608
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
608
ခပ်ရှရှဓားသွားတစ်ခုအောက်မှာ ပြတ်တောက်သွားရတဲ့ သွေးကြောမျှင်တွေ ဤတွင်တစ်ဘဝနိဂုံးချုပ်ပြီ။
သတ္တိရှိလိုက်တာလို့ ချီးကျူးသူမရှိပေမဲ့ မိုက်မဲမှုလို့ခေါင်းစဉ်တပ်ရင်း ကဲ့ရဲ့ပြစ်တင်သံတွေကြားရနိုင်တာမို့ အသက်မရှိတော့တဲ့ခန္ဓာနားပင် ငါမနေချင်။ ပြီးပြည့်စုံနေတဲ့ ဘဝကို အလွယ်လေး အဆုံးသတ်လိုက်တယ်ဆိုပြီး နှမျောတသသံတချို့ရယ် ဖြစ်မှဖြစ်ရလေ ဆိုတဲ့ စိတ်မကောင်းသံတချို့ရယ်ကိုလည်း ငါ့မှာအားမနာနိုင်။
ဘဝဆိုတာ သတ်မှတ်ပြီးသားဇာတ်ကြောင်းပေါ်မှာ မီးစင်ကြည့်ကရတဲ့ လက်တွေ့ပြဇာတ်တစ်ပုဒ်ပဲမလား။ ဆက်မကနိုင်တော့တဲ့လူဟာ ဘဝဆိုတဲ့ စင်ပေါ်ကအနားယူသွားရုံကလွဲ ဘာများရွေးချယ်စရာရှိပါသလဲ။
ငယ်စဉ်ထဲက ချစ်ပါတဲ့ဆိုတဲ့ဘောင်ထဲထည့်ပြီး ငါ့ရွေးချယ်မှုကို မိသားစုဆိုတဲ့ အသိုက်မြုံမှာ ဂရုစိုက်သူတစ်ယောက်မျှမရှိ။ ပြန်မပြောဘဲ နားထောင်တတ်အောင်သာ သင်ခံထားရတဲ့ငါက ဘယ်လိုအကြောင်းတရားမျိုးဖြစ်ပါစေ လက်ခံခိုင်းရင် မငြင်းဆန်ရဲ။
ရင်ခုန်သံစကြားရတဲ့ အချိန်မှာလည်း အဲ့ဒီတိမ်ဆိုင်လေးကို ငါငေးကြည့်ရုံကလွဲပြီး ဘာမှ မတတ်သာတဲ့ခပ်နုံနုံအခြေအနေနဲ့နေပျော်ခဲ့တာ။ နောက်ဆုံး တစ်ပါးသူလက်ပါသွားသည်ထိ ငါ့အပိုင်မဟုတ်တဲ့ မြတ်နိုးရာလေးကို ငါ့ရဲ့ခံစားချက်တွေဝန်မခံရဲခဲ့ဘူး။ အဲ့သည်လောက်ထိ ညံ့ဖျင်းခဲ့တာ။
ငါ့အသက်မွေးဝမ်းကြောင်းအတွက်လည်း လူကြီးတွေသဘောကျငါနာခံခဲ့ရတယ်။ ရယ်တော့လည်း ရယ်ရပါတယ် ငါ့ဘဝအသက်ရှုသံထိပါ အရာအားလုံးဟာငါ့စိတ်တိုင်းကျမဖြစ်ပါဘဲ လူတချို့ဟာငါ့ကိုအားကျကြသတဲ့။
ဝါသနာမပါတဲ့အလုပ်၊ မပျော်တဲ့ဒေသ၊ ငါမနှစ်မြို့တဲ့ အရာအားလုံးဟာငါနဲ့အသားတကျပါပဲ။ အဆင်ပြေလားလို့ ငါ့ဘဝတစ်လျောက်ဘယ်သူမှ မမေးဘဲ အဆင်ပြေတယ်လို့ သူတို့ဘာသာယူဆလိုက်ကြတာတော့ ခံပြင်းစရာ။
အရွယ်တစ်ခုရောက်သည့်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့ငါဟာ ဘယ်နေရာမှမှာ ထင်သလောက်အရာမဝင်။ ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ ဆွဲခေါ်တဲ့လက်တွေကိုတောင် ဆုပ်ကိုင်သင့်ရဲ့လား ငါ့မှာတွေဝေခဲ့လို့ လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတွေဟာဒုနဲ့ဒေး။
ဖြစ်ချင်တဲ့ဆန္ဒဟာ လွတ်မြောက်ချင်ခြင်းပဲ ဒီအသိုက်မြုံကြား၊ ဒီဂုဏ်ဒြပ်တွေကြား၊ နောက်ပြီး ဒီချုပ်ချယ်မှုတွေအောက်ကနေပေါ့။ ဘယ်လောက်ထိ ရုန်းထွက်ချင်နေသလဲဆို ပိုင်ဆိုင်သမျှအရာအားလုံးချန်ထားခဲ့ပြီး အစက ပြန်စရမယ်ဆိုတောင် ငါဟာကျေကျေနပ်နပ် လက်ခံနိုင်တဲ့အထိပါပဲ။
ငါရုန်းထွက်ချင်ကြောင်းကို ရိပ်မိသွားကြလို့ထင်ပါရဲ့ ချုပ်ချယ်မှုတွေဟာ ခြိမ်းခြောက်မှု အသွင်ပြောင်းလာတယ်။ နောက်တော့ ငါ့ကိုမျက်ရည်ခံထိုးကြတယ်။ ကျန်းမာရေး၊ ဂုဏ်အဆင့်တန်း အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ ထပ်ချုပ်နှောင်ကြပြန်တယ်။
ဘယ်သူ့ကိုငဲ့ညှာပါ၊ ဘယ်သူ့မျက်နှာကိုထောက်ပါ၊ ကိုယ့်အခြေအနေအဆင့်အတန်းကို နားလည်သဘောပေါက်ပါနဲ့ မနေချင်တော့တဲ့လူကို ပိုထွက်ပြေးချင်အောင် အတင်းနှင်တဲ့အကြောင်းတရားတွေလိုပါပဲ။ ငါနေချင်သေးရဲ့လား၊ ငါရှင်သန်လိုတာ ဘယ်လိုဘဝမျိုးလဲဆိုတာ ဘယ်သူမှ သိလိုသူမရှိ။
ပုံစံကျပုံသွင်း ဖန်တီးထားတဲ့ငါ့ဘဝကို ကြာလာတော့ မပျော်ဘူးဆိုတာထက်ကို မသတီတော့။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ငါဟာ သွေးကြောတွေအကြောင်း ကောင်းကောင်းနားလည်ပြီးသားပဲလေ။ အမြန်ဆုံး လွတ်မြောက်နိုင်မယ့် နေရာက ဘလိပ်ဓားနဲ့ဖိချလိုက်တယ်။ မခံမရပ်နိုင်အောင်နာပေမဲ့ ပြုံးနေမိမယ်ထင်ပါတယ် ငါလွတ်မြောက်တော့မယ်လေ...ဟုတ်တယ် ငါလွတ်မြောက်သွားပြီ။
