ELLIE Seeker's Path
Ir al canal en Telegram
9 718
Suscriptores
-324 horas
-77 días
-4330 días
Archivo de publicaciones
9 718
"နိုဝင်ဘာလအတွက် ကံကောင်းစေတဲ့ Wallpaper" ✨
Video လေးကို ကြည့်ရင်း နိုဝင်ဘာလထဲမှာ ဖြစ်လာချင်တဲ့ ဆန္ဒလေးတစ်ခုကို အရိုးသားဆုံး အရိုးရှင်းဆုံး စကားလုံးလေးတွေနဲ့ ဆုတောင်းပါ။
Make a wish while you watch ✨ Keep it in plain sight this November, and it will find its way to you. #tarotwithellie #lucky #November
01 nov, 07:44
9 718
🎂 Libra season မှာ Libra လေးတွေကို Birthday gift လေး ပေးချင်ပါတယ် ✨ ဘာလေးလဲဆိုတော့ တစ်နှစ်စာ အဆောင် Wallpaper လေးပါ
“တစ်နှစ်စာ” ဆိုတာမှာ ဇန်နဝါရီကစတဲ့ ပြက္ခဒိန်နှစ်ကို ပြောတာမဟုတ်ဘူးနော်။ အခု ကိုယ့်မွေးနေ့ကနေ နောက်တစ်နှစ်မွေးနေ့အထိ ကြာတဲ့ ကိုယ့်ရဲ့အသက်တစ်နှစ်ကို ပြောတာပါ။
ဒီလို တစ်နှစ်စီတိုင်းက Energy မတူကြဘူး။ တချို့နှစ်တွေမှာ အိမ်နဲ့ မိသားစုက ပိုအရေးပါလာတတ်တယ်။ တချို့နှစ်တွေက အချစ်ရေးကံကို ပိုခေါ်လာတတ်ပြီး၊ တချို့နှစ်တွေမှာတော့ အလုပ်တွေ အားကောင်းတဲ့နှစ်မို့ ဇောက်ချကြိုးစားနိုင်ရင် ပိုအကျိုးရှိတယ်။
🎂 ဒီ Libra season အကုန် အောက်တိုဘာ ၂၃ ရက်အထိ Reading လာမေးကြတဲ့ Libra တစ်ဦးတစ်ယောက်စီတိုင်းကို “ပထမဆုံး အယောက်(၃၀)တိတိ” ကိုယ့်တစ်ယောက်တည်းအတွက် Personalized သီးသန့်လုပ်ပေးထားတဲ့ Lucky wallpaper လေး Birthday gift ရပါမယ်။ ဒီမွေးနေ့ကနေ နောက်မွေးနေ့ရောက်တဲ့အထိ ဖုန်းရဲ့ Lock screen မှာထားပြီး သုံးလို့ရအောင်ပါ။
အခြေခံ Theme လေးကတော့ အခုပုံလေးမှာ ပါတဲ့အတိုင်းပါ။ ဒါပေမဲ့ Unique ဖြစ်ပါလိမ့်မယ် ✨
တစ်ယောက်နဲ့တစ်ယောက် wallpaper တူမှာမဟုတ်ဘူး။ ကိုယ့်ရဲ့နာမည်၊ ဒီမွေးနေ့ကနေ နောက်မွေးနေ့အထိ ရက်စွဲတွေ၊ ကိုယ့်အတွက် သီးသန့် ရွေးပေးထားတဲ့ blessing/affirmation စာကြောင်းလေး၊ လာမယ့်တစ်နှစ်မှာ ဘာက အဓိကဖြစ်လာမလဲဆိုတာနဲ့ တစ်နှစ်တာအတွက် Lucky colour ပါ ထည့်ပေးထားပါမယ်။
အားလုံးကို ကိုယ့် birth chart ပေါ်မူတည်ပြီး သီးသန့်ကြည့်ပေးထားမှာပါ။ ဒါကြောင့်မို့ မွေးချိန်အတိအကျ သိဖို့တော့ လိုပါလိမ့်မယ်နော်။
🎂 မွေးနေ့လက်ဆောင် ဆိုတဲ့အတိုင်း Wallpaper လေးတွက် Free of charge ပါ။ ဘယ် reading မဆို Libra season အတွင်း လာမေးရင် ဒီ wallpaper လေးကို လက်ဆောင် ပေးပါမယ်နော်။
ဇာတာတွက်ပြီးတော့ ကံကောင်းစေဖို့ အဆောင်လုပ်ပေးရတာမို့ အယောက်(၃၀)ထက် ပိုပြီးတော့ မလုပ်ပေးနိုင်တာရယ်၊ Reading လာမေးမှ လုပ်ပေးနိုင်တာကိုတော့ နားလည်ပေးနော်။ နောက်တစ်ခုက အချိန်လေးယူရမှာမို့ Reading အဖြေကို သုံးရက်ကနေ-တစ်ပတ်အတွင်း စောင့်ရနိုင်ပါတယ်။
Sample wallpaper လေးကို Comment မှာ ကြည့်ပါ
ကဲ Libra ကောင်ကလေး ကောင်မလေးအတွက် လက်ဆောင်ပေးချင်တာဖြစ်ဖြစ်၊ ကိုယ့်အတွက်ကိုယ် လက်ဆောင်ပေးချင်တာဖြစ်ဖြစ် အခုပဲ page ကို message ပို့ပြီး booking လုပ်လို့ရပါပြီနော် ✨
07 oct, 09:39
9 718
🕊️ Libra Rising
ကိုယ့်ဆက်ဆံရေးကို အပြင်ကကြည့်ရင် အဆင်ပြေပြီး လှလှပပ မြင်ရဖို့အတွက်ဆိုရင် Libra က အများကြီးကို သည်းခံ ကြိတ်မှိတ်ခံနိုင်တယ်။ ဒီလမှာတော့ ကိုယ် ရှေ့မှာတုန်းက သည်းခံထားခဲ့တာတွေထဲက တချို့က ပေါ်ပေါ်ထင်ထင် ထွက်လာမယ်။ ပြီးတော့ ထွက်လာတဲ့အခါမှာ ဒါတွေကို တကယ်ဖြစ်နေတဲ့အတိုင်း မျက်စိဖွင့်ပြီး ကြည့်ရတော့မယ်။
တစ်နှစ်လုံး Saturn နဲ့ Neptune က ကိုယ့်ဇာတာထဲမှာ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေခဲ့ကြတယ်။ Saturn က အရာရာကို တင်းကျပ်ပြီး ခက်ခဲသွားစေတဲ့ ဂြိုဟ်ပါ။ Neptune ကတော့ မြူခိုးတွေ ဆိုင်းနေသလို အရာရာကို ဝိုးတိုးဝါးတား မရှင်းမလင်း ဖြစ်စေတဲ့ ဂြိုဟ်ပါ။ Libra အများစုအတွက်ဆိုရင် ဒါက ချစ်သူနဲ့ အရင်ကထက် ဝေးသွားသလို ခံစားရတာမျိုး ဖြစ်ခဲ့တယ်။ တချို့အတွက်ကျတော့ ဒီထက် ပိုပါတယ်။ ချစ်သူက ကိုယ့်ကိုလိမ်ဖို့ ဘာမှ မခက်နေဘဲ လိမ်ပြီးရင်လည်း အဆက်အသွယ် ပျောက်သွားတတ်တယ်။ ဒါမှမဟုတ် အရက်သောက်တာ၊ လောင်းကစားတာကို မသိအောင် လုပ်နေတတ်တယ်။ တချို့ကျတော့ ချစ်သူက ခပ်အေးအေး ခပ်တင်းတင်း ဖြစ်လာပြီး သာမန်ကိစ္စလေးတွေအတွက်တောင် ကိုယ့်ကို ခွင့်တောင်းခိုင်းတယ်၊ ကိုယ့်ကို အပြစ်ပေးတဲ့အနေနဲ့ စကားမပြောဘဲ နေပစ်တယ်။ ၄ ရက်နေ့မှာ ကိုယ့်အတွက် ကိုယ်လိုချင်တာနဲ့ ချစ်သူက တောင်းဆိုတာ ပေါ်ပေါ်တင်တင် ထိပ်တိုက်တွေ့ကြလိမ့်မယ်။ တကယ်လို့ ကိုယ့်အတွက် တစ်ခုခုကို လိုချင်မိတာကိုက အပြစ်တစ်ခု လုပ်နေသလိုမျိုး ခံစားလာရပြီဆိုရင် အဲဒီခံစားချက်က ကိုယ့်အပြစ် မဟုတ်ပါဘူး။ ဒီဆက်ဆံရေးက ဘယ်လိုအခြေအနေမျိုး ရောက်နေပြီလဲဆိုတာကို ပြနေတဲ့ လက္ခဏာပါ။
ဒီလမှာ ခက်လာမယ့် ဒုတိယနေရာကတော့ ငွေကြေးပါ။ ၂၀ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ အာဏာနဲ့ဆိုင်တဲ့ ဂြိုဟ် Pluto က ကိုယ့်ဇာတာထဲက အချစ်ရေးနဲ့ သားသမီးကိစ္စနဲ့ ဆိုင်တဲ့ နေရာမှာ လှုပ်ရှားနေမှာမို့လို့ ငွေကြေးကိစ္စက ကိုယ့်အချစ်ရေးထဲကိုရော၊ သားသမီးတွေရဲ့ ဘဝထဲကိုပါ ရောယှက်ဝင်လာမယ်။ ချစ်တယ်ဆိုတာ သက်သေပြဖို့ ပိုက်ဆံတောင်းလာတဲ့သူမှန်သမျှကို သတိထားပါ။ Online ပေါ်မှာပဲ သိပြီး တစ်ခါမှ လူချင်းမတွေ့ဖူးတဲ့သူက ရုတ်တရက် အကူအညီ အရေးတကြီး လိုလာပြီး “ဒီတစ်ခါပါပဲ” လို့ ပြောလာရင်လည်း သတိထားပါ။ ဒီတစ်ခါပဲ ဆိုတာ ဘယ်တော့မှ တစ်ခါတည်းနဲ့ မပြီးပါဘူး။ အဲဒီရက်တွေမှာ ကိုယ့်ပိုက်ဆံဖြစ်ဖြစ်၊ ချစ်သူရဲ့ ပိုက်ဆံဖြစ်ဖြစ် လောင်းကစား၊ ထီ၊ အမြန်အမြတ်ရမယ်လို့ ကတိပေးထားတဲ့ ဂိမ်းပေါင်းငါးရာတွေဆီကို တိတ်တိတ်ဆိတ်ဆိတ် ရောက်သွားနိုင်တယ်။ မိဘတွေအတွက်ကတော့ သားသမီးက ဖုံးထားတဲ့ အသုံးစရိတ်တွေ၊ ဒါမှမဟုတ် ကိုယ်မသိတဲ့ လူတွေဆီက သားသမီးအပေါ် ဖိအားပေးနေတာမျိုးတွေ အဲဒီအချိန်မှာ ပေါ်လာနိုင်တယ်။ သားသမီးကို ရိုးရိုးရှင်းရှင်း တည့်တည့်မေးပါ။ အပြစ်မတင်ခင် သူပြောတာကို အရင် နားထောင်ပါ။
ပြီးတော့ ၂၅ ရက်နေ့ ညနေကို ရောက်လာမယ်။ အဲဒီညနေမှာ Full Moon က ကိုယ့်ဇာတာထဲမှာ တခြားသူနဲ့ ဆက်စပ်နေတဲ့ ငွေကြေးနဲ့ ကြွေးမြီတွေနဲ့ ဆိုင်တဲ့နေရာမှာ ကျမှာမို့လို့ တိတ်တိတ်လေး ယူထားတဲ့ ချေးငွေ၊ ပြောထားတာထက် ပိုများနေတဲ့ အကြွေး၊ ဘယ်သူမှ မပြောခဲ့တဲ့ နေရာဆီ ရောက်သွားတဲ့ ငွေ၊ ဒါမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီအောက်တိုဘာမှာ ဒါတွေထဲက တစ်ခုခု ကိုယ့်ဘဝမှာ တကယ်ဖြစ်နေတယ်ဆိုရင် ဘယ်သူ့ကိုမှ မပြောဘဲ၊ ကိုယ့်အတွက်ပဲ သီးသန့်ဖြစ်တဲ့ နေရာတစ်ခုမှာ ပိုက်ဆံနည်းနည်း ဖယ်ထားပါ။ ကိုယ့်မှာ လက်ဆုပ်ကိုင်ကိုင် ငွေပမာဏတစ်ခု ရှိနေတာ ပိုပြီးတော့ နောက်ကျောလုံစေပါမယ်။
30 sep, 11:15
9 718
ဒါဆိုရင် အခု အောက်တိုဘာလအတွက် ပြည့်စုံသွားပါပြီ။ ဒီလထဲမှာ Control လုပ်ခဲ့ရတာ၊ Abusive ဖြစ်တာ၊ ရုတ်တရက် ရန်ဖြစ်တာမျိုးတွေ ပိုဖြစ်လွယ်လို့ ပိုပြီးတော့ သတိထားရနိုင်မယ့်အပိုင်းကို Telegram မှာ တင်ပေးတာပါ။ Facebook မှာက ဒါတွေကို ပြောလို့မကောင်းတာမို့ပါ။ တကယ်လို့ ဒါပဲဖတ်မိပြီး အဆိုးပဲဖြစ်မယ်ထင်ရင် မဟုတ်ပါဘူးနော်။ ဒါက သတိထားရမှာ သီးသန့်မို့ ကောင်းတာတွေမပါတာပါ။ Ellie ရဲ့ Facebook page မှာ ဟောစာတမ်းအပြည့်အစုံ တင်ပေးထားပါတယ်။ 🫶🏻
30 sep, 10:35
9 718
🕊️ Pisces Rising
တစ်ခုခု မှားနေပြီဆိုရင် Pisces ဖြစ်တဲ့ ကိုယ်က ပထမ မိနစ်အနည်းငယ်အတွင်းမှာတင် များသောအားဖြင့် သိနေတတ်ပါတယ်။ ဒါပေမဲ့ သိပြီးတဲ့နောက်မှာ အဲဒီကိစ္စကို ကြင်ကြင်နာနာ နားလည်ပေးနေရင်းနဲ့ပဲ အချိန်ကုန်သွားတတ်တယ်။
တစ်လလုံးမှာ Mars နဲ့ Jupiter က ကိုယ့်ဇာတာထဲက နေ့စဉ်အလုပ်နဲ့ ခန္ဓာကိုယ်နဲ့ ဆိုင်တဲ့ နေရာကို ပြည့်နေအောင် ရှိနေကြမယ်။ ဒါမို့လို့ အလုပ်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်လာပြီး ကိုယ်ကလည်း အကုန်လုံးကို လက်ခံလုပ်ပေးနေမယ်။ ၃ ရက်နေ့မှာ Mars က Pluto နဲ့ မျက်နှာချင်းဆိုင် ဖြစ်မယ်။ Pluto က ကိုယ့်ဇာတာထဲက ဖုံးကွယ်နေတဲ့ နေရာမှာ ရှိနေတာ နှစ်နှစ်နီးပါး ရှိပါပြီ။ အလွယ်ပြောရရင် အဲဒီနေရာက အနားယူတာ၊ ဆေးရုံ၊ ကိုယ်တစ်ယောက်တည်း ရှိတဲ့အခါ လုပ်တဲ့ ကိစ္စတွေနဲ့ ဆိုင်တဲ့ နေရာပါ။ အဲဒီနေ့က ပင်ပန်းလွန်ပြီး Careless ဖြစ်တာမျိုးကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ ရလွယ်တဲ့ နေ့ပါ။ စိုးရိမ်ဖို့အတွက် ပြောတာ မဟုတ်ပါဘူး၊ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုလိုတာဖြစ်သလို၊ ကြိုသိထားလို့ ပိုသတိထားရင် ရှောင်လွှဲလို့ရတဲ့ကိစ္စပါ။
ကိုယ့်ရာသီခွင်ကို အုပ်ချုပ်တဲ့ ဂြိုဟ်က Neptune ပါ။ Neptune ကြောင့် ခံစားရခက်တဲ့ ဘယ်ခံစားချက်ကနေမဆို လွယ်လွယ်ကူကူ ရှောင်ထွက်သွားနိုင်တဲ့ လမ်းတစ်ခု ကိုယ့်မှာ ရှိနေတယ်။ အိပ်လိုက်တာ၊ ဖုန်း Screen ကို ကြည့်နေလိုက်တာ၊ တစ်ခွက်လောက် သောက်လိုက်တာ၊ ဘုရားရှိခိုးလိုက်တာ၊ ဒါမျိုးလေးတွေပေါ့။ အဲဒီ ရှောင်ထွက်တဲ့လမ်းက အနားယူတာ ဖြစ်နေရင်တော့ လက်ဆောင်တစ်ခုပါ။ ဒါပေမဲ့ အလုပ်က ဘယ်တော့မှ မရပ်တော့တဲ့အခါမှာ အဲဒီလမ်းက ဆက်ရုန်းနိုင်ဖို့အတွက် ဖုံးဖုံးဖိဖိ သုံးစွဲနေရတဲ့ အရာတွေ ဖြစ်သွားတတ်တယ်။ ညဆိုင်း တစ်ညလုံး ခံနိုင်ဖို့ လုပ်ဖော်ကိုင်ဖက်က ပေးတဲ့ ဆေး၊ ညဆိုင်း ပြီးရင် အိပ်ပျော်ဖို့ မသောက်မဖြစ် သောက်ရတဲ့ အရက်၊ ဘယ်ဆရာဝန်မှ မပြကြည့်ရသေးတဲ့ နာကျင်မှုအတွက် နေ့တိုင်း သောက်နေတဲ့ အကိုက်အခဲပျောက်ဆေး၊ ဒါမျိုးတွေပါ။ ဒါတွေ ဘယ်ဟာမှ အားနည်းလို့ မဟုတ်ပါဘူး။ ရပ်ခွင့်မရတဲ့ ခန္ဓာကိုယ်က ဒီလိုပဲ လုပ်တတ်တာပါ။ ဒါပေမဲ့ ဒါတွေ တစ်ခုချင်းစီက ကိုယ် ဘယ်လောက် ပင်ပန်းနေပြီလဲဆိုတာကို မခံစားရအောင် ဖုံးထားပေးတယ်။ ဒီလိုနဲ့ ပင်ပန်းနေတာကို ဘယ်လိုမှ ဖုံးလို့ မရတော့တဲ့ နေ့ ရောက်လာတဲ့အထိ ဆက်သွားတတ်တယ်။
၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ အဲဒီ ဖုံးကွယ်နေတဲ့ နေရာက Pluto က ကိုယ့်ဇာတာထဲက ယုံကြည်ကိုးကွယ်မှုနဲ့ ဆရာသမားတွေနဲ့ ဆိုင်တဲ့ နေရာနဲ့ ထိပ်တိုက်တွေ့မယ်။ အဲဒီနေရာမှာပဲ Venus က ၃ ရက်နေ့ကတည်းက နောက်ပြန်ရွေ့နေတာပါ။ ဒါမို့လို့ တချို့ Pisces တွေအတွက်ကျတော့ တစ်ယောက်ယောက်က ကိုယ့်ရဲ့ ယုံကြည်မှုကို အသုံးချပြီး ကိုယ့်ကို ထိန်းချုပ်လာနိုင်တယ်။ ဗေဒင်ဆရာတစ်ယောက်က ကြီးမားတဲ့ ဘေးအန္တရာယ် လာတော့မယ်၊ ဈေးကြီးတဲ့ ယတြာ တစ်ခုနဲ့မှ ကာကွယ်လို့ ရမယ်၊ အဲဒီ ယတြာကိုလည်း ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောတာ၊ ဆရာတစ်ယောက်က အရင်ဆုံး နာခံဖို့ တောင်းတယ်၊ ပြီးတော့ ပိုက်ဆံ တောင်းတယ်၊ နောက်ဆုံး ဘာမှ မပြောဘဲ နေဖို့ တောင်းတာ၊ ဒါမျိုးတွေပါ။ Ellie ကိုယ်တိုင်က ဇာတာဖတ်တာကို အသက်မွေးဝမ်းကျောင်း လုပ်နေသူမို့လို့ ဒါကို Ellie ရှင်းရှင်းပဲ ပြောပါမယ်။ တကယ့်အကူအညီဆိုတာ မိသားစုဆီကနေ ဘယ်တော့မှ ဖုံးထားစရာ မလိုပါဘူး။ ကိုယ့်စုဆောင်းငွေတွေကို ပေးရလောက်အောင် တန်တဲ့ ယတြာဆိုတာလည်း မရှိပါဘူး။
ငွေကြေးဘက်ကိုလည်း ကြည့်ရအောင်။ Neptune ကလည်း တစ်နှစ်လုံး ကိုယ့်ဇာတာထဲက ကိုယ်ရှာတဲ့ ဝင်ငွေနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေခဲ့တာမို့လို့ ဝင်ငွေကိစ္စက မြူခိုးထဲမှာလို ဝိုးတိုးဝါးတား ဖြစ်နေခဲ့တယ်။ ၄ ရက်နေ့မှာ အကြွေးတွေနဲ့ ဆိုင်တဲ့ နေရာမှာရှိတဲ့ Sun က ဝင်ငွေနဲ့ ဆိုင်တဲ့ နေရာက Saturn နဲ့ မျက်နှာချင်းဆိုင် ဖြစ်မယ်။ ဒါမို့လို့ ပေးရမယ့် အကြွေးနဲ့ ဝင်လာတဲ့ ငွေက မကိုက်တော့ဘူး။ ဆွေမျိုးတစ်ယောက်ရဲ့ အရေးပေါ်ကိစ္စအတွက် ရွှေကို ပေါင်ထားခဲ့ပြီး အဲဒီ အပေါင်လက်မှတ်က သက်တမ်းကုန်ခါနီး ဖြစ်နေတာ၊ ဒါမှမဟုတ် တခြားတစ်ယောက်အတွက် ကိုယ့်နာမည်နဲ့ ယူပေးထားတဲ့ ချေးငွေကို အဲဒီလူက ဆက်မဆပ်တော့တာ၊ ဒါမျိုး ဖြစ်နိုင်တယ်။ ဒါတွေက မြင်လွယ်အောင်၊ ကိုယ့်အဖြစ်နဲ့ ယှဥ်တွေးရတာ လွယ်ကူအောင်လို့ Ellie ဥပမာပြောပေးတာပါ။ ဖြေရှင်းနည်းက ရွှေကိစ္စ ဆိုရင် အပေါင်ဆိုင်ကို ကိုယ်တိုင် သွားပြီး ဘယ်ရက်မှာ ရွှေ အပေါင်ဆုံးမလဲဆိုတာ ရက်အတိအကျ မေးပါ။ ကိုယ့်ဖက်က အားနာတာတွေ မျက်နှာနာရမှာတွေ မကြောက်ဘဲ၊ တိကျ ပြတ်သားစွာ ကိုင်တွယ်ပါ။
30 sep, 10:34
9 718
🕊️ Aquarius Rising
ကိုယ်က ဒီနှစ်နှစ်နီးပါးအတွင်းမှာ တဖြည်းဖြည်းချင်း အရင်နဲ့ မတူတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ ကိုယ့်အနီးဆုံး လူတွေကလည်း အဲဒီ အပြောင်းအလဲကို တစ်လျှောက်လုံး မြင်နေခဲ့ကြတယ်။ ဒါပေမဲ့ မြင်ခဲ့ရတာကို သူတို့ အားလုံးက သဘောကျကြတာတော့ မဟုတ်ပါဘူး။
ဘာကြောင့် ဒီလို ပြောင်းလာရတာလဲဆိုရင် အဖြေက ကိုယ့်ဇာတာထဲမှာ ရှိပါတယ်။ Pluto က အဲဒီ နှစ်နှစ်နီးပါး တစ်လျှောက်လုံး ကိုယ့်ရာသီခွင် Aquarius ထဲမှာ ရှိနေခဲ့တာပါ။ ၁၆ ရက်နေ့မှာတော့ နောက်ပြန်ရွေ့နေရာကနေ ရပ်ပြီး ရှေ့ကို ပြန်ရွေ့လာမယ်။ အဲဒီ အပြောင်းအလဲ အများစုက ကိုယ့်အတွင်းထဲမှာ ဖြစ်ခဲ့တာပါ။ အမြင်အသစ်တွေ၊ သူငယ်ချင်းအသစ်တွေ၊ အရင်က တိတ်တိတ်လေး လက်ခံခဲ့တဲ့ ကိစ္စတွေကို အခု သိပ် သည်းမခံနိုင်တော့တာ၊ ဒါမျိုးတွေပါ။ ရုတ်တရက် အပြောင်းအလဲနဲ့ ဆိုင်တဲ့ ဂြိုဟ် Uranus က ကိုယ့်ရာသီခွင်ကို အုပ်ချုပ်တဲ့ ဂြိုဟ်ပါ။ ဒါကြောင့် ကိုယ်က ဘယ်သူ့ကိုမှ အရင်မမေးဘဲ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာ ချတတ်တယ်။ အရင်က ပိုပြီး အေးအေးဆေးဆေး နေခဲ့တဲ့ ကိုယ့်ကို ချစ်ခဲ့ကြတဲ့ လူတွေအတွက် ဒါက ကြောက်စရာ ဖြစ်နေနိုင်တယ်။ ကြောက်နေတဲ့ လူဆိုတာ ကိုယ့်ကို လက်လွှတ်သွားမှာစိုးလို့ အရမ်းကြီး တင်းတင်း ဆုပ်ကိုင်ထားတတ်တယ်။
၃ ရက်နေ့မှာ တွန်းအားနဲ့ဆိုင်တဲ့ Mars က ကိုယ့်ဇာတာထဲက ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ ဆိုင်တဲ့ နေရာက Pluto နဲ့ မျက်နှာချင်းဆိုင် ဖြစ်မယ်။ တချို့ Aquarius တွေအတွက်ဆိုရင် အဲဒီနေ့မှာ ကိုယ့်ကို ဆုံးရှုံးရတော့မယ်လို့ ခံစားနေရတဲ့ ချစ်သူက စကားများရုံနဲ့ မပြီးဘဲ ဒီထက်ပိုတာတွေ လုပ်လာနိုင်တယ်။ လက်မောင်းကို ဆွဲကိုင်တာ၊ နံရံကို ကပ်တွန်းတာ၊ လက်ထဲက ဖုန်းကို ဆွဲလုတာ၊ အိမ်အပြင်မှာ ချန်ပြီး တံခါးပိတ်ထားတာ ဒါမှမဟုတ် အိမ်ထဲမှာ ပိတ်လှောင်ထားတာ၊ ဒါတွေဟာ အကြမ်းဖက်တာပါ။ ပဉ္စမအကြိမ်ကျမှ မဟုတ်ဘဲနဲ့ ပထမဆုံးအကြိမ်ကတည်းက အကြမ်းဖက်တာပါပဲ။ ဒီလို Abusive ဖြစ်တာမျိုးတွေ ဖြစ်နိုင်တဲ့လမို့ Sensitive ပိုဖြစ်တဲ့ Facebook page မှာချန်ထားပြီး Ellie တမင်တကာ Telegram မှာပဲ ပြောတာပါ။ တကယ်လို့ ဒီတစ်ပိုင်းပဲ ဖတ်မိတယ်ဆိုလည်း အဆိုးကြီးဖြစ်မယ်တော့ မမြင်ပါနဲ့၊ ကောင်းတဲ့အပိုင်းတွေ Page မှာ သွားဖတ်ပါနော်။ Ellie ကြိုမှာချင်တာက အခုကတည်းက အဲဒီလို Abusive ဖြစ်တဲ့ Relationship ရှိနေတယ်ဆို သတိထားဖို့ လိုပါတယ်။ သူငယ်ချင်းကို အချိန်းအချက်နဲ့ အချက်ပြတဲ့ Emoji လေးဖြစ်ဖြစ် ကြိုတင် သတ်မှတ်ထားပါ။ ဆွဲတာ၊ တွန်းတာ စလာပြီဆိုရင် လူတွေရှိတဲ့ နေရာဆီ ထွက်လာခဲ့ပါ။
နောက်တစ်ခု ဖြစ်နိုင်တာက Mars နဲ့ Jupiter တစ်လလုံး အဲဒီ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေကြမှာမို့လို့ ဆက်ဆံရေးကို Commit လုပ်ဖို့ဆိုတာ လွယ်နေသလို ခံစားရမယ်။ တချို့အတွက်ကျတော့ အဲဒီလို လွယ်နေတာကပဲ အလောတကြီး တွန်းပို့ခံရတာမျိုး ဖြစ်လာနိုင်တယ်။ ကိုယ် သဘောမတူရသေးခင် လက်ထပ်မယ့်ရက်ကို သတ်မှတ်ပြီးသား ဖြစ်နေတာ၊ နှစ်ယောက်နာမည်နဲ့ ချေးငွေ ယူထားတာ၊ ဆိုင်ရဲ့ စာရင်းတွေကို တစ်ဖက်လူ တစ်ယောက်တည်းကပဲ ကိုင်ထားတာ၊ ဒါမျိုးတွေ သတိပြုပါ။
အလုပ်ဘက်ကိုလည်း ကြည့်ရအောင်။ ၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ ကိုယ့်ရာသီခွင်ထဲက Pluto က ကိုယ့်ဇာတာထဲက အလုပ်အကိုင်၊ Career နဲ့ ဆိုင်တဲ့ နေရာနဲ့ ထိပ်တိုက်တွေ့မယ်။ အဲဒီနေရာမှာ Venus က ၃ ရက်နေ့ကတည်းက နောက်ပြန်ရွေ့နေတာပါ။ ဒါမို့လို့ တချို့ Aquarius တွေအတွက် အလုပ်မှာ တစ်ယောက်ယောက်က ကိုယ့်အပေါ် ရှိတဲ့ အာဏာနဲ့ ကိုယ့်ဆီက သူလိုချင်တာ နှစ်ခုက ရောထွေးလာနိုင်တယ်။ Boss က ပြောတဲ့ စကားတွေကို ကိုယ်ကနေ ကြိုက်ကြိုက်မကြိုက်ကြိုက် လိုက်ရယ်ပေးဖို့ မျှော်လင့်ထားတာ၊ တစ်ယောက်ယောက်က ကိုယ့်ပခုံးပေါ်မှာ လက်ကို ကြာကြာကြီး တင်ထားတာ၊ “Report လေး ပြီးအောင်” ဆိုပြီး ပိတ်ရက်မှာ ရုံးလာခိုင်းတယ်၊ ရာထူးတိုးမတိုးဆိုတာကလည်း ကိုယ် “ဟုတ်ကဲ့” လို့ ပြောမပြောအပေါ်မှာ မူတည်နေသလို ဖြစ်နေတာ၊ ဒါတွေ အားလုံးက Harassment ပါ၊ နှောင့်ယှက်တာပါ။ တကယ်လို့ ဖြစ်လာခဲ့ရင် ဖြစ်ခဲ့တာကို ရက်စွဲနဲ့တကွ ချရေးထားပါ။ Message တွေကို သိမ်းထားပါ။ ယုံရတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ပြောပြထားပါ။ ဒီလထဲမှာပဲ Boss ဟောင်းတစ်ယောက်က Offer တစ်ခုနဲ့ ပြန်ရောက်လာနိုင်သေးတယ်။ အရင်တုန်းက ပြဿနာက အဲဒီလူ ဖြစ်ခဲ့တယ်ဆိုရင် အခု Offer မှာလည်း အရင်က ပြဿနာတွေ ပြန်ပါလာမှာပါ။
အရာရာကို တင်းကျပ်ပြီး ခက်ခဲသွားစေတဲ့ ဂြိုဟ် Saturn နဲ့ Neptune က တစ်နှစ်လုံး ကိုယ့်ဇာတာထဲက ညီအစ်ကိုမောင်နှမတွေနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေခဲ့ကြတယ်။ ဒါမို့လို့ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက်က ပိုက်ဆံ တောင်းတိုင်း ပြောတဲ့ အကြောင်းပြချက်က တစ်ခါနဲ့ တစ်ခါ မတူဘူးဆိုရင် ဖုန်းထဲကနေ ငွေလွှဲပေးလိုက်ရုံနဲ့ မပြီးပါစေနဲ့။ မျက်နှာချင်းဆိုင် တွေ့ပြီး စကားပြောပါ။ တစ်ခုခု လွဲနေတာ ဖြစ်နိုင်ပါတယ်။
30 sep, 09:53
9 718
🕊️ Capricorn
အာဏာ ပါဝါနဲ့ဆိုင်တဲ့ ဂြိုဟ် Pluto က ကိုယ့်ဇာတာထဲက ကိုယ်ရှာတဲ့ ဝင်ငွေနဲ့ သက်ဆိုင်တဲ့ နေရာမှာ ရောက်နေတာ နှစ်နှစ်နီးပါး ရှိပါပြီ။ ၁၆ ရက်နေ့မှာတော့ နောက်ပြန်ရွေ့နေရာကနေ ရပ်ပြီး ရှေ့ကို ပြန်ရွေ့လာမယ်။ Capricorn တော်တော်များများအတွက်ဆိုရင် အဲဒီ နှစ်နှစ်အတွင်းမှာ ကိုယ် ငွေရှာတဲ့ ပုံစံ ပြောင်းလဲသွားခဲ့တယ်။ တချို့အတွက်ကျတော့ ဒီနှစ်တွေက ကိုယ်ရှာတဲ့ ငွေကို တကယ်တမ်း ဘယ်မှာ Waste ဖြစ်နေတယ်၊ ဘယ်သူက ထိန်းချုပ်ထားလဲဆိုတာကို ထင်ထင်ရှားရှား မြင်လာစေခဲ့တယ်။ ဒါလေးက ကောင်းလည်းကောင်းတယ် ဆိုပေမဲ့ မလွယ်ခဲ့တာလည်း အမှန်ပါ။ အိမ်တော်တော်များများမှာ အရွယ်ရောက်ပြီးသား သားသမီးက လစာတစ်ခုလုံးကို မိဘလက်ထဲ အပ်တတ်ကြတယ်။ အဲဒီလို အပ်တာထဲမှာ ချစ်တာရော၊ ရိုသေလေးစားတာပါ ပါပါတယ်။
ဒါပေမဲ့ ကိုယ့်ကားခလေးကိုတောင် လက်ဖြန့်တောင်းနေရတာ၊ လစာထုတ်တဲ့နေ့မှာပဲ ခင်ပွန်း၊ ဇနီး ဒါမှမဟုတ် ယောက္ခမဘက်က တစ်ယောက်ယောက်က အကုန်ယူသွားပြီး ကိုယ့်လက်ထဲ ချန်ထားတဲ့ ငွေ တစ်ကျပ်ချင်းစီအတွက် ရှင်းပြနေရတာ၊ “ဒီထဲက နည်းနည်းကို ကိုယ့်အတွက် လိုတယ်” လို့ ပြောလိုက်တာနဲ့ ရန်ပွဲက မဆုံးနိုင်အောင် ဖြစ်သွားတာ၊ ဒါတွေကျတော့ တခြားကိစ္စ ဖြစ်သွားပါပြီ။ ကိုယ့်ငွေကို ပေးတာက ကိုယ့်ဆန္ဒနဲ့ ကိုယ်ရွေးတာပါ။ ကိုယ့်ဆီက ငွေကို ယူသွားပြီး ကိုယ့်ကို ရှက်အောင် လုပ်တာကတော့ အိမ်ထောင်ဖက်ဖြစ်စေ၊ မိသားစုထဲမှာ ဖြစ်တာတောင်မှ ထိန်းချုပ်တာပါပဲ။ ဒါက သူ့ဖက်က တမင်လုပ်နေတာမျိုး မဟုတ်ရင်တောင် ကိုယ်က ကြည်ကြည်ဖြူဖြူ လုပ်ပေးနေရင်းနဲ့ Toxic ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလမှာတော့ အဲဒီကိစ္စရှိနေရင် စတင်ပြီးတော့ ရပ်တန့်ပါ။ ကိုယ်ရှာတဲ့ငွေကို ကိုယ်တိုင် ကိုင်ထားရပါမယ်။ အဲဒီအထဲကမှ ကိုယ်ပေးရမှာ ပေးချင်တာကို ပြန်ခွဲပေးပါ။
အိမ်ဘက်ကိုလည်း ကြည့်ရအောင်။ ကိုယ့်ရာသီခွင်ကို အုပ်ချုပ်တဲ့ ကိုယ့်ကိုယ်ပိုင် ဂြိုဟ်က Saturn ပါ။ Saturn က တစ်နှစ်လုံး ကိုယ့်ဇာတာထဲက အိမ်နဲ့ မိသားစုနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေခဲ့ပြီး သူ့ဘေးမှာ Neptune လည်း ရှိနေခဲ့တယ်။ ဒါမို့လို့ ကိုယ့်တာဝန်တွေကသာ တဖြည်းဖြည်း များသထက် များလာခဲ့ပြီး ဘာအတွက် ကြိုးစားနေတာရယ်ကတော့ မရေမရာနဲ့ပဲ ကျန်နေခဲ့တယ်။ ၃ ရက်နေ့မှာ တွန်းအားနဲ့ဆိုင်တဲ့ ဂြိုဟ် Mars က ကိုယ့်ဇာတာထဲက အကြွေးနဲ့ ချေးငွေတွေနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေပြီး ဝင်ငွေနဲ့ ဆိုင်တဲ့ နေရာက Pluto နဲ့ တည့်တည့် မျက်နှာချင်းဆိုင် ဖြစ်မယ်။ တစ်ချိန်တည်းမှာပဲ အိမ်နဲ့ ဆိုင်တဲ့ နေရာက Saturn နဲ့ Neptune ဆီကိုပါ လှမ်းထိမယ်။ ဒါမို့လို့ ကိုယ့်ကို ဘယ်သူမှ ရှင်းမပြခဲ့တဲ့ မိသားစု အကြွေးတစ်ခု ပေါ်ပေါ်ထင်ထင် ထွက်လာနိုင်တယ်။ ဆွေမျိုးတစ်ယောက်ရဲ့ ချေးငွေအတွက် မိသားစုအိမ်ကို အာမခံအဖြစ် ပေါင်ထားတာ၊ တစ်နေ့ထက်တစ်နေ့ အတိုးတွေ ပွားလာနေတဲ့ ပြင်ပက တစ်နေ့တိုး ချေးငွေ၊ အိမ်နီးချင်းတွေ ကြားအောင် ခြံဝမှာ အသံကျယ်ကျယ်နဲ့ လာတောင်းနေတဲ့ အကြွေးရှင်၊ ဒါမျိုးတွေ ဖြစ်လာတတ်တယ်။ ဖြစ်ကိုဖြစ်လာမယ် မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့ Chance ရှိတာပါ။ အဲဒီနေ့မှာ အလွယ် အဆင်ပြေသွားအောင်ဆိုပြီး ဘာကိုမှ လက်မှတ်မထိုးပါနဲ့၊ ငွေမချေးပါနဲ့၊ မပေးပါနဲ့။ သေချာအောင်လုပ်ပါ။ မှတ်တမ်းမှတ်ရာ၊ သက်သေနဲ့တကွ လုပ်ပါ။
သူငယ်ချင်းတွေဘက်ကို လှည့်လိုက်ရင် အောက်တိုဘာက ပိုခက်လာပါတယ်။ ၃ ရက်နေ့ကစပြီး Venus က ကိုယ့်ဇာတာထဲက သူငယ်ချင်းတွေ၊ အသိုင်းအဝိုင်းတွေနဲ့ ဆိုင်တဲ့ နေရာကို နောက်ပြန်ရွေ့ပြီး ဖြတ်နေတယ်။ ၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာတော့ ဝင်ငွေနဲ့ ဆိုင်တဲ့ နေရာက Pluto က အဲဒီမှာရှိတဲ့ Venus နဲ့ ထိပ်တိုက်တွေ့မယ်။ ဒါမို့လို့ ပြဿနာက သူငယ်ချင်းနဲ့ ငွေကြေး ဆုံတဲ့ နေရာမှာ ပေါ်လာနိုင်ပါတယ်။ ဒီလို ပြဿနာမျိုးက Capricorn ကို ပိုနာကျင်စေပါတယ်။ ကိုယ်က လူကို ဖြည်းဖြည်းချင်း ရွေးတတ်လို့ပါ။ တစ်ယောက်ကို ယုံလိုက်ပြီဆိုရင်တော့ ပြန်မစစ်တော့ဘူး။ သူငယ်ချင်းကို လိုက်စစ်နေတာက သူ့ကို စော်ကားသလို ခံစားရလို့ပါ။ အဲဒီလို လုပ်ရတာထက်စာရင် ငွေဆုံးခံလိုက်တာကိုတောင် ကိုယ်က ပိုရွေးတတ်တယ်။
အလုပ်ဘက်မှာလည်း ၄ ရက်နေ့မှာ ကိုယ့်ဇာတာထဲက အလုပ်အကိုင်၊ Career နဲ့ ဆိုင်တဲ့ နေရာက Sun က အိမ်နဲ့ ဆိုင်တဲ့ နေရာက Saturn နဲ့ ထိပ်တိုက်တွေ့မယ်။ အဲဒီနေ့ ရုံးက ကိုယ့်ဆီကနေ ဖြစ်သင့်တဲ့ အလုပ်ချိန်တွေထက် ပိုတာကို တောင်းလာနိုင်တယ်။ ကိုယ်လုပ်ပေးနိုင်စွမ်းထက် ပိုတာကို Demand လုပ်လာတာ၊ အချိုသပ်လာတာမျိုး ရှိတတ်တယ်။ အဲ့တာကို သတိထားပါ။ ကိုယ်က ပိုလုပ်ပေးလိုက်ရတာက ပင်ပမ်းတာကလွဲရင် ပြဿနာမရှိပါဘူး။ ကိုယ့်လုပ်ပိုင်ခွင့်ကို အခွင့်ရေး ယူလာတာမျိုးမှာတော့ မှားနေမှန်း ကိုယ်သိနေတဲ့ ကိန်းဂဏန်းတစ်ခုပေါ်မှာ ကိုယ့်လက်မှတ်ကို ထိုးခိုင်းလာတာမျိုးတွေ၊ ဒါတွေကတော့ ကိုယ်လည်း အကျိုးအမြတ်ရမယ် ဆိုတောင်မှ လုံးဝ No ပါ။
29 sep, 09:38
9 718
🕊️ Sagittarius Rising
ဒီအောက်တိုဘာမှာ ကိုယ့်ဆီ ဖြစ်လာမယ့် ကိစ္စ အများစုက ညနက်ပိုင်း အချိန်တွေမှာပဲ ဖြစ်တတ်ပါတယ်။ ၃ ရက်နေ့ကစပြီး Venus က ကိုယ့်ဇာတာထဲက ဖုံးကွယ်နေတဲ့ နေရာကို နောက်ပြန်ရွေ့ပြီး ဖြတ်သွားမယ်။ အဲဒီနေရာက အိပ်စက်တာ၊ လျှို့ဝှက်ချက်တွေ၊ ကိုယ်တစ်ယောက်တည်း ရှိတဲ့အခါ လုပ်တဲ့ ကိစ္စတွေနဲ့ ဆိုင်တဲ့ နေရာပါ။ ၂၃ ရက်နေ့မှာ Sun ကလည်း အဲဒီနေရာထဲကို ရောက်လာပြီး ၂၄ ရက်နေ့မှာတော့ Mercury ကပါ အဲဒီနေရာထဲမှာပဲ နောက်ပြန် စရွေ့မယ်။ Sagittarius တော်တော်များများအတွက်ဆိုရင် ဒါက အိပ်ရေးမဝတာ၊ ကောင်းကောင်း အိပ်မပျော်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ တချို့အတွက်ကျတော့ ဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်တယ်။ ပိုက်ဆံတွေကိုပါ တကယ်တမ်း ကုန်စပြုလာပြီဖြစ်တဲ့ လျှို့ဝှက်ချက်မျိုးပါ။ ဘောလုံးပွဲကို သေးသေးလေး လောင်းရာကနေ စခဲ့ပြီး အခုတော့ အိမ်လခအတွက် ငွေကိုပါ ယူသွားနေတဲ့ လောင်းကစား App၊ အိပ်ပျော်အောင်ဆိုပြီး ညဘက် တစ်ခွက်လောက် သောက်ရာကနေ သုံးခွက်ဖြစ်လာတာ၊ အိမ်က ဘယ်သူမှ မသိတဲ့ ဆက်ဆံရေးတစ်ခု၊ ဒါမျိုးတွေပါ။
မျှော်လင့်ချက်နဲ့ ကြွယ်ဝပေါများခြင်းနဲ့ ဆိုင်တဲ့ ဂြိုဟ် Jupiter က ကိုယ့်ရာသီခွင်ကို အုပ်ချုပ်တဲ့ ကိုယ့်ကိုယ်ပိုင် ဂြိုဟ်ပါ။ Jupiter က ကိုယ့်ကို တကယ်တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ပေးထားတယ်။ ဘာလဲဆိုတော့ ကံအားဖြင့်လည်း တကယ်ပိုကောင်းတတ်လို့၊ နောက်ဆုံးမှာ အရာရာ အဆင်ပြေသွားမှာပါလို့ ယုံကြည်တတ်တာပါ။ ဒါပေမဲ့ အဲဒီလို ယုံတတ်တဲ့ စိတ်နဲ့ပဲ “နောက်တစ်ပွဲကျရင် အကုန်ပြန်ရမှာပါ” လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတတ်တယ်။ ဒါကို Ellie တစ်ကြိမ်မက မြင်ဖူးပါတယ်။ မိသားစုတစ်ခုကို ပြိုကွဲစေတာက လျှို့ဝှက်ချက် သက်သက်ကြောင့် ဖြစ်ခဲပါတယ်။ တကယ် ပြိုကွဲစေတာက ဘာလဲဆိုတော့ အဲဒီ လျှို့ဝှက်ချက်ကို ဖုံးထားရင်းနဲ့ ကုန်သွားတဲ့ လတွေပါ။ ဖုံးထားတဲ့ လတွေ ကြာလာတော့ နောက်ဆုံး ကိုယ်က အမှန်အတိုင်း ပြောတာကိုတောင် အိမ်ကလူတွေက မယုံကြတော့တဲ့အထိ ရောက်သွားတတ်လို့ပါ။
၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ အာဏာနဲ့ဆိုင်တဲ့ ဂြိုဟ် Pluto က အဲဒီ ဖုံးကွယ်နေတဲ့ နေရာနဲ့ ထိပ်တိုက်တွေ့မယ်။ Pluto က ကိုယ့်ဇာတာထဲမှာ Message တွေ၊ ညီအစ်ကိုမောင်နှမတွေ၊ အိမ်နီးချင်းတွေနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေတာပါ။ ဒါမို့လို့ ကိုယ်ဖုံးထားခဲ့တဲ့ ကိစ္စက ကိုယ့်ပါးစပ်ကနေ မဟုတ်ဘဲနဲ့ တခြားသူဆီကနေ ပေါက်ကြားလာနိုင်တယ်။ တစ်ယောက်ယောက်က Share လိုက်တဲ့ Screenshot တစ်ပုံကနေ ဖြစ်ချင်ဖြစ်မယ်၊ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက်က ပြန်ပြောလိုက်လို့ ဖြစ်ချင်ဖြစ်မယ်။ Sagittarius အနည်းငယ်အတွက်ကျတော့ ဒီထက် ပိုဆိုးပါတယ်။ ကိုယ့်လျှို့ဝှက်ချက်ကို သိထားတဲ့ တစ်ယောက်က “ပိုက်ဆံပေး၊ မပေးရင် ဒီ Message တွေကို မင်းမိသားစု မြင်ရမယ်” လို့ လာပြောနိုင်တယ်။ အဲဒါ ငွေညှစ်တာပါ။ တစ်ခါ ပေးလိုက်တာနဲ့ နောက်တစ်ခါလည်း ကိုယ် ပေးမှာပဲဆိုတာကို အဲဒီလူက သိသွားပါပြီ။ ဒါမို့လို့ Message တွေ အားလုံးကို သက်သေအဖြစ် သိမ်းထားပါ။ ပိုက်ဆံ မပို့ပါနဲ့။ အဲဒီလူ မပြောခင် မိသားစုကို ကိုယ်တိုင် အရင်ပြောလိုက်ပါ။ မိသားစုက သိပြီးသွားပြီဆိုတာနဲ့ အဲဒီလူ့လက်ထဲမှာ ကိုယ့်ကို ခြိမ်းခြောက်စရာ ဘာမှ မကျန်တော့ပါဘူး။
ခရီးဝေးကိစ္စဘက်ကိုလည်း ကြည့်ရအောင်။ ၃ ရက်နေ့မှာ တွန်းအားနဲ့ဆိုင်တဲ့ ဂြိုဟ် Mars က ကိုယ့်ဇာတာထဲက ခရီးဝေးသွားတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်တာနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေပြီး Message တွေနဲ့ ဆိုင်တဲ့ နေရာက Pluto နဲ့ တည့်တည့် မျက်နှာချင်းဆိုင် ဖြစ်မယ်။ ဒါမို့လို့ အဲဒီနေ့က Message ကနေ အလုပ် Offer တစ်ခု ရောက်လာနိုင်တဲ့ နေ့ပါ။ လစာကောင်းတယ်၊ ကွန်ပျူတာနဲ့ လုပ်ရတဲ့ အလုပ်ပေါ့ပေါ့လေးပဲ၊ နယ်စပ်ကို ကျော်လိုက်ရုံပဲ၊ ဆိုတာမျိုးတွေပါ။ အဲဒီလို Offer တချို့ရဲ့ အဆုံးမှာ ကိုယ်က အပြင်ထွက်ခွင့်မရှိတဲ့ ပိတ်ထားတဲ့ ဝင်းတစ်ခုထဲ ရောက်နေတတ်တယ်။ အဲဒီမှာ Passport ကို သိမ်းခံရတယ်၊ Online ပေါ်မှာ မသိတဲ့ လူတွေကို လိမ်ခိုင်းခံရတယ်၊ ပြန်ထွက်လို့လည်း မရတော့ဘူး။ မသွားခင်မှာ အဲဒီနေရာမှာပဲ အလုပ်လုပ်ခဲ့ပြီး အိမ်ပြန်ရောက်လာတဲ့ တစ်ယောက်ယောက်ကို ရှာပြီး မေးကြည့်ပါ။ ပွဲစားကို Passport ဘယ်တော့မှ မပေးပါနဲ့။ အဲဒီနေ့ ပင်ပန်းနေပြီဆိုရင်လည်း ညကားကို လုံးဝ မစီးပါနဲ့။
ဒီလထဲက တချို့ရက်တွေမှာပဲ အချိန်ပေးနိုင်တဲ့ ချစ်သူ၊ ဒါမှမဟုတ် မိသားစုထဲက ဘယ်သူမှ မတွေ့ဖူးတဲ့ Online က လူတစ်ယောက်နဲ့ ညနက်အောင် စကားပြောနေတတ်တဲ့ သားသမီး၊ ဒါမျိုးလေးတွေ သတိထားရမယ်။ ၄ ရက်နေ့မှာ သူငယ်ချင်းတစ်ယောက်က ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်သားသမီးအကြောင်း ကိုယ်မသိတဲ့ အကြောင်းတစ်ခုခု လာပြောနိုင်တယ်။ ဘယ်သူ့ကိုမှ ဝင်မကာခင် သူပြောတာကို အဆုံးထိ နားထောင်ပါ။ ပြီးမှသာ ယုံသင့်မယုံသင့် ဆုံးဖြတ်ပါ။ အဓိကက ဒီလမှာတော့ ကိုယ့်ရဲ့ ရိုးသားပွင့်လင်းမှုကို အခွင့်ကောင်း ယူခံရနိုင်ပါတယ်။ သတိထားရမယ့် ကိစ္စလေးတွေက နည်းနည်းတော့ ပြင်းထန်တယ်လို့ မြင်ရနိုင်ပေမဲ့၊ လိုအပ်လို့ ပြောတာပါ။ ဖြစ်ကိုဖြစ်လာမယ်လို့ စိတ်စွဲထားဖို့ မဟုတ်ပါဘူး၊ တစ်ဖက်မှာလည်း ကြိုပြီးတော့ သတိထားရင် အမှားကင်းစေမှာ အမှန်ပါပဲ။
29 sep, 08:35
9 718
Scorpio Rising 🕊️
ခက်ခဲတဲ့ကိစ္စတွေကို ဘယ်သူ့ကိုမှ မပြောဘဲ တစ်ယောက်တည်း ကြိတ်ပြီး ဖြတ်ကျော်တာမှာ Scorpio က တော်တော်လေး တော်ပါတယ်။ ပြဿနာက အဲဒီလို တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ကျော်လိုက်တော့ ကိုယ့်မှာ ခက်ခဲတဲ့ကိစ္စ တစ်ခုခု ဖြစ်နေခဲ့တယ်ဆိုတာကိုတောင် ဘယ်သူမှ မသိလိုက်ကြတာပါ။
ဒီလမှာ Venus ရော Mercury ပါ ကိုယ့်ရာသီခွင် Scorpio ထဲမှာ ရှိနေရင်း Retrograde ဖြစ်ကြမှာမို့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်လှည့်ကြည့်ရမယ့် လတစ်လ ဖြစ်ပါတယ်။ ၂၀ ရက်နဲ့ ၂၆ ရက်နေ့တွေမှာတော့ အာဏာနဲ့ဆိုင်တဲ့ ဂြိုဟ် Pluto က ကိုယ့်ကို အိမ်နဲ့ မိသားစုကနေတစ်ဆင့် ဖိအားပေးလာမယ်။ Scorpio တော်တော်များများအတွက်ဆိုရင် ဒါက မိသားစုထဲမှာ အရင်က စကားများခဲ့ဖူးတဲ့ ကိစ္စအဟောင်း ပြန်ပေါ်လာတာမျိုးပါ။ တချို့အတွက်ကျတော့ ဒီထက် ပိုလေးနက်တဲ့ အရာကို ညွှန်ပြနေတယ်။ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ်ဝတ်တဲ့ အဝတ်အစား၊ ကိုယ့်အိမ်ထောင်ရေး၊ ကိုယ်တွေ့ဆုံတဲ့ လူတွေအကြောင်းကို တခြားလူတွေက ဆုံးဖြတ်ပေးနေတဲ့ အိမ်မျိုးပါ။ ဆွေမျိုးတစ်ယောက်က ကိုယ့်ဖုန်းကို ဖွင့်ဖတ်တာ၊ လူတွေ ဘာပြောမလဲဆိုတာကို အကြောင်းပြပြီး အိမ်ထောင်ပြုဖို့ ဖိအားပေးတာ၊ ဒါမှမဟုတ် ရှိပြီးသား အိမ်ထောင်ကို မကွာဘဲ ဆက်နေဖို့ ဖိအားပေးတာ၊ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ တကယ်လို့ ဘေးကင်းဖို့အတွက် ကိုယ့်ဖြစ်တည်မှု အစစ်အမှန်ကို ဖုံးထားရတဲ့ အိမ်မျိုးမှာ ကိုယ် ကြီးပြင်းလာခဲ့ရတယ်ဆိုရင် အောက်တိုဘာလကုန်ပိုင်းမှာ အဲဒီ ခံစားချက်အဟောင်းက ရုတ်တရက် ပြန်ရောက်လာနိုင်တယ်။
ဒီဖိအားက အလုပ်ဘက်ကိုလည်း ရောက်လာပါတယ်။ ၃ ရက်နေ့မှာ တွန်းအားနဲ့ဆိုင်တဲ့ ဂြိုဟ် Mars က ကိုယ့်ဇာတာထဲက အလုပ်အကိုင်၊ Career နဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေပြီး၊ အိမ်နဲ့ မိသားစုနဲ့ ဆိုင်တဲ့ နေရာက Pluto နဲ့ မျက်နှာချင်းဆိုင် ဖြစ်မယ်။ အလုပ်မှာ ကိုယ့်အထက်က လူတစ်ယောက်က သူ့ရာထူးကို ကိုယ့်အပေါ် အနိုင်ကျင့်ဖို့ သုံးလာနိုင်တယ်။ ဒါမှမဟုတ် ကိုယ့်လက်အောက်က လူတွေကို သူတို့ ခံထိုက်တာထက် ကိုယ်က ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေမိတာကို သတိထားမိလာနိုင်တယ်။ ဘယ်ဟာပဲ ဖြစ်ဖြစ် ဖြစ်နေတဲ့အတိုင်း ရှင်းရှင်းလင်းလင်း မြင်အောင် ကြည့်ပါ။ အဲဒီနေ့ အလုပ်ကြမ်းတွေ၊ စက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် သတိထားပါ။ အလုပ်မှာ စကားများခဲ့ရင်လည်း အဲဒီဒေါသကို အိမ်က မိသားစုဆီထိ သယ်မလာပါနဲ့။
တစ်နှစ်လုံး Saturn နဲ့ Neptune က ကိုယ့်ဇာတာထဲမှာ နေ့စဉ်အလုပ်နဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေခဲ့ကြတယ်။ ဒါမို့လို့ ကိုယ် အလွယ်တကူ မောမောပန်းပန်း ဖြစ်နေတာက စိတ်ထင်လို့ မဟုတ်ပါဘူး၊ တကယ်ပါ။ ဘယ်လိုပုံစံနဲ့ ပေါ်လာတတ်လဲဆိုရင် ဘာဖြစ်နေမှန်း ဘယ်သူမှ ရှင်းရှင်းလင်းလင်း မပြောနိုင်တဲ့ ရောဂါလက္ခဏာ၊ နေမကောင်းရင်းနဲ့ အလုပ်ဆင်းနေရတာ၊ ဆေးတွေကို အတူသောက်လို့ ရမရ ဘယ်သူမှ မစစ်ပေးဘဲ သောက်နေတာ၊ ဒါမျိုးတွေပါ။ ဒီလထဲမှာ ဆရာဝန်နဲ့ ချိန်းပြီး သေသေချာချာ တစ်ခါ စစ်ဆေးပါ။ ပြောစရာမလိုလောက်အောင် သေးတယ်လို့ ထင်ရတာတွေကအစ အကုန်လုံးကို ဆရာဝန်ကို ပြောပြပါ။
၂၅ ရက်နေ့ကစပြီး ကိုယ့်ဘဝထဲက လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်ထားတဲ့ ကိစ္စတွေကို သိမ်းထားတဲ့ အပိုင်းက လှုပ်ရှားလာမယ်။ Full Moon ကလည်း ကိုယ့်ဇာတာထဲမှာ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ရေးနဲ့ ဆိုင်တဲ့ နေရာမှာ ကျမှာပါ။ ဒါမို့လို့ ဆက်ဆံရေးထဲက လျှို့ဝှက်ချက်တစ်ခု ပေါ်လာနိုင်တယ်။ ကြားထဲမှာ နောက်ထပ် လူတစ်ယောက် ရှိနေတာ၊ ဖုံးထားတဲ့ ကြွေးမြီ၊ တခြားတစ်ယောက်ကို ပေးထားတဲ့ ကတိ၊ ဒါမျိုးတွေပါ။ Full Moon ညမှာ တစ်ခုခုကို သိလိုက်ရရင် တစ်ရေးတစ်မော အိပ်ပြီးတဲ့အထိ ဘာကိုမှ မဆုံးဖြတ်ပါနဲ့။
ဒီအောက်တိုဘာမှာ ကိုယ့်ဘဝက ဒီလိုပုံစံမျိုး ဖြစ်နေတယ်ဆိုရင် မိသားစုနဲ့ရော ဒီဆက်ဆံရေးနဲ့ပါ မပတ်သက်တဲ့ လူတစ်ယောက်ကို ပြောပြပါ။ ခက်ခဲတဲ့ အရာတွေကို မျက်နှာမလွှဲဘဲ ရဲရဲကြည့်နိုင်တာ ကိုယ့်မှာ အမြဲရှိခဲ့တဲ့ အစွမ်းပါ။ ဒီကိစ္စကိုလည်း အဲဒီလိုပဲ ကြည့်ပါ။ ပြီးရင်တော့ ဒီတစ်ခါ တစ်ယောက်တည်း မကြည့်တော့ဘဲနဲ့ ကိုယ်နဲ့အတူ ကြည့်ပေးမယ့် တစ်ယောက်ကို ဘေးမှာ ရှိခွင့်ပေးလိုက်ပါ။
28 sep, 10:21
9 718
🕊️ Virgo Rising
ကိုယ်က ပတ်ဝန်းကျင်မှာ တစ်ခုခု လွဲနေရင် အကုန် သတိထားမိတတ်တယ်။ ဒါပေမဲ့ ကိုယ့်အတွင်းထဲမှာ တစ်ခုခု လွဲနေတာကိုကျတော့ များသောအားဖြင့် နောက်ဆုံးမှ သိတဲ့သူက ကိုယ်ပဲ ဖြစ်နေတတ်တယ်။
ခန္ဓာကိုယ်ကနေ စပြောရအောင်။ ဒီတစ်လလုံး Mars နဲ့ Jupiter က ကိုယ့်ဇာတာထဲက ဖုံးကွယ်နေတဲ့ နေရာမှာ ရှိနေကြမယ်။ အဲဒီနေရာက အိပ်စက်တာ၊ အနားယူတာ၊ ဘယ်သူမှ မမြင်တဲ့အချိန်မှာ ကိုယ့်ကို မောပန်းစေတဲ့ ကိစ္စတွေနဲ့ ဆိုင်တဲ့ နေရာပါ။ Mars က ဒေါသနဲ့ တွန်းအားကို ကိုယ်စားပြုတဲ့ ဂြိုဟ်ပါ။ ဒါမို့လို့ ကိုယ် စိတ်ဆိုးနေပြီး အပြင်ကို မပြဘူးဆိုရင်တောင် အဲဒီဒေါသကို ကိုယ်က ဆက်သယ်ထားရတုန်းပါပဲ။ သယ်ထားရတဲ့ ဒေါသကို ခန္ဓာကိုယ်က ပြန်ပြလာတတ်တယ်။ ညဘက် အိပ်မပျော်ဘဲ မျက်စိကြောင်ကြောင်နဲ့ လှဲနေရတာ၊ မသိမသာ အံကြိတ်ထားမိတာ၊ ဗိုက်ထဲ မအီမသာ ဖြစ်နေတာ ဒါမျိုးတွေပါ။ ၃ ရက်နေ့မှာတော့ အဲဒီ ဖုံးကွယ်နေတဲ့ နေရာထဲက Mars က အာဏာနဲ့ဆိုင်တဲ့ ဂြိုဟ် Pluto နဲ့ မျက်နှာချင်းဆိုင် ဖြစ်မယ်။ Pluto က ကိုယ့်ဇာတာထဲမှာ နေ့စဉ်အလုပ်နဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေတာပါ။ ဒါမို့လို့ အဲဒီနေ့မှာ မောနေတဲ့ ခန္ဓာကိုယ်ကို နောက်ထပ် Shift တစ်ခု အတင်းဆွဲဆန့်ပြီး ဆက်လုပ်ခိုင်းမိရင် ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ နာကျင်နေရင် အလုပ်ဆက်မလုပ်ပါနဲ့။ လှေကား အတက်အဆင်းနဲ့ စက်ပစ္စည်း ကိုင်တွယ်တာတွေမှာ သတိထားပါ။ မျက်စိတွေ ဝေဝါးလာလောက်အောင် ပင်ပန်းနေရင်လည်း ကိုယ်တိုင် ကားမောင်းပြီး အိမ်မပြန်ပါနဲ့။
ခန္ဓာကိုယ်အပြင် အလုပ်ဘက်ကိုလည်း ကြည့်ရအောင်။ Pluto က ကိုယ့်ရဲ့ အလုပ်ဘဝကို နှစ်နှစ်နီးပါး တဖြည်းဖြည်းချင်း ပြောင်းလဲပစ်နေခဲ့တာပါ။ ၂၀ ရက်နဲ့ ၂၆ ရက်နေ့တွေမှာတော့ အဲဒီဖိအားက ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီကို ရောက်လာသလို၊ ကိုယ်ပို့တဲ့ Message၊ ကိုယ်ရတဲ့ Message တွေဆီကိုပါ ကူးလာမယ်။ တချို့ Virgo တွေအတွက်ကျတော့ ဒါက ကိုယ်ရေးသမျှ စကားလုံးတိုင်းကို စောင့်ကြည့်ခံရပြီး ကိုယ့်ကို ပြန်ထိုးနှက်ဖို့ အသုံးချခံရတဲ့ အလုပ်ခွင်မျိုး ဖြစ်လာနိုင်တယ်။ Boss က ကိုယ့်ရဲ့ ကိုယ်ပိုင် Message တွေကို စည်းကျော်ပြီး ဖတ်တာ၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကိုယ့်အလုပ်အတွက် ရရမယ့် Credit ကို သူယူသွားပြီး အပြစ်ကျတော့ ကိုယ့်အပေါ် ပုံချတာ၊ လစာကို နောက်ကျမှ ပေးတာ၊ ကိုယ့်ကို တစ်ခွန်းမှ မမေးဘဲ အချိန်ပိုတွေ အတင်းဆင်းခိုင်းတာ၊ ဒါမျိုးတွေပါ။ ဖြစ်သမျှကို ရက်စွဲနဲ့တကွ ကိုယ်ပိုင် မှတ်တမ်းတစ်ခု ရေးထားပါ။ မှတ်တမ်းရေးတာ ကိုယ် တော်ပါတယ်။ ဒီတစ်ခါတော့ တခြားသူအတွက် မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ရေးထားပါ။
ဒီလမှာ Message တွေက အလွယ်တကူ လွဲချော်တတ်ပြီး ကိုယ့်ဆီ ရောက်လာတဲ့ Message တချို့က ထောင်ချောက်တွေလည်း ဖြစ်နေနိုင်တယ်။ ဥပမာ နံပါတ်အသစ်တစ်ခုကနေ ကိုယ့်အစ်ကို ဒါမှမဟုတ် မောင်လေးပါလို့ ပြောပြီး “ဒီနေ့ ပိုက်ဆံ အရေးတကြီး လိုနေလို့” ဆိုတဲ့ Message ဝင်လာတာ၊ Loan app တစ်ခုက ကိုယ့်ဖုန်းထဲက Contact တွေ အကုန်လုံးဆီကို Message ပို့ပစ်မယ်လို့ ခြိမ်းခြောက်တာ၊ ဝမ်းကွဲတစ်ယောက်က “အကူအညီ သေးသေးလေး” တစ်ခု တောင်းလာပြီး နောက်မှ ကြည့်လိုက်တော့ သူ့ချေးငွေမှာ ကိုယ့်နာမည် ပါသွားတာမှန်း သိရတာ၊ ဒါမျိုးတွေပါ။ ဒါမို့လို့ ဘယ်သူ့ဆီကိုမဆို ငွေမလွှဲခင် အဲဒီလူကို အရင်ဆုံး ဖုန်းဆက်ပြီး မေးကြည့်ပါ။ ဖုန်းဆက်တဲ့အခါမှာလည်း Message ထဲက နံပါတ်နဲ့ မဟုတ်ဘဲနဲ့ ကိုယ့်ဆီမှာ အရင်ကတည်းက ရှိပြီးသား နံပါတ်နဲ့ပဲ ခေါ်ပါ။
တစ်နှစ်လုံး ဆက်တိုက်ရှိနေခဲ့တဲ့ ဖိအားကတော့ တခြားသူနဲ့ ဆက်စပ်နေတဲ့ ငွေကြေးနဲ့ ကြွေးမြီကိစ္စတွေပေါ်မှာပါ။ မိသားစုနဲ့ စုပေါင်းထားတဲ့ ငွေ၊ ဆွေမျိုးဆီက ချေးထားတဲ့ ငွေလိုမျိုးတွေပေါ့။ အဲဒီကိစ္စတွေမှာ ဘာမှ ကတိပေးထားသလောက် မမြန်သလို၊ ကိုယ့်ကို ရှင်းပြထားသလောက်လည်း မရှင်းဘဲ မရေမရာ ဖြစ်နေတတ်တယ်။ ၄ ရက်နေ့ရောက်ရင် လစာဝင်တဲ့ အပတ်ထဲမှာပဲ ပြန်ဆပ်ရမယ့် ငွေကလည်း တစ်ပြိုင်တည်း ကျလာပြီး နှစ်ခုလုံးအတွက် ငွေက မလောက်ဖြစ်နေမယ်။ ဒါမို့လို့ ဒီလထဲမှာ တစ်ယောက်ယောက်က သူ့ချေးငွေအတွက် အာမခံ လက်မှတ်ထိုးပေးဖို့ လာပြောရင်တော့ အဲဒီလူကို ကိုယ် ဘယ်လောက်ပဲ ချစ်ပါစေ၊ ကိုယ့်အဖြေက “မရဘူး”ဘဲ ဖြစ်ရပါမယ်။
28 sep, 09:01
9 718
🕊️ Leo Rising
ဒီအောက်တိုဘာမှာ ကိုယ့်ရဲ့ အားအင်က နှစ်အတော်ကြာအောင် မရှိခဲ့ဖူးသလောက် ပြည့်ပြည့်လျှံလျှံ ရှိနေမှာပါ။ ဒါပေမဲ့ အန္တရာယ်ဆိုတာလည်း အဲဒီ အားအင်ကနေပဲ စတာပါ။ ခန္ဓာကိုယ်က သန်သန်မာမာ ရှိနေတယ်လို့ ခံစားရတဲ့အခါမှာ ဒီခန္ဓာကိုယ်လည်း ထိခိုက်ဒဏ်ရာ ရနိုင်တယ်ဆိုတာကို ကိုယ် မေ့သွားတတ်တယ်။
ဘယ်နေ့ကို အထူးသတိထားရမလဲဆိုရင် ၃ ရက်နေ့ပါ။ အဲဒီနေ့မှာ တွန်းအားနဲ့ဆိုင်တဲ့ ဂြိုဟ် Mars က ကိုယ့်ရာသီခွင် Leo ထဲမှာ ရှိနေပြီး၊ အာဏာနဲ့ဆိုင်တဲ့ ဂြိုဟ် Pluto နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေမယ်။ Pluto က ကိုယ့်ဇာတာထဲမှာ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆိုင်တဲ့ နေရာမှာ ရှိနေတာပါ။ ဒါမို့လို့ အဲဒီနေ့မှာ ဒေါသက ကိုယ့်ဆီကဖြစ်ဖြစ်၊ တစ်ဖက်လူဆီကဖြစ်ဖြစ် စကားတစ်ခွန်းအတွင်းမှာပဲ အေးအေးဆေးဆေးကနေ ထိန်းမရတဲ့အထိ ရုတ်တရက် ဆောင့်တက်သွားတတ်တယ်။ အဲဒီနေ့ ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် အမြန်မမောင်းပါနဲ့။ မီးဖိုချောင်ထဲမှာ ဆီပူနဲ့ ဓားထက်ထက်တွေကို သတိထားကိုင်ပါ။ ကိုယ်နိုင်တယ်ဆိုတာ ပြချင်လို့ ပစ္စည်းလေးလေးတွေကို တစ်ယောက်တည်း အတင်းမမပါနဲ့။ ပြဿနာက တစ်လလုံး အားအင်တွေ ဒီလောက်ပြည့်နေတော့ ခန္ဓာကိုယ်က ရပ်တော့လို့ ပြောပြီးသွားတဲ့နောက်မှာတောင် သူ့ကို မနားတမ်း ဆက်ခိုင်းနေမိတတ်တာပါ။ ပြီးတော့ ခေါင်းကိုက်လာတာ၊ ခါးနာလာတာမျိုး ဖြစ်လာတဲ့အခါမှာလည်း “ဘာမှ မဖြစ်ပါဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ပြောပြီး ကျော်သွားတတ်တယ်။ ဘာမှမဖြစ်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က “တော်လောက်ပြီ” လို့ ကိုယ့်ကို ပြောနေတာပါ။
အချစ်ရေးဘက်ကို လှည့်ကြည့်ရအောင်။ Pluto က ကိုယ့်ဇာတာထဲက ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ဆိုင်တဲ့ နေရာမှာ ရောက်နေတာ နှစ်နှစ်နီးပါး ရှိပါပြီ။ ၁၆ ရက်နေ့မှာတော့ နောက်ပြန်ရွေ့နေရာကနေ ရပ်ပြီး ရှေ့ကို ပြန်ရွေ့လာမယ်။ အဲဒီ နှစ်နှစ်အတွင်းမှာ Leo တော်တော်များများအတွက်ဆိုရင် ချစ်သူဆီကနေ ကိုယ်တကယ် လိုအပ်တာတွေက မသိမသာလေး ပြောင်းလဲလာခဲ့တယ်။ တချို့ Leo တွေအတွက်ကျတော့ ဒီနှစ်တွေက ဒီထက်ပိုခက်တဲ့ အရာတစ်ခုကို ပြသွားခဲ့တယ်။ ဘာလဲဆိုတော့ ချစ်တာလား ထိန်းချုပ်တာလားဆိုတာ ခွဲခြားရခက်လာတဲ့ ဆက်ဆံရေးမျိုးပါ။ ကိုယ့်မိသားစုထဲက ဘယ်သူ့ဆီ သွားလို့ရတယ်၊ ဘယ်သူ့ဆီ မသွားရဘူးဆိုတာကို ချစ်သူက ဆုံးဖြတ်ပေးတာ၊ ကိုယ့်မိသားစုဆီ သွားလည်တိုင်း ပြန်လာရင် တစ်ပတ်လုံး စကားမပြောဘဲ နေပစ်တာ၊ နှစ်ခုထဲက တစ်ခုကို ရွေးခိုင်းတာ၊ ဒါမျိုးတွေပါ။ ၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ မိသားစုနဲ့ ချစ်သူကြားမှာ ကိုယ် ကြားညှပ်ဖြစ်နေတာကို အသိသာဆုံး ခံစားရလိမ့်မယ်။ အဲဒီအချိန် ချစ်သူက “ငါ့ကိုလား၊ မိသားစုကိုလား ရွေး” ဆိုပြီး ရွေးခိုင်းလာရင် အဲဒီလို တောင်းဆိုတာက အချစ်ကနေ ထွက်လာတာ မဟုတ်ပါဘူး။ အဲဒါ ထိန်းချုပ်တာပါ။ ထိန်းချုပ်တာလို့ပဲ နာမည်တပ်ပြီး ခေါ်တာ မှန်ပါတယ်။
ထိန်းချုပ်တာက မိသားစုဘက်ကနေလည်း လာနိုင်ပါတယ်။ တစ်ခါတလေ ဘယ်သူနဲ့ လက်ထပ်ရမယ်၊ ဘယ်မှာ နေရမယ်၊ ဘဝမှာ ဘာလုပ်ရမယ်ဆိုတာကို မိသားစုက ဆုံးဖြတ်ပေးထားတတ်တယ်။ အဲဒီအိမ်မှာ ဒီလိုကိစ္စတွေကို မိသားစုကပဲ အစဉ်အလာ ဆုံးဖြတ်လာခဲ့တာမို့လို့ပါ။ မိဘကို ရိုသေလေးစားတာဆိုတာ တကယ်ကို တန်ဖိုးရှိတဲ့ အရာပါ၊ အရေးလည်း ကြီးပါတယ်။ ဒါပေမဲ့ အဲဒီ ရိုသေလေးစားမှုဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ကို စွန့်လွှတ်ပေးရမယ်လို့ ဆိုလိုခဲ့တာ ဘယ်တုန်းကမှ မဟုတ်ပါဘူး။
နောက်တစ်ခုက အိမ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းကိစ္စပါ။ ၂၄ ရက်နေ့ကစပြီး အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အဟောင်းတွေ ပြန်ပေါ်လာမယ်။ ဒါတွေကို သေသေချာချာ ဖတ်ဖို့ လိုပါတယ်။ မြေဂရန်ပေါ်မှာ နာမည်မှားနေတာ၊ ဆွေမျိုးတစ်ယောက်က အိမ်ကို သူ့နာမည်ပေါ် တိတ်တိတ်လေး ပြောင်းထားတာ၊ အမွေနဲ့ပတ်သက်ပြီး နှုတ်ကတိပဲ ပေးခဲ့ပြီး စာနဲ့ ဘယ်တုန်းကမှ ရေးမထားခဲ့တာ၊ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ ဘယ်သူမှ ဘာကိုမှ လက်မှတ်မထိုးခင် စာရွက်စာတမ်းတွေကို ကြည့်ခွင့်ပေးဖို့ စိတ်အေးအေးထားပြီး တောင်းပါ။ ပြီးရင် ကိုယ့်အတွက် မိတ္တူတစ်စုံ သီးသန့် သိမ်းထားပါ။
ဒီထဲက တစ်ခုခုက ဒီလ ကိုယ့်ဘဝမှာ တကယ်ဖြစ်နေတယ်ဆိုရင် ဘယ်သူ့ကိုမှ ပြောပြချင်မှာ မဟုတ်ဘူး။ ကိုယ်က အကူအညီလိုတဲ့သူ ဖြစ်ရတာထက် ကူညီပေးတဲ့သူ ဖြစ်ရတာကို အများကြီး ပိုနှစ်သက်တတ်လို့ပါ။ ဒါပေမဲ့ တစ်ယောက်ကိုတော့ ပြောပြပါ။ အဲဒီတစ်ယောက်က ချစ်သူနဲ့ရော မိသားစုနဲ့ပါ မပတ်သက်တဲ့ အပြင်က လူ ဖြစ်ပါစေ။ တခြားသူတွေ အခက်ကြုံရင် ကိုယ့်ဆီ ရောက်လာတတ်ကြတာကို ကိုယ် ကျင့်သားရနေပြီ။ ဒီတစ်လတော့ ကိုယ်ကပဲ တစ်ယောက်ယောက်ဆီကို သွားပါ။ ကိုယ်ဆိုရင် သူတို့အတွက် ခဏလေးတောင် စဉ်းစားမနေဘဲ လုပ်ပေးမယ့် အရာတွေ ရှိတယ်မလား။ ဒီတစ်ခါတော့ အဲဒီလို အရာမျိုးကို သူတို့ဘက်က ကိုယ့်အတွက် ပြန်လုပ်ပေးခွင့် ပေးလိုက်ပါ။
28 sep, 08:21
9 718
🕊️ Cancer Rising
တခြားသူတွေက သူတို့ရဲ့ ပိုက်ဆံကို အသေအချာ ကာကွယ်တတ်ကြသလိုပဲ Cancer တွေက မိသားစု ဂုဏ်သိက္ခာဆိုရင် သိပ်အထိခိုက်မခံတတ်ကြဘူး။ ဒါကြောင့်ပဲ ဒီလထဲ ကြုံလာရမယ့် အခက်အခဲတွေကို အိမ်ပြင်မထွက်အောင် ဖုံးဖိထားဖို့ အရင်ဆုံး တွေးမိပါလိမ့်မယ်။
၃ ရက်နေ့မှာ Mars နဲ့ Pluto တို့ ငွေကြေးအပိုင်းမှာ ထိပ်တိုက်တွေ့ကြမယ်။ တစ်ဖက်မှာ ကိုယ်ရှာထားတဲ့ငွေ၊ ကျန်တစ်ဖက်မှာ ကိုယ်ပေးရမယ့်၊ ခွဲဝေရမယ့်ငွေတွေပေါ့။ အဲဒီနေ့မှာ တချို့ Cancer တွေအတွက် အတိုးတွေ တက်လာတဲ့ အကြွေးပြဿနာမျိုး ကြုံရတတ်တယ်။ အပြင်ကနေ အတိုးနဲ့ယူထားတဲ့ငွေ၊ ကိုယ့်နာမည်သုံးပြီး ဆွေမျိုးတစ်ယောက်က ချေးထားတာမျိုး၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ အကြွေးတွေက ကိုယ့်အကြွေးတွေလို တိတ်တိတ်လေး ဖြစ်လာတာမျိုးတွေ ကြုံလာနိုင်တယ်။ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါသတွေလည်း ထွက်ရတတ်တယ်။ ပြဿနာ ငြိမ်းသွားရင် ပြီးရောဆိုပြီး ဘယ်စာချုပ်ကိုမှ လက်မှတ်မထိုးလိုက်ပါနဲ့၊ ငွေလည်း အလွယ်တကူ ထုတ်မပေးလိုက်ပါနဲ့။
၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာတော့ Pluto က ကိုယ့်ရဲ့ အချစ်ရေးကို ငွေကြေးနဲ့ နီးစပ်မှုအပိုင်းတွေကနေ ဖိအားပေးလာလိမ့်မယ်။ သံယောဇဉ်ကို အသုံးချပြီး အတုံ့အလှည့် တောင်းဆိုလာတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာနိုင်တယ်။ တကယ်ချစ်ရင် ဒါလေးတော့ လုပ်ပေးရမှာပေါ့ ဆိုပြီး ကိုယ်မပေးချင်တဲ့အရာကို ရအောင် တောင်းဆိုတာမျိုး ကြုံရတတ်တယ်။ ဖိအားပေးတာဟာ အချစ်မဟုတ်ပါဘူး၊ ကိုယ်ချစ်ရတဲ့သူဆီက လာတဲ့ ဖိအားဆိုရင်တောင်မှပေါ့။ မိဘတွေအနေနဲ့ဆိုရင်လည်း အဲဒီရက်တွေမှာ ကလေးတွေ ဖုံးကွယ်ထားတဲ့ ပြဿနာတွေ ပေါ်လာတတ်တယ်။ မကင်းရာမကင်းကြောင်းတွေဆီက ငွေချေးထားတာ၊ ဖုန်းထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတာ၊ သူငယ်ချင်း အစစ်မဟုတ်တဲ့သူတွေနဲ့ ပေါင်းမိနေတာမျိုးတွေပေါ့။ ဘာဖြစ်နေလဲဆိုတာ သေချာမေးပြီး ဆူပူကြိမ်းမောင်းတာမျိုးမလုပ်ဘဲ နားထောင်ပေးပါ။ မဟုတ်ရင် သူတို့ ကိုယ့်ကို ဘာမှဆက်ပြောတော့မှာ မဟုတ်ဘူး။
၂၅ ရက်နေ့မှာ Venus မိသားစုရေးရာ အိမ်ဆီကို ပြန်ရောက်လာတဲ့အခါ မိသားစုနဲ့ပတ်သက်တဲ့ စိတ်ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ကိုယ်ကြီးပြင်းလာခဲ့ရတဲ့ အိမ်က ပြဿနာမဖြစ်အောင် အမြဲတမ်း ငြိမ်ငြိမ်လေး နေခဲ့ရတဲ့ အိမ်မျိုးဆိုရင် အောက်တိုဘာလကုန်ပိုင်းမှာ အဲဒီခံစားချက်တွေ အမှတ်မထင် ပြန်ဝင်လာနိုင်တယ်။ အသံကျယ်ကြီးတွေ ကြားရတာ၊ တံခါးကို ဆောင့်ပိတ်လိုက်တာမျိုးတွေကအစ ကိုယ့်ကို တုန်လှုပ်စေလိမ့်မယ်။ အဲဒီခံစားချက်တွေက အဟောင်းတွေပါ။ ကိုယ်ကတော့ အရင်က ကိုယ်မဟုတ်တော့ပါဘူး။ ဒါလေးကို သတိကပ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။
26 sep, 11:12
9 718
Gemini 🕊️
Gemini Rising အတွက် ဒီအောက်တိုဘာလရဲ့ အချိန်တော်တော်များများဟာ စကားလုံးတွေ၊ ရှင်းပြမှုတွေကြားထဲမှာပဲ ဖြတ်သန်းရဖို့ ရှိတယ်။ စကားအရာမှာ ကိုယ်က Strong အဖြစ်ဆုံးဆိုပေမဲ့ ဒီအချက်ကြောင့်ပဲ ဒီတစ်လရဲ့ ခက်ခဲတဲ့အပိုင်းတွေက ကိုယ့်အာရုံထဲကနေ လွတ်ထွက်သွားတတ်တယ်။ တကယ်ဖြစ်ပျက်နေတဲ့ အခက်အခဲတွေအပါအဝင် ဘယ်လိုကိစ္စမျိုးကိုမဆို စကားနဲ့လှည့်ပတ်ပြီး ဖြေတွေးပစ်လိုက်မိတတ်တယ်။
ဇာတာရဲ့ ခရီးတိုလေးတွေ၊ ကိုယ်နဲ့နီးစပ်တဲ့ လူတွေနဲ့ဆိုင်တဲ့ နေရာမှာ Mars က ဒီလတစ်လလုံး ရပ်တည်နေတယ်။ လဆန်း (၃) ရက်နေ့မှာတော့ အင်အားနဲ့ ဖိအားတွေကို ကိုယ်စားပြုတဲ့ Pluto နဲ့ သူက မျက်နှာချင်းဆိုင် ဆုံပါလိမ့်မယ်။ အဲဒီနေ့ဟာ လမ်းခရီးမှာ အန္တရာယ်ရှိနိုင်တဲ့ နေ့မျိုးမို့လို့ ကမန်းကတန်း ဆိုင်ကယ်မောင်းတာ၊ လူအရမ်းပင်ပန်းနေချိန် ကားမောင်းတာ၊ လမ်းပေါ်မှာ စကားများရတာမျိုးတွေ အထူးသတိထားပါ။ ဒီနေ့မှာပဲ ညီအစ်ကိုမောင်နှမ၊ အိမ်နီးချင်းတွေနဲ့ စကားများတာကနေ မရည်ရွယ်ဘဲ ပြဿနာ ကြီးသွားတတ်ပြီး အထူးသဖြင့် ဘာသာရေး၊ ယုံကြည်ချက်တွေနဲ့ ပတ်သက်တဲ့ ငြင်းခုံမှုတွေကနေ အစပြုတတ်တယ်။ ဒါကြောင့် အဲဒီနေ့မှာ ကိုယ်ပြောနိုင်တာထက် လျှော့ပြီး ပြောတာ အကောင်းဆုံးပါပဲ။ စကားနည်းလေ ရန်စဲလေပါ။
(၂၀) ရက်နဲ့ (၂၆) ရက်နေ့တွေ ရောက်လာတဲ့အခါ ပြည်ပခရီးစဉ်၊ နိုင်ငံခြားပညာသင်သွားတာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်အပေါ်ကို Pluto က ဖိအားပေးလာပါမယ်။ တချို့ Gemini တွေအတွက်တော့ အောက်တိုဘာလဟာ ဒီနေရာမှာ တော်တော်လေးကို အလေးအနက်ထားရမယ့် အခြေအနေ ဖြစ်သွားတတ်တယ်။ စာရွက်စာတမ်း အထောက်အထား တစ်ခုမှ မရေရာသေးဘဲ ကြိုပြီး ငွေတောင်းတဲ့ အကျိုးဆောင်တွေ၊ လစာအရမ်းကောင်းလွန်းလို့ သံသယဖြစ်စရာကောင်းတဲ့ ပြည်ပအလုပ်အကိုင်တွေ၊ ကိုယ်သေချာနားမလည်တဲ့ ရှုပ်ထွေးတဲ့ သဘောတူညီမှုတွေ စာချုပ်တွေ ကြုံလာရနိုင်တယ်။ ဒါတွေက ထောင်ချောက်တွေပါ။ ဘယ်သူ့ကိုမှ မယုံလိုက်ပါနဲ့။ ကိုယ့်အတွက် အရေးကြီးတဲ့ Passport ကို ခဏသိမ်းခိုင်းထားတယ် ဆိုပါတော့။ ဟိုဖက်လူက တမင်မကောင်းကျန်တာ မဟုတ်ရင်တောင်မှ အလွဲအချော်ဖြစ်ပြီး ကျပျောက်သွားတတ်တယ်။ ဒီလိုကိစ္စတွေမှာ လူတွေက ငွေတင်မကဘဲ သူတို့ရဲ့ ဘဝအချိန်တွေ အများကြီးကိုပါ ဆုံးရှုံးလိုက်ရလေ့ရှိတယ်။ ဒါကြောင့် အဝေးကနေ ဘာအာမခံချက်မှ မပါဘဲ ငွေအရင်ပေးဖို့ တောင်းဆိုလာရင်၊ တစ်ဖက်လူက ဘယ်လောက်ပဲ စကားပြောကောင်းနေပါစေ ကျောခိုင်းလှည့်ထွက်ခဲ့တာ အကောင်းဆုံးပါပဲ။
အဲဒီနေ့တွေမှာပဲ ကိုယ့်အနီးအနားမှာလည်း အခက်အခဲလေးတွေ ရှိနိုင်တယ်။ ကိုယ့်အထက်လူကြီး ဒါမှမဟုတ် ဆရာသမားက သူတို့ Power ကို သုံးပြီး ကိုယ့်ကို ဖိနှိပ်တာမျိုး၊ ရသင့်တဲ့ လစာကို ဆိုင်းငံ့ထားတာ၊ အရင်က မပြောထားတဲ့ အလုပ်ချိန်တွေမှာ အလုပ်ဆင်းခိုင်းတာ၊ ကိုယ်က မရယ်ချင်ဘဲ အလိုက်တသိ ရယ်ပြနေရတဲ့ စကားမျိုးတွေအထိ ကြုံလာရနိုင်တယ်။
ဒီလထဲမှာ Mercury၊ Venus နဲ့ (၂၃) ရက်နေ့ နောက်ပိုင်းမှာ ဝင်လာမယ့် Sun တို့ အားလုံးက ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ဆိုင်တဲ့ နေရာမှာ စုနေကြတယ်။ အများစုအတွက်ကတော့ ဆေးပြန်စစ်ရတာမျိုးလောက်ပဲ ဖြစ်ပေမဲ့၊ တချို့အတွက်ကျတော့ လနဲ့ချီပြီး ဖြစ်နေတဲ့ ရောဂါလက္ခဏာတစ်ခုခုကို ဟိုဟာကြောင့် နေမှာပါ၊ ဒီဟာကြောင့် နေမှာပါဆိုပြီး အကြောင်းပြချက် အမျိုးမျိုးပေးပြီး လျစ်လျူရှုထားတာမျိုး ဖြစ်နေတတ်တယ်။ (၂၅) ရက်နေ့ ညပိုင်းမှာတော့ ပိုပြီးတော့ ဂရုစိုက်ပါ။ အရင်က ကိုယ့်ခန္ဓာကိုယ်က တိတ်တိတ်လေး သတိပေးနေခဲ့တာဆိုရင်တောင်၊ အဲဒီအပတ်မှာတော့ သည်းခံလို့မရတော့အောင် အသံထွက် တောင်းဆိုလာပါလိမ့်မယ်။ ဒါကြောင့် အခုလောလောဆယ် ကျန်းမာရေးဖက်ကို သင်္ကာမကင်းဖြစ်နေရင် မဖြစ်ခင်ကတည်းက ကြိုပြီး ဆရာဝန်နဲ့ ရက်ချိန်းယူထားလိုက်ပါ။ ကြိုတင်ကာကွယ်တာ မမှားပါဘူး။
26 sep, 10:41
9 718
Taurus Rising 🕊️
Six of Cups မှာ သတိထားရမယ့် အချက်တစ်ခု ပါလာတယ်။ ဒါက Taurus တွေ အဖြစ်များတတ်တဲ့ သဘာဝလေးတစ်ခုပါ။ အမှတ်တရတွေကို ပြန်မြင်ယောင်တဲ့အခါ ကောင်းတဲ့ဖက်လေးကို မျက်နှာသာပေးတတ်လွန်းတယ်။ အဆင်ပြေခဲ့၊ ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကိုပဲ ရှေ့တန်းတင်ပြပြီး ကျန်တဲ့ ဆိုးရွားမှုတွေကိုကျတော့ ကိုယ်မမြင်ချင်တဲ့နေရာမှာ သွားဝှက်ထားတတ်တယ်။ ဒီလထဲ အထူးသဖြင့် ၇ ရက်နေ့ ဝန်းကျင်လောက်မှာ အတိတ်က လူတစ်ယောက်ယောက် အဆက်အသွယ် ပြန်လုပ်လာတဲ့အခါ သူ့ရဲ့ ကောင်းခဲ့တဲ့ အပိုင်းလေးတွေကိုပဲ အရင်ဆုံး ပြေးမြင်မိလိမ့်မယ်။
အဲဒီလူနဲ့ တွဲခဲ့တုန်းက အော်ဟစ်ခံရတာ၊ အမြဲတမ်း စောင့်ကြည့်ချုပ်ချယ်ခံရတာ၊ သူငယ်ချင်းတွေနဲ့ ပေးမတွေ့တာ၊ ဒါမှမဟုတ် Abusive ဖြစ်ပြီး ရိုက်နှက်ခံခဲ့ရတာမျိုးတွေ ရှိခဲ့ဖူးရင်တော့ အောက်တိုဘာလအတွက် ဒီ Six of Cups က ကိုယ့်အတွက် ညင်သာမှာ မဟုတ်ဘူး။ အဲဒီလို နာကျင်ရတာတွေကို ဖုံးကွယ်ပြီး အကောင်းတွေချည်းပဲ ပြန်တွေးမိနေအောင် လှည့်စားလိမ့်မယ်။ သူ့ဘက်က ဆက်သွယ်လာတဲ့အခါ တစ်ခုခု ပြန်မတုံ့ပြန်ခင်မှာ ခေါင်းထဲ ပေါ်လာတဲ့ အကောင်းတွေချည်းပဲ မဟုတ်ဘဲ အားလုံးကို ခြုံပြီး သတိရပေးပါ။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ နှစ်နဲ့ချီ ကြာခဲ့ရင်တောင်မှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိခဲ့လို့သာ ကိုယ်ထွက်လာခဲ့တာလေ။
၂၀ ရက်နဲ့ ၂၆ ရက်နေ့တွေမှာတော့ အာဏာနဲ့ Control တွေကို ကိုယ်စားပြုတဲ့ Pluto ဂြိုဟ်က အလုပ်ခွင်နဲ့ အချစ်ရေးကြားမှာ ဖိအားပေးလာဖို့ရှိတယ်။ Taurus တော်တော်များများအတွက်တော့ အလုပ်ချိန်နဲ့ ပတ်သက်ပြီး အချင်းများရတတ်တဲ့သဘောပါ။ တချို့အတွက်ကျတော့ ကိုယ် အလုပ်လုပ်သင့်၊ မလုပ်သင့်ကို သူ့သဘောနဲ့သူ ဆုံးဖြတ်ချင်တာ၊ အလုပ်ကလူတွေနဲ့ ပြောထားတဲ့ ဖုန်းကို လိုက်စစ်တာ၊ အလုပ်ကိစ္စနဲ့ အိမ်ပြန်နောက်ကျတဲ့ နေ့တွေဆိုရင် တစ်ပတ်လောက် စကားမပြောဘဲ ပစ်ထားတာမျိုးတွေ ကြုံရနိုင်တယ်။ ဒါက ကိုယ့်ကို အရမ်းချစ်လို့ သဝန်တိုတာ မဟုတ်ဘူးနော်။ ထိန်းချုပ်ချင်တာပါ။ တချို့အခြေအနေမှာကျတော့ အချစ်ရေးမှာ မဟုတ်ဘဲ အလုပ်ခွင်မှာ ကြုံရတတ်တယ်။ ကိုယ်က ဘာမှ ပြန်မပြောတတ်ဘူး၊ ပြဿနာမရှာတတ်ဘူးဆိုတာကို သိနေလို့ ရာထူးသုံးပြီး အနိုင်ကျင့်တဲ့ အထက်လူကြီးမျိုးနဲ့လည်း အဲဒီရက်တွေမှာ ထိပ်တိုက်တွေ့ရနိုင်တယ်။
အိမ်တွင်းရေးမှာ သတိထားရမယ့်ရက်ကတော့ ၃ ရက်နေ့ပါ။ တွန်းအားတွေကို ကိုယ်စားပြုတဲ့ Mars ဂြိုဟ်နဲ့ Pluto တို့က ဇာတာခွင်မှာ မျက်နှာချင်းဆိုင် ဖြစ်နေတော့ အိမ်နဲ့ အလုပ်ကြားမှာ လွန်ဆွဲရတတ်ပြီး အိမ်မှာ စိတ်တိုစရာတွေ ပိုများနေတတ်တယ်။ မိသားစု အချင်းများကြရင်းကနေ နောက်ဆုတ်လို့မရတဲ့ စကားကြမ်းတွေ အပြန်အလှန် ပြောမိတာမျိုး ဖြစ်သွားနိုင်တယ်။ ဒီလက အိမ်မှာ ပြင်စရာ ဆင်စရာတွေ၊ အလေးအပင် မ,ရတာတွေ ကြုံရတတ်တဲ့ လလည်း ဖြစ်နေတော့ လှေကားတက်တာ၊ ဝါယာကြိုး ကိုင်တာကအစ ကိုယ်တိုင် အလေးအပင် မ,တာတွေအထိ အထူးသတိထားပေးပါ။
ဒီနှစ် တစ်နှစ်လုံးမှာ Saturn နဲ့ Neptune တွေက ဇာတာခွင်ရဲ့ ကွယ်ဝှက်နေတဲ့ အပိုင်းမှာ ရပ်တည်နေခဲ့တာဆိုတော့ ကိုယ် ဘယ်လောက်တောင် ပင်ပန်းနေပြီလဲဆိုတာ ဘယ်သူမှ မမြင်နိုင်ခဲ့ဘူး။ ဒီလို ကြိတ်ပြီး ပင်ပန်းနေရတာတွေကို ကျော်ဖြတ်ဖို့အတွက် မသိမသာလေး အားကိုးလာမိတဲ့ အကျင့်လေးတွေကို သတိထားကြည့်ပါ။ အိပ်ပျော်အောင် ဆေးသောက်ရတာ၊ ညတိုင်း သောက်နေကျကနေ တဖြည်းဖြည်း နှစ်ခွက်ဖြစ်လာတာ၊ အချိန်မရှိလို့ဆိုပြီး ထမင်းစားဖို့ မေ့နေတာမျိုးတွေပေါ့။ ဒါတွေက ကိုယ် အသုံးမကျလို့ ဖြစ်နေတာတွေ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကနေ ကိုယ့်ကို လှမ်းပြီး သတိပေးနေတဲ့ လက္ခဏာတွေပါ။
အခုပြောခဲ့တာတွေထဲက တစ်ခုခုက ကိုယ့်ရဲ့ အောက်တိုဘာလထဲမှာ တကယ်ဖြစ်လာခဲ့ရင် အမြဲတမ်း လုပ်နေကျလို သေတ္တာထဲ ထည့်ပြီး သော့ခတ်မထားလိုက်ပါနဲ့။ ကိုယ်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ကို အကုန်လုံး ဖွင့်ပြောပြလိုက်ပါ။ ပြဿနာမကြီးအောင်ဆိုပြီး လျှော့ပြောတာမျိုး မလုပ်ဘဲ အရှိကို အရှိအတိုင်း ပြောပြလိုက်ပါ။ တခြားသူတွေ အေးချမ်းဖို့အတွက် ကိုယ့်ဘက်က အလျှော့ပေး သည်းခံလာခဲ့တာ အတော်လေး ကြာခဲ့ပြီ။ ဒီလက ကိုယ့်ကိုကိုယ် ချစ်ရမယ့်လဖြစ်သလို၊ မှန်ကန်စွာ ချစ်တယ်ဆိုတာမှာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင် ကာကွယ်ရတာကလည်း အရေးကြီးတဲ့အပိုင်းမှာ ပါပါတယ်။
26 sep, 09:27
9 718
Aries Rising 🕊️
အောက်တိုဘာလထဲမှာ အခက်အခဲတချို့ ဖြတ်သန်းရနိုင်တဲ့ Aries တွေအတွက်ပါ။ ဒီစာကို Page မှာ မတင်ဘဲ Ellie သီးသန့် ဖယ်ရေးထားတာက လူတိုင်းနဲ့ သက်ဆိုင်နေမှာ မဟုတ်နိုင်လို့ပါ။ ဒါပေမဲ့ တကယ်လိုအပ်နေတဲ့သူသာ ဖတ်မိရင်တော့ ဒါ ကိုယ့်အတွက်ပဲဆိုတာ စာကြောင်းအနည်းငယ် ဖတ်ကြည့်ရုံနဲ့တင် တန်းသိပါလိမ့်မယ်။
အဓိကက အောက်တိုမှာထဲမှာ နှစ်ယောက်ပိုင် ငွေကြေးကိစ္စတွေမှာ ပြဿနာလေးတွေ ရှိလာနိုင်တယ်။ ၂၀ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာဆိုရင် ငွေကြေးနဲ့ပတ်သက်ပြီး အချင်းချင်းကြားထဲ အားပြိုင်တာမျိုး၊ မွန်းကြပ်လောက်အောင် Control လုပ်ပြီး ချယ်လှယ်ချင်တာမျိုးတွေ ပိုသိသာလာတတ်တယ်။ Aries တော်တော်များများအတွက်တော့ ဒါကို မသိချင်ယောင်ဆောင်နေလို့ မရတော့ဘဲ ပြတ်ပြတ်သားသား စကားပြောရတော့မယ့် အခြေအနေမျိုး ရောက်လာနိုင်တယ်။ တချို့အတွက်ကျတော့လည်း အချိန်အတော်ကြာကတည်းက အုံ့ပုန်းဖြစ်နေတဲ့ ပြဿနာတစ်ခုကို အခုမှပဲ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာမျိုး ဖြစ်သွားမယ်။ စဉ်းစားကြည့်လေ၊ နှစ်ယောက်ပိုင်ငွေကို ကိုင်ထားတဲ့သူက ကိုယ် ဘာဝယ်ရမယ်၊ ဘယ်သူတွေနဲ့ တွေ့ရမယ်၊ ကိုယ့်မိသားစုဆီ ဘယ်အချိန်သွားရမယ်ဆိုတာတွေကိုပါ ဝင်ဆုံးဖြတ်နေပြီဆိုရင်၊ ကိုယ်က ကိုယ့်ပိုက်ဆံလေး နည်းနည်းပါးပါး သုံးတာကအစ သူနားလည်အောင် အကျိုးအကြောင်း လိုက်ရှင်းပြနေရပြီဆိုရင် အဲဒါ စေ့စပ်သေချာတဲ့ လက်တွဲဖော် မဟုတ်တော့ဘူး။ ဒါဟာ ကိုယ့်ကို ထိန်းချုပ်ချယ်လှယ်နေတာပါ။
နောက်ပြီး ၂၄ ရက်နေ့ ဝန်းကျင်လောက်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တချို့ အထင်းသား ပေါ်လာတတ်တယ်။ ကိုယ့်နာမည်နဲ့ ယူထားတဲ့ အကြွေးတွေ၊ ကိုယ့်ကို မပြောထားဘဲ ယူထားတဲ့ ချေးငွေတွေ၊ မရောက်သင့်တဲ့ နေရာကို ရောက်နေတဲ့ ငွေကြေးကိစ္စတွေ သိလာရနိုင်သလို၊ တချို့ကျတော့လည်း နှစ်ယောက်ကြားထဲမှာ တတိယလူ ဝင်နေတာကိုပါ ရုတ်တရက်ကြီး သိလိုက်ရတတ်တယ်။ ခံစားရတော့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေကို နောက်တစ်နှစ်နေမှ သိရတာထက်စာရင် အခုလို ကြိုသိလိုက်ရတာကပဲ ကိုယ့်အတွက် ပိုကောင်းပါတယ်။
ဒီလို စိတ်ရှုပ်စရာတွေ ကြားထဲမှာမှ ၇ ရက်နေ့ ဝန်းကျင်လောက်ဆိုရင် ကိုယ့်ကို အရင်က နာကျင်စေခဲ့တဲ့သူ တစ်ယောက် ပြန်ပေါ်လာတတ်တယ်။ ထုံးစံအရဆိုရင် Aries တွေက စိတ်ပျော့ပြီး သူ့ကို ပြန်လက်ခံလိုက်တာမျိုး သိပ်မရှိဘူး။ ဒါပေမဲ့ ကိုယ်က လမ်းခွဲလိုက်တာကိုပဲ အရှုံးပေးလိုက်ရသလို ခံစားနေရပြီး၊ ရှုံးမပေးချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့သာ သူ့ကို ပြန်ပတ်သက်မိသွားတတ်တာမျိုး ရှိတယ်။ ဒီအောက်တိုဘာလထဲမှာ အန္တရာယ်အများဆုံးက "ဒီတစ်ခါတော့ သူ့ကို ငါ ကိုင်တွယ်နိုင်ပါပြီ" ဆိုပြီး တွေးမိတာပါပဲ။ သေသေချာချာ ပြန်တွေးကြည့်ပါ။ အရင်က ကိုယ့်ကို နာကျင်စေခဲ့တဲ့သူအပေါ်မှာ ကိုယ်ကပဲ ထပ်ပြီး သည်းခံနိုင်ဖို့ ကြိုးစားနေရဦးမယ်ဆိုရင်၊ တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် မေးရမှာက 'ငါ သည်းခံနိုင်မလား' ဆိုတာ မဟုတ်ဘူး။ 'ဘာလို့ ငါက သည်းခံပေးနေရမှာလဲ' ဆိုတာပါပဲ။
လအစပိုင်း ၃ ရက်နေ့ ဝန်းကျင်မှာလည်း ခန္ဓာကိုယ် အထိအခိုက်မရှိအောင် အထူးဂရုစိုက်ဖို့ လိုပါမယ်။ ဂြိုဟ်တွေရဲ့ အနေအထားအရ အသိတရားထက် ဒေါသက ပိုရှေ့ရောက်နေတတ်တဲ့ အချိန်မို့လို့ပါ။ စကားများရာကနေ နှစ်ယောက်စလုံး မရည်ရွယ်ထားတဲ့ အခြေအနေအထိ ဆိုးဆိုးရွားရွား ရောက်သွားနိုင်တယ်။ ဒါကြောင့် အဲဒီနေ့မှာ ကိုယ်က ဒေါသထွက်နေပြီဆိုရင် ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် မမောင်းတာ အကောင်းဆုံးပဲ။ ချွန်ထက်တဲ့ အရာတွေ ကိုင်တွယ်တာ၊ အလေးအပင် မတာတွေကို သတိထားရမယ်။ အရေးအကြီးဆုံးက ပြန်ရုပ်သိမ်းလို့ မရတော့မယ့် စကားတွေ မပြောမိခင်မှာ စကားများနေတဲ့ နေရာကနေ ကိုယ့်ဘက်က အရင် ရှောင်ထွက်လာခဲ့လိုက်ပါ။ ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုယ့်ရဲ့ ရာသီခွင်ထဲမှာ ဖိအားပေးတဲ့ ဂြိုဟ်တွေ ရှိနေခဲ့တာဆိုတော့ ကိုယ်ထင်ထားတာထက် ခန္ဓာကိုယ်က အများကြီး ပိုပန်းနေခဲ့ပြီလေ။ စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာ ပိုရလွယ်တတ်တာ သဘာဝပဲမို့လို့ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်စေချင်တာပါ။
တကယ်လို့များ အခုပြောခဲ့တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုခုကို ကိုယ့်ရဲ့ အောက်တိုဘာလထဲမှာ တကယ်ကြုံလာရပြီဆိုရင်၊ ဒီပြဿနာတွေနဲ့ တိုက်ရိုက်မပတ်သက်တဲ့ အပြင်လူ တစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ပါ။ သူငယ်ချင်း၊ ညီမ၊ ဒါမှမဟုတ် ကိုယ့်ကို "သည်းခံကြည့်ပါဦး လို့ ခပ်လွယ်လွယ် မပြောမယ့် မိသားစုဝင် တစ်ယောက်ယောက်ဆိုလည်း ရပါတယ်။ နောက်ပြီး လိုရမယ်ရ ကိုယ်ပိုင်ငွေ နည်းနည်းပါးပါးကိုလည်း ကိုယ့်အတွက်ဆိုပြီး သီးသန့် ဖယ်ထားပါ။ ချက်ချင်းကြီး ထွက်သွားဖို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခြေအနေမှန်ကို သေသေချာချာ မြင်အောင်ကြည့်ပြီး ယုံကြည်ရတဲ့သူ တစ်ယောက်ကို ဖွင့်ပြောလိုက်တာကပဲ ထွက်ပေါက်တိုင်းရဲ့ အစပါပဲ။ Aries တွေဆိုတာ ကိုယ်တကယ် ဆုံးဖြတ်လိုက်ပြီဆိုရင် အမြဲတမ်း ပထမဆုံးခြေလှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းနိုင်တဲ့သူတွေပဲလေ။\\\|
26 sep, 08:25
