es
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Ir al canal en Telegram
803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
ခြံထဲဆင်းကာ မိုးသူဇာနဲ့ ဖုန်းပြောပြီးသွားတော့မမဆွေတစ်ယောက် စိတ်ကိုလျှော့ပြီး တိုက်ထဲသို့ပြန်ဝင်လာခဲ့တယ်။သူမအနေနဲ့ ကိုယ်ရဲ့ သမီးလေးနဲ့ နာမည်တူတာမို့ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်ပေမဲ့လည်း မိုးသူဇာကတစ်မျိုး ၊ အလင်းချို ပုံစံကလည်း အေးမယောင်နဲ့ ဂျစ်တိဂျစ်ကန်လေးမှန်း ပေါင်းကြည်မှ သိတာလေ။စိတ်ရှုပ်ရှုပ်နဲ့ လက်လျှော့လိုက်ချင်ပေမဲ့ မိုးသူဇာက ရန်ကုန်ရဲ့ စျေးကွက်ကို အများဆုံး ရှာပေးနေတဲ့သူဆိုတော့ စိတ်ကိုမနည်း လျှော့ထားရတာ။ ~~~~~~~ "အလင်းချို ... မမဆီ ခဏလာပါအုံးကွယ် " မမဆွေက လေသံပျော့လေးနဲ့ ခေါ်လိုက်တယ်။ "ထိုင်ပါအုံး အလင်းချို..မမ ဆွေက မင်းကို တမင် အနိုင်ကျင့်နေတာမဟုတ်ပါဘူးကွယ်... ပြီးတော့ မမဆွေဆီ လာတဲ့ဧည့်သည်တွေကလဲ လမ်းဘေးက ကလေကချေတွေမဟုတ်ပါဘူး...လုပ်ငန်းရှင်ကြီးတွေချည်းပဲ...အဲ့ဒါကြောင့် မမဆွေတို့က အလိုက်သင့် ဆက်ဆံပေးရမယ်လေ.. သူတို့က မင်းနဲ့ ရိုးရိုးသားသား စကားပြောချင်တဲ့ဆိုလို့ မမဆွေက မိတ်ဆက်ပေးတာပါ...ရှင်းရှင်းပြောရရင် သူတို့နဲ့ ပတ်သက်မိလို့လဲ ကိုယ့်မှာအကျိုးယုတ်စရာမရှိဘူးလေ....မင်းအိမ်ငှားနေတာဆို...အိမ်ပိုင်ရာပိုင် နဲ့ မနေချင်ဘူးလားပြောလေ..မိုးသူဇာ ပြောတာတော့ အရင်က စိုက်ပျိုးရေးလုပ်ခဲ့တာဆို ... ခြံကျယ်ကျယ်လေး တစ်ခြံလောက်ရော မပိုင်ချင်ဘူးလား ... မင်းသာသည်းခံနိုင်မယ်ဆိုရင် အဲဒါတွေပိုင်ဆိုင်ရဖို့က မခက်ဘူးနော်.....ဒါပေမဲ့ ဒီလိုပုံစံဆက်လုပ်နေမယ်ဆိုရင်တော့ မင်းကို ဒီမှာ ဆက်ထားဖို့ခဲယဉ်းသွားလိမ့်မယ် " မမဆွေက လေသံခပ်အေးအေးနဲ့ ပြောလိုက်တော့ အလင်းချို မျက်လုံးလေးဝံ့ပြီး စိုးရိမ်တကြီးကြည့်လိုက်မိတယ်။မိခင်ဟုတ်လား ၊ မဟုတ်လား မသေချာသေးခင်မှာတော့ အလင်းချိုအလုပ် မထွက်ချင်သေးပါ။သေချာအောင်လဲ ဖခင်ဖြစ်သူရဲ့ရှေ့မှောက်ကိုပဲ ဆွဲခေါ်သွားရလေးမလားဟု အကြိမ်ကြိမ် စဉ်းစားမိခဲ့တယ်။အလင်းချိုရဲ့ မှုန်ဝါးဝါးမှတ်ဉာဏ်အရရော ခံစားချက်အရ ပါဆိုရင်တော့ ရှေ့တွင် ထိုင်နေတဲ့ မမဆွေမှာ အလင်းချိုရဲ့ မိခင်ဒေါ်ကေသီချိုဆိုတာသေချာ၏။သို့ပေမဲ သက်သေပြဖို့ရာမှာ လွန်ခဲ့တဲ့နှစ်များစွာက ဓါတ်ပုံဟောင်းလေးသာရှိတာမဟုတ်ပါလား။ဓါတ်ပုံကို ပြပြီး ဖွင့်မေးဖို့ရာတော့စိတ်ကူးလဲမရှိပါ။အလင်းချိုဖြစ်စေချင်တာက နည်းနည်း လောဘကြီးရာရောက်ချင်လဲ ရောက်ပါလိမ့်မယ်။အမေက အလင်းချိုကို တွေ့တာနဲ့ ရင်ထဲမှာ တစ်စုံတစ်ခု ခံစားနေစေချင်တာပင်။သူ့မ၏ သွေးသားရင်းကို စိတ်ခံစားချက်ကမှတ်မိနေတာမျိုးကို လိုချင်မိတာ။ ဖွင့်ပြောမှ သိမယ်ဆိုရင်တော့ အလင်းချိုးမှာ ဖွင့်ပြော၊ဖွင့်မေးရန် စိတ်ကူး လဲမရှိပါ။ဒီလို မသေချာခင် အချိန်မှာတော့ သူမရှိရာ ဒီအိမ်မှ ထွက်သွားရန် စိတ်ကူးမရှိသေးပါလေ။ကုပ်ကပ်ပြီးရသလောက်တော့ နေရမှာပင်။ ~~~~~~ "နေမခစေ့စပ်တော့မယ်တဲ့ သမီး သိပြီးပြီလား " "ချလွင် " ထမင်းစားနေရင်း ပြောလိုက်တဲ့ ဒေါ်လေးစန်းရဲ့ စကားကြောင့် အလင်းချိုရဲ့လက်ထဲက ဇွန်းကအောက်သို့ ချွင်ခနဲမြည်အောင် ပြုတ်ကျသွားတယ်။ "ဘွားချိုတို့အိမ်ဘက်ကို သမီးသွားမလည်တော့ဘူးလား ..ဘွားချိုကလဲ မေးနေတယ် ..အလုပ်ပိတ်ရက်မှာလာခဲ့အုံးတဲ့...သွားလည်လိုက်အုံးလေ " "ဟုတ်..ဟုတ်ကဲ့ပါ ဒေါ်လေး " ဒေါ်လေးစန်းရဲ့ အပြောကို အလင်းချို အလိုက်သင့် ဖြေလိုက်ရင်းမှ ရင်ထဲက သောကကို ဒေါ်လေးစန်း မမြင်အောင် ထိန်းချုပ်လိုက်ရတယ်။ "ဒါနဲ့ သမီးနဲ့ မောင်လင်းအခြေအနေကရော..ဒေါ်လေးစန်းကတော့ သမီးကိုမောင်လင်းနဲ့ သဘောတူတယ် ...အစကတော့ သမီးကို နေမခနဲ့ သဘောတူတာ...မနွယ်လိုရိုးအေးတဲ့ ယောက္ခမျိုးနဲ့ နေစေချင်လို့လေ.... ဒါပေမဲ့ နေမခကိုကြည့်ရတာ မေမေကြီးကို သဘောကျပုံမရဘူး ... မောင်လင်းကတော့ အားလုံးနဲ့လဲ အဆင်ပြေအောင်လဲ ပေါင်းတတ်တယ်လေ ပြီးတော့ သူ့မှာ မိဘတွေလဲ မရှိတော့ ကြောက်စရာ ယောက္ခမ မရှိတော့ဘူးပေါ့ " ဒေါ်လေးစန်းက သူ့အထင်နဲ့သူ အစီအစဉ်တွေချနေတယ်။အလင်းချိုမှာတော့ စားလက်စ ထမင်းကို ဆက်ပင်မစားနိုင်တော့ပါ " "စားလေး သမီး ...ဘာတွေတွေးနေတာလဲ " " အဟွပ် ...အဟွပ်..အဟွပ် " ဒေါ် လေးစန်းရဲ့ စကားသံနဲ့ ပြိုင်တူလိုလို ထွက်ပေါ်လာတဲ့ အခန်းထဲက အဘွားရဲ့ ချောင်းဆိုးသံကြောင့် အလင်းချိုသတိဝင်လာပြီး အဘွား အခန်းဆီကို အပြေးထလာခဲ့ရတယ်။ ~~~~ " အဘွားနေလို့မကောင်းဘူးလား ... ဒေါ်လေးစန်း အဘွားကို ဆေးမှန်မှန်တိုက်ရဲ့လားဟင်" " တိုက်ပါတယ် သမီးရဲ့ ....ရာသီဥတုက အေးလို့ထင်တယ် " ဒေါ်လေးစန်းပြောတာလဲ ဖြစ်နိုင်၏။ဆောင်းဥတုရဲ့ နောက်ဆုံးလများက အအေးပိုလွန်းလှ၏။အရင်နှစ်တွေက တိုက်အိမ်ကြီးထဲတွင် မွေ့ရာထူထူ ဂွမ်းကပ်စောင်ကောင်းကောင်းနဲ့ နေခဲ့တဲ့ အဘွားခမျာ တိုက်ခံပျဉ်ထောင်အိမ်မှာ တစ်ယောက်အိပ်သစ်သားခုတင်လေးနဲ့ အိပ်ရတာအဆင်ပြေ လှမယ် မထင်ပါ။ ပို၍ဆိုးတာက ဒီနှစ် ဆောင်းကလဲ အရင်နှစ်တွေထက် အအေးပိုနေတာကို။ " အဘွား ... နေရတာ အဆင်မပြေရင် သမီးကို ပြောနော် .. ဒီည အဘွားအခန်းထဲမှာပဲ သမီးအိပ်ပါ့မယ် "

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း( ၃၃ ) ***** "ဘယ်လိုလဲ မြေးကြီး..မမြင့် မော်တို့ဘက်ကတော့ မင်္ဂလာပွဲကို လုပ်ချင်နေပုံပဲ..အဘွားတို့ကတော့ ငါ့မြေးရဲ့ ဆန္ဒပဲနော် ..." ဘွားချိုက မြေးဖြစ်သူနေမခကို ကြည့်ပြီး ပြောလိုက်တယ်။ "သားတို့က ချစ်သူတွေဖြစ်နေကြပြီလား " "မ ... မဟုတ်ဘူး အမေ " မိခင်ဖြစ်သူ ဒေါ်အေးမြ နွယ်ရဲ့ အမေးကို နေမခက အသံ ခပ်တုန်တုန်ဖြင့် ပြန်ဖြေလိုက်တယ်။ "ချစ်သူတွေ မဟုတ်သေးဘူးလား ...အဲ့ဒါဆို သားကြီးက မချစ်ဘဲ လက်ထပ်ဖို့ စိတ်ကူးနေတာလား...အိမ်ထောင်ရေးက စိတ်ကူးယဉ်ပြီး တည်ဆောက်လို့ရတာမဟုတ်ဘူးနော် သားကြီး " ဒေါ်အေးမြနွယ်က လေသံခပ်ဆတ်ဆတ်ဖြင့် ပြောလိုက်တယ်။ " အချစ်က အရေးမကြီးပါဘူး အမေရာ... မစံက ပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်ပေမဲ့ စိတ်သဘောထားကောင်းပါတယ် ...ပြီးတော့ ဘွားမြင့်ရောမစံရဲ့ မိဘတွေပါ စိတ်သဘောထားကောင်းကြတယ်အမေ ...လူကိုလူလိုဆက်ဆံပေးတတ်ကြတယ် ...ကိုယ်ချင်းစာတရားလဲ ရှိကြတယ်...အဲ့ဒီလိုဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ ပတ်သက်ရမယ်ဆိုရင် အမေတို့အဘွားတို့လဲ စိတ်ချမ်းသာရမယ်လေ" နေမခရဲ့ အဖြေစကားကြောင့် ဘွားချိုရော၊ဒေါ်အေးမြနွယ်ပါ ပါးစပ်အဟောင်းသားတွေနဲ့ နေမခကို ငေးကြည့်နေမိကြတယ်။ "အဲ့ ...အဲ့ဒီတော့ သားက လက်ထပ်တော့မှာလား " "လက်ထပ်တာကတော့ စောပါသေးတယ်အမေ ..မစံတို့ ဘက်က တောင်းဆိုလာရင်တော့ စေ့စပ်ပေးထားလိုက်မယ် ... ကျွန်တော်အလုပ်သွားလုပ်လိုက်အုံးမယ်နော် " နေမခက ပြောပြီးတာနဲ့အိမ်ပေါ်ထပ်ကိုတက်သွားခဲ့တယ်။ "အေးမြနွယ်ရယ် .. မြေးကြီးကို့ကြည့်ရတာလဲ စက်ရုပ်ဆန်လိုက်တာဟယ် ... ရယ်နေပြုံးနေတာလဲ အသက်မပါသလိုချည်းပဲ ...ဒီပုံတိုင်းဆက်သွားရင်း သူတို့အိမ်ထောင်ရေးက မြဲပါ့မလားအေ... တော်ကြာ ငါတို့ လူကြီးတွေကြားမှာ မျက်နှာပျက်စရာတွေဖြစ်ကုန်အုံးမယ် " ဘွားချိုက သက်ပြင်းကို ချလိုက်ပြီး စိတ်မသက်မသာနဲ့ ပြောလိုက်တယ်။ "ကျွန်မလဲ မသိတော့ဘူး အန်တီရယ် ... သားကို ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ... ဟိုနေ့ကလဲ သားရဲ့အဘိုး အခြေအနေမကောင်းဘူး သွားလိုက်ပါလား သားရယ်လို့ ပြောတာကို ငွေထုတ်ပေးတယ် ... သူ့တို့က ငွေပဲ မျှော်တာတဲ့လေ ... အရင်က အဖြစ်အပျက်တွေကို ကျွန်မတို့က မေ့နိုင်ပေမဲ့ သားကြီးခမျာ ရင်ထဲမှာ စွဲနေတယ် အန်တီ...အဲ့ဒါကြောင့် သူအိမ်ထောင်ပြုရင်လဲ ယောက္ခမတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အကြောင်းတွေထိပါ တွေးနေပုံရတယ် " ~~~~~~~ မမဆွေရဲ့ မျက်နှာက ဒေါသကြောင့်နီရဲခက်ထန်နေတယ်။အလင်းချိုကို စူးစူးဝါးဝါး စိုက်ကြည့်နေမိတယ်။ "မင်း ဒါဘယ်လိုလုပ်လိုက်တာလဲ အလင်းချို ... ကိုဂျင်မီက တို့အတွက် အရေးကြီးတဲ့ အထူးဧည့်သည်တစ်ယောက်ပဲ ...မင်းဒီလောက်လေးတောင် ဧည့်မခံနိုင်ဘူးလား...ဟို့တို့ ဒီတို့ လေးတို့ခံရရုံနဲ့ မင်း အသားပဲ့ပါသွားမှာမို့လို့လား " မမဆွေရဲ့ စကားအဆုံးမှာ အလင်းချိုက စားပွဲပေါ်က ဖန်ခွက်တွေကို ဝိုင်းကူ သိမ်းပေးနေရင်းကနေ ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး ခပ်ဆတ်ဆတ်ပြန်ပြောလိုက်တယ်။ "ကျွန်မ ဒီအိမ်မှာ စာရင်းကူလုပ်ရရုံပဲဆိုလို့ အလုပ်လာလုပ်နေတာပါ ... မသက်ဆိုင်တဲ့ အလုပ်ကို မလုပ်နိုင်ပါဘူး " "ဟဲ့ ...ဘာ .. မင်းက ငါ့ကို တစ်ခွန်းမကျန် ပြန်ပြောနေတာလား ...မင်းကို ငါက အလကားခိုင်းနေလို့လား ....ဟိုက မင်းကို မုန့်ဖိုးပေးသွားတယ်သိရဲ့လား " "ပိုက်ဆံပေးတိုင်း ငြိမ်ခံနေရအောင် ကျွန်မမိန်းမပျက်မဟုတ်ဘူး... " အလင်းချိုက ပြန်အော်ပစ်လိုက်ပြီး ဖန်ခွက်တွေကို သယ်ကာ မီးဖိုခန်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ မမဆွေမှာ အလင်းချိုရဲ့ အပြုအမူကြောင့် ဒေါသဖြင့် ဆွေ့ဆွေ့ခုန်ကျန်ခဲ့ကာ ဖုန်းကိုထုတ်ကာ နံပတ်တွေကို နှိပ်လိုက်တယ်။ "ဟယ်လို...မမဆွေပြောလေ... မိုးနားထောင်နေပါတယ် " "မိုးသူဇာ ..နင်ဟာမလေး ကို ငါလက်မခံနိုင်တော့ဘူး ... ဘယ်နှယ့်ဆတ်ဆတ်ထိမခံဖြစ်နေတာဟဲ့ ... သူ ဒီနေ့ ဘာလုပ်လိုက်လဲ နင်သိလား ...ကိုဂျင်မီက သူ့လက်ကိုဆွဲလိုက်တာကို ...ကိုဂျင်မီရဲ့ လက်ပေါ်ကို မတော်တဆလိုလိုနဲ့ ကော်ဖီတွေနဲ့ လောင်းချလိုက်တယ်လေ ... ဟိုမှာ အခု ဆေးခန်းကို ပြေးရပြီ သိရဲ့လား...သူတမင်လုပ်တယ်ဆိုတာကို ငါသိတာပေါ့ ဟဲ့ ..ရှေ့လျှောက် ငါကဘယ်လိုလုပ်ရမှာလဲ ....နင့်ဟာမလေးက ငွေကိုလဲ အရေးတောင်မစိုက်ဘူးနော်....နင်ငါ့ကို ကူညီခဲ့တာတွေ များနေလို့ ငါကပြန်ကူညီပေးနေတာ ..ဒီလိုစိတ်ရှုပ်စရာမျိုးတွေတော့ လက်မခံချင်ဘူး " " မ..မလုပ်ပါနဲ့ မမဆွေရယ် .... မမဆွေကို အားကိုးပါတယ်.... ဒီကိစ္စက မိုးရဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားလို့မရလို့ပါ ... တစ်ခါတလေမိုးရဲ့ ဆိုင်ကို ခေါ်ရင်တောင် ဟိုတစ်ယောက်နဲ့ မဆုံအောင် မနည်း သတိထားနေရတာလေ ... အနုနည်းနဲ့မရရင်လဲ ဆေးသုံးပေးပါ မမဆွေ ...ဆေးဖိုးကုန်ကျစရိတ်တွေကို မိုးရှင်းပေးပါ့မယ် ...အဓိကက သူကို ပျက်စီးနေတဲ့ မိန်းမတစ်ယောက်ဖြစ်စေချင်တာပါ ... ဒီလောက်တော့ မမဆွေ တတ်နိုင်ပါတယ် ... မမဆွေ ခိုင်းသမျှကို မိုးလုပ်ပေးနေတာပဲလေ ..မိုးကို ဒါလေးတော့ ကူညီပါနော် "

"ရပါတယ်တော် ... ငါ့မြေးက မအားဘူးဆိုတော့လဲ ဒီက တွေ့ချင်တဲ့အဘွားကြီးကပဲ လာတွေ့ရတာပေါ့ ... ဘယ်လိုလဲမချို ... မင်းရဲ့မြေးကို ကိုယ့်တို့ကို ပေးမှာလားပြော " စံမဒီရဲ့ အဘွားဖြစ်သူ ဘွားမြင့်က နေမခကို ပြောရင်းကနေ ငယ်သူငယ်ချင်းဖြစ်သူ ဘွားချိုကိုစလိုက်တယ်။ ဘွားမြင့်ရဲ့ မျက်နှာက ပြုံးလို့ ။ဘွားမြင့်လိုပဲ ဘွားချိုရဲ့ မျက်နှာလည်းပြုံးလို့.။ ~~~-~~~~ "ဒီက မနက်စာအတူစားဖို့ စောင့်နေတာ သိရဲ့လား...လူကြီးတွေက စားပြီးသွားကြပြီ " စံမဒီကနေမခနားကိုကပ်၍ ခပ်ချွဲချွဲလေးပြောလိုက်ပြီး နေမခရဲ့ လက်မောင်းကို ဖက်တွယ်ကာထမင်းစားခန်းဘက်ကို လျှောက်သွားလိုက်တယ်။ နေမခက ဘာမှပြန်မပြောဖြစ်။ အပြုံးဖြင့်သာ စံမဒီ ဆွဲခေါ်ရာ ထမင်းစားခန်းဘက်ကို ပါလာခဲ့တယ်။ နေမခတို့နှစ်ယောက်ရဲ့ ပူးပူးကပ်ကပ် အခြေအနေကို ဒေါ်အေးမြနွယ်တို့ လူကြီးတွေက မြင်ကြသလို စာမေးပွဲနီးနေပြီးမို့ စာတွေ အသည်းအသန် ကျက်မှတ်နေတဲ့ သဲသဲလေးကလဲ မြင်လိုက်ပါတယ်။ ~~~~~~~ "သမီး ကျူရှင်သွားတော့မယ်နော် ..အဘွားနဲ့ အမေ " ဧည့်ခန်းထဲမှာ ထိုင်ပြီး စကားပြောနေကြတဲ့ လူကြီးတွေကို နှုတ်ဆက်ပြီး သဲသဲ ကျူရှင်သွားဖို့ ထွက်လာခဲ့တယ်။တကယ်တမ်းက ကျူရှင်ချိန်က လိုပါသေးတယ်။ သဲသဲဝင်စရာရှိလို့ တမင်စောထွက်ခဲ့တာလေ။ ~~~~~~ "မမ .... မမအလင်းချို ..." အလင်းချိုအိမ်သန့်ရှင်းရေးလုပ်နေတုန်းမှာ ခြံဝက ခေါ်သံကြားလို့ ထွက်ကြည့်လိုက်တော့ သဲသဲလေးကို တွေ့လိုက်ရတာမို့ အံ့ဩဝမ်းသာသွားမိတယ်။နေမခနဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်းကစလို့ သဲသဲတို့အိမ်ဘက်ကို မရောက်ဖြစ်တော့တာလေ။အလုပ်သွားနေရတာရယ်နေမခနဲ့ မတွေ့ချင်မဆုံချင်တာကြောင့်ရယ်နဲ့ အန်တီနွယ်တို့ဆီကိုပါ မရောက်ဖြစ်တော့တာလေ။ "သဲသဲ လာလေ ... မမဆီလာတာလား ... ကျူရှင်သွားဖို့ မဟုတ်ဘူးလား " " ဟုတ်တယ် မမရဲ့... ကျူရှင်သွားရင်း မမဆီ၀င်လာတာ ...မီးမီးကို ကျူရှင်ထိလိုက်ပို့ပေးနော် " သဲသဲလေးရဲ့ စကားကြောင့် အလင်းချိုမှာ အိမ်နေရင်း အဝတ်အစားပေါ်ကနေ ရှပ်အင်္ကျီတစ်ထည်ကို ထပ်ဝတ်လိုက်ပြီး သဲသဲနဲ့ အတူ ထွက်လာခဲ့လိုက်တယ်။ ~~~~~~ "မမ ...မီးတို့အိမ်ကို ဘာလို့ မလာတော့တာလဲ " ရုတ်တရက် ထွက်ပေါ်လာတဲ့ သဲသဲလေးရဲ့ အမေးကြောင့်အလင်းချိုမှာ ချက်ချင်းပြန်မဖြေနိုင်ပါလေ။ "ဟို ...မမလဲ အပြင်မှာ အလုပ်ထွက်လုပ်နေရတော့ မအားတော့လို့ပါ သဲသဲရဲ့ ....အလုပ်ပိတ်ပြန်တော့လဲ အိမ်အလုပ်တွေလုပ်ရသေးလို့ပါ" အလင်းချို ပြန်ဖြေလိုက်တော့ သဲသဲက မကျေမနပ် အမှုအရာနဲ့ နှုတ်ခမ်းကိုအပေါ်သွားနဲ့ ခပ်ဖွဖွဖိကိုက်လိုက်ပြီး သက်ပြင်းလေးကို ချလိုက်တယ် ။ " မမက မအာဘူးပဲလုပ်နေ ...ကိုကိုက မကြာခင် မိန်းမရတော့မယ်သိရဲ့လား ... အခုဆို ကိုကိုနဲ့ မစံမဒီတို့က အိမ်ထဲမှာတောင်ဖက်နေကြတာ ..အမြင်ကိုကပ်တယ် ...မီးက ကိုကိုနဲ့မမလင်းကိုပဲလက်ထပ်စေချင်တာ ...အဲ့ အစ်မကို ကြည့်လို့ကို မရဘူး..ဟွန်း " သဲသဲလေးရဲ့ စကားအဆုံးမှာ အလင်းချိုရဲ့ ကိုယ်လေး ယိုင်ခနဲ ဖြစ်သွားမိတယ်။မျှော်လင့်ထားပြီးသား သတင်းဆိုပေမဲ့ ခုလိုနားနဲ့ ဆက်ဆက်ကြားလိုက်ရတော့ နှလုံးသားက ကျင်စက်နဲ့ အတို့ခံလိုက်ရသလို စူးခနဲ နာကျင်သွားမိတယ်။ @@@@@@@@@@@@@@ အပိုင်း (၃၃ ) ဆက်ရန် ဧကြည်ဖြူ

"ဪ " မမဆွေက အလင်းချိုရဲ့ အဖြေစကားကြောင့် မျက်လွှာကို ချပြီး အဝေးကို လှမ်းကြည့်လိုက်မိတယ်။လူ့တူမရှား။ နာမည်တူမရှားတဲ့လေ။မိန်းခလေးရဲ့ပုံစံမျက်နှာပေါက်က ကိုသက်ဦးနဲ့ ဆင်တယ်လို့ ထင်ရပေမဲ့ ဒီအထင်က ကိုယ်လိုရာဆွဲတွေးတဲ့ အထင်လည်းဖြစ်နိုင်တာပဲလေ။နှင်းဆီပန်းလို့ ကြားလိုက်ရရုံနဲ့ နီနီရဲရဲပန်းတစ်ပွင့်ကို မြင်ယောင်မိသလိုမျိုးပေါ့။အလင်းချိုဆိုတဲ့ နာမည်ကို ကြားလိုက်ရရုံနဲ့ မိန်းခလေးရဲ့ မျက်နှာပေါက်က မိမိနဲ့တူသလိုလို ၊ ကိုသက်ဦးနဲ့တူသလိုလို စိတ်ကထင်လာမိတယ်လေ။ "ဒါနဲ့ မိဘတွေရဲ့ နာမည်ကရော " ဖြုန်းခနဲ ထမေးလိုက်တာမို့ အလင်းချိုမှချက်ချင်း မဖြေနိုင်။ခဏကြာမှာ ပါးစပ်ထဲရှိရာ နာမည်တွေကို ပြောလိုက်မိတယ်။ "ဦးအောင်သူနဲ့ ဒေါ်မာလာ " " သြော်... ဟုတ်လား...ရန်ကုန်ဇာတိလား..." မမေးတော့ဘူးလို့ ဆုံးဖြတ်ပြီးမှ မမဆွေ ထပ်ပြီးမေးလိုက်မိပြန်တယ်။ " နယ်ဇာတိပါ " " ဪ ... အင်းပါ...တို့ဆီမှာ အလုပ်လုပ်ရင်တော့ စကားတွေ ရှုပ်ရှုပ်ယှက်ယှက် ပြောတာတွေကိုမကြိုက်ဘူး ...အပြင်က အကြောင်းတွေလဲ ဒီကိုသယ်မလာနဲ့ ... ဒီက အကြောင်းတွေကိုလဲ အပြင်ကို သယ်မသွားရဘူး .. အလုပ်ကို အိမ်ကနေ့ အသွားအပြန် လုပ်ပြီး ဆင်းလို့လဲ ရတယ်...ဒါမှမဟုတ် ဒီမှာနေလဲ ရတယ် " မမဆွေက အလင်းချိုကို ကြည့်ပြီး ပြောလိုက်တယ်။ "ဟုတ်ကဲ့ အိမ်ကနေ အသွား အပြန်ပဲ လုပ်ခွင့်ပေးပါရှင်...အဘွားနဲ့ ဒေါ်လေးကို စိတ်မချလို့ပါ " "အိုကေလေ ...မင်းသဘောပါပဲ ....မင်းဘာတွေ လုပ်ရမလဲဆိုတာ ပြီးရင်ပြောပြမယ်...အခုတော့ တို့ ရေသွားချိုးလိုက်အုံးမယ် " အလင်းချိုနဲ့ အမေးအဖြေ လုပ်ပြီးသွားတော့ မမ ဆွေ ထိုင်နေရာကနေ စိတ်အေးလက်အေး ထလာခဲ့မိတယ်။ အလင်းချိုကတော့ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားပြီး ထိုင်ခုံမှာ ထိုင်နေခဲ့တယ်။ ~~~~~ "အဖေတို့က ဆိုင်အခြေအနေကိုကြည့်ချင်လို့ နောက်အပတ်ထဲမှာ ရန်ကုန်ကိုလာခဲ့မယ်တဲ့ ကိုနေ ..ပြီးတော့ သူတို့က မစံရဲ့အိမ်ထောင်ရေးကိုလဲ စိတ်ပူနေကြတယ် ... ဖြစ်နိုင်ရင် လာမယ့်နှစ်မှာ လက်ထပ်စေချင်တာတဲ့ ..." စံမဒီက နေမခရဲ့ မျက်နှာကို ကြည့်ပြီးပြောလိုက်တယ်။ နေမခမှာ ဖြေစရာ အဖြေက မရှိပါ။မစံရဲ့ သဘောကျလိုက်လိုက်လျောလျော ဆက်ဆံခဲ့ခြင်းမှာအချစ် မဟုတ်ပါ။ ဒီစကားတွေကို ကျေးဇူးရှင်မလေးအား ဘယ် လို ပြောရပါ့မလဲ။သို့မဟုတ် ဇွတ်မှိတ်၍ လက်ခံလိုက်ရလေမလား။ " ကိုနေ မင်းဘာတွေတွေးနေ တာလဲ ... တစ်ခါတလေများ အိမ်ကိုလဲ လိုက်လည်ပါအုံး ... တို့အဘွားကဖြင့် မင်းကို မြင်တာနဲ့ ငါ့မြေးလေးဆိုပြီး ပါးစပ်ဖျားကကို ချတာမဟုတ်ဘူး သိရဲ့လား " ~~~~~ "အလင်းကဘယ်မှာအလုပ်လုပ်နေတာလဲ ... ကျွန်တော်ကိုလဲ မပြောဘူး ... အလုပ်သွားရတာဝေးရင် ...အသွားအပြန်ကို ကျွန်တော်လိုက်ပို့ပေးပါမယ် " ဟန်သော်လင်းက မေးရင်းကနေ အလင်းချိုကို ကြည့်လိုက်တယ်။ " မြို့ထဲက သူဋ္ဌေးမတစ်ယောက်ဆီမှာ စားရေးမဝင်လုပ်နေတာ ... အလုပ်က ကိုးနာရီမှ၀င်ပြီး ညနေငါးနာရီဆိုရင် ပြန်ရလို့ အဆင်ပြေပါတယ် ကိုလင်းရဲ့ "အလင်းချိုက ဟန်သော်လင်းရဲ့ အမေးကို ပြန်ဖြေလိုက်တယ်။အလင်းချို ဘယ်မှာလုပ်နေတာလဲဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါ။အထူးသဖြင့် မိခင်ဖြစ်သူက သူ့သွေးသားရင်းကို သူ့အလိုလို မမှတ်မိမချင်း အလင်းချိုတို့အကြောင်းတွေကို ဘက်သူ့ကိုမှမသိစေလိုပါ။ " ဘာပဲဖြစ်ဖြစ် တစ်ခုခု အကူအညီလိုရင် ပြောနော် အလင်း ...." " အင်းပါ ကိုလင်းရယ် ... အလုပ်ပိတ်တဲ့ တစ်ရက်လောက် ... ကိုလင်းပြောတဲ ကလေးတွေရှိတဲ့ ကျောင်းကို သွားရအောင်လေ " " အလင်းကို ခေါ်သွားချင်ပါတယ်ကွာ ...ဒါပေမဲ့ လမ်းကြမ်းတယ် .ကားက အထဲထိ ဝင်လို့မရဘူးလေ ..." "ရပါတယ် အလင်းလိုက်နိုင်ပါတယ်...လူကို အထင်သေးနေတာပဲ " အလင်းချိုရဲ့ ခပ်စွာစွာ အပြောလေးကြောင့် ဟန်သော်လင်း သဘောတကျနဲ့ ပြုံးလိုက်မိတယ် ။ရှေ့လျှောက် ဒီမိန်းခလေးရဲ့ အပြောတွေ အပြုံးတွေကို မြင်ရဖို့ကလည်း ခက်ခဲလှပါတယ်။သူကလဲ မအား။ကိုယ်ကလည်း အလုပ်ပေါ်ရင် ပေါ်သလိုကားတစ်စီးနဲ့ လျှောက်ဒိုးနေရတာ။ ဒီကြားထဲ တစ်ခါတစ်ခါ ခရီးကထွက်ရသေးတော့ ပိုဆိုးတယ်။ဒီနေ့လို အလုပ်ပိတ်ရက်မှာ မနက်စာမုန့်လေးအတူထွက်စားခွင့်ရဖို့တောင် မနည်းကြိုးစားခဲ့ရတာလေ။ ~~~~ ~~ နေမခအိပ်ရာကနိုးတော့ မနက်ကိုးနာရီထိုးနေပြီ။ဒီနေ့ အလုပ်ပိတ်ရက်မို့ ညတုန်းက စာရင်းတွေကို အပြီးအပြတ် လုပ်နေခဲ့တာ။ ဒီမနက်တော့ အေးအေးဆေးဆေးအိပ်ပြီး နောက်ကျမှ ထလာခဲ့တာ။ အိပ်ရာကနိုးတာနဲ့ တစ်ခါတည်း ရေမိုးချိုးပြိး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ရည်ရွယ်ချက်က ရပ်ကွက်ထဲ စက်ဘီးလိုက် စီးဖို့ ရည်ရွယ်ထားတာ။ နေမခတို့ဆိုင်က အပတ်တိုင်းပိတ်တာမဟုတ်ဘဲ လပြည့်နေ့လို အထူးနေ့တွေမှ ပိတ်တာမို့ ပိတ်ရက်တွေက ရှားတယ်။ ဒါကြောင့်မို့လဲ မိုးလင်းသွားမိုးချုပ်မှ ပြန်လာရတဲ့နေမခနဲ့ ရပ်ကွက်က အတော်လေးစိမ်းနေခဲ့ပြီလေ။ နေမခအောက်ထပ်ကို ရောက်လာခဲ့တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့သူတွေကိုကြည့်ပြီးအံ့သြသွားမိတယ်။ "ဟင် ...ဘွားမြင့်နဲ့မစံ ဘယ်တုန်းက ရောက်နေတာလဲ .. အားနာလိုက်တာ ...ညက အိပ်တာနောက်ကျသွားလို့...ဒီမနက်အိပ်ရာထ နောက်ကျသွားတယ် "

မိုးသူဇာ နားမလည်နိုင်သလိုမေးလိုက်မိတယ်။ မမ ဆွေ စိုးရိမ်နေရအောင်လည်း မမဆွေအိမ်မှာက ဆေးအရောင်းအဝယ်ရော၊ လူအရောင်းအဝယ်ပါ ဘာမှလုပ်တာမဟုတ်ဘူးလေ။ မမဆွေ က ကေတီဗီခန်းတွေကိုဗန်းပြဖွင့်ထားပြီး မိုးသူဇာတို့လိုလူမျိုးတွေကိုပဲ ခိုင်းတာလေ။ ဘယ်တော့မှ ကိုယ်တိုင် လုပ်တာမဟုတ်တာကို ဘာကိုများ စိုးရိမ်နေလည်းဆိုတာကို မိုးသူဇာနားမလည်နိုင်ပါ။ "သူ့မှာမိဘအစုံအလင်ရှိတာ သေချာလား ... သူ့မိဘတွေကို နင်မြင်ဘူးလား မိုးသူ့ဇာ..." မမဆွေက စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့ မေးလာတာမို့ မိုးသူဇာ ပိုပြီးခေါင်းရှုပ်သွားရတယ်။ " သူ့မိဘတွေကို မမြင်ဖူးဘူး မမဆွေ...ကောင်မလေးက သူ့အဘွားရယ်.. သူ့အဒေါ်အပျိုကြီးနဲ့အတူနေတာလေ... ဘွဲ့ရပြီးသားလို့တော့ ပြောတယ် ...ဒါပေမဲ့ ကျွန်မတို့ လုပ်ငန်းတွေကို ဒုက္ခပေးနိုင်တဲ့ အရည်အချင်းမျိုးတော့ မရှိပါဘူး " "သူက မိဘတွေရှိရဲ့နဲ့ ဘာလို့ အတူ မနေရတာလဲ ...အဒေါ်အရင်းနဲ့ အဘွားအရင်းရောဟုတ်ရဲ့လား " မမဆွေရဲ့ မေးခွန်းတွေနဲ့ အပြုအမူကြောင့် မိုးသူဇာ အံ့သြပြီးရင်း အံ့ဩနေမိတယ်။ မမဆွေဆိုတာ သိလာခဲ့တဲ့တောက်လျှောက်မှာ သူများအကြောင်းကို စိတ်ဝင်စားတဲ့သူမျိုးမဟုတ်ဘူး။အခြားသူတွေကို အရောဝင်လေ့မရှိသလို အခြားသူတွေအကြောင်းကိုလဲ စပ်စုလေ့မရှိဘူး။မိုးသူဇာတောင် အလှပြင်ခန်းကို ဗန်းပြဖွင့်ထားတယ်ဆိုပေမဲ့ တကယ့်ကိုတော်တဲ့အလှဖန်တီးရှင်တွေကိုပါ ဆိုင်မှာ ခေါ်ထားတာမို့ မမဆွေက ဆိုင်ကို အ၀င် အထွက်လုပ်ပြီး မျက်နှာသာပေးတာ။ အတူလက်တွဲလုပ်နေကြသူတွေထဲမှာ မမဆွေအိမ်ကို ၀င်ထွက်ခွင့်ရတဲ့သူ ၊ သိခွင့်ရတဲ့သူက မိုးသူဇာတစ်ယောက်ပဲရှိတာလေ။ "မမဆွေ သူ့ကိုမယုံရဲရင် ...သူ့အကြောင်းကို မိုးသေချာစုံစမ်းပေးပါ့မယ် မမ ဆွေ .. တစ်ပတ်လောက်ပဲ စောင့်ပါ" မိုးသူဇာက မမဆွေကို ပြောလိုက်တယ်။ "အို ... ရတယ် မိုးသူဇာ...မမ ဆွေ ဘာသာစုံစမ်းလိုက်ပါ့မယ်... ဒါနဲ့ သူ့ကရော မမဆွေဆီမှာ အလုပ်လာလုပ်မှာ သေချာရဲ့လား " "လုပ်မယ်ထင်တယ် မမဆွေ ... သူငြင်းမှမငြင်းတာပဲ " မိုးသူဇာနဲ့ မမဆွေတို့ရဲ့ စကားဝိုင်းက ပြန်လည်တိတ်ဆိတ်သွားတယ်။ မမဆွေကတော့ ဆိုဖာခုံကို ကျောမှီရင်း တွေတွေငေးငေးနဲ့ စဉ်းစားနေမိတယ်။ မမဆွေတဖြစ်လဲကေသီချို။ချစ်သူနဲ့ပြဿနာတစ်ခုကြောင့် လမ်းခွဲလိုက်ပြီးချိန်မှာ ကိုသက်ဦးနဲ့ တွေ့ခဲ့တယ်။ ကိုသက်ဦးက သုံးနိုင်ဖြုန်းနိုင်တဲ့သူမို့ ကေသီချိုအမိအရ ကပ်ခဲ့တယ်။နဂိုကမှ ကိုသက်ဦးကလည်း ကေသီချိုကိုသဘောကျနေတာဆိုတော့ နှစ်ယောက်သား တွေ့ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသဘောတူလက်ထပ်လိုက်ကြတယ်။ကိုသက်ဦး မိဘတွေကတော့ ကေသီချိုလို ပညာမလဲမရှိငွေလဲမရှိတဲ့သူနဲ့ သဘောမတူနိုင်ပါဘူးဆိုပြီး သူတို့သားကို အမွေဖြတ် စွန့်လွှတ်ပြီးပစ်ထားခဲ့ကြတာလေ။မှတ်မှတ်ရရ ကိုသက်ဦးနဲ့ ရှစ်နှစ်ကျော် ပေါင်းသင်းလာခဲ့ပေမဲ့ ကိုသက်ဦးရဲ့ မိဘတွေက ရန်ကုန်မြို့ရဲ့စည်းကားတဲ့ ရပ်ကွက်ကြီးတစ်ခုမှာ ခြံနဲ့ တိုက်နဲ့နေတယ်ဆိုတာ အပြင် ပိုမသိဘူး ။ကိုသက်ဦးကလဲ မပြောပြဘူး။ သူ့မိဘတွေဆီ သွားစရာ ရှိုရင် သူတယောက်တည်းပဲ သွားတာလေ။ ဒီလိုနဲ့သမီးလေးမွေးပြီးရှစ်နှစ်မပြည့်ခင်မှာ အချစ်ဦးနဲ့ ပြန်တွေ့ခဲ့ရပြီး ကေသီချိုတို့ ဇာတ်လမ်းတွေ ပြန်ဆက်ခဲ့မိကြတယ်။ ဟုတ်တယ်လေ ကေသီချိုက ကိုသက်ဦးကို ချစ်လို့ယူခဲ့တာမှ မဟုတ်တာ။ငွေရှိတဲ့ သူဋ္ဌေးသားဆိုပြီးကပ်ခဲ့တာလေ။နောက်ဆုံးတော့ ထမင်းဝရုံ၊ခါးလှရုံပဲ ရှာဖွေပေးနိုင်တဲ့ သက်ဦးကို စွန့်ပစ်ပြီး အချစ်ဟောင်း ခေါ်ရာနောက်ကို ကေသီချိုလိုက်ခဲ့တာပေါ့။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချီးသင့်တယ်လို့ပဲပြောရမလား။အချစ်ဟောင်းကြီးက ကေသီ ချို့ကို နယ်စပ်မှာ သွားနေရအောင်ဆိုပြီး ခေါ်သွားခဲ့ပြီး ဇိမ်ခန်းမှာ ရောင်းပစ်ခဲ့တာလေ။ အဲ့ဒီအချိန်တွေကတော့ ကေသီချိုအတွက် တကယ့်ကို ငရဲတွင်းပေါ့။နောက်တော့ အဲ့ဒီမှာ အစ်ကိုကြီးနဲ့ တွေ့ခဲ့ပြီ အစ်ကိုကြီးရဲ့ နံပတ်စဉ် မယားတစ်ယောက်ဖြစ်လာခဲ့တယ်။အစ်ကိုကြီးဆိုတာက နယ်စပ်ဘက်မှာ နာမည်ကြီး လူတစ်ယောက်။ဒုစရိုက်လုပ်ငန်းတွေရဲ့ဦးသျှောင် ဆရာတစ်ဆူ ။ အဲ့ဒီလိုနဲ့ ကေသီချိုလည်း အစ်ကိုကြီးထားရာမှာနေ၊စေလိုရာကို သွားခဲ့ရပြီး ရန်ကုန်မြို့ကို ပြန်ရောက်လာခဲ့ရတော့တယ်။ပြီးတော့ ရန်ကုန်မှာ ဗန်းပြလုပ်ငန်းတွေ လုပ်ထားပြီးအစ်ကိုကြီး ခိုင်းစေတဲ့အတိုင်း နေထိုင်ခဲ့ရတယ်။ ကေသီချို ရန်ကုန်ကိုပြောင်းလာခဲ့တုန်းက ကိုသက်ဦးနဲ့ သမီးလေးကို ရှာဖို့ တွေးခဲ့မိသေးတယ်။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေက သမီးလေးကို ထိခိုက်မှာစိုးလို့ စိတ်ကူးအတွေးတွေကို စွန့်လွှတ်ခဲ့တာ။ အခုတော့ အလင်းချိုဆိုတဲ့ နာမည်လေးတစ်ခုကြောင့် ကေသီချိုခေါ် မမဆွေရဲ့စိတ်တွေ မတည်မငြိမ်ဖြစ်ခဲ့ရလေပြီ။ ~~~~ "မိဘတွေနဲ့ ဘာလို့တူတူမနေတာလဲ ..." မေးခွန်းကိုချက်ချင်း မဖြေဘဲ အလင်းချိုခေါင်းကို မောကြည့်လိုက်မိပြီး အသံကိုမတုန်အောင်ထိန်းပြီး ပြန်ဖြေလိုက်တယ်။ " ငယ်ငယ်ကတည်းက အဘွားနဲ့ ဒေါ်လေးက မွေးစားခဲ့တာ ...အမေကဆိုးတယ်...သူပျော်ရွှင်ဖို့အတွက်ပဲ သိတဲ့သူမျိုး" လို့ သူမရဲ့မျက်နှာတည့်တည့်ကို ကြည့်ပြီး အလင်းချိုဖြေလိုက်တယ်။

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း ( ၃၂ ) ******* အသံနဲ့အတူ ထမဖွင့်မပေးမချင် တံခါးကိုထုနေတဲ့ မမမိုးကြောင့် ဟန်သော်လင်းတံခါးပေါက်ရှိရာဆီကို ထလာခဲ့ရတယ်။ " ဘာကိစ္စရှိလို့လဲ မမမိုး ... ကျွန်တော် အိပ်ချင်နေပြီ ... ပြောစရာရှိရင် မနက်မှ ပြောပါ " " ခဏလေးပဲ ပြောမှာ ...တံခါးဖွင့်ပေးအုံး...မဖွင်းပေးမချင်း ဒီမှာ ထိုင်နေမှာနော် " မမမိုးပုံကြည့်ရတာ တံခါးမဖွင့်ပေးရင် တကယ့်ကို မပြန်မယ့်ပုံပင်။ဟန်သော် လင်း တံခါးသော့ကို ဖွင့်ပေးလိုက်ပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်တယ်။ "ကဲ ..ပြောဗျာ ...ဘာပြောမှာလဲ ... ဒီနေ့ ကျွန်တော်စိတ်မကြည်ဘူးဗျာ... ပြောစရာရှိတာ မြန်မြန်ပြော " " ပြောပါ့မယ်တော် ....ခဏတော့ ထိုင်ပါရစေအုံး " မမမိုးက ပြောပြောဆိုဆိုနဲ့ အပေါ်ကထပ်ဝတ်လာတဲ့ အင်္ကျီလက်ရှည်ကို ချွတ်လိုက်ပြီး ဟန်သော်လင်းဘေးမှာ ကပ်ထိုင်လိုက်တယ်။ဟန်သော် လင်း မျက်မှောင်ကုတ်ပြီး မမမိုးကို တစ်ချက်ကြည့်လိုက်တော့ မမမိုးပုံစံကဘာမှမဖြစ်သလို သာမန်ပါပင်။ "မင်း ဒီလောကထဲက ထွက်ချင်တယ်လို့ပြောတယ် မဟုတ်လား ...အဲ့ဒါ နယ်မှာ လေးငါးခြောက်လလောက်ပဲ နေပြီး ဈေးကွက်ရှာပေးရင် ထွက်ခွင့်ပေးမယ်တဲ့ ... ဘယ်လိုလဲ " မမမိုးရဲ့ စကားကြောင့် ဟန်သော်လင်း စိတ်ပျက်သွားမိတယ်။ "မမမိုးတို့အလုပ်ကို လုပ်မယ်သူက ကျွန်တော်တစ်ယောက်တည်း ရှိတာလားဗျာ ... ထွက်ဖို့အရေးကို ဘာတွေ လုပ်ခိုင်းနေတာလဲ ... ကျွန်တော် မလုပ်နိုင်ဘူး...နယ်လဲ မသွားနိုင်ဘူး ... ကလေးတွေဆီကို ကျွန်တော် မကြာခဏသွား နေရတာလဲ မမမိုးသိနေတာပဲ " "သိတယ်လေကွာ...သိလို့ ပြောနေတာပေါ့ ...အဲ့ဒီ လေးငါးခြောက်လလုပ်ပြီးရင် ..မမဆွေက မင်းကို ခြံတစ်ကွက် ဝယ်ပေးမယ်တဲ့လေ ... ဘယ်လိုလဲ " မက်လောက်စရာ ပမာဏပါပင်။သို့ပေမဲ့ လေးငါးခြောက်လတောင် ရန်ကုန်မြို့ကြီးနဲ့ ခွဲနေရဖို့ဆိုတာကဘယ်လိုမှ မဖြစ်နိုင်ပါ။ အထူးသဖြင့် အလင်းချိုနဲ့ ဝေးတဲ့ အရပ်မှာ သူမနေချင်။ပြီးတော့ ခုချက်ချင်းပဲ ဟန်သော်လင်း ဆုံးဖြတ်ချက်ချလိုက်တာက အခြားသူလက်မဦးခင် အလင်းချိုကို သူ့ရဲ့ခံစားချက်တွေကို ဖွင့်ပြောလိုက်ဖို့ပါပင်။ "ဟင့်အင်း ....ကျွန်တော့် ဘာသာ တခြားအလုပ်လုပ်ပြီး ကြီးကြိုးစားစားနဲ့ ပိုက်ဆံရှာပြီး ခြံဝယ်နိုင်အောင် ကြိုးစားပါ့မယ်....မမမိုးတို့ အစီအစဉ်ကို လက်မခံနိုင်ပါဘူး .... " " ဘယ်လို ... ဘာပြောတယ် ... မင်းဘာတွေဖြစ်ရပြန်တာလဲဟင် ...ဘာဖြစ်လို ချက်ချင်းအလုပ်ကနားချင်နေရတာလဲ....မမမိုးကိုစိတ်ခုစရာများရှိလို့လားဟင်... ပြောကွာ" မမမိုးက ပြောရင်းမှဟန်သော်လင်းရဲ့ မျက်နှာအနီးကို တိုးကပ်လာပြီး ချွဲချွဲပျစ်ပျစ် အသံနဲ့ မေးလာတယ်။ နီးကပ်လွန်းလှတဲ့ အနေအထားကြောင့် တစ်ယောက်ရဲ့ အသက်ရှူငွေ့က တစ်ယောက်မျက်နှာကို လာဟပ်နေတယ်။မမမိုးက ရီဝေဝေမျက်လုံးတွေနဲ့ ဟန်သော်လင်းကိုကြည့်နေတယ်။ပြီးတော့ မမမိုးက ဒီမှာတင်ရပ်မသွားဘဲ သူ့လက်နှစ်ဘက်နဲ့ ဟန်သော် လင်းကို သိုင်းဖက်လာတယ်။ဟန်သော်လင်းက မမမိုးရဲ့ မျက်နှာကို ကြည့်ပြီး ထိုင်နေရာမှ ဆတ်ခနဲထရပ်ပစ်လိုက်တယ်။ "မမမိုး..ဘီယာတွေ သောက်ထားပြန်ပြီလား ...မူးနေရင် သွားအိပ်တော့...ဒါမှမဟုတ် ဒီမှာ အိပ်ချင်လဲအိပ် ... ကျွန်တော် အပြင်သွားတော့မယ် " "မသွားရဘူး ... မသွားနဲ့ နော် ... ဘာလဲ မမမိုးက မင်းဟာမလေးလောက် မလှဘူးလားပြော " မမမိုးပုံစံကို ကြည့်ပြီး ဟန်သော်လင်းရဲ့စိတ်တွေ ပိုပြီး ညစ်ထွေးလာတာမို့ ကားသော့ကို ယူပြီးအပြင်ကိုထွက်လာခဲ့တယ်။မမမိုးရဲ့ စိတ်တွေ သူ့အပေါ် ဘာလို့ဒီလို့ ပြောင်းလဲလာတာလဲဆိုတာကို ဟန်သော်လင်း နားမလည်နိုင်အောင် ဖြစ်နေမိတယ်။ သူ့အနေနဲ့ကတော့ မမမိုးအပေါ်မှာ အစ်မတစ်ယောက်လိုပဲ ခံစားရတယ်။ ဒါကြောင့်မို့လဲ တော်တန်ရုံကိစ္စတွေမှာ ဘာမှပြန်မပြောဘဲ သည်းခံနေပေးခဲ့တာ။ ဟန်သော်လင်းက အခြားယောကျာ်းတွေနဲ့ယှဉ်ရင် စာရိတ္တပိုင်းမှာ မကောင်းတဲ့သူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်းသိတယ် ။ဒါပေမယ့် ဟန်သော်လင်း တဏှာရူးမဟုတ်ဘူး။မိန်းမမြင်တိုင် ကိုယ့်သားကောင်ပဲလို့ တွေးနေတတ်တဲ့သူမဟုတ်ဘူး။ ရှုပ်ရှုပ်ယှက်ယှက်တွေကိုလဲ သဘောမကျဘူး။အဲ့ဒီလိုမျိုး ယောက်ျားတွေရော၊ မိန်းမတွေပါ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားကြလို့ လမ်းပေါ်မှာ မိဘမဲ့ကလေးတွေ များလာတာပဲမဟုတ်လား။ ~~~~~~ "စောစောစီးစီး မမဆွေခေါ်လို့သာပြေးလာလိုက်ရတာ ... ရင်တောင်တုန်တယ် ...မမဆွေရယ် ..ဘာကိစ္စများလဲ " မိုးသူဇာက ပြောပြောဆိုဆိုနဲ့ မမဆွေနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်။ မမဆွေက ဆိုဖာခုံပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေရာကနေ မိုးသူဇာကို လှမ်းပြောလိုက်တယ်။ "နင်ခေါ် လာတဲ့ အလင်းချို ဆိုတဲ့ ကောင်မလေးအကြောင်းကို သေချာသိလား " မမဆွေရဲ့ အမေးကြောင့် မိုးသူဇာ အံ့ဩသွားမိတယ်။ " အကြောင်းစုံတော့ မသိဘူးလေ မမဆွေ.... မမဆွေရဲ့ ကောင်လေးတွေ စုံစမ်းပေးတဲ့ လိပ်စာအတိုင်းသွားရှာခဲ့တာပဲလေ ...ဘာဖြစ်လို့လဲ မမဆွေ...အနားမှာခေါ်ထားရမှာကို လန့်နေလို့လား ..."

"မဟုတ်ဘူး အမေ ....ကျွန်တော် အလင်းချိုကို မချစ်ဘူး ...သူနဲ့လဲ လက်မထပ်နိုင်ပါဘူး ... သူ့အမျိုးတွေကို မုန်းတယ် ... သူက သူ့အမျိုးတွေကို ပြတ်နိုင်တာမဟုတ်ဘူး...ကျွန်တော် သူ့ကိုသနား တာရယ် ...အားမလိုအားမရ ဖြစ်မိတာရယ်ပဲရှိတာပါ ... သူ့ကိုချစ်နေတာမဟုတ်ဘူးနော် " မိခင်ရဲ့စကားတွေကို နေမခက ခါးခါးသီးသီး ငြင်းဆန်ပစ်လိုက်မိတယ်။ "ဟုတ်ပြီလေ ....ဒါဆိုလဲ သူဘယ်သူနဲ့တွဲတွဲ ... ဘယ်နေရာမှာပဲ ချိန်းတွေ့တွေ့ ...အမေ့သားက ပိုင်စိုးပိုင်နင်းနဲ့ ပြောဆိုပိုင်ခွင့် မရှိဘူးနော် " မိခင်ဖြစ်သူရဲ့ စကားကြောင့် နေမခမှာ ခေါင်းကို ငိုက်စိုက်ချပြီး ထိုင်နေမိတယ်။ဟိုအရင်က သူဘာပြောပြော မျက်လုံးပြူးလေးနဲ့ ရယ်ပြနေတတ်တဲ့ ကောင်မလေးက အခုချိန်မှာ သူ့ကို တစ်ခွန်းမကျန် ပြန်ပြောတတ်နေပြီဖြစ်သလို သူ့မှာလဲ သူမနဲ့ ပတ်သက်ပြီး ဆူခွင့်၊ ပြောဆိုပိုင်ခွင့်မရှိဘူးတဲ့လား။ ~~~~ " ဒေါက်.... ဒေါက် ... ဒေါက် " တိုက်ခန်းတံခါးခေါက်သံက ခပ်ကျယ်ကျယ်ထွက်ပေါ်လာတာမို့ ဟန်သော်လင်း စိတ်ပျက်လက်ပျက်နဲ့ ကျွတ်ခနဲ စုတ်သပ်လိုက်မိတယ် ။အလင်းချိုဆီက ပြန်လာပြီးကတည်းက လူကအားမရှိသလို နုံးချိနေခဲ့တာ။ တကယ်ဆို ပိုင်စိုးပိုင်နင်းလုပ်ပြခဲ့တဲ့ နေမခ ဆိုတဲ့လူကို ဟန်သော် လင်း အရှုံးမပေးခဲ့သင့်ဘူး။ ဒါပေမဲ့ အလင်းချိုရဲ့ စိတ်ရင်းကို သိနေတာမို့ ဟန်သော်လင်းမှာ စိတ်လျှော့ခဲ့လိုက်ရတာ။ ကိုယ်ကိုယ်တိုင်က အားနည်းချက်တွေနဲ့မို့ရင်ထဲက ကိုယ့်အချစ်ကို ဖွင့်ပြဖို့ရာလည်း ဟန်သော်လင်းမှာ မဝံ့ရဲသေးပါ။အလုပ်ကို တစ်နှစ်လောက်အောက်အည်း လုပ်ပြီးတော့ ဒီလောကထဲက ထွက်ပြီးမှ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြဖို့ ဆုံးဖြတ်ထားပြီးသာပါ ။ " ဒေါက် ...ဒေါက် .. ဒေါက် " " ဟန်သော်လင်း တံခါးဖွင့်ပေးအုံး ..... မင်း မအိပ်သေးဘူးဆိုတာ မမသိတယ်နော် " @@@@@@@@@@@@@@@@@@@@ အပိုင်း ( ၃၂ ) ဆက်ရန် ဧကြည်ဖြူ

~~~~ တစ်လမ်းလုံး နှစ်ယောက်သား စကားမပြောဘဲ လျှောက်လာခဲ့ကြတယ်။အလင်းချိုရဲ့ ခြေထောက်တွေက ယိုင်တိယိုင်တိုင်နဲ့ ဖြစ်နေတာမို့ ခန္ဓာကိုယ်ကပါ ဟိုဒီ ယိမ်းယိုင်နေတယ်။ အလင်းချိုရဲ့ ယိုင်တိယိုင်တိုင် ပုံစံကို ကြည့်ပြီး နေမခရဲ့ ဒေါသစိတ်တွေ အနည်းငယ် ပြေလျော့လာသလို ဖြစ်သွားရတယ်။ "မင်း နေမကောင်းဘူးလား " နေမခမေးလိုက်ရင်းကနေ အလင်းချိုရဲ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တော့ အလင်းချိုရဲ့ ခန္ဓာကိုယ်လေးက အရှိန်မထိန်းနိုင်ဘဲနေမခဘက်ကို ယိုင်လဲကျလာတယ်။ "အလင်း ...အလင်းချို မင်းတကယ်နေမကောင်းဘူးလား " နေမခက အလင်းချိုကို ထိန်းကိုင်ရင်းကနေ စိုးရိမ်တကြီးမေးလိုက်မိတယ် ။ "ကောင်း...ကောင်းပါတယ် ... ငါ အရမ်းအိပ်ချင်နေပြီ ... အရမ်းပင်ပန်းနေပြီ ... အိမ်ကို မြန်မြန်ပြန်ပို့ပေးပါနော် "အလင်းချို အားယူပြီးပြန်ဖြေလိုက်ရင်း ခြေထောက်တွေကို တရွတ်ဆွဲလို့ လျှောက်နေမိတယ်၊၊ ~~~~ "မြေးလေး ... မြေးလေး ဘာဖြစ်လာတာလဲ ... " နေမခလက်ကို အားပြု ကိုင်ရင်း အိမ်ထဲကို ၀င်လာတဲ့ မြေးဖြစ်သူကို ကြည့်ပြီး ဒေါ်မြမြဦးက အထိတ်တလန့် မေးလိုက်တယ် ။ " ဘာမှမဖြစ်ပါဘူး အဘွား....ခေါင်းနည်းနည်းမူးနေလို့ ကျွန်တော့်လိုက်ပို့တာ ပါ " နေမခက ပြန်ဖြေလိုက်ပြီး အလင်းချိုကို အိပ်ခန်းထဲအထိ တွဲပို့ပေးလိုက်တယ်။ "သမီး အလင်းချို ...ဘာဖြစ်လာတာလဲ ...... မနက်က အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားပြီး ပြန်လာခဲ့ ကတည်းက သူ့မျက်နှာမကောင်းတာ ... မေးလို့လဲ မရဘူး " "ဘာမှမဖြစ်ပါဘူး ဒေါ်လေး စန်းရယ် ...အဘွား စိတ်ပူနေအုံးမယ် .... အလင်းချိုက အိပ်ချင်လိုတဲ့ ...ဒေါ်လေး စန်းအိပ်ရာပြင်ပေးပါအုံး " နောက်က လိုက်လာပြီး တတွတ်တွတ် ပြောနေတဲ့ ဒေါ်လေးစန်းကို နေမခက ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး အလင်းချိုကို ခုတင်ပေါ်ကို ထိုင်ခိုင်းလိုက်တယ်။အလင်းချိုက ခုတင်ပေါ်ကိုရောက်တာနဲ့ ပစ်လှဲချလိုက်တယ်။ ဒေါ်လေးစန်းက လှဲချလိုက်တဲ့ အလင်းချိုရဲ့ခေါင်းကို ခေါင်းအုံပေါ် ရောက်အောင် မနိုင်မနင်း မရွေ့ပြီး ခန္ဓာကိုယ်ကို အိပ်ရာပေါ်နေရာကျအောင်လုပ်နေတယ်။တုပ်တုပ်မှမလှုပ်တဲ့ အလင်းချိုရဲ့ ခန္ဓာကိုယ်ကို ဒေါ်လေးစန်းမှာ ဘယ်လိုမှ မနိုင်ဘဲဖြစ်နေလေရဲ့။နေမခမှာ ရပ်ကြည့်နေရင်းကနေ စိတ်မရှည်တော့တာမို့ ဒေါ်လေးစန်းကို ဖယ်ခိုင်းလိုက်ရတယ်။ "ကဲပါဗျာ ...ဒေါ်လေးစန်းဖယ်ပါ ... ကျွန်တော် လုပ်ပေးပါ့မယ် " နေမခက အလင်းချိုရဲ့ လက်မောင်းကနေဆွဲကိုင်ပြီး အိပ်ရာပေါ်နေရာတကျ ဖြစ်အောင် လုပ်ပေးနေရင်းကနေအလင်းချိုရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်။အလင်းချိုကတော့ အသက်ကို မှန်မှန်ရှူလို့ အိပ်ပျော်သွားခဲ့ပါပြီ။နေမခမှာသာ ခပ်စောစောက စံမဒီနဲ့ နှစ်ယောက်သားပူးပူးကပ်ကပ်နဲ့ ဖက်ခဲ့စဉ်ကတောင် ဘာမှမခံစားခဲ့ရဘဲ ခုကျမှ ရင်တွေ တဒုန်းဒုန်းမြည်အောင် ခုန်လာတာမို့ အလင်းချိုရဲ့ မျက်နှာပေါ်ကနေ အကြည့်ကိုလွှဲလိုက်ပြီး " ကျွန်တော်ပြန်တော့မယ် ဒေါ်လေးစန်း " "အေး .. အေး သား ... ကျေးဇူးပါကွယ် ...မင်းသူငယ်ချင်းကိုလဲ နည်းနည်းပါးပါး မေးပါအုံးကွယ် ... အလှတွေလဲ ပြင်လာတယ်လေ " "ဟုတ်ကဲ့ ... နောက်နေ့မှ ကျွန်တော် မေးလိုက်ပါ့မယ် " အလင်းချိုတို့အိမ်ထဲကနေ ထွက်လာခဲ့ချိန်မှာတော့ နေမခစိတ်ထဲမှာ ရှုပ်ထွေးနေမိတယ်။အလင်းချို တကယ်ပဲ နေမကောင်းတာလား။ သူ ဆူလိုက် အော်လိုက်မိလို့ လား ဆိုတာကို စိတ်ရှုပ်ရှုပ်နဲ့ တွေးနေမိတယ်။ ~~~~~~~ " သာကြီး ...အမေ့ဆီကိုလာခဲ့အုံး " နေမခ အိမ်ထဲကိုဝင်လိုက်ချိန်မှာ မိခင်ရဲ့စကားသံကြောင့် မိခင်ရှိရာဆီကို လျှောက်သွားလိုက်တယ်။ "သားကို အမေ ပွင့်ပွင့်လင်းလင်းပဲ မေးမယ် ... မှန်မှန်ဖြေပါ့" " ဟုတ်ကဲ့ ...အမေ " မိခင်ဖြစ်သူရဲ့ လေးနက်တဲ့ မျက်နှာထားကြောင့် နေမခ ခပ်ရွံ့ရွံ့ပြန်ဖြေလိုက်တယ်။ "သားက.သမီးလေးအလင်းချိုကို ချစ်နေတာလား" "ဗျာ " မိခင်ရဲ့ အမေးကြောင့် နေမခ အံ့အာသင့်သွားရပြီး အလောတကြီးနဲ့ ပြန်ဖြေလိုက်မိတယ်။ "မဟုတ်တာ အမေ ... ကျွန်တော် သူ့ကို ရိုးရိုးသားသားပဲ ခင်တာပါ " "ဟုတ်ပြီလေ ...သား သူ့ကို ရိုးရိုးသားသား ခင်တာဆိုရင် သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာ ငါ့သားဝင်ပါလို့မရဘူးလေ ... သူက ကလေးလဲ မဟုတ်တော့ဘူး ...အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်နေပြီး...သူ့လွတ်လပ်ခွင့်ကို အမေတို့ ပိတ်ပင်ခွင့်မရှိဘူးဆိုတာ ...အမေ့ထက် သားကပိုသိမှာပါ" မိခင်ဖြစ်သူရဲ့ စကားကြောင့် နေမခမှာ မျက်နှာကြီးနီရဲသွားရပြီး "ကျွန်တော် သူ့ကို ..ကိုယ့်ညီမ သားချင်းတစ်ယောက်လို သဘောထားလို့ ဆူပြောမိတာပါ အမေ ... ပတ်ဝန်းကျင်မှာ သူသိက္ခာကျမှာစိုးလို့ပါ " "ငါ့သားရဲ့စိတ်က ဒီလိုဆိုပေမဲ့ ...သူက သားရဲ့ သွေးရင်းသားရင်း မဟုတ်ဘူးလေ ...သားမှာ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူး ... လုပ်ပိုင်ခွင့်ရချင်ရင်တော့ သူ့ကိုချစ်ခွင့်ပန်တာဖြစ်ဖြစ် ... လက်ထပ်တာဖြစ်ဖြစ် အရင်လုပ်ရမယ်လေ ... အမေတို့ကတော့ သားရဲ့ သဘောပါပဲ "

"ဟာ ... အလင်း ... နေမကောင်းဘူးလား...လာ...လာ...ကားပေါ်မှာ ခဏထိုင်နားလိုက်" ယိုင်ခနဲ ဖြစ်သွားတဲ့ အလင်းချိုရဲ့ ခန္ဓာကိုယ်လေးကို ဟန်သော်လင်း အသာထိန်းပေးလိုက်ပြီး ကားဆီကိုခေါ်လာခဲ့လိုက်တယ်။ " နေမကောင်းတာလား ...ဒီအချိန်ဆေးခန်းတွေ ဖွင့်သေးတယ် မဟုတ်လား .... ဆေးခန်းသွားလိုက်မလား " "ဟင့် ...ဟင့်အင်း " ဟန်သော်လင်းရဲ့ အမေးကို အလင်းချို ပြန်ဖြေလိုက်ရင်း ရှိုက်သံလေးပါသွားမိတယ်။ "ဟာ ...အလင်း ဘာဖြစ်တာလဲဟင် ...ဘာဖြစ်လို့လဲ " အလင်းချိုရဲ့ ပုံစံကြောင့်ဟန်သော်လင်းအထိတ်တလန့်မေးလိုက်မိပေမဲ့ အလင်းချိုမှာ ပြန်မဖြေနိုင်ဘဲ ဒူးခေါင်းပေါ်မှာမျက်နှာကို အပ်ပြီးငြိမ်သက်နေတယ်။ဟန်သော်လင်းမှာ ခြေမကိုင်မိ ၊လက်မကိုင်မိနဲ့ ဘာလုပ်လို့လုပ်ရမှန်းပင်မသိ။ ~~~~~~ စံမဒီရဲ့ကားလေး ခြံထဲက မောင်းထွက်သွားတဲ့အချိန်မှာ နေမခတစ်ယောက် နေရာမှာ စိတ်ရှုပ်ထွေးစွာနဲ့ ရပ်နေခဲ့မိတယ်။ပြီးတော့ အိမ်ထဲကို ပြန်ဝင်ချင်စိတ်မရှိသေးတာမို့ လမ်းမပေါ်ကို ထွက်လာခဲ့မိရာ လမ်းပေါ်ရောက်တော့ ခြေထောက်တွေက ဟိုဘက်လမ်းကို အလိုလိုဦးတည်မိသွားတယ်။ခြေထောက် ဦးတည်ရာရဲ့ လမ်းဘေးတစ်နေရာမှာတော့ ရပ်ထားတဲ့ ကားနားမှာ စကားရပ်ပြောနေကြတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး နေမခအံ့ဩသွားရသလို ဒေါသတွေပါ ထွက်လာမိတယ်။နေမကြေည့်နေတုန်း မှားပဲ နှစ်ယောက်သားက ကားပေါ်ကိုတက်သွားတာမို့ နေမခကိုယ့်စိတ်ကို မထိန်းနိုင်တော့ဘဲ ကားရပ်ထားရာဆီသို့ ခြေသံပြင်းပြင်းနဲ့ လျှောက်သွားလိုက်မိတယ်။ ကားနားကိုရောက်တော့ လူက စိတ်နဲ့ကိုယ်မကပ်နိုင်သေးဘဲ အလင်းချိုဝင်ထိုင်လိုက်တဲ့ဘက်က ကားတံခါးကို ဝုန်းခနဲဆွဲဖွင့်ပစ်လိုက်ပြီး အသံမာမာနဲ့ အော်ပစ်လိုက်မိတယ်။ "အလင်းချို ... မင်း ဒါဘာလုပ်နေတာလဲ ထွက်ခဲ့စမ်း " " နေ ... နေမခ " ရုတ်တရက်ကြီး ရောက်လာတဲ့ နေမခကို ကြည့်ပြီး ဟန်သော်လင်းရော အလင်းချိုပါ ထိတ်လန့် အံ့ဩမိသွားကြပြီး ယောင်အအအနဲ့နေမခကို ကြည့်နေမိကြတယ်။ပြီးမှဟန်သော်လင်းမှာ သတိဝင်လာပြီး အလင်းချိုရဲ့လက်ကို အတင်းဆွဲလိုက်တဲ့ နေမခကို လေသံခပ်ဆတ်ဆတ်နဲ့ ပြန်ပြောလိုက်မိတယ်။ "မင်းဘာတွေ ပေါက်ကရတွေးနေတာလဲ ... သူနေမကောင်းဘူး " " မင်းပါးစပ်ကိုပိတ်ထားလိုက်ဟေ့ကောင် " နေမခက ဟန်သော် လင်းကို လေသံခပ်မာမာနဲ့ ပြန်ပြောလိုက်ပြီး အလင်းချိုကိုကားထဲက ဆွဲခေါ်ထုတ်လိုက်တယ်။ အလင်းချို ယောင်နနနဲ့ နေမခဆွဲခေါ်ရာနောက်ကို ပါလာခဲ့ရတယ်။ ~~~~ နေမခက အလင်းချိုကို သူ့အိမ်ရှိရာထိ ဆွဲခေါ်လာခဲ့လိုက်ပြီး ခြံထဲကဒါန်းနားအထိ ဆွဲခေါ်လာခဲ့လိုက်တယ်။ ဒါန်းဆီကို ရောက်တော့ အလင်းချိုကို ဒါန်းပေါ်ကို ထိုင်စေလိုက် ဒေါသတကြီးနဲ့ မေးလိုက်တယ် ။ "မင်းနဲ့ အဲ့ဒီကောင်နဲ့ က ကြိုက်နေကြပြီလား ...ဒီလောက်မိုးချုပ်နေတာကို အဲ့ဒီကောင်ရဲ့ ကားပေါ်မင်းဘာတက်လုပ်တာလဲ .." နေမခရဲ့ ခပ်ကြမ်းကြမ်းမေးခွန်းကြောင့် အလင်းချို ဘာမှ ပြန်မဖြေနိုင်ဘဲ နေမခကို ခပ်ကြောင်ကြောင် မော့ကြည့်နေမိတယ်။ "ဖြေလေ... မင်းနဲ့ အဲ့ဒီကောင် ကြိုက်နေတာလားလို့ " နေမခရဲ့ ဒုတိယအကြိမ်မြောက်မေးသံအဆုံးမှာတော့ အလင်းချိုက နေမခကို စူးခနဲတစ်ချက်မော့ကြည့်လိုက်ပြီး ပြန်မေးလိုက်မိတယ်။ " ငါတို့ရိုးရိုးသားသား စကားပြောနေကြတာလေ ... လူမြင်ကွင်းမှာ ဖက်နေကြတာမှ မဟုတ်တာ.. ဘာတွေစွပ်စွဲနေတာလဲ...ပြီးတော့ ငါတို့နှစ်ယောက်က ကြိုက်လို့မရဘူးလား " "ဘာ...ဘာကွ ...အလင်းချို မင်းဘာပြောလိုက်တယ် ..." " ဟုတ်တယ် ... တခြားသူတွေကြတော့ ..ကြိုက်လို့ရတယ် ..ဖက်လို့ ရတယ် ... ငါ့တို့က ကြိုက်လို့မရဘူးလား .." " အလင်းချို ...မင်း ... မင်း တော်တော့ ...မင်းကို ရည်းစားမထားနဲ့လို့ မပြောဘူး ... သိက္ခာရှိရှိ ပြုမူနေထိုင်ဖို့ပြောနေတာကွ နားလည်ရဲ့လား ..." သူ့ရှေ့ရောက်ရင် အမြဲ ရယ်ပြုံးနေတတ်တဲ့ သူမက အခုလို ဂျစ်ကန်ကန် အမူအရာနဲ့ ပြန်ပြောနေတာကို တွေ့လိုက်ရတော့ နေမခ မယုံနိုင်အောင် ဖြစ်သွားမိ၏။ "သားကြီး ..မင်းဒါဘာလုပ်တာလဲ " ဒေါ်အေးမြနွယ်တစ်ယောက် ခြံထဲက တီးတိုးစကားသံကြောင့် အိမ်ပြင်သို့ထွက်ကြည့်မိလေရာ သားဖြစ်သူနဲ့ အလင်းချိုတို့အဖြစ်ကို မြင်တွေ့လိုက်ရတာမို့ အနားကို လျှောက်သွားလိုက်ပြီး မေးလိုက်တယ်။ "သူ အနေအထိုင်မတတ်လို့ ပြောနေတာ အမေ ... အလုပ်လုပ်ဖို့တော့ မစဉ်းစားဘူး ..ရည်စားထားဖို့ပဲ တွေးနေတာလေ ...ပြီးတော့လဲ လမ်းပေါ်မှာကားရပ်ပြီး...ကားထဲမှာ စကားပြောနေကြတာလေ ...သူများ တွေ မြင်ရင် ဘယ်လိုထင်မလဲ " " တော်တော့ ...မင်းပါးစပ်ကို ပိတ်ထားလိုက်တော့ သားကြီး ....မိုးချုပ်နေပြီ ... သမီးအလင်းကို လိုက်ပို့လိုက်တော့ ... အမေထပ်မပြောဘူးနော်သားကြီး....သမီး အန်တီတောင်းပန်ပါတယ်နော် ..." မိခင်ဖြစ်သူဒေါ်အေးမြနွယ်က အသံမာမာနဲ့ ပြောလိုက်တော့ နေမခပါးစပ်ကို ပိတ်ပြီး အလင်းချိုကို မှုန်တေတေကြည့်လိုက်ပြီး "သွားမယ် " လို့ တစ်ခွန်းပဲပြောပြီး ရှေ့ကနေထွက်ခဲ့တယ်၊၊

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၃၁ ) ******* သူ့ခါးကို ဖက်တွယ်မှီနွဲ့လာတဲ့ စံမဒီရဲ့ခန္ဓာကိုယ်လေးကို နေမခအလိုက်သင့်ထိန်းဖက်ထားလိုက်ရင်းကနေ သက်ပြင်းကို ချလိုက်မိတယ်။စံမဒီက ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားမှာနေလာခဲ့သူပီပီ ရဲတင်းသွက်လက်တယ် ။ပွင့်လင်းတယ်။အမှန်တိုင်းပြောရရင် စံမဒီလိုငွေကြေးလည်းချမ်းသာ၊ရုပ်လေးလည်းလှ ။ဘွဲ့ရပညာတတ် မိန်းခလေးတစ်ယောက်ကို နေမခသဘောကျမိတယ်။ ဒါပေမဲ့ ဒီသဘောကျနှစ်သက်မိခြင်းမှာ ရင်ခုန်သံတွေက မြန်ဆန်မနေခဲ့ဘူး။ တစ်ယောက်ယောက်ကို ချစ်ဖို့အတွက် နေမခအဆင်သင့်မဖြစ်သေးတာလဲ ပါမယ်ထင်ပါတယ်။ဘ၀က မျှော်မှန်းထားသလို မဖြစ်လာသေးဘူးလေ။စံမဒီနဲ့ လက်ထပ်လိုက်ရင် ရှယ်ယာ အနည်းငယ်ပိုင်ဆိုင်ထားတဲ့ အလုပ်သမားဘဝကနေ့ အလုပ်ရှင်ဘဝကို နေ့ချင်းညချင်း ရောက်သွားနိုင်တာကိုလဲ သိတယ်။ ဒါပေမဲ့ ဒီအခြေအနေထက်တော့ မပိုချင်သေးတာအမှန်ပါပဲ။တစ်နေ့နေ့တစ်ချိန်ချိန်မှာ အချစ်ရေးကိုဖြစ်ဖြစ်၊ အိမ်ထောင်ရေးကိုဖြစ်ဖြစ် ရွေးချယ်ရတော့မယ်ဆိုရင်တော့ ဆွေမျိုးသားချင်းတွေကလည်း စိတ်သဘောထားပြည့်၀ပြီး လူတန်းစားခွဲခြားစိတ် မရှိတဲ့မျိုးရိုးကပေါက်ဖွားလာတဲ့ မစံခေါ် စံမဒီကတော့ နေမခရဲ့ ဘ၀မှာ ဦးစားပေးရွေးချယ်မယ့်သူပါပဲ။ ဘ၀မှာ အများကြီး မမျှော်လင့်ထားပါဘူး ။ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ဆင်းရဲချင်ဆင်းရဲပါစေ ဆွေမျိုးသားချင်းတွကတော့ စိတ်ဓါတ်အောက်တန်းကျတတ်တာမျိုးတွေကို လက်မခံနိုင်ဘူး။ဆွေမျိုးသားချင်းဆိုတာမျိုးက ကိုယ်ကပြတ်နိုင်ရုံနဲ့ ပြတ်တာမျိုး မဟုတ်ဘူးလေ။ ခုပဲကြည့်နေမခတို့ဘက်က ကင်းကင်းရှင်းရှင်းနေပေမဲ့ ဖခင်ဖြစ်သူနဲ့ အဘိုးအဘွားတွေက အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေကြတာလေ။တစ်ချိန်က အမှားတွေကို ခွင့်လွှတ်သည်းခံဖို့ဆိုတာလဲ သူတော်စင်မှမဟုတ် တာ။ အမေ့ကိုကြည့်ပြီး အဘိုးနဲ့အဘွားပြောခဲ့တဲ့ "ကောင်မက မြန်မြန် မသေနိုင်ဘူး" ဆိုတဲ့ စကားကို နေမခရဲ့နားထဲမှာ ခုချိန်ထိ ကြားယောင်နေမိတုန်းပဲလေ။ "ကဲပါ ... တို့သွားတော့မယ် .... မနက်မှဆိုင်မှာဆုံမယ်နော် "စံမဒီပြောပြီးတာနဲ့ နေမခကို ဖက်တွယ်ထားတဲ့ လက်တွေကို လွှတ်ပေးလိုက်တယ်။စံမဒီဘက်ကသာ မရှက်မကြောက်နဲ့ ပြောလိုက်ပေမဲ့ နေမခပုံစံက အေးတိအေးစက်မတုန်မလှုပ်နဲ့လေ။ သူမရဲ့ ပခုံးကို ပြန်လည်ထိန်းဖက်လာတဲ့လက်အစုံကလဲ နွေးထွေးမှုကင်းမဲ့နေပြီး လျော့တိလျော့ရဲနိုင်လှတယ်လို့ စံမဒီခံစားမိနေတယ်။လူစိတ်ဆိုတာကလဲ အခက်သားလား။ မရနိုင်လေပိုလိုချင်လေဆိုတော့ အပေါ်ယံကြည့်ရင် နွေးထွေးသယောင်နဲ့ အေးတိအေးစက်နိုင်လှတဲ့ ဒီလူသားကို စံမဒီ တစ်ယောက်တည်းပိုင်ဆိုင်ချင်လာမိတော့တယ်။ လိုချင်တာရှိရင် အချိန်ပေးချင်သလောက်ပေးရပါစေ ရအောင်ယူတတ်တဲ့ စိတ်ရင်းခံက သူနဲ့ ပတ်သက်လာမှ ဇွတ်တရွတ် သိမ်းပိုက်ချင်စိတ်တွေပါ ပေါက်လာမိတော့တယ် ။ ~~~~ "ဟင် " ခပ်လှမ်းလှမ်းကနေ တရွေ့ရွေ့လျှောက်လာတဲ့ ဟန်ပန်ကိုကြည့်ပြီး ကား ထိုင်ခုံနောက်မှီကို စိတ်ပျက်အားလျော့စွာမှီထိုင်နေမိတဲ့ ဟန်သော်လင်းရဲ့ ခန္ဓာကိုယ်က မတ်တောင့်သွားမိတယ်။ ရပ်ကွက်ဟောင်းကပြန်လာခဲ့ပြီးတော့ အလင်းချိုဆီကို လာတွေ့ခဲ့ပေမဲ့ အလုပ်ကိစ္စနဲ့ အပြင်သွားတယ်ဆိုလို့ စိတ်လေလေနဲ့ ကားလျှောက်မောင်းနေခဲ့တာလေ။မိုးချုပ်တော့ အိပ်ပြန်မယ်ဆိုပြန်လှည့်ခဲ့ပြီးမှ အိမ်ကိုမပြန်ဖြစ်ဘဲ အလင်းချိုတို့ရပ်ကွက်ထဲကို ကားကိုပြန်မောင်းလာခဲ့မိတာလေ။ အချိန်က ညရှစ်နာရီထိုးတော့မယ်။အလင်းချိုက သူမအရင်နေခဲ့တဲ့အိမ်ဟောင်းလမ်းဘက်ကနေ ပြန်လာနေတာကို ဟန်သော်လင်းတွေ့ လိုက်ရတယ်။ တလှုပ်လှုပ်လျှောက်လာတဲ့ အလင်းချိုကိုကြည့်ပြီး ဟန်သော်လင်း စဉ်းစားမိလိုက်တာက သူမအရင်အိမ်ဟောင်းကို သွားတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကြည့်ရတာ တစ်ခြံကျော်ကအိမ်ကိုသွားတာဖြစ်မယ်လို့ တွေးလိုက်မိတယ်။ဟန်သော်လင်း ကားပေါ်က ဆင်းလိုက်ပြီး အလင်းချိုရှိရာဆီကို လျှောက်သွားလိုက်မိတယ်။ "အလင်း ... ဘယ်က ပြန်လာတာလဲ " " ရှင် " ရုတ်တရက် အနီးကပ်မေးလိုက်သံကြောင့် အလင်းချိုလန့်ဖျပ်ပြီး မော့ကြည့်လိုက်မိတော့ ဟန်သော်လင်းကိုတွေ့လိုက်ရတာမို့ အံ့ဩသွားရတယ်။ "ဟင် ...ကိုလင်း ညကြီးမိုးချုပ် ဘယ်လဲဟင်...အလင်းဆီလာတာလား " ရုတ်တရက် ပြန်မေးခံလိုက်ရတော့ ဟန်သော်လင်းလည်းဘာဖြေရမှန်းမသိဘဲ ပါးစပ်ထဲရှိရာကို ပြောချလိုက်မိတယ်။ "အယ်...ဟို ... အလင်းအလုပ်ကိစ္စ အဆင်ပြေရဲ့လား သိချင်လို့လေ ...ဖုန်းမဆက်ချင်တာနဲ့ ...ရောက်လာပြီးတော့လဲ မိုးချုပ်နေလို့ လာသင့်မလာသင့် စဉ်းစားနေတုန်း အလင်းကိုတွေ့လို့ဆင်းလာတာ" "ဪ ... ဟို ...အ...အဆင်ပြေပါတယ် ကိုလင်းရယ် " ဟန်သော်လင်းရဲ့ အမေးကို အလင်းချိုကထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။ "အဆင်ပြေတယ်ဆိုပြီး ဘယ်လိုဖြစ်တာလဲ အသံက ....ဘာလဲ အလုပ်အဆင်မပြေတာလား ...အဆင်မပြေလဲ တခြားအလုပ်တွေရှိပါတယ်ကွ... မင်းကလဲ အသံက အားမရှိလိုက်တာ" ဟန်သော်လင်း အားမလိုအားမရနဲ့ ပြောလိုက်မိတယ်။ "အင်း ...အလုပ်ကိစ္စမဟုတ်ပါဘူး ...တခြား စိတ်ညစ်စရာရှိလို့ " အလင်းချို ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး လူက အားမရှိတော့သလို ယိုင်ခနဲဖြစ်သွားမိတယ်။

စူးစူးရှရှနဲ့ ကြီးတော်တွေပြောသလို မာယာများတဲ့ အကြည့်တွေပေါ့။ "နာမည်က ဘယ်သူ " မမဆွေက မေးလိုက်တယ် ။အလင်းချို ကြားပေမဲ့ ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ခမ်းတွေက ဆွံ့အနေခဲ့တယ်။ "အလင်းချိုတဲ့ မမဆွေ " ကြားထဲက မိုးသူဇာက ၀င်ဖြေလိုက်တယ်။ "အလင်းချို ဟုတ်လား "မမ ဆွေက သူ့ဘာသာ ခပ်တိုးတိုးရေရွတ်ကြည့်နေတယ်။ပြီးတော့ အလင်းချို မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးလိုက်တယ်။ "မိဘတွေရော " မမဆွေရဲ့ အမေးကို အလင်းချိုက ဖြုန်းခနဲမဖြေနိုင်သလို မိုးသူဇာကလဲ သေချာ မသိတာမို့ ပြန်မဖြေနိုင်ဘဲ အလင်းချိုကို ကြည့်လိုက်တယ်။ "ရှိ...ရှိပါတယ် ... အခုတော့ အဘွားနဲ့ပဲနေတယ် " အလင်းချိုက အသံကိုမတုန်အောင် သတိထားပြီး ဖြေလိုက်တယ်။မသေချာ မရေရာတဲ့ ထင်မြင်ချက်တွေအောက်မှာ အလင်းချို ဘာကိုမှ မမျှော်လင့်ချင်ဘူး ။ တကယ် ဟုတ်ခဲ့မယ်ဆိုရင်တောင် ပါးစပ်ကပြောမှသိတာထက် ခံစားသိရှိတာကိုပဲ လိုချင်တာ။ "မိုးက အကူအညီတောင်းတာဆိုတော့ ကူညီရမှာပေါ့ ...မမဆွေရဲ့ စားရင်းဇယားတွေကို ပြန်စစ်ပေးဖို့ စာရေးမတစ်ယောက်လိုနေတာနဲ့ အတော်ပဲ...ဘယ်လိုသဘောရလဲ " "ဟုတ်ကဲ့ " ကိုယ်တိုင် မသိလိုက်ဘဲ အလင်းချို ခပ်မြန်မြန်ပဲခေါင်းငြိမ်းလိုက်မိတယ်။ အလင်းချိုရဲ့ အဖြေစကားကိုနားထောင်ပြီး မိုးသူဇာ စိတ်ထဲကနေ ပြုံးပျော်နေမိတယ်။ ~~~~~~~ အပြန်လမ်းတစ်လျှောက်မှာ အလင်းချိုစိတ်တွေလေဟာနယ်ထဲမှာ မျောလွင့်နေသလို ခံစားနေရတယ်။ မမမိုးက ကိုယ်တိုင်လိုက်မပို့ဘဲ တက္ကစီငှားပေးလိုက်လို့သာပေါ့။မဟုတ်ရင် အလင်းချို မူပျက်နေတာကို မမမိုးရိပ်မိမှာသေချာတယ်။အလင်းချိုကတော့ အိမ်ကိုအမြန်ပြန်ပြီး မူလတန်းကျောင်းသူဘဝကတည်းက သိမ်းထားခဲ့တဲ့ ကျောပိုးအိတ်လေးထဲက ဓါတ်ပုံကိုပဲ အမြန်ကြည့်ချင်နေမိတော့တယ်။ ~~~~~~~ " ဟယ် ...သမီး အလင်းချို...အလင်းချို ဟုတ်ရဲ့လား ... " ဒေါ်လေးစန်းက အလင်းချိုကို မြင်တော့ အံ့ဩတကြီးနဲ့ ပြောပြီး အလင်းချိုတစ်ကိုယ်လုံးကို လှည့်ပတ်ပြီးကြည့်နေတယ် ။အလင်းချိုမှာ ဒေါ်လေးစန်းကို ဘာမှ ပြန်မပြောနိုင်ဘဲ အခန်းထဲကို ပြေးဝင်ခဲ့ပြီး ကျောပိုးအိတ်ဟောင်းလေးကို ထုတ်လိုက်တယ် ။ပြီးတော့ တမြတ်တနိုးသိမ်းထားတဲ့ ဓါတ်ပုံလေးကို ထုတ်ကြည့်လိုက်မိတယ်။ဒီမျက်နှာ၊ဒီမျက်လုံး၊ဒီအပြုံးတွေက ထပ်တူကျနိုင်လွန်းလှတယ်။အသက်ငါးဆယ်ကျော်စ အရွယ် မိန်းမတစ်ယောက်ဟာ အသက်နှစ်ဆယ်ကျော်အရွယ်လို နုနုငယ်ငယ်နဲ့ လှပတော့တာ မဟုတ်ပေမဲ့လုံးဝကြီးကို ပြောင်းလဲသွားတာမျိုး မဟုတ်ဘူး။ ငယ်ငယ်က ပုံရိပ်တွေနဲ့ အလှတွေကထင်ကျန်နေတုန်းပဲလေ။ဒါဆို... ဒါဆို မိခင်တစ်ယောက်က သူ့မှာ ငွေကြေးပြည့်စုံနေပါရဲ့နဲ့ ကိုယ့်သွေး ကိုယ့်သားကို မတမ်းတမိဘူးလား ။တစ်ကြိမ်တစ်ခါလေးတောင်မှ အမှတ်မရမိဘူးတဲ့လား။ စားဝတ်နေရေးအတွက် ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေရလို့ဆိုရင် ထားပါတော့။ပြီးတော့ ..ပြီးတော့ရော ကိုယ့်ရင်က ဖြစ်တည်ခဲ့တဲ့သွေးသားရင်းချာကိုတောင် မမှတ်မိမသိရှိနိုင်ဘူးတဲ့လား။ မမှတ်မိနိုင်လောက်အောင် အမှတ်ကို မထားခဲ့တာလား။ ဓါတ်ပုံကို စိုက်ကြည့်နေမိရင်း ပါးပြင်ပေါ်ကို မျက်ရည်တွေက တစ်ပေါက်ပေါက်စီးကျလာခဲ့တယ်။အဖေဆိုတာဘာလဲ။အမေ ဆိုတာဘာလဲ ။အလင်းချိုနာနာကြည်းကြည်းနဲ့ ရေရွတ်နေမိတယ်။ ~~~~~ "သမီးပြန်တော့မယ်နော် ...အဘွား...အန်တီ " စံမဒီက နှုတ်ဆက်ပြီး ထပြန်တော့ နေမခက စံမဒီနောက်ကနေ ထက်ကြပ်မကွာလိုက်ပါလာခဲ့တယ်။စံမဒီရဲ့ ကားက ခြံ၀နားမှာရပ်ထားတာမို့ နေမခက ကားနား အထိ လိုက်လာခဲ့လိုက်တယ်။ စံမဒီက ကားနားကိုရောက်တော့ ကားပေါ်ကို မတက်သေးဘဲ နေမခဘက်ကို လှည့်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။ပြီးတော့ နေမခရဲ့လက်ကို လှမ်းကိုင်ဆွဲယူလိုက်ပြီး " ကိုနေ ....မင်းကဟန်ဆောင်နေနိုင်တာလား ...ဒါမှမဟုတ် တို့ကို လှည့်စားနေတာလား " " ဗျာ .." ~~~~~~ လူတွေက ရင်ထဲမှာ နာကျင်လွန်းတဲ့အခါ ကိုယ့်ရင်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်ကို တမ်းတလေ့ရှိသတဲ့။ အဲ့ဒီတစ်စုံတစ်ယောက်ရဲ့ နှစ်သိမ့်မှုတွေအောက်မှာ နာကျင်မှုတွေကိုဖြေဖျောက်ချင်တတ်ကြတယ်တဲ့။ အလင်းချိုမှာ တစ်ညနေလုံး ဒေါ်လေးစန်းနဲ့အဘွားရဲ့ရှေမှာ ဟန်ဆောင်မျိုသိပ်ပြီးနေခဲ့ရသမျှ ညရောက်လာတော့ "လမ်းလျှောက်ထွက်အုံးမယ်ဆိုပြီး ထွက်လာခဲ့မိတဲ့ ခြေထောက်တွေက အိမ်တစ်အိမ်ရဲ့ ခြံတံခါးဝရှေ့မှာ ခြေစုံရပ်နေခဲ့မိတယ်။သတိဝင်လာချိန်မှာတော့ အိမ်ရှေ မှာရပ်ထားတဲ့ ကားနားမှာ တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားကြတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ် ။မြင်ကွင်းကို အလင်းချိုသတိလက်လွတ် ငေးကြည့်နေမိတယ်။ရင်က တလှပ်လှပ်တုန်လာတယ်။လည်ချောင်းဝမှာက မီးစနဲ့အထိုးခံလိုက်ရသလို့ စူးရှနာကျင်လာတယ်။အသံက ထွက်မလာဘူး။ သူတို့ အလင်းချိုကို မြင်ပုံမရကြဘူး ။ ခြံရှေ့ကနေ အလင်းချို ချာခနဲ လှည့်ထွက်လာခဲ့တယ်။မျက်ရည်မကျပါဘူး။ နှလုံးသားထဲမှာပဲ နာကျင်နေခဲ့တာ။ @@@@@@@@@@@@@@ အပိုင်း (၃၁ ) ဆက်ရန် ဧကြည်ဖြူ

မမမိုးကပဲ အပြောကောင်းလို့လား ။ ဒါမှမဟုတ် ခုတလောမှာ အလင်းချိုကိုယ်တိုင်ကပဲ လှချင်လို့လားမသိ။ မမမိုးရဲ့ စကားမဆုံးခင်မှာပဲ အလင်းချိုတစ်ယောက် အလှပြင်ဆိုင်ရဲ့ ဆုံလည် ထိုင်ခုံပေါ်မှာရောက်နေခဲ့ပါပြီ ။ "ဆံပင်ကိုတော့ မညှပ်ဘူးနော် မမ ...လိုတာလေးတွေပဲ ပြင်ပေးပါ " ~~~~ အလင်းချို ပြင်လိုက်ပြီးချိန်မှာ မိတ်ကပ်ကဖွေးဖွေး နှုတ်ခမ်းနီကရဲရဲနဲ့ လှတာတော့ လှသားပဲလို့ မိုးသူဇာ စိတ်ထဲက တွေးလိုက်မိတယ် ။ဆံပင်အုံထူထူမည်းမည်းနက်နက်တွေကို မဟော်ဂနီရောင်ဆိုးပေးလိုက်ပြီးနောက် နားဆွဲခပ်ကြီးကြီးကို ဝတ်ဆင်ပေးလိုက်ချိန်မှာတော့ အလင်းချိုရဲ့ ပုံစံက ခေတ်မီလှပတဲ့ မိန်းမတစ်ယောက် ဖြစ်လာသလို ဟန်သော်လင်း အထင်မကြီးတဲ့ မိန်းမတစ်ယောက်ပုံစံ ဖြစ်သွားတာကို မိုးသူဇာ ကျေကျေနပ်နပ် ကြည့်နေမိတယ်။ ဒါတောင် အလင်းချိုက ဟိုပေါ်ဒီပေါ် အဝတ်အစားတွေကို ဝတ်ခိုင်းလို့မရသေးလို့ပေါ့။ "လှလိုက်တာ အလင်းရယ် ... ယုံတောင် မယုံနိုင်ဘူး ... ကဲ အခုလို လှသွားတော့ ကိုယ့်ကိုယ်ကိုယ်ကြည့်ရတာ အားအင်တွေရှိသွားပြီ မဟုတ်လား " အလင်းချိုကမှန်ရှေ့မှာရပ်ရင်း ပြုံးပဲပြုံးနေမိတယ်။ "ကဲ ...ညီမလေးရေ ... ပြင်ဆင်ပြီးမှတော့ ...မမမိတ်ဆွေလုပ်ငန်းရှင်မမကြီးတစ်ယောက်နဲ့သွားတွေ့ရအောင် " "ဟုတ် .. ဟုတ်ကဲ့ မမမိုး " အလင်းချို မှန်ထဲက ကိုယ့်ပုံရိပ်ကိုယ်ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်မိတယ် ။ ~~~~~~~ တိုက်ထဲကို ကားစ၀င်လာကတည်းက အလင်းချိုစိတ်ထဲမှာ တစ်မျိုးကြီးခံစားလိုက်ရတယ် ။ခံစားချက်ကို ရေရေရာရာမပြောနိုင်ပေမဲ့ ဝန်းကျင်ပုံစံအနေ အထားကို သဘောမကျမိတာတော့ အမှန်ပဲ။ သံဆူးကြိုးအလိပ်ကြီးတွေနဲ့ ကာရံထားတဲ့ ခြံစည်းရိုး မြင့်မြင့်မားမားကြီးတွေက မသိရင်မကောင်းမှုတွေကို ကာကွယ်ပေးထားတဲ့ နံရံတွေလိုပဲ။အလုံပိတ်သံတံခါးကြီးတွေကနေတဆင့်ခြံထဲကို ကားကွေ့ဝင်လာခဲ့ချိန်မှာတော့ ဘာရယ်မဟုတ်စိတ်က မွန်းကြပ်ရှုပ်ထွေးလာသလို ခံစားလိုက်ရတယ်။ " လာလေ အလင်း ....မမဆွေက သဘောကောင်းပါတယ်ကွယ် ...." "ဟုတ် ... ဟုတ်ကဲ့ ..." မမမိုးရဲ့ ခေါ်သံကြောင့် အလင်းချိုခေါင်းကို ငြိမ့်ပြလိုက်ပြီး ဟိုဒီဝေ့ဝဲကြည့်ရင်း တိုက်ကြီးထဲကို လိုက်ဝင် လာခဲ့တယ်။ ~~~~ "အလင်း ...ဒီမှာ ခဏထိုင်အုံး ... တို့ မမဆွေကို သွားခေါ်လိုက်အုံးမယ် " ပြောပြီးတာနဲ့ မိုးသူဇာက မမဆွေရှိရာ အပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ ~~~~~~ "မိုးသူဇာရယ် ..နင်ဘယ်လိုလုပ်လိုက်တာလဲ ... ဖြုန်းစားကြီး ခေါ်ချလားရလားဟဲ့ ...ငါ့နှယ် ဘာလုပ်ရမှန်းမသိတော့ဘူး .." "မမဆွေရယ် ... အခွင့် အရေးကြုံနေလို့ပါ ... အခုချိန်က သူ့အလုပ်ရှာနေချိန် မဟုတ်လား .. လုပ်ပါ မမဆွေရယ်နော် " မိုးသူဇာက မမဆွေကို အပူကပ်လိုက်တယ်။မမဆွေဆိုတာက မကောင်းမှုဒုစရိုက် လောကမှာ ဆရာမကြီးတစ်ဆူပဲ ။ ဘယ်တော့မှတော့ ကိုယ်တိုင် မလှုပ်ရှားဘူး။ မမ ဆွေ ဒီလောကထဲကို ဘယ်လိုရောက်လာလဲ။မျိုးရိုးစဉ်ဆက်လားဆိုတာတော့ မိုးသူဇာ သေချာမသိဘူး။မိုးသူဇာ သိတာက မမတွေရဲ့ နောက်ကွယ်မှာ အားကိုးရတဲ့ စပွန်စာကြီးတစ်ယောက်ရှိနေတယ်ဆိုတာပဲ။ မမဆွေက အဲ့ဒီလူကြီးရဲ့ အငယ်အနှောင်း သဘောမျိုးဆိုပေမဲ့ ခြံနဲ့၀န်းနဲ့တိုက်နဲ့ ကားနဲ့ စည်းစိမ်ဥစ္စာအပြည့်နဲ့ထားတာလေ။ "ငါလဲ ...နင်စုံစမ်းခိုင်းလို့သာ ငါ့ကောင်လေးတွေနဲ့ စုံစမ်းခိုင်းပြီး နင့်ဆီ သတင်းပို့ခိုင်းလိုက်ရတာ ... ငါကိုယ်တိုင်က အဲဒီကောင်မလေး ဖြူသလား မည်းသလားတောင် သိတာမဟုတ်ဘူး...နည်းနည်းပါးပါး သူ့အကြောင်းတွေကို သိမှ ဖိန့်လို့လိမ့်လို့ ရမှာပေါ့ ဟဲ့...ခုက ဖြုန်းစားကြီးဆိုတော့ ငါက ဘာပြောရမှာလဲ ...ပြီးတော့ နင့်ကောင်လေးသိသွားရင်ရော " "ဖိန့်ဖို့ မလိုပါဘူး မမဆွေရယ် ... သူ့ပုံစံကိုတွေ့ရင် မမဆွေ သဘောကျမှာပါ...ဟန်သော်လင်းလဲ မသိနိုင်ပါဘူး ... နောက်တော့မှ သိရင်လဲ သိပါစေ ... အဓိက.က ဒီဟာမကို ဒီလောကထဲအရောက်ခေါ်သွင်းပြီး ပျက်စီးစေချင်တယ် ..." "အမယ်လေး ... ကြောက်ဖို့ကောင်းလိုက်တဲ့ မိန်းမရယ် ..ကဲပါ ရှေ့ကသွားစမ်း ... သူ့ကို ငါကြည့်ပါအုံးမယ် " ~~~~ "လာလေ မမဆွေ ထိုင်ပါအုံး ...ဒီမှာ မိုးပြောတဲ့ ညီမလေးလေ ... မမဆွေရဲ့ဘေးမှာ ထားဖို့ စာရေးမလိုနေတာမဟုတ်လား ...ဒီကညီမလေးရေး ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် မိုးအာမခံပါတယ် " " အေးပါ ...ဒီကညီမလဲ မမကို မှတ်ထားနော် ...တို့ နာမည်က မမဆွေတဲ့ " "ရှင် " မမဆွေဆိုတဲ့ အမျိုးသမီးကို အလင်းချိုကြောင်ငေးပြီး ကြည့်နေမိတယ်။မမဆွေကို ငေးကြည့်ရင်း နှလုံးသားက တဒုန်းဒုန်း တဒိုင်းဒိုင်းမြည်အောင် ခုန်လှုပ်လာတယ်။ဒီမျက်နှာ၊ ဒီအသံက တစ်စုံတစ်ယောက်နဲ့ ခပ်ဆင်ဆင်တူနေတယ်။အသက်လဲ အရမ်းကြီးမသွားဘူး။ အသံတွေလဲ တအား ပြောင်းမသွားဘူး။ပြီးတော့ ဝိုးတဝါး မှတ်မိနေတဲ့ အကြည့်တွေ။ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်က ဘယ်လောက်ထိမှတ်မိနိုင်စွမ်းရှိပါသလဲ။ မှတ်ညဏ်က မသေချာနိုင်ပေမဲ့ ဖခင်ကြီးမသိအောင် အလင်းချိုဝှက်ထားခဲ့တဲ့ ဓါတ်ပုံလေးတစ်ပုံ။ သေချာတယ် နာမည်ကတော့ လုံး၀ မတူဘူး။ ကေသီချိုနဲ့ မမဆွေဆိုတော့ တစ်လုံးတစ်လေတောင် မတူတာသေချာတယ်။အကြည့်တွေက ရီဝေဝေ

"ဒါပေမဲ့ ... မင်းအဒေါ်ကြီးက စီးပွားရေးတော့ ခိုင်တယ် မောင် .... တို့ရပ်ကွပ်ထဲမှာ မြေကွက်ဝယ်ပြီး အခန်းတွဲတွေ ငှါးစားထားတယ်လေ... မင်းအဒေါ်က မင်းနဲ့ တူတော့ အချောသားဟ ...မင်းအဒေါ်ကို ကြိတ်ပိုးနေတဲ့ ဘဲကြီးတွေလဲ ရပ်ကွက်ထဲမှာ မနည်းဘူးဟ " ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ တွေးထားပေမဲ့ ဇော်ခန့်ရဲ့စကားကို ကြားလိုက်ရတော့ ဟန်သော်လင်း ဒေါသထောင်းခနဲထွက်သွားမိတယ်။နှလုံးသားထဲမှာသေဆုံးသွားပြီလို့ ထင်ခဲ့မိပေမဲ့ အမေရဲ့အကြောင်းတစ်ခွန်းတစ်စကို ကြားရရုံနဲ့တင် နှလုံးခုန်သံက မြန်ဆန်လာတယ်လေ။ "မင်းအဒေါ်က အိမ်ရှေ့မှာ ဈေးဆိုင်ဖွင့်ထားတယ်ကွ ... အိမ်ခြံမြေပွဲစားလဲလုပ်တယ်...မသိမသာ သွားချောင်းကြည့်ပါလား " "ဟင့်အင်း .. သူတို့အကြောင်းတွေမသိချင်ပါဘူးကွာ " နှုတ်ကသာ မသိချင်ဘူးလို့ ပြောလိုက်ပေမဲ့ စိတ်ကတော့ အိမ်ရှိရာဆီသို့ ရောက်သွားလေပြီ။ "မင်းအဖေနဲ့အမေကိုရော ....ဦးလှမောင်ကိုပါ ပိုက်ဆံ ကန်တော့ချင်တယ်ကွာ ... ငါလဲ ကလေးတွေအတွက် ရှာနေရတာနဲ့ ငွေပိုငွေလျှံလဲ သိပ်မရှိလို့ လာမကန်တော့ဖြစ်တာ ...မင်းလဲ ကလေးတွေကို ဂရုစိုက် .. လင်မယားချင်းအဆင်မပြေတိုင်း ကလေးတွေကို အပြစ်မရှာနဲ့နော် ...လိုအပ်တာရှိရင် အကူအညီလှမ်းတောင်း ... ငါနိုင်သလောက်တော့ကူညီမယ်" ~~~~~~ ဇော်ခန့်ရဲ့ မိဘနှစ်ပါးနဲ့ ဦးလှမောင်ကို ပိုက်ဆံနဲ့ကန်တော့ပြီး ပြန်လာခဲ့ချိန်မှာ ဟန်သော်လင်းကားကို အဘွားတို့အိမ်ရှိရာ လမ်းဘက်ကို သတိလက်လွတ်နဲ့ မောင်းလာခဲ့မိတယ်။စိတ်က သတိထားမိချိန်မှာ ကားက အိမ်ရှေ့က ဈေးဆိုင်ရှေ့တည့်တည့်မှာ ရောက်နေလေပြီ။ ကားပေါ်မှာ ထိုင်နေမိပြီးမှ မထူးတော့ပြီမို့ ဦးထုပ်ကို ဆောင်းလိုက်ပြီး ဟန်သော်လင်း ကားထဲက ထွက်ခဲ့လိုက်တယ်။ "ဘာလိုချင်လို့လဲ အစ်ကို ..." ဆိုင်ဝမှာ ငိုင်တိုင်တိုင်နဲ့ ရပ်နေမိတဲ့သူ့ကို ဆိုင်ထဲက ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ထွက်လာပြီး မေးလိုက်တယ်။ဖြုန်းခနဲမို့ ဟန်သော်လင်း ဘာပြောရမှန်းမသိဘဲ ပါးစပ်ထဲရှိရာကို ပြောလိုက်မိတယ်။ "အ ... အအေးဘူးရှိတယ် မဟုတ်လား ... ရင်..ရင်တွေပူနေ....အေးအေးလေးတစ်ဘူးလောက်ပေး " "ဟုတ်ကဲ့ အစ်ကို ...ခဏလေးနော် " ကောင်လေးက ပြောပြီး ဆိုင်ထဲက ရေခဲသေတ္တာဆီကို လျှောက်သွားတာ။ ကြည့်ရတာ ဒီကောင်လေးက အမေ့ရဲ့သားဖြစ်မယ်ထင်ပါရဲ့။ဟန်သော်လင်းက ကောင်လေးကို တစ်ချက်ကြည့်ရင်း အိမ်ထဲကို လှမ်းကြည့်လိုက်မိတယ်။ "ဘာယူအုံးမလဲ အစ်ကို " ဟန်သော်လင်းရဲ့ ပုံစံကို ကြည့်ပြီး မယုံသင်္ကာ ပုံစံနဲ့ ခပ်ဆတ်ဆတ်မေးလာတဲ့ကောင်လေး။ဟန်သော်လင်း နှုတ်ကနေ လွှတ်ခနဲ ယောင်ပြီး ပြန်ဖြေလိုက်မိတယ်။ "ဟို ... ဟို..အ..အ..ဒေါ်စန္ဒာဝင်းရှိလား " "ဪ ...အစ်ကိုက အမေနဲ့တွေ့ချင်တာလား ... အိမ်ကိစ္စထင်တယ် ...ခဏလေး ကျွန်တော် ခေါ်ပေးမယ် ..." "အမေရေ ... ဒီမှာ ဧည့်သည် ရောက်နေတယ် " "ဪ ...အေး ...အေး လာပြီသားရေ" ကောင်လေးရဲ့ ခေါ်သံအဆုံးမှာ အိမ်ထဲက ပြန်ထူးသံနဲ့အတူ ခေတ်မီ အပြင်အဆင်အပုံစံနဲ့ လှမ်းလျှောက်လာတဲ့ ပုံရိပ်တစ်ခု။ လမ်းလျှောက်လာတဲ့ ပုံစံကိုကြည့်ပြီး ဟန်သော်လင်းရဲ့ ခြေတွေလက်တွေ တဆတ်ဆတ် တုန်ယင်လာမိတယ်။ပြီးတော့ လှစ်ခနဲ ကားရှိရာကို ပြန်ပြေးလာ ခဲ့မိတယ်။ ဒေါ်စန္ဒာဝင်း တစ်ယောက် မိမိကို တွေ့တာနဲ့ ချာခနဲ ကျောခိုင်းပြေးသွားတဲ့သူရဲ့ကျောပြင်ကို ကြည့်ပြီး အံ့သြမင်သက်နေမိရာကနေ စိတ်က တစ်စုံတစ်ရာကို ခံစားလိုက်မိပြီး တုန်တုန်ယင်ယင်နဲ့ ဆိုင်ပြင်ကို ပြေးထွက်ခဲ့မိလိုက်တယ်။ဒေါ်စန္ဒာဝင်းဆိုင်ပြင်ကို ရောက်တဲ့အချိန်မှာ ကားလေးက အဝေးကို ရောက်ရှိသွားခဲ့လေပြီ။ ~~~~ မိုးသူဇာက ဆိုဖာကျောမှီပေါ်ကို လက်တစ်ဖက်တင်လိုက်ပြီး စိတ်ထဲက ကြိတ်ပြီး ပြုံးနေလိုက်မိတယ်။ " အဲ့ဒီတော့ အလုပ်က မသေချာသေးဘူးပေါ့ ... အလင်းစိတ်ထဲမှာရော ဘာလုပ်ချင်တာလဲ မမကိုပြောလေ " မိုးသူဇာရဲ့ စကားကြောင့် အလင်းချိုက လက်နှစ်ဘက်ကို အချင်းချင်းပွတ်သပ်လိုက်ပြီး "အမှန်တိုင်း ပြောရရင်း အလင်းက သစ်ပင်စိုက်တဲ့အတွေ့အကြုံပဲရှိတာ ... စီးပွားရေး အဝေးသင်ဘွဲ့ရထားပေမဲ့ အလုပ်အတွေ့အကြုံလဲ မရှိဘူးလေ ... ဘာလုပ်ရမှန်းမသိသေးဘူး ... လုပ်မယ်ဆိုလဲ အလုပ်တစ်ခုကိုပဲ သေချာလုပ်ချင်တာ ...ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်ချင်ဘူး ... " "အလင်းပြောတာကို မမမိုး နားလည်ပါတယ် ... ကိုယ်လုပ်နေကြ အလုပ်ကနေ ရပ်လိုက်ရတော့... စမ်းတဝါးဝါးနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခြေအနေကို မမမိုးလဲ ကြုံဖူးတယ်လေ..... အတွေ့အကြုံရအောင် အလုပ်ဝင်လုပ်ကြည့်မလား ... ငွေရင်း မလိုဘူးလေ ...အဆင်မပြေမှ ကိုယ်ပိုင်လုပ်ငန်းပြောင်းလုပ်ပေါ့ ...ဒါနဲ့ အလင်းရဲ့ စတိုင်ကို အရင်ပြောင်းလိုက်ပါလားကွယ် ...အရင်လို မြေပေါက်ဘာပေါက်လဲ လုပ်ရတော့တာမှမဟုတ်တာ ...မိန်းမတစ်ယောက် အလှပြင်တယ်ဆိုတာ ယောက်ျားတွေ ကြည့်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့ပြင်ကြတာအလင်းရဲ့ .. မယုံရင်ပြင်ကြည့်ပါလား ..."

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး '' အပိုင်း ( ၃၀ ) ****** နေမခ ဆိုင်ထဲကထွက်သွားတော့မှ အလင်းချိုလဲ ထိုင်ခုံနောက်မှီကို စိတ်ပျက်လက်ပျက်နဲ့ မှီချလိုက်မိတယ်။အမြင်ကပ်ကပ်နဲ့ ပါးစပ်ထဲရှိရာသာ လျှောက်ပြောလိုက်တာ တကယ်တမ်းက အလုပ်အတွက် ဘာအစီအစဉ်မှ မဆွဲရသေးဘူး။အလုပ်ရ ပြီးရောဆိုပြီး ရရာအလုပ်ဝင်လုပ်လို့ရပေမဲ့ လုပ်သက်အတွေ့အကြုံမရှိတဲ့ အလင်းချိုအတွက် လစာငွေကပြောပလောက်အောင် ရမှာမဟုတ်ဘူးလေ။ အခုချိန် လက်ထဲမှာငွေရှိနေသေးလို့ လစာနည်းလဲ မသိသာပေမဲ့ ရှိတဲ့ငွေကုန်သွားမှဖြင့်ဘယ်လိုလုပ်မလဲ။အဘွားပိုက်ဆံကိုလည်း မသုံးရဲဘူး။တော်ကြာကြီး တော်တွေက စစ်လားဆေးလားလုပ်လာရင် ရှင်းပြနေရတာမျိုး မလုပ်ချင်ဘူး။ ဟုတ်တယ် အလင်းချိုရဲ့စိတ်က တစ်စုံတစ်ယောက်က အထင်လွဲနေတာဖြစ်ဖြစ်။မတရားစွပ်စွဲ နေတာဖြစ်ဖြစ် ရှင်းပြရမှာကို အသေမုန်းတယ်။အထင်လွဲနေသူက သူ့စိတ်သူ့အထင်နဲ့ စိတ်တွေတိုဒေါသတွေထွက်နေလဲ အလင်းချိုကတော့ အေးဆေးပဲ။တစ်ဖက်လူရဲ့စိတ်ကို ဂရုကိုမစိုက်တတ်တော့တာလေ။ ငယ်ငယ်ကတည်းက အဘွား နဲ့ ကြီးတော်တွေရဲ့ မဟုတ်တမ်းတရားစွပ်စွဲမှုတွေကို နေ့တိုင်းလိုလို ရင်ဆိုင်ခဲ့ရတော့ လူက ထူသားပေသားကျသွားတယ်ပြောရမလား။တစ်နည်းပြောရရင် အရေထူလာတယ်လို့ပဲပြောရမလား။ ~~~~~ "ထမင်းဆိုင် ဖွင့်မလားသမီး...ဒေါ်လေးကချက်မယ် သမီးကရောင်းပဲရောင်း...ငွေလိုရင် ဒေါ်လေးစန်းရတဲ့ငွေတွေပါ ယူလိုက်လေ " ဒေါ်လေးစန်းရဲ့ စကားကြောင့် အလင်းချိုသဘောတကျ ရယ်လိုက်မိတယ်။ ဘာအလုပ်လုပ်ကြရင် ကောင်းမလဲလို့ သုံးယောက်သားထိုင်ပြီး ဆွေးနွေးနေကြတာ။ဒေါ် လေးစန်းက သူနိုင်တဲ့ အလုပ်ကို ထပြောတာလေ။ " အဘွားကတော့ ငါ့မြေးသဘောပဲ ...သိပ်ပင်ပန်းတာမျိုးဆိုရင်တော့ မလုပ်ပါနဲ့ကွယ် ... အဘွားပေးတဲ့ ပိုက်ဆံတွေကို သုံးနော် ..ကုန်ရင်ဘဏ်မှာ ထပ်ထုတ်မယ် " "ဟုတ်ကဲ့ပါ အဘွား...သမီးလဲ နီးနီးနားနားမှာပဲဆိုင်လေး တစ်ဆိုင်လောက် ဖွင့်မလားလို့ တွေးနေတာ ... အပြင်အလုပ်ကျ တစ်ခါမှ မလုပ်ဖူး တော့ အဆင်မပြေမှာ ကြောက်တယ် " " မြေးလေး သဘောပါကွယ် ..." "တူ ...တူ...တူ " အလင်းချိုတို့ စကားပြောနေတုန်းမှာ ဖုန်းသံမြည်လာတာမို့ ကောက်ကိုင်လိုက်တော့ မမမိုးရဲ့ ဖုန်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ "ဟယ်လို မမမိုး " "ညီမရေ အိမ်ပြောင်းတာ အဆင်ပြေတယ် မဟုတ်လား ... အလုပ်ကိစ္စရော အဆင်ပြေပြီလား ...မမဆိုင်ကိုလာခဲ့အုံးလေကွယ် မမလဲ ဝိုင်းကူ စဉ်းစားပေးမှာပေါ့ ... မမဆီမှာ လုပ်ချင်ရင်တော့ အချိန်မရွေးပဲနော် " "ဟုတ် ... ဟုတ်ကဲ့ မမ ... အလင်းလာခဲ့ပါအုံး " "အဲ့ဒါဆို ဒါပဲနော် ... မမမျှော်နေမယ် " မမမိုးနဲ့ ဖုန်းပြောပြီးသွားတာနဲ့အလင်းချို အပြင်သွားဖို့ပြင်လိုက်တယ်။လူက အလကား ထိုင်နေတာဆိုပေမဲ့ အချိန်တွေကရပ်တန့်နေတာမဟုတ်ဘူးလေ။ ဒီတိုင်းထိုင်နေမဲ့အစား မမမိုးလိုကိုယ်ပိုင်လုပ်ငန်း လုပ်နေသူ နဲ့ တိုင်ပင်ဆွေးနွေးတာက ပိုပြီး အကျိုးရှိမယ်ထင်ပါတယ်။ ~~~~~~~ ရပ်ကွက်က ဟိုအရင်ကလို စုတ်စုတ်ပြတ်ပြတ် မဟုတ်တော့ဘဲ တိုက်ခန်းအမြင့်ကြီးတွေနဲ့ ပြောင်းလဲနေခဲ့တယ်။ကလေးတွေ ဒီရပ်ကွက်မှာ မရှိတော့ကတည်းက ဟန်သော်လင်း လဲ ရပ်ကွက်ထဲကို မရောက်ဖြစ်တော့တာလေ။ဒီရပ်ကွက်ကိုရောက်တိုင်း ဟန်သော် လင်းရင်ထဲမှာ နာကျင်မှုတွေ အပြည့်နဲ့လေ။ သူ့အကြောင်း တစ်စွန်းတစ်စကိုတောင် စုံစမ်းဖော်မရတဲ့ မိခင်ကိုစိတ်ထဲကလဲ နာကြည်းနေမိတယ်။ "ဟာ...သော်ကြီး ... မင်းကွာ ပျောက်ချက်သားကောင်းလှချည်လား...ငါတောင်မိန်းမရနေပြီကွ....ခုမှ ဘာစိတ်ကူးပေါက်ပြီး ပေါ်လာတာလဲကွ " ဟန်သော်လင်းကို မြင်တာနဲ့ ဝမ်းသာအားရ လှမ်းပြီးနှုတ်ဆက်လိုက်တဲ့ ဇော်ခန့် ။ဇော်ခန့် ပုံစံက အရင်နဲ့မတူတော့။ ကွမ်းတံတွေး တပျစ်ပျစ်ထွေးရင်း တကယ့်အိမ်ထောင်ရှင် ယောကျာ်းကြီးလိုပဲ။ကွမ်းယာဆိုင်ကလဲ အရင်လို စားပွဲခုံရယ် ဝါးတန်းလျားလေးနံ့ မဟုတ်တော့ဘဲဆိုင်လုံးလေးနံ့ဖြစ်နေပြီ။ "မင်းကွာ ... နေနိုင်လိုက်တာ .. ကားနဲ့လာရင် နာရီဝက်တောင်မကြာတဲ့ ခရီးကို ....ကောင်လေးတွေမရှိတော့ ကတည်းက လာတောင်မလာဘူး ... လမ်းပေါ်မှာ ကလေးတွေ တိုးလာတိုင်း ငါတို့တော့ မင်းကိုပဲ သတိရနေကြတာ... " " ငါလဲ သတိရပါတယ်ကွာ ... ဒါပေမဲ့ လာချင်စိတ်မရှိဘူးကွ.." ဟန်သော်လင်းက ကွမ်းယာဆိုင်ရှေ့က ခုံမှာထိုင်ချလိုက်ရင်း ပြောလိုက်တယ်။ "ဒါနဲ့ ဦးလှမောင်ကြီးရော မမြင်ပါလားကွ ... ကျန်းမာရေးရော ကောင်းရဲ့လား " "ဦးလှမောင်က ကျန်းမာပါတယ်ကွာ ...ဆိုက်ကားတော့ မနင်းတော့ဘူး..မကျန်းမာတာက မင်းအဘွားကွ...မင်းအဒေါ် နှစ်ယောက်ကလဲ လွန်ပါတယ်ကွာ ...မင်းတို့အဘွားမကျန်းမာတော့ အိမ်ခွဲဆင်းသွားကြတယ်လေ.... မင်း အဒေါ် အကြီးဆုံးတော့ ရောက်နေတယ်ကွ ...ကြည့်ရတာ အိမ်ထောင်နဲ့ ကွဲလာသလိုပဲ... ကလေးနှစ်ယောက်နဲ့ ဒီကိုရောက်နေတာကြာပြီ " ဇော်ခန့်က ဟန်သော် လင်းရဲ့ အိမ်တွင်းရေးကို တစ်စွန်းတစ်စသိနေတာမို့ အသံ ခပ်အုပ်အုပ်နဲ့ လှမ်းပြောတယ်။"အဒေါ်အကြီးဆုံး " ဆိုတဲ့ စကားကြောင့် ဟန်သော်လင်း ရင်တွေ တထိတ်ထိတ် ခုန်လှုပ်လာမိတယ်။အမေ တကယ်ပဲ သူ့အိမ်ထောင်နဲ့ ကွဲလာတာများလားလို့လဲ စိုးရိမိစိတ်က ဝင်လာမိပြန်တယ်။

ပြုံးပြီး ပြောလိုက်တဲ့အလင်းချိုကို ဟန်သော်လင်း သတိလက်လွတ်နဲ့ ခပ်ငေးငေးလေးကြည့်နေမိတယ်။ဒီတစ်ယောက်ရဲ့အကြောင်းကိုပြောရင် အလင်းချိုရဲ့ မျက်နှာလေးပေါ်မှာ ပြုံးရိပ်လေးတွေသန်းနေတာကို မြင်ရတိုင်း ဟန်သော်လင်း ရင်ထဲမှာ ဆစ်ခနဲဆစ်ခနဲ ဖြစ်သွားရတာက အမှန်ပါပင်။ "ဟိတ် ကိုလင်း ဘာတွေငေးနေတာလဲ ...သူသွားပြီးလေ ... မမောင်းဘူးလား " " ဪ ... အင်း ...အင်း " ဟန်သော်လင်းမှာ အလင်းချိုကို ငေးမောကြည့်နေမိတုန်းမှာ အလင်းချိုရဲ့ အသံကြောင့် သတိပြန်ဝင်လာပြီး ကားကိုမောင်းထွက်ခဲ့တယ်။ ~~~~~~ "ဟင့်အင်း ... အလုပ်အတွက် ကစဉ်းစားထားပြီးသားပါ ....နေဖို့ နေရာကျအောင် စိစဉ် နေလို့ပါ" အလင်းချိုက နေမခရဲ့ မျက်နာကို မကြည့်ဘဲ ပြောလိုက်တယ်။ " ဘာအလုပ်လဲ ...ဆိုင်မှာက စာရင်းပဲလုပ်ရမှာ...ဘာမှပင်ပင်ပန်းပန်း မလုပ်ရဘူး ... မင်းလုပ်ချင်ရင် မစံကိုပြောလိုက်ရုံပဲ... ကိုယ့်သဘောနဲ့ကိုယ်လုပ်လို့လဲရတယ် ...မင်းအတွက် အလုပ်ချက်ချင်းရမှာလေ ..မစံက သဘောကောင်းပါတယ် " နေမခရဲ့ စကားအဆုံးမှာ အလင်းချို စိတ်တိုတိုနဲ့ နေမခကို မော့ကြည့်လိုက်မိတယ်။လူကို တကူးတကဖုန်းဆက်ခေါ်ပြီး အလုပ်အကြောင်း ပြောတယ်ဆိုပေမဲ့ တစ်ချိန်လုံး သူ့ပါးစပ်ဖျားက မစံဆိုတာက မပါမပြီးဖြစ်နေတာကို ကြည့်ပြီး အလင်းချို စိတ်အချဉ်ပေါက်လာမိတာမို့ စူပုတ်ပုတ်နဲ့ ပြန်ဖြေလိုက်တယ်။ " ရတယ် ... အလုပ်ကရှိပြီးသား ..." "အလုပ်က ရှိပြီးသားဆိုတော့ ဘာအလုပ်လဲပြော .. ပြောဆိုတော့လဲ မပြောနိုင်ဘူး ... ဘာအလုပ်လုပ်မှာလဲ ...ဘယ်မှာလုပ်မှာလဲ ပြောလေ... ပြောဖို့အရေးကို ဝေ့လည်ကြောင်ပတ်လုပ်နေတယ် "နေမခကလဲ စိတ်တိုလာတာမို့ အသံမာမာနဲ့ ပြောလိုက်တယ်။နုံနုံအအနဲ့သူများအလုပ်မှာ အနှိမ်ခံနေရမှာစိုးလို့ ကိုယ့်အလုပ်ထဲကိုခေါ်နေတာကို ရုပ်ကဂျစ်ကန်ကန်နဲ့ပြန်ဖြေနေတာလေ။ အရင်ကဆို ကိုယ်ဘာပြောပြော နာခံတတ်တဲ့သူက ဟိုကောင်ပေါ်လာပြီးမှ ဒီလိုပုံစံဖြစ်နေတာ အသိသာချည်းပဲ မဟုတ်လား။ "ဘာအလုပ်ဖြစ်ဖြစ် ... နင်နဲ့ နင့်မမစံမရှိတဲ့နေရာဆိုရင်လုပ်မှာ " လို့ အလင်းချို ပြောပစ်လိုက်ချင်ပေမဲ့ စိတ်ကိုမနည်း ချိုးနှိမ်လိုက်ပြီး " ကိုလင်းနဲ့အတူ ဆိုင်သေးလေးတစ်ဆိုင်လောက် ဖွင့်မလားလို့ တိုင်ပင်နေတာ ....အဘွားလဲ ပိုက်ဆံနည်းနည်းပေးထားတော့ " " ဘာ...ဟိုကောင်နဲ့ စပ်တူ ဆိုင်ဖွင့်မလို့ဟုတ်လား " " အင်း ... သူများအလုပ်တွေ မလုပ်ချင်ဘူး ..." "ဒါဆိုလဲ မင်းသဘောပဲလေ ... ငါက သူငယ်ချင်းတစ်ယောက်အနေနဲ့ ကူညီသင့်တာ ကူညီပေးရအောင် မေးတာ ...မင်းမှာ ကူညီပေးမယ့်သူရှိတယ်ဆိုလဲ ပြီးတာပဲ..ဒါဆို ငါသွားပြီး " ပြောပြီးတာနဲ့ နေမ မတ်တတ်ထရပ်လိုက်ပြီး ကော်ဖီဆိုင်ထဲက ထွက်ခဲ့လိုက်တယ်။ "တောက် "နေမခရဲ့ နှုတ်က လွှတ်ခနဲထွက်သွားမိတဲ့ တောက်ခေါက်သံ။ ဘာကိုစိတ်တိုလို့ တိုနေမိမှန်းလဲမသိ။ @@@@@@@@@@@@@@@@@@ အပိုင်း (၃၀ ) ဆက်ရန် ဧကြည်ဖြူ

ဘွားချိုက ပြောရင်းနဲ့ ဒေါ်မြမြဦးထိုင်နေတဲ့ ဝှီးချဲကို ခပ်ဖြည်းဖြည်းတွန်းတယ်။ ဒေါ်အေးမြနွယ်ကတော့ အထုတ်တွေကို ကားပေါ် တင်နေတဲ့ အလင်းချိုနဲ့ ဟန်သော် လင်းကို အမှတ်တမဲ့ကြည့်နေမိတယ်။ဟန်သော်လင်းဆိုတဲ့ ဒီလူငယ်လေးက သားကြီးနဲ့မတူဘဲ သွက်သွက်လက်လက်လည်းရှိတယ်။ပေါင်းတတ်သင်းတတ်တော့ ဒေါ်လေး စန်းရော အဘွားပါမက ဒေါ်အေးမြနွယ်တို့နဲ့ ပါ ခင်မင်သွားတယ်။ သားကြီးကတော့ ဒီလိုမဟုတ် အေးတိအေးစက်နိုင်လွန်းလှတယ် မဟုတ်လား ။တကယ်တမ်း နေနိုင်လားဆိုတော့လဲ နေနိုင်တာတော့မဟုတ်ဘူး။ နေနိုင်လား မနေနိုင်လားဆိုတာများ အဘွားပါ အလင်းချိုတို့နဲ့ လိုက်နေမယ်ဆိုတော့ ဘာပြောတယ်ထင်လဲ " ခုတင်နှစ်လုံးတည်း ထားခဲ့တာမဟုတ်လား အမေ ... သေချာတယ် အဲ့ဒီငတုံးက သူပဲ အနစ်နာခံပြီး သမံတလင်းပေါ် ဖျာခင်းအိပ်လိမ့်မယ် ... အိမ်မှာပိုနေတဲ့ တစ်ယောက်အိပ်ခုတင်ပို့ပေးလိုက်ပါလား အမေရယ် " တဲ့လေ။မွေးထားတဲ့ အမေမို့ ကိုယ့်သားရဲ့စိတ်ကို သိလို့ " သားရယ် ... အလင်းချိုလေးလဲ အိမ်ထောင်ပြုရမယ် အရွယ်ရောက်နေပြီလို့ ပြောတာကို "ဘာပြန်ပြောတယ်ထင်လဲ ။ လူဆိုတာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုတော့ ရှိမှ အချစ်ရေး အိမ်ထောင်ရေးကို စိတ်ဝင်စားရမယ်တဲ့လေ။ သူ့အတွေးနဲ့သူတော့ ဟုတ်လို့။ ဒီထက်ပိုပြီလဲ သားဖြစ်သူရဲ့ စိတ်ကို ဒေါ်အေးမြနွယ်မခန့်မှန်းနိုင်တာတော့ အမှန်ပါ။စံမဒီ ဆိုတဲ့ ကလေးမနဲ့ ကလည်း အလုပ်မှာလဲတတွဲတွဲမဟုတ်လား။အိမ်ပြန်ရောက်တော့လဲ ဟိုကလေးတက ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေတာလေ။ကိုယ့်သားကလဲ ကလေးမဆက်တဲ့ ဖုန်းဆို အချိန်မရွေး ကိုင်နေတော့ သားဖြစ်သူရဲ့ စိတ်ကို နားမလည်နိုင်တာတော့ အမှန်ပဲ ။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလုပ်ရှင်သူဌေးရဲ့ သမီးနဲ့ အလုပ်သမားဆက်ဆံရေးထက် မကတာတော့ အသေအချာပဲလေ။ အဲ့ဒီတော့ ဒေါ်အေးမြနွယ်မှာ ဘယ်သူ့ဘက်ကိုမှ မလှော်ရဲ၊ စကားလမ်းမကြောင်ရဲပါ။ သူတို့လေးတွေရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်ကြည့်နေရတာပေါ့။ "ပစ္စည်းတွေ တစ်ခေါက် အရင် သွားပို့လိုက်မယ်လေ ... ပြီးမှ အဘွားကိုလာကြိုတာပေါ့ အလင်း " " ဟုတ် ...အဲ့ဒီလိုပဲ လုပ်တာပေါ့ ကိုလင်း ... ဒေါ်လေးစန်းပါ လိုက်ခဲ့တော့လေ ...အဘွားကို အန်တီနွယ်တို့နဲ့ ခဏထားခဲ့မယ်နော် " အလင်းချိုက ဟန်သော်လင်းကို ပြောလိုက်ရင်း ဒေါ်အေးမြနွယ်နဲ့ ဘွားချိုကိုပါ လှမ်းပြောလိုက်တယ်။ " ဪ ...အေး ..အေး သွားလေ သမီး ... အန်တီနွယ်တို့ စောင့်နေပါ့မယ် ဘာမှမပူနဲ့ ... ဟိုမှာ ပစ္စည်းတွေချခဲ့ပြီးမှ အဘွားကို လာပြန်ကြိုလေ " "ဟုတ်ကဲ့ .... အန်တီနွယ် " အလင်းချိုက အန်တီ နွယ်ကို ပြန်ဖြေလိုက်ရင်း ကားရှေ့ခန်းမှာ တက်ထိုင်လိုက်ပြီး တစ်ခြံကျော်က အန်တီနွယ်တို့အိမ်ဘက်ကို လှမ်းကြည့်လိုက်မိတယ်။တစ်ခြံလေးပဲ ခြားနေတာတောင် တွေ့ဖို့ခဲယဉ်းလှတဲ့ လူနှစ်ယောက်က နောက်ထပ်တွေ့ဆုံဖို့ဆိုတာ မလွယ်တော့ဘူးမဟုတ်လား ။အရင်ကလို အိမ်ရှေ.ကဖြတ်လျှောက်ဖို့ဆိုတာလဲ အခွင့်အရေးမရှိတော့ဘူးလေ။ ~~~~~~~ နေမခ ပြတင်းလိုက်ကာ နောက်မှာ ကွယ်ရပ်နေမိပြီး တစ်ခြံကျော်က မြင်ကွင်းကို ကြည့်နေမိတယ်။ကိုယ့်မှာလဲ ကားရှိတာကိုသိသိနဲ့ ကိုယ့်ဆီကျတော့ အကူအညီမတောင်းဘဲ အခြားတစ်ယောက်ကို အားကိုးနေတဲ့ သူမကို စိတ်ထဲ ဒေါသတွေထွက်နေမိတယ်။ဒီကြားထဲ အမေနဲ့ အဘွားကပါ အဲ့ဒီကောင်ကို တပြုံးပြုံးနဲ့ စကားတွေပြောနေတာကို မြင်ရတော့ ဘယ်သူ့ကိုစိတ်တိုလိုတိုနေမိမှန်းကို မသိတော့ဘူး။ဖြစ်နိုင်ရင် ဟိုပြူးတူးကြောင်တောင်နိုင်လှတဲ့ ငတိမ ကိုပဲပြေးပြီး နားရင်းအုပ်ပစ်လိုက်ချင်တော့တာ။ နေမခ ကြည့်နေတုန်းမှာပဲ ဒေါ် လေးစန်းနဲ့ သုံးယောက်သား ကားပေါ်တက်လိုက်ကြတာကို မြင်လိုက်ရတာမို့ ကားသော့ကို ခပ်မြန်မြန်ကောက်ယူလိုက်ပြီး အပြေးလေး ဆင်းလာခဲ့တယ် ။ ~~~~~ "ဟော့ဗျာ ...." "တီ ..တီ ...တီ " ဟန်သော်လင်းမှာ ကားကို မောင်းထွက်လာခဲ့စဉ် နေမခရဲ့ ကားက ခြံထဲကနေ ရုတ်တရက်ကြီးထွက်လာတာမို့ ကားဟွန်းကို တီးလိုက်ရတယ်။ ကားဟွန်းတီးလိုက်ကာမှနေမခက ကားကို ရပ်လိုက်ပြီး ခြံတံခါးဆင်းပိတ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ကြည့်နေသေးတာလေ။ ပြီးတော့ ဟန်သော်လင်းတို့ကိုပါ ဘုကြည့်ကြည့်သွားသေးတယ်။ နေမခရဲ့ ကလေးဆန်တဲ့ ပုံစံကိုကြည့်ပြီး ဟန်သော်လင်းမှာ ရယ်ချင်နေပေမဲ့ အလင်းချို ရိပ်မိသွားမှာကြောက်လို့ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားရတယ်။ "သူ ဘာလုပ်နေတာလဲ မသိဘူး ...အိမ်မှာဘယ်သူမှမရှိလို့ များလား ....အန်တီနွယ်တို့ကို စောင့်နေတာထင်တယ် " အလင်းချိုရဲ့ စကားကြောင့် ဟန်သော်လင်း ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရပြီး "မဟုတ်လောက်ပါဘူး အလင်းရယ် ...ကြည့်ရတာ ကားသော့ပျောက်နေတာထင်တယ် " ဆိုပြီး ဟန်သော်လင်းက စလိုက်တာကို အလင်းချိုက တကယ်ထင်ပြီး "ဟင် ... ဟုတ်လား ..ဒါဆို သွားကူရှာပေးလိုက်အုံးမယ် " ဆိုပြီး ကားပေါ်ကဆင်းဖို့ပြင်လိုက်တာမို့ ဟန်သော်လင်းမှာ မနည်းဆွဲထားလိုက်ရတယ်။ " ဟာ ..အလင်း .. မဟုတ်တာ ... ခုနပဲကားကိုမောင်းထွက်လာတာလေကွာ ...ကားသော့က ပျောက်စရာလား ...ကျွန်တော်က ရွဲ့ပြောတာကို အလင်းက တကယ် ထင်နေတာလား " "အယ် ...မသိဘူးလေ ...အဲ့ဒီ ဦးဒေါသက ကားမောင်းရင်းစိတ်မရှည်ရင် ကားသော့ပါ လွှတ်ပစ်မယ့်သူမျိုးလေ "

" ဟာ ... ဒီကောင်မလေးတော့...ဘာပေါက်ကရတွေ ပြောနေတာလဲ ...စားစရာရှိတစားပြီးရင် စာသွားလုပ်တော့ " ညီမဖြစ်သူရဲ့ စကားကြောင့် နေမခက လေသံမာမာနဲ့ ဟောက်ဟမ်း လိုက်တယ်။ ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့ကတော့ နေမခတို့မောင်နှမနှစ်ယောက်ကို ဘာမှဝင်မပြောဘဲ ပြုံးစိစိနဲ့ကြည့်နေကြတယ်။ "သူ့အဘွားလိုက်နေတာ ကောင်းတယ်ဆိုပေမဲ့ ...အလင်းချိုလေးတော့ ပင်ပန်းရှာမှာပဲ...အဘွားကို ပြုစုဖို့အတွက် မမစန်းရှိတယ်ဆိုပေမဲ့ သုံးယောက်စာ တာဝန်က သေးပါ့မလား...ရေရှည်ကိုတွေးပြီး စိတ်ပူမိတယ် " ဒေါ်အေးမြနွယ်က ပြောရင်းသက်ပြင်းကို ချလိုက်မိတယ်။ " သူ့အဘွားမှာ အမွေတွေပါတယ် မဟုတ်လားသမီးရဲ့..အန်တီကြားတာတော့ အမွေကို ငါးပုံပုံကြတာဆို...အဲ့ဒီငွေနဲ့ အိမ်လေးဘာလေး ဝယ်လို့မရဘူးလား...မေးရမှာလဲ မမေးချင်ဘူး " ဘွားချိုက ဝင်ပြောလိုက်တယ်။ "ဟုတ်တယ် အန်တီ ..အမွေတွေ ပါတာမှန်ပေမဲ့ .. သူ့သမီးတွေက အကုန်ထုတ်သုံးခွင့်မပေးဘဲ ဘဏ်မှာအပ်ခိုင်းထားသတဲ့ ...ပြီးတော့ ပိုက်ဆံက ငါးပုံပုံပြီး ခေါင်းကွဲသွားတော့ အိမ်ဝယ်ဖို့ ဘယ် လုံလောက်မလဲ ... အိမ်ဈေးတွေကလဲ သိသိသာသာတက်တယ်လေ ... အလင်းချိုမှာ အလုပ်လဲ မရှိသေးတော့ သူ့ အစား သမီးတောင်ခေါင်းတွေကိုက်တယ် ..ကြည့်ရတာ ဇာတ်လမ်းက ဒီမှာ ပြီးသေးပုံမရဘူး ...ဖွ..ဖွ ...မပြောကောင်းမဆိုကောင်း ...အဘွားသာတစ်ခုခုဖြစ်သွားရင် မရှိရှိတာကို လာလုနေကြအုံးမှာသေချာတယ် " ဒေါ်အေးမြနွယ်ပြောရင်း ကနေ သက်ပြင်းမောတွေချမိပြန်တယ်။ "ကဲပါဗျာ ...အဘွားတို့ကလဲ သူးများအပူကို လိုက်ပူနေကြပြန်ပြီ ....ဦးလွင်ဦး...ဒေါ်ခင်လှတို့နဲ့တင် အပူတွေလုံလောက်နေပါပြီ ...အဲ့လိုလူတွေကြား ဝင်မပါ ကြပါနဲ့တော့နော် .." နေမခက စကားကို အပြတ်ပြောလိုက်ပြီး မနက်စာ ဝိုင်းမှထခဲ့လိုက်တယ်။ပြီးတော့ အလုပ်သွားဖို့ ပြင်ရမှာမို့ အပေါ်ထပ်အခန်းရှိရာကို တက်ခဲ့လိုက်တယ်။ အခန်းထဲရောက်တော့ ပြတင်းပေါက်ကနေ မြင်နေရတဲ့ ခြံကျယ်ကြီးနဲ့ နှစ်ထပ်အိမ်ကြီးကို လှမ်းကြည့်လိုက်မိတယ်။ဒီနေရာကို လှမ်းမြင်နေရတဲ့ အခန်းကိုမှ ဘာလို့နေမိလဲဆိုတာကိုတော့ ကိုယ်တိုင်လဲသေချာမသိတော့ပါ။ သေချာတာက နေမခရဲ့အဘိုးရင်းအဘွားရင်း တွေလို လောဘကြီးပြီး ကိုယ်ချင်းစာတရားကင်းမဲ့သူမျိုးတွေနဲ့တော့ မပတ်သက်ချင်တာအမှန်ပါပင်။ ~~~~~~~ "ဒါက စောစောစီးစီး ဘယ်သွားမလို့လဲ " ဟန်သော်လင်းက တိုက်ခန်းတံခါးကို သော့ခတ်နေစဉ်မှာပဲ မမမိုးရောက်လာပြီး မေးလိုက်တာမို့ ဟန်သော် လင်းစိတ်ရှုပ်သွားမိတယ်။ မမမိုးက ခုတလောမှာ နေရာတကာ ၀င်ပါနေတတ်တာကို ဟန်သော်လင်း သဘောမတွေ့လှပါ။ အစက တည်းက ကိုယ့်စည်းနဲ့ ကိုယ်နေကြဖို့ ပြောပြီးသားမို့ လိုတာထက်ပိုတဲ့ အပြုအမူပုံစံမျိုးကို လုံးဝကိုမကြိုက်ပါ။ "ဒီနေ့ ဧည့်သည်နဲ့ ချိန်ထားတယ်လေ ... ဒါက ဘယ်သွားမလို့လဲ " "ကျွန်တော့်မိတ်ဆွေတစ်ယောက် အိမ်ပြောင်းတာသွားကူမလို့လေ... မနေ့ကတည်းက မမမိုးကို ပြောထားတယ်နော် .. ဧည်သည်ကိုလဲ ညနေခြောက်နာရီ နောက်ပိုင်းမှ တွေ့နိုင်မယ်လို့ ပြောပြီးသားနော် " ဟန်သော်လင်း လေသံပြတ်ပြတ်နဲ့ ပြောလိုက်တယ်။ "နေပါအုံး ...အဲ့ဒီအိမ်ပြောင်းတာက ဘာအရေးကြီးနေလို့ အလုပ်ကိစ္စကိုပါ အချိန်ပြောင်းရတာလဲ ...မင်းက အလုပ်ကို ကစားကွင်းမှတ်နေတာလား ဟန်သော်လင်းရဲ့ " မိုးသူဇာ မကျေမနပ်နဲ့ ပြောလိုက်တယ်။ "အရေးကြီးလို့ပေါ့ဗျာ ... အချိန်ပြည့် အလုပ် အလုပ်နဲ့ ကျွန်တော် မနေနိုင်ဘူး ...ချမ်းသာတော့ မမတို့လိုလူမျိုးတွေကချမ်းသာပြီး ခံရတော့ ကျွန်တော်တို့ပဲခံရမှာလေ ... သွားပြီဗျာ " ပြောပြောဆိုဆိုနဲ့ ဟန်သော်လင်းထွက်လာခဲ့တော့ မိုးသူဇာ အံကိုခပ်တင်းတင်းကြိတ်ပြီး ကျန်ခဲ့တယ်။ ~~~~ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်ကြီးကို ကြည့်ပြီး ဒေါ်မြမြဦးက မှိုင်တွေနေတယ်။ အလင်းချိုနဲ့ ဒေါ်လေးစန်းကတော့ သိပ်များများစားစား မရှိလှတဲ့ အသုံးအဆောင်ပစွည်းထုတ်တွေကို ဟန်သော်လင်းရဲ့ ကားပေါ်ကိုတင်တယ် ။အလင်းချိုတို့ရဲ့ အိမ်ပြောင်းခြင်းမှာ ဗီရိုမပါ။ဆိုဖာဆက်တီမပါ ။ယုတ်စွအဆုံး အိုးခွက်ပန်းကန်ပင် အပြည့်အစုံမပါပေ။ပစွည်း ကြီးကြီး မားမားဆိုလို့အဘွားရဲ့ ဝှီးချဲရယ်။ အဘွားထိုင်နေကြ ကုလားထိုင်ရယ်ပြီးတော့ အဘွား အခန်းထဲက တီဗီရယ်ပဲရှိတယ်။နှစ်ထပ်အိမ်ကြိမ်တစ်အိမ်လုံးမှာရှိတဲ့ အိမ်တွင်းပစ္စည်းတွေက ကြီးတော်နှစ်ယောက် သယ်သွားလို့ကုန်ပြီလေ။ ဘယ်လောက်ထိ သယ်သွားကြလဲဆိုရင် ဒေါ်လေးစန်းနဲ့ အလင်းချိုကြည့်နေတဲ့ ဧည့်ခန်းထဲက တီဗီကိုပါ ယူသွားတာပါဆို။ "အန်တီရယ် ဘာမှအားမငယ်ပါနဲ့ ...ကျွန်မတို့လဲ ရှိပါတယ် ...." ဒေါ်အေးမြနွယ်က ဒေါ်မြမြ ဦးရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး အားပေးစကားပြောလိုက်တယ်။အလင်းချိုတို့ အိမ်ပြောင်းတာကို ဘွားချိုရော ဒေါ်အေးမြနွယ်ပါ လာရောက် ဝိုင်းကူပေးနေတာပင်။တကယ်တမ်းက ဝိုင်းကူစရာများများစားစား မရှိဘူးဆိုပေမဲ့ အားပေးစကားပြောရုံသက်သက် လာကူနေကြခြင်းပါပင် ။ "ဘာမှစိတ်မပူနဲ့နော် အစ်မကြီး ...ဘာပဲဖြစ်ဖြစ်လိုအပ်တာရှိရင် ကျွန်မတို့ကိုပြော ... အလင်းချိုလေးက ကျွန်မတို့အတွက် သွေးရင်းသားရင်းနဲ့ မခြားပါဘူး "