ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

前往频道在 Telegram
1 031
订阅者
无数据24 小时
-17 天
-1230 天
帖子存档
"မိတ်ဆွေ လမ်းလျှောက်နိုင်ရဲ့လား ....ကျွန်မတို့ ဒီနေရာက အမြန်ဆုံးထွက်သွားမှ ဖြစ်မယ် ... သူဋ္ဌေးမင်းရဲ့ သြဇာက ဘယ်နေရာအထိ သက်ရောက်လဲ ဆိုတာ ပြောပြပါ အန်တီ " ဘီနာသည် ဧည့်သည်ကို ပြောလိုက်ပြီးလျှင် တည်းခိုရိပ်သာ အမျိုးသမီးကြီးကိုပါမေးလိုက်လေသည်။ " သူဌေးမင်းက သြဇာအာဏာ သိပ်ရှိတယ် ...သူ့မှာ ငွေတွေလဲ အများကြီးရှိတယ် ...အဲ့ဒီငွေနဲ့ ဘယ်သူ့ကိုမဆို ခိုင်းလို့ရတယ် သိရဲ့လား ...မင်းတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး ... မင်းတို့ သူ့အလုပ်သမားကို ရန်ရှာတဲ့အတွက် ...ဖမ်းမိတာနဲ့ မင်းတို့ အသတ်ခံရမှာပဲ " ဘီနာသည် အမျိုးသမီးကြီးကို ဘာမျှပြန်မပြောဘဲ ဆေးဝါးများကို ယူ၍ ကျောပိုးအိတ်ထဲသို့ထည့်နေသည်။ပြီးနောက် ဓါးတိုတစ်ချောင်းနှင့် ကပ်ကြေးကိုယူ၍ ကျောပိုးအိတ်ထဲသို့ထည့်လိုက်သည်။ပြီးနောက် အမျိုးသမီးကြီးကို ခပ်စူးစူးတစ်ချက် စိုက်ကြည်လိုက်သည်။ "အသတ်ခံရမယ်တဲ့လား .... ကျွန်မတို့က သေမှာကိုကြောက်လို့ ကြိုးစားနေတာလေ ... သေချာတာက လူဆိုတာ သေမျိုးချည်းပဲမို့ ...ကျွန်မတို့မသေဘဲ သူတို့လည်း သေနိုင်တာပဲ မဟုတ်လား ...ကျွန်မတို့ အသက်ရှင်ဖို့အတွက် ကျွန်မတို့ကြိုးစားနေတာလေ " ဘီနာက စကားရှည်ကြီးကို ပြောလိုက်ပြီးနောက် အမျိုးသမီးကြီး ကမ်းပေးသော လမ်းညွှန်မြေပုံကို အာရုံစိုက်၍ ကြည့်လိုက်လေသည်။ " အလုပ်သမားက မသေပါဘူးရှင် ...သတိလစ်နေတာပါ ... သူ့ကို အခန်းထဲမှာ ချုပ်ထားခဲ့သလို ... အန်တီ့ကိုလဲ ချုပ်ထားခဲ့ပါရစေ ...ဒါမှသာ အန်တီ့အတွက်လဲ အန္တရာယ် ကင်းမယ် ထင်ပါတယ် " ဘီနာဟာ ပြောပြောဆိုဆို နှင့်ပင် အမျိုးသမီးကြီးကို ချုပ်နှောင်လိုက်ပြီး အခန်းတစ်ခန်းထဲသို့ထည့်လိုက်သည်။ဒဏ်ရာရထားသော လူသည် ဘီနာလုပ်ကိုင်နေသမျှကို မျက်လုံးအပြူးသားနှင့် ငေးမော၍နေလေသည်။ ~~~~ " ဒီပုံနဲ့ သူတို့လက်ကနေ ကျုပ်တို့လွတ်နိုင်ပါ့မလား မိန်းခလေး ... မင်း မကြောက်ဘူးလား " ဧည့်သည်၏ စကားကြောင့် ဘီနာသည် သူ့လက်ထဲမှ သော့တွဲကို ကောင်တာ အံဆွဲထဲသို့ထည့်လိုက်ပြီး အသံ ခပ်မှန်မှန်နှင့် ပြန်ဖြေလိုက်လေသည်။ " ကြောက်တာပေါ့ ...ဒါပေမဲ့ ကြောက်လွန်းလို့ ရဲရင့်လာတယ်ထင်ပါရဲ့ ...ခုချိန်မှာသေရမယ်ဆိုရင်တောင် ရဲရဲရင်ဆိုင်ပြီးပဲ သေပစ်လိုက်ချင်တယ် ...မိတ်ဆွေရော ကျွန်မနဲ့လိုက်မှာလား ...ကိုယ့် ဘာသာပြေးမှာလား ...အကြံပေးချင်တာက ... မိတ်ဆွေမှာ ငွေကြေးလုံလောက်တယ်ဆိုရင် ကားငှါးပြီး ဒီမြို့က အမြန်ဆုံးထွက်သွားပါ ... အခုချိန် မိတ်ဆွေကြီးရဲ့ အကြောင်းကို ဘယ်သူမှ မသိသေးလို့ အန္တရာယ် ကင်းလောက်မှာပါ ...ခုပဲ လက်မှတ်ရုံကို အမြန်ဆုံးသွားပေတော့ " " မင်းရော ...ငါနဲ့လိုက်ခဲ့လေ မိန်းခလေး ....ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် မိန်းခလေးကို ကျေးဇူးဆပ်ပါရစေ " "မလိုပါဘူး မိတ်ဆွေကြီး ...တကယ်လို့ ဖြစ်နိုင်မယ်ဆိုင်တော့ မိတ်ဆွေကြီးရဲ့ အဝတ်ဟောင်း တစ်စုံလောက်ပဲဖြစ်ဖြစ် ပေးခဲ့ဖို့ တောင်းဆိုပါရစေ ... ပြီရင်တော့ ကျွန်မ တို့ဒီမှာပဲ လမ်းခွဲကြပါစို့ " ~~~~~ နှင်းမှုန်များသည် တဖွဲဖွဲကျဆင်းလျက် ။အမှောင်ထုသည် အားကောင်းနေဆဲပင်။ဘီနာသည် တည်းခိုရိပ်သာထဲမှ ထွက်ခဲ့ဟန်ပြုပြီးနောက် တည်းခိုရိပ်သာ၏ နောက်ဘက်မှ ပြန်၍ လျှောက်ဝင်ခဲ့သည်။ပြီးလျှင် ခပ်စောစောက ဖွင့်ဟထားခဲ့သော ပြတင်းတံခါးတချပ်ဆီသို့ချဉ်းကပ်လိုက်ပြီးလျှင် ခြေသံလုံလုံ နှင့်အခန်းထဲသို့ဝင်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ် မှောင်မည်းလျက်ပင်။ တည်းခိုရိပ်သာတစ်ခုလုံး၌ တစ်ချက်တစ်ချက်တွင် အမျိုးသမီးကြီး၏ ညည်းညူသံမှအပ တိတ်ဆိတ်လျက်ရှိသည်။ဘီနာသည် မှောင်မှောင်မည်းမည်းထဲ၌ သူမ၏ခေါင်းထက်မှ ဆံပင်များကို စုကိုင်လိုက်ပြီးလျှင် ကပ်ကြေးနှင့် ညှပ်ချပစ်လိုက်သည်။ပြီးလျှင် လက်နှင့် ခေါင်းကိုစမ်းကိုင်လိုက်သည့်အခါ ထိုးထိုးထောင်ထောင် ဆံပင်များကို စမ်းမိလေသည်။ဆံပင်ညှပ်ဆရာဆိုလျှင် မည်သို့ရှိမည်မသိသော်လည်း ဘီနာ့အတွက်ကိုယ့်ခေါင်းမှ ဆံပင်ကို ပြန်၍ ညှပ်ရသည်မှာ ခက်ခဲလှပေသည်။သည်ကြားထဲ အမှောင်ထုကြီးထဲ၌ လက်နှင့် ကိုင်စမ်းပြီး ညပ်နေရသောကြောင့် သာ၍ဒုက္ခများလှပေသည်။ခေါင်းထက်မှ ဆံပင်များကို လက်နှင့်ကိုင်စမ်း၍ ညှပ်နေရာမှ ငုံတိတိအနေအထားသို့ရောက်သောအခါ ဆံပင်ညှပ်ခြင်း ဘီနာရပ်တန့်လိုက်လေသည်။ပြီးလျှင် သူမ၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး အင်္ကျီစကို အသံမထွက်အောင် ကပ်ကြေးနှင့်စမ်း၍ညှပ်ပစ်လိုက်သည်။ ပြီးနောက် ညှပ်ပြီးသော အဝတ်စနှင့်သူမ၏ ခပ်ရွယ်ရွယ်ရင်အစုံကို ခပ်တင်းတင်း စည်းနှောင် ပစ်လိုက်သည်။အားလုံးပြီးသွားသောအခါ၌ ဧည့်သည့်ထံမှ တောင်းထားသော ဝတ်စုံကိုလက်နှင့် စမ်း၍ဝတ်လိုက်သည်။ ~~~~~~~ " ဖြန်း " သူဌေးမင်း၏ လက်ဝါးစောင်းသည် အလုပ်သမား၏ မျက်နှာပေါ်လို့ အရှိန်အဟုန်ဖြင့် ကျရောက်လာလေသည်။

" မပေးဘူး ... မပေးတော့ ဘာဖြစ်လဲ .... အသက်မသေချင်ရင် ပါးစပ်ပိတ်ပြီးငြိမ်နေစမ်း " အလုပ်သမားနှင့် ဧည်သည်တို့မှာ တစ်ယောက်တစ်ခွန်းစကားများကြရင်းမှ တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်ကြတော့လေသည်။ထိုအချိန်၌ တည်းခိုခန်းပိုင်ရှင် မိန်းမကြီးသည် နီးစပ်ရာအခန်းထဲသို့ ၀င်၍ ပုန်းရှောင်နေလေသည်။ ~~~~ " ဝုန်း ...ဒုန်း " ဘီနာသည် ထိုးကြိတ်ရိုက်ပုတ်နေသော အသံများကို နားစွင့်နေရင်းမှ ဒေါသကြောင့်ခြေလက်များမှာ တဆတ်ဆတ်တုန်ယင်လာသည်။ကြောက်စိတ်သည် ဒေါသစိတ်သို့ တစ်မုဟုတ်ချင်းပြောင်းလဲလာသည်။သစ်သားထင်းတုံးကို ဆုပ်ကိုင်၍ ဘီနာအပြင်သို့ ထွက်လာခဲ့သည်။ဧည့်ခန်းကောင်တာသည် ဝါကျင့်ကျင့်မီးရောင် အောက်၌ စိတ်ပျက်လက်ပျက်ရှိနေသယောင်။ဘီနာက ခြေလှမ်းကို ခပ်ဖွဖွနင်းလျက် အိပ်ခန်းများရှိရာဆီသို့ ရောက်လာခဲ့သည်။ ဘီနာ့ရှေ့မှ မြင်ကွင်းသည် ရင်ထိတ်စရာကောင်းလှပေသည်။ညအိတ်ဝတ်စုံနှင့် လူမှာ ကြမ်းပြင်ပေါ်တွင် ပက်လက်အနအထားနှင့် ရှိနေလေသည်။ထိုသူ၏ ကိုယ်ပေါ်၌ အလုပ်သမားသည် အပေါ် စီးမှမိုးထားပြီးလျှင် လက်သီးနှင့် တစ်ချက်ပြီးတစ်ချက်ထိုး၍ နေလေသည်။အောက်မှ ခံနေရသော ဧည့်သည်မှာ အသက်ခပ်မျဉ်းမျဉ်းသာ ရှူနိုင်တော့သည့် အနအထားဖြစ်သော်လည်း အလုပ်သမားမှာ ကျေနပ်ဟန်မတူဘဲ ရှိလေသည်။မြင်ကွင်းကို ဘီနာ ဆက်ကြည့်၍ မနေနိုင်တော့ပါချေ။လက်မှ သစ်သားတုံးကို ကိုင်မြှောက်လိုက်ပြီးနောက် အားကုန်ရိုက်ချလိုက်လေသည်။ " အား ...." အလုပ်သမားထံမှ အသံနက်ကြီးနှင့် အော်သံ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်ကြီးမှာ ဘေးသို့ ခွေလဲကျသွားလေသည်။အလုပ်သမားလဲကျသွားသည်နှင့် အောက်မှ လူကို ဘီနာက ဆွဲထူလိုက်သည်။ "မိတ်ဆွေ ... မိတ်ဆွေ သတိထားပါအုံး ..... ကျွန်မတို့ ဒီနေရာကထွက်သွားမှဖြစ်မယ်ထင်တယ် " ဘီနာသည် ဧည့်သည်၏ ခန္ဓာကိုယ်ကို ပွေ့ထူပြီးပြောနေစဉ်မှာပင် တည်းခိုရိပ်သာ ပိုင်ရှင်အမျိုးသမီးကြီး ဘီနားတို့နားသို့ ရောက်လာပြီးလျှင် အထိတ်တလန့်ပြောလိုက်လေသည်။ "အမယ်လေး .... ဘယ်လိုတွေဖြစ်ကုန်တာလဲ ... သူဋ္ဌေးမင်းသိရင် မင်းတို့ ရောငါပါဒုက္ခရောက်ကုန်တော့မှာပဲ " အမျိုးသမီးကြီး၏ အသံကြောင့် ဘီနာမှာစိတ်တိုသွားရပြီးလျှင် အမျိုးသမီးကြီးအား လှမ်းပြောလိုက်သည်။ " အသံကိုတိုးတိုးပြောပါရှင် ...ကျွန်မတို့ကအန်တီ့ တည်းခိုခန်းမှာ လာတည်းတဲ့ ဧည့်သည်တွေပါ ... ကျွန်မတို့ရဲ့ လုံခြုံမှုအတွက်အန်တီ့မှာ အပြည့် အ၀တာဝန်ရှိပါတယ် ...ဒါပေမဲ့ အခုတော့ အန်တီကိုယ်တိုင်က လမ်းပြခဲ့တာဆိုတော့ ဒါဟာ အန်တီ့ရဲ့အပြစ်ပဲ " " ငါ့အပြစ်ဟုတ်လား မိန်းခလေး ...တကယ်လို့ ငါသာလမ်းမပြခဲ့ရင် ငါဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းသိရဲ့လား ... ဒီဘက်နယ်မှာ သူဋ္ဌေးမင်းကို ဆန့်ကျင်တဲ့သူမှန်သမျှက အသက်သေရင်သေ မသေရင် စီးပွားပျက် ဘ၀ပျက်ကုန်ကြတာပဲ ဒါကိုမင်းသိရဲ့လား မိန်းခလေး...မင်းကို သူတို့ ဘာလို့ လိုက်ဖမ်းနေလဲ ဆိုတာကို ငါမသိဘူး ...သိလဲ မသိချင်ဘူး ...တကယ်လို့ ငါ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်လဲ ငါ့လိုပဲ မသိဟန်ဆောင်နေကြမှာပဲ သိရဲ့လား " အမျိုးသမီးကြီးသည် စကားရှည်ကြီးကို ပြောပြီးသည့်နောက်တွင် ဧည့်ကောင်တာရှိရာသို့ ခြေတုန်လက်တုန်နှင်ထွက်သွားလေသည်။ ~~~~ "လက်ထဲက တယ်လီဖုန်းကို ချလိုက်ပါရှင် ...မချရင် ကျွန်မအနေနဲ့ ညှာနေမှာမဟုတ်ပါဘူး " တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးသည် ဘီနာ၏ မာကျောခက်ထန်သောအသံနှင့် ဘီနာ့လက်ထဲတွင် ချိန်ရွယ်ထားသော သစ်သားတုတ်ကို ကြည့်၍ လက်ထဲမှ တယ်လီဖုန်းကို တုန်တုန်ယင်ယင်နှင့် ပြန်ချလိုက်လေသည်။ " ဒီမှာ မိန်းခလေး .ဒီကိစ္စကို သူဋ္ဌေးမင်းကို အကြောင်းကြားရမယ် ...မဟုတ်ရင် သူဌေးမင်းရဲ့ဒေါသက ငါ့အပေါ်ပုံကျလာနိုင်တယ် သိရဲ့လား ..." အမျိုးသမီးကြီး၏ စကားကြောင့် ဘီနာ့မှာ စိတ်ပျက်သွားရပြီးလျှင် " ကျွန်မကို ထားပါအုံး ...ဒီကဧည့်သည် မတရားလုပ်ခံနေရမှန်းသိသိနဲ့ အန်တီက ဒီစကားပြောရလားဟင် ...အခု သူ့မှာ ဒဏ်ရာတွေရထားတယ် ... တကယ်ဆို ဒီဒဏ်ရာတွေအတွက် ဆေးအရင် ပေးသင့်တယ်...ဒါပေမဲ့ အန်တီရဲ့ လုပ်ပုံက မှားယွင်းနေတယ် ... " "ငါလုပ်တာမမှားဘူး မိန်းခလေး...မင်းက သူဌေးမင်းရဲ့လူကို သတ်လိုက်တာ မဟုတ်လား ...အဲ့ဒီအတွက် ... ဒီကိစ္စဟာ ငါနဲ့မဆိုင်တာကို သူဋ္ဌေးမင်းကို ပြောပြမှ ဖြစ်မယ် " အမျိုးသမီးကြီးက အသံတုန်တုန်နှင့် ပြန်၍ ပြောလေသည်။ ဘီနာသည် အမျိုးသမီးကြီးကို စိတ်ပျက်လက်ပျက်နှင့် ကြည့်လိုက်မိပြီး " ကျွန်မတို့တွေခံနေရတော့ တစ်ယောက်ယောက်ဆီမှာ အကူအညီတောင်းဖို့ မကြိုးစားခဲ့ဘဲ ...သူဌေးမင်းရဲ့ လူကို ထိသွားတော့မှ အကူအညီ လိုအပ်သတဲ့လား ...ဒါဆိုရင်ဖြင့် သူဋ္ဌေးမင်းနဲ့ မတွေ့ခင် ကျွန်မနဲ့အရင် တွေ့တာပေါ့ ...ကျွန်မတို့ကို ဆေးသေတ္တာနဲ့ ဒီမြို့ရဲ့ လမ်းညွှန်မြေပုံကို ထုတ်ပေးပါ .... " ဘီနာသည် အမျိုးသမီးကြီးကို သစ်သားချောင်းနှင့် ချိန်ရွယ်ထားလျက်မှ လိုအပ်သည်များကို တောင်းလိုက်သည်။ ဒဏ်ရာရထားသော ဧည့်သည်မှာမူ ခြေတရွတ်ဆွဲလျက် နံရံကိုမှီကာ ရပ်နေလေသည်။

ဧကြည်ဖြူ " ဘီနာ " အပိုင်း ( ၄ ) ******* ခပ်ပြင်းပြင်းနင်းလာသော ခြေသံဟာ မီးလင်းဖို အနားသို့အရောက်မှာ ရပ်တန့်သွားလေသည်။ " တောက် " ခက်ထန်လှသော တောက်ခေါက်သံကြောင့် ဘီနာ၏ ခန္ဓာကိုယ်ဟာ ဆတ်ခနဲ တုန်လှုပ်သွားရသည်။ " ဒုန်း ` ဝင်လာသော သူသည် ဧည့်ကြိုကောင်တာ ခုံအား ခြေထောက်နှင့် ခပ်ပြပြေင်းတစ်ချက်ကန်လိုက်လေသည်။ပြီးလျှင် တည်ခိုးရိပ်သာ ပိုင်ရှင်အမျိုးသမီးကြီးကို ဒေါသတကြီးနှင့် လှမ်းခေါ်လိုက်လေသည်။ ဘီနာသည် တဆတ်ဆတ် တုန်နေသော လက်အစုံဖြင့် မီးလင်းဖိုထဲမှ အနေတော်အရွယ်သစ်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ထိုသို့ရှိစဉ်မှာပင် တည်းခိုခန်ပိုင်ရှင်အမျိုးသမီးကြီး၏ ခြေသံဖြစ်ဟန်တူသော လေးလေးပင်ပင် ခြေသံကို ကြားလိုက်ရလေသည်။ " ခင်ဗျားပြောတော့ ...ကောင်မလေးရှိတယ်ဆို ...အခန်းထဲမှာလဲ မရှိဘူး .. ခြံထဲမှာလဲ နေရာအနှံ့ရှာပြီးပြီ ...ကောင်မလေး ဘယ်မှာလဲ ...ခင်ဗျားရဲ့ တည်းခိုခန်းကို တစ်ခန်းချင်းစစ်ဆေးရမယ် ... အခန်းသော့တွေ ပေးပါ .. မပေးရင် တံခါးတွေကို အကုန်ဖျက်ဆီးပစ်ရလိမ့်မယ် " " အို ...ဒီလိုတော့ မလုပ်ပါနဲ့ရှင် ... ကျွန်မသူ့ကို မဝှက်ထားပါဘူး ...ပြီးတော့ သူ့မှာအခန်းသော့ တွေမရှိဘဲ အခြားအခန်းတွေကိုလဲ မဝင်နိုင်ပါဘူး ... ဒီမှာ အခြားတည်းခိုနေသူတစ်ယောက်လဲ ရှိလို့ ဒီလိုတော့ မလုပ်ပါနဲ့ရှင် " တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးသည် ခက်ထန်မာကျောလှသော အသံပိုင်ရှင်ကို ဘောင်းတောင်းပန်ပန်နှင့် ပြောလိုက်သည်။ " ဘာလဲ ခင်ဗျားက ကျုပ်တို့သူဌေးမင်းရဲ့ စကားကို ဆန့်ကျင်တာလား ...ခင်ဗျားရဲ့ တည်းခိုရိပ်သာကိုပါ ပိတ်သွားစေချင်တာလား * '" မ ...မလုပ်ပါနဲ့ရှင် ....အခန်းတွေကို စိတ်ကြိုက် ရှာဖွေပါ...မိန်းခလေးကို ဝှက်မထားပါဘူး " လေသံခပ်မာမာနှင့်ဟိန်းဟောက်လိုက်သော အသံကြောင့် အမျိုးသမီးကြီးသည် ပျာပျာသလဲနှင့် တောင်းပန်စကားဆိုလိုက်ပြီးနောက် သော့တွဲကို ယူကာ အိပ်ခန်းများရှိရာသို ခန္ဓာကိုယ်ဝ၀ကြီးနှင့် တုန်တုန်ယင်ယင် လျှောက်၍သွားလေသည်။ ~~~~~~~ ဘီနာသည် အသက်ပင်ရဲရဲမရှူဝံ့ဘဲ တစ်ချက်တစ်ချက်၌ . အသက်အောင့်၍ထားမိပြီးလျှင် မီးလင်းဖိုထဲ၌ မလှုပ်မယှက် ရှိလေသည်။ အတန်ကြာသောအခါ၌ အမျိုးသမီးကြီးနှင့် သူဌေးမင်းခိုင်းစေလိုက်သောသူသည် ဧည့်ခန်းဆောင်သို့ ပြန်၍ ရောက်ရှိလာလေသည်။ "ဒီတစ်ညနေလုံး ဒီထဲကနေ သူထွက်လာတာကို မတွေ့ရဘူး...သူက ဒီထဲမှာပဲ ရှိနေလိမ့်မယ် ...ခင်ဗျားကို သူဘာတွေ မေးသေးလဲ အကုန်ပြော " သူဌေးမင်း၏ အလုပ်သမားဆိုသူက မေးလိုက်သောအခါ အမျိုးသမီးကြီးက ခေတ္တမျှ ငြိမ်၍စဉ်းစားနေပြီးနောက် မှတ်မိသွားလေဟန်ဖြင့် အသံခပ်ကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်လေသည်။ " ဟုတ်ပြီ ...ကျွန်မမှတ်မိပါပြီ ...ကျွန်မ သူ့ကို့ ...( .....) မြို့ကို သွားတဲ့ တောအုပ်လေးအကြောင်းကိုတော့ ပြောပြလိုက်တယ် " အမျိုးသမီးကြီး၏ စကားကြောင့် အလုပ်သမားမှာ ဒေါသထွက်သွားပြီးလျှင် ကောင်တာခုံကို လက်ဝါးနှင့် ခပ်ကြမ်းကြမ်း ရိုက်လိုက်ပြီးလျှင် ဒေါသတကြီးနှင့် အော်လိုက်လေသည်။ "ထွက်ပြေးလာခဲ့တဲ့နေရာကို ပြန်သွားရအောင် သူကရူးနေလို့လား....သေချာတယ် သူဒီထဲမှာပဲ ရှိလိမ့်မယ် ... ကျုပ်တို့ သူဋ္ဌေးမင်း စိတ်ဆိုးနေပြီနော် ...ခင်ဗျားပါ ဝိုင်းရှာပါ " ခြေသံများသည် တည်းခိုရိပ်သာတစ်ခုလုံး ပြည့်နှက်လျက်။ တည်းခိုးရိပ်သာတွင် တည်းခိုနေသော မျက်နှာစိမ်းဧည့်သည်လည်း သူ၏အခန်းတံခါးကို တဒုန်းဒုန်းထုနေသော အသံကြောင့် အခန်းတံခါးကို ဖွင့်လိုက်ပြီးလျှင် ဒေါသသံနှင့် မေးလိုက်လေသည်။ " ဒီမှာ ဘာတွေများ ဖြစ်နေကြတာလဲဗျာ ... ပြောတော့ တည်းခိုးသူမရှိလို့ အေးအေးဆေးဆေး အနားယူလို့ရတယ်ဆို " အလုပ်သမားသည် ဧည့်သည်ဖြစ်သူအား စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဘေးသို့တွန်းထုတ်လိုက်ပြီးလျှင် အခန်းထဲသို့ဝင်သွားလေသည်။ပြီးနောက် တစ်ခန်းလုံးလှန်လှောရှာဖွေပြီးလျှင် ဧည့်သည်၏ပစ္စည်းများကို မွှေနှောက်ပစ်လိုက်လေသည်။သည်မျှ မကသေးဘဲ ဧည့်သည်၏ပစ္စည်းကောင်းတချို့ကို သူ၏အိတ်တွင်းသို့ ထိုးထည့်လိုက်လေသည်။ထိုမြင်ကွင်းကို ကြည့်၍ ဧည့်သည်မှာ လွန်စွာစိတ်ဆိုးသွားပြီးလျှင် အလုပ်သမား ယူထားသော သူ၏ ပစွည်းများကို ပြန်၍လုယူ၍ စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။ " ဒါ ဘာလုပ်တာလဲ မိတ်ဆွေ ...အဲ့ဒီပစ္စည်းတွေက ကျုပ်ရဲ့ပစ္စည်းတွေပါ ..မိတ်ဆွေရှာနေတဲ့သူကို မ တွေ့ရင်လဲ ကျုပ် ပစ္စည်းတွေကို ထားခဲ့ပြီး အေးအေးဆေးဆေး ထွက်သွားပါ " "အောင်မယ် ...မင်းကဘာကောင်လဲ.... မင်းပစ္စည်းတွေကိုငါကြိုက်လို့ ယူတာဘာဖြစ်လဲ ... အသက်မသေချင်ရင် ပါးစပ် တိတ်တိတ်နေ ..ငါတို့သူဌေးမင်းကိုများ မင်းကဘာထင်နေလဲ " အလုပ်သမားသည် ဧည့်သည်ကို ပြန်၍တွန်းထိုးလိုက်ပြီးလျှင် သူ၏သူဌေးမင်းနှင့် ခြိမ်းခြော်က်လိုက်လေသည်။ထိုအခါ၌ ဧည့်သည်ဖြစ်သူသည် အလုပ်သမားကို ပြန်၍တွန်းထိုးရုန်းကန်လိုက်ပြီးနောက် "မိတ်ဆွေတို့ရဲ့ သူဌေးမင်းကိုလဲ ကျုပ်မသိဘူး ...စိတ်လဲမ၀င်စားဘူး...ကျုပ်ရဲ့ပစ္စည်းတွေကိုသာပြန်ပေးပါ "

ပြီးသောအခါ၌ တစ်ချပ်တည်းသော ပြတင်းပေါက်ကို တွန်း၍ ဖွင့်ကြည့်လိုက်လေသည်။ထိုအခါ၌ ပြတင်းတံခါးသည် လွယ်ကူစွာပွင့်၍ သွားလေသည်။အရိပ်မည်းကြီးသည်လည်း ပွင့်သွားသော တံခါးပေါက်မှ လျှင်မြန်ဖျတ်လတ်စွာ ခုန်ချလိုက်ပြီးနောက် ထင်းရှူးပင်တန်းများရှိရာ ဘက်ဆီသို့ ပြေးဝင်၍ သွားလေသည်။ ~~~~~ ဘီနာသည် တထိတ်ထိတ်ခုန်လှုပ်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိ၍ အသက်ကို ခပ်ဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။အေးမြသော ဆောင်းကာလ၌ ဘီနာ့တစ်ကိုယ်လုံး ချွေးစေးများပြန်လျက်ရှိပေသည်။ပြင်ပတွင် အခြေအနေများ ငြိမ်သွားသော်လည်း ဘီနာမလှုပ်ရဲသေးပါ။ပြာစများနှင့် ထင်တုံးကြီးများဘေးတွင် ငြိမ်၍ ကုပ်နေမိသည်။တည်းခိုရိပ်သာ၏မီးလင်းဖို ဟောင်းကြီးသည် ဘီနာ၏အသက်ကို ကယ်တင်ခဲ့လေပြီ။သို့သော်လည်း ရှေ့ဆက်၍ မည်သို့ဖြစ်မည်ကိုမူ ဘီနာ မသိ။ ဤအရပ်ဒေသမှ မလွတ်မြောက်မချင်း ဘီနာသည် ကိုယ့်အသက်ကိုယ်မပိုင်။ယခုအချိန်၌ လွတ်မြောက်ခဲ့သော်လည်း အချိန်မရွေး ဖမ်းမိသွားနိုင်သည်ကို ဘီနာတွေးတောမိလေသည်။ဘီနာသည် မိလင်းဖိုကြီး၏ အေးစက် ပေပွနေသော ကျောက်နံရံကို မှီထားလိုက်ပြီး မှိန်းနေ၍နေလိုက်သည်။ထိုစဉ်မှာပင် တည်းခိုရိပ်သာ၏ ရှေ့တံခါးမကြီးမှာ တကျွီကျွီမြည်သံပေး၍ ပွင့်ဟသွားလေသည်။ထို့နောက်တွင် ခြေသံခပ်ပြင်းပြင်းနင်း၍ တည်းခိုရိပ်သာထဲသို့ လူတစ်ယောက် ၀င်ရောက်လာလေသည်။ @@@@@@@@@@@@@@@ အပိုင်း (၄ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ဧကြည်ဖြူ #ဘီနာ " အပိုင်း (၃) ******* အေးစက်စက် အခန်းကျဉ်းလေးထဲ၌ မြို့ကြီးတွေလို အပူပေးစက်လည်းမရှိ။မီးလင်းဖို လည်းမရှိ ။ ခပ်ထူထူစောင်တစ်ထည်၊ ဖက်ခေါင်းအုံးရှည်နှင့်ခေါင်းအုံးနှစ်လုံးသာရှိသည်။ထိုအခန်းကျဉ်းလေးထဲတွင် အောက်သိုးသိုးအနံ့များကိုပင် တစ်ချက်တစ်ချက်ရနေလေ၏။တစ်ချပ်တည်းသော ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ လေအေးများ အခန်းထဲသို့ ဝင်ရောက်လာသည်။ ဘီနာသည် အခန်းပြတင်းတွင် ရပ်လျက် ပြင်ပသို့ငေးမောကြည့်နေမိသည်။သည်နေ့အဖို့ တည်းခိုရိပ်သာသည် ဘီနာ့အတွက် လုံခြုံမှုရှိဖို့ရန် မသေချာသော်လည်း ဘီနာ့မှာ ရွေးချယ်စရာများများစားစား မရှိပါလေ။ သူဌေးမင်းသည် ဘီနာ့ကို တွေ့မြင်သွားပြီမို့ ဘီနာ့အတွက် အသက်အန္တရာယ်မှာ စိုးရိမ်စရာကောင်းလှပေသည်။အန္တရာယ်သည် ဘီနာ့ထံသို့ အချိန်မရွေး ကျရောက်လာနိုင်ပေသည် မဟုတ်ပါလား။ ~~~~ "ဒီမြို့မှာ အိမ်ခြေ ဘယ်လောက်ရှိလဲရှင် .... မြို့ကရော အတော်လေးကျယ်သလား " ဘီနာက နေ့လယ်စားနေရင်းမှ တည်းခိုရိပ်သာပိုင်ရှင် အမျိုးသမီးကြီးကို လှမ်းမေးလိုက်သည်။အမျိုးသမီးကြီးသည် ဘီနာ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးလျှင် လေသံခပ်အေးအေးနှင့် ပြန်၍ဖြေလေသည်။ "ဘယ်ကသာ ကျယ်မှာလဲ ...ဒီမြို့က ခပ်ကျဉ်းကျဉ်းရယ်...အိမ်ခြေ လည်း သိပ်မများဘူး..." " ( ....) မြို့နဲ့ရော သိပ်ဝေးသလား..." ဘီနာက ဖခင်ကြီး၏ ဇာတိမြို့လေးနှင့် အကွာအဝေးကို လှမ်း၍ မေးလိုက်ပြန်သည်။ "ရထားလမ်း...ကားလမ်းအတိုင်းသွားရင်တော့ အဝေးသားပေါ့ .... အနောက်ဘက်တောအုပ်လေးထဲက ဖြတ်သွားရင်.. မဝေးလှပါဘူး ...ဒါပေမဲ့တောအုပ်လေးထဲမှာ လမ်းတွေက ချော်ပြီး ဆိုးလို့ ....တော်ရုံ ဘယ်သူမှမသွားကြဘူး " " ဒါနဲ့ ဒီလောက်အေးနေတာကို မီးလင်းဖိုကို ဘာကြောင့်အသုံး မပြုတာလဲရှင် " ဧည့်ကောင်တာနှင့် မလှမ်းမကမ်းတွင် ရှိနေသော ထင်တုံးများသာ ထည့်ထားပြီး မီးမဖိုထားသော မီးလင်းဖိုကြီးကို ကြည့်ကာ ဘီနာက အမှတ်တမဲ့မေးလိုက်သည်။ထိုအခါ၌ တည်းခိုရိပ်သာပိုင်ရှင်အမျိုးသမီးကြီးက ခပ်လေးလေးပြန်ဖြေလေသည်။ " အိုကွယ် .. ဧည့်သည်မှ မရှိဘဲ ... တော်ကြာနေ မင်းရာငါရော ...ကိုယ့်အခန်းထဲကိုယ် ၀င်နေကြမှာလေ ...ဒီဧည့်ခန်းမှာ ထိုင်နေမယ့်သူလဲရှိမှ မရှိတာပဲ " အမျိုးသမီးကြီး၏ အဖြေစကားကြောင့် ဘီနာဟာ အသုံးမပြုတာ ကြာပြီဖြစ်ဟန်တူသော မီးလင်းဖိုကြီးကို ခပ်တွေတွေငေး၍ကြည့်နေမိလေသည်။ စားသောက်ပြီးတဲ့အခါမှာ ဘီနာက တည်းခိုရိပ်သာ အပြင်ဘက်သို့ လမ်းလျှောက်ချင်စိတ်ဖြစ်ပေါ်နေသော်လည်း ထိုစိတ်ဆန္ဒကို မျိုသိပ်ပြီး အခန်းရှိရာဆီသို့ ပြန်ခဲ့လေသည်။ ~~~~~ အခန်းထဲသို့ရောက်သောအခါ၌ ဘီနာသည် အတန်ကြာ ငိုင်တွေလျက် စဉ်းစားနေမိပြန်လေသည်။ယနေ့အဖို့၌ ဘီနာသည် လွတ်မြောက်အောင် ရုန်းထွက်ပြေးနိုင်ခဲ့သော်ငြား အဖမ်းခံလိုက်ရသူ လူသုံးယောက် အကြောင်းကို တွေးလိုက်မိသောအခါ၌ ဘီနာ စိတ်မသန့်သလို ခံစားရလေသည်။သူတို့အကြောင်းများကို သိသိနှင့် ကိုယ်လွတ်ရုန်းပြေးရမည်ဆိုသောအခါ ဘီနာလိပ်ပြာမလုံချင်။ ထိုသူတို့အား ကယ်တင်နိုင်ရန်အလိုငှာ ဘီနာ မစွမ်းဆောင်နိုင်ပါချေ။စစ်မှန်ဖြောင့်မတ်မှုများသည် ဘီနာ့ဘက်တွင် မရှိပါချေ။ ~~~~~ တည်းခိုရိပ်သာ၏ ခေါင်မိုးထက်ဆီမှ ဆီးနှင်းများ တဖွဲ့ဖွဲ့ကျနေသံကို ကြားနေရသော်လည်း အအေးဓါတ်သည် ထင်သလောက် အကဲမပိုလှပြန်ပါလေ။သို့တည်းမဟုတ် ဘီနာသည်ပင် ပူပင်သောကများနေ၍ လေလား မပြောတတ်ပါချေ။အပြင်လောက၌ အမောင်ထုကြီး စိုးမိုးလာသကဲ့သို့ တည်းခိုရိပ်သာရှိ ဝါကျင့်ကျင့် မီးအချို့သည်လည်း ပိတ်၍ သွားကြလေပြီ။ ~~~~ "ဖျပ် ...ဖျပ် ..ဖျပ် " ဝါကျင့်ကျင့်ခပ်ကျဲကျဲ မီးရောင်အောက်၌ မည်းမည်းအရိပ် သဏ္ဍာန်တစ်ခုသည် အခန်းငယ်လေးများရှေ့တွင် တရွေ့ရွေ့လှုပ်ရှားသွားလာနေသည်။တစ်ခုသော အခန်းရှေ့သို့ ရောက်သောအခါ မည်းမည်း အရိပ်ကြီးသည် အချိန်အနည်းငယ်မျှ ရပ်တန့်လိုက်ပြီးသည့်နောက်တွင် အခန်းတံခါးကို သော့တံနှင့်စမ်း၍ ဖွင့်လိုက်သည်။ ပြီးနောက် တံခါးကို ခပ်ဟဟဖွင့်၍ကြည့်လေသည်။ ပွင့်ဟသွားသော တံခါးမှတဆင့် မှောင်မိုက်နေသော အခန်းထဲသို့ အရိပ်မည်းကြီးက ခပ်စူးစူးစိုက်၍ကြည့်နေသေးသည်။အတန် ကြာသောအခါ မျက်လုံးများသည် ကျင့်သားရသွားလေသည်အလား ခုတင်ပေါ်ရှိ ခပ်စောင်းစောင်း လှဲနေသူထံသို့ အသံမကြားရအောင် ချဉ်းကပ်သွားလေသည်။ အရိပ်မည်းကြီးသည် ခုတင်နားသို့ရောက်သည်နှင့် တစ်ပြိုင်နက် ခပ်စောင်းစောင်း လှဲနေသော သူ၏ ဦးခေါင်းရှိရာသို့မှန်းဆ၍ လက်အစုံကို ဆန့်တန်းထုတ်လိုက်ပြီးလျှင် အသင့်ပါလာသော ထူထူထဲထဲ အနွေးထည်နှင့်မျက်နှာရှိရာဆီသို့မှန်းဆ၍ ခပ်ကြမ်းကြမ်းအုပ်ချလိုက်သည်။သို့သော်လည်း လှုပ်ရှားမှုမရှိ၊ လူးလွန့် မှုမရှိသော ထိုအရာကြောင့် အရိပ်မည်းကြီး၏ လက်အစုံသည် ရပ်တန့်သွားရပြီးလျှင် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်လေသည်။ပြီးနောက် ခုတင်အောက်ပါမကျန် တစ်ခန်းလုံးကို လှည့်ပတ်ရှာဖွေလိုက်သည်။

သူဌေးမင်းအား မျက်နှာလို မျက်နာရလုပ်၍ ဘီနာအား အသံမာမာနှင့် ပြောလာသော မြို့လူကြီးမင်းကို ဘီနာသည် စိတ်ဆိုးမာန်ဆိုးတစ်ချက်ကြည့်ပြီးလျှင် ကျောပိုးအိတ်ကို ခပ်တင်းတင်းလွယ်လိုက်လေသည်။သည်မှာ ဆက်နေလျှင်ဖြင့် ဘီနာ့အတွက် အန္တရာယ် အငွေ့အသက်ကို မြင်နေရချေပြီ မဟုတ်ပါလော။ "မိန်းခလေးက မလိမ်မိုးမလိမ်မာ အရွယ်လေးမို့ သည်းခံပေးပါ လူကြီးမင်း ခင်ဗျာ ...လူကြီးမင်းရဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေအတွက် ကျွန်တော်ကပဲ ပြန်ပေးဆပ် ပါရစေ " သူဌေးမင်းနှင့် လူကြီးမင်းဆိုသူတို့ စကားပြောဆိုနေကြစဉ်မှာပင် ဘီနာသည် ကျောပိုးအိတ်ကို လွယ်လျက် လျှင်မြန်လှသော ခြေလှမ်းများဖြင့် အပြေးတစ်ပိုင်း ထွက်လာခဲ့လေသည်။ "ဟေ့ ...မိန်းခလေး ... မင်းအမှားတွေအတွက် သူဌေးမင်းကို တောင်းပန် သွားအုံးလေကွယ် .. တယ် ... ဒီမိန်းခလေးတွေကတော့ " ဘီနာထွက်သွားပြီးသည့်နောက်တွင် လူကြီးမင်းသည် ကျယ်လောင်သောအသံဖြင့် ဘီနာ့အားလှမ်း၍ အော်လိုက်လေသည်။သူဋ္ဌေးမင်းသည်မှာကား အဓိပ္ပါယ်ဖော်ရခက်သော အပြုံးမျိုးဖြင့် ပြုံး၍ နေလေသည်။ ~~~~~ "မနက် ဆယ်နှစ်နာရီကျော်ရင် အခြားမြို့ကို သွားမယ့် ယာဉ်ရထားတွေ မရှိတော့ဘူး မိန်းခလေး ... ဒါမှမဟုတ် မိန်းခလေးအနေနဲ့ ကားစင်းလုံးငှါးနိုင်ရင်တော့ အငှါးလိုက်မယ့်ကားတွေ ရှိပါတယ် " လက်မှတ်ဂိတ်မှ အမျိုးသမီးကြီး၏ စကားအဆုံးတွင် ဘီနာမှာ လွန်စွာပင် စိတ်ဓါတ်ကျဆင်း သွားရလေတော့သည်။ကားစင်းလုံးငှါးဖို့ရန်အတွက် ဘီနာ့တွင် လုံလောက်သော ငွေကြေးမရှိပါ။သည့်ထက်ဆိုးသည်မှာ သူဌေးမင်းသည် ဘီနာ၏ မျက်နှာကို မှတ်မိသွားခြင်းပင်ဖြစ်ပါလေသည်။ " ကားစင်းလုံးငှါးဖို့ကတော့ မဖြစ်နိုင်လို့ပါရှင် ... ဒီမြို့မှာ တည်းခိုရိပ်သာ ဖြစ်ဖြစ်ရှိရင် လမ်းညွှန်ပေးစေချင်ပါတယ် " ~~~~~~~ " အခန်းတွေက မှောင်လိုက်တာ "ဘီနာသည် ကိုယ်တိုင်ကြားရရုံမျှ အသံခပ်တိုးတိုးနှင့် ညည်းညူမိခြင်းသာ ဖြစ်လေသည်။တည်းခိုရိပ်သာပိုင်ရှင် ကြားလောက်အောင်တော့ မညည်းညူရဲပါလေ။ "ဒီမြို့လေးက သေးသေးလေးကွဲ့ ...တည်းခိုခန်းဆိုလို့ ဒိတစ်ခုပဲ ရှိတာ ... တည်းခိုသူလဲ မရှိပါဘူး..ရှားရှားပါးပါး မိန်းခလေးနဲ့မှ နှစ်ယောက်လားရှိတာ ... ဒီမှာ အခန်း (၉)ခန်းလွတ်နေတယ်...မိန်းခလေးကြိုက်တဲ့အခန်းမှာ နေပေတော့ " @@@@@@@@@@@@@@@@@@@ အပိုင်း (၃ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" မြို့ဝန်းရဲ့ တူဆိုတာတော့ အမှန်ပါပဲ ... ဒါပေမဲ့ စပ်လွန်းမှ တော်မယ့် အမျိုးတွေပါ...တကယ်တမ်းက သူကလဲ ကျုပ်ကို အသိအမှတ်မပြုသလို ...ကျုပ်ကလဲ သူ အိမ်နားတောင် မသွားရဲပါဘူး " လူရွယ်၏ အဖြေစကားကြောင့် ဘီနာလွန်စွာစိတ်ပျက်သွားမိလေသည်။ " ဒါဆိုရင်လဲ နှုတ်ဆက်ပါတယ် မိတ်ဆွေ ...ကျွန်မကတော့ ဒီဘူတာမှာ ဆင်းပြီး နီးစပ်ရာ စခန်းတစ်ခုကို သွားရပါမယ် ... ဒါမှ စက်ရုံကလူတွေ ဖမ်းသွားတဲ့ လူသုံးယောက်ကိုကယ်နိုင်မှာပါ....မိတ်ဆွေရဲ့ ကုတ်အင်္ကျီကိုတော့ ယူသွားခွင့်ပြုပါနော် " ပြောပြီးသည်နှင့် ဘီနာသည် လုံးလုံး ရပ်တန့်နေပြီဖြစ်သော ရထားပေါ်မှ လျှင်မြန်စွာပင် ဆင်းလိုက်လေသည်။ ရထားပေါ်ရှိ လူရွယ်သည် ဘီနာ၏ကျောပြင်ကို အတန်ကြာငေးမော၍ ကြည့်နေလေသည်။ ~~~~~ " မိန်းခလေး အထင်လွဲနေတာလဲ ဖြစ်နိုင်လို့ .. စက်ရုံပိုင်ရှင်သူဋ္ဌေးမင်းကို ခေါ်ထားပါတယ် ... မကြာခင် ရောက်လာမှာမို့ ... ခဏလောက်တော့ သည်းခံစောင့်ပေးပါ မိန်းခလေး " လူကြီးမင်း၏ စကားကြောင့် ဘီနာစိတ်တိုဒေါသထွက်မိသွားလေသည်။ထို့ကြောင့် အသံမာဆတ်ဆတ်နှင့် ပြန်၍ ပြောလိုက်သည်။ "လူကြီးမင်းတို့ အနေနဲ့.. သူဋ္ဌေးကြီးကို ဒီကို ခေါ်နေမဲ့အစား ဖမ်းခေါ်ခံသွားရတဲ့ လူသုံးယောက်ကို အမြန်သွားကယ်သင့်တယ်ထင်ပါတယ်... သူတို့တွေက မနက်တုန်းကပဲ လူတစ်ယောက်ကို သတ်ထားကြတဲ့သူတွေပါ ...ဖမ်းခံသွားရတဲ့လူတွေအတွက် စိုးရိမ်ရပါတယ် " " မိန်းခလေး ပြောသလောက် မလွယ်လို့ပါ...ဂုဏ်သရေရှိသူဌေးမင်းရဲ့ အလုပ်နေရာကို သတင်းကြားရုံနဲ့ ဝင်ရောက်ရှာဖွေလို့မရပါဘူး ...ဒါဟာ ထုံးစံပါပဲ " လူကြီးမင်း၏ စကားအဆုံးတွင် ဘီနာသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်ယင်လာမိလေသည်။ထို့အတူ ဖမ်းဆီးခံလိုက်ရသူများအတွက်လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်နေမိသည်။သည်အထဲ၌ သူဌေးမင်းကို အခေါ်လွတ်ထားသည် ဆိုသော လူကြီးမင်း၏ စကားကြောင့် ဘီနာသည် ဤနေရာမှအမြန်ဆုံးထွက်သွားရန် ဆုံးဖြတ်လိုက်ရလေသည်။ ~~~~~~ ''ဟေ့ ...မိန်းခလေး ဘယ်သွားမှာလဲ ... ဟိုမှာ သူဋ္ဌေးမင်း လာနေပြီကွဲ့ ... မျက်နှာစုံညီ ရှင်းလိုက်ကြတာပေါ့ " ဘီနာသည် နောက်ကျသွားခဲ့ချေလေပြီ။လူကြီးမင်း၏ အလစ်ကို ချောင်း၍ ထွက်သွားရန် ကြိုးစားနေသော ဘီနာရှေ့သို့ အနက်ရောင် အကောင်းစား ကားကြီးတစ်စီးထိုးဆိုက်လာခဲ့သလို လူကြီးမင်း၏ အသံကို ကြားလိုက်ရသောအခါ ဘီနာ့မှာ လှမ်းလက်စ ခြေလှမ်းများရပ်တန့်၍ သွားရလေသည်။လူကြီးမင်း၏ တပည့်လက်သားများသည် ဆိုက်ရောက်လာသော သူဌေးမင်း ကြီး၏ ကားနားသို့ အပြေးအလွှား စုပြုံရောက်ရှိသွားကြသည်ကို မြင်သောအခါ၌ ဘီနာ့မှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားရလေသည်။ ~~~~~~~ အဆောက်အအုံထဲသို့ ဝင်လာသော သူဋ္ဌေးမင်းဆိုသူကို မြင်လိုက်ရသည့်အခါတွင် ဘီနာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားရလေသည်။အကြောင်းမှာ စက်ရုံပိုင်ရှင်သူဌေးမင်းဆိုသူမှာ ဘီနာ၏ ဘိုးဘွားပိုင်ခြံမြေကို မတရားကျူးကျော် ယူထားသူပင် ဖြစ်ပါလေသည်။ "ဘယ်သူများလဲလို့ကွယ် မိန်းခလေးကို .... မြေကိစ္စနဲ့ မကျေနပ်ဖူးဆိုရင်လဲ အစကတည်းက ရှင်းရှင်းပြောပေါ့ကွယ် ...ခုလို လုပ်လိုက်တော့ လူကြီးမင်းတို့မှာလဲ အလုပ်တွေ ရှုပ်ကုန်မှာပေါ့ ...လူကြီးတွေရှေ့မှာ မိန်းခလေးကို ကျုပ်တို့ရှင်းပြခဲ့ပြီးပြီလေကွယ် ... မိန်းခလေးရဲ့ အဘိုးအဘွားများက ခြံကို ကျုပ်ဆီမှာ ပေါင်နှံထားခဲ့တာ အချိန်တွေကြာခဲ့ပါပြီလို့ ...ကျုပ်ဘက်က ပြန်ရွေးယူဖို့ အကြိမ်ကြိမ် ပြောခဲ့တာပါပဲ....နောက်ဆုံး ငွေအရင်း လဲ မပေးလို့သာ မဖြစ်မနေ မြေကို သိမ်းလိုက်ရတာပါ မိန်းခလေး " ဘီနာသည် သူဌေးမင်း၏ မျက်နှာကို စေ့စေ့ကြည့်လျက် လက်သီးကို တင်းတင်းဆုပ်ထားမိလေသည်။ဘီနာ၏နားထဲ၌မူ ဖခင်ကြီး ပြောခဲ့ဖူးသော စကားများကိုသာ ပြန်လည်ကြားယောင်၍နေမိလေသည်။"မြို့ပေါ်က သူဌေးမင်းက အဖေတို့ရဲ့ ဘွားဘွားပိုင်ခြံလေးကို သိပ်ကိုသဘောကျနေတာကွဲ့ ...ရောင်းဖို့ကို မကြာခဏပြောနေတာလေ...သမီးရဲ့ အဘိုးအဘွားတွေနဲ့အဖေတို့ကလဲ စားစရာမရှိရင် မစားဘူး ... မိဘအမွေအနှစ်ကိုတော့ အထိမခံဘူးလို့ အပြတ်ပြောခဲ့ကြတာပေါ့....သမီးလေးကို မွေးပြီး သမီး အမေရဲ့ ကျန်းမာရေးကြောင့်သာ မြို့ကြီးကို ပြောင်းလာခဲ့ရတာ... တစ်နေ့နေ့တော့ မွေးရပ်မြေမှာပဲ အခြေ ပြန်ချဖို့ အဖေ စိတ်ကူးထားတယ် " ဘီနာ ဖခင်ကြီး၏ စကားအရဆိုရင်ဖြင့် ဘီနာ၏အဘိုးနှင့် အဖေသည် ဤမြေအား ရောင်းချ ပေါင်နှံခြင်းပြုခဲ့သည်ဆိုသော သူဌေးမင်း၏စကားမှာ အလိမ်အညာ စကားသာဖြစ်ပေသည်။သို့သော် ဘီနာ့ဘက်မှ ထောက်ခံပေးမည့်သူမှာ မရှိပါချေ။တစ်မြို့လုံးလိုလိုသည် သူဌေးကြီး၏ မစားရဝခမန်း စည်းစိမ်ဥစ္စာများ၏ အရှိန်ကြောင့် အလိုလိုမှပင် သူဋ္ဌေးကြီးအလိုကျ မျက်နှာလို မျက်နှာရ လုပ်ချင်နေကြသည် မဟုတ်ပါလား။ " မိန်းခလေး ...နောက်ဆို ဒီလိုမလုပ်ပါနဲ့ ... မင်း အမှုအတွက် မကျေနပ်ဘူးဆိုရင်လည်း ရှေ့နေ ငှါး ပါလေ ....ကျုပ်တို့လူကြီးတွေကိုတော့ အလုပ်ရှုပ်အောင် မလုပ်ပါနဲ့ ကွက်"

ဧကြည်ဖြူ "#ဘီနာ " ( အပိုင်း ၂ ) ******* ဘီနာက သူမ၏ပခုံးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သော လက်ပိုင်ရှင်ကို အထိတ်တလန့် မော့ကြည့်လိုက်မိသည့်အခါမှာ အသက်နှစ်ဆယ်ကျော် အရွယ်ပိန်ပိန်သွယ် သွယ်လူရွယ်တစ်ယောက်ကိုတွေ့လိုက်ရလေသည်။ " အချစ် စိတ်ဆိုးပြေပါတော့ .... " လူရွယ်သည် မတိုးမကျယ် အသံနှင့်ပြောလိုက်ပြီးလျှင်သူ၏ခန္ဓာကိုယ်ပေါ်တွင် ထပ်ဝတ်ထားသော ကုတ်အင်္ကျီကိုချွတ်၍ ဘီနာကို ဝတ်ဆင်ပေးရန် ဟန်ပြင်လိုက်လေသည်။ လူရွယ်၏အပြုအမူကြောင့် ဘီနာသည် ကြောင်အမ်းအမ်းနှင့် နားမလည်နိုင်သလိုဖြစ်၍နေစဉ်မှာပင် လူရွယ်သည် ဘီနာကို ကုတ်အင်္ကျီဝတ်ပေးဟန်နှင့် အနားသို့ကပ်၍ တစ်စုံတစ်ရာကို ပြောလိုက်လေသည်။ "မင်း ဟန်မပျက် အလိုက်သင့်နေပါ မိန်းခလေး ... ငါလဲမင်းကို ဒီထက်ပိုပြီး ကူညီနိုင်မှာမဟုတ်ဘူး ...ဟိုလူတွေ မကြာခင် ဒီဘက်တွဲကိုရောက်လာတော့မယ် ...တွဲထဲက လူတွေက မင်းကို သတိထားမိနေကြသလိုပဲ ...လူတစ်ချို့ဟာ သူတို့ရဲ့ လောဘတရားအတွက် မင်းကို ထိုးကျွေးဖို့အကွက်ချောင်းနေကြတယ်ဆိုတာ သိထားပါ " လူရွယ်၏စကားသံ ခပ်တိုးတိုးကိုကြားလိုက်ရသော အခါ ဘီနာဟာ အံကို မသိမသာ ကြိတ်လိုက်ပြီး အများအမြင်မှာ ချစ်သူနှစ်ဦး စိတ်ကောက်ပြေစ ဟန်ပန်မျိုးနှင့် တူအောင် ပုံဖမ်း၍ လေသံမျှနှင့် ပြန်လည်ပြောဆိုလိုက်လေသည်။ " ဒီကလူတွေဟာ ကျွန်မတို့ကို လိုက်ဖမ်းနေတဲ့ လူတွေထက်တောင်ကြောက်စရာကောင်းနေပါလား ... ရွှေဒင်္ဂါးတစ်ပြားကို မက်ပြီး အမှန်တရားကိုတောင် လျစ်လျူရှုလိုက်ကြပြီးပဲ " လူရွယ်နှင့်ဘီနာတို့ ထိုသို့ ပြောနေစဉ်မှာပင် စက်ရုံအလုပ်သမားများသည် ဘီနာရှိရာတွဲဆီသို့ ရောက်ရှိလာပြီးလျှင် ဟိုသည် ဝေ့ဝဲ၍ ကြည့်နေသည်။သူတို့၏ ပုံစံများသည် မည်သူ့ကိုမျှ၊ မည်သည့်အရာကိုမျှလည်း ဂရုစိုက်ဟန်မတူချေ။ရွှေဒင်္ဂါး တစ်ပြားဟု ဆိုလိုက်ရုံမျှနှင့် ကိုယ့်နံဘေးမှ လူကိုပင် ထိုးထည့်ပေးချင်သော လူတို့၏ အကျင့် စရိုက်နှင့် သဘောသဘာဝများကို ထိုသူတို့မှာ တွက်ဆထားမိပုံရလေသည်။အမှန်စစ်စစ် စက်ရုံအလုပ်သမားများသည်လည်း ရထားပေါ်ရှိလူများနှင့် မခြားနားလှစွာ သူဌေးဆိုသူ၏ စေစားရာ လက်ကိုင်တုတ်များပင်မဟုတ်ပါလား။ " မိန်းခလေးတစ်ယောက်ပဲ ကျန်တော့တယ်နော် ...တွေ့ရင်ပြောကြပါ ....သိရဲ့နဲ့ ရေငုံနှုတ်ပိတ်နေရင် ဘုရားသခင်က ကြိုက်မှာမဟုတ်ဘူး ... ခရီးသွားရင်း ရွှေဒင်္ဂါးပြားတစ်ပြားလဲရမယ် ... ဘုရားသခင် ကြိုက်နှစ်သက်တဲ့ အလုပ်ကိုလဲ လုပ်ရတာဆိုတော့ ဘယ်လောက် မွန်မြတ်ပြီး ဟန်ကျလိုက်သလဲ " စက်ရုံအလုပ်သမား၏ စကားကြောင့် ရထားတွဲပေါ်ရှိ လူများမှာ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။သူတို့သည် ရွှေဒင်္ဂါး ဆိုသော စကားနှင့် ဘုရားသခင်ဆိုသော စကားကို လွန်စွာမက်မောကြသူများများပင် မဟုတ်ချေလော။ ဘီနာမှာမူ အံကိုတင်းတင်းကြိတ်၍ ထားမိရုံမျှမက လက်တစ်ဖက်သည်လည်း ဘောင်းဘီ အိတ်အတွင်းရှိ ခေါက်ဓါးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။ဘီနာ၏ အတွေးစိတ်ကူး၌ သူမကို ဖမ်းမိသွားလျှင်ဖြင့် သူသေကိုယ်သေ ပြန်ခုခံရန် စဉ်းစားထားမိပြီဖြစ်လေသည်။ "မင်းက ဘယ်ဘူတာက တက်တာလဲ ... လက်မှတ်ပြစမ်း " ခက်ထန်သောအသံနှင့် ဘီနာကို မျက်နှားထားတင်းတင်းနှင့် စိုက်ကြည့်လာသော လူအား ဘီနာသည် သုန်သုန်မှုန်မှုန်မျက်နှာထားနှင့် မော့ကြည့်ပစ်လိုက်သည်။ " ဪ...သူက ကျုပ်ရဲ့ချစ်သူမိန်းခလေးပါ ...မိတ်ဆွေတို့ရှာနေတဲ့သူ မဟုတ်ပါဘူး ...ကျုပ်ကိုတော့ သိမယ်ထင်ပါရဲ့ဗျာ ... (.....)မြို့ဝန်းရဲ့ တူပါ " လူရွယ်၏စကားအဆုံးတွင် စက်ရုံအလုပ်သမားသည် လျင်မြန်စွာခါးကို ကိုင်း၍ ဦးညွတ်လိုက်ပြီးလျှင် ပျာပျာသလဲပင် တောင်းပန်စကားဆိုလေသည်။ " အို ... ဟုတ်လား ... စိတ်မရှိပါနဲ့ ခင်ဗျာ .... ကျွန်တော်တို့လဲ သူခိုးတစ်ယောက် လွတ်သွားလို့ပါ ...ဒီလို မေးမြန်းမိတာကို ဗွေမယူပါနဲ့ ...တောင်းပန်ပါတယ်ခင်ဗျာ " ရထားသည် တဂျုန်းဂျုန်းမြည်သံပေးလျက် ခုတ်မောင်းနေဆဲ။မိန စ်အနည်းငယ်ကြာအောင် ခုတ်မောင်းပြီးသောအခါ၌ ခပ်မြန်မြန်ပင်ခရီးနှင်နေသော ရထားကြီးသည် သံရှည်ဩဥဆွဲ၍ ခပ်ဖြည်းဖြည်း သွားရင်း ဘူတာတွင် ရပ်တန့် ရန် အရှိန်သပ်နေလေသည်။ထိုသို့ ရထားအရှိန်လျော့သွားသည်နှင့် စက်ရုံအလုပ်သမားများသည် ဖမ်းမိသွားသော လူသုံးယောက်ကိုပါ ဆွဲခေါ်သွားကြပြီး လျှင် ရထားပေါ်မှ အသီးသီးခုန်ဆင်းသွားကြလေသည်။ ~~~~~ "သူတို့တော့ လက်လျော့သွားကြပြီ ထင်ပါတယ် ...မင်းက ဘယ်ကို သွားမှာလဲ မိန်းခလေး " လူရွယ်သည် ဘီနာ၏ အနားသို့ကပ်၍ လေးသံသဲ့သဲ့မျှနှင့် မေးလိုက်လေသည်။ထိုအခါ၌ ဘီနာသည် လူရွယ်အား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးလျှင် " ကျွန်မ ဒီဘူတာမှာပဲ ဆင်းတော့မယ် ...ဒါနဲ့ရှင်က မြို့ဝန်ရဲ့တူဆိုတာ အမှန်ပဲလား ....ဒါဆိုရင်ဖြင့် ကျွန်မကို အကူအညီ နည်းနည်းလောက်ပေးစေချင်ပါတယ် " ဘီနာက ပြောလိုက်သည့်အခါတွင် လူရွယ် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီးလျှင် ပြန်၍ ပြောလိုက်လေသည်။

လူအများကြားတွင် ထိုသို့ ရိုက်နှက် မေးမြန်းနေသည်ကို ကျန်လူများမှာ ၀င်ရောက် တားမြစ်ပြောဆိုကြခြင်း မပြုသည့်အပြင် အားပေးအားမြောက်ပြုလျက် ကြည့်နေသူများရှိသလို မသိဟန်ပြု၍ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူများလည်းရှိကြလေသည်။ ~~~~ ဘီနာမှာ မီးရထား အတက်အဆင်းပေါက်နှင့် မလှမ်းမကမ်းရှိ ထိုင်ခုံတစ်လုံးတွင် မင်သေသေ နှင့် ထိုင်နေဆဲ။ အေးစက်စက်ရာသီဥတုတွင် တီရှပ်လက်တို နှင့် ဖြစ်နေသော ဘီနာ့ကို မျက်စောင်းထိုး ခုံတွင်ထိုင်လျက်ရှိရေသော အသက်ကြီးကြီးစုံတွဲမှ စူးစူးစိုက်စိုက်ကြည့်လျက် ရှိလေသည် ။ သူတို့၏ အမူအရာများသည် ဘီနာ့ကို ရွှေဒင်္ဂါးပြားအဖြစ်သာ မြင်နေကြဟန် တူလေသည်။ ဘီနာသည် အေးအေးလူလူ ပုံစံဖြစ်အောင် ကြိုးစား၍ ဟန်ဆောင်ထားရလေသည်။အေးမြသော ရာသီဥတုအောက်၌ တီရှပ်အင်္ကျီလက်တိုလေးနှင့် ဖြစ်နေသောကြောင့် သွားစေ့၍မရနိုင်အောင် ခိုက်ခိုက်တုန်ချင်နေသော်လည်း မသိလျှင် အအေး လွန်ကဲသော ဒေသမှ လာခဲ့သောလူကဲ့သို့ သည်မျှလောက် အအေးကို မမူသည့် ဟန်ပန်ပုံဖမ်းထားရလေသည် ။ ထိုသို့ရှိစဉ်မှာပင် အသက်ကြီးကြီး စုံတွဲသည် ဘီနာ့ကို တစ်ချက်မျှ စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးနောက် အဘွားကြီး သည် ထိုင်ခုံမှထလိုက်လေသည်။ အဘွားကြီး ထလိုက်သည်နှင့် တစ်ပြိုင်နက် ဘီနာသည်လည်း ဖြစ်ချင်ရာဖြစ် သဘောနှင့် ရထားအတက်အဆင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ပြီးလျှင် ထိုင်ခုံမှ ထရန် အသင့်ပြင် လိုက်လေသည်။ထိုသို့ရှိစဉ်မှာပင် သန်မာသော လက်တစ်ဖက်သည် ဘီနာ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။ @@@@@@@@@@@@@@@@ အပိုင်း( ၂) ဆက်ရန် ဧကြည်ဖြူ မင်္ဂလာပါရှင် #ဘီနာ အခန်းဆက်ဝတ္ထုကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။ *အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ် ၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ်ရေးသားပြီး အကောင့် /p age မှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံအလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ (၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် ) KPay 09773745413 lai lai win Wave 09773745413 lae lae win #ဧကြည်ဖြူ #AKyiPhyu အဓိက ပြောချင်တာက နောက်နောင် ဝတ္ထုများကို A Kyi Phyu Page မှာပဲ တင်ပေးမှာ ဖြစ်ပါကြောင်း ... ဖတ်သူများအနေဖြင့်လဲ Page ကို Like /comment /share များဖြင့် ကူညီပေးကြဖို့ မေတ္တရပ်ခံပါတယ် စာဖတ်သူရှိမှ ရေးဖို့ အားရှိတဲ့ စာရေးသူတွေရဲ့ဘ၀လေးတွေကို အားပေးဖတ်ရှုပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်

ထိုအသံသည် ဘီနာတို့ အုပ်စုထဲမှ တစ်ယောက်၏ အသံဖြစ်ပေသည်။ထိုအသံနှင့်မရှေ့ မနောက်မှာပင် လူငယ်ကို လိုက်လံဖမ်းဆီးနေကြသော သူများသည်လည်း မြေပြင်ပေါ်သို့ လျင်လျင်မြန်မြန်ပင် ဆင်သွားကြပြီးနောက် မြေပြင်ပေါ်တွင် ဖမ်းမိထားသော လူငယ်အား ညာသံပေးလျက် ဝိုင်းဝန်းကန်ကျောက်ရိုက်နှက်ကြလေသည်။ထိုထဲမှ အသားနီးစပ်စပ်နှင့် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသူမှာ ကိုယ်တိုင် ၀င်ရောက်ရိုက်နှက်ကန်ကျောက်ခြင်းမပြုသော်လည်း သူ၏အသံမှာ ခြံဝန်း ပြင်ပရှိ ဘီနာတို့လူစုပါ ပီပီသသကြားရလောက်သည်အထိ အားတက်သရော ရှိလှပေသည်။ " ဒီလောက် ပြောရဆိုရခက်တဲ့ကောင် ... အပြတ်ရှင်းပစ်လိုက်ကြတော့ ..." " ရှင်းသွားပါပြီ သူဌေးမင်း....သူ အသက်မရှိတော့ပါဘူး " ထိုသို့ စကားသံကြောင့် ဘီနာတို့လူစုမှာ မယုံကြရာနိုင်စွာရင်ထဲ၌ ကိုယ်စီဆို့နင့်လျက်ဝမ်းနည်းကြေကွဲလျက် ရှိနေကြစဉ်မှာပင် ခြံဝန်းထဲမှ အသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ " ဟေ့ ...ခြံပြင်က ဘယ်သူတွေလဲ ... သူတို့ အကုန် မြင်သွားပြီ ....သူတို့ကို လိုက်ဖမ်းစမ်း ...တစ်ယောက်မှ မလွတ်စေနဲ့နော် " ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသော ထိုအသံကြောင့် ဘီနာတို့ လေးဦးသား ထိတ်လန့်တုန်လှုပ်သွားမိကြပြီးလျှင် တစ်ယောက်မျက်နှာတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်မိကြလေသည်။ "ဟိတ်လူတွေ ပြေးကြတော့ ... ဒီလမ်းအတိုင်းတည့်တည့် သာပြေးကြ ...ဘူတာကို ရောက်လိမ့်မယ် .." မြို့ခံလူ၏စကားမဆုံးမီမှာပင် ဘီနာတို့အားလုံး ရထားဘူတာရှိရာဆီသို့ မှန်းဆ၍ အားကုန်ပြေးခဲ့ကြလေသည်။ကံကြမ္မာသည် တစ်ပတ်လည်ပုံမှာ မြန်ဆန်လှပေသည်။ခပ်စောစောက ပြေးလွှားနေသော လူငယ်ကို ကြည့်ပြီး စုပ်တသပ်သပ်နှင့် သနားနေခဲ့မိကြသော ဘီနာတို့လူစုမှာ ယခုအချိန်၌မူ ကိုယ်တိုင်ပင် သားကောင်ဘဝသို့ ရောက်ရှိသွားကြပြီးလျှင် အသက်လု၍ ပြေးကြရပါလေတော့သည်။ ~~~~~ ဘူတာရုံ၌ ရထားမှာ ဆိုက်ရောက်လျက်ရှိပြီး မကြာသောအချိန်တွင် ပြန်လည်ထွက်ခွါတော့မည်ဖြစ်ပေသည်။ နယ်မြို့လေးဖြစ်သောကြောင့်ဘူတာရုံထဲ၌ လူများရှုပ်ရှုပ်ထွေးထွေးသိပ်မရှိလှ။ ရထားပေါ် တွင်မူ မြို့အသီးသီးမှ ခရီးသွားများဖြင့်လူ များပြည့်၍ နေလေသည်။ ဘီနာမှာ ရှေ့နောက် ဘေးဘီသို့ မကြည့်အားသလို့ အတူ အသက်လုပြေးလွှားလာကြသူများကိုလည်း ဂရုမစိုက်နိုင်ဘဲ အားကုန်ပြေးနေရလေသည်။ဘူတာရုံသို့ ရောက်သောအခါ ရပ်ထားသော မီးရထားကို တွေ့လိုက်ရသောကြောင့် အားတက်သွားပြီးလျှင် ရထားလမ်းတစ်ဖက်ခြမ်းသို့ အပြေးအလွှားကူးလျက် ရထားတွဲတစ်တွဲပေါ်သို့ အပြေးအလွှား တက်ရောက်ခဲ့ လေသည်။ "တစ်ယောက်မှ မလွတ်စေနဲ့နော် ...သူဌေးမင်း အရမ်းစိတ်ဆိုးနေပြီ " ဘီနာတို့နောက်မှလိုက်ပါလာသူများသည် လူစုခွဲလျက် ရထားတွဲများပေါ်သို့ တက်ရောက်ရှာဖွေကြလေသည်။ " ဒီမှာ တစ်ယောက်မိပြီ .... မဆိုင်တဲ့သူတွေ ဝင်မရှုပ်ကြနဲ့နော် .... ဒီကောင်တွေက တို့သခင်ဆီက ပစ္စည်းခိုးသွားလို့ လိုက်ဖမ်းနေတာ ...နောက်ထပ် သုံးယောက် ကျန်သေးတယ် ... ဒီဘူတာမှာ ပြေးတက်လာတဲ့သူတွေကို သိရင်ပြောကြပါ ... ပြောတဲ့သူကို ရွှေဒင်္ဂါးပြားတစ်ပြားစီပေးမယ် " ထိုသူသည် ရထားတွဲစဉ်တစ်လျှောက် လိုက်လံ အော်ဟစ် ကြေညာလေ၏ ။ ထိုသူ၏စကားအဆုံး၌ ရထားတွဲအသီးသီးရှိလူများသည် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။ရွှေဒင်္ဂါး တစ်ပြားဆိုသော စကားကြောင့် ခပ်စောစောက အမှုမဲ့အမှတ်မဲ့နေနေကြသူများပင် တစ်ယောက်မျက်နှာ တစ်ယောက် မယုံသင်္ကာ မျက်လုံး အကြည်များဖြင့်ကြည့်ကြလေသည်။ " ဒီမှာ တစ်ယောက် .... သူခုနက ပြေးတက်လာတာ " လူတစ်ယောက်သည် ခပ်နွမ်းနွမ်းလောင်းကုတ်ရှည်ကြီးကို ဝတ်ဆင်ထားသော ပိန်ညှပ်ညှပ် လူတစ်ယောက်၏ လက်ကို ခပ်တင်းတင်းဆုပ်ညှစ်လျက် အော်လေသည်။ထိုအခါ၌ စက်ရုံအလုပ်သမားခေါင်းဆောင်ဖြစ်ဟန်တူသောလူသည် ဆွဲခေါ်လာသူနောက်သို့ ယောင်နနနှင့် ပါလာသူကို ကြည့်လိုက်ပြီးလျှင် "ဒီလူ မဟုတ်ဘူး .... ကျန်တဲ့ သုံးယောက်က လောင်းကုတ်ရှည်တွေ မဝတ်ထားကြဘူး ... နှစ်ယောက်က မီးခိုးရောင်ကုတ်အင်္ကျီတွေဝတ်ထားတယ်...အရပ်ပုကွကွ တွေပဲ...တစ်ယောက်က အဖြူရောင်ကုတ်နဲ့ သူ့မှာ လက်ဆွဲအိတ် တစ်လုံရယ် ... ကျောပိုးအိတ်တစ်လုံးရယ်ပါတယ်... ပြီးတော့ သူက အမျိုးသမီးတစ်ယောက်ပဲ " အသံသည် ဘီနာ၏ နားထဲသို့ ကျယ်လောင်စွာ ဝင်ရောက်လာလေသည်။ဘီနာသည် တဆတ်ဆတ်တုန်နေသော ခြေလက်အစုံကို တည်ငြိမ်အောင်ထိန်းလျက် မင်သေသေနှင့် ထိုင်နေသည်။ကံသီ၍ ဘီနာသည် ရထားတွဲကို ပတ်၍ ပြေးနေစဉ်၌ လက်ဆွဲအိတ်နှင့် အဖြူရောင် အနွေးထည်ကို စွန့်ပစ်ခဲ့ပြီးလျှင် ကျောပိုးအိတ်နှင့် တီရှပ်နှင့် ဖြစ်နေခဲ့ သည်လေ။ ရထားသည် ခပ်ဖြည်းဖြည်း ခုတ်မောင်းစပြုနေပြီဖြစ်သည်။ စက်ရုံအလုပ်သမားများသည် ဖမ်းမိထားသော လူနှစ်ယောက်အား ရိုက်နှက်၍ ကျန်ရစ်သော ဘီနာနှင့် အခြားသူတစ်ယောက်အား ရှာဖွေလျက် ရှိလေသည်။ " သူခိုးတွေ ပြောစမ်း ... မင်းတို့နဲ့အတူပါလာတဲ့နှစ်ယောက်က ဘယ်လို ပုံစံမျိုးလဲ ...သူတို့ မျက်နှာပုံစံတွေကို ပြောစမ်း ..."

"ကဲပါဗျာ ...ခပ်သွက်သွက် လျှောက်ကြတာပေါ့ ...ဒီလမ်းက လျှောက်ရင် ဘူတာကိုရောက်ဖို့ နာရီဝက်လောက်ပဲကြာတာ...ကဲ ကိုယ့်လူတို့လဲ ဘူတာကို သွားမှာ မဟုတ်လား ... အမြန်လျှောက်ကြတာပေါ့ ....ရှေ့ဆို သူ့တို့ စက်ရုံနားကို ရောက်ပြီဗျ ....ဟိုဟိုဒီဒီလိုက် မကြည်ဘဲ အမြန်လျှောက်ကြတာပေါ့ " မြို့ခံဖြစ်သူ၏ စကားဆုံးသောအခါ ဘီနာအပါအဝင် လေးယောက်သား စကားသံများတိတ်ဆိတ်လျက် ခပ်သွက်သွက် ခြေလှမ်းများဖြင့် လျှောက်လှမ်းခဲ့ကြလေသည်။ ~~~~~ ခြေလှမ်းအတန်ငယ် လျှောက်မိသောအခါ၌ မြို့ခံလူ ပြောသကဲ့သို့ပင် သံဆူးကြိုးကြီးများဖြင့် ကာရံထားသော ခြံဝန်းကျယ်ကြီးကို တွေ့လိုက်ရလေသည်။ခြံဝန်းကြီးထဲ၌ ရှည်လျားစွာ တည်ဆောက်ထားသော သစ်လုံးတန်းလျားရှည်ကြီးကို တွေ့မြင်ကြရလေသည်။ထိုတန်လျားများ၏ အဆုံး တစ်နေရာတွင် သစ်လွင်တောက်ပသော ခမ်းနားထည်ဝါသည့် တိုက်အိမ်တစ်လုံးလည်း ရှိလေ။ထိုအိမ်၏ အသွင်အပြင်သည် ဟောင်းနွမ်းနေသောညစ်ထေးထေးသစ်သားတန်းလျားများနှင့် လွန်စွာ ကွဲပြား၍ နေလေသည်။ဘီနာသည် ငယ်ရွယ်သူပီပီ ခမ်းနားထည်ဝါလှသော အိမ်ကြီးအား အမှတ်မဲ့ငေးမောကြည့်နေမိသည်။ဘီနာ၏စိတ်ကူးထဲ၌ သူတို့၏ ဘိုးဘွားပိုင် အိမ်နှင်းခြံလေးကို ဤအိမ်ကြီးကဲ့သို့ မခမ်းနားသည့်တိုင်အောင် အများအမြင်တွင် အားကျ ငေးမောရလောက်မည့် အခြေအနေမျိုး ဖန်တီးဖို့ရန် အလိုငှါ မွေးရပ်မြေသို့ ပြန်လာခဲ့ခြင်းပင်။ယခု၌မူ စီစဉ်ထားသမျှသည် သဲထဲရေသွန် ဖြစ်ခဲ့ချေလေပြီ။သူတို့၏ မြေကို ပြန်လည်ရယူနိုင်ရန်အတွက် ဘီနာသည် ရှေ့နေကောင်းကောင်းတစ်ယောက်လိုအပ်သည်။သို့စေကာမူ မြေကို ပြန်ရရန်မှာမူ မသေချာလှ။ အဘယ့်ကြောင့်ဆိုသော် ရှေ့နေကောင်းတစ်ယောက်ကို နှစ်ပေါက်အောင် ငှါးဖို့ရန်အတွက် ဘီနာ့တွင် လုံလောက်သော ငွေကြေးမရှိပါ။ဆိုရလျှင်မူ ဘီနာတွင် ဇွဲလုံ့လသာရှိပြီး လုံလောက်သောငွေကြေးမရှိပါချေ။ဘ၀တစ်ပါးသို့ကူးပြောင်းသွားကြပြီဖြစ်သော မိဘများသည်လည်း ဘီနာ့အတွက် ဤမြေမှအပ မည်သည့်အရာကိုမျှ ချန်ထားခဲ့ခြင်းမရှိကြပေ။ယုတ်စွအဆုံး ဘီနာတွင် လောက်လောက်လားလား အားကိုးရသော ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်ပင် မရှိခဲ့။ 'ဝုန်း ...ဝုန်း...ဝုန်း " " ဒုန်း ...ဒုန်း " "လိုက်ဟေ့...လိုက်ဟ ... မလွတ်စေနဲ့ ..." "ဖမ်းပေးတဲ့သူကို သူဋ္ဌေးကြီးက ဆုကောင်းကောင်းချမယ်တဲ့ " ဆူညံစွာထွက်ပေါ်လာသော အသံများနှင့်အတူ ဝရုန်းသုန်းကား ပြေးလွှားသံများကြောင့် ဘီနာတို့ ခရီးသွားလေးဦးသည် အသံလာရာ ခြံဝန်းကျယ်ကြီးရှိရာဆီသို့ အကြည့်များ ရောက်သွားမိကြလေသည်။ "ဟာ " "ဟင် " " အို ... ဘုရားသခင် ကယ်တော်မူပါ " " အို .." ဘီနာတို့ လေးဦးသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကိုယ်စီ ဘုရားတမိလျက် ခြေလှမ်းများကို ရှေ့သို့ မဆက်နိုင်ကြဘဲ မြင်ကွင်းကို မင်သက်စွာရပ်တန့်ငေးမောကြည့်နေမိကြလေသည်။မြင်ကွင်းသည် မြူမှုန်များ အတန်ငယ်ပါးသွားပြီဖြစ်သောကြောင့် ရှင်းလင်း၍နေလေ ၏။ဘီနာတို့လူစု မြင်ကွင်းကို မြင်နေရသည်မှာ သူတို့ ကြည့်ဖူးနေကြအက်ရှင်ကားများကဲ့သို့ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းလှပေသည်။ လူငယ်တစ်ယောက်သည် တန်လျားခေါင်းမိုးများပေါ်တွင် အသက်လု၍ လျင်လျင်မြန်မြန်ပင် ပြေးလွှားနေလေသည်။ထိုလူငယ်၏ နောက်ပါးဆီမှ လူအချို့သည် ညာသံပေး၍ လိုက်နေကြလေသည်။ဤသို့ တန်းလျားခေါင်းမိုးထက်တွင် လူအချို့ပြေးလွှားနေသည်ကို ကြည့်ရသည်မှာ ခြေဖဝါးများထဲမှ ကျိမ်းစက်စက် ခံစားနေရသကဲ့သို့ သည်းထိတ်ရင်ဖိုရှိလှပေသည်။အချို့လည်း ကြည်နေစဉ်မှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျကြလေသည်။တွေ့မြင်ရသည်မှာ ရှေ့ဆုံးမှ ပြေးနေသူရော နောက်မှ လိုက်နေသူများပါ အသွေးအရောင်တူရုံမျှမက ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ဆင်တူဖြစ်သောကြောင့် ပြေးသူရောလိုက်သူများပါ စက်ရုံထဲမှ ဘ၀တူ အလုပ်သမားများဖြစ်ပုံရလေသည်။သို့ပါလျက် အဘယ်ကြောင့် ဤမျှ သဲကြီးမဲကြီး လိုက်လံဖမ်းဆီး နေကြသည်ကို ရပ်ကြည့်နေမိကြသော ဘီနာတို့ လူစုမှာ နားမလည်နိုင်အောင် ဖြစ်နေမိကြလေသည်။အဘယ်တွက်ကြောင့် လိုက်လံဖမ်းဆီးနေကြသည်ဖြစ်စေ အများနှင့်တစ်ယောက်သမားမို့ ထိုတစ်ယောက်ကို လွတ်မြောက်စေချင်မိကြလေသည်။ " မလွတ်စေနဲ့တဲ့ဟ...အရှင်မရရင် အသေဖမ်းကြ " ကျယ်လောင်လှသော ထိုအသံကြောင့် ဘီနာတို့လူစုမှာ ရှေ့ဆုံးမှ ပြေးလွှားနေသော ထိုလူငယ်လေးကို သာ၍ပင်လွတ်မြောက်စေချင်မိကြလေသည်။ လူငယ်လေးသည် ခေါင်မိုးများပေါ်တွင် တလွှားလွှားပြေး၍နေလေသည်။တန်းလျားခေါင်မိုးများသည် အမြင့်ကြီးမဟုတ်သော်လည်း သာမန်အိမ်တစ်လုံးထက် ပို၍ မြင့်နေပေသည်။ခေါင်းမိုးချွန်၏ အကျယ်အဝန်းမှာလည်း ခြေတစ်ဖဝါးစာပင်ရှိပုံမရသောကြောင့် ကြည့်နေရသည်မှာ အသည်းတအေးအေးရင်တဖိုဖိုနှင့်ရှိပေသည်။ထိုခေါင်မိုးများအဆုံးထိ ပြေးနိုင်ခဲလျှင်တော့အဆုံး၌ သံဆူးကြိုးများဖြင့်ကာရံထားသော ခြံစည်းရိုးသာရှိပြီး ထိုစည်းရိုးကို လွတ်အောင်ခုန်ကျော်နိုင်ခဲ့လျှင် နှင်းရည်များများဖြင့် စိုစွတ်နေသော မြတ်ခင်း ထူသူများ ရှိလေသည်။ထိုသို့ဆိုလျှင် လူငယ်သည် သူ့နောက်မှ အပြေးအလွှား လိုက်လံဖမ်းဆီးနေကြသူများ၏ လက်မှ လွတ်မြောက်နိုင်ရန် လမ်းစရှိပေသည်။ "ဟာ ...သူကျသွားပြီး "

#ဘီနာ ခရီးသွားရင်း အသက်ကိုအန္တရာယ်ပေးတဲ့ အထိ ကြောက်စရာ အဖြစ်ဆိုးနဲ့ ကြုံဆုံလိုက်ရတဲ့ မိန်းခလေး.... ဒီအန္တရာယ်တွေက လွတ်မြောက်ဖို့ မိန်းခလေး ဘယ်လို ကြိုးစားရုန်းကန်မလဲ .... လွတ်မြောက်သွားမှာလား #ဘီနာ အပိုင်း ( ၁) ***** အချိန်က နံနက်ဆယ်နာရီဝန်းကျင်။မြို့ငယ်လေး၏ ရှည်လျား ဖြောင့်တန်းသော လမ်းမတစ်လျှောက်လုံး မြူများသည် ဝေဝေဝဲဝဲကျဆင်းလျက်။ မြူများကြောင့် ခပ်လှမ်းလှမ်းရှိ အရာ၀တ္တုများနှင့် ပုံပန်းသဏ္ဍာန်များသည်လည်း မပီမပြင် မသဲမကွဲ။ ရာသီဥတုကြောင့် လမ်းပေါ်တွင်လည်း အသွားအလာများကျဲပါးလျက်သာ။ " လမ်းမကြီးအတိုင်း သွားနေရင်တော့ ရထားကိုမီမယ် မထင်ဘူး ... စက်ရုံလမ်းက သွားကြစို့ " အသံမှာ ရှေ့မှလျှောက်သွားသော လူနှစ်ယောက်ဆီမှ ပေါ်ထွက်လာခြင်းပင်။ထိုအသံကိုကြားလိုက်ရသောအခါ ကျောပိုးအိတ်ကိုင်ကြိုးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ ခပ်သွက်သွက် လျှောက်လှမ်းနေသော ဘီနာသည်လည်းကောင်း၊ ဘီနာနှင့် မလှမ်းမကမ်းတွင်ခပ်သုတ်သုတ် လျှောက်နေသော အသက်ခပ်ကြီးကြီး လူကြီးသည်လည်းကောင်း ရှေ့မှ နှစ်ယောက်ဆီသို့ လှမ်းကြည့်လိုက်ပြီးလျှင် နှစ်ဦးသား တိုင်ပင်ထားသည့် အလား ရှေ့မှ လူနှစ်ယောက်ချိုး ကွေ့ဝင်သွားသော လမ်းလေးထဲသို့ လိုက်၍ ဝင်ခဲ့ကြလေသည်။သေချာသည်မှာ ဘီနာ အပါအဝင် လေးဦးသားသည် ယနေ့အဖို့၌ မြို့လေး၏ ဘူတာရုံအိုလေးတွင် ဆိုက်ရောက်မည့် တစ်စင်းတည်းသော ရထားကို အမီ သွားရောက်နေကြခြင်းဖြစ်လေသည်။ ဘီနာသည် မြို့လေးသို့ သိပ်မကြာသေးသော အချိန်ကာလက ရောက်လာခြင်းဖြစ်လေသည်။မြို့လေးသည် ဘီနာ ဖခင်၏ မွေးရပ်ဇာတိမြို့လေး ဖြစ်သည်။မြို့လေးသို့ ဘီနာ ရောက်လာရခြင်းရည်ရွယ်ချက်မှာ ဖခင်ကြီးချန်ထားခဲ့သော မျိုးရိုးစဉ်ဆက် အမွေခံအိမ်ကို ပြုပြင်ထိန်းသိမ်းရန်ရောက်လာခဲ့ခြင်းပင်။အကယ်၍ အဆင်ပြေခဲ့လျှင် သူမသည်လည်း ဤမြို့လေး၌ပင် အခြေချနေထိုင်သွားရန် ဘီနာ စီစဉ်စိတ်ကူးထားခဲ့လေသည်။သို့သော်လည်း ဘီနာစိတ်ကူး စီစဉ်ထားသမျှသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ လွဲချော်ခဲ့ရလေသည်။ရောက်ရောက်ခြင်းဘီနာ မြင်တွေ့လိုက်ရသည်မှာ လူသူကင်းမဲ့နေသော ခြံဝန်းကျယ်ကြီးနှင့်အနီရောင် အုပ်ကြွပ်မိုးအိမ်လေးမဟုတ်တော့ဘဲ သစ်လုံးအိမ်များ အစီအရီ ဆောက်ထားသော အိမ်များနှင့် သစ်ရွက်ကြွေများဖြင့်ပြည့်နှက်နေသော ရှုပ်ရှုပ်ပွေပွေ အိမ်များသာ ဖြစ်လေသည်။နားမလည်နိုင်သော ထိုအခြေအနေကို အဖြေရှာကြည့်သောအခါ ထိုအိမ်များသည်လည်း အခမဲ့နေထိုင်ကြခြင်းမဟုတ်ဘဲ အခကြေးငွေနှင့် ငှါးရမ်းနေထိုင်ကြခြင်း သို့မဟုတ် တစ်ပိုင်တစ်နိုင် ဝယ်ယူထားကြခြင်းပင်။အဖြစ်မှန်များကို သိလိုက်ရသောအခါ ဘီနာလွန်စွာစိတ်ပျက်ခဲ့ရသလို ဒေါသလည်းထွက်ခဲ့ရသည်။ဘီနာ၏ ဘိုးဘွားပိုင်မြေကို အလွဲသုံးစားလုပ်ထားသူမှာ မြို့လေး၏ အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှန်းသိလိုက်ရသောအခါ ဘီနာမှာအားမတန်မာန်လျှော့ခဲ့ရလေသည်။အမှန်စစ်စစ် အသက်နှစ်ဆယ်အရွယ်သာရှိသေးသော မိန်းမပျိုလေး ဘီနာမှာ ထိုအခြေအနေကို မည်သို့မျှမတတ်နိုင်၊ မယှဉ်ပြိုင်နိုင်ဘဲ စျေးပေါသော တည်းခိုရိပ်သာတစ်ခုတွင် သုံးလေးရက်မျှတည်းခိုခဲ့ပြီးနောက် မတတ်သာသည့်အဆုံးတွင် လာရာလမ်းသို့တပ်ခေါက်၍ ပြန်ခဲ့ရခြင်းဖြစ်လေသည်။ခေါင်းမာမာနှင့် ဆက်နေလျှင်လည်း ဘီနာအတွက် အကျိုးမရှိသည့်အပြင် အကျိုးယုတ်နိုင်ခြေသာ ရှိသောကြောင့် ပြန်ခဲ့ရသည်ဟု ဆိုရလျှင် ပို၍မှန်ပေမည်။ " ဒီလမ်းက လမ်းတိုဗျ ... ဘူတာကို ရောက်ဖို့ အတိုဆုံးလမ်းဆိုပါတော့ ...ဒါပေမဲ့ဗျာ ...သိတဲ့အတိုင်းပဲ ဒီလမ်းမှာ သူဌေးကြီးရဲ့ စက်ရုံကြီးက ရှိနေလေတော့ တော်ရုံဖြတ်သွားဖြတ်လာလုပ်သူတွေကို မကြိုက်ချင်ဘူး ...ပြောရရင် လမ်းကို သူတို့အပိုင် သိမ်းထားသလိုပေါ့ ....လမ်းနာမည်တောင် စက်ရုံလမ်းဖြစ်နေတာသာ ကြည့်ပေတော့ " ပြောသူက သူတို့အချင်းချင်းပြောနေကြခြင်းသာ။အသံက ဘီနာ၏နားထဲသို့တိုင် ၀င်ရောက်လာလေသည်။စကားသံအရဆိုလျှင် ထိုသူနှစ်ယောက်အနက် တစ်ယောက်သည် မြို့ခံလူဖြစ်ပြီး တစ်ယောက်မှာ ဧည်သည်ဖြစ်ဟန်တူပေသည်။ "ဟာဗျာ ....ဒီလိုဆို ကျုပ်တို့ သွားလို့ရော ဖြစ်ရဲ့လားဗျာ " မြို့ခံ၏စကားကို ဧည့်သည်ဖြစ်သူသည် အထိတ်တလန့်နှင့် ပြန်၍ မေးလိုက်လေသည်။ "ဒီလောက်တော့ ရပါတယ်ဗျ...ကျုပ်တို့ကလဲ ကိုယ့်လမ်းကိုယ်သွားတာပဲလေ ... ကျုပ်ပြောတာက သူတို့စက်ရုံနားကို သွားပြီး စပ်စပ်စုစုလုပ်တဲ့သူတွေကို ပြောတာပါ " မြို့ခံ၏ စကားကြောင့် ဧည့် သည်ဖြစ်ဟန်တူသူက ဟင်းခနဲ သက်ပြင်ချလိုက်သကဲ့သို့ ဘီနာသည်လည်း သက်ပြင်းတစ်ချက်လေးလေးပင်ပင်ချလိုက်မိလေသည်။အကယ်၍ မြို့ခံလူ ပြောသကဲ့သို့ ပြဿနာတစ်စုံတစ်ရာပေါ်လာခဲ့သည်ရှိသော် ယနေ့အဖို့ တစ်စင်းတည်းသော မီးရထားနှင့် လွဲသွားနိုင်သည်မဟုတ်ပါလား။ထိုအခြေအနေမျိုးကိုဖြင့် ဘီနာအဖြစ်မခံနိုင်ပါ။အကယ်၍ ဤမြို့၌ ထပ်မံ၍နေရသည်ရှိသော် ဘီနာသည်လည်း အသတ်ခံရမည်လား။ မဟုတ်လျှင် ဘီနာသည်လူသတ်မိလေမည်လား။ထိုဆိုးဝါးသော အခြေအနေကို ရင်မဆိုင်ဝံ့၍ ဘီနာရှောင်ထွက်ခဲ့ခြင်းမဟုတ်ပါလား။ ဘီနာတို့၏ မိဘဘိုးဘွား အမွေအနှစ်ကို မတရားလုပ်ထားမှန်းသိသော်လည်း ဘီနာလိုသေးသေးကွေးကွေး မိန်းမငယ်လေးက မည်သို့တတ်နိုင်ပါမည်နည်း။

သလင်းဖြူက ထွဋ်ခေါင်ကို လက်သီးနှင့်ရွယ်၍ပြောလိုက်သည်။ ထွဋ်ခေါင်က သလင်းဖြူ၏လက်ကလေးကို သူ့လက်အစုံနှင့် ဆုပ်ကိုင် ဆွဲယူလိုက်လေသည်။ =================== ပြီးပါပြီ အစမှ အဆုံးတိုင် ဖတ်ရှုပေးကြတဲ့ စာချစ်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်...... အမှားအယွင်းများစွာအတွက်လည်း စာချစ်သူတွေကို တောင်းပန်ပါတယ်ရှင် ဆက်လက်၍ ကြိုးစားပါအုံးမည် ဧကြည်ဖြူ 2 - 5. 2022 ( 8: 5 .PM ) တနင်္လာ ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

"ပြောပုံအရ ကတော့ ...အဲ့ဒီနေ့က ဦးမြင့်အေးက ...အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန်မှာ ဒေါ်သီနဲ့ အစီအရင်တွေလုပ်ဖို့ ချိန်းထားတာတဲ့ ...ကံဆိုးချင်တော့ မင်းတို့ဒေါ်လေးကလဲ အဲ့ဒီနေ့မှာ ကိုယ့်ဦးလေးနဲ့ အိမ်မှာချိန်းထားတော့ ...ဘယ်သူမှ မသိအောင် အိမ်ကို ပြန်လာခဲ့တယ်နဲ့တူတယ် ... နောက်တော့ ဦးမြင့်အေးနဲ့ ဒေါ်သီတို့ ပြောနေတာတွေကို ကြားသွားခဲ့တယ် ...အဲ့ဒီမှာပဲ ဦးမြင့်အေးက မောင်နှမတွေကို အမွေခွဲ မပေးချင်လို့ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်အောင် ... သေအောင် အောက်လမ်းဆရာမ ဒေါ်သီနဲ့ လုပ်နေတာကို သိသွားခဲ့တယ်လေ..အဲ့ဒီမှာပဲ ဦးမြင့် အေးက ဒေါ်လေးကို နှုတ်ပိတ်ခဲ့တယ် .... နောက်တော့ ကိုယ့်ဦးလေးက ရောက်လာလို့ မီးခိုး ကြွက်လျှောက်ပေါ်လာမှာစိုးပြီး ဦးလေးကိုပါ သတ်ခဲ့တာပဲ ..... သူ့သားသမီးတွေကလွဲလို့ တခြားသူတွေကို လူလို မမြင်တတ်တဲ့ သူ့အတ္တက သိပ်ကို ကြောက်စရာကောင်းတယ် " ထွဋ်ခေါင် ပြောနေတာတွေကို နားထောင်နေရင်းမှ သလင်းဖြူ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာရသည်။လူတစ်ယောက်၏ အတ္တနှင့် လောဘကြောင့် အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရသူများအတွက် ရင်ထဲတွင်နာကျင်၍နေမိသည်။ "နေလင်းက မင်းကို တွေ့ချင်နေပုံရတယ် ...တစ်ခေါက်လောက်သွားတွေ့မလား ...ကိုယ်လိုက်ပို့ပေးမယ်လေ " ထွဋ်ခေါင် စကားကို သလင်းဖြူ မကြားသလို မသိဟန်ဆောင်၍ နေလိုက်လေသည်။ ~~~~~~ " ကျွန်တော် တောင်းပန်ပါတယ် ...တောင်းပန်ပါတယ်နော် " နေလင်းသည် သလင်းဖြူကို ကြည့်ပြီး တောင်းပန်စကားကို မရပ်မနား ပြောနေလေသည် ။ " ကျွန်မအသက်ကို ကယ်ပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ် ... တစ်နေ့ ထောင်ကလွတ်လာခဲ့ရင် ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းပါ .. ဒီဘဝတော့ရှင်နဲ့ နောက်ထပ်မတွေ့ရဖို့ပဲ မျှော်လင့်ပါတယ် " သလင်းဖြူသည် ပြောပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့သည်။ ကျန်ခဲ့သော နေလင်းမှာ သလင်းဖြူ၏ နောက်ကျောပြင်ကိုကြည့်၍ အံကိုတင်းတင်းကြိတ်ထားသည့်ကြားမှ ပါးပြင်ပေါ်သို့ မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက်စီးကျလာလေသည်။ နေလင်း၏အနီးတွင် စောင့်ကြည့်နေသော အစောင့်တပ်သားနှစ်ယောက်သည်ပင် ယောကျာ်းတန်မဲ့ အံကြိတ်၍ ငိုနေသော နေလင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိကြသောကြောင့် မျက်နှာများကို ဘေးသို့ အနည်းငယ်လွှဲထားကြလေသည်။ ~~~~ "ကဲ ... အားလုံးစုံပြီဆိုရင် ပြောမယ် ...ဒီခြံနဲ့ ဒီအိမ်ကတော့ မိဘဘိုးဘွားအမွေအနှစ်အဖြစ် ဒီတိုင်းပဲထားမယ်...နေချင်တဲ့သူလာနေကြ ....ကျန်တဲ့ လယ်တွေ ခြံတွေနဲ့ ပွဲရုံကို အကုန်ရောင်းပြီး လှူဖို့တန်းဖို့ တစ်ပုံနဲ့ ကျန်တာတွေကို အညီအမျှ ခွဲပေးမယ် ... ဒီနေ့ပဲ အလှူရက်ကို သက်မှတ်ကြတာပေါ့ ...မောင်ထွဋ်ခေါင်တို့ကိုလဲ ကြီးကြီးတို့ကပဲ အနူးအညွှတ် တောင်းပန်ပါတယ်ကွယ် ... မောင်ထွဋ်ခေါင်ရဲ့ ဦးလေး အတွက်ပါ အလှူလုပ်မှာမို့ မောင့်ထွဋ်ခေါင်ရဲ့ မိဘဆွေမျိုးတွေကိုပါ ဖိတ်ပါအုံး "ဟုတ်ကဲ့ပါ... ကြီးကြီး " ဒေါ်ကြည်အေး၏ စကားကို ထွဋ်ခေါင်က ခေါင်းငြိမ့်အဖြေပေးလိုက်လေသည်။ "သမီး သလင်းဖြူနဲ့ ယောင်းမကိုလဲ တောင်းပန်ပါတယ် ... စီးပွားရေးကိုပဲ ဂရုစိုက်နေခဲ့မိပြီး မိသားစုတွေကို ပစ်ပယ်ထားခဲ့မိသလို ဖြစ်ခဲ့ရတယ် ...ခုလိုအားလုံးဖြစ်သွားရတာ အကြီးဖြစ်တဲ့ ကြီးကြီးရဲ့ ပေါ့ဆမှုတွေကြောင့်ပါသမီး သလင်းဖြူ....သမီးကိုလဲ နိုင်ငံခြားကို မသွားစေချင်လို ငွေကို ထုတ်မပေးခဲ့တာပါ ...ကြီးကြီးရဲ့ အတ္တတွေကြောင့် ကြီးကြီး တူမလေး ဒုက္ခရောက်တော့မလို့ ကံကောင်းလို့ပေါ့ကွယ်' ဒေါ်ကြည်အေးသည် စိုင်းရန် နိုင်၏ မိခင်နှင့် တူမဖြစ်သူသလင်းဖြူကို တောင်းပန်စကားဆိုလိုက်ရင်းမှပင် ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာလေသည်။ "ညီမရဲ့ အပြစ်တွေလဲ ပါပါတယ် ...မမကြည်ရယ် ....တူတွေ တူမတွေကို အပြစ်တွေပဲ မြင်နေမိတဲ့ ညီမရဲ့အပြစ်တွေပါ ဒေါ်ခင်အေးသည်လည်း အစ်မဖြစ်သူနှင့်အပြိုင် ငိုပါလေတော့သည်။ ဇော်ထိုက်ကတော့ ပြန်လည်ကျန်းမာလာစ ဦးလေးဖြစ်သူကို ဖေးကူတွဲ၍ ထားလေသည်။ ~~~~~~~ "ဘယ်နေ့ ပြန်မှာလဲ " ထွဋ်ခေါင်က သလင်းဖြူကို ကြည့်၍ မေးလိုက်သည်။ "သဘက်ခါ ပြန်မှာ ...ရှင် ရောမပြန်သေးဘူးလား " "အင်း မင်းပြန်မှ ပြန်မလို့ လေ ... " "ဘာဆိုင်လို့လဲ ...ရန်ကုန်နဲ့မန္တလေး တစ်လမ်းစီကို " သလင်းဖြူက ထွဋ်ခေါင်၏ စကားကို နားမလည်နိုင်ဘဲ ပြန်ပြောလိုက်သည်။ ထွဋ်ခေါင်က သလင်းဖြူမျက်နှာကို ကြည့်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။ "နိုင်ငံခြားသွားအုံးမှာလား ... မန္တလေးမှာ မနေချင်ဘူးလား " "ဟင် ... ဘာပြောတာလဲ... " သလင်းဖြူက အူလည်လည်နှင့် ပြန်မေးလိုက်သည်။ " မင်းရန်ကုန်ပြန်ရင်... မင်းရဲ့ အဖေ့ဆီမှာ မင်းကို လိုက်တောင်းမယ်လို့ ပြောတာလေ " "ဘာတွေပြောနေတာလဲ ... ကျွန်မက နိုင်ငံခြားသွားမှာ သိရဲ့လား " သလင်းဖြူက ထွဋ်ခေါင်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။ "နိုင်ငံခြား မသွားရပါဘူး ... မန္တလေးမှာလိုက်နေရမယ် ...လူကြီးတွေကိုလဲ ဖွင့်ပြောပြီးသွားပြီးကွ ...ဒါကအမိန့်ပဲ " "အံမယ် သူ့စကားကို ဘယ်သူက နားထောင်မှာလဲပြော "

ရေနှင့်လောင်း၍ အနှိုးခံလာရသော နေလင်း အအစ်ကိုဖြစ်သူမှာ နေလင်းအား မျိုးစုံအောင် ဆဲဆို၍လိုက်ပါလာလေသည်။ " နွား ..မိန်းမတစ်ယောက် အတွက်နဲ့ တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့အစ်ကိုအရင်းကို သစ္စာဖောက်တယ်ပေါ့လေ .. မင်းဘေးနားမှာ မိန်းမလှလေးတွေ ဒီလောက်ပေါနေတာကို ...ဒီရုပ်ဆိုးမကိုမှ ကြိုက်ရလား နွားရဲ့ ...အေး မင်းကို ငါသတ်မယ် ...မင်းကို သတ်ပြီးမှ ကြိုးစင်တက်ပြမယ် " "ဟိတ်လူ ...ခင်ဗျား ပါးစပ် မပိတ်ဘူးလား ... ပိတ်ပေးရမှာလား ပြော " တာဝန်ရှိသူတစ်ယောက်က ခပ်ငေါက်ငေါက်ပြောပြီး ရိုက်ရန် လက်ရွယ်လိုက်သောအခါမှ ပါးစပ်ပိတ်သွားလေတော့ သည်။ ~~~~~~~ လူစုံတက်စုံရှိနေသော ဧည့်ခန်းထဲသို့ သလင်းဖြူ မျက်နှာထားတင်းတင်းနှင့်ပင် ဝင်သွားလိုက်လေသည်။ သလင်းဖြူကိုမြင်ကြသောအခါ စိုးရိမ်ပူပန်နေသော မျက်နှာများကို တွေ့လိုက်ရသလို အံ့ဩ ထိတ်လန့်သွားကြသော မျက်နာများကို အချိန်မီ ဟန်ဆောင်လိုက်ကြသော မျက်နှာများကိုလည်း တွေ့လိုက်ရလေသည်။ "သလင်းဖြူ .. သူမကြီး ဘယ်တွေကို သွားနေဘာလဲကွယ် ...ဒီမှာ လူကြီးတွေ စိတ်ပူနေကြပြီ " "ဟဲ့ကောင်မလေး ...နင်ဘာဖြစ်လို့ တစ်မျိုးပြီး တစ်မျိုး ဒုက္ခပေးနေရတာလဲဟင် " " တူမကြီးရယ် သွားစရာရှိရင်လဲ ဘကြီးတို့ကို ပြောသွားတာ မဟုတ်ဘူး " အားလုံးက တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုကြလေသည်။ရွှေရည်ဝင်းသည် သလင်းဖြူ ၀င်လာပြီးနောက် အခန်းထဲသို့ ဝင်လာသောထွဋ်ခေါင်ကို ကြည့်ပြီး ဒေါသစိတ်ဖြင့် ထိုင်ရာမှ ထလိုက်ပြီးလျှင် သလင်းဖြူကို ဒေါသနှင့် ဆူပူပြောဆိုလိုက်လေသည်။ " နင်က လူကြီးတွေကို ဒုက္ခ လာပေးနေတာလား သလင်းဖြူ ...နင့်ဘာသာ မနေတတ်မထိုင်တတ်နဲ့ သွားချင်ရာသွား... နေချင်သလို နေနဲ့ အလေလိုက်နေတာ အရေးမကြီးဘူး ........." "ဖြန်း " " အား " ".. နင် ...နင် ငါ့ကို ပါးချတယ်ဟုတ်လား သလင်းဖြူ " "ဟဲ့ ...ဟဲ့ နင်က ငါ့သမီးကို ဘာလို့ ပါးချရတာလဲ " "မိသလင်းဖြူ ...ဒါက ဘာလုပ်တာလဲ... နင်အလေလိုက်နေတာပဲလေ မဟုတ်ဘူးလား ...ငါ့တူမကို ဘာလို့ ပါးချရတာလဲ...နင်က ဘာကောင်မလဲ " ရွှေရည်ဝင်း၏ စကားမဆုံးမီမှာပင် သလင်းဖြူက ရွှေရည်ဝင်း၏ပါးကို ချလိုက်သောကြောင့် ရွှေရည်ဝင် အပါအဝင်၊ ဒေါ်ကြူကြူဝင်းနှင့် ဒေါ်ခင်အေးတို့၏ ဒေါသသံများ ထွက်ပေါ်လာခြင်းဖြစ်လေသည်။ သလင်းဖြူကမူ အားလုံးကို ဂရုမစိုက်ဘဲ ရွှေရည်၀င်း၏ မျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး "နင့်ကို ဘာလို့ရိုက်တာလဲ သိလား ရွှေရည်ဝင်း .....မသိရင်မှတ်ထား ....ပညာတွေသင်ထားပြီး...အသိဉာဏ်မဲ့လို့ရိုက်တာ ...မိဘက လမ်းမှားကို လိုက်နေရင် တားမြစ်ရမှာက သားသမီးကောင်းတစ်ယောက်ရဲ့တာဝန်ပဲ သိရဲ့လား ... နင့်အဖေက လူ့သက်တမ်းအရဆို လူ့ပြည်မှာ ဘယ်လောက်ထပ်နေရအုံးမလဲ နင်တွက်တတ်မဟုတ်လား ...ဘာလဲ နင်တို့မောင်နှမတွေ ချမ်းချမ်းသာသာနေရဖို့ နင့်အဖေက သူ့သွေးသားအရင်းတွေကို သတ်နေတာကို နင်တို့ကကျေနပ်နေတာလား ... " " သလင်းဖြူ နင့်ပါးစပ်ကို ပိတ်စမ်း ....နင်က မြင့်အေးကို ဘာထင်နေတာလဲ... နင့်ကို သတ်ပြီးမှ ထောင်ထဲဝင်မယ် ... ဟော့ဒီအိမ်ကြီးက ပစ္စည်းဥစ္စာတွေနဲ့ ခြံတွေက ငါကြိုးစားလို့တိုးပွားခဲ့တာ.....ငါ့သားသမီးတွေပဲ ရထိုက်တယ် ... ` သလင်းဖြူက ရွှေရည်ဝင်းကို ပြောဆိုနေစဉ်မှာပင် ဦးမြင့်အေးသည် နံရံတွင် အလှချိတ်ဆွဲထားသော ဓါးရှည်ကို ဆွဲဖြုတ်၍ သလင်းဖြူကို ကြိမ်းမောင်းလိုက်လေသည်။ "ဦးမြင့်အေး လက်ထဲက ဓါးကိုချလိုက်ပါ ...ဦးမြင့်အေးကို ဒေါ်ရင်အေးနဲ့ ဦးသက်ဝေကို သတ်မှုနဲ့ ဖမ်းဆီးလိုက်ပါပြီ ..." " ဟဲ့ ..ဟဲ့ ... ဘာဖြစ်ကြတာလဲ ...မြင့်အေး ဘာဖြစ်တာလဲ ...တူမကြီး သလင်းဖြူ... ဘာတွေဖြစ်ကုန်တာလဲ ကြီးကြီးတို့ကိုလဲ ပြောပါအုံး " " ဘာ ..ဘာပြောတယ် အစ်ကိုမြင့်အေးက လူသတ်တယ် ဟုတ်လား " ဓါးရှည်နှင့် သလင်းဖြူအားကြိမ်းမောင်းနေသော ဦးမြင့်အေးကို တာဝန်ရှိသူများက လက်ထိပ်ခတ်ဖမ်းဆီးလိုက်ချိန်မှာတော့ တစ်အိမ်လုံး ပွက်လောရိုက်ဆူညံသွားကြလေသည်။ ~~~~~~~ "မိုက်လိုက်တာ မြင့်အေးရဲ့...အဲ့ဒါ့ နင့် ညီနဲ့ ညိမတွေလေ ... နင် မွေးထားတဲ့ နင့်သားသမီးတွေကပဲ လူလား ...နင် ဒီလောက် ဥစ္စာမက်နေရင် ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါလားဟဲ့... ငါ ငွေရှာနေတာ နင်တို့ အားလုံးအတွက်လေ ... လူသတ်သမားကြီးရဲ့ ...အီး ...ဟီး ..ဟီး ...အမယ်လေး ...ညီမလေး ရင်အေးရေ " ခေါ်ကြည်အေးသည် မောင်ဖြစ်သူကို ဦးမြင့်အေးကို ထုရိုက်ကာ အော်ဟစ်၍ ငိုလေသည်။နှုတ်ကြမ်းအာကြမ်းရှိလှသော ဒေါ်ခင်အေးသည်ပင် အစ်ကိုဖြစ်သူ၏ မယုံကြည်နိုင်စရာ အဖြစ်အပျက်ကြောင့် ဆွံ့အမင်သက်လျက်ရှိလေသည်။ ~~~~~~ "ဘာလို့ သတ်လိုက်တာလဲဆိုတာကို ဝန်ခံပြီလား ကိုထွဋ်ခေါင် " ရေတွင်းထဲမှ အလောင်းများကို ဆယ်ယူရန် လုပ်နေကြသူများကို ကြည့်နေရင်းမှ သလင်းဖြူက ထွဋ်ခေါင်ကို မေးလိုက်သည်။သလင်းဖြူသည် ဘကြီးဖြစ်သူကို နာကြည်းမုန်းတီးလွန်း၍ တရားရုံသို့ လိုက်သွားခြင်းမပြုဘဲ သိလိုသမျှကို ထွဋ်ခေါင်ကိုသာ မေးမြန်းလေ့ရှိလေသည်။

အစ်ကိုစိုင်းရန်နိုအကြောင်းပါလာသောအခါ သလင်းဖြူ ဝမ်းနည်းလွန်း၍ မျက်ရည်ကျမိပြန်သည်။ သလင်းဖြူကိုယ်တိုင်ကပင် အစ်ကိုစိုင်းရန်နိုင်ကို အထင်လွှဲခဲ့မိသည်များကို ပြန်တွေးလိုက်မိသောအခါ မျက်ရည်များက တားဆီးမရနိုင်အောင်ပင် ပါးပြင်ပေါ်သို့ စီးကျလာလေသည်။ နေလင်းသည် မျက်ရည်များဖြင့် ပြည်လျှံနေသော သလင်းဖြူ၏မျက်နှာကို မဝံ့မရဲကြည့်ပြီးလျှင် သူ၏ စကားကို ဆက်လိုက်သည်။ "တစ်နေ့ကျတော့ သူဌေးက ကျွန်တော့်ကို ခေါ်ပြီး အခြားလူတစ်ယောက်လို ဟန်ဆောင်ရမယ်လို့ ပြောခဲ့တယ် ... အဲ့ဒီလူ ဟန်ဆောင်ပြီး သူ့တူမနဲ့ သူငယ်ချင်းတွေအဖြစ် ရင်းရင်းနှီးနှီးနေရမယ်... သူ့တူမ ဘာလုပ်လဲ ဘယ်သွားလဲ ...ဘာတွေသိထားလဲ ဆိုတာကို ကျွန်တော်က စုံစမ်းပြီး သူ့ကို အကုန်ပြန်ပြောပြရမယ်ဆိုပြီး ခိုင်းခဲ့တယ် " "ရှင် ...ရှင်တို့ တော်တော်ယုတ်မာကြတာပဲ ..." သလင်းဖြူ ဒေါ်သတကြီးနှင့် အော်ဟစ်ပစ်လိုက်မိသည်။ နေလင်းသည် ခေါင်းကို ငိုက်စိုက်ချ၍ထားပြီး သလင်းဖြူကို တောင်းပန် တိုးလျှိုးသော မျက်နှာနှင့် ငေးကြည့်နေသည်။ "ဒါ ...ဒါဆို ... အစ်ကိုစိုင်းရန်နိုင်ကိုရော ရှင်တို့ သတ်ခဲ့တာလား ...ပြီး ..ပြီးတော့ ကျွန်မကို ဆိုင်ကယ်နဲ့တိုက်ခဲ့တာကရော...ဂိုထောင်ထဲမှာ မြွေတွေ့တဲ့ကိစ္စကရော " သလင်းဖြူ တုန်တုန်ယင်ယင်နှင့် မေးလိုက်မိသည်။ "အစ်ကိုပါ .. အားလုံးကို ကျွန်တော့် အစ်ကိုလုပ်ခဲ့တာ ..ငွေအတွက် လောဘဇောတိုက်နေတဲ့ အစ်ကိုက သူခိုင်းသမျှ အကုန်လုပ်ခဲ့တယ် ... ဒါပေမဲ့ မသလင်းဖြူကို သတ်ခိုင်းတဲ့ကိစ္စကို ကျွန်တော် သဘောမတူခဲ့ဘူး ...ဒါကြောင့် အစ်ကို ကြံစည်ခဲ့တာတွေကို လိုက်ပြီး နှောက်ယှက်ခဲ့တယ် .." သလင်းဖြူသည် မယုံကြည်နိုင်အောင်ပင် ဖြစ်မိလေသည်။ငွေအတွက် သွေးသားရင်းချာများအပေါ် ဤမျှရက်စက်ယုတ်မာလိမ့်မည်ဟု တွေးထင်မထားခဲ့မိပါချေ။ "ဒါဆို ...ကျွန်မအခန်းထဲကို ညဘက် ခိုးဝင်လာတဲ့သူက ဘယ်သူလဲ ရှင်လား " " ကျွန်တော့် အစ်ကိုပါ ...အခန်းထဲကို ညဘက် ခိုးဝင်တာတင မဟုတ်ဘူး ...လည်ဆွဲကိုပါ ယူပြီး ... မသလင်းဖြူ အခန်းထဲမှာ ထည့်ထားခဲ့တာလဲ အစ်ကိုပါပဲ " "ဘာ ..ဘယ်လို.....လူယုတ်မာတွေ ...လူလိမ်တွေ..." သလင်းဖြူ ဒေါသထွက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။ "ဒါ ..ဒါနဲ့ ..ဦးငယ်ရော ...ဦးငယ် ဘယ်မှာလဲ ..ဦးငယ်ကိုရော သတ်လိုက်ကြပြီလား ..ဦးငယ်သေတာရော ကျွန်မ ကြောင့် မဟုတ်လား ...ကျွန်မအကြောင်း အကုန်လုံးကို ရှင့်ကို ပြောပြခဲ့မိတာက ... ကျွန်မအစ်ကိုနဲ့ ကျွန်မဦးလေးကို သတ်ပါတော့ဆိုပြီး သတင်းပေးသလို ဖြစ်ခဲ့တာ မဟုတ်လား " သလင်းဖြူ အရူးတစ်ယောက်လို ဆောက်တည်ရာမရတော့ဘဲ့ အထိတ်တလန့်နှင့်မေးလိုက်မိသည်။ "ကျွန်တော် .. ကျွန်တော် အဖမ်းခံမှာပါ ... အပြစ်တွေအားလုံးအတွက် ကျွန်တော် အပြစ်ဒဏ်တွေကို ခံယူမှာပါ .. ကျွန်တော့်ရဲ့ ဖုန်းထဲမှာ သူဌေးခိုင်းခဲ့တာတွေကို ဗီဒီယို ခိုးရိုက်ထားတာတွေရှိပါတယ် ... ဗီဒီယိုတွေကို မသလင်းဖြူ ဖုန်းထဲကိုလည်း ထည့်ပေးထားပါတယ် ... ကျွန်....ကျွန်တော် တောင်းပန်ပါတယ် မသလင်းဖြူ " "သလင်းဖြူ ...သလင်းဖြူ " သလင်းဖြူ အံကိုတင်းတင်းကြိတ်၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး နေလင်းကို စူးစူးဝါးဝါးစိုက်ကြည့်နေမိစဉ်မှာပင် သလင်းဖြူနာမည်ကို ခေါ်သံကြားလိုက်ရလေသည်။ " ကိုထွဋ်ခေါင် " ထွဋ်ခေါင်၏ ခေါ်သံကြားလိုက်ရသည်နှင့် သလင်းဖြူ လှမ်း၍အသံပေးလိုက်သည်။ "သလင်းဖြူ မင်းဘာဖြစ်သွားသေးလဲ...." ထွဋ်ခေါင်က စိုးရိမ်တကြီးမေးလိုက်ရင်း သလင်းဖြူ၏ ကိုယ်လုံးလေးကို လှမ်း၍ ဆွဲယူ ပွေ့ဖက်လိုက်လေသည်။ "ကျွန်မ ... ကျွန်မက ဘာမှမဖြစ်ပါဘူး ... ကျွန်မဒေါ်လေးရောင်.... ရှင့်ဦးလေးပါ အသတ်ခံလိုက်ရပြီတဲ့ .. ပြီး ..ပြီးတော့ အစ်ကိုစိုင်းရန်နိုင်နဲ့ ဦးငယ်လဲ ကျွန်မကြောင့် ...ကျွန်မကြောင့် သေရတာရှင့် ...ကျွန်မက သူ့ကို ကျွန်မသူငယ်ချင်းအမှတ်နဲ့ အကုန်လျှောက် ပြောပြခဲ့မိလို့ ကျွန်မအစ်ကိုနဲ့ ကျွန်မဦးလေးက အသတ်ခံလိုက်ရတာလေ " သလင်းဖြူသည် ထွဋ်ခေါင်ကိုဖက်၍ ဆောက်တည်ရာမဲ့ ပြောဆို ငိုကြွေးနေမိလေသည်။ " မသလင်းဖြူ ...ကျွန်တော်ပြောဖို့ တစ်ခု ကျန်သေးတယ် ... မသလင်းဖြူရဲ့ ဦးလေး မသေပါဘူး ... ဒဏ်ရာတွေ အများကြီးရထားလို့ ....အခြားတစ်ရွာမှာ ကျွန်တော်ဝှက်ပေးထားပါတယ် " နေလင်း၏ စကားကြောင့် သလင်းဖြူမှာ ငိုနေရင်းမှ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်သွားမိလေသည်။ ~~~~~ ထွဋ်ခေါင်နှင့် အတူပါလာသော တာဝန်ရှိသူများက အိမ်ထဲတွင် အိပ်ပျော်နေသော နေလင်း၏အစ်ကိုနှင့် နေလင်းကို လက်ထိတ်ခတ်ဖမ်းဆီးလိုက်ကြလေသည်။ "ကဲ ...တရားခံအစစ်ကိုတော့ ...အိမ်မှာ သွားဖမ်းကြတာပေါ့ " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူက မျက်ရည်များကို သုတ်လိုက်ပြီးလျှင် "ခကလေး ကိုထွဋ်ခေါင် ...ကျွန်မတစ်ယောက်တည်း အိမ်ထဲကို အရင်ဝင်သွားပြီး ...သူတို့မျက်နှာတွေကို ကြည့်ချင်တယ် " " ဟုတ်ပြီလေ မင်းသဘောအတိုင်းပါပဲ ...ဒါပေမဲ့ ကိုယ်တော့ မင်းနဲ့ အတူလိုက်ခဲ့မယ် " အားလုံး ထိုနေရာမှထွက်ခွါလာခဲ့ကြသော အခါ နေလင်းသည် သလင်းဖြူအားငေးငေးရီရီနှင့် ကြည့်နေသည်ကို ထွဋ်ခေါင်တွေ့လိုက်ရ၍ သက်ပြင်းကို မသိမသာချလိုက်မိလေသည်။