EHS Myanmar
Открыть в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Больше868
Подписчики
-124 часа
+27 дней
+230 дней
Архив постов
868
ကျွန်တော်တို့ လေကြောင်းလိုင်းတွေရဲ့ CO2 လျှော့ချရေးကို စောင့်ကြည့်နေတာထက် ပိုပြီး အရေးတကြီး လိုအပ်နေတာက လေဆိပ် အနီးပတ်ဝန်းကျင်က လူထုတွေရဲ့ အသက်ရှူနေရတဲ့ လေထုထဲမှာ UFPs ပမာဏ ဘယ်လောက် ပါနေလဲ ဆိုတာကို တိုင်းတာ စောင့်ကြည့်ဖို့၊ ရရှိလာတဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ ဒီ "Sacrifice Zones" တွေမှာ နေထိုင်နေရသူတွေကို အကာအကွယ်ပေးမယ့် မူဝါဒတွေ ချမှတ်လာနိုင်ဖို့ပါပဲ။
Content & Graphic - Pepper (EHS Myanmar)
Reference - www.who.int, www.theguardian.com, deohs.washington.edu
--------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #sustainableaviation #UltrafineParticles #NoisePollution
868
လေဆိပ်များနှင့် ပြည်သူ့ကျန်းမာရေး အန္တရာယ်
________
EHS Myanmar | 07.12.2025
ပတ်ဝန်းကျင် ညစ်ညမ်းမှု (Pollution) လို့ ပြောလိုက်ရင် လူအများစုက ရာသီဥတု ပြောင်းလဲမှု (Climate Change) ကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကိုပဲ အဓိကတွေးမိကြပါလိမ့်မယ်။
EHS Myanmar အနေနဲ့ ကျွန်တော်တို့ မျက်စိအောက်မှာတင် လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေအနေတစ်ခုကို အဓိက ထောက်ပြချင်ပါတယ်။ အဲ့ဒါကတော့ CO2 ထက် အဆပေါင်းများစွာ လူတွေနဲ့ ပိုမို နီးကပ်ပြီး အန္တရာယ်ဖြစ်စေတဲ့ "အလွန်သေးငယ်သော အမှုန်အမွှားများ (Ultrafine Particles - UFPs)" နဲ့ "မရပ်မနား ဆူညံသံ (Noise Pollution)" ပြဿနာတွေအကြောင်းပါ။
နိုင်ငံတကာ သုတေသနတွေမှာတော့ လေဆိပ်တွေရဲ့ ပတ်ဝန်းကျင် ဧရိယာတွေကို "Sacrifice Zones" (ဒုက္ခခံ ဇုန်များ / စတေးခံ ဇုန်များ) လို့ သုံးနှုန်း ခေါ်ဝေါ်လာကြပါတယ်။
ဘာလို့ ဒီလို ခေါ်ဝေါ် ကြတာလဲ? ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ ခရီးသွားလာရေးနဲ့ လူအများစုရဲ့ အခြေခံ အဆင်ပြေရေး နဲ့ လွယ်ကူမှုတွေအတွက် လေဆိပ်နားမှာ နေထိုင်တဲ့ လူထုတွေ community တွေက သူတို့ရဲ့ "ကျန်းမာရေး" ကို စတေးပြီး နေထိုင်နေရတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါဟာ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု (Environmental Justice) နဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။
လေယာဉ်တစ်စင်း ပျံတက်ဖို့ ဒါမှမဟုတ် ဆင်းသက်ဖို့ အင်ဂျင်ကို ရုန်းလိုက်တဲ့အခါမှာ ထွက်လာတဲ့ လောင်စာငွေ့တွေထဲမှာ Ultrafine Particles (UFPs) လို့ခေါ်တဲ့ အလွန် သေးငယ်တဲ့ အမှုန်အမွှားတွေ အများအပြား ပါဝင်ပါတယ်။ ဒါတွေဟာ PM2.5 လို အမှုန်တွေထက် အဆပေါင်းများစွာ ပိုသေးငယ်တာကြောင့် ကျွန်တော်တို့ရဲ့ အဆုတ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ရုံတင်မက အဆုတ်ရဲ့ လေအိတ်လေးတွေကနေတစ်ဆင့် သွေးကြော စနစ် (Bloodstream) ထဲအထိကိုပါ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ University of Washington က ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ဒီ UFPs တွေဟာ သွေးကြောထဲ ရောက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ဒါတွေကို တိုက်ထုတ်ဖို့ ကြိုးစားရင်း "နာတာရှည် ရောင်ရမ်းမှု" (Chronic Inflammation) တွေကို ဖြစ်စေပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီရောင်ရမ်းမှုတွေဟာ ဘာတွေ ဆက်ဖြစ်စေသလဲဆိုရင် ...
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
ကလေးတွေမှာ ပန်းနာရင်ကျပ် (Asthma) ဖြစ်ပွားနှုန်းကို မြင့်တက်စေတယ်။ ဒါ့အပြင် ရှိပြီးသား အဆုတ်ရောဂါ (COPD) တွေကိုပါ ပိုဆိုးစေတယ်။
၂။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ (Heart Disease)၊ လေဖြတ်ခြင်း (Stroke) နဲ့ သွေးတိုးရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုပါ သိသိသာသာ မြင့်တက်စေပါတယ်။
ပြဿနာက ဒီ UFPs တွေဟာ လေဆိပ်ဝင်းထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ လေယာဉ် ပျံတက်၊ ပျံဆင်းရာ လမ်းကြောင်း (Flight Path) အောက်မှာ ရှိတဲ့ မိုင်ပေါင်းများစွာ ကျယ်ပြန့်တဲ့ ဧရိယာအထိ ပျံ့နှံ့ ရောက်ရှိနေတာပါ။
နောက်တစ်ချက်ကတော့ ဆူညံသံပါ။ လေဆိပ်နားမှာ နေထိုင်ရသူတွေအတွက် လေယာဉ်သံက "စိတ်အနှောင့်အယှက် ဖြစ်စရာ" ဆိုတာထက်ကို ပိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေ အရ အချိန်ကြာမြင့်စွာ ဆူညံသံတွေ (အထူးသဖြင့် ညဘက်) ကို ကြားနေရခြင်းဟာ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်စေပါတယ်။
၁။ အိပ်စက်မှု ပျက်ပြားခြင်း (Sleep Disturbance)
ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်ပါ။ ကောင်းမွန်စွာ အိပ်စက်ခွင့် မရခြင်းက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာပေါင်းစုံကို ဖြစ်စေတာမို့လို့ပါ။
၂။ စိတ်ဖိစီးမှု ဟော်မုန်းများ (Stress Hormones)
မရပ်မနား ကြားနေရတဲ့ ဆူညံသံတွေက ခန္ဓာကိုယ်ရဲ့ "တိုက်ခိုက် ခြင်းနှင့် ထွက်ပြေးခြင်း " Fight-or-Flight တုံ့ပြန်မှုကို အမြဲတမ်း နှိုးဆော်ထားသလို ဖြစ်စေပြီး စိတ်ဖိစီးမှု ဟော်မုန်း Cortiso တွေကို အမြဲ မြင့်တက်နေစေပါတယ်။
၃။ နှလုံး ကျန်းမာရေး
ဒီကနေတစ်ဆင့် သွေးတိုးရောဂါ Hypertension နဲ့ Heart Attack (နှလုံးဖောက်ခြင်း) ဖြစ်ပွားနိုင်ခြေတွေကိုလည်း မြင့်တက်လာစေပါတယ်။
"ဒါက နိုင်ငံခြားက လေဆိပ်ကြီးတွေမှာပဲ ဖြစ်တာပါ" လို့ တွေးလို့ မရပါဘူး။ ဒီအန္တရာယ်တွေဟာ မည်သည့်လေဆိပ်မဆို လေဆိပ်တွေရဲ့ အနီးအနား ပတ်ဝန်းကျင်နဲ့ လေယာဉ် လမ်းကြောင်းအောက်မှာ နေထိုင်နေကြရတဲ့ လူထုတွေ အားလုံးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။
ကျွန်တော်တို့ ဒီနေ့ခေတ် ခရီးသွားလာမှုတွေကို လွယ်ကူဖို့အတွက် လေဆိပ်နားက လူထုတွေရဲ့ ကျန်းမာရေးကို လျစ်လျူရှုထားလို့ မရပါဘူး။
EHS Myanmar အနေနဲ့ အလေးအနက် ထောက်ပြချင်တာကတော့ ဒါဟာ အနာဂတ်မှာမှ ဖြစ်လာမယ့် ပြဿနာရပ် တစ်ခု မဟုတ်ဘဲ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်သူ့ကျန်းမာရေး အခြေအနေ တစ်ရပ် ဖြစ်တယ် ဆိုတာပါပဲ။
868
တောင်တန်းများဆိုင်ရာ နိုင်ငံတကာနေ့ ⛰️
================
နှစ်စဉ် ဒီဇင်ဘာလ ၁၁ ရက်နေ့ဟာ တောင်တန်းများဆိုင်ရာ နိုင်ငံတကာနေ့ (International Mountain Day) ဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်မှာ သက်ရှိတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် တောင်တန်းတွေရဲ့ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့နေ့လေးတစ်ရက်ပါ။
လူသားတွေအနေနဲ့ တောင်တန်းတွေလို့ပြောလိုက်ရင်
🗯️“တောင်တန်းဒေသတွေကို ချစ်ရတဲ့သူတွေနဲ့ ခရီးထွက်ချင်တယ်”
🗯️“အသက်ကြီးလာရင် တောင်တန်းတွေမှာ အိမ်ဆောက်ပြီး အေးအေးဆေးဆေး နေချင်တယ်”
ဆိုပြီးတွေးတတ်ကြပေမယ့် ဂေဟစနစ်အတွက် တောင်တန်းတွေဟာ အကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာကိုတော့ သတိမမူမိကြပါဘူး။
ဒါကြောင့်ပဲ တောင်တန်းဆိုင်ရာ နိုင်ငံတကာနေ့ဟာ ဖြစ်တည်လာခဲ့တာပါ။ ဘာကြောင့် ကျင်းပကြတာလဲဆိုရင်
၁) လူဘီလျံပေါင်းများစွာအတွက် ရေထောက်ပံ့ပေးခြင်း ✅
လူသားတွေရေချိုအဓိကရရှိတဲ့ မြစ်ကြီးတွေရဲ့ မွေးဖွားရာနေရာက တောင်တန်းတွေပဲဖြစ်ပြီး ဒီကနေတစ်ဆင့် သောက်သုံးရေ၊ စိုက်ပျိုးရေးနဲ့ စွမ်းအင်ထုတ်လုပ်ရေးတွေမှာအထောက်အကူဖြစ်ပါတယ်။
၂) ရေချိုများရဲ့ အသက်သွေးကြောဖြစ်ခြင်း✅
ကမ္ဘာ့ရေချိုရဲ့ ၇၀%ကို ရေခဲမြစ်တွေက သိုလှောင်ပေးထားတာပါ။ ဒါပေမယ့် ကမ္ဘာ့အပူချိန်မြင့်တဲ့အခါ ရေခဲမြစ်တွေက ပုံမှန်ထက် အရည်ပျော်မှုနှုန်း မြင့်မားပြီး လူသားတွေအတွက် သဘာ၀ဘေးအန္တရာယ်တွေပိုများလာစေပါတယ်။
၃) တောင်တန်းတွေဟာ ဇီ၀မျိုးကွဲများစုဝေးရာ နေရာဖြစ်ခြင်း✅
ကမ္ဘာပေါ်က အတွေ့မများတဲ့ အပင်တွေနဲ့ မျိုးသုဥ်းလုနီးပါး တောရိုင်း တိရိစ္ဆာန်တွေအတွက် တောင်တန်းဂေဟစနစ်က သဘာ၀ကပေးထားတဲ့ အကာအကွယ်တွေပါပဲ။ ဒါကြောင့် တောင်တန်း ဂေဟစနစ်ဆုံးရှုံးသွားခြင်းက သူအကာအကွယ်ပေးနေတဲ့ ဇီ၀မျိုးကွဲတွေကို ဆုံးရှုံးသွားခြင်းပါပဲ။
၄) ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထောက်ပံ့ပေးခြင်း✅
ကမ္ဘာ့လူဦးရေရဲ့ ၁၅% လောက်ဟာ တောင်တန်းဒေသတွေမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးတမ်း၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ အစားအစာစနစ်တွေဟာ ကျန်းမာတဲ့ တောင်တန်း ပတ်ဝန်းကျင်ပေါ်မှာ အပြည့်အ၀မူတည်နေတာပါ။ သို့ပေမယ့် အခုအချိန်မှာ ဒီအရာတွေအားလုံးကို ရာသီဥတုပြောင်းလဲမှုကြီးက အပြင်းအထန်ခြိမ်းခြောက်နေပါတယ်။
၅) ကမ္ဘာ့ရာသီဥတုကို ထိန်းညှိရာမှာ ကူညီပေးခြင်း✅
တောင်တန်းတွေဟာ မိုးရေချိန်၊ အပူချိန်နဲ့ ရာသီဥတု ပုံစံတွေကို မှန်ကန်စေဖို့လွှမ်းမိုးထားနိုင်ပါတယ်။ ဒါပေမယ့် ရာသီဥတု ဖောက်ပြန်မှုတွေ စိတ်လာတဲ့အခါမှာတော့ တောင်တန်းတွေရဲ့ ရာသီဥတု စက်၀န်းအပေါ် ထိန်းညှိပေးနိုင်စွမ်းတွေ အားနည်းလာပါတယ်။
ဒါဆိုရင် တောင်တန်းနဲ့ ရေခဲမြစ်တွေကို ကာကွယ်ဖို့ ဘာတွေလုပ်နိုင်မလဲ?
🌳 သစ်တောပြန်လည်တည်ထောင်ရေးနဲ့ ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးခြင်း
💧 ရေချိုအရင်းအမြစ်တွေပေါ် ဖိအားလျှော့ချဖို့ ရေကို ချွေတာစွာသုံးစွဲခြင်း
🚯 တော၊ တောင်တွေဆီ ခရီးသွားတဲ့အခါ အမှိုက်တွေစနစ်တကျစွန့်ပစ်ပေးခြင်း
📢 ရေခဲမြစ်ဆုံးရှုံးမှုနဲ့ ရာသီဥတုပြောင်းလဲမှုအကြောင်း အသိပညာ မျှဝေပေးခြင်း
🌱 ကာဗွန်ဒိုင်အောက်ဆိုက် အများအပြားမထုတ်လွှတ်မိစေဖို့ တစ်ပိုင်တစ်နိုင် ပါ၀င်ပေးခြင်း
တို့ကို ပြုလုပ်နိုင်ပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင် တောင်တန်းတွေကို ကာကွယ်တယ်ဆိုတာဟာ ရေ၊ အစားအစာစနစ်၊ ဇီဝမျိုးကွဲနဲ့ ဘီလီယံနဲ့ချီတဲ့ လူတွေရဲ့ အသက်တွေကို ကာကွယ်တာနဲ့ အတူတူပဲ ဖြစ်လို့ တောင်တန်းဂေဟစနစ် မယိုးယွင်းသွားစေဖို့အတွက် အတူကြိုးစားကာကွယ်ကြဖို့ အရေးကြီးပါတယ်။
ရေသားသူ - ကိုထူး (EHSMyanmar)
Reference - un.org
#EHSMyanmar #InternationalMountainDay #MountainMatter #glaciermatter #ProtectOurMountains #ClimateAction
868
World Cities Day (ကမ္ဘာ့မြို့များနေ့)
=========================
EHS Myanmar - 31.10.2025
၂၀၁၄ ခုနှစ်ကနေစလို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့မြို့များနေ့ (World Cities Day) ကို နှစ်စဥ် အောက်တိုဘာလ ၃၁ ရက်နေ့တိုင်းမှာ ကျင်းပကြပါတယ်။ ဒီနေ့လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြို့ပြတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုနဲ့ အတူအဖြေရှာပြီး၊ ရည်ရှည်တည်တံ့ဖွံ့ဖြိုးတဲ့ မြို့ပြတွေကို အတူတကွတည်ဆောက်၊ ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် အဓိကဆောင်ပုဒ်ကတော့ “ပြည်သူအခြေပြု စမတ်မြို့ပြများ” (People-Centred Smart Cities) ပဲဖြစ်ပါတယ်။
ဒီဆောင်ပုဒ်ဟာ မြို့ပြဖွံဖြိုးရေးအတွက် ခေတ်နဲ့အညီတိုးတက်လာတဲ့ နည်းပညာနဲ့ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုတွေကို သုံးစွဲတဲ့အခါ ပြည်သူတွေရဲ့ လုံခြုံမှု၊ ကျန်းမာရေးနဲ့၊ ပိုမိုရည်ရှည်တည်တံ့ ခံနိုင်ရည်ရှိတဲ့ မြို့ပြ ပတ်၀န်းကျင်ကို ဖန်တီးပေးဖို့ကို အလေးပြုမှတ်ဆိုထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ထက်၀က်ကျော်ဟာ မြို့ပြတွေမှာ နေထိုင်ကြတာဖြစ်သလို၊ မြို့ပြတွေဟာ ကမ္ဘာ့စီးပွားရေး၊ လူမှုရေးနဲ့ ပတ်၀န်းကျင်ဆိုင်ရာ ကိစ္စရပ်တွေအတွက် ဗဟိုချက်ကျတဲ့ နေရာတွေဖြစ်တာကြောင့် မြို့ပြဘ၀ ပိုမိုကောင်းမွန်ဖို့ဆိုတာ အရေးကြီးတဲ့အရာပါ။
ကျွန်တော်တို့ရဲ့ မြို့ပြ ပတ်၀န်းကျင်ပိုမိုကောင်းမွန်လာဖို့ ဘာတွေလုပ်ဆောင်၊ ကူညီနိုင်သလဲဆိုရင်
၁) မြို့ပြမှာနေထိုင်သူတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် စီမံကိန်းတွေကို အားပေးခြင်း
၂) သဘာ၀ပတ်၀န်းကျင်နဲ့ လိုက်ဖက်ညီတဲ့ မြို့ပြတည်ဆောက်ရေးကို ထောက်ခံပြီး ကိုယ်တိုင်တတ်နိုင်တဲ့ဖက်က ပါ၀င်ဆောင်ရွက်ပေးခြင်း
၃) နည်းပညာကိုအသုံးပြုထားတဲ့ အများပြည်သူအတွက် လွယ်ကူအကျိုးရှိစေမယ့် ၀န်ဆောင်မှုများကို အားပေးထောက်ခံခြင်း
၄) အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်း၊ ကိုယ်နေထိုင်ရာ ပတ်၀န်းကျင်ကို သန့်ရှင်းအောင်ထားခြင်း
အစရှိတဲ့ အရာတွေကို တပိုင်တစ်နိုင်လုပ်ရင်း ပါ၀င်နိုင်ပါတယ်။
ဒါကြောင့် ယနေ့ ကမ္ဘာ့မြို့များနေ့ World Cities Day မှာ ကျွန်ုပ်တို့ နေထိုင်ရာ မြို့တွေကို ပိုမိုတိုးတက်ကောင်းမွန်အောင်၊ လူတိုင်းအတွက် ပိုမိုမျှတပြီး ရေရှည်တည်တံ့အောင် အတူတကွ ပူးပေါင်းဆောင်ရွက်လိုက်ကြပါစို့။
ရေးသားသူ - ကိုထူး (EHS Myanmar)
ကိုးကား - unhabitat.org
#WorldCitiesDay #WCD2025 #UrbanOctober #BETTERCITYBETTERLIFE #Peoplecentredsmartcities #SmartCities #EHSMyanmar
868
သက်ရှိတို့ရဲ့ အခရာ "မြေဆီလွှာ"
-----------------------------------------------
EHS Myanmar | 27.10.2025
မြေဆီလွှာက ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်ပြီး ကမ္ဘာကြီးရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးပါတယ်။ ဥပမာ - အပင်တွေရှင်သန်ဖို့ ထောက်ပံ့ပေးတာ၊ ရေသန့်စင်တာနဲ့ ရေသိုလှောင်ပေးတာ၊ အာဟာရစက်ဝန်းကို ထိန်းညှိပေးတာ၊ ညစ်ညမ်းစေတဲ့ အရာတွေကို တားဆီးပေးတာနဲ့ ချေဖြတ်ပေးတာ၊ ကမ္ဘာကြီးရဲ့ ကာဗွန်စက်ဝန်းမှာ ပါဝင်လုပ်ဆောင်ပေးတာ၊ အမျိုးမျိုးသော ဇီဝသက်ရှိတွေအတွက် သဘာဝကျက်စားရာ နေရာတွေ ထောက်ပံ့ပေးတာ၊ သဘာဝ ကုန်ကြမ်းပစ္စည်းတွေ ဖြည့်စွမ်းပေးတာနဲ့ တိုက်တာ အဆောက်အဦးတွေ တည်ဆောက်ဖို့ရာအတွက် အခြေခံအုတ်မြစ်အဖြစ် ထမ်းဆောင်ပေးတာ ... စသဖြင့် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် မြေဆီလွှာက ကမ္ဘာကြီးရဲ့ အရေးပါဆုံးနဲ့ အဖိုးတန်ဆုံး သဘာဝအရင်းအမြစ်တွေထဲက တစ်ခုအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီလိုအရေးပါတဲ့ သဘာဝအရင်းအမြစ်တစ်ခု ဖြစ်နေပေမယ့်လည်း လူသားတွေက မြေဆီလွှာကို တန်ဖိုးမထားတဲ့အပြင် ရေရှည်တည်တံ့မှုမရှိတဲ့ မြေအရင်းအမြစ် အသုံးချမှု၊ မြို့ပြချဲ့ထွင်လာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် မြေဆီလွှာဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ လူဦးရေ အဆမတန် တိုးပွားလာမှုက မြေအသုံးချမှုပေါ်မှာ အရင်က မကြုံဖူးတဲ့ ဖိအားပေးမှုမျိုးကို ခံနေရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ဆည်တည်ဆောက်ခြင်း၊ ဓါတုပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်း၊ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းနဲ့ သဘာဝသယံဇာတတွေကို လိုအပ်တာထက် ပိုပြီး ထုတ်ယူသုံးစွဲမှုတွေကလည်း မြေဆီလွှာကို ထိခိုက်တွေတဲ့ အရာတွေ ဖြစ်ပါတယ်။
အခုဆိုရဲ့ မြေဆီလွှာရဲ့ သုံးပုံ တစ်ပုံလောက်က မြေ အရည်သွေး ကျဆင်းတဲ့ အခြေအနေကို ရောက်ရှိနေပြီး မြေဩဇာဓာတ် လျော့နည်းလာခြင်း၊ မြေတိုက်စားမှု မြင့်မားလာခြင်း နဲ့ ရေဓါတ်ခမ်းခြောက်လာခြင်း စတာတွေကို ဖြစ်စေပါတယ်။ မြေဆီလွှာအရည်အသွေး ကျဆင်းလာခြင်းက ဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို အရှိန်မြင့်လာစေခြင်း၊ လူသားတွေရဲ့ ဘဝ ရှင်သန်ရေးကို ခြိမ်းခြောက်ခြင်းနဲ့ အစာငတ်မွတ် ခေါင်းပါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(SDGs) တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ဆိုရင် ... မြေဆီလွှာကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြေဆီလွှာအရည်အသွေးကို ထိန်းသိမ်းခြင်းကလည်း အရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
မြေဆီလွှာကို ထိန်းသိမ်းဖို့ရာအတွက်ဆိုရင် မြေဆီလွှာကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုဓာတ်မြေသြဇာတွေအစား သဘာဝမြေသြဇာဖြစ်တဲ့ မြေဆွေး၊ နွားချေး၊ ကြက်ချေး စတဲ့ အရာတွေကို အစားထိုး အသုံးပြုပေးခြင်းအားဖြင့် အသုံးစရိတ်လျှော့ချနိုင်သလို ပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှုနည်းပါးစေပါတယ်။ မြေဆီလွှာရဲ့ နိုက်ထရိုဂျင်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အပင်တွေ စိုက်ပျိုးခြင်းကလည်း မြေဆီလွှာအရည်အသွေးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပလတ်စတစ် ညစ်ညမ်းမှုက မြေဆီလွှာကို ထိခိုက်ပျက်စီးစေတဲ့ အရာဖြစ်တာကြောင့် ပလတ်စတစ် အသုံးပြုမှုကို လျှော့ချခြင်း၊ အသုံးပြုပြီးသား ပလတ်စတစ်တွေကိုလည်း လွယ်လင့်တကူ စွန့်ပစ်မယ့်အစား ပြန်လည်အသုံးပြုခြင်း၊ recycle လုပ်ခြင်း တို့ကို ဆောင်ရွက်သင့်ပါတယ်။
ကျွန်တော်တို့ ခြေထောက်အောက်က မြေကြီးက ဖုန်မှုန့်သာသာ အရာတစ်ခုမဟုတ်ဘဲ ကျွန်တော်တို့ သက်ရှိ သတ္တဝါတွေရဲ့ ရှင်သန်နေထိုင်ရေးမှာ အခရာကျတဲ့ နေရာက ပါဝင်နေတဲ့ အဖိုးတန် သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ မြေဆီလွှာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက ဂေဟစနစ်အတွက်၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်အတွက်၊ လူသားတွေရဲ့ အသက်ရှင်သန်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
Content & Graphic - Chit Ya Aung (EHS Myanmar)
Reference - isric.org, theclimateaccordingtolife.substack.com, springernature.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #soil #soilhealth #lifeunderfeet #soilconservation #soilpollution
868
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအရေး ဖြေရှင်းနေမှုများ (ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့် နည်းပညာ) ဆွေးနွေးပွဲ
—————————————————————
EHS Myanmar- 18.10.2025
ရာသီဥတုပြောင်းလဲမှုသည် ယနေ့ကမ္ဘာကြီးရင်ဆိုင်နေရသည့် အကြီးမားဆုံးနှင့် အရေးတကြီးဖြေရှင်းရမည့် ပြဿနာများထဲမှ တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် လေထုညစ်ညမ်းမှုလျှော့ချရန်၊ သဘာဝကိုကာကွယ်ရန်နှင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိရန် နည်းလမ်းများကို ရှာဖွေလျက်ရှိကြသည်။ နည်းပညာသည်လည်း တစ်နေ့တခြား တိုးတက်ဖွံ့ဖြိုးလျက်ရှိပြီး ယခုအခါ နည်းပညာဆိုင်ရာ အသစ်အဆန်းများသည် ရာသီဥတုပြောင်းလဲမှု၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် စတင်ဆောင်ရွက်လျက်ရှိသည်။
ဆန်းသစ်တီထွင်မှုနည်းပညာများနှင့်အတူ ထိရောက်သော စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းသည်လည်း ဤတီထွင်မှုများကို မူဝါဒများနှင့် လူထုလုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲရာတွင် အလားတူအရေးပါပါသည်။
“ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအရေး ဖြေရှင်းနေမှုများ- ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်နည်းပညာ” ဆိုသည့် အင်တာနက်ဆွေးနွေးပွဲ မှာ ဦးဆောင်ဆွေးနွေးသွား မယ့် သူကတော့မရွှေသင်းပဲ ဖြစ်ပါတယ်။
မရွှေသင်းသည် B.Sc (Hons) Zoology ဖြင့် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုတက်ရောက်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ Mahidol University ၌ Master of Engineering in Environmental and Water Resources Program ကို တက်ရောက်နေသူ ဖြစ်ပါသည်။ ယခင်က Harmosphere Environmental Club (University of Yangon) ၏ Admin ၊ Yangon University Environmental Club ၏ အထွေထွေအတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ ပန်းတိုင်သစ် ဒေသခံ လူငယ် အဖွဲ့အစည်း၏ ပူးတွဲတည်ထောင်သူအဖြစ် သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။
ယခုဆွေးနွေးပွဲကိုပါဝင်တက်ရောက်သူများအနေဖြင့် participation certificate ရရှိမည့်အပြင် ဥရောပအခြေစိုက် The CPD Group (UK) မှ အသိအမှတ်ပြုလက်မှတ် ပါရရှိမှာဖြစ်ပါတယ်။
CPD credit အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါlinkတွင် ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။
https://www.facebook.com/share/1EW2iTyM7Y/?mibextid=wwXIfr
ဒီ Online webinar လေးကိုတက်ချင်တယ်ဆိုရင်တော့ အောက်ပါ Link လေးမှာ စာရင်းပေးသွင်းလို့ရပါပြီ။
စာရင်းပေးသွင်းရန် Link-
https://docs.google.com/forms/d/e/1FAIpQLSfEuwktZ6844a6wXk-d88kHJ68NyKYCyNyCTvGv-DbNGWcJFA/viewform?usp=sharing&ouid=118194674203611595573
📅နေ့ရက်: အောက်တိုဘာလ၂၅ရက်၊စနေနေ့
⏱️အချိန်: မြန်မာစံတော်ချိန် မနက် ၁၀နာရီ
📍ကျင်းပမည့်နေရာ : Zoom ပလက်ဖောင်း။
868
🌿 မကြာခင်ပြုလုပ်တော့မှာဖြစ်တဲ့ "Sustainable Entrepreneurship" Virtual Bootcamp မှာ တက်ရောက်ခွင့်ရရှိသူတွေကို Email ကနေတဆင့် အကြောင်းကြားထားပြီးဖြစ်ပါတယ်နော်။
📌Email စစ်ဖို့မမေ့ပါနဲ့နော်။ ကိုယ့် Inbox ထဲမှာ မတွေ့ပါကလည်း Spam ထဲမှာ စစ်ဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်။ Bootcamp မှာဆုံကြပါမယ် 🥰
------------------------------------------------
Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar
#EHSMyanmar #SustainableEntrepreneurship #Bootcamp
868
Speaker Announcement for "Raise Like A Lotus Webinar "
EHS Myanmar - 23/11/2024
နိုဝင်ဘာလ ၂၇ရက်နေ့တွင် ကျင်းပမည့် "ကြာပန်းပမာ ပွင့်လန်းပါ" ဟောပြောပွဲလေးတွင် ပါဝင်ဟောပြောပေးသွားမယ့် သူကတော့ ဆရာမ Lai Yin Win ပဲဖြစ်ပါတယ်ရှင့်🧡
ဆရာမက ESD Asia Pacific မှ အသိအမှတ်ပြုထားသော မိမိကိုယ်ကို ကာကွယ်ခုခံခြင်းမှတဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပြ - Empowerment through Self-Defense (ESD) Teacher တစ်ယောက်ဖြစ်ပါတယ်ရှင့်။ ဆရာမသည် လူသားချင်းစာနာထောက်ထားမှု နှင့် ဆက်စပ်ဆက်တင်များအတွင်း Gender-Based Violence (GBV) ကို ဖြေရှင်းရာတွင် အထူးကျွမ်းကျင်မှု 10 နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ 🪷
2022 ခုနှစ်မှစတင်၍ ဆရာမသည် မတူညီသောအကြမ်းဖက်မှုအမျိုးအစားများအကြောင်း အသိပညာမြှင့်တင်ရန်၊ တစ်ကိုယ်ရည်နယ်နိမိတ်သတ်မှတ်ခြင်းကို သင်ကြားပို့ချပေးကာ အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကျွမ်းကျင်မှုစွမ်းရည်များရရှိစေရန် လေ့ကျင့်ပေးခဲ့ပါတယ်။ နှုတ်ဖြင့်ေပြာဆိုသည့်နည်းစနစ်များ၊ အသိဥာဏ်စွမ်းရည်၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ခုခံကာကွယ်နည်းများကို အမျိုးသမီးများအား အဓိကထား၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။💌
ဆရာမ၏ ကြိုးပမ်းအားထုတ်မှုများသည် ပေါင်းစပ်ညှိနှိုင်းရေး ဗျူဟာများ အားကောင်းစေခြင်း၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်များ တည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ပိုမိုဘေးကင်းပြီး သာတူညီမျှသော ပတ်ဝန်းကျင်ကို ဖန်တီးရန် အဓိကထား ဆောင်ရွက်ပါတယ်🫶
၂၇ရက်နေ့တွင်ကျင်းပမယ့် ဟောပြောပွဲမှာလည်း မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအတွက် ရည်ရွယ်၍ ဆရာမက ကူညီအားဖြည့်ပေးထားပါတယ်ရှင့်🤗
ဆွေးနွေးပွဲလေးကို စိတ်ဝင်စားလို့ နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှတဆင့် စာရင်းပေးလို့ ရပါတယ်ရှင့်
https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link
ဆွေးနွေးပွဲကို တက်ရောက်နားထောင်သူတွေကို အသိအမှတ်ပြုလက်မှတ်လေးလဲ ချီးမြှင့်ပေးသွားဖို့ ရှိလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗
ဆွေးနွေးပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်- နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့။ မနက် ၁၀နာရီမှ ၁၁နာရီခွဲထိ။
#NoExcuse #OrangeTheWorld #EHSMyanmar #webinar
868
Digital Age and Violence against Women 🌐⚠️
EHS Myanmar - 21/11/2024
👉ဒစ်ဂျစ်တယ်နည်းပညာဟာ ကျွန်ေတာ်တို့ရဲ့ နေ့စဥ်ဘဝမှာ ပိုပိုပြီး မရှိမဖြစ်လိုအပ်လာတာနဲ့အမျှ တစ်ဖက်မှာလည်း ၎င်းက ကျားမရေးရာအခြေခံအကြမ်းဖက်မှုပုံစံ အသစ်များကို ဖန်တီးဖြစ်ပွားနေစေပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ် နည်းပညာပံ့ပိုးပေးတဲ့ အကြမ်းဖက်မှုများဟာ မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာ အရှိန်မြှင့်လာခဲ့ပြီး အွန်လိုင်းနဲ့ လက်တွေ့ဘဝမှာ အမျိုးသမီးများရဲ့ လုံခြုံရေးနဲ့ စိတ်ကျန်းမာရေးကို သိသိသာသာ ခြိမ်းခြောက်လာခဲ့ပါတယ်။ သည်အရာဟာ ဒစ်ဂျစ်တယ်ခေတ်မှာ အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်မှုကို အလေးပေးဖော်ပြနေပါတယ်။
📱Institute of Development Studies အရ အမျိုးသမီး ၁၆ မှ ၅၈ ရာခိုင်နှုန်းကြားဟာ နည်းပညာအကူအညီပေးတဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုများကို တွေ့ကြုံခံစားခဲ့ရပါတယ်။ Economist Intelligence Unit မှ အမျိုးသမီး ၃၈ ရာခိုင်နှုန်းဟာ အွန်လိုင်းအကြမ်းဖက်မှုဆိုင်ရာ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ရှိကြပြီး အွန်လိုင်းတွင် ပိုမိုအချိန်ကုန်လေ့ရှိသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ဒစ်ဂျစ်တယ် အကြမ်းဖက်မှုကို ပိုမိုကြုံတွေ့ခဲ့ရကြောင်း စစ်တမ်းရရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အလုပ်၊ ကျောင်းနှင့် လူမှုရေးလုပ်ငန်းများအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အွန်လိုင်းနှင့် ထိတွေ့လာခြင်းဟာ ဒစ်ဂျစ်တယ် အကြမ်းဖက်မှုကို တိုးလာရတဲ့ အကြောင်းပြချက် တစ်ခုလဲဖြစ်ပါတယ်။
📝ထိုအရာတွေက ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးနဲ့ မိန်းကလေးတွေ တွေ့ကြုံနေရတဲ့ အရာတွေလဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ေတာ်တို့ EHS Myanmar မှ နိုဝင်ဘာလ ၂၄ရက်တွင် "ကြာပန်းလေးပမာ ပွင့်လန်းပါ" ဆိုတဲ့ ဟောပြောပွဲ တစ်ခုစီစဉ်ထားပါတယ်။ ဟောပြောပွဲမှာဆိုရင်တော့ အမျိုးသမီးတွေ တွေ့ကြုံရလေ့ရှိတဲ့ နှောင့်ယှက်မှုေတွ အကြမ်းဖက်မှုတွေကို ဖော်ထုတ်ပြောပြသွားပြီး အဲ့ဒီအရာတွေကို ဘယ်လိုမျိုးကာကွယ်ကြမယ်၊ အကယ်၍ ကိုယ်တိုင်တွေ့ကြုံလာရပါက ဘယ်လိုမျိုးတွေ ရင်ဆိုင်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်ဗျ🧡
ဆွေးနွေးပွဲလေးကို စိတ်ဝင်စားလို့ နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှတဆင့် စာရင်းပေးလို့ ရပါတယ်ရှင့်
https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link
ဆွေးနွေးပွဲကို တက်ရောက်နားထောင်သူတွေကို အသိအမှတ်ပြုလက်မှတ်လေးလဲ ချီးမြှင့်ပေးသွားဖို့ ရှိလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗
ဆွေးနွေးပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်- နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့။ မနက် ၁၀နာရီမှ ၁၁နာရီခွဲထိ။
#NoExcuse #OrangeTheWorld #EHSMyanmar #webinar
868
🌊🐟 Happy World Fisheries Day! 🐟🌊
Today, we celebrate the importance of sustainable fishing and healthy waters for Myanmar’s communities and future. Let’s work together to protect our marine life! 💙
#EHSMyanmar #WorldFisheriesDay
