Myitkyina News Journal
Відкрити в Telegram
The very first public own publication in Myitkyina, Kachin State and totally free and fair. Myitkyina News Journal will contain news and information on Kachin and Northern Shan State. Email: myityinanewsjournal@gmail.com www.myiktyinanewsjournal.com
Показати більшеКраїна не вказанаКатегорія не вказана
1 802
Підписники
-324 години
+447 днів
+35530 днів
Архів дописів
စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလဒ်အား အသိအမှတ်မပြုသည့်အပြင် တက္ကသိုလ်ဝင်ခွင့် လုံးဝပြုမည်မဟုတ်ကြောင်း ကချင်ဒေသ တက္ကသိုလ်ကျောင်းကောင်စီများ ထုတ်ပြန်
*****
ဧပြီ၊၅
စစ်ကောင်စီမှ ကျင်းပသည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်ကို ကချင်ပြည်နယ်ဒေသအတွင်းက အဆင့်မြင့်ပညာအဖွဲ့အစည်းများ အနေဖြင့် လုံးဝ အသိအမှတ်မည် မဟုတ်ကြောင်းနှင့် စစ်ကောင်စီ၏ စာမေးပွဲရလဒ်ဖြင့်လည်း တက္ကသိုလ်ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း ကချင်ဒေသ တက္ကသိုလ် ၊ ကောလိပ် ၊ သင်တန်းကျောင်း ကောင်စီများမှ ယနေ့ ဧပြီလ (၅) ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေညာသည်။
တက္ကသိုလ်ဝင်စာမေးပွဲ၏ အစဉ်လာအရ မေးခွန်းထုတ်ခြင်းမှ စပြီး အောင်စာရင်းပြုလုပ်သည်အထိ အဆင့်ဆင့်ကို လုပ်ငန်းကျွမ်းကျင်သည့် ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ကြသော်လည်း ယင်းတို့သည် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေကြခြင်းကြောင့် ယခုကျင်းပသည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် လုပ်ငန်းကျွမ်းကျင်မှု ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ် မရှိသည့် အာဏာရှင်ထောက်တိုင် ဝန်ထမ်းများနှင့် အကောင်ထည်ဖော်ထားခြင်း ဖြစ်တာကြောင့် စာမေးပွဲရလဒ်အား လက်ခံနိုင်စရာမရှိကြောင်းလည်း ဖော်ပြထားသည်။
ယခုကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အာဏာကို မတရားနည်းဖြင့် လုယူထားသည့် စစ်ကောင်စီက သူတို့၏ အုပ်ချုပ်ရေးအာဏာ အသက်ဝင်မှုကို ဖော်ပြရန်အတွက်သာ ပြန်ပြသက်သက် ပြုလုပ်သည့် စာမေးပွဲသာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါကြေညာချက် ကို ကချင်ဒေသအတွင်းက အဆင့်မြင့်ပညာဖွဲ့အစည်း (၁၀) ဖွဲ့ကနေ ပူးတွဲ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
မိုးညှင်းတွင် ပျဉ်ကားတစ်စီး တံတားဖြတ်ကူးစဉ် ကျိုးကျမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး
****
မတ်(၃၀)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ၊ နန့်ပုတ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း (၉) နာရီဝန်းကျင်ခန့်က ပျဥ်တင်ဆောင်လာသည့် ကားဖြတ်သန်းချိန် တံတားကျိုးကျပျက်စီးပြီးအမျိုးသား(၂)ဦး သေဆုံးသွားကြောင်း သိရသည်။
မိုးညှင်းမြို့ အနောက်ဖက်ခြမ်းနှင့် ဆက်သွယ်ထားသည့် နန့်ပုတ်ကျေးရွာရှိ နန့်ရင်းချောင်းကူးတံတား ကျိုးကျသွားခြင်းဖြစ်ပြီး မိုးညှင်းမြို့ ၊ သိမ်အင်းရပ်ကွက်နေ အောင်မြင့်ထွန်း နှင့် မောင်မြင့် ဆိုသူနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
"ဒီမနက် ၈ နာရီ ၄၅ လောက်က ပျဥ်တင်ထားတဲ့ကားဖြတ်လာချိန် တံတားကျိုးသွားတာ။ ရွာကတာဝန်ရှိသူကို မေးကြည့်တော့ သိမ်အင်းရပ်ကွက်က အောင်မြင့်ထွန်းနဲ့ မောင်မြင့် နှစ်ယောက်ဆုံးသွားတယ်တဲ့။အသက်အရွယ်က မသိရသေးဘူး။”ဟု ဒေသခံကဆိုသည်။
ကျိုးကျသွားသည့် အဆိုပါတံတားကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် မိုးညှင်းမြို့တွင် ကျဆုံးခဲ့ရသည့် ဦးဝင်းဆွေနဲ့ ကိုစိုးနိုင်ထွန်းတို့ (၁) နှစ်ပြည့်ပြီ
****
မတ်၊၂၅
စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မိုးညှင်းမြို့က ဦးဝင်းဆွေနဲ့ ကိုစိုးနိုင်ထွန်းတို့ ကျဆုံးခဲ့တာ ဒီကနေ့မှာဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ဦးဝင်းဆွေဟာ ၂၀၂၁ ခုနှစ် မတ်လ (၂၅)ရက်နေ့က မိုးညှင်းမြို့မှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်တော်လှန်ရေးအတွက် ချီတက်ဆန္ဒပြစဉ် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန် ကျဆုံးခဲ့တာဖြစ်ပါတယ်။
အဆိုပါသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းပြီးတဲ့နောက် သပိတ်စစ်ကြောင်းနဲ့ တစ်မိုင်ခန့်ကွာဝေးတဲ့ နေရာတွေအထိ ဆန္ဒပြ ပြည်သူတွေကို လိုက်လံပစ်ခတ်ခဲ့တာကြောင့် မိုးဒါစု ချောင်းတံတားအနီးမှာ ကိုစိုးနိုင်ထွန်းရဲ့ ဦးခေါင်းကိုကျည်ထိမှန်ခဲ့ပြီး နေရာမှာတင် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ကျဆုံးခဲ့တဲ့ထဲက ကိုစိုးနိုင်ထွန်းဟာ မြစ်ကြီးနား နည်းပညာတက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသားဖြစ်ပြီး မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။
ကိုစိုးနိုင်ထွန်း ကျဆုံးခဲ့ရတာဟာ နစ်နာဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီးတော့ အာဏာရှင်ဖြုတ်ချရေးအတွက် ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ မိုးညှင်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
" ရဲဘော်စိုးနိုင်ထွန်းကျဆုံးသွားခဲ့တဲ့အတွက်ကြောင့် ကျနော်တို့အတွက် ဆုံးရှုံးနစ်နာခဲ့ပါတယ်။ အသက်ကိုတောင်စွန့်ပြီး ပြည်သူနဲ့တသားတည်းရပ်တည်ခဲ့တဲ့ ရဲဘော်စိုးနိုင်ထွန်းအတွက် အမြဲလေးစားဂုဏ်ယူပါတယ်။ ကျနော်တို့ရဲဘော်ရဲဘက်တွေနဲ့အတူ ချမှတ်ခဲ့တဲ့ အာဏာရှင်စနစ်ကျရှုံးရေး၊ ခြေဥအပြီးတိုင်ဖျက်သိမ်းရေး၊ဒီမိုကရေစီအရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ရေး ဆိုတဲ့ရည်ရွယ်ချက်အတိုင်း ဆက်ပြီး တိုက်ပွဲဝင်နေမှာဖြစ်တယ်။ "လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့နောက်ပိုင်း ကချင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြသပိတ်တွေပေါ်ပေါက်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ် ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိမှန် သေဆုံးခဲ့ရသူ (၁၂)ဦးထိရှိခဲ့ပြီ ဖြစ်ပါတယ်။
မြစ်ကြီးနား Pat Jasan အဖွဲ့က ဆိုင်ကယ်ပျောက်ဆုံးမှုများ ကူညီရှာဖွေပေးနေ
******
မတ်၊၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan)အနေဖြင့် ဆိုင်ကယ် ပျောက်ဆုံးသွားသည့် ပြည်သူများအတွက် ရှာဖွေကူညီ ဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးသုံးစွဲသည့် သူများက ဆိုင်ကယ် အရောင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့် ဆိုင်များတွင် ပေါင်နှံထားခြင်းများရှိသည်ကို ၎င်းတို့ အနေဖြင့် လိုက်လံ ကူညီရှာဖွေခဲ့ရာ လက်ရှိ ဆိုင်ကယ်(၇)စီးကို ပိုင်ရှင်များထံ အပ်နှံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆပ်ကပ်ပါဝင်နေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
" ပေါင်ထားတဲ့ ဟာတွေပေါ့။ မူးယစ်ဆေးဝါးသုံးတဲ့ သူတွေ ဆီကနေပေါ့။ (၇)စီးလောက်ရှိတယ်။ ဆိုင်ကယ်ဆိုင်တို့ ကွမ်းယာဆိုင်တို့မှာ ပေါင်ထားကြတယ်။ ကျွန်တော်တို့က အခကြေးငွေမယူဘဲနဲ့ ကူညီပေးတာ။ တစ်လကျော်လောက် လိုက်လိုက်ရတယ်။ ဒီဆိုင်ကယ်(၇)စီး ပြန်ရဖို့။ အခုက ပိုင်ရှင်တွေ ယူသွားကြပြီ။ အကူအညီ လာတောင်းတဲ့သူတွေကို ဆက်လက်ကူညီသွားမယ်။ "ဟု ၎င်းက ဆိုသည်။
၎င်းတို့ အနေဖြင့် အကူအညီတောင်းလာသည့် ပြည်သူများအတွက် အခကြေးငွေမယူဘဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လ ထောင်ဒဏ် (၂ ) နှစ်ချမှတ်ခံရ
******
မတ်၊ ၂၃
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုခံထားရသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအမ်ကောန်လအား စစ်ကောင်စီ၏ နေပြည်တော်မြို့နယ် ၊ ဇမ္ဗူသီရိ တရားရုံးမှ ယနေ့ မတ်လ (၂၃) ရက်တွင် ထောင်ဒဏ် (၂ ) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒေါက်တာအမ်ကောန်လအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က နေပြည်တော်ရှိ သူ၏ ဆေးခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက အရပ်ဝတ်များနှင့် လာရောက် ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ အမ်ကောန်လည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအား သူ၏ Facebook စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားလေ့ရှိပြီး တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်း One Belt One Road Initiative အရေးနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့ပြီးသည့်နောက် ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဒါ့အပြင် ဒေါက်တာအမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF) အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းမှ နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတအရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားလေ့ရှိသူလည်း ဖြစ်သည်။
ဒေါက်တာအမ်ကောန်လ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။
ဓါတ်ပုံ- KNC page
တောတောင်ထဲတွင် စစ်ဘေးရှောင်နေရသည့် ဆွမ်ပီယန်နှင့် အင်စီယန် ဒေသခံများ နေရပ်ပြန်ပြီ
***
မတ်၊၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာ နဲ့ အင်စီယန်ကျေးရွာက တိုက်ပွဲရှောင်နေရသည့် ဒေသခံပြည်သူများ မိမိတို့နေရပ်ဒေသကို ပြန်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသခံများမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွါးခဲ့သောကြောင့် ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာမှ မနေ့က မတ်လ (၂၂) ရက် နံနက် (၈) နာရီအချိန်တွင် မိမိတို့နေရပ်ကို ပြန်နိုင်ခဲ့ကြောင်း အင်စီယန်ကျေးရွာနေ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
" မနေ့က (၈) နာရီမှာ ပြန်ပြီ။ အင်စီယန်ရွာနဲ့ ဆွမ်ပီယန်ရွာအားလုံးပေါ့။ PCG နဲ့ အသင်းတော်တို့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ မနေ့က (၈) နာရီမှာ ပြန်ပြီ။ ဘာတွေညှိနှိုင်းတယ်ဆိုတာတော့ မသိဘူး" လို့ ဒေသခံက ဆိုပါတယ်။
ညှိနှိုင်းဆောင်ရွက်မှုအပေါ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) ဥက္ကဌ ဦးလမိုင်ဂွမ်ဂျာကို မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားသည်။
" အဲ့ဒီကိစွနဲ့ပက်သက်ပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့က စပြီး ဆွမ်ပီယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ကတည်းကနေပြီးမှ ရွာသူရွာသားတွေ စိုးရိမ်ကြောင့်ကြမှုနဲ့ တောတောင်တွေမှာ ခိုလှုံနေတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရတယ်။ ဒီနေ့နဲ့ဆို တစ်လကျော်ရှိပြီပေါ့နော်။ တချို့ကျတော့ ပူတာအိုမှာ တိမ်းရှောင်တယ်။ တချို့ကြတော့ မြစ်ကြီးနားမှာ တိမ်းရှောင်တယ်။ မြို့ပေါ်မှာတိမ်းရှောင်တဲ့သူတွေက အဆင်ပြေတာပေါ့နော်။ ဒါပေမယ့် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကျတော့ စားရေးသောက်ရေး နေရေးထိုင်ရေး ခက်ခဲနေတာကို နေ့စဉ်နဲ့အမျှ သတင်းမှာတွေလည်း ကြားသိနေရတယ်။ ပြီးတော့ အိမ်ဆိုတာ တစ်ပတ် နှစ်ပတ်ပစ်ထားရင်တောင် ဆွေးမြေ့တတ်တယ်ပေါ့နော်။ ဒါကြောင့်ပြန်လာနိုင်အောင် သက်ဆိုင်ရာ အစိုးရနှစ်ဖက်စလုံးကို ညှိနှိုင်းပေးတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ မြှောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စာထည့်တဲ့ အချိန်မှာ လက်ခံပေးလို့ မနေ့က မတ်လ (၂၂) ရက်နေ့မှာ ပြန်လာနိုင်တာ ဟုတ်တယ်" ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
လက်ရှိအချိန် ရွာအတွင်း စစ်ကောင်စီမှ တပ်စွဲနေထိုင်ခြင်း မရှိသော်လည်း တပ်စွဲနေထိုင်စဉ်က နေအိမ်များအတွင်းရှိ ပစ္စည်းများအား မွှေနှောက်ထားပြီး လမ်းမပေါ် ဖြန့်ကြဲထားကာ ၎င်းတို့ ကြိုက်နှစ်သက်သည့် ပစ္စည်းများအား စိတ်ကြိုက် သယ်ဆောင်သွားကြောင်းလည်း သိရသည်။
" အိမ်ပြန်ရလို့ ပျော်တော့ ပျော်တာပေါ့။ ဒါ့ပေမယ့် တစ်ကယ်တမ်း ကိုယ့်အိမ်ရာက်တော့ ဘာမှမရှိတဲ့ ခါကျတော့ စိတ်မကောင်းဘူး။ အားလုံးက အသစ်ပြန်တည်ထောင်ရမယ့် အနေအထားဖြစ်နေတယ်။ ဘာမှမရှိတဲ့ခါကျတော့ စိတ်က ဝမ်းနည်းတာပေါ့" ဟု အထက်ပါ ဒေသခံတစ်ဦးက ဆိုသည်။
အင်စီယန်ကျေးရွာနှင့် ဆွမ်ပီယန်ကျေးရွာတွင် အိမ်ခြေ (၂၀၀) ကျော်ရှိပြီး မနေ့က မတ်လ (၂၂) ရက်နေ့တွင် (၂) ရွာပေါင်း အိမ်ခြေ (၁၄၀) အနေဖြင့် မိမိနေရပ်ကို ပြန်လာနေထိုင်နေပြီဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်သူများအနေဖြင့်လည်း နေရပ်ပြန်လာရန်အတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။
လယ်ကုန်းရပ်ကွက် အုပ်ချူပ်ရေးမှူးရုံး မီးလောင်ပျက်စီး
***************
မတ်၊၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းဖြင့်ဖောက်ခွဲခံရပြီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
"ဒီမနက် ၅ နာရီလောက်မှာပေါ့။ မိုင်းသံနှစ်ချက် အရင်ကြားတယ်။ အဲဒီနောက်မှ ရုံးက အကုန်မီးလောင်သွားတာ။မီးသတ်ကားတောင် မနိုင်ဘူး။ လူတော့ ထိခိုက်တာ မရှိပါဘူး " ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောသည်။
မတ်လ(၂)ရက်နေ့တွင် လည်းမြစ်ကြီးနားမြို့က စစ်ကောင်စီခန့် ရွှေညောင်ပင်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။
မခေါတီ ကျေးရွာ မလိခ မြစ်ပေါ် တွင် တရုတ်လုပ်ငန်းရှင်များ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှု ပိုမိုဆိုးရွားလာ။
ဆွမ်ပရာဘွမ်တွင် ပိတ်မိနေသည့် ယာဉ်များအား ယနေ့နံနက်မှ စတင်ဖြတ်သန်းခွင့်ပြု
***
မတ်၊၃
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မြို့တွင် ပူတာအိုဘက်သို့ သွားရန် စောင့်ဆိုင်းနေသည့် ယာဉ်အစီး(၁၀၀)ဝန်းကျင်ကို ယနေ့နံနက် (၈)နာရီ အချိန်၌ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာသည့် စက်သုံးဆီယာဉ်၊ ကုန်တင်ယာဉ်သာမက ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီး (၁၀၀) ဝန်းကျင်နှင့် လူအယောက်(၂၀၀) ဝန်းကျင်ကို စစ်ကောင်စီတပ်ပေါင်းစုက မဖြတ်ခိုင်းသောကြောင့် စောင့်ဆိုင်းနေရာမှ ယနေ့ ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထဲမှ အချို့ ခရီးသည်များသည် စောင့်ဆိုင်းနေရသည်မှာ (၁)ပတ်ဝန်းကျင် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ဆွမ်ပရာဘွမ်ဂိတ်မှ ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မူလာရှီးဒီးဂိတ်တွင် ထပ်မံ၍ စောင့်ဆိုင်းရမည်ဟု ကြားသိနေရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
"ဒီမနက်(၈)နာရီကနေ ဖြတ်ခိုင်းပြီ။ မနေ့က မဖြတ်ခိုင်းတာက ဘာအကြောင်းပြချက်နဲ့တော့ မသိဘူး။ ဆွမ်ပရာဘွမ် ဂိတ်မှာ ပိတ်တာ။ မူလာရှီးဒီဂိတ်မှာရော မဖြတ်ခိုင်းဘူး။ ကားရော၊ ဆိုင်ကယ်ရော။ အဲဒီမှာ ရော တစ်ခါ ရောက်ရင် ဘယ်လို ဖြစ်မလဲ မသိသေးဘူး။ မနက်ဖြန်လောက်မှ ကျော်လို့ရမယ်လို့ ပြောတယ်"ဟု ၎င်းက ဆိုသည်။
ပူတာအိုမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ အကြား ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲဖြစ်ပွါးနေပြီး မြို့အဝင်ဂိတ်များ ပိတ်ထားခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေပြီး အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်နေခြင်း ဖြစ်သည်။
ဖားကန့်တွင် အသက် (၃၉) နှစ်အရွယ် CDM အမျိုးသားတစ်ဦး ပစ်သတ်ခံရ
******
မတ်၊၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက် ညောင်ပင်ကုန်းအနီးတွင် ဆိုင်ကယ်စီးလာသည့် အသက်(၃၉)နှစ်အရွယ် အမျိုားတစ်ဦး ယနေ့ ညနေ(၃)နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ယင်းအမျိုးသားသည် ၎င်း၏ အမျိုးသမီးနှင့် ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့် ဦးခေါင်းတွင် နှစ်ကြိမ် ပစ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
၎င်းသည် ယခင်က အေးမြသာယာရပ်ကွက်ရုံးတွင် ရုံးအကူအဖြစ် လုပ်ကိုင်ခဲ့ပြီး CDMလုပ်နေသည့်သူ ဖြစ်သောကြောင့် ဗျူစောထီးများက ပစ်သတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
"သူတို့က သောင်းချိုမှော်မှာ နေတာ။ သူ့ အမျိုးသမီးနဲ့ ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရတာ။ ခေါင်းမှာ (၂)ခါထိတာ ။ ဖားကန့် သွားတဲ့ လမ်းမှာ ဟုတ်တယ်။ သူ့ အမျိုးသမီးတော့ ဘာမှ မဖြစ်ဘူး။ အရင်က အေးမြသာယာ ရပ်ကွက်ရုံးမှာ ရုံးအကူအနေနဲ့လည်း လုပ်ဖူးတယ်။ အခုက အကုန် CDMဝင် တော့ပိတ်ထားလို့ သူက အေးဆေးနေနေပြီ။ သူက ဒလန်တော့ မဟုတ်ဘူး။ ဗျူစောထီးတွေ သတ်တာ ဖြစ်နိုင်တယ်"ဟု ၎င်းက ဆိုသည်။
၎င်းကို ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဆွမ်ပရာဘွမ်မြို့တွင် မြစ်ကြီးနားမှတက်လာသည့် ယာဉ်များအား စစ်ကောင်စီဂိတ်မှ ဖြတ်သန်းခွင့်မပြု
****
မတ်၊၂
မြစ်ကြီးနား- ပူတာအို သွားလမ်းပေါ်က ဆွမ်ပရာဘွမ် မြို့တွင် မြစ်ကြီးနားမှ တက်လာသည့် ယာဉ်အစီး(၁၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်ပေါင်းစုက မဖြတ်ခိုင်းသောကြောင့် စောင့်ဆိုင်းနေရကြောင်း သိရသည်။
စက်သုံးဆီယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်(၁၀၀) ဝန်းကျင်နှင့် လူအယောက်(၂၀၀) ဝန်းကျင် စောင့်ဆိုင်းနေရပြီး တချို့ ခရီးသည်များက စောင့်ဆိုင်းနေရသည်မှာ (၁)ပတ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
"ဆွမ်ပရာဘွမ်မှာ ကားအစီး(၁၀၀)လောက် မဖြတ်ခိုင်းဘူး။ ဆီကားရော၊ ကုန်တင်ကားရော၊ ခရီးသည်ယာဉ်ရော ပါတယ်။ လူအယောက်(၂၀၀)လောက်ရှိမယ်။ စစ်ကောင်စီ တပ်ပေါင်းစုက မဖြတ်ခိုင်းတာ။ တချို့ဆို တစ်ပတ်လောက်ရှိပြီ။ ဒီနေ့ မြစ်ကြီးက တက်လာတဲ့သူတွေရောပဲ အခု လမ်းမဖြတ်ခိုင်းပဲ နေနေကြရတယ်"ဟု ၎င်းက ပြောသည်။
မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းသို့ သွားလာမည့် စက်သုံးဆီ၊ ကုန်တင်ယာဉ်များ မတ်လ(၂)ရက်နေ့မှ စ၍ သတ်မှတ်ထားသည့် မနက်(၆)နာရီမှ ညနေ(၅)အတွင်း ဖြတ်သန်းသွားလာခွင့်ပြုပြီ ဖြစ်ကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ ပေးထုတ်ပြန်လိုက်သောကြောင့် ယနေ့ မြစ်ကြီးနားမှ တက်လာသည့် ယာဉ်အများအပြားလည်း ပိတ်မိနေကြောင်းလည်း သိရှိရသည်။
ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်ပေါင်းစုမှ မည်သည့် အကြောင်းကြောင့် ဖြတ်သန်းသွားလာခွင့်မပြုကြောင်းကို မသိရှိရကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
ပူတာအိုမြို့နယ်တွင် စစ်ကောင်စီနှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေပြီး အင်စီယန်နှင့် ဆွမ်ပီယန်ကျေးရွာ၊ရှိန်ကပ်တောင်အနီး စစ်ကောင်စီတပ်က ယမန်နေ့ နေ့လယ် (၂) နာရီခွဲ ဝန်းကျင်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
