cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Genius Doctor

မြန်မာဘာသာပြန်

Больше
Рекламные посты
329
Подписчики
Нет данных24 часа
+67 дней
+2030 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

၃၀၅။ ဝိညာဉ်အပြောင်းအလဲလုပ်ခြင်း - ၃ ဒီကြောင်က စကားပြောနိုင်တယ်လား။ ပြီးတော့ ဂျန်ရှီရဲ့ အသံနဲ့ တစ်ထပ်တည်းပဲ။ ချောင်းချူက ထိုင်ခုံပေါ်မှ ပြုတ်ကျမလို ဖြစ်၍ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ ဟွာယောင်းလည်း အကောင်းကြီးတော့ မဟုတ်ပေ။ သူက ခဲ့စန်ကျွီပုံစံ ပြောင်းထားသည်မို့ သူ့အမူအရာက ပိုလို့ပင် ရုပ်ဆိုးသွားရသည်။ “ရှီလေးလား” ချောင်းချူ၏ တုန်လှုပ်နေသည့် မျက်နှာက အတော်ကြာ အေးခဲသွားသည်။ ထို့နောက် သူ့အသံကို ပြန်နားထောင်၍ ကပျာကယာ မေးသည်။ “ဟမ်” ကြောင်နက်လေးက အခိုင်အမာ ပြန်ပြောသည်။ ချောင်းချူက စိတ်ထဲတွင် အော်ဟစ်နေမိသည်။ “အကိုဟွာ, ငါ့ကို တစ်ကြိမ်လောက် ရိုက်စမ်းပါ၊ ငါ အိပ်မက် မက်နေသလားလို့” ချောင်းချူ စိတ်လွတ်သွားသည်။ ဟွာယောင်းက ထိုဖိတ်ခေါ်ခြင်းကို အားရဝမ်းသာ လက်ခံလိုက်ပြီး အားကုန်သုံး၍ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ဖြန်းခနဲ အသံက နောက်ဘက် တောင်ထွတ်ပေါ်မှပင် ကြားနိုင်လောက်သည်။ “နာသလား” ဟွာယောင်းက အားနာသလိုလို မေးသည်။ သူက လက်စား ချေလိုက်ရလို့ နေထိုင်ရကောင်းသွားသည်။ ချောင်းချူက နီမြန်း၍ ပူထူသွားသည့် သူ့မျက်နှာကို လက်ဖြင့် အုပ်ကြည့်သည်။ အော်ငိုသံကြီးဖြင့် သူက ပြောသည် “တကယ် နာတယ်ဟ.....” ကြောင်နက်လေးက... မဟုတ်ပေ, တိတိကျကျ ပြောရလျှင်, ကြောင်နက်လေး၏ ခန္ဓာကိုယ်ကို ယူဆောင်ထားသည့် ဂျန်ဝုရှီက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ချောင်းချူနှင့် ဟွာယောင်း၏ ဟာသလုပ်ရပ်ကို လေ့လာကြည့်နေသည်။ သူ့မျက်လုံးများက တည်ငြိမ်နေသည်။ မည်သည့် ခံစားချက် အရိပ်အယောင်ကိုမျှ ပြသမနေ။ သူမဝိညာဉ်နှင့် ကြောင်နက်လေး၏ ဝိညာဉ်ကို ခန္ဓာကိုယ်ချင်း ပြောင်းလဲထည့်ပေးနိုင်တာကို မည်သူမျှ မသိရှိပေ။ သူတို့ကို ပေါင်းစပ်ပြီးနောက်, သူတို့နှစ်ဦး၏ ဝိညာဉ်များကို ပြောင်းလဲနိုင်ကြောင်း သူမ သတိပြုမိခဲ့သည်။ သို့သော် အန္တရာယ်လည်း ရှိနေသည်။ ကြောင်နက်လေး၏ ဝိညာဉ်က ဂျန်ဝုရှီ၏ ခန္ဓာကိုယ်ကို ထိန်းမထားနိုင်ပေ။ သူမအပိုင် ခန္ဓာကိုယ်က အန္တရာယ်ကြီးမားနိုင်သည်။ တစ်စုံတစ်ယောက်က ဝိညာဉ်ကူးပြောင်း ထားစဉ်အတွင်း သူမခန္ဓာကိုယ်ကို ထိခိုက်နာကျင်စေခဲ့လျှင်, သူမက ကာကွယ်လို့ မရနိုင်ပေ။ ထို့ပြင် ဝိညာဉ်ကူးပြောင်းထားစဉ်အတွင်းမှာ ဂျန်ဝုရှီက ကြောင်နက်လေး၏ ခန္ဓာကိုယ်ကို အနက်ရောင်သားရဲကြီး အသွင်သို့ မပြောင်းနိုင်။ ထို့ကြောင့် ဝိညာဉ်ကူးပြောင်းခြင်းက ကြောင်နက်လေးအတွက်ရော သူမအတွက်ပါ အန္တရာယ်ကြီးမားလွန်းသည်။ ဝိညာဉ်ကူးပြောင်းခြင်းကို ခန္ဓာကိုယ်နှစ်ခုစလုံး အပြည့်အဝနှင့် အပြည့်အစုံရှိပါမှ လုပ်ဆောင်နိုင်သည်။ သူမ ပြန်လည်မွေးဖွားခဲ့စဉ်မှာ, ဂျန်ဝုရှီ၏ ခန္ဓာကိုယ်က အပြင်းအထန် ပျက်စီးခဲ့သည်။ သို့အတွက် သူမက ဝိညာဉ်ကူးပြောင်းခြင်းကို မလုပ်နိုင်ခဲ့။ ကြောင်နက်လေး၏ ဝိညာဉ်က လူသားခန္ဓာကိုယ်ကို ကြာရှည် ထိန်းမထားနိုင်။ ကြောင်နက်လေး၏ ဝိညာဉ်က လူသားခန္ဓာကိုယ်နှင့် အတူတူ သေဆုံးသွားနိုင်သည်။ ထို့ပြင် ဂျန်ဝုရှီသည်လည်း သူမတစ်သက်လုံး ကြောင်နက်လေး၏ ခန္ဓာကိုယ်မှာ ပိတ်မိသွားနိုင်ပြီး ပြန်လည် ကူးပြောင်းလို့ မရ ဖြစ်သွားနိုင်သည်။ သည်တစ်ကြိမ်တွင် ဂျန်ဝုရှီက ချောင်းချူအား ယုံကြည်မှုကို အခြေခံပြီး လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့က အကြာကြီး ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ကြသော်လည်း သည်အတောအတွင်းမှာတော့ အချင်းချင်း အတုံ့အလှယ်ရှိနေလို့ ပူးပေါင်းထားစဉ် သူတို့နှစ်ယောက်ကို ယုံကြည်နိုင်ကြောင်း သူမ သိထားသည်။ မည်သို့ပင် ဖြစ်စေ, သူမက ဝိညာဉ်ကူးပြောင်းခြင်းက အန္တရာယ်ရှိကြောင်းကိုတော့ ပြောပြဖို့ ရည်ရွယ်မထား။ သူတို့ကို တခြားအကြံအစည်များ ဖြစ်ပေါ်လာမှာ စိုးလို့ ဖြစ်သည်။ ထို့ပြင် သူမအား သည်နေရာမှာ ထိခိုက်စေပါက သူတို့အတွက် မည်သို့မျှ ကောင်းကျိုးဖြစ်ပေါ်မလာနိုင်ပေ။ ဂျန်ဝုရှီက လှုပ်ရှားဆောင်ရွက်ချက်တိုင်းကို သတိထားကာ စေ့စေ့စပ်စပ်ဖြင့် အထပ်ထပ် စဉ်းစားဆင်ခြင်ပြီးမှ လုပ်ဆောင်ခဲ့သည်။ သေချာပြီဆိုမှသာ သူမက လှုပ်ရှားသည်။ သူမ၏ တည်ငြိမ်အေးဆေးမှုက ချောင်းချူနှင့် ဟွာယောင်းကို ပြောစရာစကား လုံးဝ ကင်းမဲ့စေသည်။ ကြောင်နက်လေးက လက်စွပ်ဝိညာဉ်မဟုတ်သော်လည်း, လူသားဝိညာဉ်နှင့် ရောနှောပေါင်းစပ်နေသည်။ ဝိညာဉ်ကူးပြောင်းခြင်းကို မည်သူမျှလည်း မလုပ်ဆောင်နိုင်ကြချေ။ ဂျန်ဝုရှီ၏ လုပ်ဆောင်ချက်က ချောင်းချူနှင့် ဟွာယောင်း၏ လောကအသိအမြင်ကို ပြောင်းလဲစေသည်။ အတော်ကြာကြာ မသက်မသာဖြင့် တိတ်ဆိတ်နေပြီးမှ ဟွာယောင်းက နောက်ဆုံးတွင် ပြန်လည် အသိဝင်လာပြီး ကြောင်နက်လေးကို စူးစိုက်ကြည့်လိုက်သည်။ သူက ကြောင်နက်လေးကို ဂျန်ရှီလို စကားပြောရမှာက တကယ်ပင် ခက်ခဲစေသည်။ “မင်းက ချင်ယွဲ့ ပြောမဲ့ စကားတွေကို နားထောင်ချင်တာလား” ဟွာယောင်းက မေးသည်။ ကြောင်နက်လေးက ခေါင်းညိတ်ပြသည်။ သူ့ပုံစံက တင့်တယ်ကာ ကျက်သရေရှိနေသည်။ “ချင်ယွဲ့ရဲ့ ခဲ့စန်ကျွီအပေါ် သည်းခံနိုင်တဲ့ ပမာဏကို ငါ သိချင်တယ်” အနေအထား ပြောင်းလဲသွားပြီမို့, ခဲ့စန်ကျွီ၏ မူလဇာစ်မြစ်ကို သူမက အပြည့်အဝ အသုံးချချင်သည်။
Показать все...
“ငါ နားလည်ပြီ’’ဟွာယောင်းက နားလည်သွားသည်။ ခဲ့စန်ကျွီ၏ ချင်ယွဲ့နှင့် တွေ့ဆုံခြင်းက တတိယလူကို ခွင့်ပြုလို့ မရ။ သို့သော် ကြောင်နက်လေး ရှိနေတာက, ချင်ယွဲ့ မည်မျှလောက်ပင် သတိထားပါစေ, သူ သံသယဝင်မည် မဟုတ်။ လူသားဝိညာဉ်က တိရစ္ဆာန်ဝိညာဉ်နှင့် ပြောင်းလဲနိုင်မှန်း မည်သူမျှ မသိကြသည် မဟုတ်လော။
Показать все...
၃၀၄။ ဝိညာဉ် အပြောင်းအလဲ လုပ်ခြင်း - ၂ ‌ချောင်းချူက ပျောက်ကွယ်သွားသည့် ဂျန်ဝုရှီ၏ ကျောပြင်ကို စူးစိုက်ကြည့်နေရင်း ပြောစရာ စကားကင်းမဲ့သွားရသည်။ ဂျန်ဝုရှီ၏ ရုတ်တရက် ထွက်ခွာသွားခြင်းကြောင့် သူ့လက်က လေထဲမှာ ရပ်တန့်လို့ နေသည်။ ဂျန်ဝုရှီ၏ အခန်းထဲ မဝင်ရန် တားမြစ်ခံရတာကို သူ လက်ခံသည်။ သို့သော် အနည်းဆုံးတော့ သူက ကြောင်ကို ချန်ထားခဲ့ရမည် မဟုတ်လော။ ဂျန်ရှီက သူ့အခန်းထဲ ဝင်ခွင့်မပြုလျှင် သူက မည်သို့ ကြောင်နက်လေးကို ဟွာယောင်းဆီ ပို့ပေးရမည်နည်း။ အနည်းဆုံးတော့ သူ မထွက်သွားခင် ရှင်းရှင်းလင်းလင်း ပြောပြခဲ့သင့်သည် မဟုတ်လော။ နောက်နေ့ မနက် အရုံတက်တွင်, ချောင်းချူက အိပ်ကောင်းတုန်း, တံခါးကို ပြင်းပြင်းထန်ထန် ကုတ်ခြစ်သံကြောင့် သူ နိုးထလာသည်။ တံခါးကို ဒေါသတကြီး ဖွင့်လိုက်လျှင်, ချောင်းချူက သူ့ရှေ့မှာ ကြောင်နက်လေးအား အပြစ်ကင်းဟန်ဖြင့် ထိုင်နေတာကို တွေ့လိုက်သည်။ “မင်းသခင်က မင်းကို ဒီ လာခိုင်းလိုက်တာလား” ချောင်းချူက ကောင်းကင်ကို မော်ကြည့်လိုက်လျှင် အရှေ့ဖက်တွင် အလင်းရောင်က ထွက်ခါစပင် ရှိသေးသည်။ တပည့်များအားလုံး၏ အခန်းတံခါးအားလုံးက ပိတ်လျက်သားပင် ရှိကြသေးသည်။ သူတို့က အိပ်မက် မက်လို့ ကောင်းတုန်းပင် ရှိကြသေးသည်။ ကြောင်နက်လေးက မျက်မှောင်ကြုတ်သွားသည်။ မနေ့ညက ကြောင်လေး၏ သူ့အား မနှစ်မြို့ဖွယ် အမူအရာက ပျောက်ကွယ်သွားပုံရသည်။ သို့သော် ‌အေးစက်စက် အမူအရာက အစားထိုးလာသည်။ ချောင်းချူက ကြောင်နက်လေးအား ကောက်ချီရန် ကိုယ်ကို ကိုင်းလိုက်သည်။ သူက ကြောင်နက်လေး၏ အေးစက်ပြီး တည်ငြိမ်သည့် မျက်လုံးများကို တွေ့မြင်၍ သူ့အောက်ပိုင်းကိုယ်ကို နှိမ့်ချလိုက်သည်။ ထို့နောက် ရုတ်တရက် သူ အမြင်တစ်မျိုး ဖြစ်လာသည်။ သူ့ရှေ့တွင် ရပ်နေသည့် ကြောင်နက်လေးက ကြောင်နက်လေးမဟုတ်ဘဲ ဂျန်ရှီကိုယ်တိုင်လို မြင်မိသည်။ ဒီမျက်လုံးတွေက တစ်ထေရာတည်းပဲ။ ထိုမျက်လုံးများကို ကြည့်မိရင်း ချောင်းချူက ရုတ်တရက် ကောက်ချီဖို့ သတ္တိမရှိတော့ချေ။ ကြောင်နက်လေးကို ကောက်ချီတာက ဂျန်ရှီကို ကောက်ချီသလို သူ ခံစားမိလာသည်။ ကြောင်နက်လေးက သည်တစ်ကြိမ်တွင် သူ့လက်သည်းများကို ထုတ်မပြတော့ပေ။ သို့သော် ချောင်းချူဘေးသို့ ကြွားကြွားရွားရွား လျှောက်လှမ်းလာပြီး ချောင်းချူ၏ ပခုံးပေါ်သို့ အသာအယာ ခုန်တက်လိုက်သည်။ ကြောင်နက်လေး၏ ပြောင်ချောနေသည့် အမွှေးများက သူ့ပခုံးကို သက်သောင့်သက်သာ ဖြစ်စေသည်။ “ဘယ်လို မြင်ကွင်းမျိုးလဲ၊ ဘာလို့ ငါက မင်းကို မင်းသခင်လို တစ်ထပ်တည်း ခံစားနေရတာလဲ” ဒီမျက်လုံးတွေက, ဒီစရိုက်က သူ့သခင်နဲ့ အစားထိုးသလိုပါပဲလား။ ကြောင်နက်လေးက ညကနှင့် မတူသလို သူ ခံစားနေရသည်။ သူက သူ့သံသယကို ရှင်းလင်းဖို့ အချိန်မရပေ။ ချောင်းချူက အရုံမလင်းခင် မှောင်နေတုန်း ဟွာယောင်း၏ ဌာနသို့ သွားသည်။ ဟွာယောင်းက အိပ်ကောင်းတုန်းပင် ရှိသေးသည်။ ထိုစဉ် ကျယ်လောင်သည့် တံခါးဖွင့်သံကြောင့် ရုတ်တရက် သူ နိုးထလာသည်။ သူ ချက်ချင်း ထ၍ ပိတ်ထားသည့် ပြူတင်းပေါက်ကို ကျော်ဝင်လာသည့် ချောင်းချူကို ဒေါသတကြီး ကြည့်လိုက်သည်။ “အကိုဟွာ, မောနင်း” ချောင်းချူက သူ့ကိုယ်ပေါ်တွင် တင်နေသည့် နှင်းစက်များကို ခါချရင်း မောနင်းလိုက်သည်။ သူ့အင်္ကျီများက သူ လက်ရှိ အတော် တန်ဖိုးထားသည့် အင်္ကျီများ ဖြစ်သည်။ ဟွာယောင်းက သူ့နားသယ်များကို ဖိနှိပ်ကာ ထားရသည်။ သူက ခေါင်းကိုက်သလို ခံစားလာရသည်။ သူက သူ့ရှေ့မှ အကောင်ကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ သူက ရိုးရိုး လူတွေလို မလုပ်သင့်ဘူးလား၊ လူတွေက တံခါးခေါက်ကြတယ်လေ။ ဟွာယောင်းက ဒေါသကို မျိုသိပ်လိုက်သည်။ သူ့မျက်လုံးများက ချောမွေ့တောက်ပြောင်နေသည့် ကြောင်နက်လေးဆီ ရောက်သွားသည်။ ချောင်းချူက ပြူတင်းပေါက်ကို ချိုးဖောက်နေစဉ်မှာ, ကြောင်နက်လေးက သူ့ပခုံးပေါ်မှ ခုန်ချ၍ အသာအယာ စားပွဲပေါ်သို့ တက်သွားသည်။ ကြောင်နက်လေးက အခု တိုက်ရိုက်ပင် ဟွာယောင်းနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ ဟွာယောင်းက အိပ်ရာပေါ်မှာ ထိုင်နေတုန်းပင် ရှိသည်။ “ဒါက....” ဟွာယောင်းက သာမန်မဟုတ်ဘဲ တည်ငြိမ်နေသည့် ကြောင်နက်လေးကို ကြည့်လိုက်သည်။ ချောင်းချူက ထိုင်ခုံပေါ်တွင် ပစ်ထိုင်လိုက်ပြီး ပြုံးလျက် ပြောသည် “ရှီလေးက သူ့ကို ယူလာခဲ့ဖို့ ပြောလိုက်တာ၊ အကိုဟွာ ချင်ယွဲ့နဲ့ စကားပြောနေတုန်း ကြောင်နက်လေးကို ခေါ်ဆောင်ထားဖို့ သူ ပြောထားတယ်၊ ကြောင်နက်လေး ခေါ်ထားခိုင်းတာ ဘာ အဓိပ္ပါယ်လဲ” သည်တစ်ကြိမ်တွင် ဟွာယောင်းသည်ပင် ခေါင်းရှုပ်သွားသည်။ သူ၏ လျင်မြန်ဖျတ်လတ်သည့် ဉာဏ်သည်ပင် အကျပ်ရိုက်သွားသည်။ တွေ့ဆုံနေစဉ် ကြောင်နက်လေးကို ခေါ်ထားခိုင်းခြင်း၏ အကြောင်းပြချက် ကောင်းကောင်းကို သူ မတွေးတတ်တော့ပေ။ တခြား ဘာမျှ မပြင်ဆင်ဘဲ, ကြောင်ကိုပဲ ခေါ်ထားရမှာလား။ ဟွာယောင်းက စဉ်းစားရခက်နေစဉ်, ကြောင်လေးက သူတို့ကို အေးစက်စွာ စူးစမ်း ကြည့်နေပြီး ရုတ်တရက် ပါးစပ်ဟလာသည်။ “ချင်ယွဲ့ ဘယ်တော့ လာမှာလဲ” အေးစက်ပြီး ကြည်လင်သည့် အသံက သူတို့နှင့် အတော့်ကို ရင်းနှီးလွန်းနေသည်။ သူတို့က ရုတ်တရက် မိုးကြိုးပစ်ခံရသူလို တုန်လှုပ်ချောက်ချားကာ သူတို့ စိတ်ဝိညာဉ်က သူတို့ ခန္ဓာကိုယ်မှ ထွက်ခွာသွားတော့မတတ် ဖြစ်သွားရလေ၏။
Показать все...
၃၀၃။ ဝိညာဉ် အပြောင်းအလဲလုပ်ခြင်း - ၁ ထိုသတင်းကြောင့် ချောင်းချူ၏ မျက်လုံးများ လင်းလက်သွားကြသည်။ နောက်ဆုံးတွင် စီမံကိန်းက စတင်လာတော့မှာပေါ့။ “ပြန်သွားပြီး ဂျန်ရှီကို အသိပေးလိုက်၊ သူ ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ ရအောင်” ဂျန်ရှီက သည်အကွက်ချခြင်း၏ နောက်ကွယ်မှ ဦးနှောက်ပိုင်ရှင်ဖြစ်သည်။ ဂျန်ရှီက သည်သတင်းကို သိဖို့လိုသည်။ “မင်းတို့ နှစ်ယောက်လုံးက ဒီအချိန်ကို စောင့်ဆိုင်းနေကြတာလား” ချောင်းချူက နောက်ဆုံးတွင် အကြောင်းပြချက်ကို နားလည်သွားသည်။ ဟွာယောင်းက ခဲ့စန်ကျွီလို ဟန်ဆောင်ထားသည်မို့ ခဲ့စန်ကျွီကို နားလည်ထားသော်လည်း သူ့လို စရိုက်မျိုးကို အပြည့်အဝ ပုံတူကူးချဖို့ အချိန် ပိုလိုအပ်သည်။ ထို့ပြင် ခဲ့စန်ကျွီက သူတပါးကို အတော်ဒုက္ခပေးတတ်သူမို့ သူက ချင်ယွဲ့ထံ သူ့ဆန္ဒအလျောက် သွားရိုးထုံးစံ မရှိပေ။ သူတို့က ချင်ယွဲ့ထံ တိုက်ရိုက်သွား၍ တောင်းဆိုခဲ့လျှင်, ချင်ယွဲ့က သံသယဝင်လာမှာ ဖြစ်သည်။ ထို့ကြောင့် သူတို့က ချင်ယွဲ့အလာကို အသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ဟွာယောင်းက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ချောင်းချူက စိတ်လှုပ်ရှားတက်ကြွလာသည်။ “တကယ်လား, ငါ အခုပဲ ရှီလေးကို သွား အသိပေးလိုက်တော့မယ်” ‌ချောင်းချူက ချက်ချင်းပင် ပြတင်းပေါက်မှ ခုန်ထွက်၍ ဂျန်ဝုရှီထံ သတင်းစကား ပြောရန် အပြေးအလွှား သွားသည်။ ဟွာယောင်း၏ နှုက်ခမ်းထောင့်က ကွေးတက်သွားသည်။ ပွင့်နေသည့် ပြူတင်းပေါက်ကို ကြည့်နေရင်း နောက်နေ့တွင် လူများ လာရောက်တာကို ပိတ်ပင်ရန် အပြင်းအထန် စဉ်းစားနေသည်။ ချောင်းချူက ဂျန်ဝုရှီကို တစ်ခါတည်း သွားရှာသည်။ မျှော်လင့်ထားသလိုပင် ဂျန်ဝုရှီက ဆေးခင်းထဲတွင် အလုပ်များနေသည်။ သူက ဂျန်ဝုရှီထံ အလျင်အမြန် သွား၍ စိတ်လှုပ်ရှားစွာ ရှင်းပြသည် “ချင်ယွဲ့က မနက်ဖြန် ဟွာ.... ခဲ့စန်ကျွီဆီ လာတွေ့လိမ့်မယ်၊ မင်း လိုအပ်တာ ပြင်ဆင်လို့ ရအောင် အကိုဟွာက မင်းကို ပြောခိုင်းလိုက်တယ်” ဂျန်ဝုရှီက ခါးမတ်လိုက်သည်။ သူမ မျက်လုံးများက ရှင်းလင်းစွာ နားလည်နေဟန် ဖြစ်နေသည်။ “သူ့ကို မနက်ဖြန်ကျ ဟွာယောင်းဆီ ခေါ်သွား၊ သူတို့ တွေ့ဆုံ ဆွေးနွေးနေတုန်း သူ့ကို သူတို့နားမှာ ထားဖို့ ဟွာယောင်းကို သေချာ ပြောထား” ဂျန်ဝုရှီက ရုတ်တရက် ကြောင်နက်လေးကို ထွက်လာခိုင်းသည်။ ကြောင်နက်လေးက ချောင်းချူကို လုံးဝိုင်းနေသည့် မျက်လုံးများဖြင့် အသေအချာ စိုက်ကြည့်နေသည်။ ချောင်းချူက အံ့အားသင့်သွားသည်။ ကြောင်နက်လေးအား ရင်းနှီးနေသလို မပီဝိုးတဝါး ခံစားနေရသည်။ “ဒါ မင်း လက်စွပ်ဝိညာဉ်လား” သူက နောက်ဆုံးတွင် မှတ်မိသွားသည်။ သူတို့ကို မြေအောက်ခန်းထဲ ပစ်ချခံရတုန်းက ကြောင်လေးက နံရံစင်နောက်ကွယ်တွင် ဝင်ပုန်းနေတာကို တွေ့လိုက်သည်။ အဲဒီနောက် မတွေ့ရတော့။ “တိတိကျကျကြီးတော့ မဟုတ်ဘူး၊ ချင်ယွဲ့က ဒီကြောင်လေးကို ဘာမှ သတိပြုမိမှာ မဟုတ်ဘူး” ကြောင်နက်လေးက လက်စွပ်ဝိညာဉ်မဟုတ်ပေ။ လက်စွပ်ဝိညာဉ်များလို ဝိညာဉ်စွမ်းအားကိုလည်း မပိုင်ဆိုင်ထား။ ချင်ယွဲ့က အမှားတစ်စုံတစ်ရာကို တွေ့မြင်နိုင်မည် မဟုတ်ဘဲ ရိုးရိုး ကြောင်ဟူ၍သာ မြင်မည် ဖြစ်သည်။ ချောင်းချူက ခေါင်းညိတ်၍ သူ့လက်ကို ဆန့်ထုတ်သည်။ ကြောင်နက်လေးကို ပွတ်သပ်‌ပေးရင်း စကားပြောလို၍ ဖြစ်သည် “မင်း လက်စွပ်ဝိညာဉ်က အရင်က ပေါ်ထွက်ခဲ့ဖူးတယ် မဟုတ်လား” သူက ခံ့ညားသည့် အနက်ရောင်သားရဲကြီး မြေအောက်ခန်းထဲမှာ ပေါ်လာခဲ့တာကို မမေ့ပေ။ “ဖြီး.....” ကြောင်နက်လေးက သူ့လက်သည်းများကို ထုတ်၍ ချောင်းချူ၏ ဆန့်တန်းလာသည့် လက်ကို ကုတ်မည့်ဟန် ဖြစ်လာသည်။ သူက ကပျာကယာ လက်ကို ပြန်ဆုတ်လိုက်သည်။ ထို့နောက် ချောင်းချူက သေသေချာချာ ကြည့်ပြီး မာန်ဝံ့နေသည့် ကြောင်မွှေးပွကြောင့် နာကျင်ခံစားလိုက်ရသည်။ သူက ရုတ်တရက် တုန့်ခနဲ ဖြစ်သွားသည်။ ကြောင်နက်လေး၏ ဝမ်းဗိုက်တွင် ရွှေရောင်အမွှေးစင်းကြောင်းကို သတိပြုမိသွားသည်။ အရင်အနက်ရောင် သားရဲကြီး၏ ဝမ်းဗိုက်တွင်လည်း ထပ်တူ အစင်းကြောင်း ရှိနေတာကို သူ မှတ်မိသည်။ ဒါက တစ်ထေရာတည်းပါလား။ “ဒါ.....” ချောင်းချူက ကြောင်နက်လေးကို လက်ညှိုးထိုးပြ၍ သူ စဉ်းစားမိသည့် အချက်ကို မယုံနိုင် ဖြစ်သွားသည်။ သူက တုန်လှုပ်၍ မျက်လုံး ပြူးသွားရသည်။ “အင်း” ဂျန်ဝုရှီက ချောင်းချူ၏ အတွေးကို ခန့်မှန်းမိ၍ သူ့အား ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။ “......................” ချောင်းချူ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ သူက တုန်လှုပ်မိ၍ စကားပြောစရာ ရှာမရဖြစ်နေသည်။ ကြောင်နက်လေးက လက်စွပ်ဝိညာဉ် အရိပ်အယောင် မရှိသည့်အပြင်, ချောင်းချူ ခန့်မှန်းသလိုလည်း ဖြစ်နေသည်။ ဒါပေမဲ့.... အနက်ရောင်သားရဲကြီး အဖြစ်သို့ ပြောင်းလဲနိုင်သည့် ကြောင်နက်လေးက သာမန် ကြောင်လေး မဟုတ်ဘူးလား။ ဂျန်ဝုရှီက ကြောင်နက်လေးကို ဟွာယောင်းထံ ဘာ့ကြောင့် ပို့လိုမှန်း မသိသော်လည်း သူက ဂျန်ရှီ ပြောသလို လုပ်ရမည် ဖြစ်သည်။ တိတ်ဆိတ်စွာ နေတတ်ပြီး စကားများများ မပြောတတ်သည့် ကောင်လေးကို လူများ နားလည်ဖို့ မဖြစ်နိုင်မှန်း သူ သိလိုက်သည်။ ထို့ပြင် သည်တစ်ကြိမ် ဂျန်ရှီ၏ ဆုံးဖြတ်ချက်ကို အကိုဟွာသည်ပင် ခန့်မှန်းမိမည် မဟုတ်ပေ။ ကြောင်ကို ခေါ်သွား... ရည်ရွယ်ချက်က ဘာလဲ။
Показать все...
“နောက်တစ်ခု ရှိသေးတယ်” ဂျန်ဝုရှီက ရုတ်တရက် တစ်ခုခုကို သတိရ၍ ပြောလာသည်။ “ဘာလဲ” ချောင်းချူက ဂျန်ရှီကို ကြည့်လိုက်သည်။ သူ နားမလည်နိုင်သည့် တစ်ခုခုကို ကြားရဖို့ သူ စောင့်ဆိုင်းနေမိသည်။ “မနက်ဖြန်ကျရင် မင်း ငါ့အခန်း အပြင်ဘက်မှာ စောင့်ကြပ်ပေးရမယ်၊ ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးရဘူး၊ မင်းပါ မဝင်ရဘူး” သူမ ပြောလိုတာကို ပြောပြီး ဂျန်ဝုရှီက ကြောင်နက်လေးကို ပွေ့ချီ၍ လှည့်ထွက်သွားတော့သည်။
Показать все...
၃၀၂။ ငွေရောင် အကာ - ၃ ဤနေရာမှာ သူမ စွမ်အားစုပ်ယူခြင်းက လင်းအိမ်တော်တွင် စွမ်းအား စုပ်ယူတာထက် နှေးကွေးသည့် အနေအထား ဖြစ်သည်။ သို့သော် ထိန်းချုပ်နေရသည့် အနေအထားမှာ သစ်သားပုတီးစေ့က ဆတိုးပေးနိုင်သည်မို့ သူမ ကျေနပ် နေရသည်။ သစ်သားပုတီးစေ့နှင့်ဆိုလျှင် ချင်းယန်ကလန်မှာ နေစဉ်အတွင်း သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်အောင် လုပ်ဖို့ရာ သိပ်နှေးကွေးမည်တော့ မဟုတ်။ သူမက ကြာပန်းလေးဆီမှ သစ်သားပုတီးစေ့ကို ပြန်သိမ်းယူလိုက်သည်။ အနည်းငယ် နွေးထွေးမှုကို သူမ ခံစားနေရတုန်းပင်။ ရုတ်တရက် သူမခေါင်းထဲတွင် ချောမောပြီး မိစ္ဆာဆန်သည့် မျက်နှာ ပေါ်လာ၏။ ထိုအခိုက်အတန့်မှာ ဂျန်ဝုရှီ တောင့်တင်းသွားရသည်။ “ဂျန်ဝုယောင်း....” ဂျန်ဝုရှီ ပါးစပ်မှ ထိုထွက်လာသည့် စကားလုံးက လေသံမျှသာ ဖြစ်သည်။ သူမက ခေါင်းငိုက်စိုက်ချ၍ မျက်နှာ ညှိုးငယ်သွားသည်။ ဘာလို့ သူမက ရုတ်တရက် ဂျန်ဝုယောင်းကို စဉ်းစားမိတာပါလိမ့်။ ဂျန်ဝုရှီက ဘာ့ကြောင့်လဲ နားမလည်ချေ။ ထို့‌နောက် ထိုမျက်နှာက တဖြည်းဖြည်း ပျောက်လွင့်သွားသည်။ သူမက ဂျန်ဝုယောင်းကို မစဉ်းစားတော့ဘဲ သစ်သားပုတီးစေ့ကို အသုံးပြုလျက် ဝိညာဉ်စွမ်းအင်ကို ဆက်လက် စုပ်ယူလိုက်သည်။ အရိပ်တွင် ပုန်းကွယ်နေသည့် ယဲ့ရှက ဂျန်ဝုရှီကို တိတ်တဆိတ် ကာကွယ်လျက် ရပ်နေသည်။ သူက ဂျန်ဝုရှီ၏ လေသံမျှသာ ထွက်လာသည့် စကားသုံးလုံးကို ကြားလိုက်ရ၍ အံ့အားသင့်သွားသည်။ အသံက တိုးလွန်းနေသော်လည်း သူ ကြားရတာ သေချာသည်။ ဒါက သခင်ကြီးရဲ့ နာမည်တု မဟုတ်လား။ ထိုစဉ်, ယဲ့ရှ၏ လက်က ရိပ်ခနဲ ဖြစ်သွားကာ အနက်ရောင် မြွေတစ်ကောင်က သူ့လက်ဖျားမှ တဆင့် မြေပြင်ပေါ်သို့ ကျသွားသည်။ သူက စာရွက်တစ်ရွက်ကို ထုတ်ယူ၍ တစ်စုံတစ်ရာကို ရေးသား၍ ဖယောင်းဖြင့် ပိတ်ဆို့၍ မြွေကို မျိုခိုင်းလိုက်သည်။ မြွေက မြက်များကြားတွင် လျှောဝင်သွားပြီး မကြာခင် ပျောက်ကွယ်သွားသည်။ ထို့နောက် ယဲ့ရှက ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သခင်ကြီး... ဒါက ကျနော် အစွမ်းကုန် ကူညီပေးတာပါ။ ထိုညပြီးနောက် ဂျန်ဝုရှီကို နေ့ခင်းဘက်မှာ ဆေးခင်းတွင် တွေ့ရခက်သွားသည်။ သို့သော် ညဘက်တွင် လူတိုင်းက ပင်ပန်းလို့ အနားယူချိန်မှာ သူမက ဆေးခင်းသို့ လျှောက်လှမ်း ထွက်လာသည်။ ဂျန်ဝုရှီ၏ ထူးထူးဆန်းဆန်း လုပ်ရပ်ကြောင့် အတူတူ ဝင်ရောက်လာကြသည့် လူငယ်များက အသံတိုးတိုးဖြင့် သိုသိုသိပ်သိပ် ပြောဆိုနေကြသည်။ ဂျန်ဝုရှီအား ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ရဲကြချေ။ ချောင်းချူက တစ်ခါနှစ်ခါလောက် ဂျန်ဝုရှီနောက် လိုက်ပါသွားသော်လည်း, သူမအား ဆေးခင်းတွင် ဆေးခူးနေတာကိုသာ တွေ့ရ၍ အလွန် ပျင်းရိလာကာ နောက်ထပ် လိုက်ပါ မသွားတော့ချေ။ သူက ဟွာယောင်းထံသာ သွား၍ အချိန်တိုင်း အနှောင့်အယှက် ပေးလေ၏။ ခဲ့စန်ကျွီလို ဟန်ဆောင်ပြီးနောက် ဟွာယောင်းက နေ့စဉ် တာဝန်ပေးထားသည်။ လူရှေ့တွင် အေးစက်စက် နိုင်သော်လည်း တိမ်ဖုံးတောင်ထွတ် တပည့်များကို ကြမ်းတမ်းသည့် အလုပ်များကို မခိုင်းစေတော့ဘဲ သာမန် သက်သာသည့် အလုပ်များကိုသာ ခိုင်းစေတော့သည်။ နေ့နေ့ ညည ချောင်းချူက တိတ်တဆိတ် ပြတင်းပေါက်ပေါ်တွင် ပေါ်ပေါ်လာတတ်သည်။ ထိုည ဟွာယောင်းက အဝတ်အစားများကို လဲလှယ်၍ အိပ်ရာဝင်ရန် ဟန်ပြင်စဉ်, ချောင်းချူက ပြတင်းပေါက်ပေါ် ရုတ်တရက် ခုန်တက်လာတာကို တွေ့မြင်လိုက်သည်။ သူ့မျက်နှာက ဒေါသပြင်းပြင်း ထွက်ဟန် ဖြစ်သွားသည်။ “ဟိုး... အကိုဟွာ.. ငါ့ကို အဲလိုကြီး မကြည့်ပါနဲ့... ဒါက ခံစားရခက်စေတယ်” ချောင်းချူက သူ့မျက်လုံးများကို ကာလိုက်သည်။ ဟွာယောင်း၏ မျက်လုံးများကို သူက မကြည့်ရဲ၍ မျက်နှာလွှဲလိုက်သည်။ သစ်သား ဘီးက ဟွာယောင်း၏ လက်ထဲမှာပင် အမှုန့်ဖြစ်သွားသည်။ “မင်း ဒီမှာ ဘာလာ လုပ်ပြန်ပြီလဲ” ဟွာယောင်းက ချောင်းချူကို လည်ပင်း ညှစ်သတ်ချင်စိတ် ပေါ်လာသည်။ ချောင်းချူက သူ့အား ဒေါသထွက်စေတာက လွဲလို့ ဘာမျှ ယူဆောင်လာသူ မဟုတ်ပေ။ သူက တစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်ဖို့ မရှာနိုင်တော့ဘူးလော။ ချောင်းချူက စားပွဲပေါ်တွင် အေးအေးလူလူ ထိုင်၍ ရေငှဲ့ သောက်သည်။ “ငါ အခြေအနေကို သိရအောင် ဒီကို လာတာ၊ မင်းတို့နှစ်ယောက် အစောပိုင်းတုန်းက စီမံထားတဲ့ အစီအစဉ်တွေက ကောင်းမွန်ပုံပဲ၊ ဒါပေမဲ့ ဘာ့ကြာင့် ဒီလောက် ရက်တွေ ကြာနေတာတောင် ဘာမှ ဖြစ်မလာရသေးတာလဲ၊ ရှီလေးကလည်း ဆေးစပ်ခန်းမှာ အချိန်ကုန်ရင်ကုန်, မဟုတ်ရင် သူက ဆေးခင်း သွားသွားကြည့်နေတာပဲ၊ မင်းတို့တွေက တစ်နေ့လုံး ပျင်းရိပြီး သက်သက်သာသာ နေတဲ့ပုံ ပေါက်နေကြပြီ၊ ငါတို့ ဘယ်တော့ စလုပ်တော့မှာလဲ၊ ငါ သေလောက်အောင် ပျင်းနေပြီ” ချောင်းချူက နားမလည်တော့။ သူတို့ အစီအမံများ ချမှတ်ခဲ့တုန်းက သူတို့အားလုံး စိတ်အားထက်သန်ခဲ့ကြသည်။ သို့သော် ထိုနေ့ပြီးကတည်းက သူတို့နှစ်ယောက်က နောက်ထပ် ဘာမျှကို မပြောကြတော့ချေ။ အကြီးအကဲများနှင့် ချင်ယွဲ့ကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့ကြသည် မဟုတ်လော။ ဘာ့ကြောင့် သူတို့က မလှုပ်ရှားကြသေးတာလဲ။ ဟွာယောင်းက သက်ပြင်းနက်နက် ချလိုက်သည်။ သူက ချောင်းချူငတုံးကို အရာရာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောပြသည်။ သို့မဟုတ်ပါက သူ့ကို သေလောက်အောင် နှောင့်ယှက်နေလိမ့်မည်။ “ချင်ယွဲ့ မနက်ဖြန် တိမ်ဖုံးတောင်ထွတ်ကို လာလိမ့်မယ်” ဟွာယောင်းက ပြောသည်။
Показать все...
၃၀၁။ ငွေရောင် အကာ - ၂ ဂျန်ဝုရှီက အလှဆင်သစ်သားပုတီးစေ့ကို များများစားစား မစဉ်းစားခဲ့ပေ။ ၎င်းပုတီးစေ့က လက်စွပ်ဝိညာဉ်၏ အသုံးအဆောင်ဖြစ်ပြီး သူမအတွက် အသုံးမဝင်လို့ ဖြစ်သည်။ သို့သော် ကနေ့ညမှာတော့ ပုတီးစေ့က ထူးထူးခြားခြား တုံ့ပြန်လာသည်။ ပုံမှန်အားဖြင့် အေးစက်စက် ပုတီးစေ့က အနွေးလှိုင်း ဖြတ်သန်းစီးဆင်းလာသည်။ ဂျန်ဝုရှီက ပုတီးစေ့ကို လက်ဖဝါးပေါ်တင်ပြီး မီးတုတ်ရောင်နှင့် လရောင်အောက်တွင် စေ့ငုစွာ ကြည့်သည်။ မြူပါးပါးလေးက ပုတီးစေ့မှ ပေါ်ထွက်လာသည်။ ပါးလွန်းလို့ အတော်အားစိုက်ကြည့်မှ မြင်ရသည်။ မြူပါးပါးလေးက ဂျန်ဝုရှီရှေ့တွင် ဆေးဖက်ဝင်အခင်းသို့ ပျံ့နှံ့သွားသည်။ ဆေးဖက်ဝင်အပင်များကို တထစ်ချင်း လွှမ်းမိုးသွားသည်။ ရုတ်တရက် ဂျန်ဝုရှီ၏ မျက်လုံးများ လင်းလက်လာသည်။ သူမခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအားများ သိသာထင်ရှားစွာ တိုးဝင်လာတာကို သူမ ခံစားမိသည်။ ဆီးနှင်းကြာပန်းကို သူမ စိုက်ပျိုးခဲ့ချိန်က ဝိညာဉ်စွမ်းအင်ကို ရေကန်တစ်ခုပမာ တင်စားလျှင်, သာမန်ဆေးဖက်ဝင်အပင်များမှ ဝိညာဉ်စွမ်းအင်ကို ယောက်ချိုဇွန်းတစ်ခုပမာ တင်စားရမည် ဖြစ်ပြီး, တန်ဖိုးကြီး ရှားပါးဆေးပင်များမှ ဝိညာဉ်စွမ်းအင်ကိုတော့ ရေဆွဲပုံး တစ်ခုပမာ တင်စားနိုင်သည်။ သို့သော် အခု စီးဝင်လာသည့် ဝိညာဉ်စွမ်းအားကိုတော့ လေပြင်းစီးကြောင်းလို တင်စားရမည် ဖြစ်သည်။ သည်ဝိညာဉ်စွမ်းအင်က ရေကန်တစ်ခုလို တင်စားလို့ မရသော်လည်း ယောက်ချိုဇွန်း, သို့မဟုတ် ရေဆွဲပုံးတစ်ခုစာလောက်သာ ရှိသည့် ဝိညာဉ်စွမ်းအင်ထက်တော့ အဆပေါင်းများစွာ ပိုကောင်းနေသည်။ သည်ရှာဖွေတွေ့ရှိချက်က ဂျန်ဝုရှီကို အံ့အားသင့်စေပြီး သူမက ချက်ချင်းပင် ကြာပန်းလေးကို ဆင့်ခေါ်လိုက်သည်။ ရုတ်တရက် ဆင့်ခေါ်ခံရသည့် ကြာပန်းလေးက အခုမှ နိုးထလာသဖြင့် မူးဝေဝေ ဖြစ်နေပြီး နူးညံ့သော သူ့မျက်နှာက အိပ်ချင်မူးတူးဟန်ကို ပြသနေသည်။ သူက ဝါးခနဲ သန်းဝေကာ မြေကြီးပေါ်တွင် တုန်ချိချိဖြင့် ရပ်လိုက်သည်။ “သခင်မလေး, တစ်ခုခု လိုအပ်နေလို့လား” အိပ်ချင်မူးတူးဖြစ်နေသည့် ကြာပန်းလေးက ခေါင်းကုတ်ကာ မေးသည်။ သူက အချိန်မရွေး အိပ်ပျော်သွားမည့်ပုံ ပေါက်နေသည်။ “အလှဆင်သစ်သားပုတီးစေ့မှာ ဘာဖြစ်နေတာလဲ” ဂျန်ဝုရှီက ကြာပန်းလေးရှေ့သို့ ပုတီးစေ့ကို တွန်းပို့လိုက်သည်။ ပုတီးစေ့ကို မြင်လျှင် ကြာပန်းလေးက အိပ်ချင်ပြေသွားပြီး စဉ်းစားဟန် ပေါက်လာသည်။ သူက ပုတီးစေ့ကို ယူ၍ တမ်းတမ်းတတ ကြည့်၍ ပြုံးပြုံးကြီးဖြင့် ပုတီးစေ့ကို သူ့ဗိုက်မှာ ပွတ်တိုက်နေသည်။ “ငါ မင်းကို မတွေ့ရတာ ကြာပြီ၊ ငါ မင်းကို အများကြီး လွမ်းနေတာ” ကြာပန်းလေးက သွားပေါ်‌အောင် ရယ်၍ သစ်သားပုတီးစေ့ကို သူ့မျက်စိရှေ့သို့ ယူကြည့်သည်။ ဂျန်ဝုရှီက မျက်ခုံးတွန့်သွားပြီး ကြာပန်းလေးကို ဆွဲခေါ်လိုက်သည်။ သူက ပုတီးစေ့ကြောင့် အာရုံပျက်ပြားသွားသည်။ သူမက သူ့မျက်လုံးတည့်တည့် ကြည့်ကာ ပြောသည်။ “တည်တည်တံ့တံ့နေစမ်း” ကြာပန်းလေးက တုန်ယင်သွားပြီး ဂျန်ဝုရှီအား မျက်လုံး ပေကလတ်ပေကလတ်ဖြင့် ကြည့်ကာ ရပ်နေသည်။ သူက ဘာမှန်းနေမှန်း နားမလည် ဖြစ်နေသည်။ ဂျန်ဝုရှီက တည်ငြိမ်အောင် လုပ်လိုက်ပြီး သစ်သားပုတီးစေ့၏ ထူးထူးခြားခြား တုံ့ပြန်လာပုံကို စိတ်ရှည်စွာ ရှင်းပြသည်။ ကြာပန်းလေးက နားထောင်နေပြီး နားလည်ဟန်ဖြင့် ခေါင်းညိတ်ကာ ပြောသည်..... “ဒါက ပုံမှန်ပါဘဲ၊ အလှဆင်သစ်သားပုတီးစေ့ဆိုတာ အပင်အမျိုးအစား လက်စွပ်ဝိညာဉ်ရဲ့ အသုံးအဆောင်ဖြစ်တယ်၊ အပင်အမျိုးအစား လက်စွပ်ဝိညာဉ်ဆိုတာက အပင်ကနေ ဖြစ်တည်လာကြတာပဲ၊ ပုတီးစေ့က အပင်အမျိုးအစား လက်စွပ်ဝိညာဉ်နဲ့တွေ့ရင် တုံ့ပြန်လာတတ်တယ်၊ ပြီးတော့ သာမန် အပင်တွေနဲ့ ပန်းတွေမှာပါ တုံ့ပြန်တတ်တဲ့ သဘာဝရှိတယ်၊ ဒါပေမဲ့ သာမန်အပင်တွေနဲ့ ပန်းတွေမှာ လုံလောက်တဲ့ ဝိညာဉ်စွမ်းအားတွေ မရှိဘူး၊ အသိဉာဏ်လည်း မပိုင်ဆိုင်ထားကြဘူး၊ ဒါ့ကြောင့် အဲသာမန်အပင်နဲ့ ပန်းတွေက ကျင့်ကြံဖို့ သစ်သားပုတီးစေ့ရဲ့ စွမ်းအားကို အသုံးပြုလို့ မရကြဘူး၊ ဒါပေမဲ့ သူတို့ အကြီးမြန်အောင်တော့ ကူညီပေးနိုင်တယ်” ကြာပန်းလေးက တမင်သက်သက် အဓိပ္ပါယ်ပါပါ စကားရပ်လိုက်သည်။ သူက သစ်သားပုတီးစေ့ကို သူ့အရပ်ထက် မြင့်နိုင်သမျှ မြှင့်ကြည့်၍ ပြောသည် “နေ့ဘက်မှာ ပုတီးစေ့က မြေကြီးနဲ့ ကောင်းကင်ကနေ စွမ်းအင်တွေကို စုပ်ယူလိမ့်မယ်၊ ညဘက်ရောက်ရင် ကျင့်ကြံဖို့ ပုတီးစေ့ကနေ စွမ်းအင်တွေကို စုပ်မယူရင်, စွမ်းအင်တွေက ပျံ့နှံ့ထွက်သွားလိမ့်မယ်၊ ပုတီးစေ့ကနေ ထွက်လာတဲ့ စွမ်းအင်တွေက နင် စိုက်ပျိုးထားတဲ့ အပင်တွေကို အာဟာရ ဖြစ်စေလိမ့်မယ်” ထိုစကားကို ပြောနေရင်း ကြာပန်းလေးက နှာခေါင်းတွန့်သွားသည်။ ဘယ်လောက်တောင် အလဟဿဖြစ်သွားလိုက်သလဲ၊ ဒီထဲက ဒီလောက်များတဲ့ စွမ်းအင်တွေက အဲဒီ ရိုးရိုး ဆေးပင်တွေကို အစာကျွေးလိုက်သလို ဖြစ်သွားတယ်၊ ဒါက ဘုရားပေးတဲ့ ဆုလာဘ်ကို သက်သက် ဖြုန်းတီးပစ်တာပဲပေါ့။ ကြာပန်းလေး ရှင်းပြချက်က ဂျန်ဝုရှီအား အကျိုးရှိစေသည်။ ပုတီးစေ့က ကြာပန်းလေး ပြောသလို တကယ် အလုပ်လုပ်လျှင်, ပုတီးစေ့က လက်စွပ်ဝိညာဉ်အတွက်သာ အကျိုးရှိသည် မဟုတ်ဘဲ, သူမသည်လည်း သစ်သားပုတီးစေ့မှ စွမ်းအားများကို ငှားယူနိုင်မည် ဖြစ်ပြီး တိမ်ဖုံးတောင်ထွတ်တွင် သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်အောင် လုပ်လာနိုင်မည် ဖြစ်သည်။
Показать все...
အခန်း(၃၀၁) အခန်း(၃၀၂) အခန်း(၃၀၃) အခန်း(၃၀၄) အခန်း(၃၀၅) အခန်း(၃၀၆) အခန်း(၃၀၇) အခန်း(၃၀၈) အခန်း(၃၀၉) အခန်း(၃၁၀)
Показать все...
ညမှောင်လာသည်။ ဂျန်ဝုရှီက ဆေးပင်ခင်းများကြားမှ ထွက်ခွာမလာသေးပေ။ တိမ်ဖုံးတောင်ထွတ် ပတ်လည်မှာ မီးတိုင်များကို ထွန်းညှိထားကြသည်။ ရှားပါးပြီး တန်ဖိုးကြီး ဆေးပင်များကို ညဘက်ပိုင်းမှာ တပည့်များ ဂရုစိုက်နိုင်အောင် ဖြစ်သည်။ လရောင်အောက်တွင် ဂျန်ဝုရှီက ဆေးခင်းထဲတွင် ထိုင်နေဆဲပင်။ သူမက ရေခဲမြက်ပင်မှ စွမ်းအားကို စုပ်ယူနေသည်။ ရုတ်တရက် နွေးထွေးသည့်အရာက သူမလက်အင်္ကျီကြားမှ ပျံ့နှံ့တက်လာပြီး သူမလက်ကို ထိတွေ့လာသည်။ သူမ၏ လက်ဖဝါးတွင် ကျောက်စိမ်းရောင် အစေ့လေးက ပေါ်ထွက်လာသည်။ အလှဆင် သစ်သားပုတီးစေ့လေး ဖြစ်သည်။ ဂျန်ဝုယောင်းက ကြာပန်းလေးအား နစ်နာကြေး ပေးထားခဲ့သည့် အရာဖြစ်သည်။ ကြာပန်းလေးက ဆီးနှင်းကြာပန်းအဖြစ် သိသာထင်ရှားစွာ ကျင့်ကြံနေစဉ်, ပုတီးစေ့ကို သူနှင့် အတူ ဆောင်ထားခဲ့သည်။ သို့သော် သူက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာစဉ်မှာတော့ ပုတီးစေ့ကို ယူဆောင်မသွားနိုင်လို့ ဂျန်ဝုရှီအား စောင့်ရှောက်ထိန်းသိမ်းဖို့ ပေးအပ်ထားခဲ့သည်။ Genius Doctor: Black Belly Miss by North Night Translator: Han Thar Nyein (ပြန်ပြင်ဆင် တည်းဖြတ်တာ အပိုင်းသုံးရာ ပြည့်သွားပါပြီ။ PDFတစ်အုပ်မှာ အပိုင်းတစ်ရာစီ ထည့်သွင်းပြီး ပြန်တင်ပေးပါ့မယ်။ နောက်အပိုင်းတရာအတွင်းမှာ ချင်းယန်ကလန်ကို အမြစ်ဖြတ်ပုံ၊ စွမ်းအားကြီးသူများနှင့် အသည်းအသန် ရင်ဆိုင်ရပုံ၊ သေပါစေ, စွန့်လွှတ်အနစ်နာခံကြပုံကို အားကျစဖွယ် တွေ့ရမှာပါ။ ဂျန်ဝုရှီက သူမရဲ့ ပထမဆုံးနဲ့ အမွဲဆုံး ဆရာကို တွေ့ရမှာ ဖြစ်ပြီး သူငယ်ချင်း မိတ်ဆွေလေးယောက်တောင် ရရှိသွားလို့ သူမဘဝက နည်းနည်းတော့ စိုပြေလာပါပြီ။ ပြီးတော့ ဂျန်ဝုယောင်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကိုလည်း ဖော်ပြလာပါပြီနော်။ ဖီးနစ်အကယ်ဒမီမှာ ဂျန်ဝုရှီက အချမ်းသာဆုံး ဖြစ်နေပြီး လေညှင်းကျောင်းတော်မှာတော့ သူတို့ မိတ်ဆွေငါးယောက် ကျောင်းဝင်ခွင့် မပြည့်လို့ ပိုက်ဆံရှာရပါတော့တယ်။ ဆရာ တော်ရမဲ့ ဆရာကို ဆရာပြန်လုပ်လို့ ဆရာက ဆရာမဖြစ်တော့ဘဲ သူမ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးရတာကိုလည်း ကြည်နူးစရာအနေနဲ့ တွေ့ရမှာပါ။ ကိုယ့်ထက်သာ မနာလိုသူတွေလည်း တောက်လျှောက် တွေ့ကြုံရမဲ့ ဂျန်ဝုရှီကို သနားရမလား၊ တော်လွန်းနေတာကိုပဲ အပြစ်ဖို့ရမလား။ ကျိန်းသေတာကတော့ လင်းအိမ်တော် အန္တရာယ်မကျရောက်ရအောင် ဂျန်ဝုရှီ ချီတိုင်းပြည်ကို မပြန်ဖြစ်တော့ပါဘဲ။ ဆက်လက် ဖတ်ရှူအားပေးကြပါလို့။)
Показать все...
2
အခန်း (၃၀၀) အပေါ်ယံ အလွှာစ - ၁ နောက်တစ်နေ့ မနက်စောစောတွင် ဂျန်ဝုရှီက သူမအခန်းထဲမှ လှမ်းထွက်လာပြီး တိမ်ဖုံးတောင်ထွတ်အတွင်းရှိ ဆေးဖက်ဝင်အပင်ခင်းသို့ ဦးတည်သွားသည်။ ခဲ့စန်ကျွီက အဆိပ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းမှာ စွဲလမ်းခဲ့ပြီး တိမ်ဖုံးတောင်ထွတ်တွင် နေရာစုံမှာ ဆေးဖက်ဝင်အပင်များကို အပြည့်အဝ စိုက်ပျိုးထားခဲ့သည်။ ဝိညာဉ်စွမ်းအင်ကို စုပ်ယူန်ရန် ဆီးနှင်းကြာပန်းကို စိုက်ပျိုးဖို့ ကျောက်စိမ်းဝတ်ရည်ကို သူမ မသုံးစွဲနိုင်တော့လို့ ဂျန်ဝုရှီက ဝိညာဉ်စွမ်းအား စုပ်ယူနိုင်သည့် နောက်နည်းလမ်းတစ်ခုကို ရှာဖွေနေရသည်။ ဝိညာဉ်စွမ်းအားကို နည်းနည်းလေးပင် စုပ်ယူနိုင်ပါစေ, သူမက ရှာဖွေရမည် ဖြစ်သည်။ သူမက တိုက်ပွဲမှာ ဝိညာဉ်စွမ်းအားကို ပထမဆုံးအကြိမ် သုံးစွဲခဲ့စဉ်မှာ, သည်ကမ္ဘာအတွက် စီမံခင်းကျင်းထားသည့် တမူထူးခြားသည့် စွမ်းအားကို သတိပြုမိလာသည်။ သူမမှာ ပြိုင်ဘက်ကင်း ဆေးပညာစွမ်းရည် ရှိသော်လည်း, သူမအတွက် အရာရာကို ဆေးပညာဖြင့် အစားထိုးဖို့ မစဉ်းစားထား။ ဟွာယောင်း၏ အသစ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကြောင့် တိမ်ဖုံးတောင်ထွတ်မှာ လူငယ်များက ပုံမှန်ဘဝကို ပြန်လည် ရရှိလာကြသည်။ အနည်းဆုံးတော့ သူတို့ ဆာလောင်မှုကို မခံစားရဘဲ အလုပ်ကိုလည်း အလွန်အကျွံလုပ်စရာ မလိုကြတော့။ သူတို့၏ နေ့စဉ် တာဝန်က အဓိကအားဖြင့် တိမ်ဖုံးတောင်ထွတ်အတွင်းရှိ ဆေးပင်များကို ရှင်သန်အောင် ပြုစုစောင့်ရှောက်ပေးရခြင်း ဖြစ်သည်။ နေ့တစ်နေ့၏ အစောပိုင်း ဖြစ်နေသေးသော်လည်း, လူငယ်ဆယ်ယောက်လောက်က ရေသယ်၍ အပြေးအလွှား ဆေးဖက်ဝင်အပင်များကို ရေလောင်းနေကြသည်။ ထူးဆန်းနေတာက... အရင်ရက်မှာ သူတို့က ချောင်းချူနှင့် ဂျန်ဝုရှီကို မြင်သည်နှင့် မခံမရပ်နိုင် ဖြစ်နေကြပြီး သူတို့ကို ဆုတ်ဖြဲပစ်ချင်နေခဲ့ကြသည်။ သို့သော် ကနေ့မှာတော့ နေထွက်ရုံပင် ရှိသေးသည်, သူတို့က ရှောင်ဖယ်နေကြသည်။ ကြောက်လန့်နေသည့် ကြွက်များလို ဖရိုဖရဲ ရှောင်ထွက်သွားကြသည်။ သူတို့နှစ်ယောက်မှ ဝေးရာသို့ ထွက်ပြေးသွားကြသည်။ ထို့ကြောင့် ဂျန်ဝုရှီ ရပ်နေသည့် နေရာပတ်လည်တွင် သနားစရာ ဆေးပင်များနှင့် ချောင်းချူကိုသာ မြင်ရတော့သည်။ ချောင်းချူက ရေပုံးမှ ရေများကို ခွက်ငယ်ဖြင့် ခပ်ယူ၍ ရေလိုနေသည့် အပင်များကို လောင်းနေသည်။ “ရှီလေး, ငါတို့ အပင်နဲ့ ပန်းတွေကို ကြည့်နေမဲ့ အစား ဘာလို့ အကိုဟွာကို သွားမကြည့်ကြတာလဲ” သူ့ရေပုံးမှာ ရေမကျန်တော့။ ချောင်းချူက ပျင်းရိလာကာ သစ်ပင်တစ်ပင်ကို မှီထိုင်လိုက်သည်။ သူက သမန်းမြက်ပင်ကို ပါးစပ်ထဲ ထည့်ဝါးကာ လက်များကို ခေါင်းနောက်သို့ ပစ်ထားလျက် ဆေးပင်များကို ဂရုတစိုက် လေ့လာနေသည့် ဂျန်ဝုရှီကို စူးစမ်းနေသည်။ ဆေးထုတ်လုပ်နိုင်သည့် စွမ်းရည်၊ အဆိပ်ဖော်နိုင်သည့် စွမ်းရည်၊ စေ့စေ့စပ်စပ် စီမံနိုင်သည့် စွမ်းရည်၊ သည်လို စွမ်းရည်ကြီးကြီးမားမား ရှိနေသည့် လူတစ်ယောက်အတွက် ရိုးရိုး ဆေးပင်များအား ထိုင်ငေးနေတာကို သူ နားမလည် ဖြစ်နေသည်။ ဂျန်ဝုရှီက ချောင်းချူ ညည်းညူနေတာကို လျစ်လျူရှူထားပြီး သူမရှေ့မှ ဆေးပင်များကိုသာ အာရုံစိုက်ထားသည်။ သည်ဆေးပင်များက ရှားပါးပြီး တန်ဖိုးမြင့်သည်။ ဂျန်ဝုရှီက စာအုပ်ထဲမှာသာ မြင်ဖူးခဲ့သည်။ သူမ လင်းအိမ်တော်မှာ ရှိနေစဉ်, တချို့ ဆေးဝါးအမျိုးအစားများကို မထုတ်လုပ်နိုင်ခဲ့ပေ။ ဆေးဖက်ဝင်အပင်များ လုံလုံလောက်လောက် မရှိသောကြောင့် ဖြစ်သည်။ ချီတိုင်းပြည်က ဆေးဝါး ထောက်ပံ့ဖို့ အကန့်အသတ် ရှိနေသည်။ တချို့ တန်ဖိုးကြီး ဆေးပင်များကို မိုချင်းယွမ်သည်ပင် မရရှိခဲ့ဖူးပေ။ ဂျန်ဝုရှီက နန်းတွင်းဆေးဂို‌ဒေါင်မှ ဆေးဖက်ဝင်အပင်များအားလုံးကို သိမ်းကျုံးယူငင်ခဲ့သည်။ သို့သော် အဓိကကုန်ကြမ်းများ ရှားပါးမှုနှင့် ရင်ဆိုင်နေရဆဲပင် ဖြစ်ခဲ့သည်။ သူမ အတော်ကြာကြာ ရှာဖွေနေခဲ့သည့် ဆေးဖက်ဝင်အပင်များကို တိမ်ဖုံးတောင်ထွတ်တွင် တွေ့ရဖို့ မမျှော်လင့်ခဲ့ပေ။ သည်ဆေးပင်များနှင့်ဆိုလျှင်, ဂျန်ဝုရှီက သူမ ဖော်စပ်လိုသည့် တချို့ဆေးဝါးများကို ဖော်စပ်နိုင်ပြီ ဖြစ်သည်။ အလွန်တန်ဖိုးကြီးပြီး ဝိညာဉ်စွမ်းအားကိုပါ စုပ်ယူလို့ ရသည့် တချို့ဆေးဖက်ဝင် အပင်များကိုလည်း သူမ တွေ့ရှိသည်။ ၎င်းဆေးပင်များက ဆီးနှင်းကြာပန်းနှင့် ယှဉ်လို့ မရသော်လည်း ဘာမျှ မရှိတာထက် စာလျှင် အတော်အဆင်ပြေနေသည်။ သည်အသစ်ရှာဖွေတွေ့ရှိချက်က သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်လာအောင် လုပ်ဖို့ အကြီးအကျယ် စိတ်ဝင်တစား ဖြစ်စေသည်။ သူမက စိုက်ပျိုးရေးသမားမို့ မည်သည့် အပင်ကို စိုက်စိုက် ကိစ္စမရှိချေ။ ဂျန်ဝုရှီက အပင်ခင်းများကြားတွင် တစ်နေ့လုံး ထိုင်နေခဲ့သည်။ ချောင်းချူက ပျင်းရိခြင်းကို သည်းမခံနိုင်တော့လို့ သူ့အကိုဟွာဆီသို့ အပြေးအလွှားသွားလေ၏။
Показать все...
1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.