The Call - ခေါ်သံ
Open in Telegram
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
Show more393
Subscribers
No data24 hours
-27 days
-830 days
Posts Archive
ကျွန်ုပ်ပြောတော့ ပြန်ပြောသည့် ကောင်လေး၏ လေသံတွေက ထူးဆန်းနေသည်။ ကျွန်ုပ် လုံးဝအဖြေမရှာတတ်။ သည်ကာလမှာ ဘယ်အရာမဆို နှုတ်လုံရသည်မှန်သော်လည်း ကျွန်ုပ်လို စီဒီအမ်ဝန်ထမ်း၊ တော်လှန်စားဖိုမှူးကို မယုံသလိုလို ပြောသည်ကိုတော့ ကျွန်ုပ် ဘဝင်မကျချင်။ သည့်ကြောင့်လည်း အောင်သူ့အကြောင်း ဘာစကားမျှ မဟဖြစ်တော့။
သည်လိုနှင့် ကျွန်ုပ် ကင်ဒိုအဖွဲ့မှာ တော်လှန်စားဖိုမှူးအဖြစ် တနှစ်ခန့် တာဝန်ထမ်းဆောင်အပြီး ကျွန်ုပ်တို့ရွာမှ အဖွဲ့ထံ ပြောင်းရွှေ့ခဲ့သည်။ အဖွဲ့အမည်မှာ ဟူဂို(အမည်လွှဲ) ဟူ၍ ဖြစ်သည်။
ဟူဂိုအဖွဲ့သည် ကျွန်ုပ်တို့ရွာနှင့် ၈ မိုင်ခန့်မျှ ဝေးသည်။ ဟူဂိုအဖွဲ့သည် (၅) ရွာ စုပေါင်းထားသည်။ ကျန် (၄) ရွာမှ အဖွဲ့သားများသည် အိမ်ပြန်နိုင်ကြပြီဖြစ်သဖြင့် ရွာတွင်တပ်စွဲရန် ခွဲထွက်သွားကြပြီ။ သို့သော်လည်း ဟူဂိုအဖွဲ့သားများအဖြစ် ပေါင်းစည်းနေကြဆဲဖြစ်သည်။ ကျွန်ုပ်တို့ရွာသားများသည်သာ မိမိရွာနှင့် (၈) မိုင်ဝေးသော မိခင့်တပ်ရင်းမှာသာ တပ်စွဲနေရဆဲ ဖြစ်သည်။ အကြောင်းကား ကျွန်ုပ်တို့ရွာသည် ရွာများစွာ၏ အစွန်အဖျားတွင်ရှိပြီး ဆိုင်ကယ်နှင့် ငါးမိနစ်ခန့်သာဝေးသော နေရာတွင် ပျူစောထီးရွာကြီးရှိသောကြောင့်ပင်။
ကျွန်ုပ်တို့သာ ကိုယ့်ရွာမှာ တပ်စွဲလျှင်၊ ပီဒီအက်ဖ်များ ရှိသည်ကို သိလျှင် ပျူစောထီးရွာက အချိန်မရွေး ဒုက္ခပေးနိုင်သည်။ ရွာတွင် ဒလန်သူလျှိုများက ရှိနေဆဲ။ သည့်ကြောင့် မည်သူတွေသည် ပီဒီအက်ဖ်ဖြစ်နေသည်ကို အသိမပေးရဲသေး။ မိမိသည် ပီဒီအက်ဖ်ဖြစ်ကြောင်း ဖေ့ဘုတ်တွင် ရဲရဲမကြေညာရဲကြသေး။ သူများတွေလို ယူနီဖောင်းအကျအနဝတ်ပြီး ဂုဏ်ယူစွာ ပို့စ်မတင်ရဲကြသေး။ ကိုယ်က မကြောက်တောင် မိသားစုဝင်များကို ငဲ့နေရသေးသည်။ ကျွန်ုပ်တောင် တော်လှန်စားဖိုမှူး လုပ်နေသည်ကို ဟူဂိုသားများနှင့် အိမ်ကလွဲလို့ ဘယ်သူမှ မသိကြသေး။ အမေကဆို ကျွန်ုပ်ကို နေပြည်တော်မှာ အလုပ်လုပ်သွားနေသည်ဟု သတင်းလွှင့်ထားသည်တဲ့။
သည့်ကြောင့် ကျွန်ုပ်တို့ရွာမှ ဘယ်ကောင်တွေ ပီဒီအက်ဖ်ထဲ ရောက်နေသည်ကို ဟူဂို့ထံ ရောက်မှပဲ သိရတော့သည်။ ထိုအထဲတွင် အောင်သူ့ကို မတွေ့ရ။ သည့်ကြောင့် အောင်သူရော အဖွဲ့ထဲမှာဆို၊ ဒီမှာမဟုတ်ဘူးလား ဟု မေးရသည်။ သည်တော့ ကောင်လေးများက မဖြေချင့်ဖြေချင်နှင့် ဖြေကြသည်။ သူက မရှိတော့ဘူး၊ ကျသွားပြီ တဲ့။ ကျွန်ုပ် အလွန်မယုံကြည်နိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဝမ်းလည်း နည်းရသည်။ အောင်သူဟာ ကျွန်ုပ်၏ ညီ နှစ်ဝမ်းကွဲ တော်စပ်သည်။
ဟင် မဟုတ်ဘဲနဲ့၊ ငါလည်း ဘာမှ မသိရပါလား ဟု ပြန်ပြောတော့ ကောင်လေးများက ဆက်ပြောကြသည်။ ဟုတ်တယ်၊ သူ့အကြောင်း ကျုပ်တို့ကလွဲလို့ ဘယ်သူမှ မသိဘူး၊ ရွာကလည်း မသိဘူး၊ သူ့မိဘတွေတော့ သိတယ်၊ အဲ့ဒါကြောင့် ခများလည်း မသိသလိုနေနော်၊ ဘယ်သူ့မှ ပြောလို့မဖြစ်ဘူး၊ သတင်းပေါက်သွားရင် ရွာ့အတွက်ရော သူ့မိဘတွေအတွက်ရော ဘေးမကင်းဘူး၊ ဒါ့ကြောင့် တကယ် ဘယ်သူ့မှ ပြောလို့ မဖြစ်ဘူးနော်။ ထိုစကားများ ကြားတော့ ကျွန်ုပ် သိနားလည် သွားရသည်။ ကင်ဒိုကကောင်တွေလည်း သိထားလိမ့်မည်။ ရွာ့အခြေအနေကြောင့် သတင်းပေါက်ကြားမည်စိုးပြီး အမှန်အတိုင်း မပြောဝံ့တာ ဖြစ်ရမည်။
အင်းပါ ဟုတ်ပါပြီ၊ ငါလည်း ဘယ်သူ့မှ မပြောဘဲ နေပါ့မယ်၊ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ကျတယ် ဘယ်နေရာမှာ ကျတယ်ဆိုတာတော့ သိချင်တယ်။ သူက စစ်ကိုင်းမှာ တာဝန်ကျတာ၊ တိုက်ပွဲမှာ လေယာဥ်ပစ်ကူကြောင့် ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျတာပဲ။ ဖြစ်မှဖြစ်ရလေ ဘယ်တုန်းကလဲဟင်။ ကြာပြီ၊ အာဏာသိမ်းတဲ့နှစ်မှာပဲ၊ နှစ်မကုန်ခင်လောက်က။
ဒါဖြင့်ရင် အောင်သူဟာ ကျွန်ုပ် တော်လှန်စားဖိုမှူးမလုပ်ခင်ကတည်းက ကျဆုံးခဲ့ပြီးသားပေါ့။ ဒါဖြင့်ရင်လည်း တော်လှန်ရေးစစချင်း တိုက်ပွဲဝင်ခဲ့သူပေါ့။ နွေဦးသူရဲကောင်း အစစ်အမှန်ပေါ့။ ကျွန်ုပ် သည်လိုနားလည်သွားပြီး အောင်သူ့ကို လေးစား၊ သနားမိသည်။
ကျွန်ုပ်သည် အိမ်မပြန်နိုင်သေးသော်ငြား အိမ်လွမ်းစိတ်ဖြင့် တိတ်တဆိတ်အိမ်ပြန်ခဲ့သည်။ အမေများ အောင်သူ့အကြောင်း သိလေမလားဆိုပြီး ''ဒွေးလေးစုသား အောင်သူ ဘယ်ရောက်နေသလဲ'' ဟု သတင်းနှိုက်ကြည့်သည်။ အမေက တိုးတိုးလေး ဖြေသည်။ ဪ ကိုယ့်မသိသေးဘူးလား၊ သူက ကျသွားပြီလေ၊ တော်တော်ကြီးတောင် ကြာပြီ၊ သူက သူ့အမေမသိအောင် အဖွဲ့ထဲကို ပြေးဝင်တာတဲ့တော်၊ တိုက်ပွဲမှာ လေယာဥ်ကြီးနဲ့ပစ်ချလို့ ခေါင်းကြီးမှန်ပြီးသေတာ၊ ကိုယ့် ဘယ်သူ့မှ မပြောနဲ့ဦး၊ ရွာမှာ ဒလန်ရှိတယ်၊ သူ့အမေကြီးက သူ့မြေးအကြောင်း မသိသေးဘူး၊ သူ့အမေကြီးကို ငဲ့ရသေးတယ်၊ သူ့မြေးကို သိပ်ချစ်တာ၊ သိရင် တက်သေသွားမှာစိုးလို့။ ဟုတ်ကဲ့ပါအမေ။
ကျွန်ုပ်သည် အမေ့ညီမတဝမ်းကွဲ၊ အောင်သူ့အမေ၊ ကျွန်ုပ်၏ ဒွေးလေးစုအိမ်သို့လည်း ခဏလည် ဖြစ်သည်။ ဒွေးလေးစု အလွန်အမင်း ပိန်သွားသည်။ သားအတွက် ဝမ်းနည်းစိတ်တွေကို မျိုသိပ်ထားဟန်ရှိသည်။
‘နွေဦးသူရဲကောင်း အောင်သူ’
◼️ထွင်
စစ်ပွဲတပွဲဖြစ်ခဲ့လျှင်...
နိုင်ငံရေးသမားများက ကျည်ဆန်ထုတ်ပေးလိမ့်မည်။
သူဌေးများက အစားအစာ ထောက်ပံ့ပေးလိမ့်မည်။
ဆင်းရဲသားများကတော့ သူတို့၏ သားသမီးများကို
စစ်မြေပြင်သို့ စေလွှတ်ရလိမ့်မည်။
စစ်ပွဲကြီး ပြီးသည့်အခါ...
နိုင်ငံရေးသမားများက စစ်ပွဲတွင် ကျန်ခဲ့သည့် ကျည်ဆန်များ ပြန်ရမည်။
သူဌေးများက အစားအစာများ ပိုလျှံအောင်ပြန်ရမည်။
ဆင်းရဲသားများကတော့ သူတို့သားသမီးများ၏
အုတ်ဂူကို ပြန်ရှာနေပါလိမ့်မည်။
မြန်မာ့နွေဦးတော်လှန်ရေးကာလတွင် ဖော်ပြပါ ဆားဘီးယားစကားပုံလေးသည် လူတိုင်းလိုလို သုံးစွဲနေသော စကားပုံလေး ဖြစ်သည်။ သည့်ကြောင့် ဖေ့ဘုတ်တခွင်တွင် အမြဲလိုလို မြင်နေရသည်။ မြင်ရ၊ ဖတ်ရတိုင်း ကျွန်ုပ်သည် အောင်သူ့(အမည်လွှဲထား)ကို ပြေးပြေးသတိရသည်။ အောင်သူ့အဖြစ်သည် ထို ဆားဘီးယားစကားပုံနှင့် တူညီနေသည်။
ကျွန်ုပ်သည် ပီဒီအက်ဖ်တိုင်းကို နွေဦးသူရဲကောင်းဟု မသုံးနှုန်းပါ။ (1.2.2021) နေ့တွင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်သောကြောင့် ဖြစ်ပေါ်လာခဲ့သော တော်လှန်ရေးကို နွေဦးတော်လှန်ရေးဟု ကင်ပွန်းတပ်ကြသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံတို့ကဲ့သို့ နွေဦးရာသီမရှိသော်လည်း ဆောင်းကုန်စ နွေအကူးကာလကလေးကို နွေဦးကာလဟု ခေါ်တွင်ကြသည်။ ထိုကာလလေးတွင် ပေါ်ပေါက်လာခဲ့သောကြောင့် နွေဦးတော်လှန်ရေးဟု အမည်တွင်သည်။
သည့်ကြောင့် ထိုကာလကတည်းက ပေါ်ပေါက်လာခဲ့သော သူရဲကောင်းများကိုသာ နွေဦးသူရဲကောင်းများဟု တင်စားချင်သည်။ တော်လှန်ရေးကာလ ရှည်ကြာလာသည့်အခါမှ အဓမ္မ စစ်မှုထမ်းခံရမည်စိုးလို့၊ အိမ်မှာ နေလို့ မရတော့လို့၊ ဝန်ထမ်းဖြစ်နေလျှင် ရုံးတက်လို့ မရတော့လို့၊ နေရပ်စွန့်ခွာပြေးရှောင်နေရလို့ မတတ်သာသည့်အဆုံး ပီဒီအက်ဖ်ထဲ ပြေးဝင်ရသူများကိုတော့ နွေဦးသူရဲကောင်းများဟု မသုံးနှုန်းချင်မိ။
နွေဦးသူရဲကောင်းစစ်စစ်ဆိုသည်မှာ အာဏာသိမ်းစကတည်းက လက်နက်ဆွဲကိုင် တော်လှန်ရမည်မှန်း သိသောကြောင့် မည်သူ့ခွင့်ပြုချက်၊ မည်သူ့စေ့ဆော်မှုကြောင့်မှ မဟုတ်ဘဲ မိမိအသိစိတ်ဓာတ်၊ မိမိခံယူချက်တခုတည်းနှင့် သူများထက်အလျင်ဦးအောင် တော်လှန်တိုက်ပွဲဝင်သူကို ဆိုလိုပါသည်။
ထိုသူမျိုးများသည် ရပ်တည်ချက်၊ ခံယူချက် မှန်ကန်သူများဖြစ်ပြီး လမ်းမှန်ကနေ လမ်းမှားဘက်သို့ သွေဖည်မည့်သူများမဟုတ်။ မည်သူက မလုပ်ပါနှင့်ဟု တားတား၊ မသွားပါနှင့်ဟု ချုပ်ကိုင်ချုပ်ကိုင် ငါ့ဆုံးဖြတ်ချက်၊ ငါ့ရပ်တည်ချက်ကို မည်သူကမှ မတားဆီးနိုင် ဆိုပြီး မဖြစ်ဖြစ်အောင် လုပ်မည့် သူမျိုးဖြစ်သည်။
အာဏာသိမ်းစကတည်းက နွေဦးသူရဲကောင်းဖြစ်ခဲ့သူများသည် နွေဦးသူရဲကောင်းဖြစ်ဖို့ တော်ရုံသတ္တိနှင့် မရပါ။ မလွယ်ကူပါ။ အကြောင်းမူကား ရွာဘက်တွင် အာဏာရှင်မင်းအောင်လှိုင်ကို ထောက်ခံသူများရှိသည်။ ဒလန်သူလျှိုလုပ်သူ ပေါများသည်။ ပျူစောထီးဖြစ်မည့်သူ ပေါများသည်။ သည့်ကြောင့် မိမိက သူပုန်ပီဒီအက်ဖ်လုပ်မည်ကို သတင်းပေးခံရမည့် အန္တရာယ်ရှိသည်။ ပျူစောထီးစိတ်ရှိသူက လုပ်ကြံခြင်းကိုလည်း ခံရနိုင်သည်။ မိမိသူပုန်လုပ်နေသည်ကို ပေါက်ကြားသွားလျှင် မိမိ၏ မိသားစုဝင်များကိုပါ လုပ်ကြံ ထိခိုက်ခံရနိုင်သည်။ သည့်ကြောင့် သူတပါးမသိအောင်နှင့် မိသားစုဝင်များ မသိအောင်လည်း သိုသိုသိပ်သိပ် လုပ်ရသည်။ ထိုသို့သော အခက်အခဲကြားကနေ သူပုန်အလုပ်ကို လုပ်ကိုလုပ်ရဲသူသည် နွေဦးသူရဲကောင်း အစစ်အမှန်ဖြစ်သည်။
အောင်သူသည် ထိုသို့သော နွေဦး သူရဲကောင်းမျိုးဖြစ်သည်။ ကျွန်ုပ်ပြောတာ မှန် မမှန် စကားဆက်ပါမည်။
အောင်သူသည် ဖော်ပြပါအခက်အခဲများကြောင့် ရွက်ပုန်းသီးသူရဲကောင်းသာ ဖြစ်နေရသည်။ ကျွန်ုပ်သည်လည်း စီဒီအမ်ဝန်ထမ်း ဖြစ်သောကြောင့် သူလျှိုရန် ကြောက်ရရာ နယ်အဝေးသို့ ပြောင်းရွှေ့နေခဲ့သည်။ သည့်ကြောင့် ရွာတွင် မည်သူတို့သည် နွေဦးသူရဲကောင်းဖြစ်နေသည်ကို မသိရပါ။ ရွာကိုလည်း မေးလို့မရ။ ရွာက နှုတ်လုံကြသည်။ တကယ်က နှုတ်မဖွာရဲခြင်းသာဖြစ်သည်။ သည့်ကြောင့် ကျွန်ုပ်လည်း မမေးဖြစ်တော့။ မမေးဘဲ နေခါမှ အောင်သူသည် နွေဦးသူရဲကောင်းဖြစ်နေသည်ကို အမှတ်မထင် သိခဲ့ရသည်။
အကြောင်းကား ကျွန်ုပ်သည် နယ်အဝေးသို့ တိမ်းရှောင်နေရင်းက တော်လှန်စားဖိုမှူး လုပ်ရန် ကျွန်ုပ်တို့မြို့နယ်နှင့် ထိစပ်နေသောမြို့နယ်၏ ရွာတရွာမှ တပ်တခုဆီသို့ ခိုးပြေးခဲ့သည်။ ကင်ဒိုတပ် ဟုခေါ်သည်။ ထိုရွာတွင် ယခင်က အထက်တန်းကျောင်းမရှိ။ ကျွန်ုပ်တို့နယ်မှ ကျွန်ုပ်တို့တက်ခဲ့ဖူးသော အထက်တန်းကျောင်းတွင် အဆောင်နေအဆောင်စားဖြင့် ကျောင်းတက်ခဲ့သူများရှိသည်။ ကင်ဒိုတပ်မှ ကောင်လေးများလည်း တက်ခဲ့ကြဖူးသည်တဲ့။ ကျွန်ုပ်တို့ရွာသားများနှင့် ကျောင်းနေဖက်များ ဖြစ်သည့်အကြောင်း ပြောကြရင်း အောင်သူ့အကြောင်း ပါလာသည်။ အောင်သူနှင့်လည်း ကျောင်းနေဖက်တဲ့။ တိုက်ပွဲမှာလည်း ခဏခဏတွေ့သတဲ့။ သည်လိုကြားရတော့ ကျွန်ုပ် အံ့သြသွားရသည်။ ဒါဖြင့် အောင်သူလည်း ပီဒီအက်ဖ်ဖြစ်နေတာကိုး။
ဟင် အောင်သူလည်း အဖွဲ့ထဲမှာလား၊ ဘယ်အဖွဲ့ထဲမှာလဲ၊ သူက ငါ့ညီဝမ်းကွဲလေ၊ ဒီကို အလည်လာဦးလို့ ပြောလိုက်။
ဟင် အဲ့ဒါက ဟို ဟုတ် နောက်တခါတွေ့ရင် ပြောလိုက်မယ်လေ။
‘အိမ်ကိုလွမ်းတဲ့အကြောင်း....’
◼️ရိုးငှက်
အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်း
ငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့
ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာ
ဒုက္ခတရားအပြည့်နဲ့ .. ။
လမ်းမကြီးကိုကြောက်ရွံ့မုန်းတီးရင်း
ကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်း
ကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့
အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။
ညတွေရဲ့
ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာ
အိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်း
မိုးလင်းမှာကို ကြောက်နေရတယ် ။
အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆို
စွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကို
ပစ်ထားခဲ့ချင်ပြန်တယ် ။
ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကို
ဗလာမျက်လုံးနဲ့ငေးနေရင်း
အိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆို
စီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာ
ဘေးနားမှာ ငိုချင်းချလို့ ။
ဒါပေမယ့်လေ
ပြန်စရာအိမ်တွေ
ပြာဖြစ်သွားတဲ့လူတွေအကြောင်း
ရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်း
ခေါင်းထဲဝင်လာပြန်တော့
တောက်ခေါက်သံပြင်းပြင်းနဲ့
အံကြိတ်အားတင်းရပြန်တယ်။
ဒီလိုနဲ့ပဲ..
မကျွမ်းကျင်မှုနယ်ပယ်မှာ
အသားကျအောင်နေ
ဒုက္ခဆိုတာတော့
ငယ်ပေါင်းကြီးဖော်လိုပေါ့ ။
အတွေ့အကြုံအခြေအနေအရ
မာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာ
အိမ်အကြောင်းတွေးမိတော့
နှလုံးသားဟာဖန်သားပြင်လိုပဲ
မာပေမယ့်ကြည်လင်နေသေးတာတော့
ကိုယ်တအံ့တဩ ။
အခိုက်အတန့်တစ်ခုမှာ
စိတ်ပါလက်ပါပြုံးမိတာတွေက
မိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကို
ပြန်ပြောင်းမြင်ယောင်မိတာရဲ့
တစ်ဝက်ပဲနွေးထွေးစေတာပါ။
ရည်မှန်းချက်တွေပြီးသွားလို့
အိမ်ပြန်ရောက်တဲ့အခါ
အားလုံးရဲ့အပြုံးမျက်နှာတွေကို
အားပါးတရငေးရင်း
အိမ်ကိုဘယ်လောက်လွမ်းကြောင်း
မာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း
ပြောပြမိမှာပါလေ ။
အခုတော့ ..
အိမ်ဟာ အိပ်မက်တစ်ခုဖြစ်ပြီး
အိပ်မက်မှာလည်း အိမ်ဖြစ်နေကြောင်း
စကားလုံးတွေပဲဖွင့်ဟနိုင်တော့တယ် ... ။ ။
.
.
.
#ရိုးငှက်
#TheCall
#ခေါ်သံ
‘ခေတ်တွေဟာ ‘
◼️အာကာဘုန်းဝေ
လူတွေဟာ ခေတ်တွေဆီသို့
သွားနေတာလား
ခေတ်တွေကပဲ လူတွေဆီသို့
လာနေတာလား
အရာရာဟာ မသဲမကွဲ ။
ကျောက်ခေတ်
ကြေးခေတ်
သံခေတ်
နည်းပညာခေတ်
ခေတ်တွေဟာ တဖြည်းဖြည်း
ပြောင်းလဲလာခဲ့ရတယ် ။
အချစ်နှင့်အနုပညာခေတ်ကို
မရောက်နိုင်သေးဘူးမဟုတ်လား ။
အလင်းနှစ်သန်းပေါင်းများစွာ
ဖြတ်ကျော်လာခဲ့ရတယ် ။
ကမ္ဘာဟာ ဒဏ်ရာတွေကို
တကယ်မဖြေဖျောက်နိုင်သေးဘူးမဟုတ်လား ။
ကမ္ဘာဟာ
ခက်ထန်ကြမ်းတမ်းတဲ့
နေ့ရက်တွေနှင့်အတူ
ခက်ထန်ကြမ်းတမ်းတဲ့
ဘဝတွေနှင့်အတူ
အခုထိ အသည်းကွဲနေရဆဲ ။
ခေတ်တွေဟာ
ချစ်စရာကောင်းတာလား
ဒါမှမဟုတ်
ခေတ်တွေဟာ
ကြောက်စရာကောင်းတာလား
ငါတို့ရဲ့ ကမ္ဘာကြီးထဲမှာ ။
.
.
.
#အာကာဘုန်းဝေ
#TheCall
#ခေါ်သံ
ဘွားအုန်းမြင့်က ကိုပေါက်စီကို ကောက်ရိုးတမျှင်လို အားကိုးတကြီး ဆိုရှာတယ်။ ကိုပေါက်စီလည်း ရဲစခန်းမှူးကို ဘယ်ကဘယ်လိုစပြီး ပြောရမလဲစဉ်းစားမရရှိနေခဲ့တယ်။ တချို့ငွေကြေးပြေလည် တတ်နိုင်သူတွေကတော့ သူတို့ရဲ့ သားသမီးကို ရဲစခန်းမှူးတောင်းတဲ့ ငွေကြေးပမာဏပေးပြီး အချုပ်ခန်းထဲကနေ ခေါ်ထုတ်သွားကြတယ်။
‘စခန်းမှူးကြီး’
ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး ကိုပေါက်စီလည်း သူ့ထက် ၁၀ နှစ်ကျော်လောက်ငယ်ပုံရတဲ့ ရဲစခန်းမှူးကို စခန်းမှူးကြီးချင်း ထပ်အောင်ခေါ်ပြီး ဘွားအုန်းမြင့်တို့သားအမိရဲ့ အခြေအနေကို တောင်းတောင်းပန်ပန်ရှင်းပြရတယ်။
ဘွားအုန်းမြင့်လည်း သူ့သားအရွယ်သာသာရှိတဲ့ ရဲစခန်းမှူးကို လက်အုပ်ကလေးချီရင်း ကိုပေါက်စီ စကားတခု ဆုံးတိုင်း ဟုတ်ပါတယ် စခန်းမှူးကြီးရယ်၊ ဟုတ်ပါတယ်နဲ့ စကားထောက်လိုက်ရှာတယ်။
နောက်ဆုံးတော့ ငွေကျပ်ငါးသိန်းအစား သုံးသိန်းနဲ့ အဆင်ပြေသွားခဲ့တယ်။ ခက်တာက ဘွားအုန်းမြင့်လို ပင်စင်စား အမယ်အိုအတွက် ငွေကျပ်သုံးသိန်းဆိုတာက ချက်ချင်းရှာဖို့ လွယ်ကူမနေခဲ့ပြန်ပါဘူး။ ကိုပေါက်စီဆိုတာကလည်း ရရစားစားသမားမို့ အခြေအနေက တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ ဘဝတွေပါပဲ။
ဘွားအုန်းမြင့်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့သားကို အချုပ်ကနေလွတ်ဖို့ ငွေကို ဆက်ဆက်ပေးပါ့မယ်လို့ ရဲစခန်း မှူးကို ထိုင်ရှိခိုးမတတ် အထပ်ထပ်ကတိပေးရင်း မနက်အထိစောင့်ပေးဖို့ တောင်းပန်ရှာတယ်။
ကိစ္စအဝဝပြေလည်ပြီး ကိုပေါက်စီတို့ ရဲစခန်းကနေပြန်လာတော့ အချိန်က အတော်လင့်နေပြီ။ အငှားကားတွေလည်း မရှိကြတော့ဘူး။ လမ်းမတလျှောက် အမှောင်ထုက သိပ်သိပ်သည်းသည်းရှိနေခဲ့တယ်။ တချို့နေရာမှာလမ်း မီးတိုင်အလင်းမှိန်ဖျော့ဖျော့ကလေးရှိနေပေမဲ့ အရာရာက အမှောင်ထုအောက် ချောက်ချားငြိမ်သက်စွာရှိနေခဲ့တယ်။
ကိုပေါက်စီတို့နှစ်ဦးသားလည်း တဦးနဲ့တယောက် ဘာစကားတခွန်းမှမဆိုဖြစ်ကြဘဲ လမ်းကိုသာတွင်တွင် လျှောက်နေမိတယ်။ လမ်းတလျှောက် ဘွားအုန်းမြင့်ရဲ့သက်ပြင်းမောချသံက အိပ်တန်းတက်ငှက်တအုပ်ကို လေ သေနတ်နဲ့ပစ်ဖောက်လှန့်လိုက်လို့ အထိတ်တလန့်ထပျံသွားတဲ့ တောင်ပံခတ်သံတွေလို တိတ်ဆိတ်အမှောင်ထုကို ဖောက်ထွင်းပြီး တလျှောက်လုံး ကိုပေါက်စီ ကြားနေရမိတယ်။
ငွေကျပ်သုံးသိန်းအတွက် ဘွားအုန်းမြင့်ရင်ထဲ ဘယ်လိုတွေများ ပူလောင်နေမလဲ၊ မနက်ခင်းအမီ အဲဒီငွေရအောင် ရှာကြံနိုင်ဖို့ ဘယ်လိုတွေများတွေးတောပြီး အကြံအိုက်နေမလဲဆိုတာ ဘွားအုန်းမြင့်ရဲ့သက်ပြင်းမောချသံတွေက တဆင့် ကိုပေါက်စီ ခံစားရမိတယ်။
ငွေကို ဘယ်လိုရှာမလဲလို့ ကိုပေါက်စီ ဘွားအုန်းမြင့်ကို မမေးရက်ဘူး။ ဘွားအုန်းမြင့်လို ဘဝတွေဘယ်လောက် များများ အခုလို ကြုံတွေ့ဖြတ်သန်းခဲ့ရလဲဆိုတာလည်း ကိုပေါက်စီ ဆက်မတွေးချင်မိဘူး။ နောက်တနေ့ မြန်မြန် မိုးလင်းပြီး အဲဒီလူ့အန္ဓတွေမရှိဘဲ အရာရာဖြစ်တဲ့၊ ပျက်တဲ့၊ သာယာတဲ့နေ့သစ်တခု မြန်မြန်သာရောက်ချင်နေမိ တော့တယ်။
.
.
.
#ညီမင်းဆက်
#TheCall
#ခေါ်သံ
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၃)’
◼️ညီမင်းဆက်
‘ကိုပေါက်စီရယ် ငါ့ကို ကူညီပါဦး’
ညကြီး ၉ နာရီလောက် တယ်လီဖုန်းဝင်လာလို့ ကိုင်လိုက်မိတုန်း ငိုသံကြီးနဲ့ပြောလာတဲ့ ဘွားအုန်းမြင့်ရဲ့အသံကို ပေါက်စီ ကြားလိုက်ရတယ်။
‘ဘာဖြစ်လို့လဲ ဘွားအုန်းမြင့် ပြောပါဦး’
‘ပြီးရင် ပြောပြမယ် အခုငါလာခဲ့မယ် ငါနဲ့ ခဏလိုက်ခဲ့ပေးပါဦး’
ပြောပြီး ဘွားအုန်းမြင့် ဖုန်းချသွားတော့ ညဝတ်အင်္ကျီပေါ် အပေါ်ဝတ်လေး ထပ်ဝတ်ပြီး ဘာများဖြစ်လို့ပါလဲလို့ ကို ပေါက်စီ တွေးနေမိတယ်။
ဘွားအုန်းမြင့်က တော်တန်ရုံဆို ဘယ်သူ့ဆီကမှ အကူအညီတောင်းလေ့ ရှိတတ်တာမျိုး မဟုတ်ဘူးရယ်။
ဘွားအုန်းမြင့်က အသက် ၆၀ ကျော် ၇၀ တန်းထဲ ရောက်နေပေမဲ့ သွားနိုင်လာနိုင် သန်သန်မာမာထဲကပါပဲ။ အရင်က အစိုးရဌာနတခုမှာ အောက်ခြေအထွေထွေဝန်ထမ်းလုပ်ခဲ့ပြီး အခုကတော့ သက်ပြည့် ပင်စင်စားဆိုပါတော့။ ဘွားအုန်းမြင့် ယောကျ်ားကလည်း ဘွားအုန်းမြင့်နဲ့ ရုံးတခုတည်း အောက်ခြေဝန်ထမ်း လုပ်ဖော်ကိုင်ဖက်ပါပဲ။
ဘွားအုန်းမြင့်တို့ လင်မယားက အိမ်ထောင်ကျတာ နောက်ကျပေမဲ့ ကံကောင်းစွာပဲ သားကလေးတယောက်ထွန်း ကားတယ်။ တဦးတည်းသောသားကလေးဆိုတော့ လက်ရှိ အသက် ၃၅ နှစ်ကျော်အရွယ်ရောက်လာတဲ့တိုင် ဘွား အုန်းမြင့်က သူ့သားကို ပုခုံးလက်နှသစ်အရွယ်ထင်တုန်း။ တုန်နေအောင် ချစ်ရှာတယ်။
လင်မယားတွေ ပင်စင်ယူရင် ရထားတဲ့ဝန်ထမ်းလိုင်းခန်းလေး ဖယ်ပေးရမှာစိုးလို့ မဖယ်ပေးရအောင် သားဖြစ်သူကို ဝန်ထမ်းလုပ်ခိုင်းပေမဲ့ သားဖြစ်သူက မလုပ်ဘူးဆိုတော့လည်း ဘွားအုန်းမြင့်တို့က အတင်းမတိုက်တွန်းရှာဘူး။ ငါတို့ထက် ထွန်းပေါက်မယ့်သားလေး ဆိုပြီး သူ့သားလုပ်ချင်တာ လုပ်ခိုင်းခဲ့တယ်။
ဘွားအုန်းမြင့်တို့ လင်မယားနှစ်ယောက်လုံး ပင်စင်ယူကြတော့ ရုံးကပေးထားတဲ့ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ပေးရတယ်။ အဲဒီနောက် ကိုပေါက်စီတို့ရပ်ကွက်ထဲ ပြောင်းလာနေခဲ့ကြတာမှာ တဦးနဲ့တယောက် ခင်ရာဆွေမျိုးလို ဖြစ်လာခဲ့ကြတာပါပဲ။
ဘွားအုန်းမြင့်တို့တွေ ပြောင်းလာတာကိုပဲ ၅ နှစ်ကျော် ၆ နှစ်ထဲမက ရှိတော့မယ်ထင်တယ်။
‘ဘယ်သွားမလို့လဲ ဘွားအုန်းမြင့်ရဲ့’
ဘွားအုန်းမြင့် ရောက်လာတော့ ကိုပေါက်စီလည်း အိမ်တံခါးပိတ်ပြီး ဘွားအုန်းမြင့်နဲ့အတူ လိုက်လာရင်း မေးရတယ်။
ဘွားအုန်းမြင့်က ကိုပေါက်စီမေးတာကို ပြန်မဖြေသေးဘဲ လမ်းပေါ်လက်ပြရင်း ကားတားတယ်။ အချိန်က ည ၉ နာရီကျော်ဆိုပေမဲ့ လမ်းမပေါ် အငှားကားတွေက အရင်လို ပေါပေါများများ ရှိမနေကြတော့ဘူး။ မြို့ပြက မြို့ပြနဲ့မတူလောက်အောင်ကို ညပိုင်း ၇ နာရီ၊ ၈ နာရီလောက်ဆိုရင် တိတ်ဆိတ်ခြောက်ကပ်နေပြီဖြစ်တယ်။ ခဏနေလို့ ကားတစီးရတော့ ဘွားအုန်းမြင့်က မြို့နယ်ရဲစခန်းဆီကို မောင်းခိုင်းတယ်။
‘ဘာဖြစ်လို့လဲ ဘွားအုန်းမြင့် ပြောဦး၊ ရဲစခန်းက ဘာလုပ်ဖို့သွားမှာလဲ’
‘နင့်တူ အဖမ်းခံရလို့ အဲဒါ အခုလိုက်ရမှာ’
ကိုပေါက်စီအမေးကို ဘွားအုန်းမြင့် တိုတိုပြတ်ပြတ်ပဲ ပြန်ဖြေတယ်။
အကျိုးအကြောင်းသိရအောင် သေချာထပ်မေးတော့မှ ညပိုင်း ၈ နာရီလောက် ရပ်ကွက်ထိပ်ပလက်ဖောင်းမှာ ဘွားအုန်းမြင့်သားအပါအဝင် လူငယ်တချို့ ဂစ်တာစုတီးနေတုန်း ရဲတွေက ကားပေါ်အဓမ္မဖမ်းခေါ် တင်သွားတာလို့ သိ ရတယ်။
စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း လူငယ်လူရွယ်တွေကို အတင်းအကြပ် တပ်သားသစ်စုဆောင်းတာအပြင် ညပိုင်းတွေမှာ အခုလိုအဓမ္မဖမ်းဆီးတာတွေ ဒီဘက်နှစ်တွေထဲ ဆိုးဆိုးရွားရွား ရှိလာနေခဲ့တာ ဖြစ်တယ်။
ကိုပေါက်စီတို့ ရဲစခန်းရောက်တော့ ဘွားအုန်းမြင့် သားနဲ့အတူ ဖမ်းခံရတဲ့လူငယ်တချို့ရဲ့ မိဘတချို့လည်း ရောက်နှင့်နေတာ တွေ့ရတယ်။
ခဏနေတော့ မိသားစုဝင်တွေအားလုံးကို ရဲစခန်းမှူးက သူ့ရုံးခန်းထဲခေါ်ပြီး ဖမ်းဆီးထားတဲ့ လူငယ်တွေထဲ စစ်မှု ထမ်းစာရင်းပေါက်လူငယ် ပါမပါ နာမည်၊ နေရပ်လိပ်စာနဲ့ တိုက်စစ်ဆေးတယ်။ မပါတဲ့သူတွေ ငွေကျပ်ငါးသိန်းပေးပြီး ပြန်ခေါ်သွားနိုင်တယ်လို့ ဒဲ့ဒိုးပဲပြောတယ်။ စစ်မှုထမ်းစာရင်း ပါထားပြီးသားသူတွေကိုတော့ စာရင်းမပါတဲ့ သူတွေ ကိစ္စပြီးမှ ဆက်ဆွေးနွေးမယ်လို့ ဆိုတယ်။
ရဲစခန်းမှူးစကားကြားတော့ ဘွားအုန်းမြင့်တွေခနဲ တချက်ဖြစ်သွားတာ ကိုပေါက်စီ သတိထားလိုက်မိတယ်။ ဘွား အုန်းမြင့်သားက အသက် ၃၅ နှစ်ကျော်နေပြီမို့ စစ်မှုထမ်းစာရင်းကနေ ကင်းလွတ်နေတာမှန်ပေမဲ့ ရဲစခန်းမှူးပြောသလို ငွေကျပ် ငါးသိန်းပေးပြီး ပြန်ခေါ်ဖို့အတွက်ကျ ဘွားအုန်းမြင့်လို ပင်စင်စား အမယ်အို တယောက်အတွက် အတော့်ကို ကြီးမားတဲ့အခက်အခဲပါပဲ။
လက်တွေ့မှာလည်း ကိုပေါက်စီတို့ရပ်ကွက်ထဲ ဘွားအုန်းမြင့်တို့ ပြောင်းလာပြီး မကြာမီ ကိုဗစ်ကာလအစောပိုင်း လေးမှာပဲ ဘွားအုန်းမြင့် ယောကျ်ားဆုံးတယ်။ သုံးချောင်းထောက်စားပွဲ တချောင်းကျိုးသလို ယောကျ်ားဆုံးပြီး နောက်ပိုင်း ဘွားအုန်းမြင့်တို့ သားအမိလည်း ဘွားအုန်းမြင့် ပင်စင်လစာလေးရယ်၊ သားဖြစ်သူရဲ့ ကုမ္ပဏီအောက် ခြေဝန်ထမ်းလစာလေးရယ်မှာ စားစရိတ်၊ အိမ်လခ၊ ရေဖိုး၊ မီးဖိုးနဲ့ တလတလ လောက်ငအလျင်မီအောင် ခြိုးခြံချွေတာ သုံးစွဲနေရတာမျိုးဖြစ်တယ်။
‘ကိုပေါက်စီ နည်းနည်းပြောပေးပါဦး။ ငါးသိန်းကြီးကျ ဘယ်လိုလုပ်တတ်နိုင်မှာလဲ၊ ပြောပေးပါဦး’
နိုင်ငံသားကို မထင်ရင် မထင်သလို ဧည့်စာရင်းဝင်စစ်တာတွေ အပြင်၊ ပြည်တွင်းဂိတ်တွေဖွင့် အခွန်ဆောင်ခိုင်းတာ၊ ပြည်ပကုန်စည်တင်းကြပ်စွာ ရိက္ခာဖြတ်တောက်မှု၊ စစ်မှုထမ်းခိုင်းမှု၊ ဖမ်းဆီးငွေညှစ်မှု၊ ရွာစဉ်လေကြောင်း တိုက်ခိုက်မှု၊ အကြမ်းဖက် မီးရှို့လူသတ် မုဒိန်းကျင့်မှုတွေ ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတော်ကို အမှန်တကယ် အုပ်ချုပ်ချင်စိတ်ထက် နိုင်ငံတော်ကို ဖျက်ဆီးခြင်းသက်သက်သာ လုပ်နေဆဲဖြစ်တယ်။
လူထုဟာ နိုင်ငံရေး ရေချိန်မညံ့ဖျင်းကြပါ။ လူပုဂ္ဂိုလ်ကြောင့် ရွေးကောက်ပွဲ မဲပေးခြင်း
မလုပ်သလို လူပုဂ္ဂိုလ်တစုက သေနတ်ထောက် မဲပေးခြင်းစနစ်ကို ထောက်ခံလိမ့်မည်မဟုတ်ပါဘူး။
နိုင်ငံတခုရဲ့ ခေါင်းဆောင်ကို အကြမ်းဖက်ပြီး အုပ်ချုပ်ကာ ခေါင်းဆောင်လုပ်လို့မရသလို နိုင်ငံတော် ကောင်းကျိုးလိုလားသူသာ နိုင်ငံရေး အရည်အချင်း ပြည့်မီတဲ့ ခေါင်းဆောင်များ လူထုအကျိုး လိုလားသူများသာ နိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့ကြောင်း သမိုင်းအထောက်အထားများစွာ တည်ရှိနေကြပါတယ်။
လူကို လူက အုပ်ချုပ်ခြင်း၊ တရားမျှတတဲ့ ဥပဒေဖော်ဆောင်ရေး၊ လူထုကို အကာကွယ်ပေးတဲ့ စနစ်တခုကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကအကောင်အထည် ဖော်နိုင်မည်လား။ မြန်မာနိုင်ငံမှာ နိုင်ငံရေး သေခြင်းဖြစ်လေမည်လား။ စစ်ကောင်စီ ရွေးကော်ဟာ အကြမ်းဖက်ခွင့် တရားဝင်ရရေးသာ ဆောင်ရွက်သွားမည်လား။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ကောင်စီ ရွေးကောက်ခံ အမတ်တွေ ဝင်ပြိုင်တဲ့ လူတွေကပဲ အဆင်းဘီးတွန်းကြပြီလား။ မိမိ ထောက်ခံသူတွေဟာ မိမိကို နိုင်ငံရေးရေတိမ်နစ်အောင် လုပ်နေတာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အသိတရား ဝင်သင့်နေပါပြီ။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မသာချပွဲဖြစ်နေပါတယ်။ စစ်တပ်တတပ်ကို ကြိုက်သလို ခြယ်လှယ်လို့ရပေမယ့် အသိဉာဏ်ရှိ လူသားတွေကို လှည့်စားနေတဲ့ ရွေးကောက်ပွဲတခုဟာ မသာချပွဲလောက် မစည်ကားဘဲ လူထုတခုလုံး သတ်ကွင်းပို့နေတဲ့ ဥပဒေအောက်မှာ တရားမျှတသန့်ရှင်းမှု နိုင်ငံရေး တရားဝင်မှု မရှိပါ။
လူထုကို ရန်သူထင်နေသူဟာ စစ်ဘီလူးတကောင်ပဲ ဖြစ်နေမှာ ဖြစ်သလို လူထုအကျိုးလိုလားပြီး
လူထုကို ကာကွယ်သော ဥပဒေပြဌာန်းသူကသာ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော် အုပ်ချုပ်သူ ဖြစ်ထိုက်ပါတယ်။ လူထုကို ငဲ့ကွက်ထည့်သွင်း စဉ်းစားခြင်းကသာ နိုင်ငံရေးအဖြေဖြစ်သလို အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးကာ တရားဥပဒေမဲ့ လုပ်ရပ်များ အကြမ်းဖက်ပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေများ အစရှိသည်ကို ရပ်တန်းကရပ်ပြီး နိုင်ငံကောင်းကျိုးကိုသာ အပီအပြင် အကောက်အထည် ဖော်ရမယ့်အချိန်ပါ။
နိုင်ငံရေးအခြေပြုအတွေးအခေါ်တွေ စစ်ကောင်စီသာ တွေးခေါ်ပါက စစ်တပ်ဟာ စစ်တန်းလျားမှာ နေရင်း
ပြည်သူကို ကာကွယ်မည်ဆိုတာ မလွဲပါ။ နိုင်ငံရေး အဖြေကို ရွေးကောက်ပွဲ အဖြေရလဒ်က အတည်ပြုတယ်လို့ ယုံကြည်ပါက 2020 ရွေးကောက်ပွဲဟာ နိုင်ငံရေးတရားဝင်မှုသာဖြစ်ကြောင်း လူထုရဲ့အသံကို စစ်ကောင်စီကြားပြီးဖြစ်ပါတယ်။ လူထုကို ငဲ့ကွက်ပါ။ လူထုကို ဖိနှိပ်အုပ်ချုပ်မရပါ။ အကြမ်းဖက်လုပ်ရပ်များ အမြန်ရပ်ပါ။ နိုင်ငံရေးကနေ စစ်တပ်ထွက်ခွာရေး တွေးခေါ်ပါ။
ကိုယ်ကျိူးစီးပွားဖက် နိုင်ငံရေးဟာ မိမိကိုယ်ကို ဆွဲချနေခြင်း ဖြစ်သလို၊ နိုင်ငံတခုကို ကျဆုံးခန်းတိုင်အောင် ပြုကျင့်နေခြင်းသာ ဖြစ်ကြောင်းပါ။
.
.
.
#ဆူးနတ်သန်
#TheCall
#ခေါ်သံ
‘နိုင်ငံရေး အခြေပြုလား အကျိုးစီးပွား အခြေပြုလား’
◼️ ဆူးနတ်သန်
လူထုကို ဖိနှိပ်အုပ်စိုး ခြယ်လှယ် ယုတ်မာနေတဲ့ စစ်ကောင်စီက လုပ်မည့် ရွေးကောက်ပွဲဟာ မေးခွန်းပေါင်းများစွာအတွက် အဖြေပေးဖို့လိုအပ်နေပါတယ်။ စစ်ကောင်စီနဲ့ ပလဲပနံသင့်တဲ့ လူအုပ်စုသာပါဝင်တဲ့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ခံ အမတ်တွေဟာ နိုင်ငံရေး နိုင်ငံ့အရေးထက် မိမိတကိုယ်စာ လက်ဝေခံကောင်းစားချင်တဲ့ ဆန္ဒာဂတိ အဂတိများစွာနဲ့ ပါဝင်ရွေးကောက်ခံနေလား သုံးသပ်ကြရမှာပါ။
ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ခိုင်လို နိုင်ငံရေး ဏဂန်းနားမလည်သူတွေ တရုတ်ရဲ့ခေါင်းဆောင် ဖြစ်ဖူးသူ ဥက္ကဌ မော်ဝ်စီတုန်းကိုပင် စကားဖြောင့်အောင် မပြောနိုင်သူ၊ Youtuber blogger VV Chen လို ပုဂ္ဂိုလ်တွေအပြင် ရွေးကောက်ပွဲ ကမကထပြုသူ ကိုယ့်ကိုယ်ကို ယာယီသမ္မတလား ကာကွယ်ဦးစီးချုပ်လား၊ နိုင်ငံတော် ဝန်ကြီးချုပ်လား တယောက်တည်း ရာထူးသုံးခုနဲ့ တနိုင်ငံလုံးကို ဗုံးပတ်ကြဲနေသူတယောက် ဖြစ်တဲ့ မင်းအောင်လှိုင်လို ပုဂ္ဂိုလ်တွေက ဦးစီးဦးဆောင်ပြု ကျင်းပတဲ့ရွေးကော်ကော်မတီဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်နိုင်ပါ့မလားဆိုတာ နိုင်ငံတွင်းက စစ်ကောင်စီအတိုက်အခံ အုပ်စုအပြင် နိုင်ငံ့အရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး စောင့်ကြည့်လေ့လာ သုံးသပ်သူတွေ၊ နိုင်ငံတကာ နိုင်ငံရေး အသိုင်းဝိုင်းဟာ မေးခွန်းထုတ်နေကြမှာ ဖြစ်ပါတယ်။
အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးလှုပ်ရှားသူအသီးသီးကို အကျဉ်းချထားပြီး "ငါ့မထောက်မခံ မနေရ" သေနတ်ထောက်ပြီး ရွေးကောက်ပွဲလုပ်နေတာဟာ ဘုရင့်ပလ္လင်ထက် ခွေးတက်နေသလိုပင် ဖြစ်နေမှာ အသေချာပါပဲ။
စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ငါ့မထောက်ခံရင် ရန်သူပဲဟု ထင်မှတ်ပြီး 2021 ဖေဖော်ဝါရီ တရက်နေ့ အာဏာသိမ်းမှုမှာ ဆန့်ကျင်ခဲ့တဲ့ လူထုတရပ်လုံးကို အပ်တို တချောင်းမျှမပါတဲ့ လူထုကို သေနတ်ပစ်ဖောက် ဇီဝိန်ချုပ်စေခဲ့တဲ့ အကြောင်းတရားကြောင့် နိုင်ငံတွင်းမှာ အကျည်းတန်တဲ့ လက်နက်ကိုင်တော်လှန်ရေးတရပ် ဖြစ်ပွားခဲ့တာပါ။ လူထုဟာ နိုင်ငံသားကောင်း ပီသသလို နိုင်ငံကြီးသားပီသစွာ နိုင်ငံတော်အုတ်မြစ်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာကြသူတွေ ဖြစ်ပါတယ်။ တရားမျှတမှုမရှိတဲ့ စစ်တပ်ကိုသာ ကာကွယ်ထားတဲ့ 2008 ခြေဥကိုပင် ချိုးဖောက်ပြီး မတရား အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ လူထုကို အမှန်တကယ် အုပ်ချုပ်ချင်စိတ် ရှိပါသလားလို့ လေးနှစ်လုံးလုံး မေးခွန်းထုတ်စရာပါပဲ။
လူထုကိုသာ အကြိမ်ကြိမ် ဖိနှိပ် ညှဉ်းပန်းနှိက်စက်နေတဲ့ စစ်မှုထမ်းဥပဒေတွေအပြင်၊ ပြည်ပထွက်ခွင့်
ကန့်သတ်ချုပ်ချယ်နေတဲ့ ဥပဒေတွေ၊ အပြစ်မဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးအကျဉ်းချထားတဲ့ အက်/ဥပဒေတွေဟာ လူအခွင့်အရေးကော်မရှင်အသီးသီးက ရှုတ်ချကန့်ကွက်နေရတဲ့ လုပ်ရပ်တွေ တရစပ် ကျူးလွန်နေခဲ့တာ လေးနှစ်ရှိပါပြီ။ ရွာစဉ်မီးရှို့ဖျက်ဆီး၊ လူသားရင်းမြစ်တွေကို စစ်ပွဲထဲ မောင်းထုတ် အသေခံခိုင်းနေခြင်းတွေဟာ နိုင်ငံတော် ကောင်းစားရေးအတွက် လုပ်နေတဲ့ ခေါင်းဆောင်တရပ်ရဲ့ လုပ်ရပ် မဟုတ်သလို နိုင်ငံတော်ကို လူထုကို အမှန်တကယ် အုပ်ချုပ်ချင်တဲ့ စိတ်ကြောင့် မဟုတ်ဘူးလို့ ယူဆပါတယ်။
အလားတူပါပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေကြသူတွေကလည်း နိုင်ငံ့အကျိုး နိုင်ငံတော်ကောင်းစားဖို့ နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ မဖြစ်နိုင်ကြောင်း အချက်အလက် တိကျနေပါတယ်။ နိုင်ငံ့အကျိုး အမှန်တကယ်လိုလားတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင် အသီးသီး မပါဝင်တဲ့ ရွေးကောက်ပွဲဟာ All Inclusive အခြေအနေ မပြသလို နိုင်ငံရေးနည်းလမ်းနဲ့ ပဋိပက္ခ ဖြေရှင်းခြင်းထက် အာဏာကို လက်တဆုပ်စာ လူတစုက အုပ်စိုးခြယ်လှယ်ချင်တဲ့ နိုင်ငံရေးလှည့်ကွက်တခုသာ ဖြစ်နေပါတယ်။
နိုင်ငံတခုရဲ့ ရွေးကောက်ပွဲကို နိုင်ငံ့အကျိုးလိုလားသူ အရပ်သားပြည်သူတွေ၊ သူတောင်းစားက အစပြုလို့
နိုင်ငံရေး အရည်အချင်း ခေါင်းဆောင်မှု ကိုက်ညီနေသူတွေ မည်သူမဆို ပါဝင်ရွေးကောက်ခံနိုင်ခြင်းဟာ
နိုင်ငံတော်ရဲ့ ဥပဒေ တရားမျှတခြင်း ဖြစ်ပါတယ်။ တရားဝင် သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ပါတယ်။
နိုင်ငံရေး အတိုက်အခံတွေ မပါဝင်ဘဲ မိမိဘက်သင့်ရာ လူတွေသာ စုခေါ်တဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတော်ကို အသံတိတ် လုပ်ကြံလိုက်တဲ့ နိုင်ငံရေး သေခြင်းဖြစ်ပါတယ်။
အတိုက်အခံ နိုင်ငံရေးအသိုင်းဝိုင်းဟာ လူပုဂ္ဂိုလ်ကြောင့် ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်း မလုပ်ခဲ့ကြောင်း လုပ်ရပ်နှင့်အတူ ပြသထားပြီးဖြစ်ပါတယ်။ နှစ်ငါးလုံးဟာ လူထုဆန္ဒဖြစ်သလို လူထုရဲ့ နိုင်ငံရေး ယုံကြည်မှုဟာ တရားမျှတတဲ့ ဥပဒေ ပေါ်ပေါက်နိုင်တဲ့ ဒီမိုကရေစီသာ လိုလားကြောင်း အသံကော ဟန်ကော ပြသနေဆဲ ဖြစ်တယ်။
နိုင်ငံရေးငလျင်လှုပ်ခတ်ချိန်တိုင်း သင်၏အတွင်းရေးများကို လူထုထံသို့ တင်ပြလေ့ရှိကြတယ်ဆိုတာကိုတော့ သင် ဆက်လက်သဘောမကျသင့်ပါဘူး။ ဒါပေမယ့် ကျနော်ဟာ ကိုယ် ကြည့်မရသည့်တိုင် ကိုယ်မုန်းတီးသည့် လူတဦးဖြစ်စေကာမူ သူ့ကို ကျနော် မုန်းတီးသည့်အရာမှာ အခြားအရာဖြစ်ပြီး သူ၏အကြောင်း မမှန်ကန်မှုများ ပြောဆိုလာပါက လိုက်လျောညီထွေ လိုက်လျောမှု ကျနော်မလုပ်တတ်။ ကျနော်သည် သူ့ကို သဘောမကျသည်မှာ မှန်ကန်သည်ဖြစ်ပါစေ ယခုအလုပ်တွင်မူ သူလုပ်ရပ်များ မဟုတ်ကြောင်း၊ မမှန်ကြောင်း အတင်းအဓမ္မ အတိတ်အကြောင်းများကိုပါ ပြောဆိုလာပါက ကျနော်ရှင်းလင်းတင်ပြနေဦးမည်။ သေလုဆဲဆဲ ဒဏ်ရာရပြီးလျှင်ပင် ကျနော့်နောက်ကျောတွင်ရှိသော ဒဏ်ရာဒဏ်ချက်များကို ဂရုစိုက်မည့်သူ မဟုတ်ပါ။ အချိန်တခုအထိ မေ့ထားပါဦးမည်။ သူနဲ့ မတွေ့မီ အချိန်အထိ ပေါ့လေ။
(၄)
ရူးနေတဲ့အရေးအသားကို ရေးသူ ရှိလားလို့ မေးလိုက်ကတည်းက ရေးသူက ရူးနေတာကို ခင်ဗျားသိမလား။ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော် ရူးနေပြီဆိုတာ နေကြာပန်းလေးတပွင့်ကဖြစ်ဖြစ် သိခဲ့မှာပါ။ အဲ့ဒီနေကြာပန်းဟာ နေထွက်ရာအရပ်ကို မျက်နှာမူသလား။ ရူးနေတဲ့လူတယောက်ကို ချစ်စိတ်ရှိဖို့ အန္တရာယ်ကင်းတဲ့ ဆက်ဆံရေးတခု ပျက်ဆီးသွားပါပြီ။ ကျနော် ရှေ့ဆက်တိုးဖို့ ချစ်တယ်ဆိုတဲ့ စကား ကျနော် ဆက်လက်ပြောပြနေဦးမှာပါ။ ဒါပေမယ့် ရှင် ဘယ်တော့မှ မကြားစေရဘူးရှင်ရယ်။
ကျနော်လေ တခုခုကို စောင့်မျှော်ရင်း ကျနော် သိသိသာသာ အိုမင်းသွားတာကို သိလာရတယ်။ စိတ်ဖိစီးမှု သုံးပိဿာလောက် ကျနော် ဈေးတခုထဲ ရောင်းကြည့်တယ်။ ရတဲ့ငွေနဲ့ မုန့်ဟင်းခါးအတူ(စား)မယ်။ ပြီးတော့ ဟင်းရည်အတူ(သောက်)မယ်။ ပျော်စရာကောင်းတဲ့ ဖျော်ရည်*ဆိုတာလည်း ကျနော် မော့သောက်ခဲ့ဖူးပြီးပါပြီ။ တပတ်အတွင်းမှာပဲ မန္တလေးရမ် နှစ်ဂါလံလောက် ကုန်သွားခဲ့တယ်လေ။ ဒါပေမယ့် မူးယစ်ရီဝေနေတဲ့ အချစ်တေလေတယောက်လိုပါပဲ။ အိမ်တအိမ် ဒါမှမဟုတ် မိသားစုတခုမှာ လိုအပ်နေတာ နွေးထွေးမှု။
အခုလို ရူးနေတဲ့ အရေးအသားကိုရေးနေသူလူတယောက်တောင် ဒါကိုသိတယ်ဆိုရင် ခင်ဗျားရော ကျနော့်ကို သတိရရဲ့ မဟုတ်လား။ အခုတော့ ကျနော် ပိုက်စိပ်တိုက် လိုက်ရှာနေမိပါတယ်။ စစ်မှန်သောမိတ်ဆွေ၊ မိသားစု၊ ဘဝ၊ အနာဂတ် အရာအားလုံး ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ်။ အခုထိ ရှာမတွေ့သေးဘူး။
ဒုက္ခတွေထဲ ခင်ဗျား ပျော်ပါစေ။
၂၀၂၅(ဇူလိုင်)
.
.
.
#လွန်းညီ
#TheCall
#ခေါ်သံ
‘ရူးနေတဲ့ အရေးအသားကို ရေးသူ ရှိလား’
◼️လွန်းညီ
(၁)
လီလီဆန်ကိုသိခဲ့လို့ ပထမဦးစွာ အားလုံးကို တောင်းပန်ပါတယ်။ လူတယောက်ကို လက်ဆွဲနှုတ်ဆက်ရင်း ပြည်တွင်းစစ်ကြီး ရှည်ကြာခဲ့တာကိုရော။ ကိုယ်ချစ်တဲ့သူနဲ့ ဝေးခဲ့ရတာကိုရော။ စာမေးပွဲဖြေရတာတွေကို ခင်ဗျားတို့ မုန်းဖူးသလား။ ခင်ဗျားတို့မကြုံဖူးတဲ့ စာမေးပွဲကို ကျနော်ဖြေဆိုခဲ့ဖူးပါတယ်။ ဘာသာရပ်နှစ်ခု မတူညီပေမယ့် မျက်ရည်အမှတ်တွေက စိုးရိမ်ရေမှတ်ထက် ကျော်လွန်တယ်။
သာရေးနဲ့နာရေး ဘယ်ဟာကိုရွေးမလဲဆိုရင် ဝက်သားကြိုက်တဲ့သီပေါဟာ ဗန်းမော်က ဝယ်ခဲ့တဲ့ အပျိုတော်တွေပြန်သွားမှာကို စိုးရိမ်ခဲ့တယ်။ ဒီလိုနဲ့ သီပေါက ၁၉၁၆ မှာ ဆီးချိုနဲ့ ကံကုန်ခဲ့တယ်ဆို။ အခုတော့ နောင်ချိုမြို့ပေါ်နဲ့သုံးမိုင်အကွာထိ ရန်သူက ပြန်ရောက်လာပြီ။ အဲ့ဒီအချိန် လီလီဆန် ဘာလုပ် နေခဲ့လဲ။ ကျနော်တို့နှစ်ယောက် မြနန်းစံကျော်ရွှေနန်းတော်ကို အတူရောက်ခဲ့ဖူးပါတယ်။ ဗျိုင်းတွေက ဘယ်လိုလိင်ဆက်ဆံကြသလဲဆိုတာ အပြိုင်အဆိုင်တွေးခေါ်ကြရင်း ကျနော်တို့ စကားများခဲ့ကြသေးတယ်။ တမူထူးခြားတဲ့ (၆၆) နှစ်ပြည့်မွေးနေ့အတွက် ပြင်ဆင်ရင်း စုဖုရားလတ်က နှလုံးရောဂါနဲ့ ကံတော်ကုန်ခဲ့တယ်တဲ့လေ။ ပြီးတော့ အဲ့ဒီခေတ်က ရေခဲစက်ကြီး ဘယ်ရောက်သွားလဲ။
အဲ့သလိုမေးခွန်းမေးမိချိန်မှာပဲ ကိုယ်သွေးပေါင်ချိန်တယ်။ ( ၁၄၀_၁၀၀)ကျော်ကျော် ဝန်းကျင်လေးမှာ နေသားတကျ ဖြစ်နေပြီ။ "ငြိမ်းချမ်းရေး ဘယ်မှာလဲ" လို့မေးနေချိန်၊ ခိုတွေလိင်ဆက်ဆံဖို့ပြုလုပ်ပြီးစ ည်းရုံးနေတဲ့အသံကို ခိုတွေရဲ့ညီးတွားသံလို့ လူတွေက အသည်းအသန် ငြင်းပွားနေကြတုန်းပါပဲ။ ဒီနှစ်ထဲမှာပဲ တောင်ကြီးမှာ ရေကြီးတယ်။ မေလကျော်မှ မေခမြစ်ရေတွေ မြင့်တက်လာတာရော သိပြီးပြီလား။ မြွေပွေးကိုက်လို့ မကွေးထိ ဆေးသွားကုခဲ့ရပေမယ့် ကျောက်ကပ်အထိ အဆိပ်ရောက်သွားတဲ့လူနဲ့ မနေ့က ပြန်ဆုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် သူ မသေခဲ့ဘူး။ ငါ့လိုပါပဲ။ စုဖုရားလတ်က ဗိုက်နာတိုင်း ခေါင်းလျှော်တတ်တယ်ဆိုတာ ဟုတ်လား။ ကျနော် ခေါင်းလျှော်မိတိုင်း ဆူခဲ့ဖူးတဲ့လူတယောက် မရှိတော့ဘူး။
လူတယောက်က လူတယောက်ကို လွတ်လွတ်လပ်လပ်ချစ်ဖို့ မလွယ်ကူတဲ့အချိန် ရောက်လာတယ်။ လူတယောက်ကို လူတယောက်က လွတ်လွတ်လပ်လပ် လွမ်းလို့မရတဲ့အခြေနေ ဖြစ်လာတယ်။ ကိုယ်တို့် မရှိတော့ဘူးဆိုရင်တောင် ကိုယ့်ကို ဘယ်သူတွေပိုင်ဆိုင်ကြမလဲ။ ဘယ်သူတွေ အသုံးချကြမလဲ။ ဘယ်သူက လွှမ်းမိုးချုပ်ကိုင်ကြဦးမလဲ။ အဲ့ဒီနောက် ကိုယ့်နှလုံးသားကိုတော့ မီးရှို့မပစ်လိုက်ပါနဲ့။ မင်း မီးပူမယ်လေ။
(၂)
လွန်ခဲ့တဲ့နှစ်နှစ်က ရေးမိထားတဲ့အရာတခုကို ကိုယ်ပြောပြပါ့မယ်။
"နှစ်ပေါင်းအတော်ကြာ စုမိထားတဲ့ မိစုရဲ့စာအုပ်လေးတွေ မနေ့က မိုးမိသွားတယ်။ စုမိထားတဲ့စာအုပ်တွေ မိုးမိသွားတဲ့မိစုက မိုးမိပြီး ရေစွတ်စိုသွားတဲ့စာအုပ်တွေအတွက် မျက်ရည်တွေနဲ့နှမြောပြီး ဝမ်းနည်းနေတယ်။"
ဒါပေမယ့် ကိုယ် မငို ပါဘူး။ ကြီးသူက ငယ်သူကို အနိုင်ကျင့်တာလည်း ဖိနှိပ်တာပါပဲ။ အဖိနှိပ်ခံအတွက် ရပ်တည်ရင်း ဖိနှိပ်ခံနေရပြီလားလို့ ပြန်မေးကြည့်မိတော့ တရားမျှတမှုကိုရှာဖွေရင်း တရားမျှတခြင်းကို လျစ်လျူရှူကြတော့မလား။ စေ့စေ့စပ်စပ်တွေးပြီး ရိုးရိုးသားသား မေးကြည့်မိတော့ ကိုယ့်မေးခွန်းက မမေးသင့်မှန်း သိသွားခဲ့တယ်။ ကြောင်ပန်းပင်ကို ကြားဖူးလား။ ရေတိုက်စားခံရတဲ့ချောင်းပြင်တွေမှာ စိုက်ကြတယ် လေ။ အဖိုးတန်ပေမယ့် ဘယ်မှာသုံးရမလဲမသိတော့ ရောင်းဖို့ကိုပဲ သိကြတယ်။ ကိုယ်တို့ဟာ ကြောင်ပန်းပင်ပဲ။ တနှစ်တည်းနဲ့ သိန်းရာချီရတဲ့ကြောင်ပန်းပင် (ယာယီ) တောင်သူတွေ၊ လုပ်အားကို အမြတ်ထုတ်သူတွေအတွက် ကိုယ်တို့က အဲဒီကြောင်ပန်းပင်လိုပါပဲ။ ကြောင်ပန်းခင်းကိုစောင့်ရင်း ဘီယာများစွာ ဘယ်ရောက်သွားလဲမသိဘူး။ အဲ့ဒီအထဲမှာနေရချိန် နှစ်သောင်းငါးထောင်လီ ချီတက်ပွဲအကြောင်း ပြန်တွေးမိသေးလား။ လူလေးသောင်းခွဲလောက်ပဲ ကျန်ခဲ့တယ်ဆို။ အခုထိ ကိုယ်တို့မရောက်ရှိသေးပါဘူး။
တာတူးမြစ်ရေစီးသန်တာနဲ့ နွားဖျင်းနွား မမောင်းခိုင်းတာ ဘာဆိုင်သလဲ။ စလင်းချောင်းထဲမှာ လွန်ခဲ့တဲ့ တနှစ်က ရေချိုးခဲ့ဖူးတာကို သတိရတယ် ။ ကိုယ့်ကွန်တက်ထဲမှာ ကေ(အမည်လွှဲ) ဆိုတဲ့ အမှတ်အသားမရှိတော့ဘူး။ သူ့အသံတွေကို အခုထိ နားထောင်ဖြစ်တယ်။ တခါတလေ မေ့ဖို့အတွက် စိတ်ပျက်စရာ ကုန်ကြမ်းတွေ ရှိဖို့လိုအပ်တယ်လေ။ ခင်ဗျားယုံမလား။ သူ့အကြောင်း ပြန်မတွေးမိတဲ့အကြောင်း မင်းသိမှာပါ။ အခုတော့ ကတိမတည်နိုင်ဘဲ လိမ်ညာမိတဲ့အကြောင်း ပြောမိသွားခဲ့တာပဲ။ "သံယောဇဉ်ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ"* ဆိုတဲ့ အဓိပ္ပာယ်ကို အခုတော့ ကျနော် နားလည်ပါပြီ။ ဝိုင်သောက်ပြီး ဆဲတဲ့သူကို ထန်းရည်သောက်ရင်း နားထောင်ရတာ ဇိမ်ရှိသလား။
ခံစားချက်ချင်း တူဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ယုံကြည်ချက်ကြောင့် သတိလစ်သွားတဲ့ ဆက်ဆံရေးတခုကို ပြန်လည်ဆက်သွယ်ဖို့ သတိမရတော့တာကို ယုံကြည်ပါလို့ မတောင်းဆိုရဲပါဘူး။
(၃)
ခုရုပ်ရှင်ထဲမှာ အခုလို အနာတွေ တပြုံတမကြီးကို မြင်လိုက်ရတယ်။ အိမ်မပြန်ရဲကြတော့တဲ့ ဗီယက်နမ်ပြည်သူတွေ။ တိုင်းတပါးရောက်တော့လည်း ခွဲခြားနှိမ်ချချင်းကို ခံကြရတာပဲ။ သူတို့မှာ ထရော်မာတွေ အများကြီးနဲ့ တသက်လုံးလွှတ်ပေးတော့မယ့်ပုံ မရှိတော့တဲ့ သူတို့လက်အောက်မှာ ကျန်ရစ်သူ လင်သားတွေ။ ဖခင်တွေက လွတ်မြောက်လာမလား။ သေပြီလား။ ရှင်ကျန်နေသေးလား စတဲ့ မျှော်လင့်ချက်တွေ ။ စိတ်ပင်ပန်း နွမ်းနယ်မှုတွေနဲ့ အသက်ဆက်နေရသလို စစ်အတွင်းက ခံခဲ့ရတဲ့ ဒဏ်ရာတွေကလည်း သူတို့လက်ကျန်ဘဝရက်တွေမှာ မပျော်နိုင်ကြတော့ဘူး။ တစိမ့်စိမ့် ခံစားနေကြရတုန်းပဲ။ဒီရုပ်ရှင်မှာ အဲဒီလို ခံကြရတဲ့ စိတ်အနာတွေကိုပဲ အဓိကဇောင်းပေးပြီး တင်ပြသွားပါတယ်။
ကျနော်တို့ပြည်မှာရော လက်ရှိကျူးလွန်နေသူတွေဟာ သူတို့လက်လွတ်စပယ်လုပ်လိုက်ကြတဲ့ ရလဒ်တွေက ပြန်မခံရဘူးလို့ ထင်ထားကြလေသလား။ ဟိုးနှစ်က သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး စိန်ခေါ်ရမ်းကားခဲ့ကြသူတွေဟာ ဒီနှစ်မှာတင် လမ်းမပေါ် ပြောင်ပြောင်တင်းတင်း မထွက်ရဲတဲ့ အခြေအနေကို သက်ရောက်သွားပြီ။ သူတို့တွေရဲ့ ရမ်းကားဖိနှိပ်တဲ့အကျိူးဆက်ကနေ သူတို့နဲ့ တိုက်ရိုက်မသက်ဆိုင်လှတဲ့ ဆက်လက်ဆက်နွယ်နေတဲ့ မိသားစုတွေ၊ အခြားလူနေစုတွေဆီကို ဒီအမုန်းတရားတွေ နာကျင်ဒေါသတွေဟာ ဆက်လက်ရိုက်ခတ်ခံရပြီး စိမ့်ဝင်နေတော့မှာ ဖြစ်တယ်။
ခံကြရသူ လူထုက လက်ရှိကာလတွေ ပြီးဆုံးသွားပြီဖြစ်စေ လွယ်လင့်တကူ ခွင့်လွှတ်ကြမှာ မဟုတ်တာကိုလည်း လက်သင့်ခံနားလည်ရမှာပဲ ဖြစ်တယ်။ ဆိုတော့ ဗီယက်ကောင်းတွေရဲ့ စစ်ပွဲဂယက်တွေနဲ့ ပုံစံချင်း မတူလှပေမဲ့ လက်ရှိကျူးလွန် ဖြစ်ပျက်နေသူတွေ။ ဖိနှိပ်သူအပေါ်ကို ထောက်ခံအားပေးနေကြသူတွေမှာ ဆက်လက်စီရင်ခံရမယ့် မိမိတို့ရဲ့ မျိုးဆက် အဆက်အနွယ်တွေအတွက် မစဉ်းစားကြတော့ဘူးလားလို့ မိမိတို့ဘာသာ မေးခွန်းထုတ်ဖို့ လိုအပ်လှပါပြီ။
နောက်ကာလကျရင် ဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေဟာ တဖန်ပြန်ပြီး ခုလို စီရင်ချက်တွေပြန်ချတဲ့အခါ လူ့အစည်းအဝိုင်းအတွင်းက ကန်ထုတ်ကြတဲ့အခါမှာ ဘယ်လို ဆက်သွားဖို့ စိတ်ကူးထားကြသလဲ။
ခွင့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်က ခွင့်လွှတ်ရမှုရဲ့ အရသာကို နားလည်ကြသူတွေကြားမှာပဲ အဓိပ္ပါယ်ဖော်ဆောင်လို့ရတာ မဟုတ်ပါလား။ အနိုင်ရမယ် ထင်လို့ စနစ်ကို မလွန်ဆန်နိုင်လို့ ဆိုပြီး ဝင်ရပ်ခဲ့ကြတဲ့ တောင်ဗီယက်ကောင်းတွေမှာ ထင်သလို ဖြစ်မလာတဲ့အခါ အမုန်းတရား မုန်တိုင်းကြီးဖြစ်လာရတယ်။
မသက်ဆိုင်လှတဲ့ ကျန်ရစ်သူမိသားစုတွေ မျိုးဆက်တွေမှာ အဲဒီက ဂယက်တွေ ဒဏ်တွေကို ကျောကော့အောင် ခံစားရင်း လက်ရှိအခြေအနေထိတိုင် သယ်ယူသွားနေရတယ်။ ကြည့်ရမြင်ရသူမှာ နာကျင် မျက်ရည်ဝဲရုံကလွဲလို့ ဘာမှ မတတ်နိုင်ကြဘူး။
ယင်းကဲ့သို့သော မုန်တိုင်းကြီးကလည်း ကျနော်တို့ပြည်မှာ ဆက်လက်အားကောင်းဖို့ တာစူလျက်ရှိနေတယ်။ ဆက်သယ်သွားကြမလား။ မကောင်းတဲ့စနစ်ကြီး အလျင်အမြန်ချုပ်ငြိမ်းဖို့ လက်ရှိကာလမှာ ညီတူညာတူ ငြိမ်းသတ်ကြမလား အချိန်တွေ ရှိပါသေးတယ်လို့သာ။
ရုပ်ရှင်ရည်ညွှန်း - Journey From The Fall Movie ( 2006 )
.
.
.
#ညီလင်းအိမ်
#TheCall
#ခေါ်သံ
‘မြင်ထောင့်များရဲ့ အခြားတဘက်’
◼️ ညီလင်းအိမ်
ဗီယက်နမ်ပြည်တွင်းစစ်နဲ့ပတ်သက်တိုင်း အများဆုံးကြည့်ရတာက အမေရိကန်တွေ ရိုက်တဲ့ဖလင်က များတာပဲ။ အဲဒီမှာ အမေရိကန်တပ်သားတွေ ဒုက္ခရောက်တာ၊ အိမ်ကိုပြန်ချင်ကြတာ၊ စစ်ကြောင့်ပဲ အိမ်ထောင်ရေးပြဿနာတွေ ဖြစ်ကုန်တာ။ စစ်ကိုအကြောင်းပြုပြီး အသားအရောင်ခွဲခြားတာတွေအထိ အမေရိကမှာ ပြဿနာတက်ရတာ ဥပမာ လူမည်းတွေဆိုရင် စစ်ပွဲထဲမှာ ပိုမိုအသေအပျောက်များတဲ့နေရာ ထမ်းဆောင်ရတာတို့၊ တခုခုဖြစ်ရင် လျစ်လျှုရှု့တာတို့ စလို့ပေါ့လေ။ စစ်ပွဲအကြောင်းပြုပြီးပဲ မူးယစ်ဆေးဝါးခိုးသွင်းတာအထိ ရိုက်ပြသလို စစ်ပွဲကနေ ပြန်လာတဲ့ စစ်အနာသင့်နေသူတွေ။
စင်စစ်လူ့အဖွဲ့အစည်းကြီးက ဗီယက်နမ်စစ်ပြန်တွေဆိုရင် ခွဲခြားအမျက်သိုတာမျိုး ဖယ်ထုတ်ချင်တာမျိုး လုပ်လာတာတွေ။ အချို့ကြ ဘယ်လောက်ပဲ ဒီမိုကရေစီ နိုင်ငံသား နိုင်ငံကြီးသားပါ ပြောပြော စစ်ရဲ့အဆိပ်သင့်လာတဲ့အခါ အရိုင်းအစိုင်းသတ္တဝါဆီကို ကူးပြောင်းသွားကြတဲ့ အဖြစ်အပျက်တွေပါ ပြတယ်။ ဗီယက်နမ်က မဆီဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကိုပါ သတ်ဖြတ်စော်ကားတာမျိုးကနေ ရင်နင့်ဖွယ်ရာဖြစ်ရပ်တွေ။ ပြီးနောက်မှာ အစိုးရအာဏာပိုင်တွေက ဗီယက်နမ်အဖြစ်အပျက်တွေကို ပြည်သူတွေသိမှာစိုးလို့ အတင်းလိမ်ညာဖုံးဖိတာကို သတင်းမှန်တင်ပြနိုင်အောင် ကြိုးစားကြတဲ့ မီဒီယာတွေအကြောင်း စုံလို့ပါပဲ။
ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်တဲ့ နာမည်ကြီးဒါရိုက်တာ အော်လီဗာစတုန်းကတော့ သူ့ ဗီယက်နမ် Trilogy မှာ Heaven and Earth ဖလင်နဲ့ ဗီယက်နမ်ပြည်သူတွေရဲ့ အနာကို တင်ပြဖို့ကြိုးစားတာရှိပေမဲ့ အမေရိကန်သားကနေ ပြလို့လားတော့ မသိပါဘူး။ သိပ်ကြီးမကျန်ရစ်လှဘူး။
တကယ်ဆိုရင် ဗီယက်ကောင်းအစိုးရက တနိုင်ငံလုံးကို စီးမိုးသွားနိုင်တဲ့တိုင်အောင်တောင် ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲဂယက်ကနေ မပြီးဆုံးနိုင်တဲ့ ဖိနှိပ်ရက်စက်မှုတွေကို ဗီယက်နမ်ပြည်သူတွေမှာ ရင်ကော့ ခံခဲ့ကြရတယ်။ အဲဒါတွေကို ဟောင်ကောင်က ဒါရိုက်တာ Ann Hui တို့က ဗီယက်နမ်ပြည်က လွတ်ပြီးရော ပြေးကြတဲ့လှေစီးဒုက္ခသည်တွေအကြောင်းကို ရင်နင့်ဖွယ်ရိုက်ပြကြတယ်။
အဲဒါတွေကမှ ဗီယက်နမ်ပြည်သူတွေရဲ့ တကယ်အနာတွေလို့ပဲ ပြောကြရမယ်ထင်ပါရဲ့။ ဒီလိုနဲ့ 2006 ထုတ် ဗီယက်နမ်ဖွားဒါရိုက်တာပဲ ရိုက်ပြတဲ့ အင်ဒီဖလင် Journey From The Fall ကို ကြည့်ရတော့ ဗီယက်နမ်လူမျိုးကပဲ ရိုက်ပြလို့ ဖြစ်မှာပေါ့။ စစ်ပြီးခေတ်မှာ ထောင်းလမောင်းကြေအောင် ခံခဲ့ရတဲ့ အခြေအနေတွေကို ပိုလို့မြင်ရ ကြေကွဲရတယ်။ ရုပ်ရှင်လည်းပြီးတော့ ကျနော့်မှာ နာကျင်ရလွန်းလို့ မျက်ရည်တောင် မဆည်နိုင်ဘူး။
ဇာတ်လမ်းအကျဉ်းက အာဏာရ ကွန်မြူနစ်အစိုးရဟာ စစ်ပွဲဖြစ်တုန်းက တောင်ဗီယက်နမ်ဘက်ကနေ သူတို့ကို ဆန့်ကျင်ထောက်ခံခဲ့ကြတဲ့ ပြည်သူတွေကို အာဏာရသွားချိန်မှာ ထင်တိုင်းကြဲနှိပ်ကွပ်တာတွေကို တင်ပြတာဖြစ်တယ်။ လောင် ဆိုတဲ့အမျိုးသားကြီးက စစ်ပွဲကာလတုန်းက အမေရိကန်တွေနဲ့အတူတူ အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့ ပညာတတ်အရာရှိတယောက်။ သူ့မှာ မိသားစုလည်းရှိတယ်။ စစ်ပြီးချိန်မှာတော့ နာကျည်းဒေါသဆိပ်သင့်နေတဲ့ အာဏာရအစိုးရက ဆန့်ကျင်သူတွေကို ပြန်လည်မွမ်းမံပြုပြင်ရေး စခန်းတို့၊ ဓနသဟာယစီးပွားရေးနယ်မြေသစ်ဇုံ စလို့ စီမံကိန်းတွေ လုပ်ပြီး ပုံစံပေးတော့တာပဲ။
ဖမ်းဆီးခံရသူတွေဟာ အဲဒီမှာ မသေရုံတမယ်ပဲ နေရတယ်။ လက်ပါးစေတပ်သားတွေက ထင်တိုင်းကြဲနှိပ်စက်ကြတယ်။ အလုပ်တွေကလည်း စစ်အတွင်းက ကျန်ခဲ့တဲ့ မိုင်းတွေကို ရှင်းလင်းကြရတာ။ လူတွေဟာ နေ့စဉ်ရက်ဆက် တဖြုတ်ဖြုတ်သေကုန်တယ်။ အဲဒီမှာပဲ ကျန်ရစ်ခဲ့ရတဲ့ လောင် မိသားစုက ဆက်နေရင် ရှင်သန်ဖို့ မလွယ်ကူတော့ဘူးဆိုတာကို သိလို့ လှေခိုးစီးပြီး ဗီယက်နမ်ပြည်က လွတ်ရင်ပြီးရော ထွက်ပြေးဖို့ ကြိုးစားကြတယ်။ တကယ်တော့ အဲဒီလို ထွက်ပြေးတယ်ဆိုတာကလည်း ဆယ်စီးတစီး လွတ်မြောက်ဖို့ မလွယ်လှ။ လမ်းကြောင်းမှာ ပစ်ဖို့ခတ်ဖို့ တကဲကဲလုပ်နေတဲ့ ဗီယက်ကောင်းတပ်သားတွေ။ ပင်လယ်ဓားမြတွေကလည်း အသင့်လုယက် သတ်ဖြတ်ဖို့ စောင့်ဆိုင်းနေကြတယ်။ ပြီးတော့ ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲမှာ မိုးသက်မုန်တိုင်းတွေအောက်မှာလဲ စိစိညက်ညက်ကျေသွားနိုင်တယ်။ ဒါပေမဲ့လည်း ကံတရားကို ကောက်ရိုးမျှင်လို့ပဲ သဘောထားပြီး ရှေ့ဆက်တိုးကြရတယ်။
ခနော်ခနဲ့နဲ့ မော်တော်ဘုတ်ကလေးပေါ်မှာ လောင်တို့ မိသားစုသုံးယောက်ဟာ လွတ်မြောက်နိုင်ပါ့မလား။ မသေချာ။ လောင်မှာလည်း စခန်းမှာ ပုရစ်တွေကောက်စားလိုက်။ အရာရှိတွေက နှိပ်စက်လိုက်နဲ့ ထွက်မပြေးရင် သေရဖို့ရက်တွေက နီးသထက်နီးလာနေပြီ။ ထွက်ပြေးလည်း လွတ်မြောက်ဖို့က ဖြစ်နိုင်ခြေက အင်မတန် နည်းပါးလွန်းလှတယ်။
ဒီရုပ်ရှင်တခုလုံးက တကွက်တလေမှ စိတ်ချမ်းသာစရာ တခုမှမပါဘူး။ နာကျင်ရင်မောစရာတွေချည်းပဲ။ ကွန်မြူနစ်အုပ်စိုးသူဘက်ကကြည့်တော့လည်း ဒီလူတွေက တော်လှန်ရေးမှာ အရေးပါခဲ့သည် ဖြစ်စေ မသက်ရောက်ခဲ့သည်ဖြစ်စေ သူတို့ကြောင့် စစ်က တာရှည်ခဲ့တာပဲ။ လူတွေအများကြီး သောက်သောက်လဲသေခဲ့ရတယ်။ တိုင်းတပါးကို အားကိုးတယ် စလို့ပေါ့လေ အဲဒီ တုံ့ပြန်ဖိနှိပ်ချင်တဲ့ ခံပြင်းစိတ်တွေကနေ စစ်ကြီးပြီးသွားလည်း ပြည်တွင်းမှာ ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်ရက်စက်နေတဲ့ ကိစ္စတွေက မပြီးစီးနိုင်တော့ဘူး။
‘သောင်ရင်းနိုက်ဘား’
◼️ဓီရ်ခေတ်အိမ်
ဘီယာတဗူးကို ဘတ် ၃၀ နဲ့ သစ်မြစ်ဆုံပေါ် တင်သောက်လို့ရတဲ့နေရာကို သောင်ရင်းနိုက်ဘားလို့ ငါနဲ့ ငါ့ဘော်ဒါနာမည်ပေးလိုက်တယ်။ ရန်ကုန်က စထွက်ကတည်းက ရိုက်စရာမရှိ ရှာကြံရိုက်ပြတဲ့ စစ်အစိုးရခေတ်တီဗီအစီအစဉ်တွေထဲက မြင်ကွင်းတွေလို လှိုင်သာယာကို စာမေးပွဲခန်းထဲဝင်ခါနီး ဒီအပုဒ်ပါမယ်ကြားလို့ မရ-ရအောင် ခေါင်းထဲရိုက်သွင်းသလိုမျိုး ငါကြည့်ရတာ ရွံစရာပဲ။ ငါငယ်ငယ်တုန်းကတော့ ဖိနပ်လေးချွတ်ပြီး ခွေးကုတက်ကနေ သိန်းဌက်သူရဲခေါင်းကြည့်ချင်လို့ ၇နာရီထိုး မျက်နှာချိုသွေးခဲ့ရတာပေါ့။ ကြီးလာတော့ ဂိတ်တဂိတ်ရောက်တိုင်း ကျနော်တို့က ရိုးသားတဲ့ဖိုးသခွားလေးတွေပါဆိုတဲ့ပုံပေါက်အောင် သရုပ်ဆောင်ရတဲ့အထိ ဘဝက လီးတွေဖြစ်ကုန်တာပဲ။ စနစ်ကြီးတခုလုံးက နောက်ပြန်မောင်းတဲ့ကားပေါ်လိုက်နေရပြီဆိုတာ သိလိုက်ရချိန် ဘီယာလေးတဗူးသောက်နေရသေးတာ မဆိုးပါဘူးလို့ ဖြည့်တွေးတက်လာရော။ သောက်ရင်းနိုက်ဘားက ၁၉ လမ်းတခုလုံးစာပဲ။ လေရဟတ်နီရပ်ဝန်းပဲ။ စော်တွေမရှိတာကလွဲရင် ဘဝမှာရနိုင်စရာ ဘာမှမရှိဘူးဆိုတာ ခံစားမိတာချင်းတော့ အတူတူပဲ။ နားနေတုန်း ငါ့ခြေထောက်ပေါ် ဌက်မွှေးတခု ဝေ့ဝဲကျမလာဘူး။ ဒါမင်းမိဘတွေထားခဲ့တဲ့ အမွေတွေပဲသားဆိုပြီး ဇာတ်ပို့တွေရောက်မလာဘူး။ နောက်ဆုံကျည်ဆံကို ပစ်ဖို့ တဘဝလုံးမောင်းအသင့်တင်ထားပြီး ဇာတ်သိမ်းခန်းကျ သေနတ်လွတ်ကျတဲ့ အခန်းမျိုးပေါ့။ သောင်ရင်းနိုက်ဘားထဲကို ဝင်လိုက်ရင် ရစရာဆိုလို့ ငါပြင်ဆင်မထားတဲ့ဇာတ်သိမ်းတွေပဲ။ အကုန်လုံးက နာနာကျင်ကျင်ဇာတ်သိမ်းတွေစုထားတဲ့ လူ့သရုပ်ပေါင်းချုပ်ပဲ။ ပိတ်မိနေချိန်ကျော်ဖြတ်သွားကြတဲ့ ကားကြုံတွေပဲ။ ဖေ့ဘုတ်မှာစောက်ထှာကျဟန်ဆောင်တဲ့စော်တွေရှဲနေကျ ရှုမျှော်ခင်းမျိုးထဲ ငါအရှင်လတ်လတ်ကြီးရောက်လာတော့လဲ ဘာမှမရှိခြင်းဆိုတာ ရှင်းပြရခက်တဲ့ ဓမ္မပါပဲလို့ ငါ့အဖော်ကိုငါပြောလိုက်တယ်။ ရွေးချယ်စရာမရှိတော့ အာရုံ ၆ ပါးဟာပြတ်သားလာတယ်။ ဝင်သက်ထွက်သက်မှာ တိမ်တွေဟိုဒီယိမ်းထိုးနေတယ်။ ခြံစည်းရိုးခနော်ခနဲ့နဲ့ ငါရင်းနှီးတဲ့ အိမ်တလုံးကမှ အပ်ကျသံမကြားရတဲ့ ငြိမ်းချမ်းခြင်းပဲ။ အဲဒီမှာ ဇီဇဝါပန်းပင်တွေရှိတယ်။ တန်းလျားတစ်ခုပေါ်ကနေ ကန်စောင်းကိုငေးမောကြည့်ရခြင်းကို သမာဓိလို့ မီးဖိုချောင်ထဲက ဆီသတ်အနံ့ကို ပီတိလို့ငါရေးမှတ်ခဲ့တယ်။ ဘေးမှာ လောင်နေတဲ့ငါ့ဘော်ဒါကို ဘီယာတဗူးနဲ့ လောင်းချလိုက်တော့ ပျော်ရွှင်မှုက ဘယ်ကလာလဲ ငါတို့မရေရာတော့ဘူးဆိုတာပဲ။ သောက် သားကြီး။ မင်းဘဝလည်း ဆုံးနေပြီ။ ဘဝဟာ ပိန်းပိတ်အောင်မှောင်နေတဲ့ ဝင်္ကဘာထဲက ထွက်ပေါက်တံခါးကို မင်းကြိုးစားရှာဖွင့်ပြီးရင် နောက်ထပ်ဝင်္ကဘာထဲကို ရောက်မယ့်ဂိမ်းပဲ။ အဲဒီလိုအဆုံးက ပြန်စရတဲ့ ဖြစ်တည်မှုတွေပဲ ငါလည်းရခဲ့တာပဲ။ ခန္ဓာမရှိရင် ဝေဒနာမရှိဘူးဆိုတာ အစကတည်းက မပတ်သတ်ခဲ့ရင်အကောင်းသားလို့ စော်တယောက်နဲ့ ပြတ်ရင် ရနေကျခံစားချက်လိုပေါ့။ သောင်ရင်းနိုက်ဘားထဲ ဟောသလိုပိုက်ဆံတွေကြဲချလိုက်မယ်။ ငါတို့တခေတ်လုံးက လီယိုနာဒိုရဲ့ ရှန်ပိန်ခွက်ကို ကိုင်မြှောက်ပြီး ချီးယားလုပ်တဲ့ ဟန်မျိုးကို ၃ ခွက် ၁ ခွက် ဖရီးရတဲ့ ဘီဘာဆိုင်ကနေ လက်ဖက်ပုဇွန်တစ်ပွဲမှာပြီး ဘေးဝိုင်းကစော်တွေအထင်ကြီးအောင် နိုင်ငံရေးတွေလျှောက်ပြောနေခဲ့ခြင်းပဲ။ ကတ္တီပါဖိနပ်အစုတ်နဲ့ ရွှံ့စင်လုံချည်နဲ့ ရန်ကုန်ကိုငါမောင်းတင်တုန်းက တကောင်မှငါ့ဘက်က ခံမပစ်ပေးခဲ့ပါဘူး။ ဒီအတွက်လည်း ငါနာကျင်စရာမရှိဘူး။ ဗိုလ်ကလေးဈေးလမ်းထိပ်က တစ်ထောင်ဖိုးသုံးခွေ NC ကားတွေတပျော်ကြီးဝယ်ပြီး ကြည့်တက်ခဲ့တာပဲ။ ငါကရောင့်ရဲတယ်။ ကျဉ်းကျဉ်းကြပ်ကြပ်လူဖြစ်ရတဲ့ နိုင်ံငံမှာ ထမင်းစားဖို့ အလုပ်တခုလောက် လုပ်နေဖို့လောက်ပဲ အိပ်မက်တယ်။ သောင်ရင်းနိုက်ဘားဟာ တော်လှန်ရေးဌာနချုပ်ပဲ။ လူရွှင်တော်၊ ဆိုင်းနောက်ထနဲ့ ကဗျာဆရာပြီးရင် မင်းအောင်လှိုင်စောက်ခွက်ကို ဓါးမြှောင်နဲ့ ပြေးထိုးချင်တဲ့ သူပုန်ဟာ ငါဖြစ်ချင်ခဲ့တဲ့ ဘဝပုံစံပဲ။ ပြောင်းပြန်စီးနေတဲ့ မြစ်ဘေးမှာ ကျသေနေတဲ့ ဘဝတွေရှင်အောင် ဘယ်လိုပြန်စိုက်မလဲ။ ကြုံရာဘဝတခုကို ထိကြည့်ရင် ငါလီးးးးးးးလို့သံရှည်ဆွဲပြီး I know that feel bro ဆိုတဲ့ meme ကိုပြေးမြင်လိမ့်မယ်။ သောင်ရင်းနိုက်ဘားဟာ ဆန်တက်နေတဲ့ အမှန်တရားပဲ။ ဘီယာတွေနဲ့ ဆေးချရတဲ့ နာကျင်မှုတွေကုသရေးစင်တာပဲ။ တောကောင်တွေလို တိတ်တဆိတ်ငါချောင်းကြည့်ပြီး တွားသွားဝင်ရတဲ့ ဂယ်ပေါက်တခုထဲကနေ မိုးပေါ်ကိုငေးကြည့်ခြင်းမျိုးနဲ့ တဇာတ်လုံးမသုံးလိုက်ရတဲ့ နံရံမှာ ချိတ်ထားတဲ့သေနတ်တစ်လက်ဟာ သောင်ရင်းနိုက်ဘားထဲ ထိုင်လို့ပေါ့။
၂၆၊ ဇွန်၊ ၂၀၂၁
KNU၊ တပ်မဟာ ၇၊ ကရင်ပြည်နယ်။
.
.
.
#ဓီရ်ခေတ်အိမ်
#TheCall
#ခေါ်သံ
