The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
275
Підписники
+124 години
+37 днів
+2730 день
Архів дописів
◾️စက်သုံးဆီစျေး ကျပ် ၃၀၀ ကျော်တက်လာ
ပြည်တွင်း၌ စက်သုံးဆီချွေတာနိုင်ရေးအတွက် ကန့်သတ်မှုအချို့လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့ (မတ် ၁၃ ရက်)တွင် စက်သုံးဆီစျေးများ တစ်လီတာလျှင် ကျပ် ၃၀၀ ကျော် စျေးတက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မတ် ၆ ရက်မှ ယမန်နေ့(မတ် ၁၂ ရက်)အထိ 92 အမျိုးအစားစက်သုံးဆီ တစ်လီတာလျှင် ၂၅၂၅ ကျပ်ရှိခဲ့ရာမှ ယနေ့(မတ် ၁၃ ရက်)တွင် ၂၈၃၀ ကျပ် အထိမြင့်တက်လာသည်။
ထို့ပြင် 95 အမျိုးအစားစက်သုံးဆီသည်လည်း ၂၅၉၅ ကျပ် မှ ၂၉၃၀ ကျပ် သို့ စျေးနှုန်းတက်သွားခဲ့သည်။
ရန်ကုန်အပါအဝင် မြို့လေးမြို့တွင် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် တစ်ရက်လျှင်တစ်ကြိမ်သာ စက်သုံးဆီရောင်းချမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သေးသည်။
သတင်း /ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်(စက်သုံးဆီဝယ်ယူရန်စောင့်ဆိုင်းနေသူများကိုမတ် ၁၃ရက်တွင်တွေ့ရစဉ်)
#ပြည်တွင်းသတင်း
◾️အစ္စရေးနှင့်စပိန်သံတမန်တင်းမာမှု ပြင်းထန်လာ၊အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်ကြီးကို စပိန်ခေါ်ယူ
အစ္စရေးနိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီးကိုစပိန်အစိုးရက မတ် ၁၀ ရက်တွင် အမြဲတမ်းပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ပတ်သက်၍ စပိန်အစိုးရ၏ ရပ်တည်ချက်ကြောင့် စပိန်နှင့် အစ္စရေးအကြား သံတမန်ဆက်ဆံရေး တင်းမာနေချိန်တွင် အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်ကြီးကို စပိန်အစိုးရက အမြဲတမ်းပြန် လည်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တော်ရှိ စပိန်သံရုံးကို သံအမတ်ကြီးအစား သံရုံး
ယာယီတာဝန်ခံတစ်ဦးက ကြီးကြပ်မည်ဖြစ်ကြောင်းစပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စပိန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်နိုင်ငံအား စစ်ရေးအရတိုက်ခိုက်မှုကို ဝေဖန်ကန့်ကွက်ထားသော ဥရောပနိုင်ငံဖြစ်သည်။
အစ္စရေးနှင့် စပိန်တို့အကြား သံတမန်ဆက်ဆံရေးမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးနိုင်ငံက စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စတင်တင်းမာခဲ့ရ
သည်။
စပိန်အစိုးရသည် ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုထား
ရာ အစ္စရေးအစိုးရက ပြီးခဲ့သည့်နှစ် မေလအတွင်းစပိန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးကို
ပြန်လည်ဆင့်ခေါ်၍ တုံ့ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် စပိန်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကို သံအမတ်ကြီးအစား သံရုံးယာယီ တာဝန်ခံ
တစ်ဦးက ဦးဆောင်နေကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပျောက်ဆုံးနေသည့် အသက် (၆၉) နှစ်အရွယ် အမျိုးသား အသ/တ်ခံရဟုဆို
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မှ ပျောက်ဆုံးနေသည့် အသက် (၆၉) နှစ်အရွယ် အမျိုးသားအား အသ/တ်ခံရလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများကဆိုသည်။
သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်၌ တစ်ဦးတည်းနေထိုင်သည့် အသက် ၆၉ နှစ်အရွယ်ရှိ ဦးအောင်သောင်းဆိုသူဖြစ်ပြီး မတ် ၉ ရက်၊မွန်းလွဲ ၃ နာရီခန့်တွင် ၎င်း၏ Honda fit (အမည်းရောင်) 3L/ 5652 နှင့်အတူပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ဦးအောင်သောင်းပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များမှလိုက်လံရှာဖွေခဲ့ပြီးနောက် ယမန်နေ့ (မတ် ၁၂ ရက်)တွင် ၎င်း၏သမီးဖြစ်သူက ဖခင်ဖြစ်သူမှာ အသ/တ်ခံရ၍ သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားခဲ့သည်။
သေဆုံးသူမှာ မည်သည့်နေရာတွင် မည်သို့သ/တ်ခံရကြောင်းကိုမူ မိသားစုဝင်များက ဖော်ပြထားခြင်းမရှ်ိသော်လည်း သေဆုံးသူအားသ/တ်၍ အိပ်ရာခင်းဖြင့်ပတ်ကာ သေတ္တာထဲထည့် အလောင်းဖျောက်ထားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်းနှင့်အတူပျောက်ဆုံးနေသည်ဟုဆိုသည့် Honda fit (အမည်းရောင်) 3L/ 5652 သည်လည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (မတ် ၅ ရက်)တွင်လည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ အမှတ် (၅/၆၄) နေအိမ်၌ ကလေးသုံးဦးအပါအဝင် မိသားစုဝင်ခြောက်ဦး အသ-တ်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- Emerald Wuttyee /FB
#ပြည်တွင်းသတင်း
◾️မောင်မောင်လွင်ကို ဘောလုံးနှင့် ခြောက်လ မပတ်သက်ရန် ပြစ်ဒဏ်ချ
ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိ လက်ရောက်ထိပါးခဲ့သည့် ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား မောင်မောင်လွင်ကို ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ ခြောက်လ ပိတ်ပင်ကာ ငွေဒဏ်ကျပ်သိန်း ၃၀ လည်းချမှတ်လိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကထုတ်ပြန်သည်။
သန်လျင်မြို့ရှိ သီဟဒီပကွင်း၌ မတ် ၁၀ ရက်ကကျင်းပခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့ပွဲမှဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး နှင့် ကျင့်ဝတ်ကော်မတီက ထိုသို့အရေးယူရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။
ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကိုကျော်လွန်၍ ပြုမူ လုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေးမူပြဌာန်းချက်များအရ အရေး ယူခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ ပွဲစဉ်ကိုကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်၊ပြိုင်ပွဲကြီးကြပ်နှင့်ဒိုင်ကြီးကြပ်တို့ကိုလည်း အနီးကပ်ဆုံး ပြိုင်ပွဲ သုံးပွဲကို တာဝန်ချထားခြင်းမပြုရန် စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ယင်းပွဲစဉ်အတွက် တာဝန်ကျ ဒိုင်လူကြီးဖြစ်သည့် ဦးကျော်ဇေယျာအောင်သည် အထက်ပါဖြစ်စဉ်အတွက် မောင်မောင်လွင်ကို အနီကတ်ပြသခြင်းမရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့သလို ပြိုင်ပွဲကြီးကြပ်နှင့်ဒိုင်ကြီးကြပ်တို့ကလည်း ကွင်းလယ်ဒိုင်ကိုသတိပေးခြင်းမရှိသဖြင့် အရေးယူ ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းလိဂ်ကလပ် လန်ဖွန်းအသင်းနှင့် စာချုပ်ကျန်ရှိနေဆဲဖြစ်ပြီး ရန်ကုန်ယူနိုက်တက်သို့ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ကစားနေသည့် မောင်မောင်လွင်သည် မြန်မာလက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်လည်းဖြစ်သည်။
လက်ရှိအရေးယူခံရမှုနှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကာယကံရှင်ကစားသမား မောင်မောင်လွင်တို့ထံမှ တုံဲ့ပြန်မှုတစ်စုံတစ်ရာမရှိသေးပေ။
ဝေဖန်မှုများမြင့်တက်စေခဲ့သည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပရိသတ်အမျိုးသမီးသည် ပွဲချိန်တစ်လျှောက်လုံး ၎င်းကိုဦးတည်ကာ လူမျိုးရေးအရ စော်ကားသည့်စကားလုံးများဖြင့် အော်ဟစ်ဆဲဆိုနေခဲ့ကြောင်း မောင်မောင်လွင်က ၎င်း၏ လူမှုကွန်ရက်၌ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးပရိသတ်သည် ယခင်ကလည်း ပြိုင်ပွဲဝင်အသင်းများမှ ကစားသမား/နည်းပြများ တာဝန်ကျဝန်ထမ်းများကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုသဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ပွဲကြည့်ခွင့်ပိတ်ပင်ခံရဖူးသူဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ ပရိသတ်အမျိုးသမီးကိုလည်း အရေးယူမည်ဟု ဆိုထားသော်လည်း မည်သို့ အရေးယူမည်ကို ဖော်ပြထားခြင်းမရှိသေးပေ။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-MNL
◾️စွမ်းအင်အကျပ်အတည်းကြောင့် မဟာဗျူဟာအရန်ရေနံများ စတင်ထုတ်သုံးရန် ဂျပန်စီစဉ်
ဂျပန်နိုင်ငံအနေဖြင့် လက်ဝယ်ထားရှိသည့်မဟာဗျူဟာ အရန်ရေနံများကို မတ် ၁၆ ရက် တွင်စတင်ထုတ်သုံးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်တာကာအိချီက မတ် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများမြင့်တက်လာမည့်အရေး စိုးရိမ်မှုများကို လျှော့ချနိုင်ရေးအတွက် မဟာဗျူဟာအရန်ရေနံများ စတင်ထုတ်သုံးရန် ဂျပန်နိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာ့စတုတ္ထမြောက်စီးပွားရေးအင်အားအကြီးမားဆုံး နိုင်ငံဖြစ်သလို စွမ်းအင်လိုအပ်ချက်အတွက် ရေနံစိမ်းကို ကမ္ဘာ့ပဉ္စမမြောက်အများဆုံး တင်သွင်းနေသော နိုင်ငံလည်းဖြစ်သည်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခမဖြစ်ပွားမီကာလက ဂျပန်နိုင်ငံသည် စွမ်းအင် လိုအပ်ချက်၉၅ ရာခိုင်နှုန်းအတွက် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံစိမ်းများကို အားပြုနေရသော နိုင်ငံဖြစ်သည်။
အရှေ့အလယ်ပိုင်း စစ်ပွဲ၏ ဂျပန်နိုင်ငံအပေါ်ဆိုးကျိုးသက်ရောက်မှုကို အနည်းဆုံးအဆင့်သို့ လျှော့ချနိုင်ရေးအတွက် အခြေအနေကို မြန်မြန်ဆန်ဆန်တုံ့ပြန်ရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်တာကာအိချီက ပြောကြားထားသည်။
ဂျပန်နိုင်ငံပိုင်ဆိုင်ထားသော မဟာဗျူဟာမြောက် အရန်ရေနံပမာဏသည် ကမ္ဘာ့အများဆုံး အရန်ရေနံပမာဏများထဲတွင် ပါဝင်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ မဟာဗျူဟာ မြောက် အရန်ရေနံပမာဏစည်ပေါင်း သန်း ၄၀၀ ကျော် အထိရှိထားကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အရှေ့အလယ်ပိုင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေများအတွက် ယူနက်စကို စိုးရိမ်
လက်ရှိပေါ်ပေါက်နေသော အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခများကြောင့် အီရန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းတစ်ခွင်လုံးရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမည့်အ ရေး စိုးရိမ်မိကြောင်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) က မတ် ၁၁ ရက်တွင် သတိပေးထားသည်။
စစ်ပွဲကာလအတွင်း အီရန်နိုင်ငံ တီဟီရန်မြို့တော်ရှိ ဂိုလက်စတန်နန်းတော်၊ အစ်ဖာဟန်မြို့ ရှိသမိုင်းဝင် ဗလီဝတ်ကျောင်းတစ်ကျောင်းနှင့်နန်းတော်တစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ရ ပြီးနောက်ယူနက်စကို၏ အထက်ပါသတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
စစ်ပွဲကာလအတွင်း အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ပေးကြရန် သက်ဆိုင်ရာနိုင်ငံအားလုံးကိုယူနက်စကိုက တောင်းဆိုထားသည်။
ယူနက်စကို၏ အဆိုအရ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့က အီရန်ကို ဖေဖော် ဝါရီ ၂၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းအီရန်ပြည်တွင်းရှိ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာပေါင်း ၂၉ နေရာအနက် လေးနေရာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ၏လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့ ရကြောင်းတီဟီရန်မြို့တော် ဂိုလက်စတန် နန်းတော်သည်ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်နှင့် နှိုင်းယှဉ်နိုင်သော ၁၉ ရာစုခေတ် အီရန်ယဉ်ကျေးမှုလက်ရာဖြစ်ကြောင်း ယူနက်စကို ကျွမ်းကျင်သူများကပြောကြားသည်။
အလားတူ အစ်ဖာဟန်မြို့ရှိ မဂျစ်အီးဂျိမ်းအမည်ရှိ ဗလီဝတ်ကျောင်းမှာလည်း သက်တမ်း အားဖြင့် နှစ်ပေါင်း ၁၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဒဂုံဆိပ်ကမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား
မတ် ၁၁ ရက် မွန်းလွဲပိုင်းကဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁) ရပ်ကွက် ရတနာ လမ်းနှင့် စစ်တောင်းလမ်းထောင့်တွင် သာကေတမြို့နယ်(၈) ရပ်ကွက်မှ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်သို့ မောင်းနှင်လာသော MITSUBISHI Canter (အဖြူရောင်) ယာဉ် သည် အလိုတော်ပြည့် မှတ်တိုင်အရောက်တွင်အရှိန်မထိန်းနိုင်ဘဲသာကေတအဝိုင်း မှတ်တိုင်မှ ၈၅ကားဂိတ်သို့ မောင်းနှင်လာသောYBS-85 ယာဉ်၏ နောက်ပိုင်းအား တိုက်မိ သည်။
ယာဉ်တိုက်မှုကြောင့် Canter ယာဉ် ပေါ်လိုက်ပါလာသူသုံးဦး ကားခေါင်းခန်းအတွင်း၌ ညပ်နေကြောင်းသတင်းအရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ထူးချွန်ဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီပေးခဲ့သည်။
Hydraulic Cutter,spreader, Ram တို့ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး (မစိုးရိမ်ရ) ကို ကယ်ထုတ် နိုင်ခဲ့ သည်။
ထို့နောက် ကျားတစ်ဦး(သေဆုံး)၏ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး ဖြူစင်နှလုံးသား သူနာတင်ယာဉ်ဖြင့် လည်းကောင်း၊ ယာဉ်မောင်းအမျိုးသား (စိုးရိမ်ရ)ကို 5B-Taxi အသင်း လူနာတင်ယာဉ်ဖြင့်လည်းကောင်း မြောက်ဥက္ကလာပမြို့နယ်မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
သတင်း-ကျော်ကျော်
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရေနံစိမ်းဈေးနှုန်း တစ်စည်ဒေါ်လာ ၂၀၀ အတွက်ကြိုတင်ပြင်ဆင်ထားရန်ကမ္ဘာကြီးကို အီရန် သတိပေး
ရေနံဈေးနှုန်း တစ်စည်လျှင်အမေရိကန်ဒေါ်လာ ၂၀၀ အထိရှိလာမည့်အရေးအတွက် ကမ္ဘာကြီးအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အီရန်န်ိုင်ငံက မတ် ၁၁ ရက်တွင် သတိပေးလိုက်သည်။
အီရန်စစ်ဘက်က မတ်၁၁ရက်တွင် ပင်လယ်ကွေ့ဒေသရှိ ရေနံတင်သင်္ဘောများနှင့် ကုန်တင် သင်္ဘောများကို ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ထား သော မောင်းသူမဲ့ရေယာဉ်ငယ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်အီရန်၏ အထက်ပါသတိပေးချက် ပေါ်ထွက်လာ ခြင်းဖြစ်သည်။
အီရန်နိုင်ငံသည် မတ်၁၁ရက် တွင် ပင်လယ်ကွေ့ ရေပြင် ဒေသများ၌ ကုန်တင်သင်္ဘောနှင့် ရေနံတင်သင်္ဘောခြောက်စင်းတို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရေနံတင်သင်္ဘော နှစ်စင်းမီးလောင်နေပြီး အခြားကုန်တင်သင်္ဘောလေးစင်း ထိခိုက်မှုရှိခဲ့ရကြောင်းသိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ကဖေဖော် ဝါရီ ၂၈ရက်တွင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အရေးကြီးဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး ရေလမ်း ကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြားပိတ်ဆို့ခဲ့ ရပြီး ကမ္ဘာကြီးအနေဖြင့် ၁၉၇၀ပြည့် နှစ်နောက်ပိုင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်း တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
လက်ရှိပေါ်ပေါက်နေသော စွမ်းအင်အကျပ်အတည်းကို ကျော်ဖြတ်နိုင်ရေးအတွက် လက်ဝယပိုင်ဆိုင်ထားသော မဟာဗျူဟာအရန် ရေနံများထုတ်သုံးကြရန် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က ကမ္ဘာ့နိုင်ငံများကို အကြံပြုထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်းမှာ ဒေသတွင်း လုံခြုံရေးအပေါ်မူတည်နေသည်ဖြစ်ရာ ရေနံစိမ်း ဈေးနှုန်းများတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၂၀၀အထိရောက်လာမည့် အရေးအတွက် ကမ္ဘာကြီးအနေဖြင့် ပြင်ဆင်ထားရန်လိုကြောင်း အီရန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အထက်ပါစကားအရ အီရန်အစိုးရအနေဖြင့်လက်ရှိဖြစ်ပွားဆဲ စစ်ရေးပဋိပက္ခကြောင့် ပေါ်ပေါက်လာသောစွမ်းအင်အကျပ်အတည်း ကာလကြာမြင့်စေရန်ကြိုးပမ်းမည့် သဘောရှိကြောင့် လေ့လာသူများက သုံးသပ်ထားသည်။
တစ်ချိန်တည်းမှာပင် မိမိအနေဖြင့် အီရန်စစ်ပွဲကိုအဆုံးသတ်ဦးမည်မဟုတ်ဘဲ ရည်မှန်း ချက်များ ပြီးမြောက်သည်အထိ ရှေ့ဆက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။
ယင်းအပြင်လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဟော်မုဇ်ရေလက်ကြား ကိစ္စကို ဖိဖိစီးစီးကိုင်တွယ်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်ကပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဆွစ်ဇာလန်၌ ဘတ်စကားမီးလောင်၊ ခြောက်ဦးသေဆုံး
ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း ကာဇားစ်အမည်ရှိမြို့ငယ်တစ်မြို့၌ မတ် ၁၀ ရက်က ခရီးသည်တင်ဘတ်စကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံး၍ ငါးဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်ဘတ်စကား မီးလောင်ကျွမ်းမှုသည် တစ်စုံတစ်ဦး၏ ရာဇဝတ်မှု မကင်းသော လုပ်ဆောင်ချက်ကြောင့် စတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က သုံးသပ်ထားပြီး စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။
ခရီးသည်တင်ဘတ်စကား မီးလောင်မှုကြောင့်အနည်းဆုံး ခြောက်ဦးသေဆုံး၍ ငါးဦးဒဏ်ရာ ရခဲ့ပြီး သုံးဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဆွစ်ဇာလန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန် ထားသည်။
မီးလောင်မှုဖြစ်ပွားချိန်၌ အဆိုပါခရီးသည်တင်ဘတ်စကားပေါ်၌ လူပေါင်းမည်ရွေ့မည်မျှ လိုက်ပါလာသည်ကို ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိသေးချေ။
အဆိုပါခရီးသည်တင် ဘတ်စကားမီးလောင်မှုသည်သုံးလမပြည့်မီကာလအတွင်း ဆွစ်ဇာလန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော လူအသေအပျောက် များပြားသည့် ဒုတိယမြောက် မီးလောင်မှုဖြစ်သည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကရန်းစ်-မွန်တားနားအမည်ရှိ နှင်းလျှောစီးစခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာလူပေါင်း ၄၁ ဦး သေဆုံး၍ ၁၁၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
မတ် ၁၀ ရက် ဘတ်စကားမီးလောင်မှုဖြစ်စဉ်အတွက်တုန်လှုပ်ဝမ်းနည်းမှုကြောင့် ဆွစ်ဇာလန်သမ္မတ ဂိုင်းပါမီလင်က ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန် ရေမြုပ်မိုင်းချသင်္ဘော ၁၆ စင်းအမေရိကန်စစ်ဘက် တိုက်ခိုက်နှစ်မြှုပ်
ပါရှန်ပင်လယ်ကွေ့ဒေသ ဟော်မုဇ်ရေလက်ကြားအနီးတွင် ရေမြုပ်မိုင်းချသင်္ဘော ၁၆ စင်း အပါအဝင် အီရန်ရေတပ်သင်္ဘောများကိုအမေရိကန်စစ်ဘက်က မတ် ၁၀ ရက်တွင် တိုက်ခိုက်နှစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားဒေသ၌ အီရန်နိုင်ငံက ရေမြုပ်မိုင်းများ စချနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် အမေရိကန်စစ်ဘက်ကအီရန်ရေမြုပ်မိုင်းချ သင်္ဘောများ ကိုဟော်မုဇ် ရေလက်ကြားအနီး တိုက်ခိုက်နှစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေမြုပ်မိုင်းများချထားခဲ့ပါက ပြန်လည်ဖယ်ရှားပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖယ်ရှားခြင်း မရှိခဲ့ပါက စစ်ရေးအရ အရေးယူမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတ် ၁၀ ရက်တွင် ပြောကြားထားပြီးဖြစ်သည်။
အမေရိကန် မီဒီယာများ၏အဆိုအရ အီရန်နိုင်ငံသည် ပြီးခဲ့သည့်ရက်များအတွင်း ပါရှန် ပင်လယ်ကွေ့ဒေသ၌ ရေမြုပ်မိုင်းများ ချထားမှုကိုစတင် ပြုလုပ်လျက်ရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်သေးခြင်း မရှိကြောင်း သိရသည်။
ယင်းအပြင် အီရန်နိုင်ငံသည်ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရေးအတွက် အသုံးပြု နိုင်သော တိုက်ခိုက်ရေး ရေယာဉ်ငယ်များနှင့် ရေမြုပ်မိုင်းချသင်္ဘောအများစုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန် ထားသည်။
အမေရိကန်နှင့် အစ္စရေးတို့ကအီရန်နိုင်ငံအား စစ်ရေးအရ တိုက်ခိုက်မှုများကိုရပ်တန့် ပေးချိန်ထိတိုင် ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့ထားမည်ဖြစ်ကြောင်း အီရန်နိုင်ငံက ခြိမ်းခြောက်ထားသည်။
ဟော်မုဇ် ရေလက်ကြားကိုပိတ်ဆို့ရေးအတွက် အီရန်နိုင်ငံ၌ရေမြုပ်မိုင်း အလုံး ၂၀၀၀ မှ ၆၀၀၀အထိ လက်ဝယ်ရှိနေနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထား သည်။
ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့၊ အာရေးဗီးယန်းပင်လယ်တို့နှင့် ချိတ်ဆက်ပေး ထားသောဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ပုံမှန်ဖြတ်သန်းနေသော ကမ္ဘာ့အရေးကြီးဆုံးရေလမ်းကြောင်း ဖြစ်သည်။
ယင်းလမ်းကြောင်း ပိတ်ဆို့ခံခဲ့ရပါက ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ကာတာစသည့် ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့် သဘာ၀ဓာတ်ငွေ့များ ထွက် ပေါက်ပိတ်သွားနိုင်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
