POETRY TREE IN THE SEA
رفتن به کانال در Telegram
375
مشترکین
اطلاعاتی وجود ندارد24 ساعت
-47 روز
-1130 روز
آرشیو پست ها
"အခန်းပျက်နေတဲ့ သေရာပါအပိုင်းအစများ"
လွှတ်တော်မှာ အချွတ်အဖော်တွေဆိုလား ဘာဆိုလား
ဘာဖိုရမ်ညာဖိုရမ် စားပွဲဝိုင်းပေါ်က
သွေးသံရဲရဲအစွယ်တွေရဲ့ မျက်ရည်ခြူလိုမှုမှာ
ဝိုင်းငိုခဲ့ကြတဲ့ အစားခံသိုးတွေအကြောင်း
မင်းကိုငါ စကားလက်မဆုံနိုင်တော့ဘူး
တကယ်တော့ ကန့်လန်ကာနောက်မှာ
ဗိမ္မာန်တွေအစား အမှိုက်ပုံကြီးသာရှိကြောင်း
အငွေ့ပျံသွားတဲ့ငါ့ကောင် မသိသွားဘူး
ငိုသံတွေကို ငါတို့အချင်းချင်း
အပြန်အလှန်နှုတ်ပိတ်ခဲ့ကြတာပါပဲ
သူရဲကောင်းဖြစ်ချင်တဲ့ကောင်တွေဟာ
ခွက်ခေါက်ဘွဲ့ထူးခံရင်း ကျည်ဆံကြားထဲပြေးဝင်ရ
မင်းလိုချင်တဲ့နိုင်ငံတော်ဟာ
ဘယ်တုန်းကမှ အမှတ်သည်းချေမရှိခဲ့ဘူး ရဲဘော်
သောက်တော်ရေတစ်ခွက်အတွက်
တောင်းဆုအနန္တပြုတတ်တဲ့လူတွေဟာ
မင်းတို့အသက်တွေထက် ပိုမိုအဖိုးအနဂ္ဂထိုက်တန်သော
ငွေကြေးပိုင်ဆိုင်မှုတွေအတွက်
လက်ငြိုးပေါင်းများစွာ အပြန်အလှန်ထိုးကြ
အဆိုပါလက်ငြိုးတော်လှန်ရေးတွေအကြား
ခေတ်အဆက်ဆက် လွတ်လပ်ခဲ့ကြတာဆိုလို့
အာဏာရှင်တွေပဲရှိတယ်ငါ့ကောင်
ပန်းဆိုတာ တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေတယ်တဲ့
သူ့ဒဿနနဲ့သူ ကြွေပေးခဲ့တဲ့ငါ့ကောင်
ဒီနိုင်ငံဟာ ဝါဒမှိုင်းကြောင့်
လွင်တီးခေါင်နေမှန်း မသိသွားရှာဘူး။
#ဘီအီးဒီ
#poetry_tree_in_the_sea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
အဝေးပြေးလမ်းဘေးက
ကွန်ကရစ်တိုင်တွေလိုမျိုး
မင်းလှည့်ကြည့်ရင်
ငါဘယ်လို ရပ်ကျန်ခဲ့ရလဲ သိပါလိမ့်မယ်။
ဘဝဟာစစ်မြေပြင်ဆို ညာဘက်လက်ညှိုး
ပြတ်နေတဲ့ကောင်ပါ
နှစ်ဆယ့်တစ်ရာစုခေတ်မှာ
ဘယ်စစ်သည်က ဓားနဲ့တိုက်ပါတော့မလဲကွယ်
ခွင့်လွှတ်ပါကွယ်။
ဖြတ်ခနဲ ရင်ထဲအေးသလိုခံစားလိုက်ရရင်
ရုတ်တရက် ဆံပင်လေးများလှုပ်ခတ်သွားလိုက်ရင်
...... ...... ....... ....... ...... ....... ......
မောင်ကလဲ မေ့ကိုခွင့်လွှတ်ပါတယ်။
#ဆက်သွင်
#Poetry_Tree_In_The_Sea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"မောင့်လပြည့်ဝန်း(သို့မဟုတ်)ဆုတောင်းခဲ့ဖူးတယ် မိငယ်"
မင်းပြန်မလာတဲ့ရာသီတွေမှာ
ငါ့အချစ်ဟာ မိုးခေါင်ရေရှား
ဘာပင်မှ မပေါက်ရောက်နိုင်တဲ့အရပ်ဒေသတစ်ခု
တိမ်ပွင့်တွေမှာ တွဲလွဲခိုနေတဲ့
မင်းရဲ့အပြုံးများ
ထိတွေ့အေးစက်နိုင်ခွင့်မရှိခြင်းနဲ့
ငါနေထိုင်နေရတယ်။
ငါတို့ရဲ့ဆုံနိုင်ခွင့်ဟာ
ခြင်ဆေးခွေနဲ့ ခြင်တစ်ကောင်ပဲ
ခြင်ဆေးခွေပေါ်မှာနားရဲတဲ့
ခြင်တစ်ကောင်ရဲ့သတ္တိမျိုးနဲ့
ဆိုပေမယ့်
ပြန်မလာသူထံ
အရောက်မသွားတော့ဘူး။
တစ်ယောက်တည်းတွေဝေငေးဆွေး
ငါဟာ ကော့စ်ပါးနီးကပ်ဆို
မင်းဟာ ဘာသာရေးဂိုဏ်းချုပ်ပဲ
အချစ်ဟာ တစ်ကယ်ရှိခဲ့တယ်။
ဒီလိုနဲ့ပဲ
နှုတ်ဆက်ခွဲခွာရတော့မယ့်
လက်ပြခြင်းမျိုးနဲ့
တို့တွေ ပြန်ဆုံတွေ့ခဲ့ရတယ်။
တယ်လီဖုန်းတွေရဲ့ခေတ်
ကားလမ်းမကြီးတွေရဲ့ခေတ်
ဘယ်နည်းနဲ့ဖြစ်ဖြစ်
တစ်ယောက်ဆီတစ်ယောက်
ရောက်မလာနိုင်ခြင်းတွေမှာ
အကွာအဝေးတွေအကြောင်း
ထည့်မပြောကျတော့တာ
ရင်နာစရာပါပဲ။
သံယောဇဥ်တွေရှိသေးတယ်ကွာ
လို့ပြောတော့
ကမ္ဘာဟာ စောင်းပြီးလည်တာပဲတဲ့
အမျှင်တန်းနေတဲ့ သံယောဇဥ်မှာ
မယုံကြည်ခြင်းတွေဟာ
သံလိုက်စက်ကွင်းတစ်ခုပဲ
ကွေ့ကောက်သွားခဲ့ရတယ်။
အခွံလဲဖို့ မလိုတဲ့နှလုံးသားတစ်ခုနဲ့
ပုတ်သိုးဆွေးမြေ့နေတဲ့အချိန်ကာလတွေမှာ
အာဒံရဲ့နံရိုး ဘယ်နှချောင်းများ
ဘုရားသခင်ရိုက်ချိုးဖြစ်သလဲ။
အားလုံးဟာ အသစ်အသစ်တွေဆိုပေမယ့်
ဧဒင် ဦးယျာဥ်မှာ
ပန်းသီးနောက်တစ်လုံး ထပ်မကြွေတော့ဘူးတဲ့။
ခေတ်ရေစီးကြောင်းရဲ့
တွန်းပဲ့တိုက်ဖြတ်ခြင်းတွေမှာ
သွေးထွက်နေတဲ့ အိမ်မက်နဲ့
ချစ်ခဲ့ဖူးသူတစ်ယောက်အကြောင်းရဲ့လိပ်မူတွေဟာ
အငူတစ်ခုအဖြစ်နဲ့ ကျန်ရစ်နေခဲ့တယ်။
မင်းရှင်သန်ရာအရပ်မှာ
မြေဩဇာဖြစ်ရတယ်
တိုက်စားခံခဲ့ရသမျှ
မင်းရှိရာအရပ်မှာ
ပို့ချ အနည်ထိုင်ရတယ်။
ဒါဟာ
ပကာသနမလိုပါဘူးကွယ်ဆိုသူအတွက် ပေးနိုင်တာပါပဲ။
နှင်းတုတွေဝေနေတဲ့
မနက်ခင်းများတစ်ခုမှာပေါ့
ကြွင်းကျန်ရစ်သူတစ်ယောက်ရဲ့
ကျရှူံးမှုတွေ။
အချစ်ကသန္ဓေတည်လာတဲ့အရာတွေအတွက်
ခေါင်းစည်းကွင်းတစ်ခုလောက်တော့လိုကြောင်း
နှုတ်ခမ်းနီတစ်ခုမျှတော့လိုကြောင်းကို
နီယိုမာစ့်ဝါဒတွေထက် ငါနားလည်သင့်တယ်။
ဒီလိုနှင်းတွေဝေနေတော့
အနွေးထည်တစ်ခုဝယ်ပေးဖို့ထက်
ရှရှားရဲ့မဟာအောက်တိုဘာတော်လှန်ရေးကို
ငါအရင်သတိရတယ်။
တစ်ကယ်တော့
အနွေးထည်တစ်ခုဟာ
မဝယ်နိုင်သူတွေအတွက်
ဘာနွေးထွေးမှုမှ မပေးနိုင်ပါဘူး။
ငါဟာ
ဘုန်ကြီးကျောင်းဝင်းထဲက
ဘုရားတွေထက်
အမိုးမလုံတဲ့ စာသင်ကျောင်းတွေကို
ပိုမြင်တတ်ခဲ့တဲ့ကောင်။
လပြည့်နေ့တွေမှာ
လမ်းဘေးက ကလေးတွေမြင်ပြီး
မင်းလက်ထဲက ဘုရားပန်းတွေ
ငါဘုရားကို မကပ်နိုင်တာခွင့်လွှတ်ကွယ်။
ကိုယ်ဖြစ်ချင်တာတွေအတွက် ဆုတောင်းဖို့မလိုပါဘူး မေရယ်လို့ ငါချော့တော့
နှုတ်ခမ်းလေးဆူပြီး
မောင်တော့ ငရဲကျမယ်တဲ့
ဆူနေတဲ့နှုတ်ခမ်းလေး ပြုံးနေပြီလား
ငရဲက ငါ ဘာမှမမြင်ရဘူး အချစ်ရယ်။
လှန်ထားတဲ့ ပြက္ကဒိန်ကို
အသာအယာ ပြန်ချပြီး
ကိုယ့်စိတ်ကို ပြန်ဖြေရတယ်။
ခေါင်းစည်းကွင်းတစ်ခုတောင်
ဝယ်ပေးဖို့သတိမရတဲ့ကောင်အတွက်
အဲ့ဒိဆံပင်တွေ ပွတ်သပ်နမ်းရှိုက်ခွင့်မရတာဟာ
တန်ပါတယ်။
ကျေနပ်စရာဘာမှမရှိတဲ့
လောကထဲ
နေတတ်တယ်ဆိုတာကလဲ
မင်းသောက်နေကျ
အက်ပရက်ဆို တစ်ခွက်
ဖျော်ရတာထက် ခက်ခဲတယ်။
ဒါကြောင့်
ဒါတွေဟာ
ဒီလိုပါပဲ။
ဒါ့ကြောင့်
ဒီလို
ထမင်းရေပူစည်းကို
ဝင်တိုးခဲ့တာ။
တစ်ယောက်ယောက်ဆီက
လွတ်အောင်ပြေးဖို့ဆိုတာ
မလွယ်ဘူး။
သံသရာနဲ့ ငါဟာ
ရှိမြဲတိုင်းရှိနေမှာ။
ရုပ်ဝါဒီသမားတွေရဲ့
နောက်ဆုံးအသိစိတ်ဆိုတာ
သေဆုံးခြင်းတွေ ခေါင်းပေါ်ဝဲပျံနေမှမဟုတ်လား
လောကကြီးမှာ
မမြင်ရတဲ့အရာတွေကို
ငွေနဲ့ပေးဝယ်လို့မရခင်အချိန်ထိ
ငါပိုင်ဆိုင်သမျှ အားလုံးနဲ့ မင်းကိုချစ်ခဲ့တယ်။
ကလေးငယ်တစ်ယောက်ရဲ့
လိုတာမရလို့ အော်ငိုခြင်းမျိုးနဲ့
နတ်ဘုရားတစ်ပါးပါးဆီက
သနားညှာတာခြင်းကို
အော်ငိုပြီးတောင်းကြည့်ချင်တယ်။
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
လက်သီးတွေရဲ့ ပြေအလျော့မှာ
တိတ်ပါတော့ကွယ်လို့
မိခင်တစ်ယောက်ရဲ့မေတ္တာမျိုးနဲ့တောင်
မင်းလာချော့ခွင့်မသာခဲ့တာ
ငါနားလည်ခဲ့ရတယ်။
ပန်းတစ်ရာထပ်လမ်းကို
လျှောက်မယ့်သူအတွက်
သစ္စာပန်းတစ်ခက်သာ
ပေးအပ်နိုင်ခဲ့သူပါ။
သနပ်ခါးအဖွေးသားနဲ့
အလှဆုံးဖြစ်အောင်
သစ္စာပန်းခက်လေး ပန်ပေးမယ့်နေ့
မောင်စောင့်နေမယ်နော်။
.....
ကြည်နူးဆွတ်ပျံ့ဖွယ်ရာ
နေ့ရက်တွေရဲ့အလွန်မှာ
ပြုံးရီပျော်ရွှင်နေတဲ့ ပုံဟောင်းလေးတစ်ခုနဲ့
ကျန်နေခဲ့လိုက်ပါတော့မယ်။
ဝေဒနာအထပ်ထပ်နဲ့ပါ
ဘုံကမ္ဘာ ဘယ်နှထပ်လဲကွယ်
အချစ်ရယ်
အဝီစိကဆိုလဲ
မော့ကြည့်လို့ မြင်ရသေးတယ်မှတ်လား။
ကမ္ဘာတစ်ခုတည်းမှာပဲ ဆိုပေမယ့်
သံသရာတစ်လျှောက်လုံး
ပြန်မတွေ့နိုင်တော့လောက်အောင်
ဝေးကွာခဲ့ပြီဆိုတာ
ဘယ်သီအိုရီနဲ့မှ
ငြင်းလို့မရတော့တဲ့
အမှန်တရားတစ်ခုပါ။
တစ်ယောက်က
တစ်ယောက်ကို
ဂရုစိုက်ဖို့မှာတယ်ဆိုကတည်းက
နှစ်ယောက်အတူ
တစ်ယောက်ကိုတစ်ယောက်
ဂရုမစိုက်နိုင်တော့လို့ပဲ
မဟုတ်လား။
သေနေသလို အသက်ရှင်နေရတဲ့
နေ့ရက်တွေချည်းပါပဲ။
သံလမ်းမရှိတော့တဲ့ရထားအတွက်
ကွန်ကရစ်လမ်းဟာ
ဘူတာဆီကို အရောက်မပို့ပေးနိုင်ဘူးဆိုတာ
မရီရတဲ့ ဟာသပါ မေ။
ပက်ကြားအပ်နေတဲ့ ရင်ဘတ်ကြီးနဲ့
အားလုံးကို ငေးကြည့်ဖြစ်တယ်
အစက တို့မတွေ့ခဲ့ရင် ကောင်းမယ်
ဆိုတဲ့ သီချင်းစာသားဟာ
ရင်ဘတ်ထဲ ဝင်လာတဲ့
ချိန်ကိုက်ဗုံးပဲ။
"မကြည်ပြာရှိတဲ့ အရပ်ဆီသို့"
ဘာမှမဖြစ်သလိုနဲ့
တကယ်တမ်း ဝေးနေကြတာကို
သိရတော့လည်း ရင်ဘက်တခုလုံးပေါ့၊
စို့နစ်နေသလိုလို ပျို့တက်လာသလိုလို
ဒီလို မချိ့မဆန့် ခံစားချက်မျိုးကိုလည်း
မကြည်ပြာက သိပုံမထင်ပါဘူး...။
ပြန်မရနိူင်တော့တဲ့ အရာတွေကို
တမ်းတတာကို အလွမ်းလို့ခေါ်တာလား
မကြည်ပြာ...ဒီလိုဆို
ကျွန်တော်လွမ်းရတာက မြစ်ရေလျှံသလိုပဲ
ဘာအတာဆီးမှ ထိန်းမရခဲ့ဘူး၊
ကျွန်တော့် နေ့ဓဒူဝ၊
မကြည်ပြာ နေ့ဓဒူဝ ပြောခဲ့ပုံတွေ၊
စကားတွေ ပြိုင်ငြင်းကြပုံတွေ၊
ကွက်ကွက်ကွင်းကွင်းပါပဲ မကြည်ပြာရေ...
ဘယ်အရာမှ ဝိုးတဝါးဆိုပြီး ဖြစ်မနေခဲ့တဲ့
သတိရစိတ်တွေပါပဲ...။
မကြည်ပြာရေ..
ကောင်းကင်ကြီးကို မော့ကြည့်စမ်းပါကွယ်
လနဲ့ကြယ်ကို နီးတယ်လို့ ထင်တယ်မဟုတ်လား
ချစ်သေးတဲ့လို့ အမည်ခံပြီး ဝေးနေကြတဲ့
ကျွန်တော်တို့ နှစ်ယောက်နဲ့ မတူဘူးလားကွယ်
အေးစက်နေတဲ့ ကော်ဖီက မချိုဘူးတော့
ဘယ်ဟုတ်ပါ့မလဲ အနွေးဓာတ်လေး မရှိယုံပါပဲ
အရင်လို မဟုတ်တော့တာကို ဆံပင်တွေ ရှည်လာပုံ၊
နှုတ်ခမ်းမွှေးတွေ ရှည်လာပုံက သက်သေတဲ့...
ခိုင်းစေသူက မေ့နေရောလားကွယ်
သြော်... အရင်လို မဟုတ်ယုံပါပဲ...။
မိုးစက်ကလေးတွေ ကုန်သွားပြီ
ဆောင်းရောက်ပြန်ရောပေါ့၊
တခါတခါ သိပ်ချမ်းတာပဲ ဝေးနေခဲ့လို့ ထင်ပါရဲ့
စကားနွေးနွေးတွေ မကြားရ
ဆက်ဆံရေးတွေပါမက နွေးထွေးမှုတွေပါ
အကုန်ပါသွားပြီ ထင်ပါရဲ့...
မကြည်ပြာရေ...ဝေးခဲ့ကြပြီပေါ့ကွယ်...။
အချိန်တွေကတော့ ရွေ့နေတာပါပဲ
ရပ်တန့်သွားတဲ့ အရာတချို့ကတော့
တပိုင်းတစနဲ့ ဖောင်းပြုတ်သွားတဲ့
မကြည်ပြာရဲ့ နာရီ လက်ဆောင်လေး
မကြည့်ဖြစ်တော့တာက လွဲရင် လုံခြုံဆဲပေါ့။
ဘောင်ကွတ်ထားတဲ့ အမှတ်တရ ဓာတ်ပုံလေး
အခုတော့ အုပ်ထားခံခဲ့ရ၊
ဟောင်းနေပေမယ့် အသုံးဝင်နေတဲ့
မကြည်ပြာပုံပါတဲ့ ပိုတ်ဆံအိတ်လေး
ဒါလည်း လက်ဆောင်ပဲ မဟုတ်လား၊
ခုထိ ဆောင်းနေဆဲ ဦးထုပ်လေးက
မကြည်ပြာ ရွေးပေးထားတာလေ
ဒါတွေကိုရော ပြန်ပေးဖို့ လိုသေးလား မကြည်ပြာ
အားနာဖို့ မလိုပါဘူး၊ ကျွန်တော်တို့ ဝေးခဲ့ကြသလို
ပွင့်လင်းဖို့ပဲ လိုတာပါ...။
နှုတ်ဆက်ရတယ်၊ ထွက်ခွာရတယ်၊ ချန်ခဲ့ရတယ်၊
အားလုံးက ဝေးကွာခြင်းတွေပဲ မဟုတ်လား၊
ထွက်သွားသူက မင်းဖြစ်တယ်
ကျန်ခဲ့သူက ကိုယ်ပေါ့ကွယ်...။
ချစ်ခဲ့ခြင်းဟာ အမှတ်တရ အဖြစ်သာ ကျန်ခဲ့သည်..။
မြို့ပတ်လိုင်းကားတွေ စျေးချိုသေးလား
အရင်လို စီးလာဖို့တော့ မဖြစ်တော့၊
အဝိုင်းကြီးကို ပတ်လိုက်တော့
ထောင့်စွန်းမှာ ကန်လေးတွေ့ပါလိမ့်မယ်၊
ဘာမှတော့ မဟုတ်ပေမယ့်
ကန်ဘေးက ခုံကလေးနဲ့ မျက်ခင်းစိမ်းတွေပေါ်
ထိုင်ခဲ့ဖူးတာ သတိရမိတယ်...။
ဒီတခါ ပြန်ရောက်ခဲ့ရင်ကွယ်
ဘုရားကြီးကို တစ်ယောက်ထဲ သွားဖူးရမယ်၊
အဲ့ဒီ မြို့ကလေးရဲ့ ညစျေးတွေကိုတော့
မဝင်တော့ဘူးကွယ်...
အရင်လိုပဲဆိုရင် အမဲဒုတ်ထိုးဆိုင်က
ငါးနာရီဆို စခင်းပြီ။
သတိရသေးရင် နီးကြဦးမှာပါတဲ့
ဝေးလို့သွားတာကျ တစ်ဘဝလုံးဆိုတာကို
ဘယ်သူမှ မသိခဲ့ကြဘူး၊
ဆွေးမြေ့သွားတဲ့ ရက်တွေ
နွေတွေ၊ မိုးတွေ၊ ဆောင်းတွေ
ဘယ်လောက်ကြာအောင် နေရဦးမှန်းမသိတဲ့
အရပ်ကနေ သတိရစရာမရှိပဲ အမှတ်ရနေမိပြန်တယ်
မကြည်ပြာ အဆင်မှ ပြေပါရယ်စ
လွမ်းမိကြောင်းတော့ ဝန်ခံခဲ့ပါရဲ့...။
#ဇေယျာထက်အောင်
#Poetry_Tree_In_The_Sea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"တနင်္ဂနွေစိတ္တဇ"
တိတ်ဆိတ်ခြင်းကို
အကျွမ်းမဝင်သူရဲ့တနင်္ဂနွေဟာ
ခြောက်ခြားဖွယ်စိတ္တဇညပါပဲ
ပုံသဏ္ဍာန်မျိုးစုံနဲ့
ရှူပ်ထွေးလွန်းတဲ့အသံတွေ
နံရံနဲ့မျက်နှာကျက်ကနေ
အခန်းထဲကိုစိမ့်ဝင်လာတယ်
အသံတွေရဲ့စီးဆင်းမှုထဲ
ကြေကွဲဝမ်းနည်းခြင်းတွေ
ကျေနပ်ပျော်ရွှင်ခြင်းတွေ
လွမ်းစွတ်တသခြင်းတွေ
ကြောက်ရွံ့စိုးထိတ်ခြင်းတွေက
ဦးတည်ချက်မရှိငါ့တကိုယ်လုံးကိုဝါးမျိုလို့
ငါသတ်ိထားမိချိန်
ငါ့အရိုးတွေကတဖျစ်ဖျစ်မြည်နေတယ်
အစာအိမ်ကတဂျုတ်ဂျုတ်ခုတ်မောင်းနေတယ်
ငါ့ခေါင်းထဲချားရဟတ်တစ်ခုရဲ့လည်ပတ်သံတွေ
ဦးနှောက်ကတော့ တစ်ခုခုကိုရိုက်ခွဲလိုက်ဖို့
အမိန့်ပေးနေသလိုပဲ
အာရုံငါးပါးလုံးအသံတွေဖုံးလွှမ်းကုန်ပြီ
ဒါဟာဘယ်လိုရောဂါရဲ့လက္ခဏာမျိုးလဲ
မသိချင်တော့ဘူး
ပြတင်းတံခါးကိုပိတ်
မျက်စိကိုပိတ်
နားကိုပိတ်
ငါ့ စိတ်ထဲ...အသံတွေကြားနေရဆဲ ။
#ခက်လင်းအိဏ်
#Poetry_Tree_In_The_Sea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"သို့...ဆရာမလေး ရီဝေဦး"
၁။
ပြေပြန့်က ကွင်းပြင်ကျယ်ထဲမှာ
ဆော့ကစားဖို့ မင်းကိုခေါ်တဲ့အခါ
မင်းက ဟိုး...တောင်ပေါ်က
ယမ်းငွေ့တွေစီ ငေးနေတော့တာပဲ။
တစ်ယောက်ဝါသနာ တစ်ယောက်ပြောကြေး
ဆော့ကြတဲ့အခါ မင်းက
ကျောင်းဆရာမလေး လုပ်ချင်တယ်လို့
ဦးအောင်ဖြေတတ်တယ်။
ဝင်ငွေကောင်းတဲ့ ဆရာဝန်ကြီးနဲ့ အင်ဂျင်နီယာကြီး
ဘာကြောင့်မဖြစ်ချင်ခဲ့သလဲ ငါမမေးခဲ့။
ငါကတော့ နိုင်ငံတော်ကို ကာကွယ်ချင်စိတ်နဲ့
စစ်သားကြီး ဖြစ်ချင်တယ်လို့ပြောတော့
ဟိုး...က...တောင်ပေါ်ရွာတွေအပေါ်ဖြတ်ပျံပျံသွားတဲ့
လေယျာဥ်မောင်းတဲ့ သူတွေလိုလားလို့မင်းမေးတယ်
ကြောက်စိတ်တွေနဲ့ မကျေနပ်မှုတွေရောနေတဲ့
မင်းမျက်ဝန်းလေး ငါ့ကို တည့်တည့်မှန်ခဲ့။
၂။
အရွယ်ရောက်လာတဲ့အခါ
ရည်မှန်းချက် ခိုင်မာတဲ့ မင်းက
ပညာရေးကောလိပ်မှာ တက်ခွင့်တကယ်ရတယ်
ငါက မင်းပစ်လိုက်တဲ့မျက်ဝန်းကတည်းက
ရည်မှန်းချက်တွေ ဝေဝါးသွားခဲ့ရာ
ခရိုင်မြို့လေးက တက္ကသိုလ်မှာပဲ
ကျောင်းတက်ခဲ့တယ်။
သတင်းပတ်တွေမှာ မင်းနဲ့ငါ
စာပြန်ကြတဲ့အခါ
မင်းစာထဲမှာ မင်းဝါသနာအပေါ်
မင်းဘယ်လောက်ပျော်မွေ့နေလဲ ဆိုတာ
အထင်းသားပါတယ်
Assignmentတွေ ပြည့်နေတဲ့ကြားက
နင့်ဆီ ငါစာရေးရတာလို့ မင်းက ငါ့ကိုပြောတော့
စိတ်ကျေနပ်မှုတွေကြားက အားနာရသား။
ဒါဟာ ငယ်သံယောဇဥ်ကြောင့်လား
ငါ့ဘက်က ပိုပေးမိတဲ့ မေတ္တာတွေရဲ့
တန်ပြန်သက်ရောက်မှုလား
မကွဲပြားခင် ငါ့အတွေးငါသတ်ရတယ်
မင်းအိမ်မက်တွေ မပြည့်မှာစိုးလို့။
၃။
တစ်နေ့
မင်းအရည်အချင်းနဲ့ ရည်မှန်းချက်တွေ
အသိမှတ်ပြုခံရတဲ့နေ့
ရွှေရောင်ကွတ် အနက်ရောင်ဘွဲ့ဝတ်စုံဝတ်ခွင့်ရတဲ့နေ့က
မင်းရဲ့နှင်းဆီရောင်နှုတ်ခမ်းလေးထက်မှာရှိတဲ့
ဝံ့ဝံ့ကြွားကြွားအပြုံးတွေ
ငါဘယ်တော့မှမမေ့ဘူး။
ဒီနေ့နင်သိပ်လှတာပဲ ရီဝေလို့
ငါကပြောတော့ ရှက်သွေးဖြာပြီး
နီဝင်းသွားတဲ့ ပါးပြင်လေးကို
ငါမမြင်အောင် ခေါင်းလေးငုံ့သွားတာ
မြင်မိအောင် မြင်လိုက်တဲ့ငါ
ပိုင်ဆိုင်လိုစိတ်တွေ ပိုပျင်းပြသွားတယ်။
အဲ့ဒီလိုနဲ့
သူငယ်ချင်းစည်းဖြတ်
နောက်တဆင့်ကိုတက်
ငါပြုံးအပြမှာ
မင်းပြုံးပြခဲ့။
ငါ့မျက်ဝန်းနဲ့ပြောတဲ့စကား
မင်းမျက်ဝန်းနဲ့နားလည်တယ်။
ငါပန်းပေးတော့
မင်းခေါင်းမှာပန်းတွေဝေခဲ့။
သိပ်ချစ်တယ် ရီဝေရယ်။
ဒါပေမယ့်
မြေပြန့်တုန်းက ထားရှိခဲ့ကြ
မေတ္တာအလေးချိန်က
တောင်ပေါ်ဒေသရောက်မှ လေထုနဲ့အတူ ပေါ့ပါးသွားသလား။
မင်းက ငယ်အိမ်မက်နဲ့
လက်တွေ့ကျပြီးသား ဆိုတော့
ငါလာအခေါ်မှာ မင်းခေါင်းခါတယ်
ငါလိုချင်တဲ့ မင်းမေတ္တာတွေ
မင်းကျောင်းသားလေးတွေအပြည့်အဝရနေတော့
မနာလိုတောင်ဖြစ်မိပေါ့။
ငါတော့
မင်းငယ်ငယ်က ငေးကြည့်ခဲ့ရတဲ့
ယမ်းငွေ့တွေမဝေဖို့
မင်းကျန်းမာ စိတ်ချမ်းသာဖို့
မေတ္တာတွေ အဝေးကနေ ပို့လို့...။
#ဒါဗယ်လ်အိတ်ရှ်
အောက်တိုဘာ ၅၊ ၂၀၂၄
#Poetry_Tree_In_The_Sea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"ကဗျာ"
သူငယ်ချင်း
ကဗျာဟာ မကွေ့ဝိုက်တဲ့မြစ်ပါ
မင်းရင်ထဲကိုတော့ သွယ်ဝိုက်စီးဆင်းလိမ့်မယ်...။
မိတ်ဆွေ
ကဗျာဟာ မီးခိုးမထွက်တဲ့ခေါင်းတိုင်ပါ
ခင်များစိတ်ထဲကို တမြေ့မြေ့ကျွမ်းဝင်လိမ့်မယ်...။
လောကကြီး
ကဗျာဟာ မမျှော်လင့်ထားတဲ့ဧည့်သည်ပါ
သင့်နှလုံးသားကို တံခါးလာခေါက်ပါလိမ့်မယ်...။
#ကာရန်
#poetrytreeinthesea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"မောင်အို"
မင်းထင်သလိုမဟုတ်ဘူး မောင်အို
အဆင်ပြေပါတယ်လို့ ပြောပြောနေရတာကလည်း
နေ့တိုင်းကျူးလွန်နေရတဲ့ ကံငါးပါးထဲကတစ်ပါးပဲ
ထူထူထဲထဲလိုချင်တဲ့ပတ်ဝန်းကျင်မှာ
ငါကရွက်စုပ်ပြက္ခဒိန်လို တစ်နေ့တစ်ခြားပါးပါးလာ
ဝါသနာနဲ့ ဆန္ဒကတစ်ဖက်
ဝတ်တရားနဲ့တာဝန်ကတစ်ဖက်
လွန်ဆွဲရင်း ငါအပိုင်းပိုင်းကွဲတော့မယ် မောင်အို
တောင့်တင်းတယ်ထင်ကြတာက
တင်းပြီးတောင့်ထားလို့ဆိုတာ မသိကြဘူး
ခတ်တယ်
အိပ်ရေးပျက်ညတွေအတွက်
အစားထိုးအိပ်လို့မရတဲ့မနက်ခင်းတွေ
စိတ်ဖိစီးမှု့တွေအကြောင်း ရင်ဖွင့်ဖို့
ဖန်ခွက်ချင်းတိုက်ရမယ့်သူ မရှိတဲ့နေ့တွေ
တကယ်မလွယ်ဘူး မောင်အို
အငိုမျက်လုံး
အပြုံးမျက်နှာဆိုတာ အခုမှကြုံဖူးတော့တာ။
#ညနေကြယ်(BC)
#poetrytreeinthesea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"ပန်းပင်ကလေးများ"
လူဆိုတာ
နှလုံးသားရဲ့ ကျွေးကျွန်တွေမို့
ဘဝ ရှိတယ်
အချစ် ရှိတယ်
ခံစားမှုနဲ့ပဲ သူတို့ အသက်ရှင်ကြတယ်။
ဘဝကို
တစ်ယောက်ထဲပဲ ဖြတ်သန်းနေသူတွေမှာလည်း
ဆိုင်သာဆိုင် မပိုင်တဲ့
ပန်းတွေ ပျိုးခဲ့မှာပေါ့။
ငါ့အဖိုးဟာ
ပန်းချစ်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့ ငါတို့ ခြံဝန်းကျယ်ကြီးထဲက
ပန်းပင်တွေအားလုံးဟာ ငါ့အဖွားအတွက်
သူကိုယ်တိုင်ပဲ စိုက်ထားပေးတာပါတဲ့။
#ကြည်ထက်ဇော်
"ဒီလောက်ပါပဲ"
ချောင်းမကြည့်ပါနဲ့
အဲဒီအပေါက်မှာရှိချင်မှရှိမှာပါ
ပေါင်မုန့်ကဆွေး
ထရံကမှိုလိုက်နေပြီ
နာရီဟောင်းတွေ
ပြက္ခဒိန်သစ်ကို လုံးဝမယဉ်ကျေးသေးဘူး ။
ဂြိုဟ်တုမျက်နှာပြင်ပေါ် လိင်ပန်းကိုရေးဆွဲပြီး
လျှာဖျားကိုဆန့်ကျင်လွန်းတဲ့ ဒုက္ခကိုမှ
ချစ်လိုက်ကြ ကျစ်လိုက်ကြနဲ့
ချွေးစက်ကျရာလမ်းရိုးများထဲ
ဘယ်အရုပ်မှ လူရာမဝင်သေးပုံများ
ပင့်ကူမျှင်တွေကြားမှာနွမ်းနေတဲ့ ဗုဒ္ဓကိုလည်းမကယ်နိုင် ။
ဒါဟာ စကားထာ
နှစ်များက ကြာခဲ့ပြီ
ပြေးတွေ့စရာကျုံးကြီးလည်း အခုဆိုမျက်ရည်အိုင်ထဲမှာ
လောက်လောက်ငှငှချစ်စရာတွေကို ပါဋ္ဌိဖွက်ဖို့
ငါတို့မှာ ငါတို့ရှိဖို့လိုမယ်
စက္ကူကပ်မုန့်လုံးတွေကို သွားကြားထဲကဆွဲထုတ်ပါ ။
မှောက်မိုက်တစ္ဆေရဲ့တေးသံမှာ
ဂျာအေးငိုနေတယ် ငိုနေတုန်းပဲ
ကုက္ကိုပင်ကြီးပျောက်လို့
စာဥကိုလည်းမတွေ့တော့ဘူး
စပါးပင်တွေရဲ့လေသင်းရနံ့ကို
မနေ့က မှုခင်းမှာမရှာပါနဲ့ ။
ဆရာအောင်ချိမ့်လိုပါပဲ
ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက် ။
ခြေသည်းတွေကိုညှပ်လိုက်
လက်သည်းတွေကိုညှပ်လိုက်နဲ့
တစ်ခါတလေ အီဂျစ်နတ်ဘုရားတွေရဲ့မျက်လုံးအိမ်ထဲရောက်ရောက်သွားတာကအစ
တစ်ခါတလေ အမေ့ကဗျာထဲပျော်နေတာအဆုံး
ဒီလောက်ပါပဲ
ဟုတ်ကဲ့ဒီလောက်ပါပဲ ။
#ဆဌဂံ
"ကြယ်ပြာ ဒဏ္ဍာရီ"
မှိုင်းညို့နေတဲ့ တိမ်မဲတွေရဲ့ရှေ့
လေအဝှေ့မှာ စီးချက်ကျကျလိုက်ပါနေတဲ့
သိပ်မွေ့ ရဲရင့်လွန်းတဲ့ ပန်းအဖွဲ့အစည်း တစ်စု၊
အနက်ရောင်ထီး တစ်လက် ၊
အညိုရောင် ကျောပိုးအိတ် တစ်လုံး ၊
အပြာနုရောင် လူသား တစ်ဦး ၊
အရာအားလုံးဟာ ဝါးတားတားပါပဲ ။
ဒါပေမဲ့လည်း လှခဲ့မှာပါ ။
လှခဲ့လို့လည်း မမေ့နိုင်တာဖြစ်မှာပါ ။
ကြာခဲ့ပြီ ။
နေ့မှလ လမှနှစ်သို့ ကြာခဲ့ပြီ ။ နာရီပေါင်းများစွာ ကြာခဲ့ပြီ ။
အခိုက်အတန့်ပေါင်းများစွာ ၊
အဖြစ်အပျက်ပေါင်းများစွာ ၊
အကွာအဝေးပေါင်းများစွာ ကြာခဲ့ပြီ ။
တနင်္ဂနွေပေါင်းများစွာ ကြာခဲ့ပြီ ။
ဤသို့ဆိုမှဖြင့် သူထိုင်နေကြ
ခုံတန်းပြာဆိုင်ထောင့်က
တန်းလျားအနွမ်းလေးလည်း ကျန်ခဲ့ပြီ။
သောက်လက်စ ကော်ဖီတွေ ၊
ထိုးခြေထားတဲ့ စီးကရက်အတိုအစတွေ ၊
တီးလက်စ တေးသွားအပိုင်းအစတွ ၊
အားလုံး ကျန်ခဲ့ပြီ ။
မှတ်ထားတာမျိုး မဟုတ်ပဲ မှတ်မိနေတာမျိုး ၊
ချန်ထားခဲ့တာမဟုတ်ပါပဲ ကျန်နေခဲ့တာမျိုး ၊
ဝေးကွာသွားတာမျိုးမဟုတ်သလို နီးစပ်မလာတာမျိုး ၊
စတင်ခဲ့ခြင်းမရှိပါပဲ အဆုံးသတ်သွားခဲ့ရတဲ့ ဆက်ဆံရေးမျိုး ။
မင်းကိုဖြင့် မှတ်မိပါသေးတယ်တဲ့ ။
လုံလောက်ခဲ့ပါပြီ။
စဉ်းစားလိုက်ရုံနဲ့ စိတ်ကိုပျော်ရွှင်စေတာ အချစ်တဲ့ ။
မချစ်ချင်ဘူး အဲ့ဒီခံစားချက်ကိုပဲ အပိုင်လိုချင်တယ် ။တစ်ခါတစ်လေ အချစ်ဆိုတာ လှေကားအချိုးအကွေ့တွေကြားမှာ ဘေးချင်းကပ်ရှောင်သွားတဲ့ ကိုယ်သင်းရနံ့လေးများ ဖြစ်နေမလား ။ ဒါမှမဟုတ် ရောင်စုံပန်းချီကားချပ်တွေပေါ်က လက်ဖျံသွေးကြောလေးများဖြစ်နေမလား ။
ထူးထူးခြားခြားမဟုတ်ပေမဲ့
တွန့်ချိုးဖူးတဲ့ နှုတ်ခမ်းပါးလေးတွေကအစ
အမြဲ ဒဏ်ရာရတက်တဲ့ လက်ဆစ်လေးတွေအထိ ထာဝရ ခမ်းခမ်းနားနားပါပဲ ။ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်ပါပဲ စိတ်လိုလက်ရ ပျော်ဝင်မိတဲ့ ရပ်ဝန်းလေးက အမြဲ ငေးမောချင်စရာ ။ ငြိမ်းအေးခြင်းနဲ့ တိတ်ဆိတ်ခြင်း ၊
ပြီးတော့ လှပခြင်းနဲ့ ခန့်ညားခြင်း ၊ အမြဲတမ်းအတွက် ဆေးရောင်မပြယ်တဲ့ ပန်းချီကားတစ်ချပ်ပါပဲ ။
မျော်လင့်ခြင်းကင်းစွာ မြတ်နိုးမိတဲ့
အပြာရောင် ကြယ်လေးတစ်လုံး ၊ အဝါရောင်ပန်းလေးတစ်ပွင့် ၊ အညိုရောင် စိတ်ခံစားမှုလေးဟာ အမြဲတမ်းအတွက် အနှိုင်းမဲ့ပါတယ် ။
ကြယ်ပြာရယ်လို့ ခေါင်းစဉ်တပ် ထာဝရ သိမ်းထားလိုက်ပါ့မယ် ။ ငေးကြည့်မှ ပိုလှတာမျိုးမလို့ ငေးလေ လှလေ ၊ ဝေးလေ လှလေပါ ကြယ်ပြာရယ် ။မသက်ဆိုင်သူဟာ မဖြစ်နိုင်ခြင်းအကြောင်း ကောင်းေကာင်း သဘောပေါက်ပါတယ် ။
တကယ်လို့များပေါ့လေ အခွင့်ရေးများရှိဦးမယ်ဆိုရင် အရင်လို ဘေးချင်းကပ်ေရှာင်ရင်း သံသရာရှည်ချင်ပါသေးတယ် ။ ။
#ပီပီ
#PoetryTreeInTheSea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
ယခုည PoemRadio ရဲ့အစီအစဉ်မှာ
Emily ရွတ်ဖတ်ပြီး ပေးပို့ထားတဲ့
ကဗျာဆရာ နေမျိုးဆက်လူရဲ့ကဗျာကို
ထုတ်လွှင့်မှာဖြစ်ပါတယ်📻📻📻
Poem - ငါပြန်လာမယ်လို့ပြောရင် ငါတကယ်ပြန်လာတယ်
Poet - နေမျိုးဆက်လူ
Vocal - Emily
"ငါပြန်လာမယ်လို့ပြောရင် ငါတကယ်ပြန်လာတယ်"
ရှေ့ မှာ တံတား၊ ဒီတံတားကို ဖြတ်လိုက်တော့
ဆောင်းဥတုကို ငါ ရရှိတယ်
မင်းက ငါ့ကို သိုးမွှေးထိုးရင်း စောင့်နေမယ်၊
ပြတင်းပေါက်ကနေ တစ်ချက်တစ်ချက်
အပြင်ကို လှမ်းကြည့်၊ ပြန်လာမလား ဆိုတဲ့ စိတ်နဲ့ ငါ့ကို မျှော်မယ်၊ အဲဒီမှာအပြင်မှာ ကျနေတဲ့ နှင်းမှုန်တွေကြောင့် စိုစွတ်နေတဲ့ မြက်ခင်းစိမ်းစိမ်းကြီးကို မြင်မိပြီး
မင်း တစ်ချက် ပြုံးမယ်၊
အဲဒီ အပြုံးကို ငါ မလွတ်သွားစေဖို့ ငါ ပြန်လာတယ်၊
ငါ ပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်၊
မင်း မကျရသေးတဲ့ မျက်ရည်တွေကို
သုတ်ပေးဖို့ ငါ ပြန်လာတယ်၊ မင်း ပစ်ချလိုက်တဲ့
ရေထဲက မြို့လေးကို ပြန်ဆယ်ဖို့ငါ ပြန်လာတယ်၊
မင်းရဲ့ ရေစိုနေဆဲ ဆံပင်တွေကို ခြောက်အောင် လုပ်ပေးဖို့
ငါ ပြန်လာတယ်၊
အဲဒီလို သတ္တိတွေနဲ့၊ စဉ်းစားကြည့်တော့
ငါဟာ သူရဲကောင်း တစ်ယောက်ပဲ၊
ငါဟာမင်းအတွက် တစ်ခြား မဖြစ်နိုင်တော့ဘူး၊
သူရဲကောင်းတို့ မည်သည် ပြောပြီးသား စကားကို
တည်ချင်တည်၊ မတည်ချင်လည်း ရတယ်၊
သူတို့ရဲ့ သစ္စာစောင့်သိမှုဟာ ရာသီ ပြောင်းသလို
ပြောင်းနေတယ်၊ ရာသီလိုပဲ အချိန်မှန် လာတယ်၊
ရာသီလာသလိုပဲ တစ်ခါတစ်လေမှာနာကျင်ရတယ်၊
အချိန်တန် သစ္စာတရားဟာ တစ်ပတ် ပြန်လည်တာပဲ၊
ဒါပေမယ့် ငါ ပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်၊
တံတားရဲ့ ဟိုဘက်ခြမ်းမှာ
သိုးမွှေး ဆွယ်တာလေးကို မင်း ကိုင်ပြီး ငါ့ကို စောင့်နေမယ်၊ ဆောင်းရဲ့ အေးစိမ့်မှုတွေ
အောက်ထဲမှာ မင်းက သေးသေးလေး ဖြစ်နေမယ်၊
တွေ့တွေ့ချင်းပဲ ငါက မင်းကို
အချစ်ကဗျာ တစ်ပိုဒ်ကို ရွတ်ပြလိုက်တယ်၊ ပြီးတော့ နမ်းတယ်၊ ဆောင်းလေအေးတွေတောင်
ငါတို့ကို မချမ်းစိမ့်နိုင်စေတော့ဘူး၊ ခဏလောက် ကျွန်မကို
ဒီအတိုင်းလေး ဆက်ပြီးဖက်ထားပေးပါဦး၊
ငါ မပြောခဲ့ဘူးလား၊ ငါ ပြန်လာခဲ့မှာပါလို့၊
ရှေ့မှာ တံတားကို
ငါ မြင်နေရပြီ၊ ဆောင်းဥတုကို ငါ မြင်နေရပြီ၊ မင်းကို ငါ မြင်နေရပြီ၊ မင်းလက်ထဲက ဆွယ်တာကို ငါ မြင်နေရပြီ၊
အဲဒီထဲ တဟုန်ထိုး ခုန်ဝင်လိုက်တယ်၊
ပြီးတော့ မင်းကို အားနဲ့ ဆွဲဖက်လိုက်တယ်၊
မင်းကို မြင်တော့ ငါ့ကိုယ်ငါ မမြင်တော့ဘူး၊
ဒီတော့ ငါ မင်းကို အကြာကြီး စိုက်ကြည့်နေလိုက်တယ်။
#နေမျိုးဆက်လူ
#Poem_Radio
#Poetry_Tree_In_The_Sea
"မမူယာ(၂)"
အလေးမှန်ဖို့
ချိန်ခွင်မှားလိုက်ရတာလို့ဘဲ
ယူဆပါတယ် မမူယာ...။
ကိုယ်သာမပိုင်တာ
ဘယ်ကြယ်ဘဲကြွေကြွေ
မျက်ရည်ဟာ စိုပြီးသား...။
ပင်လယ်ရေ မျက်နှာပြင်အထက်
စွန့်လွှတ်ခြင်းတွေစုဝေးရာအရပ်မှာ
အတိတ်ဟာ မီးခိုးတွေဝေလို့...။
စကားတစ်ခွန်းစာ အကွာအဝေး
ဆုံးဖြတ်ချက် တစ်ခုစာ အရပ်ကနေ
ခပ်ဝေးဝေး ကျွန်တော်ပြေးခဲ့ပါတယ်...။
#ဓွန်
#poetrytreeinthesea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
"လက်ပစ်ကူးမရတဲ့ နေ့တွေ"
ညနက်ထဲ ဆွဲခေါ်ခံလိုက်ရတဲ့
အမှောင်ထုတွေလို
ငါတို့ဘဝတွေ ပိုပို မှောင်လာခဲ့။
ခေတ်တစ်ခုနဲ့တစ်ခုကြား
မတရားမှုတွေ ထွန်းကားလာတော့
အခြေအနေမဲ့တဲ့လူတန်းစား များလာတယ်။
ဘယ်ဘုရားကိုးကွယ်ကွယ်
ဘယ်နတ်ကိုပဲတတ
ကံတရားဆိုတာမျိုးက ပုံစံချထားပြီးသား။
ဒုက္ခဟာ ကောင်းကင်ပေါ်မှာ
ဒုက္ခဟာ မြေကြီးထဲမှာ
အဆင်မပြေမှုဟာ မင်းဘေးမှာ။
ငါတို့တွေ ဘာလိုသေးလဲ
တခါသေဖူးရင် ပျဥ်ဖိုးနားလည်ရမယ်တဲ့
စိတ်တွေခဏခဏ သေနေရင်ရော
ဘာကိုနားလည်ရမလဲ။
ရှင်ရင်းသန်ရင်း အသက်ရှူတွေကြပ်
ကံကောင်းခြင်း နဲ့ ကံဆိုးခြင်းကြားမှာ
ဘဝတွေ ဖြစ်ပြီးပျက်ကြ။
တိုင်းနဲ့ပြည်နယ်အလိုက် အုံကြွနေချိန်
ဘယ်အရာပေါ်ပုံချရမလဲတွေးတဲ့
လူတန်းစားတချို့ရှိရာ နိုင်ငံတော်မှာ
လူလာဖြစ်ရတဲ့ ဒုက္ခ။
ငါ့မှာတော့ လက်ပစ်ကူးမရတဲ့
နေ့တွေအထပ်လိုက်နဲ့ ရှင်သန်ရင်း
အသက်ရှုတွေကြပ်လို့။
#မောင်စိုင်းဇင်
#poetrytreeinthesea
#ဝါသနာရှင်ကဗျာတင်ဆက်မှု
