ ဗန်းမော်လေဆိပ်ထဲကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ လေဆိပ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့သတင်းကို KIA ဘက်က အတည်ပြုခြင်းမရှိသေးဘဲ ရှေ့တန်းသမားတွေ ဝင်စီးထားပြီး အပြီးသတ်နိုင်ဖို့တော့ လိုသေးတယ်လို့ သတင်းဌာနတွေကို ဖြေကြားထားပါတယ်။ ဗန်းမော်လေဆိပ်ကို သိမ်းပိုက်နိုင်မှုဟာ တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်တဲ့လေးခုမြောက် လေဆိပ်ဖြစ်လာမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ သံတွဲလေဆိပ်နဲ့ အမ်းလေဆိပ် ကို အာရက္ခတပ်တော် (အေအေ)က သိမ်းပိုက်ထားပြီး လားရှိုးလေဆိပ်ကို ကိုးကန့်တပ်တို့က သိမ်းပိုက်ထားပါတယ်။ ဇန်နဝါရီလ ၂၅ ရက်က စစ်ကောင်စီရဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းက တင့်ကား ၄ စီးကို KIA နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက်ကစလို့ ဗန်းမော်မြို့ပေါ်မှာ အရပ်သားတွေမနေထိုင်ကြဖို့အတွက် KIA က သတိပေးထားပြီး ဒေသခံအကုန်လုံးနီးပါး နေရပ်စွန့်ခွာလာကြပြီလို့ ဒေသခံတွေက ဆိုပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ယခင်စစ်အာဏာရှင် ဦးသန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ် ၂၇ ဇန်နဝါရီ၊ ၂၀၂၅ စစ်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ပြီး အိုးဘိုထောင်တွင်း သီးသန့်အဆောင်မှာ ထားရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ စစ်ကောင်စီ အာဏာလုပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်ကို လူမှုကွန်ယက်ကတဆင့် အမြဲဝေဖန်ပြီး NLD ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ နာရေးလိုက်ပို့ခဲ့သလို နမျောဝမ်းနည်းကြောင်း ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေက ရေးသားပြီးနောက် စစ်ကောင်စီဘက်က ချက်ခြင်းဖမ်းအရေးယူခဲ့တာဖြစ်ပါတယ်။ သူ့ကို မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပြီး တခြားအကျဉ်းသားတွေနဲ့အတူထားရှိခြင်းမရှိဘဲ သီးသန့်ခွဲထားတယ်လို့ ဆိုပါတယ်။ "အိုးဘိုထောင်ထဲမှာပါ။ မနှစ်က အောက်တိုဘာထဲက စပြီးဖမ်းပြီး ထောင်ထဲမှာပဲ စစ်ပြီး သီးသန့်ဆောင်နဲ့ထားပါတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ပြောကြတယ်။ အာဏာရှင်သားမက်လည်း ထောင်ထဲရောက်တော့ မင်းအောင်လှိုင်လက်ထက် သူ့လူကိုယ့်လူ ဘယ်သူ့မဆို သူ့ကို ဝေဖန်ရင်မညှာဘူးဆိုတာမျိုးပေါ့" လို့ အကျဉ်းဦးစီးဌာနဝန်ထမ်းတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။ ဒေါက်တာနေစိုးမောင်ရဲ့ ဖခင်မှာ အရင် ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်ပြီး ဒေါက်တာနေစိုးမောင်ကိုယ်တိုင်ကလည်း တပ်မတော်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဟောင်း ရဲထွဋ်နဲ့ စစ်တပ်လော်ဘီစာတွေ အစဉ်တစိုက်ရေးသားပေးသူ ငါးမင်းဆွေတို့လည်း ဒေါက်တာနေစိုးမောင်လိုပဲ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝေဖန်ပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံးကြဲ ၂၇ ဇန်နဝါရီ၊ ၂၀၂၅ စစ်ကောင်စီတပ်တွေဟာ TNLA ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့က ညစျေးတန်းနဲ့ ခရိုင်ရုံးအနီးကို ဒေသစံတော်ချိန် နေ့လယ် (၂း၁၈)နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး ထပ်ပြီး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။ "အိမ်နီကြီးလို့ခေါ်တဲ့နား ကြဲချသွားတာပါ။ ကျောက်မဲကလူတွေအခေါ်တော့ ညောင်ပင်ကြီးနောက်လို့ ခေါ်တာပေါ့။ ခရိုင်ရုံးနဲ့ သိပ်မဝေးဘူး။ အဲ့ဒီနားကအိမ်တွေကတော့ ဗုံးကြောင့် ပြတင်းမှန်ကွဲတာ ၊ ပစ္စည်းတွေ ပျက်စီးတာဖြစ်တယ်၊ ဗုံးစက အိမ်ထိတောင် ရောက်တယ်။ အထိအခိုက်တော့မသိသေးဘူး"လို့ ပတ်ဝန်းကျင်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။ အသေးစိတ်အချက်အလက်နဲ့အပျက်အစီးသတင်းတွေ မသိရသေးတဲ့အတွက် ထပ်ပြီးဖော်ပြမယ်လို့ TNLA က ပြောဆိုပါတယ်။ ဇန်နဝါရီလ ၂၄ ရက်ကလည်း နေ့လယ် ၁ နာရီ ၂၅ မိနစ်မှာ တကြိမ်၊ ၁ နာရီ ၂၉ မိနစ်မှာ တကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောက်မဲမြို့ ကုတင် ၁၅၀ ဆံ့ ဆေးရုံအဆောက်အဦးတစ်ခုလုံး ပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

နောင်ချို၊ အုမ္မတီးရွာကနေအိမ်တွေကို တစ်လအတွင်း သုံးကြိမ်မြောက် စစ်ကောင်စီ မီးရှို့ဖျက်ဆီး ၂၇ ဇန်နဝါရီ၊ ၂၀၂၅ TNLA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အုမ္မတီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်ကို ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တအာင်းတပ်မတော်- PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၂၆ ရက် ညနေ ၅ နာရီမှာ စစ်တပ်က အုမ္မတီးရွာမှာရှိတဲ့ ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်အလုံး ၂၀ကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်နဲ့ ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်ကလည်း ရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒါဟာ တစ်လအတွင်း သုံးကြိမ် ရှိနေပြီ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်းက လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိ လာရောက်မီးရှို့နေတာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း အိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ "အခုက အရပ်သားတွေ ရှိတဲ့ဈေးတို့ ဆေးရုံတို့ လာဗုံးကြဲလိုက်၊ ရွာတွေကို မီးရှို့လိုက်နဲ့ တိုက်ပွဲပြန်ဖြစ်အောင် ရန်စနေတာပါ။ လူသေတာ ဒဏ်ရာရတာတော့မရှိပါဘူး ၊ အားလုံးက ထွက်ပြေးနေကြတာဆိုတော့လေ ၊ အခုက ရွာတွေကို ဝင်စီးပြီး ရွာသားတွေ ပြေးတဲ့အချိန် အဖိုးတန် ရွှေတို့ ဖုန်းတို့ ငွေသားတို့တွေ ယူကြတဲ့အပြင် သက်သက်ကို အိမ်တွေကို မီးရှို့ပစ်တာပါ" လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနဲ့ ပါရမီ လက်ဖက်ရည်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေတာကြောင့် လူထုတွေအနေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်ဖို့၊ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က သတိပေး ပြောဆိုထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ဆိပ်ဖြူမြို့နယ်မှာ ကပစ - ၂၂အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမြွှာကလေးနှစ်ဦးအပါအဝင် မိသားစုလေးဦးသေဆုံး ၂၇ ဇန်နဝါရီ၊ ၂၀၂၅ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၂) အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ထိမှန်ပြီး အမြွှာကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၆ ညနေ ၅ နာရီခွဲဝန်းကျင်မှာ ခန့်က ဆိပ်ဖြူအခြေစိုက် ကပစ - ၂၂ က စက်ရုံအရှေ့ဘက်ခြမ်းကကင်မွန်းတောင့်ကျေးရွာဘက်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဒေသခံလူနေအိမ်ခြံဝင်းထဲကို ကျရောက်ပေါက်ကွဲပြီး ၁၀နှစ်အောက် အမြွှာကလေးငယ်နှစ်ဦးနဲ့ အဘွားဖြစ်သူ ဦးလေးဖြစ်သူတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ဒေသခံအရပ်သားပြည်သူနှစ်ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁၉ ရက်က ဆိပ်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ငွေကြေးရိုက်ထုတ်သည့်စက်ရုံ ဝါဇီစက်ရုံကို မကွေးတိုင်း ပကဖ ဒရုန်းလက် ရုံးတပ်ဖြစ်သည့် သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအပါအဝင် တော်လှန် ရေးပူးပေါင်းတပ်တွေက Short Range Missile (၁၇)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာ မကွေးတိုင်းအတွင်းက စကစ တပ်ဖွဲ့ဝင်တွေက ရွာတွေကို စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပိုပြီး လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခိုင်းဖို့ စာရင်းကောက်ခံ ၂၇ ဇန်နဝါရီ၊၂၀၂၅ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေမှာ ခေါ်ယူနိုင်ဖို့ အသက် ၁၈ နှစ်က ၂၇ နှစ်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးစစ်မှုထမ်းစာရင်းတွေကို စတင်ကောက်ခံနေပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ အခုတစ်ကြိမ်ခေါ်ယူမယ့် စစ်မှုထမ်းအပတ်စဉ်မှာ အမျိုးသမီးတွေကို ပထမဦးဆုံးအကြိမ်ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ "အမျိုးသမီးတွေစာရင်းကိုတော့ ကောက်နေပြီ။ တချို့အသက်ပြည့်ပြီးသားလူတွေကို ရပ်ကွက်ရုံးတွေမှာ ဖောင်ဖြည့်ခိုင်းတာတွေလုပ်နေပြီ။ အမျိုးသမီးစာရင်းတွေကို ဦးစားပေးကောက်နေတာတွေ့ရတယ်" လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ အမျိုးသားတွေကောအမျိုးသမီးငယ်တွေပါ မဖြစ်မနေစစ်မှုထမ်းရတော့မယ့်အကြောင်းကို အခုနှစ်ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ အတိအလင်း ဖော်ပြထားပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မီတဲ့ လူငယ် ကျား-မ မရွေး စစ်မှုထမ်းရမှာ ဖြစ်ပြီး ထွက်ပြေးရင် နေအိမ်မှာရှိတဲ့ မိသားစုဝင်တွေ အရေးယူခံရမယ်လို့ ဥပဒေ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (က)နဲ့ (ခ) မှာ ဖော်ပြထားပါတယ်။ ဒီနည်းဥပဒေအရ အရေးပေါ်အခြေအနေဖြစ်လာရင် တိုင်းပြည်က အရွယ်ရောက်သူအကုန် စစ်မှုထမ်းဖို့ စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပြဌာန်းဖော်ပြထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ဆင်ဂွတ်ရွာ လေကြောင်းကဗုံးကြဲခံရပြီး ၁၈ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိ ၂၇ ဇန်နဝါရီ၊ ၂၀၂၅ ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီခွဲဝန်းကျင်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ဂွတ်ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းက ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးနဲ့ ဗုံးကြဲခဲ့တဲ့အပြင် စစ်တပ်သုံး MI 35 ရဟတ်ယာဉ်နဲ့ ထပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းက တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၈ ဦးနဲ့ တော်လှန်ရေးရဲဘော်၁၀ဦး သေဆုံးခဲ့ရပြီး လူ ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆင်ဂွတ်ရွာ စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး အဲဒီမှာ တော်လှန်ရေးတပ်သားတွေက ကျေးလက်ဆေးပေးခန်းဖွင့်ထားတယ်လို့ သိရပါတယ်။ စာသင်ကျောင်းမှာ CDM ကျန်းမာရေးဝန်ထမ်းတစ်ချို့က ကျေးလက်ဆေးပေးခန်းတစ်ခု ဖွင့်ထားတာ ဖြစ်ပြီး စာသင်ကျောင်းအပေါ် တည့်တည့်ကို ဗုံးသီးတစ်လုံး၊ စာသင်ကျောင်းဆေးရှေ့ကို ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ "အဓိကက စစ်တပ်ကင်းလှည့်တာတွေကို ဒီရက်ပိုင်း မိုင်းဆွဲကြတယ်။ ပျူစခန်းတစ်ခုကိုလည်း ဝင်တိုက်ထားတာ ရှိတယ်။ မြင်းခြံ တောင်သာ နွားထိုးကြီး ဒီတကြောလုံးကို သူတို့ဘက်က အငြှိုးထားပြီး စစ်ကြောင်းထိုးနေတာတွေလည်း ရှိတယ်၊ လေကြောင်းကလည်း ရက်ခြား တိုက်ခိုက်နေတယ်။ အခုဆိုရင် ဆေးခန်းလုပ်နေတာ သတင်းရလို့ အတိအကျ ဗုံးချတဲ့အပြင် ကျောင်းဝင်းထဲက ထွက်ပြေးတဲ့သူတွေကိုပါ ရဟတ်ယာဉ်ပေါ်ကနေ လိုက်ပစ်တာပါ" လို့ ဒေသခံသတင်းရင်းမြစ်က New Day Myanmar ကို ပြောပါတယ်။ ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံပေါ်တည့်တည့်ကို စစ်ကောင်စီ လေတပ်က ဗုံး ၄ လုံး ကြဲချခဲ့ပြီး ဆေးရုံမှာ ဆေးကုပေးနေတဲ့ CDMဆရာမ ၂ ဦး၊ လူနာ၁ ဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ CDMဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူလူနာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

စစ်ရှုံးစစ်ကောင်စီက စစ်မှုထမ်းစာရင်း အသဲအသန် ကောက်နေ ၂၆ ဇန်နဝါရီ၊ ၂၀၂၅ စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာရပ်ကွက်မြို့နယ်တွေမှာ လူစာရင်းတွေစတင်ကောက်ခံနေပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ တချို့သောမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာတော့ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေ စာရင်းကို အသိပေးကပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက် နေ့စွဲနဲ့ စစ်ကောင်စီကထုတ်ပြန် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။ "ဒဂုံဆိပ်ကမ်းမြို့မှာတော့ အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းကပ်ထားတယ်။ အိမ်ကတစ်ယောက်လည်း စာရင်းမှာပါတယ်။ အခုမှတ်ပုံတင်လာသွင်းဖို့ ပြောနေတယ်။ သူကပြည်ပထွက်ပြီးအလုပ်မလို့ ပြင်နေတာ။ အခုတော့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး" ဟု ဒဂုံဆိပ်ကမ်းမြို့တွင်နေထိုင်သူတဦးက New Day Myanmarကို ပြောပါတယ်။ အခုနည်းဥပဒေထဲမှာ ပုဒ်မ - ၅၉ ခုပါဝင်ပြီး ပုဒ်မ - ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားသလို ပုဒ်မ - ၅၀ မှာလည်း ဆေးစစ်အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ နည်းဥပဒေအရ စစ်မှုထမ်းရမဲ့ အသက်အရွယ်ရောက်သူအနေနဲ့ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်ချိန် ပျက်ကွက်ရင် သူ့ရဲ့ မိသားစုပါ စုံစမ်းစစ်ဆေးခံရမှာဖြစ်သလို ပျက်ကွက်သူဟာ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းနည်းဥပဒေ မထုတ်ပြန်ခင် လူငယ်အများအပြားကို ပေါ်တာဆွဲပြီး စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်နေတာပဲဖြစ်ပါတယ်။

စစ်မှုထမ်း ဥပဒေဟာ အငုံ့စိတ်နဲ့ စစ်ကောင်စီ လက်အောက်ခံတွေအတွက် ငွေရှာတဲ့ ဂွင်တခုဖြစ်လာနေ ၂၆ ဇန်နဝါရီ၊ ၂၀၂၅ ပြည်ပရောက် လူငယ်တွေ စစ်မှုထမ်းဖို့ ပြန်မလာရင် အိမ်မှာရှိတဲ့ သူတွေကို စစ်မှုထမ်းရမယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေဖြစ်ပွားနေတယ်လိို့ ကိုယ်တိုင်ကြုံတွေ့သူတွေထံက သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ ပုဒ်မ - ၅၉ ခု ပါဝင်ပြီး ပုဒ်မ - ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရ ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ပုဒ်မ - ၅၁ မှာလည်း စစ်မှုထမ်းဖို့ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။ အဲ့ဒီလို ပြဋ္ဌာန်းပြီးတဲ့ နောက်မှာပဲ ပြည်ပရောက်လူငယ်တွေရှိတဲ့ နေအိမ်တွေကို ခြိမ်းခြောက်ငွေတောင်းခံမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ "မနေ့က စစ်မှုထမ်းဖို့ အိမ်မှာ စာရင်းလာစစ်တယ် သားသ္မီး ဘယ်နှယောက်လည်း မေးတော့ တစ်ယောက်ပဲလို့ အဲဒီတစ်ယောက် ဘယ်မှာလည်းလို့မေးတော့ ပြည်ပမှာလို့ပြောတာကို ဆင့်ခေါ်စာနဲ့ခေါ်ခိုင်းသတဲ့ မဟုတ်ရင် မိသားစု၀င်ထဲက တစ်ယောက်ယောက် စစ်မှုလို့ပြောတယ် အဖိုးက ငါတို့အရွယ်နဲ့ ဘယ်လိုထမ်းရမလည်းပြော ဒါဆို ခြံရှိလားလို့မေးပြန်တယ် မရှိဘူးလို့ဖြေလိုက်တယ် သိန်း တစ်ရာတောင်းတယ် မပေးနိုင်ဘူးလို့ပြောတာ ၅၂ သိန်းယူပီး ကိစ္စပြီးသွားတယ် အရမ်းရင်နာဖို့ကောင်းတယ်ဗျာ သူတို့လုပ်သမျှခံနေရတာ မနေ့က အိမ်မှာဖြစ်ပျက်သွားတာလေး ရေးပြတာပါ ဘာလို့စစ်မှုထမ်းရမှာလဲ ဒါဟာ ပြည်သူတွေကို အသေသတ်နေတာ စခ၊ရခ တွေက ပြောအုံးမယ် တိုင်းပြည်အတွက် ကာကွယ်တာလို့ ထမ်းခိုင်းစေချင်ရင် ကိုယ့် သားသ္မီးတွေကိုပဲ ထမ်းခိုင်းလေ" လို့ ကိုယ်တိုင်ကြုံတွေခဲ့ရသူ တဦးက ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ စစ်ကောင်စီ ရဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသား၊အမျိုးသမီးပါ စစ်မှုထမ်းရမှာ ဖြစ်ပြီး ထွက်ပြေးမယ်ဆိုရင် နေအိမ်မှာ ရှိသူတွေ အဖမ်းခံရမယ်လို့ ပုဒ်မ ၃၃ ပုဒ်မခွဲ (က)နဲ့ (ခ)မှာ ပါရှိပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://t.me/newdaymyanmar Youtube Channel >> https://www.youtube.com/@newdaymyanmar တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

တရုတ် မြန်မာ ချစ်ကြည်ရေး ပျက်ပြားအောင် သွေးခွဲနေကြတယ်လို့ စစ်ခေါင်းဆောင်ပြော ၂၆ ဇန်နဝါရီ၊ ၂၀၂၅ တရုတ် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားအောင် ပြည်တွင်းပြည်ပကနေ သွေးခွဲနေကြတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲမှာပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငဲံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို တရုတ်က ကူညီဆောင်ရွက်ပေးမယ်ဆိုပြီး အာမခံထားတဲ့ အပေါ် တရုတ်ကို ကျေးဇူးတင်တယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည်ရရှိရေး တရုတ်ကို အကူအညီတောင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ညှိနှိုင်းနေရတာဖြစ်ပါ်တယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://t.me/newdaymyanmar Youtube Channel >> https://www.youtube.com/@newdaymyanmar တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံးလာ‌ရောက်ကြဲချတိုက်ခိုက် ၂၅ ဇန်နဝါရီ၊ ၂၀၂၅ တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ကို မြန်မာစစ်တပ်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ဝန်းကျင်မှာ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ကျောက်မဲမြိုနယ်အတွင်းကို ယနေ့ နေ့လယ်(၁:၂၅)မိနစ်တွင် တစ်ကြိမ်၊(၁:၂၉)မိနစ်တွင် တစ်ကြိမ် စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပြီး ထိခိုက်ပျက်စီး မှုစာရင်းကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။ ဗုံးကြဲမှုကြောင့် ဆေးရုံအဆောက်အဦးတစ်လုံး နဲ့ ဆေးရုံအနီးတစ်ဝိုက်ကို ထိမှန်ထားတယ်လို့ မြေပြင်သ တင်းအရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၀ ဦးသေဆုံးပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂ဝ၂၄ သြဂုတ် ၅ ရက်မှာ TNLA က တိုက်ခိုက်သိမ်း ပိုက်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင် တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာလည်းဖြစ်ပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

စစ်သုံ့ပန်းနှစ်ဦးကို ကွပ်မျက်ခဲ့တဲ့အပေါ် အရေးယူထားတယ်ပြောယုံနဲ့မလုံလောက်ပဲ အချက်အလက်နဲ့တကွ ထုတ်ပြန်ပေးဖို့ AA ကို Fortify Rights တောင်းဆို ၂၅ ဇန်နဝါရီ ၊၂၀၂၅ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းနှစ်ဦးကို ရခိုင့်တပ်တော် AA တပ်သားနှစ်ဦးက ကွပ်မျက်ခဲ့တဲ့ရုပ်သံနဲ့ပတ်သက်ပြီး အပေါ် AA အနေနဲ့ အရေးယူထားတယ်ပြောရုံနဲ့မလုံလောက်ပဲ အချက်အလက်နဲ့တကွ ထုတ်ပြန်ပေးဖို့ AA ကို Fortify Rights တောင်းဆိုလိုက်ပါတယ်။ Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်တဲံအနေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခသက ဗီဒီယိုတွေဟာ စစ်မှန်မဖြစ်ကြောင်းကို အသိအမှတ်ပြုထားသလို သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး၊ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘူးလို့လည်း Fortify Rights က ထောက်ပြပြောဆို ထားပါတယ်။ “တာဝန်ရှိတဲ့သူတွေ အပြစ်ပေးခံရတယ်လို့ ရိုးရှင်းစွာပြောရုံနဲ့ မလုံလောက်ပါဘူး။ ၎င်းတို့မှာ မည်သူမည်ဝါဖြစ် ကြောင်းနှင့် မည်သည့်ပုံစံဖြင့် တာဝန်ယူမှုအရေးယူမှုတွေ လုပ်ဆောင်ခဲ့ကြောင်း AA အနေနဲ့ အသေး စိတ် အချက် အလက်တွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေကို နှောင့်နှေးမနေဘဲ ပေးဆောင်သင့်တယ်။” ဟုလို့ Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောဆိုထားပါတယ်။ BBC Burmese မှမေးမြန်းမှုကို ဦးခိုင်သုခမှ "ဘာကြောင့်လဲဆိုရင် သူတို့မိသားစုဝင်တွေကို မတရားဖမ်း ဆီးနှိပ်စက် သတ်ဖြတ်ထားတဲ့ မြန်မာ အကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲ အခုလိုမျိူး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက်ကာ ကျူးလွန်မိတာ ဖြစ်ပါတယ်" လို့ ပြောဆိုထားတယ်လို့လည်း ၎င်းဆိုပါတယ်။ ပေါက်ကြားခဲ့တဲ့ ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး Fortify Rights ရဲ့ စိစစ်လေ့လာတွေ့ရှိမှုကို သတင်းထုတ် ပြန်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်သားတွေက စစ်သုံ့ပန်းနှစ်ဦးကို ကွပ်မျက်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပေမယ့် ဖြစ်စဉ်အပေါ် AA အနေနဲ့ နှောင့်နှေးခြင်းမရှိဘဲ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

မဲဆောက်မြို့နဲ့ နယ်စပ် မြဝတီမြို့ဘက်ခြမ်းကို ပြီးခဲ့တဲ့နှစ်ကတည်းက လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးပြော ၂၅ ဇန်နဝါရီ ၊ ၂၀၂၅ ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ မဲဆောက်မြို့နဲ့ နယ်စပ် မြဝတီမြို့ ဘက်ခြမ်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လက စပြီး လျှပ်စစ်မီးဖြတ်တောက် ထားတယ်လို့ ထိုင်းကာ ကွယ်ရေး ဝန်ကြီး ဖွန်သမ် ဝီချာရာချိုင်က ပြောဆိုထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ထိုင်းနဲ့ထိစပ်ရာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနဲ့ KK Park (ကေကေပါ့ခ်) တို့မှာ တရားမဝင် အွန်လိုင်း လောင်းကစားမှုတွေနဲ့ ရာဇဝတ် လုပ်ငန်းတွေလည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက် ကွန်ရက် ချိတ်ဆက်မှုတွေကို မြန်မာဖက်က ထောက်ပံ့ထားတာ မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေက ကူညီပေးနေတာလို့ ဖော်ပြပြောဆိုနေမှုအပေါ် အခုလိုထိုင်းဘက်က ငြင်းဆိုလိုက် တာလည်းဖြစ် ပါတယ်။ အမှတ် (၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်း အပြင် မြဝတီနယ်စပ်၊ မဲရမတ်နဲ့ မဲဆောက် ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို ပစ်မှတ်ထားပြီး မီးဖြတ်တောက်ခဲ့တာလို့ ထိုင်းဘက်ကပြောဆိုထားပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံနဲ့ နယ်စပ်နားကို အင်တာနက် ဖြတ်တောက်မယ့် ကိစ္စအတွက်လည်း ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ညှိနှိုင်း စီစဉ်နေပြီး မကြာခင် အကောင်အထည်ဖော်သွားမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောဆိုထားပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က ရာဇဝတ်မှုပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်း-မြန်မာ-တရုတ် ၃ နိုင်ငံပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော်တဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းတွေကိုလည်း တင်းကျပ်ဖို့လိုနေပြီလို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ကရင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံး ၂၅ ဇန်ဝါရီ ၊၂၀၂၅ ကရင်ပြည်နယ် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းမှာ ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အတွင်း အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ပြီး နှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက က ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ ဦးဆောင်မှုအောက်ရှိတော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေထံမှ အရာရှိအရာခံများအပါအဝင် တပ် သား (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရာ နဲ့ ချီတဲ့ ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KNU က အသိပေးထားပါတယ်။ ဆက်လက်ပြီး တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၁၀၀) ဦးခန့် မှာ တိုင်းပြည် နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ သုံးပတ်အတွင်း အမျိုးသမီး ၄၀ ကျော် သေဆုံးခဲ့ရ ၂၅ ဇန်နဝါရီ ၊၂၀၂၅ စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ သုံပတ်အတွင်း တစ်နိုင်လုံးတစ်နိုင်တာနဲ့ အမျိုးသမီး ၄၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။ AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေ အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၂) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဇန်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါအရောအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၅) ဦး နဲ့ အသက် ၆၀ နှစ်အထက် သေဆုံးသူ (၄) ဦး ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၃၆) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ ကြပြီး (၆) ဦးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာစည် ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ သက်ကြီးပိုင်းအမျိုးသမီး ဒေါ်ဇင်အား ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ချိန်မှစတင်ပြီး နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၂၀၇) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP မှရဲ့ စာရင်းတွေအရ သိရပါတယ်။ #NewDayMyanmar ရဲ့သတင်းတွေကို Telegram >> https://buff.ly/4bVTD97 Youtube Channel >> https://buff.ly/4bA9pGo တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။