The Standard Time Digital
الذهاب إلى القناة على Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
إظهار المزيدلم يتم تحديد البلدالفئة غير محددة
285
المشتركون
لا توجد بيانات24 ساعات
+67 أيام
+1630 أيام
أرشيف المشاركات
◾️အမျိုးသမီးဘောလုံးအကယ်ဒမီအတွက်အပြီးသတ် လူရွေးချယ်ပွဲ ကျင်းပမည်
မြန်မာနိုင်ငံ၏ ပထမဆုံးသောWomen’s Academy အတွက် အပြီးသတ် လူရွေးချယ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ( MFF )မှ သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည်န္တလေးမြို့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် အမျိုးသမီး ဘောလုံးအကယ်ဒမီ(Women’s Academy) အတွက် ပဏာမရွေးချယ်ခံရသူများအား အပြီးသတ်လူရွေးချယ်မှု (Final Selection) ကို မေ ၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြီးသတ်လူရွေးချယ်ပွဲတွင် ရန်ကုန်ဇုန် (Yangon Zone)၊ အောက်မြန်မာပြည်ပဏာမရွေးချယ်ခံ ရသူများ အတွက် မေ၉ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တွင် စာရွက်စာတမ်း စိစစ်ခြင်းနှင့် ဆေးစစ်မှုများ(Medical Check - up) ပြုလုပ်သွားမည်ဖြစ်ပြီး မေ ၁၀ ရက် နှင့် ၁၁ ရက် နံနက်၆ နာရီခွဲတွင် လက်တွေ့ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးဇုန် (Mandalay Zone)၊ အထက်မြန်မာပြည်ပဏာမ ရွေးချယ်ခံရသူများအတွက် မေ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် စာရွက်စာတမ်းစိစစ်ခြင်းနှင့်ဆေးစစ်မှုများ (Medical Check - up) ပြုလုပ်သွား မည်ဖြစ်ပြီး မေ ၁၈ ရက် နှင့်၁၉ ရက် နံနက် ၆ နာရီခွဲတွင် လက်တွေ့ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇုန်နှစ်ခုလုံးအတွက် နယ်မှလာရောက်သည့် အမျိုးသမီးကစားသမားများအတွက်သာ ရန်ကုန် အကယ်ဒမီ တွင် တည်းခိုရေးစီစဉ်ပေးမည် (ရန်ကုန်မှ ကစားသမားများမပါ)ဖြစ်ပြီး အတူလိုက်ပါလာမည့် မိဘ အုပ်ထိန်းသူမှာ အမျိုးသမီးသာဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-MFF
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ CI စင်တာများကို ဩဂုတ် ၁၇ ရက်အထိ ဖွင့် လှစ်ပေးမည်
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအတွက် ဆောင်ရွက်ပေးနေသည့် မည်သူမည်ဝါဖြစ်ကြောင်း
သက်သေခံလက်မှတ် CI ထုတ်ပေးသည့် စင်တာများအား ဩဂုတ် ၁၇ရက်အထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းအစိုးရ ခွင့်ပြုချက်ဖြင့်မြန်မာနိုင်ငံအလုပ်သမားဌာနက CI ထုတ်ပေးသည့် စင်တာများအား စမွတ် ဆာခွန်၊ စမွတ်ပရာကန်၊ စူရတ်ဌာနီ နှင့် ချင်းမိုင် ခရိုင်လေးခုတွင် ဖွင့်လှစ်ထားပြီး ချွန်ပူရီ ခရိုင်တွင်လည်းနယ်လှည့်ယူနစ် (Mobile Unit) တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
ထိုင်းတွင် တရားမဝင်ဖြစ်နေသည့် မြန်မာလုပ်သားများအတွက်ရည်ရွယ်ပြီး CI ထုတ်ပေးသည့် စင်တာများကို ဖေဖော်ဝါရီ ၁၇ ရက်ကစတင် ဖွင့်လှစ်ခဲ့ပြီး CI စင်တာများနှင့်နယ်လှည့်ယူနစ် လုပ်ငန်းတို့မှာ မေ၁၇ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းရောက် မြန်မာလုပ်သားအားလုံး စာရွက်စာတမ်း ရရှိစေရန်နှင့်လုပ်ငန်းစဉ်များချောမွေ့ရန် ဩဂုတ်၁၇ ရက်အထိ တိုးမြှင့်ပြီး ဖွင့်လှစ်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာနညွှန်ကြားရေးမှူးချုပ် ဆုမ်းချိုင်းကလက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-CJ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စစ်ပွဲအဆုံးသတ်ရန် အီရန်၏ နောက်ဆုံးအဆိုပြုချက် ထရန့် မကျေနပ်
နှစ်လကြာစစ်ပွဲ အဆုံးသတ်ရေးအပေါ် အီရန်၏ နောက်ဆုံး အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျေနပ်မှုမရှိကြောင်း အမေရိကန်အရာရှိကြီး တစ်ဦးကပြောကြားခဲ့ရာ စွမ်းအင်စီးဆင်းမှုပြတ်တောက်၊ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေခဲ့ကာ လူထောင်ချီသေဆုံးခဲ့သော ပဋိပက္ခအား အလျင်အမြန်ဖြေရှင်းရေး မျှော်လင့်ချက်များလည်း အားနည်းသွားခဲ့သည်။
ပင်လယ်ကွေ့မှ ရေကြောင်းသွားလာမှုများကို ဖြေရှင်းပြီး၊ စစ်ပွဲကို အဆုံးသတ်ပြီးသည့် အချိန်အထိ အီရန်၏ နျူကလီးယားအစီအစဉ်အကြောင်း ဆွေးနွေးမှုများကို ဘေးဖယ်ထားရန် အီရန်ဘက်မှ နောက်ဆုံးအဆိုပြုချက်က ဖော်ပြထားသည်။
သို့ရာတွင် နျူကလီးယားကိစ္စများကြောင့် အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး ယင်းကိစ္စကို ဦးစွာဆွေးနွေးရေး အလိုရှိသော ထရန့်က အဆိုပြုချက်ကို ကျေနပ်ခြင်း မရှိကြောင်း ယမန်နေ့က သမ္မတနှင့်၎င်း၏ အကြံပေးများတွေ့ဆုံမှုအကြောင်း တင်ပြမှုရရှိထားသည့် အမည်မဖော်လိုသူ အမေရိကန်အရာရှိကြီးတစ်ဦးက ပြောသည်။
အမေရိကန်က စာနယ်ဇင်းများမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း နှင့် ၎င်းတို့၏ အနီရောင်စည်းများကို ရှင်းလင်းစွာ သတ်မှတ်ထားပြီးဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ အမျိုးသမီး အိုလီဗီယာဝေးလ်စ်က ပြောသည်။
ထိုအတောအတွင်းမှာပင် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ က အိမ်နီးချင်းလည်းဖြစ် အမေရိကန်နှင့်ကြား အဓိကကြားဝင်စေ့စပ်ပေးသူလည်းဖြစ်သည့် ပါကစ္စတန်၊ ဟောမုဇ်အိမ်နီးချင်း အိုမန်တို့သို့ သွားရောက်ခဲ့ကာ ရုရှားနိုင်ငံသို့ ခရီးဆက်၍ သမ္မတ ပူတင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားများ လက်ခံရရှိခဲ့သည်။
အမေရိကန်သည် စစ်ပွဲအတွင်း ၎င်းတို့၏ရည်မှန်းချက်များ တစ်ခုမှ မအောင်မြင်ခဲ့သောကြောင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်တောင်းဆိုခဲ့သည်ဟု အာရက်ချီ က ရုရှားနိုင်ငံတွင် သတင်းထောက်များအား ပြောကြားသည်။
အမေရိကန်သို့ လက်ဆင့်ကမ်းရန် ပါကစ္စတန်သို့ အာရက်ချီ သယ်ဆောင်သွားသော အီရန်၏ အဆိုပြုချက်တွင် ဆွေးနွေးပွဲများကို တစ်ဆင့်ချင်းလုပ်ရန် နှင့် ကနဦးတွင် နျူကလီးယားကိစ္စကို ဘေးဖယ်ထားရန် ပါရှိသည်။
ပထမအဆင့်တွင် စစ်ပွဲကို အဆုံးသတ်ပြီး ထပ်မတိုက်ရန် အမေရိကန်က အာမခခံချက်များ ပေးရန် အီရန်အဆိုပြုချက်က ဦးဆုံးတင်ပြပြီး ဒုတိယအနေဖြင့် ၎င်းတို့၏ ထိန်း ချုပ်မှုဖြင့် အီရန်က ပြန်လည်ဖွင့်လှစ်လိုသည့် ဟောမုဇ်ရေလက်ကြား အကြောင်း ဆွေးနွေးရန်ဖြစ်သည်။
ထိုနောက်ပိုင်းတွင်မှ အီရန်နျူကလီးယားအရေးကဲ့သို့ ရေရှည်ပြဿနာများကို ကိုင်တွယ်သွားရန် အီရန်က ရည်မှန်းထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◾️မိုင်းဆတ်၌လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များလဲကျ၊ နေအိမ်အချို့ပျက်စီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ယမန်နေ့(ဧပြီ ၂၇ ရက်) ညနေ ၆ နာရီ ၃၅ မိနစ်တွင် မိုးရွာသွန်ပြီးလေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များလဲကျပြီး နေအိမ်အချို့ပျက်စီးကြောင်း မိုင်းဆက်မြို့အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်ခြင်းကြောင့် မိုင်းဆတ်-မိုင်းတုံကားလမ်းဘေးရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့ကြောင်း၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာမှ နေအိမ်များလည်း ထိခိုက်ပျက်စီးကြောင်းသိရသည်။
"မိုင်းဆတ်-မိုင်းတုံကားလမ်းပေါ်မှာသစ်ပင်တွေလဲကျပြီး လမ်းပိတ်သွားတယ်။ ကားသွားလာတာ လုပ်လိုမရတော့ အရင်ဆုံးလမ်းရှင်လင်းရေးကိုအဓိကဆောင်ရွက်ခဲ့တယ်။ ည ၈ နာရီ ၆ မိနစ်မှာ အာလုံးပြီးသွားတယ်။ လမ်းလည်းပြန်ဖွင့်ပေးလိုက်တယ်။ အိမ်တွေကိုတော့ ဒီမနက်မှသွားရောက် ရှင်းပေးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်အရေတွက်တော့မသိသေးဘူး" ဟု မိုင်းဆက်မြို့အရန်မီးသတ် တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ရှင်းလင်းရေးလုပ်ငန်းများကို မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
#ပြည်တွင်းသတင်း
◾️လူ ၁၄ ဦး သေဆုံးသည့် ဂျကာတာမြို့အနီး ရထားနှစ်စီးတိုက်မှု စုံစမ်းစစ်ဆေးရန် သမ္မတ အမိန့်ပေး
ရပ်တန့်ထားသော မြို့ပတ်ရထားတစ်စီးကို ခရီးဝေးပြေးဆွဲသော ရထားတစ်စီးက နောက်မှ ဝင်တိုက်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အင်ဒိုနီးရှားသမ္မတ ဆူဘီယန်တို့က အမိန့်ပေးလိုက်သည်။
ဂျကာတာမြို့ အရှေ့ဘက် ဘီကာဆီအရှေ့ ရထားဘူတာရုံအနီး မတော်တဆမှုတွင် လုပ်ဆောင်ခဲ့သော ၁၂ နာရီ ကြာ ကယ်ဆယ်ရေးလုပ်ငန်းကို တာဝန်ရှိသူများက အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“ ဒီနေ့ မနက်မှာ အာလုံးပြီးဆုံးသွားပါပြီ။ ထိခိုက်ဒဏ်ရာရရှိသူတွေ ထပ်တွေ့ဖို့ မရှိတာ သေချာပါတယ်”” ဟု အမျိုးသားရှာဖွေ၊ ကယ်ဆယ်ရေးအေဂျင်စီ(Basarnas) အကြီးအကဲ မိုဟမ်မက်ရှာဖီး က ပြောကြားသည်။
ဂျကာတာမှ ၂၅ ကီလိုမီတာအကွာ ဘီကာဆီအရှေ့ ဘူတာရုံတွင် မြို့ပတ်ရထား ရပ်တန့်၍ လူများဆင်းရန် ပြင်ဆင်နေချိန်တွင် ကျယ်လောင်သော ရထားတစ်စင်း၏ အသံကို ကြားခဲ့ရသည်ဟု လက်ကျိုးသွားပြီး ပေါင်တွင်လည်း ပြတ်ရှ ဒဏ်ရာရခဲ့သဖြင့် ဘီကာဆီဆေးရုံတွင် ရောက်ရှိနေသူ အသက် ၂၉ နှစ်အရွယ် ဆော်ဆန်ဆာရီဖာက ပြောပြသည်။
“ကျွန်မသေတော့မယ်လို့ ထင်ခဲ့တယ်။ အဖြစ်အပျက်က အလွန်မြန်ဆန်ပြီး စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတာပါ” ဟု ၎င်းက ဆိုသည်။
လူများအထပ်ထပ် ပိနေကြချိန်တွင် အသက်ရှုကျပ်၍ သေဆုံးသွားမည်ကို ၎င်းအနေဖြင့် စိုးရိမ်ခဲ့ကြောင်းနှင့် အောက်တွင် ရောက်နေသူများ အသက်မရှင်မည်ကို ဆာရီဖာက စိုးရိမ်နေခဲ့သည်။
“ရထားထဲက ထွက်ဖို့ အချိန်မရလိုက်ပါဘူး။ အားလုံးပဲ ရထားထဲမှာ စုပြုံပြီး တစ်ဦးအပေါ် တစ်ဦးထပ်နေမိကြတယ်။ ကျွန်မအောက်က တစ်ယောက် ဘယ်လိုနေလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။
ရှာဖွေကယ်ဆယ်မှုများ မြန်ဆန်ခဲ့၍သာ အသက်ရှင်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
သေဆုံးသူ ၁၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၈၄ ဦး ဆေးကုသမှု ခံယူနေရကြောင်း အစိုးရပိုင်ရထားလုပ်ငန်းက ယနေ့ နံနက်တွင် အတည်ပြု ပြောကြားသော် လည်း ဆေးရုံတွင် ဆက်ရှိနေသူများအပါအဝင် အသေးစိတ် အချက် အလက်များကို ပြောကြားခြင်း မရှိပေ။
မြို့ပတ်ရထားက ရထားလမ်းကူးတွင် အငှားယာဉ်တစ်စီးကို ဝင်တိုက်မိ၍ ရပ်တန့်နေချိန်တွင် ခရီးဝေးရထားက နောက်မှ ဝင်တိုက်ခဲ့ပုံရကြောင်း ရထားလုပ်ငန်းမှ ပြောခွင့်ရသူ ဖရာနိုတိုဝီဘိုဝိုက ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-CNA
#နိုင်ငံတကာသတင်း
◾️မြန်မာရှိ Shop.com.mm အွန်လိုင်းရှော့လုပ်ငန်း ရပ်ဆိုင်းမည်ဟုကြေညာ
ကမ္ဘာကျော် ကုမ္ပဏီတစ်ခုဖြစ်သည့် Alibaba(အလီဘာဘာ)ကုမ္ပဏီ ၏လုပ်ငန်းခွဲတစ်ခုဖြစ်သည့် အွန်လိုင်းစျေးဝယ်ဝန်ဆောင်မှုဖြစ်သည့် Shop App MM (Shop.com.mm) လုပ်ငန်းကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Daraz Myanmar Company Limited ကယမန်နေ့(ဧပြီ ၂၇ ရက်) တွင် ကြေညာထားသည်။
မြန်မာနိုင်ငံအတွင်း အောင်မြင်ခဲ့သည့် အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်သော Shop App MM တွင် မနက်ဖြန် (ဧပြီ ၂၉ ရက်) ည ၁၁ နာရီ ၅၉ မိနစ် အထိသာ အော်ဒါများ လက်ခံပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
လုပ်ငန်းရပ်နားရန် ပြင်ဆင်နေစဉ်အတွင်း လက်ရှိမှာယူထားသော အော်ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုများနှင့် ငွေပေးချေမှုများ အားလုံးကို တာဝန်ယူမှု အပြည့်ဖြင့် ချောမွေ့စွာ အပြီးသတ်ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ လုပ်ငန်း ရပ်နားရန် ၎င်းတို့အနေဖြင့် လွယ်ကူစွာချမှတ်ခဲ့ခြင်း မဟုတ်ဘဲ နှစ်ပေါင်းများစွာအတွင်း လူကြီးမင်းတို့၏ နေ့စဉ်ဘဝ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ၎င်းတို့အား လက်ခံပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆားကစ်ဘုတ်ဈေးနှုန်းများ မြင့်တက်လာ
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အီလက်ထရွန်နစ် ပစ္စည်းများအတွက်အရေးကြီးသော ကုန်ကြမ်းများ ဖြည့်ဆည်းပေးနိုင်စွမ်း ပြတ်တောက်ခဲ့ရပြီးလျှပ်စစ်ပစ္စည်းအားလုံးနီးပါး၌ အသုံးပြုနေသော ဆားကစ်ဘုတ်ဈေးနှုန်းများမြင့်တက်လာခဲ့ရကြောင်း နည်းပညာကုမ္ပဏီများမှ သတင်းအရင်းအမြစ်များကထုတ်ဖော်ပြောကြားထားသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ခဲ့ပြီးနောက် ဧပြီလအစောပိုင်းတွင် အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံရှိ ဂျူဘီးလ်ရေနံဓာတုစက်ရုံကိုတိုက်ခိုက်ခဲ့ရာဆားကစ်ဘုတ်များထုတ်လုပ်ရာတွင် အသုံးပြုသော ပိုလီဖီနယ်လင်းအီသာ (ပီတီအီး)ခေါ် ဓာတုပစ္စည်းတစ်မျိုး ထုတ်လုပ်မှု ရပ်တန့်ခဲ့ရသည်။
သို့ဖြစ်ရာ ပီတီအီးဓာတုပစ္စည်း ဖြည့်ဆည်းနိုင်မှု ကျဆင်းခဲ့ခြင်းကြောင့်ဆားကစ်ဘုတ်ဈေးနှုန်းများ မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း နည်းပညာစက်မှုလုပ်ငန်း သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂိုးလ်မင်းဆက်ခ်ျဘဏ်၏ အစီရင်ခံစာအရ ယခုနှစ် ဧပြီလ တစ်လတည်းမှာပင် ဆားကစ်ဘုတ်များဈေးနှုန်းသည်မူလကထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဖိုက်ဘာမှန်သားများကဲ့သို့ အခြားအရေးကြီးသော ကုန်ကြမ်းများ ပြတ်လပ်လာမှုကြောင့်လည်း ဆားကစ်ဘုတ်ဈေးနှုန်းများ မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်းအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ခဲ့ရာ ပင်လယ်ကွေ့နိုင်ငံများမှ ထုတ်လုပ်သည့် ရေနံဓာတုထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု ရပ်တန့်ခဲ့ရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပို့ကုန်ရငွေ ပြန်လည်သွင်းပြီးသဖြင့် ဦးတေဇ၏ ထူး ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၇ ခုကို Black lists စာရင်းပယ်ဖျက်ဟုဆို
ပို့ကုန်ရငွေများ မသွင်းသဖြင့် Black lists စာရင်းသွင်းခံထားရသည့် ဦးတေဇ၏ ထူး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၇ ခု တို့ ပို့ကုန်ရငွေ ပေးသွင်းပြီးသောကြောင့် Black lists စာရင်းများမှ ပယ်ဖျက်လိုက်ကြောင်း ဗဟိုဘဏ် က ယမန်နေ့(ဧပြီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။
၂ဝ၂ဝ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ ၈၃ ခု၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ (၁၉၇) ခုအားလည်းကောင်း၊၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ (၂၈၇) အား လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၉ ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးသောကြောင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများအပြင် ဦးတေဇ၏ ထူး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၇ ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးသောကြောင့် ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။
အဆိုပါကုမ္ပဏီ ၁၇ ခုတွင် ဦးတေဇ က ဒါရိုက်တာအဖွဲ့ဝင် အဖြစ်ပါဝင်သည့် Htoo Trading Co.,Ltd အပြင် Yang Brothers National Co.,Ltd ၊ Multi World Trade Co.,Ltd ၊ Myanmar Yulin Co.,Ltd ၊ N.Y.K Global Diamond Crown Co.,Ltd ၊ BAAB’s Myanmar Co.,Ltd ၊ Mogok Hair Co.,Ltd ၊ Biopro(Myanmar) Co.,Ltd ၊ Lucky Marine Products Co.,Ltd ၊ Min Gamani Co.,Ltd ၊ San Dara Aung Co.,Ltd ၊ RRR Non Woven Manufacture Co.,Ltd ၊ MMSM(Myawaddy) Co.,Ltd ၊ Zwe Tharaphu Co.,Ltd ၊ Hao Yuan Co.,Ltd ၊ Rax Myanmar Co.,Ltd တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့သွားရောက်သည့် ကားနှစ်စီးကိုစစ်ဆေးရာမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆ ဦးကိုဖမ်းမိခဲ့ကြောင်း အဝေးပြေး ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အယုဒ္ဓယခရိုင် အာရှလမ်းမကြီး အဝင်လမ်းပေါ်ရှိကားနှစ်စီးအား သံသယရှိသောကြောင့် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီးပထမ ကားအတွင်းမှ အသက် (၃၄)နှစ် အရွယ် အမျိုးသားယာဉ်မောင်းတစ်ဦးနှင့်အတူ ခရီးသွား လာခွင့်အထောက်အထား စာရွက်စာတမ်းများ မရှိသည့် မြန်မာနိုင်ငံသား ခြောက်ဦး၊ အခြားအမျိုး သမီးငယ်တစ်ဦးကိုတွေ့ရှိခဲ့ ကြောင်း သိရသည်။
ဒုတိယ ကားအတွင်းမှ အသက်( ၃၂ ) နှစ်အရွယ် အမျိုးသားယာဉ်မောင်းတစ်ဦးနှင့်အတူ အထောက်
အထားမဲ့ မြန်မာလုပ်သား ၁၀ ဦး၊အခြားအမျိုးသားတစ်ဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် ကားနှစ်စီးမှယာဉ်မောင်း နှစ်ဦးအား တရားမဝင်ဝင်ရောက်လာသူများအား ကူညီမှု၊
မြန်မာလုပ်သားအားလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူနိုင်ရန် သက်ဆိုင်ရာ ရဲစခန်းသို့လွှဲပြောင်းထားကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
