en
Feedback
စာအုပ်/စာပေများစုစည်းရာ

စာအုပ်/စာပေများစုစည်းရာ

Open in Telegram
6 780
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
“အေးကွာ စာအုပ်ဆိုတာကလည်း တန်ဖိုးထားတတ်မှလေ ငါ့တူရဲ့၊ အဲဒီတခုတော့ အဘက ကံဆိုးတယ်ကွာ၊ အဘမိန်းမရော သားနှစ်ကောင်ရော စာအုပ်ဆိုတာ တန်ဖိုးထားရကောင်းမှန်း မသိဘူး၊ ရေကြီးတော့ ခွေးစါးခွက်တောင် အိမ်ပေါ်ရောက်တယ်ကွာ စာအုပ်သေတ္တာတွေကို အပေါ်တင်ဖို့ မေ့သတဲ့၊ ဘယ်လောက် နရင်းထုဖို့ ကောင်းသလဲ ဆိုတော့” ဦးမင်းညိုလို အဘိုးကြီးတွေမျိုးတွေ နောက်ပိုင်းမှာ ကျနော် ကြုံတွေ့ခဲ့ဖူးသေးတယ်။ ကိုယ်တိုင်က စာဖတ်သလောက် သားသမီးမြေး အစဉ်အဆက်မှာ စာအုပ်ကို ဖတ်ဖို့နေနေသာသာ ထိကိုင်ကြည့်ဖို့တောင် စိတ်မပါတဲ့ မျိုးဆက်နဲ့တိုးတဲ့ အဘိုးကြီးတွေ။ “အိမ်က အဘိုးကြီးကတော့ စာအုပ်တွေ ကြည့်ကြည့်နေတာပဲကွာ” လို့ စာအုပ်ဖတ်တယ်လို့တောင် ကြိယာမှန်အောင် မသုံးတတ်တဲ့ သားသမီးတွေကြား သက်ပြင်းသာတွင်တွင်ချနေတတ်တဲ့ အဘိုးကြီးတွေ။ အဲဒီအဘိုးကြီးတွေ ကွယ်လွန်သေဆုံးတဲ့အခါမှာ စာအုပ်ရတနာသိုက်ကြီးဟာ ပိဿာချိန်နဲ့ ရောင်းချပစ်ကြမှာ မြင်ယောင်မိသေးတော့၊၊ စာအုပ်အဟောင်းရောင်းသမားတွေနဲ့ ချိတ်ဆက်မိရင်တောင် တော်သေးရဲ့၊၊ ဒီလောက် စာအုပ်တွေနဲ့ ရင်းနှီး ကျွမ်း၀င်ခဲ့တာတောင် စာဖတ်ဖို့ အသိမ၀င်တဲ့ အဲဒီလိုလူတွေကို တွေ့ရရင် ကျနော့်တော့ ရင်ထုလို့သာ ဟစ်အော်လိုက်ချင်တာပဲ။ ငါတို့များ ကြီးခါမှ စာဖတ်ဖို့ ခဲခဲယဉ်းယဉ်း ၀ယ်ယူ၊ ရှာကြံ၊ ငှားရမ်းဖတ်ကြရတာ၊ ဒင်းတို့ကတော့ဖြင့် စာအုပ်ပုံကြားမွေးပြီး ဥပေက္ခာပြုနိုင်ရက်ပါပေ့လို့ အငေါ့မတူးလိုက်ဘဲ မနေနိုင်ဘူး။ အခုတော့လည်း ကျနော့် စာအုပ်ဆိုင်ကလေး ပိတ်လိုက်ရတာ နှစ်နှစ်နီးနီးရှိသွားပါပြီ။ ရပ်ကွက်ထဲ ငိုက်စိုက်ငိုက်စိုက်နဲ့ လမ်းလျှောက်နေလေ့ရှိတဲ့ အဘိုးကြီးဦးမင်းညိုကိုတော့ ရံဖန်ရံခါ ကျနော် လှမ်းလှမ်း တွေ့ပါတယ်။ ဆိုင်ကိုရုတ်တရက်ကြီးပိတ်လိုက်တာမို့ အဘိုးကြီးခမျာ တရက်ရက်မှာ စာအုပ်၀ယ်ဖို့အသွား ဆိုင်းဘုတ်နဲ့ အမှိုက်ပါ အစအနမကျန်တော့တဲ့ ကျနော့်စာအုပ်ဆိုင်နေရာကလေးကို ကြည့်ရင်း အံ့သြတလှည့် ၀မ်းနည်းတလှည့် ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ ကျနော်လည်းပဲ ကိုယ့်အခြေအနေနဲ့ကိုယ် မဟန်တော့တဲ့ စီးပွားရေးကြောင့် အဆင်မပြေ ပိတ်လိုက်ရတယ်ဆိုပေမယ့် အဘ ဦးမင်းညို ကိုတော့ အားနာနေမိတယ်။ ဒါကြောင့်မို့လည်း ရံဖန်ရံခါ ခပ်ဝေးဝေးက လှမ်းတွေ့လိုက်ရတယ်ဆိုရင်တောင် တကူးတက သွားနှုတ်ဆက်ဖို့ မကြိုးစားဖြစ်တော့ဘူး။ သို့သော်လည်းပဲ စာအုပ်ဆိုင်ထဲ ဦးမင်းညိုနဲ့ စကားလက်ဆုံ ကျနေခဲ့ရတဲ့ အချိန်တွေကိုတော့ သတိရမိတယ်။ ငါးနှစ်တာကာလအတွင်း ဆိုင်နေရာ လေးနေရာပြောင်းဖွင့်သော်လည်း ဘယ်နေရာပြောင်းသွားသွား လိုက်လံရှာဖွေ အားပေးတတ်တဲ့ အဘဦးမင်းညိုဟာ ကျနော့်ရဲ့ အထူးဖောက်သည်ကြီးပဲ။ ကျနော့်စာအုပ်ဆိုင်ကလေးအကြောင်းကိုပြောရင် ဒီအဘိုးကြီးအကြောင်းကို ထည့်မပြောလို့မရနိုင်ဘူး။ တချိန်က ကျနော်စာအုပ်ရောင်းဖူးတယ်လို့ စဉ်းစားတွေးကြည့်လိုက်ရင် အဘဦးမင်းညိုရဲ့ မျက်နှာက အတွေးထဲ အရင်ဆုံးရောက်လာတယ်။ အဲဒီလို အတွေးထဲ သူ့မျက်နှာကို ပြန်မြင်ယောင်လာပြီးနောက် အတွေးထဲမှာပဲ သူ့အိမ်မှာ ရှိနေတဲ့ စာအုပ်ပုံကြီး အကြောင်းက ခေါင်းထဲရောက်လာတယ်။ တခါတလေတော့လည်း တွေးမိသား၊ ကျနော်တို့ဟာ စာအုပ်တွေ ၀ယ်ဖတ်၊ သိမ်းဆည်း၊ သိမှုတွေ ဖြည့်တင်း၊ ခံစားမှုတွေ ဖြည့်သိပ်၊ တချိန်ကျရင် သေသွားကြရမှာ။ ကျနော်တို့ သေလွန်တဲ့အခါ ကျနော်တို့ သေလွန်သလိုပဲ စာအုပ်တွေဟာ "ဒံဝေဒေ ကျီးဝေဒေ ဗလာစာအုပ်တေဝေဒေ" ဘော်တယ်ကုလား(သမား)ဆီရောက် သေလွန်ကုန်ကြရင် နှမြောစရာ၊၊ နှမြောစရာလို့သာ ဆိုရတယ် ကိုယ်ကတော့ သေပြီးပြီမို့ ဘယ်သိတော့မှာတုန်း။ ဒီတော့ စာအုပ်ကိုချစ်တတ်၊ မြတ်နိုးတတ်၊ စုဆောင်းသိမ်းဆည်းတတ်ရုံနဲ့တော့ မပြီးသေးဘူး။ နောက်မျိုးဆက်ကိုပါ စာအုပ်တွေကို တန်ဖိုးထားတတ်၊ ဖတ်ရှုခံစားတတ်အောင် ပျိုးထောင်ဦးမှဖြစ်မယ်လို့ တွေးမိတာပါပဲ၊၊ #လင်းခါး #lynnkhar #essay ဒီဇင်ဘာ ၂၀၁၈

...ကျနော်နှင့် သိဒ္ဓတ္ထ .........................(သစ္စာနီ) ကျနော် ဆံပင်ညှပ်လေ့ရှိသောဆိုင်သို့ တစ်ခါတရံ တနင်္လာနေ့မျိုးတွင် သိဒ္ဓ္ဓတ္ထလည်း လာရောက် ဆံပင်ညှပ်လေ့ရှိသည်။ မြင့်မားသောအရပ်အမောင်း၊ ၀ါ၀င်းသော အသားအရည်၊ နှာတံပေါ်ပေါ် မျက်လုံး မျက်ဖန်ကောင်းကောင်းဖြင့် ရုပ်ရှင်မင်းသားတစ်ယောက် ရုပ်ရည်မျိုးရှိသည့်သူက ကျနော့်ကို မသိသော်လည်း ... ကျနော်က သူ့ကို ကောင်းကောင်းသိသည်။ သူသည် မြင့်မြတ်သော အမျိုးအနွယ်ဖြစ်သည်။ သူနှင့် တစ်ပြည်သူ ယသော်ဓယာတို့ လက်ထပ်သော အခမ်းအနားကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှထုတ်လွှင့်ပြသရာ ကျနော် ကြည့်ခဲ့ဖူးသည်။ ယသော်ဓယာသည်လည်း သူနှင့်လိုက်ဖက်ညီသော မိန်းမချောတစ်ဦး ဖြစ်သည်။ သူက စကားနည်းသည်။ နှင်းတွေဝေနေသော ဆောင်းမနက်ခင်းလိုပင် ပဟေဠိတွေ ဝေနေသည့် မျက်လုံးများ ရှိသည်။ သူသည် ဆံပင်ညှပ်ရင်း ကပ္ပိလ၀တ်နေ့စဉ်သတင်းစာကို စေ့စေ့စပ်စပ် ဖတ်နေ တတ်သည်။ သတင်းစာမဖတ်သောအခါ ငြိမ်သက်နေပုံမှာ ရိုဒင်၏ 'တွေးခေါ်သူ’ ပန်းပုရုပ်နှင့်ပင် ဆင်တူနေသေးသည်။ နှစ်ကြိမ်လား သုံးကြိမ်လား မသိ။ ဆံပင်ညှပ်ရန် သူ့အလှည့်မရောက်သေးသဖြင့် စောင့်စား နေရခိုက် ကျနော်နှင့် စစ်တုရင် ကစားဖူးသည်။ သူသည် ကျနော်ကို အလွယ်တကူ အနိုင်ယူလေ့ ရှိသည်။ ကျနော်က ရှုံးပြီဆိုတော့ . . . ... “သင် မရှုံးပါဘူး။ သင်ကိုင်တဲ့ အနက်ရောင်ဘုရင်ရုပ် ရှုံးတာပါ။ လူတစ်ယောက်ဟာ နောက်တစ်ပွဲ ကစားဖို့ အခွင့်အရေး ရှိနေသေးသရွေ့ မရှုံးဘူးလို့ ဆိုနိုင်တယ်” ... ဟု သိမ်မွေ့အေးဆေးသောလေသံဖြင့် ပြောသည်။ ဆောင်းမနက်ခင်းတစ်ခုတွင် ကျနော် ကမ်းနားလမ်းဘက် လျှောက်သွားခိုက် သစ်ပင်တစ်ပင် အောက်တွင် ရပ်ငေးနေသော သူ့ကို တွေ့ရလေသည်။ သူ့ဘေးတွင် သူ့နောက်တော်ပါတပည့် မောင်ဇံက ထုံးစံအတိုင်း ကျိုးနွံစွာ ရပ်နေသည်။ ကျနော် သူ့နားကို ရောက်သွားသည့်တိုင် သူက လှည့်မကြည့်။ သူငေးနေသည့်နေရာကို မျှော်ကြည့်လိုက်သောအခါ မြစ်ကမ်းတွင် လူသေရုပ်အလောင်းများ မီးသင်္ဂြိုလ် နေ ကြသည်ကို တွေ့ရလေသည်။ သူက တစ်ကိုယ်တည်း ငြီးတွားသည့်နှယ် ရေရွတ်လိုက်သည်။ “လူတွေ ဒီလိုပဲ သေဆုံးနေကြတာပဲလား” ကျနော်က ...အလွယ်တကူပင်... “ဇာတိဖြစ်လာမှတော့ မရဏလည်း ဖြစ်ရတော့တာပေါ့” သူက “ကျုပ်လည်း အဲဒါကိုပဲ တွေးနေတာ။ အဲဒီစကားရဲ့ပြောင်းပြန်အဓိပ္ပ္ပါယ်က ဇာတိမဖြစ်ရင် မရဏ လည်း မဖြစ်ဘူးဆိုတဲ့သဘောပဲ” သူ့စကားသည် ဘာကိုဆိုချင်မှန်း ရုတ်တရက် ကျနော် သဘောမပေါက်။ “လောကမှာ အပူရှိရင် အအေးရှိတယ်။ အမှောင်ရှိရင် အလင်းရှိတယ်။ သေဆုံးတဲ့အရပ်ရှိရင် သေဆုံးခြင်းကင်းတဲ့အရပ်လည်း ရှိရမယ်။ အဲဒီအရာကို ကျုပ် ရအောင် ရှာဖွေမယ်” သူ့အသံက လေးနက်ခိုင်မာသလောက် သူ့မျက်လုံးတွေက စိတ်အားထက်သန်မှုဖြင့် ရွှန်းလက် တောက်ပြောင်နေသည်။ ပြီးတော့ သူ ထိုနေရာက တစ်လှမ်းခြင်း ထွက်ခွာသွားသည်။ သူ့စကား၏ အဓိပ္ပ္ပါယ်ကို ကျနော် နားမလည်။ နောက်တစ်ကြိမ်ဆုံလျှင် မေးမည်ဟု ဆုံးဖြတ်ထားသော်လည်း အတန်ငယ်ကြာသည်အထိ သူသည် ဆံပင်ညှပ်ဆိုင်သို့ ရောက်မလာ။ တစ်ရက်တွင် မမျှော်လင့်ဖွယ် သူ့သတင်းကို အံ့အားသင့်စွာ ကြားလိုက်ရသည်။ သူသည် မွေးကာစ သူ့သားငယ်နှင့် ချောမောလှပသောဇနီးတို့ကို ပစ်ကာ စံအိမ်မှထွက်ခွာသွားသည်ဆိုသော သတင်းဖြစ်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် အချိန်အနည်းငယ်ကြာသောအခါ သူ့ကိုရော သူ့စကားတွေကိုပါ ကျနော် မေ့လျော့သွားသည်။ ခြောက်နှစ်ခန့်ကြာသောအခါ အရှေ့အရပ်ဒေသတွင် “ဂေါတမ” ဟူသောအမည်ဖြင့် ဘုရားတစ်ဆူ ပွင့်နေသည်ဟူသောသတင်းစကားကို ကြားရ၏။ သူ ဟောသောတရားမှာ သေခြင်းကင်းသောအရပ် (နိဗ္ဗာန်)အကြောင်း ဖြစ်သည်ဟု သိသောအခါ သူ့ကို ပြန်လည်သတိရလာသည်။ ကျနော်ထင်သည့်အတိုင်းပင် အရှင်ဂေါတမသည် သိဒ္ဓတ္ထပင် ဖြစ်နေလေသည်။ ကျနော်သည် သူ့ကို တွေ့ဆုံကာ သေခြင်းကင်းသော အရပ် ဘယ်မှာရှိသနည်း။ ဘယ်လိုသွားရသနည်းဟု မေးမြန်းဖို့ ကြံစည်သည်။ (သူကတော့ ထိုအရပ်သို့ သွားသောလမ်းရှစ်သွယ်ကို မဂ္ဂင်ရှစ်ပါးဟု ညွှန်ပြသည်ဟုဆိုသည်။) သူနှင့်တွေ့ရန် ကျနော် ထွက်ခွာ လာခဲ့သည်။ သို့သော် . . . ကျနော်သည် တစ်သံသရာလုံးပင် သူနှင့်လွဲလျက် ရှိလေသည်။ #သစ္စာနီ

🎼🎼 အဖော်မပါ ... ပစ်ပြီး သွားတယ် ! သြော်.. အနော်မာ မြစ်ကြီး ခြား 😔 ယသော်ဓရာ အချစ်ကြီးမား တဲ့ ~~~ မင်း သိဒ္ဓတ် ကို ကွယ်.....
🎼🎼 အဖော်မပါ ... ပစ်ပြီး သွားတယ် ! သြော်.. အနော်မာ မြစ်ကြီး ခြား 😔 ယသော်ဓရာ အချစ်ကြီးမား တဲ့ ~~~ မင်း သိဒ္ဓတ် ကို ကွယ်..... 🎼 ယသော်ဓရာ လွမ်းသလို .... လွမ်း လိုက်ချင်ပါ တယ် 🎼 #အနော်မာကမ်းကယသော်ဓရာအလွမ်း #ပန်တျာတင်တင်မြင့်

နှလုံးသားတို့၏ ပူးတွဲကြေညာချက် * သိပ်ချစ်ကြသော ငါတို့နှစ်ဦး၏နှလုံးသားကို လုပ်ကြံရန်ကြံစည်သူသည်။ အင်းလျားကန်၏ဝမ်းဗိုက်ကို ဓားဖြင့်ခွဲရန်ကြံစည်သကဲ့သို့လည်းကောင်း ။ သစ်ပုပ်ပင်ထိပ်ဖျား၌သာနေသောလပြည့်ဝန်းကို မျက်နှာသစ်ပေးရန်ကြံစည်သကဲ့သို့လည်းကောင်း။ ကြေးခြင်္သေ့ညီနောင်ကို အသက်သွင်းရန်ကြံစည်သကဲ့သို့လည်းကောင်း။ သထုံဆောင်နှင့်အင်ကြင်းဆောင်ကို ဥမင်လှိုဏ်ခေါင်းတူး၍ ဆက်သွယ်ရန်ကြံစည်သကဲ့သို့လည်းကောင်း။ ယုဒသန်မျှော်စင်ကို ရွှေရည်စိမ်ရန်ကြံစည်သကဲ့သို့လည်းကောင်း။ အဓိပတိလမ်းကို ပချုပ်ထဲထည့်၍ မြွေအလမ္ပာယ်ပြရန်ကြံစည်သကဲ့သို့လည်းကောင်း။ ဘွဲ့နှင်းသဘင်ခန်းမပေါ်၌ ဖရောင်းတိုင်သက်စေ့ထွန်း၍ အသုံးပြုရန်ကြံစည်သကဲ့သို့လည်းကောင်း။ အလွန်မိုက်မဲလှစွာသော သူရူးသာဖြစ်လိမ့်မည်တည်း။ လေးစားအပ်ပါသောချစ်သူ သင်၏အထူးခုံရုံးတွင် ကျမ်းသစ္စာကျိန်ဆို၍ ဖြောင့်ချက်ပေးလို့ပါသည်။ အကယ်၍ ကျွန်ုပ်၏နှုတ်ခမ်းနှစ်လွှာ၌ လိမ်ညာလှည့်စားသောစကားများ တည်သည်ဟူ၍ သင်စွပ်စွဲလျှင် မိမိငြင်းကြောင်း။ ကျွန်ုပ်၏နှလုံးသား၌ သစ္စာမဲ့သောချစ်များ တည်သည်ဟူ၍ သင်စွပ်စွဲလျှင် မိမိငြင်းကြောင်း။ ကျွန်ုပ်သည် သင်၏နှလုံးသားအား လုပ်ကြံရန်ကြံစည်သည်ဟူ၍ သင်စွပ်စွဲလျှင် မိမိငြင်းကြောင်း။ အကယ်၍သင်သည် ကျွန်ုပ်အားမုန်းသည်ရှိသော် ကျွန်ပ်၏နှလုံးသား ပေါက်ကွဲလိမ့်မည်ဟူ၍ သင်ယူဆလျှင် မိမိ••••• မငြင်းပါကြောင်း•••။။ #ဆရာမင်းလူ(ကဗျာပေါင်းချုပ်မှ)