es
Feedback
BBM

BBM

Ir al canal en Telegram

Breaking Brainwashed Media

Mostrar más
3 259
Suscriptores
-624 horas
-207 días
-7630 días
Archivo de publicaciones
BBM
3 259
ကပစ ၁၆ ကို AA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စကစ အရာရှိပိုင်းတစ်ချို့ သေဆုံးထိခိုက်ဒဏ်ရာရ BBM - ဇူလိုင် ၆ သတင်း - မြတ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး (ကပစ - ၁၆) စက်ရုံကို အာရက္ခတပ်တော် AAနဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စက်ရုံအတွင်းရှိ စစ်ကောင်စီစစ်သားတွေရဲ့ အရာရှိပိုင်းတစ်ချို့နဲ့ တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အာရက္ခတပ်တော် AAနဲ့ ပူးပေါင်းတပ်တွေဟာ ကပစ ၁၆ စက်ရုံနဲ့ ၅ မိုင်ကျော်အကွာက ပွိုင့်စခန်းကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ကပစ ၁၆ စက်ရုံကိုလည်းပဲ လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေဟာ ကပစ ၁၆ စက်ရုံနဲ့ အရာရှိအဆောင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီစစ်သား အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ နောက်ထပ် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့လည်း ပန်းတောင်းမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ "ကပစ ၁၆ စက်ရုံကို လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာရှိပါတယ်။ သူ့ရှေ့က ကာကင်းစခန်းတွေကို AA က တိုက်ခိုက်နေတုန်းမှာပဲ ကပစ ၁၆ စက်ရုံကိုလည်း တစ်ဖက်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရထားပါတယ်။ အထိအခိုက်တွေကတော့ တိတိကျကျမသိရသေးဘူးဗျ။ စက်ရုံရဲ့ အရာရှိပိုင်းတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတယ်လို့ ကြားရပါတယ်။ ပြီးတော့ ၁၀ ဦးခန့်ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။ သူတို့တွေကိုတော့ အရေးပေါ်ဆေးရုံ တင်ထားရပါတယ် " လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိမှာ ကပစ ၁၆ စက်ရုံရဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး အဆိုပါ သေဆုံးမှုနဲ့ပတ်သက်ပြီး စက်ရုံရဲ့တာဝန်ရှိသူတွေက သတင်းအစအန ဖျောက်ထားကာ ထိခိုက်ဒဏ်ရာရရှိသူတွေကိုပဲ တပ်မတော်ဆေးရုံကြီး (တဆက ၁/ ၁၀၀၀)နဲ့ ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ ဆံ့ ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။ ပန်းတောင်းမြို့နယ်မှာရှိတဲ့ ကပစ ၁၆ စက်ရုံကို အာရက္ခတပ်တော် AA နဲ့အတူ ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော် BPLA၊ မြေလတ်စစ်ဒေသ၊ အမှတ် (၂၀၃) ဗျူဟာတို့က ပူးပေါင်းပါဝင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ကပစ (၁၆) စက်ရုံအနီးအနားရှိ ပွိုင့် (၅၀၀) ဗျူဟာကုန်းနဲ့ ၃ မိုင်အကွာက ကာကင်းစခန်း ၃ ခုထက်မနည်းကို ၂ လခန့် ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လအလယ်ပိုင်းလောက်ကလည်း (ကပစ ၁၆) စက်ရုံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စက်ရုံအတွင်းကို ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့တာကြောင့် စက်ရုံအတွင်းရှိ စက်လည်ပတ်မှုအားလုံးကို ယာယီရပ်ဆိုင်းထားခဲ့ရတယ်လို့လည်း AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ လက်ရှိ AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တိုက်နယ်မှာ ကပစ ၅၊ ၆၊ ၉ နဲ့ ၁၆ စက်ရုံတို့ တည်ရှိနေတာဖြစ်ပြီး ကပစ ၁၆ စက်ရုံဟာ တာဝေးပစ်ဗုံးသီးတွေနဲ့ လေယာဥ်ဗုံးသီးတွေ ထုတ်လုပ်ဖို့အတွက် အဓိက ယမ်းချက်ထုတ်လုပ်ပေးရတဲ့ စက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။ Photos - AA Info Desk, ပုံဟောင်း https://www.facebook.com/share/1GfcgDRng2/

BBM
3 259
ဘရာဇီးအသင်း ကမ္ဘာ့ဖလားကနေ ထွက်ရပြီးနောက် နိုင်ငံတကာပွဲတွေကနေ အနားယူတော့မယ်လို့ နေမာ ကြေညာ BBM - ဇူလိုင် ၆ ဘရာဇီးအသင်း ကမ္ဘာ့ဖလားကနေ ထွက်လိုက်ရပြီးနောက်မှာ နိုင်ငံတကာပွဲတွေကနေ အနားယူတော့မယ်လို့ နေမာက ကြေညာလိုက်ပါတယ်။ ၁၆ သင်းအဆင့်ပွဲစဉ်မှာ နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပြီး ကမ္ဘာ့ဖလားကနေ လှည့်ပြန်ခဲ့ရပြီးတဲ့နောက် ဘရာဇီးလက်ရွေးစင်အသင်းအတွက် သူ ဆက်မကစားတော့ဘူးလို့ နေမာက ပြောလိုက်တာပါ။ "ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" လို့ ဇူလိုင်လ ၅ရက်နေ့က ပွဲအပြီးမှာ နေမာက ပြောကြားခဲ့ပါတယ်။ "ဒီ MetLife ကွင်းမှာပဲ ကျွန်တော် စခဲ့တာ၊ အခု ဒီကွင်းမှာပဲ အဆုံးသတ်လိုက်ပါပြီ။ အားလုံး ပြီးဆုံးသွားပါပြီ။" အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က နယူးဂျာစီပြည်နယ်၊ အီးစ်တ် ရူသာဖို့ဒ် (East Rutherford) မှာရှိတဲ့ ဒီကွင်းမှာပဲ အမေရိကန်အသင်းနဲ့ ခြေစမ်းပွဲကစားရင်း ဘရာဇီးအသင်းအတွက် ပထမဆုံးပွဲဦးထွက် ကစားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘရာဇီးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ နေမာဟာ ကမ္ဘာ့ဘောလုံးအိုင်ကွန်ဖြစ်တဲ့ ပီလီ (Pele) ထက်အရင် ဘရာဇီးအသင်းအတွက် ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ နော်ဝေနဲ့ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ် ကွင်းထဲဝင်လာပြီး ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းပေးခဲ့ပါသေးတယ်။ ပွဲသိမ်းခရာမှုတ်လိုက်တဲ့အချိန်မှာတော့ နေမာဟာ ကွင်းထဲမှာပဲ ဝမ်းနည်းပက်လက် ငိုကြွေးနေတာ‌ကြောင့် အသင်းဖော်တွေကပါ ဝိုင်းပြီး နှစ်သိမ့်ပေးခဲ့ရပါတယ်။ နေမာဟာ ညာဘက်ခြေသလုံးကြွက်သား ဒဏ်ရာဟောင်းကြောင့် ဒီပြိုင်ပွဲမှာ ဘရာဇီးကစားခဲ့တဲ့ ငါးပွဲအနက် နှစ်ပွဲမှာပဲ ပါဝင်ကစားနိုင်ခဲ့တာပါ။ အုပ်စုပွဲစဉ်တုန်းက စကော့တလန်နဲ့ပွဲမှာလည်း ၁၅ မိနစ်လောက်ပဲ ကွင်းထဲဆင်းနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဘရာဇီးအသင်းရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တဲ့ နေမာဟာ မကြာသေးခင်နှစ်တွေအတွင်း ဒဏ်ရာတွေ ဆက်တိုက်ရခဲ့လို့ ခြေစွမ်းအပြည့်မပြနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် ဘရာဇီးအသင်းဟာ မျိုးဆက်သစ်တွေနဲ့ အသွင်ကူးပြောင်းရေးကာလကို စတင်ဖြတ်သန်းရတော့မှာပါ။ "ပရိသတ်တွေအနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို စိတ်ရှည်သည်းခံပေးကြဖို့နဲ့ အစကတည်းက အားပေးဝန်းရံပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်" လို့ အသင်းခေါင်းဆောင် မာကွင်ဟို့စ် (Marquinhos) က ပြောသွားခဲ့ပါတယ်။ Reference - Al Jazeera Photos - Al Jazeera Translation - Richard https://www.facebook.com/share/p/15xf5RhPYte/

BBM
3 259
သမိုင်းမှာ ဘရာဇီးလ်ကို မရှုံးသေးတဲ့ နော်ဝေ BBM - ဇွန် ၆ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ နော်ဝေအသင်းက နာမည်ကြီး ဘရာဇီးလ်ကို ၂-၁ ဂိုးနဲ့ အံ့အာသင့်ဖွယ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ နော်ဝေအတွက် ဟာလန်းက ၇၉၊ ၉၀ မိနစ်တွေမှာ နှစ်ဂိုးဆက် သွင်းခဲ့ပြီး အခုကမ္ဘာ့ဖလားမှာ သွင်းဂိုးပေါင်းခုနစ်ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့နှစ်သိမ့်ဂိုးကို ပွဲအပြီး လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ နေမာက ပယ်နယ်တီကနေပြန်သွင်းခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ၁၄ မိနစ်မှာ ပယ်နယ်တီကန်ခွင့်ရခဲ့ပေမဲ့ ဂီမာရေ့စ်ရဲ့ကန်ချက်ကို နော်ဝေဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ နော်ဝေအနေနဲ့ ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာအရလည်း ကမ္ဘာ့ဖလားအအောင်မြင်ဆုံး ဘရာဇီးလ်ကိုမရှုံးနိမ့်သေးပါဘူး။ ငါးကြိမ်တွေ့ဆုံရာမှာ နော်ဝေအသင်းက ဘရာဇီးလ်ကို သုံးပွဲ အနိုင်ရထားပြီး ကျန်နှစ်ပွဲကတော့ သရေကျခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ အခုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၃.၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး counter-attack တွေကနေသာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ https://www.facebook.com/share/p/1HdZxm6JTe/

BBM
3 259
တော်လှန်ရေးရဲဘော် ၂ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့တဲ့ ကုက္ကိုစုနဲ့ ရေပြာရဲစခန်းမှ စကစတွေကိုဖမ်းဆီရမိ 🟥စစ်သုံ့ပန်းဥပဒေအတိုင်း ထားရှိထား BBM - ဇူလိုင် ၆ သတင်း - မင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ရေပြာ ရဲစခန်းနဲ့ ကုက္ကိုစု (ပြည်သူ့စစ်)ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပြီး အလင်းဝင်ပူးပေါင်းလာတဲ့သူတွကို ဥပဒေတွေနဲ့အညီ ထားရှိထားတယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိထားတဲ့ ရဲ (၆) ဦး၊ လက်နက်ချ အညံ့ခံတဲ့ သုံ့ပန်းတွေ၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ ကျေးရွာတွင်းနေ ကုက္ကိုစု (ပြည်သူ့စစ်) ကျေးရွာမှ လူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအပြင် အခြေခံ လူ့အခွင့်အရေး ၊ စစ်သုံ့ပန်း ဥပဒေ တွေနဲ့အညီ ထိန်းသိမ်းထားလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုက္ကိုစု (ပြည်သူ့စစ်) ကျေးရွာနဲ့ အနီးနားရှိကျေးရွာတွေမှ ပြည်သူ (၁၃) ဦး၊ တော်လှန်ရေး ရဲဘော် (၂) ဦးနဲ့ ရဲဘော်(ဒါမှမဟုတ်) ပြည်သူလားဆိုတာ အတည်မပြုနိုင်သေးသူ (၂) ဦး၊ စုစုပေါင်း (၁၇) ဦးတို့အား ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး (၉) ဦးအား နှိပ်စက် သတ်ဖြတ်ပြိး (၆) ဦးကို ပြည်သူ့စစ်အတွင်းမှ အာမခံပေးသူရှိတာကြောင့် ရိုက်နှက် နှိပ်စက်ပြီး ပြန်လည်လွှတ်ပေးကာ (၂)ကို ကျေးကျွန်တွေသဖွယ် ခိုင်းစေထားကြောင်း စစ်ဆေးချက်တွေအရ သိရှိရပါတယ်။ သတ်ဖြတ်ခံရသူ (၂) ဦးထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ (၂) ဦးပါရှိကြောင်း တွေ့ရှိထားပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုက္ကိုစု (ပြည်သူ့စစ်) ကျေးရွာမှ စစ်ကြောင်းထိုးစဥ် လက်လုပ် သေနတ်တွေနဲ့ ဒေသလုံခြုံရေးနဲ့ ပြည်သူလူထုကို ကာကင်းယူပေးထားရတဲ့ ပေါက်မြို့နယ်မှ ရဲဘော် (၂) ဦးကိုလည်း စစ်ကောင်စီတပ်ရဲ့ လက်ပါးစေ ပြည်သူ့စစ်တွေမှ အရှင် ဖမ်းဆီးပြီး ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းကိုလည်း ဖော်ထုတ် တွေ့ရှိရပါတယ်။ စစ်ကောင်စီတပ်နဲ့ လက်ပါးစေတွေဟာ အခုလို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်ထားပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း စည်းကမ်းပြည့်ဝစွာနဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိတယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို ပခုက္ကူခရိုင် ပကဖ၊ ပေါက်မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ၊ ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူမြို့နယ် ပကဖ၊ ဆိပ်ဖြူမြို့နယ် ပကဖ အပါ မကွေးတိုင်းအတွင်း ပကဖ ရဲဘော်တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း စည်းကမ်းပြည့်ဝသည့် တပ်တစ်ခုအနေနဲ့ ကျေးရွာနေ ရွာသူရွာသား၊ အတင်းအကြပ် စေခိုင်းခံရသူ၊ အလင်းဝင် ပူးပေါင်းလာသူ၊ လက်နက်ချ အညံ့ခံသူ၊ ဖမ်းဆီးရမိသူ စသဖြင့် အဆင့်ဆင့် ခွဲခြား စီစစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လက်နက်အားကိုးနဲ့ ရမ်းကားယုတ်မာမှုတွေ အမျိုးမျိုး ပြုလုပ်နေပေမဲ့ မကွေးတိုင်းအတွင်း တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖ ရဲဘော်တွေက ပြည်သူလူထုကို ဦးထိပ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် တွေအတိုင်း ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/share/v/1CuAPLxPoC/

BBM
3 259
မြန်မာကထွက်တဲ့ ဘိန်းဖြူတွေကို ဩစတြေးလျကို သယ်ပေးတဲ့ ထိုင်းလေယာဉ်မယ် ဖမ်းဆီးခံရ BBM - ဇူလိုင် ၆ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ဟီးရိုးအင်း(ဘိန်းဖြူ)တွေကို ဩစတြေးလျနိုင်ငံကို သယ်ဆောင်ပေးခဲ့တဲ့ ထိုင်းလေယာဉ်မယ်ကို ဩစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဘက်ကနေ ထုတ်လုပ်ပြီး လာအိုနိုင်ငံကိုဖြတ်ကာ အဲဒီကမှတစ်ဆင့် ထိုင်းမြောက်ပိုင်းထဲကို ခိုးသွင်းလာတာလို့ သိရပါတယ်။ ဇူလိုင်၅ရက်‌နေ့မှာ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) ရဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆွန်ဘွန်း သီယန်ခေါင်က ပြောကြားချက်အရ အသက် ၂၆ နှစ်အရွယ် မီးနား (အမည်လွှဲ) သယ်ဆောင်သွားတဲ့ ဟီးရိုးအင်း(ဘိန်းဖြူ)တွေကို မြန်မာနိုင်ငံက ဂိုဏ်းတစ်ခုက ထုတ်လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ထိုင်း-လာအို နယ်စပ်ဖြစ်တဲ့ ဖယောင်းခရိုင်၊ ချင်းခမ်းမြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံထဲကို သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ချင်းခမ်းမြို့နယ်ဟာ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းသယ်ဆောင်ရာ လမ်းကြောင်းတစ်ခု ဖြစ်နေတာမို့ ရဲတွေက မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့နေရာပါ။ ထိုင်း-မြန်မာနယ်စပ်က တိုက်ရိုက်သွင်းရင် စစ်ဆေးရေးတွေ အရမ်းတင်းကျပ်လို့ လာအိုမြောက်ပိုင်းဘက်ကနေ လှည့်ပတ်ပြီး ထိုင်းထဲ သွင်းလာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတင် အဲဒီချင်းခမ်းမြို့နယ်မှာ စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီးရမိခဲ့တာကလည်း ဒါကို သက်သေပြနေတာပဲလို့ သူက ဆိုပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် ထိုင်းနိုင်ငံကို ဖြတ်ပြီး ပြည်ပနိုင်ငံတွေကို မှောင်ခိုပို့ကြတာပါ။ ဒီအတောအတွင်းမှာပဲ ဥဒိုင်း ခါနာပီဝတ် ဆိုသူကို ဇူလိုင်လ ၃ရက်နေ့တုန်းက ဖိစနုလွတ်မြို့မှာ ထွက်ပြေးတိမ်းရှောင်နေတုန်း ဖမ်းဆီးရမိခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့တုန်းက ဟီးရိုးအင်းတွေ ဝှက်ထည့်ထားတဲ့ ဆင်ရုပ်ပါ လက်ဆွဲအိတ် ပါဆယ်ထုပ်ကို ဘန်ကောက် ဘန်နာဒေသက လေယာဉ်မယ် မမီးနားရဲ့ ကွန်ဒိုအထိ သွားပို့ပေးခဲ့တယ်လို့ ဝန်ခံထားပါတယ်။ အဲဒီပါဆယ်တွေကို ဇွန်လ ၂၀ ရက်နေ့က ချင်းခမ်းမြို့နယ်ကနေ သူ သွားယူခဲ့တာဖြစ်ပြီ အရင်ကလည်း ဒီလိုမျိုး သုံးကြိမ်ထက်မနည်း ပို့ဆောင်ပေးဖူးတယ်လို့ ရဲကို ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ မူးယစ်နှိမ်နင်းရေး ရဲချုပ် ဆွန်ဘွန်းကတော့ ဥဒိုင်းရဲ့ ထွက်ဆိုချက်တွေကို အပြည့်အဝ မယုံကြည်ဘဲ သံသယရှိနေဆဲပါ။ ဘာလို့လဲဆိုတော့ ဇွန်လ ၂၅ ရက်နေ့ မမီးနား မဲလ်ဘုန်းလေဆိပ်မှာ အဖမ်းခံရပြီးတာနဲ့ ဥဒိုင်းက ဖုန်းချက်ချင်းလဲပစ်သလို သူ့လက်ထဲမှာ ကျန်နေသေးတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း အလျင်အမြန် ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့လို့ပါပဲ။ သူ ဖယောင်းခရိုင်ကနေ ယူလာတဲ့ ပါဆယ်တွေကို အယုဒ္ဓယက သူ့တိုက်ခန်းမှာ သိမ်းထားခဲ့တာပါ။ ပြီးတော့ ဇွန်လ ၂၂ ရက်နေ့မှာ အာတစ်ရတ် ဆူပီယန် ဆိုသူကို ကားမောင်းခိုင်းပြီး မီးနားရဲ့ ကွန်ဒိုကို သွားပို့ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၄ရက်နေ့က သူ့တိုက်ခန်းကို ရဲတွေ ဝင်ရောက်ရှာဖွေတဲ့အခါ လက်ဆွဲအိတ်တွေထဲမှာ ဟီးရိုးအင်း အကြွင်းအကျန် အစအနတွေကို တွေ့ခဲ့ရပါတယ်။ တခြားအိတ်တွေကိုတော့ သူ အဖမ်းမခံရခင် သောကြာနေ့တုန်းက အယုဒ္ဓယက လမ်းဘေးတစ်နေရာမှာ အလောတကြီး လွှင့်ပစ်ပြီး သက်သေဖျောက်ခဲ့တာပါ။ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ရဲ့ ဒုတိယကွပ်ကဲရေးမှူး ရဲဗိုလ်ချုပ် သီရဒေခ်ျ ထမ်သူသီ ပြောတာကတော့ ဥဒိုင်းနဲ့ သူ့သူငယ်ချင်းဖြစ်သူက လိုက်လံပြသတဲ့အတွက် အဲဒီလွှင့်ပစ်ထားတဲ့ အိတ်တွေကို ရဲတွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ သိရပါတယ်။ အခု မှာတော့ ထိုင်းရဲတပ်ဖွဲ့ရော ဩစတြေးလျရဲတပ်ဖွဲ့ပါ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းချုပ်ကြီးကို ဆက်လက်စုံစမ်း အရေးယူဖို့ ခြေရာခံနေကြဆဲ ဖြစ်ပါတယ်။ Reference - Bangkok Post Photo - Bangkok Post Translation - Richard https://www.facebook.com/share/p/1GDfwHmRie/

BBM
3 259
ရဲ(၇)ယောက်သေပြီး သုံ့ပန်း(၁၀)ယောက်ဖမ်းမိတဲ့ တိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း(၄)ထုတ်ပြန်(ရုပ်သံ) BBM-ဇူလိုင်၃ သတင်း-မင်းသော် မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကိုလာတဲ့ ရဲစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ရဲ(၇)ယောက်သေပြီး၊ သုံ့ပန်း(၁၀)ယောက်ဖမ်းမိခဲ့တဲ့ တိုက်ပွဲရုပ်သံကို မြင်းခြံခရိုင် တပ်ရင်း(၄)က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့က မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကို ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးတဲ့ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ကအင်အား(၁၁၀)ပါစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း Mi-35 တိုက်ခိုက်ရေး ရဟတ် ယာဉ်(၂)စီးနဲ့ စကစ က အနီးကပ်ပစ်ကူပေးခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲရင့်ပြတ်သားစွာ တိုက်ခိုက်မှုကြောင့် ရဲတပ်သား (၇) ယောက် မျက်မြင်သေဆုံးပြီး (၃၅)ယောက်နဲ့အထက် ဒဏ်ရာရကာ စစ်သုံံ့ပန်းအဖြစ် (၁၀)ယောက်လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မက အဲ့စစ်ကြောင်းထံက လက်နက်နဲ့ စိန်ပြောင်းမျိုးစုံ (၂၀) လက်၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ၊ ခဲယမ်းပစ္စည်းမျိုးစုံကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ ဇူလိုင်လ (၂) ရက်နေ့၊ ညနေ ၆နာရီလောက်မှာညောင်ဦးလေတပ်မှ Gyrocopter (၂) စီးနဲ့ နွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာသို့ ဗုံးသီး (၄)လုံး (၂)ကြိမ်ကြဲချခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှုကို စိစစ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ည ၇နာရီလောက်မှာ တံတားဦးလေတပ်က Jetfighter (၁) စီးနဲ့ အိုးပုံတောရွာအနောက်ဘက်ကို (၂) ကြိမ်၊ ည ၁၀နာရီအကျော်မှာ တံတားဦးလေတပ်မှပဲ Jet fighter (၂) စီးဖြင့် အိုးပုံတောရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်တို့နဲ့၊ ည ၁၀နာရီခွဲလောက်မှာ နေပြည် တော်လေတပ်ကနေ Jet Fighter (၁) စီးနဲ့တောင်သာမြို့နယ်၊ လှည်းကူးမရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ ရဲစစ်ကြောင်းတိုက်ခိုက်မှုကို မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှူနဲ့ မြင်းခြံခရိုင်စစ်ဌာန မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်း နဲ့ အခြားတပ်ရင်းတွေ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၄)ကထုတ်ပြန်ထားပါတယ်။ video-မြင်းခြံခရိုင် တပ်ရင်း(၄) Part 4 https://www.facebook.com/share/1BjrKgMGiH/

BBM
3 259
ပိတောက်ဖူးကကြီးမှူးပြီး လွတ်မြောက်နယ်မြေမှာ Climate Change သင်တန်းပေးပြီး သစ်ပင်စိုက်ပွဲပြုလုပ် BBM-ဇူလိုင်၃ သတင်း-မင်းသော် ပိတောက်ဖူးအဖွဲ့ကကြီးမှူးပြီး လွတ်မြောက်နယ် မြေတစ်နေရာမှာ ရာသီဥတုပြောင်းလဲခြင်း(Cli mate Change)နဲ့ပတ်သတ်တဲ့ သင်တန်းပေးကာ သစ်ပင်စိုက်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ၂ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ CDM မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူအချို့ကို ပိတောက်ဖူးအဖွဲ့ကကြီးမှူးပြီး ရာသီဥတုပြောင်းလဲခြင်း (Climate Change)နဲ့ပတ်သတ်တဲ့ သင်တန်းတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီသင်တန်းကို ရာသီဥတု ပြောင်းလဲခြင်းကိုမိသားစုအနေ၊အဖွဲ့အစည်းတရပ်အနေနဲ့ ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သင်တန်းအတွင်း သဘာဝပတ်ဝန်း ကျင်နဲ့ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်တစ် ယောက်က ရာသီဥတုနဲ့ မိုးလေဝသကွာခြားပုံ၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုဘာကြောင့်ပြောင်းလဲလာရလဲဆိုတဲ့အချက်တွေအပါ အခြားသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေနဲ့ ပညာပေး ဆွေးနွေးခဲ့တယ်လို့ ပိတောက်ဖူးအဖွဲ့တည်ထောင်သူ မစုသစ်က BBM ကိုပြောပါတယ်။ "သင်တန်းကိုက အတွေ့အကြုံရင့်ပညာရှင်က သဘာဝပတ်ဝန်းကျင်ဆိုင်တဲ့ awareness တွေဖြစ်တဲ့ ရာသီဥတုနဲ့ မိုးလေဝသကွာခြားပုံ၊ကမ္ဘာကြီးပူနွေးလာမှုအကြောင်း၊ Green House Gas များအကြောင်း၊ Climate Change ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့အကြောင်း၊ အယ်နီညို၊လာနီညာအကြောင်း၊ Disaster Resilience Infrastructure အကြောင်း၊ Gender and Feminism နဲ့ ဆက်စပ်ပုံ၊Mitigation နဲ့ Adaptation ကိုဘယ်လိုလုပ်မလဲ ဆိုတာတွေနဲ့ ဆွေးနွေးပေးခဲ့တာပါ" ဒါတင်မက သင်တန်းပြီးပြီးနောက် တက်ရောက်လာတဲ့ CDM မိသားစုတွေ၊ ဒေသခံပြည်သူတွေကလည်း သူတို့ သိလိုရာတွေကို မေးမြန်းပြီး ဆွေးနွေးခဲ့ကြကာ နေ့ခင်းပိုင်းမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ ကျွန်းပင်၊ ဝါးပင်၊ အင်ပင်၊ မာလကာပင်တွေကို စိုက်ပျိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။ သတင်းဓါတ်ပုံ - BBM production team https://www.facebook.com/share/18wzD6VSpT/

BBM
3 259
မင်းလှမြို့နယ် ၊ကိုင်းပြင်ကြီးဂိတ်စခန်းကို တော်လှန်ရေးအင်အားစုတွေဝင်ရောက်တိုက်ခိုက် BBM - ဇူလိုင်၃ သတင်း - ကိုဘုဏ်း ပဲခူးတိုင်း၊သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်မှာရှိတဲ့ ကိုင်းပြင်ကြီးဂိတ်စခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ (၁) ရက်နေ့ မနက် (၃)နာရီခွဲ့ခန့်မှ စတင်ပါ နှစ်ဖက်တပ်များ (၁)နာရီခွဲခန့် ပြန်လှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၁၀)ယောက် ထက်မနည်းသေဆုံးနိုင်ပြီး စစ်ကူအမြောက်အများရောက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့များအထိအခိုက်မရှိပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မူ့ကို သာယာဝတီခရိုင်ပကဖ၊ အမှတ် (၁) တိုက်ခိုက်ရေးတပ်ဖွဲ့(ရွှေတန်းမြေ)၊လက်ပံတန်းမြို့နယ်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊သာယာဝတီခရိုင်အမှတ် (၂)တပ်ရင်း တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။ Photo-ပုံဟောင်း https://www.facebook.com/share/1aV59AwJWs/

BBM
3 259
၂၀၂၆ ခုနှစ် လေးလအတွင်း ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ဝင်ရောက် BBM-ဇူလိုင် ၃ သတင်း-ကိုလင်း ၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံက ထွက်ခွာလာသူ ၇၀၀,၀၀၀ နီးပါး ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အဖွဲ့အစည်း (IOM) က ထုတ်ပြန်ပါတယ်။ ဒီအရေအတွက်မှာ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ပါက သိသာထင်ရှားတဲ့ မြင့်တက်မှုတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ပြည်သူတွေ နေရပ်စွန့်ခွာရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အတွက် ပြည်သူတွေမှာ အသက်ရှင်သန်ရေးကို ရှေးရှုပြီး နယ်စပ်ဖြတ်ကျော် ထွက်ခွာလာကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုကြောင့် လူငယ်တွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ စစ်မှုထမ်းရမယ်ကို စိုးရိမ်တဲ့ လူငယ်တွေဟာ တရားဝင် သို့မဟုတ် တရားမဝင် နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြပါတယ်။ နိုင်ငံရဲ့ စီးပွားရေးအခြေအနေမှာလည်း အလွန်ဆိုးရွားနေပြီး ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသွားတာတို့ကြောင့် မိသားစုတွေရဲ့ စားဝတ်နေရေးမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းနဲ့ဝင်ငွေရရှိဖို့ ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာကြပါတယ်။ ထိုင်းနိုင်ငံကို ဝင်ရောက်လာသူအများစုမှာ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတို့မှာ အလုပ်အကိုင် ရှာဖွေဖို့ ရည်ရွယ်ထားကြပါတယ်။ အချို့မှာမူ နယ်စပ်ဒေသတွေရှိ ယာယီစခန်းတွေနဲ့ ထိုင်းနိုင်ငံအတွင်းရှိ နေရာအသီးသီးကို ပျံ့နှံ့ရောက်ရှိသွားကြပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ လူဦးရေ အလုံးအရင်းကို မည်သို့စီမံခန့်ခွဲမည်ကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာရွှေ့ပြောင်းလာသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်၍ စောင့်ကြည့်နေကြပါတယ်။ အခြေအနေတွေ ဆက်လက်တင်းမာနေပါက လာမယ့်လတွေမှာလည်း မြန်မာနိုင်ငံသားတွေ ဆက်လက်ထွက်ခွာလာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ နယ်စပ်ဖြတ်ကျော်လာသူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးမှာလည်း အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ ကိုးကား-Khaosod https://www.facebook.com/share/17jqnsUUwt/

BBM
3 259
မင်းပြားနဲ့ ပေါက်တောမြို့နာမည်တွေကို AA က ပြောင်းလဲမည် BBM - ဇူလိုင် ၃ သတင်း - Myat ရခိုင်မှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မင်းပြားနဲ့ ပေါက်တောမြို့နာမည်တွေကို မကြာမီအချိန်ကာလအတွင်းမှာ ပြောင်းလဲသတ်မှတ် တော့မယ်လို့ AA တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ မင်းပြားနဲ့ ပေါက်တောမြို့နာမည်တွေကို ပြောင်းလဲသတ်မှတ်ဖို့အတွက် အာရက္ခတပ်တော် (AA/ULA) ရဲ့ဗဟိုရုံးမှ သဘောတူညီမှုရရှိထားပြီး ပြောင်းလဲမဲ့မြို့အမည်တွေကိုတော့ မသိရသေးဘူးလို့လည်း သိရပါတယ်။ အာရက္ခတပ်တော် AA အစိုးရလက်ထက်မှာ အခုလို့ မြို့ ၂ မြို့ ပြောင်းလဲမဲ့အပေါ် ရခိုင်ပြည်သူတွေကလည်း စိတ်ဝင်စားကြနေတယ်လို့ မင်းပြားမြို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ "ကိုယ့်အစိုးရလက်ထက်မှာ မြို့ ၂ မြို့ပြောင်းလဲတာကို ကြိုဆိုလက်ခံပါတယ်။ အခုက ပြောင်းလဲမဲ့ နာမည်တွေကို မသိရသေးတော့ ဘယ်နာမည်ပေးမလဲဆိုတာကို အရမ်းကိုစိတ်ဝင်စားနေပါတယ်" လို့ သူက ဆက်ပြောပါတယ်။ မင်းပြားနဲ့ ပေါက်တောမြို့ နာမည်တွေကို ပြောင်းလဲသတ်မှတ်မဲ့အပေါ် ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ သစ်ပင်စိုက်ပျိုးတဲ့ အခမ်းအနားကို အဆိုပါမြို့နယ် ၂ ခုမှာ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အခုလို သစ်ပင်စိုက်ပျိုးရာမှာ ဒေသခံပြည်သူလူထုတွေကလည်း တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ပြီး၊ ULA အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေအပါအဝင် AA စစ်သည်တော်တွေကလည်း အတူတကွ ပူးပေါင်းပါဝင်ကာ စိုက်ပျိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။ သစ်ပင်စိုက်ပျိုးရာမှာလည်း သက်ဆိုင်ရာ မြို့နယ်နှစ်ခုစလုံးရဲ့ အဝေးပြေးကားမလမ်းဘေး တစ်လျှောက်မှာ စိန်ပန်းပင်နဲ့ မလေးရှားပိတောက်ပင်တွေ စိုက်ပျိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ ကျန်ခရိုင်တွေနဲ့ မြို့နယ်တွေမှာလည်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောင်ရေးအတွက် ULA က ဦးဆောင်ကာ သစ်ပင်တွေကို တစိုက်မတ်မတ် စိုက်ပျိုးလျက်ရှိနေတယ်လို့လည်း သိရပါတယ်။ Photos - APM, ပုံဟောင်း https://www.facebook.com/share/1Dr2n5kDeq/

BBM
3 259
ဆင်ပေါင်ဝဲမြို့က စကစ စခန်းတွေတိုက်ခိုက်မှု စကစ အရာရှိအပါ(၁၃)ယောက်သေ သုံ့ပန်း(၁) ယောက်ရ BBM-ဇူလိုင်၃ သတင်း-မင်းသော် ဆင်ပေါင်ဝဲမြို့နယ်အတွင်းက စစ်ကောင်စီဂိတ်စခန်းတွေကိုတိုက်ခိုက်မှုအတွင်း စကစ အရာရှိအပါ (၁၃)ယောက်သေကာ သုံ့ပန်း(၁)ယောက်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ၂၉ရက်နေ့က ဆင်ပေါင်ဝဲမြို့နယ်အတွင်းက ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ နွယ်လိမ်လမ်းပေါက်ဂိတ်စခန်းနဲ့ လယ်မလမ်းပေါက်ဂိတ်စခန်းတို့ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စကစ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာရကာ ဘန်ကာ(၁)လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ မေလ(၃)ရက်နဲ့ (၄)ရက်နေ့တွေမှာလည်း ရန်ကုန်-မန္တလေးကားလမ်းပေါ်က ဧကရာဇ်ရဲစခန်းနဲ့ ကိုးပင်သာဂရလမ်းပေါ်ရှိ သာစည်လမ်းပေါက်ဂိတ်တွေကို တိုင်း Drone Team နဲ့ ခရိုင် Drone Team တို့က Dromb ဗုံးချတိုက်ခိုက်ခဲ့ပြီး ဧကရာဇ်ရဲစခန်းမှူး ဒဏ်ရာရပြီး အဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သာစည်လမ်းပေါက်ဂိတ်တိုက်ပွဲမှာလည်း ဗိုလ်ကြီးတစ်ယောက်အပါ (၄)ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများကာ ကျန်စစ်သားတွေက ဘဝသစ်အကျဥ်းစခန်းကို သွားပူးပေါင်းတာကြောင့် သာစည်လမ်းပေါက်ဂိတ်ကို မီးရှို့ဖျတ်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။ မေလ(၂၇)ရက်နေ့မှာလည်း ကိုးပင်သာဂရလမ်းပေါ်မှာရှိတဲ့ သပြေစမ်း(အိုးလွယ်ဆွဲ)ဂိတ်စခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရာ စကစ(၄) ယောက်သေကာ သုံ့ပန်း(၁)ယောက်လည်း အရှင်ရသလို လက်နက်ခဲယမ်းအချို့လည်း ရပြီး စခန်းကိုအပြီးတိုင် မီးရှို့ဖျတ်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဇွန်လ(၅)ရက်နေ့မှာ ကိုးပင်သာဂရလမ်းနဲ့ အမှတ်(၁)ခရိုင်ချင်းဆက်လမ်းဆုံနေရာ ဓနုံလမ်းဆုံရှိ စကစ ဂိတ်စခန်းကို သရက်ခရိုင် အထူးလှုပ်ရှားတပ်ဖွဲ့၊ သရက်ခရိုင် အမှတ်(၅) တပ်ရင်းနဲ့ ဆင်ပေါင်ဝဲမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာလည်း စကစ ဘက်က(၄)ယောက်သေဆုံးပြီးဖုန်း(၄)လုံးရရှိခဲ့တဲ့အပြင် ဒဏ်ရာရရှိမှုအချို့လည်းရှိကာ စခန်းမှာ ဘန်ကာ(၅)လုံးရှိတဲ့အနက် ဘန်ကာ(၄)လုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမဲ့ လိုအပ်ချက်အချို့ကြောင့် အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးကာလဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့အဝေးမှာသာ သွားလာလှုပ်ရှားနေထိုင်ပြီး လုံခြုံရေးအသိ၊ သတိ၊ အမြဲရှိဖို့ နှိုးဆော်တယ်လို့လည်း သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။ Photo-သရက်ခရိုင်စစ်ဌာန https://www.facebook.com/share/1EGJJHZnA2/

BBM
3 259
အင်အား(၁၁၀)ပါတဲ့ ရဲစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ယောက်သေကာ သုံ့ပန်း(၁၀)ယောက်အဖမ်းခံရ BBM-ဇူလိုင်၃ သတင်း-မင်းသော် ရဲအင်အား(၁၁၀)ပါတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် မျက်မြင်(၂)ယောက်သေကာ သုံ့ပန်း(၁၀)ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့က မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကို စစ်ကြောင်း ထိုးလာတဲ့ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးတဲ့ အင်အား(၁၁၀)ပါစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲကြာမြင့်ချိန်(၃)နာရီနီးပါးထိ ကြာမြင့်ခဲ့ပြီး စကစ ဘက်က Mi-35 တိုက်ခိုက်ရေး ရဟတ် ယာဉ်(၂)စီးနဲ့ အနီးကပ်ပစ်ကူပေးခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲရင့်ပြတ်သားစွာ တိုက်ခိုက်မှုကြောင့် ရဲတပ်သား (၂) ယောက် မျက်မြင်သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် (၁၀)ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း အဲ့ဒီရဲစစ်ကြောင်းအတွင်းမှ လက်နက်နဲ့ စိန်ပြောင်းမျိုးစုံ (၂၀) လက်၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ၊ ခဲယမ်းပစ္စည်းမျိုးစုံကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အထိနာသွားတာကြောင့် စစ်ကောင်စီအနေနဲ့ ဇူလိုင်လ (၂) ရက်နေ့၊ ညနေ ၆နာရီလောက်မှာညောင်ဦးလေတပ်မှ Gyrocopter (၂) စီးနဲ့ နွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာသို့ ဗုံးသီး (၄)လုံး (၂)ကြိမ်၊ ည ၇နာရီလောက်မှာ တံတားဦးလေတပ်က Jetfighter (၁) စီးနဲ့ အိုးပုံတောရွာအနောက်ဘက်ကို (၂) ကြိမ်၊ ည ၁၀နာရီအကျော်မှာ တံတားဦးလေတပ်မှ တက်လာသော Jet fighter (၂) စီးဖြင့် အိုးပုံတောရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်တို့ ကြဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုအချို့ကို စိစစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါတင်မက ည ၁၀နာရီခွဲလောက်မှာ နေပြည် တော်လေတပ်ကနေ Jet Fighter (၁) စီးနဲ့တောင်သာမြို့နယ်၊ လှည်းကူးမရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ဆိုထားပြီး အဆိုပါရဲစစ်ကြောင်းတိုက်ခိုက်မှုတွေကို မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှူဖြင့် မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Photo-ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF https://www.facebook.com/share/18p4m3sH2j/

BBM
3 259
စစ်ကောင်စီကို ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်မပေးအပ်ဖို့ HRW တိုက်တွန်း BBM-ဇူလိုင် ၃ သတင်း-ကိုလင်း အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖွံ့ဖြိုးရေးအကူအညီသစ်တွေ ပြန်လည်ပေးအပ်တာ မပြုလုပ်ဖို့ Human Rights Watch (HRW) က ဂျပန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီက ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားပေမဲ့လည်း ၎င်းတို့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ HRW က ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဖွံ့ဖြိုးရေးအကူအညီတွေ ရပ်ဆိုင်းလိုက်တာဟာ သာမန်ပြည်သူတွေကိုသာ ထိခိုက်စေတယ်လို့ဆိုပြီး ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ အရင်အကူအညီတွေကို စစ်ကောင်စီက အလွဲသုံးစားပြုခဲ့တဲ့ သာဓကတွေရှိတယ်လို့ HRW က သုတေသနပြု ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဂျပန်နိုင်ငံမှ ပံ့ပိုးပေးထားတဲ့ အရပ်ဘက်သုံး ရေယာဉ်တွေကို စစ်တပ်က ရခိုင်ပြည်နယ်အတွင်း လက်နက်နဲ့ စစ်သည်တွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုခဲ့ပါတယ်။ ဒါ့ပြင် ပဲခူးမြစ်ကူးတံတားစီမံကိန်းကဲ့သို့သော ဂျပန်ရဲ့ အကူအညီတွေက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတွေက ငွေကြေးအကျိုးအမြတ် ရရှိခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။ စစ်ကောင်စီ ဟာ သဘာဝဘေးအန္တရာယ် ဖြစ်ပွားချိန်တွေမှာလည့း ပြည်သူတွေဆီက လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိရေး အကြိမ်ကြိမ် တားဆီးခဲ့ပါတယ်။ ဒါ့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ စစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံရေးစနစ်အတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူဖို့သာ ရည်ရွယ်တယ်လို့ HRW က သုံးသပ်ပါတယ်။ ဂျပန်အစိုးရဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွက် အစိုးရစီမံကိန်းဆိုင်ရာ ရေရှည်ဖွံ့ဖြိုးရေး အကူအညီသစ်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ စစ်ကောင်စီက အရပ်သားတွေအပေါ် တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေသရွေ့နဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ဖိနှိပ်နေသရွေ့ အကူအညီသစ်တွေ ပြန်လည်ပေးအပ်တာ မပြုလုပ်ဖို့ HRW က တိုက်တွန်းထားပါတယ်။ https://www.facebook.com/share/1CxaxoHSfD/

BBM
3 259
နွားထိုးကြီးမှာ စကစဘက်တော်သား စီးပွားရေး လုပ်ငန်းရှင်တွေကို ရဲဘော်စိုးအောင် သတိပေး BBM - ဇူလိုင် ၃ သတင်း - မင်း မန္တလေးတိုင်းအတွင်းထဲရှိ နွားထိုးကြီးမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းကာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေကို အရေးယူသွားမယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ အမှတ် ၁၀တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် စိုးအောင်က ပြောကြားထားပါတယ်၊၊ ဇူလိုင်လ ၃ရက်နေ့က မနက်ပိုင်းက ရဲဘော် စိုးအောင်ရဲ့ လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်အရ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နွားထိုးကြီးမြို့နဲ့ အနီးအနားဝန်းကျင်အထိ ရောက်ရှိလာနေပြီဆိုတာ တွေ့ရပါတယ်၊၊ အခုလို မြို့ပေါ်အထိ ရောက်ရှိလာတာကြောင့် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားစဉ်ကာလက သူ့လူကိုယ်ဘက်သားလုပ်ကြတဲ့ စီပွားရေးလုပ်ငန်းရှင်တွေကို ရဲဘော် စိုးအောင်က အခုလို သတိပေးပြောကြားထားပါတယ်၊၊ “ ကိုယ်ကောင်းစားဖို့ သူများ ဒုက္ခရောက်အောင် လုပ်နေတဲ့ သူတွေကို သတိပေးစရာရှိတယ်၊ ဒီကနေ ရှေ့လျှောက်ပေါ့နော်၊ ကိုယ့်အလုပ်ကိုလုပ် ကိုယ့်စီးပွားရေးကိုယ်လုပ်”လို့ သတိပေးပြောကြားထားပါတယ်၊၊ သတိပေးထားတဲ့အတိုင်းမနေဘဲ စစ်ကောင်စီတပ်အကြိုက်လိုက်လုပ်နေမယ်ဆိုရင် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့လည်း သတိပေးပြောကြားထားပါတယ်၊၊ ဗီဒီယို - Soe Aung LPDF https://www.facebook.com/share/v/18u7sUdqax/

BBM
3 259
အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း ရဲ့ ၂၀၂၆ ခုနှစ် လူ့အခွင့်အရေးဆုကို ချင်းအမျိုးသမီး ဒေါ်ဇာလီအေး ရရှိ BBM-ဇူလိုင် ၃ သတင်း-အိုက်ကျော် အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (IBA) က ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် "ရှေ့နေတစ်ဦး၏ လူ့အခွင့်အရေးဆိုင်ရာ ပြောင်မြောက်သည့် စွမ်းဆောင်မှုဆု" ကို မြန်မာနိုင်ငံက ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး ရရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဆုချီးမြှင့်ခံရသူ ဒေါ်ဇာလီအေး ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ဆယ်နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ အမျိုးသမီးအခွင့်အရေး၊ မြေယာအခွင့်အရေးနဲ့ LGBT ရေးရာတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုတွေအတွက် အဲဒီဆုကို ရွေးချယ်ခံရတာဖြစ်ပါတယ်။ လက်ရှိမှာ ၎င်းဟာ Solidarity of Trade Unions Myanmar (STUM) နဲ့ International Commission of Jurists (ICJ) တို့မှာ ဥပဒေအကြံပေးအဖြစ် တာဝန်ယူထားပါတယ်။ ဒါ့အပြင် Justice for Women အဖွဲ့ကို ပူးတွဲတည်ထောင်သူနဲ့ Lawyers for You အဖွဲ့ရဲ့ ဦးဆောင်လှုပ်ရှားသူလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ အရင်က လုပ်ဆောင်ချက်တွေကြောင့် ၂၀၁၈ ခုနှစ်မှာ ဥရောပကော်မရှင်ရဲ့ ငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ Roehampton တက္ကသိုလ်ရဲ့ Charles Wallace Trust Award Fellowship ဆုကို ရရှိခဲ့သည်။ အဲဒီဆုကို လာမယ့် အောက်တိုဘာ ၄ ရက်မှ ၉ ရက်အထိ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ကျင်းပမယ့် IBA နှစ်ပတ်လည်ညီလာခံမှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ IBA ဟာ ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဥပဒေပညာရှင်တွေ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံနဲ့ နယ်မြေပေါင်း ၁၇၀ ကျော်က ရှေ့နေတွေနဲ့ ဥပဒေအဖွဲ့အစည်းတွေကို ချိတ်ဆက်ထားပါတယ်။ https://www.facebook.com/share/1Dv9k5pvV1/