ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Institute for Strategy and Policy- Myanmar

Institute for Strategy and Policy- Myanmar

前往频道在 Telegram

The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.

显示更多
4 399
订阅者
-224 小时
-147 天
-6330 天
帖子存档
photo content
09 11月, 05:33

အဲဒီအခက်အခဲတွေက လုပ်ငန်းခွင်အထိ ရိုက်ခတ်လာတယ်။ ကျွမ်းကျင်မှုထက် ဘွဲ့လက်မှတ်ကို ပိုအသိအမှတ်ပြုတဲ့ အယူအဆ လွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်မှာ ကျနော်တို့ သင်ယူခဲ့တဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ်၊ ကျနော်တို့ ကျွမ်းကျင်မှုကို အသုံးချနိုင်မယ့် အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ဆိုတာ ပိုမိုခက်ခဲလာတယ်။ ဒီပြဿနာဟာ ကြားကာလဘွဲ့တွေ မရခင် အစောပိုင်း အချိန်မှာကတည်းက CDM ကျောင်းသားတွေအနေနဲ့ ဘွဲ့မရရှိခြင်းရဲ့အကျိုးဆက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတခုလည်း ဖြစ်ပါတယ်။ ဒီလို ကျနော်တို့ တတ်မြောက်ထားတဲ့ပညာနဲ့ ကျွမ်းကျင်မှုကို သက်သေပြဖို့ ကြိုးစားရုံနဲ့ မလုံလောက်တော့ဘဲ ရရှိထားတဲ့ဘွဲ့ကိုပါ ရှင်းပြဖို့ သက်သေပြလာရတဲ့အခါ အမှန်တကယ် လုပ်ကိုင်ချင်တဲ့ နယ်ပယ်ကို ရရှိနိုင်ဖို့ထက် ရွေးချယ်စရာ နည်းပါးလွန်းလှတဲ့ အခွင့်အလမ်းတွေပေါ်သာ အားကိုးပြီး ဘဝကို ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြရတယ်။ အခု ၂၀၂၆ ခုနှစ် ကုန်ဆုံးပါတော့မယ်။ ဒီငါးနှစ်ကျော်ဆိုတဲ့ အချိန်က ပြက္ခဒိန်ပေါ်က ဂဏန်းတွေ ပြောင်းလဲသွားခဲ့ရုံသာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အသက်အရွယ်တွေလည်း ကြီးလာခဲ့ပါတယ်။ မိသားစုအပေါ် ထမ်းဆောင်ရမယ့် တာဝန်တွေ ပိုများလာခဲ့ပါတယ်။ CDM ကျောင်းသားတွေအတွက်တော့ ရှင်သန်ရပ်တည်ရေး (Survival) ဆိုတာ စကားလုံးသက်သက် မဟုတ်ဘဲ တနေ့ပြီးတနေ့ ဘဝကို ဘယ်လိုဆက်လက်ဖြတ်သန်းရမလဲဆိုတာ တွေးပူရင်း ရုန်းကန်နေရတဲ့ လက်တွေ့စိန်ခေါ်မှုတခုပဲ ဖြစ်လာခဲ့တယ်။ CDM လုပ်ဆောင်တာဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပေမဲ့ ဒီနိုင်ငံရေးလှုပ်ရှားမှုကို နှိုးဆော်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ CDM မှာ ပါဝင်ကြသူတွေရဲ့ အခက်အခဲတွေကို ဟန်ပြမဟုတ်ဘဲ ပြေလည်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ [ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column #CDM #ကျောင်းသားလူငယ် #နွေဦးတော်လှန်ရေး #ပညာရေး
09 11月, 05:32

CDM ကျောင်းသားများ၏ အနာဂတ်ရုန်းကန်ပွဲ __________________________ ■ ဟေမဏီ [ဟေမဏီသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသူတဦး ဖြစ်သည်] ၂၀၁၉ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတံခါးတွေ ပိတ်သွားခဲ့တယ်။ ကျောင်းသားတွေက ကျောင်းပြန်ဖွင့်မယ့်နေ့ကို မျှော်လင့်ရင်း စောင့်ခဲ့ကြပေမဲ့ တနှစ်ပြီးတနှစ် ကုန်ဆုံးသွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ စစ်အာဏာသိမ်းမှုက ကျနော်တို့ရဲ့ ပညာရေးလမ်းကြောင်းကို ဒုတိယအကြိမ် ဖြတ်တောက်ပစ်လိုက်ပြန်တယ်။ အဲဒီအချိန်မှာ ကျနော်တို့အများစုက ဘွဲ့ရဖို့ ခြေတလှမ်းလောက်သာ လိုတော့တဲ့ အခြေအနေမှာ ရှိခဲ့ကြတယ်။ ရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့ ကိုယ့်အနာဂတ်ကို ကိုယ်စီပုံဖော်ထားခဲ့ကြတဲ့ ကျနော်တို့ဟာ ရွေးချယ်မှုတခုကို မဖြစ်မနေ ရင်ဆိုင်ခဲ့ကြရတယ်။ ပုံမှန်အတိုင်း ကျောင်းဆက်တက်မလား၊ ကိုယ့်ယုံကြည်ချက်အတိုင်း ရပ်တည်မလား ဆိုတာပါပဲ။ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် ကျနော် အပါအဝင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအများအပြားဟာ Civil Disobedience Movement (CDM) ကို ရွေးချယ်ခဲ့ကြတယ်။ အခုအချိန်မှာတော့ တချို့သူတွေက စစ်အုပ်စုလက်အောက် ပညာရေးစနစ်ကို ပြန်လည်လျှောက်လှမ်းနေကြပြီး တချို့သူတွေကတော့ အခက်အခဲတွေကြားကနေ ကိုယ့်ရွေးချယ်မှုအတွက် ကြံ့ကြံ့ခံ ရပ်တည်နေကြပါသေးတယ်။ ပညာရေး၊ ဘွဲ့လက်မှတ်နဲ့ မျှော်မှန်းထားတဲ့ အနာဂတ်လမ်းကြောင်းတွေကို စွန့်လွှတ်ပြီး ကျနော်တို့ ယုံကြည်ချက်အတွက် ရပ်တည်ခဲ့ကြတာလည်း ငါးနှစ်ကျော်ခဲ့ပါပြီ။ အဲဒီရွေးချယ်မှုဟာ စာမေးပွဲတခုမှာ အဖြေမှန်တခုကို ရွေးချယ်ရသလို ရိုးရှင်းလွယ်ကူခဲ့တာတော့ မဟုတ်နေခဲ့ဘူး။ ကျနော်တို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပေးဆပ်ရနိုင်တဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေရဲ့နောက်ကွယ်မှာ ကျနော်တို့ရဲ့ ဘဝလမ်းကြောင်းတွေဟာလည်း တလမ်းတည်း မဟုတ်တော့ဘဲ ကွဲပြားသွားခဲ့ကြတယ်။ တချို့က လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးခဲ့ကြတယ်။ တချို့က အခက်အခဲတွေကို ကိုယ်စီထမ်းပြီး ပြည်တွင်းမှာ ဆက်လက်တောင့်ခံနေကြတယ်။ တချို့ အနည်းအကျဉ်းကတော့ နိုင်ငံခြားမှာ ပညာဆက်သင်ခွင့် ရခဲ့ကြတယ်။ ဒီလိုလမ်းကြောင်းတွေ ကွဲပြားသွားခဲ့ပေမဲ့ ကျနော်တို့ထဲက အများအပြားဟာ ပညာရေးကို လက်မလွှတ်ခဲ့ကြဘူး။ ကြားကာလပညာရေးအစီအစဉ်တွေ၊ အွန်လိုင်းသင်တန်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေနဲ့ အခြားရရှိနိုင်တဲ့ အခွင့်အလမ်းတွေကနေ ပညာ ရသလောက် ဆက်သင်ပြီး တော်လှန်ရေးမှာ နိုင်သလောက် ပါဝင်နေခဲ့ကြတယ်။ ဒါပေမဲ့ တချို့သူတွေအတွက်တော့ စားဝတ်နေရေးက ပညာရေးထက် အရင်ဖြေရှင်းရမယ့် ပြဿနာ ဖြစ်လာခဲ့တယ်။ အဲဒီအခါ ကြားကာလမှာ ရရှိတဲ့ ပညာရေးကိုပင် လုံးဝစွန့်ခွာလိုက်ရပြီး မိမိနိုင်ငံရဲ့ ပညာတတ်အသီးအပွင့်အဖြစ် ရပ်တည်နိုင်ရမယ့်အစား သူများနိုင်ငံမှာ လုပ်အားကိုရောင်းပြီး ရုန်းကန်ကြရတဲ့ ဘဝကို ရွေးချယ်ဖို့ ဖြစ်လာကြတယ်။ ဒီအခြေအနေတွေကြားမှာ ကျောင်းမပြီးသေးတဲ့ ကျောင်းသားတွေအတွက် ပညာရေးကို ပြန်လည် ဆက်စပ်နိုင်ပြီး ဘွဲ့ရရှိနိုင်မယ့်လမ်းကြောင်းတွေ ဖန်တီးပေးဖို့ ကြားကာလတက္ကသိုလ်တွေနဲ့ ပညာရေး အစီအစဉ်တချို့ ပေါ် ပေါက်လာခဲ့တယ်။ တချိန်က မှေးမှိန်နေခဲ့တဲ့ မျှော်လင့်ချက်တွေဟာ တဖန် ပြန်လည်လင်းလက်လာခဲ့တယ်။ နောက်ဆုံးမှာ ကျောင်းမပြီးသေးသူအချို့မှာ ဘွဲ့လက်မှတ်တခုကို ရရှိနိုင်ခဲ့ကြတယ်။ အဲဒီဘွဲ့လက်မှတ်ဟာ ပညာရေးခရီးတခုကို အခက်အခဲတွေကြားကနေ ပြီးဆုံးအောင် ကြိုးစားနိုင်ခဲ့ကြောင်း သက်သေပြရုံတင် မဟုတ်ဘူး။ ကျောင်းမတက်နိုင်ခဲ့တဲ့နှစ်တွေ၊ မရေရာခဲ့တဲ့ အနာဂတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ပြန်လည်အားပေးခဲ့ရတဲ့ နေ့ရက်တွေနဲ့ အရှုံးမပေးချင်တဲ့ စိတ်ဓာတ်တွေကိုပါ ကိုယ်စားပြုနေပါတယ်။ ဒါပေမဲ့ ဘွဲ့လက်မှတ် လက်ထဲရောက်လာတဲ့အခါ နောက်ထပ် တံခါးပေါက်တချပ်က ကျနော်တို့ကို ပိတ်ဆို့ထားပြန်တယ်။ လက်တွေ့မှာ နိုင်ငံတကာတက္ကသိုလ်အများစုနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံလို နိုင်ငံတွေရဲ့ ပညာရေးမူဝါဒတွေကြောင့် ကြားကာလဘွဲ့လက်မှတ်တွေကို တရားဝင် အသိအမှတ်ပြုဖို့ ငြင်းဆန်ခံရတာ၊ ဒါမှမဟုတ် အကန့်အသတ်အများကြီး ရှိတာကို ကြုံတွေ့နေကြရပါတယ်။ လုံးဝ လျှောက်လို့ မရနိုင်တဲ့ အနေအထား မဟုတ်ပေမဲ့ ကျနော်တို့ အမှန်တကယ် လျှောက်ချင်တဲ့ ကျောင်းတွေနဲ့ ရနိုင်တဲ့ ပညာရေးအစီအစဉ်တွေအကြား ကွာဟချက် ကြီးနေဆဲ ဖြစ်ပါတယ်။ ဘွဲ့တခု ရရှိဖို့ အချိန်တွေ ထပ်မံပေးဆပ်ခဲ့ရတယ်။ အဲဒီဘွဲ့ကို အသုံးချနိုင်ဖို့ နောက်ထပ်အခက်အခဲတွေ ထပ်ရှိလာပြန်တယ်။ ပိုမိုကျဉ်းမြောင်းလာနိုင်ခြေရှိတဲ့ မူဝါဒအောက်မှာ အချိန်တွေ အများကြီးပေးပြီး ကြိုးစားခဲ့တဲ့ ရလဒ်က အချည်းနှီးဖြစ်သွားမလားဆိုတဲ့ မေးခွန်းက အလိုလို ခေါင်းထဲ ရောက်လာခဲ့တယ်။
09 11月, 05:32

photo content
+9
29 10月, 06:58

တဖက်မှာလည်း လူငယ်ဘဝရဲ့ အစိတ်အပိုင်းတချို့ (အနည်းဆုံး နှစ်နှစ်)ကို မိမိဆန္ဒမပါဘဲ စစ်မှုထမ်းလိုက်ရတဲ့အခါ တဦးချင်းစီမှာ စတေးလိုက်ရတဲ့အဖိုးအခတွေ (opportunity cost) ရှိလာပါတယ်။ စစ်မှုထမ်းပြီးတဲ့လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်း ဦးစားပေးဖန်တီးပေးတယ်လို့ ဘယ် လောက်ဆိုဆို ဆုံးရှုံးလိုက်ရတဲ့ကာလတွေအတွက် ပြန်အစားထိုးဖို့ မလွယ်ပါဘူး။ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး အသက်ဆုံးရှုံးသွားရင်တော့ သာလို့ဆိုဖွယ်ရာ မရှိပါဘူး။ မဖြစ်မနေ စစ်မှု ထမ်းရတဲ့ အချို့သောကမ္ဘာ့နိုင်ငံတွေမှာလို တိုင်းပြည်ကာကွယ်ဖို့ စစ်မှုထမ်းရရင်တော့ ဒီစွန့်လွှတ်ရမှုအတွက် တန်ဖိုးဆိုတာ ရှိတန်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့မဟုတ်ဘဲ ကိုယ့်နိုင်ငံသားအချင်းချင်းသတ်ဖြတ်ဖို့ အတင်းအဓမ္မ စေခိုင်းခံရတာအတွက်ဆိုရင်တော့ စွန့်လွှတ်ရမှု ကြီးလွန်းပါတယ်။ စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သား ၁၂,၈၉၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ လုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း ပစ်ခတ်ဖြိုခွင်းတာနဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့ရတဲ့ ဖြစ် စဉ်တွေမှာလည်း အရပ်သား ၂,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ် [ISP ဒေတာအချက်အလက် အမှတ်-၆၅၊ ၂၀၂၆ (ISP-DM2026-065)ကိုရှုပါ]။ ဒါဟာ ထင်သာမြင်သာရှိတဲ့ ဆုံးရှုံးမှုတွေထဲက ကိန်းဂဏန်းတချို့သာဖြစ်ပြီး အခုထက်မကတဲ့ ဆုံးရှုံးမှုတွေ များစွာရှိနေပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေကလည်း မိသားစုတွေအပေါ် သက်ရောက်နေပြီး ကြီးမားပါတယ်။ နိုင်ငံတခုလုံးအနေနဲ့ ခြုံကြည့်ရင်လည်း အာဏာအထိုင်မပျက်ရေးအတွက် ကိစ္စရပ်တခုကို မဖြစ်မနေရွေးချယ်လိုက်တဲ့အခါ ကျန်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ ထုတ်လုပ်မှုတွေအတွက် စွန့်လွှတ်ရမှု (nation’s opportunity cost) ဆိုတာ မလွဲမသွေရှိလာပါတယ်။ ဒါက နိုင်ငံအတွက် မျိုးဆက်နဲ့ချီတဲ့ အနုတ်လက္ခဏာအရွေ့ကို ဦးတည်နေတာပါ။ ဒီအခြေအနေတွေကို ထိန်းကျောင်းဖို့ လွှတ်တော်တွေရဲ့အခန်းကဏ္ဍကို အခုထိ မမြင်ရသေးပါဘူး။ ပြည်သူလူထု သောကပွေနေရတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေက ထိန်းကျောင်းနိုင်စွမ်းနဲ့ ထိန်းကျောင်းလိုစိတ်ရော ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီမိုကရေစီပုံစံ အရပ်သားအစိုးရဖြစ်ချင်လို့ ရွေးကောက်ပွဲလုပ်၊ လွှတ်တော်တွေခေါ်ပြီး ဆွေးနွေးနေကြပေမဲ့ ပြည်သူလူထုရဲ့ အကျပ်အတည်းနဲ့ နိုင်ငံအတွက် မျိုးဆက်နဲ့ချီတဲ့ အနုတ်လက္ခဏာအရွေ့ကြီးကို ရပ်တန့်ဖို့ အပေါ်ယံဆွေးနွေးမှုကလေးကိုတောင် လွှတ်တော်က မလုပ်နိုင်ရင် ပြည်သူကတခြား၊ လွှတ်တော်ကတခြား ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရေရှည်မှာပြည်သူနဲ့ လွှတ်တော်ဟာ ပိုပြီး ကင်းကွာသွားနိုင်ခြေရှိပါတယ်။ ➥ PDF download ကို ဒီလင့် https://ispmyanmar.com/community/wp-content/uploads/2026/10/OnPoint_2026_07_MM.pdf မှာ ရယူနိုင်ပါတယ်။
29 10月, 06:58

တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ပြည်သူ့စစ်မှုထမ်းကိစ္စကို မေးမြန်းခဲ့ကြတာဟာ ပြည်သူ့လွှတ် တော်ထက် ပိုစောပါတယ်။ ပထမဆုံးမေးမြန်းခဲ့တာက ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပေါက်ခေါင်းမဲဆန္ဒနယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းက မေးမြန်းခဲ့တာပါ။ သူက ပြည်သူ့စစ်အဖွဲ့အစည်းတွေက ကျေးရွာတွေမှာ လူငယ်တဦးကို ငွေ နှစ်သောင်းကျပ်ကနေ သုံးသောင်းခွဲအထိ စစ်မှုထမ်းကြေးဆိုပြီး ငွေကောက်ခံနေတာတွေရှိနေသလို ပြည်မြို့ပေါ်ရပ်ကွက်တွေမှာဆိုရင် အကြောင်းမဲ့ဖမ်းပြီး ကျပ်သိန်း ၅၀ တောင်းခံတာ၊ ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးတာတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ကြပ်မတ်ပေးဖို့ မေးခဲ့တာပါ။ ဒီအမေးကို ပဲခူးတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ(နယ်လုံ)ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ပြန်ဖြေတဲ့အခါ ဥပဒေ၊ နည်းဥပဒေနဲ့အညီဆောင်ရွက်ကြောင်းပဲ ဆိုခဲ့ပါတယ်။ မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်လွှတ်တော်တွေမှာလည်း ဥပဒေမဲ့ဖမ်းဆီးတာ၊ ငွေတောင်းခံတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပေမဲ့ သက်ဆိုင်ရာဝန်ကြီးတွေက ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ပဲ ပြန်ဖြေခဲ့ကြပါတယ်။ မန္တလေးတိုင်းလွှတ်တော်အတွင်း ဆွေးနွေးမှုမှာ ထူးခြားချက်တချို့ ရှိခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေးနဲ့ သူ့ရဲ့မေးခွန်းကိုလာဖြေတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးတို့အကြား အချေအတင်သဘော ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းရှောင်ချင်လို့ ပြည်သူ့စစ်ထဲကိုဝင်ပြီး စစ်သားစုဆောင်းပေးနေတဲ့ကိစ္စတွေကို ဦးကိုကိုထွေးက နောက်ဆက်တွဲမေးခွန်းအနေနဲ့ ထောက်ပြပါတယ်။ နယ်လုံဝန်ကြီးက ဒါကို သက်သေနဲ့တကွတင်ပြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနီးကပ်ကွပ်ကဲနေတဲ့ တပ်မှူးတွေဆီ တိုင်ကြားပါလို့ ဖြေတဲ့အခါ ဖမ်းကတည်းက ဖုန်းနဲ့ ဆက်သွယ်ရေးကိရိယာအားလုံးကို သိမ်းသွားလို့ ဖမ်းသွားတာကိုတောင် ၁၀ ရက်လောက်ကြာမှသိရတဲ့အတွက် ချက်ချင်းတိုင်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ မြို့ပေါ်မှာဖမ်းပြီး နယ်တွေမှာသွားရောင်းတဲ့ လူကုန်ကူးမှုစျေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုတုံ့ပြန်တာကို လွှတ်တော်ဥက္ကဋ္ဌကကြားဝင်ပြီးတော့ ချက်ချင်းသိရင် ချက်ချင်းတိုင်ဖို့နဲ့ နောက်ကျမှသိရင် နောက်ကျမှတိုင်ဖို့ဆိုတဲ့သဘော ဝင်ပြောခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းအရေး မေးမြန်းမှုတွေကို လာဖြေကြတဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနဲ့ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးတို့ရဲ့ အဖြေတွေမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေဖို့နဲ့ နိုင်ငံတော်ကိုကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်ပြီး အကောင်အထည်ဖော်မှာဖြစ်တယ်ဆိုတဲ့ သဘောတွေပဲတွေ့ရပါတယ်။ ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူရဲ့အဖြေမှာဆိုရင် စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေကို သတင်းပို့ဖို့ ဆင့်ခေါ်ချိန်မှာ ရောက်မလာဘဲ ပျက်ကွက်သူတွေရဲ့အကြောင်းကို မြို့ဝင်/မြို့ထွက် လုံခြုံရေးဂိတ်တွေနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေဆီ ဖြန့်ဝေထားပြီး ဖမ်းဆီးစေတယ်လို့တောင် ပြောခဲ့ပါတယ်။ ■ ဖြစ်တန်ခြေ အကဲဖြတ်ချက် ရွေးကောက်ပွဲကာလအတွင်းမှာလည်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီအများစုက ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာ ရှားပါတယ်။ အခုလည်း လွှတ်တော်မှာ ဆွေးနွေးကြတာ အလွန်နည်းပါတယ်။ စစ်တပ်ကလည်း အင်အားပြန်တည်ဆောက်ဖို့ အရေးပါတဲ့ ပြည်သူ့ စစ်မှုထမ်းကိစ္စကို ရပ်တန့်လိုဟန်မရှိပါဘူး။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခမရှိတဲ့ မြို့ကြီးတွေနဲ့ ကျေးလက်ဒေသတွေမှာ စစ်သားသစ်စုဆောင်းတာကို နည်းပေါင်းစုံသုံးပြီး တိုးလုပ်မယ့် အခြေအနေဆီ ဦးတည်နေပါတယ်။ ISP-Myanmar က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ဝေခဲ့တဲ့ ကနဦးသုံးသပ်ချက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းရဲ့ နောက် ဆက်တွဲအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိလာတာဟာ အကြီးမားဆုံး သက်ရောက်မှု ဖြစ်နေပါတယ်။ အခုဆိုရင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေဟာ မြို့ကြီးပြကြီးမှာပါ ပေါ်ပေါ်ထင်ထင် ဖြစ်လာပါတယ်။ ဒါကိုအကြောင်းပြုပြီး အောက်ခြေကစလို့ အဆင့်ဆင့်မှာလည်း လာဘ်စားမှုတွေ လမ်းပွင့်သွားပါတယ်။ အဲဒီဒဏ်ကို လူ့အဖွဲ့အစည်းတရပ်လုံးက ခါးစည်းခံနေရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် အစုအပြုံလိုက် ထွက်ခွာနေကြတာကလည်း ထိန်းမနိုင် သိမ်းမရပါပဲ [ISP OnPoint အမှတ်-၂၀၊ ‘ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ၀ရုန်းသုန်းကားအခြေအနေနှင့် သက်ရောက်ဖြစ်တန်ခြေငါးရပ်’ကိုရှုပါ]။
29 10月, 06:58

ပြည်ထောင်စုလွှတ်တော်က နှုတ်ဆိတ်နေသော ပြည်သူ့စစ်မှုထမ်းဥပဒေ ______________________ ISP On Point 2026 OP2026-07 | October 29, 2026 ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်အစိုးရကို မေးခွန်းပေါင်း ၄၉၅ ခု ထက်မနည်း မေးခဲ့သည်။ ထိုအထဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော မေးခွန်း သုံးခု သာရှိခဲ့သည်။ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင်မူ တကြိမ်မျှ မေးမြန်းဆွေးနွေးခဲ့ခြင်း မရှိပေ။ ■ ဖြစ်ရပ်အချက်အလက် ၂၀၂၆ ခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေမှာ ပြည်သူ့စစ်မှုထမ်းကိစ္စအတွက် မေးခဲ့တာ သုံးခုပဲရှိပါတယ်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ ပြည်နယ်လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာတော့ မေးခွန်းတခုစီနဲ့ မေးမြန်းမှု ငါးခုပဲရှိခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာတော့ တကြိမ်မှ ဆွေးနွေးတာ မတွေ့ခဲ့ရပါဘူး။ ပြည်သူတွေ သောကပွေနေရတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စကို ဆွေးနွေးဖို့ နှုတ်ဆိတ်နေပါတယ် [ISP ဒေတာအချက်အလက် အမှတ်-၆၂ နှင့် ၆၃၊ ၂၀၂၆ (ISP-DM2026-062 & 063)ကိုရှုပါ]။ ■ ကနဦးသုံးသပ်ချက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ပြည်သူ့စစ်မှုထမ်းဥပဒေကိုသုံးပြီး တပ်သားသစ် စုဆောင်းလာခဲ့တာ အပတ်စဉ် ၂၉ အထိ ရောက်လာခဲ့ပါပြီ။ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ လေ့လာမှုတွေအရ မြန်မာစစ်တပ်ဟာ အပတ်စဉ်တခုမှာ တပ်သားသစ် ပျမ်းမျှ ၄,၇၀၀ ကျော် စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခု အပတ်စဉ် ၂၉ အထိဆိုရင် လူပေါင်း ၁၃၆,၃၀၀ ကျော်အထိ စုဆောင်းခံထားရနိုင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်က စစ်တက္ကသိုလ် (DSA) နဲ့ ဗိုလ်သင်တန်းကျောင်း (OTS) စတဲ့ နေရာတွေက ကျောင်းဆင်းတွေကိုဖယ်ပြီး တွက်ချက်တဲ့အခါ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်အလိုက် စုစုပေါင်း တပ်သားသစ်စုဆောင်းနိုင်မှုဟာ တနှစ် ပျမ်းမျှ ၇,၂၀၀ ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ တနှစ်ကို တပ်သားသစ် ၅၆,၄၀၀ ကျော်အထိ စုဆောင်းနိုင်ခဲ့တာကြောင့် ရှစ်ဆနီးပါးအထိ မြင့်တက်လာတယ်လို့ သုံးသပ်နိုင်ပါတယ်။ [ISP ဒေတာအချက်အလက် အမှတ်-၆၄၊ ၂၀၂၆ (ISP-DM2026-064)ကိုရှုပါ]။ အဲဒီအရေအတွက်ထဲမှာ DSA နဲ့ OTS ကျောင်းဆင်းတွေ မပါသေးပါဘူး။ တပ်သားသစ်စုဆောင်းနိုင်မှုအရေအတွက် မြင့်တက်ခဲ့တာကလည်း သတ်မှတ်အရေအတွက် ပြည့်မီအောင် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့်က အောက်ခြေမှာ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းတာ၊ တချို့မြို့ကြီးတွေမှာ အရပ်ဘက်ကားတွေနဲ့ မြို့ပတ်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ မြို့ပြလူကုန်ကူးမှုသဖွယ် လူဖမ်းဂိုဏ်းတွေကတဆင့် ဖမ်းပြီး စစ်မှုထမ်းဖို့ရောင်းစားတာ စတဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။ မှတ်ပုံတင်မရှိသူတွေကိုပါဖမ်းပြီး စစ်သင်တန်းရောက်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မှတ်ပုံတင်၊ မွေးစာရင်း လိုက်စစ်ရတာတွေရှိလာလို့ စစ်မှုထမ်းမခေါ်ခင်ကတည်းက စိစစ်ကြဖို့ တိုက်တွန်းရတဲ့အထိ အရုပ်ဆိုးအကျည်းတန် ဖြစ်ခဲ့ပါတယ်။ ဒီလို ပေါ်တာဆွဲမှုတွေကြောင့် နေ့စဉ်နဲ့အမျှ လူထုအကြား ကျီးလန့်စာစား ဖြစ်နေရပေမဲ့ ‘ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ’ လို့ ကြွေးကြော်ထားတဲ့ လွှတ်တော်တွေမှာတော့ ဒီအရေးကိစ္စဟာ ရှေ့တန်းရောက်မနေပါဘူး။ ပြည်သူ့လွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေး (၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ) မှာ ဦးမင်းအောင်လှိုင်အစိုးရကို မေးခွန်းပေါင်း ၄၉၅ ခုထက်မနည်းမေးခဲ့ပါတယ်။ အဲဒီအထဲမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့မေးခွန်း သုံးခုပဲပါခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ အစောဆုံးမေးခဲ့တဲ့သူက နာဂအမျိုးသားပါတီရဲ့ ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး ပေါ်တာဆွဲတာ၊ ဆက်ကြေးကောက်တာနဲ့ ဥပဒေပြင်ပဖမ်းဆီးမှုတွေကို ထိန်းကျောင်းဖို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ရဲ့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်လည်း မေးမြန်းခဲ့ပါတယ်။ သူ ဆွေးနွေးတဲ့အခါမှာတော့ အဆင့်အတန်း အယုတ်အလတ်မခွဲခြားဘဲ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ဘယ်သူမဆို စစ်မှုထမ်းဖို့ အကျုံးဝင်သင့်ကြောင်းနဲ့စစ်တပ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေနဲ့ သရုပ်ဆောင်တွေကိုပါ စစ်မှုထမ်းခေါ်သင့်ကြောင်း တိုက် တွန်းခဲ့ပါတယ်။ သူတို့ရဲ့မေးခွန်းတွေကိုကြည့်ရင် ပြည်သူအများစု ထိတ်လန့်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ခေတ္တဆိုင်းငံ့ဖို့ ဆိုတာထက် ဥပဒေ၊ နည်းဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ထိန်းကျောင်းပေးဖို့နဲ့ အယုတ်အလတ်အမြတ်မရွေး စစ်မှုထမ်းရေးကိုပဲ အလေးပေးခဲ့တာ တွေ့ရပါတယ်။
29 10月, 06:58

photo content
08 9月, 20:02

“You can't always get what you want You can't always get what you want You can't always get what you want But if you try sometimes, well, you might find You get what you need Ah, yeah Oh” မူရင်းသီချင်းကို ဒီမှာ ( https://youtu.be/yp1Ci_z7-KA?si=6vg2C_oDSb6EAiS9) နားထောင်ကြည့်ပါလို့ မျှဝေတိုက်တွန်းပါရစေ။ လိုချင်တာတွေ အမြဲမရနိုင်ဘူး။ တခါတလေ ကြိုးစားတွန်းကြည့်ရင် ကိုယ့်လိုအပ်ချက်ရတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ မာန်ကျစရာ၊ သံဝေဂဆင်ခြင်ခံစားကြည့်ချင်စရာအဖြစ် ဒီမွေးနေ့ကို ဖြတ်သန်းမိပါတယ်။ မင်းဇင် စက်တင်ဘာလ ၉၊ ၂၀၂၂ ➤ ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် - https://ispmyanmar.com/burmese/mzreflection/ #FreeMinZin #BringMinZinHome
08 9月, 20:02

အိုင်ဒီယာတွေဟာ အလုပ်လမ်းညွှန်တွေ ဖြစ်ကို ဖြစ်လာမှာပါ။ တခါလေ နိုင်ငံရေးအရ ပိတ်ဆို့နေတဲ့အချိန်မှာ လုပ်မိလုပ်ရာတွေ လုပ်နေတာမျိုးမဟုတ်ဘဲ လက်တလောလုပ်ရမယ့်ကိစ္စတွေ (အထူးသဖြင့် အရေးပေါ်လိုအပ်ချက်နဲ့ သွေးစည်း ညီညွတ်ရေး ဆောင်ရွက်ချက်တွေ emergency and solidarity supports) လည်း လုပ်သင့်လုပ်ထိုက်တာလုပ်၊ နိုင်ငံရေးအရ ရှောင်လွဲမရဖြစ်လာမယ့် အနာဂတ်အတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်နေတာကလည်း ISP-Myanmar မှာတော့ အတွေ့အကြုံ တခုပါပဲ။ တကယ်တော့ ဘဝနေရေးနဲ့ နိုင်ငံရေးမှာမှမဟုတ်ပါဘူး။ ဘယ်သူမှ သေမင်းနဲ့ အချိန်းအချက် ရှိကြတာ မဟုတ်လေတော့ သေရေးအတွက်လည်း ပြင်ဆင်ဖို့လိုအပ်တာပါပဲ။ သေရေးအတွက် မပြင်နိုင်ဘူး၊ မအားသေးဘူးလို့ ဆင်ခြေပေးနေရင်းနဲ့ပဲ သေသွားကြတာမို့ ‘အားလို့သေတဲ့ မသာမရှိဘူး’ ဆိုတဲ့ အဆုံး အမဟာ တကယ့်အမှန်တရားပါပဲ။ ပြင်ဆင်ကြပြီဆိုတော့လည်း ငါ့ပြင်ဆင်မှုက ပြီးပြည့်စုံတယ် (perfection) ဆိုပြီး မာန်ကြီးလို့လည်း မရပြန်ပါဘူး။ ငါလည်း အဆင့်ဆင့်တိုးတက်အောင် (progress) သာ ပြင်ဆင်နိုင်တယ်ဆိုတာ နှလုံးသွင်း ရပါတယ်။ ဘဝအရပြောရင် ပါရမီအလျောက်ဖြစ်ပြီး၊ နိုင်ငံရေးအရပြောရင် လူ့သဘာဝနဲ့ လူ့သမိုင်း ပေးထားချက် အလျောက်သာပါပဲ။ မဟုတ်ရင် ငါ့ပြီးပြည့်စုံမှုက ပိုသာတယ်။ ပိုမှန်တယ်ဆိုတဲ့ မာန်မာနနဲ့ ဒိဌိဇော ကပ်တော့မှာပါ။ လောကမှာ တကယ့်ရင်ကွဲစရာအဖြစ်ဆိုး (tragedy) ဆိုတာ အဓမ္မက ဓမ္မကို အနိုင်ယူသွားလို့ ဖြစ်ရတာမဟုတ်ဘူး၊ ကိုယ်စီကိုယ်ဌ ငါဟာ ဓမ္မဘက်သားဖြစ်တယ်၊ ငါသာမှန်တယ်လို့ ထင်တလုံးရှိသူတွေအချင်းချင်းထိပ်တိုက်တွေ့၊ ငါကပိုမှန်တယ် သူကပိုမှန်တယ် အားပြိုင် တိုက်ခိုက်ကြ၊ တဖက်က တဖက်ကို အနိုင်ယူကြလို့ လူတွေမှာဆင်းရဲပင်လယ်ဝေရတာ၊ ကံဆိုးမိုးမှောင်ကျရတာကသာ တကယ့်ရင်ကွဲစရာအဖြစ်ဆိုး tragedy ပါပဲတဲ့။ Edith Hamilton ခုလိုပြောတဲ့ ‘... real tragedy is not the triumph of evil over good but the suffering caused by the triumph of one good over another’ ကို Robert Kaplan မကြာခဏကိုးကားဖူးပါတယ်။ အနာဂတ်အတွက် ပြင်ဆင်ရာမှာ ငါလည်း မှားနိုင် တယ်ဆိုတဲ့ Fallibilism ကို နှလုံးသွင်းရပါတယ်။ ပြင်ဆင်မှုကို ပြီးပြည့်စုံစေရမယ် (perfection) ဆိုပြီး မာန်တခွဲသားနဲ့ ပြင်ဆင်တာထက် အဆင့်ဆင့် တိုးတက်အောင် (progress) ပြင်ဆင်နေတာသာဖြစ်တယ်ဆိုတဲ့ သဘောထားအပြင်၊ ပြင်ဆင်တိုင်းလည်း အမြဲဖြစ်မလာနိုင်ဘူးဆိုတဲ့ နှလုံးသွင်းကလည်း လိုအပ်လှပါတယ်။ မပြင်ဆင်ဘဲ ဖြတ်သန်းတာထက် ပြင်ဆင်တာက ပိုသာလွန်တယ်ဆိုတာ ငြင်းစရာမရှိသလို ပြင်ဆင်တိုင်း ဖြစ်တာ၊ ပေါက်မြောက်အောင်မြင်တာ မဟုတ်ဘူး၊ ဒါကြောင့် ကံကြမ္မာရဲ့ အကျိုးပေးပုံကို အသိမှတ်ပြုလက်ခံဖို့လည်း လိုအပ်လှပါတယ်။ ကံကြမ္မာလို့ပြောရင် လောကဓာတ်အောင်မြင်မှုတွေကို ဘာသာတရားသဖွယ် ကိုးကွယ်တဲ့လူတွေနဲ့၊ “မဖြစ်နိုင်ဘူးဆိုတာမရှိဘူး မဖြစ်သေးတာပဲရှိတယ်” လို့ အားတက်သရော ယုံကြည် ထက်သန်ပြင်းပြ သူတချို့ကတော့ နှာခေါင်းရှုံ့ကောင်းရှုံ့ကြမှာပါ။ ဒီခေတ်မှာ ကံကြမ္မာဆိုရင် မြင့်ချည်နိမ့်ချည် ရဟတ်ခြား ကံတွေအကျိုးပေးပုံမျိုးထက် စနစ်မကောင်းလို့၊ စနစ်ပျက်ယွင်းလို့ ဖြစ်ရတာလို့ ရှုမြင်လေ့ရှိသူများပါတယ်။ အငတ်ဘေး၊ ရောဂါဘေး၊ စစ်ဘေးကနေ အိုနာသေဘေးအထိ ဟာ စနစ်ပျက်ယွင်းလို့သာ ဖြစ်ရတာ၊ နင်းကျိုးနင်းကျွံ အာမခံချက်မရှိတဲ့စနစ်ဆိုး ဂယ်ပေါက်ထဲက ပြုတ်ကျလို့ တွေ့ကြုံကြရတာလို့ မြင်သူတွေများပါတယ်။ စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရင် ကောင်းသွားမယ်လို့ ဆေးနည်းကားလည်း ပေးကြပါတယ်။ ကျနော့်တဦးတည်းအနေနဲ့ကတော့ ဘဝအရေး၊ နိုင်ငံအရေး၊ သေရေးအဆုံး အသင့်ဖြစ်အောင်ပြင်ဆင်ရမယ်၊ သို့ပေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံအောင်လုပ်နိုင်တယ်၊ ဒါ့အပြင် ပြင်ဆင်ထားတဲ့အတိုင်း အမြဲဖြစ်ရမယ်လို့ ရလဒ်ကို အတ္တနဲ့ မသိမ်းပိုက်မိဖို့လည်း ကိုယ့်ကိုယ်ကိုယ်အမြဲ သတိပေး ရပါတယ်။ အသက်နည်းနည်းရလာလေ ဖြစ်ချင်လိုချင်တာ (want) နဲ့ လိုအပ်တာ (need) အကြား ခြားနားမှုကို ပိုနားလည်လာပြီး မျှော်လင့်ချက် (expectation) ကို ထိန်းညှိချင့်ချိန်ဖို့ ပိုကြိုးစားရပါတယ်။ ကံကြမ္မာကို ထည့်သွင်းစဉ်းစားလက်ခံဖို့အတွက် ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ “အနိစ္စာ ဝတ သင်္ခါရာ” နဲ့ နိဂုံးချုပ်တဲ့ “နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ” ကို (ပြန်လည်) ဖတ်ရှုဖို့၊ မြင့်ရာက နိမ့်ရာ လောကဓံအဆိုးဆုံးကို သေဒဏ်ကွပ်မျက်ခံရခြင်းနဲ့ နိဂုံးကြုံခဲ့ရသူ stoic ဒဿနရှင်တဦးဖြစ်တဲ့ Boethius ရဲ့ “Consolation of Philosophy” ကို (ပြန်လည်) ဖတ်ရှုဖို့ အချိန်မပေးနိုင်သေးဘူးဆိုရင်တောင် သီချင်းလေးတပုဒ်ကို နားထောင်ကြည့်ပါလို့ မျှဝေပါရစေ။ ဒီနှစ်ပိုင်းတွေအတွင်း ခဏတိုင်း ကျနော် နားထောင်ဖြစ်တဲ့ သီချင်းတွေထဲကတပုဒ်ပါ။ The Rolling Stones ရဲ့ You Can't Always Get What You Want ဆိုတဲ့သီချင်းပါ။ ၁၉၆၀ ခုနှစ်ကာလတွေက အဓိက အရေးအရာတွေအဖြစ် စွဲမက်ခဲ့ကြတဲ့ အချစ်၊ နိုင်ငံရေးနဲ့ မူးယစ်ဆေးကိစ္စတွေကို တေးစာသားပိုဒ်တွေအဖြစ် အဓိကရေးစပ်သီဆိုထားတာပါ။ သံပြိုင် အပိုဒ်မှာတော့ အခုလိုဆိုပါတယ်။
08 9月, 20:02

မွေးနေ့ရှင်မရှိသော မွေးနေ့ ______ စက်တင်ဘာ ၉ ရက်ဟာ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို ပူးတွဲ တည်ထောင်ခဲ့သူနဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုနေ့ရက်မျိုးမှာ ဦးမင်းဇင်ကို ချစ်ခင်လေးစားကြသူတွေရဲ့ မွေးနေ့ဆုတောင်းသံတွေ၊ နွေးထွေးတဲ့မေတ္တာရိပ်တွေနဲ့အတူ ထုံမွမ်းနေမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမဟုတ်ဘဲ သူ့ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေးကွာလွန်းတဲ့နေရာကို ရောက်ရှိနေရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃ ရက်တုန်းက တရုတ်နိုင်ငံကူမင်းမြို့မှာ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲလာတက်ဖို့ ဖိတ်ကြားခံရလို့ သွားတဲ့အချိန်မှာ တရုတ် အစိုးရအာဏာပိုင်တွေက ဦးမင်းဇင်ကို မတရားဖမ်းဆီးခဲ့ (wrongfully detained) ပါတယ်။ သူ့ရဲ့ မွေးနေ့ရောက်တိုင်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း လေးနက်တဲ့ အတွေးအမြင်တွေပါဝင်တဲ့ အမှတ်တရစာတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဦးမင်းဇင်က ရေးသားမျှဝေလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ အတွေးအမြင်သစ်တွေကို ဖတ်ရှုခွင့်မရတော့ပါဘူး။ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတာနဲ့အတူ မမြင်ရတဲ့ အမှောင်ထုထဲမှာ မွေးနေ့ကို တိတ်ဆိတ်စွာ ဖြတ်သန်းနေရခြင်းက သူ့ကို ချစ်ခင်လေးစားရသူ အားလုံးအတွက်တော့ ရင်နင့်စရာ ဝမ်းနည်းဖွယ်ရာပါပဲ။ ဒီလို ‘မွေးနေ့ရှင်မရှိတဲ့ မွေးနေ့’ မှာ ISP-Myanmarအနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက်က ဦးမင်းဇင်ရေးသားခဲ့တဲ့ “မွေးနေ့အတွေး” အတွေးအမြင်စာစုကို ပြန်လည်မျှဝေလိုပါတယ်။ ဒီလိုမျှဝေရင်း သူ့ရဲ့ အသိဉာဏ်ပညာဆိုင်ရာ လမ်းပြပေးခဲ့မှုတွေကိုလည်း သတိတရ ဂုဏ်ပြုလိုက်ရပါတယ်။ တရုတ် အစိုးရအာဏာပိုင်တွေအနေနဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ကိုလည်း လေးလေး နက်နက် ထပ်မံတောင်းဆိုပါတယ်။ မကြာမီ အချိန်အတွင်း သူ့ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်လိမ့်မယ်လို့ ISP-Myanmar က မျှော်လင့်ပါတယ်။ ______ မွေးနေ့အတွေး ■ မင်းဇင် စက်တင်ဘာလ ၉၊ ၂၀၂၂ “I didn’t survive, I prepared.” (Nelson Mandela) Mandela ကို Tony Robbins က ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်ကာလတွေအရှည်အကြာကြီးမှာ ဘယ်လိုများ သေကံမပျောက် ရှင်သန်ကျန်ရစ်အောင် နေထိုင်ခဲ့သလဲလို့ မေးတဲ့အခါ Mandela က Tony ကို စူးစိုက်ကြည့်ပြီး ခုလိုပြောခဲ့တာပါ။ “ကျုပ်က ရှင်သန်ကျန်ရစ်ရုံ ရုန်းကန်ခဲ့တာမဟုတ်ဘူး။ အသင့်ဖြစ်နေ အောင် ပြင်ဆင်နေခဲ့တာဗျ။” ကျနော်ဟာ ကင်မရာတွေအောက်မှာရော၊ အလွတ်သဘောရော Madiba လို့ အမြတ်အမွန်ခေါ်ရတဲ့ Mandela နဲ့ တနာရီကျော်ကြာ ဘဝမှာဂုဏ်ယူစရာအတွေ့အကြုံအဖြစ် စကား ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် သူ့ရဲ့ထောင်တွင်းအတွေ့အကြုံနဲ့ စစ်အစိုးရ ဖမ်းဆီးမှုက လွတ်အောင် မြန်မာပြည်တွင်းမှာ ကျနော် ရှစ်နှစ်ခွဲကြာ တိမ်းရှောင်ပြေးလွှားခဲ့ရတဲ့ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ် ဖလှယ် ပြောကြတဲ့အခါ စိတ်အချဉ်မပေါက်ဘဲ အသင့်ဖြစ်အောင်ပြင်ဆင်ခြင်းနဲ့ အားထုတ်မှုနဲ့ ယှဉ်တဲ့ အနှစ်သာရ ကျကျနက်နဲတဲ့ ပြောင်းလဲခြင်း (transformation) အကြောင်းတွေဟာ အဓိက ဖြစ်ခဲ့ပါတယ်။ “I didn’t survive, I prepared.” ဆိုတဲ့ Mandela ရဲ့ စကားဟာ ပြေးလွှားတိမ်းရှောင်ခဲ့ရတဲ့ ကျနော့် ဘဝအတွေ့ အကြုံနဲ့ တိုက်ရိုက်အပ်စပ်လှပါတယ်။ နောက်ပိုင်း ISP-Myanmar ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲပြီး တည်ထောင်တော့လည်း ရှင်သန်ရုံ မစဉ်းစားဘဲ ပြင်ဆင်မှုရှိရှိ ဆောင်ရွက်ခဲ့တာချည်းပါပဲ။ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်ပေမယ့် ပါတီ အဖွဲ့အစည်းတွေရဲ့ “ဘက်” ရပ်ခံ (partisan) ထောက်တည်ထားတာမဟုတ်ဘဲ လွတ်လပ်အမှီအခိုကင်းတဲ့ think-tank အဖွဲ့အစည်းမျိုးကို တည်ဆောက်ဖို့ပဲ စိတ်သန်ခဲ့တာပါ။ ဒါကြောင့်ပဲ ဘက်ပေါင်းစုံက (အချိန် အခါအလိုက် သူတို့ဘဝင်မကျစရာ ကြုံကြတိုင်း) မုန်တိုင်းဆင်သလို တိုက်ခိုက်မျိုးတွေ ကြုံရတာပါပဲ။ တကယ်တော့ ရှုပ်ထွေးပွေလီတဲ့နိုင်ငံရေးမှာ ရှေ့ကိုမြင်နိုင်စွမ်း (visibility) ဝေဝါးနေတာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ရလဒ်ထွက်အောင် ရှေးရှုနှင်ရတာပါပဲ။ Milton Friedman ပြောခဲ့သလိုပါပဲ။ ဆီလျော်အောင်ပြောရရင် အကျပ်အတည်းက တကယ့်အပြောင်းအလဲကို ဖန်တီးတယ်။ အကျပ်အတည်းဖြစ်လာလို့ အပြောင်းအလဲအတွက် လုပ်ဆောင်ချက်တွေ လုပ်ရပြီဆိုရင် အဲ့ဒီအချိန်မှာမှ စွဲမိစွဲရာ ရှိရင်းစွဲ အယူအဆအတွေးအခေါ်တွေပေါ် မှီတည်ပြီး လုပ်ကြရတာပါ။ ဒါကြောင့် သုတေသီတွေရဲ့ အဓိကလုပ်ငန်းဟာ လက်ရှိအခြေအနေတွေ၊ မူတွေ၊ ပေါ်လစီတွေနဲ့ မတူခြားနားတဲ့ ရွေးချယ်စရာအသစ်တွေ alternatives တွေကို ဖော်ထုတ်ဖွံ့ဖြိုးစေရမယ်၊ ရှင်သန်နေအောင် အသက်သွင်း ထားရမယ်၊ လိုအပ်တဲ့အချိန်မှာ ကောက်သုံးနိုင်တဲ့ အသင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်။ လက်ရှိ အခြေ အနေမှာ နိုင်ငံရေးအရ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေဟာ တချိန်ကျရင် နိုင်ငံရေးအရ ရှောင်လွဲလို့မရတဲ့ လိုအပ်ချက်တွေဖြစ်လာမှာပါ (the politically impossible becomes the politically inevitable)။ အဲ့ဒီ အခါကျရင် အသင့်ပြင်ထားတဲ့ ရွေးချယ်စရာအသစ်တွေ၊
08 9月, 20:02

photo content
30 6月, 06:41

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
30 6月, 06:41

ပြည်သူ မကြည်ဖြူသော အခွန်ဖြစ်နေပါလျှင်... ______ ■ ရိပ်ဝေ [ရိပ်ဝေသည် တော်လှန်ရေးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အသိပညာမျှဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။] လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေအများစုရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ Starlink ဝိုင်ဖိုင်စက်တွေကို အခွန်ကောက်ဖို့ မြို့နယ် ပအဖ တွေက လုပ်ဆောင်နေပါတယ်။ ကနီမြို့နယ်မှာတော့ စတင်အကောင် အထည် ဖော်နေပြီဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ လူထုကြားထဲမှာလည်း ဝေဖန်သံတွေ ကျယ်ကျယ်လောင် လောင် ထွက်ပေါ်နေပါတယ်။ တကယ်တော့ Starlink ဆိုတာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ တော်လှန်ရေး နယ်မြေတွေက ပြည်သူတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ တခုတည်းသော အားကိုးရာပါ။ ဒီဆိုင်တွေကို ဖွင့်လှစ်ထားတဲ့ ဆိုင်ရှင်တွေကလည်း ကိုယ်ပိုင်အရင်းအနှီးနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ဖွင့်လှစ်ထားရတာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဆိုတဲ့နေရာမှာ Starlink ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ နယ်ကျော်ကြေးဆောင်ရတာ၊ အကောင့်တွေ ပျက်ကုန်တာ၊ ID verification နဲ့ Location verification တွေကြောင့် ဒုက္ခရောက်ရတာ စတဲ့ အခက်အခဲမျိုးစုံ ရှိနေတာပါ။ ဒါ့အပြင် Starlink စက်တွေကို တနေကုန် မီးအားပေးဖို့အတွက် သုံးရတဲ့ Solar Inverter တွေ၊ Battery တွေနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း မသေးလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ "အခွန်" ဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်လိုအဓိပ္ပာယ်ကို ဆောင်သလဲဆိုတာ ကျွန်တော်တို့ သေချာစဉ်းစားဖို့ လိုလာပါတယ်။ နိုင်ငံရေး သဘောတရားအရတော့ အခွန်ဆိုတာ အလကားပေးလိုက်ရတဲ့ ငွေကြေးမဟုတ်ပါဘူး။ ပြည်သူက အခွန်ပေးဆောင်တဲ့အတွက် အစိုးရ (သို့မဟုတ်) အုပ်ချုပ်သူအဖွဲ့အစည်းက ပြန်လည်ဖြည့် ဆည်းပေးရမယ့် တာဝန်တွေ ရှိပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု (လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး)၊ လူမှုဖူလုံရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်စတာတွေကို အစိုးရက အပြန်အလှန်အနေနဲ့ တာဝန်ယူပေးရတာ ဖြစ်ပါတယ်။ နောက်တခုက အခွန်ဆိုတာ လူမှုအသိုင်းအဝိုင်းအတွင်း မညီမျှမှုတွေကို လျှော့ချပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဝင်ငွေများ သူတွေဆီက အခွန်ပိုကောက်ပြီး ဝင်ငွေနည်းသူတွေကို အများပြည်သူဝန်ဆောင်မှုတွေကနေတဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုစီးပွား တည်ငြိမ်မှုကို တည်ဆောက်ရတာပါ။ ပုံမှန်အခြေအနေမှာ ဥပမာပေးရရင် အခွန်ဆောင်ထားတဲ့အတွက် ပြည်သူတွေက အစိုးရပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ပြသခွင့်ရမယ်၊ သားသမီးတွေ ကျောင်းအခမဲ့တက်ခွင့်ရမယ်။ အဲ့ဒါအပြင် လျှပ်စစ်မီး၊ ရေ၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အအုံတွေကို အစိုးရက ဖန်တီးပေးထားရတာ ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာလည်း လမ်းပိုင်းတွေမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်တာမျိုးတွေ ရှိပါတယ်။ အရင်တုန်းကတော့ ဂိတ်တွေ မှိုလိုပေါက်နေလို့ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ သေချာကြပ်မတ်လိုက်တဲ့အတွက် လမ်းခရီးသွားလာရတာ အဆင်ပြေသွားပါတယ်။ လမ်းပိုင်းတွေမှာ အခွန်ကောက်တယ်ဆိုတာကလည်း အဲဒီလမ်းမှာ သွားလာနေကြတဲ့ အများပြည်သူကို (လေကြောင်းရန်ကလွဲရင်) မြေပြင်လုံခြုံရေး အာမခံချက် ပေးထားနိုင်လို့ပါ။ လမ်းတွေ၊ တံတားတွေကို ပျက်စီးရင် ပြန်ပြင်ပေးတယ်၊ မိုင်းရှင်းပေးတယ် စတဲ့ လူထုကို စောင့်ရှောက်မှု တစုံတရာ လုပ်ပေးထားလို့ ပြည်သူကလည်း လက်ခံပေးကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာရှိလာတာက "Starlink ဆိုင်တွေအတွက်ကျကော အာဏာပိုင်တွေက ဘာတွေ ပြန်လုပ်ပေးမှာလဲ" ဆိုတာပါပဲ။ လက်ရှိကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေလိုအပ်ချက်ရှိတာ မှန်သလို၊ ပြည်သူတွေမှာလည်း စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးနဲ့ လူမှုဖူလုံရေးအခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေပဲ ရုန်းကန်ပြီး ဖြစ်သလို လုပ်ကိုင်စားသောက်နေကြရတဲ့ အချိန်ဖြစ်ပါတယ်။ ရှေ့ကာလမှာလည်း ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပြည်သူလူထုရဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုအချိန်မှာ (ဝိုင်ဖိုင်ဆိုင်တွေတင်မဟုတ်ဘဲ) ဘယ်ကဏ္ဍကနေမဆို အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ငွေတွေကို အခွန်ဆောင်ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံ ပြန်လည်သုံးစွဲမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ အခွန်ဆောင်ရမယ့် ပြည်သူတွေကလည်း ကြည်ဖြူမှာဖြစ်ပြီး ပြည်သူကြည်ဖြူမှလည်း တော်လှန်ရေးခရီးက ရေရှည်ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ စာကြွင်း။ ။ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့မဟုတ်ဘဲ ပြည်သူကို လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ CSO, NGO အဖွဲ့အစည်းတွေက ရန်ပုံငွေအတွက် ဖွင့်ထားတဲ့ ဆိုင်တွေကိုပါ အခွန်ကောက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ သို့သော် တကယ်လို့သာ အဲ့ဒီလို ကောက်ခံမယ်ဆိုရင် ငွေကြေးအခက်အခဲကြောင့် ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေ ရှေ့ဆက်မလည်ပတ်နိုင်တော့တဲ့အခါ ပထမဆုံး အခက်အခဲတွေ့မှာက မြေပြင်က ပြည်သူလူထု ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက် ထောက်ပြချင်ပါတယ်။
30 6月, 06:41

photo content
+9
29 6月, 07:57

ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနဲ့ တရုတ်ခရီးစဉ်တွေအပြီး ရှေ့ဆက်ဖြစ်တန်ခြေနဲ့ သက်ရောက်မှုများစွာ ရှိနိုင်တဲ့အထဲ အကြောင်းအချက်သုံးခုကို ထုတ်နုတ်ပါမယ်။ ပထမတခုက အိန္ဒိယနိုင်ငံနဲ့ ဦးမင်းအောင် လှိုင်အစိုးရအကြား ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာနိုင်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါသေးတယ်။ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးကားလမ်းမကြီးနဲ့ ကုလားတန်ဘက်စုံစီမံကိန်းဖြတ်သန်းရာ ဒေသအများစုကို အာရက္ခတပ်တော် (AA) နဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ ရိခေါ်ဒါရ်ကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတုန်းပါပဲ။ ကချင်ပြည်နယ်အတွင်း မြေရှားထွက်တဲ့ဒေသတွေကိုလည်း KIA က ထိန်းထားပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရေရှည်မဟာဗျူဟာအောင်မြင်နိုင်ရေးဟာ ဦးမင်းအောင်လှိုင်အစိုးရတခုတည်းအပေါ် မူတည်မနေဘဲ မြေပြင်မှာထိန်းချုပ်ထားဆဲဖြစ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ပါ သက်ဆိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီတပ်တွေနဲ့ပါ အလွတ်သဘော ထိတွေ့ဆက်ဆံမှု ပိုများလာနိုင်ခြေလည်းရှိပါတယ်။ ဒုတိယတချက်က တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကြားဝင်မှုနဲ့ ကုန်သွယ်ရေးအလားအလာ ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံသဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာတွေဟာ လက် တွေ့အကောင်အထည်ဖော်ဖို့ လွယ်ကူတာမို့ ပြဿနာမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ (၁) ပဋိပက္ခအရှိန်လျှော့ချရေး၊ (၂) ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေးနဲ့ (၃) ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးစားရေးဆိုတဲ့ သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်ကို တွန်းနေတယ်လို့ ISP-Myanmar က အကဲဖြတ်ထားပါတယ်။ အဲဒီ သုံးပွင့်တခိုင်လမ်းစဉ်ထဲက တတိယအဆင့်ကြိုးပမ်းချက်တွေကို ပိုပြီးမြင်လာရနိုင်ပါတယ်။ အခု ဇွန်လအတွင်းမှာပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ရှမ်းပြည်နယ်ကိုသွားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နဲ့ တွေ့ဆုံတာ၊ နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့ တွေ့ဆုံကြတာတွေကိုကြည့်ရင် ရှမ်းပြည်အရှေ့ပိုင်းနဲ့မြောက်ပိုင်း တည်ငြိမ်ရေးဟာ ပိုပြီး အရှိန်ရလာနိုင်ပါတယ်။ တဆက်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပြီး ကုန်စည်စီးဆင်းတာတွေ ပိုဖြစ်လာနိုင်ပါတယ်။ မြန်မာ-တရုတ် ကုန်သွယ်စီးပွားကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ MCITP ရဲ့ အခန်းကဏ္ဍက ရှေ့တန်းပိုရောက်လာဖို့ ရှိပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်တာက တတိယအချက်ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်နှစ်ခုစလုံးမှာ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် လုံခြုံရေးအာမခံချက် ပေးခဲ့တယ်။ ဒါ့အပြင် မြစ်ဆုံဆည်ပြန်စဖို့ကိုလည်း ကာလတခုသတ်မှတ်ပြီး ကြိုးပမ်းလာပါတယ်။ ဒါတွေ ပေါက်မြောက်အောင်မြင်ဖို့ဆိုရင် စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေနဲ့ သယံဇာတထွက်ရှိရာ လမ်းကြောင်းတွေကို အပြည့်အ၀ထိန်းချုပ်ထားနိုင်မှပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ မြောက်ဘက်၊ အနောက်ဘက်နဲ့ အလယ်ပိုင်းစစ်မျက်နှာစာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်ပါတယ်။ PDF ကို ဒီလင့်မှာ ရယူနိုင်ပါတယ် https://ispmyanmar.com/community/wp-content/uploads/2026/06/OnPoint2026_05_Burmese.pdf
29 6月, 07:56

တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေးရထားလမ်းအပါအဝင် CMEC စီမံ ကိန်းတွေကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်ချင်ပါတယ်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုနဲ့နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကလည်း အရေးပါပါတယ်။ တခါ မြစ်ဆုံဆည်စီမံကိန်းပြန်စနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါဟာ တရုတ်ရဲ့လိုလားချက်ကို ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံမြောက်ပိုင်းစစ်မျက်နှာစာက KIA ကို ဖိအားပေးရာမှာ အသုံးဝင်မယ့် အပေးအယူတခု (bargaining chip) ဖြစ်လာနိုင်တယ်လို့ ဇွန် ၂၀ ရက်ထုတ် The Economist မဂ္ဂဇင်းမှာ သုံးသပ်ထားပါတယ်။ လက်ငင်းရင်ဆိုင်နေရတဲ့ နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ခရီးစဉ်နှစ်ခုစလုံးမှာ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ ခရိုနီ လုပ်ငန်းရှင်အဟောင်းတွေရော ခရိုနီလက် သစ်တွေကိုပါ ပွဲထုတ်ခဲ့ပြီး ရှေ့တန်းမှာနေရာပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဆီကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်မှာဆို ‘မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း’ (MCITP) က စီစဉ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai ကို ခမ်းခမ်းနားနား လုပ်ခဲ့ပါတယ်။ အိန္ဒိယကိုသွားတုန်းကလည်း ‘မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ’နဲ့ ‘မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ’ (Myanmar-India Business Dialogue) စတာတွေလုပ်ခဲ့ပေမဲ့ တရုတ်မှာ လုပ်သလောက် မကြီးမားခဲ့ပါဘူး။ အချက်အလက်တွေကို ကြည့်ရင်လည်း ၂၀၂၆ ခုနှစ် ပထမလေးလမှာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဝင်နှေးနေတုန်းပါပဲ။ တတိယတခုဖြစ်တဲ့ သံတမန်ရေးနဲ့ ဩဇာလွှမ်းမိုးမှုမှာလည်း ကွဲပြားချက်တွေရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံ အထီးကျန်ဆန်နေတာကို လက်တွေ့ကျကျ ပယ်ချလိုက်ခြင်း (pragmatic rejection of isolationism) ပဲလို့ EIU က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာစစ်တပ်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံရေးအရထောက်ခံမှု (political endorsement) ပေးလိုက်တာလို့ ဆိုပါတယ်။ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစနစ် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ ဒီလိုပြောခဲ့တာမျိုး မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းကလို အကြီးစား စီမံကိန်းကြီးတွေ ဖော်ဆောင်ဖို့ လက်မှတ်ထိုးတာမျိုးတော့ တရုတ်နိုင်ငံကမလုပ်ခဲ့ပါဘူး။ ဒါဟာ အရင်က လက်မှတ် ထိုးထားတဲ့ သဘောတူညီချက်တွေ အတည်ဖြစ်နေသေးတယ်၊ ထပ်ပြီးထိုးဖို့ မလိုသေးဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်နိုင်ငံလက်မှတ်ထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုထဲမှာ မီဒီယာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ ငလျင်ပြန်လည်ထူထောင်ရေးတို့လို လက်တွေ့ဖော်ဆောင်ဖို့ လွယ်ကူတဲ့ အကြောင်းအရာတွေ များခဲ့ပါတယ်။ ဆွဲဆောင်မှုကိုအသုံးပြုတဲ့ ဩဇာအာဏာ (soft power) ကဏ္ဍတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။ တရုတ်နိုင်ငံ ဦး ဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) နဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (GGI) တွေမှာ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပြောခဲ့တာတွေဟာ သတိပြုစရာပါပဲ။ ဦးမင်းအောင်လှိုင်အစိုးရအဖို့ နိုင်ငံတကာမှာ အထီးကျန်ဆန်မှုကနေ ရုန်းထွက်နိုင်ဖို့ပဲ အဓိကဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်ခံပေးမှုနဲ့အတူ ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း မျှော်လင့်နိုင်ခဲ့ပါတယ်။ အိန္ဒိယကို အရင်သွားခဲ့ပေမဲ့ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရတာကို ချိန်ခွင်လျှာညှိနိုင်ဦးမှာ မဟုတ်ပါဘူး။ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ ဒေသတွင်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံက စည်းရုံးသိမ်းသွင်းနေတဲ့ မဟာဗျူဟာတရပ်လို့လည်း ယူဆနိုင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန် ၈ ရက်နဲ့ ၉ ရက်တွေမှာ မြောက်ကိုရီးယားနိုင်ငံကို သွားခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် တာရစ်ရာမန် (Tarique Rahman) က ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ပထမဆုံးခရီးသွားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ ဖော်ဆောင်ရေးကို တရုတ်နိုင်ငံဘက်က အဆိုပြုဆွေးနွေးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း (လက်ရှိ ဆီးနိတ် ဥက္ကဋ္ဌ) ဆုမ်ဒက်တက်ချို ဟွန်ဆင် (Hun Sen) ကလည်း ဇွန်လကုန်ပိုင်းမှာပဲ တရုတ်နိုင်ငံကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ■ ဖြစ်တန်ခြေအကဲဖြတ်ချက်
29 6月, 07:56

လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ ______________________ ISP On Point 2026 OP2026-05 | June 29, 2026 ဦးမင်းအောင်လှိုင်အစိုးရသည် အိန္ဒိယနိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးကို နိုင်ငံရေးနှင့် စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါသည်။ ■ ဖြစ်ရပ်အချက်အလက် မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ပြီး နှစ်လအတွင်းမှာပဲ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမှာ သံတမန်ရေးရာအထီးကျန်နေရတာကနေ ရုန်းထွက်နိုင်ဖို့ ကြီးမားတဲ့အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ■ ကနဦးသုံးသပ်ချက် အာဏာသိမ်းပြီးနောက် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ပထမဆုံးသွားခွင့်ရခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ တတိယအကြိမ် ရောက်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်ခရီးစဉ်ဟာ အရင်တုန်းကလို အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ရောပြီး အဖိတ်ခံရတဲ့ ခရီးစဉ်မျိုးမဟုတ်ဘဲ နိုင်ငံတော်အဆင့် သီးသန့် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ် [ခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ISP ဒေတာအချက်အလက် ၅၀/၂၀၂၆ (ISP-DM2026-050)တွင်ရှုပါ]။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုရဲ့ မတူညီတဲ့ချဉ်းကပ်ပုံနဲ့ ကွဲပြားတဲ့အကျိုးစီးပွားတွေကို ဒီခရီးစဉ်တွေမှာ မြင်ရပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရရဲ့ မျှော်မှန်းချက်နဲ့ အကျိုးစီးပွားတွေကိုလည်း တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၅၁/ ၂၀၂၆ ကနေ ၅၃/၂၀၂၆ (ISP-DM2026-051 to 053) အထိရှုပါ]။ ဒီကွဲပြားချက်တွေကို ကဏ္ဍသုံးခုခွဲပြီး သုံးသပ်နိုင်ပါတယ်။ ပထမတခုက မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ချဉ်းကပ်မှုဟာ သူ လက်ကိုင်ပြုထားတဲ ‘အိမ်နီးချင်းဦးစားပေးမူဝါဒ’ (Neighborhood First Policy)၊ ‘အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ’ (Act East Policy) နဲ့ ‘အပြန်အလှန်အမှီသဟဲပြုပြီး ဘက်စုံလွှမ်းခြုံသောမူဝါဒ’ (မဟာသာဂရ - Mahasagar) တွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာတာကို ပူပန်သလို အရှေ့မြောက်နယ်စပ်ဒေသလုံခြုံရေးကိုလည်း အာရုံ စိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးအပြင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးတွေအပေါ် အဓိကအခြေခံပါတယ်။ တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်စချင်နေပါတယ်။ ဒီအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မရှိမဖြစ် ကြားဝင်စေ့စပ်ပေးသူ (indispensable broker) အဖြစ် တိုက်ရိုက်ပါဝင်နေသလို မြန်မာ့အရေးကိုင်တွယ်မှုမှာ အင်အားသုံးလွှမ်းမိုးနိုင်စွမ်း (coercive influence) ကိုလည်း လက်ကိုင်ပြုထားပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရက လက်ရှိမှာ ရခိုင်နဲ့ ချင်းအပြင် စစ်ကိုင်း-မကွေးနဲ့ ဆက်စပ်နေတဲ့ အနောက်ဘက်စစ်မျက်နှာစာတွေမှာ အသာစီးရနိုင်ဖို့ ရည်မှန်းထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာစာ တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို နိုင်ငံရေးနဲ့ စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါတယ်။ ဒုတိယတခုကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာကိစ္စတွေ ဖြစ်ပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ အကောင်အထည်ဖော်ရေး စတာတွေဟာ အိန္ဒိယနိုင်ငံအတွက် အဓိကအကျိုးစီးပွားတွေပါ။ နှစ်နိုင်ငံကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ တိုးချဲ့နိုင်ဖို့နဲ့ ကျပ်-ရူးပီး တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေဟာလည်း ရှေ့တန်းရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာဆီကနေ ဗျူဟာမြောက်မြေရှားသတ္တု ရနိုင်ဖို့လည်း အထူးစိတ်ဝင်စားခဲ့ပါတယ်။ လန်ဒန်အခြေစိုက် The Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းဟာ မြန်မာ နိုင်ငံကနေထွက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ မြန်မာကတဆင့် ထောက်ပံ့ရေးကွင်းဆက်သစ်အဖြစ် ဖန်တီးချင်နေပါတယ်။ ဒါပေမဲ့ မြေရှားတူးဖော်မှုလုပ်ငန်းတွေကို တရုတ် ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက်နောက်ခံပေးထားတဲ့အပြင် စျေးကွက်ရပ်တန့်သွားအောင် ဖိအားပေးနိုင်စွမ်းလည်း ရှိတယ်လို့ EIU က ထောက်ပြထားပါတယ်။ တဖက်မှာလည်း မြေရှားလုပ်ကွက်အများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပါတယ်။
29 6月, 07:56

photo content
04 6月, 03:32

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
04 6月, 03:32